← Chapters

အပိုင်း(၄၃)

Vol. 3 Ch. 43

အပိုင်း(၄၃)

Vol. 3 Ch. 43

ကျန်းချီမင်သည် ဖမ်းဆီးခံလိုက်ရသည်။ ကောင်းရုံဖန်းက ထွက်ပြေးသွားသည်။ ဟွားကန်းရဲဌာနတွင် ကြီးမားသည့် လှုပ်ရှားမှုကြီးတစ်ခု ဖြစ်သွားသည်။ အလောတကြီး ပိတ်ချထားသည့် ဟွမ်ရှောင်ကျွမ်း၏ အမှုကို စုံစမ်းဖို့ရန် ပြန်လည်ဖွင့်ခဲ့သည်။

ဟွမ်ရှောင်ကျွမ်းသည် သူမ လွတ်လာပြီး ရက်အနည်းငယ်အတွင်း ရဲစခန်းသို့ ပြန်ခေါ်သွားခံရပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ဥသြဆွဲသံများဖြင့် ရဲစခန်းဆီသို့ ခေါ်ဆောင်သွားကြသည်။ အကြောင်းမှာ ဟွမ်ရှောင်ကျွမ်းသည် အာမခံလိမ်လည်မှုအတွက် ရှချွန်းအပေါ် ကျန်းချီမင်၏ လူသတ်မှုကြံရာပါ ဖြစ်နိုင်ခြင်းကြောင့်ပင်။

ရှမြန်ကလည်း စုံစမ်းမှုကို ပူးပေါင်းပေးရန် နောက်တစ်ရက် ထပ်နေလိုက်ရသည်။

မှတ်တမ်းယူပြီးခါနီးတွင် ရှမြန်သည် မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

“ဒီကိစ္စသာ တကယ်အမှန်ဆိုရင် ကျန်းချီမင်က သေမိန့်ချခံရမှာလား”

ဖြောင့်ချက်ယူပေးနေသည့် အမျိုးသမီးရဲမေက သက်ပြင်းချလိုက်သည်။

“တကယ်တမ်း အမှန်သာဆိုရင်တော့ သေချာပေါက် သေမိန့်ချခံရမှာပဲ။ တကယ် စိတ်မကောင်းပါဘူး”

ရှမြန်သည် ရဲဌာနထဲမှထွက်လာချိန်တွင် နဥ်ရှောက်ပိုင်က ရှောင်ဖုန်းနှင့်အတူ တံခါးနားတွင် စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရပြီး ချန်းချန်းကလည်း ထိုနေရာတွင် ရှိနေလေသည်။

ချန်းချန်းသည် ဒီနေ့တွင် ဝမ်းဆက်ဝတ်ဆင်ထားပြီး အဖြူရောင်ဘေ့စ်ဘောကပ်ဦးထုပ်လေးက သူ့ခေါင်းပေါ်တွင် ပွရောင်းရောင်းဖြစ်နေသည်။

“ညီလေးရှောင်ဖုန်း ဒီချောကလက်ကို စားလိုက်”

ချန်းချန်းက သူ့မျက်လုံးကို ပိတ်နေသည့် ဦးထုပ်ကို တွန်းတင်လိုက်ပြီး ချောကလက်ကို အခွံခွာပေးလိုက်ကာ အင်တင်တင်နှင့် ရှောင်ဖုန်းကို ကျွေးလိုက်ပြီး တိတ်တိတ်လေး မျိုချလိုက်လေသည်။

သူသည် တစ်နေ့မှ ချောကလက်တစ်လုံးသာ စားရလေသည်။ ဘယ်သူကမှ သူ့ကို ချောကလက် မကျွေးချင်ကြချေ။

ရှောင်ဖုန်းသည် လတ်တလောတွင် အလွန်မှဝမ်းနည်းစရာကောင်းသည့် အတွေ့အကြုံတစ်ခုကို တွေ့ကြုံလိုက်ရသည်ဟု သူ့အမေဆီက သိလိုက်ရသည်။ ဒါက သူစဉ်းစားနိုင်သည့် အကောင်းဆုံး နှစ်သိမ့်မှု ဖြစ်လေသည်။

