← Chapters

အပိုင်း(၃၇)

Vol. 3 Ch. 37

အပိုင်း(၃၇)

Vol. 3 Ch. 37

ကျန်းချီမင်က ဟွမ်ရှောင်ရှာကို ဘာမေးခဲ့သည့် အကြောင်းကိုတော့ သူမ မသိချေ။ နောက်တစ်နေ့ ရှမြန်နိုးလာသည့်အချိန်တွင် ကျန်းချီမင်က အလွန်မှ ထူးဆန်းလှသည်ကို တွေ့လိုက်ရလေသည်။

သူသည် မနေ့က သူမကို ပြန်လာခေါ်ချိန်တွင် တစ်ဝက်လောက် အတင်းအကြပ် ဖိအားပေးခံထားမှန်း သိသာလေသည်။ သူသည် အိမ်ရာဝင်းအဝတွင်ပင် သူမကို ခြိမ်းခြောက်ဖို့ရန် ရှောင်ဖုန်းကို အသုံးချမည့် သူ၏ရည်ရွယ်ချက်ကိုပင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သို့သော် ဒီနေ့ မနက်ခင်းတွင်တော့ ဒီလူက ရုတ်တရက်ကြီး နူးညံ့သိမ်မွေ့လာကာ စဉ်းစားပေးတတ်နေသည်။

နံနက်ခင်း အလုပ်မသွားခင်တွင် သူသည် သူတို့အတွက် မနက်စာကို ပြင်ဆင်ပေးထားပြီး ရှောင်ဖုန်းအတွက် ကြက်ဥပူတင်းကိုပင် လုပ်ထားပေးသေးသည်။ သူက သူတို့ကို အိမ်တွင်သာနေဖို့ တတွတ်တွတ်ပြောနေပြီး ဟွမ်ရှောင်ကျွမ်းအကြောင်းကို လုံးဝမပြောချေ။

သူသည် နေ့ခင်းဘက်ပြန်လာချိန်တွင် ရှမြန်၏ရှေ့တွင် ယွမ်(၆၀၀၀)ကိုပင် ချက်ချင်း ချထားပေးလိုက်သေးသည်။

“ဒါက နင့်ရဲ့ခဲအို နင့်ကို ပြန်ပေးတဲ့ပိုက်ဆံ။ နင်အချိန်ရှိရင် ဒါကို သိမ်းထားလိုက်လို့ရတယ်။ ဘဏ်စာအုပ်ကိုလည်း ယူထားပြီးတော့ ဘယ်သူ့ကိုမှ မပေးနဲ့နော်”

ရှမြန်သည် အနည်းငယ် သတိဖြစ်သွား၏။

“ရှင် ကျွန်မကို ပြန်ပေးလိုက်ရင် ဟွမ်ရှောင်ကျွမ်းက သူခိုး မဟုတ်တော့ဘူးလို့ စဉ်းစားနေတာ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”

“ဟုတ်တာပေါ့၊ မစဉ်းစားပါဘူး”

ကျန်းချီမင်က သူမကို ဘာမှမတတ်နိုင်သလို၊ ရယ်ချင်သလိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။

“ခဲအိုက အရင်တုန်းက အသိစိတ်ပျောက်သွားပြီး စိုးရိမ်ခဲ့တာပါ”

“ငါ ဒီအကြောင်းကို မနေ့ညက တစ်ညလုံး စဉ်းစားခဲ့ပြီးပြီ။ ဟွမ်ရှောင်ကျွမ်းက အမှားလုပ်ခဲ့တဲ့သူပဲ။ နင်က သူ့ကို မကူညီချင်တာပုံမှန်ပါပဲ။ ဒီတစ်ခါ နင့်ခဲအိုက နင့်ကို အရှက်ရအောင် မလုပ်ပါဘူး။ သူကတော့ သူ့ရဲ့ရက်စက်မှုနဲ့ လောဘကြီးတဲ့စရိုက်ကြောင့် သင်ခန်းစာယူသင့်တယ်လေ”

“သူ့ကိုအချုပ်ထဲ သုံး၊ လေးနှစ်လောက် နေခိုင်းလိုက်တယ်ဆိုရင်လည်း အဆင်ပြေတယ် မဟုတ်လား”

ရှမြန်သည် အထိတ်တလန့် ဖြစ်သွားတော့သည်။ ဒီကောင်က ဟွမ်ရှောင်ကျွမ်းကို လက်လျှော့တော့မလို့လား။

