အပိုင်း(၅၇)
Vol. 4 Ch. 57
ဟော်ရွှယ်ဝမ်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်တွင် ရှမြန်က သရော်လိုက်လေသည်။
“အမှန်ပဲလေ၊ ရှင် အခုပဲ သူ့နောက်ကို ချက်ချင်း လိုက်သွားမလို့ မဟုတ်ဘူးလား”
ဟော်ရွှယ်ဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။ “ကျွန်တော် အလုပ်သွားမလို့ပါ”
“ရှင့်အလုပ်က ရုတ်တရက်ကြီး ပေါ်လာတာပါလား” ရှမြန်က ပြောလိုက်သည်။ “အခုလောလောဆယ် လက်ထောက်ကျိုးအကြောင်းကို မပြောသေးပါနဲ့ဦး။ ရှင့်ရဲ့ ဒရိုင်ဘာအကြောင်းကိုပဲ ပြောကြရအောင်။ သူက လက်ထောက်ကျိုးဆီက ဖုန်းကိုရခဲ့တုန်းက ရှင့်ကိုတောင် မမေးခဲ့ဘူးနော်။ လူကြီးမင်းဟော် ရှင်တို့အဖွဲ့က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ”
“အခုက ဘယ်ခေတ်ကို ရောက်နေလို့လဲ။ ကျွန်မတို့တွေမှာ အချင်းချင်း ဆက်သွယ်ဖို့ နည်းလမ်းတစ်ခုတောင် မရှိတော့တာလဲ မဟုတ်ဘူး။ ရှင့်မှာလည်း မိုဘိုင်းဖုန်းတစ်လုံး ရှိနေတာပဲ။ ဟုတ်တယ်မလား။ ရှင့်ကိုသာ ကြိုပြီးတော့ ဖုန်းခေါ်ခဲ့မယ်ဆိုရင် ရှင်က အလုပ်များနေတယ်လို့ပြောပြီး ချန်းချန်းကို အိမ်မှာတစ်ယောက်တည်း ထားခဲ့ရမဲ့အစား အနည်းဆုံးတော့ ဒီ(၁)နာရီကို အသုံးချပြီး ချန်းချန်းကို နှစ်သိမ့်ပေးပြီး ဒီနေ့ သူ့ကိုဘာဖြစ်လို့ အဖော်မလုပ်ပေးနိုင်လဲဆိုတာကို ရှင်းပြလို့ရတာပေါ့”
“ချန်းချန်းက အရမ်းကို သိတတ်လိမ္မာနေတယ်လို့များ ရှင်က ထင်နေတာလား”
“မဟုတ်ဘူး။ သူက ငိုယိုပြီးတော့ ပြဿနာရှာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေက ပေးထားတဲ့ကတိကို ချိုးဖျက်ခဲ့တယ်လို့ ထင်သွားမှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့စိတ်ထဲမှာ အမေကတော့ စကားတည်တဲ့သူဖြစ်ပြီးတော့ အဖေကတော့... ဟင်းဟင်း သူက စိတ်ပျက်စရာအကြောင်းတွေ အများကြီးစုစည်းထားပြီး မျှော်လင့်စရာ ဘာမှမရှိတော့ဘူးလေ။ အဖေက ယုံကြည်ချင်စရာ မကောင်းဘူး။ သူ ပြောလိုက်တဲ့စကားလုံးတိုင်းကလည်း ဒီအတိုင်း အပြောကြီးသပ်သပ်ပဲ”
ဟော်ရွှယ်ဝမ်သည် ရုတ်တရက် ချန်းချန်းကိုကြည့်လိုက်ပြီး အတိတ်က ဖြစ်ရပ်အားလုံးသည် သူ့စိတ်ထဲသို့ ဝင်လာလေသည်။ သူသည် အစပိုင်းက ကတိကို ချိုးဖောက်ခဲ့ချိန်က ချန်းချန်းသည် အမှန်ပင် ပြဿနာရှာလေသည်။
ဒါက ဘယ်အချိန်က စခဲ့ပါသနည်း။ သူက အလုပ်သွားဖို့လိုသည်ဟု ပြောလိုက်သည်နှင့် ချန်းချန်းကလည်း သူ့စကားအတိုင်း လိုက်နာကာ ဒီအတိုင်း နေလိုက်တတ်သည်...
