အခန်း (၆၅၆)
Vol. 44 Ch. 656
“မုန့်ရှင်းကျီက တာအိုရောင်းရင်းတွေကို နှုတ်ဆက်ပါတယ်”
နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းလျက် ရှိနေသည့် မုန့်ရှင်းကျီသည် အလွန်ချောမွေ့သည့် ဟန်ပန်အမူအရာဖြင့် နှုတ်ဆက်လိုက်၏။ ၎င်းသည် တခြား ကြည့်ရှုနေသည့် လူများအားလုံးကို ကြီးကျယ်ခမ်းနားသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။ ၎င်းသည် ယဉ်ကျေးသိမ်မွေ့သည့် အမူအရာမျိုး ထုတ်ဖော်ထားသည် ဆိုလျှင်တောင်မှ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ၎င်းကို ကြည့်ရှုရသည်မှာ တမူဆန်းသလို ဖြစ်လို့နေ၏။
အထူးသဖြင့် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် ၎င်းသည် လျှိုချင်းယုကို တားဆီးခဲ့၏။ ဤအရာသည် ကောင်းမွန်သည့် ၎င်း၏ ပြုမူဆောင်ရွက်ပုံကို ထုတ်ဖော်ပြသခဲ့ခြင်းပင်။ ထိုအရာကြားထဲတွင် တိုင်ချူးသည်လည်း စိတ်လှုပ်ရှားလျက် ရှိနေ၏။ နောက်ဆုံးအကြိမ်တုန်းက တာအိုရောင်းရင်းမုန့်သည် ခရမ်းရောင်နက်နဲလောကကြီးမှတဆင့် အဝေး နက်နဲအလင်းလောကကြီး ဆီသို့ ရောက်ရှိလာခဲ့သည်။
အင်ပါယာတစ်ယောက်၏ အားအင်အဆင့်နှင့်ဆိုလျှင် ဤတည်နေရာဆီသို့ ခရီးသွားလာဖို့ ဆိုသည်မှာ လွယ်ကူ သည်မဟုတ်ချေ။ ၎င်းသည် ယခုအချိန်မှာတော့ ဘာမှန်းမသိသည့် နည်းလမ်းများကို အသုံးပြုခဲ့ပြီး ရုတ်တရက် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာခဲ့၏။ ထို့အပြင် သူတို့ဆီသို့ အလျင်အမြန် ရောက်ရှိလာကာ ကူညီပေးခဲ့၏။ ဤကဲ့သို့သော နွေးထွေးစွာ ပြုမူဆောင်ရွက်မှုသည် တိုင်ချူးကို တကယ်ပင် အံ့အားသင့်စေခဲ့၏။
“တာအိုရောင်းရင်းကို နှုတ်ဆက်ပါတယ်”
လျှိုကလန်ဆီမှ အင်မော်တယ်ဘုရင် သုံးယောက်တို့သည် ၎င်းတို့၏ လေးစားမှုကို ထုတ်ဖော်ပြသရန် မမေ့လျော ့ခဲ့ကြချေ။ အရေးအကြောင်း အခြေအနေမျိုးတွင် လာရောက် ကူညီသည့် လူတစ်ယောက်ကို လောကဝတ်အရ ပြန်လည် နှုတ်ဆက်ရမည် ဆိုသည်မှာ လူ့ယဉ်ကျေးမှုပင် ဖြစ်သည်မဟုတ်ပါလား။
“တာအိုရောင်းရင်း.. ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ....” တိုင်ချူးသည် မည်သို့မှ မနေနိုင်ဘဲ စိတ်ဝင်တစားဖြင့် မုန့်ရှင်းကျီကို မေးခွန်းထုတ်လိုက်မိ၏။
“တာအိုရောင်းရင်း တိုင်ချူး.... ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ခင်ဗျား မေ့သွားပြီလား” မုန့်ရှင်းကျီသည် ဆန်းကြယ်စွာဖြင့် ပြုံးလိုက်ပြီး အမှတ်မထင် ပြောဆိုလိုက်သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်လား” တိုင်ချူးသည် သက်ပြင်းကို ချလိုက်မိ၏။ သူသည် မုန့်ရှင်းကျီကို ခေါင်းအစ၊ ခြေအဆုံး သေသေချာချာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် နက်နဲသည့် အသိပညာများ ရုတ်တရက် ဖြစ်တည်လာခဲ့လေ၏။ စီနီယာ နန်းဆောင်သခင်တွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နည်းလမ်းများလည်း တည်ရှိနေလေ သည်လား။
အင်ပါယာအဆင့်၌သာရှိသော လူတစ်ယောက်ကို အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ထမ်းတင်သွားဖို့ ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။ ဤကဲ့သို့သော နည်းလမ်းများကို ပိုင်ဆိုင်သည်ဆိုလျှင် စီနီယာနန်းဆောင်သခင် အနေနှင့် အင်မော်တယ်ဘုရင် အများအပြားကို ထုတ်ဖော်နိုင်မည် မဟုတ်ပါလား။
