အပိုင်း(၅၉)
Vol. 4 Ch. 59
“အဲဒီနောက်မှာတော့ သူတို့လက်ထပ်ပြီးသွားတဲ့အခါ သူက ညစ်ညမ်းတဲ့လှည့်ကွက်တွေကို သုံးခဲ့တာပေါ့”
ရှမြန်မှာ သဘောကျသွားတော့သည်။ “ဒီလောကထဲမှာ လူထူးလူဆန်းတွေကမှ အများကြီးပဲ။ ယောက်ျားတွေက သူတို့ရဲ့မိန်းမတွေကို ဖောက်ပြားတယ်ဆိုတဲ့ သတင်းပဲ ကြားခဲ့ဖူးတာ။ ဒါပေမဲ့ အမေတစ်ယောက်က သူ့သားအတွက် မယားငယ်တစ်ယောက် ကြိုးစားရှာပေးနေတယ်ဆိုတာကိုတော့ ပထမဦးဆုံး ကြားဖူးတာပဲ”
“ဒီတော့ အဘွားကြီးက ကျိုးချန်ချန်ကို သူ့ချွေးမလို တကယ်ချစ်တာပေါ့။ ပြီးတော့ အစ်မနဥ်ကိုကြတော့ သူ့ဘေးက ဆူးတစ်ချောင်းလို့ မြင်တယ်ပေါ့” ရှမြန်သည် ဝေဖန်ဆန်းစစ်လေသည်။
“ကျိုးချန်ချန်က ညည်းညူပြောဆိုလိုက်ရင် အဘွားကြီးက ကျွန်မတို့ကို သေချာပေါက် ပြဿနာလာရှာလိမ့်မယ်။ ပြီးတော့ အစ်မနဥ်ကိုလည်း အပြစ်ပေးပါတယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရိုက်လိမ့်မယ် ဟုတ်လား”
“ဒါက ကျွန်မကံကောင်းတာနဲ့ ဘာဆိုင်လို့လဲ”
နဥ်ရှောက်ပိုင်က ရယ်မောလိုက်သည်။
“ဟော်မိသားစုရဲ့အဘွားကြီးက ကြီးကျယ်ခမ်းနားတဲ့ ဝါသနာအမျိုးမျိုးကို စိတ်ဝင်စားတယ်လေ။ သူက သခင်ကြီးဟော် ကြိုက်တတ်တဲ့ အရာမှန်သမျှကို ကြိုက်တယ်။ သခင်ကြီးဟော်က အခုလတ်တလောနှစ်တွေမှာ တံဆိပ်ခေါင်း စုရတာကို စွဲလမ်းနေတာလေ”
ရှမြန်ကလည်း အော်ရယ်လိုက်လေသည်။ “ရှင်က ကျွန်မကို အဘွားကြီးကို အနိုင်ကျင့်ဖို့ အားပေးနေတာလား”
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ “မနေ့တုန်းက တစ်ယောက်ယောက်က ဒီခြံဝင်းကြီးကို အရင်ဆုံး လက်လွှဲယူမယ်လို့ ကြွားနေခဲ့တာ မဟုတ်ဘူးလား”
“အယ်” ရှမြန်က ပြောလိုက်၏။ “ကျွန်မက ကျိုးချန်ချန်ကို မောင်းထုတ်ဖို့ အထူးတလည် အဲ့ဒီလိုလုပ်ခဲ့တာပါ။ အဲဒီလောက်လည်း မလွယ်ပါဘူး”
နဥ်ရှောက်ပိုင်က ပြုံးကာ ပြောလိုက်လေသည်။ “ငါက ဒါကို လွယ်တယ်လို့ ပြောတယ်ဆိုရင်ရော”
“ရှင် ကျွန်မကို လှည့်စားဖို့ ကြိုးစားနေတာလား”ရှမြန်သည် အရင်ဆုံးလက်ဦးမှု ရယူလိုက်ပြီး ချစ်စဖွယ် လုပ်ပြလိုက်လေသည်။ “ရှင်ဟာလေ ဒီလောက်အထိ စိတ်သဘောထားကောင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး နဥ်ရှောက်ပိုင်ရယ်”
နဥ်ရှောက်ပိုင်က သူ့လက်ကို မြှောက်လိုက်ပြီး သူမ၏ဦးထုပ်အနားကို ဖိချလိုက်၏။ “ဒါဆိုရင်တော့ မင်းက စိတ်ကိုထိန်းထားပြီး အကြီးတွေကို အနိုင်မကျင့်ဖို့ သတိထားမှ ဖြစ်မယ်”
