အပိုင်း(၅၁)
Vol. 4 Ch. 51
ဟုတ်ပါသည်။ ဦးကြီးရှသည် ရှမြန်က သူမ၏ယန်မြို့သို့ သွားမည့်အစီအစဉ်ကို ပြောပြလိုက်ချိန်တွင် သူ၏ပထမဆုံး တုံ့ပြန်မှုမှာ ငြင်းပယ်ဖို့ရန်ပင်။
“ဒီလောက်ဝေးတဲ့နေရာကို ဘာဖြစ်လို့ ရုတ်တရက်ကြီး သွားချင်တာလဲ”
သူက ရှမြန်သည် ရှလိနှင့် ယှဉ်ပြိုင်ချင်သည်ဟု ထင်သွားပြီးပြောလိုက်၏။
“လိလိဆီကနေ မသင်ပါနဲ့၊ သူက ယန်မြို့ကို သွားတယ်ဆိုရင်တောင် အလုပ်သွားလုပ်တာပါ။ နင်က အနာဂတ်မှာ စာကြိုးစားမယ်ဆိုရင် သူ့ထက်ပိုပြီးတော့ သေချာပေါက် ပိုကောင်းနိုင်ပါတယ်”
“မဟုတ်ပါဘူး”
ရှမြန်က စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်၏။ “ယန်မြို့မှာဆိုရင် သင်ကြားရေးအခြေအနေက ပိုပြီးတော့ ကောင်းတယ်လေ။ ပြီးတော့ ရှောင်ဖုန်းလည်း ရှိသေးတယ်။ ဦးကြီးသိတဲ့အတိုင်းပဲ သူက အရမ်းဉာဏ်ကောင်းတာ။ ဒါကြောင့် ယန်မြို့ကိုသွားတာက ပိုကောင်းလိမ့်မယ်လို့ ကျွန်မ ထင်တာလေ”
သူမက နဥ်ရှောက်ယွင်ကို ကြည့်လိုက်သည်။
“ဦးကြီး” နဥ်ရှောက်ယွင်က ပြောလိုက်၏။ “တကယ်တမ်းကျတော့ ဒီကိစ္စကို ထုတ်ပြောခဲ့တဲ့သူက ကျွန်မပါ”
“ရှမြန်က ကျွန်မနဲ့ ချန်းချန်းတို့ကို ကယ်တင်ပေးခဲ့တဲ့အကြောင်း ဦးကြီးကို ပြောထားလားတော့ မသိဘူး”
နဥ်ရှောက်ယွင်သည် ဒီကိစ္စအကြောင်းကို ပြောလိုက်ချိန်တွင် ကြောက်ရွံ့နေမိဆဲပင်။
“ရှမြန်ကြောင့်သာ မဟုတ်ဘူးဆိုရင် ချန်းချန်းက လူကုန်ကူးသူတွေရဲ့လက်ထဲကို ကျရောက်သွားပြီး ကျွန်မရဲ့ဘဝကလည်း အဆုံးသတ်သွားမှာပဲ”
ဦးကြီးရှသည် ရှမြန်ကို တအံ့တဩဖြင့် ကြည့်လိုက်လေသည်။ ခုနက ရှမြန်ပြောပြသည့်အရာကတော့ ဒီအတိုင်း သာမန် အကြောင်းအရာသာ ဖြစ်လေသည်။ ဦးကြီးရှက ဒါကို ကိစ္စအသေးအဖွဲ့လေးဟု ထင်မှတ်ခဲ့သည်။ သူသည် ဒါကို အသက်ကယ်တင်ပေးသည့် ကျေးဇူးတစ်ခုဟု အမှန်ပင် မှတ်ယူရမည်ဟု မျှော်လင့်မထားခဲ့ချေ။
“ရှမြန်က ကျေးဇူးပြန်ဆပ်ဖို့ဆိုပြီး ဘာတစ်ခုမှ မတောင်းဆိုခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ အမြဲတမ်း သူတို့အတွက် တစ်ခုခုကို လုပ်ပေးချင်နေတာပါ”
“တိုက်တိုက်ဆိုင်ဆိုင်ပဲလေ။ ကျွန်မတို့တွေက မိသားစုအိမ်ယာဝင်းထဲမှာလည်း အပေါ်ထပ်၊ အောက်ထပ် နေကြတာပါ။ ရှမြန်က စာသင်ရတာကို ကြိုက်နှစ်သက်ပြီး ရှောင်ဖုန်းကလည်း အရမ်းညဏ်ကောင်းတာကို ကျွန်မ တွေ့ရတယ်လေ”
“ဒါကြောင့် ငွေအကြောင်းပြောတာက ဒီအတိုင်း အပေါ်ယံလို့ ထင်တယ်။ ဒါပေမဲ့ ကလေးတွေကို ကောင်းမွန်တဲ့ ပညာရေးတစ်ခုပေးတာကမှ မှန်ကန်တဲ့ကိစ္စပဲ ဖြစ်မယ်။ ကလေးတွေက သူတို့ကိုယ်တိုင် ပညာရပ်တွေကို သင်ကြားလို့ရတယ်လေ။ ဒါက သူတို့တွေကို တစ်ခုခုပေးတာထက် ပိုပြီးတော့ ကောင်းတယ်။ ဦးကြီးကရော ဘယ်လိုထင်လဲ”
