အပိုင်း(၃၉)
Vol. 3 Ch. 39
ဆရာမမီက ပြတင်းပေါက်အပြင်ဘက်သို့ မှီကာထွက်လိုက်ပြီး ပြောလိုက်၏။
“ဒီမယ် ရှမြန် ဒါကို ရွတ်နေတာ အကြိမ်တော်တော်များနေပြီလေ။ ဟုတ်တယ်မလား။ ရှောင်ဖုန်းက ဒါကို တကယ်မှတ်မိသွားတယ်ပေါ့လေ”
အဘွားလျိုက ပြောလိုက်၏။
“ဒီကလေး၂ယောက်က အရမ်းညဏ်ကောင်းတာပဲ။ ရှမြန် နင် ရှောင်ဖုန်းကို သေသေချာချာလေး လေ့ကျင့်ပေးရမယ်နော်။ သူ့ကို အလကားမဖြစ်စေနဲ့”
ရှောင်ဖုန်းသည် ချီးကျူးခံနေရမှန်း သိလေသည်။ သူက မနေနိုင်တော့ဘဲ ရှမြန်ကို ပြုံးပြလိုက်၏။
ရှမြန်က သူက ပါရမီရှိသူတစ်ယောက်မှန်း သိထားသော်ငြားလည်း ဒီအခိုက်အတန့်တွင် အလွန်မှ အံ့ဩမိသွားလေသည်။
ဒီဘဝတွင်တော့ သူမသည် သူ့ကို သေချာပေါက် တောက်ပခွင့်ပေးရလိမ့်မည်။
“ရှမြန် ဟုတ်လား၊ မင်းက ရှမြန်ပေါ့ဟုတ်လား”
ခြေထောက်ကို ကားထွက်တော့လုနီးနီး စူးရှသည့်အသံတစ်ခုက ရုတ်တရက်ဆိုသလို အားလုံး၏ နားစည်ကို ထိုးဖောက်သွားလေသည်။ ပထမဦးဆုံးတွေ့ဆုံသည့် ကောင်းမွန်သည့် အမြင်တစ်ခု ဖြစ်စေချင်သည့်သဘောမှန်း အမှန်ပင် သရုပ်ဖော်ပြသနေသည်။
ရှမြန်က ကိုယ်ကိုလှည့်လိုက်သည်တွင် ဖော်ရွေနေသည့်ရုပ်ကို ကြိုးစားပြီးလုပ်နေရသည့် လူ၂ယောက်ကို တွေ့လိုက်ရသည်။
သူတို့က ဖော်ရွေပြီး လေးစားဖို့ရန် ကြိုးစားနေသည်ဟု ပြောရသည့်အကြောင်းအရင်းမှာ သူတို့၏ အဝတ်အစားများက မာတောင့်တောင့် ပွရောင်းရောင်း သန့်ရှင်းနေသည်ကလွဲလျှင် သူတို့၏ကုန်းနေသည့်ပုခုံးနှင့် ရှေ့သို့ကိုင်းနေသည်လည်ပင်းများအပြင် သူတို့၏ဟန်ဆောင်နေသည့် အမူအရာအားလုံးက သူတို့သည် လာရင်းမကောင်းကြောင်းကို ပြသနေလေသည်။
သို့သော်လည်း ထိုလူ၂ယောက်သည် အခုတော့ သူတို့၏မေးများကို ချီထားကာ လူကြီးလူကောင်းတစ်ယောက်၏ သဘောထားကို ဆောင်းထားလေသည်။
ခုနက စကားပြောလိုက်သည့်လူမှာ အရပ်မနိမ့်မမြင့် ခပ်ဝဝကိုယ်ထည်ဖြင့် အဘွားကြီးတစ်ယောက် ဖြစ်လေသည်။
ထိုအားကောင်းလှသည့်အော်သံကို ကြားလိုက်ရသည်တွင် ရှမြန်သည် တစ်ဖက်လူက ပြဿနာလာရှာသည်ဟု ထင်လိုက်လေသည်။
သို့သော်ငြားလည်း နောက်တစ်စက္ကန့်တွင်တော့ အဘွားကြီးက ရှေ့သို့ အလောတကြီး ပြေးလာပြီး ရှမြန်၏လက်ကို ဖမ်းဆွဲလိုက်ကာ ငိုယိုတော့သည်။
“အိုး ဟဲ့ ရှမြန်ရယ် ကျေးဇူးပြုပြီးတော့ ငါတို့ရဲ့ရှောင်ကျွမ်းကို လွှတ်ပေးပါ”
“ရှောင်ကျွမ်းက ကပ်စီးနဲတဲ့ ကလေးတစ်ယောက် မဟုတ်ပါဘူး။ နင့်ရဲ့ခဲအိုကလည်း ငွေရှာတဲ့နေရာမှာ အရမ်းတော်တာပဲ။ သူက ဘယ်လိုလုပ်ပြီး နင့်ရဲ့ငွေကို ခိုးမှာလဲ။ နင်တို့ ၂ ယောက်ကြားမှာ သေချာပေါက် နားလည်မှု လွဲနေတာတွေရှိမှာပါ”
ဒီလူက ဟွမ်ရှောင်ကျွမ်း၏အမေ ဖြစ်ဟန်တူသည်။ ရှမြန်က တခြားလူကို မော့ကြည့်လိုက်၏။
သူသည် အသက်၃၀ဝန်းကျင် ရှိပြီး ဟွမ်ရှောင်ကျွမ်း၏အမေနှင့် ကိုယ်လုံးကိုယ်ထည် ဆင်တူလေသည်။ သူ၏တုန်လှုပ်နေသည့် ဆံပင်ခွဲကြောင်းများက စပြီးတော့ ကျယ်လာသည်။ နောက်ထပ် (၁၀)နှစ်လောက်နေလျှင် သူသည် လေယာဉ်ကွင်းတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်။ ဒီလူက ဟွမ်ရှောင်ကျွမ်း၏ အစ်ကို ဟွမ်ရှောင်ကျွင်း ဖြစ်လိမ့်မည်။
ဒီလူ ၂ ယောက်သည် မလာခင်ကတည်းက အစီအစဉ်များကို တိုင်ပင်ခဲ့ပြီးဖြစ်ရမည်။ ဒီအချိန်တွင် ဟွမ်ရှောင်ကျွင်းကလည်း ဟွမ်ရှောင်ကျွမ်းအမေ ပြောလိုက်သည့်စကားအတိုင်း လိုက်ထောက်ခံပြီး တောင်းပန်လေသည်။
“ကလေးမရယ် ကျေးဇူးပြုပြီးတော့ သနားညှာတာပေးပါ။ ကလေးအတွက်ပဲဖြစ်ဖြစ်ပေါ့။ ရွှမ်းရွှမ်းကို ကြည့်လိုက်ပါဦး”
သူသည် ပြောရင်းဆိုရင်း သူ့နောက်တွင် ပုန်းနေသည့်ကလေးကို ရှေ့သို့တွန်းလိုက်လေသည်။ သူ့လှုပ်ရှားမှုများက တော်တော်လေး ကြမ်းတမ်းသည်။ ညစ်ပတ်ပေရေနေသည့် ရွှမ်းရွှမ်းက အနည်းငယ် ဒယီးဒယိုင်ဖြစ်သွားပြီး မြေကြီးပေါ်သို့ ပစ်လဲသွားကာ မျက်ရည်များ ပွင့်ထွက်လာတော့သည်။
ချန်းချန်းနှင့် ရှောင်ဖုန်းတို့က မနေနိုင်တော့ဘဲ သိလိုစိတ်ဖြင့် အပြင်သို့ လှမ်းကြည့်လိုက်ကြသည်။ ရွှမ်းရွှမ်းသည် အမှန်ပင်အနည်းငယ် သနားစရာကောင်းနေပေသည်။ ထိုအချိန်တွင် ရှောင်ဖုန်းလောက် သနားစရာ မကောင်းသော်ငြားလည်း အဝတ်အစားများက ပြီးခဲ့သည့်ရက်များတွင် မလျှော်ဖွပ်ရသေးသည်က သိသာသည်။ သူ၏ဝဖိုင့်ဖိုင့် မျက်နှာလေးပေါ်တွင်လည်း ကုတ်ခြစ်ရာများ ရှိနေသည်။
သူသည် ဟွမ်မိသားစုထဲတွင် အေးချမ်းသည့်အချိန် မရရှိခဲ့သည်က သိသာထင်ရှားပေသည်။
“ကြည့်ပါအုံး ကလေးက ဘယ်လောက်တောင် သနားစရာကောင်းလည်း ကြည့်လိုက်ပါအုံး”
ဟွမ်ရှောင်ကျွမ်း၏အမေက ငိုယိုနေပြီး ရှမြန်ရှေ့တွင် ဒူးထောက်လုမတတ် လုပ်နေတော့သည်။
“ငါတို့တွေက နင့်ကို ပြန်ပေးမယ်လို့ ကတိပေးပါတယ်။ ကျေးဇူးပြုပြီးတော့ သနားညှာတာပေးလို့ ရမလား”
ဒါသည် သာမန်လူများ၏ ဉာဏ်နီဉာဏ်နက်တစ်ခုပင်။ သူတို့သည် တမင်တကာ နစ်နာသူအဖြစ် ဟန်ဆောင်နေကြပြီး ဟွမ်ရှောင်ကျွမ်းသည် ဒါနှင့် အမှန်တကယ် ထိုက်တန်မှန်း အားလုံးက သိကြသည့်တိုင် ရွှမ်းရွှမ်း၏ ရုပ်အသွင်အပြင်က လူများကို ကိုယ်ချင်းစာစိတ် ခံစားရစေသည်။
ရှမြန်က အစမှအဆုံးအထိ ဒီလူများနှင့်ပတ်သက်ဖို့ စိတ်ကူးမရှိချေ။ တဲ့တိုးသာ ပြောလိုက်တော့သည်။
“ကျန်းချီမင်က ငွေတွေကို ပြန်ပေးပြီးသွားပြီ။ ကျွန်မမှာ ဘာမှမလိုအပ်တော့ဘူး။ ရှင်တို့တွေ တောင်းဆိုချက်တစ်ခုကို သဘောတူသရွေ့ ကျွန်မက ဟွမ်ရှောင်ကျွမ်းကို လွှတ်ပေးမယ်”
ဟွမ်ရှောင်ကျွမ်း၏အမေက ချက်ချင်းဆိုသလို စိတ်အားထက်သန်စွာပြောတော့သည်။
“ကလေးမ ငါ့ကိုပြော ငါ့ကိုပြော။ တတ်နိုင်တာမှန်သမျှ ငါ သဘောတူပေးမယ်”
“သူ ပြန်ထွက်လာတဲ့အချိန်ကျရင် ရှောင်ဖုန်းကို ထပ်ပြီးနှိပ်စက်မှာ ကျွန်မ ကြောက်တယ်။ နောက်ဆို ကျွန်မ ကျောင်းသွားရင် ကလေးကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူးလေ။ ဒီတော့ ကျွန်မရဲ့တောင်းဆိုချက်က အရမ်းကိုရှင်းပါတယ်”