“ဒါပေါ့ ဒီနတ်သမီးလေးက ကြီးသူကိုရိုသေပြီး ငယ်သူကို လေးစားတတ်ပါတယ်” ရှမြန်က ပြောလိုက်သည်။ “သူက ကျွန်မကို ပြဿနာ လာမရှာသရွေ့ပေါ့”
အကယ်၍များ သူမ ငြိမ်နေတုန်းလာပြီး အနိုင်ကျင့်မည်ဆိုလျှင်တော့ တန်ရာတန်ကြေး ပြန်ပေးရလိမ့်မည်။ ဒါသည် သူမ၏ နေထိုင်ပုံ စည်းမျဉ်းစည်းကမ်း ဖြစ်လေသည်။
ရှမြန်က နဥ်ရှောက်ပိုင်ကို စွပ်စွဲချင် ဟန်ဆောင်လိုက်ပြီးနောက်တွင် တစ်ဖက်လူကလည်း သူ့မျက်နှာကို အရိုက်ခံဖို့ ရှေ့တိုးလာလေသည်။ ဒါသည် သူမကို အမှန်ပင် အပြစ်ပြောလို့ မရတော့ချေ။
တံခါးတွင်ရပ်နေသည့် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ကို ကြည့်လိုက်ပြီး နဉ်ရှောက်ပိုင်သည် အနည်းငယ် အကျင့်ပုပ်သော်ငြားလည်း ကိစ္စရပ်များကို ကြိုတင်ခန့်မှန်းရာတွင် အလွန်မှ အရည်အချင်းရှိသည်ဟု ရှမြန်သည် ဝန်ခံရတော့သည်။
ထိုအချိန်တွင် သူမသည် နဉ်ရှောက်ပိုင်ကို စနောက်ပြီးနောက် ပြန်ရောက်လာစပင် ရှိသေးသည်။
သူမသည် တံခါး(၃)ခုပါသည့်အိမ်ဝင်းကြီးကို စိတ်ကြိုက်လည်ပတ်ခဲ့သည်။ ရှမြန်သည် တစ်လမ်းလုံး တအံ့တဩ ဖြစ်လာခဲ့လေသည်။ နဥ်ရှောက်ပိုင်က တကယ့်ကို အမြင်ကောင်းကောင်းရှိတာပဲ။ သက်သောင့်သက်သာရှိတဲ့ လူနေမှုဘဝနဲ့ ရှေးခေတ်ဆန်ဆန် ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်တွေကို ထည့်သွင်းစဉ်းစားထားတော့ ဒါကအရမ်းကို အနုပညာဆန်တာပဲ။
သူမသည် ခြံဝင်းတစ်ခုဝယ်ခဲ့လျှင် ထိုခြံဝင်းကို ထိုနည်းတူ အလှဆင်ရလိမ့်မည်ဟု ရှမြန်က ဆုံးဖြတ်လိုက်သည်။
“ရှင်ကလေ ရှင့်ရဲ့အကျင့်ယုတ်ပြီး အဆိပ်ပြင်းတဲ့ အကျင့်စရိုက်ကိုသာ ပြောင်းလိုက်မယ်ဆိုရင် ရှင်က ကျွန်မရဲ့အပြီးပြည့်စုံဆုံးသော ညီမတစ်ယောက် ဖြစ်လာလိမ့်မယ်” ရှမြန်က လေးနက်သည့်အကြံတစ်ခု ပေးလိုက်၏။ “တကယ်ပြောတာ” ထို့နောက်တွင်တော့ သူမက ပြေးထွက်သွားတော့သည်။
နဥ်ရှောက်ပိုင်သည် အံကြိတ်ရုံသာတတ်နိုင်ပြီး သူမ၏ကျောကို စိုက်ကြည့်နေမိလေသည်။
“စိတ်မကောင်းပါဘူး။ မင်း ကလေးတွေအတွက် ရေသေနတ် ဝယ်ပေးဖို့ လိုသေးတယ် မဟုတ်လား။ လမ်းကြားလေးရဲ့ဝင်ပေါက်ကနေ ဘယ်ဘက်ကို ချိုးလိုက်။ အဲဒီမှာ ဆိုင်တစ်ဆိုင်ရှိတယ်။ သွားကြမယ်”
“ရှင် ကျွန်မကို မောင်းထုတ်နေတာလား” ရှမြန်သည် သူ့သဘောထားကို အလွန်မှ မကျေမနပ် ဖြစ်သွားတော့သည်။ သူမက မျက်စောင်းထိုးပြလိုက်ပြီး သူမ၏အရင်ဘဝက တားမြစ်မြို့တော်အတွင်း သဘာဝလွန်ကိစ္စရပ်များအကြောင်း လူများက ရှင်းလင်းပြောပြထားသည့် အကြောင်းအရာများကို သတိရသွားလေသည်။ “အိမ်ဟောင်းတွေမှာ ဘာဖြစ်လို့ လူတွေ အများကြီး ရှိနေတယ်ဆိုတာကို ရှင်သိလား”