နဥ်ရှောက်ယွင်သည် ပျော့ပျော့ပျောင်းပျောင်းဖြင့် ထုတ်ပြောပြလိုက်ပြီး တစ်ဖက်လူကို ယုံကြည်အောင် လုပ်နိုင်သည့် အရောင်အဝါတစ်ခု ပိုင်ဆိုင်ထားသည်။ ဦးကြီးရှမှာ သိသိသာသာ လှုပ်ရှားသွားတော့သည်။
ကလေးများကို အောင်မြင်ရန် ကူညီပေးလိုသည့် စိတ်ဆန္ဒသည် သာမာန်မိဘများက ခုခံဖို့ရန်ခက်ခဲသည့် မက်လုံးတစ်ခုဖြစ်သည်မှာ ပြောရန်မလိုချေ။ ထို့နောက်တွင် နဥ်ရှောက်ယွင်က သူမ၏အစီအစဉ်ကို ပြောပြလိုက်သည်။
“ကျွန်မတို့တွေ ယန်မြို့မှာ ခြံဝန်းငယ်လေး အလွတ်တစ်လုံး ရှိပါတယ်။ အဲဒီမှာ ယန်တက္ကသိုလ်နဲ့ တွဲဖက်အထက်တန်းကျောင်းတစ်ခုရယ်၊ အနီးအနားမှာလည်း ဘာသာစကားလေး((၂))ခုသင်ပေးတဲ့ မူကြိုကျောင်းလေး တစ်ကျောင်းရှိတယ်။ သင်ကြားရေးဝန်ထမ်းတွေကလည်း အရမ်းတော်ကြပါတယ်။ ရှမြန်နဲ့ ရှောင်ဖုန်းတို့က တစ်ချိန်တည်းမှာ ကျောင်းတက်လို့ရတယ်လေ”
“ယန့်ချီအထက်တန်းကျောင်းကလည်း အရမ်းကိုကောင်းမွန်တဲ့ ကျောင်းဝင်ခွင့် အောင်ချက်ရာခိုင်နှုန်းတွေ ရှိတယ်။ နှစ်တိုင်းပဲ ကျောင်းသား၁(၂)ယောက်ကျော်က ယန့်ချီတက္ကသိုလ်ကို ဝင်ခွင့်ရကြတယ်လေ။ ကျောင်းသားတွေရဲ့ ၅၀ရာခိုင်နှုန်းက နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဓိကတက္ကသိုလ်တွေကို ဝင်ခွင့်ရကြတယ်။ ကျန်တဲ့အများစုကတော့ သာမန်တက္ကသိုလ်တွေမှာ ဝင်ခွင့်ရတယ်။ ကျောင်းဝင်ခွင့် မရတဲ့သူဆိုတာ မရှိသလောက်ပဲ”
နဥ်ရှောက်ယွင်က ပြောလိုက်၏။
“ရှမြန်က စာသင်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူက ယန်တက္ကသိုလ်ကို မသွားနိုင်ဘူးဆိုရင်တောင် ကောင်းမွန်တဲ့တက္ကသိုလ်တစ်ခုကို တက်နိုင်ပါသေးတယ်”
ဒီရိုက်ချက်က သူတို့၏နှလုံးသားကို တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။ ကလေးများ၏ ပညာရေးအတွက် ငွေသုံးစွဲဖို့ရန် ကပ်စီးနဲပြီး မလိုလားသည့် ရှဦးလေး(၂)ကလွဲလျှင် ရှမိသားစုထဲက လူအားလုံးသည် သူတို့၏ကလေးများကို ပညာသင်ကြားခွင့်ရရန် ပင်ပင်ပန်းပန်း ကြိုးစားကြလေသည်။
သို့သော်ငြားလည်း မင်ရှီစီရင်စုအတွင်းက ပညာရေးအဆင့်အတန်းကို ထောက်ချင့်လျှင် နှစ်တိုင်း တက္ကသိုလ်သို့ သွားနိုင်သည့်လူမှာ လက်ချိုးရေလို့ရသည်။ ယန့်ချီတက္ကသိုလ်လို အဓိကတက္ကသိုလ်ကြီးများနှင့် နာမည်ကြီးစက်မှုကျောင်းများသို့ သွားဖို့ရန်တော့ပြောနေရန်ပင် မလိုချေ။
ဦးကြီးရှက သူ့လက်များကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။
“ဒါဆိုရင် မင်းတို့အတွက် အများကြီး ဒုက္ခများနေမလား။ ကလေးနှစ်ယောက်က အမြဲတမ်း စိတ်ပူစရာ ဖြစ်နေလိမ့်မယ်။ ပြီးတော့ ကျောင်းလခကလည်း ရှိသေးတယ်လေ။ အဲဒီကကျောင်းလခက အရမ်း စျေးကြီးတယ် မဟုတ်လား”
ဘယ်အချိန်ကမှန်းမသိ တံခါးနားတွင် ခိုးဝင်လာသည့် ရှဦးလေး(၂)သည် မနေနိုင်ဘဲ ဝင်ပြောလေသည်။ “သူက အရမ်းကို...” ချမ်းသာတယ်မလား...
