အပိုင်း(၄၈)
Vol. 4 Ch. 48
သို့သော် အဘွားရှက သူမ ထက်ပိုပြီး မြန်ဆန်နေလေသည်။
“သူက အိမ်ထောင်ကျသွားပြီးပြီပဲ ငါ သူ့ကို ထိန်းလို့မရတော့ဘူး”
ရှ၀မ်ယွဲ့က သရော်သလို အော်ရယ်လိုက်ကာ အမျိုးသမီး(၂)ယောက်ရှိရာဘက်သို့ ကတ်ကြေးကို တန်းတန်းမတ်မတ် ပစ်ထည့်လိုက်လေသည်။
“ဟုတ်တယ် ရှချန်းယောက်က ငါ့ကို ရောင်းစားတဲ့အချိန်တုန်းကတောင် သူက ငါ့ကို ဂရုစိုက်ခဲ့တာ မဟုတ်ဘူးလေ။ သူက နင့်ကို ဂရုစိုက်မယ်လို့များ ထင်နေတာလား”
ရှအဒေါ်(၂)မှာ အဘွားရှကို အပြစ်ထဲ ဆွဲမထည့်ရဲတော့ချေ။ သူမက အသက်(၇၀) ကျော်နေပြီဖြစ်သည်။ သူမသာ လဲကျသွားလျှင် သူမသည် တာဝန်ယူနိုင်လိမ့်မည် မဟုတ်ချေ။
အဘွားရှကတော့ ဘာကိုမှ ကြောက်ရွံ့မနေပေ။ သူမက သွက်လက်သည့် ခြေလှမ်းများဖြင့် ဒေါ်ကြီးရှနောက်တွင် ဝင်ပုန်းနေလိုက်သည်။ ကပ်ကြေးက ရှအဒေါ်(၂)၏ဘောင်းဘီကို တိုက်ရိုက်ဖြတ်သန်းသွားပြီး သူမမှာ အလွန်မှ အလန့်တကြားဖြစ်သွားပြီး အကျယ်ကြီး အော်ဟစ်တော့သည်။
ရှိနေကြသည့် တခြားသူများသည်လည်း အလန့်တကြားဖြစ်သွားလေသည်။ ရှအဒေါ်ကြီးက ရှ၀မ်ယွဲ့ကို အလန့်တကြား လှမ်းဆွဲလိုက်ကာ
“၀မ်ယွဲ့ စိတ်လျှော့ပါအုံး။ ဒီလိုလူမျိုးအတွက်နဲ့ ဒီလိုလုပ်ရတာ မတန်ပါဘူး”
ရှအဒေါ်(၂)က ကပျာကယာ ထွက်ပြေးသွားတော့သည်။
ရှ၀မ်ယွဲ့က သူမ၏အဒေါ်ကြီးကို ပွေ့ဖက်ထားကာ မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလာတော့သည်။
“ယောက်မရယ် ကျွန်မ ဘယ်လိုဘဝမျိုး ဖြတ်သန်းနေရလဲဆိုတာသိရဲ့လား။ ကျွန်မ ဒါတွေကို ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကိုရော သိရဲ့လား...“
အကြီးဆုံးအဒေါ်သည် သူမ၏ကျောကို ပုတ်ပေးလိုက်ကာ စတင်ငိုကြွေးလိုက်လေသည်။
“ငါတို့တွေ သိပါတယ်၊ ငါတို့ သိပါတယ်။ ဒီကိစ္စမှာ ချန်းယောက်က မှားခဲ့တာပါ။ နင် သူ့ကို ဘယ်လိုဆက်ဆံလဲဆိုတာနဲ့ ပတ်သက်ပြီး ငါတို့မှာ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ နင့်မှာ အသက်ရှင်ဖို့အတွက် အလုပ်ကြိုးစားလာခဲ့ရတာလေ။ ဒီကိစ္စမှာ ကိုယ့်ဟာကိုယ် ဆွဲထည့်တာတော့ မတန်ပါဘူး”
