← Chapters

အပိုင်း(၃၅)

Vol. 3 Ch. 35

အပိုင်း(၃၅)

Vol. 3 Ch. 35

ကျန်းချီမင်သည် အလွန်မှ အလုပ်များနေလေသည်။

အပေါင်ဆိုင်သည် အရမ်းတော့ မဝေးလှချေ။ ရောင်စုံတီဗီနှင့် အပ်ချုပ်စက်ကို ပြန်ရွေးပြီး ရွှမ်းရွှမ်းကို ဟွမ်မိသားစုဆီသို့ ပို့ဖို့ရန် တစ်နေ့တာ သုံးလိုက်ရသည်။

ဟွမ်ရှောင်ကျွင်းက မလုံမလဲ ဖြစ်နေသည့်ခံစားချက်ကို ဖုံးကွယ်ထားလေသည်။ ကျန်းချီမင်ကလည်း ဂရုမစိုက်ချေ။ သူ့မျက်နှာပေါ်တွင် နီရဲနေသည့် မျက်လုံးတစ်စုံနှင့် လူသတ်လိုသည့် အကြည့်တစ်ခုကို ဆောင်ထားလိုက်ပြီး သူက ရွှမ်းရွှမ်းကို အောက်ချပေးကာ ပြောလိုက်၏။

“တကယ်လို့ ဟွမ်ရှောင်ကျွမ်းသာ ထွက်မလာဘူးဆိုရင် ကျွန်တော် သူ့ကို သေချာပေါက် ကွာရှင်းရလိမ့်မယ်”

“ကျွန်တော် ဒီကလေးကိုလည်း မလိုချင်တော့ဘူး။ နောက်ပြီးတော့ ခင်ဗျားတို့တွေလည်း အချိန်တန်လာရင် ဟွမ်ရှောင်ရှာရဲ့ အလုပ်ကို ပြန်ပေးရမယ်”

ဟွမ်မိသားစုသည် ဘာတစ်ခွန်းမှ ထပ်မပြောရဲတော့ချေ။ ဟွမ်ရှောင်ရှာ၏လစာသည် သူတို့မိသားစုအတွက် အဓိက ဝင်ငွေရင်းမြစ်တခုဖြစ်ပြီး သူတို့သည် ဒါကို သေချာပေါက်ဆုံးရှုံး၍မဖြစ်ပေ။

ဟွမ်အမေက ရွှမ်းရွှမ်းကို ချက်ချင်း လက်ခံထားလိုက်ပြီး သူမက ကလေးကို စောင့်ရှောက်ပါမည်ဟု ပြောလိုက်၏။

အမှန်တကယ် ကောင်းသည် မကောင်းသည်ကိုတော့ ကျန်းချီမင်က လုံးဝဂရုမစိုက်ပေ။

ဟွမ်မိသားစုကို ဖြေရှင်းပြီးနောက်တွင် သူသည် အိမ်ပြန်လာပြီး ဖုန်းကိုကောက်ကိုင်ကာ ရှမြန်ကို ရင်းနှီးသည့် အမူအရာတစ်ခုဖြင့် ပြောလေသည်။

“မနက်ဖြန် နင်တို့ဘတ်စ်ကားက ဘယ်အချိန်လဲ။ ငါ နင်တို့ကို ကားဂိတ်မှာ လာကြိုပေးမယ်”

ဖုန်းတစ်ဖက်တွင်တော့ ရှဦးလေး(၂) ဖြစ်နေလေသည်။ ရှဦးလေး(၂)က အေးတိအေးစက်ပြောလိုက်သည်။

“မင်းက ကလေး(၂)ယောက်ကို သူတို့ဟာ သူတို့ဘတ်စ်ကားစီးပြီး မြို့ကို ပြန်လာခိုင်းနေတဲ့သဘောလား။ ကျန်းချီမင် မင်းဟာလေ ငါ့ရဲ့ဘဝမှာ ပထမဦးဆုံး မှားယွင်းအကဲဖြတ်ဖူးတဲ့သူပဲ”

ရှမြန်က သူမသည် အလုပ်များနေသည်ဟု ပြောထားတာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း ကျန်းချီမင်က သိလိုက်သည်။ သူ့ဒေါသများက ထိန်းမရအောင် လှိုက်တက်လာ၏။

