အပိုင်း(၄၅)
Vol. 3 Ch. 45
မနက်စာစားပြီးနောက်တွင် မိသားစုသည် ကျန်းမိသားစုအိမ်တွင် ခန္ဓာကိုယ် သွားကောက်မည့်ကိစ္စကို တိုင်ပင်ဖို့ရန် ဦးကြီးရှ၏အိမ်သို့ သွားကြလေသည်။
ကျန်းမိသားစုသည် သလျန်တောင်ထဲက ဆင်းရဲသည့်ရွာလေးတစ်ခုတွင် နေထိုင်သည်။ မင်ရှီရင်စုမှ ဘတ်စ်ကားဖြင့်သွားလျှင် တစ်နေကုန်လုံးအချိန်ပေးရပြီး ဘတ်စ်ကား၂ဆင့် ပြောင်းစီးရသည်။ သူတို့သည် ညကြီးသန်းခေါင်တွင် ကျန်းမိသားစုနှင့်မည်သို့ ဆွေးနွေးတိုင်ပင်နိုင်ပါမည်နည်း။ အခြေအတင် ဆွေးနွေးခဲ့ကြပြီးနောက်တွင် အုတ်ဂူကို ပြန်ဖွင့်မည့်အခမ်းအနားလုပ်ပြီး အချိန်အများကြီး ပေးရပါဦးမည်...
လူတော်တော်များများက မည်သို့သွားကြမည်၊ လူဘယ်နှစ်ယောက် သွားကြမည်၊ ဘယ်နှစ်ရက် အချိန်ပေးမည် စသည့်ကိစ္စများကို တိုင်ပင်လိုက်ကြသည်။
ရှအဒေါ်၂က ရုတ်တရက် ဝမ်းသာအားရ ထပြောလေသည်။
“အို ဘာဖြစ်လို့ ဘတ်စ်ကားစီးမှာလဲ။ ငါတို့အိမ်က လိလိသမက်ရဲ့ကားကို ယူသွားလိုက်” သူ့စကား ဆုံးသွားသည်နှင့်ချက်ချင်း မိတ်ကပ် အထူကြီးလိမ်းထားသည့် မိန်းကလေးတစ်ယောက်သည် သူမနောက်မှ လိုက်ဝင်လာလေသည်။
အပြာနှင့်အစိမ်းရောင် eye shadowများက နေရောင်ထဲတွင် တလက်လက်ဖြစ်နေပြီး ယင်ကောင်ခြေထောက်ပုံစံ မျက်တောင်များကလည်း ပူးကပ်နေသည်။ အနီရောင် နှုတ်ခမ်းအထူကြီးက ရှမြန်ကို သူမပထမဦးဆုံး မိတ်ကပ်လိမ်းခြယ်သည့်အကြောင်း အင်တာနက်ပေါ်တွင် တင်ခဲ့သည့် အကြောင်းအရာကို သတိပြန်ရသွားစေသည်။
နတ်ဆိုးမိစ္ဆာလို အမျိုးမျိုးလိမ်းခြယ်ပုံက သူတို့ကို သဘာဝကျကျ မြင်တွေ့စေလိုခြင်းကြောင့် မဟုတ်ဘဲ သူတို့က eye shadow အမျိုးအစား ဘယ်နှစ်မျိုးသုံးထားကြောင်း မိတ်ကပ်ထူထူ ဘယ်လောက်များများ လိမ်းခြယ်ထားကြောင်းကို လူအများအား သိရှိချင်စေရုံသာ ဖြစ်လေသည်။
သူမသည် ရှဦးလေး၂၏သမီးရှလိ ဖြစ်လေသည်။ သူမသည် အထက်တန်းအောင်ပြီး ပထမနှစ် အောင်ပြီးနောက်တွင် အလုပ် ထွက်လုပ်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူမ၏ရုပ်ရည်ဖြင့် အရူးလုပ်လို့ မရပေ။ သူမသည် အမှန်တကယ်တော့ အသက်၁၇နှစ်သာ ရှိသေးသည်ဖြစ်ရာ ရှမြန်ထက် တစ်နှစ်သာကြီးလေသည်။
ရှဦးကြီးက အနည်းငယ် မျက်မှောင်ကြုတ်ထားလိုက်လေသည်။ “လိလိက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ လက်တွဲဖော်တစ်ယောက် ရှာနေပြီလား”
ရှဦးလေး၂၏ တုံ့ပြန်ပုံက လုံးဝကို ကွာခြားသည်။ သူ့မျက်လုံးများက လင်းလက်လာပြီး ပြောလိုက်၏။
“ငါတို့ရဲ့လိလိက အကြီးကြီးလုပ်ထားတာ။ သူက ကားတစ်စီးပိုင်တဲ့ သမက်တစ်ယောက်ကို ရှာထားတာ မဟုတ်လား”
ရှလိသည် အခိုက်အတန့် ရှက်သွေးဖြာသလိုဖြစ်သွားပြီး ဝင့်ကြွားသည့်အရိပ်အယောင်တစ်ခုဖြင့် ရှမြန်ကို လှမ်းကြည့်လိုက်လေသည်။
“အခုထက်ထိတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ဒီတစ်ခါအိမ်မှာ တစ်ခုခုဖြစ်နေတယ်လို့ ကြားလိုက်လို့လေ။ ဒါကြောင့်မလို့ အကူအညီ ပေးဖို့ပြန်လာခဲ့တာ”
ရှမြန်ကတော့ ဒါကို မမြင်ချင်ဟန်ဆောင်ထားလိုက်သည်။
ရှဦးလေး၂က ဝမ်းသာအားရ ထရပ်လိုက်၏။
“သူက အရမ်းကို သိတတ်တာလေ။ မနက်ခင်းအစောကြီး အနီးအနားမြို့ကနေ မောင်းပြန်လာခဲ့တာ။ သူသာ သမက်တစ်ယောက် မဟုတ်ဘူးဆိုရင် သူက ဘာဖြစ်နိုင်ဦးမှာလဲ”