ရှဟိုင်နှင့် တခြားသူများမှာ နှုတ်ဆိတ်သွားလေသည်။ အကယ်၍ ရှ၀မ်ယွဲ့က ဘာမှမပြောခဲ့လျှင် ဒီလို အင်အားပြည့်ဝသည့် လူတစ်ယောက်က ဒီလိုဒုက္ခများသည့်ဘဝကို ရင်ဆိုင်ခဲ့ရသည်ဟု စဉ်းစားမိလိမ့်မည် မဟုတ်ပေ။
ရှ၀မ်ယွဲ့သည် ရှအဖေတို့၏ မျိုးဆက်တွင် အငယ်ဆုံးကလေးဖြစ်လေသည်။ သူမသည် သူမအဖွားဖြစ်သူ၏ ရုပ်ကို အမွေရပြီး သူမအဘိုးဖြစ်သူနှင့် အကျင့်စရိုက်ချင်းတူညီကာ တက်ကြွပြီး နှစ်လိုဖွယ်ရှိကာ လိမ္မာကျွမ်းကျင်ပြီး လုပ်ရည်ကိုင်ရည်ရှိလေသည်။
သူမသည် ပညာရေးတွင် အလွန်မှတော်လှပြီး စက်မှုဆိုင်ရာ ဒုတိယအဆင့်ကျောင်းကို ဝင်ဖို့ရန် ဘာပြဿနာမှ မရှိခဲ့ချေ။ သူမသည် တောက်ပသည့်အနာဂတ်တစ်ခု ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်ခဲ့ဟန်တူသည်။ သို့သော်ငြားလည်း သူမ၏ဘဝတစ်ခုလုံးသည် ရှဦးလေး(၂)၏ အတ္တကြောင့် ဖျက်ဆီးခံလိုက်ရသည်။
ရှဦးလေး(၂)သည် ရှ၀မ်ယွဲ့ထက် ၈နှစ်ကြီးသည်။ သူ၏ရုပ်ဆိုးသည့်အသွင်အပြင်နှင့် ကပ်စေးသည့် အကျင့်စရိုက်တို့ကြောင့် သူတို့သည် တစ်ခါမှရင်းနှီးလှသည်ဟု မှတ်ယူလို့မရချေ။
ရှအဖေ ဆုံးပါးသွားသည့်နောက်တွင် ရှအဘွားကလည်း ဘာကိုမှမစိုးရိမ်ချေ။ (၂၄) နှစ်အရွယ် ရောက်လာပြီဖြစ်သည့် ရှဦးလေး(၂)ကလည်း အလွန်မှ စိုးရိမ်နေသည်။ သူသည် ရှအဒေါ်(၂)ဖြစ်လာမည့် လင်းမိသားစုမှ သမီးအကြီးဆုံးဖြစ်သည့် လင်းမေဟွာကို တွယ်ကပ်နေခဲ့သည်။
ရှအဒေါ်(၂)၏ အနေအထိုင်ကို ကြည့်ရုံဖြင့် သူတို့မိသားစု၏ အစဉ်အလာကို သိရှိနိုင်ပေသည်။ သူမသည် ရှဦးလေး(၂)၏ မင်္ဂလာပွဲ ကြောင်းလမ်းမှုအတွက် ဘာလိုအပ်ချက်ကိုမှ မလိုအပ်ခဲ့ချေ။ စေ့စပ်ကြောင်းလမ်းသည့်လက်ဆောင်ကို (၂)ဆတင်တောင်းသည်။ သူက ဒါကိုပေးနိုင်လျှင် သူတို့သည် ချက်ချင်း လက်ထပ်မှာ ဖြစ်သည်။
