အခန်း (၂၄၄၆-၂၄၄၈)
Vol. 100 Ch. 2446-2448
“နင့်ကိုယ်နင် ဘယ်လိုခေါ်လဲ ငါစိတ်မဝင်စားဘူး… ငါနဲ့ လာရင်းနှီးအောင်လုပ်ဖို့ မကြိုးစားနဲ့…” လန်ဟဲက အေးစက်စက်မျက်နှာထားဖြင့် ပြောလိုက်လေသည်။
သူမသည် ရန်ကိုင့်အား အတော်လေးကို ကြည့်မရဖြစ်နေခြင်း ဖြစ်သည်။ ရန်ကိုင်သည် သူမလိုချင်သည့် ပစ္စည်းများကို နှစ်ကြိမ်တိုင်တိုင် လုယူသွားခဲ့လေရာ သူမအနေဖြင့် ရန်ကိုင့်အား အကောင်းမြင်နေမှသာ ထူးဆန်းနေပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင် သူမအပေါ် အသားယူလျက် သူမ၏အဖိုးတန်ရတနာများအား ထပ်မံ လုယူသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ရန်ကိုင်နှင့် စကားပင် ဆက်မပြောချင်တော့ချေ။ ထို့အပြင် ရန်ကိုင်မှ သူ့မျက်နှာအား ဖုံးကွယ်ထားသည့်ပုံကို ကြည့်ရသလောက် ရန်ကိုင်သည် အားကောင်းသည့် ရန်သူတစ်ဦးဦးကို ရန်စထားသည်မှာ သေချာသလောက် ရှိပေသည်။ ရန်ကိုင် သူမနားသို့ ကပ်လာရခြင်းမှာ သူ့ပြဿနာအရှုပ်အထွေးထဲ သူမကိုပါ ဆွဲခေါ်လိုသည့်အတွက်ကြောင့် ဖြစ်ဟန်တူသည်။
ထို့အတွက်ကြောင့် လန်ဟဲအနေဖြင့် ထိုကဲ့သို့သော လူတစ်ယောက်နှင့် ခပ်ဝေးဝေးတွင်သာ နေလိုခြင်းဖြစ်၏။
ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “ရေစက်ဆုံလို့ တွေ့ကြရတာပဲ ညီမလေးလန်ဟဲရာ… ဘာလို့ ဒီလောက်တောင် စိမ်းကားနေရတာလဲ…”
“ဘယ်ကရေစက်ဆုံလို့လဲ… ထွက်သွားစမ်း…” ရန်ကိုင် အရေထူထူဖြင့် သူမနားသို့ ကပ်လာသည်ကိုမြင်သော် လန်ဟဲက ထအော်ပြောလေ၏။
“ကောင်းပါပြီ ကောင်းပါပြီ…” ရန်ကိုင်က ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်လေသည်။ သို့သော်ငြား သူမနားမှ ထွက်မသွားဘဲ သူမဘေးတွင် ရပ်၍သာ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေလေ၏။
လန်ဟဲမှာ ဒေါသကြီးသော်ငြား စိတ်ထားကောင်းသည့်လူတစ်ဦး ဖြစ်သည်ဟု ပြော၍ရပေသည်။ ရန်ကိုင်သည် သူမလိုချင်သည့် ပစ္စည်းများကို နှစ်ကြိမ်တိုင်တိုင် လုယူခဲ့သည့်တိုင် ရန်ကိုင့်ဆီမှ ပြန်လည်လုယူရန် မကြိုးစားသလို ရန်ကိုင့်ဆီမှလည်း မည်သည့်အရာကိုမှ လွန်ကဲစွာ တောင်းဆိုလာခြင်း မရှိခဲ့ချေ။
သူမနေရာတွင်သာ အခြားတစ်ယောက်ဆိုပါက ရန်ကိုင့်အား တိုက်ခိုက်၍ ထိုအဖိုးတန်ရတနာနှစ်ခုကို ပြန်လုယူနေပြီးလောက်ပေပြီ။
လေပေါ်သို့ ပျံထွက်လာသည့် ကြယ်စည်းတံဆိပ်များမှာ အတော်လေးကိုမှ များလှသော်ငြား ကြယ်စည်းတံဆိပ်များဆီသို့ ပြေးဝင်သွားကြသည့် ကျင့်ကြံသူအရေအတွက်မှာ ပို၍ပင် များပြားနေပေသေးသည်။ ထို့အတွက်ကြောင့် တစ်ခဏအတွင်း ကြယ်စည်းတံဆိပ်များမှာ ပိုင်ရှင်အသစ်များဆီသို့ ရောက်ရှိသွားကုန်ကြလေ၏။
ယင်လဲ့ရှန်းသည် ကြယ်စည်းတံဆိပ်တစ်ခုကို လုယူပြီးသည့်နောက် သူနှင့် မီတာနှစ်ထောင်အကွာတွင် ရပ်နေသည်ကို ရန်ကိုင်သတိထားမိလိုက်လေသည်။ ယင်လဲ့ရှန်း၏ဘေးတွင် မရဏဂိုဏ်းမှ အခြားသောတပည့်သုံးဦး ရှိနေကြလေ၏။ သူတို့၏အရှိန်အဝါများမှာ အေးစက်စက် ထိုင်းမှိုင်းမှိုင်း ဖြစ်နေလေရာ မရဏဂိုဏ်း၏ အထူးကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ကြံထားခြင်း ဖြစ်ရပေလိမ့်မည်။
သူတို့ဆီမှ ထွက်ပေါ်နေသည့် ထိုင်းထိုင်းမှိုင်းမှိုင်း အရှိန်အဝါများကြောင့် ယင်လဲ့ရှန်းတို့ အနီးတစ်ဝိုက်တွင် အခြား မည်သည့်ကျင့်ကြံသူမှ ရှိမနေခဲ့ချေ။
ရန်ကိုင်မှ ယင်လဲ့ရှန်းအား လှမ်းကြည့်နေစဉ် ယင်လဲ့ရှန်းသည် ရန်ကိုင့်မှ သူ့အား ကြည့်နေသည်ကို သတိပြုမိသွားသည့်အလား ရန်ကိုင့်ဘက်သို့ အေးစက်စက်အမူအယာဖြင့် ပြန်လည်စိုက်ကြည့်လာခဲ့လေသည်။
ရန်ကိုင်ကမူ ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လိုက်ပတ်ကြည့်နေသည့်ပုံစံမျိုးဖြင့် ယင်လဲ့ရှန်းမှ သူ့အား ကြည့်လာသည်ကို သတိထားမိလိုက်သော် ချက်ချင်း အကြည့်လွှဲဖယ်သွားခဲ့လေ၏။ သူ့စိတ်ထဲတွင်လည်း အနည်းငယ် အံ့အားသင့်မိသွားလေသည်။
ယင်လဲ့ရှန်းအား ကြယ်တာရာလမ်းကြောင်းထဲ ပထမဦးဆုံးအကြိမ် တွေ့စဉ်က ယင်လဲ့ရှန်းသည် တစပြင်ကန္တာရကြယ်စီရင်စုကြီး၏ အားအကောင်းဆုံး ကျင့်ကြံသူမှန်း သိခဲ့ရလေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ယင်လဲ့ရှန်း၏ ပါရမီမှာ အတော်လေးကိုမှ မြင့်မားသလို သူကိုယ်တိုင်ကလည်း ကြယ်သခင်တစ်ဦး ဖြစ်လေ၏။ ယင်လဲ့ရှန်းအား ဒုတိယအကြိမ် မြင်လိုက်ချိန်တွင် ယင်လဲ့ရှန်းသည် တာအိုသခင် တတိယအဆင့်သို့ပင် ရောက်ရှိနေခဲ့လေပြီ။
ကြယ်တာရာလမ်းကြောင်းထဲတွင် ရန်ကိုင်တို့ကြောင့် ဒုက္ခကောင်းကောင်း ရောက်ခဲ့ရသည့်အတွက် ယင်လဲ့ရှန်းသည် ရန်ကိုင့်အား ခါးခါးသီးသီးကို မုန်းတီးနေလောက်ပေသည်။ ရှောင်ရှောင်သာ ယင်လဲ့ရှန်းလက်ထဲသို့ ရောက်သွားမည်ဆိုပါက ကျိန်းသေ နှိပ်စက်ခံရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ယင်လဲ့ရှန်းဆီမှ ရှောင်ရှောင်အကြောင်းကို မြန်နိုင်သမျှ မြန်အောင် ရှာဖွေချင်နေမိပေသည်။
ရန်ကိုင် အတွေးထဲ နစ်မြောနေစဉ် တီးတိုးပြောသံများကို ကြားလိုက်ရလေ၏။