ကျန်းချီမင်၏မျက်နှာသည် အခိုက်အတန့် ညိုမည်းသွား၏။ သို့သော်ငြားလည်း သူက သူ့ကိုယ်သူ တဖန် ပြန်အားတင်းထားလိုက်ကာ ရှမြန်ကို သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်သည်။

“ဒီလိုဆိုရင် သူက မင်းနဲ့ရှောင်ဖုန်းတို့ကို ဒုက္ခပေးလို့ မရတော့ဘူးပေါ့။ ဒါကလည်း မကောင်းတဲ့ စိတ်ကူးတော့ မဟုတ်ပါဘူး”

သူ့အကြည့်များက ထူးဆန်းသည်ဟု ရှမြန်သည် အမြဲတမ်း ခံစားနေမိပြီး သူမကို ကြက်သီးထစေလေသည်။

“ခဲအို အလုပ်သွားရတော့မယ်၊ နင်နဲ့ရှောင်ဖုန်းတို့ အိမ်မှာပဲနေနော်။ ဪ ဒါနဲ့”

ကျန်းချီမင်သည် သူ့အိပ်ကပ်ထဲက ပိုက်ဆံတစ်ထပ်ကို ယူထုတ်လာလေသည်။

ယွမ် ၂၀၀ ကျော်ခန့်ရှိမည်။

“ဒါက အိမ်အသုံးစရိတ်အတွက် နင်ဝယ်ချင်တဲ့ပစ္စည်းနဲ့ အသီးအရွက်တွေကို ဝယ်လို့ရတယ်။ တကယ်လို့ တစ်ခုခုလိုတာရှိရင် ညနေခင်း ခဲအို အလုပ်ပြန်လာတဲ့အချိန်ကျမှ ပြောပေါ့”

ရှမြန်သည် သူ့အပြုအမူကြောင့် ထိတ်လန့်သွားလေသည်။ သူသည် ဟွမ်ရှောင်ကျွမ်းကို အမှန်တကယ် လက်လျှော့ဖို့ ရည်ရွယ်နေသည်လား။ ရှောင်ဖုန်းကို အရယူရန် သူမ သတိလက်လွတ်ဖြစ်သွားအောင် စိတ်ပိုင်းဆိုင်ရာဖဲချပ်ကို ကစားနေသည်လား။ သူမသည် မဝေခွဲနိုင်ချေ။

ရှမြန်သည် သေသေချာချာလေး အကဲခတ်လိုက်၏။ သူသည် စိတ်ပိုင်းဆိုင်ရာဝှက်ဖဲကို ကစားနေလျှင် အချိန်အကြာကြီး အချိန်ဆွဲထားလိမ့်မည် မဟုတ်ချေ။ နောက်ဆုံးတွင် ဟွမ်ရှောင်ကျွမ်းက သူမ၏ခံဝန်ချက်ကို မပြောင်းလဲလျှင် သူမသည် ပုံမှန်အတိုင်း အဖမ်းခံရလိမ့်မည်။ ထိုအချိန်ကျလျှင် ဟွမ်ရှောင်ကျွမ်းသည် အမှန်တကယ် ထောင်ထဲသွားရလိမ့်မည်။

ဒီကိစ္စသည် ရှမြန်နှင့် ကျန်းချီမင်ကြားက အရေးကြီးသည့် အတိုးအလျော့ကိစ္စများထဲက ကိစ္စတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် အကယ်၍ ကျန်းချီမင်က ဘာတစ်ခုမှမလှုပ်ရှားခဲ့လျှင် သူမကလည်း ထိုကိစ္စကို ပြောမည်မဟုတ်ချေ။ နောက်ဆုံး တစ်ဖက်လူသည် အလွန်မှ ကောက်ကျစ်လေသည်။ သူမသည် သူ့ကို တန်ပြန်ရင်ဆိုင်ဖို့နည်းလမ်းများ ကြိုတင်စဉ်းစားရင်း သတိထားရလိမ့်မည်။

သို့သော်ငြားလည်း ကျန်းချီမင်က ဟွမ်ရှောင်ကျွမ်းကိစ္စကို မေ့လျော့ထားဟန်တူသည်။ သူသည် အလုပ်လုပ်နေရင်းကပင် သူမနှင့် ရှောင်ဖုန်းတို့ကို ဂရုစိုက်နေသည်။ ကျန်းမိသားစုသည် ပုံမှန်ညီညွတ်မျှတသည့် အနေအထားသို့ ပြန်ရောက်လာပြီး ကျန်းချီမင်က သူ၏နာမည်ကိုပင် ပြန်ထိန်းထားနိုင်ခဲ့သည်။

