အပိုင်း(၅၃)
Vol. 4 Ch. 53
“ဒီကိစ္စကို စဉ်းစားမနေနဲ့ ဒီအတိုင်းပဲ သွားလိုက်”ယောက်ျားလိုလို မိန်းမလိုလို အသံတစ်ခုက ဖြတ်ပြောလိုက်သည်။
ရှမြန်က လှည့်အကြည့်တွင် တံခါးနားမှ ဝင်လာသည့် အလွန်မှပိန်ပိန်ပါးပါး ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူမှာ ရှဝမ်ယွဲ့၏ယောကျာ်း၊ မောက်မိသားစု၏ ဒုတိယသား မောက်ကျစ်ရှန်း ဖြစ်လေသည်။
ဒီခေတ်ကာလတွင် ယောက်ျားသားများကို တောင့်တင်းပြီး ကြွက်သားများရှိမှ ချောမောသည်ဟု မှတ်ယူလျှင် မောက်ကျစ်ရှန်းသည် မိန်းမဆန်ဆန်ရုပ် ရှိသည့်အတွက် မိန်းမလျာတစ်ယောက်ဟု ခေါ်ခံရပေလိမ့်မည်။ သူ၏ ရာသီဥတုဒဏ်ကို ခံစားထားရသည့်မျက်နှာနှင့် ပိန်ပါးသည့်ပါးရိုးများက သူ၏ အစောပိုင်းချောမောမှုကို ခက်ခက်ခဲခဲ ဖုံးကွယ်ထားရသည်။ သူ၏ ဟိုမရောက်ဒီမရောက်အသံကို ပေါင်းလိုက်လျှင် သူ့ကို အမျိုးသမီးတစ်ယောက်နှင့် အလွယ်တကူ မှားယွင်းနိုင်သည်။
နောက်ပိုင်းမျိုးဆက်များတွင် နုနယ်သည့်အလှနှင့် ချောမောသည့်ယောက်ျားဟု ခေါ်ကြသည့်အရာက ဒီခေတ်အခါတွင် အထင်သေးပြီး လှောင်ပြောင်ခံရလေသည်။
သို့သော်ငြားလည်း ရှမြန်မှာ မောက်ကျစ်ရှန်း၏စကားကြောင့် အနည်းငယ်အံ့သြသွားသည်။ သူမက သူ ငြင်းပယ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။
ရှမြန်က သူမ၏ဒုတိယဦးလေးအပေါ် နားလည်မှုသည် လူကြီးများအကြား ဆွေးနွေးသည့်စကားများမှ လာလေသည်။ သူ့အပေါ်တွင် သူမ ထားရှိသည့် တစ်ခုတည်းသော အကောင်းမြင်စိတ်မှာ သူမ၏အဒေါ်(၂)က အပြင်းအထန်သွေးလွန်ပြီး သေလုမျောပါးဖြစ်ခဲ့ပြီးနောက် သူမ၏အဒေါ်(၂)အတွက် ရပ်တည်ပေးခဲ့သည့် အချိန်သာဖြစ်လေသည်။
ဪ ဟုတ်သားပဲ။ နောက်တစ်ခုရှိသေးတယ်။ ရှ၀မ်ယွဲ့က သူ့မိဘအိမ်ကို ပြန်လာတုန်းက ထင်တယ်။ ရှဦးလေး(၂)ရဲ့ တခြားသူအပေါ် အမြတ်ထုတ်တတ်တဲ့အကျင့်က ပြောင်းလဲမသွားဘူးလေ။ ဒါက ရှအဒေါ်(၂)ကို ဒေါသထွက်စေတာပေါ့။ ဒီတော့ သူတို့(၂)ယောက်စလုံး အကြီးအကျယ် စကားစများတော့တယ်လေ။
ရှအဒေါ်(၂)က ရှ၀မ်ယွဲ့ကို တိုက်ရိုက်တိုက်ခိုက်တော့တာပဲ။ ဦးလေး(၂) ရောက်လာတဲ့အခါ သူက ပစ္စည်းသယ်တဲ့ ထမ်းပိုးကြီးကို ကောက်မပြီး ရှဦးလေး(၂)ကို ခေါင်းမှာသွေးထွက်တဲ့အထိရိုက်ပြီး ဆေးရုံကို ပို့ပေးရတော့တာပေါ့။
ဒါကြောင့်လည်း ရှဦးလေး(၂)က ရှ၀မ်ယွဲ့ကို တွေ့လိုက်တဲ့အခါ ငုံးကောင်လေးတစ်ကောင် ဖြစ်သွားတော့တာပဲ။ သူက သူမကို လုံးဝရန်မစရဲတော့ဘူးလေ။
ရှမြန်သည် ဒီကိစ္စကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ချေ။ သူမ၏ နောက်ကျမှ ပေါ်ပေါက်လာသည့် မေတ္တာဂရုဏာစိတ်က မြက်ပင်များထက်ပင် ပိုပြီးစျေးပေါကာ နှစ်(၂)၀နီးပါး ရှ၀မ်ယွဲ့ကို အကျဉ်းချထားသည်ထက် ပိုပြီးအပေါစားဆန်လေသည်။ ရှ၀မ်ယွဲ့သာ သန်မာပြီး အကောင်းမြင်စိတ် လုံလောက်အောင်မရှိခဲ့လျှင် သူမသည် အစောကြီးကတည်းက သေဆုံးသွားပေလိမ့်မည်။ ဒီလို ဒီကိစ္စကို ဖြေရှင်းပေးလျှင်လည်း ဘာအဓိပ္ပာယ်ရှိပါလိမ့်မည်နည်း။
သို့သော်ငြားလည်း သူမမျက်စိရှေ့တွင် ဖြစ်ပျက်သွားသည့် အရာအားလုံးက သူမသည် မှားယွင်းနေနိုင်ပြီး အခြေအနေအားလုံးကလည်း သူမ တွေးထားသလို မဟုတ်သယောင်ဖြစ်နေသည်ဟု ရှမြန်ကို ပြောနေသည်။
မောက်ကျစ်ရှန်းက ရှ၀မ်ယွဲ့ရှေ့သို့ လျှောက်လာပြီး ဘဏ်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ကာ သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။
“မင်း ဒါကိုကလေးတွေနဲ့ ယူသွားလို့ရတယ်။ ဒီငွေက မင်းတို့ကို ခဏလောက်တော့ အဆင်ပြေစေမှာပါ”
