အပိုင်း(၄၆)
Vol. 4 Ch. 46
ရှမိသားစုသည် အုတ်ဂူကို ပြန်လည်နေရာချထားဖို့ရန် အခမ်းအနားတစ်ခု မကျင်းပခဲ့ချေ။ ရင်းနှီးသည့်ဆွေမျိုးများကိုသာ အသိပေးခဲ့လေသည်။
အားလပ်ကြသည့်လူတိုင်းက ရောက်လာကြသည်။ အဖေရှနှင့် အမေရှတို့က နာမည်ကြီးသူများ ဖြစ်သည်။ ရှချွန်းကလည်း ရှမိသားစုထဲက ဒီမျိုးဆက်တွင် အတော်ဆုံး ကလေးတစ်ယောက်ဖြစ်သည်။ အားလုံးက သူမအတွက် အလွန်မှ စိတ်မကောင်းဖြစ်ကြလေသည်။
ရှအဒေါ်(၁)သည် တစ်ကြိမ်သာ ပြန်ရောက်လာပြီး သူမကအလွန်မှ အလုပ်များလှသည်ဟုဆိုကာ အိမ်မှထွက်မလာနိုင်ပါဟု ဆိုလေသည်။ ထို့ကြောင့် သူမသည် တစ်ခါမှပြန်မလာခဲ့ချေ။
ရှချွမ်းက မနေနိုင်ဘဲ ကျိန်ဆဲတော့သည်။ ရှဦးလေး(၂)ကတော့ ခပ်တိုးတိုးလေး ဆိုသည်။
“၀မ်ရှင်းက မြို့သူတစ်ယောက် ဖြစ်သွားပြီဆိုတော့ ငါတို့ကို အထင်သေးနေပြီလေ။ ဒီလောက်ကြီးမားတဲ့ကိစ္စတောင်မှ အိမ်ပြန်မလာခဲ့ဘူး”
ရှ၀မ်ယွဲ့ကတော့ မျက်နှာပေါ်တွင် ဘာအမူအရာမှမရှိချေ။ အဘွားရှက လက်ကိုင်ပဝါတစ်ခုဖြင့် သူ့မျက်လုံးပေါ်ကမျက်ရည်များကို ဝတ်ကျေတန်းကျေသာ သုတ်လိုက်ပြီး သူမက အလွန်မှ ဝမ်းနည်းနေသည်ဟု ပြောဖို့ရန်တော့ခက်ခဲလှသည်။
ရှချွန်းကို မြေချသည့်ရက်တွင် ရှောင်ဖုန်းသည် တစ်ဦးတည်းသာ ဝမ်းနည်းကြောင်း အခမ်းအနားကို လုပ်ရလေသည်။ သူက ရှမြန်၏လက်ကို တင်းနေအောင်ကိုင်ထားပြီး ဦးကြီးရှ၏ညွှန်ကြားချက်အတိုင်း ဦးချကာစာရွက်များကို မီးရှို့ပေးသည်။
အားလုံးက မရပ်တန့်နိုင်အောင် ငိုကြွေးကြတော့သည်။
အခေါင်းကို မြေမြှုပ်သွားပြီးသည့်အချိန်မှ ရှောင်ဖုန်းသည် ရုတ်တရက်ဆိုသလို ရှမြန်၏ ပခုံးပေါ်တွင်မှီလိုက်ပြီး နောက်ဆုံးတော့ အော်ငိုလေသည်။
“အန်တီလေး...အမေ...အမေက...“
ဒါသည် အချိန်အကြာကြီးနေမှ သူ့အတွက်အမေဟု ပထမဆုံးအကြိမ်ခေါ်ခြင်းပင်။
ရှမြန်၏နှလုံးသားသည် တင်းကြပ်နေအောင် ဖမ်းဆုပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ကလေးကို ပွေ့ချီထားရင်းက မျက်ရည်များက မနေနိုင်တော့ဘဲ စီးကျလာတော့သည်။