အမှန်တကယ်တော့ ရှမိသားစုသည် မင်ရှီစီရင်စုတွင် ချမ်းသာသည့်မိသားစုဟု သတ်မှတ်နိုင်ပေသည်။ အဘိုးရှကလည်း အဘွားရှ၏အကျင့်စရိုက်ကို သိထားသည်။ ထို့ကြောင့် သူက ဆုံးပါးမသွားခင် ရှဦးလေး(၂)အတွက် မင်္ဂလာလက်ဖွဲ့များကို ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်သည်။ သို့သော်ငြားလည်း တစ်ဖက်လူက သတို့သမီးတင်တောင်းခကို (၂)ဆတောင်းဆိုလေသည်။ ရှဦးလေး(၂)က ကပ်စီးနည်းသည်ဆိုလျှင်ပင် သူ့တွင် ထိုလောက်များပြားသည့် ငွေကြေးမရှိနိုင်ပေ။ ရှအဘွားကလည်း တစ်ယောက်ယောက်ကို ပေးဝေဖို့ရန် သူ၏ကိုယ်ပိုင်ငွေကို ဘယ်တော့မှ သုံးလိမ့်မည်မဟုတ်ပေ။
ထိုအချိန်တွင် ရှဦးကြီးက တင်တောင်းသည့်ပမာဏကို အနည်းငယ် လျှော့ပေးနိုင်မလားဟု မေးမြန်းဖို့ရန် လင်းမိသားစုနှင့် ဆွေးနွေးဖို့ စဉ်းစားထားလေသည်။ ရှဦးလေး(၂)က လက်ဦးမှုရယူပြီး သူ့ညီမအငယ်ဆုံးဖြစ်သည့် ရှ၀မ်ယွဲ့အကြောင်းကို ထုတ်ပြောလိမ့်မည်ဟု ရှဦးကြီးက ထင်မထားခဲ့ချေ။
မော့မိသားစုကလည်း မင်ရှီရင်စုတွင် အလွန်မှ နာမည်ကြီးသည့် မိသားစုတစ်ခုဖြစ်သည်။ သို့သော်ငြားလည်း ကောင်းသတင်းဖြင့် ကျော်ကြားသည်တော့ မဟုတ်ချေ။ သူတို့သည် ချမ်းသာသော်ငြားလည်း မော့သခင်မကြီးက အပေါ်ယံတွင် ချိုသာပြီး အတွင်းတွင်တော့ ခါးသက်သည်ကို လူတိုင်း သိလေသည်။
မော့မိသားစု၏အကြီးဆုံးနှင့် တတိယချွေးမတို့သည် ပထမဦးဆုံးလက်ထပ်ခါစကတော့ အလွန်မှ အဆင်ပြေသော်ငြားလည်း နောက်ပိုင်းတွင် ကျွန်များကဲ့သို့ ဖိနှိပ်ခံခဲ့ရပြီး သူတို့အားလုံးသည် အရိုးပေါ်အရေတင် ရုပ်များဖြစ်သွားကြသည်။ အချိန်ကြာလာပြီးနောက်တွင် အားလုံးက အမှန်တရားကို သိကြလေသည်။ ထို့ကြောင့် ကောင်းမွန်သည့်မိသားစုများက သူတို့၏သမီးများကို ထိုမိသားစုနှင့် လက်ထပ်ပေးဖို့ လုံးဝဆန္ဒမရှိကြလေ။ ထို့အပြင် မော့မိသားစု၏ဒုတိယသားသည် စီရင်စုတစ်ခုလုံးတွင် မိန်းမလျာလေးဟု သတင်းမွှေးလေသည်။ အသက် ၂၅၊ ၂၆ နှစ်ရှိသော်ငြားလည်း အခုထိ လက်မထပ်ရသေးချေ။ နောက်ပိုင်းတွင် သူ့အတွက်လက်ထပ်ဖို့ရန်က ခက်ခဲပေလိမ့်မည်။
ရှဦးလေး(၂)သည် သူကိုယ်တိုင် အိမ်သို့ ရောက်လာပြီးရှ၀မ်ယွဲ့ကို မော့မိသားစု၏ဒုတိယသားနှင့် မိတ်ဆက်ပေးလေသည်။
မော့သခင်မကြီးက ရှ၀မ်ယွဲ့ဟု ကြားလိုက်ချိန်တွင် သူမက ဘာတစ်ခွန်းမှ မပြောဘဲ သဘောတူတော့သည်။
