← Chapters

အပိုင်း(၃၃)

Vol. 3 Ch. 33

အပိုင်း(၃၃)

Vol. 3 Ch. 33

ဖရဲသီးခူးနေသည့် ရှအဒေါ်၂သည် ဖရဲသီးကို နောက်ဖေးတွင် မြန်မြန်ဝှက်ထားလိုက်လေသည်။ သူမသည် တစ်ဖန်ပြန်ထွက်လာချိန်တွင် ရှမြန်သည် ကြက်ခြံထဲတွင် ဝပ်နေသည့် အဝဆုံးကြက်မကို တိတိကျကျရက်ရက်စက်စက်ဖြင့် ဖမ်းထားနှင့်ပြီးဖြစ်သည်။

ဒါကို မြင်လိုက်သည်တွင် ရှအဒေါ်၂သည် သူမကိုသတ်ဖြတ်တော့မည့်အလား အော်ဟစ်လေတော့သည်။

“နင် ဘာလုပ်နေတာလဲ သောက်ကျိုးနဲကလေးမ”

ရှဦးလေး၂ကလည်း စိုးရိမ်စိတ်ဖြင့် ဒေါသထွက်လာလေသည်။

“ရှမြန်၊ သေချင်းဆိုးကလေးမ၊ နင်ဘာတွေလုပ်နေတာလဲ။ အခုချက်ချင်း ချထားစမ်း”

ရှမြန်သည် ကလေးဘ၀က သူမအဘွားမိသားစုက ကြက်များကို သတ်နေသည်ကို မြင်ခဲ့ဖူးလေသည်။ သူမသည် ကြက်၏အတောင်ကို ဖမ်းဆုပ်ထားလိုက်ပြီး ဓားဖြင့် ကြက်၏လည်ပင်းကို ဖြတ်ချလိုက်လေသည်။

“ဦးလေးက ကြက်တစ်ကောင်သတ်မလို့ မဟုတ်ဘူးလား။ ကျွန်မက ဦးလေးကို ဓားငှားပေးတဲ့အပြင် ကူလည်း ကူညီပေးနေတာပဲ။ ဒါက အဘွားအပေါ် ကျွန်မရဲ့လိမ္မာသိတတ်မှုလို့ သတ်မှတ်လို့ရပါတယ်”

အနီရောင်တောက်တောက်သွေးများသည် ပန်းထွက်လာလေသည်။ ဒီလိုလုပ်ရသည်ကလည်း ရှမြန်အတွက် ပထမဦးဆုံးအကြိမ်ပင်။ ကြက်မက သေမသွားသည့်အပြင် အကြမ်းပတမ်း ရုန်းကန်နေလေသည်။ ရှမြန်လည်း အလွန်လန့်ဖျပ်သွားပြီး ကြက်ကို လွှတ်ပေးလိုက်သည်။

ကြက်မသည် လည်လိမ်လျက်နှင့် ကတော်ကတော်အော်မြည်ကာ ခြံဝင်းထဲတွင် ပတ်ပြေးနေပြီး သူသွားလိုက်သည့်နေရာတိုင်းတွင် သွေးစများ ကျန်ခဲ့လေသည်။ ရှမြန်လည်း အနည်းငယ် ဆွံ့အသွားတော့သည်။ ကြက်တစ်ကောင်၏တက်ကြွမှုက ထိုမျှလောက် ပြင်းထန်ပါသည်တဲ့လား။

ကြက်များက ခံနိုင်ရည်ရှိ၊ မရှိ မဆုံးဖြတ်နိုင်သော်ငြားလည်း ရှဦးလေး၂က လုံးဝခံနိုင်ရည် မရှိတော့သည်ကို တွေ့လိုက်ရသည်။

“အမလေး သွေးတွေ”

ရှဦးလေး၂သည် ကြက်များကနေရာတိုင်းသို့ ပျံသန်းသွားသည်ကိုမြင်လိုက်သည်တွင် မေ့လဲသွားလုမတတ် ဖြစ်သွားလေသည်။

ရှမြန်က သူသည် သွေးများကို ကြောက်လန့်နေတာဖြစ်မည်ဟု စဉ်းစားလိုက်သော်ငြားလည်း ရှဦးလေး၂က ပစ်လဲသွားပြီး သူသည် ယွမ်သန်း(၁၀၀) ပျောက်ဆုံးသွားသည့်နှယ် အော်ဟစ်ပြောဆိုလေသည်။

“အမလေး ငါ့ရဲ့ကြက်တွေ။ အိုး အမလေးဟဲ့ ကြက်သွေးတွေ အားလုံး အလကားဖြစ်ကုန်ပါပြီ”

ရှဦးလေး၂သည် အလွန်မှဝမ်းနည်းသွားပြီး သူ၏မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာတော့သည်...