“ငါ့သမက်က ဘယ်လိုကားမျိုးမောင်းလာတာတဲ့လဲ” ဝမ်းသာအားရလေသံဖြင့် မေးမြန်းလေသည်။
ရှလိက ဘာမှအရေးမပါသလို လေသံဖြင့်ပြောဖို့ ကြိုးစားလိုက်သည်။
“ဒီနေ့တော့ အိမ်မှာလည်း သုံးစရာတစ်ခုခုလိုတယ်လို့ စဉ်းစားမိလို့ ဗင်ကားငယ်လေးတစ်စီးကို မောင်းလာခဲ့တာ။ နောက်ဆုံး ဆန်တာနာက အရမ်းသေးတယ် မဟုတ်လား”
“တခြားကား၂စီးကရော”
ရှဦးလေး၂နှင့် ရှအဒေါ်၂တို့၏ မျက်လုံးများသည် တဖျတ်ဖျတ် လင်းလက်သွားလေသည်။
ရှလိက ပိုလို့ပင် အရေးမပါသလိုပြောလေသည်။
“အဲဒါတွေက စီမံကိန်းအတွက် အလုပ်လုပ်နေတာလေ။ သူတို့မှာ ကားတွေ အများကြီးရှိတယ်”
သူမက အားလုံး၏အမူအရာကို တိတ်တဆိတ်လေး လေ့လာကြည့်ဖို့ရန် မတတ်နိုင်ခဲ့လျှင် ဒါသည် ပြီးပြည့်စုံသည့် သရုပ်ဆောင်ခြင်းတစ်ခု ဖြစ်လာလိမ့်မည်။
ရှဦးလေး၂က အများကြီးပိုပြီး ပွင့်ပွင့်လင်းလင်းရှိကာ ဝင့်ကြွားအားရ ပြောလေသည်။
“ကားတစ်စီး ရှိလာပြီဆိုတော့ ငါတို့အတွက် အများကြီး ပိုပြီးအဆင်ပြေသွားတာပေါ့”
သို့သော်ငြားလည်း နောက်ဆုံးတွင် သူက ငွေစကားပြောဆဲပင်။
“သလျန်ရှန်းကို သွားဖို့ဆိုရင် ဓာတ်ဆီ အများကြီး ကုန်မှာပေါ့နော်။ ဟုတ်တယ်မလား”
ရှလိက ပြောလိုက်၏။ “ဘာပဲဖြစ်ဖြစ်ပါ ဒါက ဘတ်စ်ကားစီးသွားတာထက်တော့ ပိုပြီး စျေးသက်သာပါတယ်”
ရှဦးကြီးက ပြောလိုက်၏။ “အင်းပါ သူတို့တွေက ကူညီဖို့ဆန္ဒရှိတယ်ဆိုရင် ငါတို့တွေကလည်း သူတို့ကို လုံးဝနစ်နာအောင် မလုပ်ပါဘူး။ ငါတို့တွေက ငွေလေးနည်းနည်းပိုပေးရလည်း ဘာဖြစ်လဲ”
ရှဦးလေး၂က ချက်ချင်း ပြောလိုက်၏။ “ဒါဆိုရင် လူဘယ်နှစ်ယောက် ထိုင်လို့ရတယ်ဆိုတဲ့ကိစ္စနဲ့ ဓာတ်ဆီဘယ်လောက် ကုန်မလဲဆိုတဲ့ကိစ္စကို သွားကြည့်လိုက်ဦးမယ်”
ရှဦးကြီးက သူ့နောက်မှ လိုက်ထွက်သွားလေသည်။ သူသည် ရှဦးလေး၂မိသားစု၏ စရိုက်ကို လုံးဝအယုံအကြည် မရှိချေ။ ထို့ကြောင့် သူက လူကိုယ်တိုင် အတည်ပြုချင်လေသည်။
ရှလိက ရှမြန်ကို လက်ဝှေ့ရမ်းပြလိုက်ပြီး ”ရှမြန် ငါတို့နဲ့ လိုက်မလာချင်ဘူးလား။ သွားကြစို့”
ရှမြန်က မျက်နှာသေဖြင့် ပြန်ပြောလိုက်၏။
“တော်ပါပြီ ကျွန်မမှာ လုပ်စရာရှိသေးတယ်”
ရှလိက လက်မလျှော့ မှာစိုးရိမ်သဖြင့် သူမက ဒီအတိုင်း ကိုယ် ကိုကျောပေးလိုက်ကာ ရှ၀မ်ယွဲ့ကို စကားလှမ်းပြောလိုက်လေသည်။
သူမသည် ရှလိ၏ အဆင့်နိမ်ကြွားလုံးများကို နားမထောင်ချင်တော့ပေ။
သူတို့သည် အသက်တစ်နှစ်သာ ကွာခြားသဖြင့် ကလေးဘဝထဲက အချင်းချင်း အမြဲတမ်း ယှဉ်ပြိုင်တတ်လာကြသည်။ အစကတော့ မူလခန္ဓာကိုယ်ပိုင်ရှင်သည် ရှလိထက်ပိုပြီး ကောင်းမွန်သည့်ဘဝတွင် နေထိုင်ရသည်ဟု စဉ်းစားခဲ့သည်။ သို့သော်ငြားလည်း ရှအဖေ ဆုံးပါးသွားပြီးနောက်တွင် ရှမိသားစုသည် ငွေရေးကြေးရေး သိသိသာသာ ကျပ်တည်းလာတော့သည်။
ဆန့်ကျင်ဖက်အနေဖြင့် ရှလိသည် ငွေရှာဖို့ရန် စောစောစီးစီး အလုပ်ထွက်လုပ်ခဲ့သဖြင့် သူမ အိမ်ပြန်ရောက်လာသည့်အကြိမ်တိုင်း ကောင်းကောင်းမွန်မွန် ဝတ်စားတတ်လာပြီး အပြင်လောကက မည်မျှ အံ့သြစရာကောင်းကြောင်းကို ရှမြန်အား ကြွားလုံးထုတ်တော့သည်။
“ငါတို့ဆိုင်ကို လာကြတဲ့ သူဌေးကြီးတွေတိုင်းမှာ အစ်ကိုကြီးတွေရှိတယ်တဲ့”
“သူဌေးကြီးက ငါ့ကို ယွမ် ၁၀၀ မုန့်ဖိုးပေးခဲ့တာလေ”
