← Chapters

အခန်း (၆၄၄)

Vol. 44 Ch. 644

အခန်း (၆၄၄)

Vol. 44 Ch. 644

သူသည် စီနီယာနန်းဆောင်သခင်၏ ကူညီမှုကို ရယူပြီး အင်မော်တယ်ဘုရင် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူ၏ မူလချမ်းသာကြွယ်ဝမှုများကို စီနီယာနန်းဆောင်သခင်ဆီ ပေးအပ်ခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် တန်ဖိုးကြီးမားသည့် အရာများကို ဆက်လက် ထုတ်ဖော်နိုင်ခြင်း မရှိချေ။

“အင်း... နည်းနည်း လိုသေးတယ်” လီယွင်သည် လက်စွပ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် အမှတ်မထင် ပြန်လည်ကာ ပြောဆိုလိုက်၏။

ဤစကားစုကို ကြားသည့်အချိန်မှာတော့ အနာဂတ် မုန့်ရှင်းကျီသည် မည်သည့်စကားမှ မဆိုတော့ချေ။ ထိုအစား တော်ဝင်အင်ပါယာအဆင့် အားအင်ကိုသာ ပိုင်ဆိုင်သည့် လက်ရှိ မုန့်ရှင်းကျီ အား လှမ်းကြည့်လိုက်သည်။

အကြည့်ကို အာရုံခံပြီးသည့်နောက် လက်ရှိမုန့်ရှင်းကျီ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ယင် သွားမိသည်။ ဤအခြေအနေဆီမှ မလွတ်မြောက်နိုင်တော့ကြောင်း သူ ကောင်းကောင်းသိရှိပြီးဖြစ်၏။ နှစ်ပေါင်းတစ်သန်း ကြာမြင့်ပြီးသည် ဆိုလျှင်တောင်မှ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီသို့ အရင်းအမြစ်များ ဆက်သရဦးမည် မဟုတ်ပါလား။

သက်ပြင်းချလိုက်ပြီးသည့်နောက် သူ၏ လက်ထဲတွင် မဲနက်လျက် ရှိနေသည့် ပုတီးစေ့တစ်ခု ပေါ်ပေါက်လာခဲ့၏။ ဤအရာကို ကြည့်ရှုရသည်မှာ ရှေးဆန်လွန်းပြီး မျက်နှာပြင်ထက်တွင် အက်ကွဲကြောင်း များ ရှိနေကာ အချိန်မရွေး ကွဲကြေသွားတော့မည့် ပုံစံမျိုးပင်။

တစ်ချက်ကြည့်လိုက်လျှင် ဘာမှထူးခြားလှသည် မဟုတ်ချေ။ သို့ပေမဲ့ သေသေချာချာ ကြည့်ရှုသည့် အချိန်မှာတော့ ဤအရာသည် သာမန်ထက် ပိုသည့်အရာဖြစ်ကြောင်း မုန့်ရှင်းကျီက သိရှိ၏။ ဤအရာကို သူ မဖျက်ဆီးခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဤအရာသည် ငရဲလောက၏ ဝှက်ဖဲတစ်ခု ဖြစ်ကြောင်း သူ နားလည်ထားမိသောကြောင့် ဖြစ်သည်။ ဤအရာသည် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ပင်။ မူလအားဖြင့် ဤဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ကို ဝှက်ဖဲ တစ်ခုအဖြစ် သူက သိမ်းဆည်းထားခဲ့သည်။ ကြည့်ရှုရသည်မှာ စီနီယာနန်းဆောင်သခင်ဆီ ရောက်ရှိသွားမည့် ကံကြမ္မာနှင့် ပုတီးစေ့ ဖြစ်ခဲ့သည်။

“ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့လား” လီယွင်သည် တစ်ချက် လှမ်းကြည့်လိုက်၏။ ပြီးနောက် သူသည် ထိုအရာ၏ မျက်နှာပြင်တွင် ရှိနေသည့် အက်ကွဲကြောင်းများကို သေသေချာချာ ကြည့်ရှုပြီး မျက်မှောင် ကုတ်လိုက်မိ၏။ လက်ကို အသာဆန့်တန်းပြီးသည့်နောက် ပုတီးလုံး၏ မျက်နှာပြင်အား ပွတ်သပ်လိုက်၏။