“ပေါင်ပေါင်း သားမှာ အန်တီလေး ရှိပါသေးတယ်။ သားက အခုအချိန်ကစပြီး အန်တီလေးနောက်ကို လိုက်ရမှာ”
ရှမြန်ဘေးတွင်ရပ်နေသည့် ရှလိကလည်း ရုတ်တရက် မျက်ရည်များ စီးကျလာသည်။
“အစ်မချွန်း အစ်မ... နင်ဘာဖြစ်လို့ ထွက်ခွာသွားတာလဲ...“
သူမသည် ဒီနေ့တွင်တော့ မိတ်ကပ် လုံးဝမလိမ်းထားချေ။ သူမ၏မျက်လုံးများက မက်မွန်သီးလို ယောင်ကိုင်းနေသည်။ ရှချွန်း၏ အလောင်းကို ပြန်သယ်လာချိန်တွင် သူမသည် ခါးခါးသီးသီး ငိုကြွေးခဲ့လေသည်။
ရှအဒေါ်(၂)နှင့် ရှာဦးလေး(၂)တို့ကလည်း မျက်ရည်များကို သုတ်နေကြပြီး သူတို့သည် ဒီတစ်ကြိမ်တွင်တော့ အမှန်ပင် ဝမ်းနည်းနေကြမည်ဟု ရှမြန်က ယုံကြည်ခဲ့လေသည်။
ဒါသည် ရှမြန်နှင့် ရှောင်ဖုန်းတို့အပေါ် ဆက်လက်ပြီး အကွက်ချဖို့ရန် သူတို့၏လုပ်ရပ်များကို သက်ရောက်မှု မရှိသည်သာ ဖြစ်လေသည်။
ရှချွန်း၏အုတ်ဂူကို ပြောင်းရွှေ့ပြီးနောက်တွင် ရှမြန်က ဆွေမျိုးအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ပြန်ပို့ပေးလိုက်ပြီး ယန်မြို့သို့ သွားရန် သူမ၏ခရီးဆောင်အိတ်ကို စတင်ပြင်ဆင်တော့သည်။
ရှောင်ဖုန်းက ရှမြန်၏ ခြေထောက်ဘေးတွင် စိတ်နှင့်ကိုယ် မကပ်ဘဲ တွယ်ကပ်နေလေသည်။ သူမက ခရီးဆောင်အိတ်ကို ထုတ်ပိုးနေသည်ကို မြင်လိုက်သည်တွင် ရှောင်ဖုန်းသည် အနည်းငယ် သတိပြန်ဝင်လာတော့သည်။
“သားတို့တွေ ယန်မြို့ကို သွားကြမှာလား”
“ဟုတ်တယ်”
ကလေးသည် မနေ့က အင်အားအများကြီး ကုန်ဆုံးခဲ့ရသည်။ သူ့မျက်လုံးများက ယောင်ကိုင်းနေဆဲပင်။ ရှမြန်က ဝမ်းနည်းစွာဖြင့် သူ့ကို ကောက်ချီပေးလိုက်ပြီး သူ့နဖူးကို အနမ်းပေးကာ ပြောလိုက်၏။
“ဒီတစ်ခါတော့ အန်တီလေးတို့ ယန်မြို့ကို သွားကြမယ်။ ပေါင်ပေါင်း သားက ဘယ်လိုအိမ်မျိုးမှာ နေချင်လဲ”
ရှောင်ဖုန်းက ဘာမှာ မပြောလိုက်ချေ။ သို့သော်ငြားလည်း သူ၏လက်မောင်းလေးကို ဆန့်တင်ကာ ရှမြန်၏လည်ပင်းကို သိုင်းဖက်လိုက်၏။ သူ့ခေါင်းလေးကို ရှမြန်၏လည်ပင်းနောက်တွင် မှီကပ်ထားလေသည်။ ဒါသည် အရင်တုန်းကလို ရိုးရိုးတမ်းတမ်း မှီခိုအားထားခြင်းလိုမျိုး မဟုတ်တော့ဘဲ အနည်းငယ်ချွဲနွဲ့နေလေသည်။