ရှမြန်က ပြောလိုက်၏။
“ရှောင်ဖုန်းရဲ့ အိမ်ထောင်စုဇယားကို ကျွန်မဆီ လွှဲပြောင်းပေးလိုက်။ ကျွန်မက ရှောင်ဖုန်းကို ကျန်းမိသားစုဆီကနေ ခေါ်သွားမယ်”
ရှောင်ဖုန်းသည် ဖြစ်ပျက်နေသည့်အရာကို နားလည်ပြီးသား ဖြစ်လေသည်။ သူသည် ခြေတိုလေးများဖြင့် ဒယိမ်းဒယိုင် အပြေးဝင်လာပြီး ရှမြန်၏ရင်ခွင်ထဲသို့ဝင်သွားကာ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလေသည်။ “အန်တီလေး”
ရှမြန်က သူ၏ကျောပြင်ကိုပွတ်သပ်ပေးရင်း ဟွမ်ရှောင်ကျွမ်း၏ အမေကို ပြောလိုက်၏။
“ဒါက ၂ ဖက်စလုံးအဆင်ပြေတဲ့ အခြေအနေလို့ကျွန်မထင်တယ်”
“ဘာပဲဖြစ်ဖြစ်လေ ဟွမ်ရှောင်ကျွမ်းက ရှောင်ဖုန်းကိုမှ မကြိုက်ဘဲ။ တကယ်လို့ ကျွန်မက ကလေးကို ခေါ်သွားတယ်ဆိုရင် သူကလည်း မိထွေးဖြစ်နေရတဲ့ကိစ္စကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ နောက်ဆိုရင် သူတို့ ၃ ယောက်လည်း ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေနိုင်မယ်။ ကျွန်မကလည်း သူတို့ကို မနှောင့်ယှက်ပါဘူး။ ရှင် ဘယ်လိုထင်လဲ”
“အိုး ကလေးရဲ့အဒေါ်ရယ် နင်က အရမ်းကိုသိတတ်ပြီး လိမ္မာတဲ့ကလေးပဲ”
ဟွမ်ရှောင်ကျွမ်း၏အမေသည် သူ့ပေါင်သူ ပြန်ရိုက်လိုက်ပြီး ငွေမတောင်းဘဲ ကြင်နာတတ်သည့် စကားများကို ပြောလေတော့သည်။
“နင်က ရှောင်ဖုန်းကို အရမ်းချစ်တာပဲ။ ရှောင်ဖုန်းက နောက်ဆိုရင် နင့်ကိုသေချာပေါက် ကျေးဇူးပြန်ဆပ်မှာပဲ”
“အမြဲတမ်း မစဥ်းစားဘဲလုပ်နေတတ်တဲ့ ငါ့အိမ်က ကလေးမနဲ့တော့ မတူဘူး။ ကြည့်လိုက်လေ သူက ဒီလောက်ကြီးမားတဲ့ ဒုက္ခကြီးကိုလုပ်ခဲ့ပြီ”
ဟွမ်ရှောင်ကျွင်းသည် ရှမြန်က ဒီလိုတောင်းဆိုမှုတစ်ခုကို ပြုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားချေ။
ဒါသည် ကလေးမလေးက ရိုးအပြီး မသိနားမလည်ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု သူက ဒီလိုစဉ်းစားလိုက်သည်။ အကြိမ်ကြိမ် ထပ်ပြောလိုက်လေသည်။
“ပြဿနာ လုံးဝမရှိပါဘူး ငါတို့တွေ သဘောတူတယ်။ ငါတို့အခုပဲ ကျန်းချီမင်ကို သွားရှာလိုက်မယ်...“
သူက ကျန်းချီမင်ဟု ပြောလိုက်သည်နှင့်ချက်ချင်း တစ်ဖက်လူက ဒေါသတကြီး အော်ဟစ်လာသံကို ကြားလိုက်ရသည်။
“ငါ သဘောမတူဘူး”
သူတို့သည် လှမ်းကြည့်လိုက်ချိန်တွင် ကျန်းချီမင်က အလုပ်ဝတ်စုံနှင့် အမောတကော သူတို့ဆီ အပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သူသည် သတင်းကို ကြားလိုက်ပြီးနောက် အလောတကြီး ပြန်လာဟန်တူသည်။
သူသည် သူတို့ပြောခဲ့သည့်စကားများကို သေချာပေါက် ကြားရလိမ့်မည်။ သူသည် အလွန်မှ ဒေါသထွက်နေသဖြင့် သူ့မျက်နှာများပင် နီရဲနေတော့သည်။ သူက ဟွမ်မိသားစုကို မုန်းတီးစွာဖြင့် ဝါးစားမတတ် စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ရှောင်ဖုန်းက ငါ့သားပဲ။ ဘယ်သူကမှ သူ့ကို ငါ့ဆီကနေပြီး ခေါ်သွားလို့မရဘူး”
သူသည် ထိုသို့ပြောလိုက်ပြီးသည်နှင့် ချက်ချင်းရှေ့သို့တက်သွားကာ ရှောင်ဖုန်းကို ဖက်ရန်ပြင်လိုက်သည်။ သို့သော်ငြားလည်း ရှမြန်က ကလေးကို ကောက်ချီလိုက်ပြီး ရှောင်လိုက်၏။
ကျန်းချီမင်သည် ရှမြန်ကို ဝါးစားတော့မတတ် မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ရှမြန် ငါ နင့်ကို ပြောလိုက်မယ်။ ဒီကိစ္စကို လုံးဝမစဉ်းစားနဲ့။ ရှောင်ဖုန်းက ငါ့သားအရင်း။ ငါသူ့ကို အိမ်ထောင်စုစာရင်းထဲကနေ ဘယ်တော့မှ ထုတ်မှာမဟုတ်ဘူး”
“ရှင်က ရှင့်သားအရင်းကို တခြားသူတွေ နှိပ်စက်ခွင့်ပေးထားတာပဲ မဟုတ်ဘူးလား”
ရှမြန်က မဲ့ရွဲ့ကာပြောလိုက်၏။ “ရှင် လက်မလွှတ်နိုင်ဘူးဆိုတာကလည်း ရှင်က မျက်နှာပျက်မှာ ကြောက်လို့။ တခြားသူတွေက ရှင့်ကို စိတ်သဘောထား မကောင်းဘူးလို့ ပြောမှာကြောက်လို့။ ရှင် ဘာလို့ဒီလောက်အများကြီး ဟန်ဆောင်နေသေးတာလဲ”
ဟွမ်ရှောင်ကျွမ်း၏အမေက ချက်ချင်းပြောလိုက်လေသည်။
“ရှောင်ကျန်း နင်က ဘဝရဲ့အရေးကိစ္စတွေကိုလည်း ဂရုစိုက်ရဦးမယ်လေ။ နင်က အဲဒီကလေးကိုမှ မချစ်ဘဲ။ ဒီတော့ ဘာဖြစ်လို့ မျက်နှာဆည်ဖို့ ကြိုးစားနေသေးတာလဲ”
“တိတ်စမ်း” ကျန်းချီမင်က ဟွမ်ရှောင်ကျွမ်း၏အမေကို အော်ဟစ်လိုက်သည်။ “သူက ကျွန်တော့်သား၊ ဒီအကြောင်းကို လုံးဝမစဉ်းစားနဲ့”
သူသည် အာမခံငွေများကိုရယူဖို့ရန် သူ့မိန်းမကို သတ်ပစ်နိုင်သည့်အကြောင်း သူမ သိထားသောကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း သူ့မျက်လုံးထဲက ကြမ်းတမ်းမှုများက အနည်းငယ် ကြက်သီးထဖွယ် ဖြစ်နေသည်ဟု ရှမြန်က အမြဲတမ်းခံစားမိသည်။ ထို့ကြောင့် သူမက သူနှင့် ထိပ်တိုက်ရင်မဆိုင်တော့ချေ။
ရှမြန်က ဘာမှဂရုမစိုက်သလို နေလိုက်ပြီး “ဘာပဲဖြစ်ဖြစ်လေ ကျွန်မကတော့ ရှောင်ဖုန်းက အန္တရာယ်ကင်းကင်း ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတာကိုပဲ သေချာမြင်ချင်တာ။ ဟွမ်ရှောင်ကျွမ်းက သူနဲ့အတူတူ ထပ်ပြီးနေမှာကိုတော့ ကျွန်မ လုံးဝခွင့်မပြုနိုင်ဘူး”
သူမက ကျန်းချီမင်ကိုကြည့်ကာ ပြောလိုက်၏။
“ကျွန်မက ငွေတွေဘာတွေ ဘာတစ်ခုမှမလိုဘူး။ ရှောင်ဖုန်း အန္တရာယ်ကင်းရင်ရပြီ”
“ဒီတော့ ဟွမ်ရှောင်ကျွမ်းက အထဲမှာနေတာပဲ ပိုကောင်းမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုပဲ ဖြစ်လာလိမ့်မယ်။ ရှင်က ဖုန်းလေးတစ်ချက် ခေါ်လိုက်တာနဲ့ သူက ဘာမှမဖြစ်သလို အိမ်ပြန်ရောက်လာတယ်လေ။ ဒီလိုဆိုရင်တော့ သူက ပိုပြီးတော့ အကြောက်အလန့်မရှိ ပိုဆိုးလာလိမ့်မယ်”
“အဲဒီလိုတော့ မဖြစ်ဘူး” ဟွမ်ရှောင်ကျွင်းက အခိုင်အမာပြောလေသည်။ “ငါတို့တွေ သဘောမတူဘူး”
သူက ကျန်းချီမင်ကို ကြည့်လိုက်၏။ “မင်းက ငါတို့မိသားစုကို အမြဲတမ်းမုန်းတီးနေတယ်ဆိုတာ ငါ သိတယ်။ ဒီတော့ ရှောင်ကျွမ်း ကောင်းကောင်းနေနိုင်သရွေ့ ငါတို့ဟွမ်မိသားစုကလည်း မင်းမကြိုက်တဲ့အတိုင်း မင်းရှေ့မှာ ဘယ်တော့မှပေါ်မလာဘူး”
