အပိုင်း(၅၆)
Vol. 4 Ch. 56
ချန်းချန်းသည် ဟော်ရွှယ်ဝမ်၏လက်ကို လွှတ်လိုက်ပြီး ပြေးထွက်သွားလေသည်။
“အန်တီရှမြန်နဲ့ ဦးဦး ရန်ဖြစ်နေကြပြီ”
ဟော်ရွှယ်ဝမ်က တအံ့တဩဖြင့် သူ့ကိုကြည့်လိုက်၏။ “ရှောင်ပိုင်”
နဉ်ရှောက်ပိုင်၏ အမူအရာက ဖြူဆုတ်သွားလေသည်။ “သူဌေးဟော်”
ဘာမှမတတ်နိုင်သည့် အရိပ်တစ်ခုက ဟော်ရွှယ်ဝမ်၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားလေသည်။
ဒေါ်ဒေါ်ဝေက ဒါကိုမြင်လိုက်ပြီး သူတို့ကို မြန်မြန်နှုတ်ဆက်လိုက်၏။
“ရှောက်ပိုင် ရောက်နေပြီပဲ။ အားလုံးပဲ ရောက်နေပြီဆိုတော့ မြန်မြန် စစားလိုက်ရအောင်။ မဟုတ်ဘူးဆိုရင် အစားအသောက်တွေ အေးသွားရင် အရသာရှိတော့မှာ မဟုတ်ဘူး”
ထို့နောက်တွင် အားလုံးက တစ်ယောက်ပြီးတစ်ယောက် ထိုင်ချလိုက်လေသည်။ ဟော်ရွှယ်ဝမ်က နဥ်ရှောက်ယွင်ဘေးတွင် ထိုင်ချလိုက်ပြီး ချန်းချန်းကို သူတို့၂ယောက်ကြားတွင် နေရာချထားပေးလိုက်၏။
ချန်းချန်းက ဘေးဘီကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက ပျော်ရွှင်မှုဖြင့် ကွေးညွတ်သွားလေသည်။
သို့သော်ငြားလည်း ဒီမနက်ခင်း၏ ထမင်းစားစားပွဲသည် မနေ့တုန်းကလောက် စည်ကားမနေသည်မှာ သိသာနေသည်။ ဟော်ရွှယ်ဝမ်ကြောင့် ချန်းချန်းကလည်း ဖြောင့်မတ်မှန်ကန်သည့် လူရည်မွန်လေးတစ်ယောက် ပြန်ဖြစ်သွားပြီး ရှောင်ဖုန်းကလည်း ထိုအတိုင်း လိုက်လုပ်လေသည်။
ရှရှဝမ်ယွဲ့နှင့် သူမ၏သမီးများကလည်း အလွန်မှ သတိထားနေရသည်။
သက်ရောက်မှုမရှိသည့် တစ်ဦးတည်းသောသူများမှာ နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်တို့သာ ဖြစ်သည်။ သို့သော်ငြားလည်း သူတို့ကတော့ ဘာမှမပြောဘဲ စားသောက်နေကြသည်။
ကားဟွန်းတီးသံနှင့် တံခါးအပြင်ဘက်တွင် တံခါးခေါက်သံ ထွက်လာချိန်မှ အခန်းထဲက တိတ်ဆိတ်မှုက ပြိုကွဲသွားတော့သည်။
ဒေါ်ဒေါ်ဝေက ထရပ်လိုက်ကာ တံခါးသွားဖွင့်ပေးရင်း ဇဝေဇဝါဖြင့် မေးလိုက်၏။
“မနက်ခင်းအစောကြီးကို ဘယ်သူရောက်လာတာလဲ”
ခဏအကြာတွင် သူမသည် မျက်နှာသေဖြင့် ပြန်ဝင်လာပြီး သူမ မနေ့ကတွေ့ခဲ့သည့် ကျိုးချန်ချန်က နောက်မှာ လိုက်ဝင်လာသည်။
ဒေါ်ဒေါ်ဝေက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
“လက်ထောက်ကျိုး၊ လက်ထောက်ကျိုးပါ။ သူက သမက်လေးကို ပြောစရာရှိလို့တဲ့”
ကျိုးချန်ချန်သည် ဒီနေ့တွင် အနောက်တိုင်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ကို အမြင့်စီးထားကာ အထက်တန်းစားလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်နှင့် တူနေလေသည်။
သူမက အခန်းထဲသို့ ဝင်လာပြီးနောက်တွင် အားလုံးကို လျစ်လျူရှုထားဟန်ဖြင့် သူမ၏မျက်လုံးများက ဟော်ရွှယ်ဝမ်ဆီသို့ တိုက်ရိုက်ကျရောက်သွားသည်။
“လူကြီးမင်းဟော် လူကြီးမင်းချီက လူကြီးမင်း တက်ရောက်ဖို့လိုအပ်တဲ့ အရေးပေါ်အစည်းအဝေး တစ်ခု ရှိပါတယ်တဲ့”
ဒီမနက်ခင်းလေးတွင် စိတ်ပြေလက်ပျောက်ဖြစ်သွားဟန်တူသည့် နဥ်ရှောက်ယွင်က တစ်ဖန် ခပ်တန်းတန်း ပြန်ဖြစ်သွားသည်ကို ရှမြန်သည် သေချာခံစားလိုက်ရ၏။
နဥ်ရှောက်ယွင်က ဟော်ရွှယ်ဝမ်ကို မှီထားသည့်ချန်းချန်းကို ချက်ချင်း ကောက်ချီလိုက်ပြီး ပြောလိုက်လေသည်။