ဟုတ်ပေ၏။ သူတို့အနေနှင့် ကောင်းကင်တာအို၏ သက်ရောက်မှု မုန့်ရှင်းကျီအပေါ်တွင် မရှိသည်ကို သတိ မပြုမိဘဲ မနေချေ။ ကျိန်းသေပေါက် တစ်စုံတစ်ခု ထူးခြားနေခြင်းသာ ဖြစ်ပေလိမ့်မည်။ အနည်းဆုံးအနေနှင့် မုန့်ရှင်းကျီသည် လက်ရှိ အခြေအနေ၌ သူ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ မရှိအောင် ကြိုးစား ထိန်းသိမ်း ထားသည့်ပုံပေါ်၏။
မုန့်ရှင်းကျီ လိုချင်သည်မှာလည်း ဤအရာပင် ဖြစ်သည်။ လှုပ်ရှားတိုက်ခိုက်မှုကို ရှောင်ရှားပြီးသည့်နောက် သူသည် သူ၏ ဝှက်ဖဲများကို အနည်းဆုံးဖြင့် ထုတ်ဖော်လျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် တိုင်ချူးနှင့် တခြားလူ များသည် အံ့ချီးနပမ်း ဖြစ်လို့နေခဲ့ခြင်းပင်။ ထို့အပြင် မုန့်ရှင်းကျီသည် စီနီယာနန်းဆောင်သခင်ဆီမှ တချို့သော အရာများကို ဝယ်ယူခဲ့သည်ဟု တစ်ဖက်လှည့်ဖြင့် ပြောဆိုခဲ့သည်။ မယုံကြည်နိုင်စရာ မရှိတော့ပေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုသည်မှာ တကယ့်ကို ရွှေဆိုင်းဘုတ်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်၏။ ဤအရာ၌ ၎င်းတို့ နားလည်မှုထက် ပိုမိုကာ မြင့်မားလွန်းသည့် နိယာမ၊ အကြောင်းအရာ၊ အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေသည်။
“ကျုပ် သိပါပြီ”
တိုင်ချူးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ပြီးနောက် တီးတိုးရေရွတ်လိုက်၏။ “စီနီယာနန်းဆောင်သခင်သာ ဝင်ပြီး လှုပ်ရှားမယ်ဆိုရင် ဒီကိစ္စက ဖြစ်နိုင်တယ်လေ။ ဘာပဲပြောပြော စီနီယာ နန်းဆောင်သခင်က ကျုပ်တို့ ကျရှုံးတော့မှာကို ကြိုမြင်တယ်။ ဒါကြောင့် တာအိုရောင်းရင်းကို ကူညီဖို့ စေလွှတ်လိုက်တာပဲ ဖြစ်မယ်”
မုန့်ရှင်းကျီသည် မည်သည့်စကားကိုမှ မဆိုဘဲ ပြုံးလျက် ရှိနေ၏။ ဟုတ်ပေသည်။ တစ်ဖက်လူ ပြောဆိုသည်မှာ အမှန်ပင် ဖြစ်၏။ လက်ရှိ အခြေအနေ၌ တစ်ဖက်လူများကို သူ ကူညီရခြင်းသည် အကြောင်းအရင်း တချို့ကြောင့် ဖြစ်၏။ တိုင်ချူးနှင့် တခြားသော သူများသည် သီးသန့်ကူညီခြင်းဖြစ်သည်ဟု တွေးထင်ပါကလည်း ကောင်းမွန်သည့် အရာပင် ဖြစ်၏။ သူ့အနေနှင့် မဟုတ်ကြောင်း ငြင်းဆန်နေလိမ့်မည် မဟုတ်ချေ။
“အင်း... စီနီယာနန်းဆောင်သခင်က တကယ့်ကို ငရဲလောက တိုးတက်လာတာကို မမြင်ချင်တဲ့ လူတစ်ယောက်ပဲ ဖြစ်ဖို့များတယ်”
တိုင်ချူးသည် ခေါင်းကို အသာခါယမ်းလိုက်၏။ သူသည် ခံစားချက်များနှင့် ပြည့်နှက်လျက် ရှိနေလေ၏။ “အရင်တုန်းက စီနီယာနန်းဆောင်သခင်က ငရဲလောကက လူတွေကို သတင်းအချက်အလက်တွေ ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျုပ် စိတ်အနည်းငယ် မသက်မသာ ဖြစ်ခဲ့ဖူးတယ်။ အခု တွေးကြည့်တဲ့ အချိန်မှာတော့ ဒီလို မဟုတ်တော့ဘူးပဲ”
ဘေးတစ်ဖက်တွင် ရှိနေသည့် လျှိုကလန်မှ လူသုံးယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက် ကြ၏။ ၎င်းတို့သည် အလုံးစုံ ဆွံ့အလျက်ရှိသည်။
