အပိုင်း(၅၂)
Vol. 4 Ch. 52
ထို့နောက်တွင် သူမကမေးလိုက်၏။ “နင်တို့တွေဒီကို ဘာနဲ့လာတာလဲ”
“သမီးတို့တွေ ဒီကို ကားနဲ့လာခဲ့တာပါ” ဟွေ့လန်က ပြောလိုက်သည်။ “အဘွားက အစ်မကို အိမ်ထဲမှာ ပိတ်လှောင်ထားချင်ပြီး အလုပ်ပေး မသွားဘူးလေ။ ဒါကြောင့် သမီးတို့ ထွက်ပြေးလာကြတာ”
ရှ၀မ်ယွဲ့က ပြုံးလိုက်ကာ ချီးကျူးစကားပြောလိုက်၏။
“တော်တယ်၊ ငါတို့ဟွေ့လန်က အရမ်းညဏ်ကောင်းတာပဲ။ နင်တို့တွေ ဗိုက်ဆာနေတော့မယ်။ အရင်ဆုံး တစ်ခုခု စားလိုက်ကြဦး။ အမေ နင်တို့အဖေကို ဆက်သွယ်လိုက်ဦးမယ်”
ဒေါ်ကြီးက သူမ၏အကြီးဆုံးချွေးမနှင့်အတူ ကလေးများအတွက် အစားအသောက်ကို ပြင်ဆင်ပေးရန် မြန်မြန်၀င်သွားလေသည်။
သူမဒေါ်ကြီး၏မိသားစုက အလုပ်များနေသည်ကို မြင်လိုက်သည်တွင် ရှမြန်က နဉ်မောင်နှမကို အနားယူဖို့ရန် သူမ၏အိမ်သို့ ခေါ်လာခဲ့လိုက်သည်။ မည်သို့ဆိုစေ သူမနှင့် ရှောင်ဖုန်းတို့သည် ယန်မြို့သို့ သွားရန် ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။ ယခုအချိန်တွင် မောက်ညီအစ်မ၏ကိစ္စက ပိုပြီးအရေးကြီးလေသည်။
ရှမိသားစုတွင် အခန်း(၂)ခန်း ရှိသည်။ နဉ်ရှောက်ပိုင်က တစ်ခန်းတွင်နေပြီး နဉ်ရှောက်ယွင်၊ ချန်းချန်းနှင့် ရှမြန်၊ ရှောင်ဖုန်းတို့က အတူတူအိပ်လိုက်ကြသည်။
ဒီအချိန်တွင် ရှမြန်သည် နေ့တိုင်း အိမ်ကို သန့်ရှင်းရေး လုပ်ပေးထားသည့်အတွက် ရှ၀မ်ယွဲ့ကို အလွန်မှ ကျေးဇူးတင်မိလေသည်။ သို့မဟုတ်လျှင် သူမသည် ဒီနေ့တွင် အရှက်ကွဲရလိမ့်ဦးမည်။
ရှ၀မ်ယွဲ့ကို စဉ်းစားမိလိုက်သည်တွင် ရှမြန်သည် အနည်းငယ် စိတ်ပူသွားတော့သည်။
နဉ်ရှောက်ယွင် အိပ်ပျော်သွားပြီးသည့်နောက်တွင် ရှမြန်က တိတ်တိတ်လေး ထထွက်လာပြီး ရှ၀မ်ယွဲ့ကို လာရှာလိုက်၏။
သို့သော်ငြားလည်း သူတို့သားအမိ(၄)ယောက်က သူတို့ဦးလေး၏ အိမ်ထောင့်ခြံ၀င်းနားတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ရှ၀မ်ယွဲ့က သူမ၏ရင်ခွင်ထဲက တခစ်ခစ်ရယ်မောနေသည့် မောက်ဟွေ့ကျူး သမီးအငယ်ဆုံးလေးကို စနောက်နေသည်။ မောက်ဟွေ့လန်က ရှ၀မ်ယွဲ့ကို တစ်ခုခု ပြောနေပြီး ရှ၀မ်ယွဲ့က သူမ၏ခေါင်းလေးကို ချစ်စဖွယ် လှမ်းပုတ်လိုက်သည်။
မောက်ဟွေ့မေ၏မျက်လုံးထဲက စိုးရိမ်မှုများကို မမြင်ခဲ့ရလျှင် သူတို့သည် လွတ်လပ်ပေါ့ပါးပြီး ပူပင်စရာမရှိဟု ထင်ကောင်းထင်လိမ့်မည်။
သို့သော်ငြားလည်း အငယ်လေး(၂)ယောက်ကတော့ အမှန်ပင် စိုးရိမ်စိတ် မရှိဟန်တူသည်။ အကြောင်းမှာ ရှ၀မ်ယွဲ့က သူတို့ကို ခိုင်မာသည့်အုတ်မြစ်တစ်ခု တည်ထောင်ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
