အခန်း (၆၄၆)
Vol. 44 Ch. 646
“ချင်းယု.. ငါတို့က မိသားစုတွေပဲလေ။ အချင်းချင်းကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နဲ့။ ငါ မင်းရဲ့နာမည်နဲ့ ဂုဏ်သိက္ခာ အကုန်လုံး ရှင်းလင်းသွားအောင် ကူညီပေးမယ်” လျှိုရွှမ်ချမ်က ပြောလိုက်သည်။ သူ့အနေနှင့် တစ်ဖက်လူကို သွေးဆောင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်၏။ သူ၏ အမြင်အရဆိုလျှင် မိသားစုများ ကြားထဲတွင် လျှို့ဝှက်ချက်ဟူ၍ မရှိသင့်ပေ။
ထို့အပြင် လျှိုချင်းကျီ၏ စိတ်နေစိတ်ထားအရ ချင်းယု၏ ကိစ္စများတွင် ကျိန်းသေပေါက် ပါဝင်ကာ ရှုပ်ထွေးတော့ မည်မှာ သေချာ၏။ တစ်ဖက်လူ၏ဘဝတွင် တွေ့ကြုံခဲ့ရသည့် အရာများကို စစ်ဆေးခြင်း ဆိုသည်မှာ လွန်လွန်းလှ၏။ ထို့အပြင် ကျိုးကြောင်း ဆီလျော်သည့် ကိစ္စရပ်လည်း မဟုတ်ချေ။
သို့ပေမဲ့ လျှိုချင်းယုသည် တည်တည်ငြိမ်ငြိမ် ဆိုသလိုပဲ ငြင်းပယ်လိုက်၏။ “ဘယ်လိုမှ မဖြစ်နိုင်ဘူး”
“ဟမ်”
လျှိုချင်းကျီသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူ၏ အသံသည် အေးစက်သည့် လေသံများ ဖြစ်တည်လာခဲ့သည်။ “မင်းဆီမှာ ဘာတွေများ ဖုံးကွယ်ထားတာ ရှိလို့လဲ။ ငါ မင်းကို ဖမ်းဆီးပြီး လျှိုကလန်ဆီကို ခေါ်သွားမယ်။ ဒါမှ ဖြစ်တော့မယ်”
၎င်း၏ အသံသည် ကြင်နာသနားမှု ကင်းမဲ့လျက် ရှိနေသည်။ ဝတ်စုံသည် လေမတိုက်ဘဲ လွင့်မျောလျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် တည်ရှိနေသည့် တာအို၏ သင်္ကေတများသည် ပိုမိုကာ ထွန်းတောက်လာခဲ့ပြီး နဖူးစပ်တွင် ရှိနေသော လခြမ်းပုံသဏ္ဍာန်လေးသည် ထင်ထင်ရှားရှား တောက်ပလာခဲ့၏။ အချိန်နှင့် တည်နေရာကို ဖြတ်သန်းကာ ရောက်ရှိလာသည့် အင်မော်တယ်ဘုရင် တစ်ပါးကဲ့သို့ပင်။
“ဦးလေး… ကျုပ်ကို မယုံဘူးဆိုရင် ကျုပ်က ဘယ်လို ရှင်းပြ၊ ရှင်းပြ ဒီကိစ္စက ဖြစ်မှာ မဟုတ်တော့ဘူး” လျှိုချင်းယု သည် မခန့်လေးစား ပြောလိုက်၏။ သူ၏လက်ဝါးထက်တွင် သွေးကဲ့သို့သော သင်္ကေတ တစ်ခု ထွက်ပေါ်လာသည်။ “ခင်ဗျားတို့က ကျေးကျွန်တစ်ယောက်ရဲ့ စကားကို အခြေခံပြီး ကျုပ်အပေါ် သံသယ ဝင်ခဲ့ကြတယ်။ အနာဂတ်မှာ တခြားသူတွေက ကျုပ်အပေါ် သံသယ ဝင်လာကြမယ်ဆိုရင် ကျုပ်ရဲ့ နတ်ဘုရားဝိညာဉ်ကို ခဏခဏ ထုတ်ဖော်ပြနေရတော့မှာပေါ့။ ကျုပ် လျှိုချင်းယုက အင်မော်တယ်ဘုရင် တစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီး တခြားသောသူတွေက ကျုပ်ရဲ့ နတ်ဘုရားဝိညာဉ်ကို ဝင်ပြီး ထိန်းချုပ်တာကို ခွင့်ပြုပေးရမှာလဲ”