သို့သော်ငြားလည်း သူက သတိလေးနှင့် ဆက်ပြီးပြောရန်သာ တတ်နိုင်၏။

“ဒီလိုပါ၊ ကျွန်တော်တကယ် အလုပ်များနေလို့ပါ။ ကျွန်တော်မနက်ဖြန်ကျရင် ကိုယ်တိုင်ကလေး(၂)ယောက်ကို လာကြိုပါ့မယ်။ ဦးလေး ဒေါသမထွက်ပါနဲ့...“

ကျန်းချီမင်သည် မင်ရှီစီရင်စုသို့သွားသည့် အစောဆုံးဘတ်စ်ကားကို စီးလာပြီး ရှမြန်နှင့် ရှောင်ဖုန်းတို့ကို ကြိုကာ ချက်ချင်းပြန်ထွက်လာမည်ဟု စဉ်းစားထားလေသည်။ သူသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လုံလောက်အောင် သည်းခံထားပြီးဖြစ်ရာ ဒါရိုက်တာဆီသို့ သွားပြီး ခယလွန်းသည့် အမူအရာတစ်ခုဖြင့် ခွင့်မတောင်းချင်တော့ပေ။

ဟုတ်ပါသည်။ ရှမြန်ကလည်း သူ့သဘောအတိုင်း လုပ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမက နောက်ဆုံးလက်နက်ဖြစ်သည့် ရှဦးလေး(၂)ကို ပြင်ဆင်ထားခြင်းဖြစ်သည်။

သို့သော်ငြားလည်း သူတို့သည် တွေ့တွေ့ချင်းမှာပင် ကျန်းချီမင်က ရှမြန်ကို စိတ်ပျက်အောင် လုပ်လေသည်။

ထိုအချိန်တွင် သူမသည် ရှောင်ဖုန်းကို သူမ၏ဒေါ်ကြီးအိမ်သို့ ခေါ်သွားကာ ချန်ချန်က ရှောင်ဖုန်းကို ခေါ်သွားပြီး သွားကစားသည်ကို စောင့်ကြည့်နေလိုက်သည်။

ကျန်းချီမင်က အခန်းထဲသို့ ဝင်လာသည်နှင့် ချက်ချင်း သူ့ကလေးကို အလွန်မှချစ်မြတ်နိုးသည့် အဖေတစ်ယောက်လို ဟန်ဆောင်နေပြန်ကာ ဝမ်းသာအားရပြောလေသည်။

“ရှောင်ဖုန်း”

ထို့နောက် သူသည် ရင်ကို ဖွင့်ထားလိုက်ပြီး ချစ်မြတ်နိုးနေသည့် အကြည့်တစ်ခုဖြင့် ရှောင်ဖုန်းကို လက်လှမ်းလိုက်လေသည်။ သူက ရှောင်ဖုန်းကို ဖက်တော့မည့်ဆဲဆဲတွင်

“ရှောင်ဖုန်း အဖေ့ကိုမလွမ်းဘူးလား”

ရှောင်ဖုန်းသည် အလွန်မှ လန့်ဖျပ်သွားပြီး သူလေး၏မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။ သူသည် လက်ထဲက ကစားနေသည့်စာရွက်ကို လွှင့်ပစ်လိုက်ပြီး ရှမြန်ဆီသို့ အလျင်အမြန် ပြေးသွားတော့သည်။

“အန်တီလေး”

ရှမြန်က ကလေးကို ဖက်ထားလိုက်၏။ ဦးကြီးရှနှင့် ဒေါ်ကြီးရှတို့သည် ကျန်းချီမင်ရှေ့တွင် ရပ်လိုက်သည်။ ကလေး၏ ဒဏ်ရာနှင့် ပတ်သက်ပြီး ဖြစ်ပျက်သည့် အကြောင်းအရင်းကို သူ့ကို မေးလိုက်လေသည်။ ကျန်းချီမင်က စိတ်ရင်းနှင့် တောင်းပန်လိုက်ပြီး မျက်ရည်များကျပြတော့သည်။