ရှမြန်က တိတ်တိတ်လေး ပြန်ထွက်လာ၏။
ညနေပိုင်းတွင် အားလုံးသည် ညနေစာပြင်ဆင်ဖို့ရန်အတွက် ရှဦးကြီး၏ခြံ၀န်းထဲတွင် စုဝေးလိုက်ကြသည်။ ချန်ချန်ကတော့ သူသည် ဒီနေ့တွင် ဘာကို မည်မျှပင် လုပ်သည်ဖြစ်စေ သူ့မိသားစုက သူ့ကို ရိုက်လိမ့်မည် မဟုတ်ကြောင်း သေချာသိနေသဖြင့် သူကအလွန်မှ ကြမ်းကြမ်းတမ်းတမ်း ဆော့နေလေသည်။
ရှဟိုင်မှာ ချန်းချန်းနှင့် ရှောင်ဖုန်းတို့က ရွှံပေနေသည့် မျောက်လေးများလို ချန်ချန် နောက်လိုက်ပြေးနေသည်ကို မြင်လိုက်ရချိန်တွင် သူ့မှာ မယုံကြည်နိုင်အောင် ဖြစ်သွားလေသည်။ ဖြူဖွေးပြီး လူကြီးလူကောင်းဆန်သည့် သခင်လေးချန်းချန်းက သူ့သားအရင်း၏ အနိုင်ကျင့်ခံရသည်ဟု စဉ်းစားမိလိုက်သည်တွင် ရှဟိုင်သည် တုန်လှုပ်ခြောက်ခြားကာဖြင့် မနေနိုင်ဘဲ အော်ဟစ်တော့သည်။
“ချန်ချန် ကောင်စုတ်လေး။ မင်းရဲ့ညီအစ်ကိုတွေကို ဘာလုပ်ဖို့ ခေါ်သွားတာလဲ”
သူသည် ဒီအခိုက်အတန့်တွင် ဧည့်သည်များရှိနေသည်ကို ဂရုမစိုက်နိုင်တော့ချေ။ အလွန်မှ ဒေါသထွက်သွားပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်ဖို့ရန် တုတ်တစ်ချောင်းကို လှည့်ပတ်ရှာဖွေတော့သည်။
နဉ်ရှောက်ယွင်၏ အံ့ဩနေသည့် အမူအရာကို မြင်လိုက်သည်တွင် ရှဟိုင်သည် အလွန်မှ ရှက်ရွံ့သွားပြီး ပုန်းခိုဖို့ရန် တွင်းတစ်ခုပင် ရှာချင်စိတ်ဖြစ်သွားတော့သည်။
“ကျွန်တော် အားနာပါတယ်ဗျာ။ ကျွန်တော် အခုချက်ချင်း အဲဒီကောင်စုတ်လေးကို ရိုက်မှဖြစ်မယ်”
နဉ်ရှောက်ယွင်က သူ့ကို အလောတကြီး လှမ်းတားလိုက်၏။ သူမမှာ မနေနိုင်ဘဲ အော်ရယ်မိကာ ပြောလိုက်လေသည်။
“ကျွန်မက ရှင်တို့ရဲ့ ချန်ချန်ရဲ့လွှမ်းမိုးမှုကို တကယ်အံ့ဩမိလို့ပါ။ ကျွန်မကလေးက အရမ်းကို သီးသန့်နေတတ်တာလေ။ သူ ဒီလိုပြေးနိုင်တယ်ဆိုတာက သူ အရမ်းပျော်နေလို့ ဆိုတဲ့သဘောပဲ။ ကျွန်မက ရှင်တို့ရဲ့ချန်ချန်ကိုတောင် ကျေးဇူးတင်ရဦးမယ်”
ရှဟိုင်သည် လူများက သူ့ကို ကယ်တင်ဖို့ရန် ကြိုးစားနေမှန်း သိလိုက်လေသည်။ သူ့မျက်နှာမှာ ချက်ချင်းဆိုသလို ပိုပြီး နီရဲသွား၏။ သို့သော်ငြားလည်း သူသည် မျက်လုံးထဲတွင် ကြိတ်သတိပေးသည့် အရိပ်အယောင်တစ်ခုဖြင့် ချန်ချန်ကို ယာယီလွှတ်ထားပေးဖို့ရန်သာ တတ်နိုင်တော့သည်။
ချန်ချန်သည် ဇက်လေးကိုပုကာ ကပ်ဆိုက်မည့်အရေးမှ လွတ်သွားတော့သည်။ သူသည် မနက်ဖြန်၏ ပြဿနာကို ဂရုမစိုက်ချေ။ သူက သူ့အဖေကို ပြောင်ပြလိုက်ပြီး နဉ်ရှောက်ယွင်ကို ပြုံးပြလိုက်သေးသည်။
“ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်နတ်သမီး”
နဉ်ရှောက်ယွင်သည် သူ၏အားအင် ပြည့်၀လှသည့် ရုပ်အသွင်ကြောင့် သဘောကျသွားတော့သည်။