“ချန်းချန်း မေမေ့ဆီလာခဲ့။ ဖေဖေက အလုပ်သွားရတော့မှာ”
ဟော်ရွှယ်ဝမ်က တစ်ခုခု မှားယွင်းနေသည်ဟု မထင်ချေ။ သို့မဟုတ်လည်း သူက ဒါကို ကျင့်သားရနေဟန် တူသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ထရပ်ဖို့ ပြင်ဆင်လိုက်၏။
“ဘာအစည်းအဝေးလဲ”
ကျိုးချန်ချန်က ပြောလိုက်သည်။ “ချန်ပေ ပရောဂျက် ကိစ္စပါပဲ။ သူတို့ပြောတာကတော့ ရှာဖွေမှုအသစ်တွေ ရှိလာပြီး ဒီတစ်သုတ်ပစ္စည်းတွေမှာလည်း ပြဿနာရှိတယ်တဲ့”
ဟော်ရွှယ်ဝမ်က ထွက်သွားတော့မည်ကို မြင်လိုက်သည်တွင် ချန်းချန်းက မကျေမနပ်ဖြင့် စူပုတ်နေလိုက်သည်။
“ဒီနေ့ ဖေဖေက သားကို အဖော်လုပ်ပေးမယ်လို့ ပြောထားတာ”
ထို့နောက်တွင် ဟော်ရွှယ်ဝမ်က နဥ်ရှောက်ယွင်ကို ကြည့်လိုက်ပြီး သူ့လေသံကလည်း သတိအနေအထား ဖြစ်သွားသည်။
“ရှောက်ယွင် မြို့ရဲ့မြောက်ပိုင်းက ပရောဂျက်က နည်းနည်းလေး ရှုပ်ထွေးတယ်။ ကို ကုမ္ပဏီကို သွားမှဖြစ်မယ်။ ခဏနေကြရင် မင်းကို လာကြိုဖို့ ရှောင်လီကို လွှတ်လိုက်မယ်”
ထို့နောက်တွင်တော့ သူက ချန်းချန်းကိုပြောလိုက်၏။ “ဖေဖေ ညနေကျမှ သားကို အဖော်လုပ်ပေးမယ်နော်...“
နဥ်ရှောက်ယွင်က သူ့စကားကို တိုက်ရိုက်ဖြတ်ပြောလိုက်ပြီး ချန်းချန်းကို ပြောလိုက်လေသည်။
“ဖေဖေက အလုပ်များတယ်၊ မေမေက သားကို အဖော်လုပ်ပေးလို့ရတယ် မဟုတ်လား။ သား ခဏနေကျရင် ညီလေးရှောင်ဖုန်းနဲ့ ရေကစားချင်တယ်လို့ ပြောထားတယ် မဟုတ်လား။ သားတစ်နေ့လုံး ကစားလို့ရတယ်”
ချန်းချန်းသည် စိတ်မဝင်စားသေးချေ။ သို့သော်ငြားလည်း သူက ဘာမှ ထပ်မပြောတော့ပေ။ ရှောင်ဖုန်းက စိုးရိမ်စိတ်တချို့ဖြင့် သူ့ကိုကြည့်လိုက်လေသည်။
နဥ်ရှောက်ယွင်က ချန်းချန်း၏ ခေါင်းကို ထိပေးလိုက်ကာ ဟော်ရွှယ်ဝမ်ကို ပြောလိုက်၏။ “ရှင် မလုပ်နိုင်တဲ့ကိစ္စတွေကို ရှင့်ကလေးကို ကတိမပေးပါနဲ့”
“အလုပ်ပဲ သွားများနေလိုက်ပါ။ ရှင် ချန်းချန်းနဲ့ ကျွန်မကို စိုးရိမ်နေစရာမလိုပါဘူး။ ရှင့်အလုပ်ကိုပဲ အာရုံစိုက်ထားလိုက်”
နဥ်ရှောက်ယွင်က ထပ်ပြောလိုက်သည်။ “ကျွန်မတို့တွေဒီနေရာမှာ အရမ်းကို ကောင်းကောင်းမွန်မွန် နေနေပါတယ်”
ဟော်ရွှယ်ဝမ်သည် ကူကယ်ရာမဲ့သွားသည့် ရုပ်ဖြစ်သွားလေသည်။ “ရှောက်ယွင် ကို့အမေက ပန်းချီကားကိစ္စကို ကို့ကို ရှင်းပြထားပြီးပါပြီ။ သူ ဒီလိုလုပ်တယ်ဆိုတာကလည်း ကိုယ်ကောင်းဖို့အတွက်ပါ။ မင်းက...“
အလွန်မှ တည်ငြိမ်နေသည့်ရုပ်ဖြစ်နေသည့် နဥ်ရှောက်ယွင်သည် ရုတ်တရက်ဆိုသလို သူမ၏အသံကို မြှင့်လိုက်လေသည်။
“အဲဒီကိစ္စကို ကျွန်မကို ထပ်လာမပြောနဲ့တော့”
“အဲဒါက ကျွန်မရဲ့ပန်းချီကားပါ။ ကျွန်မ ဒီပန်းချီကားကို ဆွဲဖို့ ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရလဲဆိုတာ ရှင် သိလို့လား။ ကျွန်မ ဒီပန်းချီကားအပေါ်မှာ၂နှစ်တောင် အချိန်ပေးခဲ့ရတာ။ သူက ဘာဖြစ်လို့ ဒီအတိုင်း ပေးပစ်နိုင်ရတာလဲ”
ဟော်ရွှယ်ဝမ်သည် နဥ်ရှောက်ယွင်က ရုတ်တရက် ပေါက်ကွဲသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် မှင်တက်အံ့သြသွားပြီး ဘာပြောရမည်မှန်းမသိသလို ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