ဤနေရာတွင် စုဝေးနေကြသော ကျင့်ကြံသူများသည် ခေါင်းလောင်းပုံစံတောင်ကို လက်ညှိုးထိုးရင်း တီးတိုးဆွေးနွေးနေကြလေသည်။ သို့သော်ငြား ကြယ်ပျက်ပင်လယ်ထဲရှိ တိုက်ပွဲကြီး ဖြစ်ပွားခဲ့သည်မှာ နှစ်သောင်းပေါင်းများစွာ ကြာသွားပြီဖြစ်သည့်အတွက်ကြောင့် ထိုခေတ်က အကြောင်းအရာများကို ယနေ့ခေတ်လူငယ်များ မည်သို့များ သိနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် ဤမှော်ရတနာ ဘာဖြစ်သလဲ မည်သူကများ ဤမှော်ရတနာကို ချန်ထားရစ်ခဲ့သလဲ ဆိုသည်ကို မည်သူမျှ မသိကြချေ။
ရန်ကိုင်မှာ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပါသော်ငြား သူနှင့် အသိအကျွမ်း တစ်ဦးတစ်လေကိုမှ မတွေ့ရချေ။ တောင်ဘက်နယ်မြေ၏ လက်ရွေးစင်အားလုံးကို ဤနေရာတွင် မတွေ့ရချေ။
ကြယ်ပျက်ပင်လယ်ကြီးသည် အလွန်ကိုမှ ကျယ်ပြောသည့်အပြင် အခွင့်အလမ်းပေါင်းများစွာနှင့်လည်း ပြည့်နေကြပေသည်။ သို့သော်ငြား ဤထဲသို့ ဝင်လာနိုင်သည့် လူအရေအတွက်မှာ သောင်းဂဏန်းလောက်သာ ရှိလေရာ ထိုပမာဏသည် ကြယ်ပျက်ပင်လယ်ကြီးနှင့် ယှဉ်လိုက်သော် သမုဒ္ဒရာထဲရှိ ရေတစ်စက်စာမျှလောက်သာ ဖြစ်သွားတော့လေသည်။ ထို့အတွက်ကြောင့် ဤနေရာတွင် တောင်ဘက်နယ်မြေမှ လက်ရွေးစင်တပည့်များကို မတွေ့ရသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
“ရောင်းရင်းချီဟိုင်… မင်းက ငါတို့ထဲမှာ ဗဟုသုတ အကြွယ်ဝဆုံးဆိုတော့ ဒီကအကြောင်းတွေကို တော်တော်လေး သိထားလောက်မှာပေါ့… မင်းသိထားလို့ရှိရင် ကျေးဇူးပြုပြီး ငါတို့ကို ဒီဧကရာဇ်အဆင့်မှော်ရတနာအကြောင်း ပြောပြပေးလို့ရမလား…” ရုတ်တရက် လူတစ်ဦး၏အသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားသည့်အခါ အကုန်လုံး ထိုလူဆီသို့ လှည့်ကြည့်လာကြလေ၏။
ထိုလူသည် ယဲ့ယဲ့လေးပြုံးလျက် ကျောင်းတော်သားပုံစံဝတ်စားထားသော သူ့ဘေးနားတွင် ရပ်နေသည့်လူအား ကြည့်နေခဲ့လေသည်။
ထိုလူကြည့်နေသည့်အတိုင်း လိုက်ကြည့်လိုက်ရာ အကုန်လုံးသည် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် လူဆီသို့ အကြည့်ရောက်သွားခဲ့လေ၏။
လူအုပ်ကြီးမှ သူ့အပေါ်သို့ အာရုံစိုက်လာသည့် အတွက်ကြောင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့်လူ၏ မျက်နှာ မှုန်ကုပ်သွားခဲ့လေသည်။ သူ့အနေဖြင့် ဧကရာဇ်အဆင့် မှော်ရတနာအကြောင်းကို သိထားသည်ဆိုလျှင်ပင် အခြားသူများကို မပြောပြချင်ပေ။
သို့သော်ငြား သူ့ဘေးတွင်ရပ်နေသောလူသည် အခြားလူများအားလုံး ကြားသွားစေရန်အတွက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည့်အတွက်ကြောင့် လူတိုင်းသည် သူ့အား မျှော်လင့်တကြီးဖြင့် ကြည့်လာကြလေတော့၏။ သူသာ ယခုနေမပြောလိုက်လျှင် ဤနေရာတွင် ရှိနေသည့် လူပေါင်းများစွာကို ရန်စမိလိုက်သလို ဖြစ်သွားရပေလိမ့်မည်။ ပညာရှင်ပေါင်းများစွာမှ သူ့အား စိုက်ကြည့်နေသည့်အတွက်ကြောင့် ထိုလူခမျာ မပြောချင်လျှင်ပင် ပြောရတော့လေ၏။
အကုန်လုံးမှာ အတွေ့အကြုံကြွယ်ဝသူများပီပီ အစောပိုင်းက စကားပြောလိုက်သည့်လူနှင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့်လူကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးမရှိမှန်း နားလည်နိုင်ပေသည်။ သူတို့နှစ်ဦးသာ မိတ်ဆွေများဆိုပါက အစောပိုင်းကလူသည် ဤကျောင်းတော်သားအား လူများ၏ အာရုံစိုက်ခံလာရအောင် လုပ်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား လူတိုင်း ထိုအချက်ကို သိထားလျှင်ပင် မည်သူမှ ကျောင်းတော်သားဘက်မှ ဝင်မပြောပေးခဲ့ပေ။ အကုန်လုံးသည် ကျောင်းတော်သား ဘာပြောမလဲဆိုသည်ကို ကြားချင်နေသည့်အလား သူ့ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြလေ၏။
အားလုံး၏ရှေ့မှောက်တွင် ကျောင်းတော်သားသည် အစောပိုင်းက စကားပြောလိုက်သည့်လူအား ခါးသက်စွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေ၏။ “မင်းက ငါ့ကို ဗဟုသုတကြွယ်ဝတယ်လို့ပြောတယ်… ဒီအကြောင်းတွေကို တော်တော်လေး သိထားတယ်လို့လည်းပြောတယ်… ဒါပေမဲ့ မင်းမှားနေပြီ… ငါက စာအုပ်လေးနည်းနည်းပါးပါးလောက်ကိုပဲ ဖတ်ဖူးတာ… ဒီတော့ မင်းပြောသလို မဟုတ်ဘူး…”
ထိုလူက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းချီဟိုင် ကိုယ့်ကိုယ့်ကို မနှိမ့်ချလွန်းစမ်းပါနဲ့ဗျာ… ရောင်းရင်းချီဟိုင်နဲ့ ယှဉ်လိုက်လို့ရှိရင် ကျုပ်တို့သိထားတာတွေက ပိုးစုန်းကြူးနဲ့ လမင်းလိုပဲ… ဒါကြောင့် ကျုပ်တို့ကို ကျေးဇူးပြုပြီး ရှင်းပြပေးဖို့ ရောင်းရင်းချီဟိုင်ကို ပြောချင်ပါတယ်…”
ထိုလူမှ ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတစ်ဦးသည် ချက်ချင်း ကောက်မေးလိုက်လေသည်။ “ဒီဧကရာဇ်အဆင့် မှော်ရတနာက ဘာကြီးလဲ… ဘာဖြစ်လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ…”
