← Chapters

အခန်း (၆၄၉)

Vol. 44 Ch. 649

အခန်း (၆၄၉)

Vol. 44 Ch. 649

ထျန်းမင်တောင်သခင်သည် ဟောခန်း၏ အပြင်ဘက်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် မတ်မတ်ရပ်လျက် ရှိနေပြီး လောကကြီး တစ်ခုလုံးကို မောက်မာစွာဖြင့် ကြည့်ရှုလိုက်၏။ ၎င်း၏ မျက်လုံးဆီမှ အလင်းအော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး ၎င်းကို ယှဉ်ပြိုင်ကြည့်ရှုရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

၎င်းသည် သတ္တမဘိုးဘေးကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူ ဘိုးဘေးအိုကြီးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ဂျူနီယာကျင့်ကြံသူ တစ်ယောက်ဖြစ်သော်လည်း အားလုံးသောသူတို့ သိရှိရမည်မှာ ၎င်းသည် သတ္တမဘိုးဘေးထက် ပိုမိုကာ အားကောင်းသည် ဟူ၍ပင်။

ယခင်တုန်းက သူသည် ငရဲလောက၏ တိုက်ပွဲတွင် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌ လျှိုကလန်သည် ကျိန်းသေပေါက် ရှေ့ဆုံးမှ ဝင်ရောက်ကာ တိုက်ခိုက်ခဲ့သည့် လူများပင် ဖြစ်၏။ ရန်ငြိုးဟောင်းများကို ဖြေရှင်းရပေတော့မည်။

သူသည် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေပြီး တစ်ဖက်လူများကို လှမ်းကာ ကြည့်ရှုနေ၏။

“နက်နဲမီးတောက်လောကကြီးရဲ့ သာမန်လျှိုကလန်လေးက နတ်ဘုရားလောကကို ရောက်တဲ့အချိန်မှာ မရေတွက်နိုင်တဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်လာခဲ့တာပဲ။ အင်း… တကယ့်ကို အံ့အားသင့်စရာကောင်းတယ်” ထျန်းမင်တောင်သခင်သည် အမှတ်မထင်နှင့် မှတ်ချက်ချလိုက်၏။ သူသည် မျက်လုံးများကို မှေးကျဉ်းကာဖြင့် အရှေ့တွင် ရှိနေသည့် လူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

အတိတ်တုန်းက နက်နဲမီးတောက်လောကကြီး၏ လျှိုကလန်သည် အင်မော်တယ်ဘုရင်တစ်ယောက်ကို မွေးဖွားနိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် နက်နဲမီးတောက်လောကကြီးကို သူအုပ်စိုးခဲ့သည့် အချိန်က လျှိုကလန်ဆိုသည်မှာ သူ၏မျက်လုံးထဲသို့ ဝင်ခဲ့သည့် အရာမျိုး မဟုတ်ခဲ့ချေ။

“ခင်ဗျားကို ဒီထက် အံ့အားသင့်စရာတွေ အများကြီးပေးမယ်”

လျှိုရွှမ်ချမ်သည် အသက်ကို ပြင်းပြင်း ရှူလိုက်၏။ သူသည် ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဒဏ်ရာအားလုံးကို ဖိနှိပ်လိုက်၏။ သူ၏ အကြည့်သည် ရိုးရှင်းလွန်းလှချေ၏။ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒအပြည့်နှင့် ကြည့်ရှုနေခြင်းသာဖြစ်၏။ ပြီးနောက် အေးစက်စက် အသံဖြင့် ပြောဆိုလိုက်၏။

“မကြာခင်မှာ ခင်ဗျားစည်းကို ချိုးဖြတ်ပြီး ထွက်လာခဲ့တယ်ဆိုတဲ့ သတင်းက နတ်ဘုရားလောကတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်။ နှစ်ပေါင်း သန်းနဲ့ချီ နေထိုင်ခဲ့တဲ့ ခင်ဗျားရဲ့ ကံတရားက အဆုံးသတ်ကောင်းမှာ မဟုတ်တော့ဘူး”

နောက်ဆုံးအကြိမ် ထျန်းမင်တောင်သခင်ကို ဖိနှိပ်ခဲ့စဉ်က ၎င်းသည် ငရဲလောကကြီး၏ နောက်လိုက် အင်အားစုတစ်ခုဟူသည် ဂုဏ်ပုဒ်ကိုသာ ပိုင်ဆိုင်ခဲ့၏။ အဓိက အရေးကြီးသည့် ကျင့်ကြံသူဟူ၍ သုံးသပ်၍ မရခဲ့ချေ။ ငရဲလောက၏ ထိပ်တန်းကျင့်ကြံသူများနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထျန်းမင်တောင်သခင်သည် တကယ်ပင် အားနည်းလွန်းခဲ့သည်။