ကျန်းချီမင်သည် အလုပ်ကိုသာ အာရုံစိုက်နေသဖြင့် ဟွမ်ရှောင်ကျွမ်း၏ လှည့်စားခံရသည်ဟု လူအများအပြားက ယုံကြည်လာကြပြီး သူတို့သည် သူ့ကို သနားနေကြလေသည်။ ဟွမ်ရှောင်ကျွမ်းက သူတို့၏ ပျော်ရွှင်စရာမိသားစုကို ဆွဲချခဲ့သည်ဟု သူတို့က ထင်လေသည်။ သူမသည် အကျဉ်းထောင်ထဲတွင် ပြန်သုံးသပ်သင့်သည်ဟုပင် ပြောကြသည်။

ရှမြန်သည် ကျန်းချီမင်၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသလို ခံစားလိုက်ရသည်။ ဒီကောင်က ဟွမ်ရှောင်ကျွမ်းကို အသုံးချပြီးတော့ သူ့နာမည်ကို ပြန်ဆယ်ချင်နေတာပဲ။

ဒါက စိတ်ကူးကောင်းတစ်ခုပဲ။

ရှမြန်ကတော့ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

သူမသည် အောက်ထပ်သို့ ဆင်းသွားပြီး နဉ်ရှောက်ပိုင်ကို သွားစောင့်နေလိုက်။ ကယ်တင်ရှင် တစ်ယောက်အနေဖြင့် သူမ၏အချက်အလက်သည် အသုံးဝင်လာလေသည်။

နဉ်ရှောက်ပိုင်က အလုပ်မဆင်းသေးချေ။ ထို့ကြောင့် ရှမြန်က တိုက်ခန်းတံခါးနားက ကျောက်တုံးစားပွဲဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ရှောင်ဖုန်းနှင့် ချန်းချန်း ကလေး၂ယောက် စစ်တုရင်ကစားနေသည်ကို ကြည့်နေလိုက်သည်။

ဖြူဖွေးနူးညံ့သည့် လက်သေးသေးလေး၂ခုသည် အသေးစား အဖြူနှင့် အနက်ရောင် စစ်တုရင်ရုပ်များကို ကိုင်ထားပြီး အပြန်အလှန် ကစားနေကြကာ ခဏလောက် စဉ်းစားရင်း မျက်မှောင်ကြုတ်ရင်းနှင့် အလွန်မှ ချစ်ဖို့ကောင်းလေသည်။

အဘွားလျိုက သက်ပြင်းချရင်း စောင့်ကြည့်နေလိုက်သည်။

“ဒီကလေးနှစ်ယောက်က စစ်တုရင်ကစားတာ တကယ် တော်ကြတာပဲ။ မနေ့တုန်းက ချန်းချန်းက ငါတို့ကျွမ်းကျွမ်းနဲ့ စစ်တုရင် ကစားခဲ့သေးတယ်။ ကျွမ်းကျွမ်းက မြင်းရုပ်တွေကို စစ်သူကြီးလို ဆက်တိုက်သုံးနေတာပေါ့။ စစ်တုရင်ခုံပေါ်မှာ တစ်ချိန်လုံး ဟိုပြေးဒီပြေးနဲ့ ချန်းချန်းက အရမ်းကို စိုးရိမ်နေတာပေါ့”

အားလုံးသည် မနေ့က ချန်းချန်းနှင့် ကျွမ်းကျွမ်းတို့ကြားက အငြင်းအခုံအကြောင်းကို စဉ်းစားကြရင်း အသံထွက် အော်ရယ်ကြလေသည်။

ရှမြန်သည် သူမ၏တူလေးရှောင်ဖုန်းက ပါရမီရှင်တယောက် ဖြစ်သည့်အတွက် အလွန်မှပင် ဂုဏ်ယူနေသည်။

သူမသည် ရယ်မောနေရင်းက ရုတ်တရက်ဆိုသလို သူမ၏ခေါင်းပေါ်တွင် လှုပ်ရှားမှုတချို့ကို ခံစားလိုက်ရ၏။ သူမက မော့အကြည့်တွင် အဖြူတစ်ခု၊ အညိုတစ်ခု ယောင်္ကျား(၂)ယောက်၏ လက်သည် အချင်းချင်း ထပ်ထားလေသည်။

...