သင်္ကေတတစ်ခု ဖြစ်တည်လာခဲ့ပြီး ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ပေါ်တွင် ရောင်စဉ်ရောင်ဝါများ ထွန်းတောက်လာခဲ့သည်။ ကြောက်မက်ဖွယ်ရာကောင်းသည့် ခြောက်ခြားစရာ အော်ရာများ ပေါ်ပေါက်လာခဲ့၏။ ကြည့်ရှုရသည်မှာ အငြိုးအတေးကြီးမားသည့် ဝိညာဉ်ပေါင်းမျာစွာတို့ကို စည်းခတ် ထားသည့်ပုံပင်။ ဝိညာဉ်များ၏ အော်ဟစ်သံသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲ၌ပင် ပံ့တင်ထပ် လျက်ရှိသည်။

“ငြိမ်ငြိမ်နေစမ်း” လီယွင်က အော်လိုက်၏။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် အသံအားလုံးက ချက်ချင်း ငြိမ်သက်သွား၏။ ရောင်စဉ်ရောင်ဝါများ ပျောက်ကွယ်သွားခဲ့ပြီးနောက် သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးစေ့သည် မျက်နှာပြင်ထက်တွင် ရှိနေသော အက်ကွဲကြောင်းများ ပျောက်ကွယ်သွားခဲ့၏။

မုန့်ရှင်းကျီတို့ နှစ်ယောက်သည် မည်သို့မှ မနေနိုင်တော့ချေ။ ကြည့်ရှုရင်း ကြောက်လန့်တကြားဖြင့် တံတွေးကိုပင် မျိုချလိုက်မိ၏။ ဤအရာသည် ငရဲလောက၏ တန်ဖိုးကြီးမားသည့် ရတနာဖြစ်သည်။ အက်ကွဲကြောင်းများကြောင့် တန်ဖိုး လျော့ကျသွားခဲ့သည် ဆိုလျှင်တောင်မှ စီနီယာ နန်းဆောင်သခင်သည် လက်တစ်ချက်ကို ဝှေ့ယမ်းပြီးသည့်နောက် အလုံးစုံ ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်ခဲ့သည်။

“အခုပေးရမယ့် တန်ဖိုးက ပေးပြီးပြီဆိုတော့ ခင်ဗျားတို့ သွားလို့ရပြီ” လီယွင်သည် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ကို သိမ်းဆည်းပြီးသည့်နောက် အမှတ်မထင် ပြောဆိုလိုက်၏။

မုန့်ရှင်းကျီ နှစ်ယောက်တို့သည် နှမြောတသအကြည့်များကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် လေးလေးစားစားဖြင့် ဦးညွတ်ကာ ထွက်ခွာသွားကြသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ တော်ဝင်အင်ပါယာအဆင့် အားအင်ကိုသာ ပိုင်ဆိုင်သော မုန့်ရှင်းကျီသည် သူ၏ဘေးတစ်ဖက်တွင် ရှိနေသည့် လူအား အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့၏။ တစ်စုံတစ်ခုကို သူကပြောချင်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူက မျိုသိပ်ထားခဲ့၏။ ထိုသူကို မည်ကဲ့သို့ ခေါ်ဆိုရမည်ဖြစ်ကြောင်းကို သူကောင်းကောင်းနားမလည်သောကြောင့်ပင်။

စီနီယာဟု ခေါ်ဆိုရမည်လား။ မသင့်တော်သည့်ပုံပင်။ ပြောရမည်ဆိုလျှင် တာအိုရောင်းရင်းဟု ခေါ်ဆို သုံးနှုန်းခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဤလူသည် ပါရမီရှင် အင်မော်တယ် ဘုရင်တစ်ယောက် ဖြစ်၏။ သူ၏ အားအင်အဆင့်အနေဖြင့် ရောက်ရှိရန် အလှမ်းကွာဝေးလွန်းသည့် ကျင့်ကြံခြင်း အဆင့်မျိုးပင်။

ခဏလောက် စဉ်းစားပြီးသည့်နောက် မည်သို့မှ မနေနိုင်တော့ချေ။ ထို့ကြောင့် တီးတိုး ရေရွတ်လိုက်၏။ “အခု ကျုပ်တို့ ဘယ်ကိုသွားမှာလဲ။ အနာဂတ်က ပြန်လာတယ်ဆိုတော့ ခင်ဗျားဆီမှာ အချို့သော အတွေ့အကြုံတွေ ရှိခဲ့မှာပေါ့။ ဒီတော့ နောက်တစ်ဆင့်ကို ဘယ်လိုလှမ်းရမလဲဆိုတာ အကောင်းဆုံး သိသင့်တယ်”

“ဟမ့်”

အနာဂတ် နှစ်ပေါင်းတစ်သန်းမှ မုန့်ရှင်းကျီက နှာခေါင်းရှုံ့လိုက်၏။ သူ၏ နှလုံးသားထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များက အတိုင်းသား ဖြစ်တည်လာခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အရှေ့တွင် သူသည် အပြစ်ကင်းစင်သည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ရှိသည် ဆိုသော်လည်း အပြင်လောကတွင်တော့ တကယ်ကို ခြားနားလို့နေလေသည်။

