← Chapters

အပိုင်း(၄၀)

Vol. 3 Ch. 40

အပိုင်း(၄၀)

Vol. 3 Ch. 40

ရှောင်ဖုန်း၏ အိမ်ထောင်စုဇယား လွှဲပြောင်းခြင်းကိစ္စက ချောချောမွေ့မွေ့ ပြီးမြောက်သွားသည်။ ကျန်းချီမင်က ဟွမ်ရှောင်ကျွမ်းကို ကယ်တင်ဖို့ရန် စိတ်လောနေသဖြင့် တစ်စုံတစ်ယောက်ကို ရှာဖွေခဲ့ရသည်။ ထို့ကြောင့်ပင် ကိစ္စများက မြန်မြန်ဆန်ဆန် ပြီးမြောက်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချီမင်က ရှမြန်ကို ခေါ်ကာ ဟွမ်ရှောင်ကျွမ်း၏အမှုကို ပိတ်သိမ်းဖို့ရန်အတွက် ရဲစခန်းသို့ သွားလိုက်ကြသည်။

ရှမြန်သည် ဒီလိုမသမာသည့် အပေးအယူကိစ္စများကို နေရာငယ်လေးတစ်ခုတွင် လုပ်ကြသည်ကို မျက်မြင်တွေ့ခဲ့သည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ သူမက ဘာတစ်ခွန်းမှ ပြောရန်မလိုချေ။ သူမက လူသာ ရောက်လာရန် လိုပြီး ရဲအရာရှိရှောင်တင်း ရေးထားသည့် ထွက်ဆိုချက်ပေါ်တွင် လက်ဗွေရာနှိပ်ပေးရန်သာ ရှိလေသည်။

ရှမြန်သည် မျက်နှာပေါ်တွင် မကျေမချမ်းရုပ်တစ်ခု ဖြစ်နေသည့် လျိုဟုန်ကို တွေ့လိုက်ရပြီး သူမ၏ တွဲဖက် ရဲအရာရှိကျန်းကတော့ ဒါကို အသားကျနေပြီးသည့်နှယ် ထုံပေပေရုပ်တစ်ခုဖြစ်နေသည်။

ဒါသည် အဖြစ်မှန်တစ်ခုပင်။ ရှမြန်တွင် ပြောင်းလဲဖို့ရန် အင်အားမရှိချေ။ ထို့ကြောင့် သူမက ရှောင်ဖုန်းကို ဒီနေရာမှ မြန်မြန်ခေါ်ထွက်လာရန်သာ တတ်နိုင်ပြီး ဒီအမှောင်ထုများ လုံးဝကင်းဝေးသည့် ပိုပြီးအလင်းရောင်ရသည့်နေရာသို့ သွားနိုင်သည်။

ဆေးရုံအဆောင်သို့ ပြန်ရောက်လာချိန်တွင် ရှမြန်က သူမ၏လက်မောင်းပေါ်တွင် ရှောင်ဖုန်းကို ဝမ်းသာအားရ ပွေ့ချီထားပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ ပါးလွှာသည့် အိမ်ထောင်စုဇယား စာရွက်လေးကို သူ့အား ပြလိုက်၏။

“ရှယွီဖုန်း အခုအချိန်ကစပြီး ဒါက သားရဲ့နာမည်ပဲ”

ကျန်းချီမင်သည် အင်မတန်မှ သိသိသာသာ အထိတ်တလန့် ဖြစ်သွားပြီး သူမက ရှောင်ဖုန်း၏ အိမ်ထောင်စုဇယားထဲသို့ ရှောင်ဖုန်း၏နာမည်ကို ပြောင်းလဲထားသည်ကိုပင် ဘာတစ်ခွန်းမှ မပြောခဲ့ချေ။

ရှောင်ဖုန်းက ဝမ်းသာအားရဖြင့် သူ၏ခြေထောက်လေးကို လွှဲရမ်းနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျော်ရွှင်မှုပူဖောင်းလေးများ ထွက်ပေါ်လာတော့သည်။

“ရှောင်ဖုန်းနဲ့ အန်တီလေးက အခုဆိုရင် မိသားစုတစ်ခု ဖြစ်သွားပြီ”

