← Chapters

အပိုင်း(၃၁)

Vol. 3 Ch. 31

အပိုင်း(၃၁)

Vol. 3 Ch. 31

ဟွမ်ရှောင်ကျွမ်းသည် အံကြိတ်ထားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ဧည့်ခန်းထဲတွင် တီဗီနှင့် အပ်ချုပ်စက်က လွဲလျှင် ဘာတစ်ခုမှ ပျောက်ရှမသွားချေ။ ဟွမ်ရှောင်ကျွမ်းက ရုတ်တရက်ဆိုသလို တစ်ခုခုကို စဉ်းစားမိသွားပြီး Master Bedroom ဆီသို့ အပြေးအလွှား ဝင်ရောက်သွားလေသည်။

သူမစိတ်ကူးထဲက အဖိုးတန်သည့်အရာများက ပျောက်ရှမသွားသဖြင့် သူမသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်မိ၏။ ထိုအခိုက်အတန့်မှာပင် သူတို့၏အိပ်ရာက တွန့်ကြေနေပြီး တစ်စုံတစ်ယောက်က အိပ်သွားသည်မှာ သိသာထင်ရှားနေသည်။ ကြိုးနှင့် ဓားကလည်း အိပ်ရာပေါ်တွင် ဒီအတိုင်း ရှိနေသည်။ အိပ်ရာခင်းပေါ်တွင်လည်း သွေးစက်များက သိသိသာသာ ကျန်ရှိနေပြီး အိပ်ရာအလယ်တွင်တော့ ဓာတ်ပုံတစ်ထပ်ကို တွေ့လိုက်ရသည်။

ဟွမ်ရှောင်ကျွမ်း၏ ပထမဦးဆုံးအတွေးမှာ ထိုလူမိုက်များသည် သူမ၏အိမ်သို့ ထိုးဖောက်ဝင်ရောက်လာပြီး ရှမြန်ကို ဖျက်ဆီးသွားသည်ဟု ထင်လိုက်လေရာ သူမက ဓာတ်ပုံကို အလျင်အမြန် ကောက်ယူလိုက်တော့သည်။

ဓာတ်ပုံထဲကအကြောင်းအရာကို သေသေချာချာ မြင်လိုက်ရသည်တွင် သူမမှာ အထိတ်တလန့် ဖြစ်သွားပြီး လက်ကို လွှတ်ချလိုက်မိကာ နံရံကိုလှမ်းမှီထားပြီးနောက်တွင် အော့အန်ချင်စိတ် ဖြစ်သွားတော့သည်။

ဓာတ်ပုံသည် ကြမ်း‌‌ပြင်ပေါ်သို့ မှောက်လျက်ကျသွားပြီး ပြန်ရွေးရမည့်ငွေပြေစာပေါ်က စာလုံးများနီးတူ ထောင်လွှားတင်စီးသည့် စာလုံးများကိုတွေ့လိုက်ရ၏။

[သူတို့တွေက နင့်အိပ်ရာကို အရမ်းကြိုက်သွားကြတယ်လေ။ သူတို့က ဒါကိုချိန်းတွေ့ဖို့အတွက် နေရာ ကောင်းတစ်ခုလို့တောင် ထင်သွားသေးတယ်။ ဒါက လူမမြင်ကွယ်ရာဖြစ်ပြီးတော့ သံသယလည်း ဖြစ်စရာမလိုဘူးလေ။ ပြင်ဆင်ထားလိုက်တော့]

ထိုအောက်တွင် သေးငယ်သည့်စာလုံးများနှင့် ရေးထားသည့် စာတစ်ကြောင်းလည်း ပါသေးသည်။

[ငါ ဒီဓာတ်ပုံတွေကို တိတ်တိတ်လေး ခိုးရိုက်ထားတာ။ တခြားသူတွေကို မပြရင် အကောင်းဆုံးပဲ။ မဟုတ်လို့ကတော့ သူတို့တွေသာ သိသွားရင် နင်တော့ နှုတ်ပိတ်ခံရလိမ့်မယ်]