“ဒီကိစ္စအားလုံးက ကျွန်မအမှားပါ။ မမလေး ကျေးဇူးပြုပြီးတော့ လူကြီးမင်းဟော်ကို အပြစ်မပြောပါနဲ့” ကျိုးချန်ချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
သူမသည် စိုးရိမ်ကြောင့်ကြနေဟန်ဖြင့် ကိုယ့်ဟာကိုယ် အပြစ်တင်လိုက်လေသည်။
“လူကြီးမင်းက ဒီပရောဂျက်နဲ့ ပတ်သက်ပြီး စိုးရိမ်နေတာကို တွေ့လိုက်ရလို့ ကျွန်မကလည်း ဒါရိုက်တာလော့ရဲ့ အကြိုက်တွေကို သွားမေးခဲ့တာပါ။ သူက တရုတ်ပန်းချီကားတွေကို ကြိုက်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်လေ။ လူကြီးမင်းရဲ့ဇနီးကလည်း ပန်းချီကားတစ်ချပ်ကို ဆွဲထားတာဆိုတော့ ကျွန်မက သခင်မကြီးကို ပြောပြခဲ့တာပါ...“
“သခင်မကြီးကလည်း ပြောပါတယ်။ သခင်မလေးက နေ့တိုင်း ပန်းချီဆွဲနေတာတဲ့။ ဒါပေမဲ့ မမလေးက အဲဒီပန်းချီကားကို အဲ့လောက်အထိ ဂရုတစိုက်ရှိလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိလို့ပါ”
သူမက ထိုစကားကို ပြောလိုက်ချိန်တွင် နဥ်ရှောက်ယွင်ကို ကျေးဇူးတင်သည့်အပြုံး ပြုံးပြလေသည်။
“ဒီကိစ္စကို စဉ်းစားကြည့်လိုက်တော့ မမလေးရဲ့ အဲဒီပန်းချီကား ကျေးဇူးကြောင့်ပဲ ဒါရိုက်တာလော့က ဒါကို အရမ်းသဘောကျသွားတယ်လေ။ ကုမ္ပဏီရဲ့ ပရောဂျက်ကိုလည်း တွေဝေတာတွေမရှိဘဲ ထောက်ခံပေးလိုက်တယ်”
သောက်ကျိုးနည်းပါဟယ်။ သဘောထားကောင်းတဲ့ နဥ်ရှောက်ယွင်က အိမ်ကနေ ထွက်ပြေးဖို့ ဖိအားပေးခံရတာလည်း မဆန်းတော့ဘူး။ ဒါက အရမ်းလွန်သွားပြီပဲ။
ရှမြန်သည် မျက်လုံးအဝိုင်းသားဖြင့် ဟော်ရွှယ်ဝမ်ကို ကြည့်နေမိတော့သည်။
ဒီသောက်ကောင်က ဒါကို ကိစ္စကြီးတစ်ခု မဟုတ်သလို သဘောထားပြီး လုံးဝနားမလည်တာပဲ။ “ရှောက်ယွင် ကိုယ် လူတစ်ယောက်ကို လွှတ်ပြီး မင်းကိုကူညီရှာပေးဖို့ ပြောထားပါသေးတယ်...“
“လူကြီးမင်း ဟော်”
ကျိုးချန်ချန်က ဟော်ရွှယ်ဝမ်ကို တစ်ဖန်စကားဖြတ်ပြောလိုက်ပြီး သူ့ကို လောဆော်လိုက်လေသည်။
“လူကြီးမင်းဟော် ကျွန်မတို့တွေ အစည်းအဝေးက ၉နာရီဆိုတော့ နောက်ကျတော့မယ်”
ဟော်ရွှယ်ဝမ်က နဥ်ရှောက်ယွင်၏ အေးစက်နေသည့်မျက်နှာကို ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
“ကို အိမ်ပြန်လာမှပဲ ပြောပြပါ့မယ်”
ထို့နောက်တွင် သူက ကျိုးချန်ချန်ကို ပြောလိုက်၏။ “သွားကြမယ်”
သူက တံခါးအပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည့်အခိုက်တွင် ရှမြန်သည် ကျိုးချန်ချန်က ကိုယ်ကိုအလှည့်တွင် သူ့နှုတ်ခမ်းကို နဥ်ရှောက်ယွင်တွေ့အောင် ပြုံးပြလိုက်သည်ကို မြင်တွေ့လိုက်ရပြီး သူ့မျက်နှာက ဝင်ကြွားသည့်ဟန်အပြည့် ဖြစ်နေသည်။
သူက နဥ်ရှောက်ယွင်ရှေ့မှာ အကြိမ်ကြိမ် တရားလွန်လုပ်နေတာပဲ။
အမလေးဟယ်။ သူက ဒီလိုဆိုးရွားတဲ့ စိတ်သဘောထားရှိနေတာပဲ။
“လက်ထောက်ကျိုး...“
ရှမြန်က သူမ၏တူကို ချထားလိုက်ပြီး အေးတိအေးစက် ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး ခဏနေပါဦး”
တံခါးအပြင်ဘက်ကို လှမ်းထွက်တော့မည့် ဟော်ရွှယ်ဝမ်က အခိုက်အတန့် မှင်တက်အံ့သြသွားပြီး ကိုယ်ကိုပြန်လှည့်လိုက်ကာ ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်၏။ “ရှမြန် ဘာကိစ္စရှိလို့လဲ”
“သူဌေးဟော် ကျွန်မ ရှင့်ကို ရှာနေတာ မဟုတ်ပါဘူး” ရှမြန်က ကျိုးချန်ချန်ကို တည့်တည့်ကြည့်ပြီးပြောလိုက်၏။