“ဟုတ်တယ် ဟုတ်တယ်… ရောင်းရင်းချီ… ခင်ဗျား တစ်ခုခုသိထားရင် ကျေးဇူးပြုပြီး ပြောပြပေးပါလား… ကျုပ်တို့ တကယ်ကို သိချင်လို့ပါ…”
“ဟုတ်တယ် ကျေးဇူးပြုပြီး ပြောပြပေးပါ…”
ချီဟိုင်သည် အသက်ပြင်းပြင်းရှူသွင်းလေ၏။ ကျားပေါ်ခွစီးမိလျက်သား ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် သေသေချာချာ စဉ်းစားပြီးသည့်နောက် ပြောပြလိုက်လေသည်။ “ကြယ်ပျက်ပင်လယ်က မဟာဧကရာဇ်တွေကြားက တိုက်ပွဲကွင်းပြင်ဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့အားလုံး သိလောက်မှာပေါ့…”
ကျင့်ကြံသူအားလုံး ခေါင်းညိတ်လိုက်ကြလေသည်။
“အဲ့တုန်းက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ရဲ့ ကျင့်ကြံခြင်းက ပြိုင်ဘက်ကင်းနေတော့ ကြယ်တာရာအစုအဝေးထဲမှာရှိတဲ့ ဘယ်သူမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး… ဒါပေမဲ့ သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လူတွေကို သတ်ချင်တိုင်း လိုက်သတ်နေတော့ နောက်ဆုံး မနေသာတော့ဘဲ မဟာဧကရာဇ်တွေစုပေါင်းပြီး သူ့ကို ဒီမှာ တိုက်ခိုက်ခဲ့တာ… သူတို့တိုက်ပွဲကြောင့်ပဲ ဒီကြယ်စီရင်စုကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ကြယ်ပျက်ပင်လယ်ဆိုတာ ဖြစ်လာခဲ့ရတယ်… အဲ့တိုက်ပွဲမှာ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် သေသွားတယ်ဆိုပေမဲ့ သူ့ကို ဝိုင်းတိုက်ခိုက်တဲ့ မဟာဧကရာဇ်တွေအတွက်လည်း မသက်သာလိုက်ဘူး… အဲ့တိုက်ပွဲမှာ ပါခဲ့တဲ့ ပညာရှင်တွေ တော်တော်များများ မသေရင်တောင် ဒဏ်ရာ ဆိုးဆိုးရွားရွား ရသွားကြတာချည်းပဲ… ဘယ်သူမှ အကောင်းအတိုင်း ကျန်ခဲ့တယ်ဆိုတာမရှိဘူး… ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်ဆိုရင် အဲ့တိုက်ပွဲတုန်းက ရခဲ့တဲ့ဒဏ်ရာတွေကို အခုထိ ကောင်းကင်ကံကြမ္မာတောင်ကြားထဲမှာ ပြန်ကုနေရတုန်းပဲတဲ့…”
ထိုစကားကိုကြားသည့်အခါ အကုန်လုံး သက်ပြင်းရှိုက်မိသွားကြလေသည်။
ရန်ကိုင်သည်လည်း ထိတ်လန့်နေမိလေ၏။ ချီဟိုင် အမှန်ကိုပြောနေခြင်းဟုတ်မဟုတ်ကို သူမသိသော်ငြား ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်အကြောင်းကိုတော့ ကြားဖူးပေသည်။ ထိုကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည် လက်ရှိ မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင် ဖြစ်လေ၏။
ထိုမဟာဧကရာဇ်၏ စွမ်းရည်မှာ အလွန်ကိုမှ ထူးခြားပေသည်။ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည် ကောင်းကင်၏လျှို့ဝှက်ချက်များကို ထိုးဖောက်ကြည့်ရှုနိုင်ပြီး အတိတ်နှင့် အနာဂတ် တစ်ပိုင်းတစ်စအား မြင်နိုင်သည်ဟု ပြောကြသည်။
ဥတုလေးမျိုးနယ်မြေ မပွင့်ခင်က ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည် နေမင်းပြာကျောင်းတော်အား ဥတုလေးမျိုးနယ်မြေထဲတွင် ကြယ်စည်းတံဆိပ်များ ပေါ်လာမည်ဖြစ်သည့်အကြောင်းကို လာရောက်သတင်းပေးခဲ့လေသည်။
ချီဟိုင်ပြောသည်သာ အမှန်ဖြစ်ပါက ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်အနေဖြင့် သူရခဲ့သည့် ဒဏ်ရာများကို ပြန်လည်ကုစားရန်အတွက် နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် အချိန်ယူခဲ့ရသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။ မည်မျှ ဆိုးဆိုးရွားရွား ဒဏ်ရာရသွား၍များ ဤမျှကြာအောင် အချိန်ယူကုသနေရလေသနည်း။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် တကယ်ကို အံ့အားသင့်ဖွယ်ကောင်းလွန်းလှပေသည်။
“အဲ့တိုက်ပွဲမှာ မဟာဧကရာဇ်လေးပါး သေသွားခဲ့တယ်လို့ ပြောကြတယ်…” ချီဟိုင်က အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။
“လေးယောက်…” ကျင့်ကြံသူတစ်ဦးက အံ့အားသင့်တကြီး အမူအယာဖြင့် ကောက်မေးလိုက်လေသည်။
ချီဟိုင်က ဆက်၍ ရှင်းပြလိုက်လေ၏။ “မိုးပြာကြာပန်းမဟာဧကရာဇ်၊ ယွမ်တင်းမဟာဧကရာဇ်၊ မိုးပြာပင်လယ်မဟာဧကရာဇ်၊ သိုင်းမီးတောက်မဟာဧကရာဇ်ပဲ…”
ချီဟိုင်ပြောနေသည့်အကြောင်းအရာများကို မည်သူမျှ မကြားဖူးကြချေ။ ထို့ကြောင့် အကုန်လုံးမှာ သေသေချာချာ နားစိုက်ထောင်နေခဲ့လေ၏။ ရန်ကိုင်လည်း အတူတူသာ ဖြစ်လေသည်။ သူကိုယ်တိုင်ကတော့ မိုးပြာကြာပန်းမဟာဧကရာဇ်အကြောင်းကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဟွာချင်းစီပြောသဖြင့် ကြားခဲ့ဖူးသည်။ လွန်ခဲ့သောနှစ်ငါးထောင်ခန့်လောက်က ကျင့်ကြံသူတစ်ဦးသည် ကြယ်ပျက်ပင်လယ်ထဲ၌ မိုးပြာကြာပန်းမဟာဧကရာဇ်၏ ဖျက်ဆီးမရနိုင်သော မိုးပြာကြာပန်းကို ရရှိသွားခဲ့ပြီး ယခုဆိုလျှင် အရှေ့ဘက်နယ်မြေထဲ၌ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သော မိုးပြာကြာပန်းနန်းတော်ကို တည်ထောင်ခဲ့သည်ဟု ပြောခဲ့ပေသည်။