ဟွမ်ရှောင်ကျွမ်းသည် တစ်ဖန် ပြိုလဲသွားတော့သည်။ အိပ်ရာပေါ်က အခြေအနေကို တစ်ဖန် ပြန်ကြည့်မိလိုက်ပြီး ယောင်္ကျား၂ ယောက်က သူမ၏အိပ်ရာပေါ်တွင် လူးလှိမ့်နေသည်ကို စဉ်းစားလိုက်မိသည်တွင် သူမသည် အိပ်ရာတစ်ခုလုံးကို လွှင့်ပစ်ချင်စိတ် ဖြစ်သွားတော့သည်။ သို့သော်ငြားလည်း သူမမှာ နာကျင်ရလေသည်။ သူမသည် ဒီအိပ်ရာနှင့်အိပ်ရာခင်းများကိုပင် မခွဲခွာရက်နိုင်ပေ။

ထိုအိပ်ရာခင်းများအားလုံးကို အဝတ်လျှော်စက်ထဲသို့ထည့်ပြီး အိုးအကြီးတစ်လုံးဖြင့် ရေနွေးများကို ကျိုချက်လိုက်ပြီးနောက်တွင် သေသေချာချာ ပိုးသတ်ဖို့ စီစဉ်လိုက်ပြီးသည့်အခါမှ သူမသည် ရွှမ်းရွှမ်းက တစ်ချိန်လုံး မလှုပ်မယှက်ဖြစ်နေသည်ကို ရုတ်တရက် သတိရလိုက်လေသည်။

ကလေးတစ်ယောက်က ငြိမ်နေပြီဆိုလျှင် တစ်ခုခုဆိုးဝါးတာ ဖြစ်တော့မည့်အဓိပ္ပာယ်ဟု အမေဖြစ်ဖူးသူတိုင်း သိကြလေသည်။

သူမသည် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ ပြုလုပ်ထားသည့်တိုင် ဟွမ်ရှောင်ကျွမ်းသည် ပြေးထွက်လာသည့် အချိန်တွင် ရွှမ်းရွှမ်း ကိုင်ထားသည့်အရာကို မြင်လိုက်သည့်အခါ သူမသည် မနေနိုင်ဘဲ အော်ဟစ်လိုက်တော့သည်။

“ရွှမ်းရွှမ်း နင်ဘာလုပ်နေတာလဲ အဲ့ဒါကို လွှတ်ပစ်လိုက်စမ်း”

ရွှမ်းရွှမ်းမှာ ကြောက်လန့်တကြား ဖြစ်သွားပြီး သူ့လက်ချောင်းများကို အားထည့်မိသွားတော့သည်။ အခုလေးတင် လှုပ်လှုပ်ရွရွဖြစ်နေသည့် နို့နှစ်ရောင်ပိုးကောင်များသည် ရုတ်တရက် ပေါက်ကွဲသွားလေသည်။ ဟွမ်ရှောင်ကျွမ်း၏ ဦးရေပြားမှာ ရုတ်တရက်ဆိုသလို တင်းမာသွားတော့သည်။

“ရွှမ်းရွှမ်း”

ရွှမ်းရွှမ်းသည် တစ်ဖန်ထိတ်လန့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီးနောက်တွင် ကြမ်းပြင်ပေါ်သို့ ထိုင်ကြသွားတော့သည်။ ဟွမ်ရှောင်ကျွမ်းသည် ပြည့်သိပ်နေအောင် ထည့်ထားသည့် လောက်တက်နေသည့် အိတ်ကြီးကို ကြည့်လိုက်မိပြီး...

ခဏအကြာတွင် ဟွမ်ရှောင်ကျွမ်း၏ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများက အတောက်အဦတစ်ခုလုံးသို့ လွင့်ပျံလာလေသည်...

ဟွမ်ရှောင်ကျွမ်းသည် မြွေရေခွံအိတ်ကြီးကို လွှတ်ပစ်လိုက်ပြီးနောက်တွင် သူမသည် ပင်ပန်းသွားသလို ခံစားလိုက်ရ၏။ သို့သော်ငြားလည်း သူမ၏အာရုံကြောများက အမည်မသိသည့် အကြောင်းအရာတစ်ခုခုက သူမကို စောင့်ဆိုင်းနေမှာကို ကြောက်ရွံမိသဖြင့် အလိုလို တင်းကြပ်နေတော့သည်။