“ဒါပေမဲ့ အခုကျတော့ ရှောင်ကျွမ်းက အခုမှ ဝင်သွားကာစပဲ ရှိသေးတယ်။ မင်းက ရွှမ်းရွှမ်းကို ငါတို့အိမ်ကို ချက်ချင်း လာပစ်ထားနေပြီ။ မင်းက သူ့ကိုမကြိုက်တော့ဘဲ ကွာရှင်းဖို့ ကြိုးစားနေတာလား”
ဟွမ်ရှောင်ကျွမ်း၏အမေက ချက်ချင်းငိုယိုတော့သည်။
“ကျန်းချီမင် နင် အဲလောက်အထိ အသည်းနှလုံးမဲ့လို့ မရဘူးလေ။ ရှောင်ကျွမ်းက နင့်မှာ ဘာမှမရှိတဲ့အချိန်ကတည်းက နင့်အနောက်ကို လိုက်လာခဲ့တာ”
“ငါတို့တွေကလည်း နင့်ကိုအိမ်တစ်လုံး ဝယ်ထားပေးခဲ့သေးတယ်။ ရွှမ်းရွှမ်း။ ရွှမ်းရွှမ်းကို ကြည့်လိုက်စမ်း။ သူက ဒီလောက်အထိတောင် ကြီးနေပြီ။ နင်က သူ့ကို ရှောင်ဖုန်းလိုပဲ အမေတစ်ယောက် မရှိဘဲ ဖြစ်စေချင်လို့လား”
ရွှမ်းရွှမ်းက အချိန်ကိုက် မျက်ရည်များစီးကျလာပြီး ကျန်းချီမင်ဆီသို့ ပြေးဝင်သွားလေသည်။
“အဖေ အဖေ အကိုမင်က သားကို အနိုင်ကျင့်တယ်။ သားအဘွားတို့အိမ်မှာ မနေချင်တော့ဘူး။ သားအမေ့ကို လိုချင်တယ်၊ အမေ့ကို လိုချင်တယ်လို့...“
ဟွမ်ရှောင်ကျွင်းသည် သူ့မျက်လုံးများကို ပြူးကျယ်ထားကာ ပြောလိုက်လေသည်။ “ယောက်ဖ မင်းက ရှောင်ကျွမ်းကို ရှက်စရာကောင်းတယ်လို့ ထင်တယ်ဆိုရင်တောင် ရွှမ်းရွှမ်းကိုတော့ စဉ်းစားပေးရဦးမယ်လေ”
“ရှောင်ဖုန်းက သူ့အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတယ်။ သူ့အဒေါ်ကလည်း ကလေးနဲ့ အရမ်းရင်းနှီးတယ်။ သူက နောက်ဆိုရင် ကလေးကို သေချာပေါက် မမျှမတဆက်ဆံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ရွှမ်းရွှမ်းကတော့ မတူဘူး။ ငါတို့ထဲက ဘယ်သူ့မှ သူ့ကိုမထိန်းချုပ်နိုင်ဘူး...“
ဟွမ်ရှောင်ကျွမ်း၏အမေကလည်း မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလာကာ “ချီမင်ရယ် ဒါကို ငါက နင့်ကို တောင်းပန်တယ်လို့ပဲ သဘောထားလိုက်ပါ။ ငါ နင့်ရှေ့မှာ ဒူးထောက်ပါ့မယ် ဟုတ်ပြီလား”
“နင်က ရှောင်ကျွမ်းကို ရှက်စရာကောင်းတယ်လို့ ထင်နေတာ ငါ သိပါတယ်။ ဒါပေမဲ့ သူက ဒီလိုလုပ်တာကလည်း နင့်မိသားစုဆိုတဲ့အချက်ကိုတော့ ထည့်စဉ်းစားပေးရမယ်လေ”
“နင်တို့တွေ အိမ်ဝယ်ဖို့ ငါတို့ဆီကနေ ချေးသွားတဲ့ ပိုက်ဆံတွေကိုတောင် ပြန်မပေးရသေးဘူး။ သူ့အစ်ကိုကလည်း သူ့ကို အတင်းနောက်က တွန်းနေတာနဲ့ သူလည်း ဒီလိုမကောင်းတဲ့အတွေးတွေ ရလာတာနေမှာပါ”
“ငါတို့တွေက နောက်ဆိုရင် ဒီပိုက်ဆံတွေ ရဖို့ အလျင်မလိုတော့ပါဘူး။ နင်က ဒါကို ဖြည်းဖြည်းချင်း ပြန်ဆက်လို့ရပါတယ်။ နင် အဆင်ပြေရင် ရပါတယ်”
ကျန်းချီမင်သည် နားထောင်လာလေလေ တစ်ခုခုလွဲနေသလိုခံစားရလေလေ ဖြစ်နေ၏။
“ကျွန်တော်က ဘယ်တုန်းက ခင်ဗျားတို့ဆီက ငွေချေးဖူးလို့လဲ။ ခင်ဗျားက ကျွန်တော်တို့အတွက် အိမ်တစ်လုံး ဝယ်ပေးခဲ့တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ”
“ငါ သိသားပဲ” ဟွမ်ရှောင်ကျွင်းက ဒေါသတကြီး ပြောလိုက်၏။ “မင်းက ဒီအခွင့်အရေးကို အသုံးချပြီး ရှောင်ကျွမ်းကို ကွာရှင်းပြီးတော့ ယွမ် ၄ သောင်းကို ဖျောက်ဖို့ကြိုးစားနေတာပဲ ဟုတ်တယ်မလား။ ကျန်းချီမင် မင်းက အရမ်းကို တွက်ချက်တက်နေပါလား”
ကျန်းချီမင်၏မျက်နှာသည် ဖြူဆုတ်သွားတော့သည်။
“ဘာ ယွမ် ၄ သောင်းလဲ။ ယွမ် ၄ သောင်းက ဘယ်ကနေရောက်လာတာလဲ”
“ဒါပေါ့ မင်း အိမ်ဝယ်ဖို့ ငါတို့ဆီက ချေးသွားတဲ့ ယွမ် ၄ သောင်း လေ”
ဟွမ်ရှောင်ကျွင်း ၏မျက်လုံးများသည် ပြူးကျယ်နေလေသည်။
“မင်းက ငါတို့ဆီက ငွေမချေးခဲ့လို့လား။ မင်းက အဲဒီတုန်းက စက်ရုံကိုဝင်ခါစပဲ ရှိသေးတယ်လေ။ ဒီလောက်အိမ်အကြီးကြီးဝယ်ဖို့ ဘယ်ကနေ ငွေရမှာလဲ”
“မဟုတ်မှလွဲရော ရှချွန်းရဲ့လျော်ကြေးငွေကို သုံးထားတာလား”
“တော်စမ်း”
ကျန်းချီမင်၏ မျက်လုံးများသည် ရုတ်တရက်ဆိုသလို သွေးကြောအနီများ ထောင်တက်လာတော့သည်။ သူသည် ဟွမ်ရှောင်ကျွင်းကို ဝါးစားလုမတတ် စိုက်ကြည့်လိုက်လေသည်။ “ဘာလျော်ကြေးငွေမှ မရှိဘူး”
ရှမြန်က ရှောင်ဖုန်းကို ဘာမှမပြောဘဲ ဖက်ထားပြီး လုံခြုံသည့်နေရာတစ်ခုသို့ ပြန်ဆုတ်နေလိုက်သည်။
နဉ်ရှောက်ယွင်ကလည်း ချန်းချန်းကို အဝေးသို့ခေါ်သွားပြီး အားလုံးကလည်း အနီးအနားတွင် ပုန်းအောင်းနေကာ နားများကို စွင့်ထားလိုက်တာသည်။
“ဟုတ်တယ် လျော်ကြေးငွေ မရှိဘူး”
ဟွမ်ရှောင်ကျွင်းက စာရွက်တစ်ရွက်ကို ထုတ်လာကာ “ဒီတော့ ဒါက မင်း ငါတို့မိသားစုဆီက ချေးထားတဲ့ဟာလေ။ ဒီမှာ အကြွေးစာချုပ် ငါ မင်းကို ပြောလိုက်မယ်။ မင်းငြင်းဖို့ မကြိုးစားနဲ့”
ကျန်းချီမင်သည် လက်သီးများကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး သွေးကြောများက သူ့နဖူးပေါ်တွင် ထောင်တက်လာတော့သည်။ သူသည် ငွေညှစ်ခံနေရမှန်း သိလိုက်တော့သည်...
အဲဒီငတုံးမ ဟွမ်ရှောင်ကျွမ်းက သူ့နောက်ကွယ်မှာ အကြွေးစာချုပ်တစ်ခုကို တကယ်ပဲ ရေးခဲ့တာတဲ့။
ဟွမ်ရှောင်ကျွမ်း၏အမေကလည်း ဆက်ပြီးငိုယိုပြီး တောင်းပန်လေသည်။
“ချီမင်ရယ် ရှောင်ကျွမ်းကို အပြင်ထုတ်လာဖို့ ရှမြန်ကို ကတိပေးလိုက်ပါ။ နင် သူ့ကို အပြင်ထုတ်လာပေးရင် ငါတို့ငွေတွေကိုလည်း ဖြည်းဖြည်းချင်း ပြန်ဆပ်လို့ရပါတယ်။ ငါတို့တွေက ဒါကိုတောင်းဖို့ အလျင်မလိုတော့ပါဘူး...“
ဟွမ်ရှောင်ကျွင်းကလည်း သူ့လေသံကို လျှော့ချထားလိုက်၏။ “ဟုတ်တယ် ရှောင်ဖုန်းက သူ့အိမ်ထောင်စုဇယားကို သူ့အဒေါ်ဆီ ဒီအတိုင်း ပြောင်းလိုက်တာပဲ။ သားအဖဆက်ဆံရေးကို ဖြတ်တောက်လိုက်တာမှ မဟုတ်တာ”
“အခုအချိန် မင်းက ကလေးကို အိမ်မှာပဲထားခဲ့မယ်ဆိုရင်လည်း မင်းက သူ့အတွက် စိုးရိမ်နေပေးရဦးမယ်။ မင်းရဲ့ဘဝကလည်း ခက်ခဲလာလိမ့်မယ်။ ကလေးကြီးလာတဲ့အခါကျရင် မင်းက သူ့ကိုပြန်ခေါ်ချင်တယ်ဆိုရင်လည်း အတူတူပါပဲ”