ဒါက တော်တော်လေးရှားပါး၏။
ရှမြန်က သန့်ရှင်းရေးလုပ်ဖို့ စိတ်မပါတော့ဘဲ ကလေးကိုချီကာ ခြံဝန်းထဲတွင် လမ်းပတ်လျှောက်နေလိုက်သည်။ ရှောင်ဖုန်းက သူမ၏ပါးလေးကို ပွတ်သပ်လိုက်ပြီး သူမ၏ပခုံးပေါ်တွင် လဲလျောင်းကာ မလှုပ်မယှက်ရှိနေလေသည်။
ရှမြန်၏နှလုံးသားမှာ အရည်ပျော်လုနီးနီးပင်။
သူမက တောင်စဉ်ရေမရ စဉ်းစားနေသည်တွင် ချန်ချန်က အလောတကြီးပြေးဝင်လာပြီး သူမကို သတိပေးတော့သည်။
“ဒေါ်လေးမြန်မြန်၊ အဘိုး(၂)က ကျွန်တော်တို့နောက်မှာ လူတွေကို ခေါ်လာတယ်”
ရှမြန်က အော်ရယ်လိုက်သည်။ သူသည် ရှောင်ဖုန်းနှင့် လာကစားသည်ဖြစ်ရမည်။ သို့သော်ငြားလည်း သူက အိမ်တံခါးရှေ့တွင် ရှဦးလေး(၂)နှင့် မမျှော်လင့်ဘဲ တွေ့ခဲ့သည်။
သူက ကြီးကြီးကျယ်ကျယ် ပြောနေသည်မှာ အထူးအဆန်း မဟုတ်တော့ချေ။ အကြောင်းမှာ ကလေးအများစုသည် သူတို့၏ရှဦးလေး(၂)ဖြစ်စေ ရှအဒေါ်(၂)ဖြစ်စေ တွေ့လိုက်ချိန်တွင် ဒီလိုတုံ့ပြန်မှုသာ ရှိလာလိမ့်မည်။
ဒီမိသားစုက အလွန်မှ စိတ်ရှုပ်စရာကောင်းပေသည်။ ချန်ချန် စကားဆုံးသွားသည်နှင့် ချက်ချင်း ရှဦးလေး(၂)နှင့် ရှလိတို့က အတူတူလမ်းလျှောက်ကာ ဝင်လာကြသည်။
“မြန့်မြန်” ရှဦးလေး(၂)က လှမ်းခေါ်လိုက်၏။ သူ့မျက်လုံးများက နီရဲနေဆဲဖြစ်သည်။ မနေ့က အခမ်းအနား ပြီးသွားသည့်နောက်တွင် အကူအညီပေးခဲ့ကြသည့် လူကြီးများအားလုံးက ပင်ပန်းသွားကြသည်။ အမြဲတမ်း တက်တက်ကြွကြွရှိလှသည့် ရှဦးကြီးနှင့်သူ့မိန်းမကလည်း အိပ်ရာထဲလဲနေပြီး ထမလာနိုင်သေးချေ။
ရှဦးလေးနှစ်က (၂)ရက်လောက်တော့ အေးအေးချမ်းချမ်း ရှိနေလိမ့်မည်ဟု ရှမြန်က ထင်ထားခဲ့သည်။ သို့သော်ငြားလည်း သူက ချက်ချင်းလိုလိုပင် ရောက်လာပြီး ပြဿနာရှာလိမ့်မည်ဟုတော့ ထင်မထားမခဲ့မိချေ။
ရှမြန်က မျက်စောင်းထိုးလိုက်ပြီး”ဘာကိစ္စလဲ”
“ဘာမှတော့ မဟုတ်ပါဘူး”ရှဦးလေး(၂)က အပြုံးတစ်ခုဖြင့်ပြောသည်။
“နင် ဘာအစီအစဉ်ရှိလဲဆိုတာ ငါ မေးချင်ရုံသက်သက်ပါ။ ရက်ပိုင်းလောက်နေရင် ကျောင်းတွေကလည်း ပြန်ဖွင့်တော့မယ်လေ။ နင် ကျောင်းမသွားတော့ဘူးလား”