နဥ်ရှောက်ပိုင်၏ မျက်နှာက ပြောင်းလဲသွားသည်။ သူက သူမ၏ပခုံးကို ဆွဲလှည့်ဖို့ရန် ရှေ့သို့ ခြေ(၂)လှမ်း မြန်မြန်တက်လာလေသည်။
“ငါ မသိချင်ဘူး မင်းအလုပ်သာ မင်းသွားလုပ်တော့”
ရှမြန်က မြန်မြန်ပြောလိုက်သည်။ “ရှင် မသိခဲ့ရင် ပိုပြီးတော့ နောင်တရသွားမယ်နော်။ တကယ်တမ်းကျတော့ သရဲတစ္ဆေတွေကို သိပ္ပံနည်းကျ ရှင်းပြလို့ရပါတယ်။ သိပ္ပံနည်းကျရှင်းပြချက်တွေ သိသွားမယ်ဆိုရင် ရှင်က စည်းမျဉ်းစည်းကမ်းတွေကို သိလာလိမ့်မယ်။ ထပ်ပြီးတော့ ကြောက်တော့မှာ မဟုတ်ဘူး”
နဥ်ရှောက်ပိုင်သည် သူမ၏အလိမ်အညာကို ယုံသွားလေသည်။ သို့သော်ငြားလည်း ခြံဝင်းက အလွန်မှကြီးမားနေသဖြင့် သူသည် သူမကို တံခါးဆီသို့ တွန်းထုတ်မသွားနိုင်သည်ကိုပင် နောင်တရသွားတော့သည်။
သူမက ဆက်ပြီးပြောနေသည်။
“တကယ်ပြောတာ။ ဒီအိမ်ဟောင်းတွေရဲ့ အပြင်ဘက်က ပန်းချီကားတွေမှာ သတ္တုဓာတ်တွေ ရှိနေတယ်။ သတ္တုဓာတ်တွေမှာ သူတို့ကိုယ်ပိုင် သံလိုက်ဆွဲငင်အားတွေ ရှိတယ်။ ဒီသံလိုက်ဆွဲငင်အားတွေက ကျွန်မတို့ရဲ့ ဗီဒီယိုတိတ်ခွေတွေလိုပဲ ဟိုးအစောကြီးကတည်းက ပုံရိပ်တွေကို မှတ်တမ်းတင်လာခဲ့တာ”
ရှမြန်သည် ထိုစကားကို ပြောလိုက်ချိန်တွင် သူမ၏အသံကို ရုတ်တရက် တိုးညှင်းလိုက်ပြီး စိတ်မကောင်းဖွယ်ရာပုံစံနှင့် ပြောလိုက်၏။ “အချိန်တစ်ခု ရောက်လာတဲ့အခါမှာတော့ လပြည့်ည ဒါမှမဟုတ် လေပြင်းထန်တဲ့ ညတစ်ညမှာလိုပဲ နောက်ပြန်ရစ်တဲ့ ခလုတ်ကို ဖွင့်မိသွားသလိုပဲလေ။ တကယ်လို့ ရှင် ကျွန်မကို မယုံဘူးဆိုရင် အဲဒီအချိန်ကျရင် အပြင်ထွက်ပြီး တစ်ချက်လောက် ကြည့်ကြည့်လိုက်ပေါ့။ ခြံဝင်းထဲမှာ သေချာပေါက် လူတွေအများကြီးနဲ့ ပြည့်နှက်နေမှာ”
“ဟုတ်ပါတယ် ဒါက သိပ္ပံနည်း ကျရှင်းပြချက်ပါပဲ။ တကယ်လို့ ဒါက သိပ္ပံနည်းကျ မဟုတ်ဘူးဆိုရင်တော့...“
နဥ်ရှောက်ပိုင်၏ မျက်နှာသည် ညိုမဲသွားပြီး သူက အံကြိတ်ကာဖြင့် သူမ၏စကားကို ဖြတ်ပြောလိုက်သည်။ “ငါ မင်းကို ဆွဲထုတ်ရအောင် ဖိအားမပေးနဲ့နော်။ ဟုတ်ပြီလား”
ရှမြန်သည် လက်တစ်ဖက်ဖြင့် သူမ၏ဦးထုပ်ကို မြန်မြန်ဖိချထားလိုက်ပြီး ကျန်သည့်လက်တစ်ဖက်က ရှောင်ဖုန်းကို ကောက်ချီလိုက်ကာ ခြေလှမ်း(၂)လှမ်းဖြင့် ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး မြန်မြန် ပြောလိုက်သေးသည်။ “ရှင်ဒီနေ့ည သူ့ကို တွေ့တဲ့အခါကျရင် မေးလိုက်ပေါ့။ ဒီလိုဆိုရင် သူက ရှင့်ရဲ့သံသယတွေကို ကူဖြေရှင်းပေးလိမ့်မယ်”
