← Chapters

အခန်း (၆၅၃)

Vol. 44 Ch. 653

အခန်း (၆၅၃)

Vol. 44 Ch. 653

“မင်းကိုး”

ထျန်းမင်တောင်သခင်သည် ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အေးစက် နေခဲ့၏။ သူသည် ထိုစကားစုကို သွားကြားထဲမှ အသံဖြင့် ညှစ်ကာ ပြောဆိုလိုက်ခြင်းပင် ဖြစ်၏။

အပြင်ဘက် ကောင်းကင်ယံ၏ တိမ်များပေါ်မှာတော့ တိုင်ချူးသည် လေထုများကြားထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိနေသည့် ဓားရောင်စဉ်ရောင်ဝါများသည် အားလုံးသော သူတို့ကို မျက်စိများပင် ကျိန်းစေခဲ့၏။ သူ၏ ခြေထောက်အောက်တွင်တော့ သတ်ဖြတ်ခြင်း အစီအရင် သုံးခုတို့သည် ပျက်စီးလျက် ရှိနေပြီး များပြားလွန်းသည့် ကျောက်တုံးများသည် တည်နေရာအနှံ့ဆီသို့ပင် လွင့်စင်လျက် ရှိနေသည်။

ထျန်းမင်တောင်သခင်သည် ခေါင်းကိုမော့ပြီး တိုင်ချူးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးများက အေးစက်နေ၏။ ဤလူကို သူ အလွန်ရင်းနှီး၏။ ထျန်းမင်တောင်၏ အပြင်ဘက်တွင် ပေါ်ပေါက်လာခဲ့သည့် အင်မော်တယ်ဘုရင် တစ်ယောက်ပင် ဖြစ်၏။

လျှိုချင်းယုသည်သာ အားအင်အဆင့် ပြန်လည် ကောင်းမွန်သည့် အခြေအနေမျိုးသို့ ရောက်ရှိခဲ့သည်မဟုတ်ပါက သူသည် ကျိန်းသေပေါက် တစ်ဖက်လူကို ချက်ချင်း သွားရောက်သတ်ဖြတ်မိမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိ ကြည့်ရသည်မှာ ထိုကဲ့သို့ လွတ်မြောက်သွားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူသာ တစ်ဖက်လူကို သတ်ဖြတ်ပစ်ခဲ့မည်ဆိုပါက ယနေ့လို သူ အသက်ရှင်နေလိ်မ့မည် မဟုတ်ချေ။

“အင်း... အရင်တစ်ခေါက်တုန်းက လွတ်သွားခဲ့တယ်။ ဒီနေ့မှာ ပြန်လာရဲသေးတယ် ဟုတ်လား။ ကိုယ့်ဘာသာ သေလမ်းရှာနေတာပဲ” ထျန်းမင်တောင်သခင်သည် အေးစက်သည့်အသံဖြင့် ပြောဆိုလိုက်သည်။

အလုံးစုံသော အခြေအနေတစ်ခုကို လှမ်းကာ ကြည့်ရှုပြီးနောက် မထင်မှတ်ထားသည့်လူသည် မထင်မှတ် ထားသည့် အချိန်တွင် ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် သူ့ကို အလစ်အငိုက် ဖြစ်စေခဲ့၏။ သူ မှတ်သား ထားသာမှာ မှန်မည်ဆိုပါက တစ်ဖက်လူသည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာသည်မှာ မကြာမြင့် သေးချေ။ ထို့အတူ သူ့ကြောင့်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သေး၏။

ထို့ကြောင့် ရရှိထားသည့်ဒဏ်ရာများ မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် တစ်ဖက်လူ၏ ကျင့်ကြံခြင်းများကို ပြန်လည်ပြုလုပ်ပေးခဲ့ခြင်းမှ လွဲ၍ တခြားမဟုတ်နိုင်ချေ။

ဟုတ်ပေ၏။ ၎င်း၏ ဒဏ်ရာများ ပြန်လည်ကာ ကောင်းမွန်သွားသည်ကို သုံးသပ် ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အချိန်အတိုင်းအတာ တစ်ခုအတွင်း တစ်ဖက်လူကို ကူညီခဲ့သည့်ပုံ ပေါ်၏။