“ကျွန်မ သူ့ကိုရှာတာပါ”
ကျိုးချန်ချန်က အပြစ်ကင်းစင်နေသည့် ရုပ်ဖြင့် ”ဘာဖြစ်လို့လဲ”
“ရှင် ခုနတုန်းက ကျွန်မရဲ့အစ်မနဥ်ကို ဘာဖြစ်လို့ အဲဒီလောက်တောင်မှ ထောင်လွှားပြနေတာလဲ”
ဟော်ရွှယ်ဝမ်သည် နားမလည်သလိုဖြင့် ကျိုးချန်ချန်ကို ကြည့်လိုက်၏။
ကျိုးချန်ချန်ကလည်း စိတ်ရှုပ်သွားသလို မျက်မှောင်ကြုတ်လိုက်ပြီး သူမက မှားယွင်းစွပ်စွဲခံရသည့်ရုပ် လုပ်ထားလိုက်လေသည်။
“မိန်းကလေး ရှင် ပြောနေတဲ့စကားကို ကျွန်မ နားမလည်တော့ဘူး”
“ဒီနေရာမှာ ဟန်ဆောင်မနေပါနဲ့တော့”
ရှမြန်က လက်(၂)ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့မျက်လုံးများရှေ့တွင် လက်ဟန်ပြလိုက်ကာ ပြောလိုက်လေသည်။
“ကျွန်မ ဒါကို ကျွန်မရဲ့မျက်လုံးတွေနဲ့ မြင်ခဲ့တာနော်။ ရှင်က ကျွန်မအစ်မနဥ်ကို ရန်လာစွာနေတာပဲ။ ရှင်က အရမ်းကို ထောင်လွှားပြီး ပြုံးတောင်မှ ပြုံးလိုက်သေးတယ်”
ကျိုးချန်ချန်သည် ဟော်ရွှယ်ဝမ်ကို ကြည့်လိုက်ပြီး ”လူကြီးမင်းဟော် ကျွန်မ အဲဒီလိုမလုပ်ခဲ့ရပါဘူး”
ရှမြန်က ပြောလိုက်သည်။ “ဒီနေရာမှာ လူတွေအများကြီးပဲ။ ရှင်က လူကြီးမင်းဟော် တစ်ယောက်တည်းကို ရှင်းပြနေတာ ဘာသဘောလဲ။ လူကြီးမင်းဟော်က ရှင့်ကို ယုံနေသရွေ့ ရှင်က နိုင်ပြီလို့ ထင်နေတာလား”
“သူဌေးဟော်” ရှမြန်က ဟော်ရွှယ်ဝမ်ကိုကြည့်ကာ သရော်လိုက်လေသည်။ “ရှင်က လက်ထောက်ကျိုးကို အိမ်ပြောင်းရွှေ့ကူဖို့တော့ အချိန်ရပြီး ရှင့်မိန်းမနဲ့ကလေးကို လာကြိုဖို့တော့ အချိန်မရဘူးပေါ့နော်”
ဟော်ရွှယ်ဝမ်သည် အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီး မျက်မှောင် ကြုတ်လိုက်လေသည်။ “ကျွန်တော် မလုပ်ခဲ့ရပါဘူး” သူက နဥ်ရှောက်ယွင်ကို ကြည့်လိုက်၏။ “ကို တကယ် ပရောဂျက် ကိစ္စတွေနဲ့ အလုပ်များနေတာပါ”
သူက ကျိုးချန်ချန်ကို ထပ်ကြည့်လိုက်ပြီး ”မင်း အိမ်ပြောင်းခဲ့တာလား”
“ဘုရားရေ သံချောင်းကြီးဆိုတာကို အထူးပြုအသုံးအနှုန်း တစ်ခုလို့ပဲ ငါက ထင်ထားခဲ့တာလေ။ ဒါပေမဲ့ အခုတော့ ဒါကို နိမ့်ကျတဲ့အသုံးအနှုန်းတစ်ခုလို့ တကယ်ပဲ ထင်မိသွားပြီ။ ဒီလိုယောက်ျားမျိုးတွေက မိန်းမတွေ မရှိသင့်တာပဲ”
ကျိုးချန်ချန်သည် သူမ၏အလိမ်အညာက နေရာမှာတွင် ပေါ်ပေါက်သွားသည့်တိုင် ပျာယာခတ်သွားခြင်းမရှိချေ။ သူမ၏ရည်ရွယ်ချက်က နဥ်ရှောက်ယွင်ကို အခက်တွေ့အောင် လုပ်ဖို့ရန်ဖြစ်လေသည်။ ထိုတင် မကသေးချေ။ သူမက စားပွဲဝိုင်းကို ပြောင်းပြန်လှန်သွားအောင် လုပ်ခဲ့သေးသည်။
“ကျွန်မ မျက်နှာချင်းဆိုင်လမ်းကို ပြောင်းခဲ့တာလေ” ကျိုးချန်ချန်က ပြောလိုက်၏။ “ရှင် သိပါတယ်။ အလုပ်အဆင်ပြေဖို့ ကျွန်မ ကျင်းဟွားဥယျာဉ်ထဲမှာ အိမ်တစ်လုံး ဝယ်ထားခဲ့တယ်လေ။ ကျွန် မဒါကို ပြန်ပြင်ဆင်နေတုန်းပဲ။ ဒါကို အန်တီက သိသွားတာနဲ့ ကျွန်မကို လမ်းတစ်ဖက်က ခြံဝင်းထဲမှာ ခဏလောက် နေခွင့်ပြုထားခဲ့တာ”
“သူတို့တွေ မနေ့တုန်းက ပြန်လာတုန်းက ကျွန်မ အိမ်ပြန်လာတာနဲ့ မတော်တဆ တွေ့ကြတယ်လေ။ ကျွန်မက မျက်နှာချင်းဆိုင်က ခြံဝင်းထဲမှာနေတာကို တွေ့လိုက်ရတော့ သခင်မလေးက အတွေးလွန်သွားခဲ့တယ် ထင်ပါတယ်။ နောက်ဆုံး လူကြီးမင်းဟော်ကလည်း သခင်မနဲ့ သခင်လေးတို့ကို ကိုယ်တိုင် သွားမကြိုခဲ့ဘူးလေ”