“အစ်ကို(၂)”
ရှဝမ်ယွဲ့က သူ့ကို ဖြတ်ပြောလိုက်ပြီး သူမ၏မျက်လုံးများထဲတွင်လည်း သတိပေးနေသည့် အကြည့်တစ်ခု ပါဝင်နေ၏။
ရှဦးလေး(၂)သည် လည်ပင်းကို ပြန်ကြုံ့ထားလိုက်ပြီး စကားထပ်မပြောရဲတော့ချေ။ အားလုံးသည် နဥ်မောင်နှမ၏ ရှေ့တွင် သူတို့မိသားစု၏ ရှက်ရွံစရာကိစ္စများကို ထုတ်မပြလိုသဖြင့် ကြိတ်ပြီး သက်ပြင်းချလိုက်ကြတော့သည်။
ဦးကြီးရှက ကြိုးစားပြီး မျက်နှာဆယ်ရတော့သည်။
“သူ့ဦးလေး(၂)ကလည်း မင်းတို့တွေက အရမ်းကို စဉ်းစားပေးတတ်တာပဲလို့ ပြောချင်တာပါ။ ဒါက ငါတို့တွေကို တကယ်ပဲ ရှက်ရွံ့ရစေတယ်လေ”
“တကယ်တမ်းကျတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့မလိုပါဘူး” နဥ်ရှောက်ယွင်က ပြောလိုက်သည်။ “ရှမြန်က အရမ်းကို လုပ်ရည်ကိုင်ရည်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ ရှောင်ဖုန်းကို ဘယ်လိုပြုစုစောင့်ရှောက်တယ်ဆိုတာပဲ ကြည့်လိုက်လေ”
အားလုံးက ဒီအချက်ကိုတော့ သဘောတူကြလေသည်။ သူမသည် ကျန်းချီမင်နှင့် စာရင်းရှင်းသည့်အချိန်တိုင်း သူမ၏အရည်အချင်းက လူကြီးတစ်ယောက်ထက် မနိမ့်သည်ကို သက်သေပြနေသည်။ ဒီအကြောင်းပြချက်ကြောင့်လည်း ရှဦးကြီးက ချက်ချင်း မငြင်းပယ်ခဲ့ခြင်းပင်။
“အမှန်အတိုင်း ပြောရရင်တော့ ဒီတောင်းဆိုချက်ကို လက်ခံပေးဖို့က ကျွန်မမှာလည်း အတ္တဆန်တဲ့ ရည်ရွယ်ချက်တချို့တော့ ရှိပါတယ်”
နဥ်ရှောက်ယွင်က ပြုံးကာပြောပြလိုက်၏။
“ကျွန်မက ရှမြန်ကို အရမ်းသဘောကျတယ်လေ။ သူက ဉာဏ်ကောင်းပြီးတော့ ထက်မြတ်တယ်။ သူ စာသင်ပြီးသွားတဲ့အချိန်ကျရင်လည်း ကျွန်မကို ကူညီပေးလို့ရတာပေါ့”
“နောက်ပြီးတော့ ရှောင်ဖုန်းလည်း ရှိသေးတယ်လေ။ ချန်းချန်းက တစ်ဦးတည်းသောသား။ ကျွန်မကလည်း နောက်ထပ်ကလေးယူဖို့ အစီအစဉ် မရှိတော့ဘူး။ သူနဲ့ ရှောင်ဖုန်းတို့က အရမ်းကို သင့်မြတ်ကြတယ်လေ။ တကယ်လို့ သူတို့တွေသာ အတူတူ ကြီးလာခဲ့မယ်ဆိုရင် တကယ့် ညီအစ်ကိုတွေလို အချင်းချင်း စောင့်ရှောက်ပေးလို့ရတယ်လို့ ကျွန်မ ထင်တယ်”
နဥ်ရှောက်ယွင်က ဒီစကားကို ပြောလိုက်ပြီးနောက်တွင် ကျေးဇူးပြန်ဆပ်မည်ဟူသည့် အာမခံကိစ္စသည် အချင်းချင်း သင့်မြတ်ကြသည့်လူများက အပြန်အလှန် ကူညီပေးကြသည်နှင့် ပိုပြီးတူညီနေသည်။
ရှမိသားစုက ပိုပြီးစိတ်အေးသွားသလို ခံစားလိုက်ရ၏။ နောက်ဆုံးတော့ နဥ်ရှောက်ယွင်က သူတို့ကို အာမခံလိုက်တော့သည်။
