အပိုင်း(၆၀)
Vol. 4 Ch. 60
ဟော်ရွှယ်ဝမ်သည် ဒါက အမှန်တကယ်ပင် အလုပ်မဖြစ်လေဘူးဟု ခံစားမိလေသည်။ သူသည် သူ့အမေ၏ လူယုံတော်များကို မထိန်းချုပ်နိုင်ချေ။ ထိုကြောင့် သူက နဥ်ရှောက်ယွင်ကိုသာ နှုတ်ဆက်စကားပြောလိုက်ပြီး ဦးလေးဖူကို ကိုယ်တိုင် ခေါ်ထုတ်သွားတော့သည်။
နဥ်ရှောက်ယွင်သည် ထိုနေ့တွင် ရှမြန်နှင့်အတူ ဟော်မိသားစုသို့ ပြန်သွားရမည်ဟု စဉ်းစားလိုက်လေသည်။ ရှမြန်သည် တစ်ခုခုကို ခံလာရလိမ့်မည့်သူ မဟုတ်မှန်း သူမ သိနေသော်လည်း ဟော်မိသားစုက ရှမြန်ကို စော်ကားမည်ကိုတော့ ခွင့်မပြုနိုင်ပေ။
ရှမြန်က ကြီးစွာသော စိတ်ဝင်စားမှုဖြင့် မိန်းမစိုးကြီး ထားခဲ့သည့်အိတ်ကို ဖွင့်ကြည့်လိုက်၏။ ပွယောင်းယောင်း မုန့်ဘူးတချို့အပြင် အလွန်မှ ရှေးဆန်သည့် လရောင်ဖြူ ဝတ်စုံတစ်ခုလည်း ပါလေသည်။
ရှမြန်မှာ မနေနိုင်တော့ဘဲ အသံထွက် အော်ရယ်မိတော့သည်။ ဒါသည် မယ်တော်ကြီးတစ်ယောက် ဝတ်သည့် ဝတ်စုံအမှန်ပင် ဖြစ်လေသည်။ သူမက ပရိသတ်ရှေ့တွင်ပင် ဒီလိုရှေးဆန်သည့် အဝတ်အစားများကို ထုတ်ပေးခဲ့သေးသည်။
ဦးလေးဖူ၏ အဝတ်အစားကို စဉ်းစားလိုက်မိပြီး ရှမြန်မှာ မနေနိုင်ဘဲ ပခုံးတွန့်မိလေသည်။ ဟော်မိသားစုဝင်တွေက အိမ်မှာအားလုံးက ဒီလိုပဲ သပ်သပ်ရပ်ရပ် ဝတ်စားနေကြတာတော့ မဟုတ်လောက်ပါဘူးနော်။
နဥ်ရှောက်ယွင်က တံခါးလာခေါက်ပြီး ဝင်လာသည့် ရှမြန်မှာ သူမကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။
“အစ်မနဥ် အစ်မက တကယ်အံ့သြစရာကောင်းတာပဲ။ အစ်မ ဟော်မိသားစုထဲမှာ နေရတာ တကယ်ရူးမသွားဘူးလား”
နဥ်ရှောက်ယွင်သည် အဝတ်အစားကို ကြည့်လိုက်ပြီး ဘာမှမတတ်နိုင်သလို ပြောလိုက်လေသည်။
“တကယ်ပါပဲ။ အရင်တုန်းက သခင်ကြီး အိမ်မှာရှိနေတုန်းကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူက ပြီးခဲ့တဲ့နှစ်မှာ အပြင်ဘက်မှာပဲ သွားပြီး အနားယူနေပြီး အိမ်ကိုပြန်လာခဲတယ်လေ။ ဒီတော့ သခင်မကြီးက ပိုပိုပြီးတော့ ထင်ယောင်ထင်မှားတွေ ဖြစ်လာတော့တာပဲ”
ရှမြန်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ “ဧကန္တ အဖွားကြီးက သူ့ဟာသူ အပြုအမူကောင်းတွေ မရှိဘူး ယဉ်ကျေးတယ်လို့ မထင်လို့များ အဘိုးကြီးက အိမ်က ထွက်သွားတာလို့များ ထင်နေတာများလား”
နဥ်ရှောက်ယွင်က ကူကယ်ရာမဲ့သလို ခေါင်းညိတ်ပြလိုက်သည်။ အဘိုးကြီးသည် အမှန်ပင် အဘွားကြီး၏ ရှုပ်ထွေးပွေလီလှသည့် စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များကို အမှန်ပင် စိတ်ပျက်လေသည်။
သို့သော်ငြားလည်း သူသည် အဖွားကြီးကို ပြောဆိုရမည်ကို အလွန်မှ ပျင်းရိလာသဖြင့် ဒီအတိုင်း ထွက်သွားခြင်းသာ ဖြစ်လေသည်။ အဘွားကြီးကတော့ သူမသည် လုံလောက်အောင် ကောင်းကောင်းမွန်မွန် မပြုမူနိုင်သည့်အတွက်ဟု ထင်လိုက်ကာ ပိုပြီးတော့ တောင်းဆိုချက်များ များပြားလာလေကာ ကျိုးကြောင်းဆီလျော်ခြင်းလည်း မရှိတော့ချေ။