ရှအဒေါ်၂က ပိုလို့ပင် လူသတ်လိုစိတ်ဖြစ်သွားပြီး လက်ကိုဆန့်ကာ ရှမြန်ကို ဖမ်းဆွဲတော့သည်။

“သေချင်းဆိုး ကလေးမ၊ ငါ့ကြက်ကို ပြန်လျော်ပေး”

ရှမြန်က ပြောလိုက်၏။

“ကျွန်မရဲ့ဦးလေး၂က ကြက်တစ်ကောင်ကို သတ်ချင်နေတာလေ။ သူက ပြောသေးတယ်။ အဒေါ်တို့အိမ်ကဓားက သုံးလို့မကောင်းဘူးတဲ့။ ဒါကြောင့်မို့လို့ ကျွန်မက လာကူပေးတာ။ ကျွန်မကို ကျေးဇူးမတင်ဘူးဆိုရင်လည်း ထားပါတော့။ ဒါပေမဲ့ အဒေါ်တို့က ကျွန်မကို ပြန်လျော်ခိုင်းနေတယ်။ ဒါက ဘာသဘောတရားလဲ”

ရှအဒေါ်၂၏မျက်နှာသည် ဒေါသကြောင့် ပြာနှမ်းသွားသည်ကို မြင်လိုက်သည်တွင် ရှမြန်က ဆက်ပြောလိုက်လေသည်။

“နောက်တစ်ခါ အဒေါ်တို့ ကျွန်မဆီက ဓားတစ်ချောင်းငှားချင်တယ်ဆိုရင် ကျွန်မကိုသာ ပြောလိုက်။ ကျွန်မက အဒေါ်တို့ကို လာကူသတ်ပေးမယ်။ နောက်တစ်ခါကြရင်တော့ ကျွန်မလည်း အတွေ့အကြုံရှိသွားပါပြီ”

သူမသည်မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေသည့် ရှဦးလေး၂ကို ပြောလိုက်၏။

“နောက်တစ်ခါကျရင်တော့ ကျွန်မလည်း အတွေ့အကြုံရှိသွားပါပြီ။ ကျွန်မက ဦးလေးအတွက် သွေးတွေကို သေချာပေါက်စုပေးပါ့မယ်”

ရှဦးလေး၂သည် ပင့်သက်ရှိုက်လိုက်ပြီး သူသည်မျက်ဖြူစိုက်လုမတတ် ဖြစ်သွားလေသည်။ ရှမြန်က ဆက်ပြောလိုက်၏။

“ဦးလေး၂၊ ဦးလေး နေမကောင်းဘူးလား။ ဦးလေးက ကြက်စတူးပြုတ်ဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်။ ကျွန်မက ဦးလေးအတွက် ကြက်စတူး လုပ်ပေးပြီးရင် ယူလာပေးမယ်ဆိုရင်ရော။ ဒါဆိုရင် ဦးလေးတို့အိမ်က ထင်းတွေလည်း အကုန်ကျသက်သာတာပေါ့”

ဒါကခြိမ်းခြောက်နေတာ။ ဗြောင်ကြီးကို ခြိမ်းခြောက်နေတာ။

ရှအဒေါ်၂မှာ အမျက်ချောင်းချောင်း ထွက်သွားတော့သည်။

“ကြက်သတ်မယ်လို့ ဘယ်သူက ပြောလို့လဲ။ အဲ့ဒါကို သတ်မယ်လို့ ဘယ်သူက ပြောတာလဲ။ ငါ ဂရုမစိုက်ဘူး။ ငါက ကြက်သတ်မယ်လို့လည်း မပြောခဲ့ဘူး။ နင် ငါ့ရဲ့ကြက်မကြီးကို ပြန်လျော်ပေး။ မဟုတ်ရင်တော့...“

