← Chapters

အပိုင်း(၃၄)

Vol. 3 Ch. 34

အပိုင်း(၃၄)

Vol. 3 Ch. 34

ရှမြန်သည် ရှဦးကြီးအိမ်သို့ ကြက်မကို သယ်သွားလိုက်လေသည်။

“ဒေါ်ကြီး ကျွန်မတို့ ဒီနေ့အရသာရှိတဲ့ အစားအသောက်စားရမယ်”

“ဘာအရသာရှိတဲ့ အစားအသောက်လဲ”

ချန်ချန်သည် ပါးစပ်ထဲတွင် ပုရစ်တစ်ကောင်ကိုက်ကာ ပြေးထွက်လာလေသည်။

“အိုးး ဒေါ်လေးမြန်မြန် ကြက်သားစားချင်လို့လား”

ရှောင်ဖုန်းကလည်း သူ့ပါးစပ်ထဲတွင် ပုရစ်တစ်ကောင်ကို ဝါးရင်း နောက်ကလိုက်ထွက်လာလေသည်။ သို့သော်ငြားလည်း သူသည် ချန်ချန်ထက် အများကြီးပိုပြီး ယဉ်ကျေးလေသည်။

သူသည် ရှမြန်က ၀မ်းသာအားရ ပြေးလာသည်ကို မြင်လိုက်သည်တွင် သူ့လက်ထဲက ကြော်ထားသည့် ရွှေဝါရောင်သမ်းနေသည့်ပုရစ်ကို သူမဆီ လှမ်းပေးလိုက်လေသည်။

“အန်တီလေး ဒါ စားလို့ကောင်းတယ်”

ရှမြန်သည် သူ၏အနည်းငယ် ဆီပေကျံနေသည့်ပါးစပ်ကို ကြည့်လိုက်ပြီး ပြုံးလိုက်၏။

“ရှောင်ဖုန်း ကိုယ့်ဟာကိုယ်စားနော်။ ဒီကလေးက ကောင်းကောင်းစားနိုင်တာပဲ။ အန်တီလေးက သားအတွက် ကြက်သားလုပ်ပေးမယ်”

ဒေါ်ကြီးက သူမ၏ခေါင်းလေးကို ထုတ်လာပြီးမေးလိုက်၏။

“ဘာဖြစ်လို့များ သူတို့နဲ့ စိတ်အရှုပ်ခံနေသေးတာလဲ”

သူမသည် သူတို့၏ငြင်းခုံနေသည့် ဇာတ်ကြောင်းကို အတိုင်းသား ကြားရလေသည်။

အလုပ်မှ အခုလေးတင် ပြန်လာသည့် ရှချွမ်းက ကြက်မကြီးတစ်ကောင်ကို သယ်ထားသည့်ရှမြန်ကို မြင်လိုက်သည်တွင် တအံ့တဩ မေးလိုက်လေသည်။

“ဒါကို ဘယ်ကရခဲ့တာလဲ”

ရှမြန်က ဝမ်းသာအားရပြောလိုက်၏။

“ရှဦးလေး၂အိမ်ကလေ”

ထို့နောက် သူမသည် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကို ပြန်ပြောပြလိုက်လေသည်။

ထိုအကြောင်းအရာကို ကြားလိုက်ပြီးနောက်တွင် ရှချွမ်းသည် အသည်းအသန် အော်ရယ်ကာ နောက်သို့ပင် ပစ်လဲသွားတော့သည်။ သူသည် ရှမြန်ကို လက်မထောင်ပြလိုက်ပြီး ပြောလိုက်၏။

“အမလေး မြန်မြန်ရယ်၊ နင်က အခုမှပဲ တော်တော်လေး ဉာဏ်ကောင်းလာတာပဲ”

ထို့နောက်တွင် သူသည် သူ့အမေကိုပြောလိုက်လေသည်။

“အမေ နောက်တစ်ခါ သူ ကျွန်တော်တို့အိမ်ကို တစ်ခုခုလာငှားရင် ကျွန်တော်တို့တွေလည်း အဲဒီလိုလုပ်ရမယ်”

ရှချွမ်းက ရှမြန်ကိုပြောလိုက်၏။

“နင် မသိလို့နော်၊ ပြီးခဲ့တဲ့တစ်ခေါက်က သူတို့တွေက အဝတ်ချုပ်ဖို့ ပိတ်စ ဖြတ်ချင်တယ်လို့ပြောပြီးတော့ သူတို့ရဲ့ကတ်ကြေးတွေက အရမ်းတုံးနေတယ်လို့ ပြောတယ်လေ။ သူတို့တွေက အိမ်ကကတ်ကြေးကို ယူသွားပြီးတော့ အခုထိ ပြန်လာမပေးနိုင်ကြဘူး။ သူတို့က ကတ်ကြေးကိုသုံးလို့ မပြီးသေးဘူးလို့ပဲ အမြဲတမ်းပြောနေကြတာလေ”

“နောက်တစ်ခါ ငါ သူတို့အိမ်သွားတဲ့အချိန်ကျရင် ဘယ်ပိတ်စက ညှပ်လို့မပြီးသေးတာလဲဆိုတာကို ကြည့်ခဲ့မယ်။ ပြီးရင်တော့ တစ်ခါတည်းအားလုံးကို ညှပ်ပေးပစ်လိုက်မယ်”