“ဒီသံသယဆိုတဲ့ ကိစ္စရပ်ကို လျှိုကလန်အချင်းချင်း ရှင်းလင်းကြတာပဲလေ ချင်းယု။ ချင်းကျီကို စစ်ဆေးခိုင်း လိုက်စမ်းပါ။ မင်းရဲ့ အပြစ်ကင်းမှုကို သက်သေပြလိုက်ပြီ ဆိုတာနဲ့ လျှိုကလန်က မင်းရဲ့ လုံခြုံမှုကို အာမခံတယ်” လျှိုရွှမ်ချမ်သည် အသာဝင်ကာ ပြောဆိုလိုက်၏။
“ဟားဟား”
လျှိုချင်းယုက ရယ်မောလိုက်၏။ ၎င်း၏ မျက်လုံးထက်တွင် အထင်အမြင်သေးသည့် အရိပ်အာဝါသများ ဖြစ်တည်လာခဲ့၏။ သူသည် တစ်ဖက်တွင်ရှိသည့် လူသုံးယောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ “အဆုံးသတ် မှာတော့ ခင်ဗျားတို့က ကျုပ်ထက်ပိုပြီးတော့ ကျေးကျွန်တစ်ယောက်ရဲ့ စကားကို ယုံခဲ့ကြတာပဲ”
“ချင်းယု… မင်း လွန်လွန်းနေပြီ” လျှိုရွှမ်ချမ်သည် အကူအညီမဲ့သလို သက်ပြင်းချလိုက်၏။ သူ့အနေနှင့် တစ်ဖက်လူကို ဆွေးနွေးချင်စိတ် ရှိခဲ့၏။ သို့ပေမဲ့ မဖြစ်နိုင်တော့ချေ။ ဘေးတစ်ဖက်တွင် ရှိနေသည့် သတ္တမဘိုးဘေးကို လှမ်းကာ ကြည့်ရှုလိုက်၏။
သို့ပေမဲ့ ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုချင်းကျီသည် အေးစက်စက်နှင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “စကားတွေ မလိုတော့ဘူး။ သူ့ကို ဖိနှိပ်ပြီး ဖမ်းချုပ်သွားမှပဲ ဖြစ်မယ်။ ဒါမှ အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်လိမ့်မယ်”
လျှိုချင်းကျီ ထိုစကားကို ပြောဆိုလိုက်သည့် အချိန်မှာပဲ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံကြီးသည် ကောင်းကင်ယံထက်တွင် ပေါ်ပေါက်လာခဲ့၏။ မဲနက်လျက် ရှိနေသည့် မြွေကဲ့သို့သော အသွင်သဏ္ဍာန်နှင့် မိုးကြိုးများသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့၏။ မျက်စိနှင့်တဆုံး ကြည့်ရှုရမည်ဆိုလျှင် ခြောက်ခြားမှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်ကိုသာ မြင်ရ၏။
လျှိုချင်းကျီသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေ၏။ ၎င်း၏ အကြည့်များသည် ဓားသွားများကဲ့သို့ပင် ထက်ရှလွန်းလှပြီး လျှိုချင်းယုကို လှမ်းကာ ကြည့်ရှုနေ၏။ ၎င်း၏ မျက်လုံးထဲတွင် ဒေါသတရားများသည် အဆုံးမဲ့ ပါဝင်နေ၏။ လက်ရှိအခြေအနေမှာတော့ သူသည် နတ်ဆိုးအရှင် တစ်ပါးကဲ့သို့ပင် ဖြစ်လို့နေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ နတ်ဘုရားနှင့် မိုးကောင်းကင် နတ်ဘုံမှ အဖွဲ့သားများပင်လျှင် သူ့ကို ယှဉ်ပြိုင်နိုင် လိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူသည် ငယ်ရွယ်စဉ်ကတည်းက ပါရမီရှင်ဖြစ်ခဲ့သူ တစ်ယောက်ဖြစ်၏။ လျှိုချင်းကျီသည် လျှိုချင်းယုထက် ပိုမိုအချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့သူတစ်ယောက် ဖြစ်သည်မို့ တစ်ဖက်လူအား ဂျူနီယာ တစ်ယောက်အဖြစ် နွေးထွေးပေးခဲ့၏။ ထို့အပြင် ဂျူနီယာတစ်ယောက်ကို ဖိနှိပ်ဖို့ ဆိုသည်မှာ သူ့အတွက် အားအင် စိုက်ထုတ်မှု ကင်းစွာဖြင့် ပြုလုပ်နိုင်သည့် အရာမျိုးမျိုးပင် ဖြစ်၏။
“သေစမ်း” ကျယ်လောင်လှသည့် အသံကြီးသည် လေဟာနယ်ထဲတွင် ထွက်ပေါ်လာခဲ့လေ၏။ လျှိုချင်းကျီသည် ကြီးမားလွန်းသည့် လက်ကြီးကို ဆန့်တန်းပြီးသည့်နောက် တစ်ဖက်လူကို လှမ်းကာ ဖမ်းလေ၏။ ကောင်းကင်တွင် ရှိနေသည့် ကြယ်စင်စုများ အားလုံးတို့သည် အောက်ဆီသို့ ပြိုကျ ပျက်စီးကုန်၏။ နေ၊ လ၊ စကြဝဠာ အရာအားလုံးတို့သည် ပြောင်းပြန်လှန်သကဲ့သို့ပင် တည်နေရာကြီး တစ်ခုလုံးသည် ဗြောင်းဆန်နေလေသည်။
တည်နေရာတစ်ခုလုံးသည်လည်း နက်မှောင်လျက် ရှိနေပြီး အားလုံးသော သူတို့သည်လည်း အမှောင်ထုဆီသို့ ရောက်ရှိသွားသကဲ့သို့ပင်။ ဤအရာသည် လျှိုချင်းကျီ ပိုင်ဆိုင်သည့် ပြိုင်စံရှား ကျင့်ကြံခြင်းနည်းစနစ် တစ်ခုပင် ဖြစ်၏။
“တတိယဦးလေး… အတိတ်တုန်းကနဲ့ အခု ကွာခြားသွားခဲ့ပြီ။ ကျုပ်က အရင်တုန်းက လျှိုချင်းယု မဟုတ်တော့ဘူး။ လက်ရှိ အားအင်အရဆိုရင် ခင်ဗျား ကျုပ်ကို နိုင်မှာမဟုတ်ဘူး” လျှိုချင်းယုသည် တစ်ဖက်လူကို လှမ်းကြည့်ကာဖြင့် ယုံကြည်ချက်ရှိရှိ ပြောဆိုလိုက်သည်။
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာပဲ နတ်ဘုရားရောင်စဉ်များ ထွန်းတောက်လျက် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါမျိုးသည် သန်းနှင့်ချီသော တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့လေ၏။
အားလုံးသော သူတို့သည် ထိတ်လန့် အံ့ဩလျက် ရှိနေပြီး နက်နဲလျှို့ဝှက်လောကကြီး တစ်ခုလုံးသည် လုံခြုံမှု ကင်းမဲ့သွားသကဲ့သို့ပင်။ အော်ရာတစ်ခုနှင့်ပင် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်ဆိုလျှင် တကယ်တမ်း တိုက်ခိုက်သည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်သည့် ခန့်မှန်း၍ မရနိုင်အောင်ပင် ဖြစ်နေလိမ့်မည်။
“ခွေးကောင်” လျှိုချင်းကျီ၏ ဒေါသတရားများသည် ပိုမိုကာ တိုးပွားလာခဲ့၏။ သူသည် မည်သို့မှ မထိန်းချုပ် နိုင်ခဲ့တော့ချေ။ ဂျူနီယာတစ်ယောက်သည် သူ့အား ထိုကဲ့သို့ ပြောဆိုလျက် ရှိနေ၏။ ကျိန်းသေပေါက် ဒေါသထွက်စရာပင် မဟုတ်ပါလား။
ဘုန်း