“နောက်ဆုံး ဟော်မိသားစုက ချမ်းသာတဲ့မိသားစုတစ်ခုပဲ” ရှမြန်က ပြောလိုက်သည်။
“တစ်ယောက်ယောက်က သခင်ကြီးဟော်ကို မပြောပြဘူးလား။ သူက ဒီအရှုပ်အထွေးကို လုံးဝဂရုမစိုက်တာလား”
နဥ်ရှောက်ယွင်က ပြောလိုက်၏။ “ပုန်းနေပြီဆိုမှတော့ကွယ် ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ ရှာတွေ့နိုင်တော့မလဲ။ တကယ်လို့ အဘွားကြီးက နင့်နောက်လိုက်နေတယ်ဆိုရင် အိမ်မှာနေတာနဲ့ ဘာကွာခြားမှု ရှိဦးမှာလဲ။ နောက်ပြီးတော့ ဒါကို ဟော်မိသားစုအိမ်လို့သာ ပြောတာပါ”
နဥ်ရှောက်ယွင်သည် ဘာမှမတတ်နိုင်သလို ခေါင်းခါပြလိုက်ပြီး ”ဒါကို အဘိုးကြီးက အဘွားကြီးကို ကစားဖို့ခွင့်ပြုပေးထားတဲ့ နေရာတစ်ခုလို့ ပြောရင်ပိုပြီးတော့ မှန်ဦးမယ်”
“အသိုင်းအဝိုင်းထဲက လူတွေကလည်း အလည်မလာကြဘူး။ တကယ့်လုပ်ငန်းရှင်တွေကလည်း အဲဒီကို မသွားကြဘူး။ အဘွားကြီး အဖိတ်ခံလို့ လာကြတဲ့လူတွေကလည်း ဘာမှမလုပ်နိုင်ကြဘူးလေ”
“လူကြီးမင်းဟော်ကလည်း မသိဘူးလား” ရှမြန်က တအံ့တသြဖြစ်သွားသည်။ နဥ်ရှောက်ယွင်က ခေါင်းခါပြသည်။
“ငါ မသိပါဘူး။ ငါ့အထင်တော့ သူက သူတို့တွေကို သတင်းပေးမှာ ကြောက်ပုံရတယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ်လေ တကယ်လို့ အရေးကြီးကိစ္စရှိတယ်ဆိုရင် သူတို့ကပဲ ဖုန်းခေါ်လိုက်တာ။ တကယ်လို့ သခင်ကြီးဟော်က ငါ့ကို မေးခွင့်မပြုဘူးဆိုရင် ဟော်ရွှယ်ဝမ်ကလည်း မေးမှာ မဟုတ်ဘူးလေ”
ရှမြန်သည် ဟော်မိသားစု၏ ဖာသိဖာသာ နေတတ်မှုကို အမှန်ပင် အံ့အားသင့်လေသည်။ “သူတို့နဲ့ လက်မထပ်ခင်တုန်းက သူတို့မိသားစုအခြေအနေကို အစ်မ သိခဲ့လား”
နဥ်ရှောက်ယွင်က ဘာမှမတတ်နိုင်သလို ပြုံးပြလိုက်၏။ “ဒီအကြောင်းကို ဘယ်သူက သိမှာတဲ့လဲ။ အဘိုးကလည်း ဟော်မိသားစုမှာ ကောင်းမွန်တဲ့မိသားစု အစဉ်အလာတစ်ခု ရှိတယ်လို့ပဲ ပြောတာလေ။ ငါက အဘိုးဟော်ရဲ့ စောင့်ကြည့်မှုအောက်မှာ ကြီးပြင်းလာတာ မဟုတ်လား။ ဟော်ရွှယ်ဝမ်ကလည်း အရမ်းကို တည်ငြိမ်လေးနက်ပြီးတော့ ဘာလှည့်ကွက်မှ မရှိဘူးလေ”
ဟုတ်ပါတယ်လေ။ တစ်ချက်ကြည့်လိုက်ရင်တော့ ဒါက မိသားစုကောင်းတစ်ခုလိုပါပဲ။ ဒါပေမဲ့ လက်ထပ်ပြီး အဲဒီမိသားစုထဲကို ရောက်သွားရင်တော့ ဘယ်လို ခံစားရမလဲဆိုတာ ကိုယ်တိုင်မှပဲ သိရလိမ့်မယ်။
“အစ်မက အစ်မရဲ့အဘိုး ဒါမှမဟုတ် အစ်မရဲ့အဖေကို မပြောပြခဲ့ဘူးလား” ရှမြန်က စဉ်းစားလိုက်သည်။
နဥ်ရှောက်ယွင်က ခါးသက်သက် ပြုံးလိုက်ပြီး ”သူတို့က နားမလည်ပါဘူး”
ဪ... ဟုတ်တာပေါ့လေ။ ယောက်ျားတစ်ယောက်အတွက်တော့ တကယ်လို့ သူ့သမက်က မြှာပွေနေတဲ့သူ တစ်ယောက် မဟုတ်ဘူး။ ငွေရှာတဲ့နေရာမှာ အရမ်းကို ကြိုးစားခဲ့မယ်ဆိုရင် နဥ်ရှောက်ယွင်သာ ညည်းညူပြောဆိုတယ်ဆိုရင် သူက ဟန်ဆောင်နေတယ်လို့ပဲ ထင်ကြမှာပေါ့...