ရှဟယ်မှာ အရှက်ကွဲရသည်ဟု သိသိသာသာ ခံစားမိလိုက်သဖြင့် ချန်ချန်ကို လည်ကုတ်နောက်က ကော်လံမှ ဖမ်းဆွဲလိုက်ကာ သူ့ကိုမြှောက်ချီလိုက်ပြီး ခြံထဲတွင် အခြောက်လှမ်းထားသည့် ရေဇလုံကြီးထဲသို့ ပစ်ထည့်လိုက်ကာ ဒေါသတကြီး ကျိန်ဆဲတော့သည်။
“တစ်နေ့လုံးပဲ၊ မင်း ငါ့ကို စိတ်အေးချမ်းတဲ့ နေ့လေး တစ်နေ့လောက် ပေးနေလို့မရဘူးလား”
“မင်းဟာမင်း ဆိုးသွမ်းနေတယ်ဆိုလည်း ထားပါတော့။ ဒါပေမဲ့ ဘာဖြစ်လို့ မင်းရဲ့ညီလေးတွေကို မင်းနဲ့အတူတူ ခေါ်နေရတာလဲ”
ချန်ချန်က ထိုစကားကို အတည်မမှတ်ချေ။ ရှဟယ်က သူ့အ၀တ်အစားများကို ချွတ်ပေးလိုက်ပြီးနောက်တွင် သူက လက်များကိုမြှောက်ကာ ရှဟယ်၏မျက်နှာသို့ ရေပက်လိုက်လေသည်။ ရှဟယ်မှာ အလွန်ဒေါသထွက်သွားပြီး သူ၏ဖင်ပြောင်လေးကို အကြိမ်အနည်းငယ် တဖြန်းဖြန်း ရိုက်နှက်တော့သည်။
ချန်းချန်းသည် အရင်က ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ဘူးလေရာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ရှောင်ဖုန်းကတော့ မနေနိုင်ဘဲ ပြုံးရယ်လိုက်၏။ သို့သော်ငြားလည်း သူသည် ရှမြန်ကိုတွေ့လိုက်ချိန်တွင် အနည်းငယ် ရှက်ရွံ့သလို ခံစားရလေသည်။
“အန်တီလေး”
ရှမြန်က ပြုံးပြလိုက်ပြီး သူ့မျက်နှာသေးသေးလေးကို ထိကိုင်လိုက်၏။
“အန်တီလေးက သားတို့အတွက် ဇလုံးကြီး(၂)ခုလောက် သွားရှာပေးမယ်။ အန်တီလေးတို့လည်း ရေချိုးကြမယ်လေ”
ချန်းချန်းကလည်း နဉ်ရှောက်ယွင်ကို တစ်ချက်လောက် ခိုးကြည့်လိုက်လေသည်။
“မေမေ ညီလေးရှောင်ဖုန်းနဲ့ သားက ငါးသေးသေးလေးတွေကို အတူတူ သွားဖမ်းခဲ့ကြတာ”
နဉ်ရှောက်ယွင်ကပြုံးကာ ပြောလိုက်၏။
“သားတို့တွေ ဖမ်းမိခဲ့ကြလား”
“ဖမ်းမိခဲ့တယ်”
ချန်းချန်း၏မျက်နှာလေးသည် သူ့အမေဖြစ်သူက စိတ်မဆိုးသည်ကို မြင်လိုက်ရသဖြင့် လင်းလက်သွားလေသည်။
“ငါးက အရမ်းကို ချော်နေတာပဲ။ ခနခန အပြင်ကို ချော်ချော်ပြီး ထွက်သွားတာ။ ကိုကိုချန်ချန်က အတော်ဆုံးပဲ။ သားတို့တွေ ပုလင်း(၂)ခုအထိ ဖမ်းလာခဲ့တယ်။ သားတို့တွေ အဲဒါကို ဒီနေ့ည စားကြမှာ”
ရှချွမ်းက ရေနွေးများကို ယူလာပေးစဉ်တွင် ရှမြန်က အိမ်မှနေ၍ ဇလုံကြီး(၂)လုံးကို ယူလာခဲ့သည်။ ရေဖြည့်ပြီးနောက်တွင် သူမက ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကို ပြောလိုက်၏။
“ဒီကိုလာကြ တစ်ယောက်တစ်ခုစီ ယူပြီးတော့ ကိုယ့်ဟာကိုယ် ရေချိုးကြနော်”
ချန်းချန်းသည် ချန်ချန်က ထိုသို့လုပ်နေသည်ကို မြင်လိုက်ပြီးနောက် သဘောကျနှင့်နေပြီး ဖြစ်လေသည်။ အခုတော့ သူသည် ဒါကို မဆန့်ကျင်တော့ချေ။ သူက ရေဇလုံနားသို့ တက်တက်ကြွကြွ ပြေးလာပြီး သူ၏လက်လေးကို နဉ်ရှောက်ပိုင်ဆီသို့ ဆန့်ပေးလိုက်၏။