ကျန်းချီမင်မှာ ဒီကိစ္စကိုငြင်းဆန်ဖို့ရန် နည်းလမ်းမရှိတော့ချေ။ သူသည် အကြွေးစာချုပ်ကို အသိအမှတ် မပြုခဲ့လျှင် ဟွမ်မိသားစုက ငွေရလာသည့်ဇာစ်မြစ်ကို သူ့အား အတင်းဖော်ထုတ်ခိုင်းတော့မည်ကို သိနေသည်။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ဟွမ်မိသားစုကို အရင်ဆုံးစိတ်အေးသွားအောင် ပြောလိုက်၏။
“ဒီကိစ္စကို ကျွန်တော် စဉ်းစားပါရစေဦး...“
“ဒီကိစ္စက ဘာတွေ အဲ့ဒီလောက် ကောင်းနေလို့လဲ”
ဟွမ်ရှောင်ကျွမ်း၏ အမေက ဒေါသထွက်သွားသည်။ “ဒါက ကလေးကို အိမ်ထောင်စုဇယား လွှဲပြောင်းပေးတာပဲ။ နင်က ဘာဆင်ခြေတွေရှာနေတာလဲ။ နင်က ဉာဏ်နီဉာဏ်နက်တွေသုံးဖို့ စဉ်းစားနေတာလား”
ဟွမ်ရှောင်ကျွင်းက သူ့အမေ၏ ရှေ့သို့ဆက်တက်ရန် အချက်ပြနေသည့်အပြောင်းအလဲကို မြင်လိုက်သည်တွင် သူကလည်း အနုနည်းမှ အကြမ်းနည်းသို့ ပြောင်းလဲလေသည်။
သူက ဒေါသတကြီး ပြောလိုက်လေသည်။
“မင်းက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ငါ သိသားပဲ။ ငါ့ညီမက မြို့သူတစ်ယောက်။ မင်းလို တောသားတစ်ယောက် မြူဆွယ်တာ ခံလိုက်ရတာ”
“မင်းက ငါတို့တွေအပေါ် အခွင့်ကောင်းယူခဲ့တာ။ အခုကျတော့ မင်းက မင်းရဲ့စကားကို ပြန်ရုတ်သိမ်းချင်တယ်ပေါ့။ ငါ မင်းကို ပြောလိုက်မယ် ကျန်းချီမင်။ လုံးဝမရဘူး”
“တကယ်လို့ ငါ့ညီမ ဒီတစ်ကြိမ် မထွက်လာနိုင်ဘူးဆိုရင် မင်း မင်မြို့မှာ ဆက်နေမဲ့ကိစ္စကို မေ့ထားလိုက်တော့”
သူသည် ကိုယ်ကိုလှည့်ကာ သူ့ပတ်ဝန်းကျင်မှလူများကို မေးမြန်းလေသည်။
“ခင်ဗျားတို့ ဟွားကန်းအလုပ်သမားသမဂ္ဂ ဘယ်နားမှာလဲ။ စက်ရုံက ပုဂ္ဂိုလ်ရေးကိစ္စ အရှုပ်အရှင်းတွေကို ဖြေရှင်းပေးလားဆိုတာ ကျုပ် သွားမေးချင်လို့”
ကျန်းချီမင်သည် ရုတ်တရက် အမျက်ခြောင်းခြောင်း ထွက်လာတော့သည်။
“ငါ ဒီကိစ္စကို စဉ်းစားဖို့လိုသေးတယ်လို့ ပြောနေတယ်လေ”
သူသည် ရှေ့သို့တစ်လှမ်းတက်လာပြီး ဟွမ်ရှောင်ကျွင်းကို ကော်လံမှနေ၍ ဖမ်းဆုပ်ထားလိုက်ပြီး မျက်နှာက ကြောက်မက်ဖွယ်ရာအပြည့် ဖြစ်နေလေသည်။
“မင်းတို့ နောက်တစ်နေ့ စောင့်ရင်စောင့်။ မဟုတ်ရင် ငါ ဒီနေ့ပဲ ဟွမ်ရှောင်ကျွမ်းကို ကွာရှင်းရလိမ့်မယ်”
ဟွမ်ရှောင်ကျွင်းသည် သူ၏ရုပ်ရည်ကြောင့် အထိတ်တလန့် ဖြစ်သွားတော့သည်။ ဟွမ်ရှောင်ကျွမ်း၏ အမေကလည်း သူ့ကို အတင်းကာရော မတိုက်တွန်းရဲတော့ချေ။ ရှိုက်ငိုရင်းသာ ပြောလိုက်၏။
“ကောင်းပြီလေ၊ ဒါက နင့်အတွက် မလွယ်ဘူးဆိုတာ ငါတို့ သိပါတယ်”
“ဒါဆိုရင် ငါတို့တွေ နင့်ကို နောက်ထပ်တစ်ရက် စောင့်ပေးမယ်။ နင်မနက်ဖြန်တော့ ငါတို့တွေကို ဖြေရှင်းချက်တစ်ခု ပေးမှဖြစ်မယ်။ ငွေ ၄ သောင်း ကို ချက်ချင်း ပြန်ပေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ရှောင်ကျွမ်းကို ချက်ချင်း ပြန်ထုတ်ပေးတာပဲဖြစ်ဖြစ်ပေါ့”
ဟွမ်မိသားစုက သားအမိ၂ယောက် ပြန်သွားပြီးနောက်တွင် ကျန်းချီမင်က ကိုယ်ကိုလှည့်ကာ ရှမြန်ကို စိုက်ကြည့်လိုက်ပြီး ဝမ်းနည်းပြီး ဆုံးဖြတ်ချက်ပြတ်သားသည့်ရုပ်ဖြင့် ပြောလိုက်လေသည်။
“ရှမြန် သေချာနားထောင်၊ ငါက ရှောင်ဖုန်းကို ဘယ်သူ့ဆီကိုမှ ထည့်ပေးမှာ မဟုတ်ဘူး။ ဒါက ငါ့အတွက် မင်းအစ်မရဲ့နောက်ဆုံးဆန္ဒပဲ”
ဒီစကားက သူ့ကိုနားချဖို့ ကြိုးစားနေသူအားလုံး၏ ပါးစပ်များကို ပိတ်ထားလိုက်လေတော့သည်။
သို့သော် ရှမြန်ကတော့ ရွံရှာမိသွား၏။ သူမက ရှောင်ဖုန်းကို တင်းနေအောင် ဖက်ထားလိုက်ပြီး ပြန်ချေပလိုက်သည်။
“ဒါဆိုရင် ရှင်က ရှင့်ရဲ့အချစ်သစ်လေးကို ကလေးကို နှိပ်စက်ခွင့်ပေးထားတာကလည်း ရှင့်ရဲ့ဘနောက်ဆုံးအတွေးပေါ့လေ ဟုတ်လား”
“ကျွန်မကို အမှန်အတိုင်း ပြောစမ်းပါ။ ကျွန်မရဲ့အစ်မက ဟွမ်ရှောင်ကျွမ်းနဲ့ရှင်တို့ရဲ့ လှပတဲ့အချစ်ဇာတ်လမ်းကို နှောင့်ယှက်ခဲ့မိလို့ ရှင်က သူ့အတွက် ရှောင်ဖုန်းကို ဒုက္ခခံခိုင်းထားတယ်ပေါ့။ ဒါမှ ရှင်က ရှင့်ရဲ့ဒေါသတွေကို ဖွင့်ချနိုင်မယ်ပေါ့”
“ကျွန်မ ရှင့်ကို အရင်ကတည်းက ပြောထားခဲ့ပြီးသား။ ချစ်ခင်ပြီး မြတ်နိုးအလေးထားပါတယ်ဆိုတဲ့ ဂုဏ်သိက္ခာကို ဖန်တီးဖို့ ရှောင်ဖုန်းနဲ့ ကျွန်မအစ်မကို အသုံးမချနဲ့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျွန်မ ရှင့်ကို အသက်ရှင်ရက်နဲ့ အရေခွံခွာပစ်မယ်”
ကျန်းချီမင်သည် ပွဲကြည့်နေကြသည့် အိမ်နီးချင်းများ၏ လှောင်ပြောင်နေသည့် မျက်နှာထားများကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ဘာတစ်ခွန်းမှမပြောတော့ဘဲ အပေါ်ထပ်သို့ တက်သွားတော့သည်။
ရှမြန်က အော်ပြောလိုက်၏။ “ရှင်ကအိမ်ထောင်စုစာရင်းကို မလွှဲပြောင်းပေးချင်ဘူးဆိုလည်း ရပါတယ်။ ကျွန်မအစ်မရဲ့လျော်ကြေးငွေကနေ ရထားတဲ့အရာအားလုံးကို ရှောင်ဖုန်းကို ပေးမှာလား”
ကျန်းချီမင်သည် ရုတ်တရက် ခေါင်းပြန်လှည့်လာပြီး သူ့မျက်လုံးများထဲတွင် ယုတ်မာကောက်ကျစ်မှုအပြည့် ပါနေကာ “ငါပြောပြီးပြီ ဘာလျော်ကြေးငွေမှ မရှိဘူး”
ရှမြန်ကလည်း အားနည်းချက်လုံးဝမပြဘဲ ဒေါသတကြီးဝါးစားမတတ် ပြန်စိုက်ကြည့်လေသည်။
“ရှင် ငွေကို ဘယ်ကရခဲ့တာလဲ။ ရှင်က ငွေကို ဟွမ်မိသားစုဆီကနေ တကယ်ပဲချေးငှားခဲ့တာလား”
ကျန်းချီမင်၏ စိတ်ခံစားချက်များသည် ရုတ်တရက်တည်ငြိမ်သွားပြီး ငြင်းခုံနေသည်ကို ရပ်တန့်လိုက်လေသည်။ သူသည် သူ၏နှုတ်ခမ်းများကို လုံးဝမသိမသာ ကွေးထားလိုက်ပြီး ကိုယ်ကို ပြန်လှည့်ကာ အပေါ်ထပ်သို့တက်သွားတော့သည်။
သူမ၏ရင်ထဲတွင် အေးစိမ့်စိမ့်ခံစားချက်တစ်ခု ဖြစ်သွားတော့သည်။ ဒီလူယုတ်မာက ငါ့ကို သတ်ချင်နေတာတော့ မဟုတ်ဘူးမလား။
ရပါတယ်လေ။ သူ ဒီကိစ္စကို စဉ်းပဲစဉ်းစားနိုင်တာပါ။
ရှမြန်က ကိုယ့်ဟာကိုယ် အားပေးလိုက်၏။
အခုက သူက ဟွမ်မိသားစုကိစ္စကိုပဲ အရင်ဆုံးဂရုစိုက်သင့်တာလေ။
ဟွမ်မိသားစုက ဒီလောက်များပြားတဲ့ငွေကို ထုတ်ပြောခဲ့တာပဲ။ ကျန်းချီမင်က သူရဲ့လျှို့ဝှက်ပိုင်ဆိုင်မှုတွေကို သွားပြီးတော့ စစ်ဆေးပါလိမ့်မယ်...
ဟဲဟဲ...
...