ဘာဖြစ်နေတာလဲ။

ရှမြန်၏ဆံပင်များသည် ထောင်တက်သွားတော့သည်။ သူမက ဘာမှမဖြစ်သလို အမူအရာမျိုးဖြင့် လက်မောင်းတစ်လျှောက်ကို မော့ကြည့်လိုက်သည်တွင် သူမ၏သူငယ်အိမ်များမှာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။

အမလေး။

နဉ်ရှောက်ပိုင်နဲ့ ကျန်းချီမင်တဲ့လား။

ဒါက ဘာတွေ ဖြစ်နေတာလဲ။

ရှမြန်သည် ရုတ်တရက် ထရပ်လိုက်ပြီး အလန့်တကြား နဥ်ရှောက်ပိုင်ကို ကြည့်လိုက်၏။ ဧကန္တ သူ မမြင်မကန်းနဲ့ ကျန်းချီမင်ကို ကြွေသွားတာလား။ ဘယ်တုန်းက ဖြစ်သွားတာလဲ။ သူတို့တွေ ဘယ်တုန်းက တွဲလိုက်ကြတာလဲ။

ရှမြန်သည် သူမ၏စိတ်ထဲတွင် သူတို့၏ဇာတ်ကြောင်းကို မြန်မြန်ဆန်ဆန် စဉ်းစားနေမိကာ ကျန်းချီမင်ကို ကိုင်တွယ်ဖို့ရန်အတွက် နဉ်ရှောက်ပိုင်ကို မေးမြန်းသင့်လေသလားဟု သေချာ စဉ်းစားနေရလေသည်။

နဥ်ရှောက်ပိုင်က သူမ၏အကြည့်ကို သတိမထားမိချေ။ ကျန်းချီမင်၏ လက်ကောက်ဝတ်ကို ပုတ်ထုတ်လိုက်ကာ အေးစက်စက် ပြောလိုက်သည်။

“ခင်ဗျား ဘာလုပ်မလို့လဲ”

ကျန်းချီမင်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့် ပြုံးကာပြောလိုက်၏။

“မြန်မြန်ရဲ့ဆံပင်က အမြဲတမ်းကပ်နေတာလေ။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဒေါက်တာနဥ်က အဲဒီဆံပင်လေးကို ထိချင်နေတာလည်း မဆန်းတော့ဘူး”

နဉ်ရှောက်ပိုင်သည် အမှိုက်တစ်စကို ကြည့်နေသည့် အကြည့်တစ်ခုဖြင့် သူ့ကို စိန်းစိန်းဝါး၀ါး ကြည့်လိုက်ကာ တုံးတိပြန်ပြောလိုက်၏။

“ခင်ဗျားရဲ့ညစ်ပတ်တဲ့ အတွေးတွေအတွက် ကျုပ်ကို ဆင်ခြေလို အသုံးမချနဲ့။ ခင်ဗျား ကျုပ်ကို တွေ့တဲ့အချိန်မှာ ခင်ဗျားရဲ့ဘယ်မျက်လုံးတွေက သူ့ကို ကျုပ် ထိချင်နေတာလို့ ပြောနေလို့လဲ”

ရှမြန်သည် မျက်တောင်လေးခတ်လိုက်ပြီးမှ ကျန်းချီမင်သည် သူမ၏ ခေါင်းကို အမှန်တကယ် ထိကိုင်ချင်နေသည်ကို သဘောပေါက်သွားတော့သည်။

သေလိုက်ပါလား။

ရှမြန်သည် အလွန်မှ ဒေါသထွက်သွား၏။ ဘယ်သူက သူ့ကို အဲဒီသတ္တိတွေ ပေးထားတာလဲ။

ခုနတုန်းက သူမ၏ခေါင်းသည် ထိုလူ၏ ထိကိုင်လုနီးပါး ဖြစ်သွားသည့် အကြောင်းကို စဉ်းစားလိုက်သည်တွင် ရှမြန်သည် သူမ၏တစ်ကိုယ်လုံးတွင် ပိုးကောင်များ တွားသွားနေသလို ခံစားလိုက်ရတော့သည်။ သူမသည် အမှတ်တမဲ့ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး မာမာထန်ထန်ဖြင့် ပြောလိုက်၏။

“ယောင်္ကျားနဲ့ မိန်းမနဲ့က အချင်းချင်း ထိတွေ့လို့မရဘူးလေ။ ဒီတော့ ကိုယ့်ဟာကိုယ်လေးစားပါ”