သူမက နဥ်ရှောက်ယွင်ကို ပြုံးကာပြောလိုက်၏။
“မနေ့တုန်းက ရှင် ကျွန်မကိုတွေ့တော့ မကျေမနပ်ဖြစ်ပြီး ကျွန်မအကြောင်း မရှင်းမရှင်း ပြောထားတာလည်း မဆန်းတော့ပါဘူး။ ရှင်က လူကြီးမင်းဟော်ကို အထင်လွဲနေခဲ့တာကိုး”
“သူဌေးဟော်က တကယ် အလုပ်များနေတာပါ။ ပြဿနာကြီးတစ်ခုက ချန်ပေပရောဂျက်မှာ ရုတ်တရက် ဖြစ်သွားတယ်လေ။ သူဌေးဟော်နဲ့ကျွန်မက နေ့တိုင်း နောက်ကျတဲ့အထိ အချိန်ပိုဆင်းခဲ့ရတယ်”
ဟော်ရွှယ်ဝမ်က ဘာမှမတတ်သာသလို သက်ပြင်းချလိုက်လေသည်။
“ရှောက်ယွင် ကို တောင်းပန်ပါတယ်။ ကိုက...“
“မလိုပါဘူး လူကြီးမင်းဟော်” ရှမြန်က ပြောလိုက်သည်။ “အစ်မနဥ်က အစကနေအဆုံးထိ ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး။ ရှင်က ဒါကို ယုံတယ်တဲ့လား”
“ဒီလက်ထောက်ကျိုးက ဘယ်သူလဲ။ ရှင်က သူပြောသမျှ စကားတိုင်းကို ယုံနေတာလား။ ရှင်က ရှင့်မိန်းမရဲ့စကားကိုတောင် နားထောင်ဖို့ စိတ်ကူး မရှိဘူးပေါ့လေ”
ဟော်ရွှယ်ဝမ်၏ ရှုပ်ထွေးသွားသည့် အမူအရာသည် ဒီလိုကိစ္စမျိုးက ငြင်းခုံနေဖို့ မထိုက်တန်ဘူးဟု အားလုံးကို ရှင်းလင်းအောင် ပြောပြသလိုဖြစ်နေသည်။
ကျိုးချန်ချန်က ဆက်ပြောလိုက်၏။ “ကျွန်မက ဘာပြောခဲ့လို့လဲ။ ရှင်တို့က ဘာဖြစ်လို့ ကျွန်မကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာလဲ မိန်းကလေးရဲ့”
သူမက သူမ၏ခြေသလုံးကို တမင်လှုပ်ရှားလိုက်ဟန်တူသည်။ ခရမ်းရောင်သန်းနေသည့် အညိုအမဲ ပွန်းပဲ့ဒဏ်ရာကို အာရုံစိုက်သွားအောင် လုပ်လိုက်၏။ “သူဌေးဟော် သခင်မက ကျွန်မကို ဘာဖြစ်လို့ အဲဒီလောက်အထိ မုန်းနေလဲ မသိတော့ပါဘူး။ သူကမနေ့တုန်းက အကြောင်းမရှိဘဲ ဒေါသထွက်တာတော့ ထားပါတော့။ ဒါပေမဲ့ ကျွန်မက ဒီကောင်မလေးကိုတောင် မသိဘူး။ သူက ကျွန်မက အကြောင်းမရှိဘဲနဲ့ သူဌေးကတော်ကို ရန်စနေတယ်လို့ ပြောနေတယ်”
“လူကြီးမင်းဟော် တကယ်လို့ ရှင် ကျွန်မကို မယုံဘူးဆိုရင် အစ်ကိုလီကို မေးလို့ရပါတယ်”ကျိုးချန်ချန်က ပြောလိုက်သည်။ “သူက မနေ့တုန်းက ဘေးမှာစောင့်ကြည့်နေခဲ့တာပါ”
ဪ ဒီကျိုးချန်ချန်က တော်တော်လေးကို အင်အားကြီးမားတဲ့ပုံပဲ။ သူက ဟော်ရွှယ်ဝမ်ရဲ့ ဒရိုင်ဘာကိုတောင် လာဘ်ထိုးထားတယ်ပေါ့။
ကံဆိုးချင်တော့ ဟော်ရွှယ်ဝမ်၏ မိန်းမယုတ်များကို သရုပ်ခွဲနိုင်သည့် အရည်အချင်းက အနုတ်ပြနေသည်။ မိန်းမယုတ်များကို မြင်နိုင်သည့် သူ့အရည်အချင်းကလည်း သုညဖြစ်နေသည်။ သူသည် ကျိုးချန်ချန်၏ခြေသလုံးပေါ်က အညိုအမည်းကွက်များကို သတိထားမိသည့်တိုင် သူသည် ထိုအကြောင်းကို မေးမြန်းဖို့ရန် စိတ်ကူးမရှိချေ။ သူက နားမလည်သလိုဖြင့် ရှမြန်ကိုသာ ကြည့်နေလေသည်။
ရှမြန်မှာ ဒေါသထွက်ရမလား၊ အော်ရယ်ရမလား မသိဖြစ်သွားလေသည်။ “အေးပါ ငါ မရူးသေးပါဘူး”
သူမက ဒီအတိုင်းထရပ်လိုက်ပြီး ကျိုးချန်ချန်ကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
“ကျွန်မက ရှင့်ကို တောင်မသိဘဲနဲ့ ဘာဖြစ်လို့ အကြောင်းမရှိဘဲနဲ့ ရှင့်ကို ပစ်မှတ်ထားရမှာလဲ။ ဒီတော့ ရှင်က ကျွန်မကို ဒေါသထွက်အောင် တစ်စုံတစ်ခု အမှားလုပ်ခဲ့သလားဆိုတာကို ကိုယ့်ဟာကိုယ် ပြန်သုံးသပ်သင့်တာပေါ့”
ကျိုးချန်ချန်...