ရှမြန်သည် စကားပြောနေရင်းက ဒေါသထွက်လာတော့သည်။ “လိုရင်းကိုပဲ ပြောကြရအောင်ပါ။ ရှင့်ကို လက်ထောက်ကျိုးက ဘယ်လိုခြယ်လှယ်နေလဲဆိုတာတော့ ကျွန်မ မသိဘူး။ ကျွန်မ ရှင့်ကို မေးချင်တာတစ်ခုပဲ ရှိတယ်။ လက်ထောက်ကျိုးက သူ ဝင်လာပြီးကတည်းက အစ်မနဥ်ကို တစ်ခါမှ မကြည့်ခဲ့ဘူးဆိုတာ အမှန်ရော ဟုတ်ရဲ့လား”
ဟော်ရွှယ်ဝမ်သည် ဒီပြဿနာကို အခုမှ သတိထားမိသွားဟန် တူသည်။
“ရှင်က အပြင်ကိုထွက်လာတဲ့အခါ သူ့မိန်းမနဲ့အတူရှိနေတဲ့ ရှင့်သူဌေးကို တွေ့လိုက်တဲ့အချိန်မှာ ရှင့်သူဌေးကိုပဲ စကားပြောပြီး သူ့ဇနီးကိုတော့ လျစ်လျူရှုထားတယ်ပေါ့”
“ဒါက ရန်စနေတာ မဟုတ်ဘူးလား”
ဟော်ရွှယ်ဝမ်က မျက်မှောင်ကြုတ်ပြီး သူမကို ကြည့်နေသည်ကို မြင်လိုက်သည်တွင် ကျိုးချန်ချန်က အလောတကြီး ပြောလိုက်လေသည်။ “ကျွန်မက ရှင့်ကို အလောတကြီး ပြောစရာကိစ္စရှိနေလို့ပါ”
“အရေးကြီးတယ် ဟုတ်လား။ ဘယ်လောက် အရေးကြီးနေလို့လဲ။ ရှင်က နှုတ်ဆက်စကားလေး ပြောဖို့တောင် အချိန်မရဘူးပေါ့လေ” ရှမြန်က မဲ့ရွဲ့ကာပြောလိုက်၏။
“လင်မယားဆိုတာ တစ်ယောက်တည်းပဲလို့ ပြောကြတယ် မဟုတ်လား။ ရှင့်သူဌေးရယ် မိန်းမနဲ့ကလေးက ဒီမှာရှိနေတာ။ ဒါပေမဲ့ ရှင်ကတော့ မျက်ကွယ်ထားပြီး သူတို့ ကိုမမြင်သလို နေနေတယ်။ ရှင်က ရှင့်ရဲ့သူဌေးကိုပဲ စိုက်ကြည့်နေတာပဲ”
“ဒီလို ဖြစ်နေပြီလေ။ ရှင်က တစ်စုံတစ်ယောက်ကို ကြည့်တဲ့အခါ သူတို့ရဲ့အပေါ်ပိုင်းကိုတော့ လျစ်လျူရှုထားပြီး အဲ့ဒီလူရဲ့အောက်ပိုင်းကိုပဲ အာရုံစိုက်နေတာပဲ။ ဒါကို လေးစားမှုရှိတယ်လို့ ရှင်က ထင်တာလား။ ရှင်က လူရမ်းကားတစ်ယောက် ဖြစ်နေတာပဲ”
“အဟိ”
“အဟမ်း”
“အဟွတ် အဟွတ်”
နဥ်ရှောက်ယွင်သည် သူမ၏ပါးစပ်ကို ပိတ်ထားဖို့ရန် လက်ကိုင်ပဝါတစ်ထည်ကို မြန်မြန် ထုတ်ယူလိုက်သည်။ မောက်ဟွေ့မေက သူမ၏ရင်ဘတ်ကို မြန်မြန်ပုတ်လိုက်ပြီး တခြားသူများကလည်း မတူညီသည့်အမူအရာများ ဖြစ်သွားကြတော့သည်။ နဥ်ရှောက်ပိုင်က သူ့နှုတ်ခမ်းကို သုတ်လိုက်ပြီး ရှမြန်ကို ဒေါသဖြင့် ပြောလိုက်လေသည်။ “မင်းက ဘယ်လိုဖြစ်ပြီး ဒီလိုစကားမျိုး ပြောနေတာလဲ”
ရှမြန်က အပြစ်ကင်းသလို ပြောလိုက်၏။ “ကျွန်မ ပြောတာမှားလို့လား။ အစ်မနဥ်က ခန္ဓာကိုယ်အောက်ပိုင်း မလို့လား။ ဒါက ပိုပြီးတော့တောင် မသင့်တော်ဘူးနော်။ အစ်မနဥ်ကဖြင့် အဲ့လောက်လှတာ...“
ဟော်ရွှယ်ဝမ်:...