“ဦးလေး သားကိုရေချိုးပေး”
နဉ်ရှောက်ပိုင်သည် ဒီအချိန်မှသာ အသက်ရှိသေးသည့် ခံစားချက်ကို ရရှိလိုက်တော့သည်။ ဒီနေရာသို့ ရောက်လာပြီးနောက်တွင် သူသည် စကားမပြောသလောက်ပင်။ အချိန်အများစုတွင် ရှမိသားစုမှ လူများနှင့် စကားပြောသူမှာ နဉ်ရှောက်ယွင်သာဖြစ်လေသည်။
သူက စကားမပြောလျှင် တခြားသူများကလည်း သူ့ကို စကားမပြောရဲကြချေ။ ဒီကောင်ကလေးကတော့ သူ့ကိုယ်သူ ဒရိုင်ဘာတစ်ယောက်ဟု ထင်နေပုံရသည်။
ရှမိသားစုကလည်း နဉ်ရှောက်ယွင်ကို တာ၀န်ရှိသူဟု ထင်လိုက်ကြသည်။ ထို့ကြောင့် သူတို့က ရှမြန်ကို သူတို့လက်ထဲသို့ ထည့်ပေးရသည်ဟု စိတ်အေးကြလေသည်။
နဉ်ရှောက်ပိုင်က ရွံရှာသည့်ဟန်ဖြင့် ချန်းချန်း၏ အ၀တ်အစားထောင့်လေးကို ဖျစ်ညှစ်လိုက်ပြီး သူ့အ၀တ်အစားကို ဆွဲချွတ်ပေးလိုက်သည်။ ရှမြန်ကလည်း ရှောင်ဖုန်းကို သွားရောက် ကူညီပေးလိုက်၏။
ခဏအကြာတွင် ကိုယ်လုံးတီးဖြင့် ကလေးလေး(၃)ယောက်သည် ရေဇလုံတစ်ခုချင်းစီကိုယူကာ စတင်ရေချိုးကြတော့သည်။ မကြာခင်တွင် သူတို့သည် ချန်ချန်၏ဦးဆောင်မှုနောက်တွင် ရေကစားရင်း တိုက်ခိုက်ကြတော့သည်။
ဟုတ်ပါသည်။ အဓိကကတော့ ချန်ချန်နှင့် ချန်းချန်းတို့သာ ဖြစ်လေသည်။ ရှောင်ဖုန်းကတော့ ၀င်မပါခဲ့ချေ။ ချန်းချန်းက ချန်ချန်ကို မနိုင်တော့သည့်အခါမှသာ ရှောင်ဖုန်းက ရုတ်တရက် ချန်ချန်ကို တိုက်ခိုက်တတ်သည်။
ကလေး(၃)ယောက်မှာ အလွန်မှ ပျော်ရွှင်ကြလေသည်။ သို့သော်ငြားလည်း သူတို့ကို ရေချိုးပေးနေသည့် လူကြီးများကတော့ မလွဲမသွေ ထိခိုက်မှုရှိကြလေသည်။
ချန်ချန်သည် သူက ချန်းချန်းကို ရေပက်လို့ မရနိုင်တော့သည်ကို မြင်လိုက်ပြီး ရှောင်ဖုန်းက မလှုပ်မယှက် ဖြစ်နေသည်ကို မြင်လိုက်သည်တွင် သူက မျက်လုံးများကို စောင်းကြည့်လိုက်ကာ ရေတစ်ခွက်အပြည့် ခပ်လိုက်ပြီး ရှောင်ဖုန်းဆီသို့ လှမ်းပက်လိုက်တော့သည်။
ရှမြန်က အမှတ်တမဲ့မျက်လုံးများကို မှိတ်မိသွား၏။ သို့သော်ငြားလည်း အေးခဲသည့်ခံစားချက်ကို မခံစားလိုက်ရချေ။ သူမက မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်တွင် နဉ်ရှောက်ပိုင်က သူ့လက်များကို ဆန့်တန်းလိုက်ပြီး သူမကို ကာထားပေးသည်ကို တွေ့လိုက်ရ၏။
သူက ကိုယ်ကိုလှည့်လိုက်ပြီး ရှမြန်ကိုကြည့်ကာ ပြောလိုက်လေသည်။