ရှမြန် ပြောလိုက်သည့်စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် ဟော်ရွှယ်ဝမ်က တွေးတွေးဆဆဖြင့် ကျိုးချန်ချန်ကို ကြည့်လိုက်၏။
“ရှမြန်က မင်းကို ပစ်မှတ်ထားဖို့ တကယ်ပဲ အကြောင်းမရှိပါဘူး”
ဒီအချိန်တွင်တော့ ရှမြန်၏ အလှည့်ဖြစ်သွားတော့သည်။
“...”
သူ့ကို သံချောင်းအဖြောင့်တစ်ယောက်ဟု ဖော်ပြရခြင်းက သူ့ကိုမြှောက်ပင့်ရာ ကြပေလိမ့်မည်။ သူ့ကို တိုက်တေနီယမ်အဖြောင့်ကောင် တစ်ယောက်ဟုသာ ခေါ်သင့်တော့သည်။
ကျိုးချန်ချန်သည် ဟော်ရွှယ်ဝမ်က သူမကို ဒီလိုမေးလာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။ ထို့ကြောင့် သူမက အပြစ်ကင်းသယောင် ထပ်ပြီးဟန်ဆောင်နေလိုက်ပြီး မေးခွန်းကို ပြန်ပုတ်ထုတ်လိုက်၏။ “ကျွန်မ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒီကောင်မလေးက ကျွန်မက သူဌေးကတော်ကို ရန်စနေတယ်လို့ ပြောခဲ့တာလေ။ သူဌေးကတော်ကို ဘာဖြစ်လို့ ရန်စရမှာလဲ”
ဟော်ရွှယ်ဝမ်သည် အမှန်ပင် မျက်မှောင်ကြုတ်သွားပြီး စဉ်းစားလိုက်ပြီးနောက်တွင် မေးခွန်းမေးသည့် ရုပ်တစ်ခုဖြင့် နဥ်ရှောက်ယွင်ကို ကြည့်လိုက်လေသည်။
ရှမြန်:...
ရှမြန်သည် မျက်လုံးများကို ပင့်ထားလိုက်ပြီး ဒီလူကြီးလေးသည် ပြင်းထန်သည့် သင်ခန်းစာတစ်ခုဖြင့် ထိုက်တန်သည်ဟု စဉ်းစားလိုက်လေသည်။ သို့သော်ငြားလည်း သူမသည် နဥ်ရှောက်ယွင်ကို ဘာမတရားမှုကိုမှ သေချာပေါက် မခံစားစေရဟု ဦးစားပေးစဉ်းစားထားလိုက်သည်။
ရှမြန်က သရော်လိုက်၏။ “ရှင်က ဘာဖြစ်လို့ ကျွန်မကို ရန်စချင်တာလဲ ဟုတ်လား။ ကျွန်မအထင်တော့ ရှင်ကပဲ ဒါကို သိပါလိမ့်မယ်။ နောက်ဆုံး ကျွန်မက ရှင့်ကိုမှမသိဘဲ။ ဒါပေမဲ့ ကျွန်မရဲ့မျက်လုံးထဲမှာ မြင်နေရတာကတော့ ရှင်က တစ်ချိန်လုံး အစ်မနဥ်ကို ရန်ရှာနေတာပဲ”
“နောက်ပြီးတော့ ဒီလိုကျွမ်းကျင်မှုအဆင့်နဲ့ဆိုရင် ဒါက ပထမဦးဆုံးအကြိမ် လုံးဝမဟုတ်တာ သေချာတယ်”
ရှမြန်က ပြောလိုက်၏။ “ဒီတော့ ကျွန်မ သိချင်တယ် လူကြီးမင်းဟော်၊ ရှင်က ရှင့်ကိုယ်ရှင် အထင်သေးခံရအောင် လက်ထောက်ကျိုးကို ခွင့်ပြုပေးထားတာလား။ ရှင်က ရှင့်မိန်းမကိုတောင် အရှက်ကွဲစေချင်တယ်ပေါ့။ ဒါက ဘာသဘောလဲ”
ကျိုးချန်ချန်သည် အခိုက်အတန့်အတွင်း မှင်တက်အံ့သြသွားတော့သည်။ ရှမြန်သည် သူမက ဟော်ရွှယ်ဝမ်ကို သဘောကျနေသည်ကို ထောက်ပြလိမ့်မည်ဟု ထင်ထားခဲ့လေသည်။
သူမက နစ်နာသူအဖြစ် ဟန်ဆောင်ဖို့ အဆင်သင့်ပြင်ထားခဲ့သည်။ နောက်ဆုံး ဟော်ရွှယ်ဝမ်သည် အရူးတစ်ယောက်ဖြစ်လေသည်။ သူသည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းက သူမ၏ အရိပ်အမြွက်စကားများကို လုံးဝနားမလည်ခဲ့ချေ။
သူမက ဒီအကြောင်းကို တိုက်ရိုက်ထုတ်ပြောခဲ့လျှင်လည်း ဟော်ရွှယ်ဝမ်က သေချာပေါက် ငြင်းဆန်လိမ့်မည်။ သို့သော်ငြားလည်း နဥ်ရှောက်ယွင်က ဒါကို ထောက်ပြခဲ့လျှင်တော့ သူမက မှားယွင်းစွပ်စွဲခံရသည်ဟုသာ ပြောကာ ဟော်ရွှယ်ဝမ်၏နှစ်သိမ့်မှုကို ရရှိပေလိမ့်မည်။