သူမ၏ကိုယ်ပိုင်အိမ်ထဲတွင် နေရသော်လည်း ကြောက်ရွံ့နေသည့် ငှက်လေးတစ်ကောင်လို နေထိုင်ရလေသည်။

သူမသည် အလွန်မှ ကြောက်လန့်နေသဖြင့် ဖုန်းမြည်သံ ထွက်လာသည့်အချိန်တွင် ထခုန်မိမတတ် ဖြစ်သွားတော့သည်။ ကျန်းချီမင်သည် ဒီနေ့၏ အပြန်ရထားပေါ်တွင် ရှိနေပြီဖြစ်ရာ သူ့အတွက် သူမကို ဆက်သွယ်ဖို့ရန် နည်းလမ်းမရှိခဲ့ချေ။

သူမသည် ထိုရွံစရာကောင်းသည့် သူခိုး ဂျပိုး ၂ ကောင်ဟု ထင်လိုက်ပြီး ဖုန်းကိုပင် ပြန်မဖြေခဲ့ချေ။ သို့သော်ငြားလည်း သူမက ဖုန်းမကိုင်ခဲ့လျှင် တစ်ဖက်လူက သူမ၏အိမ်တံခါးသို့ တိုက်ရိုက် ရောက်လာမည်ကိုလည်း စိုးရိမ်လေသည်။

နောက်ဆုံးတော့ သူမက တဂွမ်ဂွမ်မြည်နေသည့် ဖုန်းသံကြားထဲတွင် ဖုန်းကိုကောက်ကိုင်လိုက်၏။

“ငါ ရောက်နေပြီ၊ မြန်မြန်လုပ်၊ နင့်ရဲ့ဘဏ်စာအုပ်ကို ယူထွက်လာခဲ့”အကြီးဆုံးအစ်ကို ဟွမ်ရှောင်ကျွင်း၏ အသံဖြစ်နေ၏။

ဟွမ်ရှောင်ကျွမ်းသည် ပထမဦးဆုံးစိတ်အေးသွားကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင်တော့ မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး သူမက သူမ၏အစ်ကိုအကြီးဆုံးကို ယွမ် ၅ထောင် ပေးမည်ဟု ကတိပေးထားသည်ကို သတိရသွားလေသည်။

“အစ်ကို နင် သိလား။ ငါတို့အိမ်မှာလေ အခု တစ်ခုခု ဖြစ်နေတယ်။ ငါတို့တွေ ဒီအကြောင်းကို နောက်၂ရက်နေမှ ပြောလို့ရမလား”

သူမသည် အနည်းငယ် နောင်တရမိသလို ခံစားလိုက်ရလေသည်။

အစောပိုင်းက ချေးထားသည့် ယွမ် ၅၀၀၀ ကိုပင် ပြန်မဆပ်သေးချေ။ အခုတော့ သူမက နောက်ထပ် ယွမ် ၅၀၀၀ကို ပေးချေးမည် လုပ်နေသည်။ ဒါသည် သေးငယ်သည့် ငွေပမာဏတစ်ခု မဟုတ်ချေ။ သူမက ထိုငွေကို စာအုပ်ထဲ ပြန်မထည့်နိုင်လျှင် ကျန်းချီမင်က သူမကို အသေရိုက်နှက်မှာ စိုးရိမ်ရသည်။

“ငါဒီမှာ ရောက်နေပြီလို့”

ဟွမ်ရှောင်ကျွင်းသည် သူမကို သတိလက်လွှတ်ဖြစ်သွားစေရန် ဖုန်းပင်မခေါ်ဘဲ ရောက်ချလာလေသည်။

“မနေ့က နင်ပဲပြောခဲ့တယ် မဟုတ်လား။ ဘယ်သူမှ ရဲကို ဖုန်းမခေါ်ခဲ့ဘူးဆို။ အဲ့ကလေးမက လူတွေကို ခြောက်လှန့်ဖို့ ကြိုးစားနေတာဆို။ နင့်ရဲ့ဘဏ်စာအုပ်ကိုယူပြီး မြန်မြန်ထွက်လာခဲ့”

ဟွမ်ရှောင်ကျွမ်းသည် အနည်းငယ် တွေဝေနေခဲ့၏။ ဟွမ်ရှောင်ကျွင်းကတော့ မီးကို လောင်စာထပ်ဖြည့်လေသည်။