“အို စာသင်လို့ရော ဘာအဓိပ္ပာယ်ရှိဦးမှာလဲ။ ကြည့်လေ ငါဆို အခုတစ်လကို ယွမ် ၃၀၀တောင် ရှာနိုင်ပြီပဲ။ နင်ကောလိပ်ကျောင်း ပြီးသွားတဲ့အချိန်ဆိုရင် နောက်၄နှစ်၊ ၅နှစ်လောက်ကျရင် ငါက ယွမ် ၁သောင်း၊၂သောင်းလောက် ရှာနိုင်နေလောက်ပြီ”
“နင်က ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်နေရင်ရော နင်ကဘာလုပ်နိုင်မှာလဲ။ ငါတို့သူဌေးဆိုရင် မူလတန်းတောင် အောင်ခဲ့တာမဟုတ်ဘူး။ ကောလိပ်ကျောင်းသားတွေက သူ့အတွက် အလုပ်လုပ်ပေးနေရသေးတယ်လေ။ ဟုတ်တယ်မလား”
“ငါတို့ဆိုင်မှာ သူဌေးကြီးမျက်နှာသာ ပေးခံရတဲ့ အစ်မတစ်ယောက်ရှိတယ်။ သူကအဲဒီအစ်မကို ပန်းတွေအများကြီးနဲ့ ရွှေလက်စွပ်၅ကွင်းတောင် ပေးခဲ့တာ။ နောက်ပိုင်းကျရင်တော့ သူက လက်ထပ်သွားပြီးရင် ဇနီးသည်တစ်ယောက် ဖြစ်လာတာလေ။ ကောလိပ်ကျောင်းသားတွေက သူ့ကိုသူဌေးကတော်လို့ ခေါ်ရတော့တာပေါ့”
...
ဒီခေတ်အခါတွင် လူများသည် ဆင်းရဲသားများကို လှောင်ရယ်ကြပြီး ပြည့်တန်ဆာများကိုတော့ လှောင်ရယ်ကြခြင်း မရှိချေ။ ဒီစကားလုံးများက မူလခန္ဓာကိုယ်ကို အနည်းနှင့်အများ လှုပ်ရှားသွားစေလေသည်။ ရှလိက ဒါကိုမြင်လိုက်ပြီး မူလခန္ဓာကိုယ်၏ရှေ့တွင် ထင်ရှားသည့် ပုံရိပ်တစ်ခုရှိကြောင်း ရှာဖွေချင်သည်။ သူမကို ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ အမြဲတမ်း တိုက်တွန်းတတ်သည်။
ယခုတွင်သူမသည် ကားတစ်စီးပိုင်သည့် သူဌေးတစ်ယောက်ကိုခေါ်ပြန်လာခဲ့သည်ဖြစ်ရာ ရှလိက သေချာပေါက် အလွန်မှ ဂုဏ်ယူနေတော့မည်။
သူမသည် ကိုယ့်ဟာကိုယ်အောင်မြင်သည့် ဥပမာတစ်ခုလို ဆက်တိုက်ပြောနေတော့မည်မှာ မလွဲချေ။ ဒီကိစ္စက အင်အားသုံးလို့ မရနိုင်ပေ။ ထိုကြောင့် ရှမြန်က ရှောင်တိမ်းသည့်နည်းလမ်းကိုသာ အသုံးချဖို့ ဆုံးဖြတ်လိုက်တော့သည်။
ရှဦးကြီးက ပြန်ရောက်လာသည့်အချိန်တွင် သူ့မျက်နှာက တည်ကြည်နေပြီး ရှုပ်ထွေးသည့်ဟန် ဖြစ်နေသည်။ ရှ၀မ်ယွဲ့က အပြင်မထွက်သွားသော်ငြားလည်း သူမက ထိုမိသားစုအကြောင်းကို အလွန်မှ ရင်းနှီးနေသည်မှာ သိသာလေသည်။ သူမက ဒီအတိုင်းမျက်နှာကို မဲ့ထားလိုက်ကာ ပြောလိုက်၏။
“အစ်ကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး မစိုးရိမ်ပါနဲ့။ သူတို့သမီးက သူတို့ဟာသူတို့ အရှက်ခွဲချင်နေတာပဲ။ အစ်ကိုက သူနဲ့ပတ်သက်ပြီး ဘာဖြစ်လို့ ဂရုစိုက်နေရမှာလဲ”
ရှမြန်သည် ရှလိ၏ အနာဂတ်ချစ်သူကောင်လေး ၀မ်ထောင်ကို တွေ့လိုက်ချိန်တွင်တော့ ဦးကြီးရှနှင့် တခြားသူများက ခေါင်းခါကြပြီး သက်ပြင်းချကြသည့် အကြောင်းအရင်းကို သဘောပေါက် သွားတော့သည်။
ထိုလူက အသက်၃၀နီးပါး ရှိပြီဖြစ်ကာ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားပြီး ရှလိနှင့် အရပ်အတူတူလောက် ရှိနေသည်။ သူသည်ရုပ်မဆိုးသော်ငြားလည်း ချောမောနေသည်လည်း မဟုတ်ချေ။ သူ့ကိုအင်မတန်မှ သာမန်ရုပ်ရည်ဟုသာ ဖော်ပြနိုင်သည်။
လက်ထဲတွင် ကားသော့များကို ကိုင်ထားပြီး ချိုင်းကြားအောက်တွင်တော့ မိုဘိုင်းဖုန်းတစ်လုံးကို ညှပ်ထားသည်။ သူက ကိုယ်ကိုကိုင်းကာလမ်းလျှောက်လာပြီး လူချမ်းသာတစ်ယောက်၏အရှိန်အဝါကို ထုတ်ပြဖို့ရန် ခက်ခက်ခဲခဲကြိုးစားနေရသည်။
ရှဦးလေး၂၏မိသားစုသည် ဒါကိုအလွန်မှ သဘောကျသွားပြီး ချက်ချင်း လွှမ်းမိုးခံလိုက်ရသည်မှာ သိသာသည်။
ရှဦးကြီးကတော့ လိုရင်းကိုသာ မေးလိုက်၏။
“မင်းက တကယ်ပဲ အဲဒီလောက် အသက်အရွယ်ရှိပြီလား။ တကယ်ပဲ တစ်ခါမှ လက်မထပ်ရသေးဘူးလား”