လက်ဝါးရိုက်ချက်တစ်ခု ကျဆင်းလာသည့် အချိန်မှာတော့ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး၌ ကြမ်းတမ်းလွန်း လှသည့် ဖိအားဒဏ်များ ဖြစ်တည်လာခဲ့၏။ မြေပြင်တစ်ခုလုံးသည် အောက်သို့ ချိုင့်ဝင်သွားခဲ့၏။ အရာ အားလုံးသည် ဝါးမျိုခြင်းကို ခံလိုက်ရ၏။
“ဒီနေ့မှာ တတိယအကြီးအကဲ ကျုပ်ကို အသိအမှတ် ပြုရလိမ့်မယ်”
လျှိုချင်းယုသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏ အနောက်ဘက်တွင်တော့ ဖီးနစ်ကဲ့သို့သော သတ္တဝါကြီး တစ်ကောင်က ပေါ်ပေါက်လာခဲ့လေ၏။ ထိုသတ္တဝါ၏ အတောင်ပံများသည် နတ်ဘုရားမီးတောက်များ တောက်ပလျက် ရှိနေပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို လင်းလက်သွားစေသည်။
ဖီးနစ်အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြီးမားသည့် လက်ကြီးတစ်ဖက်သည် လေဟာနယ်ထဲ၌ ဖြစ်တည် လာခဲ့ပြန်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် လှိုင်းအဟုန်များသည် တည်နေရာ တစ်ခုလုံးကို တိုက်စား သွားခဲ့၏။
နက်နဲလျှို့ဝှက်လောက တစ်ခုလုံးသည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိတော့မည့် အရိပ်သင်္ကေတမျိုးပင်။
“တတိယဦးလေး… ဘယ်လိုထင်လဲ”
လျှိုချင်းယု၏ အသံသည် ကောင်းကင်ယံ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ သူသည် ရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်လာခဲ့ပြီးသည့်နောက် အရာအားလုံးတို့တွင် သူသည် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော်နေလေ၏။
သူသည် လျှိုချင်းကျီကို လှမ်းကာကြည့်ရှု၏။ တစ်ဖက်လူသည် သူ့ကို ထိတ်လန့်တကြား ကြည့်ရှုနေသည့် အကြည့်မျိုးကို မြင်ချင်လှသည်။
“အစောကြီးတည်းက ပူးပေါင်းလိုက်မယ်ဆိုရင် ပိုမကောင်းဘူးလား။ ဒါပေမဲ့ ဒီလို ဖြစ်လာခဲ့ပြီဆိုရင် ရွေးချယ်ခွင့် မရှိတော့ဘူး”
အရင်ကတည်းက ဖန်တီး တည်ဆောက်ထားခဲ့သော အစီအရင်များသည် အသက်ဝင်လာခဲ့ပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံး၌ အဆုံးမဲ့သည့် စွမ်းအင်များနှင့် လှိုင်းထန်သွားခဲ့၏။ ချက်ချင်းပဲ လေဟာနယ် တစ်ခုလုံးတွင် အစီအရင်များ ဖြစ်တည်လာခဲ့ပြီး အင်မော်တယ်ဘုရင် သုံးယောက်တို့ကို ဖမ်းဆီး ချုပ်နှောင် လေ၏။
သတ်ဖြတ်ခြင်း အစီအရင် သုံးခုတို့သည် တစ်ခုပြီးတစ်ခု အသက်ဝင်သွားပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတ်ဖြတ်ခြင်း ဆန္ဒများကို ထုတ်ဖော်နေ၏။ အထဲတွင် ရှိနေသည့် ကျောက်တုံးများ၊ မြက်ပင်များ အားလုံးတို့ပင်လျှင် ကြက်သွေးရောင် တောက်ပလျက် ရှိနေပြီး အရာအားလုံးတို့ကို သတ်ဖြတ်တော့မည် သကဲ့သို့ပင်။
ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ လျှိုချင်းကျီ၊ သတ္တမဘိုးဘေးနှင့် လျှိုရွှမ်ချမ်တို့ အားလုံး၏ နှလုံးသားများ စိမ့်တက်သွားခဲ့မိ၏။
လျှိုချင်းကျီသည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ကြည့်ရှု ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည် အေးစက်စက်အသံဖြင့် ရေရွတ်လိုက်သည်။ “အစောတည်းက ပြင်ဆင်ထားခဲ့တာပေါ့”
‘အစောကတည်းက ပြင်ဆင်ထားခဲ့တာပေါ့’ စကားလုံးသည် အရာအားလုံးသော အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေ၏။ အစကနေ အဆုံးအထိ လျှိုချင်းယုသည် သူတို့လာမည်ကို သိရှိပြီးဖြစ်၏။ ထို့ကြောင့်ပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတ်ဖြတ်ခြင်း အစီအရင်များကို ဖန်တီးထားခဲ့ခြင်း ဖြစ်ပေမည်။ သူတို့အား ဖမ်းဆီးချုပ်နှောင်ပြီး တစ်ခါတည်း သတ်ဖြတ်ပစ်ရန်ပင် စီစဉ်ထား၏။
လျှိုချင်းယုသည် ဘာတစ်ခုကိုမှ ဖုံးကွယ်မထားဘူးဆိုလျှင် အဘယ်ကြောင့် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ပြုလုပ်မည်နည်း။ လက်ရှိအခြေအနေမှာတော့ သူတို့ ထင်မှတ်ထားသည့် အတိုင်း ဖြစ်လာခဲ့သည်။
ဘုန်း ဘုန်း
သတ်ဖြတ်ခြင်းအစီအရင်သုံးခု အသက်သွင်းပြီးသည့်နောက် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ဝေဝါးသည့် ပုံရိပ်ယောင်များနှင့် ရှုပ်ထွေးသွားခဲ့၏။ တည်နေရာတစ်ခုလုံးသည် ရုန်းရင်းဆန်ခတ်နှင့် ဖြစ်တည်နေခဲ့ပြီး ရှိရှိသမျှသော အရာအားလုံးကို ခုတ်ပိုင်းတော့မည် သကဲ့သို့ပင်။
လက်ရှိ အခြေအနေမှတော့ နက်နဲလျှို့ဝှက်လောက တစ်ခုလုံးတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ ၎င်းတို့သည် ဖြူလျော်နေသည့် မျက်နှာများနှင့်အတူ လျှိုကလန်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူတို့၏ စိတ်စွမ်းအင်များသည် မရပ်မနား ဖိနှိပ်ခြင်းကို ခံနေရပြီး တိုက်ပွဲ၏ အနီးအနားတွင် တည်ရှိနေသည့် လူများသည် ပိုမိုကာ ဆိုးရွားလွန်းလှ၏။
ထိုနေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် နှလုံးသားများသည် ဖိနှိပ်ခြင်းကို ခံစားနေရသကဲ့သို့ပင် ဖြစ်တည်လျက် ရှိနေ၏။ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် အစီအရင်ကြီး သုံးခုသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေသည်။ အထဲသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် သတ်ဖြတ်ခြင်းကို ကျိန်းသေပေါက် ခံရမည့်ပုံပင်။