“ကျန်းချီမင်က ညနေ၅နာရီလောက်ဆိုရင် အိမ်ပြန်လာတော့မှာမလား။ ဒါဆိုရင် ငါ သူနဲ့ တွေ့လိုက်ရမလား”

“မလုပ်နဲ့”

ဟွမ်ရှောင်ကျွမ်းက စိုးရိမ်တကြီးပြောလိုက်၏။

ကျန်းချီမင်သည် ဟွမ်မိသားစုကို အင်မတန်မှမုန်းတီးလေသည်။ သူ၏ခွင့်ပြုချက် မပါဘဲ ဟွမ်မိသားစုထဲက တစ်စုံတစ်ယောက် သူ့ရှေ့တွင်ပေါ်လာလျှင် ကျန်းချီမင်သည် ဟွမ်ရှောင်ကျွမ်းနှင့် တစ်လလုံးလုံး စစ်အေးတိုက်ပွဲ လုပ်တော့သည်။ ထိုကာလအတွင်းတွင် ရိုက်နှက်ခံရသည့်အပြင် သူမသည် ခွေးတစ်ကောင်လို အသက်ရှင်ရလိမ့်မည်။

“အေးလေ ဘာပဲဖြစ်ဖြစ် နင့်ရဲ့ငွေမှ မဟုတ်ဘဲ။ ဘာလို့များ စိတ်မကောင်း ဖြစ်နေရတာလဲ”

ဟွမ်ရှောင်ကျွင်းက အော်ဟစ်လိုက်သည်။

ဒါက ဘယ်လိုဖြစ်ပြီး သူမရဲ့ငွေ မဟုတ်ရမှာလဲ။

ဟွမ်ရှောင်ကျွမ်းသည် ဒီငွေများကို သူမ၏ကိုယ်ပိုင်ငွေအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်လေသည်။ သော်ငြားလည်း သူမ၏အကြီးဆုံးအစ်ကိုက လူညစ်တစ်ယောက် ဖြစ်မှန်းကိုလည်း သူမက သိနေသည်။ နောက်ဆုံးတော့ သူမက သက်ပြင်းချလိုက်ပြီး သတိပေးလိုက်၏။

“နင် လမကုန်ခင် ငါ့ကို ပိုက်ဆံပြန်ဆပ်ရမယ်နော်”

“စိတ်မပူစမ်းပါနဲ့”ဟွမ်ရှောင်ကျွင်းက ယုံကြည်ချက်ရှိရှိ ပြောလေသည်။ “ဒီနေ့ စတော့စျေးက ထိုးတက်သွားတာလေ။ နေရာကို ထိန်းထားဖို့ အကောင်းဆုံးအချိန်ပဲပေါ့။ ငါက နင့်ကိုလမကုန်ခင် ယွမ် ၁သောင်းပြန်ပေးနိုင်တဲ့အပြင် အတိုးအနေနဲ့လည်း နင့်ကိုယွမ် ၂ ထောင် ပေးနိုင်သေးတယ်”

ဟွမ်ရှောင်ကျွမ်းသည် ပြန်ရွေးရမည့် ငွေပြေစာထဲက ယွမ် ၂၄၀၀ကို ပြန်စဉ်းစားလိုက်ပြီး နောက်ဆုံးတော့ ခေါင်းညိတ်ကာ မျှော်လင့်ချက်အပြည့် အတွေးတစ်ခုဖြင့် သဘောတူလိုက်လေသည်။

ဟွမ်ရှောင်ကျွမ်းသည် ဟွမ်ရှောင်ကျွင်းနှင့်တွေ့ရန် ရွှမ်းရွှမ်းကို ခေါ်ထွက်လာပြီး အနီးအနားက ဘဏ်တစ်ခုဆီသို့ သွားလိုက်ကြသည်။ ဟွမ်ရှောင်ကျွမ်းသည် ပြီးခဲ့သည့် အခေါက်တုန်းကလိုပင် ထိုတစ်နေရာတည်းမှာပင် အကျင့်ပါနေသည့်အတိုင်း တန်းစီလိုက်သည်။