“ငါ သူတို့တွေကို ရေချိုးပေးလိုက်ပါ့မယ်။ ကြည့်ရတာ မင်းရဲ့ အဒေါ်(၂)က မင်းကို တစ်ခုခု ပြောချင်နေတဲ့ပုံပဲ။ ရှမြန်၏ စူးရှလှသည့်အကြည့်က သူ၏ရင်ဘတ်ပေါ်သို့ အလိုလို ကျရောက်သွားတော့သည်။ သူ၏အဖြူရောင်အင်္ကျီလက်တိုလေးသည် လုံး၀ကို ရွှဲနစ်နေပြီး သူ့ခန္ဓာကိုယ်နှင့် ကပ်နေသည်။ ရှမြန်မှာ မနေနိုင်ဘဲ လေချွန်မိတော့သည်။ ဒီလူကြီးက ဒီလောက် ကောင်းမွန်သည့် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမက ထင်မထားခဲ့ချေ။
နဉ်ရှောက်ပိုင်က သူ့လက်ကို မြှောက်လိုက်ပြီး သူမကို ခေါင်းခေါက်လိုက်ကာ အထင်သေးစွာ ပြောလိုက်လေသည်။
“မင်းဟာလေ ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဘာလို့ကောင်းတာတွေကိုပဲ မသင်ယူတာလဲ”
ရှမြန်က အော်ရယ်လိုက်၏။
“ကျွန်မတို့အားလုံးက ညီအစ်မတွေပဲလေ။ ရှင်က ဘာကို ရှက်နေတာလဲ”
ထို့နောက်တွင် နဉ်ရှောက်ပိုင်က မလှုပ်ရှားရသေးခင်မှာပင် သူမက ထရပ်ကာ အလစ် ပြေးထွက်လာတော့သည်။
ရှောင်ဖုန်းက ကြီးကြီးမားမား တုံ့ပြန်မှုကို မပြချေ။ သူသည် သူသဘောကျသည့် ကောင်လေး(၂)ယောက် ရှိနေသည့်အတွက် အလွန်မှစိတ်အေးနေသည်ဟု မြင်လိုက်လေသည်။ ရှမြန်က ခြေ(၂)လှမ်း မလှမ်းရသေးခင်မှာပင် တဘက်တစ်ထည်ကို ယူလာပေးသည့် မောက်ဟွေ့မေနှင့် သွားတိုးတော့သည်။ သူမက ရှမြန်ကို ကြည့်လိုက်ပြီး တအံ့တဩဖြင့်ပြောလိုက်၏။
“နင်တော့ ရေစိုသွားပြီလို့ ငါ ထင်လိုက်တာ”သူမက ပြောရင်းဆိုရင်း ရှမြန်နောက်ကို လှမ်းကြည့်လိုက်ရာ သူမ၏မျက်နှာမှာ ရုတ်တရက် နီရဲသွားတော့သည်။
ရှမြန်သည် လုံး၀ကြည်လင်နေသည့် အရောင်အသွေးကို လှည့်ကြည့်လိုက်ပြီးမှ သတိ ပြန်၀င်လာတော့သည်။ သူမက အစ်မဟွေ့မေဆီမှ တဘက်ကို လှမ်းယူလိုက်ပြီး နဉ်ရှောက်ပိုင်၏ ပခုံးပေါ်ကို တင်ပေးလိုက်၏။
“ကျေးဇူးပဲနော်၊ ဒါပေမဲ့ ယောကျာ်းတွေကတော့ ကိုယ့်ဟာကိုယ် ကာကွယ်တတ်တယ်လေ”
နဉ်ရှောက်ပိုင်က ဒေါသဖြင့် သူ့ကို မျက်စောင်းထိုးလိုက်ပြီး ထပ်ပြီး အလစ်ပြေးသွားသည့် လူတစ်ယောက်ကို ကြည့်လိုက်လေသည်။
သူသည် သူမ ရေစိုသွားပြီး ကိုယ့်ဟာကိုယ် မြင်သာသွားမှာကို စိုးရိမ်သော်ငြားလည်း နဉ်ရှောက်ပိုင်က အလကား လျှောက်ပြောနေခြင်းတော့ မဟုတ်ပေ။ ရှ၀မ်ယွဲ့က အမှန်ပင် သူမကို လာရှာဖို့ စိတ်ကူးထားလေသည်။
ရှ၀မ်ယွဲ့က ရှမြန်ကို ရှမိသားစု၏ ပိုပြီးတိတ်ဆိတ်သည့် ခြံ၀င်းဆီသို့ ခေါ်လာခဲ့ပြီးနောက် သူမ၏အတွေးကို ဖော်ပြလိုက်သည်။
“မြန်မြန် ဟွေ့မေကို နင်တို့နဲ့အတူတူ ခေါ်သွားလို့ရလား”
“အဒေါ်(၂)က ဒီအကြောင်း စဉ်းစားမိလိုက်တော့ နင်တို့ကို စောင့်ရှောက်ပေးမဲ့လူက သေချာပေါက် လိုနေတာပဲ။ နင်လည်း နင့်ရဲ့အစ်မဟွေ့မေကို တွေ့ပြီးပြီပဲ။ သူက တည်ငြိမ်ပြီး လုပ်တတ်ကိုင်တတ်ပါတယ်။ သူက နင်တို့အတွက် ချက်ပြုတ်ပေးနိုင်ပြီးတော့ ရှောင်ဖုန်းကိုလည်း ကျောင်းအကြို၊အပို့ လုပ်နိုင်တယ်”