နဥ်ရှောက်ပိုင်သည် တံခါးကို ဝုန်းခနဲ ပိတ်လိုက်လေတော့သည်။
ရှမြန်က ရှောင်ဖုန်းကို ပွေ့ဖက်ထားပြီး ဝင့်ကြွားစွာဖြင့် အော်ရယ်လေတော့သည်။ “တကယ်တော့ ဒါက နေ့ခင်းပိုင်းမှာ ရုပ်သံလွှင့်နေသလိုပါပဲ။ ဒါပေမဲ့ အလင်းရောင်က အရမ်းထင်းနေတော့ ရှင့်အတွက် ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်ဘူးလေ”
ဟင်္သာပြဒါးရောင်တံခါးသည် ပြန်ပွင့်သွားပြီး နဥ်ရှောက်ပိုင်က မျက်နှာသေတစ်ခုဖြင့် နောက်က လိုက်ပြေးလာသည်။ ရှမြန်သည် ရှောင်ဖုန်းကိုပွေ့ကာ လျင်လျင်မြန်မြန် ထွက်ပြေးလေတော့သည်။
ထို့နောက်တွင်တော့ သူမသည် တံခါးနားတွင် အလွန်မှဣန္ဒြေရသည့် သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရလေသည်။
နွေရာသီ ကုန်ဆုံးပြီးစ ဖြစ်သော်ငြားလည်း ယန်မြို့၏အပူဓာတ်က ပျောက်ကွယ်မသွားသေးချေ။ အလည်လာသူသည် အနောက်တိုင်းဝတ်စုံပြည့်ဖြင့် ဖဲပြားပုံလည်စည်းတစ်ခုကို တပ်ဆင်ထားသည်။
သူသည် ချမ်းသာသည့် အနောက်တိုင်းသူဌေးကြီးများ၏ အိမ်တော်ထိန်းတစ်ယောက်လို ၀တ်စားထားသည်မှာ သိသာလေသည်။ သို့သော်ငြားလည်း သူ၏ပူထွက်နေသည့်ဗိုက်ကြီးနှင့် ဝံ့ကြွားနေသည့်ပုံစံ၊ မေးကိုချီထားပြီး မျက်လုံးကို ကျုံ့ထားသည့်ပုံက ရှမြန်ကို ရုပ်ရှင်တီဗီများထဲက မိန်းမစိုးများကို သတိရသွားစေတော့သည်။ မိန်းမစိုးက မေးကိုချီထားပြီး တံခါးတွင် ရပ်နေသည်ကို မြင်လိုက်ရ၏။ သူ့နောက်က ဒရိုင်ဘာက ရှေ့ကိုတက်လာကာ တံခါးကိုခေါက်လေသည်။
ဒေါ်ဒေါ်ဝေက တံခါးကို ဖွင့်ပေးလိုက်ပြီး တစ်ဖက်လူက ထိုအခိုက်အတန့်တွင် မှင်တက်အံ့ဩသွားသည်ကို မြင်လိုက်ရ၏။ ထို့နောက်တွင်တော့ သူမသည် ပြုံးပြပြီး သူ့ကို နှုတ်ဆက်လိုက်လေ၏။ “ဒါက အိမ်တော်ထိန်းဖူ မဟုတ်လား။ ရှင် ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ”
အိမ်တော်ထိန်းဖူသည် လက်နောက်ပစ်ထားကာ ပြောလိုက်၏။ “သခင်မလေးနဲ့ သခင်ငယ်လေးတို့က ယန်မြို့ကို ပြန်လာပြီလို့ ကျွန်တော် ကြားလိုက်လို့ပါ။ ကျွန်တော်တို့ သခင်မကြီးက သူ့မြေးကို သတိရနေတာလေ။ ဒါကြောင့် သူက သူတို့ကိုလာကြိုပေးဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ”