“တကယ်တမ်းကျတော့ ကျောင်းတက်ဖို့ဆိုတာ သူတို့အတွက် အများကြီး ကုန်ကျစရိတ် မလိုပါဘူး။ ကျွန်မတို့ရဲ့နိုင်ငံက ပညာရေးကို အရမ်းဦးစားပေးတယ်လေ။ ယန်မြို့က အထက်တန်းကျောင်းတွေရဲ့ ကျောင်းလခကလည်း မင်မြို့က ကျောင်းလခနဲ့ အတူတူလောက်ပါပဲ။ ရှောင်ဖုန်းရဲ့ မူလတန်းနဲ့ အလယ်တန်းပညာရေးက အခမဲ့ပညာရေးလေ။ ဒီတော့ သူက စာအုပ်ဖိုးပဲ ကုန်ကျမှာပါ”
“သူတို့တွေက စာကို ကောင်းကောင်းလေ့လာမယ်ဆိုရင် ပညာသင်ဆုကြီးလည်း ရနိုင်သေးတယ်။ ဒါက သူတို့ရဲ့ပညာရေး ပြီးမြောက်အောင် လုံလောက်တဲ့ အထောက်အပံ့ ဖြစ်စေနိုင်တယ်လေ”
ရှဦးကြီးနှင့်သူ့မိသားစုသည် အပြင်သို့ဘယ်တော့မှ မထွက်ခဲ့ချေ။ နဥ်ရှောက်ယွင်က ဒေသခံ ကျောင်းသားများအကြောင်း ပြောနေသည်ကို သူတို့မသိချေ။ သူတို့သည် ကလေးများက ကျောင်းစရိတ်ကို တတ်နိုင်လိမ့်မည်ဟု ကြားလိုက်သည်တွင် စိတ်အေးသွားသလို ခံစားလိုက်ရ၏။
မဖြစ်မနေ လိုအပ်ချက်သာ မဟုတ်လျှင် သူတို့သည် သူတို့၏ကလေးများကို ကျောင်းတက်ဖို့ရန်အတွက် တခြားသူ၏ ငွေရေးကြေးရေးအထောက်အပံ့ကို လက်မခံကြလိုချေ။ လက်ခံမိခဲ့လျှင်လည်း ကလေးများက မတရားဆက်ဆံခံရလျှင် သူတို့သည် ဘာမှပြောဆိုနိုင်လိမ့်မည် မဟုတ်သလို အမြဲတမ်း ချုပ်တည်းထားရပေလိမ့်မည်။
ရှမြန်က ထပ်ပြောလေ၏။
“အမေ ကျွန်မအတွက် ချန်ထားပေးတဲ့ပိုက်ဆံကလည်း ကောလိပ်အတွက် လုံလောက်ပါတယ်။ ဦးကြီးတို့ ရှောင်ဖုန်းအတွက်လည်း စိုးရိမ်စရာမလိုပါဘူး။ ကျန်းချီမင်ကို စီရင်ချက်ချပြီးသွားရင် စက်ရုံက ရှောင်ဖုန်းကို အိမ်ပြန်ပေးမယ်လို့ ပြောထားတယ်”
“အချိန်တန်ရင် ကျွန်မတို့တွေကအိမ်ကို ယွမ် ၅သောင်း၊ ၆သောင်းလောက်နဲ့ ရောင်းချလို့ရတယ်။ ဒါက ရှောင်ဖုန်း အထက်တန်းပြီးတဲ့အထိ လုံလောက်မှာပါ”
ရှမြန်သည် တံဆိပ်ခေါင်းကိစ္စကိုတော့ မထုတ်ပြောခဲ့ချေ။ လူ့သဘာဝအရ သူမသည် ရွေးချယ်စရာ မရှိတာ မဟုတ်ခဲ့လျှင် ဒါကို မစမ်းသပ်လိုပေ။
“သွားရမယ်”
ရှဝမ်ယွဲ့က ဆုံးဖြတ်ချက်ချလိုက်၏။ သူမသည် ဘဝတွင် စာသင်ကြားခြင်းနှင့် အခွင့်အရေး၏ အရေးပါပုံကို ကောင်းကောင်းသိလေသည်။
သူမက နဥ်ရှောက်ယွင်ကို ပြောလိုက်၏။
“သခင်မလေးနဥ် ရှမြန်နဲ့ ရှောင်ဖုန်းတို့ကို စောင့်ရှောက်ပေးဖို့ သခင်မလေးကိုပဲ ဒုက္ခပေးရပါတော့မယ်”