ငိုယိုနေသည့် ဟန်ပန်အမူအရာက ဦးကြီးရှနှင့်ဒေါ်ကြီးရှတို့ကို ဆွံ့အသွားစေတော့သည်။

ရှောင်ဖုန်း၏ အဖေဖြစ်သည်ဟူသောအချက်က ရှောင်ဖုန်းကို ထိခိုက်ဒဏ်ရာရအောင် လုပ်ပြီးနောက်တွင်ပင် သူ့ကို ဆက်ပြီးမာန်ထောင်နိုင်အောင် အကြီးမားဆုံးအကာအရံတစ်ခု ဖြစ်နေစေသည်။

ရှမြန်သည် သူမက ရှဦးလေး(၂)ကို ပြင်ဆင်ထားခဲ့သည့်အတွက် အလွန်မှ ဝမ်းသာမိတော့သည်။

အရှက်မရှိသည့်လူများကို အရှက်မရှိသည့်လူများနှင့်သာ ဖြေရှင်းခိုင်းသင့်သည်။

ရှအဒေါ်(၂)က ငိုယိုပြီးဝင်လာတော့သည်။

“အမလေး ငါ့ရဲ့သနားစရာ ရှောင်ဖုန်းလေးရယ်။ နင့်အဖေက ဒီလို လူယုတ်မာတစ်ယောက်ပဲ။ ငါ့တူမက ဒီလိုတိရစ္ဆာန်ကို လက်ထပ်ထားရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ...“

ရှဦးလေး(၂)ကလည်း သူ့မျက်ရည်များကို သုတ်လိုက်ကာ ကျန်းချီမင်ကို လက်ညှိုးထိုးပြီး ပြောတော့သည်။

“ငါ အစကတည်းက သိတာပဲ၊ မင်းက လူကောင်းတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ငါတို့ရှောင်ဖုန်းကို နှိပ်စက်ရဲလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ငါ မင်းကို ပြောလိုက်မယ်၊ ငါတို့ရှောင်ဖုန်းကို ခေါ်သွားဖို့ မစဉ်းစားလေနဲ့”

ကျန်းချီမင်သည် ရှဦးလေး(၂)ကို မြင်လိုက်ချိန်တွင် သူ့မျက်နှာမှာ အလွန်မှ အကျည်းတန်သွားတော့သည်။

“ဦးလေး(၂)...“

“ငါ့ကို ဦးလေး(၂)လို့ မခေါ်စမ်းနဲ့ ငါ့မှာ မင်းလို တူသမက်မျိုးမရှိဘူး” ရှဦးလေး(၂)က ပြောပြန်သည်။ “မင်းက ကလေးတစ်ယောက်ကို မွေးဖို့ စိတ်မပါဘူးဆိုမှတော့ ရှောင်ဖုန်းကို ငါတို့အိမ်မှာပဲ ထားခဲ့တော့”

“ကျွန်တော်က ရှောင်ဖုန်းရဲ့အဖေပါ”

ကျန်းချီမင်သည် ရှဦးလေး(၂)က မည်မျှ ကိုင်တွယ်ရခက်ခဲကြောင်း သေချာသိထားကာ တိုက်ရိုက်ပြောလိုက်တော့သည်။

“သူ ကျွန်တော့်နောက် သေချာပေါက် လိုက်ခဲ့ရမယ်”

“သောက်ရေးမပါတာ”

ရှဦးလေး(၂)က ဝါးစားမတတ် ဒေါသထွက်ကာ ကြည့်နေသည်။

“မင်းက ငါတို့ကလေးကို နှိပ်စက်ထားခဲ့တာပဲ။ ငါက မင်းကို တရားရုံးမှာ တရားစွဲထားလို့ရတယ်။ တကယ်လို့ မင်း တရားစွဲတာကို မရှုံးချင်ဘူးဆိုရင်တော့ ရှောင်ဖုန်းရဲ့အုပ်ထိန်းမှုကို လက်လွှဲပေးလိုက်”

ရှဦးလေး(၂)သည် ဥပဒေနှင့်ပတ်သက်ပြီး မသိနားမလည်ဘဲ သူပြောသည့် စကားလုံးတိုင်းက အဓိပ္ပာယ်မရှိသည်ကို ကျန်းချီမင်က သိနေသည်။ သို့သော်ငြားလည်း ဘာတတ်နိုင်ပေမည်နည်း။