“အဲ့မဟာဧကရာဇ်လေးပါး သေသွားတဲ့နောက်ပိုင်း သူတို့ရဲ့ ဧကရာဇ်မှော်ရတနာတွေရော သိုလှောင်လက်စွပ်တွေရော အမွေအနှစ်တွေအားလုံး ဒီမှာကျကျန်ခဲ့တာ… အထူးသဖြင့် မိုးပြာကြာပန်းမဟာဧကရာဇ်ရဲ့ မိုးပြာကြာပန်း၊ ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်း၊ မိုးပြာပင်လယ်မဟာဧကရာဇ်ရဲ့ မိုးပြာပင်လယ်နဲ့ နောက်ဆုံး သိုင်းမီးတောက်မဟာဧကရာဇ်ရဲ့ ဖီးနစ်မီးတောက်တွေပဲ… အဲ့ဒါတွေအကုန်လုံးက အဖိုးမဖြတ်နိုင်တဲ့ မှော်ရတနာတွေပဲ…” ထိုနေရာသို့ အရောက်တွင် ချီဟိုင်သည် တစ်ချက်ကလေးရပ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။ “ဖျက်ဆီးမရနိုင်တဲ့ မိုးပြာကြာပန်းကိုတော့ အခြားတစ်ယောက်က ရပြီးသွားပြီ… မင်းတို့လည်း အရှေ့ဘက်နယ်မြေက မိုးပြာကြာပန်းနန်းတော်ကို ကြားဖူးမှာပေါ့… အဲ့မိုးပြာကြာပန်းနန်းတော်ရဲ့ နန်းတော်သခင်က မိုးပြာကြာပန်းကို ရသွားတဲ့ကျင့်ကြံသူပဲ… ဒါပေမဲ့ အခြားဧကရာဇ်သုံးပါးရဲ့ မှော်ရတနာတွေကိုတော့ အခုထိ ရှာမတွေ့သေးဘူး…”
ထိုနေရာသို့အရောက်တွင် ချီဟိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား ကြည့်လျက် အလေးအနက်လေသံဖြင့် ပြောလိုက်လေသည်။ “အခု ငါတို့ရှေ့မှာ ရှိနေတဲ့ မှော်ရတနာက ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်း ဖြစ်လောက်တယ်… ပြောကြတာတော့ တောင်နဲ့မြစ်ခေါင်းလောင်းက လောကကြီးတွေကိုတောင် ဖိနှိပ်နိုင်ပြီး ကောင်းကင်တစ်ခုလုံးကိုတောင် အထက်အောက် ပြောင်းပြန်လှန်ပစ်နိုင်တယ်တဲ့…”
“ဂလု…”
တံတွေးမျိုချသံများ ကျင့်ကြံသူပေါင်းများစွာဆီမှ အစီအရီ ထွက်ပေါ်လာခဲ့ပြီး အကုန်လုံး၏ အကြည့်မှာလည်း မီးတောက်လောင်နေသည့်အလား လောင်မြိုက်လာခဲ့ကြလေသည်။
“မင်းမှာ ဘာသက်သေရှိလဲ…” ရုတ်တရက် တစ်ယောက်ယောက်က မယုံသင်္ကာလေသံဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်လည်း အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ယင်လဲ့ရှန်း ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။ ယင်လဲ့ရှန်းမှာ စိတ်လှုပ်ရှားနေသော်ငြား သူ့မျက်နှာကို တည်တည်ငြိမ်ငြိမ်ထိန်းထားရင်း ချီဟိုင်အား မယုံသင်္ကာဖြင့် ကြည့်လျက် မေးလိုက်လေသည်။ “ဒီဟာက ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းလို့ မင်းပြောတယ်… မင်းမှာ သက်သေပြစရာရှိလို့လား…”
ချီဟန်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါပြောတာက ပြောပြီးသွားပြီလေ… ယုံတာမယုံတာက မင်းအပိုင်းပဲ…”
ချီဟိုင်မှာ ဤအကြောင်းအရာများကို အစောကြီးတည်းက ပြောမပြလိုခြင်း ဖြစ်ပေသည်။ သို့သော်ငြား လူအုပ်ကြီး၏ အတင်းအကြပ် တွန်းအားပေးမှုကြောင့် မပြောပြချင်ဘဲ ပြောခဲ့ရသည်ကို ထိုလူများက မကျေနပ်သေးဘဲ သူ့အား ထပ်မံ လာမေးခွန်းထုတ်နေသည်ကို မြင်သော် ချီဟိုင်မှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်တော့လေ၏။
“ရောင်းရင်းချီဟိုင်က ပြောပြီးသွားပြီလေ… အဲ့ဒါကို ငါတို့ဘက်က ယုံဖို့ပဲရှိတာပေါ့… မယုံတဲ့လူတွေကို ရောင်းရင်းချီဟိုင် စိတ်ထဲထားမနေနဲ့…” ခပ်ချောချောလူငယ်လေးတစ်ဦးသည် ချီဟိုင်အား ဖော်ရွေစွာပြုံးပြရင်း ယင်လဲ့ရှန်းအား ပြစ်တင်ပြောဆိုလိုက်လေသည်။
ယင်လဲ့ရှန်း၏မျက်လုံးများ တမုဟုတ်ချည်း အေးစက်သွားခဲ့ပြီး စကားပြောလိုက်သည့်လူငယ်လေးအား မမှိတ်မသုန် စိုက်ကြည့်လိုက်လေသည်။ လူငယ်လေး၏ မျက်နှာကို အသေအချာ မှတ်နေသည့်ပုံပင်။
ထိုလူငယ်လေးမှာတော့ ထိုအချက်ကို သတိမပြုမိဘဲ ပြုံး၍သာ ချီဟိုင်အား မေးလိုက်လေသည်။ “ရောင်းရင်းချီဟိုင်… ဒါက ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းဆိုရင် ကျုပ်တို့ ဒါကို ဘယ်လိုယူရမလဲ… ရောင်းရင်းချီဟိုင်မှာ ဒါကိုယူလို့ရတဲ့ နည်းလမ်းလေးဘာလေးများ ရှိလား…”
ထိုစကားကိုကြားသည့်အခါ အကုန်လုံး ချီဟိုင်ဘက်သို့ လှည့်ကြည့်လာကြပြန်လေ၏။
ချီဟိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ငါသာ ဒါကို ဘယ်လိုယူရမယ်မှန်းသိရင် မင်းတို့နဲ့ အခုလိုမျိုး စကားပြောနေဦးမယ်ထင်လား…”
ထိုစကားကိုကြားသည့်အခါ လူငယ်လေး ကြောင်သွားခဲ့လေသည်။ သူ့အနေဖြင့် ဤကဲ့သို့ မေးခွန်းကို မေးသည်မှာ တုံးရာကျသော်ငြား သူ့စိတ်ထဲ အနည်းငယ်လေးတော့ မျှော်လင့်မိနေပေသေး၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၄၇)
ချီဟိုင်က ထပ်ပေါင်းပြောဆိုလိုက်လေသည်။ “ဘယ်မဟာဧကရာဇ်ရဲ့ မှော်ရတနာမှာများ ကိုယ်ပိုင်အသိဉာဏ် မရှိတာရှိလို့လဲ… ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းမှာ ကိုယ်ပိုင်အသိဉာဏ်ရှိပြီးသား… သူသာ မင်းကို သခင်အဖြစ် သတ်မှတ်တယ်ဆိုလို့ရှိရင် မင်းသွားပြီး သန့်စင်နေစရာတောင်မလိုဘူး… မင်းဆီကို သူ့ဘာသာသူ ပြေးလာမှာ… ဒါပေမဲ့ သူက မင်းကို မထိုက်တန်ဘူးလို့ ထင်တယ်ဆိုရင်တော့ မင်းကိုယ်တိုင်က ဧကရာဇ်အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေတယ်ဆိုရင်တောင် အဲ့ခေါင်းလောင်းကို သွားထိလို့ ရမှာမဟုတ်ဘူး…”