“ဟုတ်တယ် အခုချိန်ကစပြီး ငါတို့တွေက မိသားစုတစ်ခုဖြစ်သွားပြီ” ရှမြန်က ပြုံးလိုက်ကာ သူ့ခေါင်းလေးကို ထိလိုက်သည်။

ကလေးက အိမ်ထောင်စုဇယားစာရွက်လေးကို နားလည်နေသည့်နှယ် ဂရုတစိုက်နှင့် စိတ်အားထက်သန်စွာ ကြည့်နေလေသည်။ ထို့နောက်တွင် သူက အိမ်ထောင်စုဇယားစာရွက်လေးကို ရှမြန်ဆီသို့ ဂရုတစိုက် လှမ်းပေးလိုက်ကာ မေးလိုက်၏။

“သားတို့တွေ ယန်မြို့ကို သွားကြတော့မှာလား”

“ဟုတ်တယ်” ရှမြန်က သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ “ဒါပေမဲ့ ဒီကိစ္စကိုတော့ ဘယ်သူမှ သိလို့မဖြစ်သေးဘူးနော်”

“မနက်ဖြန်ကျရင် ငါတို့တွေ ငါတို့ကို စောင့်ရှောက်ပေးခဲ့တဲ့ မိသားစုအိမ်ယာဝင်းထဲက အိမ်နီးချင်းတွေဆီကို ကျေးဇူးတင်စကား သွားပြောရမယ်။ သန်ဘက်ခါကျရင်တော့ ငါတို့တွေ ဇာတိမြို့ကို ပြန်ရမယ်”

ရှမြန်က ဆက်ပြောလိုက်သည်။ “ငါတို့တွေ ကိုကိုချန်ချန်နဲ့ သွားကစားလို့ရတယ်”

ရှောင်ဖုန်းက ပြုံးကာပြောလိုက်၏။ “ပုရစ်ဘုရင်ကြော်”

“ပုရစ်ဘုရင်ကြော်ကို စားရတာ ကြိုက်တယ်”

ရှမြန်မှာ မရယ်မောဘဲ မနေနိုင်တော့ချေ။ ကောင်ကလေးက သူမ၏အိမ်ထောင်စုစာရင်းစာအုပ်ထဲသို့ ရောက်သွားမှန်း သိလိုက်ကတည်းက ပိုပြီးရဲတင်းလာကာ သူ၏အကြိုက်များကိုပင် ဖော်ပြတတ်နေလေသည်။

နောက်တစ်နေ့တွင် ရှမြန်က ရှောင်ဖုန်းကိုခေါ်ကာ ပစ္စည်းတချို့ဝယ်ယူရန် ကုန်တိုက်သို့ သွားလိုက်ပြီးနောက် အိမ်နီးချင်းများကို နှုတ်ဆက်စကားပြောဖို့ရန် အိမ်ပြန်လာခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် အိမ်နီးချင်းများက သူတို့ကို အများအပြား ကူညီပေးခဲ့ကြသည်။

ထို့နောက်တွင်တော့ ရှမြန်သည် ဟွမ်ရှောင်ကျွမ်းနှင့် တွေ့ဆုံတော့သည်။

သူမကို ဖမ်းထားသည့်အမှုမှာ တရားဝင်ထောက်ခံချက် မရရှိသေးသဖြင့် ရဲစခန်းက သူမ၏ခံဝန်ချက်ကို ပြောင်းလဲလိုက်ကာ သူမကို ဒီနေ့ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ရှမြန်သည် ဆရာမမီ၏အိမ်မှထွက်လာသည်နှင့်ချက်ချင်း ဟွမ်ရှောင်ကျွမ်းနှင့် ထိပ်တိုက်တွေ့လေသည်။

ဒါသည် တစ်ချိန်က ဖက်ရှင်ကျကျ ခမ်းနားထည်ဝါလှသည့် အမျိုးသမီးငယ်တစ်ယောက် ဖြစ်ခဲ့မှန်း စဉ်းစားရပင် ခက်လှသည်။