သူသည် ပြောရင်းဆိုရင်း အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ ကျောင်းစာအုပ်များကို ထုတ်ပိုးထားသည်ကို တွေ့လိုက်ရသည်။ ပျော်ရွှင်သွားသည့် အရိပ်အယောင်တစ်ခုက သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားလေသည်။
“နင် တကယ်ကျောင်းသွားဖို့ အစီအစဉ် မရှိတော့ဘူးပေါ့”
“နင့်အစ်မက ဒီအတွက် ငွေအများကြီး သုံးခဲ့တာပဲဖြစ်ရမယ်။ နင် ငွေမရှိတော့လို့လား”
ရှမြန်သည် ရှောင်ဖုန်းကို ချပေးလိုက်ပြီး ချန်ချန်နှင့် သွားကစားခိုင်းလိုက်လေသည်။ သို့သော်ငြားလည်း ချန်ချန်က ကိုယ်ကိုလှည့်ကာ အမြန်ပြေးထွက်သွားတော့သည်။
ရှမြန်မှာ ဆွံ့အသွားတော့သည်။ ဟုတ်ပါသည်။ ရှောင်ဖုန်းကလည်း သူမဆီက ထွက်သွားမည့် နည်းလမ်းမရှိချေ။ သူမသည် သလျန်ရှန်းမှ ပြန်လာပြီးကတည်းက ကောင်ကလေးက သူမဘေးတွင် တွယ်ကပ်နေပြီး သူမဘေးမှ တစ်ခါမှထွက်မသွားခဲ့ချေ။
ရှဦးလေး(၂)သည် ရှမြန်က သူ့ကို လျစ်လျူရှုထားသည်ကို မြင်လိုက်ချိန်တွင် စိတ်ဓာတ်ကျ မသွားခဲ့ချေ။ သူက ရှောင်ဖုန်းကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
“ရှောင်ဖုန်း မင်း ဘာလုပ်မလို့လဲ။ မင်းက ကျန်းမိသားစုဆီကို သွားပြီးတော့ ငွေသွားတောင်းမှာလား”
“နောက်ပြီးတော့ မင်မြို့ကအိမ်က...“
ရှမြန်က အေးတိအေးစက် ပြောလိုက်၏။
“ဒါက ဦးလေးကိစ္စ မဟုတ်ပါဘူး။ ဦးလေးက မပင်ပန်းဘူးဆိုရင်လည်း ကျွန်မတို့က ပင်ပန်းတယ်။ မြန်မြန်ပြန်သွားတော့။ ကျွန်မတို့ ထုပ်ပိုးပြီးတော့ တစ်ရေးလောက်အိပ်ရဦးမှာ”
ရှဦးလေး(၂)က ပြောလိုက်၏။ “အခုမှ မနက်ခင်းပဲ ရှိပါသေးတယ်။ နင်က ဘာဖြစ်လို့ အိပ်မှာလဲ...“
“အဖေ” ရှလိက ရှဦးလေး(၂)ကို လှမ်းဆွဲလိုက်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်လေသည်။ ရှဦးလေး(၂)က နောက်ဆုံးတော့ ပါးစပ်ပိတ်သွားသည်။
ရှမြန်ကတော့ ရှလိသည် ရင့်ကျက်လာပြီဟု စဉ်းစားမိကာ ကျေနပ်သွားသလို ခံစားမိလိုက်သည်။ သို့သော်ငြားလည်း ထို့နောက်တွင်တော့ သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ရ၏။