ထိုစကားကို ကြားသည့်အခါ လူငယ်လေး၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြန်၍မေးလိုက်လေသည်။ “ရောင်းရင်းချီ ပြောချင်တာက အခွင့်အရေးသာ ရှိမယ်ဆိုရင် ငါတောင် ဒီတောင်နဲ့မြစ်ခေါင်းလောင်းရဲ့သခင် ဖြစ်လာနိုင်တယ်လို့ ပြောချင်တာလား…”
ချီဟိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “လူတိုင်းမှာ အခွင့်အရေးမှာရှိတယ်…”
ထိုလူငယ်လေးက ဝမ်းသာအားရ အော်ရယ်မောလျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။ “အခြားအရာတွေမှာသာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိရင် မရှိမယ်… ကံကောင်းတဲ့နေရာမှာတော့ ဒီကျန်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိပြီးသားပဲ… တောင်နဲ့မြစ်ခေါင်းလောင်းက ကိုယ်ပိုင်အသိဉာဏ်ရှိနေတယ်ဆိုမှတော့ ဒီကျန်းကိုပဲ ယွမ်တင်းမဟာဧကရာဇ်ရဲ့ ဆက်ခံသူအဖြစ် ရွေးလောက်တယ်…”
ထို့နောက် အရူးတစ်ယောက်အလား ဝါးလုံးကွဲအော်ရယ်မောတော့လေသည်။ အော်ဟစ်ရယ်မောနေရင်းမှ တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ လျှောက်သွားလိုက်လေ၏။
အကုန်လုံး ထိတ်လန့်သွားခဲ့ကြလေသည်။ မျိုးရိုးနာမည်ကျန်းဆိုသည့်လူသည် တောင်နဲ့မြစ်ခေါင်းလောင်း သူ့အား သခင်အဖြစ် သတ်မှတ်လာအောင် ကြိုးစားတော့မည်မှန်း အကုန်လုံး သိလိုက်ကြလေသည်။ ခဏချင်းဆိုသလို လူတိုင်းမှာ မျိုးရိုးနာမည်ကျန်းဆိုသူ၏ လှုပ်ရှားမှုတိုင်းကို သေသေချာချာ စိုက်ကြည့်နေကြလေတော့၏။
လူတော်တော်များများ၏ စိတ်ထဲတွင်လည်း မျိုးရိုးနာမည်ကျန်းဆိုသော လူကဲ့သို့ပင် ကိုယ့်ကံကိုယ် သွားရောက် စမ်းသပ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား အလျင်စလို မလှုပ်ရှားရဲသည့် အတွက်ကြောင့် သူတို့၏စိတ်ကို ချုပ်တည်းထားလိုက်ရင်း နောက်ဘာဆက်ဖြစ်မလဲ ဆိုသည်ကိုသာ စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့်နေကြလေ၏။
ချီဟိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လှောင်ပြုံးပြုံးကာ ထိုလူငယ်၏ ကျောပြင်ကို စိုက်ကြည့်နေခဲ့လေသည်။
လူတိုင်းရှေ့မှောက်တွင် ထိုလူငယ်လေးသည် ရှေ့သို့ တဖြည်းဖြည်း ဆက်တိုးသွားခဲ့လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့ သွားရသည့်ခရီးမှာ အတော်လေးကိုမှ လွယ်ကူချောမွေ့နေသည့်အတွက်ကြောင့် လူငယ်လေး၏ ယုံကြည်ချက်တို့မှာ ပို၍မြင့်မားလာခဲ့ရလေသည်။ မကြာမီတွင် လူငယ်လေးသည် တောင်နဲ့မြစ်ခေါင်းလောင်းနှင့် မီတာငါးဆယ်သာ ဝေးကွာတော့လေ၏။
ထိုအခိုက်အတန့်တွင် ဘေးမှရပ်ကြည့်နေသည့် လူများမှာ ရင်တမမ ဖင်တကြွကြွ ဖြစ်နေတော့လေ၏။ အကုန်လုံးမှာ အကောင်းနှင့်အဆိုးကို ချင့်ချိန်နေကြလေသည်။ သူတို့အားလုံး စိတ်ပူနေကြသည်မှာ ထိုလူငယ်လေး ကံကောင်းပြီး ယွမ်တင်းမဟာဧကရာဇ်၏ ခေါင်းလောင်းအား ရသွားမည်ကိုပင်။
နောက်ထပ် အသက်ဆယ်ရှိုက်စာခန့် ကြာသွားသည့်တိုင် လူငယ်လေးမှာ မည်သည့်အတားအဆီး အန္တရာယ်နှင့်မျှ မကြုံရသေးချေ။ ထိုအချက်ကြောင့် အကုန်လုံးမှာ အံ့အားသင့်မိသွားကုန်ကြလေ၏။ မူလက လှောင်ပြုံးပြုံးနေခဲ့သော ချီဟိုင်ပင်လျှင် ထိုအချင်းအရာကို မြင်ပြီးသည့်နောက် မှုန်ကုပ်သွားခဲ့လေသည်။
အကုန်လုံး၏စိတ်ထဲ တွေးနေသည့် တစ်ချက်မှာ ‘ဒီကောင် တောင်နဲ့မြစ်ခေါင်းလောင်း၏ သခင် တကယ်ကြီး ဖြစ်တော့မှာလား’ ဟူသော အချက်ပင်။
ထိုအချင်းအရာကိုမြင်သည့်အခါ လူငယ်လေးမှာ ဝါးလုံးကွဲအော်ဟစ်ရယ်မောပြန်လေ၏။ “ငါမင်းကို နှစ်တွေအများကြီးကြာအောင် စောင့်ခိုင်းမိသလို ဖြစ်သွားစေခဲ့ပြီ… အခုကနေစပြီး ငါမင်းကို ခေါ်သွားပေးတော့မယ်… ငါတို့အတူတူ ကြယ်တာရာအစုအဝေးထဲမှာ ခေါင်းမော့ရင်ကော့ပြီး လျှောက်သွားကြတာပေါ့… မဟာဧကရာဇ်ယွမ်တင်းရဲ့ ဂုဏ်အရောင်အဝါက ဒီကြယ်ပျက်ပင်လယ်ထဲမှာပဲ ဖုန်တက်နေလို့ မဖြစ်ဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် လူငယ်လေးသည် ခေါင်းလောင်းအား ထိရန် ကြိုးစားလိုက်လေသည်။
ချက်ချင်းဆိုသလို လူငယ်လေး၏ စကားလုံးများကို တုံ့ပြန်နေသည့်အလား ခေါင်းလောင်းဆီမှ အလင်းတစ်ချက် ဖြာထွက်လာခဲ့လေ၏။
ထိုအချင်းအရာကိုမြင်သော် လူငယ်လေးမှာ ပို၍ ယုံကြည်ချက်ရှိသွားခဲ့ပြီး တုံ့ဆိုင်းမနေတော့ဘဲ သူ့လက်ဝါးကို ဧရာမတောင်ကြီးပေါ်သို့ ဖိချလျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ တောင်နဲ့မြစ်ခေါင်းလောင်းအား ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်လေသည်။
သို့သော်ငြား ထိုစဉ်မှာပင် ထူးဆန်းသည့်အရာတစ်ခု ဖြစ်သွားခဲ့လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်းမှာ မသိမသာလေး တုန်ခါသွားခဲ့ပြီး ခေါင်းလောင်းသံတစ်သံနှင့်အတူ တောင်တစ်ခုလုံး ပြိုကျသွားခဲ့လေသည်။ တောင်တစ်ခုလုံး ပြိုကျသွားပြီးသည့်နောက် ဧရာမခေါင်းလောင်းကြီးတစ်လုံး အကုန်လုံးရှေ့ ထွက်ပေါ်လာခဲ့လေ၏။ ခေါင်းလောင်းပုံစံမှာ အလွန်ကိုမှ ရိုးရှင်းသော်ငြား ခေါင်းလောင်းဆီမှ တုပ၍မရသည့် အလွန်ကိုမှ ရှေးဆန်သော အရှိန်အဝါတစ်ရပ် ဖြာထွက်နေခဲ့လေသည်။