ဒါသည် ယောင်္ကျားနှင့် မိန်းမကြားက ဆက်ဆံရေးအကြောင်း ပြောရန် ရှက်ရွံ့ကြသည့် ခေတ်တစ်ခု ဖြစ်လေသည်။ ရှမြန်လို အသက်အရွယ် မိန်းကလေးများသည် ဒီလိုကိစ္စမျိုးကို ကပ်ဆိုးတစ်ခုကဲ့သို့ သဘောထားကြပြီး တတ်နိုင်သမျှ ကြိုးစားရှောင်ကြလေသည်။

ထို့အပြင် ရှမြန်၏တုံ့ပြန်မှုက အလွန်မှ ကြီးမားနေသည်...

အားလုံးက ကျန်းချီမင်ကို စူးစမ်းသလိုကြည့်လိုက်ကြ၏။

ကျန်းချီမင်၏ ညစ်ပတ်သည့်အတွေးများက အားလုံး၏ မျက်လုံးထဲတွင် မမျှော်လင့်ဘဲ ပေါ်ပေါက်သွားလေသည်။

ဟုတ်ပါသည်။ သူကတော့ ဒါကို ဝန်ခံလိမ့်မည် မဟုတ်ချေ။ သူက အံ့ဩပြီး ရှက်ရွံ့သွားသည့် အမူအရာတစ်ခု လုပ်လိုက်ကာ ဘာမှမတတ်နိုင်သလို ပြောလိုက်၏။

“မြန့်မြန်ရယ် နင် ဘာတွေစဉ်းစားနေတာလဲ။ ငါက နင့်ရဲ့ခဲအိုလေ”

သို့သော်ငြားလည်း ဒါက အလွန်မှကောင်းမွန်သည့် ဆင်ခြေတစ်ခု မဟုတ်ပေ။

ရှေးခေတ်အခါကတည်းက ခဲအိုနှင့် ခယ်မကြားက ပတ်သက်သည့် အရှုပ်အထွေးများစွာ ရှိလေသည်။ ဒီအခိုက်တွင် သည်းမခံနိုင်သည့် ယောင်္ကျားလေးများက မကြားဝံ့မနာသာ ပြောလိုက်၏။

“ကျန်းချီမင်က ရှောင်ကျွမ်းကို ပြန်မခေါ်လာချင်တော့တာလည်း မဆန်းတော့ပါဘူး။ ရွှမ်းရွှမ်းကိုတောင် အဝေးကို ပို့ထားသေးတာပဲ...“

“သာ့ကျီ” တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။ “နင် ဘာတွေ ပြောနေတာလဲ။ ဒီမှာကလေးတွေ အများကြီး ရှိတဲ့ဟာကို”

သို့သော်ငြားလည်း ကလေးများက နားမလည်ကြချေ။ သို့တိုင် လူကြီးများကတော့ ဆက်စပ်သည့် အကြောင်းအရာအမျိုးမျိုးကို မနေနိုင်ဘဲ စဉ်းစားမိကြလေသည်။ လူအုပ်ကြီး၏ ပြောင်းလဲသွားသည့် အကြည့်နှင့် အမူအရာများမှာ ကျန်းချီမင်သည် ဟွမ်ရှောင်ကျွမ်းအပေါ် သူ၏ဂရုမထားသည့် အပြုအမူနှင့် ရှမြန်နှင့် ရှောင်ဖုန်းတို့အပေါ် ဂရုစိုက်နေသည့် အပြုအမူတို့အတွက် ဖြေရှင်းချက်တစ်ခု ပေးရမည်မှာ သိသာလေသည်။

ရှမြန်သည် ဒီမရည်ရွယ်ဘဲ တုံ့ပြန်မှုက ဒီလို အကျိုးသက်ရောက်မှုမျိုး ရှိလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမကလည်း သံပူတုန်း ဝင်ရိုက်တော့သည်။ သူမက တစ်ခုခု သတိရသွားသည့်ဟန်ဖြင့် “ရှင်မနေ့က အဲ့လောက်အထိ တုံးအပြနေတာလည်း မဆန်းတော့ပါဘူး”

လူအများအပြားသည် ဒါကို မြင်လိုက်ရချိန်တွင် သူတို့၏အမူအရာက ပြောင်းလဲသွားတော့သည်။

ဆရာမမီက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်၏။

“ဒီနေ့ည ငါတို့အိမ်မှာ လာအိပ်လှည့်၊ ချန်းချန်းကလည်း ရှောင်ဖုန်းနဲ့ အမြဲတမ်းရှိချင်နေတာလေ”