ထိုအချိန်တုန်းက နတ်ဘုရားလောကနှင့် ထူးခြားအင်မော်တယ်လောကတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် အတူပူးပေါင်းကာဖြင့် ငရဲလောကသားများကို တိုက်ခိုက်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ထျန်းမင်တောင်သခင်သည် ကျရှုံးခဲ့၏။

လက်ရှိ အချိန်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အသင်္ချေများပြားလှသော လောက အသီးသီးဘက်တွင် စွမ်းအားမြင့် ကျင့်ကြံသူ အရေအတွက်က နည်းပါးလာခဲ့၏။ ထျန်းမင်တောင်သခင် ကဲ့သို့သော အင်မော်တယ်ဘုရင်သည် အရေအတွက် နည်းနည်းဖြင့်သာ တည်ရှိခဲ့၏။ ထို့ကြောင့် ထျန်းမင်တောင်သခင်ကို လက်ရှိ အချိန်တွင် ရင်ဆိုင်ရန် ဆိုသည်မှာ တကယ်ပင် ခက်ခဲပေမည်။

“ဟုတ်လား”

ထျန်းမင်တောင်သခင်သည် ခပ်တည်တည်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “အဲဒီနေ့ကို ကျုပ် စောင့်နေတာပဲ။ ဒါပေမဲ့ အင်း… လက်ရှိအခြေအနေကို ခင်ဗျားတို့ သေသေချာချာ နားလည်ဖို့ မျှော်လင့်မိတယ်။ ခင်ဗျားတို့ရဲ့ရှေ့မှာ ရွေးချယ်ခွင့် နှစ်ခုရှိတယ်။ ထျန်းမင်တောင်နဲ့အတူ ပူးပေါင်းမလား။ ဒါမှမဟုတ် သုတ်သင်ရှင်းလင်းခြင်းကို ခံမလား”

ထျန်းမင်တောင်သခင်သည် တကယ့်ကို အားကောင်းသည့် လူတစ်ယောက်ဖြစ်၏။ တစ်ဖက်လူများကို မည်သို့မှ သနားညှာတာတတ်သူ တစ်ယောက်လည်း မဟုတ်ချေ။

“ခင်ဗျား အိမ်မက် မက်နေတာပဲ”

သတ္တမဘိုးဘေးကြီး ဘာတစ်ခုမှ မပြောရသေးခင်မှာဘဲ လျှိုရွှမ်ချမ် သည် ထျန်းမင်တောင်သခင်၏ အဆိုပြုချက်ကို တစ်ခါတည်း ငြင်းပယ်လိုက်၏။

“လျှိုချင်းယုက ဘက်ပြောင်းသွားခဲ့ပြီ။ ဒီတော့ ခင်ဗျားတို့လည်း သေချာ စဉ်းစားသင့်တယ်။ အခွင့်အရေး လွှဲချော်သွားပြီဆိုရင် ခင်ဗျားတို့ ကျင့်ကြံခဲ့တဲ့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့မှုတွေက အလကား ဖြစ်သွားလိမ့်မယ်”

“ထပ်ပြီး စဉ်းစားနေစရာ မလိုဘူး။ လျှိုကလန်ရဲ့လူက ငရဲလောကနဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ဘူး” လျှိုရွှမ်ချမ်သည် လေးနက်တည်ကြည်စွာဖြင့် ပြောဆိုလိုက်သည်။

“ဟင်း..”

ထျန်းမင်တောင်သခင်သည် သက်ပြင်းချလိုက်၏။ သူသည် ခေါင်းကို အသာငုံ့ပြီးသည့်နောက် တစ်ဖက်လူများကို ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် အဆုံးမဲ့သော သတ်ဖြတ်လိုခြင်း ဆန္ဒများ ဖြစ်တည်လာခဲ့၏။ “ဒီလိုဆိုမှတော့ နောက်ဘဝကို အတူတူသွားဖို့ ကျုပ် ပို့ပေးရမှာပေါ့”

ဝုန်း ....။

ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ထျန်းမင်တောင်သခင်သည် လက်ထဲတွင် စည်းသင်္ကေတ တစ်ခုကို ဖန်တီးပြီး လေဟာနယ်ထဲသို့ လှမ်းကာ ရိုက်နှက်လိုက်၏။ ချက်ချင်းပဲ သတ်ဖြတ်ခြင်း အစီအရင် သုံးခုတို့သည် အသက်ဝင် နိုးထလာခဲ့၏။ ကြမ်းတမ်းလွန်းသည့် သတ်ဖြတ်လိုခြင်း အော်ရာများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသည့် ကြက်သွေးရောင် အလင်းတန်းများသည် တည်နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ထိုအရာအားလုံးသည် ဓားရှည်များအဖြစ် အသွင်ပြောင်းကာဖြင့် တည်နေရာအတွင်း ရှိသမျှ အရာအားလုံးကို စတင် ခုတ်ပိုင်းလေ၏။