ရှချွမ်းသည် ပိုပြီးစိတ်လှုပ်ရှားလာကာ ထိုအကြောင်းကို စဉ်းစားလိုက်လေသည်။

“ငါ ဒီနေ့ညနေပဲ သွားလိုက်မယ်”

ဒေါ်ကြီးက အော်ရယ်ကာ ပြောလိုက်လေသည်။ “ပေါက်ကရတွေ”

ရှဟိုင်ကလည်း အခန်းထဲသို့ ဝင်လာချိန်တွင် ထိုအကြောင်းကို ကြားလိုက်ရသောအခါ အော်ရယ်လေတော့သည်။

“ဒါက စိတ်ကူးကောင်းပဲ၊ ရှဦးလေး၂က ရှမြန်တို့မိသားစုက မုဆိုးမနဲ့ လူမမည်တွေကို အနိုင်ကျင့်နေကြလေ။ အခု မြန်မြန်တစ်ယောက်ပဲ ကျန်တော့တယ်။ ဒါကပိုပြီးတော့တောင် လွန်လာသေးတယ်။ ဒါကြောင့်မလို့ တကယ်ပဲ နည်းနည်းလေးတော့ ရက်စက်မှဖြစ်မယ်။ မြန်မြန် လုပ်တာကောင်းတယ်”

ရှချွမ်းကလည်း ပြောလိုက်၏။

“ဟုတ်တယ် သူက ဒေါ်ဒေါ်ဖန်း မြန်မြန်အတွက် ချန်ထားပေးတဲ့ပစ္စည်းတွေကိုတောင် စဉ်းစားနေတာလေ”

“အခုဆိုရင် မြန်မြန်က ကျောင်းသွားရတော့မယ်။ သူက ပတ်ပြီးတော့ ပြဿနာရှာရဲတယ်ဆိုရင် ရှမိသားစုက သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မြန်က အထက်တန်းကျောင်းကနေ ဘွဲ့ရပြီးရင်တော့ သေချာပေါက် ပြဿနာတတ်တော့မှာပဲ။ ငါကြားထားတာကတော့ အဲဒီမိန်းမက မြန်မြန်အတွက် စပြီးတော့တောင် စုံစမ်းနေပြီတဲ့လေ”

“တော်ကြပါတော့”

ပင်မအခန်းမှ ထွက်လာသည့် ဦးကြီးရှသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့သား၂ယောက်ကို တားလိုက်လေသည်။

ရှမြန်ဖက်သို့လှည့်ကာ သူကပြောလိုက်၏။

“စိတ်မပူပါနဲ့၊ နင်က စာကိုကြိုးစားပြီး ကောလိပ်ကို တက်နိုင်တယ်ဆိုရင်တော့ နင့်ရဲ့ဦးလေး၂ကလည်း နင့်ကို မျက်စောင်းမထိုးရဲတော့ပါဘူး”

“တကယ်လို့ စာမေးပွဲကျပြီး စာပြန်လုပ်ချင်တယ်ဆိုရင်တောင် နင့်ဦးလေးနဲ့ဦးကြီးတို့က နင့်ကို ကူညီမှာပါ”

ရှမြန်က ခေါင်းညိတ်ပြသည်။

“ကျေးဇူးတင်ပါတယ် ဦးကြီး၊ ကျွန်မ ကောလိပ်ကို သေချာပေါက်သွားပါမယ်”

ထိုစကားကို ကြားလိုက်သည်တွင် ရှောင်ဖုန်းက ရှမြန်၏ လက်ကို ဖမ်းဆုပ်ကာ ပြောလိုက်လေသည်။

“အန်တီလေး သားလည်း ကောလိပ်ကိုသွားချင်တယ်”

ချန်ချန်ကလည်း သူ၏လက်ကိုမြှောက်ကာ ခုန်ဆွခုန်ဆွဖြင့်ပြောလေသည်။

“ငါက ညီလေးထက် ပိုကြီးတယ်လေ။ ငါက အရင်သွားရမှာ”

ရှဦးကြီး၏မျက်နှာသည် ရယ်မောမှုကြောင့် အရေများတွန့်သွားလေသည်။

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ ဟုတ်ပါပြီ နင်တို့အားလုံးသွားကြ။ နင်တို့တွေ ကောလိပ်ကိုဝင်နိုင်မယ်ဆိုရင် ငါက နင်တို့တွေကို ထောက်ပံ့ပေးဖို့ ရှိသမျှအားလုံးကို ရောင်းချပေးမယ်”

“ရှဦးလေး၂က အခုတော့ကိစ္စကြီးတွေမှာ နမော်နမဲ့နဲ့တော့ မလုပ်ရဲပါဘူး။ ဒါပေမဲ့ သူက နေ့တိုင်း ကိစ္စသေးသေးလေးတွေနဲ့ အရမ်းကို စိတ်ရှုပ်အောင် လာလုပ်နေတယ်။ မနေ့တုန်းကလည်း သူက ရှောင်ဖုန်းရဲ့ကိစ္စကို ခဏခဏ လာမေးနေတာလေ။ သူက ဘာလုပ်ချင်နေမှန်း မသိပါဘူး။ သူက ကျန်းချီမင်ကို ငွေညှစ်ချင်တာပဲဖြစ်မယ်”