“ရှမြန် ငါ့အထင်တော့ အချိန်ပိုင်း အလုပ်လုပ်တာလည်း တကယ်တော့ ကောင်းပါတယ်”
သူမသည် ဒီနေ့တော့ သူမ၏ ထူးခြားပြောင်မြောက်လှသည့် မိတ်ကပ်စွမ်းရည်ကို ဖော်ပြထားလေသည်။ သူမ၏ထူထဲလှသည့် ယင်ကောင်ခြေထောက် မျက်တောင်များက အလွန်မှ တဖျတ်ဖျတ်ခတ်နေသဖြင့် ရှမြန်မှာမျက်လုံးများပင် နာလာတော့သည်။ သူမသည် ထိုမျက်တောင်များကို ဆွဲနုတ်ချင်စိတ်ပင် ဖြစ်သွားတော့သည်။
သို့သော်ငြားလည်း သူမက ဝင့်ကြွားစွာ ပြောပြန်သည်။
“နင် ငါတို့ဝမ်ထောင်ကို တွေ့ခဲ့ပြီးပြီ မဟုတ်လား”
“သူက အရမ်းကို လုပ်ရည်ကိုင်ရည်ရှိတာလေ။ သူ့လက်အောက်မှာ အလုပ်သမား (၁၂)ယောက်ကျော်တောင် ရှိတယ်။ သူက ပရောဂျက် တစ်ခုတည်းနဲ့တင် ယွမ် သောင်းချီအောင် ရှာနိုင်တာ”
ထိုအချိန်တွင်တော့ ရှလိက သူမ၏လည်ပင်းကိုဆန့်ထားလိုက်ပြီး သူမ၏ ပါးလျသည့် ရွှေသားဆွဲကြိုးကို ထုတ်ပြလိုက်လေသည်။
“တွေ့လား သူငါ့အတွက် ဝယ်ထားပေးတာ”
“သူအခုတလော ယန်မြို့မှာ ပရောဂျက် အကြီးကြီးတစ်ခု ယူထားတယ်လေ။ တကယ်လို့ ဒါအောင်မြင်သွားနိုင်တယ်ဆိုရင် သူက ယွမ် သန်း နဲ့ချီပြီးရှာနိုင်မှာ။ ဒီလိုဆိုရင် ငါတို့တွေက ယန်မြို့မှာ အိမ်တစ်လုံး ဝယ်နိုင်လောက်ပြီ”
ရှမြန်သည် ဒီစကားကို နားထောင်ပြီးနောက်တွင် ခေါင်းကိုက်သလို ခံစားလိုက်ရတော့သည်။ သို့သော်ငြားလည်း မနေ့က ရှချွန်းအတွက် ဝမ်းနည်းပေးခဲ့သည်ကို စဉ်းစားပေးလိုက်ပြီး ရှမြန်က သူမ၏အပြုအမူကို သည်းခံပေးဖို့ ဆုံးဖြတ်ပေးလိုက်တော့သည်။ မည်သို့ဆိုစေ နောက်ပိုင်းဆိုလျှင် သူမသည် ရှလိကို တွေ့နိုင်မည် မဟုတ်တော့ပေ။
အကြောင်းမှာ သူမသည် ထွက်သွားရမည်ဖြစ်သဖြင့် ရှမြန်ကလည်း နည်းနည်းလောက် ပိုပြီးသည်းခံလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော် သူမ၏ ရှားပါးသည့်ဆုံးဖြတ်ချက်က နောက်ဆုံးတော့လည်း အသုံးမဝင်ခဲ့ချေ။ ရှမိသားစု၏ ဒုတိယအိမ်ထောင်စုသည် သိမ်သိမ်မွေ့မွေ့ ဆက်ဆံပေးဖို့ အမှန်တကယ် မထိုက်တန်ချေ။
ရှလိသည် ကြွားလုံးထုတ်ချင်နေလေသည်။ သို့သော်ငြားလည်း သူမက ရှမြန်ကို အတူတူ ဆွဲထားဖို့လည်း ဇွဲကြီးနေလေသည်။