“အသက်ကြီးလာတဲ့အခါကျမှ တစ်ဖက်လူကို ချစ်တတ်လာလိမ့်မယ်။ ကွာရှင်းပြီးနောက်မှပဲ တစ်ဖက်လူကို အမြတ်တနိုးထားရကောင်းမှန်း သိလာလိမ့်မယ်” ဒီလိုရှအဒေါ်၂ယူဆချက်များကို သူမကတော့ ငြင်းပယ်လေသည်။
ရှဦးကြီးက သက်ပြင်းချလိုက်ပြီးနောက်တွင် ဘယ်သူကမှ ထပ်မပြောတော့ချေ။
ဝမ်ထောင်က ရှလိနှင့် လိုက်လာကတည်းက ကူညီပေးဖို့ ဆန္ဒရှိသည်မှာ အမှန်ပင်ဖြစ်လေသည်။
ထို့ကြောင့် ထိုကိစ္စကိုထိုသို့သာ သတ်မှတ်လိုက်ကြသည်။ ဝမ်ထောင်က ရှ၀မ်ယွဲ့၊ ရှဟိုင်၊ ရှာမြန်နှင့် ကားယူသွားဖို့ တိုက်တွန်းခဲ့သည့် ရှအဒေါ်၂တို့ကို သလိရှန်းသို့ ကားမောင်းကာ လိုက်ပို့ပေးလိုက်လေသည်။
ရှောင်ဖုန်းကတော့ ဦးကြီးရှ၏အိမ်တွင် ခဏနေခဲ့သည်။ ထိုနေရာတွင် သူတို့သည် ရန်ပွဲတစ်ခု ဖြစ်ကြပေလိမ့်မယ်။ ဒါသည် ပုံမှန်အငြင်းပွားသည့်ကိစ္စနှင့် လုံးဝမတူချေ။ ကျန်းချီမင်က အဖမ်းခံထားရပြီး ဖြစ်သည်။ ကျန်းချီမင်၏ အမေတွင်လည်း သူ့သားကို ကယ်တင်ဖို့ရန် အင်အားမရှိချေ။ ရှောင်ဖုန်းကသာ သူမ၏တစ်ခုတည်းသော နည်းလမ်းဖြစ်လာလိမ့်မည်။ တစ်ဖက်လူက သွေးရူးသွေးတန်းဖြင့် ဘာများလုပ်မည်ကို မည်သူက သိပါလိမ့်မယ်နည်း။
ထိုလူသည် မောင်ငယ်များကို အထောက်အပံ့ပေးမည့် မိစ္ဆာ၄ကောင်ကို မွေးခဲ့သည့်အမျိုးသမီး ဖြစ်လေသည်။
ဟုတ်ပါသည်။ ကျန်းချီမင်တွင် အစ်မ၄ယောက် ရှိလေသည်။ သူတို့အားလုံးနီးပါးက သူတို့၏ အသက်ရှင်သန်ခြင်း သက်တမ်းတစ်ဝက်ကို သူ့ထံတွင် နှစ်မြုပ်ထားကြသည်။ ထို့ကြောင့်ပင် သူသည် သလိရှန်းမှ ထွက်လာနိုင်ခြင်းဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် သူသည် အကျိုးအမြတ်အတွက် အပေးအယူလုပ်ရန် အမျိုးသမီးများကိုအသုံးချရာတွင် အလွန်မှ ကျွမ်းကျင်ခြင်းဖြစ်သည်။
မသွားခင်တွင် ရှမြန်က သူတို့၏ အိမ်ထောင်စု ဇယားစာအုပ်ကို ယူထုတ်လာပြီး ရှောင်ဖုန်းကို သူမ၏ လက်မောင်းပေါ်တွင် ချီလိုက်ကာ
“အန်တီလေးနဲ့ အဘွားလေးတို့က သားရဲ့အဘွားအိမ်ကို သွားပြီး သားအမေကို သွားခေါ်ကြမှာ။ သားရဲ့အဘွားက သားကို ပြန်ခေါ်သွားမှာစိုးလို့ ဒါကြောင့်မို့လို့ အိမ်မှာပဲ အန်တီလေးတို့ကို စောင့်နေခဲ့နော်။ ဟုတ်ပြီလား”
ရှောင်ဖုန်းသည် သူ၏လက်ထဲတွင် အိမ်ထောင်စုဇယားစာအုပ်လေးကို တင်းနေအောင် ကိုင်ထားကာ နာနာခံခံဖြင့် ခေါင်းညိတ်ပြလေသည်။
“အန်တီလေး သားလိမ္မာပါ့မယ် မငိုပါဘူး”
သူသည် မငိုခဲ့ချေ။ သို့သော်ငြားလည်း ရှမြန်ကတော့ ငိုချင်သွားလေသည်။ သူမက ရှောင်ဖုန်းကို ပွေ့ဖက်ထားလိုက်ပြီး ပြောလိုက်၏။
“အန်တီလေးက တတ်နိုင်သလောက် ချက်ချင်း ပြန်လာခဲ့မယ်နော်။ ကားက ကိုကိုချန်ချန်နဲ့ကစားပြီး ညဆိုရင် သူနဲ့အတူအိပ်ရမယ်”
ချန်ချန်က ဘေးမှာ ပြောလိုက်လေသည်။
“ဒေါ်လေးမြန် စိတ်မပူပါနဲ့။ သားက သားရဲ့ညီလေးကို ဂရုစိုက်မှာပါ”
ရှမြန်က ရှောင်ဖုန်း၏ခေါင်းလေးကို ထိက်ိုင်ပေးလိုက်ပြီး ပြတ်သားသည့် နှလုံးသားတစ်ခုဖြင့် ကားပေါ်သို့ တက်သွားတော့သည်။
နောက်ကြည့်မှန်မှတစ်ဆင့် သူမသည် ရှောင်ဖုန်းလေးက ကားနောက်မှနေ၍ ခြေလှမ်း၂လမ်းလောက် လိုက်ပြေးလာသည်ကို မြင်လိုက်ရ၏။ သို့သော်ငြားလည်း ချန်ချန်က တစ်ဖန် လှမ်းဆွဲထားလေသည်။ သူမ၏အဒေါ်ကြီးက အရသာရှိသည့် အစားအသောက်တချို့ကို ယူထုတ်လာပြီး ကလေး၂ယောက်ကို ပြန်ခေါ်သွားသည်။