ရှမြန်က ချက်ချင်း သဘောမတူသေးဘဲ မေးလိုက်၏။
”မောက်မိသားစုမှာ ဘာဖြစ်နေတာလဲ။ အဒေါ်(၂) အဒေါ်ကရော ဘယ်လိုစီစဉ်ထားလဲ”
ရှ၀မ်ယွဲ့က သူမသည် ဟွေ့မေ၏ကိစ္စကို မေးမြန်းနေသည်ဟု ထင်လိုက်သဖြင့် ခါးသက်သက်ပြုံးပြကာ ပြောလိုက်၏။
“ဟောက်မိသားစုက စီရင်စုထဲမှာ တကယ်ချမ်းသာပြီး အင်အားရှိပါတယ်။ တကယ်လို့ သူတို့တွေက အဘွားကြီးနဲ့ ပူးပေါင်းပြီး အင်အားသုံးမယ်ဆိုရင် အဒေါ်(၂) စဉ်းစားမိတာကတော့ အဒေါ့်အသက်ကို စွန့်လွှတ်တာက လွဲပြီး တခြားရွေးစရာမရှိတော့ဘူး”
ရှ၀မ်ယွဲ့က သက်ပြင်းချလိုက်၏။
“ဒါပေမဲ့ ငါက အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုရင်တောင် သူ့ကို ကာကွယ်နိုင်သေးမှာ မဟုတ်ဘူးလို့ ထင်တယ်။ အငယ်(၂)ယောက်လည်း ရှိသေးတာကို...“
ဒီအချိန်တွင်တော့ ရှ၀မ်ယွဲ့က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ပြုံးပြလေသည်။
“ကဲပါ နင်က အခုမှ ကလေးပဲ ရှိပါသေးတယ်။ အဒေါ်(၂)က ဘာဖြစ်လို့ နင့်ကို ဒီအကြောင်းတွေအားလုံး ပြောပြနေမိပါလိမ့်။ ဟွေ့မေက နင်တို့နဲ့အတူ လိုက်သွားမယ်ဆိုရင် သူတို့တွေလည်း တခြားရွေးစရာ မရှိတော့ဘဲ ပြသာနာရှာတော့မှာ မဟုတ်ဘူးလေ”
“နင့်အဘွားက နင်တို့နဲ့အတူတူ လိုက်သွားချင်တယ်လို့ ပြောတုန်းကလည်း အဒေါ်(၂)က နင့်ရဲ့အစ်မဟွေ့မေကို စဉ်းစားမိသွားတယ်။ ဒါပေမဲ့ သူက ဒီလို ထပ်ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူးလေ”
“ဒါက အဒေါ်(၂)ရဲ့ အတ္တကြီးတဲ့ စိတ်ဆန္ဒဖြစ်မှာပါ” ရှ၀မ်ယွဲ့က ပြောလိုက်သည်။ “နင်က အလားအလာရှိတဲ့သူ တစ်ယောက်ဆိုတာကို အဒေါ်(၂) သိပါတယ်။ တကယ်လို့ ဟွေ့မေက နင့်နောက်ကို တစိုက်မတ်မတ် လိုက်သွားမယ်ဆိုရင် သူလည်း နောက်ပိုင်းကျရင် ကံကောင်းလာလိမ့်မယ်”
“အဒေါ်၂ရဲ့ဘဝက ပျက်စီးသွားပါပြီ။ အခုအဒေါ့်ရဲ့ တစ်ခုတည်းသောဆန္ဒက အဒေါ်ရဲ့ကလေးတွေ ဘာချုပ်တီးမှုမှ မရှိဘဲ ကြီးပြင်းလာနိုင်ဖို့ပဲ။ ဟွေ့မေ၊ ဟွေ့လန်နဲ့ ဟွေ့ကျူးတို့ အောင်အောင်မြင်မြင်ရှိသရွေ့ အဒေါ်(၂)ကို အရှုံးသမားတစ်ယောက်လို သတ်မှတ်လို့ရမှာ မဟုတ်ဘူးလေ”
ရှ၀မ်ယွဲ့သည် ပြုံးနေသော်ငြားလည်း သူမ၏မျက်လုံးထဲတွင် မျက်ရည်များ ရှိလေသည်။
ရှမြန်သည် ဒီအမျိုးသမီးကို အမှန်ပင် လေးစားမိလေသည်။ ဒီလောက်ကြီးမားသည့် အခက်အခဲကို ရင်ဆိုင်ဖြတ်သန်းပြီးနောက်တွင် သူမသည် အကောင်းမြင်တတ်ပြီး သန်မာသည့်အပြင် တခြားလူများကိုလည်း စိတ်လုံခြုံသည်ခံစားမှုတစ်ခုကို အမြဲတမ်းပေးနိုင်လေသည်။