သူက ဝမ်းနည်းနေသည့်အချိန်တိုင်း ချောကလက်တစ်လုံးကို စားတတ်သည်။

ပုံမှန်အခြေအနေဆိုလျှင်တော့ ရှောင်ဖုန်းသည် ချန်းချန်း၏ စိတ်အခြေအနေကို သတိထားမိလိမ့်မည် ဖြစ်ကာ ချောကလက်ကို သေချာပေါက်စားလိမ့်မည် မဟုတ်ချေ။

သို့သော်ငြားလည်း ဒီနေ့တွင်တော့ သူသည် အနည်းငယ် စိတ်နှင့်ကိုယ်မကပ် ဖြစ်နေလေသည်။ သူက စားဖို့ရန် ပါးစပ်ကို ဖွင့်ပေးလိုက်ပြီးနောက်တွင် ရဲဌာန၏တံခါးဘက်သို့သာ ဆက်တိုက်ကြည့်နေလေသည်။

ဒါကလည်း မီးလောင်မှု၏ နောက်ဆက်တွဲရလဒ်ဖြစ်လေသည်။

သိပ်မကြာခင်ကမှ အနည်းငယ် ရွှင်ရွှင်ပျပျ ဖြစ်လာသည့်ရှောင်ဖုန်းမှာ ရှမြန်ကို တဖန်စပြီး တွယ်ကပ်လာပြန်သည်။ သူသည် မနေ့ညက အိပ်မက်ဆိုးတစ်ခုကို မက်ခဲ့ပြီး သူ့မျက်လုံးကို မှိတ်ထားလိုက်သည့်အချိန်တိုင်း အန်တီလေး အန်တီလေးဟု ဆက်တိုက်ခေါ်နေမိသည်။

ရှမြန်၏ နှလုံးသားမှာ သူ့ခေါ်သံကို ကြားလိုက်ရချိန်တွင် ရင်နာလာတော့သည်။

သို့သော်ငြားလည်း သူမက ဖြောင့်ချက်သွားပြောနေသည့်အချိန်တွင် သူ့ကို ခေါ်သွားဖို့ရန်ကလည်း လုံးဝမဖြစ်နိုင်ချေ။

ကံကောင်းချင်တော့ နဥ်ရှောက်ပိုင် ရှိနေသည်။ ထိုနေ့က သူတို့ကိုကယ်ခဲ့သောသူမှာ နဥ်ရှောက်ပိုင် ဖြစ်နေသောကြောင့်ဖြစ်နိုင်သည်။ ထို့အပြင် ရှမြန်ကြောင့်လည်း ရှောင်ဖုန်း၏ စိတ်ခံစားချက်သည် နဥ်ရှောက်ပိုင်နှင့် ရှိနေသည့်အချိန်တွင် ပိုပြီးတည်ငြိမ်နေလိမ့်မည်။

ရှမြန်ကို မြင်လိုက်ချိန်တွင် ရှောင်ဖုန်း၏မျက်လုံးများက လင်းလက်သွားပြီး သူက ဝမ်းသာအားရ အပြေးသွားလိုက်တော့သည်။

“အန်တီလေး”

ရှမြန်က သူ့ကို ကောက်ချီလိုက်ပြီး သူ့မျက်နှာသေးသေးလေးကို တိတ်တိတ်လေး နမ်းရှိုက်လိုက်သည်။ နဥ်ရှောက်ပိုင်သည် သူမက စိတ်ပျက်နေသည်ကို ရှားရှားပါးပါး မြင်လိုက်ရသဖြင့် မေးလိုက်၏။

“ဘယ်လိုလဲ”

“ဘာမှ မဖြစ်ပါဘူး။ ကျွန်မတို့ မနက်ဖြန် အိမ်ပြန်လို့ရပြီ”