သို့သော်ငြားလည်း သံဇကာနောက်က စာရေးမ၏မျက်လုံးများသည် ချက်ချင်း အာရုံစူးစိုက်သွားပြီး သူမ၏အကြည့်က တခြားတစ်ယောက်ဆီကို ချက်ချင်း ပြောင်းလဲသွားသည်ကိုတော့ ဟွမ်ရှောင်ကျွမ်းက သတိမထားမိလိုက်ချေ။

ဘဏ်စာအုပ် ပျောက်ဆုံး၊ တွေ့ရှိ သတင်းပို့ရသည့်နေရာက လူမရှိလေရာ သက်လတ်ပိုင်းအရွယ် စာရေးမက အချိန်အတိုအတွင်း ထွက်သွားလေသည်။

မကြာခင်တွင် ဟွမ်ရှောင်ကျွမ်း၏ အလှည့် ရောက်လာသည်။ သူမက သူမ၏ဘဏ်စာအုပ်ကို လှမ်းပေးလိုက်ပြီးပြောလိုက်၏။

“၆ ထောင် ထုတ်မယ်”

ဒီအချိန်တွင် သူမသည် ဘဏ်က တနေ့တာအတွက် အမြင့်ဆုံး ထုတ်ရမည့် ငွေပမာဏရှိမှန်း သိထားသည်။

ရှောင်ဝူက ဘဏ်စာအုပ်ကို လှမ်းကြည့်လိုက်ပြီး ဒါက ပျောက်ဆုံးကြောင်း သတင်းပို့ထားသည့် စာအုပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမက သူမ၏နောက်ကလူကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“ဒီဘဏ်စာအုပ်ရဲ့ အကောင့်ပိုင်ရှင်နာမည်က ဘယ်သူလဲ”

ပုံမှန်ဆိုလျှင်ငွေကို ဘဏ်စာအုပ်နှင့် လျှို့ဝှက်နံပါတ်ကိုသုံးကာ ထုတ်ယူနိုင်သည်။ ဟွမ်ရှောင်ကျွမ်းသည် ရှမြန်အမေ၏ နာမည်ကို မည်သို့သိနိုင်ပါမည်နည်း။

ဟွမ်ရှောင်ကျွင်းသည် ရှောင်၀ူက ဖြည်းဖြည်းချင်း လှုပ်ရှားနေသည်ကို မြင်လိုက်သည်တွင် စိုးရိမ်တကြီး မေးလိုက်လေသည်။

“မင်းက ဒါကို ဘာလို့မေးနေတာလဲ။ ငါတို့က ငွေတချို့လေးပဲ ထုတ်တဲ့ဟာကို”

ရှောင်၀ူက ပြုံးကာပြောလိုက်၏။

“အစ်ကိုရေ ဒီစာအုပ်က ကာလသေအပ်ငွေတစ်ခု ရှိတယ်လေ။ အတိုးက ယွမ် ၃၀၀ ကျော်သွားပြီဆိုရင် ကျွန်မတို့တွေက အချက်အလက်တွေကို အတည်ပြုပေးဖို့လိုတယ်”

သူတို့သည် အတိုးငွေရမည်ဟု ကြားလိုက်ချိန်တွင် ချက်ချင်းဆိုသလို ဝမ်းနည်းသွားတော့သည်။ ဟွမ်ရှောင်ကျွင်းက ပြောလိုက်၏။

“အခုလောလောဆယ်တော့ အဲဒီကိစ္စကို စိတ်မပူသေးပါနဲ့။ ငါတို့အတွက် ဒါကိုပဲ ဒီအတိုင်း လုပ်ပေးလိုက်”

ရှောင်၀ူက ပြောလိုက်၏။

“ဒါဆိုရင်တော့ ယွမ် ၃၀၀ ကျော်က မရတော့ဘူးပေါ့နော်”

ဟွမ်ရှောင်ကျွမ်းသည် စူးခနဲနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ကျန်းချီမင်ကတော့ နာမည်ကို သေချာပေါက် သိလိမ့်မည်။ သို့သော်ငြားလည်း သူမက ငွေထုတ်ဖို့ရန် တိတ်တိတ်လေး ရောက်လာခဲ့သည်ဖြစ်ရာ မမေးရဲချေ။

ဟွမ်ရှောင်ကျွင်းကတော့ ဂရုမစိုက်ပေ။ “အင်း တော်ပါပြီ။ မြန်မြန်၊ မြန်မြန်လုပ်ပေး”