သူသည် အင်မော်တယ် ဘုရင်တစ်ယောက်ဖြစ်၏။ နတ်ဆိုးလမ်းစဉ် ကျင့်ကြံခြင်းတွင် ဘုရင်တစ်ပါးဟု သတ်မှတ်နိုင်၏။ သူသည် သာမန်ကျင့်ကြံသူများကို တချက်ကလေးမှ မျက်နှာသာ မပေးခဲ့ချေ။ အတိတ်မှသူ ဆိုလျှင်တောင်မှ အပါအဝင် ဖြစ်၏။

အတိတ်မှသူသည် တော်ဝင်အင်ပါယာအဆင့် ကျင့်ကြံခြင်းကိုသာလျှင် ပိုင်ဆိုင်၏။ အဘယ်သို့ သူ၏ဘေးနားတွင် ရပ်ကာ စကားပြောဆိုသည့် အခွင့်အရေး ရှိနေမည်နည်း။

“နက်နဲလျှို့ဝှက်လောက” အနာဂတ်မှ မုန့်ရှင်းကျီသည် စကားစုကို ဖြည်းညှင်းစွာ ရေရွတ်လိုက်သည်။

“နက်နဲလျှို့ဝှက်လောက ဟုတ်လား”

တော်ဝင်အင်ပါယာ အားအင်အဆင့်ကိုသာ ပိုင်ဆိုင်သည့် မုန့်ရှင်းကျီ သည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ “ဘာကြောင့် နက်နဲလျှို့ဝှက်လောကကို သွားရမှာလဲ”

လျှိုကလန်သည် တကယ့်ကို အရှိန်အဝါကြီးမားသော အင်မော်တယ်ဘုရင် သုံးယောက်ကို စေလွှတ်ခဲ့သည်။

သို့ပေမဲ့ လျှိုကလန်သည် တခြားကြီးမားသော ကိစ္စရပ်မျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ သူတို့ ဤနေရာသို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်သည် လျှိုချင်းယုဆိုသည့် သူတို့၏ အကြီးအကဲဟောင်းကို ဖမ်းဆီးပြီး ပြန်လည်ခေါ်ဆောင်သွားရန်သာ ဖြစ်၏။

"အောက်မှာ နက်နဲလျှို့၀ှက်လောကရဲ့ ဘိုးဘေးမြေတည်နေရာပဲ"

လျှိုရွှမ်ချမ် က မှတ်ချက်ပြုလိုက်၏။ သူသည် များပြားလွန်းလှသည့် နန်းဆောင်များနှင့် အဆောက်အအုံများကို လှမ်းကာ ကြည့်ရှုလိုက်သည်။

"လျှိုချင်းယု ဘယ်နေရာမှာရှိလဲဆိုတာ ဒီလူတွေ သိကောင်းသိလိမ့်မယ်။ ပြီးတော့ လျှိုချင်းယုက ဒီနေရာမှာ မွေးဖွားလာခဲ့တဲ့သူပဲလေ။"

"ဒါဆိုလည်း အောက်ကိုဆင်းပြီး ကြည့်ကြရအောင်"

သတ္တမဘိုးဘေးသည် ခေါင်းကိုညိတ်လိုက်၏။ သူသည် စတည်းက အဆုံးထိ သေသေချာချာ ပြင်ဆင်လာခဲ့သည်။ ယခု ဤနေရာဆီသို့ ရောက်ရှိလာပြီးမှ ပြန်လှည့်သွားရန် အစီအစဉ်မရှိတော့ချေ။ စိတ်၀င်စားမှုများ ပြည့်နှက်နေခဲ့သည့် သတ္တမဘိုးဘေးသည် အောက်သို့ဆင်းကာ ကြည့်ချင်စိတ်များပေါက်လာခဲ့၏။

နက်နဲလျှို့၀ှက်နယ်မြေ၏ လျှိုကလန်မျိုးဆက်များ မည်ကဲ့သို့ အခြေအနေမျိုးနှင့် အသက်ရှင်နေထိုင်နေကြောင်း သူ ကြည့်ချင်မိ၏။ သို့ပေမဲ့ ယနေ့ သေသေချာချာ ကြည့်ရှုပြီးသည့်နောက် သူသည် ခပ်ဖျော့ဖျော့ သက်ပြင်းကို ချလိုက်သည်။