“ဟုတ်ကဲ့”

ရှမြန်သည် ကျန်းချီမင်ကို ရွံရှာသလို ကြည့်လိုက်ပြီးနောက် ဒေါသတကြီး ပြောလိုက်၏။

“ကျွန်မ မနက်ဖြန် စောစောကျရင် စီရင်စုကိုပြန်ရလိမ့်မယ်”

ကျန်းချီမင်၏မျက်နှာကလည်း အလွန်မှ အကျည်းတန် သွားတော့သည်။

“မြန့်မြန် မနေ့က ငါ ဘာဖြစ်လို့လဲ။ ငါ့ကို ပြောစမ်းပါ။ ဒီနေရာမှာ ငါ့ကို ချောက်မချနဲ့”

“ကျွန်မက ဘာဖြစ်လို့ ရှင့်ကို ချောက်ချရမှာလဲ” ရှမြန်က ဒေါသထွက်ထွက်ဖြင့် ပြောလေသည်။ “အစကတည်းက အခုအချိန်အထိ ရှင်ကသာ ကျွန်မကို ချောက်ချနေတဲ့သူပါ။ အဲဒီ သူခိုးဂျပိုးတွေကို မငှားခဲ့ဘူးလို့ ပြောရဲ့လား”

ဟုတ်ပါသည်။ အားလုံးက ဒီအကြောင်းကို သိကြသည်။ အားလုံးက ခေါင်းညိတ်ပြလိုက်၏။

“ဘယ်ကလူမိုက်တွေလဲ”

ကျန်းချီမင်က သဘာဝကျကျ ငြင်းဆန်လေသည်။ သို့သော်ငြားလည်း အိမ်နီးချင်းများ၏ အပြုအမူက သူ့ကို အနေရခက်လာစေ၏။ ထို့ကြောင့် သူက စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်၏။

“ငါက နင့်ကို ကလေးတစ်ယောက်လို အမြဲတမ်း သဘောထားခဲ့တာ။ အဲဒီနေ့က ဒေါက်တာနဥ်ကရော နင့်ခေါင်းကို မကိုင်လို့လား”

ရှမြန်က လွှတ်ခနဲ ထွက်သွားတော့သည်။

“ဒေါက်တာနဥ်က တူပါ့မလား”

နဉ်ရှောက်ပိုင်က ယောင်္ကျားတွေကို ကြိုက်နေတာလေ။

သူမသည် ထိုစကားကို ပြောလိုက်ပြီးမှ အားလုံး၏ နားမလည်နိုင်သည့်အကြည့်နှင့် တွေ့ဆုံလိုက်ရသည်တွင် အနည်းငယ် ရှက်ရွံ့သလို ခံစားမိသွားတော့သည်။ နောက်ဆုံး ဒီနေရာသည် အနာဂတ် မဟုတ်သေးချေ။ ယောင်္ကျားများကို ကြိုက်နှစ်သက်ခြင်းက လုံးဝသာမန်ကိစ္စ မဟုတ်ချေ။ အနာဂတ်မှာဆိုလျှင်တော့ ဒါကို ရယ်စရာတစ်ခုလိုပြောလျှင် ပင်ကြီးကြီးမားမားကိစ္စ ဖြစ်လာမည် မဟုတ်ပေ။

အကယ်၍များ သူမသည် ဒီခေတ်တွင် ဒေါက်တာနဥ်၏ လိင်စိတ်တိမ်းညွတ်မှုကို ဖော်ပြရဲခဲ့လျှင် သူတို့၂ယောက်စလုံးသည် ဇာတ်သိမ်းသွားပေလိမ့်မည်။

ဟုတ်ပါသည်။ သူမကို ဒေါက်တာနဥ်က ဝင်ပိတ်လိုက်၏။

နဥ်ရှောက်ပိုင်သည် ရှမြန် ပြောတော့မည်အကြောင်းကို သိချင်သော်ငြားလည်း ရှမြန်၏ ‘သွားပြီ၊ ပြောမိတော့မလို့’ ဟူသောအမူအရာကြောင့် သူမ ပြောချင်သည့်အဓိပ္ပာယ်ကို သူသည် ရုတ်တရက် သဘောပေါက်သွားတော့သည်...