“သူတို့မှာ အလားအလာရှိတယ်။ အနာဂတ်တစ်ခု ပိုင်ဆိုင်ထားတယ်ဆိုရင် သူတို့ကို ကိုယ်တိုင် အလုပ်လုပ်ခိုင်းလိုက်ပါ။ တကယ်လို့ သူတို့မှာ အနာဂတ် မရှိတာပဲဖြစ်ဖြစ် သခင်မလေးတို့အတွက် မသင့်တော်တာပဲ ဖြစ်ဖြစ် သူတို့ကို ကျွန်မတို့ဆီ ပြန်ပို့ပေးလိုက်လို့ ရပါတယ်”
ထို့နောက်တွင် သူမက ရှမြန်ကိုပြောလိုက်၏။
“နင် အဲဒီကို ရောက်သွားတဲ့အခါကျရင် စိတ်အေးလက်အေးနဲ့ပဲ စာလေ့လာပါ။ တကယ်လို့ ပြဿနာတစ်ခုခု ရှိလာတယ်ဆိုရင်လည်း အိမ်ကိုဖုန်းခေါ်လိုက်။ ဘာကိစ္စပဲ ဖြစ်လာလာ အဒေါ်(၂)က နင့်အတွက် နည်းလမ်းတစ်ခု ရှာပေးမယ်”
တစ်ချိန်လုံး နှုတ်ဆိတ်နေလာခဲ့သည့်ရှအဘွားက ရုတ်တရက် ထပြောလိုက်လေသည်။
“ကလေး(၂)ယောက်လုံးကို ဒီအတိုင်း သွားခိုင်းလိုက်တာက စိတ်ကူးကောင်း မဟုတ်ဘူးလို့ ထင်တယ်။ တစ်ယောက်ယောက်ကတော့ သူတို့ကို စောင့်ရှောက်ပေးဖို့ လိုတယ်လေ။ နင်တို့အားလုံးကလည်း သွားကြဖို့ အရမ်းအလုပ်များနေကြတာဆိုတော့ ငါပဲ သူတို့နဲ့ လိုက်သွားလိုက်မယ်”
အားလုံးသည် ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး အလယ်တွင် ထိုင်နေသည့်ရှအဘွားကို ကြည့်လိုက်ကြသည်။
ရှအဘွားက သူမ၏အင်္ကျီကို ဆွဲဆန့်လိုက်ပြီး ကြင်နာတတ်သည့်မျက်နှာတစ်ခုဖြင့် နဥ်ရှောက်ယွင်ကို ပြောလိုက်သည်။
“အရွယ်မရောက်ကြသေးတဲ့ ကလေး(၂)ယောက်အတွက်ဆိုရင် ဒါက နည်းနည်းတော့ ကသီလင်တ ဖြစ်မယ်လေ။ ငါတို့တွေကလည်း နင့်ကို အများကြီး ဒုက္ခပေးလို့မဖြစ်ဘူး။ ငါက သူတို့ရဲ့အဘွားဆိုတော့ သူတို့ကို စောင့်ရှောက်ပေးဖို့ နင်တို့နဲ့ လိုက်ခဲ့ပါမယ်”
အားလုံးသည် တစ်ပြိုင်တည်း မျက်မှောင်ကြုတ်လိုက်ကြတော့သည်။
နဥ်မိသားစုက မောင်နှမမှလွဲလျှင် ဒီနေရာတွင် ရှိနေသူတိုင်းက သူမ၏အကြံဉာဏ်ကို သိလေသည်။ ကလေး(၂)ယောက်က ယန်မြို့သို့သွားမည်ကို မြင်လိုက်ချိန်တွင် သူမသည် သူတို့နောက်သို့ လိုက်သွားပြီး ကောင်းမွန်သည့်ဘဝကို ခံစားချင်နေသည်ထက် မပိုချေ။
ရှမြန်နှင့် ရှောင်ဖုန်းတို့သည် နေ့တိုင်း စာကြိုးစားရမည်ဖြစ်ကာ နဥ်မိသားစုကလည်း သူတို့ကို မမျှမတ ဆက်ဆံလိမ့်မည် မဟုတ်သည်က သိသာသည်။ အကယ်၍ သူမလို အဘွားကြီးတစ်ယောက်က ရှမြန်နှင့်ရှော င်ဖုန်းတို့၏ အခြေအနေကို အားကိုးပြီး သခင်မကြီးတစ်ယောက်လို ပြုမူလျှင်လည်း မည်သူက ဘာပြောရဲပါမည်နည်း။