နဥ်ရှောက်ယွင်က ပြောလိုက်၏။ “ဒီကိစ္စကို စိတ်မပူပါနဲ့။ ငါ ဒါကို ဖြေရှင်းလိုက်ပါ့မယ်။ အဘွားကြီးက ကျိုးချန်ချန်အတွက် သူ့ဒေါသတွေကို ပုံချချင်နေတာလေ။ သူ ပြဿနာရှာချင်တာလည်း ငါ့ကိုပါပဲ။ ငါ့အတွက် နင်က ဝင်ပါစရာမလိုပါဘူး”
“ဒီလိုတော့မဖြစ်ဘူး” ရှမြန်က ပြောလိုက်သည်။ “သူတို့က ကျွန်မကို ကိုယ်တိုင် လာဖိတ်ထားတာပဲ။ ကျွန်မက မသွားလို့ ဘယ်ရပါ့မလဲ”
“စည်းကမ်းတစ်ခု ရှိတယ်မဟုတ်လား” ရှမြန်က နဥ်ရှောက်ယွင်ကို မေးငေါ့ပြလိုက်ပြီး ဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။ “နောက်ဆုံးတော့ ကျွန်မက ခန်းဆောင်နီအိပ်မက်နဲ့ ရင်းနှီးနေတဲ့လူတစ်ယောက်ပဲ”
နဥ်ရှောက်ယွင်၏ စိုးရိမ်ပူပန်စိတ်များသည် သူမ၏စကားကြောင့် ပျောက်ကွယ်သွားပြီး သူမမှာ အော်မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ ဟုတ်ပါတယ်လေ။ သူမက အစိုးရိမ်လွန်နေတာပဲ။ သူ့ပုံကလည်း အရမ်းကို စိတ်လှုပ်ရှားနေတဲ့ပုံပဲ။ သူက ဘာမှ ခံစားရလာမှာ မဟုတ်ဘူးလို့ ထင်တယ်။
“ဒါပေမဲ့ ဒါက အစ်မကိုတော့ ထိခိုက်မှုရှိမှာ မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား” ရှမြန်သည် နဥ်ရှောက်ယွင်က ဟော်မိသားစုတွင် နေရဦးမည်ကို သတိရသွားလေသည်။
“မဖြစ်ပါဘူး” နဥ်ရှောက်ယွင်က ပြုံးပြလိုက်၏။
“ဒီနေ့ ဒေါ်ဒေါ်ဝေ ပြောတဲ့စကားကို ငါ ကြားလိုက်သေးတယ်လေ။ နင် ပြောတဲ့စကားက မှန်တယ်လို့ ငါ ထင်တယ်”
“ဟင်”ရှမြန်က မျက်တောင်ခတ်လိုက်၏။
“အမျိုးသမီးတွေက အသက်မွေးဝမ်းကျောင်း ဆိုင်ရာအလုပ်တွေကို လုပ်ဖို့လိုတယ်” နဥ်ရှောက်ယွင်က ပြောလိုက်သည်။ “တကယ်တော့ ရှောက်ပိုင်ကလည်း ချန်းချန်းကို မွေးခဲ့ပြီးတဲ့နောက်ပိုင်း ငါ့ကို ဒီကိစ္စပြောခဲ့သေးတယ်။ ဒါကြောင့်လည်း ငါ နှစ်ပေါင်းများစွာ ပန်းချီဆွဲလာခဲ့တာပေါ့။ နောက်ပြီးတော့ ဒါအတွက်လည်း ငါ ပြင်ဆင်နေပါတယ်”
“ငါက ဒီကိစ္စကို ဟော်ရွှယ်ဝမ်နဲ့ တိုင်ပင်ချင်တာလေ။ ဒါပေမဲ့လည်း သင့်တော်တဲ့ အခွင့်အရေး မရှိခဲ့ဘူး။ အဲဒီတုန်းက ငါက သူ့ကို အရှက်မကွဲစေချင်လို့လေ”
နဥ်ရှောက်ယွင်က သူမကိုယ်သူမ ရယ်မောလိုက်လေသည်။
“အဘွားကြီးက တကယ်တော့ သနားစရာကောင်းတဲ့လူပါပဲ။ သူက အဘိုးကြီးနဲ့ မထိုက်တန်ဘူးလို့ အမြဲတမ်း ခံစားနေရတာလေ။ ဒါကြောင့်မလို့ သူတစ်ဘဝလုံး သူနဲ့အမြဲတမ်း ပြိုင်ဆိုင်လာခဲ့တာပေါ့။ ရလဒ်အနေနဲ့တော့ သူက ပြိုင်ဆိုင်လေလေ အဘိုးကြီးက သူ့ကို မကြိုက်လေလေ ဖြစ်သွားတယ်။ သူက မကြိုက်လေလေ သူမကလည်း ကိုယ့်ဟာကိုယ်နဲ့ တခြားသူတွေကို ပိုပြီးတော့ အရှက်ခွဲမိလေလေပဲပေါ့”
“သူ့စိတ်ထဲမှာလည်း သိနေတယ်လေ။ သူ ခေါ်လာတဲ့ဆွေမျိုးတွေကလွဲရင် အားလုံးက သူ့ကို ရယ်မောနေကြတယ်လို့ပေါ့။ ဒါကြောင့် သူက ဒီအသိုင်းအဝိုင်းထဲက လူတွေနဲ့ အဆက်အဆံ လုပ်ရတာကို မကြိုက်ဘူးလေ။ ဟော်မိသားစုဆီကနေ တစ်ခုခု တောင်းဆိုချင်တဲ့လူတွေကိုပဲ သူက သဘောကျတော့တာ”