“ကျုပ် ဒီနေ့ ဒီနေရာကို လာရဲတယ်။ ဘာလို့လဲဆိုတော့ ယုံကြည်ချက် ရှိလို့ပေါ့”

အသစ် ဝင်ရောက်လာခဲ့သော တိုင်ချူးသည် လေးနက်တည်ကြည်စွာဖြင် ပြောဆိုလိုက်၏။ သူသည် ထျန်းမင်တောင်သခင်၏ တည်ရှိမှုကို တစ်ချက်ကလေးမှ ဂရုစိုက်သည့်ပုံ မပေါ်ချေ။

လက်ရှိ အခြေအနေမှာတော့ လျှိုကလန်၏ အင်မော်တယ်ဘုရင် သုံးယောက်တို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိနှင့်နေပြီးဖြစ်၏။ လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့သည်လည်း အကောင်းမွန်ဆုံး အခြေအနေတွင် မရှိတော့ချေ။ ထျန်းမင်တောင်သခင်သည် အခြေအနေ ကောင်းသည်ဆိုသော်လည်း လျှိုချင်းယုမှာတော့ ဆိုးရွားသည့် အခြေအနေတွင် ရှိနေ၏။

အစတုန်းက လျှိုချင်းယုသည် ရင်ဆိုင်ရန် ခက်ခဲလွန်းသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အလုံးစုံ ဒဏ်ရာရရှိလုမတတ် ဖြစ်လို့နေ၏။ အစီအရင် ချိုးဖြတ်ခံလိုက်ရချိန်မှာတော့ ထိုအစီအရင် ပေါက်ကွဲမှုကြောင့် ဖြစ်တည်လာခဲ့သည့် သက်ရောက်မှုသည် လျှိုချင်းယုကို ဒုက္ခရောက်စေခဲ့သည်။ လျှိုချင်းယု၏ အခြေအနေသည် လျှိုရွှမ်ချမ်၏ အခြေအနေထက် အနည်းငယ်သာလျှင် သာ၏။ သို့ပေမဲ့ သိသိသာသာကြီး မဟုတ်ချေ။

“အင်း… ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆီကနေ လာတဲ့ ယုံကြည်မှုတွေလား” ထျန်းမင်တောင်သခင်သည် လေးလေးနက်နက် အသံဖြင့် မေးမြန်းလိုက်၏။

“မဟုတ်ရင် ဘာဖြစ်ရမှာလဲ”

တိုင်ချူးသည် အသာပြုံးကာ ပြောလိုက်သည်။ “ခင်ဗျား တစ်ယောက်တည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်လို့ရမယ် ထင်နေတာလား”

ထိုစကားကို ကြားရသည့် အချိန်မှာတော့ ထျန်းမင်တောင်သခင်၏ နှလုံးသား တစ်ခုလုံးက အေးခဲသွားခဲ့၏။ သူသည် အမှတ်မထင် ဝန်ခံလိုက်သလိုပင် ခံစားနေမိ၏။ တစ်ဖက်လူသည် အင်မော်တယ်ဘုရင် ဖြစ်လာရန် အတွက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အကူအညီကို ရယူခဲ့ခြင်းဖြစ်ကြောင်း သူ သိရှိ၏။ ထို့အတူ သူသည်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားကာ သတင်းအချက်အလက်များကို ဝယ်ယူခဲ့သည် ဖြစ်ကြောင်း တစ်ဖက်လူက သိရှိပြီး ဖြစ်ပုံပေါ်၏။

ယခင်တုန်းက ထိုကဲ့သို့သော ကိစ္စရပ်ကို သူ ခေါင်းထဲ ထည့်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တိုင်ချူးကို ဂရုမစိုက်သောကြောင့်ပင်။ သူ၏ မျက်လုံးထဲတွင် အခုမှ အင်မော်တယ်ဘုရင် အဆင့်ဆီသို့ တက်လှမ်း နိုင်ခဲ့သည့် လူတစ်ယောက်သည် သူ့ကို အန္တရာယ် ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တစ်ဖက်လူသည် သူ့ကို တကယ်ပင် အံ့အားသင့်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။