ရှမြန်၏ ခန့်မှန်းချက်က မှန်ကန်သွားသည်။ သူတို့သည် ဆိုဖာပေါ်တွင် ထိုင်ရုံသာ ရှိသေးသည်။
ဆရာမမီ၏ အိမ်တံခါးသည် ဝုန်းခနဲ တွန်းဖွင့်ခံလိုက်ရပြီး
ကျန်းချီမင်သည် အမောတကော ဖြစ်နေပြီး ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ သူက ရှမြန်ကိုစိုက်ကြည့်လိုက်ပြီး အော်ဟစ်ပြောလုမတတ် ဖြစ်သွားလေသည်။
“ရှောင်ဖုန်း သူ့ပစ္စည်းတွေ ထည့်ထားတဲ့ မြွေရေခွံအိတ် ဘယ်ရောက်သွားလဲ”
ရှမြန်က မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။ “မြွေရေခွံအိတ် ဟုတ်လား၊ ရှောင်ဖုန်းမှာလည်း မြွေရေခွံအိတ်တစ်လုံး ရှိတာလား”
“ရှောင်ဖုန်း”
ကျန်းချီမင်က နီရဲနေသည့်မျက်လုံးများဖြင့် ရှောင်ဖုန်းကို ကြည့်လိုက်သည်။ သူ့အသံက အလွန်မှ စူးရှနေလေရာ သူသည် တစ်စုံတစ်ရာကို သတ်ချင်နေသလိုပင်။
“သားကိုယ်တိုင်ပြောစမ်း၊ သားရဲ့ပစ္စည်းတွေ ဘယ်မှာလဲ”
“မင်းရဲ့ပစ္စည်းတွေကို ကာကွယ်ပါလို့ ငါ မပြောထားဘူးလား”
ရှောင်ဖုန်းသည် အလွန်မှ အထိတ်တလန့် ဖြစ်သွားပြီး တုန်တုန်ယင်ယင်ဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အေးခဲသွားတော့သည်။
ဆရာမမီနှင့် အင်ဂျင်နီယာချန်းတို့က မျက်မှောင်ကြုတ်ထားလိုက်သည်။ နဉ်ရှောက်ယွင်က ချန်းချန်းကို သူမ၏ရင်ခွင်ထဲတွင် မြန်မြန်ဆွဲပွေ့ထားလိုက်သည်။ ဆရာမမီက မေးလိုက်၏။
“ရှောင်ကျန်း နင် ဘာတွေလုပ်နေတာလဲ”
ရှမြန်က ရှောင်ဖုန်းကို သူမ၏ရင်ခွင်ထဲတွင် ဆွဲဖက်ထားလိုက်ပြီး ကျန်းချီမင်ကို ဒေါသတကြီး ပြောလိုက်သည်။
“ရှင်က အရမ်းရယ်စရာကောင်းတာပဲ၊ ရှောင်ဖုန်းမှာ သူ ကာကွယ်ပေးရမဲ့ ပစ္စည်းတစ်ခုခုရှိတယ်ဆိုတာ ကျွန်မ ပထမဦးဆုံးအကြိမ် ကြားဖူးတာပဲ။ သူက သူ့ဟာသူတောင်မှ မကာကွယ်နိုင်ဘဲနဲ့”
“တိတ်စမ်း”
ကျန်းချီမင်သည် အသိစိတ် ပျောက်ဆုံးသွားပြီး ရှောင်ဖုန်းကို လှမ်းဆွဲဖို့ ရှေ့သို့လျှောက်လာလေသည်။
ဆရာမမီသည် သူက စိတ်အခြေအနေ မကောင်းသည်ကို တွေ့လိုက်သည်တွင် အလောတကြီး မေးမြန်းလိုက်၏။
“အညိုရောင် မြွေရေခွံအိတ်လား”
ကျန်းချီမင်သည် ခဏလောက်တုံ့ဆိုင်းသွားပြီး ရှောင်ဖုန်းကို အာရုံစိုက်နေသည်ကို ရပ်တန့်လိုက်၏။ သူက ဆရာမမီကို စိုးရိမ်တကြီးကြည့်ကာ မေးလိုက်လေသည်။
“ဆရာမမီက တွေ့ခဲ့လို့လား။ ဘယ်နားမှာလဲ”
“ရှောင်ကျွမ်းက ယူထွက်လာပြီးတော့ ဟိုနေ့ကပဲ လွှင့်ပစ်လိုက်တယ်လေ” ဆရာမမီက ပြောလိုက်သည်။
“သူ ဘယ်နားကို လွှင့်ပစ်လိုက်တာလဲ”
ကျန်းချီမင်သည် အလွန်မှ မောဟိုက်သွားတော့သည်။ သူ့မျက်နှာက ကြောက်ရွံ့စရာ ကောင်းနေသော်လည်း မျှော်လင့်ချက် အရိပ်တစ်ခုရှိနေကာ သူ့ပိုင်ဆိုင်မှု အရာအားလုံးကို လောင်းထားရသည့် လောင်းကစားသမားတစ်ယောက်လို သူ့စိတ်တို့ကလည်း တဖြည်းဖြည်းနှင့် ဝေဝါးသွားလေသည်။
“တိုက်ခန်းနားက ဟိုနားမှာထားတဲ့ အမှိုက်ပုံးနားမှာလေ”
ဆရာမမီ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ကျန်းချီမင်သည် တံခါးဝမှ ပျောက်ကွယ်သွားလေသည်။
ချန်းချန်းက မျက်မှောင်ကြုတ်လိုက်၏။
“အဲဒီဦးလေးက အရမ်းကြောက်စရာကောင်းတာပဲ။ သူက ရူးသွားတာလား”
နဉ်ရှောက်ယွင်က သူ့ခေါင်းလေးကို သပ်ပေးလိုက်ကာပြောလိုက်၏။
“နောက်ဆိုရင် သူနဲ့ဝေးဝေးနေနော်”
ရှမြန်က ရှောင်ဖုန်း၏ကျောလေးကို အထပ်ထပ်ပွတ်သပ်ပေးလိုက်ပြီး
“မကြောက်နဲ့နော် မကြောက်နဲ့။ အန်တီက သားကို သေချာပေါက် ကာကွယ်ပေးမယ်လို့ ပြောထားတယ်လေ”
ရှောင်ဖုန်းသည် သူ့လက်မောင်းလေးကို ဆွဲဆန့်လိုက်ပြီး
“အန်တီလေး”
ရှမြန်က သူ့နဖူးလေးကို အနမ်းပေးလိုက်ပြီး သူမ၏စိတ်ထဲတွင် ကျန်းချီမင်ကို တေးမှတ်ထားလိုက်တော့သည်။ ငါ အဲဒီတိရစ္ဆာန်ကို အလွယ်တကူ လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး။
...
ဘာမှမရှိသည်ထက် ပိုပြီးကြောက်စရာကောင်းသည့်အရာမှာ ပစ္စည်းတစ်ခုကို ရနိုင်တော့မည့်အချိန်တွင် အကြောင်းအရင်းမရှိဘဲ ဆုံးရှုံးလိုက်ရခြင်းပင်။
ကျန်းချီမင်သည် တွေးတောဆင်ခြင်တတ်သည့် သူတစ်ယောက် ဖြစ်သော်ငြားလည်း သူသည် ဒီအခိုက်အတန့်တွင် ရူးသွပ်တော့မတတ်ပင်။ သူသည် တိုက်ခန်းတံခါးနားက အမှိုက်ပုံးကို တွန်းလှဲလိုက်ပြီး စတင်ရှာဖွေတော့သည်။
အိမ်နီးချင်းအသိများက ဖြတ်သွားဖြတ်လာလုပ်ကြစဉ်တွင် သူတို့သည် သေချာပေါက် မေးမြန်းကြပေလိမ့်မည်။
“ဘာပျောက်သွားလို့လဲ”
“ရှောင်ဖုန်းရဲ့ မြွေအရေခွံအိတ်လေ” ကျန်းချီမင်သည် ဒါကို လူတိုင်းက မြင်တွေ့ပါစေဟု မျှော်လင့်နေလေသည်။
အမှန်ပင် လူတော်တော်များများက မြင်ခဲ့ကြသည်။ ရက်တော်တော်ကြာအောင် ကုန်ဆုံးသွားသော်ငြားလည်း ဟွမ်ရှောင်ကျွမ်းသည် သူမ ပြန်လာချိန်တွင် အလွန်မှ ရှက်ရွံ့နေသည့်ဟန် ဖြစ်နေ၏။ မြွေရေခွံအိတ်တစ်ခုကြောင့် သူမ ပြိုလဲသွားသည့်ပုံစံသည် လူများ၏မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ် ဖြစ်နေသေးသည်။
“ဘယ်လိုအကောင်တွေ ပါတဲ့ပစ္စည်းမလို့ လူတွေကို အဲ့လောက်တောင် အလန့်တကြားဖြစ်အောင် လုပ်နိုင်တာလဲ။ ငါတို့တွေက ဒါကို ဆန်၊ဂျုံ ဒါမှမဟုတ်တစ်ခုခု လို့ထင်ထားခဲ့တာ။ ရှောင်ဖုန်းရဲ့ပစ္စည်း ဖြစ်နေမယ်လို့တောင် ထင်မထားခဲ့ဘူး...“ တစ်စုံတစ်ယောက်က သရော်ကာပြောလေသည်။
တစ်စုံတစ်ယောက်က မေးလိုက်၏။ “တစ်ပတ်နီးပါးတောင် ရှိနေပြီပဲ။ အမှိုက်ကားက ဒီကို(၂)ခါတောင် လာပြီးသွားပြီ။ အဲဒါကို ဒီမှာ လာပစ်သွားတယ်ဆိုရင်တောင် ပစ္စည်းက အစောကြီးကတည်းက ရှိတော့မှာ မဟုတ်ဘူး။ မြွေရေခွံအိတ်ထဲမှာ ဘာတွေပါလို့လဲ”
အားလုံးပေါ့။ သူ့ရဲ့အနာဂတ်ကြွယ်ဝချမ်းသာမှုတွေ။
အောင်မြင်မှု မရဘဲ အမှိုက်ပုံးကို ရှာဖွေပြီးနောက်တွင် ကျန်းချီမင်သည် အမှိုက်စွန့်ပစ်သည့်နေရာကို အလောတကြီး မေးမြန်းပြီး ပျောက်ကွယ်သွားလေသည်။
ကျန်းချီမင်သည် ၂ ရက်လောက်ပေါ်မလာသလို အလုပ်လည်း မသွားခဲ့ချေ။ အလုပ်ရုံဒါရိုက်တာကပင် သူ့အိမ်သို့ ရောက်လာပြီး သူ့ကို လာရှာရလေသည်။ သူသည် ကျန်းချီမင်ကို အလွန်မှ စိတ်ပျက်နေသည်မှာ သိသာလေသည်။ ရလဒ်အနေဖြင့် သူသည် အလုပ်ကို ဆုံးရှုံးရနိုင်ပြီး ရာထူးတိုးဖို့ဆိုလျှင်တော့ ပြောနေရန်ပင် မလိုချေ။
သူ တစ်ဖန်ပြန်ပေါ်လာသည့်အချိန်တွင် လူအများစုမှာ သူ့ကိုပင် မမှတ်မိနိုင်တော့ချေ။ သူသည် သူတောင်းစားတစ်ယောက်လို ညစ်ပတ်ပေရေနေပြီး နံစော်နေကာ မျက်လုံးများကလည်း နီရဲနေပြီး အချိန်မရွေး ထကိုက်တော့မည့် ခွေးရူးတစ်ကောင်လို လူများကို ကြည့်နေလေသည်။