ရှဦးလေး(၂)သည် တခြားလူများနှင့် မတူချေ။ ဆိုရိုးစကားအတိုင်းပင်။ ပညာသင်တစ်ယောက်သည် ရဲမက်တစ်ယောက်နှင့် တွေ့ဆုံလိုက်သည့်အချိန်တွင် သူသည် သူ့အကြောင်းပြချက်ကို ရှင်းလင်းအောင် မပြောပြနိုင်ချေ။ တစ်ခုတည်းသောရလဒ်မှာ အရှုံးကို ရင်ဆိုင်ရပြီး အရိုက်ခံရရုံသာ ရှိလေသည်။

တခြားသူအပေါ် အမြတ်ထုတ်ရတာ ကြိုက်သည့် ရှဦးလေး(၂)လိုလူမျိုးနှင့် ရင်ဆိုင်လိုက်ရလျှင် နည်းပေါင်းစုံကို ထုတ်သုံးရတော့မည်။

ကျန်းချီမင်က လက်မခံသဖြင့် ရှဦးလေး(၂)ကလည်း တိုက်ရိုက်နည်းလမ်းကို အသုံးချတော့သည်။ ရှအဒေါ်(၂)ကလည်း ဒီရက်ပိုင်းအတွင်းတွင် ရှမြန်၏အနှောင့်အယှက်ပေးခြင်းကို ခံနေရလေသည်။ အိမ်က လတ်တလော ဆုံးရှုံးမှုများကို စဉ်းစားမိလိုက်ပြီး သူမသည် အမျက်ခြောင်းခြောင်း ထွက်လာကာ ကျန်းချီမင်ကို ကုတ်ခြစ်တော့သည်။

ရှဟိုင်တို့ညီအစ်ကိုကလည်း ရန်ဖြစ်နေသည်ကို ဖျန်ဖြေပေးဖို့ရန် ဒီအခွင့်အရေးကို အသုံးချလိုက်ပြီး အကွက်ရွှေ့လိုက်၏။

“တော်လောက်ပြီ”

ကျန်းချီမင်က ဒေါသထွက်ထွက်ဖြင့် အော်ပြောလိုက်လေသည်။

“ခင်ဗျားတို့က ငွေလိုချင်တာ ဟုတ်တယ်မလား။ ခင်ဗျားတို့ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် တစ်ပြားမှ ရမယ်မထင်နဲ့”

သူသည် ရှဦးလေး(၂)၏ အားနည်းချက်ကို သေချာပေါက် သိလေသည်။ ရှဦးလေး(၂)နှင့် ရှအဒေါ်(၂)တို့သည် တစ်ချိန်တည်း ရပ်တန့်သွားကြသည်။ နောက်ဆုံးတွင် ကျန်းချီမင်က ခေါင်းတွင် ပွန်းပဲ့ဒဏ်ရာများနှင့် ရှဦးလေး(၂) မငြင်းပယ်ခင်မှာပင် ယွမ် ၂၀ မှ ယွမ် ၁၀၀ အထိ စျေးကို တိုးပေးလိုက်ရတော့သည်။

ရှမြန်က စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။ တကယ်လို့များ ရှဦးလေး(၂)ရဲ့အားနည်းချက်လို့ ပြောလိုက်ရင် သူက အရမ်းကို အမြင်ကျဥ်းတာပဲ။ ယွမ် ၁၀၀ လေးနဲ့ အရူးလုပ်ခံလိုက်ရတယ်လို့။

သို့သော်ငြားလည်း ရှဦးလေး(၂)၏ ပူညံပူညံလုပ်နေခြင်းကြောင့် ကျန်းချီမင်သည် ထိုနေ့တွင် မပြန်နိုင်ခဲ့ချေ။ သူသည် ကောင်းမွန်သည့် အမူအရာတစ်ခုဖြင့် အလုပ်ရုံဒါရိုက်တာဆီမှ ခွင့်တစ်ရက် တောင်းကာ ဝေဖန်ခံလိုက်ရတော့သည်။

ရှမြန်သည် ကျန်းချီမင်၏မျက်နှာက ဆိုးဆိုးရွားရွား ဖြစ်သွားသည်ကို မြင်လိုက်ရသည်တွင် အနည်းငယ် ခံစားချက်ကောင်းလာလေသည်။

