အပိုင်း(၃၈)
Vol. 3 Ch. 38
ကျန်းချီမင်သည် ထိုနေ့က ဟွမ်ရှောင်ကျွမ်း ပြောခဲ့သည့် ခုခံရန်ခက်ခဲသည်ဟူသော စကားကို သဘောပေါက်သွားတော့သည်။ သို့သော်ငြားလည်း သူသည် နောက်ဆုံးတွင် ဟွမ်ရှောင်ကျွမ်းထက် အများကြီး ကျွမ်းကျင်လိမ္မာသူဖြစ်လေသည်။
သူက အော်ဟစ်လိုက်ပြီး သူ့မျက်နှာကလည်း ဒေါသများဖြင့် နီမြန်းသွားကာ ရှမြန်ကို ဝါးစားမတတ်ကြည့်လိုက်၏။
“ဟုတ်တယ် ငါ နင့်ကြောင့် တော်တော်စိတ်ပျက်ခဲ့ရတယ်။ ဒါပေမဲ့ ငါ ဘာတတ်နိုင်မှာလဲ။ နင်က ဟွမ်ရှောင်ကျွမ်းကို အဲဒီလောက်အထိ မုန်းနေတာလေ။ တကယ်လို့ ငါက နင့်ဘက်မှာ အကောင်းဆုံး မရပ်တည်ဘဲ နင့်စိတ်ကို ပျော့သွားအောင် လုပ်ဖို့ မကြိုးစားခဲ့ဘူးဆိုရင် နင်က သူ့ကို ကယ်တင်ပေးချင်မှာလား”
“ဒါဆိုရင် အခု ငါ နင့်ကို မေးပါဦးမယ်။ နင် သူ့ကို ကယ်ချင်သေးလား။ ငါ နင့်ကို ပိုက်ဆံပြန်ပေးပြီးပြီလေ။ နင်က သူ့ကို ဘဏ်စာအုပ်ပေးလိုက်တာပါ။ သူ ခိုးတာ မဟုတ်ပါဘူးလို့ နင် ပြောချင်ပြီလား။ သူ့ကို အလွတ်ပေးချင်ပြီလား”
တုံ့ပြန်မှုက တော်တော်လေး မြန်ဆန်ပေသည်။ ရှမြန်က မျက်နှာကိုမဲ့ထားလိုက်ပြီး
“ဒီနေရာမှာ စကားလမ်းကြောင်း လာလွှဲမနေနဲ့။ ပြီးခဲ့တဲ့ရက်တွေတုန်းက ရှင် ကျွန်မကို မြို့ခေါ်လာတုန်းက ရှင် ကျွန်မကို ရှောင်ဖုန်းနဲ့ ခြိမ်းခြောက်ခဲ့တာ သိသာနေတာပဲလေ။ ရှင်ပဲ ပြောခဲ့တယ်လေ၊ သူက ရှင်သားတဲ့။ သူ့ကို ကြိုက်တာလုပ်လို့ရတယ်ဆို”
“ကျွန်မက ဒီကိစ္စကြောင့်ပဲ၊ ရှင့်နောက်ကို လိမ်လိမ်မာနဲ့ လိုက်လာခဲ့ရတာ။ အခု ရှင်က ရှင့်ရဲ့သိမ်မွေ့မှုတွေနဲ့ ရှင့်ရဲ့ ထည့်သွင်းစဉ်းစားပေးတတ်မှုတွေနဲ့ ကျွန်မရဲ့စိတ်ကို ပျော့ပျောင်းအောင် လုပ်ချင်တယ်လို့ ပြောနေတယ်။ ကျွန်မကို အရူးလို့ ရှင်က ထင်နေတာလား။ ကျွန်မ စဉ်းစားလိုက်ပါဦးမယ်”
ရှမြန်သည် ခဏလောက်စဉ်းစားပြလိုက်ပြီး
“ရှင် အပြောင်းအလဲတွေက ဟွမ်ရှောင်ရှာ ဒီကို ရောက်လာပြီးမှ ဖြစ်သွားတာ။ အဲဒီနေ့က သူ ရှင့်ကို ဘာတွေပြောခဲ့လို့လဲ”
နဉ်ရှောက်ပိုင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဟွမ်ရှောင်ရှာ ဒီကိုရောက်လာပြီးမှ မဟုတ်ပါဘူး။ သူ ငါနဲ့ ငါ့အစ်မကို တွေ့ခဲ့ပြီးကတည်းကပါ။ သူက ဟွမ်ရှောင်ရှာဆီကနေ မင်းက ချန်းချန်းရဲ့ ကျေးဇူးရှင်ဆိုတာကို မတော်တဆ သိသွားရုံပဲရှိတာ”
ကျန်းချီမင်သည် ပြန်လာကတည်းက အလွန်မှအလုပ်များနေခဲ့ပြီး သူသည် ရှမြန်က ချန်းချန်းကို ကယ်တင်ပေးခဲ့သည့် အကြောင်းမသိသလို ယခုအချိန်အတွင်း ရှမြန်သည် နဥ်မိသားစုနှင့် ထူးခြားသည့် ဆက်ဆံရေး ရှိခဲ့သည်ကိုမသိခဲ့ကြောင်း အားလုံးက ရုတ်တရက် သဘောပေါက်သွားလေသည်။ ဒီတော့ သူက ရှမြန်ကို အစကတည်းက ခြိမ်းခြောက်ထားခဲ့တာပေါ့။ ဟွမ်ရှောင်ကျွမ်းကို ကယ်တင်နိုင်သရွေ့ အားလုံး အဆင်ပြေတယ်လို့ ထင်ထားတာပေါ့လေ။
ဒါပေမဲ့ ရှမြန်က နဉ်မောင်နှမနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတာကို သိသွားပြီးတော့ သူက သူ့စိတ်ကို ပြောင်းလိုက်တယ်ပေါ့။ ရှမြန်ရဲ့တန်ဖိုးက ဟွမ်ရှောင်ကျွမ်းထက် အများကြီး ပိုသာသွားပြီလေ။
မကောင်းတဲ့မှတ်တမ်းတစ်ခု ပိုင်ဆိုင်ထားတဲ့ဇနီးတစ်ယောက်နဲ့ နောက်ခံအင်အားတောင့်တဲ့ ငယ်ရွယ်ပြီးလှပတဲ့ မိန်းကလေးတစ်ယောက်။
ယောင်္ကျားအများစုကတော့ ရွေးချယ်မှုတစ်ခု လုပ်ကြမှာပဲ။ ဒါပေမဲ့ ကျန်းချီမင်က ရာဇဝတ်မှု မှတ်တမ်းတစ်ခု ရှိနေတယ်။ ဟွမ်ရှောင်ကျွမ်းက မြို့သူတစ်ယောက်။ အလုပ်လုပ်နေတဲ့ မိဘတွေရဲ့ တစ်ဦးတည်းသော ကလေးဆိုတာက ရှချွန်းလို ကောလိပ်ကျောင်းသူတစ်ယောက်ကို လက်လွှတ်ဖို့ လုံလောက်တာပေါ့။
ဒီတစ်ကြိမ်ကျတော့ ရွေးချယ်မှုက အရင်တုန်းကထက် ပိုရိုးရှင်းပြီး ပိုရှင်းလင်းတယ်လေ။
သိပ်မကြာခင်က နဥ်ရှောက်ပိုင်ကို ကျန်းမိသားစု ကျောထောက်နောက်ခံ လုပ်ခိုင်းဖို့ စီစဉ်ထားသည့် ကျန်းချီမင်သည် နဉ်ရှောက်ပိုင်၏စကားကို မကြာခင်မှာပင် ကြားလိုက်ရပြီး သူတို့သည် သူ့ကို ဖိနှိပ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။