သူ၏ သာလွန်သည်ဟူသည့်ခံစားချက်ကို ထုတ်ဖော်ပြရန်အတွက် အလွန်မှထူးချွန်လှသည့် ချွေးမဖြစ်သူကို သဘောမကျဘဲ သူကိုယ်တိုင်လောက် မတော်တတ်သည့် တစ်စုံတစ်ယောက်ကို ရှာဖွေချင်နေသည့် သူတစ်ယောက်နှင့်သာ တူတော့သည်။
ဟုတ်ပါသည်။ ဟော်မိသားစုထံမှ တစ်ခုခုကို လိုချင်ကြသူများသည် တခြားရွေးချယ်စရာမရှိဘဲ သူတို့ကို မြှောက်ပင့်ပြောဆိုရလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ဒါကရက်စက်သည့် သံသရာတစ်ခု ဖြစ်လာလေသည်။
“သခင်ကြီးဟော်က ထွက်ပြေးသွားတယ်။ ဟော်ရွှယ်ဝမ်က သူ့အမေအတွက် စိတ်မကောင်းဖြစ်နေတာလေ” နဥ်ရှောက်ယွင်က ပြောသည်။
“သူမှားတယ်ဆိုတာ ငါ သိပေမဲ့လည်း ငါ သူ့ကို နားချလို့မရဘူးလေ။ ဒီတော့ ငါလည်း သူနဲ့အလိုက်သင့်ပဲ နေရတော့တာပေါ့။ အဘွားကြီးက သူစိတ်ကောင်းဝင်နေတဲ့အချိန်ကျရင် ငါ့အကြံဉာဏ်ကို နားထောင်ပါစေလို့ပဲ မျှော်လင့်ရတော့တာပေါ့”
ရှမြန်က စကားပြောတော့မည် ပြင်လိုက်စဉ်တွင် နဉ်ရှောက်ယွင်က ပြုံးကာ ပြောလိုက်လေသည်။
“နင် ပြောချင်တဲ့စကားကို ငါ သိပါတယ်။ သနားစရာကောင်းတဲ့ လူတွေနဲ့ပတ်သက်ပြီး မုန်းစရာကောင်းတဲ့ အကြောင်းတစ်ခုခုကတော့ သေချာပေါက် ရှိနေတယ်လေ။ သူက ဒါကို တကယ် လိုချင်နေတာဆိုရင် ဘယ်သူမှသူ့ကို ကယ်ပေးနိုင်မှာ မဟုတ်ဘူး”
“ငါ ဟော်မိသားစုထဲကို လက်ထပ်ပြီး ပထမဆုံးဝင်လာတုန်းက သူတို့နဲ့ မရင်းနှီးဘူးလေ။ အဲ့ဒီအချိန်တုန်းကတော့ ငါ ထင်ထားတာက ငါက လူငယ်ဆိုတော့ လိုက်လျောမှုတချို့ လုပ်ပေးရမယ်ပေါ့။ ဒါပေမဲ့ ငါက လိုက်လျောမှုတွေလုပ်လေလေ သူ့ကိုသည်းခံပေးရမယ်လို့ ခံစားရလေလေ ဖြစ်လာတယ်။ ခဏလောက် သည်းခံပေးလိုက်တာက ကိစ္စတွေကို အေးချမ်းသွားစေနိုင်ပြီးတော့ ပြဿနာတွေကိုလည်း လျော့နည်းသွားစေနိုင်တယ်လေ။ ဘာဖြစ်လို့ မလုပ်ပေးနိုင်ရမှာလဲ”
“ဟော်ရွှယ်ဝမ်လိုပဲပေါ့။ သူက ကျိုးချန်ချန်ကို သည်းမခံပေးဘူးဆိုရင် သူ့အမေက စိတ်မကောင်းဖြစ်ပြီး ပြဿနာရှာတော့မယ်။ ဒါပေမဲ့ ဒါကို သူက ဒီအတိုင်း သည်းခံခဲ့တယ်လေ။ အချိန်ကြာလာတာနဲ့အမျှ ဒါကို သူက ကျင့်သားရသွားတာ။ ဒါက လွယ်ကူတဲ့ကိစ္စတစ်ခုလို ဖြစ်လာတော့တာပေါ့”
နဉ်ရှောက်ယွင်က ပြောလိုက်၏။
“ဒါပေမဲ့ ဒါက မှားနေတာပဲ။ လူတွေက အမြဲတမ်းလိုလို သူတို့ရဲ့ကန့်သတ်ချက်ကို တွန်းပို့ရတာကို အသားကျနေတယ်လေ။ တစ်နေ့မှာ သူက နင့်ကို ကိုယ့်ရဲ့ သည်းခံနိုင်စွမ်း ကုန်တဲ့အထိ တွန်းပို့လာလိမ့်မယ်”
“ငါက ငါ့ရဲ့မျှော်လင့်ချက်တွေကို ဟော်ရွှယ်ဝမ်ဆီမှာ အမြဲတမ်းထားခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ငါ လုံးဝကို စိတ်ကုန်မိသွားတယ်။ သူက သေချာ မစဉ်းစားပေးတဲ့အတွက် ဝမ်းနည်းမိတယ်။ အရမ်းကို တုံးအလွန်းတဲ့အတွက် စိတ်ပျက်မိတယ်။ ငါနဲ့ ချန်းချန်းကို ဘယ်လိုကာကွယ်ပေးရမလဲဆိုတာ မသိတဲ့အတွက် ဒေါသထွက်မိတယ်လေ”