“ဟုတ်ကဲ့ပါ”ရှောင်ဝူက အပြုံးဖြင့်ပြောလိုက်၏။

“ငွေ ၆ထောင်ဆိုတော့ ပမာဏကအများကြီးလေ။ ကျွန်မတို့ဒီမှာ ငွေက အလုံအလောက် မရှိဘူး။ ကျေးဇူးပြုပြီးတော့ ခဏစောင့်ပေးပါနော်”

ဟွမ်ရှောင်ကျွင်းသည် မနေနိုင်တော့ဘဲ ပြစ်တင်ဝေဖန်တော့သည်။ “ဘာလို့ကိစ္စတွေက အဲ့လောက်များနေရတာလဲ”

အမှန်ပင် လုပ်စရာကိစ္စက အများကြီးရှိလေသည်။ အကောင့်ကို ဖွင့်ရသည့် ရည်ရွယ်ချက်အပါအဝင် ဘဏ်စာအုပ်နှင့် ပတ်သက်သည့် အချက်အလက် အများအပြားကို မေးမြန်းခံလိုက်ရသည်။ သို့သော်ငြားလည်း သူတို့ထဲက တစ်ယောက်ကမှ မေးခွန်းတစ်ခုကိုပင် မဖြေနိုင်ခဲ့ပေ။

သူမက စိတ်မရှည်လက်မရှည်ဖြစ်နေချိန်မှာပင် ရဲများက ၀င်လာတော့သည်။

...

ကျန်းချီမင်သည် အခုလေးတင်မှ အိမ်ပြန်ရောက်လာလေသည်။ သူသည် အိမ်ထဲသို့မဝင်ရသည့်အပြင် ဟွမ်ရှောင်ကျွမ်းက တခြားသူများ၏ ပိုင်ဆိုင်မှုထဲက ငွေပမာဏအများကြီးကို ခိုးယူမှုနှင့် ဖမ်းဆီးခံထားရသည်ဟုလည်း ကြားလိုက်ရသည်။ သူမသည် ထိုအချိန်တွင် ကလေးကိုခေါ်သွားလေရာ ရဲစခန်းတွင် ရွှမ်းရွှမ်းကို လာခေါ်ပေးဖို့ပြောခံလိုက်ရသည်။

ထိုအချိန်တွင် ကျန်းချီမင်သည် လမ်းခရီးပေါ်တွင် ရောက်နေသဖြင့် ဆက်သွယ်လို့မရနိုင်ချေ။ ထို့ကြောင့် ရဲစခန်းက သူ၏အလုပ်နေရာသို့ ဖုန်းဆက်လိုက်ပြီး ကလေးကို အရင်ဆုံးလာခေါ်ပေးဖို့ ပြောခိုင်းလိုက်သည်။

ရလဒ်အနေဖြင့် ဟွားကန်းမိသားစု အိမ်ယာတစ်ခုလုံးသည် ဟွမ်ရှောင်ကျွမ်းက ရှမြန်၏ ငွေစုစာအုပ်ကို ခိုးယူမှုအတွက် ထောင်ထဲသွားရတော့မည်အကြောင်း သိလိုက်ကြတော့သည်။

ကျန်းချီမင်သည် သုန်မှုန်နေသည့်မျက်နှာတစ်ခုဖြင့် ကောင်းရုံဖန်ကို သွားတွေ့လိုက်၏။

ကောင်းရုံဖန်သည် ကိစ္စကို စုံစမ်းခဲ့ပြီးနောက်တွင် သူက ပြန်ပြောလေသည်။

“အစ်ကို ဒီတခါတော့ ကျုပ် ခင်ဗျားကို မကူညီနိုင်တော့ဘူး။ ဒါက ကလေးကို ရိုက်နှက်တဲ့ကိစ္စ မဟုတ်ဘူး။ မရီးက ဘဏ်မှာတင် ချက်ချင်း အဖမ်းခံလိုက်ရတာ။ ခိုးမှုကလည်း ယွမ်၃သောင်းထက် ကျော်ပြီး ပတ်သက်နေတယ်။ အရာရှိရှောင်တင်းက ဆုံးဖြတ်ချက် ချပေးလို့မရဘူးတဲ့”