ရှောင်ဖုန်းသည် ကျန်းချီမင်ကို မြင်ကတည်းက သူ၏မျက်နှာပေါ်မှ နှစ်လိုဖွယ်အပြုံးသည် ပျောက်ကွယ်သွားပြီး စကားလည်း အလွန်မှ နည်းသွားလေသည်။ သူသည် ရှမြန်နောက်မှ တကောက်ကောက် လိုက်နေပြီး ရှမြန်နှင့် လုံးဝမခွဲသလောက်ပင်။

ဘတ်စ်ကားပေါ်တွင် ရှမြန်က ရှောင်ဖုန်းကို တင်းနေအောင် ဖက်ထားပေးပြီး သူ၏ကျောပြင်လေးကို အသာအယာပွတ်သပ်ပေးကာ တိုးတိုးလေးပြောလိုက်၏။

“ပေါင်ပေါင်း ငါတို့ရဲ့လျှို့ဝှက်ချက်ကို မှတ်မိသေးလား”

သူမက လေသံတိုးတိုးဖြင့် သူ့ကို သတိပေးလိုက်သည်။

“ယန်မြို့လေ”

ရှောင်ဖုန်းသည် ရုတ်တရက်ဆိုသလို သူမကို မော့ကြည့်လိုက်ပြီး ရှမြန်က ပြုံးပြကာပြောလိုက်၏။

“မနေ့တုန်းက သားက ကိုကိုချန်ချန်နဲ့ စစ်တိုက်တမ်း ကစားခဲ့တယ် မဟုတ်လား။ တောင်ထိပ်ပေါ်ကို ရောက်ဖို့ဆိုရင် ရန်သူကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ရမယ်။ ရန်သူကို အနိုင်ရပြီးမှ တောင်ထိပ်ပေါ်ကို ရောက်နိုင်မှာလေ ဟုတ်တယ်မလား”

“ဒါကလည်း အန်တီလေးတို့အတွက် အတူတူပဲ။ အန်တီလေးတို့က ယန်မြို့ကို သွားချင်တယ်ဆိုရင် သားရဲ့လူယုတ်မာအဖေကြီးကို အနိုင်ရမှဖြစ်မယ်။ ဒါကြောင့် ငါတို့တွေက သူ့ကိုသတ္တိရှိရှိနဲ့ ရင်ဆိုင်ရမယ်”

ရှောင်ဖုန်းသည် လျှောက်လမ်း၏ တစ်ဖက်က ကျန်းချီမင်ကို လှမ်းကြည့်လိုက်ပြီး အခိုင်အမာ ခေါင်းညိတ်ပြလိုက်၏။

ရှမြန်က သူ၏ အပေါ်သို့ထောင်တက်နေသည့် ဆံပင်အုပ်လေးကို သပ်ချပေးလိုက်ကာ ပြောလိုက်၏။

“ရှောင်ဖုန်းက သတ္တိအရှိဆုံးပဲ။ ဒါပေမဲ့ စိတ်မပူနဲ့နော်။ အန်တီလေးက ရှောင်ဖုန်းကို သေချာပေါက် ကာကွယ်ပေးပြီး ရှောင်ဖုန်းကို ရန်သူရဲ့လက်ထဲကျမသွားအောင် လုပ်ပေးမှာ”

ရှောင်ဖုန်းက သူ၏နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားပြီး ပြုံးပြလိုက်သေးကာ သူ့ခန္ဓာကိုယ်လေးသည် ပျော့ပြောင်းလာပြီး ရှမြန်၏လက်မောင်းထဲတွင် တိုးဝှေ့ရင်း ရှမြန်၏ လည်ပင်းကို သူ့ခေါင်းသေးသေးလေးနှင့် ပွတ်တိုက်နေလေသည်။

“ရှောင်ဖုန်းကလည်း အရမ်းသတ္တိရှိပါတယ်”

ရှမြန်က သူ့ကို တင်းနေအောင် ဖက်ထားကာပြောလိုက်၏။

“ဒါပေါ့၊ သားက သတ္တိရှိတယ်။ သားက အစောပိုင်းဘဝတုန်းက အမှောင်ထဲမှာ နေလာခဲ့ရပေမဲ့လည်း သေသွားတဲ့အထိ အလင်းရောင်ကိုရှာဖွေဖို့ လုံးဝလက်မလျှော့ခဲ့ဘူးလေ”