ရှချွမ်းက သက်ပြင်းချလိုက်၏။

“ရှဦးလေး၂က ကျန်းချီမင်ကို ဒုက္ခပေးနိုင်တယ်ဆိုရင် ကောင်းတာပေါ့။ စကားပုံတောင် ရှိသေးတယ် မဟုတ်လား။ ဒုစရိုက်သမားတွေကို သူတို့ရဲ့ဒုစရိုက်အမှုကပဲ ပြန်ပြီးတော့ အပြစ်ပေးလိမ့်မယ်တဲ့။ ဒီစကားက သူတို့၂ယောက်အတွက် ကွက်တိပဲ”

ရှမြန်သည် ရုတ်တရက်ဆိုသလို စိတ်ကူးတစ်ခုရသွားပြီး လက်ခုပ်တီးလိုက်လေသည်။

“အစ်ကိုချွမ်း နင်ဟာလေ အရမ်းကိုစိတ်ကူးတတ်တာပဲ”

သူမသည် သူမ၏စိတ်ထဲတွင် အလွန်မှထက်မြက်သည့် စိတ်ကူးတစ်ခုရလာတော့သည်။

ဒီအချိန်တွင် ကျန်းချီမင်က ဖုန်းခေါ်လာလေသည်။ ရှမြန်၏အိမ်ဖုန်းက ဆက်လို့မရတော့မှန်း သူ သိသည်။ ထို့ကြောင့် သူကရှဦးလေး၂၏အိမ်ကို တိုက်ရိုက်ဖုန်းခေါ်လေသည်။

“မြန်မြန် နင့်ခဲအိုကအခုမှ အလုပ်ခရီးက နေပြန်လာတာ။ ဟွမ်ရှောင်ကျွမ်းက ဒီလိုအောက်တန်းကျတဲ့ ကိစ္စတွေကိုလုပ်ခဲ့တာ။ ငါ အခုမှပဲ သိလိုက်ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ နင့်ကိုသေချာပေါက် ရှင်းပြမှာပါ။ နင် ရှောင်ဖုန်းကိုခေါ်ပြီး မြန်မြန်ပြန်လာတော့”

“ခဲအိုက နင့်အတွက် ဆရာတစ်ယောက် ရှာထားပေးပြီးပြီ။ ကျောင်းဖွင့်ဖို့ကလည်း ၁ လတောင် မလိုတော့ဘူး။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နင်အခွင့်အရေး လွဲသွားမယ်နော်”

စကားလုံးများကတော့ တော်တော်လေး နားထောင်လို့ကောင်းပေသည်။ ရှမြန်က သူမ၏နှုတ်ခမ်းများကို ကွေးကာပြောလိုက်သည်။

“ကျွန်မ ရှင့်ကို မယုံဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း ရှင်က ကျွန်မတို့အတွက် ဆုံးဖြတ်ချက် ချပေးမယ်လို့ပြောပြီးတော့ ဘာဖြစ်သွားလဲ။ ဟွမ်ရှောင်ကျွမ်းက ပိုပြီးတော့တောင် ထောင်လွှားလာသေးတယ်လေ။ ရှင်က သူ့ကိုထောက်ခံဖို့အတွက် သေချာပေါက်နှုတ်ဆိတ်နေမှာပဲ”

“ကျောင်းတက်ဖို့ကိစ္စကိုတော့ ထားလိုက်ပါ။ ကျွန်မက ဇာတိမြို့မှာပဲ နေတော့မှာ။ အနည်းဆုံးတော့ ကျွန်မ ဒီမှာ လွတ်လွတ်လပ်လပ်နဲ့ သက်သောင့်သက်သာ နေလို့ရတယ်လေ”

ကျန်းချီမင်က ဘာမှမတတ်နိုင်သလို သက်ပြင်းချလိုက်၏။

“နင်က ငွေမလိုချင်တော့ဘူးဆိုရင်တောင် နင့်ခဲအိုက နင့်ကို ငွေတွေပြန်ပေးမှာပါ”

“ရှင်က ကျွန်မကို အခုထိ အရူးလုပ်နေသေးတာပဲ”

ရှမြန်က အထင်သေးစွာ ပြောလိုက်လေသည်။

“တကယ်လို့ ရှင်က ကျွန်မကို ငွေပြန်ပေးချင်တယ်ဆိုရင် ဘာဖြစ်လို့ လူကိုယ်တိုင် လာမပေးတာလဲ”

“ရှင်က ကျွန်မကို မြို့ကိုပြန်လာပြီးတော့ ဟွမ်ရှောင်ကျွမ်းကို အချုပ်ထဲက ထုတ်ပေးစေချင်တာပဲ။ ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ အဲဒီအကြောင်း စဉ်းတောင်မစဉ်းစားလေနဲ့။ ကျွန်မ သူ့ကိုထောင်ထဲပို့မှာ”

“သူကျွန်မအပေါ် အကြွေးတင်ထားတဲ့ပိုက်ဆံတွေကတော့”