ကျန်းချီမင်သည် ရန်သူ၏အရှိန်အဝါကို ကောင်းကောင်း သတိထားမိပြီး သူသည် ဒီနေ့အတွက် အနိုင်ရဖို့ အခွင့်အရေး မရှိတော့မှန်း သိလိုက်လေသည်။
ကျန်းချီမင်သည် ရွေးချယ်စရာမရှိတော့ဘဲ နည်းဗျူဟာကျကျ ပြန်ဆုတ်သည့်လမ်းကို ရွေးလိုက်ရတော့သည်။ သူသည် ရှမြန်ကို ကြည့်နေရင်းက သူ၏မျက်လုံးများမှ မျက်ရည်များအပြည့် ဖြစ်သွားပြီး သူသည် ကြီးမားသည့် မတရားမှုတစ်ခုကို ရင်ဆိုင်ခဲ့ရသလိုပင်။
“ဟုတ်ပါပြီ၊ နင်က အမှန်နဲ့အမှားကို ရောထွေးသွားအောင် လုပ်တဲ့နေရာမှာ အတော်ဆုံးလို့ ရှောင်ကျွမ်း ပြောတုန်းက ငါ သူ့ကို မယုံဘဲနဲ့တောင်မှ ဆဲဆိုခဲ့တာ။ အခုတော့ ဒါကို ငါကိုယ်တိုင် တွေ့ကြုံလိုက်ရပါပြီ”
“ငါက မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင် ငါ့ကိုယ်ငါ သန့်စင်အောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ ငါရက်ပိုင်းလောက် စက်ရုံကအဆောင်မှာ သွားနေလိုက်ပါမယ်”
“ဒီနေ့ရှောင်ကျွမ်းရဲ့ကိစ္စက ပေါ်ပေါက်သွားပြီဆိုတော့ ငါလည်း မနက်ဖြန်မှ နင့်ဆီကို လာခဲ့မယ်။ နင် ငွေလိုချင်လား ဒါမှမဟုတ် ကျောင်းကောင်းတစ်ခုကို သွားချင်လား။ နင်ကြိုက်တဲ့ အခြေအနေကို သာပြောလိုက်။ ငါတတ်နိုင်တာ ဘာမဆို လက်ခံပေးမယ်”
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူသည် ဒေါသထွက်ထွက်ဖြင့် လှည့်ထွက်သွားတော့သည်။
ရှမြန်ကတော့ သူ့မျက်လုံးထဲက ကောက်ကျစ်ယုတ်မာသည့် အရိပ်အယောင်ကိုပင် လွတ်မသွားချေ။
ကျန်းချီမင် ထွက်သွားပြီးနောက်တွင် ရှမြန်က နဥ်ရှောက်ပိုင်ကို တစ်ယောက်တည်း သွားတွေ့ပြီး ပြောလိုက်၏။
“ဒီနေ့ကိစ္စအတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာ မဟုတ်ရင် ပြဿနာကို ဖြေရှင်းနိုင်သေးမှာ မဟုတ်ဘူး”
နဥ်ရှောက်ပိုင်က စူပုတ်နေသည့် မျက်နှာထားတစ်ခုဖြစ်နေပြီး ထိုစကားကို ကြားလိုက်ရသည်တွင် တအံ့တဩဖြစ်သွားလေသည်။
“ငါက ပေါက်ကရပြောနေတာလို့ မင်းက မထင်ဘူးပေါ့လေ ဟုတ်လား”
ရှမြန်ကလည်း တအံ့တသြဖြစ်သွားသည်။ “မဟုတ်လို့လား”
နဥ်ရှောက်ပိုင်သည် သူမ၏ကြည်လင်နေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး သူမ၏ခေါင်းပေါ်က ဆံပင်အစုလေးကပင် သံသယရှိကြောင်း ထုတ်ဖော်နေလေသည်။ သူသည် အနည်းငယ် ဆွံ့အသွားတော့သည်။ ဒီကလေးမက လုံးဝကို နားမလည်ခဲ့တာပဲ။
“သူ အိမ်မှာရှိနေတုန်းက မင်းနဲ့ တမင်သက်သက် ရင်းနှီးအောင် လုပ်ခဲ့တာလား”
“သူကလည်း ရင်းနှီးအောင်လို့ လုပ်နေတာပါပဲ” ရှမြန်က သူမ၏မေးကို ချီထားလိုက်ပြီး “ကျွန်မကလည်း သူ ရှောင်ဖုန်းကို အန္တရာယ်ပြုမှာစိုးလို့ အမြဲတမ်း သတိရှိနေတာလေ။ သူ့ကို ကျွန်မတို့နဲ့ ခြေလှမ်း(၃)လှမ်းအကွာအတွင်း လုံးဝပေးမလာဘူး”
နဥ်ရှောက်ပိုင်က အော်ရယ်ကာ မေးလိုက်လေသည်။
“ဒါဆိုရင် ပြောနေတာတွေနဲ့ လုပ်နေတာတွေကရော။ မင်း ဒါကို ထူးဆန်းတယ်လို့ မထင်ဘူးလား”
ရှမြန်က အမှတ်တမဲ့ ပခုံးတွန့်ပြလိုက်ပြီး “ပြီးခဲ့တဲ့(၂)ရက်အတွင်းမှာ စကားပြောနေတာကပဲ ကျွန်မကို ကြက်သီးထအောင်လုပ်နေတာပဲ”
နောက်ဆုံးတွင် သူမသည် အသက်(၁၆)နှစ်အရွယ် ကလေးမတစ်ယောက် အမှန်တကယ် မဟုတ်ချေ။ နဉ်ရှောက်ပိုင်၏ သတိပေးချက်ကို ကြားပြီးသည့်နောက်တွင် သူမလည်း သဲလွန်စတချို့ကို တွေ့ရှိခဲ့လေသည်။
သူတို့ ပြန်ရောက်လာပြီးကတည်းက ကျန်းချီမင်က ဟွမ်ရှောင်ကျွမ်း ရှိနေတာအပေါ် စိတ်၀င်စားမှု နည်းသွားသလိုပဲ။
ဆန့်ကျင်ဘက်အနေနဲ့ သူက ငါ့အပေါ်ကို ပိုပြီးသိမ်မွေ့ပြီး စဉ်းစားပေးတတ်လာတယ်။ ငါ့ကို ငွေနဲ့ လက်ဆောင်တွေတောင် ပေးလိုက်သေးတယ်။ အိမ်မှာလည်း ငါ့ကို ဆုံးဖြတ်ချက်တွေ ချခွင့်ပေးထားလို့ တစ်ခါတစ်လေ ငါကပဲ ဒီအိမ်ရဲ့အိမ်ရှင်မလို့တောင် ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်နေတယ်။
အကယ်၍များ ရှမြန်သည် သူ၏စရိုက်သဘာ၀ အစစ်အမှန်ကို မသိထားခဲ့ဘဲ သူ့ကို ယုံကြည်နေခဲ့မိလျှင် သူမသည် သာမာန်မိန်းကလေးတစ်ယောက်သာ ဖြစ်ခဲ့လျှင် သူမသည် အမှန်တကယ်ပင်...