သူတို့သည် ဟွားကန်းမိသားစုအိမ်ယာသို့ ရောက်လာသည့်အချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ တစ်လမ်းလုံး စကားအများကြီး မပြောလာသည့် ကျန်းချီမင်က သူ့ခရီးဆောင်အိတ်ကို ချထားလိုက်၏။ ရှမြန်သည် သူက အနားယူတော့မည်ဟု ထင်လိုက်မိသော်ငြားလည်း မျှော်လင့်မထားဘဲ သူက ရှောင်ဖုန်းကို လှမ်းဖက်ဖို့ ကြိုးစားသည်။ ရှမြန်သာ မြန်မြန် မတုံ့ပြန်ခဲ့လျှင် ကလေးက သူ လုယူသွားတာ ခံရလောက်သည်။

ရှမြန်က ရှောင်ဖုန်း၏ကျောလေးကို သပ်ပေးလိုက်ကာ ဘေးသို့လှည့်လိုက်ပြီး ဒေါသတကြီး မေးလိုက်၏။

“ရှင် ဘာလုပ်တာလဲ”

ကျန်းချီမင်က သူ့လက်ကို ဒီအတိုင်း ဆန့်တန်းထားသည်ကို မြင်လိုက်ပြီး ရှောင်ဖုန်း၏ ချိုင်းကြားလေးကို လှမ်းကိုင်ထားလိုက်သည်။

“မင်း တစ်လမ်းလုံး သူ့ကို ချီလာတာလေ။ ခဏလောက် အနားယူလိုက်ဦး။ ငါ့ကိုပေးချီ”

သူသည် ဒီလိုပြောလိုက်သည့်တိုင် သူ့သဘောထားကတော့ အင်မတန်မှ မာထန်နေပြီး ကလေးကို လွှတ်ပေးဖို့ ငြင်းဆန်နေလေသည်။

ရှမြန်က ရှောင်ဖုန်း၏ မျက်မှောင်ကြုတ်နေသည့်ဟန်ကို ကြည့်လိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။

“ရှင် သူ့ကို နာကျင်အောင် လုပ်နေတာလေ”

ကျန်းချီမင်က သူ့လက်ပေါ်တွင် အားကို ပိုထည့်ထားသော်လည်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကတော့ ရှိနေဆဲပင်။

“နင် ဒီအတိုင်း လွှတ်ပေးလိုက်ပါလား။ စိတ်မပူပါနဲ့ ငါက သူ့အဖေပါ။ ငါက သူ့ကို ဘယ်လိုလုပ်ပြီးပစ်ချမှာလဲ”

ရှမြန်၏ မျက်လုံးများက အေးစက်သွား၏။ ဒီလူသည် သူ၏ကိုယ်ပိုင်ပုံရိပ်ကို ထိန်းသိမ်းထားချင်နေလေသည်။ ဟွမ်ရှောင်ကျွမ်းသည် ဒီတစ်ကြိမ်တွင် သူမကိုယ်သူမ ရှင်းလင်းနိုင်လိမ့်မည် မဟုတ်ချေ။ သူသည် ကောင်းမွန်သည့် ပုံရိပ်တစ်ခုကို တည်ထောင်ဖို့ရန် နည်းလမ်းအသစ်တစ်ခု လိုအပ်လာသည်။ နှိပ်စက်ခံခဲ့ရသည့် ရှောင်ဖုန်းက သူ၏လက်နက်တစ်ခု ဖြစ်လာသည်။

ရှောင်ဖုန်းသည် သူ၏နှုတ်ခမ်းလေးကို စတင်ပြီး ကိုက်လာလေသည်။ ရှမြန်က လွှတ်ပေးချင် ဟန်ဆောင်လိုက်ပြီးနောက်တွင် ကျန်းချီမင်၏ လက်မောင်းကို မြန်မြန်ရိုက်ပစ်လိုက်ပြီး အားပို ထည့်ထားလိုက်သည်။

ကျန်းချီမင်၏ လက်မောင်းတစ်ခုလုံးသည် ထုံကျင်သွားပြီး ရုတ်ခြည်းဆိုသလို သတိလက်လွတ် ဖြစ်သွားတော့သည်။