ရှောင်ဖုန်းက ငိုသည့်ဟန်တော့ မတူချေ။ ရှမြန်သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်မိသည်။
အားလုံးသည် မနက်စောစောတွင် ခရီးထွက်လာကြပြီး တလှုပ်လှုပ် စီးနင်းလာပြီးနောက်တွင် နေ့လယ်ခင်း၌ ကျန်းအိမ်သို့ ရောက်လာတော့သည်။ ရှ၀မ်ယွဲ့က ဝမ်ထောင်ကို ရွာဝင်ပေါက်တွင် ကားရပ်ခိုင်းလိုက်ပြီး အားလုံးက ကားဆင်းလိုက်ကြသည်။
ရှ၀မ်ယွဲ့က ဖြတ်သွားသည့် ရွာသားတစ်ယောက်ကို လှမ်းထားလိုက်ပြီး လမ်းမေးလိုက်၏။
“ကျန်းချီမင်ရဲ့အိမ်က ဘယ်တစ်ခုလဲ”
ပေါက်ပြားတစ်လက်ကိုင်ထားသည့် ရွာသားသည် သူတို့နောက်က ဗင်ကားကိုကြည့်လိုက်ပြီး သူ့မျက်နှာက အပြုံးအပြည့်ဖြစ်သွားကာ သိပ်မဝေးလှသည့်နေရာက အသိသာ အထင်ရှားဆုံး အပြာရောင်အုပ်ချုပ်ဖြင့် ဆောက်ထားသည့်ခြံဝန်းကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်၏။
“တွေ့လား အဲဒီအခမ်းအနားဆုံးခြံဝန်းကြီးက သူတို့ရဲ့အိမ်ပဲ။ ငါက သူ့ရဲ့ အကြီးဆုံးအစ်ကိုလေ။ ခင်ဗျားတို့တွေက ကျန်းချီမင်ကို ဘာဖြစ်လို့ တွေ့ချင်တာလဲ”
ရွာသားက ဝင့်ကြွားသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ”အဲဒီကလေးက ကျုပ်တို့ရွာမှာ အလားအလာ အရှိဆုံးသူပဲလေ”
ရွာထဲက ဘယ်သူကမှ ကျန်းချီမင်၏ကိစ္စကို လုံးဝမသိကြသည်မှာ သိသာသည်။
ဒီလိုဝေးကွာလှသည့် တောင်ပေါ်ရွာလေးတစ်ခုတွင် မိသားစုသာ ရောက်မလာခဲ့လျှင် ကျန်းမိသားစုသည် သူတို့၏တစ်သက်လုံး ဒီကိစ္စကိုဆက်ပြီး လျှို့ဝှက်သွားနိုင်လေသည်။ သို့သော်ငြားလည်း ရှမိသားစုက ဒါကို မည်သို့ သဘောတူပေးနိုင်ပါမည်နည်း။
ရှ၀မ်ယွဲ့က အဆုတ်ပွင့်သွားသည်အထိ စတင်အော်ငိုယိုတော့သည်။
“အမလေး ကလေးမရယ် နင်က အဲဒီလောက်ငယ်ငယ်လေးပဲရှိသေးတာ။ အဲဒီခွေးကောင် ကျန်းချီမင်ရဲ့ သတ်တာခံလိုက်ရတယ်လို့...“
ထူးခြားသည့် လေသံတစ်ခုနှင့် ကျယ်လောင်လှသည့်အသံသည် တောင်များဝန်းရံနေသည့် ရွာရိုးတစ်လျှောက် ချက်ချင်း ပျံ့နှံ့သွားတော့သည်။ လော်စပီကာတစ်ခုမရှိရင်တော့ ရွာထဲကလူတိုင်းက ဒီအသံကို ကြားနိုင်လေသည်။
ရွာသား၏မျက်နှာက ပြောင်းလဲသွား၏။ “ခင်ဗျားက ဘယ်သူလဲ၊ ခင်ဗျား ဘာဖြစ်လို့ ပေါက်ကရတွေ လျှောက်ပြောနေတာလဲ”
ရှအဒေါ်၂က ချက်ခြင်းငိုကြွေးတော့သည်။
“ငါ့တူမ ကောလိပ်ကျောင်းသူလေးရယ်... သူ့ဆီက ယွမ်၄သောင်းကို လိမ်လည်ဖို့အတွက် အဲဒီကျန်းချီမင်က တစ်ယောက်ယောက်နဲ့အတူ သတ်ခဲ့တာလေ...“
“သူ့ကိုရဲတွေက ဖမ်းသွားခဲ့ပြီးပြီဆိုရင်တော့ ဘာတတ်နိုင်ဦးမှာလဲ။ ငါတို့ကလေးမလေးက ပြန်မှ မလာနိုင်တော့ဘဲနဲ့”
ရှ၀မ်ယွဲ့က ချက်ချင်း ထပ်ပြောလိုက်သည်။
“ကျန်းမိသားစုက ဝဋ်လည်ပြီးပြီလေ။ ကျန်းချီမင်က သေဒဏ်ပေးဖို့ ထိုက်တန်တယ်။ ငါတို့သနားစရာ ကလေးမလေး။ အဒေါ်က နင့်ကို အိမ်ပြန်ခေါ်ဖို့ ဒီကိုရောက်လာခဲ့ပြီ...“
ရှအဒေါ်၂ကလည်း တစ်ဖန်ပြန်လည် ငိုကြွေးပြန်လေသည်။
“ငွေအတွက် ကိုယ့်သားအရင်းကိုတောင် သတ်နိုင်တဲ့တိရစ္ဆာန် မျိုးဆက်မကျန်ခဲ့တာနဲ့ပဲ ထိုက်တန်တယ်...“
သူတို့၂ယောက်စလုံးသည် ဒီနယ်ပယ်တွင် ကျွမ်းကျင်ကြလေသည်။ သူတို့၏ ပြတ်သားလှသည့်အော်သံများကို အဝေးမှပင် ကြားနိုင်လေသည်။ သေးငယ်သည့်တောင်ပေါ်ရွာလေးထဲတွင် အချိန်အကြာကြီး ပဲ့တင်ထပ်နေတော့သည်။