ရှမြန်သည် အင်မတန် စိတ်မကောင်းဖြစ်နေသည်။

မှတ်ဉာဏ်များက ပိုပိုပြီး ထင်ရှားလာသောကြောင့် ဖြစ်နိုင်သည်။ ခုနက ရှချွန်း၏ အတိတ်အကြောင်း ပြောမိချိန်တွင် တစ်ဖက်လူ၏အသံ၊ ရုပ်အသွင်နှင့်အပြုံးများက ပိုပိုပြီး သိသာထင်ရှားလာ၏။ သူမသည် မူလခန္ဓာကိုယ်ဖြစ်သူ ညီမလေးကို အလွန်မှ ဂရုစိုက်ပြီး ချစ်ခင်လေသည်။

ဘဝကို ချစ်မြတ်နိုးသည့် သိမ်မွေ့ပြီး လှပသည့် မိန်းကလေးတစ်ယောက်သည် လူယုတ်မာတစ်ယောက်ကြောင့် အသက်ဆုံးရှုံးခဲ့ရလေသည်။

ရှောင်ဖုန်းသည် ထိုဆိုးရွားသည့်တိရစ္ဆာန်များကို ရင်ဆိုင်ရန် တစ်ယောက်တည်း ချန်ထားခံခဲ့ရသည်။

သူမ၏မျက်လုံးများက ရှောင်ဖုန်းဆီသို့ ကျရောက်သွားသည်။ ရှောင်ဖုန်းသည် သူ့အမေကို သတိရသည်ဟု တစ်ခါမှ မပြောခဲ့ဖူးချေ။ သို့သော်ငြားလည်း သူသည် အမေဖြစ်သူကို မလွမ်းဘဲ အဘယ်မှာ ရှိနိုင်ပါမည်နည်း။ သူမက ရှချွန်းနှင့်ပတ်သက်သည့် တစ်စုံတစ်ခုကို ပြောသည့်အချိန်တိုင်း သူကအလွန်မှဂရုတစိုက် နားထောင်နေတက်ခဲ့သည်။

သူသည် လီရှင်းမေက ကျန်းကျန်းကို ဖက်ထားသည့်အချိန် သို့မဟုတ် ချန်းချန်းက နဥ်ရှောက်ယွင်ကို နွေးနွေးထွေးထွေး ပြုမူတတ်သည့်အချိန်ကို မြင်လိုက်သည့်တိုင် အားကျသည့်အကြည့်တစ်ခုကို ပြသပေလိမ့်မည်။

သူသည် အမေဖြစ်သူ၏ ရုပ်ရည်ကို လုံးဝမေ့လျော့သွားပြီဖြစ်သည့်တိုင် သူသည် သူမအကြောင်းနှင့် ပတ်သက်သည့် အသေးစိတ်နှင့် နည်းနည်းလေးမှအစ အလိုလိုရှာဖွေနေတတ်သည်။

ရှမြန်က ကလေး၏ခေါင်းလေးကို ထိကိုင်လိုက်ပြီး သူမ၏ရင်ထဲတွင် တင်းကျပ်သလို ခံစားလိုက်ရကာ ငိုချင်သွားတော့သည်။

ရုတ်တရက်ဆိုသလို သူမ၏ခေါင်းပေါ်တွင် လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရပြီး အေးမြသည့် လေပြည်လေးက ဖြတ်တိုက်သွားသည်။ သူမ၏ ပူလောင်ပြီး ကြပ်ထုတ်နေသည့်ခေါင်းမှာ အများကြီး သက်သောင့်သက်သာရှိသလို ခံစားလိုက်ရလေသည်။

သို့သော်ငြားလည်း...