“ငါအိမ်ပြန်ပြီးတော့ ရက်အနည်းငယ်လောက် နေလိုက်ဦးမယ်။ ငါတို့ရဲ့ပစ္စည်းတွေကို သိမ်းဆည်းထားလိုက်မယ်” မောက်ကျစ်ရှန်းက ပြောသည်။
“ပြီးရင် ငါ မင်းတို့ကို လာရှာပါ့မယ်။ အချိန်တန်တဲ့အခါ ငါလည်း ငွေထွက်ရှာမှာပါ။ ငါတို့တွေ ကလေးတွေကို သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး”
ရှ၀မ်ယွဲ့က ဘဏ်စာအုပ်ကို မကြည့်ချေ။ သို့သော်ငြားလည်း ပထမဦးဆုံးအကြိမ်အဖြစ် မောက်ကျစ်ရှန်းကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ရှင် လျန်ကျား၀မ်မှာ ရောက်နေတာ မဟုတ်လား။ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ။ ဒီကိုလာဖို့ဆိုရင် ကားရှိမှာ မဟုတ်ဘူးလေ”
မောက်ကျစ်ရှန်းက ပြုံးပြလိုက်၏။ သူ့မျက်နှာသည် လောကဓံ၏ဒုက္ခကို အပြည့်အဝ ဖော်ပြနေသော်ငြားလည်း သူ့မျက်လုံးများထဲတွင်တော့ အလင်းရောင်များ ဖြာထွက်နေသည်။
“ငါ အလုပ်သမားခေါင်းဆောင်ဆီမှာ နေ့တစ်ဝက် ခွင့်တောင်းပြီးတော့ ရွာသားမိတ်ဆွေတစ်ယောက်နဲ့ ကားကြုံစီးလာခဲ့တာ။ ဒီကိုရောက်ဖို့တော့ လမ်းနည်းနည်း လျှောက်လိုက်ရပါသေးတယ်။ မင်း သိပါတယ်၊ ငါက လမ်းလျှောက်တာ မြန်တယ်လေ”
ရှ၀မ်ယွဲ့သည် အနည်းငယ် စိတ်မကောင်းဖြစ်သွားတော့သည်။
“ကျွန်မ ရှင့်ကို ဒီအတိုင်းပဲ ပြောတာပါ။ ရှင် ဒီကို လာတယ်ဆိုရင်တောင် ဒီမှာ ရှင်လုပ်နိုင်တာ ဘာမှမရှိဘူးလေ”
မောက်ကျစ်ရှန်းက ပြုံးကာပြောလိုက်၏။
“ငါ ကလေးတွေကို မမြင်ရရင် စိုးရိမ်နေမှာမို့လို့ပါ။ ငါ အစကတည်းက ဟွေ့မေကို အဝေးကိုပို့ဖို့ စဉ်းစားထားပြီးသား။ ဒါပေမဲ့ ငါ့မှာအခွင့်အရေး ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ”
“မင်းသာ သွားနိုင်မယ်ဆိုရင် မင်းတို့အားလုံး သွားသင့်တယ်။ ငွေကတော့ လုံလောက်မှာပါ”
ရှ၀မ်ယွဲ့က ပြောလိုက်၏။ “ရှင်ဝှက်ထားတဲ့ ဒီငွေနည်းနည်းလေးနဲ့ ရှင်ကဘယ်လို...“
ရှ၀မ်ယွဲ့သည် ဘဏ်စာအုပ်ထဲက ဂဏန်းအရေအတွက်ကို မြင်ပြီးသည့်နောက်တွင် မနေနိုင်ဘဲ တုံ့ဆိုင်းသွားလိုက်ကာ တအံ့တဩ ပြောလိုက်လေသည်။
“ဒီလောက် ငွေအများကြီးကို ရှင် ဘယ်ကရခဲ့တာလဲ”
“ငါ စုထားတာပါ”
မောက်ကျစ်ရှန်းက သူ့ခေါင်းကို ထိကိုင်လိုက်ပြီး ရှက်ရှက်ဖြင့် ပြုံးလိုက်လေသည်။
“မင်း ငါတို့ဟွေ့မေကို မွေးကတည်းကစပြီးတော့ ငွေစုထားတာ”
“အစတုန်းကတော့ ငါတို့တွေ ငွေလုံလုံလောက်လောက် စုပြီးသွားရင် ငါတို့မိသားစုတွေ ဒီကနေ ထွက်သွားမယ်လို့ စဉ်းစားထားတာ။ ဒါပေမဲ့ မင်းနဲ့ကလေးတွေ မတရားဆက်ဆံခံရမှာကို ငါ အမြဲတမ်း စိုးရိမ်ခဲ့တယ်လေ။ ငွေက မလောက်ဘူးလို့ အမြဲတမ်းခံစားနေမိခဲ့တာ”
ရှမြန်သည် ရှဝမ်ယွဲ့က အသက်၁၇နှစ်အရွယ်တွင် မောက်ဟွေ့မေကို မွေးဖွားချိန်က ခက်ခဲသည့် မီးဖွားမှုတစ်ခု ဖြစ်ခဲ့ကြောင်း သတိရလိုက်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် အရင်က မောက်မိသားစုထဲတွင် အနှိမ်ခံလာခဲ့ရသည့် မောက်ကျစ်ရှန်းသည် ရှ၀မ်ယွဲ့က ခက်ခက်ခဲခဲ မီးဖွားခဲ့ရပြီးနောက် မောက်မိသားစုမှ ထွက်သွားဖို့ရန် စတင်ပြင်ဆင်လာခဲ့ခြင်းပင်။
အရည်အချင်း၊ ပညာ၊ လူမှု့အသိုင်းအဝိုင်း၏ အထင်သေးခံရခြင်းကြောင့် ဒီကိစ္စကို ပြင်ဆင်ဖို့ရန် နှစ်နှစ်ဆယ်နီးပါး အချိန်ယူခဲ့ရသည်။
သို့သော်ငြားလည်း ငွေတစ်ကျပ်သာရှိသည့်တိုင် စိတ်ရင်းစေတနာဖြင့် ငွေတစ်ရာပေးဖို့ ကြိုးစားနေသည့် တစ်စုံတစ်ယောက်ကို မည်သူကမှ အထင်သေးပိုင်ခွင့်မရှိချေ။