ခေါင်းလောင်းကြီးတစ်ခုလုံးကိုလည်း အလွန်ကိုမှ နက်နဲဆန်းကြယ်ရှုပ်ထွေးလှသော ရုန်းအမှတ်အသားများဖြင့် လွှမ်းခြုံထားခဲ့လေ၏။
ရုတ်တရက် ခေါင်းလောင်းတစ်ခုလုံး စတင်၍ တောက်ပလာခဲ့လေသည်။ တောက်ပနေစဉ် အတောအတွင်း ခေါင်းလောင်းသံကြီးတစ်သံ ဖြာထွက်လာခဲ့လေ၏။
“ဒေါင်…”
ထိုအခိုက်အတန့်ဝယ် ကမ္ဘာလောကကြီးတစ်ခုလုံး ပျက်စီးသွားပြီး ကောင်းကင်တစ်ခုလုံး အထက်အောက်ပြောင်းပြန် လန်သွားသည့်အလား... ခေါင်းလောင်းသံပျံ့လွင့်လာသည်နှင့် တောင်နှင့်မြစ်အားလုံး ဖိနှိပ်ခံလိုက်ရသလို ထင်မှတ်ရလေ၏။ ချက်ချင်းဆိုသလို မျက်စိဖြင့်ပင် မြင်နိုင်သော အသံလှိုင်းများမှာ ဖျက်အားပြင်းထန်သော စွမ်းအင်လှိုင်းများအဖြစ်သို့ စုဝေးသွားခဲ့လေသည်။ ထိုအချင်းအရာကို မြင်သည့်အခါ အကုန်လုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အကာအကွယ်ကျင့်စဉ်အသီးကို ထုတ်သုံးလိုက်ကြလေ၏။
ခေါင်းလောင်းသံ ထွက်ပေါ်လာလာချင်းမှာပင် လူငယ်လေးမှာ တမုဟုတ်ချည်းကို အသက်ပျောက်သွားခဲ့၏။
အသံလှိုင်း၏အကျိုးဆက်ကြောင့် မြေပြင်တစ်ခုလုံး တုန်ခါလာပြီး ကသောင်းကနင်း ဖြစ်တော့လေသည်။
အသက်ဆယ်ရှိုက်စာခန့် ကြာသွားသည့်အခါမှသာ အကုန်လုံး တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ခေါင်းလောင်းအနီးတစ်ဝိုက်တွင် ရှိနေကြသည့် တာအိုသခင်အဆင့် ကျင့်ကြံသူများမှာလည်း ပျာယာခတ်ကုန်ကြကာ အချို့ဆိုလျှင် မြေကြီးအောက်သို့ပင် ရောက်သွားကုန်ကြလေသည်။ ထိုခေါင်းလောင်းသံ ပျောက်ကွယ်သွားသည့်အခါမှသာ အကုန်လုံး သူတို့အပေါ်တွင် ပိနေသော မြေကြီးများကို ဖယ်လျက် ပြန်ရပ်လာနိုင်ကြလေ၏။ ထို့နောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့လေသည်။
အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေရာ မည်သူမှ သေသွားသည့် မျိုးရိုးနာမည်ကျန်းဆိုသည့်လူဆီမှ ပျံသန်းထွက်လာသော ကြယ်စည်းတံဆိပ်ကို လုယူရန်ပင် စိတ်မဝင်စားတော့ချေ။
“အဟွတ်… အဟွတ်…” ချီဟိုင်သည် ချောင်းအနည်းငယ်ဆိုးရင်း သူ့ကိုယ်ပေါ်တွင် ကပ်ပေနေသော မြေကြီးများကို ဖယ်ထုတ်လျက် သေနေပြီဖြစ်သော မျိုးရိုးနာမည်ကျန်းဆိုသည့်လူအား ကြည့်ရင်း ပြောလိုက်လေသည်။ “ကြည့်ရတာ ဒီအခွင့်အရေးက မင်းအတွက် မဟုတ်တဲ့ပုံပဲ…”
အကုန်လုံးမှာ လုံးဝကို ဆွံ့အသွားကြတော့လေသည်။ မဟာဧကရာဇ်တစ်ပါး၏ မှော်ရတနာဆိုသည့်အတိုင်း တောင်နဲ့မြစ်ခေါင်းလောင်းသည် အလွန်ကိုမှ အားကောင်းလှပေသည်။ မျိုးရိုးနာမည်ကျန်းဆိုသည့်လူငယ်လေးမှာ ခေါင်းလောင်းအား သွားထိရုံသာ ထိလိုက်သော်ငြား ဖြာထွက်လာသည့်အသံလှိုင်းကြောင့် တမုဟုတ်ချည်း အသက်ပျောက်သွားခဲ့ရလေသည်။ အနီးတစ်ဝိုက်တွင် ရှိနေသော ကျင့်ကြံသူအားလုံးမှာလည်း လွင့်ထွက်သွားကုန်ကြရ၏။ မသန့်စင်ရသေးသည့်တိုင် ဤမျှအားကောင်းနေသည်ဆိုလျှင် ဤမှော်ရတနာကိုသာ သန့်စင်လိုက်မည်ဆိုပါက မည်ကဲ့သို့သော ခွန်အားမျိုးကို ထုတ်ပေးနိုင်လိမ့်မည်နည်း။
ထို့အပြင် ဤသည်မှာ တောင်နဲ့မြစ်ခေါင်းလောင်း၏ အစစ်အမှန်စွမ်းအား မဟုတ်လောက်သေးချေ။ တကယ်တော့ တောင်နဲ့မြစ်ခေါင်းလောင်း ဤနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်း သောင်းနှင့်ချီနေခဲ့ပြီ မဟုတ်လေလော။ ထို့အတွက်ကြောင့် ၎င်း၏စွမ်းအားမှာ ကျိန်းသေကို လျော့ကျသွားရပေလိမ့်မည်။ ယခုပြသွားသည့်ခွန်အားသည် တောင်နဲ့မြစ်ခေါင်းလောင်း အထွဋ်အထိပ်ခွန်အား၏ တစ်ဝက်လောက်ပင် မရှိလောက်ချေ။
သို့သော်ငြား မျိုးရိုးနာမည်ကျန်းဆိုသည့်လူဆီမှ သင်ခန်းစာရသွားသည့်တိုင် မည်သူမျှ ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိသည့်အပြင် တောင်နဲ့မြစ်ခေါင်းလောင်းအား လိုချင်သည့် သူတို့၏စိတ်မှာ ပို၍ပင် အားကောင်းလာခဲ့သေးသည်။
အစောပိုင်းက အသံလှိုင်းကြောင့် ယခုအချိန်တွင် တောင်နဲ့မြစ်ခေါင်းလောင်းသည် အားလုံးရှေ့တွင် အပြည့်အဝ ထွက်ပေါ်လာခဲ့လေသည်။ လက်ရှိတွင် မီတာရာပေါင်းများစွာမြင့်မားသော တောင်နဲ့မြစ်ခေါင်းလောင်းကြီး တောင်လေးတစ်လုံးအလား အားလုံးရှေ့တွင် တည်ရှိနေလေ၏။ ၎င်းဆီမှ ဖြာထွက်နေသည့် ဧကရာဇ်အရှိန်အဝါနှင့် ခေါင်းလောင်းမျက်နှာပြင်ပေါ်တွင် ရစ်သိုင်းနေကြသော ရုန်းအက္ခရာများမှာ အလွန်ကိုမှ မျက်စိဖမ်းစားဖွယ် ကောင်းလှပေသည်။ တောင်နဲ့မြစ်ခေါင်းလောင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မည်သူမျှ ၎င်းဆီမှ အကြည့်မခွာနိုင်ကြတော့ချေ။
တောင်နဲ့မြစ်ခေါင်းလောင်းအား အလွန်ကိုမှ လိုချင်နေကြပါသော်ငြား မည်သူမှ ခေါင်းလောင်းအား အလွယ်တကူ သွားမထိရဲခဲ့ကြပေ။ ထို့အတွက်ကြောင့် မည်သူမှ ရှေ့တက် သွားသွားမစမ်းကြဘဲ တောင်နဲ့မြစ်ခေါင်းလောင်း သူ့ဘာသာ အသိဝင်လာပြီး ပိုင်ရှင်အား အလိုလို ရွေးပါစေဟုသာ ကြိတ်၍ ဆုတောင်းနေကြလေသည်။