သူ၏ မျက်လုံးထဲတွင် လျှိုကလန်သည် ပျက်သုဥ်းနေခဲ့ပြီဖြစ်၏။ အလွန်လည်း အားနည်းလွန်းလှသည်။ အဖွဲ့၀င်အနည်းငယ်တို့သာ တည်ရှိပြီး ထိုသူများသည် တော်၀င်အင်ပါယာအဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်၏။ တော်ဝင်အင်ပါယာ အားအင်အဆင့်ကသာ ထိပ်ဆုံး အခြေနေ၌ တည်ရှိနေ၏။ နက်နဲလျှို့၀ှက် နယ်မြေ အတွင်း၌ပင် ၄င်းတို့သည် ကျော်ကြားသည့် ကလန်မျိုး မဟုတ်တော့ပေ။ နတ်ဘုရားလောက၌ ဆိုလျှင် ပို၍ ဆိုးဝါးပေမည်။

"လျှိုကလန်က နက်နဲမီးတောက်ကြီးမှာ တကယ့်ကို တောက်ပတဲ့လူကလန် ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ကံကြမ္မာရဲ့ မျက်နှာသာ မပေးမှုအောက်မှာ အရာအားလုံးက ချွတ်ခြုံကျခဲ့တာပဲ။"

သတ္တမဘိုးဘေးကြီးသည် မြေပေါ်သို့ ဆင်းသက်ပြီးသည့်နောက် သက်ပြင်းကိုချလိုက်သည်။ အရှေ့ကို လှမ်းတက်လိုက်ပြီး မရင်းနှီးသည့် အဆောက်အဦများကို လှမ်းကာကြည့်ရှုလိုက်မိသည်၊ သူ၏ မျက်နှာပေါ်တွင် တစ်စုံတစ်ခုသော ခံစားချက်များ ဖြစ်တည်လာခဲ့၏။

မကြာခင်မှာပင် လျှိုကလန်၏ အဓိက ​ဟောခန်းရှေ့သို့ သူတို့သုံးယောက်ရောက်ရှိလာခဲ့၏။

ထိုနေရာသို့ ရောက်သည့်အချိန်မှာတော့ လျှိုရှင်းကျီ၏ မျက်နှာတစ်ခုလုံးသည် မဲမှောင် သွားခဲ့၏။ သူတို့ သုံးယောက်သည် တကယ့်ကို အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်ထားခဲ့၏။ ထို့ကြောင့် အော်ရာများသည် နက်နဲလျှို့၀ှက်နယ်မြေတစ်ခုလုံးဆီ ပျံ့နှံ့ပြီးသားဖြစ်၏။ လျှိုကလန်၏ အဖွဲ့၀င်တစ်ချို့သည် ဒူးထောက်ကာ ထိုင်နေကြပြီးဖြစ်သည်။ ထို့ကြောင့် အကြီးအကဲနှင့် ကလန်ခေါင်း​ဆောင်တို့ သတိမပြုမိဘူး ဆိုသည်မှာ မဖြစ်နိုင်ချေ။

လာရောက်လည်ပတ်သူများ တည်ရှိနေသည်ကို သတိပြုမိသော်လည်း အရာအားလုံးက ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်လို့နေခဲ့၏။ လျှိုကလန်သည် အပြင်ဘက်သို့ထွက်ပြီး နှုတ်ဆက်ရန် တွန့်ဆုတ်နေလေသည်လား။

"ဟောခန်းထဲမှာတော့ တော်၀င်အင်ပါယာတစ်ယောက်ရဲ့ အော်ရာတွေရှိတယ်။ လျှိုကလန်ရဲ့ ခေါင်း​ဆောင် မဟုတ်ဘူးဆိုရင်တောင်မှ အကြီးအကဲတွေထဲက တစ်ယောက် ဖြစ်လိမ့်မယ်။ " လျှိုချင်းကျီ သည် မျက်မှောင်ကုတ်ကာ ပြောဆိုလိုက်၏။ သူ၏ အသံထဲတွင် စိတ်မချမ်းမြေ့မှုများ ပါ၀င်လျက်ရှိနေ၏။

သတ္တမအကြီးကဲ၏ ရှေ့တွင် သူသည် ဂျူနီယာတစ်ယောက်သာဖြစ်၏။ သို့ပေမဲ့ ဤနေရာတွင်တော့ သူသည် ကျိန်းသေပေါက် လျှိုကလန်၏ခေါင်းဆောင်ပင်လျှင် ဦးညွတ်ကာ ဆက်ဆံရမည့် တော်၀င်ဘိုးဘေးကြီး တစ်ယောက်ဖြစ်လို့ နေခဲ့သည်။

All Chapters