ရှမြန်က နဥ်ရှောက်ပိုင်ကို ဒေါသဖြင့် ကြည့်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်လေသည်။

“ရှင် ဘာလုပ်တာလဲ”

နဥ်ရှောက်ပိုင်က ဆံပင်တုတစ်ခုကို ကိုင်ထားလေသည်။

“မင်း ဒီပုံစံမျိုးနဲ့ မပူဘူးလား။ မင်းရဲ့ခေါင်း အပူမလောင်အောင်လည်း သတိထားဦး”

ချန်းချန်းက မော့ကြည့်လိုက်ပြီး ပြောလိုက်၏။

“အန်တီရှမြန် အန်တီ အဲ့ဒါကိုဆွဲလိုက်ရင် အန်တီရဲ့ဆံပင်တုက ပြုတ်ကျသွားလိမ့်မယ်”

“ကျေးဇူးပြုပြီးတော့ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့တော့”

ရှမြန်က ခေါင်းငုံ့ပြီး သူ့ကို ကြည့်လိုက်သည်တွင် တစ်စုံတစ်ခုက သူမ၏ခေါင်းပေါ်မှ ကျသွားသည်ကို ခံစားလိုက်ရပြီး သူမ၏ဦးရေပြားသည် ရုတ်ခြည်းဆိုသလို လန်းဆန်းကာ သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရတော့သည်။

သို့သော်ငြားလည်း ရှမြန်၏အမူအရာကတော့ ပြောင်းလဲသွားသည်။ သူမက နဥ်ရှောက်ပိုင်ကို စိန်းစိန်းဝါး၀ါး ကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်ကလည်း တအံ့တဩ ဖြစ်နေသည်ကို မြင်လိုက်ရလေသည်။

သူက သူ့လက်ကိုမြှောက်လိုက်ပြီး သူ့နာရီကြိုးနှင့်ငြိနေသည့် ရှမြန်၏ဆံပင်ကို ပြလိုက်ကာ အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်လေသည်။

“ငါ တကယ် မရည်ရွယ်ပါဘူး”

ရှမြန်သည် မနေနိုင်တော့ဘဲ လက်သီးများကို ထပ်ပြီးဆုပ်မိတော့သည်။ နဥ်ရှောက်ပိုင်က ဆံပင်တုကို မြန်မြန် ပြန်ပြင်ဆင်လိုက်ပြီး သူမ၏ခေါင်းပေါ်သို့ ပြန်တင်ပေးလိုက်သည်။

သူက သူမ၏အဝတ်အစားများကို ကြယ်သီးတပ်ပေးရင်း မေးလိုက်သည်။

“မင်းရဲ့နဖူးပေါ်မှာ ချွေးတွေအများကြီးပဲ။ မပူဘူးလား။ အပူရှပ်မှာ သတိထားဦးနော်”

ဒါသည် မနေ့က သူမ အလျင်စလိုဝယ်လာခဲ့သည့် ဆံပင်တုတစ်ခုဖြစ်လေသည်။ ဒါက လုံးဝကို အသက်ရှူမချောင်ချေ။ သူမသည် အစပိုင်းတွင်တော့ ပိတ်လှောင်နေသလို မခံစားရချေ။ သို့သော်ငြားလည်း အခုတော့ သူမက လေတချို့ကို ပေးဝင်လိုက်ရာ ဆံပင်တုကို ပြန်တပ်လိုက်ချိန်တွင် အင်မတန်မှ နေရခက်သွားသည်ကို ခံစားလိုက်ရလေသည်။

ရှမြန်က ဆံပင်တုကို ဆွဲချွတ်လိုက်ပြီး သူ့ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။

နဥ်ရှောက်ပိုင်က အေးအေးလူလူဖြင့် ကိုယ်ကိုညွတ်လိုက်ပြီး ချန်းချန်း၏ခေါင်းပေါ်က ဘေ့စ်ဘောဦးထုပ်အဖြူလေးကို ယူလိုက်ကာ ရှမြန်၏ခေါင်းပေါ်တွင် ဆောင်းပေးလိုက်သည်။

“ငါပြောသားပဲ ဦးထုပ်ဆောင်းတာက ပိုပြီး သက်သောင့်သက်သာရှိပါတယ်ဆို”

“ရှင်က အများကြီး သိတယ်ပေါ့နော်။ ရှင်က အများကြီး အတွေ့အကြုံတွေ ရှိလို့ပဲဖြစ်ရမယ်”