ရှမြန်သည် ပတ်ဝန်းကျင်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။ တယ်လီဖုန်းရုံနှင့် ဆိုင်ငယ်လေးများက ထိုနေရာတွင် ရှိနေသေးသည်။ မကြာခဏဆိုသလို ဖြတ်သွားသည့်စက်ဘီးများကိုလည်း မြင်နေရသည်။ ဟုတ်ပါသည်။ သူမသည် ခရီးသွားလာခဲ့ခြင်း မဟုတ်ဘဲ ခေတ်သစ်ကာလတွင်ပင် ရှိနေသေးသည်။ နဥ်ရှောက်ပိုင်သည် ငါတော့ သင်ခန်းစာရသွားပြီဟု ပြောနေသည့် ရုပ်တစ်ခုကို ဆောင်ထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “ဒါက ဟော်မိသားစုက သခင်မကြီးရဲ့ ဆွေမျိုးတစ်ယောက်လေ”
“မယ်တော်ကြီးရဲ့ အမျိုးအရင်းပေါ့”
ရှမြန်သည် သူမ၏ခန္ဓာကိုယ်ပေါ်က ကြက်သီးထသွားသည့်အဖြစ်ကို ခါချလိုက်လေသည်။ မိသားစုနောက်ခံနှင့် ပတ်သက်လာလျှင် ဟော်မိသားစုသည် နဥ်မိသားစုထက် အနည်းငယ် နိမ့်ပါးသေးသည်။ နဥ်မိသားစုက ဒီလိုအလွန်မှ ဝင့်ကြွားထည်ဝါစွာလုပ်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဧကန္တ ဒီအဘွားကြီးက တီဗီဇာတ်လမ်းထဲမှ ထိုအရာအားလုံးကို သင်ယူလေ့လာထားပါသည်လား။
ရှမြန်နှင့် နဥ်ရှောက်ပိုင်တို့က ဝင်သွားသည့်အချိန်တွင် ဟော်ရွှယ်ဝမ်သည် ဆူညံသံကို ကြားခဲ့ပြီးဖြစ်ရာ ပင်မအခန်းထဲသို့ ထွက်လာလေသည်။ “ဦးလေးဖူ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ”
ဦးလေးဖူက ပြောလိုက်သည်။ “သခင်လေးက သခင်မလေးနဲ့ သခင်ငယ်လေးတို့ကို ပြန်မခေါ်လာတာကို သခင်မကြီးက မြင်လိုက်လို့ ကျွန်တော့်ကို ဒီနေ့ ဒီကိုလွှတ်လိုက်တာပါ”
ဟော်ရွှယ်ဝမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ “ကျွန်တော် အိမ်ကို ဖုန်းဆက်ထားပြီးပြီပဲ။ မနက်ဖြန် မနက်စောစောကျမှ ပြန်လာခဲ့မယ်”
ဦးလေးဖူက ပြောလိုက်သည်။ “ကျွန်တော် အဲ့စကားကိုတော့ မကြားခဲ့ပါဘူး။ ကျွန်တော် ထွက်မလာခင်တုန်းက သခင်မကြီးရဲ့ မှာကြားချက်က သခင်မလေးနဲ့ သခင်ငယ်လေးတို့ကို ပြန်ခေါ်လာရမယ်လို့ပဲ ကြားထားတာပါ”
“ဒါနဲ့စကားမစပ်” ဦးလေးဖူက ပြောလိုက်သည်။ “သခင်လေးက ဘာဖြစ်လို့ အလုပ်မသွားသေးတာလဲ။ မိန်းကလေးကျိုးက ပြောတယ်။ သခင်လေး ဒီမနက်အစောမှာ အရေးပေါ်အစည်းအဝေးတစ်ခု ရှိတယ်ဆို”
သူက နဥ်ရှောက်ယွင်ကို ကြည့်လိုက်လေသည်။ နင်ရှောက်ယွင်သည် မနက်ခင်းအစောပိုင်း ရုံးတော်ကို တက်ရောက်ဖို့ရန် ဘုရင်ကြီးကို တားမြစ်ပြီး မြှူဆွယ်ထားသည့် ဆိုးဝါးသည့်မိဖုရားတစ်ယောက်နှယ် ဖြစ်နေလေသည်။
အခုတော့ ရှမြန်သည် ဟော်ရွှယ်ဝမ်က ကျိုးချန်ချန်၏ ကျူးလွန်မှုကို အမှန်ပင်မသိခဲ့ကြောင်း ယုံကြည်သွားတော့သည်။ နောက်ဆုံးတော့ ဟော်မိသားစု၏ ထူးခြားဆန်းကြယ်သည့် စည်းမျဉ်းစည်းကမ်းများက မျိုးရိုးလိုက်နေသည်ပဲ။