ရှ၀မ်ယွဲ့၏ အရည်အချင်းမှာ လူသိများကာ ချမ်းသာသည့် မိသားစုများစွာကလည်း ကြောင်းလမ်းဖို့ ကြိုးစားရန် စောင့်ဆိုင်းနေကြသည်။ သို့သော်ငြားလည်း သူမသည် အလွန်မှ ငယ်ရွယ်သေးသဖြင့် သူတို့က နောက်ထပ်(၂)နှစ်လောက်စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် သူမသည် စက်မှုသိပ္ပံဒုတိယအဆင့်ကျောင်းဝင်ခွင့် စာမေးပွဲအောင်ပြီးသွားလျှင် ငွေရှာနိုင်မည်ဖြစ်ကာ ရှ၀မ်ယွဲ့၏ တန်ဖိုးက ပိုလို့ပင် မြင့်မားလာလိမ့်မည်။
မော့အဘွားကြီးက ရှ၀မ်ယွဲ့ကို လက်ထပ်ရလျှင် အင်မတန်မှကံကောင်းသည်ဟု သေချာသိထားလေသည်။ ရှမိသားစုက သူတို့၏စိတ်များကို ပြောင်းလဲမသွားဖို့ရန် သူမက မင်္ဂလာလက်ဖွဲ့ပစ္စည်းအားလုံးကို ရှဦးလေး(၂)ဆီသို့ တိုက်ရိုက်ပေးလိုက်ပြီး ထိုကိစ္စကို ရှဦးလေးကြီး မသိအောင် လျှို့ဝှက်ထားလေသည်။
ရှဦးလေး(၂)က ငွေကိုယူပြီး လင်းမေဟွာ၏ မိသားစုဆီသို့ မင်္ဂလာကိစ္စကြောင်းလမ်းသည့် အချိန်မှသာလျှင် အားလုံးသည် အချိန်လွန်သွားသည့်ကိစ္စဖြစ်သွားပြီး ရှမိသားစုမှာ ရှဦးလေး(၂)က ဒီလိုအရှက်ရစရာကိစ္စ ကောင်းသည့်ကိစ္စမျိုးကို လုပ်ခဲ့မှန်း သိလိုက်ရလေသည်။ မင်ရှီစီရင်စုတွင် လူများသည် စောစောစီးစီး လက်ထပ်ကြသော်လည်း မိန်းကလေးများကတော့ အနည်းဆုံး အသက်၁၈နှစ်ရှိရမည် ဖြစ်သည်။ ထို့အပြင် ရှ၀မ်ယွဲ့သည် ကျောင်းတက်နေဆဲ ဖြစ်ကာ စက်မှုသိပ္ပံဒုတိယအဆင့်ကျောင်းသို့ ဝင်ခွင့်ရပြီးနောက်တွင် ရှားပါးသည့်အနာဂတ်တစ်ခုလည်း ပိုင်ဆိုင်ထားလေသည်။
ရှဦးကြီးနှင့် ရှအဖေတို့သည် ညှိနှိုင်းဆွေးနွေးဖို့ရန် မော့မိသားစုအိမ်သို့ ချက်ချင်းသွားလိုက်ကြသည်။ သို့သော်ငြားလည်း မော့မိသားစုကသာ ကျိုးကြောင်းသင့်သူများဆိုလျှင် သူတို့သည် ရှဦးလေး(၂)နှင့် ပူးပေါင်းပြီး ဒီလိုကိစ္စမျိုးကို လုပ်လိမ့်မည်မဟုတ်ချေ။ သူတို့သည် မင်္ဂလာလက်ဖွဲ့ပစ္စည်းများကို ပြန်လက်ခံဖို့ သဘောတူလိမ့်မည်မဟုတ်သလို ရှ၀မ်ယွဲ့ကိုလည်း သူတို့၏ချွေးမအဖြစ် ပြုလုပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။