တကယ်ပါပဲ...
ရှမြန်သည် ရုတ်တရက်ဆိုသလို အန်ချင်စိတ် ဖြစ်သွားတော့သည်။ ခုနက သူသည် သူမ၏ခေါင်းကို ထိချင်နေသည့်အကြောင်း စဉ်းစားမိလိုက်သည်တွင် သူမသည် နဉ်ရှောက်ပိုင်၏လက်ကို မြန်မြန် လှမ်းဆွဲလိုက်ပြီး သူမ၏ခေါင်းပေါ်သို့ တင်လိုက်တော့သည်။
နဉ်ရှောက်ပိုင်က ဆွံ့အသွား၏။
“မင်း ဘာလုပ်နေတာလဲ”
“ ကျွန်မကို ကူညီပြီးတော့ ပိုးသတ်ပေးပါ။ ဒါက တော်တော်ဆိုးဝါးတယ်” ရှမြန်သည် ပြောလိုက်ပြီး ပခုံးကို မတွန့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
နဉ်ရှောက်ပိုင်က မဲ့လိုက်၏။
“ငါကျတော့ ကြောက်စရာမကောင်းဘူးပေါ့”
သို့သော်ငြားလည်း သူသည် မေးလိုက်ပြီးမှချက်ချင်း နောင်တရသွားတော့သည်။ ဟုတ်ပါသည်။ သူသည် ရှမြန်ပြောလိုက်သည့်စကားကို ကြားလိုက်၏။
“ဘာကြောက်စရာရှိလို့လဲ ကျွန်မတို့တတွေ အားလုံးက ညီအစ်မပဲဟာကို”
ထို့နောက်တွင် သူမက ဂုဏ်ယူစွာဖြင့်ထပ်ပြောလိုက်သေး၏။
“ဒီနေ့ ကျွန်မ ဉာဏ်ကောင်းသွားတယ်နော်။ ကျွန်မချက်ချင်း ဆုံးဖြတ်ချက်ချပြီးတော့ ကျန်းချီမင်ကို တိုက်ခိုက်ခဲ့တယ်လေ”
နဉ်ရှောက်ပိုင်က အံကြိတ်ထားလိုက်ပြီး သူမ၏ထောင်တက်နေသည့် ဆံပင်အစုလေးကို ဖမ်းဆုပ်လိုက်ကာ နာနာလေး ဆွဲလိုက်တော့သည်။
“အား... နာတယ်” ရှမြန်သည် ဒေါသထွက်ထွက်ဖြင့် ကြည့်လိုက်ပြီး ညည်းညူလိုက်တော့သည်။
“ရှင်ဘာလုပ်တာလဲ”
နဉ်ရှောက်ပိုင်ကလည်း ရွဲ့ပြီးပြောလေသည်။ “ပိုးသတ်တယ်ဆိုတာ မနာဘူးဆိုတာ ဘယ်တော့မှ မရှိဘူး”
“အကျင့်ပုတ်လိုက်တဲ့ တစ္ဆေကြီး”
ရှမြန်သည် လာရင်းကိစ္စကို ပြောလိုက်သည်။
“ရှင့်ဖုန်းလေး ငှားပါလား၊ ကျွန်မ ကျန်းချီမင်နဲ့ တရား၀င်ကိစ္စ ဖြေရှင်းဖို့လိုတယ်”
...
ရှမြန်က အရင်ဆုံး ရှင်းပြလိုက်၏။
“ကျွန်မ ဟွမ်မိသားစုကို ဖုန်းခေါ်ချင်လို့။ ကျန်းချီမင်မှာ ဒီလောက်ဆိုးညစ်တဲ့ စိတ်ကူးတွေရှိနေတာ။ ဒီတော့ ဟွမ်မိသားစုက သေချာပေါက်လာမှဖြစ်မယ်။ အိမ်ဖုန်းကို သုံးမယ်ဆိုရင် ဟွမ်မိသားစုက သံသယဖြစ်ဖို့လွယ်တယ်”
နဥ်ရှောက်ပိုင်က ဖုန်းကို သူမဆီလှမ်းပေးလိုက်ပြီး
“မင်းက ဟွမ်ရှောင်ကျွမ်းကို လွှတ်ပေးချင်လို့လား”
“ကျွန်မက လွှတ်ပေးချင်တယ်လို့ ရှင်က ထင်လို့လား”
ရှမြန်က သက်ပြင်းချလိုက်ပြီး “ကျွန်မတို့တွေ အပေးအယူလုပ်ဖို့ လိုတယ်မဟုတ်လား။ အခုအချိန်မှာ အရေးကြီးဆုံးက ရှောင်ဖုန်းရဲ့အိမ်ထောင်စုဇယားကို ထုတ်လာနိုင်ဖို့ပဲလေ”
ဒီအချိန်တွင် သူမက ပညာသားပါပါဖြင့် ထပ်ပြောလိုက်သည်။
“သူက ခိုးမှုနဲ့အပြစ်မရှိဘူး။ ပြီးတော့ ကျွန်မကလည်း သူ့ကို ကလေးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားမစွဲရသေးဘူး။ ဘာပဲဖြစ်ဖြစ်လေ သူတစ်နေ့ကျရင်တော့ ထောင်ထဲသွားရမှာပဲ”
သူမ၏အကျင့်စရိုက်နှင့်ဆိုလျှင် သူမက ဟွမ်ရှောင်ကျွမ်းကို အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်ဟု နဥ်ရှောက်ပိုင်ကလည်း စဉ်းစားမိလေသည်။ သို့သော်ငြားလည်း...