မကြာမီတွင် သတင်းကြားကြသည့်လူများက အပြေးအလွှား ရောက်လာကြသည်။ ခေါင်းဆောင်လာသည့် လူတချို့က တုတ်နှင့် တူးရွင်းများကို ကိုင်ဆောင်လာကြပြီး ဒီအပြင်လူများကို မောင်းထုတ်ချင်နေသည်မှာ သိသာသည်။
ရှဟိုင်တို့ညီအစ်ကိုကလည်း ကားနောက်ခန်းမှ တူးရွင်းတချို့ကို ယူထုတ်လာခဲ့ပြီး ရှ၀မ်ယွဲ့နှင့် ရှအဒေါ်၂တို့ ရှေ့တွင် ရပ်လိုက်ကြသည်။
ရှမြန်က ခြေထောက်များကို စည်းနှောင်ထားသည့်အဘွားကြီးကို အနီးကပ် စိုက်ကြည့်လိုက်သည်။ အဘွားကြီးသည် သူမ၏မျက်နှာတွင် ဘဝ၏ လောကဓံတရားကို ရင်ဆိုင်ရခဲ့ဟန်တူသည်။ သူတို့သည် မဟာရန်သူကြီးကို ရင်ဆိုင်နေရသည့်နှယ် ရှမိသားစုကို စိုက်ကြည့်နေကြသည်။
“နင်တို့တွေက ဘယ်သူလဲ။ ဘာဖြစ်လို့ ငါတို့ချီမင်ကို လာစွပ်စွဲနေတာလဲ”
“ငါတို့တွေက သူ့ကိုစွပ်စွဲတယ်ဟုတ်လား”
ရှ၀မ်ယွဲ့က ဒေါသတကြီးပြောလိုက်၏။
“ကျန်းချီမင်ကဖြင့် ထောင်ထဲရောက်သွားပြီးပြီ။ ငါတို့က သူ့ကိုစွပ်စွဲတယ် ဟုတ်လား။ စီရင်စုက သူ့ကိုမှားယွင်းစွပ်စွဲတယ်လို့ပဲ ပြောလိုက်ပါတော့လား”
ရှ၀မ်ယွဲ့က တစ်ဖန်စတင် ငိုကြွေးပြန်သည်။
“သနားစရာချွန်းချွန်းလေးရယ် ဒီလောက်လိမ္မာတဲ့ကလေးမလေး။ သူက ကောလိပ်ကနေဘွဲ့ရခဲ့ပြီး ဘာတစ်ခုမှ မမေးမြန်းခဲ့ဘဲနဲ့ သူ့ကို လက်ထပ်ခဲ့တယ်။ သူက သူ့အတွက်တောင် အလုပ်တစ်ခု ရှာပေးခဲ့ပြီးသားတစ်ယောက်တောင် မွေးပေးခဲ့သေးတယ်...“
“ဖြစ်ချင်တော့ ဒီတိရစ္ဆာန်က လူသားတစ်ယောက် မဟုတ်ဘူးလေ။ သူက အပြင်ဘက်မှာ မယားငယ်တစ်ယောက်ကို ရှာခဲ့တဲ့အပြင် ငွေအတွက် ရှချွန်းကိုလည်းပဲ သတ်ချင်ခဲ့သေးတယ်...“
ရှအဒေါ်၂ကလည်း အရက်စက်ဆုံးဟုထင်ရသည့် ယောက်ျား၏ခြေထောက်တွင် လှဲချလိုက်ပြီး ပြောလိုက်လေသည်။
“လုပ်စမ်းပါ၊ ငါ့ကို သေအောင်ရိုက်ကြစမ်းပါ။ ငါ့ကို သေအောင်ရိုက်ကြဦးမှာလား။ ဘာပဲဖြစ်ဖြစ်ပါ၊ နင်တို့က ငါတို့အိမ်က ကလေးမတစ်ယောက်ကို သတ်ခဲ့ပြီးသွားပြီလေ။ တကယ်လို့ နင်တို့တွေ ငါ့ကို သတ်လိုက်တယ်ဆိုရင်လည်း အဲဒီတိရစ္ဆာန်ကောင် ကျန်းချီမင်နဲ့အတူတူ ထောင်ထဲမှာ သွားနေကြရုံပဲပေါ့”
ရှအဒေါ်၂က ချီတုံချတုံဖြစ်နေကြသည့် တခြားလူများကို ကြည့်လိုက်ကာ အော်ဟစ်ပြောဆိုလေသည်။
“ကျန်းမိသားစုက ဘယ်လောက်တောင် နှလုံးသားမဲ့လိုက်သလဲဆိုရင် သူတို့တွေက လူတစ်ယောက်ကို သတ်ခဲ့ပြီးတော့ ရွာသားတွေကိုတော့ လျှို့ဝှက်ထားတယ်လေ။ ကျန်းချီမင်က ထောင်ထဲ ရောက်သွားပြီးပြီ။ ရဲစခန်းကလည်း ပြောတယ်။ သူက လူသတ်မှုကို ကျူးလွန်ပြီး ဥပဒေကို ဖောက်ဖျက်ခဲ့တယ်တဲ့။ ဒီတော့ သူက သေဒဏ်ပေးခံရမှာပဲ”
ရှမြန်ကလည်း လှုပ်ရှားဖို့ရန်အဆင်သင့် ဖြစ်နေသည့် ထိုလူများရှေ့တွင် ထွက်ရပ်လိုက်လေသည်။
“ကျွန်မကို မယုံမရှိနဲ့နော်။ ကျွန်မရဲ့အိမ်ကို မီးရှို့ခဲ့တာကျန်းချီမင်ပဲ။ သူ့က ငွေအတွက်နဲ့ ကျွန်မအစ်မကို သတ်ခဲ့တဲ့အပြင် သူက နောက်ထပ်ငွေပမာဏအတွက် ရှောင်ဖုန်းကိုလည်း သတ်ချင်ခဲ့သေးတာ”
သူမက ကျန်းချီမင်၏ အမေကိုကြည့်လိုက်ပြီး ရုတ်တရက် အော်ပြောလိုက်သည်။ “ရှင် ဒါကို သေချာသိပါတယ်။ ဟုတ်တယ်မလား။ ရှင်တို့ကျန်းချီမင်က အလုပ်သမားတစ်ယောက် သက်သက်ပဲလေ။ သူက ရှင့်အတွက် အိမ်တစ်လုံး ဆောက်ပေးဖို့ ဒီလောက်ငွေအများကြီး ဘယ်လိုလုပ် ရလာနိုင်မှာလဲ။ ရှင်ဒါကို တစ်ခါမှ သံသယမဖြစ်ခဲ့ဖူးဘူးလား”