ရှ၀မ်ယွဲ့သည် ချောင်ပိတ်ခံလိုက်ရပြီး ထွက်ပြေးဖို့ရန် စဉ်းစားတော့သည်။ ရှမိသားစုကလည်း သူတို့၏ကလေးကို ဒီလိုငယ်ငယ်ရွယ်ရွယ်နှင့် ဒုက္ခမဖြစ်စေချင်ပေ။ ထိုကြောင့် သူတို့တွေက သူမ ၏ဆုံးဖြတ်ချက်ကို ထောက်ခံလေသည်။
သို့သော်ငြားလည်း အားလုံးက ရှဦးလေး(၂)၏ အရှက်မဲ့သည့်အပြုအမူကို လျှော့တွက်ထားခဲ့ကြသည်။ ရှ၀မ်ယွဲ့၏ ထွက်ပြေးလွတ်မြောက်ခြင်းက သူ့မင်္ဂလာပွဲကို သွယ်ဝိုက်ဖျက်ဆီးမည့်ကိစ္စဖြစ်သဖြင့် သူက အစောကြီးကတည်းက ပြင်ဆင်ထားခဲ့သည်။
ရှ၀မ်ယွဲ့ ထွက်ပြေးသည့်နေ့တွင် သူက မော့မိသားစုကို အကြောင်းကြားထားလိုက်ပြီး သူမကို ပြန်ခေါ်လာခဲ့လေသည်။
မော့မိသားစုက ဒီကိစ္စနှ င့်ပတ်သက်ပြီး ပြဿနာ အကြီးအကျယ်ရှာတော့သည်။ ဒါက ရှအဘွားကို အလွန်မှ စိတ်အနှောင့်အယှက်ဖြစ်သွားစေပြီး သူမက မင်္ဂလာရက်စွဲကို အမှန်တကယ် သဘောတူလိုက်တော့သည်။
မော့မိသားစုက ရှ၀မ်ယွဲ့ကို စောင့်ကြည့်ဖို့ရန် လူတစ်ယောက် သီးသန့်လွှတ်ထားခဲ့သည်။
ရှမိသားစုက မင်္ဂလာလက်ဖွဲ့များကို လက်ခံထားခဲ့ပြီးဖြစ်သည်။ သူတို့ တတ်နိုင်သည့်အရာက ဘာမှမရှိတော့ချေ။
ရှ၀မ်ယွဲ့သည် မော့မိသားစုသို့ ဖိအားပေးကာ လက်ထပ်လိုက်ရလေသည်။
“ကုချန်ဆိုတာ ငါတို့အိမ်ကနေမိုင် နှစ်ဆယ်ပဲ ဝေးတာပါ... ငါ့မှာ ၁၀နှစ်ကျော်လုံးလုံး ငါ့မိဘအိမ်ကို လုံးဝမပြန်နိုင်ခဲ့ဘူး...“
ရှ၀မ်ယွဲ့သည် မျက်ရည်များ ဖြိုင်ဖြိုင် စီးကျလာလေသည်။
“ငါ ကိုယ်ဝန်ရှိပြီးတော့ ကလေးမွေးတဲ့အချိန်တုန်းက ၁၆နှစ်ပဲရှိသေးတယ်”
“ငါ့မှာ ဟွေ့မေကို မွေးခဲ့တုန်းက သေလုနီးပါးဖြစ်ခဲ့ရတယ်။ အဲဒီအဘွားကြီးက ငါက မိန်းကလေးမွေးတယ် ဆိုပြီးတော့ မီးတွင်းကာလထဲမှာတောင် ငါ့ကို အစားအသောက် လုံလုံလောက်လောက် မကျွေးခဲ့ဘူးလေ”
“ဒါပေမဲ့လည်း ငါ့မှာ ဘာမှမပြောရဲခဲ့ဘူး။ ငါ့မှာ ဒါကို သည်းခံနိုင်ရုံပဲ တတ်နိုင်ခဲ့တယ်။ ငါ့ကလေးကို ဒီလိုပိုပြီး ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရမှာကို ငါ လက်မခံနိုင်ဘူး”