ဘန်း ….။

မြေပြင်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီးသည့်နောက် ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်နေသည့် လျှိုချင်းယု သည် မြေအောက်ဆီမှ ပြန်လည်ကာ ထွက်ပေါ်လာခဲ့၏။ အင်‌မော်တယ်မြူများသည် ၎င်းကို လွှမ်းခြုံလျက် ရှိနေပြီး ပြန်လည် မွေးဖွားခြင်း၏ နိယာမများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ပေါ်ပေါက်လာခဲ့၏။ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ၎င်း၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန် လာခဲ့၏။ မျက်စိတမှိတ်အတွင်းမှာပဲ ၎င်းသည် အလုံးစုံ ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ သူ၏ စူးရှသည့် မျက်လုံးများသည် တိုင်ချူးဆီသို့ စူးစိုက်ကာ ကြည့်ရှုနေခဲ့၏။

“အင်း.. ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားခဲ့တယ် ဆိုရင်တောင်မှ အခု သေရမှာပဲ” လျှိုချင်းယုက အေးစက်စက် ပြောလိုက်၏။ ယနေ့ အဖြစ်အပျက်များ အားလုံးတို့သည် ငြိမ်းချမ်းစွာ ပြီးဆုံးသွားမည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ တစ်ဖက်လူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူခဲ့သည်။

ထို့ကြောင့် အနာဂတ်တွင် သူသည် တိုင်ချူး မည်သည့်နေရာတွင် ရှိသည်ဆိုသည့် သတင်းအချက်အလက်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ဝယ်ယူနိုင်၏။ တိုင်ချူး မည်သည့်နေရာတွင် ရှိသည်ကို သိရှိပါက ကျိန်းသေပေါက် သူသည် ထျန်းမင်တောင်သခင်နှင့် ပူးပေါင်းကာ တစ်ဖက်လူကို သတ်ဖြတ်ပစ်နိုင်၏။

“ချင်းယု.. မင်းဆီမှာ အနာဂတ်ဆိုတာ မရှိဘူး”

သတ္တမ ဘိုးဘေးက ချဉ်းကပ်လာခဲ့၏။ သူ၏ စူးရှသည့် မျက်လုံးများ သည် လျှိုချင်းယုကို လှမ်းကာ ကြည့်ရှုလျက် ရှိနေ၏။ ပြီးသည့်နောက် သူသည် တိုင်ချူးဆီသို့ အသာသွားကာဖြင့် ဦးညွတ်ကာ အရိုအသေ ပေးလိုက်သည်။ “ကျေးဇူးပါပဲ တာအိုရောင်းရင်း… ဒီနေ့ ကူညီတဲ့အတွက် အနာဂတ်မှာ ကျုပ်တို့က ခင်ဗျားကို ပြန်ပြီး ကျေးဇူးဆပ်ပါ့မယ်”

သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုချင်းကျီသည်လည်း အသာဦးညွတ်ကာ နှုတ်ဆက်လိုက်၏။ လျှိုရွှမ်ချမ် သည် ၎င်း၏ ကျင့်ကြံခြင်း အဆင့်များကို ပြန်လည်ကောင်းမွန်အောင် ကြိုးစားလျက် ရှိနေ၏။ အသက် ရှင်ရန် မျှော်လင့်ချက် တည်ရှိနေပါက မည်သူမှ သေချင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမည့် အကြံအစည်ကို လက်လွှတ်ခဲ့ခြင်းပင်။

“တာအိုရောင်းရင်း… ဒီလောက်ကြီး လောကဝတ်တွေ လုပ်နေစရာ မလိုဘူး။ ငရဲလောကကို သုတ်သင် ရှင်းလင်းပစ်ဖို့ဆိုတာ အသင်္ချေ များပြားတဲ့ လောကအသီးသီးမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ တာဝန်ပဲ မဟုတ်လား” တိုင်ချူးသည် လက်ကို အသာဆန့်တန်းကာဖြင့် တစ်ဖက်လူများကို ပြုံးကာ ပြောလိုက်၏။

“ကျုပ် မေးချင်ပါတယ် တာအိုရောင်းရင်း။ ခင်ဗျား ခုဏက ပြောခဲ့တာ ကောင်းကင်လျှို့ဝှက်နန်းဆောင်လား” သတ္တမ ဘိုးဘေးက မေးမြန်းလိုက်၏။ သူ၏ စကားသံများထဲတွင် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုသည့်စကားလုံးကို သူတို့ မကြားဖူးခဲ့သော်လည်း ယခု ပြောဆိုနေသည့် စကားများကို ကြည့်ရသည်မှာ ထူးခြားလှပုံပေါ်သည်။