“ဒါမှမဟုတ် ရှင်က ဒီအကြောင်းကို သေချာသိနေတာပဲ ဖြစ်ရမယ်။ ရှင်ကလည်း ကျန်းချီမင်ရဲ့ ကြံရာပါပဲဖြစ်မယ်”
ကျန်းချီမင်၏ အမေမျက်နှာသည် ဖြူဆုတ်သွားတော့သည်။
“ငါတို့ကျန်းချီမင်က မှားယွင်းစွပ်စွဲခံရတာကို ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ”
ရှမြန်က ပြောလိုက်သည်။ “ဒီတော့ ကျန်းချီမင်အဖမ်းခံထားရပြီး ထောင်ချခံရတာ ရှင် တကယ်သိတာပဲ”
တောင်ပေါ်ရွာလေးတွင် နေထိုင်ကြသည့် လူများသည် အချင်းချင်း ကာကွယ်ပေးဖို့ရန် စည်းလုံးကြလေသည်။ သို့သော်ငြားလည်း ဆိုးညစ်သည့် လူသတ်မှုဆိုလျှင်တော့ သေချာပေါက် နောက်ထပ်အကြောင်းအရာတစ် ခုဖြစ်သွားပြီ။
အခြေအနေ မကောင်းသည်ကို မြင်လိုက်လျှင် ကျန်းချီမင်၏အမေက စိုးရိမ်တကြီးပြောလိုက်သည်။
“ဒီမိသားစုက ငါတို့တွေ ချမ်းသာတာသိလို့ ငါတို့ဆီက ငွေညှစ်ချင်နေတာ။ သူတို့တွေက ငါတို့တွေကို နာမည်ဖျက်နေတာပဲ”
ရှအဒေါ်၂က ပြောလိုက်၏။ “မှားယွင်းစွပ်စွဲတယ်၊ တကယ်လို့ ငါက နင်တို့ကို မှားယွင်းစွပ်စွဲတယ်ဆိုရင် ငါက နင်တို့ကို ယွမ်၁သောင်းချက်ချင်း လျော်ကြေးပေးမယ်။ ဒါပေမဲ့ ငါက နင်တို့ကို မှားယွင်းစွပ်စွဲခဲ့တာ မဟုတ်ဘူးဆိုရင်တော့ နင်တို့တွေက ငါ့ကို ၁သောင်းပြန်ပေးရလိမ့်မယ်”
ရှမြန်ကလည်း ပြောလိုက်သည်။
“အဘွားကြီး ရှင်က လျှို့ဝှက်ချက်ကို ထိန်းထားနိုင်မယ်လို့ ထင်နေတယ်ပေါ့လေ။ ဟုတ်တယ်မလား။ အနည်းဆုံးနှစ်ဝက် အလွန်ဆုံးတစ်နှစ်ပေါ့။ ကျန်းချီမင်က သေချာပေါက်သေဒဏ်ပေးခံရလိမ့်မယ်”
“တရားရုံးတက်တဲ့နေ့ကျရင် ကျွန်မ ဓာတ်ပုံရိုက်လာပြီးတော့ ရှင်တို့ကို ပြန်လာပို့ပေးမယ်။ ကျွန်မက ရွာကလူတွေအားလုံး ရှင်တို့ရွာက ဘယ်လိုလူသတ်သမားကို မွေးထုတ်ပေးခဲ့လဲဆိုတာကို မြင်ရအောင် ဓာတ်ပုံတွေကို ရွာထဲမှာ ဖြန့်ဝေပေးလိုက်မယ်”
ကျန်းချီမင်အမေ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားလေသည်။ ကြောက်စရာ အလွန်ကောင်းလှသည့် ယောကျ်ားတစ်ယောက်က အဘွားကြီးကို ဒေါသတကြီးဖြင့် ကြည့်လိုက်လေသည်။
“အဒေါ်(၂) ဒီကလေးမ ပြောတဲ့စကားက အမှန်ပဲလား။ ချီမင်က ရှချွန်းကို တကယ်သတ်ခဲ့တာလား”
ပွဲကြည့်နေသည့်တစ်စုံတစ်ယောက်က တိုက်ရိုက်မေးလိုက်လေသည်။
“ဦးလေးကျန်းက သိပ်မကြာခင်တုန်းက အလောတကြီး ထွက်သွားခဲ့တာလေ။ သူ ဘယ်သွားခဲ့တာလဲ။ ချီမင်က တကယ်ပဲ ဒုက္ခရောက်နေတာလား”
ရှ၀မ်ယွဲ့က တစ်ဖန်စတင် ငိုကြွေးပြသည်။
“ရှချွန်းရေ ကောင်းကင်မှာ နင့်ဝိညာဥ် ရှိသေးရဲ့လား။ အဲဒီတိရစ္ဆာန်ကြီးကတော့ ဝဋ်လည်သွားပြီ။ သူသေ ဒဏ်ပေးခံရလိမ့်မယ်။ သူနောက်ပိုင်း လက်ထပ်ထားတဲ့မိန်းမကလည်း အဖမ်းခံလိုက်ရပြီ”
“အခုတော့ ဒီအဘွားကြီးကလည်း မကောင်းတာတွေ လုပ်နေပြီ။ နင်ကလည်း နင့်ရဲ့ဝိညာဉ်ကိုဆက်ပြီးပြသပြီး သူ့ကို လမ်းပြပေးသင့်တယ်...“
“သူတို့တွေက နင့်ရဲ့သားကိုလည်း နှိပ်စက်ခဲ့ကြတယ်”
ရှ၀မ်ယွဲ့က စည်းချက်ညီအောင် ငိုပြလေသည်။
“အဒေါ်က နင့်ကို ပြန်ခေါ်မသွားတော့ဘူး။ နင်ဒီမှာပဲနေပြီးတော့ နင့်သားနဲ့ နင်ကိုယ်တိုင်အတွက် လက်စားချေပေတော့။ သူတို့အားလုံးကို ခေါ်သွားခံရပြီးမှပဲ အဒေါ်က နင့်ကိုပြန်လာခေါ်လိုက်မယ်”
ဆင်းရဲလှသည့် တောင်ပေါ်ရွာလေးတွင် နေကြသည့်သူများသည် ပိုလို့ပင် အယူသီးကြလေသည်။ သူတို့၏မျက်နှာမှာ ထိုစကားကို ကြားလိုက်ရသည်တွင် ပြောင်းလဲသွားကြတော့သည်...