ကံကောင်းချင်တော့ ဟော်ရွှယ်ဝမ်က သာမန်လူတစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် သူ့ကိုအရင်က ဘယ်သူကမှ သတိမပေးခဲ့ချေ။ သို့သော်ငြားလည်း ဒီမနက်ခင်းက ရှမြန်၏ဆူပူခြင်းက သူ့ကို တချို့ပြဿနာများကို သိမြင်လာစေလေသည်။
ဒီအခိုက်အတန့်တွင် သူက ပြောလိုက်၏။ “ဒီနေ့ ဘာအရေးကြီးကိစ္စမှ မရှိပါဘူး။ ကျွန်တော် အလုပ်မသွားဘူး။ ဒါက ဦးလေး စိတ်ပူပေးရမဲ့ ကိစ္စမဟုတ်ပါဘူး ဦးလေးဖူ”
“ရှောက်ယွင်နဲ့ ချန်းချန်းတို့က မနေ့ကမှ ပြန်လာကြတာလေ။ သူတို့ဒီနေ့ အနားယူဖို့လိုသေးတယ်။ ကျွန်တော် မနက်ဖြန်ကျရင် အမေ့ကိုခေါ်တွေ့ဖို့အတွက် သူတို့ကို ခေါ်လာလိုက်ပါမယ်”
ဦးလေးဖူသည် မျက်မှောင်ကြုတ်လိုက်ပြီး နဥ်ရှောက်ယွင်ကို တည့်တည့်မတ်မတ် ကြည့်လိုက်လေသည်။ “ဒါက သခင်မလေးရဲ့ သဘောထားလား”
“ကျွန်တော်ကတော့ ဘာမှပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သခင်မလေးက သခင်ငယ်လေးကို မင်မြို့ကနေ ခေါ်ပြန်လာပြီးတော့ ဘယ်လိုလုပ်ပြီး အိမ်ပြန်မလာနိုင်ရတာလဲ။ တကယ်လို့ ဒီအကြောင်းကို အပြင်လူတွေသာ သိသွားမယ်ဆိုရင် ကျွန်တော်တို့မိသားစုက ကျင့်ဝတ်သိက္ခာတွေကို လျစ်လျူရှုထားတယ်လို့ ပြောကြတော့မှာပဲ” ရှမြန်သည် မှင်တက်အံ့သြသွားတော့သည်။ အိမ်တော်ထိန်းတစ်ယောက်က အိမ်ရဲ့အရှင်သခင်မကို တကယ်ပဲ စပြီးဆူဆဲလေသတဲ့။
နဥ်ရှောက်ယွင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ဦးလေးဖူ ကျွန်မတို့တွေက ကျင့်ဝတ်သိက္ခာအကြောင်း ပြောနေကြပြီဆိုတော့ ကျေးဇူးပြုပြီးတော့ ဦးလေးရဲ့အဆင့်အတန်းကို ဂရုစိုက်ပါ။ ဦးလေးက အိမ်တော်ထိန်းတစ်ယောက်ပါပဲ”
“ရှင်က ရှင့်ရဲ့သခင်လေးနဲ့ ကျွန်မကို အပြင်လူရှေ့မှာ ဆူပူနေတာပဲ။ တကယ်လို့ တစ်ယောက်ယောက်သာ မြင်သွားမယ်ဆိုရင် ရှင်က ကျွန်မတို့ဟော်မိသားစုရဲ့ သခင်ကြီးလို့ သူတို့တွေ ထင်သွားဦးမယ်။ ရှင်က ဟော်မိသားစုကို ရယ်စရာဖြစ်အောင် လုပ်နေတာပဲ”
ဦးလေးဖူသည် ပုံမှန်ဆိုလျှင် အိမ်တွင် တိတ်ဆိတ်နေတတ်သည့် နဥ်ရှောက်ယွင်က သူ့ကို တိုက်ရိုက်ငြင်းပယ်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူသည် အခိုက်အတန့် မှင်တက်အံ့ဩသွားပြီးနောက်တွင် ခြံဝန်းထဲကလူများ၏ အကြည့်များကို သတိထားမိလိုက်လေသည်။
အထူးသဖြင့် ဦးထုပ်ဆောင်ထားသည့် ကလေးမလေးတစ်ယောက်သည် သူ၏ ရုပ်အသွင်ကို ရယ်မောနေသည့်ဟန်ဖြင့် ထူးဆန်းနေသည့်ပုံ ဖြစ်နေလေသည်။