ရှမြန်က မဲ့ရွဲ့ကာပြောလိုက်၏။

“သူအခု အချိန်မှာ ပိုက်ဆံကို ပြန်ပေးပေး၊ မပေးပေး ကိစ္စမရှိတော့ဘူး။ ကျွန်မက ရဲစခန်းကို အကူအညီတောင်းထားပြီးပြီ။ သူတို့တွေက ဟွမ်ရှောင်ကျွမ်းရဲ့အမှုကို ခိုးမှုလို့ အတည်ပြုပြီးပြီ။ တရားရုံးက သူ့ကို ငွေပြန်ပေးဖို့အမိန့်ချလိုက်မှာပဲ”

“ကျွန်မက ရှင်တို့လို စိတ်ပုပ်တဲ့လူ၂ယောက်ထက် တရားရုံးကို ပိုပြီးတော့ယုံတယ်”

ကျန်းချီမင်သည် ခဏလောက် နှုတ်ဆိတ်သွားသည်။ သူသည် သူ၏စိတ်အခြေအနေကို ကြိုးစားပြီး ထိန်းချုပ်နေရသည်ဟု ရှမြန်ကခန့်မှန်းမိသည်။

ဟုတ်ပါသည်။ ကျန်းချီမင်က သက်ပြင်းချကာပြောလိုက်၏။ “ရှမြန်ရယ် နင်ဒေါသထွက်နေတာ ငါ သိပါတယ်။ ဒါပေမဲ့ နင့်အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ပေါက်ကရတွေမလုပ်ပါနဲ့”

“မင်ရှီစီရင်စုရဲ့ အမှတ်(၁) အလယ်တန်းကျောင်းရဲ့ ၀င်ခွင့်အမှတ်ကို ငါ ကောင်းကောင်းသိပါတယ်။ တက္ကသိုလ်ကောင်းတစ်ခုကို သွားရဖို့က အရမ်းအရေးကြီးတယ်နော်။ ငါ့ယောက်ဖက ဥပမာကောင်းတစ်ခုပဲ မဟုတ်လား”

“မျက်နှာချင်းဆိုင်လမ်းက အဒေါ်လျိုရဲ့သားကိုကြည့်စမ်း။ သူက ငါ့ယောက်ဖနဲ့ အသက်အရွယ်တူတူပဲ။ သူက တက္ကသိုလ်ကောင်းတစ်ခုကို သွားခဲ့ပြီးတော့ အလုပ်ကိုစဝင်တဲ့ ပထမဦးဆုံးအချိန်မှာပဲ ရုံးဝန်ထမ်းတစ်ယောက်ဖြစ်လာတယ်လေ။ နှစ်အနည်းငယ်အတွင်းမှာပဲ သူက ဝယ်ယူရေးဌာနရဲ့ ဒါရိုက်တာတောင်ဖြစ်သွားပြီ”

“သူနဲ့သက်တူရွယ်တူတွေ စက်ရုံထဲမှာ အများကြီးပဲ။ ဒါပေမဲ့ သူတို့တွေက သူ့လို အဆင့်မြင့်ပညာရေး မရှိဘူးလေ။ သူတို့တွေ ရာထူးတိုးမဲ့ အခွင့်အရေးကလည်း သူ့နောက်မှာ အများကြီးကျန်ခဲ့တယ်။ အခုဆိုရင် သူတို့တွေက တစ်လကို ယွမ် ၁,၀၀၀ ပြည့်အောင်တောင် မရှာနိုင်ကြဘူးလေ”

“ခဲအိုက ဟွမ်ရှောင်ကျွမ်းက အဲဒီလောက်အထိ လွန်လွန်ကြူးကြူးလုပ်လိမ့်မယ်လို့ တကယ် မမျှော်လင့်ထားခဲ့တာပါ။ ခဲအိုက သူ့ကိုအရမ်းကြီး ယုံကြည်ခဲ့မိတာပါ”

“ဒီလို ဘယ်တော့မှ ထပ်ဖြစ်မှာ မဟုတ်ပါဘူး။ ခဲအိုက နင့်ကို ကတိပေးတယ်။ တကယ်လို့ သူက နင့်ကို ထပ်ပြီးတော့ အနိုင်ကျင့်ရဲတယ်ဆိုရင် ခဲအိုက သူ့ကို ကွာရှင်းလိုက်မယ်”

သူသည် ရှမြန်က သူ့ကို သွေးတိုးအောင် လုပ်နိုင်မည့် တစ်စုံတစ်ခုမျိုး ပေါ်လာမည်ကို စိုးရိမ်နေဟန်တူသည်။ ထို့ကြောင့် သူသည် ရှမြန်ကို စကားပြောဖို့ အခွင့်အရေးတစ်ခုမှမပေးဘဲ ဆက်တိုက် ပြောနေလေသည်။

“ခဲအိုက ဒီတစ်ခါကျရင် သူ့ဘက် မလိုက်တော့ပါဘူး”

“အဓိက ကိစ္စက တကယ်လို့ သူသာ ထောင်ထဲသွားရမယ်ဆိုရင် ငါတို့မိသားစုတွေက ခေါင်းမော့နိုင်မှာ မဟုတ်တော့ဘူးလေ။ နင့်ခဲအိုလည်း အလုပ်ပြုတ်သွားနိုင်တယ်”