ကူညီပေးမယ်တဲ့လား။ ဒီအတိုင်း ဘာပြဿနာမှ မရှာတာကပဲ ဟုတ်နေပါပြီ။
ရှဦးကြီးသည် အပြင်လူများရှေ့တွင် မိသားစု၏ အရှက်ရစရာကိစ္စကို မထုတ်ဖော်လိုချေ။ ထို့ကြောင့် သူက ပညာသားပါပါဖြင့် ပြောလိုက်ရတော့သည်။
“အဒေါ် အခုဆိုရင် အဒေါ်ကတော့ အရမ်းကို အိုမင်းနေပါပြီ။ ယန်မြို့ကလည်း နီးတာမဟုတ်ဘူး။ အချိန်တန်လာရင် ကလေးတွေက အဒေါ်ကို စောင့်ရှောက်ရဦးမယ်။ ကျွန်တော်တို့တွေက ပိုပြီးစိတ်ပူနေရမှာပေါ့”
“ယန်မြို့က အရမ်းမဝေးပါဘူး။ မြန်မြန်က ဒေါက်တာနဥ်တို့နဲ့ သွားမှာ မဟုတ်လား” ရှအဘွားက ပြောလိုက်သည်။
“ငါက တောင်ပေါ်တက်ပြီး လယ်ထဲဆင်းရတာ ဘာပြဿနာမှ မရှိပါဘူး။ ငါက ပုံမှန်ဆိုရင် သူတို့အတွက်ချက်ပြုတ်ပေးပြီး အိမ်သန့်ရှင်းရေးလုပ်ပေးရုံပဲလေ။ ဒါက အရမ်းပင်ပန်းမှာ မဟုတ်ဘူး”
သူမကတော့ သွားဖို့ရန် ဆုံးဖြတ်ပြီးလေသည်။
ရှမြန်က ချက်ချင်း ငြင်းပယ်တော့မည့်ဆဲဆဲတွင် ရှဝမ်ယွဲ့က သူမကို လှမ်းဆွဲလိုက်ပြီး သူမကိုတားရန် တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ရှဝမ်ယွဲ့သည် ရှန်မြန်က နဥ်မောင်နှမရှေ့တွင် အကြီးအကဲကို ပြန်ခံပြောသည့် မကောင်းသည့် အမြင်တစ်ခုကို မဖြစ်စေလိုပေ။ ထို့ကြောင့် သူမက ပြောလိုက်၏။ “အမေ ဒါဆိုရင်တော့ ကောင်းတာပေါ့။ ကျွန်မကို လာကူလှည့်ပါ။ အမေလည်း သိပါတယ်။ ကျွန်မတို့တွေက အိမ်ခွဲနေကြတယ်ဆိုရင်တောင် ကျွန်မတို့တွေက အလုပ်များကြတယ်လေ။ ကျွန်မရဲ့ကလေး(၂)ယောက်စလုံးကို စောင့်ရှောက်ဖို့ အချိန်မရှိဘူး။ ကျွန်မရဲ့ယောက္ခမကလည်း သူတို့ကို အမြဲတမ်း နှိပ်စက်နေတာ။ ကလေးတွေက လူကြီးကို ပြန်ပြောဖို့ဆိုတာကလည်း အရမ်း ငယ်နေသေးတယ်လေ။ ဒီတော့ သူတို့တွေက ဒုက္ခရောက်ကြတာပေါ့။ ကျွန်မလည်း သူတို့အတွက် တကယ် စိတ်မကောင်းဖြစ်ရတယ်”
“ကျွန်မက အမေ ကူညီပေးဖို့ မလိုပါဘူး။ ဟွေ့မေနဲ့ ဟွေ့လန်တို့က ချက်ပြုတ်တာ၊ အိမ်သန့်ရှင်းရေး လုပ်တာ၊ လေးလံတဲ့ တာဝန်တွေကို လုပ်နိုင်ကြပါတယ်။ ဟွေ့ကျူးက အသက်(၇)နှစ် ရှိပြီလေ။ ပြေးလွှားခုန်ပေါက်နိုင်ပြီ။ အမေက သူ့အတွက်လည်း စိုးရိမ်ပေးစရာမလိုပါဘူး။ ဒီအတိုင်း စောင့်ကြည့်ပေးရုံပါပဲ”
“ကျွန်မရဲ့ယောက္ခမက အရမ်းကို မာနကြီးတာလေ။ တကယ်လို့ သူက ကျွန်မကလေးတွေကို ထပ်ပြီး နှိပ်စက်ရဲမယ်ဆိုရင် အမေက သူ့ကို တစ်ခွန်းလောက် ပြောလိုက်တာနဲ့ သူလည်း သေချာပေါက် ထပ်ပြီးလုပ်ရဲမှာ မဟုတ်ဘူး”