ရှမြန်က အောက်သို့ကျသွားတော့မည့် ရှောင်ဖုန်းကို မြန်မြန်လှမ်းဖမ်းလိုက်ပြီး သရော်သလို ပြောလိုက်သည်။

“ကျွန်မ အထင်ကတော့ ရှင်က ကလေးကို ချီနေကျ မဟုတ်ဘူး ထင်တယ်။ ဒီတော့ ကျွန်မပဲ လုပ်လိုက်ပါ့မယ်”

ရှောင်ဖုန်းက ရှမြန်၏လည်ပင်းကို တင်းနေအောင်ဖက်ထားကာ ကြောက်လန့်တကြားဖြင့် ပြောလေသည်။

“အန်တီလေး”

ရှမြန်သည် စိတ်မကောင်းဖြစ်သွားပြီး သူ့ကိုယ်နှစ်သိမ့်ပေးရန် သူ့ကျောလေးကို ပွတ်သပ်ပေးလိုက်သည်။

“မကြောက်နဲ့နော် မကြောက်နဲ့။ အန်တီလေး ရှိတယ်”

ကျန်းချီမင်က သုန်မှုန်သည့် အကြည့်တစ်ခုဖြင့် သူမကို ကြည့်နေသော်ငြားလည်း ရှမြန်ကတော့ ကြောက်ရွံ့မှု တစိုးတစိမှမပြဘဲ ဂိတ်တံခါးထဲသို့ ဝင်လာလိုက်သည်။

ကျန်းချီမင်က ရုတ်တရက် ပြုံးလိုက်၏။

“မြန်မြန် မမေ့နဲ့နော်။ ရှောင်ဖုန်းက ငါ့သား။ သူက ငါ့နောက်ပဲလိုက်ရမှာ”

“ဒီတော့ ရှင်က ကျွန်မကို ခြိမ်းခြောက်နေတာလား”

ရှမြန်က သူ့ကို အေးစက်စက် ကြည့်လိုက်၏။

“လူတွေက ပြောကြတယ် မဟုတ်လား။ မြစ်ကိုဖြတ်ပြီးရင် တံတားကို ဖျက်ဆီးရမယ်တဲ့။ ရှင်က မြစ်ကို မဖြတ်ရသေးဘဲနဲ့ တံတားကို ဖျက်တော့မလို့လား”

ကျန်းချီမင်၏ စူးရှသည့်အကြည့်က ရှောင်ဖုန်းထံသို့ ကျရောက်သွားပြီး သူ့တွင် သူမ၏အားနည်းချက် ရှိသည်ဟု ရှင်းရှင်းလင်းလင်း ပြောနေလေသည်။

ရှမြန်က သူမတွင် ဘာအားနည်းချက်မှ မရှိသယောင် ဒေါသဖြင့် အော်ရယ်ပြလိုက်သည်။

တကယ်လို့ ငါသာ ဒီတစ်ခါသူ့မျက်နှာကို မဆွဲကုတ်ရရင် ငါ့ရဲ့မျိုးရိုးနာမည်က ရှ မဟုတ်တော့ဘူး။

(၂)ယောက်က အချင်းချင်း အခြေအတင် ဖြစ်နေကြစဉ် ရုတ်တရက်ဆိုသလို ချိုသာသည့် အမျိုးသမီးတစ်ယောက်အသံက ကြားဖြတ်ဝင်လာလေသည်။

“ခဲအိုလား၊ ခဲအို ဘယ်တွေ ရောက်နေတာလဲ။ ကျွန်မ အစ်ကို့ကို ရှာလို့မတွေ့ဘူး”

ရှမြန်က လှည့်အကြည့်တွင် မျက်နှာပေါ်၌ စိုးရိမ်သည့်အကြည့်တစ်ခုဖြင့် အပြေးလာနေလေသည့် ဟွမ်ရှောင်ရှာကို တွေ့လိုက်ရလေသည်။

“ခဲအို အစ်ကို ကျွန်မကို ကူညီမှဖြစ်မယ်နော်”

ကျန်းချီမင်က မျက်မှောင်ကြုတ်လိုက်၏။ “နင့်အစ်မ ဘာဖြစ်သွားလို့လဲ”