ဒီလို အကြိမ်အနည်းငယ် ဖြစ်သွားပြီးနောက်တွင် ဟော်ရွှယ်ဝမ်သည် သူမကို အကြိမ်တိုင်း ကာကွယ်ပေးကာ သူမနှင့်ဆိုလျှင် ပိုပြီးစိတ်အေးရသလို ခံစားရပြီး နောက်ပိုင်းကိစ္စများက အဆင်ပြေချောမွေ့သွားလိမ့်မည်။
သို့သော်ငြားလည်း ရှမြန်က ဒီကိစ္စကို ထုတ်မပြောဘဲ နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။ သူမက ဟော်ရွှယ်ဝမ်ကို လေးစားမှုမရှိဘူးဟု အမှန်တကယ် ပြောလိုက်လေသည်။ ဒါက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ကျိုးချန်ချန်က သူမကိုယ်သူမ မြန်မြန်ခုခံလိုက်သည်။ “ကျွန်မက ဘယ်တုန်းက လူကြီးမင်းဟော်ကို မလေးမစား လုပ်လို့လဲ”
ဟော်ရွှယ်ဝမ်ကလည်း ပြောလိုက်သည်။
“ကျွန်တော်က ရှောက်ယွင်ကို အရှက်ကွဲပါစေလို့ တစ်စုံတစ်ယောက်ကို ဘယ်တုန်းကမှ ရည်ရွယ်ပြီး မလုပ်ခဲ့ဖူးပါဘူး”
နဥ်ရှောက်ယွင်က ထေ့ငေါ့လိုက်သည့် အမူအရာတစ်ခုကို ပြသလိုက်ပြီး သူ့ကိုဂရုစိုက်နေဖို့ စိတ်မဝင်စားတော့ချေ။
ရှမြန်က အစ်မနဥ်သည် မတရားမှု ခံစားနေရသည်ကို ဂရုမစိုက်လျှင် သူမသည် သူ့ကိုစိတ်ရှုပ်ခံပြီး အာရုံစိုက်နေမည် မဟုတ်ချေ။ သူသည် တစ်ယောက်တည်း သေဆုံးဖို့ အမှန်ပဲထိုက်တန်လေသည်။
ကျိုးချန်ချန်က ရှင်းပြဖို့ ကြိုးစားနေသေးသည်။ “ကျွန်မက ဘယ်တုန်းက လူကြီးမင်းဟော်ကို အထင်သေးခဲ့ဖူးလို့လဲ။ ကျွန်မက သူ့မိန်းမကို အထင်သေးခဲ့မိလို့လား။ နင်က ကျေးတောသူတစ်ယောက်ပဲ။ နင်က ဘာသိလို့လဲ။ အတင့်ရဲလို့များ နင်က အဓိပ္ပာယ်မရှိတာတွေ ပြောပြီး ငါ့ကို နာမည်ဖျက်ချင်နေတာပဲ”
“နင်က ငါ့ကို မသိဘူးလို့ ပြောရဲသေးတယ်နော်” ရှမြန်က ပြောလိုက်သည်။ “နင် ဒါကို အရမ်းကို ရှင်းရှင်းလင်းလင်း စုံစမ်းထားခဲ့ပြီးပြီ မဟုတ်လား။ ငါက တောက တက်လာတယ်ဆိုတာကိုတောင် နင် သိနေတယ်လေ”
“လက်ထောက်ကျိုး နင်က လူကြီးမင်းဟော်ကို လေးစားတယ်လို့ ပြောခဲ့တယ်နော်”ရှမြန်က သရော်လိုက်လေသည်။
“လူကြီးမင်းဟော်ကို ကျွန်မ မေးပါရစေ။ ရှင့်လက်ထောက်ရဲ့တာဝန်က ဘာတွေလဲ”
“ကျွန်တော်ရဲ့အလုပ်အချိန်ဇယားကို ဆောင်ရွက်ပေးဖို့နဲ့ ဒုဥက္ကဌတွေရဲ့သဘောထားကို စုဆောင်းပေးဖို့ပါ”
ကျိုးချန်ချန်သည် ဟော်ရွှယ်ဝမ်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်ကို မြင်လိုက်သည်တွင် တအံ့တဩ ဖြစ်သွားပြီး သူမ၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။ “လူကြီးမင်းဟော်”
“ဒီတော့ ဒါက ရှင့်ရဲ့အလုပ်ချိန်ဇယားကိုပဲ စီစဉ်ပေးရပြီး ရှင့်အလုပ်ကိုလိုက်ပြီး စီစဉ်ပေးရတာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား”
ရှမြန်က ခနဲ့လိုက်လေသည်။ “သူဌေးရှိတဲ့နေရာကို စိတ်တိုင်းကျခြေရာခံပြီး ဘာသတိပေးချက်၊ အကြောင်းကြားချက်မှလည်း မရှိဘဲနဲ့ သူဌေးအတွက် ဆုံးဖြတ်ချက်ချနိုင်တဲ့ လက်ထောက်တစ်ယောက်ကို ပထမဦးဆုံးအကြိမ် တွေ့ဖူးတာပဲ”