ကျန်းချီမင်သည် မျက်မှောင်ကြုတ်သွားတော့သည်။ “အဲဒီဘဏ်စာအုပ်က ငါ့ရဲ့ခယ်မက သူ့ကို ပေးထားခဲ့တာပဲ။ ဒါက ဘယ်လိုလုပ်ပြီး ခိုးမှုဖြစ်နိုင်မှာလဲ”

ကောင်းရုံဖန်က ပြောလိုက်၏။

“ဘဏ်စာအုပ်က အစောကြီးကတည်းက ပျောက်ရှကြောင်း သတင်းပို့ထားပြီးသားတဲ့။ သူတို့ပြောတာတော့ အဲဒီကတည်းက ငွေက ပျောက်နေတယ်တဲ့။ ဒါပေမဲ့ မရီးက ပျောက်ဆုံးကြောင်း သတင်းပို့ထားတဲ့ ဘဏ်စာအုပ်ကိုယူပြီး သွားထုတ်ခဲ့တာလေ။ သူက လျှို့ဝှက်နံပါတ်ကိုလည်း သိနေတယ်။ ဒါပေမဲ့ အကောင့်ပိုင်ရှင်ရဲ့နာမည်ကိုကျတော့ မသိဘူးတဲ့။ ဒီဘဏ်စာအုပ်ကို ဘယ်ဘဏ်မှာ လုပ်ထားလဲဆိုတာတောင် မသိဘူးတဲ့။ ဒီတော့ဘဏ်ကလည်း ရဲကို ချက်ချင်းခေါ်ပြီပေါ့”

“ဘဏ်က ရဲကို ခေါ်လိုက်တယ်လေ။ ရဲကလည်း ဒီကိစ္စကို စုံစမ်းလိုက်တယ်။ အဲဒီအချိန်တုန်းကကိစ္စက ကြီးကြီးကျယ်ကျယ် ဖြစ်သွားတာဆိုတော့ အစ်ကို့ရဲ့အလုပ်ကလည်း ဒီအကြောင်းကို သိသွားပြီး ဒါရိုက်တာကောင်းကတောင်မှ အခက်တွေ့သွားတယ်”

ကောင်းရုံဖန်က သူ့ကိုသတိပေးလိုက်လေသည်။

“ကျွန်တော့်ရဲ့အထင်တော့ အစ်ကို့ရဲ့ခယ်မလေးက ဒီဘကဏ်စာအုပ်ကို သူကိုယ်တိုင် ပေးထားတာပါလို့ ထောက်ခံပေးမှပဲ သူတို့တွေက မရီးကို လွှတ်ပေးမယ်ထင်တယ်”

ဒီအချိန်တွင် ကောင်းရုံဖန်က မနေနိုင်ဘဲ ထပ်ပြောလိုက်လေသည်။

“မရီးကလည်း တော်တော်ဒုက္ခများတာပဲ။ ရက်ပိုင်းလေးပဲ ရှိသေးတယ် မရီးက အချုပ်ခန်းထဲကို ၂ခါတောင်ရောက်သွားပြီ ...”

ကျန်းချီမင်၏ မျက်နှာသည် ရွှံ့ရေတစ်ခုလို မှုန်မှိုင်းသွားတော့သည်။ သူသည် မတတ်သာတော့ဘဲ ရဲစခန်းကိုသွားကာ ရွှမ်းရွှမ်းကို သွားခေါ်လိုက်ရပြီး ဟွမ်ရှောင်ကျွမ်း၏ ကိုယ်ပိုင်ပစ္စည်းများကို ထုတ်ယူလာသည်။ အထူးသဖြင့် အိမ်အသစ်၏ သော့ကို ဖြစ်လေသည်။

ကောင်းရုံဖန်ကို ခေါ်လာခဲ့သဖြင့် ထွက်လာသည့်လူမှာ ရဲအရာရှိတင်း ဖြစ်လေ၏။ သူ့သဘောထားက တော်တော်လေး ကောင်းမွန်သည်။ သူကလည်း သူတို့ကို အမှု၏အခြေအနေကို ပြောပြ၏။

“ရဲတွေက ဘဏ်စာအုပ် ပျောက်သွားတဲ့ပိုင်ရှင်ကို ဆက်သွယ်ထားတယ်”