ရှ၀မ်ယွဲ့၏ မျက်လုံးများက နီရဲသွားတော့သည်။ သူမ၏ကလေးများရှေ့တွင် အရာရာ စွမ်းဆောင်နိုင်သည့် မိခင်တစ်ယောက်သည် အခုတော့ သူမ၏ခင်ပွန်းရှေ့တွင် သူမ၏ အားနည်းသည့်အခြမ်းကို ထုတ်ပြလေသည်။
“ကျစ်ရှန်း...“
မောက်ကျစ်ရှန်းကလည်း စိတ်မကောင်းဖြစ်သွားသည်။ သူက လက်ကို မြှောက်လိုက်ပြီး ရှ၀မ်ယွဲ့ပခုံးကို ပွတ်ပေးလိုက်၏။
“မင်းနဲ့ ကလေးတွေကို ငါနဲ့ အတူတူ ဒုက္ခခံရအောင်လုပ်ခဲ့မိတာက ငါ အရည်အချင်း မရှိလို့ပါ။ ဟွေ့ကျူးကလည်း နောက်နှစ်နှစ်လောက်ဆိုရင် ပိုပြီးကြီးလာတော့မှာလေ။ ဒီတော့ ငါ ကိစ္စတွေကို ကိုင်တွယ်နိုင်မှာပါ။ ဒါပေမဲ့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးတစ်ခုကို တွေ့ကြုံရလိမ့်မယ်လို့ မထင်ခဲ့မိဘူးလေ”
မောက်ကျစ်ရှန်းသည် နောက်ဆုံးတော့ ရှမြန်ကိုကြည့်လိုက်၏။ သူသည် ရှ၀မ်ယွဲ့ကို အရှက်ခွဲမိမှာ အနည်းငယ် စိုးရိမ်နေဟန်တူသည်။ သူသည် အနည်းငယ်ရှက်ရွံ့နေပြီး စကားကို ပိုပြီးလိုရင်းတိုရှင်းသာ ပြောဖို့ကြိုးစားလိုက်သည်။
“မြန့်မြန် ဟုတ်တယ်မလား။ ငါ မင်းရဲ့အဒေါ်(၂)နဲ့ကလေးတွေကို မင်းဆီမှာ အပ်ထားလိုက်မယ်။ ငါ ဒီနေရာက ကိစ္စတွေကို ဖြေရှင်းပြီးသွားတာနဲ့ ငါ့ကို လိပ်စာပြောလိုက်ပါ။ ငါ သူတို့ကို လာရှာပါ့မယ်။ ငါ ငွေလည်း ရှာနိုင်ပါတယ်။ ဒီတော့ မစိုးရိမ်ပါနဲ့”
ဒါသည် လူ့အသိုင်းအဝိုင်း၏ ဖိနှိပ်ခံထားရသော်ငြားလည်း လေးလေးနက်နက်ဖြင့် အသက်ရှင်နေထိုင်လာသည့် လူတစ်ယောက် ဖြစ်ပေသည်။
ရှမြန်က ပြုံးပြလိုက်၏။ “ဒါဆိုရင် ဝမ်းသာစရာပဲ။ ဦးလေး(၂) နောက်ဆုံးတော့လည်း ဦးလေးက ယောက်ျားတစ်ယောက်ပဲ။ ဦးလေးက ကျွန်မတို့ကို ထောက်ပံ့ပေးနိုင်မှာပါ။ ကျွန်မက ကျွန်မတို့ အမျိုးသမီးနဲ့ ကလေးတစ်အုပ်ပဲ ရှိတယ်ဆိုပြီး အမြဲတမ်းစိုးရိမ်နေခဲ့တာ”
မောက်ကျစ်ရှန်းက မှင်တက်အံ့သြသွားလေသည်။ သူ့မျက်လုံးများက တဖျတ်ဖျတ် လက်သွား၏။ ထို့နောက်တွင်တော့ သူက ခေါင်းတွင်တွင်ညိတ်လိုက်ကာ ငိုချင်စိတ်ကို အကောင်းဆုံး ကြိုးစား ဖိနှိပ်ထားလိုက်ပြီး ပြောလိုက်၏။
“ကောင်းပါပြီ။ မင်းရဲ့ဦးလေးက အချိန်တန်ရင် မင်းတို့ကို ထောက်ပံ့ပေးပါ့မယ်”
မောက်ကျစ်ရှန်းသည် အကြာကြီး မနေခဲ့ချေ။ မပြန်ခင် သူသည် သူ့အိတ်ကပ်များကိုရှာဖွေလိုက်ပြီး ပြောလိုက်သည်သည်။
“တစ်ခုခု လိုအပ်လာရင် သုံးဖို့အတွက် င့ါလစာကို အလုပ်သမားခေါင်းဆောင်ဆီကနေ ကြိုပြီး ထုတ်ထားရင် ကောင်းမယ်လို့ စဉ်းစားထားခဲ့တယ်။ မင်းလည်း ဒါတွေအားလုံးကို ယူသွားလို့ရတာပေါ့”
ရှ၀မ်ယွဲ့က ယွမ် ၅၀ကို ပြန်တွန်းထိုးပေးကာပြောလိုက်၏။
“ဒါကို ယူထားလိုက်ပါ။ ကျွန်မအိမ်ကနေ ငွေအားလုံးကို ယူလာခဲ့ပါတယ်။ ကျွန်မ ဘာငွေမှ ချန်မထားခဲ့ဘူး။ နောက်ပိုင်းကျရင် ရှင်လက်မှတ် ဝယ်ဖို့အတွက် သုံးဖို့လိုသေးတယ်မလား”
“အိမ်မှာ ဆင်းဆင်းရဲရဲ နေပေမဲ့ လမ်းပေါ်မှာတော့ ချမ်းချမ်းသာသာ နေရမယ်တဲ့” မောက်ကျစ်ရှန်းက ငွေများကို ရှ၀မ်ယွဲ့၏လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်လေသည်။
“ငါ အိမ်မှာ အဆင်ပြေပါတယ်။ မင်းကသာ ကလေးတွေကို သေချာဂရုစိုက်လိုက်ပါ။ အိမ်ကပစ္စည်းတွေကိုလဲ ပြန်ရှင်းမနေနဲ့တော့၊ တကယ်လို့ သူတို့ သိသွားရင် ဒုက္ခများနေလိမ့်ဦးမယ်။ မင်း ဒီငွေတွေကို သုံးပြီး ပစ္စည်းအသစ်တွေကို ဝယ်လိုက်ပါ”
“ကျန်တဲ့ကိစ္စကိုတော့ မင်း အခြေချပြီးတဲ့အထိ စောင့်လိုက်တာပေါ့။ ငါ့ကို မင်းတို့ရဲ့လိပ်စာကို ပြောပြလိုက်လေ။ ငါ ပစ္စည်းတွေကို သိမ်းဆည်းပြီးရင် မင်းတို့ဆီ ပို့ပေးလိုက်ပါ့မယ်”