“ဒီနေ့ နင် ဆဲဆိုနေတာကို နားထောင်ပြီးသွားတော့ သူက ကိုယ့်ဟာကိုယ်တောင် မကာကွယ်နိုင်ဘူးဆိုတာ ငါ သဘောပေါက်သွားတယ်။ သူက ရှင်းရှင်းလင်းလင်းတောင် မမြင်နိုင်ဘူးလေ။ ဘယ်လိုလုပ်ပြီး ငါနဲ့ချန်းချန်းကို ကာကွယ်ပေးနိုင်ပါ့မလဲ”
“နင့်စကားလုံးတွေက ငါ့ကို နိုးထအောင်လုပ်ပေးလိုက်တာပဲ” နဥ်ရှောက်ယွင်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ငါက ဘာဖြစ်လို့ တခြားသူတွေ ကာကွယ်ပေးတာကို စောင့်နေရမှာလဲ။ ငါ့မှာ ခြေမရှိ၊ လက်မရှိတာလည်း မဟုတ်ဘူးလေ။ တကယ်လို့ ငါ အလုပ်လုပ်နေတယ်ဆိုရင် အလုပ်လုပ်နိုင်လို့ပေါ့။ ငါက ကိုယ့်ဟာကိုယ်နဲ့ ချန်းချန်းကိုလည်း ကာကွယ်ပေးနိုင်မယ်။ ဒါက တခြားသူတွေဆီမှာ အကူအညီ တောင်းခံနေတာထက် ပိုပြီးတော့ ယုံကြည်အားကိုးရတယ်လေ”
ရှမြန်သည် သူမ၏ဒီနေ့ပေါက်ကွဲသွားသည့်ကိစ္စက နဥ်ရှောက်ယွင်၏ အတွင်းစိတ်များကို လှုံ့ဆော်ပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမက ရှက်ရှက်ဖြင့် ခေါင်းကုတ်ကာ ပြောလိုက်လေသည်။
“အစ်မနဥ်ရယ် အစ်မက ဒီလိုလုပ်မယ်ဆိုရင် အဘွားကြီးက ထပ်ပြီးပြဿနာရှာဦးမှာလား”
နဥ်ရှောက်ယွင်က တည်တည်ငြိမ်ငြိမ် ပြုံးပြလိုက်၏။
“အဲလို မဟုတ်ပါဘူး။ ငါက ကောင်းမွန်တဲ့ဘဝတစ်ခုမှာပဲ နေချင်လာခဲ့တာလေ။ ဒါပေမဲ့ အခု ငါမှအဲ့လိုမှမနေနိုင်ဘဲ။ ငါ့မှာ စိုးရိမ်စရာ ဘာမှမရှိတော့ပါဘူး။ ဘယ်အရာမှလည်း ငါ့ကိုထပ်ပြီးတော့ ထိန်းချုပ်ထားနိုင်မှာမဟုတ်ဘူး”
နဥ်ရှောက်ယွင်သည် အပြင်ဘက်တွင် နူးညံ့သိမ်မွေ့ပြီး အတွင်းဘက်တွင်တော့ သန်မာသည့် မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ သူမကို ချုပ်တည်းထားစေနိုင်သည့် တစ်ခုတည်းသောအရာမှာ ဟော်ရွှယ်ဝမ်အပေါ်ထားသည့် သူမ၏ချစ်ခြင်းသာ ဖြစ်လေသည်။
ယခုတော့ သူမသည် ဒီအနှောင်အဖွဲ့ထဲက လွတ်မြောက်ဖို့ စဉ်းစားနေသည်ဖြစ်ရာ သူတို့(၂)ယောက်သည် အရင်ဘဝကလို တူညီသည့် အဆုံးသတ်ဖြစ်လာလိမ့်မလားကိုတော့ ရှမြန်လည်း မသိတော့ချေ။
နဥ်ရှောက်ယွင် ထွက်သွားပြီး သိပ်မကြာမီတွင် ရှ၀မ်ယွဲ့က တစ်ဖန်ဝင်လာပြီး စိုးရိမ်တကြီး ကြည့်လေသည်။ “မြန့်မြန် ဟော်မိသားစုက ကျိုးကြောင်းဆီလျော်တဲ့မိသားစုတစ်ခု ဖြစ်တဲ့ပုံ မပေါ်ဘူးနော်။ အဒေါ်၂ကတော့ အဲဒီနေ့ကျရင် နင်နဲ့အတူ လိုက်ခဲ့ရမှဖြစ်မယ်”
“စိတ်မပူပါနဲ့ အဒေါ်၂ရယ်” ရှမြန်က ပြောလိုက်သည်။ “အဲဒီအဘွားကြီးက တကယ်တမ်းကျတော့ စက္ကူကျားရုပ်လေး တစ်ကောင်ပါပဲ”
ရှ၀မ်ယွဲ့ကို စိတ်အေးရစေရန် ရှမြန်သည် အဘွားကြီး၏နောက်ကြောင်းကို ပြောပြလိုက်လေသည်။ သူမသည် အဘွားကြီးအိမ်သို့သွားပြီး အဘွားကြီးကို ပါးသွားချမည့်အကြောင်းကိုတော့ မပြောပြခဲ့ချေ။ သူမက ဒီလိုသာပြောလိုက်၏။