ရှအဒေါ်(၂)ကလည်း ပြောလိုက်၏။ “ဘာသာတရား ကိုင်းရှိုင်းပါတယ်ဆိုတဲ့အဘွားကြီး ရှင်ရော ဒီရက်ပိုင်းမှာ ကောင်းကောင်း အိပ်ရရဲ့လား။ ကျွန်မတို့ရဲ့ရှချွန်းက ရှင်တို့အိမ်တံခါးကို လာမခေါက်ဖူးလား”
ရှ၀မ်ယွဲ့က ငိုယိုကာ ”ဖြစ်ချင်တော့ သူက ကျန်းချီမင်ရဲ့အမေပဲလေ။ အရင်တုန်းကလိုပဲ ဆိုးညစ်တဲ့နှလုံးသားတစ်ခု ရှိနေမှာပေါ့။ ချွန်းချွန်းရေ...နင်ဒီအဘွားကြီးကို အရင်ဆုံးသေချာပေါက် လာခေါ်သွားရမယ်...“ အဖွားကြီး၏မျက်လုံးများသည် မျက်ဖြူလန်သွားပြီး သတိလစ်သွားတော့သည်။
ကျန်းမိသားစုမှ ယောက်ျားသားများသည် ရှေ့ကို အရှိန်အဟုန်ဖြင့်ပြေးဝင်လာပြီး တိုက်ခိုက်ကြတော့သည်။ ရှမြန်က ပေါက်တူးတစ်ခုကို ချက်ချင်းလှမ်းဆွဲလိုက်ပြီး အားအပြည့်သုံးကာ ဝှေ့ရမ်းလိုက်ပြီး ယောက်ျားကြီးများအားလုံးကို ခြံဝင်းထဲသို့ပြန်ဝင်သွားအောင် မောင်းထုတ်လိုက်တော့သည်။
ထို့နောက်တွင် သူမက ပေါက်တူးကို မြေကြီးပေါ်ချထားပြီးပြောလိုက်၏။
“ရှင်တို့မှာသတ္တိရှိရင် ကျွန်မတို့ကို သေအောင်လာရိုက်လိုက်။ တကယ်လို့ ရှင်တို့မှာ သတ္တိမရှိဘူးဆိုရင်တော့ ကျွန်မက ရှင်တို့ရဲ့ကျန်းမိသားစုအကြောင်းကို တစ်လောကလုံးသိသွားအောင် သတင်းစာထဲမှာထည့်ပြီး ကြေညာပစ်မယ်”
“အဲဒီအချိန်ကျရင်တော့ တရုတ်တစ်နိုင်ငံလုံးနဲ့ မင်ပြည်နယ်ကလည်း ရှင်တို့ကျန်းအိမ်က လူသတ်သမားတစ်ယောက်ကို ထိန်းသိမ်းထားပေးတယ်ဆိုတာ သိသွားကြလိမ့်မယ်”
ရှအဒေါ်၂၏ နောက်ထပ်ပြောလိုက်သည့်စကားက သူတို့၏ခေါင်းကို သံနှင့်ရိုက်သလို ဖြစ်သွားတော့သည်။
“ဒီလိုဆိုရင်တော့ ရှင်တို့ရွာထဲကို ဘယ်သူက လက်ထပ်ဦးမလဲ ကြည့်ကြသေးတာပေါ့။ ရှင်တို့ တစ်ရွာလုံး မျိုးဆက်မရှိဘဲ ဖြစ်သွားလိမ့်မယ်”
တောင်ပေါ်ရွာလေးကလူများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်သော်ငြားလည်း သူတို့သည် ဂုဏ်သတင်းကိုတော့ ပိုပြီးဂရုစိုက်ကြလေသည်။ ရှမြန်က ကျန်းမိသားစု၏အိမ်က ဖုန်းကို အသုံးချကာ ကျန်းချီမင်၏ ပြစ်မှုကို ရဲစခန်းတွင် အတည်ပြုပေးလိုက်သည်။ ကျန်းမိသားစုသည် ရွာသားများ၏ ဖိအားကို ခံနိုင်ရည် မရှိတော့ချေ။
၃ရက်ကြာပြီးနောက်တွင် ရှချွန်း၏အလောင်းကို မင်ရှီစီရင်စုသို့ ပြန်ခေါ်လာခဲ့နိုင်လေသည်။
...