“အိမ်ထောင်စုဇယားကို ထုတ်လိုက်တယ်ဆိုရင်တောင် ကျန်းချီမင်က ရှောင်ဖုန်းရဲ့ အုပ်ထိန်းသူ ဖြစ်နေဦးမှာပဲ” နဥ်ရှောက်ပိုင်က ပြောလိုက်၏။
“အဲဒါကတော့ သူ့ရဲ့အုပ်ထိန်းမှုအောက်မှာပဲ ရှိနေဦးမှာပဲ”
ရှမြန်က ဆိုးညစ်စွာဖြင့် ပြုံးလေသည်။
“တကယ်လို့ ကျွန်မတို့တွေက ရှောင်ဖုန်းရဲ့အိမ်ထောင်စုဇယားကို အောင်အောင်မြင်မြင်နဲ့ ယူနိုင်မယ်ဆိုရင် ကျွန်မတို့တတွေ ယန်မြို့ကို သွားရမယ်။ သူက အနည်းဆုံး ၃၊ ၄၊ ၅နှစ်လောက်တော့ ကျွန်မတို့ကို လက်လှမ်းမှီမှာ မဟုတ်ဘူးလေ။ အဲဒီအချိန်ကျရင် ကျွန်မကလည်း အရွယ်ရောက်သွားပြီ။ အုပ်ထိန်းသူကိစ္စကို ဖြေရှင်းဖို့ ကျွန်မလည်းနည်းလမ်းမျိုးစုံကို စဉ်းစားလို့ ရနိုင်ပါတယ်”
“ယန်မြို့”
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ “မင်းက ဘာဖြစ်လို့ ယန်မြို့ကို သွားချင်တာလဲ”
“မင်ရှီစီရင်စုက အရမ်းနီးတယ်လေ။ ဒီတော့ သူ့အတွက် ရှာတွေ့ဖို့လွယ်တယ်”
ရှမြန်က ပြောလိုက်သည်။ “နောက်ပြီးတော့ ရှင်နဲ့အစ်မနဥ်တို့ကလည်း ယန်မြို့မှာ ရှိတယ်မဟုတ်လား။ ဒါက ရှင်တို့ ကျေးဇူးပြန်ဆပ်ရမဲ့အချိန်ပဲပေါ့”
သူကပဲ ကျေးဇူးတရားကို မျှမျှတတနဲ့ ပြန်တောင်းနေလိုက်သေးတယ်။
နဥ်ရှောက်ပိုင်မှာ ဆွံ့အမိလေသည်။
“မင်းက ငါ့ကို ဘယ်လိုကျေးဇူးပြန်ဆပ်စေချင်လို့လဲ”
“ရှင့်ကို ဒုက္ခပေးစရာမလိုပါဘူး” ရှမြန်က ပြောလိုက်သည်။ “ကျွန်မအတွက် နေဖို့နေရာတစ်ခုနဲ့ ကျောင်းကိုပဲစုံစမ်းပေး”
“ရှင် တခြားကိစ္စတွေကို စိုးရိမ်စရာမလိုပါဘူး” ရှမြန်က ပတ်ကြည့်လိုက်ပြီး လျှို့ဝှက်နက်နဲဟန်ဖြင့် ပြောလိုက်လေသည်။
“ကျွန်မတို့မှာ ငွေတွေအများကြီး ရှိတယ်။ ငွေနဲ့ဖြေရှင်းလို့ရတဲ့ ဘယ်ပြဿနာမဆို ပြဿနာ မဟုတ်တော့ဘူး။ ဒီတော့ ရှင် စိတ်ပူစရာမလိုဘူး”
နဥ်ရှောက်ပိုင်...
ဘဏ်စာအုပ်ထဲက ယွမ်၃သောင်းကျော်ပမာဏကို အများကြီးလို့ ပြောနေတာလား။
ဒီကလေးမလေးကတော့ အရမ်းကို ရိုးရိုးရှင်းရှင်း စဉ်းစားနေတာပဲ။
ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါက အရမ်းရိုးရှင်းတယ်လို့လည်း သူ ထင်ပါတယ်။
ရှမြန်၏ အစီအစဉ်က ဒီကိစ္စထက်ပင် အများကြီး ပိုအသေးစိတ်ကျသေးသည်။
“တကယ်လို့ ကျွန်မတို့တတွေ အခုအချိန် ယန်မြို့မှာ အိမ်တစ်လုံးဝယ်မယ်ဆိုရင် ကျွန်မတို့တတွေ တစ်သက်တာ နေထိုင်ခွင့်ရနိုင်တယ်လေ ဟုတ်တယ်မလား။ ကျွန်မနဲ့ရှောင်ဖုန်းက တစ်သက်တာ နေထိုင်ခွင့်ရပြီဆိုရင် ကျွန်မတို့နာမည်တွေကို ပြောင်းလိုက်မယ်။ ကျန်းချီမင်ကတော့ ရှောင်ဖုန်းနဲ့ ကျွန်မက တစ်ကမ္ဘာလုံးမှာ အောင်မြင်ပြီး နာမည်မကြီးလာခင်အထိတော့ ကျွန်မတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး”
နဥ်ရှောက်ပိုင်၏ ဆွံ့အနေသည့်ရုပ်ကို မြင်လိုက်သည်တွင် သူက ကျန်းမိသားစုကို ကိုင်တွယ်နေသည့် သူမ နည်းလမ်းနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ချင်နေသည်ဟု ရှမြန်က ထင်လိုက်လေသည်။ ထို့ကြောင့် သူ့မက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“ဒါပေါ့လေ ကျွန်မက ဒီအတိုင်း ငြိမ်ပြီး စောင့်နေမှာ မဟုတ်ပါဘူး။ ရှောင်ဖုန်းကလည်း ကြီးထွားဖို့ အရေးကြီးတဲ့အဆင့် ရောက်နေတယ် မဟုတ်လား။ ဒီတော့ အရေးကြီးဆုံးကိစ္စတစ်ခုက သူ့ကို တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခု လုပ်ပေးဖို့ပဲ”
“ကျွန်မတို့ရဲ့ နေရေးထိုင်ရေး အခြေကျသွားပြီဆိုတာနဲ့ ကျွန်မက ကျန်းချီမင်ကို အနိုင်ယူဖို့ နည်းလမ်းတစ်ခု သေချာပေါက်ရှာမှာပေါ့” ဒီအချိန်တွင် ရှမြန်က ဆက်ပြောလိုက်၏။ “ရှင်ရော ရှေ့နေကောင်းတစ်ယောက်လောက် သိလား။ ကျွန်မကို တစ်ယောက်လောက် မိတ်ဆက်ပေးလေ”
“မင်းက ကလေးကို နှိပ်စက်ညှင်းပမ်းမှုနဲ့ စမလို့လား”
“ဟုတ်တယ်” ရှမြန်ကပြောလိုက်သည်။ “မိဘတွေက နှိပ်စက်ညှင်းပန်းတာတွေ လုပ်တယ်ဆိုရင် အုပ်ထိန်းခွင့်ကို ရုပ်သိမ်းနိုင်တယ်လေ။