“သူက ဒီအတိုင်း အဖွားကြီးတစ်ယောက်ပဲ။ ဒီအတိုင်း သူနဲ့အလိုက်သင့်လေး နေလိုက်ရုံပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူက အငြိုးအတေးတွေ ထားနေရင် နောက်ပိုင်းကျရင် ပြဿနာ ဖြစ်လာလိမ့်မယ်လေ”
အဒေါ်၂က မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်ကာ ”ငါတို့တွေက ကိစ္စသေးသေးလေးကိုတော့ သည်းခံနိုင်ပါတယ်။ ဒါပေမဲ့ ငါတို့တွေက သူ့ကို ကြီးကြီးမားမား လုပ်ခွင့်တော့ မပေးနိုင်ဘူး။ တကယ်လို့ အဘွားကြီးက တကယ်ပဲ အငြိုးအတေးထားမယ်ဆိုရင် အလွန်ဆုံး ငါတို့တွေက ငါတို့ရဲ့ဇာတိမြို့ကို ပြန်သွားရုံပဲပေါ့”
ရှမြန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။ “မဟုတ်ပါဘူး ကျွန်မတို့မှာ အစ်မနဥ်နဲ့ ဒေါက်တာနဥ် ရှိသေးတယ် မဟုတ်လား။ နဥ်မိသားစုက ဟော်မိသားစုထက် အများကြီး အင်အားကြီးပါတယ်”
ရှ၀မ်ယွဲ့က သက်ပြင်းချလိုက်သည်။ “ချမ်းသာတာဖြစ်ဖြစ် ဆင်းရဲတာဖြစ်ဖြစ်ပါ။ လူတွေအားလုံးက အတူတူပဲလို့ ထင်တယ်။ အေးချမ်းတဲ့ဘဝမှာ မနေချင်ကြတဲ့လူတွေကတော့ အမြဲတမ်းရှိတဲ့ပုံပါပဲ”
သခင်မကြီးဟော်က သူ့သားနှင့် ချွေးမကို အဘယ်ကြောင့်များ ပြဿနာ ရှာချင်ပါလေသနည်းဟု သူမမှာ လုံးဝနားမလည်နိုင်အောင် ဖြစ်ရလေသည်။ သူတို့သည် မိသားစု(၃)ယောက်ဖြစ်လေသည်။ သူမ၏ မြေးလေးချန်းချန်းကလည်း ဉာဏ်ထက်မြက်ပြီး ချစ်စဖွယ်ကောင်းသည်။ သူမက ဘာကို စဉ်းစားနေပါသနည်း။
“သူ အန္တရာယ်ကင်းတာဖြစ်ဖြစ် မကင်းတာဖြစ်ဖြစ်ပါ။ ကျွန်မတို့အလုပ် မဟုတ်ပါဘူး” ရှမြန်က ရှ၀မ်ယွဲ့နှင့်ပတ်သက်ပြီး ဒီကိစ္စကို ဝင်ရောက်မစွက်ဖက်စေလိုချေ။ သူတို့မိသားစုအတွက် လက်တွေ့ကျပြီး အဆင်ပြေသည့်ဘဝတစ်ခုတွင် နေထိုင်ဖို့က ပိုပြီးသင့်တော်လေသည်။
“ဒေါ်ဒေါ် အလုပ်ကိစ္စတစ်ခုခု စိတ်ကူးရပြီလား။ စီးပွားရေးငယ်လေးတစ်ခု စလုပ်ဖို့ စဉ်းစားထားလား။ ဒါမှမဟုတ်ရင်လည်း အလုပ်တစ်ခုရှာမှာလား”
အလုပ်အကိုင်သည် သူတို့မိသားစု အခြေချဖို့ရန်အတွက် အဓိကအုတ်မြစ်ဖြစ်လေသည်။ ရှ၀မ်ယွဲ့သည် ထိုကိစ္စကို သေသေချာချာ စဉ်းစားခဲ့ပြီးဖြစ်လေသည်။
“ငါကတော့ စီးပွားရေးလုပ်ငန်းလေးတစ်ခု လုပ်မယ်လို့ပဲ စဉ်းစားထားတယ်” ရှ၀မ်ယွဲ့က ပြောလိုက်၏။ “တကယ်လို့ ငါက တခြားသူတွေအတွက် အလုပ်သွားလုပ်နေမယ်ဆိုရင် နင်တို့ကို စောင့်ရှောက်ပေးဖို့ မလွယ်ဘူး။ ဒီတော့ ကိုယ်ပိုင်အလုပ်လေးလုပ်တာက ပိုပြီးတော့လွတ်လပ်လိမ့်မယ်”
သူမသည် ဒီကိုရောက်လာသည်မှာ ရှမြန်နှင့်တခြားသူများကို ကူညီပေးရန်အတွက်ဖြစ်သည်ဟု အမြဲတမ်း သတိရလေသည်။ သူမသည် သူတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုပေ။
“ဒီနေ့မနက် အစ်မဝေနဲ့ငါ အပြင်ထွက်လိုက်တော့ မနက်စာရောင်းတဲ့လူတွေ တော်တော်များများ ရှိတာကို တွေ့လိုက်ရတယ်လေ” ရှ၀မ်ယွဲ့က ပြောလိုက်၏။ “အဒေါ်၂ရဲ့ပန်ကိတ်လုပ်တဲ့ပညာကလည်း တော်တော်လေး ကောင်းတယ်လေ။ ဒီတော့ ငါတို့တွေ မုန့်ဖုတ်ဖိုတစ်ခုလုပ်ပြီးတော့ ပန်ကိတ်ရောင်းမယ်လို့ စဉ်းစားထားတယ်”