မင်းက တစ်ခုခုကို သွယ်ဝိုက်ပြီး ပြောနေတာလား။
ကျိုးချန်ချန်သည် အလွန်မှ ဒေါသထွက်သွားသဖြင့် ဟော်ရွှယ်ဝမ်ကို ပြောလိုက်လေသည်။ “သူဌေးဟော် သူ ကျွန်မကို တမင်တကာ ပစ်မှတ်လုပ်နေတာပဲ။ ကျွန်မက အလုပ်လုပ်တဲ့အချိန်မှာလည်း အမြဲတမ်း ဒီလိုပဲနေလာခဲ့တာ။ သူဌေး သိတာပဲ မဟုတ်လား”
“အမြဲတမ်း ဒီလိုပဲတဲ့။ ထင်ထားတဲ့အတိုင်းပဲ။ ရှင်က တစ်ချိန်လုံး အစ်မနဥ်ကို ရန်စလာခဲ့တာကိုး” ရှမြန်က ပြောလိုက်၏။ “နောက်ပြီးတော့ လူကြီးမင်းဟော် ရှင်က သူ့ကို အလိုလိုက်ထားခဲ့တာပဲ”
ကျိုးချန်ချန်သည် မနေနိုင်တော့ဘဲ သူမ၏အသံကို မြှင့်ထားလိုက်တော့သည်။ “ကျွန်မက လူကြီးမင်းဟော်ရဲ့ လက်ထောက်ပဲ။ ကျွန်မက သူ့အလုပ်အတွက်ပဲ တာဝန်ရှိတာ”
“သူ့မိန်းမကို ရန်စနေတာလည်း အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလား” ရှမြန်ကလည်း သူ့အသံကို မြှင့်ပြလိုက်လေသည်။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရပါမည်နည်း။
ကျိုးချန်ချန်က ဒေါသတကြီးပြောလိုက်၏။ “ကျွန်မက ဘယ်မှာ ရှင့်ကို ရန်စနေလို့လဲ”
“ကျွန်မ ပြောတဲ့စကားကို ရှင်နားမလည်ဘူးလား။ ကျွန်မက အရင်တုန်းက အများကြီးပြောခဲ့ပြီး မဟုတ်လား”
ရှမြန်က ဟော်ရွှယ်ဝမ်ကို မေးလိုက်လေသည်။ “ရှင်ရော နားလည်လား”
ဟော်ရွှယ်ဝမ်သည် လေးနက်သည့်မျက်နှာတစ်ခုဖြင့် အမှန်တကယ် ခေါင်းညိတ်ပြလေသည်။
ရှမြန်မှာ အော်ရယ်လုမတတ် ဖြစ်သွားတော့သည်။ သူမက ခေါင်းကိုလှည့်လိုက်ပြီး မျက်နှာများ ဖြူဆုတ်နေသည့် ကျိုးချန်ချန်ကို ကြည့်လိုက်ကာ ပြောလိုက်၏။ “နင့်သူဌေးတောင်မှ နားလည်တယ်”
ကျိုးချန်ချန်မှာ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ပြောလိုက်လေသည်။
“သခင်မက ကျွန်မကို သဘောမကျဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ကျွန်မကို ဒီလိုတိုက်ခိုက်စရာ မလိုပါဘူး”
“ဒါက ရှင်ပြောတာနော်”ရှမြန်က ပြောလိုက်သည်။ “ရှင်ကိုယ်တိုင် ကျွန်မကို ပြောစမ်းပါ။ အစ်မနဥ်က ရှင့်ကို သဘောကျသင့်လို့လား”
“ရှင်က သူ့ယောက်ျားနဲ့ ကစားနေတာတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ ရှင်က သူ့ကိုလျစ်လျူရှုထားပြီး ဒီလိုရန်ရှာနေတာလေ။ သူကနာကျင်နေတာကို သဘောကျတဲ့သူမလို့လား။ သူကရှင့်ကို သဘောကျသင့်လို့လား”
“လုပ်စမ်းပါ။ ရှင်သူ့ကို သဘောကျစရာမလိုပါဘူး။ ရှင်က သူ့ကို ဒီအတိုင်း လေးစားသမှုပြပြီးတော့ ကျွန်မကို စိတ်ရင်းနဲ့ တောင်းပန်လိုက်စမ်းပါ”