တစ်ဖက်လူများသည် ဘာကို ပြောဆိုနေသနည်း။ သူတို့ အဘယ်ကြောင့် နားမလည်ရသနည်း။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့် စကားလုံးကို သူတို့ ယခင်တုန်းက ကြားခဲ့ဖူး၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ထျန်းမင်တောင်သခင် ပြောဆိုခဲ့သည့် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သာလျှင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအခြေအနေသည် အရေးကြီးလို့ နေခဲ့၏။ ထို့ကြောင့် သူတို့အနေနှင့် စုံစမ်းမေးမြန်း၍ မရနိုင်ချေ။
စိတ်ရှိတိုင်း အင်မော်တယ်ဘုရင်တစ်ယောက်ကို ဖန်တီး ပြုလုပ်၍ ရနေသည်လား။ ထိုသို့ဆိုလျှင် အနည်းဆုံး ကွာစီအင်ပါယာအဆင့် အားအင်အဆင့်သို့ ရောက်ရှိနေသည့် လူတစ်ယောက်ဖြစ်ဖို့ လိုအပ်နေသည် မဟုတ်ပါလား။ ကွာစီအင်မော်တယ် အင်ပါယာထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေနိုင်၏။
“တာအိုရောင်းရင်းတွေကို မေးချင်ပါတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုတာ ဘယ်သူလဲ” သတ္တမ ဘိုးဘေးကြီးသည် လက်သီးကို ဆုပ်ကာဖြင့် မေးမြန်းလိုက်၏။ သူ၏ အထင်အရဆိုလျှင် ငရဲလောက၏ ကြီးမားသည့် တိုက်ပွဲကြီး အတွင်းတွင် ပေါ်ပေါက်လာခဲ့သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ယောက် အနေနှင့် တချို့သော သတင်းအချက်အလက်များကို ရရှိခဲ့မည်ဆိုပါက ပြန်၍ အမှတ်ရကောင်း ရနိုင်၏။ ထို့အပြင် လျှိုကလန်သည် ထိုတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင်နှင့် ရင်းနှီးကောင်း၊ ရင်းနှီးနေနိုင်သည်။
“စီနီယာနန်းဆောင်သခင်က ဆန်းကြယ်ပြီး ခန့်မှန်းလို့ မရဘူး။ လက်ရှိလောကကြီးထဲမှာ သူ ဘယ်ကလာပြီး၊ ဘယ်လို ရောက်လာလဲဆိုတာ ဘယ်သူမှ မသိဘူး။ သူ့ရဲ့အားအင်အဆင့်က ဘယ်လောက် ကြောက်မက်ဖွယ်ရာ ကောင်းတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိဘူး။ သိတာတစ်ခုကတော့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ကောက်ချက်ချနိုင်စွမ်းရှိတဲ့ သက်ရှိလူသားတစ်ယောက် ဆိုတာပဲ” တိုင်ချူးသည် ဖြည်းညှင်းစွာ ပြောလိုက်၏။ သူ၏အသံတွင် အံ့အားသင့် ချီးကျူးသည့် အရိပ်အယောင်များ ပြည့်နှက်လျက် ရှိနေ၏။
“ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တာ ဟုတ်လား” သတ္တမဘိုးဘေးသည် ခဏလောက် ကြောင်သွားမိ၏။ သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ တွေးတောလျက် ရှိနေ၏။ သူ၏ မှတ်ဉာဏ်ထဲတွင် တည်ရှိနေသည့် လူများနှင့် လိုက်လံ တွဲဖက်ကာ ကြည့်ရှုနေခြင်းပင်။
အချိန်အတော်ကြာ ပြီးသည့်နောက် သူ၏စိတ်ထဲတွင် များပြားသည့် ကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့၏။ သို့ပေမဲ့ တစ်ယောက်ချင်းစီတိုင်းသည် ထိုအရာနှင့် မကိုက်ညီလှချေ။ သူသိသလောက်ဆိုလျှင် ထိုကဲ့သို့သော လူများသည် ကောင်းကင်တာအို၏ တန်ပြန်မှုကို ခံရပြီးသည့်နောက် သေဆုံးသွားခဲ့ကြပြီဖြစ်၏။ ထို့အပြင် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်သည် ဆိုပါက အင်မော်တယ်ဘုရင် တစ်ယောက်ပင်လျှင် ကောင်းကင်တာအို၏ အပြစ်ပေးမှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။