“ဒီလိုမှပဲ ငါ နင်တို့(၂)ယောက်စလုံးကို စောင့်ရှောက်ပေးနိုင်လိမ့်မယ်။ ရှောင်ဖုန်းနဲ့ ဟွေ့ကျူးတို့ကိုလည်း အချိန်မီ ကျောင်းကြိုပို့ လုပ်ပေးနိုင်မယ်”
“အဒေါ်က ကျွန်မတွေးထားသလိုပဲ တကယ်ပဲ စဉ်းစားထားတာပဲ” ရှမြန်က သူမ၏အိတ်ထဲက မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။ “ဒါပေမဲ့ ကျွန်မရဲ့ဟာကတော့ အဒေါ်ရဲ့စိတ်ကူးထက် ပိုပြီးတော့ ရိုးရှင်းတယ်။ ဒါက ကျွန်မစာအုပ်တစ်အုပ်ထဲက ကူးယူထားတဲ့ ချက်ပြုတ်နည်းတစ်ခုပဲ။ ဒါကို အရင်ဆုံး ကြည့်လိုက်ပါဦး”
ရှမြန်၏မှတ်စုစာအုပ်သည် နောက်ပိုင်းမျိုးဆက်များတွင် ရေပန်းစားလာသည့် လမ်းဘေးမုန့်တစ်ခု ဖြစ်သည့် ချွမ်းချွမ်းရှန်းခေါ် ဝက်သားတုတ်ထိုး ချက်ပြုတ်နည်းအမယ် ဖြစ်လေသည်။ ဒါသည် စျေးကွက်တွင် စမ်းသပ်ဖို့ရန်ကောင်းမွန်သည့် ကုန်ပစ္စည်းတစ်ခုဖြစ်သည်။ ဒါကို ညစျေးတစ်ခုတွင် (၂)မျိုး၊ (၃)မျိုးတင်ရောင်းရုံဖြင့် အမြတ်အစွန်းရနိုင်သည်။
သူမသည် ဒီအစားအသောက်ကို စားရသည်ကို ကြိုက်နှစ်သက်ခဲ့သည်။ သူမ၏ အစ်ကို(၂)ယောက်ကလည်း ထိုအစားအသောက်ကို ကြိုက်နှစ်သက်သည်။ မောင်နှမ(၃)ယောက်က ချွမ်းချွမ်းရှန်းကို အရူးအမူး စားသောက်ချင်သည့်အချိန် ရှိခဲ့လေသည်။
ကံဆိုးချင်တော့ (၂)ကိုက်သာ စားရသေးသည်။ ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ၏အဒေါ်က ရုတ်တရက် အိမ်သို့ရောက်ချလာပြီး အားလုံးမှာ ဆူဆဲခံရတော့သည်။
အသင့်စားအစားအသောက်၊ ညဈေး၊ စားသောက်ဆိုင် ဒီလိုအရာအားလုံးကို တားမြစ်ထားလေသည်။ နေ့တိုင်း မောင်နှမ(၃)ယောက်ကို အသီးအရွယ်နှင့် တို့ဖူးသာကျွေးလေရာ သူတို့မျက်နှာမှာ စိမ်းဖန့်နေတော့သည်။
ဒါကိုဆက်ပြီး သည်းမခံနိုင်တော့သည်တွင် ရှမြန်က ချွမ်းချွမ်းရှန်းကို ကိုယ်တိုင်လုပ်ချတော့သည်။
ကံကောင်းချင်တော့ သူမမှာ အချက်အပြုတ်အရည်အချင်း ပါရမီပါလာသည်။ အသိပညာများကို မျှဝေပေးသည့်ခေတ်တွင် ချက်ပြုတ်နည်းများစွာကို အင်တာနက်ပေါ်တွင် ရှာဖွေတွေ့ရှိနိုင်သည်။ သူမက အရာအားလုံးကို စုစည်းလိုက်ပြီး (၂)ကြိမ်လောက် လက်တွေ့စမ်းသပ်လိုက်ပြီးနောက်တွင် နောက်ဆုံးတော့ အသင့်တော်ဆုံးတစ်ခုကို ရရှိလာတော့သည်။
သူတို့အဒေါ်၏ ကြီးကြပ်မှုအောက်တွင် နုံအအ ညီအစ်ကို(၂)ယောက်မှာ အသီးအရွက်များကို (၄)၊ (၅)ပြန်လောက် ဆေးကြောရပြီး အသားမျိုးစုံနှင့် သက်သတ်လွတ်ဟင်းလျာ မဟုတ်သည့် ဟင်းလျာများကို ပိုးသတ်ပေးရသည်။ ထို့နောက်တွင်မှ သူတို့သည် ရှမိသားစု၏ အရသာရှိသည့် အသားတုတ်ထိုးကို ခက်ခက်ခဲခဲပင် စားသုံးနိုင်တော့သည်။
ထို့နောက်တွင်တော့ သူမ၏အဒေါ်ထွက်သွားပြီးနောက်ပိုင်းတွင် သူတို့သည် အပြင်ဘက်က အသားတုတ်ထိုးများကို ဆက်ပြီးသဘောမကျကြတော့ဘဲ ရှမြန်လုပ်သည့် ဝက်သားတုတ်ထိုးကိုသာ သဘောကျတော့သည်။