မောက်ကျစ်ရှန်း ပြန်သွားပြီးနောက်တွင် ရှ၀မ်ယွဲ့သည် ဘဏ်စာအုပ်ကိုကြည့်ပြီး ရုတ်တရက် မျက်ရည်များ စီးကျလာတော့သည်။ သူမသည် ငိုရှိုက်ကာ ပြောလိုက်၏။ “သူက အရမ်းကို အလုပ်များနေပြီး သူ့ကလေးတွေရဲ့ ပညာရေးကို ထောက်ပံ့ပေးဖို့ ကြိုးစားနေတာ။ အဲဒီအဘွားကြီးက သူ့ကို ခဏခဏ ဒုက္ခပေးခဲ့တယ်လေ။ သူက ဒီလောက်ငွေအများကြီးကို ဘယ်လိုများ စုခဲ့ပါလိမ့်”
အမှန်တွင်တော့ ရှမြန်သည်လည်း ငွေစာအုပ်ထဲက ဂဏန်းအရေအတွက်ကို မြင်လိုက်ချိန်တွင် အလန့်တကြား ဖြစ်သွားသေးသည်။ ယွမ်၁၀၀၀တဲ့။ လူ(၂)ယောက် ဝင်ငွေရှိသည့် မိသားစုတစ်စု၏ သာမန်စုဆောင်းငွေသည် ဒီခေတ်အခါတွင် ယွမ်၁,၀၀၀ လောက်သာရှိပေမည်။ တောက်တိုမယ်ရ အလုပ်များကိုသာ အားကိုးပြီး သူ့မိသားစုကို ထောက်ပံ့ပေးရန် စိုက်ပျိုးရေးလုပ်နေရသည့် စီရင်စုမြို့နယ်က လယ်သမားတစ်ယောက်သည် ဒီလောက်ငွေအများကြီးကို စုဆောင်းနိုင်သည်တဲ့။ ရှမြန်သည် သူမ၏ဦးလေး(၂)က မည်မျှ ပိန်ချုံးနေသည်ကို စဉ်းစားမိလိုက်သည်တွင် သူသည် သူ့အသက်ကို စွန့်စားထားခြင်းဖြစ်သည်ဟု သိလိုက်လေသည်။
ရှမြန်နှင့် ရှောင်ဖုန်းကို ယန်မြို့သို့ သွားခွင့်ပေးမည်ဟု ဆုံးဖြတ်ပြီးသည့်နောက်တွင် ရှမိသားစုသည် စတင်ပြင်ဆင်တော့သည်။ နောက်ဆုံး ရှောင်ဖုန်းနှင့်ရှမြန်တို့ (၂)ယောက်စလုံးက ကျောင်းတက်ရမည်ဖြစ်ရာ အချိန်အလကား ဖြုန်းနေဖို့ မတတ်နိုင်ပေ။
ရှမြန်နှင့် ရှောင်ဖုန်းတို့တွင် ခရီးဆောင်အိတ် အများအပြားမရှိပေ။ သို့သော်ငြားလည်း သူတို့သည် အစားအသောက် အများအပြားကိုတော့ ပြင်ဆင်ထားခဲ့သည်။ အကြီးအကဲများသည် နိုင်ငံရပ်ခြားမှ ဖြစ်စေ ရှေးခေတ်အခါမှ လက်ရှိအချိန်အထိဖြစ်စေ တစ်ပုံစံတည်းဖြစ်ရမည်။
မထွက်ခွာခင်တွင် ရှဦးကြီးက ရှမြန်ကို ယွမ်၅၀၀ အတင်းပေးလေသည်။
“မင်း အိမ်မှာတော့ ဆင်းဆင်းရဲရဲ နေလို့ရတယ်။ ဒါပေမဲ့ လမ်းပေါ်မှာတော့ ချမ်းသာနေမှာဖြစ်မယ်။ ဒီတော့ အရမ်းကြီး ခြွေတာမနေနဲ့နော်”
“နောက်ပြီးတော့ ငါတို့က နဥ်မိသားစုကို ကူညီပေးခဲ့တယ်ဆိုပေမဲ့လည်း နဥ်မိသားစုက ကျေးဇူးတရားကို သိတတ်တာက ဒါက သူတို့အပိုင်းလေ။ မြန့်မြန် ဒီအပေါ်ကိုတော့ အခွင့်အရေးမယူနဲ့နော်”
ရှဦးကြီးက စိတ်အားထက်သန်စွာ အကြံပြုသည်။
“လူတစ်ယောက် လဲကျသွားရင် ငါတို့က သွားထူပေးတဲ့လူပဲပေါ့။ ဒါမှမဟုတ်လည်း လူတစ်ယောက်ရဲ့ကားက ကုန်းပေါ်ကို မတတ်နိုင်ဘူးဆိုရင် ငါတို့က ကူညီတွန်းတင်ပေးတယ်လို့ သဘောထားလိုက်ရုံပဲ။ ဒါတွေက ငါတို့လုပ်ပေးသင့်တဲ့ အရာတွေပဲလေ။ တကယ်လို့ ငါတို့တွေက ကိုယ့်ကျေးဇူးတရားကို မှတ်ထားနေမယ်ဆိုရင် ဒါဆိုရင်မှားသွားလိမ့်မယ်”
ရှမြန်က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“စိတ်မပူပါနဲ့ ဦးကြီး။ ကျွန်မ အဲဒီလိုမလုပ်ပါဘူး”
“ဘာကိစ္စပဲ ဖြစ်လာလာ အိမ်ကိုဖုန်းခေါ်နော်”
ရှဦးကြီးသည် သူမကိုထပ်ပြီး သတိပေးပြန်သည်။
“တကယ်လို့ အဲဒီမှာ အလုပ်မဖြစ်ဘူးဆိုရင် ဒီအတိုင်းပြန်လာခဲ့ကြ။ ငါတို့မှာလည်း အိမ်တစ်လုံး ရှိပါတယ်။ နားလည်တယ်နော်”
“ဟုတ်ကဲ့”
ကားသည် နောက်ဆုံးတော့ စတင်ထွက်ခွာလာပြီး လမ်းပေါ်သို့ရောက်လာသည်။ ချန်ချန်သည် ဒါက ခရီးရှည်ကြီးတစ်ခုဖြစ်ကြောင်း သိနေဟန်တူသည်။ မျက်ရည်များက စီးကျလာ၏။
“ရှောင်ဖုန်းကို မသွားစေချင်ဘူး။ ဒေါ်လေး မြန့်မြန်ကိုလည်း မသွားစေချင်ဘူး”
ရှောင်ဖုန်းကလည်း ပြတင်းပေါက်ကို မှီလိုက်ကာ ချန်ချန်ကို ကြည့်ရင်းငိုနေလေသည်။
“ကိုကိုချန်ချန် မငိုနဲ့နော်...“