ဒီလိုလူမျိုးက ပိုပြီးကောင်းမွန်သည့်အရာနှင့် ထိုက်တန်လေသည်။
“အဒေါ်(၂) အဒေါ်ရော ကျွန်မတို့နဲ့အတူတူ လိုက်ခဲ့မယ်လို့ စဉ်းစားခဲ့ဖူးလား” ရှမြန်က ပြောလိုက်၏။
ရှ၀မ်ယွဲ့သည် အခိုက်အတန့် မှင်တက် အံ့သြသွားတော့သည်။
“ဟမ်”
ရှမြန်က သူမ၏အတွေးများကို ပြောပြလိုက်သည်။
“ရှောင်ဖုန်းနဲ့ ကျွန်မက ယန်မြို့ကို ကျောင်းသွားတက်ရမှာလေ။ ကျွန်မတို့တွေ တကယ်ပဲ အကူအညီ လိုပါတယ်။ အစ်မဟွေ့မေက တစ်ယောက်တည်း သွားမယ်ဆိုရင် အရမ်းနည်း လွန်းသေးတယ်။ ဒီတော့ အဒေါ်(၂) ကလေးတွေက ကျွန်မနဲ့အတူတူ ယန်မြို့ကို လိုက်ခဲ့မယ်ဆိုရင်ရော”
“အဒေါ်(၂) အဒေါ်ကအခုမှ ၃၇နှစ် ပဲရှိပါသေးတယ်။ ဒီဘဝအကြောင်း ပြောဖို့က အရမ်းစောသေးတယ်။ အခုခေတ်မှာ ယောက်ျားသား အများစုက အသက်၄၀၊ ၅၀လောက်မှ ချမ်းသာလာကြတာလေ။ အဒေါ်က သူတို့တွေထက် အများကြီးကို လုပ်နိုင်ကိုင်နိုင်ပါတယ်”
ရှ၀မ်ယွဲ့က ရယ်မောလိုက်သည်။ “ရယ်စရာတွေ မပြောပါနဲ့တော့။ အဒေါ်(၂)လို တောသူတစ်ယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ”
ရှမြန်က စိတ်လိုက်မာန်ပါ လုပ်နေခြင်း မဟုတ်ချေ။ သူမက သူမ စဉ်းစားထားသည့်အစီအစဉ်ကို အဒေါ်(၂)ကို ပြောပြလိုက်လေသည်။
“အစ်မဟွေ့မေက အသက်(၂၀)။ သူက ယန်မြို့မှာ သေချာပေါက် အလုပ်တစ်ခု ရှာနိုင်တယ်လေ။ အခုဆိုရင် ကိုယ်ပိုင်အလုပ် လုပ်နေကြတဲ့သူတွေက အရမ်းကို မြန်တယ်။ မြို့ကြီးတစ်ခုမှာ အလုပ်တစ်ခု ရှာဖို့ဆိုတာ မခက်ခဲပါဘူး”
“အစ်မဟွေ့မေက ညကျောင်းတက်ရင်းနဲ့ အချိန်ပိုင်းအလုပ် လုပ်လို့ရတာပဲ။ ပြောလို့မရဘူးလေ။ နောက်ဆိုရင် သူက အလုပ်ကောင်းတစ်ခုတောင် ရဦးမှာ”
“ဟွေ့လန်နဲ့ ဟွေ့ကျူးတို့ကတော့ ရှောင်ဖုန်းနဲ့ ကျွန်မကလည်း ကျောင်းတက်ကြမှာဆိုတော့ ကျွန်မတို့(၄)ယောက် အတူတူကျောင်းသွားကြလည်း ကိစ္စမရှိပါဘူး”
“ကျွန်မက မြို့ကြီးတစ်ခုကို သွားဖို့အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်ချင်ရတဲ့ အကြောင်းအရင်းကလည်း သင်ကြားရေးဝန်ထမ်းတွေက အရမ်းကိုကောင်းမွန်ကြတယ်လေ”
“အစ်မနဥ်ပြောပြတဲ့ ကျောင်းဝင်ခွင့် ရာခိုင်နှုန်းအကြောင်းကိုလည်း အဒေါ် ကြားခဲ့သားပဲ။ ချန်းချန်းကိုပဲ ပြောကြရအောင်။ သူဆိုရင် အခုမှ မူကြိုလေးပဲ ရှိသေးတယ်။ ချန်ချန်ကတော့ ပတ်ပြီးကစားနေတုန်း။ ဒါပေမဲ့ ချန်းချန်းကတော့ စာလုံးရေတွေ အများကြီး တတ်နေပြီလေ။ အသုံးအနှုန်းတွေကိုလည်း အများကြီးသိပြီး အင်္ဂလိပ်စကားလည်း ပြောနိုင်နေပြီ။ ဒါတွေကို ဒီနေရာက ကျောင်းမှာ သင်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