သူမက ကျိုးချန်ချန်ကိုကြည့်ကာ ပြောလိုက်၏။ “နင်က ဒါကို လေးစားတယ်လို့ ခေါ်တာလား။ လူကြီးမင်းဟော် ဒီမှာရှိနေတာကို နင်က ဘယ်လိုသိတာလဲ။ မနေ့က လူကြီးမင်းဟော် ရောက်လာတုန်းက အရမ်းနောက်ကျနေပြီပဲ။ ဒါက ကိုယ်ရေးကိုယ်တာ ခရီးတစ်ခုလေ။ ဒါက နင့်လို လက်ထောက်တစ်ယောက် သိသင့်တဲ့ကိစ္စလား”
ဟော်ရွှယ်ဝမ်သည် ကျိုးချန်ချန်ကို ကြည့်လိုက်လေသည်။ ကျိုးချန်ချန်သည် သူ့အမေနှင့် ရင်းနှီးသော်ငြားလည်း မနေ့ညက သူ ရောက်လာသည့်ကိစ္စကိုတော့ သူ့အမေကို မပြောပြခဲ့ချေ။ အကြောင်းမှာ သူ့အမေက ဒေါသထွက်မှာ စိုးရိမ်သောကြောင့် ဖြစ်လေသည်။
ကျိုးချန်ချန်က အလောတကြီး ရှင်းပြလိုက်၏။ “လူကြီးမင်းချီက မြောက်ပိုင်း ပရောဂျက်ကိစ္စ အရေးကြီးတယ်လို့ ပြောလို့ ကျွန်မက အစ်ကိုလီကို ဖုန်းခေါ်လိုက်တာပါ။ ကျွန်မက လူကြီးမင်း ဒီမှာရှိတာသိသွားလို့ ဒီကိုရောက်လာခဲ့တာပါ”
ရှမြန်က ပြောလိုက်သည်။ “ရှင်က အစ်ကိုလီလို့ ထုတ်ပြောတာ ဒါ ဒုတိယအကြိမ်ပဲ။ ရှင် ခုနတုန်းက ဘာပြောလိုက်တယ်၊ ဪ ရှင်ပြောတာက အစ်ကိုလီက ရှင့်ကို သက်သေ ခံပေးနိုင်တယ်ပေါ့နော်။ အစ်မနဥ်က ရှင့်ကို အနိုင်ကျင့်တယ်ပေါ့လေ”
“ရှင်က တကယ်တော်တာပဲ။ ရှင်က သူဌေးဘေးမှာ ရှိတဲ့သူတွေကို အဲ့လောက် မြန်မြန်ဆန်ဆန်ကြီး လာဘ်ထိုးထားနိုင်တယ်နော်။ ရှင်က သူဌေးရဲ့ ကိုယ်ရေးကိုယ်တာဘဝကို ထောက်လှမ်းနေတဲ့အပြင် သူဌေးမိသားစုရဲ့ အရေးကိစ္စကိုလည်း ဝင်ပြီးတော့ စွက်ဖက်နေတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် ရှင့်လို လက်ထောက်တစ်ယောက်က ဘာဖြစ်လို့ သူဌေးမိန်းမဆီ အပြေးလာပြီး ရှင့်ကို အနိုင်ကျင့်ခွင့်ပေးမှာလဲ”
ရှမြန်က ဟော်ရွှယ်ဝမ်ကို မေးလိုက်၏။ “တစ်ဆိတ်လောက်ပါ လူကြီးမင်းဟော်။ ဒီလေးစားမှုက ရှင့်အတွက်တဲ့။ ရှင် ဒါကို လေးစားခံရတယ်လို့ ခံစားရလား”
“ဒီကိစ္စနဲ့ ပြဿနာကို ကြီးအောင်မလုပ်ပါနဲ့” ကျိုးချန်ချန်က ဒေါသတကြီးပြောလိုက်လေသည်။
ရှမြန်က မြန်မြန်ပြန်ပြောလိုက်၏။ “ကျွန်မက ဘယ်လိုချဲ့ကားပြောနေလို့လဲ။ ရှင့်မှာ သူဌေးရဲ့ ဆက်သွယ်ရမဲ့လိပ်စာတွေ ရှိနေတယ် မဟုတ်လား။ ရှင်က ဘာဖြစ်လို့ ဒရိုင်ဘာကို သွားမေးနေတာလဲ။ ရှင်က ဒရိုင်ဘာကို မေးတယ်ဆိုတော့ သူဌေးက ဘာလုပ်နေတယ်။ ဒါက အဆင်ပြေမပြေဆိုတာ ရှင် မမေးခဲ့ဘူးလား။ ဒါမှမဟုတ် ရှင်က ဒါရိုက်ဘာကို ဝင်လာခိုင်းပြီး အခြေအနေကို ပြောပြခိုင်းလို့ရတယ် မဟုတ်လား”
“မလိုဘူးလေ”ရှမြန်က အေးစက်စက်နှင့် ပြောလိုက်လေသည်။ “ဘာဖြစ်လို့လဲဆိုတော့ ဒါကို လိုအပ်တယ်လို့ ရှင်က မထင်လို့ပဲ။ သူဌေးရယ်၊ သူ့မိန်းမရယ်၊ ကလေးတွေရယ် ဒီလောက်အချိန်အကြာကြီး ခွဲခွာပြီးမှ ပြန်တွေ့ရတယ်ဆိုရင်တောင် ရှင် ရောက်လာသ၍ ရှင်က သူ့ကို ခေါ်သွားလို့ရတယ်ဆိုတာကို သေချာသိနေလို့လေ။ ဘာဖြစ်လို့လဲဆိုတော့ ရှင်က သူဌေးမိန်းမနဲ့ ကလေးတွေထက် ပိုပြီးတော့ အရေးကြီးနေတာကိုး”
ရှမြန်က ဟော်ရွှယ်ဝမ်ကို စူးရှသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ “တစ်ဆိတ်လောက်ပါ လူကြီးမင်းဟော်။ ဒါက ရန်စတာ မဟုတ်ဘူးဆိုရင် ဘာများလဲ”
...