နဥ်ရှောက်ပိုင်သည် မနေနိုင်တော့ဘဲ လက်သီးများကို တင်းနေအောင်ဆုပ်ထားကာ သူမကို ကြောက်မက်ဖွယ်ရာ ဒေါသဖြင့် စိုက်ကြည့်လိုက်၏။

နဥ်ရှောက်ပိုင်က သူမကို စိုက်ကြည့်နေသည့်အချိန်တွင် ရှမြန်သည် မလုံမလဲ ခံစားလိုက်ရပြီး ချော့မော့သည့် အမူအရာတစ်ခုဖြင့် သူ့ကို ချက်ချင်း ကြည့်လိုက်ရတော့သည်။ ကျွန်မ ကတိပေးပါတယ်။ ကျွန်မ ရှင့်ကို ဖော်ထုတ်မှာ မဟုတ်ပါဘူး။

တစ်ချိန်တည်းတွင် သူမ၏စိတ်တို့သည် လှုပ်ရှားသွားပြီး လက်ခုပ်တီးကာပြောလိုက်၏။

“ဒီလိုလေ ဒီလိုပေါ့။ ဒေါက်တာနဥ်က သေချာပေါက် ကွာခြားရမှာပေါ့”

“ပထမဦးဆုံးအနေနဲ့ ဒေါက်တာနဥ်က ကျင့်ဝတ်သိက္ခာရှိတဲ့ လူတစ်ယောက်။ သူက အသက်မပြည့်သေးတဲ့ သူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်မှာလဲ။

ကျန်းချီမင်ကတော့ မတူဘူးလေ။ သူက ကလေးကိုတောင်မှ နှိပ်စက်နိုင်တာပဲ။ အသက်မပြည့်သေးတဲ့မိန်းကလေးကို ကိုယ်ထိလက်ရောက် စော်ကားမဲ့ ဖြစ်နိုင်ခြေက အရမ်းများတယ်လေ”

“ဒုတိယတစ်ချက်အနေနဲ့ ဒေါက်တာနဥ်က အရမ်းကောင်းတယ်။ သူက ဘယ်လိုလုပ်ပြီး ကျွန်မကို စိတ်ဝင်စားတာ ဖြစ်နိုင်မှာလဲ။ သူက အနည်းဆုံးတော့ အစ်မနဥ်ရဲ့ အဆင့်လောက်ဖြစ်ရမှာပေါ့။

ဒါပေမဲ့ ကျန်းချီမင်ကတော့ မတူဘူးလေ။ သူက အလုပ်သမားတစ်ယောက်ပဲ။ သူက ရှချွန်းနဲ့ ဟွမ်ရှောင်ကျွမ်းတို့ကို ဒီကိုလာအောင်တောင် ချော့မော့နိုင်တာပဲ။ အခုဆိုရင် မိန်းမငယ်လေးတွေကို မြူဆွယ်ဖို့ ကျွန်မလို အသက်အရွယ် ငယ်ငယ်လေးကို အသားယူချင်နေပြီလေ။ သူ့အတွက် ဒီလိုလုပ်ဖို့ လွယ်ကူတာတော့ မဟုတ်ဘူးမလား”

“နောက်ဆုံးတစ်ချက်က ဒေါက်တာနဥ်က ကျွန်မအပေါ် ကောင်းတယ်ဆိုတာက ကျွန်မက ချန်းချန်းကို ကယ်ပေးခဲ့လို့လေ”

ရှမြန်က ကျန်းချီမင်ကို ကြည့်လိုက်သည်။ “ရှင်ကရော၊ ကျွန်မက ရှင့်အပေါ် ဘာလို့ကောင်းတာလဲ။ ကျွန်မ ရွှမ်းရွှမ်းကို အနိုင်ကျင့်တာကြောင့်လား။ ကျွန်မက ဟွမ်ရှောင်ကျွမ်းကို အချုပ်ထဲ ထည့်လိုက်တာကြောင့်လား။ ဒါမှမဟုတ် ကျွန်မက ရှင့်ကို မျက်နှာပျက်အောင်လုပ်ပြီး ရာထူးမတိုးအောင် လုပ်ခဲ့တဲ့အတွက်ကြောင့်လား”

ကျန်းချီမင်...