“မဟုတ်ရင်တော့ ဘာဖြစ်လဲ”

ရှမြန်က မေးကို ချီထားလိုက်သည်။

“အဒေါ်က ကျွန်မရဲ့မိဘတွေနဲ့ ငြင်းခုန်ချင်တယ်ပေါ့။ ကျွန်မက အဒေါ်တို့ကို ကျွန်မမိဘတွေရဲ့ ကဗျည်းတိုင်တွေကို လာပို့ပေးဖို့လိုသေးလား”

“နင်”

ရှအဒေါ်၂၏ မျက်နှာသည် ညိုမည်းသွားပြီး သူမသည် ဆွံ့အသွားတော့သည်။ သူမသည် မြေကြီးပေါ်သို့ ချက်ချင်းထိုင်ချလိုက်ပြီး ငိုယိုလေတော့သည်။

“အမလေးဟယ် ဒါကရှမိသားစုရဲ့ သမီးအလိမ္မာလေးတဲ့။ သူကသူ့ရဲ့ ဦးလေးနဲ့အဒေါ်ကို တကယ်ပဲကျိန်ဆဲရက်ပါပေတယ်”

ရှမြန်သည် ခေါင်းကိုက်သွားကာ သူမ၏နားများကို အုပ်ထားလိုက်တော့သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျွန်မသိပြီ။ ကျွန်မပြန်ပေးမယ် ကျွန်မပြန်ပေးမယ်”

သူမသည် ရှဦးလေး၂လက်ထဲက သွေးထွက်လွန်သွားသဖြင့် မလှုပ်မယှက်ဖြစ်နေသည့် ကြက်မကို လုယူလိုက်ပြီး ပြောလိုက်သည်။

“ခဏလေးစောင့်၊ ကျွန်မအဒေါ်တို့အတွက် ကြက်မတစ်ကောင်သွားရှာပေးမယ်”

ထို့နောက်တွင် သူတို့သည် ပြန်မပြောရသေးခင်မှာပင် ရှမြန်သည် တံခါးပေါက်မှ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

ရှဦးလေး၂နှင့်သူ့မိန်းမသည် သူတို့အမြဲတမ်း ပြောခဲ့သည့်စကားကိုပင် လုံးဝမယုံကြည်နိုင်တော့ပေ။ ရှအဒေါ်၂က အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲနေပြီး ရှဦးလေး၂ကလည်း ရှမြန်နောက်မှ အလျင်အမြန် လိုက်ပြေးသွားတော့သည်။

“ရှမြန်”

ရှမြန်အနေဖြင့် သူမသည် ခြံတံခါးအပြင်ဘက်သို့ လျှောက်လာသည်နှင့်ချက်ချင်း ခွမ်းခနဲ မြည်သံကို ကြားလိုက်ရပြီး အိမ်ထဲက မှန်ပြတင်းပေါက်သည် ကွဲသွားလေတော့သည်။

ကိုယ်ကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူမသည် သူတို့၏အိမ်ထောင့်မှ အဝေးကို ထွက်ပြေးသွားကြသည့် ကလေးတစ်အုပ်ကြီးကို တွေ့လိုက်ရတော့သည်။ ကလေးများထဲက တစ်ယောက်က အော်၍ပင် ပြောလိုက်သေးသည်။

“အစ်မမြန်မြန်... ကျွန်တော်တို့အစ်မကို ကူညီပေးတယ်နော်၊ သကြားလုံးမမေ့နဲ့”

ရှမြန်သည် ရှဦးကြီး၏အိမ်တံခါးဆီသို့ အပြေးရောက်လာနှင့်ပြီးဖြစ်သည်။ ထိုအသံကို ကြားလိုက်သည်တွင် ရှဦးကြီးက အော်ရယ်ကာ ပြောတော့သည်။

“ကောင်းလေစွ၊ နေ့လယ်ခင်းကျရင် ဒါကို လာယူလှည့်နော်”

ရှဦးလေး၂နှင့်သူ့မိန်းမသည် ဒေါသထွက်လွန်းသဖြင့် သေတော့မတတ် ဖြစ်သွားတော့သည်...။

...

All Chapters