“ဒီလို တကယ်တမ်းဖြစ်လာမယ်ဆိုရင် ရှောင်ဖုန်းရယ်၊ နင်ရယ်၊ ရွှမ်းရွှမ်းရယ် နင့်ခဲအိုကလည်း ဒါကိုထိန်းချုပ်ချင်တယ်ဆိုရင်တောင် ထိန်းချုပ်လို့ ရတော့မှာမဟုတ်ဘူး”

“ရှောင်ဖုန်းကို စောင့်ရှောက်နိုင်ဖို့ နင့်ကို ကျောင်းကောင်းတစ်ကျောင်းကို ငါက တကယ်ပဲ သွားစေချင်တာပါ”

သူ၏အကြံပြုချက်များက စိတ်ရင်းမှန်သည်ဟုဆိုနိုင်သော်ငြားလည်း ကံဆိုးးချင်တော့ ရှမြန်သည် မသိနားမလည်သည့် မိန်းကလေးတစ်ယောက် မဟုတ်ချေ။

သူမက ချက်ချင်းပြောလိုက်၏။

“ကျွန်မ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်မ ရှင့်ကို ကြောက်တယ်။ ကျွန်မက တခြားလူရဲ့အမိုးအောက်မှာနေဖို့ အစီအစဉ်မရှိဘူး။ အလွန်ဆုံး ကျွန်မက ကျောင်းမတတ်တော့ဘဲနဲ့ ရှောင်ဖုန်းကောလိပ်တက်ဖို့ အလုပ်သွားလုပ်ရုံပဲပေါ့”

“ဘာပဲဖြစ်ဖြစ် ဟွမ်ရှောင်ကျွမ်းက အရမ်းရက်စက်တာလေ။ သူက ထောင်ထဲသွားတာ အကောင်းဆုံးပဲ။ ရှက်စရာကောင်းတာဖြစ်ဖြစ်၊ မဖြစ်ဖြစ်ဖြစ် ရှင်နဲ့ကျွန်မက မိသားစုတစ်ခုတည်းကမှ မဟုတ်ပဲ။ ဒါက ကျွန်မနဲ့ ဘာဆိုင်လဲ”

ကျန်းချီမင်သည် စကားအများကြီးပြောခဲ့သော်ငြားလည်း ရှမြန်က နားမထောင်နိုင် ဖြစ်နေသေးမည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် လည်ချောင်းထဲတွင် အလုံးကြီးတစ်ခု ဆို့နေသလို ခံစားလိုက်ရတော့သည်။

သူသည် ပင့်သက်တချက်ရှိုက်လိုက်ပြီး သူ့ဒေါသကို မျိုသိပ်ထားလိုက်ကာ ပြောလိုက်၏။

“ရှမြန်ရယ် နင်က ငါ့ကို ဒီလောက်နှစ်တွေအများကြီး ခဲအိုလို့ ခေါ်လာခဲ့သေးတာပဲ။ နင်က ငါ ခေါင်းမထောင်နိုင်တာကို တကယ်ပဲ ကြည့်ရက်နိုင်လို့လား။ နင်က အဲ့လောက်အထိ နှလုံးသားမဲ့တဲ့ကလေး မဟုတ်ဘူးလို့ ခဲအိုက ယုံတယ်”

“ရှင် မှားသွားပြီ၊ ကျွန်မမှာ အဲဒီလို အသိစိတ်မရှိဘူး” ရှမြန်ကပြောလိုက်၏။ “ဒီတော့ ကျွန်မက ရှင့်ကို မထိန်းချုပ်နိုင်ဘူး။ ကျွန်မက ကိုယ့်ဟာကိုယ် ထိန်းချုပ်နိုင်တာပဲ ကံကောင်းနေပြီ”

ကျန်းချီမင်သည် နောက်ဆုံးတော့ ဒေါသထွက်လာတော့သည်။ သူသည် စကားကို ထပ်ပြောလိုက်ချိန်တွင်သူ၏လေသံမှာ အနည်းငယ်မာထန်နေပြီး သူ့စကားလုံးများကလည်း မတည်ငြိမ်တော့ချေ။

“ရှမြန် နင်မမေ့နဲ့၊ ရှောင်ဖုန်းက ငါ့သားနော်။ နင် သူ့ကို ငါ့ကို မပြောဘဲနဲ့ခေါ်သွားတာ။ ဒါက ကလေးကို ပြန်ပေးဆွဲတာပဲ”

ရှမြန်ကလည်း မကျေမနပ်ဖြင့် ချက်ချင်းပြန်ပြောလိုက်၏။

“ဒီတော့ ရှင်က အခု ကျွန်မကို ခြိမ်းခြောက်နေတာပေါ့လေ။ အစောတုန်းကတော့ ကျွန်မအတွက် ကောင်းတာတွေ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အခုကျတော့ အလိမ်အညာဖြစ်နေတာပဲ”