“ဘာဖြစ်လို့ ကျွန်မက အဲဒီလိုလုပ်ရမှာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ သူက ရှင်သူဌေးရဲ့ မိန်းမလေ။ သူ့ကို လေးစားသမှုပြုတာက ရှင့်သူဌေးကို လေးစားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ” ရှမြန်က ပြောသည်။ “ရှင့်သူဌေးက ရှင့်ကို တောင်းပန်ခိုင်းတဲ့အခါ ရှင်က သူ့ကိုဘာဖြစ်လို့လဲလို့ မေးရဲမယ်လို့တော့ ကျွန်မ မထင်ဘူး”
“ဒီတော့ ရှင်ကဒီအတိုင်းပဲ ရှင့်သူဌေးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို လေးစားလိုက်သင့်တာပေါ့”
ဟော်ရွှေဝမ်:...
သူ့ကို ကြည့်နေကြသည့် အားလုံး၏မျက်လုံးကို ကြည့်လိုက်မိပြီး ဟော်ရွှယ်ဝမ်သည် သူ့မှာ ဘောင်းဘီ မဝတ်ထားသလို ရှင်းမပြတတ်အောင် ခံစားလိုက်ရတော့သည်...
ရှမြန်ကတော့ ဒေါသထွက်နေသေးသည်။
“ရှိသေးတယ်။ လက်ထောက်တစ်ယောက်ကများ သခင်မရဲ့ပန်းချီကားကို ကိုယ့်စိတ်တိုင်းကျ လက်ဆောင်ပေးလိုက်ဖို့ မိသားစုကို လှုံ့ဆော်နိုင်တယ်လို့ ကျွန်မ အခုတော့ ကြားဖူးသွားပြီ။ ဒါက တကယ့်ကို အမြင်ကျယ်ရစေပါတယ်”
ရှမြန်သည် ထိုအကြောင်းကို ပြောလိုက်ချိန်တွင် အလွန်မှ အမျက်ဒေါသထွက်သွားပြီး ဟော်ရွှယ်၀မ်၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။ “ရှင် ဒါကို သိရဲ့လား၊ အနုပညာရှင်တစ်ယောက်အတွက် ဖန်တီးမှုလက်ရာဆိုတာ သူ့ရဲ့ ကလေးအရင်းတစ်ယောက်လိုပဲ။ ရှင့်ရဲ့လက်အောက်ငယ်သားက တစ်ခွန်းလေးမှ မမေးဘဲ အစ်မနဥ်ရဲ့ ကြိုးကြိုးစားစား လုပ်ထားတဲ့အလုပ်ကို ဒီအတိုင်း ပေးပစ်လိုက်နိုင်တယ်”
“ရှင်က ဒါကိုတောင် ဂရုမစိုက်သေးဘူး။ ရှင်က သူတို့တွေ အစ်မနဥ်ကို အထင်သေးတာကို အလိုလိုက်ထားမိတယ်ဆိုတာ ရှင် မစဉ်းစားမိဘူးလား”
“အစ်မနဥ်က ရှင့်ရဲ့ချန်ပေပရောဂျက်ကို ပေးပစ်လိုက်မယ်ဆိုရင်ရော ရှင် ဘယ်လိုနေမလဲ”
ကျိုးချန်ချန်က ဒေါသတကြီး ပြောလိုက်သည်။ “ဒါက ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ။ အဲဒါက ပန်းချီကားတစ်ချပ် သာသာပဲလေ”
“သွားစမ်းပါ” ရှမြန်က သူမ၏လက်ကို မြှောက်လိုက်ပြီး သူမ၏လက်ထဲကတူကို ကျိုးချန်ချန်၏ ခေါင်းကို ပစ်ပေါက်လိုက်လေသည်။ “ဒါက ပန်းချီကားသပ်သပ်ပဲတဲ့။ သောက်ကျိုးနည်း ရှင်ပဲ ပန်းချီဆွဲလိုက်ပါတော့လား။ ရှင်က ပန်းချီမဆွဲတတ်ဘူးဆိုရင် ပန်းချီကားတစ်ခုလောက် ဝယ်လိုက်လို့ရတာပဲ မဟုတ်လား။ ရှင်က ဒါကိုတောင် မမေးဘဲနဲ့ ယူသွားပြီးတော့ တခြားလူတွေရဲ့ ကြိုးစားအားထုတ်မှုကို နင်းခြေလိုက်တယ်။ ရှင်က မှန်တယ်လို့များ ထင်နေတာလား”