ယခုတော့ သူမ၏ဆံပင်များက အဆီတဝင်းဝင်းနှင့် ရှုပ်ထွေးနေပြီး သူမ၏ပေါ်နေသည့် အသားအရေအများစုကလည်း အညိုအမည်းများဖြင့် ဖုံးလွှမ်းနေလေသည်။

ဒီအကြောင်းကို စဉ်းစားဖို့ရန်ကလည်း ပုံမှန်ပင်။ ထိန်းသိမ်းရေးစင်တာထဲက အခြေအနေက မကောင်းချေ။ ကျန်းချီမင်သည် အပြင်ဘက်တွင် အလုပ်အလွန်များနေပြီး သူက သူမကို စောင့်ရှောက်ပေးရန်လည်း အချိန်မရှိသလို သူမ လိုအပ်သည့်ပစ္စည်းများကိုလည်း မယူလာပေးခဲ့ချေ။

ထို့အပြင် ထိုနေရာတွင် လူကောင်းများလည်း မရှိချေ။ ထို့ကြောင့် အနိုင်ကျင့်ခံရခြင်းက ပုံမှန်ပင်။

သူမသည် ကျန်းချီမင်၏ ပွရောင်းရောင်းရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမ၏ခေါင်းကို ရင်ဘတ်အထိ ရောက်အောင် နှိမ့်ချထားကာ ဘယ်သူ့ကိုမှ မကြည့်ရဲချေ။

ဒီကိစ္စဖြစ်သွားပြီးနောက်ပိုင်းတွင် သူမသည် သူမ၏ခေါင်းကို ဘယ်တော့မှ ပြန်ထောင်နိုင်လိမ့်မည် မဟုတ်ချေ။

သူမ၏ခေါင်းကို ပြန်မထောင်နိုင်သည့်အပြင်...

ဟွမ်ရှောင်ကျွမ်း၏ အစောပိုင်း တုံ့ပြန်မှုများကို အကဲခတ်ကြည့်လျှင် သူမသည် ရှချွန်း၏ အခြေအနေကို သိနေသင့်သည်။

ကျန်းချီမင်က သူမအတွက် အာမခံတစ်ခု ဝယ်ရန် အစီအစဉ်ရှိနေသည်ကို သူမက သိပါရဲ့လား။

ရှမြန်၏အကြည့်များသည် မနေနိုင်တော့ဘဲ ကျန်းချီမင်အပေါ်သို့ ကျရောက်သွားလေသည်။ တစ်ဖက်လူကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီဘက်သို့ လှမ်းကြည့်လိုက်သည်။ သူတို့၏ အကြည့်ချင်း ဆုံသွားသည့်အခိုက်အတန့်တွင် ရှမြန်သည် သူ့မျက်လုံးထဲက လျှို့ဝှက်သည့်အပြုံးတစ်ခုကို မြင်လိုက်ရသယောင်ပင်။

ကျန်းချီမင်က ရှမြန်၏လက်ထဲက လက်ဆွဲအိတ်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။

“နင် အိမ်ပြန်မလို့လား။ ဒီနေ့တော့ ကားမရှိတော့ဘူးထင်တယ် ဟုတ်လား။ နင် ဒီနေ့ည ဆေးရုံက အဆောင်မှာပဲ နေမှာပေါ့နော်”

ရှမြန်က ခေါင်းညိတ်ပြသည်။

ကျန်းချီမင်က ပြောလိုက်၏။ “ငါလည်း အခုတလော လုပ်စရာကိစ္စတွေ အများကြီးရှိနေတယ်။ ၂ရက်လောက်နေရင် ငါ့အလုပ်တွေ ပြီးသွားမှပဲ နင်တို့ကိုတွေ့ဖို့ မင်ရှီစီရင်စုကို ပြန်လာခဲ့မယ်”

သူက ရှောင်ဖုန်းကိုကြည့်ကာ ပြုံးပြလိုက်သည်။ “ရှောင်ဖုန်း အန်တီလေးနောက် ကောင်းကောင်းလိုက်သွားနော်...“

ရှမြန်သည် အကြောင်းအရင်းကို မသိသော်ငြားလည်း သူ့စကားလုံးများက ကြက်သီးထဖွယ် ကောင်းနေသည်ဟု အမြဲတမ်းခံစားနေရသည်။ ရှောင်ဖုန်းက သူမ၏အင်္ကျီလက်ကို တင်းနေအောင် ဖမ်းဆုပ်ထားပြီး သူမ၏နောက်တွင် ပုန်းကွယ်နေလေသည်။