ရှမြန်သည် အလွန်ဒေါသထွက်သွားပြီး ဆံပင်တုဖြင့် သူ့ကို ပစ်ပေါက်လိုက်လေသည်။ သူမ၏အရပ်ကသာ မြင့်လျှင် သူ့ခေါင်းပေါ်တွင် ဆံပင်တုကို စွပ်ပေးလိုက်ဦးမည်။

သူမသည် အင်အားအပြည့်ရှိနေချိန်တွင် မျက်လုံးထဲတွင် အများကြီးပိုပြီး နှစ်လိုဖွယ်ရှိလေသည်။

နဥ်ရှောက်ပိုင်က သူ့ကို စနောက်နေသည်ကို ရပ်တန့်လိုက်ပြီး အရေးကြီးကိစ္စကို စတင်ပြောဆိုလိုက်သည်။

“မင်း ဘာစီစဉ်ထားလဲ။ မင်း ယန်မြို့ကို သွားဦးမှာလား”

ရှောင်ဖုန်းက သူ့ခေါင်းလေးကို ထိကိုင်နေသည့်ရှမြန်ကို ချက်ချင်းမော့ကြည့်လိုက်ပြီး ပြောလိုက်၏။

“သွားကြမယ်”

သူမသည် မင်ရှီစီရင်စုကိုပြန်ဖို့ အစီအစဉ် မရှိသေးချေ။ ထိုမြို့က အလွန်မှသေးငယ်သည်။ မင်မြို့ကလည်း သေးငယ်သေးသည်။ ထို့အပြင် ကျန်းချီမင်က ဒီနေရာမှာ မရှိတော့သော်လည်း ဒီနေရာက ရှချွန်းသေသွားသည့် နေရာလည်းဖြစ်နေသည်။

ထိုအပြင် ရှောင်ဖုန်း၏ အရည်အချင်းကို အလဟဿအဖြစ်မခံနိုင်ပေ။ သူမသည် ဒီလောကတွင် သူ့ကိုတောက်ပနေအောင် တတ်နိုင်သမျှ အရာအားလုံး လုပ်ပေးချင်သည်။

ချန်းချန်းက ရုတ်တရက် ဝမ်းသာသွား၏။

“ညီလေးရှောင်ဖုန်း ညီလေးက ငါတို့နဲ့ ယန်မြို့ကိုသွားတော့မှာလား”

ရှောင်ဖုန်းက သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ပြီး ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ပျော့ပျောင်းသည့် ဆံနွယ်လေးများက ရှမြန်၏ပါးပြင်ကို လာရောက်ပွတ်သပ်နေလေသည်။

ရှမြန်ကလည်း ပြုံးလိုက်ပြီး သူ့ကျောလေးကို ပွတ်သပ်ပေးလိုက်သည်။

“ဒါပေမဲ့လည်း ငါတို့တွေ အရင်ဆုံး ငါတို့ရဲ့ဇာတိမြို့ကိုပြန်ရဦးမယ်” ရှမြန်က နဥ်ရှောက်ပိုင်ကို ပြောလိုက်၏။ “ကျွန်မတို့တွေ နောက်ပိုင်းကိစ္စကို ဖြေရှင်းဖို့ လူကြီးတွေကို သွားတွေ့ဖို့လိုတယ်”

တစ်ခုမှာ ဟွားကန်းစက်ရုံ၏ အိမ်ယာဖြစ်သည်။ စက်ရုံက အခြေအနေကိုကြားခဲ့ပြီးနောက်တွင် သူတို့က ကျန်းချီမင်၏အမှု ပြီးသွားလျှင် သူတို့က အိမ်ကို ရှောင်ဖုန်းထံသို့ လွှဲပြောင်းပေးမည်ဟု ကတိပေးထားသည်။

သို့သော်ငြားလည်း ရှမြန်ကတော့ ထိုအိမ်ကိုရပြီးနောက်တွင် ရောင်းချဖို့ စဉ်းစားထားသည်။ အကြောင်းမှာ ထိုအိမ်ကြောင့်ပင် ကျန်းချီမင်က ရှချွန်းကို သတ်ချင်ခဲ့ခြင်းကြောင့်ပင်။