ကျိုးချန်ချန်သည် အလန့်တကြား အော်ဟစ်လိုက်လေသည်။ ရှမြန်သည် အလွန်မှ ဒေါသထွက်သွားပြီး သူမက ခေါင်းကိုငုံ့လိုက်ကာ ဟော်ရွှယ်ဝမ်ဆီကို ပစ်ထုတ်ဖို့ရန် ပစ္စည်းတစ်ခုခုကို ကောင်းကောင်း ရှာလိုက်လေသည်။
ရှောင်ဖုန်းက ဘာမှမပြောဘဲ ကြွေပန်းကန်လုံးတစ်လုံးကို လှမ်းပေးလိုက်၏။ သို့သော်ငြားလည်း ရှ၀မ်ယွဲ့က မြန်မြန် လှမ်းဆွဲထားလိုက်ရသည်။ “လက်မရဲပါနဲ့ လက်မရဲနဲ့”
ထို့နောက်တွင် သူမက ရှမြန်၏လက်ထဲသို့ နောက်ထပ်တူတစ်စုံကို ထည့်ပေးလိုက်လေသည်။
ဟော်ရွှယ်ဝမ်...
ရှမြန်...
နဥ်ရှောက်ယွင်ကို လေးစားသည့်အနေဖြင့် တူတစ်စုံသည် ပစ်ပေါက်မခံလိုက်ရတော့ချေ။ ရှမြန်က အေးစက်စက်နှင့်သာ ပြောလိုက်တော့သည်။
“ရှင်က ချန်ပေပရောဂျက်မှာ ပြဿနာလေး နည်းနည်းတက်လာတာနဲ့ ရှင့်မိန်းမနဲ့ကလေးကို ပစ်ထားနိုင်တယ်။ ရှင်က ချန်းချန်း ပြန်ပေးဆွဲခံရတာကိုလည်း ဂရုမစိုက်ဘူး။ ဪ ရှင်က ရှင့်ရဲ့ကြိုးစားအားထုတ်မှုမှ အလုပ်လို့ ထင်တာပေါ့လေ။ ဒါပေမဲ့ အစ်မနဥ်ရဲ့ ကြိုးစားအားထုတ်မှုကြတော့ အမှိုက်ပေါ့”
“ရှောက်ယွင် ”ဒေါ်ဒေါ်ဝေသည် ရုတ်တရက် လှမ်းခေါ်လိုက်လေသည်။
ထိုအခါမှ နဥ်ရှောက်ယွင်သည် မျက်ရည်များ စီးကျနေသည်ကို အားလုံးက သတိထားမိသွားသည်။
အားလုံးက အလန့်တကြားဖြစ်သွား၏။ ဟော်ရွှယ်ဝမ်သည် ဘာလုပ်ရမည် မသိအောင် ပြောစရာစကားများ ပျောက်ဆုံးသွားပြီး ရှေ့သို့တစ်လှမ်း တိုးလာချင်လေသည်။ “ရှောက်ယွင်...“
နဥ်ရှောက်ပိုင်က သူ့ကိုတားလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
“လူကြီးမင်းဟော် ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုက အရေးကြီးပါတယ်။ မြန်မြန်သွားပါတော့”
ဟော်ရွှယ်ဝမ်သည် စိုးရိမ်တကြီး ဖြစ်သွားပြီး ကူကယ်ရာမဲ့သွားလေသည်။ “ရှောက်ပိုင် ငါက...“
ချန်းချန်းကလည်း နဥ်ရှောက်ယွင်ကို အလျင်အမြန် ပွေ့ဖက်ထားပေးလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
“မေမေ”
“မေမေ အဆင်ပြေပါတယ်” နဥ်ရှောက်ယွင်က ပိုပိုပြီးစီးကျလာသည့်မျက်ရည်များကို သုတ်ပစ်လိုက်ပြီး ရှမြန်ကို ကြည့်ကာ ပြောလိုက်လေသည်။
“ရှမြန် ကျေးဇူးတင်ပါတယ်”
ထိုကိစ္စ ပြီးသွားသည့်နောက်တွင် လူတိုင်းနီးပါးက ထိုအရာသည် ပန်းချီကားတစ်ခုသာသာ ဖြစ်သည်ဟုသာ ပြောလေသည်။ သူမက (၁)နှစ် သို့မဟုတ် (၂)နှစ်တိုင်း ပန်းချီကားတစ်ခုကို ရနိုင်သည်။ သူမက ထိုပန်းချီကားများကို အလွယ်တကူရခဲ့သည့်နှယ်။ သို့သော်ငြားလည်း ဒီကောင်မလေးက သူမကို နားလည်ပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ...