ထို့အပြင် ထျန်းမင်တောင်သခင်သည် အားမနည်းလှချေ။ သူ့ကိုပင် အံ့အားသင့်စေခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။

ထိုကဲ့သို့သော ထျန်းမင်တောင်သခ်ပင်လျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ လမ်းညွှန်မှုကို သွားရောက် ခံယူခဲ့သည်ဆိုသောကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လျှိုကလန်ထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း သိရှိနိုင်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ သွယ်ဝှိုက်ကူညီခဲ့ခြင်းမရှိပါက လျှိုကလန်၏ အင်မော်တယ် ဘုရင်သုံးပါးတို့သည် ယနေ့အချိန်တွင် ကြီးမားသည့် အန္တရာယ်တွင်းသို့ သက်ဆင်းနေမည်မှာ သေချာ၏။ ယခုကဲ့သို့ မတ်မတ်ရပ်နိုင်သည့် အခွင့်အရေးပင် ရရှိလိမ့်မည် မဟုတ်ချေ။

“စီနီယာ နန်းဆောင်သခင်က ကောင်းကင်မူလလောကထဲမှာ နေတယ်။ သူက တော်ဝင်သဲကန္တာရမြို့ထဲမှာပေါ့။ ခင်ဗျားတို့ အချိန်ရှိရင် အချိန်မရွေး သူ့ဆီကို သွားလည်လို့ ရတယ်လေ။ ဒါပေမဲ့ မှတ်ထားဖို့ကိစ္စက ငရဲလောကရဲ့ ဒီအကြွင်းအကျန် နှစ်ယောက်ကို အရင်ဆုံး ရင်ဆိုင်ဖို့ပဲ” တိုင်ချူးက တည်ငြိမ်စွာ ပြောလိုက်၏။ ပြီးသည့်နောက် သူသည် ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့ကို လှမ်းကာ ကြည့်ရှုလိုက်၏။

“အမှန်ပဲ” တိုင်ချူး၏ သတိပေးမှုကို ကြားရသည့် အချိန်မှာတော့ သတ္တမဘိုးဘေးကြီးသည် အသိဝင်သွားခဲ့၏။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြန်လည်ကာ မားမားမတ်မတ် ဖြစ်တည်လာခဲ့၏။ လောကဆီသို့ ပြန်လည်ကာ ဆင်းသက်လာခဲ့သည့် အင်မော်တယ် နတ်ဘုရားအိုကြီး တစ်ပါးကဲ့သို့ပင်။

အစီအရင်၏ ဖိနှိပ်မှုကို မခံရသည့် အချိန်မှာတော့ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အားအင်များသည် ကြောက်မက် ဖွယ်ရာကောင်းသည့် အခြေအနေဆီသို့ တိုးတက်လာခဲ့၏။ ၎င်းသည် ထျန်းမင်တောင်သခင်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ထျန်းမင်တောင်သခင်က ကျုပ်တို့ လျှိုကလန်ပေါ်မှာ ယုတ်မာခဲ့တယ်။ လျှိုကလန်ရဲ့ သစ္စာဖောက်ကိုတော့ တာအို ရောင်းရင်းက ကိုင်တွယ်ပေးပါ” သတ္တမ ဘိုးဘေးကြီးသည် အေးစက်နေသည့် လေသံဖြင့် ပြောဆိုလိုက်လေ၏။

တိုင်ချူးသည် ယခုမှ အဆင့်ချိုးဖြတ်ထားသော ကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း သူက ကောင်းကောင်း မြင်၏။ ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင်ဖို့ ဆိုသည်မှာ တကယ့်ကို အန္တရာယ်များသည့် အခြေအနေမျိုးပင်။ သို့ပေမဲ့ လျှိုချင်းယုမှာတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် တိုင်ချူးသည် တစ်ဖက်လူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ပြဿနာတစ်ခု မဟုတ်နိုင်ဟု သူက သတ်မှတ်လိုက်သည်။

“သဘောတူပါတယ်” တိုင်ချူးသည် မောက်မာမှု တစ်ချက်မှ မရှိဘဲနှင့် အသာ ခေါင်းညိတ်ကာ သဘောတူလိုက်၏။

All Chapters