“နောက်ပိုင်းကျတော့ ငါ ဟွေ့လန်ကို မွေးခဲ့တယ်။ အဲ့ဒီအဘွားကြီးက ငါ့ကို နှိပ်စက်တဲ့အပြင် ကလေးကိုလည်း နှိပ်စက်ခဲ့သေးတယ်။ ငါ့မှာ သေချင်ခဲ့တာလည်း အကြိမ်ကြိမ်ပဲ။ ဒါပေမဲ့လည်း မလုပ်ရဲခဲ့ဘူးလေ။ ငါသာ ထွက်သွားခဲ့ရင် ငါ့ကလေးတွေ ပိုပြီးခက်ခဲတဲ့အချိန်ကို ရင်ဆိုင်ရမှာ စိုးရိမ်တာပေါ့...“
“ငါ ဒီဘ၀မှာ မရုန်းကန်ခဲ့ဘူးဆိုရင် နောက်ဘ၀မှာ မော့မိသားစုရဲ့နယ်မြေထဲက ဘယ်တော့မှ မထွက်ခွာနိုင်မှာကို စိုးရိမ်မိတယ်...“
ရှဦးကြီးသည် ထိုအချိန်က မြင်ကွင်းကို စဉ်းစားမိလိုက်ချိန်တွင် သူ၏မျက်လုံးထဲတွင် မျက်ရည်များက မနေနိုင်ဘဲ ဝေ့တက်လာတော့သည်။ သူက လက်ကို မြှောက်လိုက်ပြီး ရှဦးလေး(၂)ကို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တော့သည်။
မော့မိသားစုသည် အင်မတန်မှ ယောက်ျားလေးများကို ဦးစားပေးသည်။ ယောကျာ်းလေးများကို ဦးစားပေးသည့် မော့မိသားစုမှ အဘွားကြီးကလည်း မော့မိသားစုဒုတိယအိမ်ထောင်က ကလေးကို အမြဲတမ်းအထင်သေးကာ သူက သူတို့အတွက် အရှက်ရစရာကိုသာ ယူလာပေးသည်ဟု ထင်လေသည်။
ရှ၀မ်ယွဲ့က မိသားစုထဲသို့ ၀င်လာပြီးနောက်တွင် သူတို့က သူမကို ကလေးချက်ချင်း ယူခိုင်းကာ သူတို့၏ ဂုဏ်သတင်းကို ကြီးမားအောင်ပြုလုပ်ဖို့ရန် လှပချောမောပြီး လုပ်ရည်ကိုင်ရည်ရှိသည့် မြေးလေးများကို အသုံးချဖို့ရန် ရည်ရွယ်ထားလေသည်။
ရှ၀မ်ယွဲ့က (၂)ကြိမ်ဆက်တိုက် သမီးမိန်းကလေးများကိုမွေးလာချိန်တွင် မော့အဘွားကြီးသည် သူမအပေါ်ပိုလို့ပင်ယုတ်မာလာပြီး ရှ၀မ်ယွဲ့၏ သမီး(၂)ယောက်ကိုလည်း ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့လေသည်။
ရှ၀မ်ယွဲ့သည် မော့အဘွားကြီးက နှစ်တစ်နှစ်၏ အအေးဆုံးအချိန်မှာပင် အသက်၇နှစ်၊ ၈နှစ်ခန့်သာ ရှိသေးသည့် ဟွေ့မေကို သူမနှင့်မော့မိသားစုကဒုတိယသား အိမ်မှာမရှိချိန်တွင် ကလေးကို မြစ်ထဲသွားပြီး အတင်း အ၀တ်လျှော်ခိုင်းသည့်အချိန်တွင်တော့ သူမသည် သည်းမခံနိုင်တော့ချေ။ ကလေး၏လက်များသည် အအေးဒဏ်ကြောင့် ပွန်းပဲ့ဒဏ်ရာများဖြစ်နေပြီး ညအချိန်တွင် အပြင်းဖျားတော့သည်။ သို့သော်ငြားလည်း အဘွားကြီးက ဆေးကုသရန်အတွက် သူမကို ငွေပေးဖို့ ငြင်းဆန်နေသေးသည်။