“နင် ငါနဲ့လိုက်ခဲ့ပါတော့လား။ နင့်အတွက် ငွေပိုရတဲ့အလုပ်တစ်ခုကိုစီစဉ်ပေးဖို့ ငါ ဝမ်ထောင်ကို ပြောလိုက်မယ်လေ”
“ဆောက်လုပ်ရေးဆိုဒ်မှာ အဝတ်လျှော်တာ၊ ချက်ပြုတ်ပေးတာနဲ့တင် တစ်လကို ငွေတော်တော်လေး ရှာနိုင်တယ်”
ဒီအချိန်တွင်တော့ သူမက အဓိပ္ပာယ်(၂)ခွထွက်သည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
“အဓိကကတော့ သူဌေးတွေအများကြီးနဲ့ တွေ့ဖို့ပါပဲ။ အဲဒီသူဌေးတွေက ပရောဂျက်မှာ အလုပ်လာလုပ်တဲ့အချိန်ဆိုရင် သူတို့တွေက ဆောက်လုပ်ရေးဆိုဒ်မှာပဲ နေပြီးတော့ စားကြတာလေ။ သူတို့တွေက ညစ်ပတ်တဲ့ပုံပေါ်ပေမဲ့လည်း သူတို့ရဲ့အိတ်ကပ်ထဲမှာ ငွေကအမြဲတမ်းရှိတယ်”
ထိုအကြောင်းကို လုံးဝ ရှင်းရှင်းလင်းလင်းသိနေသည်တွင် ရှမြန်က မျက်စောင်းထိုးလိုက်ပြီး သူမကို ဂရုစိုက်ဖို့ စိတ်မဝင်စားတော့ချေ။ တစ်ဖက်လူက ထိုမျှလောက်လွန်လာမည်ဟု သူမက မျှော်လင့်မထားခဲ့ချေ။
ရှလိသည် ရုတ်တရက် သူမ၏အသံကိုနှိမ့်ထားလိုက်ပြီး ”ငါနင့်ကို surprise တိုက်မယ်”ဟူသည့် လေသံတစ်ခုဖြင့် ပြောလေသည်။
“ငါတို့ဝမ်ထောင်ဆီမှာ တစ်ရွာတည်းသား ညီလေးတစ်ယောက်ရှိတယ်လေ။ သူက သူ့လောက် မကောင်းဘူးဆိုပေမဲ့လည်း သူလည်း ငွေအများကြီးရှာနိုင်ပါတယ်”
သူမ စကားဆုံးသွားသည်နှင့် ချက်ချင်း ဝဝဖိုင့်ဖိုင့်ဝမ်ထောင်သည် အရပ်မြင့်မြင့်၊ အသားမည်းမည်း လူတစ်ယောက်နှင့်အတူ တံခါးမှဝင်ရောက်လာကာ ပူးပေါင်းပေးမည့်ဟန် ဖြစ်နေလေသည်။
“အစ်ကိုထောင်”
ရှလိက ဝမ်းသာအားရအော်ခေါ်လိုက်ပြီး ရှမြန်ကို မျက်လုံးမှိတ်ပြလေသည်။
“ပြောရင်းဆိုရင်းပဲ သူက ပေါ်လာပြီလေ။ အစ်ကိုကျစ်ကန်းလည်း ရောက်လာတာပဲ”
အသားမည်းမည်း လူငယ်လေးသည် ဝင်လာပြီးသည့်နောက်တွင် သူ့မျက်လုံးက ရှမြန်ဆီသို့ တန်းတန်းမတ်မတ် ရောက်သွားကာ သူမကို ခေါင်းအစခြေအဆုံး ကြည့်ရှုနေလေသည်။
ရှလိက ဝင့်ကြွားစွာဖြင့် မိတ်ဆက်ပေးသည်။
“အစ်ကိုကျစ်ကန်း ဒါက ကျွန်မညီမလေးရှမြန်လေ။ သူ ဘယ်လိုနေလဲ လှတယ်မဟုတ်လား။ သူက အထက်တန်းကျောင်းသူလေ”