အိမ်နီးချင်းများကပင် သူ့ကို မနှုတ်ဆက်ရဲကြချေ။
ရက်တော်တော်ကြာအောင် အလည်လာခဲ့သည့် ဟွမ်သားအမိကလည်း အထိတ်တလန့် ဖြစ်သွားတော့သည်။ ဟွမ်အမေက တအံ့တဩ ပြောလိုက်၏။ “သမက်ရယ် နင် ဘာတွေလုပ်နေတာ...“
ကျန်းချီမင်သည် အံ့သြစရာကောင်းလောက်အောင်ပင် တည်ငြိမ်နေသည်။ “ကျွန်တော် ဒါကို ထုပ်ပိုးရဦးမယ်”
လူကို နှစ်ရက်လောက် ရှာမတွေ့နိုင်သဖြင့် ဒေါသထွက်မည်ပြင်နေသည့် ဟွမ်ရှောင်ကျွင်းသည် ဘာထပ်ပြောရမည် မသိဖြစ်သွားတော့သည်။
ကျန်းချီမင်က ခရီးဆောင်အိတ်ကို သယ်ထားသည့် ရှမြန်ကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်နေသည့်လေသံတစ်ခုဖြင့် မေးလိုက်သည်။
“နင် ဘယ်သွားမလို့လဲ”
ရှမြန်က ပြောလိုက်သည်။ “ရှောင်ဖုန်းနဲ့ ကျွန်မ အပြင်ကို ပြောင်းနေမလို့။ နောက်ဆို ဒါက ကျွန်မရဲ့နာမည်ကို ထိခိုက်မှာစိုးရိမ်ရတယ်လေ”
ကျန်းချီမင် ထွက်သွားပြီးနောက်တွင် ရှမြန်သည် ပြောင်းရွှေ့ဖို့ရန် အိမ်တစ်လုံး ရှာခဲ့လေသည်။ သို့သော်ငြားလည်း ဒီနေ့ခေတ်အခါ ဒီလိုမြို့တွင် အိမ်ငှားကြသည့်လူများက လက်ချိုးရေလို့ရသည်။ ရှမြန်သည် ၂ရက်အတွင်းတွင် သင့်တော်သည့်အိမ်တစ်လုံးကို ရှာမတွေ့ခဲ့ချေ။
ကျန်းချီမင်က ဒီနေ့ပြန်ရောက်လာသည်။ ထိုကြောင့် သူမနှင့်ရှောင်ဖုန်းတို့က ဆရာမမီ၏အိမ်တွင် ယာယီနေထိုင်ရလိမ့်မည်။ မည်သို့ဆိုစေ အရင်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများကြောင့် အားလုံးက နားလည်နိုင်ပေးလိမ့်မည်။
တံဆိပ်ခေါင်းများ ပျောက်သွားခဲ့ခြင်းက သူ့ကိုကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်သွားဟန်တူသည်။ ကျန်းချီမင်သည် ရှမြန်၏စကားကို လုံးဝ ဂရုမစိုက်တော့ချေ။ သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သေးသည်။
“လိုက်ခဲ့၊ ဒီကိစ္စကိုဆွေးနွေးရအောင်။ နင် ပြောတဲ့စကားတွေကို ငါ လက်ခံပေးမယ်”
ရှမြန်သည် ကျန်းချီမင်၏ ခန္ဓာကိုယ်ထဲက ဖုံးကွယ်နေသည့်ရူးသွပ်မှုကို ခံစားမိလေသည်။ ထို့ကြောင့် သူမက ပို၍ သတိရှိလာတော့သည်။
ထိုနေ့တွင် ကျန်းချီမင်သည် စကားပြောရသည်မှာ အလွန်မှလွယ်ကူနေပြီး ဟွမ်ရှောင်ကျွင်း တောင်းဆိုသမျှအားလုံးကို လက်ခံပေးလေသည်။ ဟွမ်ရှောင်ကျွမ်းကို ထုတ်ပေးဖို့ရန် တန်ကြေးမည်မျှဖြစ်စေ ပေးချေဖို့ လိုလားနေသယောင်ပင်။
ရှမြန်ကတော့ ရှောင်ဖုန်း၏အိမ်ထောင်စုစာရင်းကို ပြောင်းရွှေ့ပေးဖို့သာ တောင်းဆိုလိုက်သည်။ သူသည် အခြေအနေကို အခွင့်ကောင်းမယူခဲ့ချေ။ သို့သော်ငြားလည်း ကျန်းချီမင်၏ မျက်လုံးထဲက မကြာခဏအကြည့်များသည် လူကို ခြောက်လှန့်စေလေသည်။
ကံအားလျော်စွာ သူတို့သည် အောင်မြင်ခဲ့ကြပြီး ကျန်းချီမင်က စိတ်ပြေလျော့သွားပြီး ကိစ္စရပ်များကလည်း အလွန်မှချောမွေ့သွားသည်။
တံဆိပ်ခေါင်းအယ်လ်ဘမ်ကြောင့် ဆိုတာ ဖြစ်နိုင်သည်။
ဟွမ်ရှောင်ကျွမ်းသည် ကျန်းချီမင်၏ နံပါတ်တစ်ရန်သူဖြစ်လာတော့သည်။
အထူးသဖြင့် ဟွမ်အမေနှင့် ဟွမ်ရှောင်ကျွင်းတို့က အကြွေး ယွမ် ၄ သောင်းကို ဆက်တိုက် ထုတ်ပြောနေသည်တွင် ကျန်းချီမင်သည် အမုန်းတရားများဖြင့် ပြည့်နှက်လာပြီး ရှောင်ဖုန်း၏ ကိစ္စကိုပင် စိတ်ဝင်စားဖို့ အချိန်မရတော့ချေ။
ရှမြန်သည် ကြိတ်ကာသက်ပြင်းချမိ၏။ ထို့နောက်တွင် ဟွမ်ရှောင်ကျွမ်းအတွက် အနည်းငယ် ကိုယ်ချင်းစာမိသွားလေသည်။ ကျန်းချီမင်၏ ရက်စက်မှု၊ ဖောက်ပြန်မှုနှင့် အနာဂတ်အတွက် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသည့်ကိစ္စကို ထောက်ချင့်ကြည့်လျှင် ဟွမ်ရှောင်ကျွမ်းသည် သူမ၏ ကျန်သည့်တစ်ဘဝလုံး ခက်ခဲသည့်အချိန်တစ်ခုကို ပိုင်ဆိုင်ရတော့မည်။
သို့သော်ငြားလည်း သူမသည် ကျန်းချီမင်က မည်မျှကြောက်စရာကောင်းသည်ကို သူမ လျှော့တွက်ခဲ့မိမှန်း မကြာခင်သိရှိလိုက်ရလေသည်။
တံဆိပ်ခေါင်းက ပျောက်ကွယ်သွားခဲ့ပြီးနောက်တွင် ကျန်းချီမင်သည် လုံးဝ ငွေပြတ်လပ်သွားတော့သည်။ အရင်က ရှမြန်၏မိသားစုကို ငွေများပေးရာတွင် အင်မတန်မှ ရက်ရောခဲ့သည်။ သို့သော်ငြားလည်း ယခုတော့ သူသည် ထိုငွေများကို ပြန်တောင်းရန် အဆင်သင့် ဖြစ်နေဟန်တူသည်။
သူက ငွေကို တိုက်ရိုက်မတောင်းဆိုခဲ့သော်ငြားလည်း ထိုသို့ပြောလိုက်၏။
“ရှောင်ဖုန်းရဲ့ အိမ်ထောင်စုစာရင်းကို လွှဲပြောင်းပေးဖို့ အကူအညီအတွက် လူတစ်ယောက် သွားရှာဖို့လိုတယ်။ ငါ အစ်ကိုကောင်းကို ညနေစာအတွက် အိမ်မှာ ဖိတ်ကြားချင်တယ်။ ကျေးဇူးပြုပြီးတော့ ငါ့အတွက် ဒါကို ကူညီပြီး စီစဉ်ပေးပါ”
သူသည် ရှမြန်ရှေ့တွင် ဟန်ဆောင်နေသည်ကို ရပ်တန့်လိုက်ပြီးပြောလိုက်၏။
“နင် ငါ့ဆီက ငွေတွေ အများကြီးရထားခဲ့တာပဲ။ နင်က ရှောင်ဖုန်းအတွက် အကူအညီ တောင်းတာဆိုတော့ နင်ကဒီကိစ္စကို တာဝန်ယူပေးတာက သဘာဝကျပါတယ်”
ရှမြန်ကလည်း အစကတည်းက သူ လိုချင်သည့်အရာတိုင်းကို လုပ်ခွင့်ပေးဖို့ ရည်ရွယ်ထားသည်။ သို့သော်ငြားလည်း သူက အစ်ကိုကောင်းဟု ပြောလိုက်သည်ကို ကြားလိုက်သည်တွင် သူမ၏စိတ်ကို ပြောင်းလဲလိုက်ပြီး ဘာမှမဖြစ်သလိုမေးလိုက်၏။
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရှင်သွားရှာခဲ့တဲ့လူလား။ သူက အရမ်းကို အာဏာရှိတာလား”
ကျန်းချီမင်၏ အမူအရာသည် အလွန်မှထူးဆန်းနေပြီး သူ့အပြုံးများထဲတွင် ပုန်းကွယ်နေသည့် ရူးသွပ်မှုတချို့ပါရှိသည်။
“ဒါပေါ့ အံ့သြစရာကောင်းတယ်။ အစ်ကိုကောင်းမှာ ဆက်သွယ်မှုကွန်ရက် အကြီးကြီးရှိတယ်လေ”
“ကောင်းပြီလေ ကျွန်မ ရှင့်အတွက် ဒါကို စီစဉ်ပေးပါမယ်” ရှမြန်က သဘောတူလိုက်၏။
မကြာခင်တွင် သူမသည် အလွန်မှစိတ်ဓာတ်တက်ကြွသည့် ကောင်းရုံဖန်းနှင့် တွေ့ဆုံခဲ့ရသည်။ သူသည် ပူပြင်းသည့်နေ့တစ်နေ့မှာပင် ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကိုဝတ်ဆင်ထားပြီး သင်္ဘောသားကေ ညှပ်ထားကာ နောက်ပိုင်းမျိုးဆက်များတွင် အာမခံအရောင်းစာရေး၏ အလွန်မှ ရှေးဆန်သည့်ပုံရိပ်တစ်ခုကို ပိုင်ဆိုင်ထားသည်။
ရှည်လျားကျဉ်းမြောင်းသည့် မျက်လုံးတစ်စုံက သူ တွေ့သမျှ လူတိုင်းကို ပြုံးပြနေရာ သူသည် ထိုလူနှင့်ပင် အလွန်မှ ရင်းနှီးနေသယောင်။ သူသည် ချင့်ချင့်ချိန်ချိန်အမူအရာတစ်ခုဖြင့် စကားပြောလေသည်။ လိုရင်းကိုပြောရလျှင် သူသည် လူများကို သက်သောင့်သက်သာ ရှိသလို ခံစားရအောင် လုပ်ပေးနိုင်သည်။