ထို့ကြောင့် ဒါသည် ချွမ်းချွမ်းရှန်းအတွက် ရှမိသားစု၏ ချက်ပြုတ်နည်းအမယ် ဖြစ်လာတော့သည်။
နောက်ပိုင်းမျိုးဆက်များတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည့် အချက်အပြုတ်ဟင်းလျာသည် ဒီခေတ်တွင်တော့ သယ်ယူပို့ဆောင်ရေးနှင့် သတင်းအချက်အလက် စီးဆင်းမှု ခက်ခဲသဖြင့် ကန့်သတ်ထားသည့် အကြောင်းအရာတစ်ခုဖြစ်လေရာ ဒါကိုငွေနှင့်ပင် ဝယ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမြန်သည် ဒီကိစ္စနှင့်ပတ်သက်ပြီး အလွန်ယုံကြည်မှုရှိလေသည်။
ဒါသည် ကုန်ကျစရိတ်သက်သာမည့်အပြင် အရေးအကြီးဆုံးမှာ အချိန်နှင့် အားစိုက်ထုတ်မှုကိုလည်း သက်သာစေသည်။
“ဒါကတော့ အဓိကက ဟင်းရည်ပဲ။ ဟင်းရည်ကို ချက်ပြုတ်ပြီးသွားတာနဲ့ ဟင်းလျာတွေကို ပြင်ဆင်လို့ရသွားပြီ”
ရှမြန်က အသီးအရွက်ကို တုတ်ထိုးမည်သို့လုပ်ရမည့်အကြောင်းနှင့် မည်သို့ပြင်ဆင်ဖို့ရန် လိုအပ်သည့်အကြောင်းကို ရှ၀မ်ယွဲ့အား သေသေချာချာ ရှင်းပြလေသည်။ “အဒေါ်က ဟင်းရည်အိုး(၂)ခုပါတဲ့ ဘီး(၄)ဘီးနဲ့ လှည်း(၁)စီးလုပ်ဖို့လိုတယ်။ အောက်မှာတော့ ဂတ်စ်မီးဖို(၁)လုံး ထားဖို့လိုတယ်။ ပုံစံကတော့ ဒီလိုဆွဲရမယ်။ အရွယ်အစား အတိအကျကိုတော့ အချိန်တန်လာရင် ပန်းပဲဖိုက လူနဲ့ တိုင်ပင်လို့ရတယ်”
“ကျွန်မ အခုလေးတင်ပဲ စစ်ဆေးလာခဲ့ပြီးပြီ။ ကျွန်မတို့လမ်းကြားထဲကို ခွဲလာမဲ့လမ်းဆုံက ယန်မြို့အထက်တန်းကျောင်းရယ်၊ မူလတန်းကျောင်းရယ်၊ မူကြိုကျောင်း(၃)ခုကိုသွားတဲ့ တစ်ခုတည်းသောလမ်းပဲ။ လူသွားလူလာလည်း အရမ်းကို ကောင်းတယ်။ ကျွန်မတို့ရဲ့လမ်းကြားလေးက ဘယ်အစားအသောက်နဲ့မှ အငြင်းပွားစရာ မရှိဘူး။ အဒေါ်က ဟင်းရည်ကို လုပ်ဖို့ပဲလိုတယ်။ အဒေါ်က နေ့တိုင်းဟင်းရည်ကိုလုပ်ပြီး အသီးအရွက်တွေကို ဆေးကြောပြီး တုတ်ထိုးလုပ်ဖို့ပဲလိုတယ်။ ကလေးတွေကလည်း အားတဲ့အချိန်ကျရင် ဒါကိုကူညီပေးနိုင်တယ်လေ”
ရှမြန်သည် သူမအတွက် ရှုထောင့်ပေါင်းစုံကို စဉ်းစားပေးခဲ့သည်ဖြစ်ရာ ရှ၀မ်ယွဲ့မှာ ဘာထပ်ပြောနိုင်ဦးပါမည်နည်း။
သူမသည် ဟိတ်ကြီးဟန်ကြီးထုတ်မနေဘဲ ချက်ပြုတ်နည်းအမယ်ကို ကိုင်ထားကာ ပြောလိုက်၏။
“ဒီချက်ပြုတ်နည်းက နင့်ဟာပဲ။ တကယ်လို့ နင်သာ ဒါကို လုပ်မယ်ဆိုရင် ငါတို့တွေက အကျိုးအမြတ်ကို၅၀/၅၀စီ ခွဲရလိမ့်မယ်” ရှမြန်သည် သူမ အဒေါ်၂၏စိတ်ကူးကို မငြင်းပယ်ခဲ့ချေ။ တစ်စုံတစ်ယောက်ကို ကူညီပေးသည်ဖြစ်စေ အကူအညီကို လက်ခံသည်ဖြစ်စေ လူတစ်ယောက်သည် စည်းမျဉ်းစည်းကမ်းရှိပြီး သင့်တင့်မျှတစွာ လုပ်ရမည်ဟု သူမက ယုံကြည်လေသည်။ အကယ်၍ ပုဂ္ဂိုလ်ရေးအရ ဆက်စပ်မှုကိုသာ အားကိုးအားထားပြုနေမည်ဆိုလျှင် နောက်ဆုံးတော့ ရန်သူများ ဖြစ်လာနိုင်ပြီး အကောင်းဆုံးရလဒ်မှာ ကိုယ့်လမ်းကိုယ် ခွဲထွက်သွားခြင်း ဖြစ်လိမ့်မည်ကတော့ ခြွင်းချက် မဟုတ်တော့ချေ။
...