ရှဝမ်ယွဲ့က အပြုံးတစ်ခုဖြင့် ရှအဘွားကို ကြည့်လိုက်သည်။
“ကျွန်မလည်း အိမ်ထောင်ပြုတာ နှစ်(၂၀)နီးပါးရှိလာပြီပဲ။ ဒီတော့ ကျွန်မကို အမေ့အပေါ် လိမ္မာသိတတ်ခွင့်ပေးပါ”
ရှအဘွားသည် အဒေါ်(၂)၏ မျက်လုံးကို လုံးဝမကြည့်ချေ။ သူမက သူမ၏အသံကို အနည်းငယ် နှိမ့်ထားလိုက်ပြီး ထပ်ပြောလိုက်သေးသည်။
“အိမ်မှာဆိုရင် နင့်ကို ဘယ်သူမဆို ကူညီပေးနိုင်တာပဲ။ ဒါပေမဲ့ မြန့်မြန်နဲ့ ရှောင်ဖုန်းတို့ကတော့ မတူဘူးလေ။ သူတို့က ယန်မြို့ကိုသွားရမှာ။ သူတို့ရဲ့အစားအသောက်၊ အညစ်အကြေး၊ မစင်စွန့်တာကအစ သူတို့တွေကို တစ်ယောက်ယောက်ကတော့ လုပ်ပေးဖို့လိုတယ်လေ။ အထူးသဖြင့် ရှောင်ဖုန်းပေါ့။ သူ့ကိုလည်း မူကြိုကျောင်းကနေ အကြို၊ အပို့လုပ်ပေးရဦးမယ်...“
ရှဝမ်ယွဲ့ မျက်လုံးများသည် အေးစက်သွားလေသည်။ သို့သော်ငြားလည်း သူမက ပြောလိုက်၏။ “အမေက ဒီလိုပြောတယ်ဆိုမှတော့ သူတို့တွေက တကယ်ပဲ တစ်ယောက်ယောက် ကူညီပေးဖို့လိုတာပဲ။ ဒါပေမဲ့ အမေက အရမ်းအိုနေပြီလေ။ အဲဒီအချိန်ကျရင် ကလေးတွေက အမေ့ကို ပြန်ပြီးတော့ စောင့်ရှောက်နေရဦးမယ်။ ဒီတော့ သွားပြီးတော့ ဒုက္ခမပေးပါနဲ့”
ရှအဘွားက ဘာတစ်ခွန်းမှ မပြောရသေးခင်မှာဘဲ ရှဝမ်ယွဲ့က ဆက်ပြောလိုက်သည်။
“ဒီလိုပဲ သတ်မှတ်လိုက်မယ်။ ကျွန်မမှာလည်း စိတ်ကူးထားတာ ရှိပါတယ်။ ဒါပေမဲ့လည်း သေသေချာချာ စဉ်းစားပြီးမှ ပြောပြတော့မယ်။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မကတော့ အမေ ဒါကို မလုပ်နိုင်မှာဘဲ စိုးရိမ်တယ် အမေရဲ့”
ဒေါ်ကြီးကလည်း အခွင့်အရေးကို အသုံးချကာ ပြောလိုက်လေသည်။
“ဝမ်ယွဲ့က တကယ် စဉ်းစားပေးတတ်တာပဲ။ ဟုတ်ပါပြီ။ အစားအသောက်လည်း အဆင်သင့်ဖြစ်နေပြီ။ မြန်မြန်စားကြတော့”
“ဒေါက်တာနဥ်လည်း နေ့တစ်ဝက်လောက် ကားမောင်းလာရတာဆိုတော့ ပင်ပန်းနေလောက်ပြီ”
“ဒေါ်ဒေါ်ရေ”
ချန်ချန်သည့် လေပွေတစ်ခုလို အပြင်ဘက်မှ ရုတ်တရက် ပြေးဝင်လာလေသည်။
“ဒေါ်ဒေါ်ဟွေ့မေနဲ့ တခြားသူတွေ ရောက်နေတယ်”
သူ့စကား ဆုံးသွားသည်နှင့်ချက်ချင်း အသက်အရွယ် မတူညီသည့် မိန်းကလေး(၃)ယောက်သည် နောက်မှ ဝင်လာလေသည်။ သူတို့၏ရုပ်ရည်ကို ကြည့်လျှင် သူတို့သည် ညီအစ်မများဖြစ်ကြမှန်း သိနိုင်လေသည်။