ရှောင်ဖုန်းသည် အနည်းငယ် ကြောက်လန့်နေလေသည်။ အခုလေးတွင် စိတ်ပြေလျော့သွားသည့် သူ၏အခြေအနေမှာ တစ်ဖန်တင်းကြပ်လာပြီး ရှမြန်၏နောက်မှ ပူးကပ်လုမတတ် လိုက်လာတော့သည်။

ရေထဲတွင် ကစားခြင်းက ကလေးများ၏ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည်ဟု တစ်နေရာရာတွင် ကြားဖူးဟန်တူသည်။ သို့သော်ငြားလည်း သူမက ဒါသည် အမှန်ဟုတ်မဟုတ်ကိုတော့ သေချာမသိချေ။ ထို့ကြောင့် သူမက အိမ်တွင်ရှိသည့် ကြီးမားသည့် ရေပုံးကြီးတစ်ခုကိုသုံးကာ ရေတစ်ပုံးကို သွားခပ်လာခဲ့လိုက်သည်။

ရေနွေး နည်းနည်းပါးပါးကို ယူလာခဲ့ပြီး ရေကို နွေးအောင်လုပ်ပေးလိုက်ကာ ကလေးကိုရေချိုးဖို့ရန် ရေထဲတွင်ထည့်ပေးလိုက်သည်။

ရှောင်ဖုန်း၏ခန္ဓာကိုယ်ပေါ်က အညိုအမဲကွက်များက လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ ရှမြန်က သူ့ကို ကောင်းကောင်းလေး စောင့်ရှောက်ပေးခဲ့သည်။ သူ့နံရိုးများကို မြင်နေရဆဲဖြစ်သော်ငြားလည်း သူ့တွင် ဖြူဖွေးနူးညံ့နေသည့် အသားအရေလေးများ ပြည့်လာသည်။ သူ၏ချောမွတ်နေသည့် အသားအရေက အလွန်မှ ချစ်စဖွယ်ကောင်းလေရာ လူများကသူ့ကို လက်မလွှတ်နိုင်အောင် ဖြစ်နေသည်။

ရေနွေးနွေးလေးနှင့် ရှမြန်၏အထိအတွေ့က ရှောင်ဖုန်းကို တဖြည်းဖြည်းချင်း စိတ်ပြေလျော့လာစေသည်။

ကလေးကို ရေပုံးထဲက ထုတ်ပေးလိုက်ပြီးနောက်တွင် ရှမြန်သည် အစပိုင်းတွင် ရေချိုးဖို့ စဉ်းစားထားသော်ငြားလည်း ရှောင်ဖုန်းက အနည်းငယ် စိုးရိမ်နေသေးသည်ကို မြင်လိုက်ရသဖြင့် သူမက ဒီအကြောင်းကို စဉ်းစားမိလိုက်ပြီး ကလေးကို ချီရင်းက ဒီအတိုင်းအိပ်ပျော်သွားတော့သည်။

သူမက သူ့ကျောပြင်လေးကို ထပ်ခါထပ်ခါ ပွတ်သပ်ပေးရင်း ခပ်တိုးတိုးလေး မေးလိုက်၏။

“သားရဲ့လူယုတ်မာဖေဖေက အရမ်းကြောက်စရာကောင်းလား”

ရှောင်ဖုန်းက တွေဝေမနေဘဲ ခေါင်းညိတ်ပြလေသည်။ “အရမ်း အရမ်းကို ကြောက်ဖို့ကောင်းတယ်”

ခဏလောက် စဉ်းစားပြီးနောက်တွင် သူက ထပ်ပြောလေသည်။ “မိထွေးထက်တောင်မှ ပိုပြီးတော့ ကြောက်ဖို့ကောင်းသေးတယ်”

ရှမြန်သည် အတွေးနစ်သွား၏။ ရှောင်ဖုန်းက လူတွေရဲ့စိတ်ခံစားချက်ကို အရမ်းကို သိတတ်လွယ်တာဆိုတော့ ကျန်းချီမင်ရဲ့ မူမမှန် ဖြစ်နေတဲ့ပုံတွေကို သူ သတိထားမိခဲ့တာများလား။