ရှ၀မ်ယွဲ့မှာ လုံး၀ကို ပေါက်ကွဲသွားတော့သည်။ သူမက ကတ်ကြေးတစ်လက်ကို ဆွဲထုတ်လာပြီး အဘွားကြီးနှင့် တိုက်ခိုက်ဖို့ ကြိုးစားတော့သည်။ သို့သော်ငြားလည်း သူမ မအောင်မြင်ခဲ့ချေ။ မော့မိသားစု၏ အကြီးဆုံးသားက သူမကို တားမြစ်ပြီး အဘွားကြီးကို ကူညီပေးကာ လူကို ကြိုးဖြင့် ချည်တုပ်ပြီး မှောင်မဲနေသောအခန်းလေးထဲတွင် သူမကိုပိတ်လှောင်ကာ ရိုက်နှက်လေသည်။
သူမ၏တတိယကလေးကို ကိုယ်၀န်ရှိနေသည့်ရှ၀မ်ယွဲ့သည် အရိုက်ခံရသဖြင့် နေရာတွင်ပင် သွေးများ စီးကျကာ ကိုယ်၀န်ပျက်ကျသွားတော့သည်။
မော့အဘွားကြီးက ဘာကိုမှ ဂရုမစိုက်ဘဲ သူမကို ထိုနေရာတွင် ပစ်ထားခဲ့လေသည်။ နောက်ဆုံးတော့ အလုပ်မှ အခုလေးတင် ပြန်ရောက်လာခဲ့သည့် မော့မိသားစု၏ဒုတိယသားသည် တစ်ခုခု လွဲနေသည်ကို သတိထားမိသွားပြီး ရှ၀မ်ယွဲ့ကို ဆေးရုံသို့ အလောတကြီးပို့ပေးခဲ့ရသည်။
ထိုအချိန်က ဆရာ၀န်သည် အံ့ဩတုန်လှုပ်စွာဖြင့် ပြောခဲ့လေသည်။ အကယ်၍ (၂)မိနစ် လောက်သာ နောက်ကျခဲ့လျှင် ရှ၀မ်ယွဲ့၏အသက်ကို လုံး၀ ကယ်လို့ရလိမ့်မည်မဟုတ်ဟု ဆိုသည်။
ရှမိသားစုသည် သတင်းကိုကြားရချိန်တွင် သူတို့သည် အပြေးအလွှား ရောက်လာကြတော့သည်။ သူတို့သည် ရှ၀မ်ယွဲ့၏ ရုပ်အသွင်ကို မြင်လိုက်ရသည့်အခါမှသာ မော့မိသားစုက အင်မတန်မှ တရားလွန်သည်ကို သဘောပေါက်သွားကြတော့သည်။
သူတို့သည် အလည်အပတ်သွား ရောက်သည့်အချိန်တိုင်း တစ်ဖက်လူက အမြဲတမ်း လေသံချိုချိုဖြင့် ပြောတတ်ပြီး ရှ၀မ်ယွဲ့ကလည်း အဆင်ပြေနေသည့်ဟန် တူနေသောကြောင့်ပင်။
အထူးသဖြင့် ကလေးမွေးဖွားပြီးနောက်တွင် ရှ၀မ်ယွဲ့က ကောင်းမွန်သည့်ဘ၀တစ်ခုတွင် နေထိုင်ဖို့ရန် စဉ်းစားနေသည်ဟု ရှမိသားစုက မြင်ခဲ့ရသည်။ မော့မိသားစု၏ ဒုတိယသားကလည်း ရှ၀မ်ယွဲ့ကို ဂရုစိုက်သည့်ပုံ ပေါ်သည်။ ဘယ်သူကမှ သူမကို အများကြီး ဂရုမစိုက်မိခဲ့ချေ။ နောက်ဆုံး အားလုံး၏ဘ၀က အလုပ်များနေကြသည်ပင်။