ဟွမ်ရှောင်ရှာသည် ကျန်းချီမင်၏မျက်နှာက ပွန်းပဲ့ရာအပြည့် ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် ကြောင်အန်းအန်း ဖြစ်သွားတော့သည်။

“ခဲအို ဘယ်သူ ခဲအိုကို ဒီလိုရိုက်နှက်ခဲ့တာလဲ”

ကျန်းချီမင်သည် အမှတ်တမဲ့ သူ့မျက်နှာကို ထိမိလိုက်ပြီး ပေါ့ပါးသည့်လေသံတစ်ခုဖြင့် ပြောလိုက်၏။

“နင်ဘာလုပ်ချင်လို့လဲ”

“ခဲအို ဆေးရုံက ကျွန်မကို အလုပ်ထုတ်ချင်နေတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ဒေါက်တာနဥ်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ပဲ ဖြစ်ရမယ်။ ခဲအို ကျွန်မအတွက် ကူညီပြီးတော့ အသနားခံ တောင်းပန်ပေးလို့ ရမလား။ ကျွန်မလည်း အဲဒီတုန်းက စေတနာနဲ့ လုပ်လိုက်တာပါပဲ”

“ဆေးရုံက မင်းကို အလုပ်ထုတ်တော့မယ် ဟုတ်လား”

ကျန်းချီမင်သည် သူသွားခဲ့သည့် အလုပ်ခရီးတစ်ခုက ဆယ်စုနှစ်တစ်ခုစာ လွတ်သွားသလို ခံစားလိုက်ရသည်။ ဟွမ်ရှောင်ကျွမ်းက အဖမ်းခံလိုက်ရသည့်အပြင် ဒေါက်တာနဥ် အပေါ်အစောပိုင်းက အပြည့်အဝ ယုံကြည်ချက်ရှိနေသည့် ဟွမ်ရှောင်ရှာက ဒေါက်တာနဥ်ကို ပြစ်မှားမိခဲ့သည့်အတွက် အလုပ်ထုတ်ခံရတော့မည်တဲ့လား။ ထိုနေ့က ဒေါက်တာနဥ်ကို မျက်နှာလိုမျက်နှာရ လုပ်နေသည့် ရဲစခန်းကလူများကိုလည်း သူ တွေ့ခဲ့သည်။ သူတို့သည် ဟွမ်ရှောင်ရှာကို သူတို့၏ နောက်ဆုံးဝှက်ဖဲတစ်ခုလိုပင် သဘောထားခဲ့လေသည်။

ကျန်းချီမင်သည် ဣန္ဒြေဆက်ပြီး မထိန်းနိုင်တော့ဘဲ သူ့အသံက ဒေါသအပြည့်ဖြစ်သွား၏။

“ဘာတွေ ဖြစ်သွားတာလဲ”

“အဲဒီနေ့က လူတစ်ယောက်က ဒေါက်တာနဥ်ကို ချောက်ချနေတာလေ။ ကျွန်မ သူ့ကို ကူညီချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မလည်း အလောတကြီးနဲ့ စကားမှားပြီးပြောခဲ့မိတာ”

ဟွမ်ရှောင်ရှာသည် အဓိကအချက်ကို ဖယ်ထားလိုက်လေသည်။

“ခဲအို ကျွန်မကို ကူညီပေးနိုင်မယ် မဟုတ်လား။ ခဲအိုရဲ့ အဲဒီအရိုင်းအစိုင်းမလေး”

“ရှမြန်လေ၊ သူက ဒေါက်တာနဥ်ရဲ့တူလေးရဲ့ အသက်ကယ်ပေးတဲ့ ကျေးဇူးရှင်လို့ ကျွန်မ ကြားထားတယ်။ သူ့စကားက သေချာပေါက် ထိရောက်မှာပဲ”

“ခဲအို ဒီတစ်ခါ ခဲအိုက သူ့ကို နည်းနည်းလောက် ချော့မော့ပြီးတော့ ကျွန်မကို အရင်ဆုံး ကူညီပေးဖို့ ပြောပေးနော်”

ကျန်းချီမင်သည် ရှမြန်ကို တအံ့တဩဖြင့် ကြည့်လိုက်လေတော့သည်။

...

All Chapters