ရှမြန်က နဥ်ရှောက်ယွင်ကို လက်ကိုင်ပဝါ လှမ်းပေးလိုက်ပြီးနောက် ဟော်ရွှယ်ဝမ်ဘက်ကို လှည့်ကာပြောလိုက်၏။
“လူကြီးမင်းဟော်က အလုပ်များနေတာပဲ။ ဒီတော့ မြန်မြန်သွားပါတော့။ ကျွန်မတို့ ရှင့်အချိန်ကို မဖြုန်းတီးတော့ပါဘူး”
“ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ ကိစ္စတစ်ခုကိုတော့ မှတ်ထားပေးပါ” ရှမြန်ကပြောလိုက်သည်။ “ဒီမိန်းမကို အစ်မနဥ်ရဲ့ရှေ့မှာ နောက်တစ်ခါ ပေါ်မလာပါစေနဲ့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကျွန်မကို ရိုင်းတယ်လို့ အပြစ်မပြောနဲ့”
ထို့နောက်တွင်တော့ သူမသည် ကျိုးချန်ချန်ကို ပြောလိုက်တော့သည်။ “ထွက်သွားတော့”
“ဒီကိစ္စကို စဉ်းတောင်မစဉ်းစားလေနဲ့”
ကျိုးချန်ချန်သည် သူမ၏ နာကျင်နေသည့်နဖူးကို ထိကိုင်ထားလိုက်သည်။ သူမသည် ဟော်ရွှယ်ဝမ်၏ ရှေ့တွင် ဒီတောသူမလေး၏ မည်သို့ရိုက်နှက်ခံရသည့်အကြောင်း စဉ်းစားမိလိုက်ချိန်တွင် အလွန်မှ ဒေါသထွက်သွားတော့သည်။ “အစ်ကိုရွှယ်ဝမ် သူတို့တွေ အရမ်းလွန်နေပြီ”
“မင်း ဘာဖြစ်လို့ ငါ့ကို လူကြီးမင်းဟော်လို့ မခေါ်တာလဲ”
ရှမြန်က မေးလိုက်၏။ “မြေခွေးအမြှီးက အဲဒီလောက်မြန်မြန်ကြီး ပေါ်လာတာတဲ့လား”
ဟော်ရွှယ်၀မ်သည် ဒီရှင်းပြချက်က အမြဲတမ်း ကောင်းမွန်သည် မဟုတ်မှန်း ခံစားမိလိုက်သည်။ ကလေးမလေးက သူ့ကို လာရိုက်ပေတော့မည်။ ထိုကြောင့် သူက အလောတကြီး ရှင်းပြလိုက်၏။
“အဲဒီလို မဟုတ်ပါဘူး။ သူက ကျွန်တော့်အဖေရဲ့ မိတ်ဆွေဟောင်းရဲ့ သမီးပါ။ ကျွန်တော့်အမေကလည်း သူ့ကိုသမီးအရင်းလို သဘောထားတာလေ”
ဒီတော့ နဥ်ရှောက်ယွင်ရှေ့မှာ ပေါ်မလာဘူးဆိုတာ မဖြစ်နိုင်ဘူးပေါ့။
ဒီရှင်းပြချက်က အမှန်ပင် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။ ဒေါ်ဒေါ်ဝေသည် ဆက်ပြီးတော့ မထိန်းနိုင်တော့ဘဲ သူ့အတွက် ပြောပေးလိုက်လေသည်။