ကံဆိုးချင်တော့ ချန်ချန်သည် ရှောင်ဖုန်းမဟုတ်ချေ။ သူသည် ပို့လို့ပင် ငိုယိုလာတော့သည်။ ရှဟိုင်သာ သူ့ကို မချီထားလိုက်လျှင် သူသည် ဘီးကိုဖက်ပြီး သူတို့ကို သွားခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ရှမြန်သည် သူမ၏ဒေါ်ကြီးက မျက်ရည်များကို တိတ်တိတ်လေး သုတ်နေသည်ကို နောက်ကြည့်မှန်မှ တစ်ဆင့် မြင်လိုက်ရ၏။ ရှမိသားစုက သူမ၏ဦးကြီးနှင့် သူမ၏ဝမ်းကွဲ အစ်ကို(၂)ယောက်ကလည်း သူတို့ကို ငေးကြည့်နေကြသည်။ သူမ၏စိတ်ထဲတွင် တစ်ခုခုကြီးထွားလာသလို ခံစားလိုက်ရ၏။
ဒါက သူမရဲ့အိမ်ပဲ။ သူမက ဒီလောကထဲမှာ ဆွေမျိုးတွေ ရှိသေးတယ်။
မင်မြို့သို့ ပြန်လာပြီးနောက်တွင် နဥ်ရှောက်ပိုင်၊ နင်ရှောက်ယွင်နှင့် ချန်းချန်းတို့သည် မိသားစုအိမ်ယာဆီသို့ အတူတူပြန်လာခဲ့ကြပြီး ရှမြန်ကတော့ ရှောင်ဖုန်းကိုခေါ်ကာ ဟိုတယ်တစ်ခုတွင် တည်းလိုက်သည်။
ကျန်းချီမင်၏ အမှုသည် အငြင်းပွားဖွယ်ရာကိစ္စ အများအပြား ဖြစ်ခဲ့ရသည်။ ရှောင်ဖုန်းက အခုလေးတင်မှ အခြေအနေ ပြန်ကောင်းလာခြင်းဖြစ်သည်။ ရှမြန်သည် သူ့ကို မကောင်းသည့်ကိစ္စများကို ပြန်အမှတ်မရစေလိုချေ။ မိသားစုအိမ်ယာဝင်းထဲက အိမ်နီးချင်းများ အားလုံးက အလွန်မှ ကောင်းကြသော်ငြားလည်း အရေခွံထူပြီး သေသေချာချာ မစဉ်းစားပေးတတ်ကြသည့် လူတချို့ကလည်း သေချာပေါက်ရှိလေသည်။
ကံအားလျော်စွာ သူတို့(၂)ယောက်သည် မပျင်းရချေ။ ထို့ကြောင့် ရှမြန်က ရှောင်ဖုန်းကို ခေါ်ကာ နေရာတိုင်းတွင် သွားကစားလေသည်။ ကလေးသည် သူ့ဘဝတွင် တခြားမည်သည့်နေရာကိုမှ မရောက်ခဲ့ဘူးချေ။ အစောပိုင်း တိရစ္ဆာန်ဥယျာဉ်သို့ သွားလည်သည့်ခရီးကလည်း ချန်းချန်း ပြန်ပေးဆွဲခံသည်ကို မြင်လိုက်ရသဖြင့် အစီအစဉ် ပျက်သွားခဲ့သည်။ ထို့နောက်တွင်တော့ ကိစ္စများက တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့သည်။
အခုတော့ အရာအားလုံးကို ဖြေရှင်းသွားပြီးဖြစ်သည်။ သူတို့သည် ယန်မြို့ကို သွားရမည်ကို သိသဖြင့် ရှောင်ဖုန်းသည် သူ့ခန္ဓာကိုယ်ပေါ်က ထိန်းချုပ်ထားသည့်အရာကို ဖယ်ရှားခံလိုက်ရသယောင် ခံစားလိုက်ရပြီး စိတ်အေးသွားတော့သည်။
ရှမြန်၏လက်ကို တွဲထားပြီး ကလေးတစ်ယောက်လို အများကြီး ပိုပြီးတက်ကြွလာသယောင် ခံစားရ၏။
ကောင်ကလေးက တိရစ္ဆာန်ဥယျာဉ်ကို ပန်းခြံထက်ပိုပြီးတော့ သဘောကျသည်။ ကလေးက လက်ရန်းကိုမှီကာ မျောက်များကို ငေးကြည့်နေသည်ကို ရှမြန်က စောင့်ကြည့်နေပေးလိုက်ပြီး ဒေါင်းကို အမြှီးဖြန့်သွားအောင် စနောက်ကျီစယ်ဖို့ရန် ရှမြန် သူ့ကိုပေးထားသည့် လက်ကိုင်ပု၀ါကိုကိုင်ရင်း ပတ်ပြေးနေလေသည်။ ထို့နောက်တွင်တော့ မှန်အိမ်ထဲက မြွေကြီးတစ်ကောင်ကြောင့် အလန့်တကြားဖြစ်သွားပြီး သူမ၏ရင်ခွင်ထဲသို့ အပြေးဝင်လာသည်။ ရှမြန်မှာ မနေနိုင်ဘဲ အော်ရယ်မိ၏။
ရှောင်ဖုန်းက ရှမြန် ပြုံးနေသည်ကို မြင်လိုက်သည်တွင် သူသည် ကြောက်ရွံ့မနေတော့ချေ။ သူက ရှမြန်၏ လည်ပင်းလေးကို တွယ်ကပ်ထားပြီး မလွှတ်ပေးတော့ချေ။ ရှမြန်က သူ၏နုနယ်သည့် နှလုံးသားကို ကုသပေးဖို့ရန် ပန်ဒါများကို သွားကြည့်ဖို့ ခေါ်သွားလိုက်တော့သည်။
ပျော်ရွှင်ရသည့်(၂)ရက်တာသည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားခဲ့၏။ မထွက်ခွာခင် ရှေ့တစ်ရက်တွင် ရှမြန်သည် ဘဏ်သို့သွားကာ တံဆိပ်ခေါင်းအယ်လ်ဘမ်ကို သွားယူလိုက်သည်။ ထို့နောက်တွင်တော့ ရှ၀မ်ယွဲ့နှင့် သူမ၏ကလေး (၃)ယောက်ကို ကားဂိတ်တွင် သွားကြိုလိုက်သည်။