သူမ၏လက်ထဲက ကလေး၏အသက်ရှူသံသည် တဖြည်းဖြည်းချင်း တည်ငြိမ်လာလေသည်။ သို့သော်ငြားလည်း ရှမြန်ကတော့ မအိပ်နိုင်သေးချေ။ ဒီနေ့ ဟွမ်ရှောင်ကျွမ်းကို မြင်ခဲ့ပြီးနောက်ပိုင်းတွင် ကျန်းချီမင်သည် အာမခံလိမ်လည်မှုကို လုပ်ရန် သူ့မိန်းမကို အမှန်ပင် သတ်ချင်နေသည်ဟု ပိုပြီးသေချာသိလိုက်လေသည်။

ကျန်းချီမင်က သူ့အတွက် အာမခံကို ဘယ်အချိန်၀ယ်မှာလဲ မသိဘူး။ သူက ဘယ်လိုမတော်တဆမှုမျိုးကို ဖန်တီးမှာလဲ။ ဟွမ်ရှောင်ကျွမ်းကိစ္စနဲ့ သက်သေတစ်ခုရအောင် ငါ ဘယ်လိုရှာရမလဲ...

ရှမြန်သည် စဉ်းစားနေရင်းကပင် အပြင်ဘက်မှလာသည့် ဆူညံသံတချို့ကို မသဲမကွဲကြားလိုက်ရ၏။ အသံများက ညမှကျက်စားကြသည့် တိရစ္ဆာန်များ၏ ဆူညံသံမဟုတ်ဘဲ သူခိုးသံဖြစ်နေသည်။ အဆောင်က ဆေးရုံမှ အနည်းငယ်ကွာဝေးသည်။ အုတ်တံတိုင်းများသာရှိပြီး ထိန်းချုပ်သည့်စနစ်က မရှိချေ။ ထိုကြောင့် ခိုးမှုက မကြာခဏဖြစ်တတ်သည်။

သူမက တိတ်တိတ်လေး အိပ်ရာကထလိုက်ပြီး တံခါးနောက်က သစ်သားတုတ်ကို ကောက်ယူလိုက်ကာ မင်းတုံးကို ဆွဲပြီး တံခါးဖွင့်ဖို့ ကြိုးစားလိုက်၏။

သို့သော်ငြားလည်း တံခါးက လုံးဝလှုပ်ရှားလို့ မရသည်ကို တွေ့လိုက်ရ၏။

ဘာဖြစ်တာလဲ။

ရှမြန်က စဉ်းစားနေတုန်းမှာပင် သူမသည် အပြင်ဘက်က အရည်တစ်မျိုးကို လောင်းချလိုက်သည့်အသံကို ကြားလိုက်ရ၏။ အလွန်မှ တိုးညှင်းသော်လည်း အသံက ရှင်းလင်းနေကာ သူတို့၏ တံခါးရှေ့တည့်တည့်တွင် ဖြစ်နေသည်။

ဓာတ်ဆီနံ့က ဝင်လာသည်တွင် ရှမြန်သည် ရုတ်တရက်ဆိုသလို တစ်ခုခုကို သဘောပေါက်သွားတော့သည်။

ရှမြန်က အိပ်ရာဆီသို့ အပြေးအလွှားသွားလိုက်ပြီး သူမ၏ဆဲလ်ဖုန်းကို ကောက်ယူလိုက်ကာ ဖုန်းခေါ်ဆိုမှု လုပ်လိုက်သည်။ တစ်ဖတ်လူက ချက်ချင်းဖုန်းကိုင်သည်။

ရှမြန်က သူ့ကိုစကားပြောဖို့ အချိန်မရှိပေ။ သူမက ပြတင်းပေါက်ပေါ်က ခန်းစီးများကို ဆွဲချလိုက်ပြီး အော်ဟစ်လိုက်၏။

“ကျန်းချီမင် မီးရှို့မှုနဲ့ လူသတ်မှုက သေဒဏ်အပြစ်ပေးခံရနိုင်တယ်နော်”