ကျန်းချီမင်က ဒီကိစ္စအတွက် ဟွမ်ရှောင်ကျွမ်းကို အပြစ်တင်လို့ရတယ်ဆိုပေမဲ့ သူတို့တွေက တစ်မိုးအောက်ထဲမှာပဲ နေကြတာပဲ။ ကျန်းချီမင်က ဒါကိုမသိဘဲ ဘယ်လိုလုပ်ပြီးနေနိုင်မှာလဲ”
“တကယ်လို့ မိဘက ကလေးကို ဒုက္ခဖြစ်စေနိုင်လောက်တဲ့အထိ လျစ်လျူရှုထားတဲ့အမှု ကျူးလွန်တယ်ဆိုရင် သူတို့တွေကို အုပ်ထိန်းခွင့် ပိတ်ပင်ထားလို့ရတယ်လေ”
ရှမြန်က ရုတ်တရက် စဥ်းတောင့်စဥ်းလဲ ပြုံးလိုက်လေသည်။
“ကျွန်မက ဒီတစ်ခါ သူ့ကို အာမခံနဲ့ စာရေးခိုင်းထားတယ်လေ။ ဒါက သူ့ကလေးကို နှိပ်စက်ညှင်းပန်းတယ်ဆိုတဲ့ ခံ၀န်ချက်ကို တစ်နည်းအားဖြင့် သက်သေရတာပဲ။ ဟွမ်ရှောင်ကျွမ်းရဲ့ မှုခင်းမှတ်တမ်းကို ထည့်ပေါင်းလိုက်မယ်ဆိုရင် ဒါက တိုက်ခိုက်ဖို့အတွက် လုံလောက်ပါတယ်”
“ကျွန်မတို့တတွေက အချိန်တိုအတွင်းမှာ တရားခွင်ကို မနိုင်ခဲ့ဘူးဆိုရင်တောင် ဒီလိုမှုခင်းမှတ်တမ်းတစ်ခု ရှိထားရင် နောက်ပိုင်းကျရင် သူတို့ကို အဟန့်အတားတစ်ခု ဖြစ်စေနိုင်တာပေါ့”
နဥ်ရှောက်ပိုင်က တအံ့တဩ မျက်ခုံးပင့်လိုက်လေသည်။ တော်တော်လေး စဉ်းစားတတ်တာပဲ။
ရှမြန်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်၏။ “မကောင်းတာတွေ လုပ်ထားပြီးတော့များ ဒီကိစ္စကနေ ရှောင်ပြေးချင်သေးတယ်လား။ ရှောင်ဖုန်းရဲ့ အိမ်ထောင်စုဇယား အောင်အောင်မြင်မြင် ရွှေ့ပြောင်းပြီးတာနဲ့ သူတို့တွေက ဆက်တိုက် အပြစ်ပေးခံရလိမ့်မယ်”
သူက နမော်နမဲ့နဲ့လုပ်နေတယ်လို့ ပြောမိခဲ့တယ်။ ဒါပေမဲ့လည်း သူက အရာအားလုံးကို သေသေချာချာ စဉ်းစားထားတာပဲ။ တကယ်ထူးဆန်းတဲ့ ကလေးမပဲ။
နဥ်ရှောက်ပိုင်သည် ထိုကိစ္စကို စဉ်းစားလိုက်ပြီး သတိပေးလိုက်သည်။ “မင်းက မင်းအစ်မရဲ့ လျော်ကြေးငွေကိစ္စကနေ စလို့ရတာပဲ”
“ဟင်”
ရှမြန်မှာ မှင်တက်အံ့ဩသွားတော့သည်။
နဥ်ရှောက်ပိုင်က မေးလိုက်၏။ “မင်းပြောခဲ့တဲ့လျော်ကြေးငွေ ယွမ် ၄သောင်း၊ ၅သောင်းဆိုတာ အမှန်ပဲလား”
ရှမြန်က ခေါင်းညိတ်ပြလိုက်သည်။ “အမှန်ပဲဖြစ်ရမယ်”
ထို့နောက်တွင် နဉ်ရှောက်ပိုင် နောက်ထပ် ပြောလိုက်သည့်စကားလုံးက ရှမြန်ကို ကျောရိုးထဲအထိ အေးစိမ့်သွားအောင် ဖြစ်သွားစေတော့သည်။
သူက ပြောလိုက်၏။ “ပုံမှန်ဆိုရင် ကားမတော်တဆအတွက် လျော်ကြေးငွေက အဲ့လောက် မများဘူးလေ။ မင်မြို့ရဲ့ စံနှုန်းအရဆိုရင် အမြင့်ဆုံးက ၁သောင်း၊၂သောင်း လောက်ပဲဖြစ်မှာ။ လွန်ခဲ့တဲ့၄နှစ်တုန်းက ယွမ် ၃သောင်းကျော်အတွက် ဒီလောက်များပြားတဲ့ လျော်ကြေးငွေဆိုရင် ဖြစ်နိုင်ခြေကတစ်ခုပဲ ရှိတယ်”
ရှမြန်က လွှတ်ခနဲ ထွက်သွားလေသည်။ “မတော်တဆမူ အာမခံကြေး”
နဥ်ရှောက်ပိုင်သည် ဒီကလေးမက အမှန်ပင် အများကြီးသိသည်ကို သဘောပေါက်သွားတော့သည်။
၁၉၉၀ခုနှစ်များတွင် အာမခံသည် ခက်ခဲသည့်ရောင်းအား အခြေအနေတစ်ခုတွင် ရှိသေးသည်။ သာမာန်လူများသည် သူတို့ကိုယ်တိုင်အတွက် အာမခံဝယ်ယူဖို့ရန် စိတ်ကူးမရှိခဲ့ကြချေ။
နဥ်ရှောက်ပိုင်က ဒီအကြောင်းကို သေချာသိရသည်ကလည်း သူသည် နိုင်ငံခြားမှ အခုလေးတွင် ပြန်လာခြင်းကြောင့်ပင်။ လူချမ်းသာများက အာမခံကြေးနှင့်ပတ်သက်ပြီး မြင့်မားသည့် အသိများရှိသဖြင့် ထိုသို့လုပ်ကြသည်။
ရှမြန်ကလည်း ဒီအကြောင်းကိုသိသည်။ အကြောင်းမှာ သူမသည် အနာဂတ်မှ လာခြင်းကြောင့်ပင်။ သူမ၏အာမခံကြေးနှင့် ပတ်သက်သည့်အသိပညာမှာ ဒီခေတ်က လူချမ်းသာများထက်ပင် အများကြီး ပိုမြင့်သေးသည်။ မတော်တဆ အာမခံကြေးသည် အလွန်မှ ပုံမှန်ဖြစ်သည့် အာမခံကြေးတစ်ခုပင်။
မရေမတွက်နိုင်သည့် အာမခံကြေး လိမ်လည်မှုများတွင် မတော်တဆ အာမခံကြေးနှင့်ပတ်သက်သည့် မသမာမှုတစ်ခုက အမြဲတမ်းရှိနေလေသည်။ မတော်တဆ အာမခံကြေး သံသရာသည် တိုတောင်းခဲ့သည်။ သို့သော်ငြားလည်း လျော်ကြေးငွေပမာဏကတော့ လုံလောက်အောင် မြင့်မားလေသည်။
အကယ်၍ ကျန်းချီမင်သည် အာမခံကြေးလိမ်လည်မှုကို ကျူးလွန်ခဲ့မည်ဆိုလျှင် ရှချွန်းသည် ...