နဉ်ရှောက်ပိုင်က ခနဲ့လိုက်ပြီး သူ့မျက်လုံးထဲတွင် အထင်သေးရိပ်များ ဖော်ပြနေ၏။
“ကျွန်တော်တို့တွေက ဟော်မိသားစုရဲ့ကျင့်ဝတ်သိက္ခာတွေကနေ တကယ်ပဲ သင်ခန်းစာတစ်ခု ရခဲ့ပါတယ်”
ဦးလေးဖူသည် ဒီလိုထူးဆန်းသည့် ဝတ်စားဆင်ယင်မှုဖြင့် သူ့ကိုယ်သူ လယ်သမားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ပေသည်။ သူသည် ကျင့်ဝတ်သိက္ခာအများအပြားကို ဂရုစိုက်သည့်သခင်မကြီးအတိုင်းပင် ဖြစ်လေသည်။
အထူးသဖြင့် နဥ်မိသားစုက ဟော်မိသားစုထက် ပိုပြီးအဆင့်မြင့်သည့် အရာများ ရှိနေသည်တွင် နဉ်ရှောက်ပိုင်က ဒီလိုထုတ်ပြောလိုက်ချိန်တွင် သူ့မျက်နှာသည် ချက်ချင်းနီရဲသွားပြီး သူက ဒေါသတကြီး ပြောလိုက်၏။ “သခင်လေးနဥ် ကျွန်တော်က သခင်မကြီးရဲ့သတင်းစကားကို ဒီအတိုင်းလာပါးပေးရုံပါ”
သူသည် ရှဝမ်ယွဲ့နှင့် သူမ၏သမီးကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတော့ သူတို့၏ရိုးရှင်းသည့် စိတ်သဘောထားတွင် အပေါ်စီးရသွားသလို ခံစားလိုက်ရလေသည်။
“ကျွန်တော်တို့ရဲ့သခင်လေးငယ်ကို ကယ်တင်ပေးခဲ့တဲ့ မိန်းကလေးကလည်း ဒီမှာရှိနေတယ်လို့ ကျွန်တော် ကြားထားတယ်။ သခင်မကြီးက သူ့ကိုတွေ့ချင်တယ်လို့ ပြောနေတယ်။ နောက်ဆုံး သူက ဟော်မိသားစုရဲ့ အကြီးဆုံးမြေးလေးကို ကယ်တင်ပေးခဲ့တာလေ။ ဒီတော့ သူ့ကို မမျှမတ ဆက်ဆံလို့ မဖြစ်ဘူးပေါ့”
ရှမြန်သည် မျက်လုံးများကို ပင့်ထားလိုက်၏။ ဒီလိုသပိတ်ကြီးကို လာပေးနေတဲ့ပုံထောက်တော့ ငါက သူ့ရဲ့ကျေးဇူးအတွက် ဘုရားရှင်ကိုပဲ ကျေးဇူးတင်ရမယ်ပေါ့။
ဟော်ရွှယ်ဝမ်သည် ဒါက လုံးဝမသင့်တော်လေဘူးဟု ခံစားလိုက်ရလေသည်။ အစပိုင်းတွင် သူသည်လည်း အဘွားကြီးလို တူညီသည့်စိတ်သဘောထား ရှိခဲ့သည့်အပြင် တစ်ဖက်လူက မြို့ငယ်လေးတစ်ခုက မိဘမဲ့တစ်ယောက် ဖြစ်နေသည်ကို စဉ်းစားလိုက်မိသည်တွင် သူ့ကို ညစာဖိတ်ကျွေးပြီး ငွေတချို့ ပေးလိုက်ခြင်းက လက်တွေ့အကျဆုံး ဆုလာဘ်တစ်ခုဟု ထင်ခဲ့လေသည်။
သို့သော်ငြားလည်း သူမနှင့် တွေ့ခဲ့ပြီးနောက်ပိုင်းတွင် ရှမြန်သည် သူ့စိတ်ကူးထားခဲ့သည့် မိဘမဲ့ကလေးတစ်ယောက်လို လုံးဝမဟုတ်ကြောင်း တွေ့လိုက်ရသည်။ ရှောက်ယွင်မပြောနှင့် နဥ်ရှောက်ပိုင်လို အေးစက်စက် ဘာမှဂရုမစိုက်တတ်သည့် လူတစ်ယောက်ကပင် သူမနှင့် အင်မတန် ရင်းနှီးနေသည်။
ဒါသည် သာမန်ကာလျှံကာ ဆက်ဆံလို့ရနိုင်သည့် လူတစ်ယောက် လုံးဝမဟုတ်ချေ။ ဒီလိုအစီအစဉ်မျိုးကို ထပ်လုပ်နေလျှင် စော်ကားရာကျပေလိမ့်မည်။
