← Chapters

အခန်း (၆၅၇)

Vol. 44 Ch. 657

အခန်း (၆၅၇)

Vol. 44 Ch. 657

“..........”

သတ္တမဘိုးဘေး၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့၏။ သူက တီးတိုးရေရွတ်လိုက်၏။ “မူလလောကကြီးကနေ ငြိမ်ငြိမ်သက်သက် ထွက်ခွာသွားပြီး အခုအချိန်ထိ မသေဆုံးသေးတဲ့ စီနီယာ တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ်”

ပြောရမည်ဆိုလျှင် ဤဖြစ်နိုင်ချေက သေးငယ်လွန်းလှ၏။ သို့ပေမဲ့ သူ့အနေနှင့် အတည်ပြုချင်သည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ကာ စစ်ဆေးမှ ဖြစ်ပေလိမ့်မည်။

“ကြည့်ရတာ ဒီတစ်ကြိမ်မှာ စီနီယာ နန်းဆောင်သခင်က ကျုပ်တို့ကို တော်တော်ကြီး ကူညီခဲ့တယ်” လျှိုရွှမ်ချမ်၏ မျက်နှာတစ်ခုလုံးက ဖြူလျော်လျက် ရှိနေ၏။ သူသည် အထပ်ထပ် အခါခါ ရိုက်နှက်ခြင်းကို ခံထားရပြီး မိမိကိုယ်ကိုယ် ဖောက်ခွဲရန် တွန်းအားပေးခဲ့ရသည့် အခြေအနေမျိုးဆီသို့ပင် ရောက်ရှိခဲ့သည်။

လက်ရှိ အခြေအနေတွင် အခြေခံ တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့၏။ ကံကောင်းစွာဖြင့် ဒဏ်ရာ များကို ဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်၏။

သူသည် တိုင်ချူးကို လှမ်းကြည့်လိုက်၏။ ပြီးနောက် မုန့်ရှင်းကျီဘက်သို့ လှည့်ကာဖြင့် ကျေးဇူးတင်စကားကို ဆိုလိုက်သည်။ “ခင်ဗျားတို့ နှစ်ယောက်လုံးက စီနီယာနန်းဆောင်သခင်ဆီကနေ လမ်းညွှန်ပြသချက်ကို ရရှိခဲ့တယ်နဲ့ တူတယ်။ ခင်ဗျားတို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဘယ်လိုရလဒ်တွေ ထွက်လာမလဲ ဆိုတာ ခန့်မှန်းလို့တောင် မရနိုင်ဘူး”

“ဒါတွေအားလုံး ကျုပ်တို့ လုပ်သင့်လုပ်ထိုက်လို့ လုပ်လိုက်တာပါ။ တကယ်လို့ ငရဲလောကကြီးကို ဒီအတိုင်းပဲ တိုးတက်စေလိုက်မယ်ဆိုရင် အရာအားလုံးက ဒုက္ခတွေ ရောက်ကုန်မှာပဲ မဟုတ်လား။ ဒီနေ့ သူတို့ကို လောကကြီး ကနေ ဖယ်ရှားလိုက်ပြီဆိုတော့ ကောင်းမွန်တဲ့အရာပဲ” မုန့်ရှင်းကျီသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။

သူ၏မျက်လုံးထဲတွင် နှမျောတသသည့် အရိပ်အယောင်တော့ တည်ရှိလို့နေသည် “ထျန်းမင်တောင်သခင် လွတ်သွားတာကတော့ ဆိုးတာပဲ”

“အင်း”

တိုင်ချူးသည် မုန့်ရှင်းကျီကို ထူးဆန်းစွာ ကြည့်ရှုလိုက်၏။ မုန့်ရှင်းကျီသည် အနည်းငယ် ရဲတင်းလျက် ရှိနေကြောင်း သူ သတိပြုမိ၏။ မပြောသင့်သည့် စကားများကိုပင် ပြောဆိုနေ၏။ တစ်ဖက်လူသည် သူ့ကို နှစ်ကြိမ်တိုင်တိုင် ကူညီခဲ့သောကြောင့် အတင်းကြီး ဝင်ရောက်တားဆီးနေ၍ မသင့်တော်ချေ။ မုန့်ရှင်းကျီသည် ယခင်က မုန့်ရှင်းကျီနှင့် တူမနေသလိုလည်း သူ ခံစားမိ၏။

တာအိုရောင်းရင်းမုန့်သည် အပြင်ပိုင်းတွင် ရက်စက်လွန်းသည့် နတ်ဆိုးတစ်ယောက်ဟု ထင်ရသော်လည်း အတွင်းပိုင်း စိတ်နေသဘောထားမှာတော့ စကြဝဠာတစ်ခုလုံးရှိ သက်ရှိများအပေါ် စာနာသနားတတ်သည့် စိတ်အခံရှိနေသည်လား။