ရှမြန်သည် ကျောချမ်းသလို ခံစားလိုက်ရ၏။
နဥ်ရှောက်ပိုင်က အစတုန်းကတော့ ကျန်းချီမင်၏ ပုံမှန်အပြုအမူများကို အာရုံစိုက်ဖို့ရန် သူမကို သတိပေးချင်သော်ငြားလည်း ရှမြန်က အဓိကပြဿနာကို ချက်ချင်းစဉ်းစားမိသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူသည် အနည်းငယ် အံ့ဩမိသော်ငြားလည်း သူမက အနည်းငယ် လန့်ဖျပ်သွားသည်ကို မြင်လိုက်သဖြင့် နဥ်ရှောက်ပိုင်၏လေသံက ပုံမှန်မဟုတ်ဘဲ သိမ်မွေ့သွားတော့သည်။
“ဒါက ခန့်မှန်းခြေသက်သက်ပါပဲ။ ဒါကို အခြေအနေကို ချိုးဖျက်နိုင်တဲ့ အချက်တစ်ခုလို့ သတ်မှတ်လို့ရတယ်။ ပုံမှန်မဟုတ်တာ တစ်ခုခုများ ရှိနေမလားဆိုတာတော့ မင်း သူ့ကို မကြာခဏဆိုသလို လေ့လာကြည့်လိုက်ပေါ့”
“မဟုတ်ဘူး ဒါ မှန်နိုင်တယ်”
ရှမြန်၏လေသံက တုန်ယင်သွားလေသည်။
သူမသည် သာမန်တိုက်ခိုက်မှုများကို မကြောက်ရွံ့သော်ငြားလည်း သူမသည် သာမာန်နတ်သမီးတစ်ယောက်သာ ဖြစ်ပေသည်။
သူမသည် ယုတ်မာကောက်ကျစ်လှသည့် လူသတ်သမားတစ်ယောက်နှင့် တစ်မိုးအောက်ထဲတွင် နေရမည်ကို စဉ်းစားလိုက်သည်တွင် စိတ်ထဲ၌ မကြောက်ရွံ့ဘဲ မနေနိုင်အောင် ဖြစ်သွားမိလေသည်။
သူမသည် ဒီအကြောင်းကို ပထမက မစဉ်းစားမိခဲ့ချေ။ နောက်မှ သူမသည် အခုလေးတင်မှ ရောက်လာပြီး ဒီနေရာ၏ ငွေအပေါ် ယူဆချက်သဘောတရားများကို သေသေချာချာ နားမလည်သေးသောကြောင့်ပင်။ သူမအတွက်တော့ ယွမ် ၄၊ ၅သောင်းဆိုသည်မှာ သူမ၏၂လစာမုန့်ဖိုးသာ ရှိလေသည်။
ထို့ကြောင့် အားလုံးက တအံ့တဩ ဖြစ်သော်ငြားလည်း ဒီလိုကြီးမားသည့် လျော်ကြေးငွေပမာဏကို သိပ်ပြီး စိတ်ထဲမရှိချေ။
ယခုတွင် နဥ်ရှောက်ပိုင်က သူမကို သတိပေးလိုက်မှ ရှမြန်သည် ကျန်းချီမင်နှင့် ဟွမ်ရှောင်ကျွမ်းတို့နှင့် ပတ်သက်သည့် မူမမှန်သည့်ကိစ္စများ အများအပြားကို စဉ်းစားမိလာသည်။
“ကျွန်မ လျော်ကြေးငွေကိစ္စကို ထုတ်ပြောတိုင်း သူတို့တွေက ဒါကို ငြင်းခဲ့ကြတယ်။ ကျွန်မက အစတုန်းက ထင်ထားတာတော့ သူတို့တွေက သူတို့ရဲ့ချမ်းသာမှုကို ထုတ်မပြချင်လို့ပဲပေါ့...ဒါပေမဲ့ ဟွမ်ရှောင်ကျွမ်းက ဒါကို ရှောင်ဖို့ကြိုးစားနေတာ သိသာတယ်”
“နောက်ပြီးတော့ ကျန်းချီမင်။ ကျွန်မက သူ ရှောင်ဖုန်းအပေါ်ထားတဲ့ သဘောထားနဲ့ပတ်သက်ပြီး အမြဲတမ်း နားမလည်နိုင်အောင်ဖြစ်နေတာ။ တကယ်လို့ မိထွေးတစ်ယောက်ရှိလာတယ်ဆိုရင် ပထွေးတစ်ယောက်လည်း ရှိလာမယ်ဆိုပြီးတော့ လူတွေက ပြောကြပေမဲ့လည်း ဒါက အဖေအရင်းက မိထွေးနဲ့ စကားမများချင်တဲ့ အချိန်မှသာလေ။ ဒါပေမဲ့ ကျန်းချီမင်က အိမ်မှာဆုံးဖြတ်ချက်ချတဲ့သူပဲ”
“ကျန်းချီမင်က ရှောင်ဖုန်းက သူ့သားဆိုတာ ကောင်းကောင်းသိတာပဲ။ ဒီတော့ သူက ဟွမ်ရှောင်ကျွမ်း ရှောင်ဖုန်းကို နှိပ်စက်နေတာကို ဘာလို့ခွင့်ပြုထားပြီးတော့ သူ့ကို ဘာဖြစ်လို့ သေစေချင်နေတာလဲ”
“တကယ်လို့ သူက ကျွန်မအစ်မကိုသတ်ဖို့ တကယ် တမင်စီစဉ်ထားခဲ့တာဆိုရင် သူက သူ့ကိုယ်သူ ရှောင်ဖုန်းအမေရဲ့ လူသတ်သမားလို့ စဉ်းစားမိမှာပဲ။ ဒီတော့ ဟုတ်တာပေါ့ သူက ဒီကလေးကို ဘယ်သည်းခံနိုင်ပါ့မလဲ။ ဒီလိုဆိုရင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ...“
ရှမြန်၏စိတ်သည် အရာအားလုံးက ဒီကိစ္စနှင့် ပတ်သက်နေသည်ကို စဉ်းစားမိသွားသည်တွင် ရင်မောသွားတော့သည်။
“ကောင်းရုံဖန်ဆိုတဲ့ သူနဲ့ အရမ်းရင်းနှီးတဲ့သူလေ။ သူက အာမခံတွေကို ရောင်းတဲ့တစ်ယောက်ပဲ။ တကယ်လို့ ဒီအကြောင်းကို သေသေချာချာ စဉ်းစားမယ်ဆိုရင် သူတို့တွေရဲ့ဆက်ဆံရေးက ကျွန်မအစ်မ လက်ထပ်ပြီးသွားတဲ့ အချိန်လောက်တုန်းက စတင်တိုးတက်လာခဲ့တာပဲ...“