ဟော်ရွှယ်ဝမ်က ရှမြန်ကို တောင်းပန်ကြည့် ကြည့်လိုက်ပြီး ပြောလိုက်၏။ “ကျွန်တော် တောင်းပန်ပါတယ် ရှမြန်။ အမေက မင်းရဲ့အခြေအနေကို သိပ်မသိလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ပြန်သွားပြီးရင် ဒီကိစ္စကို ကိုယ်တိုင်ပြန်ပြောလိုက်ပါ့မယ်”
ဦးလေးဖူသည် ဟောရွှယ်ဝမ်က ရှမြန်အပေါ် အလွန်မှ ယဉ်ကျေးနေသည်ကို မြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်လိုက်လေသည်။ “သခင်လေး သခင်မကြီးက အားလုံးကို စီစဉ်ထားပြီးပါပြီ”
သူက ထိုသို့ပြောလိုက်ပြီးနောက်တွင် သူ့နောက်ကလူကို ကြည့်လိုက်၏။ သူ့နောက်က ဒရိုင်ဘာသည် ချက်ချင်းဆိုသလို အိတ်(၂)လုံးနှင့် ရှေ့သို့တက်လာပြီး ရှမြန်ကို လှမ်းပေးလိုက်လေသည်။
“ဒါက ကျေးဇူးတင်စိတ်ရဲ့ သေးငယ်တဲ့ပမာဏလေးတစ်ခုပါ။ သခင်မကြီးက သန်ဘက်ခါကျရင် မိန်းကလေးရှအတွက် စားသောက်ပွဲတစ်ခုကို ကျင်းပပါလိမ့်မယ်။ ကျေးဇူးပြုပြီးတော့ သေချာပေါက် လာပေးပါ”
ဟော်ရွှယ်ဝမ်နှင့် နဥ်ရှောက်ယွင်တို့၏ အမူအရာသည် တစ်ချိန်တည်းတွင် ပြောင်းလဲသွားတော့သည်။
“ဦးလေး...“
“ဦးလေးဖူ”
သို့သော်ငြားလည်း ရှမြန်က အိတ်ကို မြန်မြန်လှမ်းယူလိုက်၏။ “ကောင်းပါပြီ” သူမက အပြုံးဖြင့်ပြောလိုက်သည်။ “သခင်မကြီးက အဲဒီလောက် ကောင်းကောင်းမွန်မွန် စီစဉ်ထားတာပဲ။ ကျွန်မက ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မှာလဲ”
နဥ်ရှောက်ပိုင်သည် ရှမြန်၏မျက်နှာပေါ်က အမူအရာကို သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီး ဖုန်းခေါ်တော့မည့် သူ့လက်ကို ရပ်လိုက်လေသည်။
ကြည့်ရတာတော့ အစီအစဉ်ကို(၂)ရက်လောက် ရွှေ့ဆိုင်းထားရမည့်ဟန်တူသည်။ အနည်းဆုံး ဒီကလေးမလေးကို သူမ၏ ဒေါသကို အရင်ဆုံး ဖွင့်ချခွင့်ပေးထားပြီး သူမကို ဒေါသများ သိမ်းမထားရအောင် လုပ်ပေးရလိမ့်မည်။
ဟော်ရွှယ်ဝမ်သည် ရှမြန်၏ အပြုံးက ထူးဆန်းနေသည်ဟု အမြဲတမ်း ခံစားနေရသည်။ သို့သော်ငြားလည်း သူ့မိသားစုက အရင်ဆုံး ရိုင်းပြခဲ့သဖြင့် သူသည် ဘာတစ်ခုမှမပြောနိုင်ဘဲ မျက်မှောင်ကြုတ်ရင်းသာ နေရတော့သည်။
ဦးလေးဖူက သူ့မျက်လုံးထဲတွင် ကျေနပ်သွားသည့် အရိပ်အယောင်တစ်ခုဖြင့် ကျေကျေနပ်နပ် ခေါင်းညိတ်ပြလိုက်၏။
သူက တကယ်တော့ ဟော်မိသားစုကို မျက်နှာလုပ်ချင်နေသေးတဲ့ ဘာမှမသိနားမလည်တဲ့ တောသားတစ်ယောက်ပါပဲလေ။
ဟဟ။
...