သို့သော်ငြားလည်း ဒီလိုကိစ္စမျိုး ဖြစ်သွားပြီးသည့်နောက်တွင်တော့ သူတို့သည် ဒီကိစ္စကို ကျော်မသွားနိုင်တော့ချေ။
ရှမိသားစုက ရှ၀မ်ယွဲ့ကို အိမ်ပြန်ခေါ်ဖို့ စီစဉ်သည့်အချိန်တွင် အရှုံးသမားတစ်ယောက်ဟု အမြဲတမ်း ဝေဖန်ခံခဲ့ရသည့် မော့မိသားစု၏ဒုတိယသားက မြေကြီး တုန်လှုပ်သွားသည့်အရာတစ်ခုကို ပြုလုပ်ခဲ့လေသည်။
သူသည် မော့မိသားစု၏အကြီးဆုံးသားကို အရိုးများကျိုးသည်အထိပင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပြီး သူ့ကို မှောင်မည်းသည့် အခန်းငယ်လေးထဲတွင် ပိတ်လှောင်ထားကာ ဆေးရုံသွားခွင့်မပေးခဲ့ချေ။ သူက မော့အဘွားကြီး ထမင်းစားစားပွဲကိုလည်း ရိုက်ချိုးပစ်ခဲ့ပြီး မီးဖိုနှင့် အိုးခွက်များကိုလည်း ရိုက်ခွဲပစ်လိုက်သည်။ ထို့နောက်တွင်တော့ ရှ၀မ်ယွဲ့နှင့် ရှမိသားစုရှေ့တွင် ဒူးထောက်ကာ ခွင့်လွှတ်ပေးဖို့ရန် တောင်းပန်ခဲ့လေသည်။
နောက်ဆုံးတော့ ရှ၀မ်ယွဲ့က နေခဲ့လိုက်သည်။
ဒါသည် ထိုခေတ်၏ လက်တွေ့ဘဝပင်ဖြစ်ပေသည်။ သူမသည် မော့မိသားစု၏ ဝံပုလွေသားရဲတွင်းထဲတွင် ကလေးများကို ဒုက္ခခံဖို့ရန် ချန်မထားခဲ့နိုင်ချေ။ သူမက ကလေးများကို ခေါ်သွားခဲ့လျှင်လည်း ကလေးများကို ထောက်ပံ့ပေးဖို့ရန် အရည်အချင်းက မရှိပေ။ သူမ၏လွတ်လပ်မှုကို ၁၀နှစ်လောက် ချုပ်တည်းခံခဲ့ရပြီးနောက်တွင် သူမသည် အကြောင်း မသိသေးသော အပြင်လောကနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေကာ သူမ၏ယုံကြည်မှုက ပျောက်ဆုံးသွားတော့သည်။
ရှမိသားစုသည် ရှ၀မ်ယွဲ့၏ ဆုံးဖြတ်ချက်ကို သိလိုက်ရချိန်တွင် သူတို့သည် မော့မိသားစုတစ်ခုလုံးကို တဖန် ဖျက်ဆီးခဲ့တော့သည်။ မော့မိသားစု၏ ဒုတိယအိမ်ထောင်စုသည် အိမ်ခွဲလိုက်ကြပြီး လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရခဲ့ကြသည်။ ရှ၀မ်ယွဲ့ဘဝကလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။
“အဒေါ်(၂)ရယ် မငိုပါနဲ့”
ရှမြန်က ရှေ့သို့တက်လာပြီး သူမကို နှစ်သိမ့်ပေးရန် ပွေ့ဖက်ထားလိုက်တော့သည်။
...