“လူကြီးမင်းဟော်ကို ကျေးလက်ဘက်ကို ပို့ခံလိုက်ရတုန်းက လက်ထောက်ကျိုးရဲ့အဖေက သူ့ကိုတိတ်တိတ်လေး ကူညီပေးခဲ့တာလေ။ လူကြီးမင်းဟော်က ပြန်လည်ထူထောင်လာပြီးတဲ့နောက်ပိုင်းမှာ သူက ကျိုးမိသားစုနဲ့ အဆက်အသွယ်မပြတ် ရှိခဲ့တယ်။ ဟော်သခင်မကြီးကလည်း သူ့ကို အရမ်းသဘောကျတာလေ”
ကျိုးချန်ချန်သည် အချိန်ကိုက် ငိုယိုပြလိုက်၏။ “ကျွန်မကလေးဘဝကတည်းက ဟော်မိသားစုရဲ့ အထောက်အပံ့ကို ယူလာခဲ့တာ။ ကျွန်မက သူတို့တွေကို ကျေးဇူးပြန်ဆပ်လို့ မကုန်နိုင်မှန်းသိပါတယ်။ ဒါကြောင့်မလို့ ကျွန်မက စာကြိုးစားပေးဖို့ပဲ တတ်နိုင်တယ်လေ။ ကျွန်မ နိုင်ငံခြားမှာ (၃)နှစ်လောက် စီးပွားရေးစီမံဘာသာရပ်ကို လေ့လာခဲ့တယ်။ ကျွန်မ ကျောင်းပြီးသွားခဲ့ရင် ဟော်မိသားစုကို ကျေးဇူးပြန်ဆပ်မဲ့အကြောင်းကိုပဲ စဉ်းစားထားတာပါ”
“ကျွန်မက ဘွဲ့ရရခြင်း ပြန်လာတဲ့အခါ အစ်ကိုရွှယ်ဝမ်နဲ့အတူတူ ပြန်လာခဲ့တာလေ။ ကျွန်မမှာ တခြားအတွေးတွေ လုံးဝမရှိခဲ့ပါဘူး”
“စလာပြန်ပြီ” ရှမြန်က ပြောလိုက်သည်။ “ရှင် ဟော်မိသားစုကို ကျေးဇူးပြန်ဆပ်ချင်တယ်လို့ ကျွန်မတော့ မထင်ဘူး။ ရှင်ရဲ့လိုအင်ဆန္ဒကို မွေးမြူပေးခဲ့တာ ဟော်မိသားစုပဲ။ ရှင်က ဟော်မိသားစုကို အစားထိုး ချင်နေတာလား။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ရှင်က သူတို့မိသားစုထဲမှာ တမင်တကာ မငြိမ်မသက်ဖြစ်အောင် ဘာဖြစ်လို့လုပ်နေတာလဲ”
ဟော်ရွှယ်ဝမ်သည် ခေါင်းကိုက်သွားကာ မျက်ခုံးကို ပွတ်သပ်လိုက်ပြီး ပြောလိုက်လေသည်။
“ရှောင်ကျိုး မင်း အရင်ဆုံး ကုမ္ပဏီကိုပြန်တော့”
ကျိုးချန်ချန်၏ မျက်လုံးများမှာ မယုံမကြည်ဖြင့် ဝိုင်းစက်သွားတော့သည်။ “အစ်ကိုရွှယ်ဝမ်”
ရှမြန်က ခနဲ့လိုက်၏။ “ဒါက နိုင်ငံခြားမှာ စီးပွားစီမံပညာသင်လာပြီးတော့ ရှင့်ရဲ့ကျွမ်းကျင်မှုလား။ ပုဂ္ဂိုလ်ရေးခံစားချက်က အလုပ်ထက် ပိုအရေးကြီးတယ်တဲ့လား”
“စကားမစပ် အစည်းအဝေးက အရမ်းအရေးကြီးတယ် မဟုတ်လား။ အခု ရှင်တို့တွေ ရှင်တို့ရဲ့ကိစ္စတွေနဲ့ နာရီဝက်ကျော်လောက် အချိန်ဖြုန်းပြီးသွားပြီ။ ဒါမှမဟုတ် ရှင်က အရည်အချင်း မပြည့်မီတဲ့ လက်ထောက်တစ်ယောက်လား”
ကျိုးချန်ချန်...