တိုင်ချူးသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိ၏။ ယခင်တုန်းက မုန့်ရှင်းကျီကို တကိုယ်ကောင်းဆန်ပြီး ရက်စက်လွန်းသည့် လူတစ်ယောက်ဟု သူက ထင်မှတ်ခဲ့၏။ သူသည် မုန့်ရှင်းကျီ ဘက်သို့ ထပ်တလဲလဲ ဦးညွတ်ကာဖြင့် ပြောလိုက်၏။ “တာအိုရောင်းရင်းမုန့်... စိတ်ပူနေဖို့ မလိုပါဘူး။ ထျန်းမင်တောင်သခင်က လွယ်ကူတဲ့ လူတစ်ယောက်မှ မဟုတ်တာ။ သူ ဒီနေ့ ထွက်ပြေးသွားခဲ့တယ်ဆိုရင်လည်း ထားလိုက်ပါတော့။ ဒီနေ့ပြီးရင် နောက်ရက်တွေမှာ သူ ပြဿနာ ကြီးကြီးမားမား ရှာဖို့ဆိုတာ ခက်ခဲသွားလိမ့်မယ်”

“အင်း... ဟုတ်တယ်” သတ္တမဘိုးဘေးက ခေါင်းညိတ်လိုက်၏။ သူသည် မုန့်ရှင်းကျီကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပထမဦးဆုံး စတင်တွေ့ဆုံခြင်း ဖြစ်သည်ဆိုသော်လည်း တစ်ဖက်လူပေါ်တွင် ကိုယ်ချင်းစာနာသည့် ခံစားချက်များ ရရှိခဲ့၏။ ယခင်တုန်းကလည်း သူသည် ထိုကဲ့သို့ ပြုလုပ်ရခြင်းကို ကြိုက်၏။ ငရဲလောကကြီးကို ခုခံသည့်နေရာတွင် မည်သူနှင့်မဆို ပူးပေါင်းကာ တစ်လောကလုံး၏ ကောင်းကျိုးကို တွေးတော၍ ရန်သူများအား တုန့်နှေးခြင်း တစ်ချက်မရှိဘဲ သတ်ဖြတ်ခဲ့သည်။

အခြေအနေက ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ယနေ့ အချိန်မှာတော့ သူသည် အတိတ်တုန်းက သူ၏ ပုံပန်းသွင်ပြင်ကို ပြန်လည်ကာ မြင်ယောင်တမ်းမိနေ၏။ သူ နှင့် တာအိုရောင်းရင်းမုန့်တို နှစ်ယောက်လုံးသည် တူညီသည့် စိတ်ရင်းစိတ်ခံ တည်ရှိနေပုံပင်။ ဤလူသည် နတ်ဆိုးကျင့်ကြံခြင်း နည်းလမ်းကို ကျင့်ကြံသည့် အရာသာလျှင် ကွာခြား၏။

သို့ပေမဲ့ သူသည် စိတ်နှလုံးသာ ကျဉ်းမြောင်းလှသည့် လူတစ်ယောက် မဟုတ်ချေ။ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသည် ဆိုလျှင်တောင် နတ်ဆိုးအဖြစ်သို့ အလုံးစုံ ပြောင်းလဲသွားခဲ့သည် မဟုတ်ချေ။ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံရင်းနှင့် မှန်ကန်သည့် လုပ်ရပ်များကို ပြုလုပ်တတ်သည့် လူပေါင်းများစွာတို့ တည်ရှိနေကြောင်း သူ ကောင်းကောင်း သိရှိနားလည်ထားသည် မဟုတ်ပါလား။ နှိုင်းယှဉ်ရမည်ဆိုလျှင် မုန့်ရှင်းကျီ၏ ပုံရိပ်သည် လက်ရှိ အခြေအနေတွင် တကယ်ပင် ဆန်းကြယ်လို့ နေခဲ့သည်။

“နတ်ဘုရားလောကကို ပြန်ပြီးတာနဲ့ ကျုပ်တို့တွေ ဒီနေ့ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ အကုန်လုံးကို ဂိုဏ်းအသီးသီးဆီကို သတင်းဖြန့်လိုက်ပါမယ်။ တကယ်လို့ ကျွမ်းကျင်တဲ့လူတွေ ရောက်လာပြီး ထျန်းမင်တောင် သခင်ကို သုတ်သင်ရှင်းလင်းဖို့ဆိုတာ သိပ်ကြာမှာ မဟုတ်ဘူး” သတ္တမဘိုးဘေးက ပြောလိုက်၏။

“ဒီလိုဆိုရင်လည်း ခင်ဗျားတို့ သဘောပါပဲ” မုန့်ရှင်းကျီက လက်ကို ယမ်းခါလိုက်သည်။

“အင်း... ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ”