သူသည် ကျန်းအိမ်သို့ ရောက်လာချိန်တွင် သူ၏ချိုင်းကြားအောက်တွင် အနက်ရောင်လက်ဆွဲအိတ်တစ်ခုကို ညှပ်ထားသည်။ သူက ရှမြန်ကို တွေ့လိုက်သည့်အခါ အပြုံးတစ်ခုဖြင့် နှုတ်ဆက်ပြန်သည်။ “ဒါက ရှမြန်ပေါ့နော်၊ မင်းက တကယ်ပဲ ချစ်စရာကောင်းတဲ့ ကလေးမလေးပဲ”
ရှမြန်က ပြုံးပြလိုက်ပြီး သူတို့အတွက် အစားအသောက်ကို ထုတ်ပေးလိုက်၏။
“ကျွန်မခဲအိုက စိတ်အခြေအနေ မကောင်းဘူးနော်။ အစ်ကိုက ကျေးဇူးပြုပြီးတော့ သူ့ကို အဖော်လုပ်ပေးပါဦး”
ဟုတ်ပါသည်။ ရှမြန်က သူတို့အတွက် ကိုယ်တိုင်ချက်ပြုတ်ပေးလိမ့်မည် မဟုတ်ချေ။ သူမသည် စားသောက်ဆိုင်တစ်ဆိုင်သို့ သွားကာ အသင့်ချက်ပြုတ်ပြီးသား ဟင်းလျာအနည်းငယ်ကို ဝယ်လာပေးလိုက်သည်။ သို့သော်ငြားလည်း သူမက အကောင်းစားဝိုင်းပုလင်း(၂)ခုကိုတော့ ကိုယ်တိုင် ပြင်ဆင်ပေးလိုက်သည်။
ကောင်းရုံဖန်းက တောက်ပသည့်မျက်လုံးများဖြင့် စားပွဲပေါ်က Mount Tai တံဆိပ် ဝိုင်ပုလင်းကို ကြည့်လိုက်ပြီး
“ဟာ အစ်ကိုချီမင် အစ်ကို့မှာ ဒီစိတ်ကူး ရှိသေးတယ်လား”
ကျန်းချီမင်က ရှမြန်ကို ထင်မထားသလို လှမ်းကြည့်လိုက်၏။ ရှမြန်က ဒီတကြိမ်တွင် သူ သရုပ်ဆောင်နေသည်ကို မဖျက်ဆီးလိုက်ချေ။
“အောက်ထပ်က ဒေါက်တာနဥ်လေ ယန်မြို့ကပေါ့။ သူ့မှာ အဆက်အသွယ်တချို့ရှိတယ်တဲ့”
“ဒီတစ်ခါ ကျွန်မက အစ်ကိုကောင်းကို ကျွန်မအတွက် တစ်ခုခု လုပ်ပေးဖို့ တောင်းဆိုရမဲ့သူဆိုတော့ ကျွန်မက စိတ်ရင်းကိုပြရမယ်လေ”
ရှမြန်က ပြောရင်းဆိုရင်း ဝိုင်ပုလင်းအဖုံး(၂)ခုကို မြန်မြန်ဖွင့်ပေးလိုက်သည်။
“ဟာ ဟာ ဟာ “ ကောင်းရုံဖန်းက စိုးရိမ်တကြီးထအော်လေသည်။
“၁ ပုလင်းပဲဖွင့်လေ ၂ပုလင်းဖွင့်ထားတော့ အလကားတော့ ဖြစ်တော့မှာပဲ”
“အိုးး ဒီကလေးမလေးက ဒီအတိုင်းနားမလည်တာဘဲ”
ကောင်းရုံဖန်းသည် စိတ်ပျက်သွားတော့သည်။ သူသည် သူနှင့်အတူ တစ်ပုလင်းလောက် ယူပြန်လာနိုင်လျှင် သူပြန်ရောက်သည့်အချိန်တွင် လက်ဆောင်တစ်ခုအဖြစ် ပေးရန် တော်တော်လေး သင့်တော်လှသည်။
ကျန်းချီမင်ကလည်း အနည်းငယ် နာကျင်သွားဟန်တူသည်။ သို့သော်ငြားလည်း သူကတော့ အမြဲတမ်း ယဉ်ကျေးသည့်စကားကိုသာ ပြောတတ်သည်။
“ဖွင့်ထားပြီးပြီပဲလေ ဒါတွေက မင်းအတွက် အထူးတလည် လုပ်ပေးထားတာပဲ။ ညီလေးကောင်းရယ် ခေါင်းဆောင်တွေပဲ သောက်တဲ့ အကောင်းစားဝိုင်ကို သောက်လိုက်ကြတာပေါ့”
ဒီအချိန်တွင် သူတို့တတ်နိုင်သည်က ဒါသာရှိတော့သည်။
အကောင်းစား ဝိုင်သောက်ရန်အတွက် ကောင်းမွန်သည့်အကြောင်းပြချက်များ သေချာပေါက် ရှိရပေမည်။ ကောင်းရုံဖန်းသည် ဝိုင်ချစ်သူတစ်ယောက်ပင်။ ကျန်းချီမင်က နောက်ပိုင်းတွင် အများကြီး မသောက်မိအောင် ထိန်းချုပ်လာခဲ့သည်။ ထိုကြောင့် သူတို့နှစ်ယောက်သည် တစ်ခွက်ပြီး တစ်ခွက် သောက်လိုက်ကြပြီး စိတ်တိုင်းကျပျော်ပါးလိုက်ကြသည်။
ရှမြန်က အာရုံမစိုက်သည့်အချိန်ကို အခွင့်ကောင်းယူလိုက်ပြီး ဧည့်သည်အိပ်ရာခန်းထဲတွင် တိတ်တိတ်လေး ဝင်ပုန်းနေလိုက်၏။
ညပိုင်း၁၁နာရီထိုးခါနီးတွင် ရှမြန်သည် သူတို့သည် မူးရူးပြီး ဘာမှမပြောဘဲ ဘာသတင်းမှမရမှာကို စိုးရိမ်မိချိန်တွင် ကောင်းရုံဖန်းက နောက်ဆုံးတော့ အသုံးဝင်သည့် အကြောင်းအရာတစ်ခုကို ပြောလိုက်တော့သည်။
“အစ်ကိုက တကယ်ပဲ အစ်ကိုရဲ့ဟွမ်ရှောင်ကျွမ်းအတွက် အာမခံဝယ်ပေးချင်လို့လား”
ထိုသို့ ပြောလိုက်ပြီးနောက်တွင် သူက သူ့အသံကို အနည်းငယ်နှိမ့်လိုက်ကာ လှုံ့ဆော်နေသည့် လေသံတစ်ခုဖြင့် ပြောလိုက်၏။
“ဒီတစ်ခါပိုပြီးတော့ သင့်တော်တဲ့တစ်ခုရှိတယ်...“
ကျန်းချီမင်က မျက်နှာကို မဲ့ထားလိုက်ပြီး “ကောင်းတာပေါ့၊ အသင့်တော်ဆုံးတစ်ခုကိုသာ ရွေးလိုက်။ သူက ငါ့ကို ဒီလောက်ကြီးမားတဲ့ဆုံးရှုံးတွေ ပေးထားတာ။ ဒီတော့လည်း သူကလည်း ငါ့ကို နည်းနည်းလောက်တော့ ပြန်ပြီးအလျော်ပေးသင့်တာပေါ့။ ဟုတ်တယ်မလား”
နွေရာသီ ပူပြင်းလွန်းသည့်နေ့ရက် ဖြစ်သော်ငြားလည်း ရှမြန်သည် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ ကျန်းချီမင်က ဟွမ်ရှောင်ကျွမ်းကို တကယ်ပဲ သတ်ချင်နေတာတဲ့။
နောက်ဆုံးတွင် အပြင်ဘက်၌ လုံးဝလှုပ်ရှားမှု မရှိတော့သည့်အချိန်မှ ရှမြန်သည် ခြေဖျားထောက်ကာ ကျန်းအိမ်မှ ထွက်လာတော့သည်။
ဒီနေ့ခေတ်၏ညနှောင်းပိုင်းသည် နောက်ပိုင်းခေတ်များလို လင်းရှင်းနေအောင် မီးမထွန်းထားချေ။ မှောင်မဲနေသည့်ညထဲတွင် မိသားစုအိမ်ယာဝင်း၏ အဓိကလမ်းမပေါ်က လမ်းမီးတချို့ကသာ မိန်ပျပျအလင်းရောင်လေးကို ထောက်ပံထားသည်။
ရှမြန်သည် အောက်ထပ်သို့ ဆင်းလာချိန်တွင် ဆရာမမီ၏ အိမ်ပြတင်းပေါက်မှ ထွက်လာသည့် နွေးထွေးသည့် အဝါရောင်မီးတချို့ကို တွေ့လိုက်ရ၏။ လုံခြုံရေးတံခါးက နည်းနည်းလေး ဟထားသည်။ သူတို့သည် သူမ ပြန်အလာကို စောင့်နေသည်မှာ သိသာသည်။
သူမ၏နှလုံးသားထဲတွင် တိုးထွက်လာသည့် နွေးထွေးမှုက သူမ၏ တောင့်တင်းနေသည့် ခြေထောက်များကို တဖြည်းဖြည်းပိုပြီး ခံစားမိလာအောင် လုပ်ပေးလိုက်သည်။ သူမက တံခါးကို တိတ်တိတ်လေး ဖွင့်လိုက်ပြီးနောက်တွင် ဆိုဖာပေါ်တွင်ထိုင်နေသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုလူက ဆိုဖာပေါ်တွင် ဒီအတိုင်းနောက်ကိုမှီထားပြီး သူ့လက်ထဲကစာအုပ်ကို လှန်လှောနေလေသည်။ သူ၏သွယ်လျသည့်ပုံရိပ်ကို စားပွဲပေါ်ကမီးအိမ်၏ မှိန်ပျပျအလင်းရောင်လေးက အလင်းပေးထားကာ ခါတိုင်းလို ခပ်တန်းတန်း ကြမ်းတမ်းသည့်ပုံ မဖြစ်စေဘဲ ပိုပြီးသိမ်မွေ့နေစေလေသည်။
အသံကိုကြားလိုက်သည်တွင် သူက ခေါင်းမော့လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
“မင်း ပြန်လာပြီလား”
မျိုသိပ်ထားသည့်အသံက ညအမှောင်ထဲတွင် စိုးရိမ်စိတ်ကို လှစ်ပြနေပြီး ရှမြန်၏နှလုံးသားထဲက အေးစိမ့်စိမ့် နောက်ဆုံးခံစားချက်ကို ပျောက်ကွယ်သွားစေတော့သည်။
သူမက လျှောက်လာပြီး ဆိုဖာပေါ်တွင် ထိုင်ချလိုက်ကာ သူမတွေ့ရှိခဲ့ရသည့်အရာနှင့် ခန့်မှန်းချက်များကို နဥ်ရှောက်ပိုင်အား တိုးတိုးလေးပြောပြလိုက်သည်။
သူမက ဒီအကြောင်းကို ပြောနေချိန်တွင် သူမ၏သွားများမှာ သွားချင်းမရိုက်ဘဲမနေနိုင်အောင် ဖြစ်နေတော့သည်။
“ကျွန်မ ဘာလုပ်သင့်လဲ” ရှမြန်က မနေနိုင်ဘဲ မေးလိုက်တော့သည်။
“ကျန်းချီမင်က ဒါကိုလုပ်နေတုန်း ကျွန်မ ဖမ်းလို့ရမယ် ထင်တယ်”