သူသည် ရှမြန်ကို မရေမရာပုံစံဖြင့် ပြုံးပြလေသည်။
“ရှမြန် ဒါက အစ်ကိုကျစ်ကန်းလေ။ သူက လုပ်ရည်ကိုင်ရည် ရှိတယ်မဟုတ်လား”
အမူအရာတစ်ခုက ”ကြည့်စမ်း ငါ နင့်ကို ဘယ်လောက်ထိဂရုစိုက်လဲ” ဟူသည့်စကားကို ပြောနေလေသည်။ ရှမြန်သည် အလွန်မှဒေါသထွက်သွားပြီး အော်ရယ်မိတော့သည်။ ဒီတော့ ဒီလိုစိတ်ကူးထားတာပေါ့လေ။ ဦးလေး(၂)က တကယ်ရဲတင်းတာပဲ။ သူက အိမ်ကို လူတွေကိုခေါ်လာပြီး ငါ့ကိုတောင်မှ ယောက်ျားတစ်ယောက်နဲ့ လာမိတ်ဆက်ပေးနေတယ်။
ရှမြန်သည် လက်မဖြင့် သူမ၏လက်ဆစ်များကို တစ်ခုပြီးတစ်ခု ဖိချလိုက်ပြီး အဆစ်များထဲမှ တကျွတ်ကျွတ်မြည်သံ ထွက်လာတော့သည်။
အစ်ကိုကျစ်ကန်းသည် ရောက်လာမည့်ထိုအန္တရာယ်ကို မသိသေးချေ။ ရှမြန်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက အတိုင်းအတာတစ်ခုအထိ အပြစ်ရှာနေလေသည်။
“နွေလည်ခေါင်ကြီးမှာ ဘာဖြစ်လို့ ဦးထုပ်တစ်လုံး ဆောင်းထားတာလဲ။ မင်းဆံပင်က ဘာဖြစ်တာလဲ။ နေမကောင်း ဖြစ်နေလို့လား”
ရှလိက မြန်မြန်ရှင်းပြလိုက်၏။ “ဪ တစ်ခါတုန်းကလေ...“
“တိတ်စမ်း”ရှမြန်က ရှလိကို အော်ငေါက်လာ၏။ ထို့နောက် သူမက အသားမည်းမည်းလူငယ်ကို ကြည့်လိုက်ကာ
“ရှင်က ဘယ်သူလဲ၊ ရှင်က ရူးနေတာလား။ ကျွန်မတို့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာပဲ ရှင်က ကျွန်မဆံပင်ကို လာပြီး စိတ်ဝင်စားနေတယ်။ ရှင်က တခြားလူတွေရဲ့ကိစ္စကို ဘာဖြစ်လို့ စိတ်ဝင်စားနေတာလဲ။ ကျွန်မက ဟိုနေရာမှာ မစင်တွင်းတူးတယ်ဆိုလည်း ရှင်က အပေါ့အငံကို လာမြည်းကြည့်ချင်နေတာလား”
ဝမ်ကျစ်ကန်း၏မျက်နှာသည် ညိုမည်းသွားပြီး သူက ပြန်ပြောတော့မည် ပြင်လိုက်သည်။ သို့သော်ငြားလည်း ရှမြန်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး ရှလိဘက်သို့လှည့်ကာ ဒေါသတကြီး ပြောလိုက်လေသည်။
“နင်က ငါ့ကို နင့်လိုများ မှတ်နေတာလား။ နင်က အလကားလူ ဖြစ်ချင်နေတယ်။ နင်က ဒီဆန်ကုန်မြေလေးကိုနင့်ကို ရွေးချယ်စေချင်နေတယ်။ ငါ့ကို ဒီအထဲမှာ လာဆွဲမထည့်နဲ့။ အခုချက်ချင်း ထွက်သွား”
...