ကျိုးချန်ချန်၏ မျက်နှာမှာ ပြာနှမ်းနေရာမှ မဲနက်သွားတော့သည်။ သူမက ဒေါသကြောင့် တုန်ယင်လို့နေ၏။ “တိတ်စမ်း နင်က ငါ့ကိုမေးခွန်းထုတ်ရအောင် နင့်ကိုယ်နင်ဘာလို့ ထင်နေတာလဲ”
“ဪ” ရှမြန်သည် သူမ၏အင်္ကျီလက်ကို လိပ်တင်လိုက်လေသည်။ “နင့်မှာ ဒေါသရှိသေးတယ်ပေါ့လေ။ ငါ ဘယ်သူလဲ ဟုတ်လား။ ငါ နင့်ကို ပြောလိုက်မယ်။ ငါက နင့်ထက်တော့ အများကြီးပိုပြီး မြင့်မြတ်တယ်”
“နင့်အဖေက လူကြီးမင်းဟော်ကို အကူအညီပေးခဲ့ရုံပဲ မဟုတ်ဘူးလား” ရှမြန်က ပြောလိုက်သည်။
“ငါက ဟော်မိသားစုရဲ့အကြီးဆုံးမြေးလေးကို ကိုယ်တိုင် ကယ်တင်ပေးခဲ့တာ။ နင်က မျိုးဆက်တစ်ခု ကွာခြားပြီးမှ ရောက်လာတဲ့ နောက်လူတစ်ယောက်ပဲ။ ငါနဲ့ လာယှဥ်နေရင်တော့ နင်က ရယ်စရာပဲ မဟုတ်လား”
“ငါက နင့်ကိုဒီနေရာမှာ အသေအလဲ ရိုက်မယ်ဆိုရင် နင့်ရဲ့အစ်ကိုရွှယ်ဝမ်ကတောင် ငါ့ကိုဘာတစ်ခွန်းမှ ပြောနိုင်မှာတောင် မဟုတ်ဘူး။ ဒီတော့ ငါက ငါ့ဒေါသကို ထိန်းထားနိုင်တုန်း ပါးပါးနပ်နပ်နဲ့ ဒီကနေထွက်သွားတော့”
ရှမြန်က ကျေးဇူးကြွေးကို ပြန်ပေးဆပ်ဖို့ အလွန်မှ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်ကို မြင်လိုက်သည်တွင် ကျိုးချန်ချန်သည် ပိုပြီးသရော်နေသည့်ဟန်ဖြင့် ဟော်ရွှယ်ဝမ်ကို ကြည့်လိုက်လေသည်။
ရှမြန်က တူတစ်စုံကို ဒီအတိုင်းကောက်ယူလိုက်ပြီး သူ့ကို စတင်ရိုက်နှက်တော့သည်။
“အမလေး...“
ရှမြန်က သူမထိုသို့ ပြောလိုက်သည်နှင့်ချက်ချင်း စတင်တိုက်ခိုက်လာမည်ဟု ထင်မထားခဲ့ချေ။ ထို့ကြောင့် သူမက ကမန်းကတန်း ထွက်ပြေးရုံသာ တတ်နိုင်တော့သည်။
သူမ၏နောက်တွင် ရှမြန်ကတော့ ခနဲ့ကာပြောလိုက်သေးသည်။
“သူက သူ့သူဌေးကို ဘယ်လို လေးစားရမလဲဆိုတာတောင် မသိဘူး။ သူက လုံးဝ ပညာရှင်မဆန်ဘူးနော်။ သူက အခြေအနေကိုတောင်မှ အကဲမခတ်တတ်ဘူးလေ။ သူက ဒီဉာဏ်ရည်နဲ့များ တကယ်ပဲ ဘွဲ့ရနိုင်သတဲ့လား။ သူက ဒီမှာ ကျေးဇူးလာဆပ်တာလား လက်စားလာချေတာလားဆိုတာကို ရှင်သေချာရော သိရဲ့လား”
ကျိုးချန်ချန်မှာ ဒေါသခြောင်းခြောင်း ထွက်သွားလေတော့သည်။
...