ရှ၀မ်ယွဲ့သည် ဘေးတွင် သူမ၏ကလေး၃ယောက်နှင့်အတူ အားအင်အပြည့် ဖြစ်နေဟန်တူသည်။ ဟွေ့မေနှင့် ဟွေ့လန် အကြီး(၂)ယောက်က အငယ်တစ်ယောက်ဖြစ်သည့် ဟွေ့ကျူးကို လက်တွဲထားသည်။ မိသားစုက စိတ်အားတက်ကြွနေပြီး အိမ်မှထွက်လာရသည်နှင့်ပတ်သက်ပြီး လုံးဝပူပင်မှု မရှိကြချေ။
ဟုတ်ပါသည်။ ရှ၀မ်ယွဲ့က ဒီမှာရှိနေသရွေ့သူတို့သည် ဘာကိုမှ ကြောက်ရွံ့ကြလိမ့်မည် မဟုတ်ချေ။
ရှ၀မ်ယွဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“အပြင်ဘက် ကောင်းကင်ကြီးက မင်ရှီစီရင်စုကနဲ့တခြားစီပဲ”
ဒီစကားကို ကြားလိုက်ရသည်တွင် ဟွေ့ကျူးကလည်း သူမ၏အမေလို ပတ်ဝန်းကျင်ကိုကြည့်ကာ နားမလည်စွာဖြင့် မေးလိုက်၏။
“အမေ အတူတူပဲ မဟုတ်လား”
ရှ၀မ်ယွဲ့က ပြုံးကာ သူမ၏ခေါင်လေးကို ထိပေးလိုက်သည်။
“မတူပါဘူး၊ နောက်ကျရင် နင် သိလာလိမ့်မယ်”
သူမသည် သူမကိုငေးကြည့်နေသည့် ရှောင်ဖုန်းကို မေးလိုက်သည်။ “ရှောင်ဖုန်း သားရော အတူတူပဲလို့ ထင်လား”
“မတူဘူး”ရှောင်ဖုန်း၏မျက်လုံးလေးက ကွေးတတ်သွားသည်။ ထို့နောက်တွင်တော့ သူသည် မျက်လုံးများကို မှိတ်ထားလိုက်ကာ ပင့်သက်တချက် ရှိုက်လိုက်သေးသည်။ “အကြီးကြီးပဲ”
ရှမြန်မှာ သူ့စကားကြောင့် သဘောကျမိတော့သည်။
“ကောင်ကလေး ငါ မကြာခင်တော့ နင့်ကို မူကြိုပို့ပေးမှ ဖြစ်တော့မယ်”
အဲဒီလိုမှ မဟုတ်ရင်တော့ သူ့ရဲ့စကားလုံး အသုံးအနှုန်းတွေက စိတ်ကူးယဥ်ဆန်တဲ့ အနုပညာလက်ရာတွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူး။
လူ(၇)ယောက်သည် ဟိုတယ်တွင် တစ်ညတာ တည်းခိုလိုက်ကြသည်။ နောက်တစ်နေ့တွင်တော့ ကား(၂)စီးက သူတို့ကိုလာကြိုဖို့ရန် အောက်ထပ်တွင် ရပ်တန့်ထားလေသည်။
ရှမြန်သည် ရှ၀မ်ယွဲ့နှင့် သူမ၏သမီးများကို အတူတူခေါ်သွားမည်ဟု ဆုံးဖြတ်ပြီးသည့်နောက်တွင် သူမက အစိမ်းရောင်ရထားကိုသာ စီးသွားတော့မည်ဟု နဉ်ရှောက်ပိုင်ကို ပြောခဲ့သေးသည်။ နောက်ဆုံး ကားတစ်စီးက ထိုမျှလောက် များပြားသည့်လူကို သယ်သွားနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြားလည်း ဟော်မိသားစုက သူတို့ကိုလာကြိုပေးဖို့ရန် ကားတစ်စီး လွှတ်ပေးလိမ့်မည်ဟု နဉ်ရှောက်ယွင်က ပြောသည်။ ထို့ကြောင့် သူတို့သည် လူပိုများကို ခေါ်သွားပေးနိုင်လိမ့်မည်။
ရှမြန်သည် ဟော်ရွှယ်၀မ်က လူကိုယ်တိုင် လာကြိုလိမ့်မည်ဟု ထင်ထားခဲ့သည်။ နောက်ဆုံး နဉ်ရှောက်ယွင်နှင့် ချန်းချန်းတို့သည် ပြန်ပေးဆွဲခံခဲ့ကြရသည်ဖြစ်ရာ ဒါက ဆိုးလှသည့်ကိစ္စတစ်ခုပင်။ ထို့အပြင် သူမ အမှတ်မမှားလျှင် နဉ်ရှောက်ယွင်သည် မင်စီရင်စုသို့ လာရသည့် အကြောင်းအရင်းကလည်း ဟော်ရွှယ်၀မ်နှင့် စကားများခဲ့ခြင်းကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ သူသည် သူတို့ကို ကိုယ်တိုင်လာကြိုပေးသင့်သည်။
သူမက ထိုင်ခုံကို မည်သို့နေရာချထားမည့်အကြောင်း ကြိုးစားစဉ်းစားရလေသည်။ ရှဝမ်ယွဲ့တို့ သားအမိကို ခွဲထားခဲ့မယ်ဆိုလျှင် သူတို့သည် အနေကြပ်လိမ့်မည်။ သို့သော်ငြားလည်း တစ်ခါပြန်စဉ်းစားလိုက်ပြီးနောက်တွင် သူတို့ကို ခွဲထားဖို့ရန်ကလွဲလျှင် တခြားရွေးချယ်စရာမရှိချေ။
ရှဝမ်ယွဲ့က မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့ကို တစ်ညလုံး အမှာစကားခြွေနေသည်။ သို့သော် ဟော်မိသားစုက ဒရိုင်ဘာတစ်ယောက်နှင့် ကားတစ်စီးကိုသာ ပို့လိမ့်မည်ဟု ထင်မထားခဲ့ချေ။
ရှမြန်သည် နဉ်ရှောက်ယွင်ကို အမှတ်တမဲ့ ကြည့်လိုက်မိ၏။ တစ်ဖက်လူကတော့ သိမ်သိမ်မွေ့မွေ့ ပြုံးပြနေဆဲဖြစ်ကာ သူမ၏မျက်နှာပေါ်တွင် မပျော်ရွှင်သည့်အရိပ်အယောင် တစ်စက်မှမရှိချေ။ သို့သော်ငြားလည်း သူမက မည်သို့ ၀မ်းသာနိုင်ပါမည်နည်း။