သတ္တမဘိုးဘေးက ခွန်းတုံ့ပြန်လိုက်၏။ သူသည် အနီးအနားတွင် ရှိနေသည့် လျှိုချင်းယုကို လှမ်းကြည့်ပြီးသည့်နောက် တခြားသော လူနှစ်ယောက်ကို လက်အမူအရာပြကာ ပြောလိုက်၏။ “နောက်ကျတော့မယ်။ ဒီသစ္စာဖောက်ကို ဖမ်းပြီးတဲ့နောက် ဒီမှာ ကြာကြာ ဆက်နေလို့ မဖြစ်တော့ဘူး”

“ဟမ်”

မုန့်ရှင်းကျီသည် မျက်ခုံကို ပင့်ကာဖြင့် အံ့အားတသင့် မေးမြန်းလိုက်သည်။ “ခင်ဗျားတို့သုံးယောက် သွားတော့ မှာလား”

“တာအိုရောင်းရင်းမုန့်... တခြား ဘာရှိလို့လဲ” သတ္တမဘိုးဘေးသည် ဇဝေဇဝါဖြင့် ပြန်လည်ကာ မေးမြန်းလိုက်၏။

“အဟမ်း အဟမ်း”

မုန့်ရှင်းကျီသည် လည်ချောင်းကို ဟမ့်ကာဖြင့် သူ၏ ရှက်ရွံ့မှုများကို ဖုံးကွယ်လိုက်၏။ ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။ “ကျုပ်အတွက် မဟုတ်ပါဘူး။ တာအိုရောင်းရင်း သုံးယောက်တို့ အတွက် စိတ်ပူနေတာ။ ပြီးတော့ ခင်ဗျားတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားတာလေ။ နတ်ဘုရားလောက ဆီကိုသွားတဲ့လမ်းက အရှည်ကြီးပဲ မဟုတ်လား။

ထျန်းမင်တောင်သခင်က ထွက်ခွာသွားတယ်ဆိုပေမဲ့ သူ လမ်းမှာ စောင့်ပြီး တစ်စုံတစ်ခု ပြုလုပ်မှာကို စိုးရိမ်ရတယ်။ ခင်ဗျားတို့ သုံးယောက်အနေနဲ့ ဒီမှာ ခဏလောက် နေပြီးတော့ အားပြန်ပြည့်တဲ့အထိ စောင့်တာ ပိုကောင်းမယ်နဲ့တူတယ်”

“......”

ထိုစကားကို ကြားရသည့် အချိန်မှာတော့ သတ္တမဘိုးဘေးကြီး၏ မျက်နှာပေါ်၌ တွန့်ဆုတ်မှုများ ပေါ်ပေါက်လာ၏။ မုန့်ရှင်းကျီ၏ စိုးရိမ်ပူပန်မှုသည် ကျိုးကြောင်းဆီလျော်လွန်းသည်ဟု ပြောဆို၍ ရ၏။ ထျန်းမင်တောင်သခင်သည် လွတ်မြောက်သွားခဲ့သော်လည်း အရိုးသားဆုံး ပြောရမည်ဆိုလျှင် တစ်ဖက်လူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခြင်း မဟုတ်ချေ။ အချိန်အတိုင်းအတာတိုအတွင်း ပြန်လည်ကာ ကောင်းမွန်သွားနိုင်၏။

အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် ၎င်းတို့ သုံးယောက်မှာတော့ ......

သူသည် အနည်းငယ် ဒဏ်ရာ ရရှိထား၏။ လျှိုချင်းကျီသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး လျှိုရွှမ်ချမ်မှာတော့ အဆိုးရွားဆုံးသော အခြေအနေမျိုးပင်။ တိုက်ခိုက်ရန် စွမ်းဆောင်ရည်ဟူ၍ မရှိတော့ချေ။

သူတို့ သုံးယောက် ပူးပေါင်းတိုက်ခိုက်မည် ဆိုလျှင်တောင်မှ ထျန်းမင်တောင်သခင်ကို အနိုင်ရရှိရန် ဆိုသည်မှာ ဖြစ်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ ဆိုးရွားပါက တစ်ယောက်၊ နှစ်ယောက်ပင် သေဆုံးသွားနိုင်၏။

ထို့အပြင် သူတို့၏ လက်ထဲတွင် လျှိုချင်းယုကလည်း တည်ရှိနေ၏။ ထျန်းမင်တောင်သခင်အနေနှင့် လမ်းတစ်ဝက်တွင် တစ်ဖက်လူကို လုယူမည်လား ဆိုသည်ကို မည်သူမှ အာမ မခံနိုင်ချေ။

မုန့်ရှင်းကျီအား လိုက်ပါ ပို့ဆောင်ပေးရန် ပြောဆိုခြင်းဆိုသည်မှာတော့ ကျိန်းသေပေါက် ဖြစ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ တစ်ဖက်လူ သည် တော်တော်များများ ကူညီခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ထပ်မံကူညီရန် တောင်းခံခြင်း ဆိုသည်မှာ အဓိပ္ပာယ်ရှိသည့် အရာမျိုး မဟုတ်ချေ။

All Chapters