ရှမြန်က နဥ်ရှောက်ပိုင်၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး မေးလိုက်သည်။
“တကယ်လို့ သူက ကျွန်မအစ်မရဲ့ အာမခံကို ဝယ်ထားခဲ့တယ်ဆိုရင် နှစ်တွေ အရမ်းကြာသွားတာတောင် မှတ်တမ်းကို ရှာလို့ရနိုင်သေးလား”
ဒီအချိန်တွင် ကွန်ပျူတာသည် အရမ်းကြီး ရေပန်းမစားသေးပေ။ လုပ်ငန်းစဉ်အားလုံးကို ဖိုင်များနှင့် သိမ်းဆည်းထားရသည်။ ထိုကြောင့် ပျောက်ဆုံးပြီး ရှင်းလင်းလိုက်သည်က အလွန်မှ ပုံမှန်ဖြစ်လေသည်။
နဥ်ရှောက်ပိုင်သည် သူသည် ဒီနေ့တွင် မတော်တဆကိစ္စများ မည်မျှများများပြားပြား ဖြစ်ခဲ့သည်ကို မသိချေ။
လက်ကောက်ဝတ်ပေါ်က အေးစက်စက် အထိအတွေ့နှင့် မသိမသာတုန်ရင်နေခြင်းများက သူရှေ့က ကလေးမလေး၏ ကြောက်ရွံ့မှုအားလုံးကို ပြသနေလေသည်။
သို့သော်ငြားလည်း သူမ၏ပထမဦးဆုံးအတွေးမှာ ထွက်ပြေးဖို့ရန်မဟုတ်ဘဲ အမှန်တရားကို ရှာဖွေဖို့ရန်ဖြစ်နေသည်။
“သိပ်တော့မသေချာဘူး” နဥ်ရှောက်ပိုင်က အမှန်အတိုင်းပြောလိုက်၏။ “ကျွန်တော် မင်းအတွက် မေးထားပေးမယ်လေ”
“ကျေးဇူးတင်ပါတယ်” ရှမြန်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး “ဟွမ်ရှောင်ကျွမ်းကတော့ ဒီကိစ္စကို အသိဆုံးလူဖြစ်လိမ့်မယ်”
“ဒီတော့ သူ့ကို အရင်ဆုံး ပေးထွက်လာကြတာပေါ့”
ရှမြန်က သူမကိုယ်သူမ တည်ငြိမ်သွားအောင် ဖြည်းဖြည်းချင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး သူမ၏မျက်လုံးများက ပြတ်သားလာတော့သည်။ “သူက ကျန်းချီမင်ထက်စာရင် ဟာကွက်တွေကို ပိုပြီးတော့ ထုတ်နိုင်လိမ့်မယ်”
“ကျန်းချီမင်ကတော့” ရှာမြန်ကလက်သီးကို တင်းအောင်ဆုပ်လိုက်ပြီး အံကြိတ်ထားလိုက်ကာ “သူ ဘယ်လောက်ပဲ ကောက်ကျစ်နေပါစေလေ။ သူ တန်ဖိုးအထားရဆုံးတွေ ပျက်စီးသွားရင် သူက သူ့ရဲ့လမ်းကြောင်းတွေကို ဖုံးကွယ်ထားနိုင်ဦးမယ်လို့ မထင်ဘူး”
“မင်းက ဘာလုပ်မလို့လဲ” နဉ်ရှောက်ပိုင်က စဉ်းစားလိုက်၏။ လိုအပ်လာလျှင်တော့ သူသည် ကူညီဖို့ရန်လည်း ၀န်လေးမည်မဟုတ်ချေ။
သို့သော် ရှမြန်က လက်ပိုက်လိုက်ကာ ကြောက်စရာကောင်းအောင် ပြောလိုက်လေသည်။
“ဒီကိစ္စကို တခြားသူတွေနဲ့ပဲ လွှဲထားတာပေါ့။ ကျွန်မကတော့ တိတ်တိတ်လေး လေ့လာတာကိုပဲ တာဝန်ယူထားလိုက်မယ်။ နောက်ဆုံး ကျွန်မက ကလေးတစ်ယောက်ပဲ ရှိသေးတယ်လေ”
နဥ်ရှောက်ပိုင်...
...
ကျန်းချီမင်၏အကြိုက်ဆုံးအရာများမှာ ကျော်ကြားမှုနှင့် ငွေကြေးကလွဲလျှင် တခြားမရှိတော့ချေ။
ဒီကိစ္စ၂ခုသည် ရှမြန်အတွက်တော့ သူမ၏အစီအစဉ်ကို သက်ရောက်မှုရှိလိမ့်မည် မဟုတ်ချေ။ ဒါသည် နည်းဗျူဟာကို မသိမသာ ပြောင်းလဲခြင်းသာရှိသည်။ ဖြည်းဖြည်းချင်း လုပ်ရမည့်အစား သိသာသည့်အတိုင်းအတာတစ်ခုအဖြစ် တိုက်ရိုက်လှုပ်ရှားရလိမ့်မည်။
“တကယ်လို့ ဟွမ်ရှောင်ကျွမ်းက ထောင်ထဲသွားမယ်ဆိုရင် ကျန်းချီမင်က သူ့ကို အလွယ်တကူ ကွာရှင်းလို့ ရသွားလိမ့်မယ်။ ဟွမ်ရှောင်ကျွမ်း လက်မှတ်ထိုးထားတဲ့ အကြွေးစာချုပ်ကလည်း သူနဲ့ ဘာမှမဆိုင်တော့ဘူး ဖြစ်သွားလိမ့်မယ်”
“ကျွန်မ ကြားထားတာတော့ သူက ရွှမ်းရွှမ်းရဲ့အုပ်ထိန်းမှုကို ယူဖို့အစီအစဉ်မရှိဘူးတဲ့။ ဒီတော့ ရွှမ်းရွှမ်းကို ဟွမ်ရှောင်ကျွမ်းကပဲ ပျိုးထောင်ရလိမ့်မယ်။ ကလေးကိုတော့ စွန့်ပစ်လို့မရဘူးလေ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကလေးကို စွန့်ပစ်လိုက်တယ်လို့ သတ်မှတ်လို့ရတယ်။ ဒီလိုဆိုရင် သူက အချုပ်ထဲ သွားရလိမ့်မယ်”
ဟွမ်မိသားစုသည် ထောင်ထဲသွားရမည်ကို ကြောက်ပေသည်။ ယွမ် ၄သောင်း အကြွေးစာချုပ်က သူတို့၏အားထုတ်မှုနှင့် ထိုက်တန်သည်ဆိုသည့်ကိစ္စကိုတော့ ထည့်ပြောရန်ပင်မလိုချေ။
ရှမြန်ဖုန်းခေါ်ဆိုမှု၏ ထိရောက်မှုက ချက်ချင်းသက်ရောက်သွားသည်။