နဥ်ရှောက်ပိုင်က မဲ့ရွဲ့လိုက်ပြီး “ဒီလိုအနာဂတ် မရှိတော့တဲ့လူတစ်ယောက်က ဒီလိုညစ်တီးညစ်ပတ် နည်းလမ်းတွေကိုပဲ စဉ်းစားတတ်မှာပေါ့။ သူက ဒီလောက် သိသိသာသာကြီး လုပ်ထားပြီးပြီဆိုတော့ ကျန်တာတွေက လွယ်ကူသွားပါပြီ”
“စိတ်မပူပါနဲ့ မနက်ဖြန်ကျရင် ဒီကိစ္စကို ဆက်လုပ်ပေးဖို့ ခရိုင်ပြည်သူ့လုံခြုံရေးဌာနကို ငါ မေးထားလိုက်မယ်”
နဥ်ရှောက်ပိုင်က ပျင်းရိပျင်းတွဲဖြင့်ထရပ်လိုက်ပြီး သူမ၏ဆံပင်လေးကို ဘာမှမဟုတ်သလိုဆွဲလိုက်ကာ
“သွားအိပ်တော့ ငါအိပ်ချင်နေပြီ”
သူက ဒီကိစ္စကို လုံးဝဘေးချိတ်ထားလိုက်သည်။ ရှမြန်ကတော့ သူမြင်တွေ့ခဲ့သည့်အရာမှာ လူယုတ်မာ(၂)ယောက်က လူသတ်မှုတစ်ခု လုပ်ရန် ကြံစည်နေသည် မဟုတ်ဘဲ သူခိုးကြမ်းပိုးတစ်သိုက်က ရန်ဖြစ်ဖို့အတွက် အစီအစဉ်ဆွဲနေသည်ဟု ခံစားလိုက်ရသည်။ သူမသည် အမှတ်တမဲ့ စိတ်အေးသွားတော့သည်။
ရှမြန်သည် နောက်တစ်နေ့တွင် စောစောနိုးလာလေသည်။ နောက်ဆုံး တစ်စုံတစ်ယောက်၏ အိမ်တွင်နေရခြင်းက အနည်းငယ် ရှက်စရာကောင်းပေသည်။
ရှောင်ဖုန်းက သူမထက် စောပြီးနိုးနေ၏။ သူ၏ဝိုင်းစက်စက် စပျစ်သီးမျက်လုံးလေးများနှင့် မျက်တောင်မခတ်ဘဲ သူမကိုကြည့်နေရာ သူမက ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေသည့်နှယ်။
ကလေးသည် လုံခြုံသည့်ခံစားမှုတစ်ခုကို ချို့တဲ့နေသေးသည်။ ရှမြန်က သူ့ကို ကယ်တင်ထားပြီးကတည်းက သူမသည် သူ့ကို အချိန်ဒီလောက်အကြာကြီး တစ်ခါမှ မထားခဲ့ဖူးချေ။ သူမက ညတိုင်း အိပ်သည့်အခါတွင်လည်း သူ့ကိုဖက်ထားပေးတတ်သည်။
ရှောင်ဖုန်းသည် သူမ၏မျက်လုံးပွင့်လာသည်ကို မြင်လိုက်သည့်အခါ သူက သူ့မျက်လုံးလေးများကို ချက်ချင်း ကျဉ်းမြောင်းထားလိုက်ပြီး “အန်တီလေး”
သူ၏စိတ်နှလုံးနှင့် မျက်လုံးများထဲတွင် သူမသာ ပြည့်နေတော့သည်။ ရှမြန်က သူ့နဖူးလေးကို နမ်းရှုံ့လိုက်ကာပြောလိုက်၏။
“ကောင်းသောနံနက်ခင်းပါ ပေါင်ပေါင်း”
ကလေးရေ စိတ်လေးရှည်ပေးနော်။ မကြာခင်ပြီးသွားတော့မှာပါ။ ဒီနေ့ရက်တွေက သိပ်မကြာခင်မှာပဲ ပြီးသွားတော့မှာ။
မနက်ခင်း မနက်စာစားချိန်တွင် နဥ်ရှောက်ပိုင်က သော့တစ်ချောင်းကို လှမ်းပေးလာသည်။
“ဒါက ငါ့ဆေးရုံအဆောင်ရဲ့သော့၊ အဲဒီနေရာမှာ ဘယ်သူမှ မနေကြဘူး။ မင်း အဲဒီနေရာကိုပြောင်းပြီး ငါ့ကိုယ်စားနေရာကို သန့်ရှင်းရေးကူလုပ်လိုက်ပေါ့”
နဥ်ရှောက်ယွင်က သူ့ကို ဒေါသမျက်လုံးဖြင့်ကြည့်ကာ ပြောလိုက်၏။
“နင် စကားကို ကောင်းကောင်းလေး မပြောတတ်ဘူးလား”
ရှမြန်က ပြုံးပြလိုက်ပြီး နတ်သမီးလေး၏နူးညံ့သည့်အသံကို အမှတ်တမဲ့ လိုက်အတုခိုးလိုက်ကာ “ရပါတယ်လေ၊ ကျွန်မက ဒေါက်တာနဥ်ရဲ့ စေတနာကောင်းတွေကို သိသားပဲ”
နဉ်ရှောက်ပိုင်က မသိမသာ မျက်မှောက်ကြုတ်လိုက်ပြီး သူမ၏လေသံကို လိုက်အတုခိုးကာ မေးလိုက်သည်။
“မင်းစကားကို ပုံမှန်အတိုင်း ပြောလို့မရဘူးလား”
“ဘယ်သူက ပုံမှန်မဟုတ်နေတာလဲ”
ရှမြန်သည် အလွန်မှ ဒေါသထွက်သွားပြီး တစ်စုံတစ်ယောက်ယောက်ကို ရိုက်ချင်စိတ် ဖြစ်သွားတော့သည်...
ရှမြန်သည် နဥ်ရှောက်ပိုင်၏အဆောင်က သာမန် တစ်ယောက်ခန်းအဆောင်ဟုသာ ထင်ထားခဲ့လေသည်။ သို့သော်ငြားလည်း အဆောင်က ပထမထပ်တစ်ထပ်လုံး ဖြစ်နေမည်ဟု လုံးဝထင်မထားမိခဲ့ချေ။
အဆောင်က မီတာ၂၀ပတ်ဝန်းကျင်ခန့်ရှိပြီး တံခါးနားတွင် မီတာတော်တော်များများ ကျယ်ဝန်းသည့် ခြံဝင်းငယ်လေးတစ်ခုရှိလေသည်။ ဒါသည် ကျွမ်းကျင်ဆရာဝန်တစ်ယောက်အတွက် အရေးတယူ ဆက်ဆံပေးခြင်းပင်။
နဥ်ရှောက်ပိုင်ကလည်း ဌာနထဲတွင် အလွန်မှ နာမည်ကြီးသည်မှာ သိသာသည်။
နဥ်ရှောက်ပိုင်က ညပိုင်းတာဝန်ကျသည့်အချိန်တွင် မကြာခဏဆိုသလို ဒီနေရာတွင် အနားယူတတ်သဖြင့် ဒီနေရာကို အလွန်မှ သန့်ရှင်းနေအောင် ထားရှိသည်။ နဥ်ရှောက်ပိုင်ကလည်း ဆရာဝန်အများစုတွင်ရှိသည့် ပိုးမွှားများကိုကြောက်တတ်သည့် ရောဂါရှိဟန်တူသည်။
ရှမြန်နှင့် ရှောင်ဖုန်းတို့က အခြေကျသွားသည်ကို မြင်လိုက်သည်တွင် နဥ်ရှောက်ပိုင်က ရှမြန်၏ လက်ထဲသို့ ဆဲလ်ဖုန်းတစ်ခုကို လှမ်းပေးလိုက်ပြီး ပြောလိုက်၏။
“ငါ မင်းကို အရင်ဆုံး ဒါကို ပေးငှားထားလိုက်မယ်။ ဒီထဲမှာ ငါ့နံပါတ်ကို သိမ်းထားတယ်။ တစ်ခုခုဖြစ်ရင် ငါ့ကိုအချိန်မီ ဆက်သွယ်လို့ရတာပေါ့”
ရှမြန်က ပြောလိုက်၏။
“ရှင်ရဲ့စေတနာတွေအတွက် ကျွန်မ ကျေးဇူးတင်ဖို့မလိုဘူးနော်”
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ “အင်း ချန်းချန်းကို အသက်ကယ်ပေးထားတဲ့ ကျေးဇူးနဲ့ နှိမ်လိုက်ပေါ့။ နောက်ဆိုရင် ငါ့ကို လာမနှောင့်ယှက်နဲ့တော့”
ရှမြန်၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။
“ကျွန်မက ရှင့်ကို ညီအစ်မတစ်ယောက်လို သဘောထားတာလေ။ ဒါပေမဲ့ ရှင်ကတော့ ကျွန်မကို အကူအညီပေးရင်း ကျေးဇူးပြန်ဆပ်ဖို့ ကြိုးစားနေတယ်ပေါ့”
နဥ်ရှောက်ပိုင်သည် အင်မတန်မှ ဒေါသထွက်သွားပြီး သူမ၏ဆံပင်ကို လှမ်းဆွဲတော့သည်။ ရှမြန်က ဒါကို မျှော်လင့်ထားပြီး ဖြစ်သဖြင့် ဘေးသို့ခုန်ရှောင်လိုက်ကာ အော်ဟစ်လိုက်လေသည်။
“ရှင် အိပ်မက်မက်နေလိုက်လေ”
“ရှင်က အသက်ကယ်ပေးထားတဲ့ကျေးဇူးကို ရှင်ဘဝနဲ့ပြန်ပြီး ကျေးဇူးဆပ်ရလိမ့်မယ်။ ဟုတ်ပြီနော်”
ရှမြန်က ပြောလိုက်၏။
“ကျွန်မတို့တွေက လိင်ချင်းအတူတူပဲဆိုပေမဲ့ ရှင့်တစ်ဘဝလုံးကို သုံးပြီး ကျွန်မကို ကျေးဇူးပြန်ဆပ်ရမဲ့ကိစ္စနဲ့တော့ မဆိုင်ဘူးလေ”
နဥ်ရှောက်ပိုင်သည် အလွန်ဒေါသထွက်သွားပြီး သူ၏ရှည်လျားသည့်လက်မောင်းကို ဆန့်ထုတ်လိုက်ကာ ရှမြန်၏ခေါင်းကိုလှမ်းညှပ်လိုက်ပြီး ဆွဲလှည့်လိုက်လေသည်။
“ဘယ်သူက အိပ်မက်မက်နေတာလဲ။ မင်းက အဲ့လောက်တောင်မှ မအိုသေးဘဲနဲ့။ မင်းကမှ အိပ်မက်မက်တဲ့နေရာမှာ တကယ်တော်နေတာပဲ”
ဒါကို မြင်လိုက်သည်တွင် ရှောင်ဖုန်းက နဥ်ရှောက်ပိုင်၏ခြေထောက်ကို ဖက်ထားလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်၏။
“အစ်ကိုနဥ်၊ အန်တီလေး”
နဥ်ရှောက်ပိုင်က ခဏလောက်တုံ့ဆိုင်းသွားပြီး ရှမြန်ကိုလွှတ်ပေးလိုက်ကာ ရှောင်ဖုန်း၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။ “ဦးဦးနဥ်လို့ ခေါ်ပါ”
ရှမြန်က ရှောင်ဖုန်းကိုဖက်လိုက်ကာ အောင်နိုင်သူလို ရယ်မောလိုက်လေသည်။
“အံမယ် ငါ့မှာရှောင်ဖုန်းလို အကူအညီပေးတတ်တဲ့ လူကောင်းလေးတစ်ယောက် ရှိသေးတာပဲ”
ရှောင်ဖုန်းသည် နဥ်ရှောက်ပိုင်ကို အနီးကပ်စိုက်ကြည့်နေလေသည်။ နဥ်ရှောက်ပိုင်က အဝေးမှနေ၍ သူမကို လက်ညှိုးထိုးလိုက်ပြီး ကိုယ်ကိုလှည့်ကာ အလုပ်သွားလိုက်လေတော့သည်။
...