ထိုစဉ် ခေါင်းလောင်းသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်လေသည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံံး၏ အမူအယာ ပြောင်းလဲသွားခဲ့ကြသလို သူတို့စိတ်ထဲလည်း ဒွိဟဖြစ်သလို ခံစားလိုက်ရလေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် မည်သူမျှသွားမထိဘဲ ဘာကြောင့်များ နောက်တစ်ကြိမ် အသံထပ်မြည်လာရလေသနည်း။
တစ်ကြိမ်ခံစားရဖူးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အကုန်လုံးမှာ ခေါင်းလောင်းသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အားအကောင်းဆုံးသော အကာအကွယ်ကျင့်စဉ်များနှင့် အကာအကွယ်မှော်ရတနာများကို တစ်ပြိုင်တည်းထုတ်၍ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြလေ၏။
သို့သော်ငြား အကုန်လုံး မျှော်လင့်စောင့်စားနေသည့် စွမ်းအင်လှိုင်းမှာ ထွက်ပေါ်လာခြင်းမရှိဘဲ ထို့အစား အံ့အားသင့်ဖွယ်ရာတစ်ခုသာ ဖြစ်သွားခဲ့လေသည်။
အကုန်လုံး၏ အံ့အားသင့်နေသည့် အကြည့်အောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်းသည် မသိမသာလေး လှုပ်ခါလျက် အပေါ်သို့ ပျံတက်သွားခဲ့ပြီး ကြယ်တာရာကောင်းကင်ထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်းမှာ ကြက်သေ သေသွားတော့လေသည်။
ထိုစဉ် မည်သူကလဲမသိ ပထမဦးဆုံး ထအော်ဟစ်လိုက်လေသည်။ “အဲ့ဒါနောက်ကိုလိုက်ကြ…”
ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုလူသည် တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ ပြေးလိုက်သွားလေသည်။
မဟာဧကရာဇ်တစ်ပါး ချန်ထားရစ်ခဲ့သည့် မှော်ရတနာတစ်ခုကို ခက်ခက်ခဲခဲနှင့်မှ ရှာတွေ့နိုင်ခဲ့ပြီးသည့်နောက်တွင် ထိုမှော်ရတနာအား မည်ကဲ့သို့များ အလွယ်တကူ အလွတ်ပေးနိုင်တော့မည်နည်း။ ထို့ကြောင့် ပထမဦးဆုံးလူ စအော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူပေါင်းများစွာသည် လေထဲသို့ ပျံတက်သွားပြီး ခေါင်းလောင်းနောက်သို့ အသီးသီး ပြေးလိုက်သွားကြလေသည်။
ရန်ကိုင်သည်လည်း ခြွင်းချက်မဟုတ်။
ရန်ကိုင့်တွင် ဧကရာဇ်အဆင့်မှော်ရတနာများစွာ ရှိနေပါသော်ငြား ဧကရာဇ်အဆင့်မှော်ရတနာ များများစားစားရှိထား၍ သူ့အတွက် အကျိုးမယုတ်ချေ။ ထို့အပြင် တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားကို မြင်တွေ့ထားဖူးသူ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်မှာ ထိုခေါင်းလောင်းကို ပို၍ပင် စိတ်ဝင်စားနေခဲ့ရလေသည်။ ထိုခေါင်းလောင်း၏စွမ်းအားသည် သုတ်သင်ခြင်းမိုးကြိုးထက်ပင်လျှင် ပို၍အားကောင်းလောက်သည်။
ချီဟိုင်ပြောသည်မှာ အမှန်ဖြစ်မှန်း ယခု ရန်ကိုင် ယုံကြည်လာခဲ့လေပြီ။ ဤဧကရာဇ်အဆင့် မှော်ရတနာကို ရေစက်မပါပဲ ရနိုင်လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းတွင် ကိုယ်ပိုင်အသိဉာဏ် ရှိနေသည့်နောက်တွင်ပင်။ ထိုခေါင်းလောင်းကို ရယူလိုပါက မှော်ရတနာ၏ အသိအမှတ်ပြုမှုကို ပထမဦးစွာ ရယူရပေလိမ့်မည်။
မှော်ရတနာစိတ်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရရှိသွားသည့်နောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်းကို ရယူဖို့မှာ လွယ်ကူသွားခဲ့လေပြီ။
ကျင့်ကြံခြင်းခရီးလမ်းတွင် ရန်ကိုင်သည် အမျိုးမျိုးသော အခွင့်အလမ်းများနှင့် ကြုံခဲ့ရသည့်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကံချင်းသာယှဉ်မည်ဆိုပါက သူ့ကံသည် မည်သူ့အောက်မှ နိမ့်ကျခြင်း မရှိဟု ယုံကြည်ပေသည်။ ထို့အတွက်ကြောင့် တောင်နဲ့မြစ်ခေါင်းလောင်းနှင့် ပက်သက်၍ သူ့စိတ်ထဲ အနည်းငယ် မျှော်လင့်နေမိလေ၏။
ထို့အပြင် သူလိုက်ရှာနေသော ယင်လဲ့ရှန်းသည်လည်း တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ ပြေးလိုက်သွားနေသည် မဟုတ်ပေလော။
သို့သော်ငြား ရန်ကိုင် ပျံတက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲ ထူးဆန်းသည့်ခံစားချက်တစ်ခု ရရှိလာခဲ့လေသည်။ ထိုခံစားချက်မှာ မှိန်ဖျဖျလေးသာ ဖြစ်သော်ငြား သူ့စိတ်အား အလွန်ကိုမှ မသက်မသာ ဖြစ်စေလေသည်။
ထိုထူးဆန်းသော ခံစားချက်ကို ရန်ကိုင်တစ်ဦးတည်းသာ ရနေခြင်း ဖြစ်လေသည်။ ဘာကြောင့်များ ထိုကဲ့သို့ ခံစားနေရသလဲ လိုက်ပတ်စစ်ဆေးကြည့်ပါသော်ငြား ပြဿနာအရင်းအမြစ်ကို ရှာမတွေ့ခဲ့ချေ။ သို့သော်ငြား ရန်ကိုင် ပို၍ လျင်လျင်မြန်မြန် ပျံသန်းလေ ပျံသန်းလေ ထိုခံစားချက်မှာ ပို၍ အားကောင်းလာလေပင်။
သူသာ ဤနေရာမှ ထွက်သွားလိုက်ပါက လုံးဝကို အကြီးအကျယ် နောင်တရတော့မည်ဟု ခံစားနေခဲ့ရသည်။
ရန်ကိုင်မှာ မျက်မှောင်ကြုတ်လျက် ရုတ်ချည်း ရပ်တန့်လိုက်လေသည်။ သူ့အနေဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းအား လိုချင်ပါသော်ငြား ဘာကြောင့် ဤကဲ့သို့ ခံစားနေရသလဲ ဆိုသည်ကို အပြည့်အဝ နားမလည်နိုင်လျှင်…
ရန်ကိုင့်နောက်မှ လူတစ်ဦး လိုက်လာနေခဲ့လေသည်။ မည်သူဖြစ်သလဲ လှမ်းကြည့်လိုက်ရာ လန်ဟဲဖြစ်နေကြောင်း တွေ့လိုက်ရ၏။