“အမေ”
ခေါင်းဆောင်လာသူသည် အသက်(၂၀)ဝန်းကျင် အရွယ်ထင်ရသည်။ သူမသည် အကြီးဆုံးသမီးဟွေ့မေ ဖြစ်ပြီး နက်မှောင်သည့်ဆံပင်များကို ကျစ်ထားကာ သူမ၏မျက်လုံးထဲတွင်လည်း စိုးရိမ်မှုတချို့ ရှိနေလေသည်။
သူမချီထားသည့် ကလေးမလေးသည် အသက်၇နှစ်၊ ၈နှစ်ခန့် ရှိမည်ဖြစ်ကာ ကျစ်ဆံမြီး(၂)ဖက် ကျစ်ထားပြီး မျက်လုံးများ နီရဲနေသည်။ သူမသည် ရှဝမ်ယွဲ့ကို တွေ့လိုက်သည့်အခိုက်အတန့်တွင် မျက်ရည်များ စီးကျလာတော့သည်။
“အမေ ဘွားဘွားက အကျင့်မကောင်းဘူး”
“ဟွေ့ကျူး အမေသမီးကို ချီပေးမယ်”
ရှဝမ်ယွဲ့သည် မျက်နှာပေါ်တွင် စိတ်မကောင်းသည့်ရုပ်တစ်ခုဖြင့် ကလေးမလေးကို လှမ်းချီလိုက်ကာ မေးလိုက်လေသည်။
“ဘာဖြစ်ခဲ့ကြတာလဲ၊ နင်တို့ တွေဘာဖြစ်လို့ ဒီကိုရောက်လာကြတာလဲ”
ဒုတိယသမီးဖြစ်သူ ဟွေ့လန်က အသက်၁၅နှစ်အရွယ်ဖြစ်သည်။ သူမက ဆံပင်တိုလေးနှင့်ဖြစ်ကာ ရှဝမ်ယွဲ့၏ မကြောက်ရွံတတ်သည့်အမွေ ရထားဟန်တူသည်။ သူမက မြန်မြန်ပြောလိုက်၏။
“အဘွားပေါ့၊ အဘွားက မကြီးကို လက်ထပ်ပေးချင်နေတာလေ။ သူက သမီးတို့ရဲ့အိမ်တံခါးကို ပိတ်ဖို့တောင် လူတွေကို ခေါ်လာလိုက်သေးတယ်”
ရှဝမ်ယွဲ့၏ မျက်နှာမှာ ပြောင်းလဲသွားတော့သည်။ သူမကိုယ်တိုင်က စောစောစီးစီး အတင်းအကြပ် လက်ထပ်ခိုင်းခံခဲ့ရကာ ဒုက္ခများစွာ ခံစားခဲ့ရသည်။ သူမက သူမ၏ကလေးများကိုလည်း ထိုတူညီသည့် အမှားမျိုး ထပ်မဖြစ်စေရန် ဆုံးဖြတ်ချက်ချထားသည်။
“ဘာ၊ အဆင်ပြေကြရဲ့လား”
ဟွေ့လန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“အစ်မကို လိုက်နှောင့်ယှက်နေတဲ့ ဟောက်ယိုထိုလေ။ အမေ အရင်က ငြင်းခဲ့တယ် မဟုတ်လား။ အမေဒီမှာ မရှိဘူးလို့ သူတို့မိသားစုတွေ ကြားတာနဲ့ သူတို့တွေက အဘွားအိမ်ကို ပစ္စည်းကောင်းတွေ အများကြီး ယူလာခဲ့တယ်ထင်တယ်။ အဘွားကလည်း အရမ်းကိုပျော်နေတာလေ”
ဟွေ့မေက အနည်းငယ် စိုးရိမ်နေသည်။
“အမေ ဟောက်မိသားစုက မင်ရှီစီရင်စုမှာ အချမ်းသာဆုံးမိသားစုပဲ။ တကယ်လို့ အဘွားက...“
ရှဝမ်ယွဲ့က ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“ဒီလောကမှာ အချမ်းသာဆုံးလူ ရောက်လာတယ်ဆိုရင်တောင် ငါ့ကိုမဖြတ်သွားဘဲနဲ့တော့ ဘယ်သူမှနင့်ကို ခေါ်သွားလို့မရဘူး”
ထို့နောက်တွင် သူမက မေးလိုက်၏။ “နင်တို့တွေ ဒီကို ဘာနဲ့လာတာလဲ”
...