ဖုန်းကို တင်းကြပ်အောင် ကိုင်ထားသည့် ကျန်းချီမင်၏ လက်ဆစ်များသည် ဖြူဆုတ်သွားတော့သည်။ သူမသည် စကားကောင်းကောင်းပြောသည်ကိုလည်း နားမထောင်။ ဒေါသထွက်နေသည့် စကားလုံးကိုလည်း သည်းမခံ။ ကတိပေးသည့်စကားကိုလည်း မယုံကြည်။ အခြေအနေကိုပင် ပြောင်းပြန်လှန်လိုက်သေးသည်။ ရှမြန်သည့် ကိုင်တွယ်ရအလွန်ခက်ခဲမည်ဟု သူသည် မစဉ်းစားမိခဲ့ချေ။

သို့သော်ငြားလည်း သူသည် သူမကို ချောမော့ပြောရန်သာရှိတော့သည်။

“ခဲအိုက ခုနတုန်းက အရမ်းစိုးရိမ်သွားလို့ပါ”

ကျန်းချီမင်၏ အသံသည် ဆို့နစ်နေဟန်ဖြင့် သိမ်ဝင်သွားလေသည်။

“ရှမြန် ရှောင်ဖုန်းက ငါ့ရဲ့သားပါ။ ငါက သူ့ကိုပိုပြီးကောင်းတဲ့ပညာရေးကို သင်စေချင်တာပေါ့။ နင်လည်း သူ့အတွက် တာဝန်မယူနိုင်ပါဘူး”

“သူနှိပ်စက်ခံနေရတာကို လျစ်လျူရှုထားတာက သူ့အတွက်တာဝန်ယူထားတဲ့နည်းလမ်းပေါ့လေ”

ရှမြန်သည် ဒီကိစ္စကို ထားလိုက်ချင်သော်ငြားလည်း ဒီစကားကို ကြားလိုက်ချိန်တွင် သူမသည် တဖန်ဒေါသထွက်လာတော့သည်။

“သူသာ ရှင့်အိမ်မှာနေတယ်ဆိုရင် ပညာသင်ရမဲ့နေ့ကို မြင်ရမှာတောင် မဟုတ်ဘူး”

“ငါက မဟုတ်ဘူးလို့ ပြောပြီးပြီလေ”

ကျန်းချီမင်သည် တစ်ခုခုကို နာသွားဟန်တူသည်။ သူသည် ရုတ်တရက်ဆိုသလို သူ့အသံကိုမြှင့်လိုက်ပြီး ထို့နောက်တွင် အသံကို မြန်မြန်ပြန်ချလိုက်လေသည်။

“ကျေးဇူးပြုပြီးတော့ နင် ငါ့ကို ထပ်ပြီးတော့ ယုံပေးလို့ရမလား။ တကယ်လို့ နင် အဲ့လိုလုပ်ပေးမယ်ဆိုရင် ငါက နင့်ကိုထပ်ပြီးတော့ အရှက်ရအောင် ဘယ်တော့မှ မလုပ်တော့ပါဘူး”

ရှမြန်သည် အချိန်တန်ပြီဟု ခံစားလိုက်ရလေသည်။

“ကောင်းပြီလေ ကျွန်မ ရှင့်ကို ထပ်ယုံပေးမယ်။ ဒါပေမဲ့ ရှင်က အာမခံချက် စာတစ်စောင်တော့ ရေးရမယ်။ အနာဂတ်မှာ ရှင်က ရှောင်ဖုန်းကို ထပ်ပြီးတော့ နှိပ်စက်မယ်ဆိုရင် ရှောင်ဖုန်းရဲ့အိမ်ထောင်စုစာရင်းကို ရှမိသားစုထဲကို ပြောင်းပေးရလိမ့်မယ်”

ကျန်းချီမင်က ဝမ်းသာအားရပြောလိုက်၏။

“ကောင်းပြီ ပြဿနာမရှိဘူး”

“ခဲအိုက အရင်တုန်းက ဟွမ်ရှောင်ကျွမ်းကို အရမ်းယုံကြည်ခဲ့မိတာ။ နောက်ဆိုရင် အဲဒီလိုထပ်ပြီးတော့ ဘယ်တော့မှ မလုပ်တော့ဘူး”

“ကောင်းပြီလေ”

ရှမြန်က ဖုန်းချလိုက်၏။

“သူက ဘာဖြစ်ချင်နေတာလဲ”

ရှဦးကြီးက မေးလိုက်လေသည်။

“ဟွမ်ရှောင်ကျွမ်းက ကျွန်မရဲ့ဘဏ်စာအုပ်ကို ခိုးသွားပြီးတော့ ငွေသွားထုတ်တာလေ။ အဲဒီမှာ အဖမ်းခံလိုက်ရတာ”

ရှမြန်က မဲ့ရွဲ့ကာပြောလိုက်၏။

“နောက်ပြီးတော့ အခု သူ ကျွန်မဆီ ရောက်လာပြီးတော့ ရှောင်ဖုန်းနဲ့ ကျွန်မကို ပြန်ခေါ်ချင်တယ်လို့ ပြောနေတယ်လေ”

“ဘာရယ်”

ရှချွမ်းသည် စိုးရိမ်စိတ်ဖြင့် မေးလိုက်လေသည်။ “ဘာဖြစ်နေတာလဲ”

ရှမြန်သည် ဟွမ်ရှောင်ကျွမ်းက သူမ၏ငွေစုစာအုပ်ကို လိမ်လည်သွားခဲ့ပုံကို ပြန်ပြောပြလိုက်လေသည်။