“တစ်ယောက်ယောက် လာကြပါအုံး။ တစ်ယောက်ယောက်က မီးရှို့ပြီး လူ သတ်နေပါတယ်”

မိန်းကလေး၏ စူးရှသည့်အသံက ည၏တိတ်ဆိတ်မှုကိုထိုးခွင်းလိုက်ပြီး လူအများကြီးက နိုးလာတော့သည်။

“ငါ အခုချက်ချင်းပဲ လာခဲ့မယ်”

နဥ်ရှောက်ပိုင်က ပြောရင်းဆိုရင်း ထရပ်လိုက်သည်။

“နားထောင် မီးတွေ ရှိနေတယ်ဆိုရင် မင်း အပြင်ထွက်လို့ရမှာ မဟုတ်ဘူး။ ရေစိုတဘက်ကိုသုံးထား...“

“ကျွန်မအားလုံးကို သိတယ်” ရှမြန်က မြန်မြန်ပြောလိုက်ပြီး မှန်ပြတင်းပေါက်များက ကွဲအက်သွားလေသည်။

“မြန်မြန်ရဲခေါ်လိုက်၊ သူ တကယ်ကြီးလုပ်နေတာ။ မီးက လောင်နေပြီ၊ ဓာတ်ဆီနဲ့”

ရှမြန်သည် ကျန်းချီမင်ကို ခြောက်လှန့်မည့် သူမ၏သတိပေးချက်က ကျရှုံးသွားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။ ထိုအစားသူက အရှိန်ပင် မြှင့်တင်လိုက်လေသေးသည်။ ဒီငနဲက အမှန်ပင် ရူးသွပ်သွားပေသည်။

အကာအကွယ်တစ်ခုအဖြစ် အသုံးပြုနိုင်သည့်မှန်များက ရုတ်ခြည်းဆိုသလို ကွဲကြေသွားကာ မီးတောက်များက ဝင်ရောက်လာသည်။ တံခါးနားက ဓာတ်ဆီကလည်း ရုတ်ခြည်းဆိုသလို မီးတောက်ကြီးတစ်ခုအဖြစ် ပြန့်နှံ့လာသည်။ မီးက ပြတင်းပေါက်ဆီမှ ကူးစက်လာတော့သည်။

ရှမြန်က ခန်းစီးများကို ရေပုံးထဲတွင် မြန်မြန်နှစ်ထည့်လိုက်ပြီးရေစွတ်ကာ ကွဲသွားသည့်ပြတင်းပေါက်ကို ကာထားလိုက်သည်။ တော်ပါသေးရဲ့ ရှောင်ဖုန်းရဲ့ ရေချိုးထားတဲ့ရေပုံးကြီးကို မသွန်ပစ်လိုက်ရသေးလို့ပဲ။

ရှောင်ဖုန်းကလည်း နိုးလာပြီဖြစ်သည်။ ရှမြန်က ရေစိုတဘက်ဖြင့် သူ့ပါးစပ်နှင့်နှာခေါင်းကို အုပ်ထားပေးလိုက်ပြီးနောက်တွင် သူ့ကိုချီကာမြေကြီးပေါ်တွင် ဝမ်းလျားမှောက်ခိုင်းထားလိုက်လေသည်။

“အန်တီလေး”

ရှောင်ဖုန်းက သူ့လက်သေးသေးလေး ၂ ဖက်ဖြင့် ရေစိုတဘက်ကို ကိုင်ထားပြီး သူ့ခန္ဓာကိုယ်မှာ တုန်ရင်နေကာ သူ့မျက်လုံးများကလည်း မျက်ရည်များအပြည့် ဖြစ်နေလေသည်။

“မကြောက်နဲ့နော်”

ရှမြန်ကလည်း ရေစွတ်ထားသည့် ခေါင်းအုံးစွတ်တစ်ခုကိုသုံးကာ သူမကိုယ်သူမ အုပ်ထားလိုက်ပြီး ကျန်သည့်လက်တစ်ဖက်ဖြင့် သူမက တဘက်ကို လုံးဝရေရွှဲသွားအောင်လုပ်လိုက်ပြီး ကလေးကို အုပ်ထားပေးလိုက်သည်။