ရှမြန်သည် စိတ်ထဲတွင်ကြိတ်ပြီး သက်ပြင်းချမိတော့သည်။ ရေခဲသည် ၃ပေအထူရှိပြီး ညတွင်းချင်း အေးခဲသွားခဲ့ဟန်တော့ မတူချေ။ အရင်ဘ၀က ချန်းချန်း၏ ပြန်ပေးဆွဲခံရသည့်ကိစ္စက မီးစာတစ်ခုသာ ဖြစ်ပေလိမ့်မည်။
နဉ်ရှောက်ယွင်နှင့် ဟော်ရွှယ်၀မ်တို့သည် ဒီဘ၀တွင်တူညီသည့် အဆုံးသတ် ရှိလိမ့်မည် ဟုတ်၊ မဟုတ်ကိုတော့ မသိချေ။
သို့သော်ငြားလည်း ထိုင်ခုံနေရာနှင့်ပက်သက်ပြီး စိုးရိမ်စရာတော့ မလိုတော့ချေ။
ရှ၀မ်ယွဲ့တို့ သားအမိက ဟော်မိသားစု၏ကားထဲတွင် လိုက်ပါလာပြီး ရှမြန်၊ ရှောင်ဖုန်း၊ နဉ်ရှောက်ယွင်နှင့် သူမ၏သားကတော့ နဉ်ရှောက်ပိုင်၏ကားနှင့် လိုက်ပါလာသည်။
ရှောင်ဖုန်းသည် ကားပြတင်းပေါက်လေးကိုမှီပြီး ကားက တဖြည်းဖြည်းမြို့မှ ဝေးကွာလာသည်ကို ကြည့်နေမိသည်။ သူ့မျက်လုံးထဲတွင်လည်း တလက်လက်တောက်ပနေပြီး သူ့နှုတ်ခမ်းပေါ်က အပြုံးကလည်း ဘယ်တော့ကမှ ပျောက်မသွားခဲ့ချေ။
ခန္ဓာကိုယ်သေးသေးလေးက ရှမြန်၏လက်မောင်းပေါ်တွင် ယိမ်းနွဲ့နေပြီး ပျော်ရွှင်မှု ပူဖောင်းလေးများက သူ့မျက်လုံးများထဲတွင် တစ်ဖန်စတင်ပေါ်ထွက်လာသည်။
နဉ်ရှောက်ယွင်က အော်ရယ်လိုက်မိ၏။
“ရှောင်ဖုန်း အရမ်းပျော်နေတာကို မြင်ရတာ ရှားရှားပါးပါးပဲ”
“သားက ယန်မြို့ကိုသွားရမှာ အဲဒီလောက် သဘောကျတာလား” နဉ်ရှောက်ယွင်က သူ့ကို မေးလိုက်သည်။
“သဘောကျတယ်” ရှောင်ဖုန်းက ခေါင်းတွင်တွင်ညိတ်ပြလိုက်ပြီး ကြည်လင်နေသည့်အသံတစ်ခုဖြင့် ပြောလိုက်၏။ “အိမ်တစ်လုံး ၀ယ်မယ်။ နေထိုင်ဖို့အတွက် စာရင်းသွင်းမယ်။ သားရဲ့အန်တီလေးမိသားစုနဲ့ အတူတူနေမယ်”
ရှမြန်သည် သူမ၏သာမာန်ကာလျှံကာ စိတ်ကူးယဉ်မှုက ရှောင်ဖုန်း၏ ဘ၀ ပြန်လည်ရှင်သန်လာဖို့အတွက် သူ့ယုံကြည်မှု ဖြစ်လာလိမ့်မည်ဟု လုံး၀မထင်ထားခဲ့မိချေ။ သူမသည် သူမ၏ကတိကို မချိုးဖျက်မိခဲ့သည့်အတွက် အနည်းငယ် ၀မ်းသာမိတော့သည်။
သို့သော်ငြားလည်း ရှောင်ဖုန်း ထိုသို့ပြောရသည့် အကြောင်းအရင်းကိုတော့ နဉ်ရှောက်ယွင်က မသိခဲ့ချေ။ ဒါသည် ခက်ခဲသည့်နေ့ရက်များအတွင်း ကျန်းမိသားစုထဲတွင် ဇွဲမလျှော့ဘဲ သည်းခံဖို့ရန် သူ့နှလုံးသားထဲက မျှော်လင့်ချက် ဖြစ်ရမည်ဟု သူမက ထင်လိုက်သည်။
နဉ်ရှောက်ယွင်က ရှမြန်ကို ကြည့်လိုက်၏။ “အိမ်တစ်လုံး၀ယ်ဖို့ တကယ်ပဲ စဉ်းစားထားတာလား”
ရှမြန်က ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်သည်တွင် ရှမြန်တွင် ငွေရှိ၊ မရှိကို နဉ်ရှောက်ယွင်က မမေးတော့ချေ။ သို့သော်ငြားလည်း တစ်ခုကိုသာ မေးလိုက်လေသည်။
“ဘယ်လိုအိမ်မျိုး၀ယ်ဖို့ စဉ်းစားထားလဲ”
ရှမြန်က ခေါင်းငုံ့လိုက်ပြီး ရှောင်ဖုန်းကို မေးလိုက်၏။ “ရှောင်ဖုန်းက ဘယ်လိုအိမ်မျိုးကိုကြိုက်လဲ”
သူမက ကလေးကို စနောက်ကျီစယ်ဖို့ရန်သာ ဖြစ်သည်။ သို့သော်ငြားလည်း ရှောင်ဖုန်းကတော့ လွှတ်ခနဲ ထုတ်ပြောလိုက်၏။
“အိမ်ဟောင်း”
“ဟမ်” ရှမြန်သည် အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
နဉ်ရှောက်ယွင်ကလည်း အဖြေနှင့် ပတ်သက်ပြီး သိချင်စိတ်ဖြစ်သွား၏။
“ဘာဖြစ်လို့ အိမ်ဟောင်းတစ်လုံးကို ၀ယ်ချင်တာလဲ။ ရှောင်ဖုန်းက အဆောက်အအုံအသစ်ကို မကြိုက်လို့လား”
ရှောင်ဖုန်းက သူ့ခြေသလုံးလေးကို လှုပ်ခါလိုက်ကာ မျက်လုံးများက တဖျတ်ဖျတ် လင်းလက်နေပြီး “အိမ်ဟောင်းကို ဖြိုချလိုက်ရင် ငွေရမှာလေ”