ဦးကြီးရှက ပြောလိုက်၏။ “ကလေးမရယ် ဒီလောက် ကိစ္စအကြီးကြီးဖြစ်သွားတဲ့ဟာကို ဘာဖြစ်လို့ ဦးကြီးကို စောစောစီးစီးမပြောခဲ့တာလဲ”

“ဦးကြီးက စိုးရိမ်နေမှာ စိုးလို့ပေါ့”

ရှမြန်က သွားများပေါ်သည်အထိပြုံးကာ ပြောလိုက်၏။

“အခုတော့ အားလုံးကို ဖြေရှင်းပြီးသွားပါပြီ”

ဦးကြီးရှသည် သက်ပြင်းချလိုက်၏။

“ကြည့်ရတာတော့ နင်တို့မျိုးဆက်ထဲမှာတော့ ဒီကလေးမ ရှမြန်ကို တကယ်ပဲ အားကိုးရမှာပဲ”

“ဒါဆိုရင် နင်က ဘာဆက်လုပ်မှာလဲ”

ရှချွမ်းသည် သူ၏၀မ်းကွဲညီမလေးကို အမှန်ပင် လေးစားမိလေသည်။ အသက်အရွယ်ကိုကြည့်ပြီး ဆုံးဖြတ်လို့မရနိုင်ပေ။

“သူတို့တွေက ငါတို့ကို အများကြီး အနိုင်ကျင့်ခဲ့တာလေ။ အခုကျတော့ သူတို့တွေက ငါတို့ဆီကနေ တစ်ခုခုကို လိုချင်နေတယ်။ သူတို့တွေက အတိုင်းအတာတစ်ခုထိတော့ စိတ်ရင်းမှန် သင့်ပါတယ်”

ရှမြန်က ပြောလိုက်၏။

“သူတို့တွေ ငါတို့ကို ကိုယ်တိုင် လာမကြိုမချင်း ငါက သေချာပေါက်ပြန်မှာ မဟုတ်ဘူး”

“သူ ငါတို့အိမ်ရောက်လာတဲ့အခါကျရင် ရှဦးလေး၂ရဲ့ အရေးယူရမဲ့အလှည့်ပဲ”

“သူက ဘာလုပ်နိုင်မှာမလို့လဲ” ရှချွမ်းက ၀မ်းသာအားရ မေးလိုက်လေသည်။

“ရှောင်ဖုန်းရဲ့အုပ်ထိန်းမှုရအောင် သူက ငါတို့ကို ကူပြီးယူပေးမှာပေါ့”

ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ကျန်းချီမင်ရဲ့ ၀င်ငွေနှုန်းထားနဲ့ဆိုရင် လစဉ် ကလေးထောက်ပံ့ကြေးက အနည်းဆုံးယွမ် ၅၀ ဖြစ်လိမ့်မယ်လေ။ သူ ၁၈ နှစ်မတိုင်ခင်အထိပေါ့”

ရှချွမ်းက ကျယ်လောင်စွာ အော်ရယ်တော့သည်။

“ဒီကိစ္စကို ရှဦးလေး၂ဆီလွှဲထားလိုက်တာ အသင့်တော်ဆုံးပဲ။ သူက အောင်မြင်တဲ့အထိ သေချာပေါက် အလုပ်ကြိုးစားမှာပဲ”

ရှဟိုင်ကလည်း အော်ရယ်လေသည်။

“ရှဦးလေး၂က တစ်နေ့မှာ ဒီလိုအသုံး၀င်လာလိမ့်မယ်လို့ ငါတစ်ခါမှ မစဉ်းစားဖူးဘူး”

ဦးကြီးရှက စိတ်ဆိုးသွားသည့်ဟန်ဖြင့် “မင်းတော့ အရိုက်ခံချင်နေပြီ ဟုတ်လား။ ကိုယ့်ဦးလေးကိုများ ဘယ်လိုလုပ်ပြီး လျှောက်ပြောနေရဲသလဲ”

ရှဟိုင်သည် ရှချွမ်းကိုမျက်နှာမဲ့ပြလိုက်ပြီး ထိုစကားကို အတည်မမှတ်ချေ။

ရှမြန်ကလည်း မနေနိုင်ဘဲ အော်ရယ်တော့သည်။ သူမက ရှဦးလေး၂၏တိုက်ခိုက်ရေးစွမ်းရည်ကို ကိုယ်တိုင်စမ်းသပ်ထားပြီးဖြစ်ရာ အလွန်မှ ကောင်းမွန်ကြောင်းသိထားသည်။

သူမကို အနိုင်ကျင့်သည့် မည်သူမဆို တန်ရာတန် ကြေးပေးရမည်ဟု သူမက ပြောခဲ့သည်။ ရှဦးလေး၂က ကျန်းချီမင်အပေါ် အတိုးပြန်ယူပေးသည်ဟု မှတ်ယူနိုင်သည်။