ဒီအိမ်ကို ရှချွန်း၏လျော်ကြေးငွေအဖြစ် ဝယ်ထားခဲ့သော်ငြားလည်း တိရစ္ဆာန်(၂)ကောင်က ဒီအိမ်တွင် တစ်လျှောက်လုံး နေထိုင်လာခဲ့သည်ဖြစ်ရာ သူမသည် ဒီအိမ်ကို လုံးဝသဘောမကျတော့ချေ။

ဒီကိစ္စများကို အကြီးအကဲများက ဖြေရှင်းပေးဖို့ရန် လိုအပ်သည်။ နောက်ဆုံး ရှမြန်က အသက်မပြည့်သေးသူဖြစ်နေသည်။

ကျန်းချီမင်၏ မိသားစုအတွက်တော့ ရှမြန်က ရှချွန်း၏အုတ်ဂူကို မင်ရှီစီရင်စုသို့ ပြန်ပြောင်းလာဖို့ စဉ်းစားထားသည်။ သူမက အယူသီးခြင်းကြောင့်တော့ မဟုတ်ပေ။ သို့သော် သူမက ကျန်းချီမင်၏ မိသားစုကို အင်မတန်မှ မုန်းတီးလေသည်။ ထို့အပြင် ရှောင်ဖုန်းက နောက်ပိုင်းဆိုလျှင် သူမကို ပြန်ပြီး ကန်တော့ဖို့ လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

“ကျောင်းက လဝက်လောက်နေရင် ဖွင့်တော့မှာလေ။ မင်းဟာမင်း အလုပ်တွေကို အပြီးသတ်နိုင်လို့လား” နဥ်ရှောက်ပိုင်က မေးလိုက်၏။

“မင်းရဲ့အမှတ်တွေကရော ဘယ်လိုနေလဲ။ ဘယ်အထက်တန်းကျောင်းကို သွားဖို့စဉ်းစားထားလဲ”

“ကျွန်မနှစ်တစ်ဝက်လောက် ကျောင်းနားဖို့ စဉ်းစားထားတယ်”ရှမြန်က ပြောလိုက်သည်။

“အရင်ဆုံးတော့ ဒီကကိစ္စတွေကို ဖြေရှင်းဖို့ အနည်းဆုံး လတစ်ဝက်လောက် အချိန်ယူရမယ်လေ။ ကျွန်မ ယန်မြို့မှာအခြေချဖို့ အိမ်တစ်လုံးလည်းဝယ်ဖို့ လိုသေးတယ်။ ကျွန်မ နောက်ပိုင်းကျရင်တော့ အစ်မနဥ်နဲ့ သွားရှာလိုက်ပါမယ်။ ကျွန်မ ရှင့်အကူအညီလည်း လိုချင်လိုလာလောက်တယ်”

နဥ်ရှောက်ပိုင်က ပြောလိုက်၏။ “ငါ့ကိုပဲ တိုက်ရိုက် ပြောလိုက်ပါ”

ရှမြန်ကား ဇဝေဇဝါဖြစ်သွားသည်။

“ငါလည်း ယန်မြို့ကိုပြန်မှာလေ”နဥ်ရှောက်ပိုင်က ပြောလိုက်၏။

“ရုတ်တရက်ကြီးလား”

“ငါတို့တွေ ချန်းချန်းရဲ့အမှုကို စုံစမ်းထားတယ်”နဥ်ရှောက်ပိုင်က အများကြီးမပြောချေ။

သူက အိမ်ပြန်ပြီး သူ့မိထွေးကို ဖြေရှင်းတော့မည်ဟု ရှမြန်က နားလည်လိုက်သည်။

သူမ၏သတိပေးချက်ကြောင့်ပဲ ချန်းချန်းသည် ပြန်ပေးဆွဲမခံခဲ့ရသလို ဒဏ်ရာများလည်း မရခဲ့ချေ။ ထို့အပြင် သဲလွန်စများက သိသာနေသည်။ ထို့ကြောင့် အမှန်တရားကို ရှာဖွေရန် လွယ်ကူပေမည်။