အကြောင်းအရင်းသာပြောစမ်းပါ။ ရှင်ကလူတွေကို ဘာဖြစ်လို့ ဆွဲဆောင်ဖို့ ကြိုးစားနေတာလဲ။

သို့သော်ငြားလည်း တစ်စုံတစ်ယောက်ကို ဆွဲချဖို့အတွက် အကြောင်းအရင်း တစ်ခုတော့ ရှိလေသည်။ ရှမြန်၏သွယ်ဝိုက်သည့် စကားလုံးက အားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားစေသည်။

အိမ်နီးချင်းများ၏မျက်လုံးများက အတွေးအပြည့် ဖြစ်သွားတော့သည်။ ဟုတ်သားပဲ။ ကျန်းချီမင်ဘက်က နေကြည့်မယ်ဆိုရင် ရှမြန်က ကျန်းမိသားစုကို မသက်မသာ ဖြစ်အောင်လုပ်ခဲ့တာပဲ။ သူက ရှမြန်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့အပြင် သူက ရှမြန်ကို နည်းလမ်းအမျိုးမျိုးနဲ့ သည်းခံပြီးတော့ စဉ်းစားပေးနေရသေးတယ်။

ကျန်းချီမင်က သူတော်စင်တစ်ယောက်မှ မဟုတ်ဘဲ။ ဒီတော့ အကြောင်းအရင်းက တစ်ခုတည်းရှိတယ်။ ကျန်းချီမင်က နောက်ကွယ်မှာ ရည်ရွယ်ချက်တွေရှိတယ်။ သူတို့ နောက်ထပ် စဉ်းစားလိုက်သည့်အရာကတော့ အားလုံး၏မျက်လုံးများသည် နူးညံ့သိမ်မွေ့ပြီး ကြော့ရှင်းသည့်ရုပ်အသွင် ရှိသည့် ၁၆နှစ်အရွယ်မိန်းကလေး ရှမြန်ဆီသို့ ရောက်သွားတော့သည်...

ရှမြန်ကလည်း ရုတ်တရက် သဘောပေါက်သွား၏။

“ဟွမ်ရှောင်ကျွမ်းက ရက်စက်ပြီး လောဘကြီးတယ်လို့ ရှင် ပြောခဲ့တာလည်း မဆန်းတော့ပါဘူး။ ရှင်က သူ့ကိုတောင် ထောင်ချစေချင်ပြီးတော့ သင်ခန်းစာယူစေချင်သတဲ့လေ”

“ရှင် သူ့ကို ကွာရှင်းဖို့ စဉ်းစားနေတာလား”

အားလုံးက အချင်းချင်း ကြည့်လိုက်ကြပြီး အားလုံး၏မျက်လုံးထဲတွင် ထိတ်လန့်မှုကို မြင်လိုက်ရလေသည်။ ဟွမ်ရှောင်ကျွမ်းသည် ဒီကိစ္စကို သူမကိုယ်တိုင် လုပ်ခဲ့သည်ဆိုသော်ငြားလည်း ကျန်းချီမင်က သူမကို ကယ်တင်ရန် ရည်ရွယ်ချက် မရှိသည်ကတော့ လုံးဝ ပုံမှန်မဟုတ်ပေ။

ကျန်းချီမင်သည် ထိုနေ့က ဟွမ်ရှောင်ကျွမ်း သူ့ကိုပြောခဲ့သည့်စကားကို နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ ရှမြန်၏ အမှန်နှင့် အမှား ရောထွေးအောင်လုပ်နိုင်သည့် အရည်အချင်းကိုပင်။

သူက အလိုက်သိပြီး ရှမြန်နှင့် ရှောင်ဖုန်းတို့ဘက်ပါကြောင်း ပြသချင်ခဲ့၏။ သို့သော်ငြားလည်း ရှမြန်က အကြောင်းအရာကို ဒီလိုအခြေအနေမျိုးဖြစ်အောင် ပြောလိုက်သည်တွင် ဒါသည် သူက သူ့မိန်းမကို စွန့်ပစ်မည့် ဆင်ခြေတစ်ခု ချက်ချင်း ဖြစ်လာတော့သည်။

“ရှောင်ကျန်းက စဉ်းစားဉာဏ်ရှိတယ်လို့ ငါက အမြဲတမ်း ပြောနေမိခဲ့တာ”

“ဟုတ်တယ်...“

“ဒါကလည်း...“

ကျန်းချီမင်သည် အလွန်မှ ဒေါသထွက်သွားသဖြင့် သူ့မျက်နှာပေါ်တွင် သွေးကြောများ ထောင်တက်လာတော့သည်။

“တကတည်း မင်း ဘာတွေလျှောက်ပြောနေတာလဲ”

...

All Chapters