ဟွမ်ရှောင်ကျွမ်းက ထောင်ထဲသို့ သွားလိုက်ရသည်ကို သိပြီးနောက် သူမကို ကပ်ရောဂါတစ်ခုလို ရှောင်ကြဉ်နေကြသည့် ဟွမ်မိသားစုသည် နောက်တစ်နေ့ မနက်ခင်းတွင် ဟွားကန်းမိသားစုအိမ်ယာတွင် အမောတကော ပေါ်လာလေတော့သည်။
ထိုအချိန်တွင် ရှောင်ဖုန်းသည် တိုက်ခန်း၏ ဝင်ပေါက်နားတွင် ချန်းချန်းနှင့် ဘောလုံးကစားနေသည်။ ရှမြန်က တိုက်ခန်းဝင်ပေါက်နားက ခုံတန်းရှည်လေးတစ်ခုပေါ်တွင်ထိုင်ကာ ဖတ်စာအုပ်ကို ရွတ်နေ၏။
ပထမအချက်မှာ အထက်တန်းကျောင်းများသည် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ သူမက စာပြန်ဖတ်ဖို့ အမှန်ပင်လိုသည်။ ဒုတိယအချက်မှာ သူမသည် သူမ၏အာရုံကို လွှဲထားဖို့ရန်လိုအပ်သည်။ ရှမြန်သည် ကျန်းချီမင်က လူသတ်သမားဖြစ်နိုင်သည်ဟု စဉ်းစားမိလိုက်ချိန်တွင် သူမသည် လူသတ်သမားတစ်ယောက်ကို စိန်ခေါ်နေရပြီး သူ့ကို အတွင်းဒဏ်ရာများ ရသွားသည်အထိ နှိပ်စက်ချင်မိသည်။ သူမသည် မနေနိုင်ဘဲ အနည်းငယ် ကြောက်ရွံ့မိလေသည်။ သူမသည် ကျန်းချီမင်လုပ်ခဲ့သည့်ကိစ္စမှန်သမျှကို စိတ်မသက်မသာ ခံစားနေမိသည်။ သူမ၏အာရုံကြောများကို တည်ငြိမ်အောင်လုပ်ရန် ကျောင်းစာဖတ်ဖို့ရန်သာ တတ်နိုင်တော့သည်။
“ဆံပင်တွေက ဒေါသထွက်လို့ ထောင်တက်နေတယ်။ ငါက လက်ရန်းကို မှီထားတယ်။ မိုးရွာနေတာလည်း ရပ်သွားပြီ ... နွေရာသီနဲ့နွေဦးရာသီရဲ့ ရှက်ရွံ့မှုကလည်း အခုအထိ မပြေပျောက်နိုင်သေးဘူး။ ရှောင်ဖုန်းရဲ့ အမုန်းတရားတွေကို ငြှိမ်းသတ်ပေးပြီးသွားတဲ့အခါကျရင် ... ငါ့မှာအရမ်းကို ရည်မှန်းချက်ကြီးမားလွန်းတာကြောင့် ဟွမ်ရှောင်ကျွမ်းရဲ့အသားနဲ့ ကျန်းချီမင်ရဲ့သွေးကို ဆာလောင်မွတ်သိပ်နေတယ်။ ငါက အစကနေစပြီး ကျန်းချီမင်နဲ့ ရင်ဆိုင်ရမယ်။ နန်းတော်ကိုလည်း ရင်ဆိုင်ရလိမ့်မယ်” [ရှမြန်က စာဖတ်နေတာမဟုတ်ဘဲ သူ့ဟာသူ ဖြစ်ချင်တာတွေ ပြောနေတာပါ]
ချန်းချန်းကို ကြည့်ဖို့ အခုလေးတင်မှ အပြင်ထွက်လာသည့် နဥ်ရှောက်ပိုင်...
ဒီကလေးမက ကြောက်နေတာလား။ ဒါမှမဟုတ် ရက်စက်နေတာလား။
“စာကို ကောင်းကောင်းဖတ်လေ။ စာကို ကောင်းကောင်းဖတ်လေ။ ကလေးကို မကောင်းတာတွေ မသင်ပေးနဲ့”
အဘွားလျိုနှင့် တခြားသူများသည် သူတို့၏အိမ်အလုပ်ပြီးစီးသွားသည့်အတွက် အမောဖြေရန် အပြင်ထွက်လာလေသည်။ ရှမြန်က ပေါက်ကရတွေဆက်ပြီး မပြောရဲတော့ချေ။ “ဆံပင်တွေက ဒေါသထွက်လွန်းလို့ ထောင်တက်နေတယ်။ ငါက လက်ရန်းကို မှီထားတယ်။ မိုးကလည်းရပ်သွား...ရှ? အယ် ရှ...“
“ကျင်းခန်းရဲ့ ရှက်ရွံ့မှုတွေအတွက် အပြစ်ပေးတာတောင် မလုပ်ရသေးဘူး” ကလေးဆန်ဆန် အသံလေးတစ်ခုက ရှမြန်ကိုယ်စား ဆက်ပြောပေးလိုက်လေသည်။
နောက်ထပ် ကြည်လင်သည့်ကလေးသံတစ်ခုက နောက်မှလိုက်ထွက်လာသည်။ “အမတ်မင်းတွေရဲ့ အမုန်းတရားတွေကို ဘယ်တော့များမှ ပယ်ဖျောက်ပေးနိုင်မှာလဲ”
ထို့နောက်တွင် ကလေး၂ယောက်က ဘောလုံးကစားနေရင်း တပြိုင်တည်း ပြောလိုက်လေသည်။
“ရှည်လျားတဲ့ ရထားလုံးတစ်ခုကို မောင်းနှင်နေရင်း လူတွေက ဟဲလန်တောင်တန်းတစ်လျှောက်က လမ်းကြားလေးထဲမှာ လမ်းခွဲခဲ့ကြတယ်။ ကြီးမားတဲ့ရည်ရွယ်ချက်တွေရှိနေတာမလို့ ငါတို့တွေက ဗိုက်ဆာတဲ့အခါ လူရိုင်းမျိုးနွယ်စုတွေရဲ့ အသားကိုစားရလိမ့်မယ်။ ရေဆာတဲ့အခါ ရှုံးနူတွေရဲ့သွေးကို သောက်ရမယ်။ ငါတို့တွေက အစကတည်းက စလာခဲ့ရပြီး အိုမင်းနေတဲ့တောင်တွေနဲ့မြစ်တွေကို ပြန်တည်ဆောက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်နိုင်လိမ့်မယ်”
ရှမြန်နှင့် တခြားလူတော်တော်များများသည် သူတို့ကြားလိုက်ရသည့်အရာကြောင့် မှင်တက် အံ့သြသွားတော့သည်။
...