ကျန်းချီမင်က ဖုန်းချလိုက်ပြီးနောက် ခဏလောက် စိတ်အေးသွားအောင်လုပ်လိုက်ကာ လွတ်နေသည့် တီဗီစင်ကြီးကိုပြန်ကြည့်ပြီး မထိန်းနိုင်တော့ဘဲ အံဆွဲကို ခပ်ကြမ်းကြမ်း ကန်ပစ်လိုက်လေသည်။ စူးရှသွားသည့်နာကျင်မှုက နောက်ဆုံးတော့ သူ့ကို နည်းနည်းလေး စိတ်အေးသွားအောင် ပြုလုပ်ပေးလိုက်၏။

ထို့နောက်တွင် သူသည် ဖုန်းကို တဖန်ပြန်ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်လိုက်၏။ ဒီတစ်ကြိမ်တွင်တော့ ဖုန်းက နောက်ဆုံးတော့ ၀င်သွားတော့သည်။

“ညီလေးလုံ မတွေ့တာကြာပြီနော်”

ကျန်းချီမင်က အပြုံးတစ်ခုဖြင့်ပြောလိုက်၏။ “အစောပိုင်းက ငါ မင်းကို ဒုက္ခပေးမိခဲ့တာ အားနာပါတယ်”

ဖုန်းတစ်ဖက်ကလူသည် နောက်ဆုံးတော့ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားဟန်တူသည်။ ချက်ချင်းဆိုသလို ကျိန်ဆဲတော့သည်။

“ ခွေးကောင်ကျန်းမျိုးနွယ်၊ ငါတို့တွေ မင်းကို ပြသာနာလာမရှာတာက အစ်ကိုကောင်းရဲ့ မျက်နှာကြောင့်နော်။ ခင်ဗျားကများ ကျုပ်တို့တွေကို အတင့်ရဲပြီး လာနှောင့်ယှက်ရသလား”

“ငါ မင်းကို ပြောလိုက်မယ်။ မင်းရဲ့ပြသာနာတွေနဲ့ ငါတို့ကို ထပ်လာမရှာနဲ့တော့”

ကျန်းချီမင်၏မျက်နှာသည် အလွန်မှရုပ်ဆိုးသွားတော့သည်။ တစ်ဖက်လူက ရှမြန်ကို ဘာတစ်ခုမှ မလုပ်နိုင်သည်က သိသာပေသည်။ သို့တိုင် သူသည် သူ့ထံမှ ငွေအမြောက်အမြားကို ယူသွားသေးသည်။

“တကတည်း အဲကောင်မလေးရှမြန်က ဘာတွေလုပ်ခဲ့တာလဲ”

ကျန်းချီမင်က မြှောက်ပင့်သည့် လေသံဖြင့်ပြောလိုက်၏။

“မင်းတို့တွေကို နှောင့်ယှက်မိလို့ တကယ်အားနာပါတယ်။ ငါ မင်းတို့တွေကို ထမင်းတစ်နပ်ကျွေးပါ့မယ်။ မင်းနဲ့ အစ်ကိုဟူတို့ ဘယ်အချိန်...“

ဖုန်းတစ်ဖက်ကသူသည် ခေါင်းကျိန်းသွားဟန်တူသည်။ ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“မလိုဘူး မလိုဘူး။ နောက်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကို ထပ်ပြီးလာမရှာနဲ့တော့။ မဟုတ်ရင် ခင်ဗျားတို့မိသားစု ဒုက္ခရောက်သွားမယ်နော်”

ဖုန်းခေါ်ဆိုမှုသည် အလွန်မှ အထက်စီးဆန်သည့်အပြုအမူတစ်ခုဖြင့် ပြီးဆုံးသွားလေသည်။ သို့သော် ထိုလူက တစ်ခုခု ဆိုးရွားသည့်အရာကို ရှောင်ကြဉ်ချင်သယောင်ဖြစ်နေလေသည်။

“တကတည်း ရှမြန်ဘာတွေလုပ်ခဲ့တာလဲ”

သို့သော်ငြားလည်း ကျန်းချီမင်သည် ထိုအကြောင်းအရာကိုစုံစမ်းဖို့ရန် အချိန်ပင်မရှိခဲ့ပေ။ သူသည် သူ့အလုပ်ခရီးပြန်လာပြီးနောက်တွင် ၂ရက်သာ အနားယူခွင့်ရလေသည်။

ဒီကိစ္စကြောင့် ခက်ခဲသည့်အလုပ်ခရီးအတွက် အရင်ဦးဆုံး လျှောက်လွှာတင်ပေးခဲ့သည့်ဒါရိုက်တာသည် အခုတော့ သူ့ကို တစ်ဖန် မကျေမနပ်ဖြစ်လာတော့သည်။ သူသည် နောက်ထပ်ခွင့်မယူရဲချေ။ မိသားစုအရေးကိုဖြေရှင်းဖို့ရန် အချိန်လုဖို့ရန်သာတတ်နိုင်တော့သည်။

သို့သော်ငြားလည်းဒါသည် အလွန်မှလွယ်ကူသည့်အလုပ်တစ်ခု ဖြစ်နေသည်ကို မသိခဲ့ချေ။ နောက်ဆုံး ရှမြန်သည် ကိစ္စများကို ရှဦးလေး၂ ဆီသို့ ပုံချထားလိုက်ပြီး သူ့အလာကို စောင့်နေရန်သာရှိသည်။

...

All Chapters