“မကောင်းတော့ဘူး။ ဒီနေရာက မြန်မြန်ထွက်စမ်း” သတ္တမ ဘိုးဘေးကြီးသည် ထျန်းမင်တောင်သခင်၏ လှုပ်ရှားမှုကို မြင်ရသည့် အချိန်မှာတော့ ချက်ချင်းပဲ အမိန့်ပေးလိုက်၏။ သူသည် လျှိုရွှမ်ချမ်ကို အသာ ဆွဲယူပြီးသည့်နောက် အစီအရင်၏ အနောက်ဘက်ဆီသို့ မြန်မြန် ခုန်ဆုတ်လိုက်သည်။

အချိန်အတိုင်းအတာတိုအတွင်းမှာပဲ သူသည် အလကား မနေခဲ့ချေ။ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို ဖြန့်ကျက်ပြီးသည့်နောက် အရာအားလုံးကို ကြည့်ရှုနေခဲ့ခြင်းဖြစ်၏။ ထို့အပြင် သူသည် အစီအရင်ကြီး၏ အားနည်းမှုများကိုလည်း ဆက်တိုက်ဆိုသလို ကြည့်ရှုနေခဲ့၏။ အစီအရင် ပျက်စီးသွားသည်နှင့် တပြိုင်နက် ၎င်းတို့ သုံးယောက်သည် အောင်မြင်စွာ ထွက်ခွာသွားနိုင်ပေလိမ့်မည်။ အစီအရင်၏ထောက်ပံ့မှု မရှိသည် ဆိုပါက တစ်ဖက်လူနှစ်ယောက်တို့သည် သုံးယောက် - နှစ်ယောက် တိုက်ပွဲတွင် အသာရလိမ့်မည် မဟုတ်ချေ။

လျှိုရွှမ်ချမ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသည် ဆိုသော်လည်း ၎င်း၏ အားအင်အဆင့်သည် အင်မော်တယ်ဘုရင်အဆင့် ဖြစ်၏။ အရေးအကြောင်း အခြေအနေမျိုးတွင် ၎င်းသည် တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။

လေထုထဲတွင်တော့ သတ္တမဘိုးဘေး၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်လှိုင်းများ ထွက်ပေါ်လျက်ရှိ၏။ လက်တစ်ဖက်ကို အသာယမ်းခါ လိုက်ပြီးသည့်နောက် ငွေဖြူရောင် လှံတစ်စင်းသည် သူ၏ လက်ထဲ၌ ပေါ်ပေါက်လာခဲ့၏။ သူသည် လေဟာနယ်ထဲသို့ ပစ်လွှတ်လိုက်၏။ လှုပ်ရှားမှုမှာ မမြန်ဆန်ချေ။ သို့ပေမဲ့ ကောင်းကင်တာအို၏ နိယာမများနှင့် တသားတည်း ဖြစ်တည်လျက် ရှိနေသည်။

“ကောင်းကင်တာအိုနဲ့ လိုက်ဖက်ညီခြင်းလား” ထျန်းမင်တောင်သခင်က မျက်ခုံးပင့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူ၏ အမြင်အရဆိုလျှင် သတ္တမ ဘိုးဘေးကြီးသည် သာမန်ထက်ပိုကာ ထူးချွန်သည့် အင်မော်တယ်ဘုရင်တစ်ယောက်မျှသာဖြစ်၏။ အဘယ်ကြောင့် ကောင်းကင်တာအို၏ နိယာမများနှင့် တသားတည်း ဖြစ်တည်သည့် နည်းစနစ်များကို ထုတ်ဖော်နိုင်စွမ်း ရှိနေသနည်း။

နတ်ဘုရားနဂါးများ၏ အော်ဟစ်သံများ၊ အင်မော်တယ် ဖီးနစ်များ၏ အော်သံများက ထွက်ပေါ်လာခဲ့၏။ ထိုအသံများသည် ဓားသွားများကဲ့သို့ပင် စူးရှစွာဖြင့် အရာအားလုံးကို ဖျက်ဆီးလေ၏။

“တချို့အားအင်တွေက ကောင်းတော့ ကောင်းပါရဲ့။ အင်း.. ဒါပေမဲ့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး” ထျန်းမင်တောင်သခင်သည် နှာခေါင်း ရှုံ့လိုက်၏။ သူသည် လက်တစ်ဖက်ကို အသာမြှောက်ပြီးနောက် အစီအရင်ကို ထပ်မံကာ အသက်သွင်းလိုက်၏။ များပြားလွန်းသည့် ဓားအလင်းတန်းများသည် လေဟာနယ် တစ်ခုလုံးကို ထိုးခွင်းကာဖြင့် မရပ်မနား ဆိုသလိုပဲ သတ္တိမဘိုးဘေးတိုက်ခိုက်သည့် နတ်ဘုရားဓားသွား များအား တိုက်ခိုက်တော့သည်။

All Chapters