လူဆိုးများကို ကြိုတင်အပြစ်ပေးရလိမ့်မည်။ ချန်းချန်းမိသားစု၏ ကံတရားကလည်း ပြောင်းလဲသွားလိမ့်မည်။

နဥ်ရှောက်ပိုင်က သူမကို နောက်ထပ်ဖုန်းတစ်လုံး လှမ်းပေးလိုက်၏။

“ဒါကိုယူထားပြီးတော့ အဆက်အသွယ်လုပ်ပေါ့။ တကယ်လို့ တစ်လအတွင်း ထွက်လာမယ်ဆိုရင်တော့ ငါတို့တွေ အတူတူသွားလို့ရတယ်”

ဒါသည် စိတ်ကူးကောင်းတစ်ခုပင်။ နဥ်ရှောက်ပိုင်က ယန်မြို့ကိုသေချာပေါက် ကားဖြင့်သွားလိမ့်မည်။ ဒါက အစိမ်းရောင်ရထားကြီးကို စီးရသည်ထက် အများကြီးပိုပြီး အဆင်ပြေလိမ့်မည်။

ရှမြန်ကလည်း အားနာမနေတော့ချေ။ သို့သော် အပြန်အလှန်အားဖြင့် သူမက ချန်းချန်းကို လှမ်းကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်ကို ပြောလိုက်၏။

“သူ့အဖိုးကိုလည်း သတိထားနော်။ ကျွန်မ ဘယ်ကနေကြားခဲ့လဲဆိုတာတော့ မေ့သွားပြီ။ ဟော်ဖန်းရိရဲ့ အတွင်းရေးမှူးက သူ့ရဲ့တရားမဝင်သားတဲ့”

“နောက်ပြီးတော့ မြို့ရဲ့မြောက်ပိုင်းက project ကို တာဝန်ယူထားတဲ့ တရားမဝင်ဦးလေးကိုလည်း သတိထား”

ချန်းချန်းသည် မိသားစု၏ စွန့်ပစ်ခံရသည့်အကြောင်းအရင်းမှာ ဟော်ရွှယ်၀မ်က ထိုအချိန်တွင် မြို့၏မြောက်ပိုင်းက project ကိုစိတ်စွဲနေခြင်းကြောင့် ဖြစ်သည်ဟု စာအုပ်ထဲတွင် ဖော်ပြထားသည်။ သူ့တွင် သူ့သားကို ကာကွယ်နိုင်သည့် အရည်အချင်း ဘာမှမရှိချေ။

ချန်းချန်း၏ အခြေအနေက ပိုပိုပြီးဆိုးရွားလာခဲ့သည်။ နဥ်ရှောက်ယွင်က ယောက်ျားဖြစ်သူကို ပိုပြီး မုန်းတီးလာပြီး သူတို့၏ဆက်ဆံရေးက လုံးဝ ပြန်ပြင်ဆင်လို့မရတော့ချေ။

နဥ်ရှောက်ပိုင်၏မျက်နှာက တည်ငြိမ်နေသည်။ သို့သော်ငြားလည်း သူသည် ဘာမှ ထပ်မမေးတော့ချေ။ သူက ဒီအတိုင်း ပြောလိုက်၏။

“ငါ သိပါပြီ ကျေးဇူးတင်ပါတယ်”

ရှမြန်သည် စိတ်အေးသွားကာ ကြိတ်ပြီးသက်ပြင်းချမိလေသည်။ သူမသည် လူများကို အရူးလုပ်ဖို့ရန် ဆင်ခြေများကို မသုံးချင်ပေ။ နဥ်ရှောက်ပိုင်က ဘာတစ်ခုမှ မမေးလာသည့်အတွက် တော်ပါသေးသည်။

...

All Chapters