“တစ်ဖက်လူက ဘဏ်စာအုပ် ပျောက်သွားတယ်ဆိုတာကို ပြောပြီး ပြန်ရှာမတွေ့တဲ့အကြောင်းလည်း ပြောထားတယ်။ သူက ပျောက်ဆုံးကြောင်း သတင်းပို့လိုက်တဲ့အချိန်မှာ ယွမ် ၆ ထောင်က ပျောက်နေတာကို သိလိုက်ရတယ်တဲ့။ သူကလည်း အဲ့ဒီအချိန်တုန်းက အရမ်းကို စိတ်ပူသွားတာတဲ့။ ဒါပေမဲ့ သူကလည်း ဘာလုပ်ရမယ်မှန်းမသိဘူးလို့ ပြောတယ်။ ဘဏ်ဝန်ထမ်းက သူ့အတွက် စိတ်မကောင်းဖြစ်သွားပြီး တစ်ဖက်လူက နောက်ထပ်ငွေလာထုတ်တဲ့အချိန်ကျရင် သူတို့တွေက ရဲကိုကူညီပြီးဖုန်းဆက်ပေးမယ်လို့ပြောထားလိုက်တယ်တဲ့”

“ဒီတော့ မင်းရဲ့မိန်းမကလည်း လက်ပူးလက်ကြပ် ဖမ်းမိခံရတာပေါ့”

ကျန်းချီမင်က ပြောလိုက်သည်။ “ဒါက မဖြစ်နိုင်ဘူး။ ကျွန်တော့်ခယ်မက သူ့ရဲ့ဘဏ်စာအုပ်ကို ကျောင်းဝင်ခွင့်မှာ သုံးဖို့အတွက် ပေးထားတာလေ။ ဘယ်လိုလုပ်ပြီး ယွမ် ၆ ထောင်က ပျောက်နေမှာလဲ”

ရဲအရာရှိက ပြောလေသည်။ “မင်းမသိဘူးလား။ ဒါက ဟွမ်ရှောင်ကျွမ်းရဲ့အစ်ကို ဟွမ်ရှောင်ကျွင်းကို ချေးထားတာပဲ ဖြစ်မှာပေါ့”

“သူက ဒီတစ်ကြိမ်ဘဏ်ကို သွားတာကလည်း ငွေကို ဟွမ်ရှောင်ကျွင်းကို ပေးချေးချင်လို့တဲ့။ ဒါပေမဲ့ ဟွမ်ရှောင်ကျွင်းက ငွေကို ချေးငှားတာပဲ ရှိတာလေ။ ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး။ ဒီတော့ သူ့ကို စောစောပဲ ပြန်လွှတ်လိုက်တယ်”

ဒီအချိန်တွင် အရာရှိတင်းသည် မနေနိုင်တော့ဘဲ ပြစ်တင်ဝေဖန်လေသည်။

“နောက်ဆုံး သူကလည်း ကလေးရဲ့ဦးလေးပဲလေ။ ဒါပေမဲ့ သူက ကလေးကိုတောင် ဂရုမစိုက်ဘူး။ ငါက သူ့ကိုကလေးကို အိမ်ပြန်ပို့ပေးဖို့ ပြောတဲ့ဟာကို သူက အလောတကြီးနဲ့ ထွက်ပြေးသွားတယ်လေ။ တကယ်ကို ဆိုးရွားလွန်းတဲ့ ယောက်ဖပဲ”

ကျန်းချီမင်သည် ဒီအကြောင်းကိုကြားလိုက်သည်တွင် ဟွမ်မိသားစုကို အပိုင်းပိုင်းအစအစဖြစ်အောင် ဆုတ်ဖြဲချင်သွားတော့သည်။ ဟွမ်ရှောင်ကျွင်းက ကလေးကိုခေါ်ပြီး သူ့အိမ်တံခါးအထိ လာပို့ထားသည်ထက်ပင် ရဲစခန်းက သူ့အလုပ်ကိုဖုန်းဆက်ပြီး အားလုံးကသိသွားတာက ပိုကောင်းပေသည်။

နောက်ပြီးတော့ ဟွမ်ရှောင်ကျွမ်း...

...

All Chapters