“အန်တီလေး စကားနားထောင်နော် စကားမပြောနဲ့ မငိုနဲ့။ အဟွတ် အဟွတ်... မဟုတ်ရင် လည်ချောင်းတွေ ပူစပ်သွားလိမ့်မယ်”

ခန်းစီးက မီးလောင်တော့မည့် အရိပ်အယောင်ဖြစ်နေသည်ကို မြင်လိုက်သည်တွင် သူမက ရေပုံးထဲကရေအားလုံးကို ခန်းစီးအပေါ်လောင်းချလိုက်ပြီး သူမတတ်နိုင်သလောက် အချိန်ဆွဲထားဖို့ ဆုံးဖြတ်လိုက်သည်။

ဒီလိုအဆောင်မျိုးက အနောက်ဘက်ပြတင်းပေါက်မရှိချေ။ တစ်ခုတည်းသောထွက်ပေါက်မှာ အရှေ့ဘက်တွင်သာ ရှိသည်။ ယခုတော့ တံခါးများနှင့်ပြတင်းပေါက်များကို အပြင်ဘက်မှ ပိတ်ဆို့ထားသည်။ ထိုကြောင့် သူတို့၏တစ်ခုတည်းသော ရွေးချယ်မှုမှာ စောင့်ဆိုင်းရုံသာရှိတော့သည်။

ယခုအချိန်တွင် သတင်းကောင်းမှာ မီးမလောင်ခင်အစောပိုင်းက အော်သံတစ်ခုက လူအများကြီးကို နိုးထသွားစေလေသည်။ အခုတော့ အပြင်ဘက်က လူတချို့က မီးများကိုငြှိမ်းသတ်ရန် ဆူညံပွက်လောရိုက်နေသည်။ ပြတင်းပေါက်ဘက်သို့ တိုက်ရိုက်လှမ်းပက်လိုက်သည့် ရေအိုးတော်တော်များများက မီးကိုအနည်းငယ် ကာဆီးထားပေးသည်။

သို့သော်ငြားလည်း ကျန်းချီမင်က သူတို့ကိုသတ်ချင်နေသည်မှာ အလွန်မှသိသာထင်ရှားသည်။ သူက ဓာတ်ဆီကို မည်မျှလောက်တောင် လောင်းထည့်ထားမှန်း ဘယ်သူမှမသိချေ။

ရှမြန်က နောက်ထပ်အခင်းလွှာတစ်ခုကို ရေစွတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးအုပ်ထားလိုက်ကာ ရှောင်ဖုန်းကို တင်းနေအောင်ဖက်ထားလိုက်၏။

“လိမ္မာတယ်နော်။ အဟွတ်အဟွတ် ... သားကြောက်တယ်ဆိုရင် မျက်လုံးကိုပဲ မှိတ်ထားလိုက်။ အဟွတ်အဟွတ်... အန်တီလေးက သားကို သေချာပေါက်ကာကွယ်ပေးမှာ”

လေက တဖြည်းဖြည်း ပါးလျလာသည်။ ရှမြန်သည် နီးကပ်လာသည့် ပူပြင်းလွန်းသည့်လေထုကို ခံစားမိလိုက်သည်။ သူမက ရှောင်ဖုန်းကို သူမ၏ခန္ဓာကိုယ်အောက်ထဲတွင် ကာကွယ်ပေးထားပြီး စကားမပြောနိုင်တော့ချေ။ ထိုကြောင့် သူမက သူ့ကိုနှစ်သိမ့်ပေးဖို့ရန် သူ့နဖူးလေးကို နမ်းရှိုက်ပေးလိုက်သည်။

အချိန်က မည်မျှကြာသွားသည် မသိချေ။ နောက်ဆုံးတော့ ဥဩဆွဲသံကြားရပြီး အဆောင်၏ သစ်သားတံခါးသည် ဝုန်းခနဲ ကန်ပြီးဖွင့်ခံလိုက်ရကာ အကာအကွယ်ဝတ်စုံဝတ်ထားသည့် အရပ်မြင့်မြင့် လူငယ်တစ်ယောက်က အပြေးဝင်လာလေသည်။

“ရှမြန်”

...

All Chapters