“ကျောင်းလခနဲ့ပတ်သက်ပြီး အရမ်းကြီး မစိုးရိမ်ပါနဲ့။ ကျွန်မတို့တွေ ကျောင်းတက်ဖို့အတွက် လုံလောက်မယ့် ငွေပမာဏတချို့ ရှိပါသေးတယ်။ ဒါကို အဒေါ့်ဆီမှာ အကြွေးပေးတယ်လို့ သဘောထားလိုက်ပေါ့”
“ယန်မြို့မှာဆိုရင် အခွင့်အရေးတွေက အများကြီးပဲလေ။ အဒေါ်လည်း စီးပွားရေးငယ်လေးတစ်ခု စပြီးတော့ လုပ်လို့ရတယ်။ အဝတ်အစားပဲ ရောင်းမလား။ စားသောက်ဆိုင်တစ်ခုပဲ ဖွင့်မလား။ မြို့ကြီးတွေမှာဆိုရင် ကိုယ်ပိုင်အလုပ် လုပ်တဲ့သူတွေက အလုပ်သမားတွေထက်တောင် အများကြီး ပိုရှာနိုင်သေးတယ်။ တချို့ဆိုရင် တစ်လကို ယွမ်ထောင်ချီ ရှာနိုင်တယ်လေ။ အဒေါ်လည်း အချိန်တန်လာရင် ကျွန်မကို သေချာပေါက် ပြန်ဆပ်နိုင်မှာပါ”
ရှမြန်က သူမကို ကူညီပေးနေသည့်အကြောင်းကို ရှ၀မ်ယွဲ့သည် မကြားဘဲ အဘယ်မှာ ရှိပါမည်နည်း။ သူမလို ကလေး(၃)ယောက်နှင့် ဘာမှမသိနားမလည်သည့် မိန်းမတစ်ယောက်က ရှမြန် ပြောသလို အဘယ်မှာ လွယ်ကူနိုင်ပါမည်နည်း။
သို့သော်ငြားလည်း သူမအတွက် ရှမြန် ဖော်ပြခဲ့သည့်အနာဂတ်က လုံး၀စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
အထူးသဖြင့် ကလေးများအတွက်ပင်။ သူမသည် အလယ်တန်းကျောင်း အောင်ထားပြီးသား ဖြစ်သဖြင့် အသိပညာ၏အရေးပါပုံကို ကောင်းကောင်းသိလေသည်။ သူမ တမ်းတရသည့် အနာဂတ်ကိုလည်း သူမ၏ဆွေမျိုးများ၏ အတင်းအကြပ် ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ သူမတွင် ဘာအခွင့်အရေးမှ မရှိတော့ချေ။ ထို့ကြောင့် သူမကကလေးများကို လွတ်လပ်ခွင့်ပေးရန် အံကြိတ်ထားရလေသည်။
ထို့အပြင် ယောက်ျားလေးများကို မိန်းကလေးများထက် ပိုပြီးဦးစားပေးတတ်သည့် မောက်မိသားစု၏ အတွေးအခေါ်နှင့် အဘွားကြီး၏ရက်စက်မှုတို့တွင် ကလေးများက သူတို့ကိုယ်တိုင် နာမည်တစ်လုံး ပြုလုပ်နိုင်မှ သူတို့၏ကိုယ်ပိုင်ကံကြမ္မာကို ယုံကြည်ချက်ရှိရှိ ထိန်းချုပ်နိုင်လိမ့်မည်။
အမြဲတမ်းလိုလို ဆုံးဖြတ်ချက်ပြတ်သားသည့် ရှ၀မ်ယွဲ့မှာ ဇဝေဇဝါ ဖြစ်နေလေသည်။
ဟွေ့မေက သူမ သွားခဲ့လျှင် အမှန်တကယ် အကူအညီ ဖြစ်နိုင်သည့်အတွက် ဟွေ့မေကို သူတို့နှင့် အတူလိုက်သွားဖို့ သူမက ယုံကြည်ချက်ရှိရှိ မေးရဲသည်။ သို့ရာတွင် သူတို့သားအမိ(၄)ယောက်စလုံး အတူတူသွားဖို့ဆိုလျှင်တော့ ဒါက ရှမြန်အတွက် သေချာပေါက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လိမ့်မည်...
“ဒီကိစ္စကို သေသေချာချာ စဉ်းစားလိုက်ပါဦးမယ်”
သူမသည် လောက(၂)ခုစလုံးအတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ရှိလိုရှိငြား သေချာချာစဉ်းစားဖို့ လိုအပ်ပေသည်။
...