ရှမြန်သည် သူမ၏မျက်နှာကို တိတ်တိတ်လေး လက်ဖြင့် အုပ်ထားမိလေသည်။
နောက်ဆိုရင် ပေါက်ကရတွေ ဘယ်တော့မှ ထပ်မပြောတော့ဘူး။ ဒီကောင်လေးက အားလုံးကို ဒီလိုကောင်းကောင်း မှတ်မိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ငါ ကိုယ်တိုင်တောင်မှ ဒီအကြောင်းတွေကို မေ့နေပြီလေ။
နဉ်ရှောက်ယွင်မှာ မနေနိုင်ဘဲ အော်ရယ်တော့သည်။
“ငါတို့ရဲ့ရှောင်ဖုန်းလေးက ဒီလောက် အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်း သိနေမယ်လို့ ထင်မထားမိခဲ့ဘူး”
ရှေ့တွင် ကားမောင်းနေသည့် နဉ်ရှောက်ပိုင်က နောက်ကြည့်မှန်မှတစ်ဆင့် ရှမြန်၏ရှက်ရွံ့နေသည့်ရုပ်ကို လှမ်းကြည့်လိုက်လေသည်။ ဒီကောင်မလေးက ရှောင်ဖုန်းကို တစ်ခုခု သင်ထားပေးဦးမည်ဟု သူက ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ထပ်မေးလိုက်၏။
“အိမ်ဟောင်းကို ဖြိုချတာအပြင် ငွေရှာဖို့ တခြားဘာရှိသေးလဲ”
ရှမြန်က သူ့ကို တားလိုက်ချင်လေသည်။ သို့သော်ငြားလည်း ရှောင်ဖုန်းက အလွန်မှ ၀မ်းသာအားရ ဖြစ်နေပြီး စကားများနေသည်ကို မြင်လိုက်ရသဖြင့် သူမမှာ ထိုသို့မလုပ်ရက်တော့ချေ။ ထို့ကြောင့် ရှောင်ဖုန်းက တတွတ်တွတ်ရွတ်ပြနေသည်ကိုသာ နားထောင်လိုက်ရတော့သည်။
“ထီလက်မှတ်ရယ်၊ ရှေးဟောင်းပစ္စည်းရယ်၊ စတော့ရှယ်ယာရယ်၊ ယွမ် ၅ သန်းရယ်”
နဉ်ရှောက်ယွင်သည် ရှမြန်ကိုကြည့်ပြီး ပြုံးလိုက်မိတော့သည်။ နဉ်ရှောက်ပိုင်ကလည်း နောက်ကြည့်မှန်မှတစ်ဆင့် ရှမြန်၏ ရှက်ရွံ့နေသည့် အမူအရာကို ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
“ဒါက မင်းအန်တီလေး ပြောထားတာတွေပဲ။ သူ့မှာ တကယ် စိတ်ကူးကောင်းရှိတာပဲ။ သူက တစ်ခုခုကို အလကား လိုချင်နေတာကို”
ရှောင်ဖုန်းသည် လူများ၏စိတ်ခံစားချက်နှင့်ပက်သက်ပြီး အလွန်မှ ခံစားသိမြင်လွယ်လေသည်။ ဒီစကားလုံးများက ချီးကျူးနေခြင်းမဟုတ်မှန်း ခံစားမိလိုက်၏။ ထို့ကြောင့် သူက နားမလည်စွာဖြင့် ရှမြန်ကို မော့ကြည့်လိုက်သည်။
ရှမြန်သည် နတ်သမီးလေးက သူမကို စနောက်ကျီစယ်ခြင်းတွင် ရှက်ရွံ့သလို ခံစားရသော်ငြားလည်း နဉ်ရှောက်ပိုင်နှင့် ရင်ဆိုင်လိုက်ရချိန်တွင်တော့ ရှမြန်က သူမ၏ရင်ဘတ်ကို ဖွင့်ထားလိုက်ကာ ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။
“ဘာမှားလို့လဲ။ အဲဒီအထဲက ဘယ်တစ်ခုက ကံတရားအပေါ် အားမကိုးရတာရှိလို့လဲ။ ကံတရားက အကြီးမားဆုံး ခွန်အားဆိုတာ ရှင် မသိဘူးလား”
ရှောင်ဖုန်းကလည်း ချက်ချင်းဆိုသလို အလေးအနက် ခေါင်းညိတ်ကာ ထောက်ခံလေသည်။
နဉ်ရှောက်ပိုင်သည် ခေါင်းခါပြီး အော်ရယ်လိုက်ကာ ဒီကောင်မလေးက ဒီလိုပေါက်ကရစိတ်ကူးများကို ဘယ်က ရလာပါသနည်းဟု စဉ်းစားမိလေသည်။
နဉ်ရှောက်ယွင်က ပြောလိုက်၏။ “ဒါက စိတ်ကူးကောင်းတစ်ခုလို့ ငါ ထင်ပါတယ်။ အိမ်ကို နေရာပြန်ချတာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ်ပါ ကျောင်းတက်ဖို့ကိုပဲ အာရုံစိုက်ထားသင့်သေးတယ်။ ရန်အထက်တန်းကျောင်းနားက ခြံ၀င်းက နည်းနည်းလေး ဟောင်းနေပြီဆိုပေမဲ့လည်း နေရာက ကျောင်းနဲ့ အရမ်းနီးတယ်လေ။ တန်ဖိုးကလည်း အဆောက်အအုံအသစ်ထက် နည်းနည်းလေးပိုပြီး ဈေးသက်သာတယ်”
“အရေးအကြီးဆုံးကတော့ ငါတို့တွေ အိမ်နီးချင်း လုပ်လို့ရသေးတယ်လေ”
ရှမြန်က မျက်တောင်ကို ခတ်မိသွားသည်။ ရန်အထက်တန်းကျောင်းနားက ခြံ၀င်းက ဟောင်းနွမ်း ယိုယွင်းနေတယ်တဲ့... ရှမြန်သည် သူမ၏ တဒုတ်ဒုတ်ခုန်နေသည့်နှလုံးသားကိုထိန်းထားမိလေသည်။
ဒါက ငါစဉ်းစားထားတဲ့ ကိစ္စပဲမဟုတ်လား။
...