ရန်ကိုင်ရပ်သွားသည်ကိုမြင်သော် လန်ဟဲသည် ရန်ကိုင့်အား တစ်ချက်လှမ်းကြည့်လေသည်။ သို့သော်ငြား ရပ်သွားမည့်အရိပ်အယောင်မပြဘဲ ရန်ကိုင့်အား တစ်ချက်မျှ ကြည့်ပြီးသည့်နောက် သူ့အား ကျော်တက်ကာ တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ ပြေးလိုက်သွားလေ၏။
လန်ဟဲ သူ့နားမှ ဖြတ်သွားချိန် ရန်ကိုင့်၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး လန်ဟဲ၏ ပုခုံးကို လှမ်းဆွဲလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် လန်ဟဲ၏အမူအယာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်ကို တွန့်လိမ်လျက် ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားလေ၏။ သို့သော်ငြား သူမ မည်မျှမြန်နေပါစေ ရန်ကိုင့်၏လက်သည် သူမ၏အဝတ်အစားများကို ပွတ်တိုက်သွားပေသေးသည်။
“ရှင်ဘာလုပ်ချင်နေတာလဲ…” လန်ဟဲက ဒေါသတကြီး ထအော်လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်မှ သူမခန္ဓာကိုယ်ကို ပွတ်သွားသည့်နေရာအား ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်လိုက်လေ၏။
သို့သော်ငြား သူမ မည်သို့ပင် စစ်ဆေးနေစေကာမူ ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
ရန်ကိုင်က ပြုံးလျက် ရှင်းပြလိုက်လေ၏။ “ဘာမှမဟုတ်ပါဘူး… အဲ့ခေါင်းလောင်းနောက် မလိုက်တော့ဖို့ ပြောချင်လို့ တားလိုက်ရုံပါပဲ… ခေါင်းလောင်းနောက်ကို ဒီလောက် လူတွေအများကြီး လိုက်သွားနေတာ ခင်ဗျား လိုက်သွားမယ်ဆိုရင်တောင် ဘာမှရမှာမဟုတ်ဘူး…”
“ကျွန်မဘာသာ ရရ မရရ ရှင့်ကိစ္စမဟုတ်ဘူး…” လန်ဟဲမှာ အတော်လေးကိုမှ စိတ်ညစ်နေခဲ့လေသည်။ ဤအကောင်မှာ စိတ်ဝင်စားဖွယ်ကောင်းသည့်ပုံ ပေါက်သော်ငြား တကယ့်တကယ်တွင် သူတို့သည် အမှတ်မထင်တွေ့ခဲ့ခြင်းသာ ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ထိုအကောင်သည် ဘာကြောင့်များ သူများကိစ္စအရေးတွင် အရမ်းဝင်စွက်ဖက်နေရလေသနည်း။
ရန်ကိုင်က ပခုံးတွန့်လျက် ပြန်ပြောလိုက်လေ၏။ “ကျုပ်ဘက်ကအကြံပေးရုံပဲ… နားထောင်မထောင်ကတော့ ညီမလန်ဟဲအပေါ်ပဲ မူတည်သွားမှာ…”
လန်ဟဲသည် ရန်ကိုင့်အား မမှိတ်မသုန်စိုက်ကြည့်လျက် ပြန်မေးလိုက်လေသည်။ “ရှင့်ခေါင်းထိတာလား…”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် လန်ဟဲသည် ခေါင်းလောင်းနောက်သို့ ပြေးလိုက်သွားလေ၏။
အစောတလျင် ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူမအနေဖြင့် ရန်ကိုင့်အား သင်ခန်းစာ ကောင်းကောင်း ပေးခဲ့လောက်ပေသည်။ သူသည် ပထမဦးဆုံးအကြိမ် စတွေ့စဉ်ကတည်းက အလွန်ကိုမှ အမြင်ကပ်စရာကောင်းလှသည်။ ယခုဆိုလျှင် သူမအသားကိုပင်လျှင် လာထိနေရဲ၏။ အရှက်မရှိလိုက်လေခြင်းပင်။
ကံမကောင်းစွာဖြင့် လန်ဟဲမှာ တောင်နဲ့မြစ်ခေါင်းလောင်းအပေါ်တွင်သာ အာရုံရောက်နေသည့် အတွက်ကြောင့် ရန်ကိုင်နှင့် ငြင်းခုံနေလိုစိတ်မရှိခဲ့ချေ။ သို့သော်ငြား ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင့်အပေါ် လန်ဟဲ၏အထင်အမြင်မှာ ဟိုးအောက်ထိ ထိုးကျသွားရလေတော့သည်။
သူနှင့် တဖြည်းဖြည်း ဝေးဝေးသွားသော လန်ဟဲကိုကြည့်ရင်း ရန်ကိုင်သည် သူ့နှာခေါင်းအား ကူကယ်ရာမဲ့စွာဖြင့် ပွတ်လိုက်လေသည်။ တကယ်တော့ ရန်ကိုင်သည် လန်ဟဲအား တမင်သက်သက် ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ဘဲ သူ့နောက်မှ ပျံသန်းလာသည့်လူကိုသာ လုပ်လိုက်ခြင်း ဖြစ်သည်။ ထိုလူမှာ လန်ဟဲ ဖြစ်နေသည့်အပေါ်တော့ ရန်ကိုင်လည်း ဘာမှမတတ်နိုင်ချေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၄၈)
မျက်တောင်တစ်ခတ်အတွင်း အကုန်လုံးသည် သူ့ထက်ငါအပြေးအလွှား တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ ပြေးလိုက်သွားကြလေသည်။ ရန်ကိုင်ကမူ အခြားသူများကဲ့သို့ တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ လိုက်မသွားခဲ့ဘဲ ကြယ်နီကြီးဆီသို့သာ ပြန်လှည့်လာခဲ့လေသည်။
တစ်ခဏအကြာတွင် တောင်နဲ့မြစ်ခေါင်းလောင်း ယခင်ရှိနေခဲ့ဖူးသည့် နေရာဆီသို့ ပြန်ရောက်လာပြီး ပတ်ဝန်းကျင်အား သေသေချာချာ စစ်ဆေးကြည့်တော့လေ၏။
ဤနေရာတွင် မည်သူမျှ မရှိသော်ငြား သူ့စိတ်အား ဂနာမငြိမ်ဖြစ်အောင် လုပ်နေသည့် ခံစားချက်သည် ဤနေရာမှ လာနေခြင်းဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ ဆက်မလိုက်တော့ဘဲ ဤနေရာသို့ ပြန်လှည့်လာခြင်းဖြစ်ပေ၏။
တစ်ခဏအကြာတွင် ရန်ကိုင် တစ်ခုခုအား သတိပြုမိသွားခဲ့လေသည်။ သူ့မျက်လုံးများ တောက်ပသွားခဲ့ပြီး တောင်နဲ့မြစ်ခေါင်းလောင်း ယခင်ရှိနေခဲ့သည့်နေရာဆီသို့ ချက်ချင်း သွားစစ်ဆေးကြည့်လေ၏။
ယခင်က တောင်နဲ့မြစ်ခေါင်းလောင်းရှိနေခဲ့သည့် နေရာသည် တောင်ငယ်လေးတစ်လုံး ဖြစ်ခဲ့သော်ငြား ထွက်ပေါ်လာသည့် ခေါင်းလောင်းသံကြောင့် တောင်တစ်ခုလုံး ပြိုကျသွားခဲ့လေသည်။ ထို့နောက် တောင်နဲ့မြစ်ခေါင်းလောင်း ထွက်ပြေးသွားခဲ့လေရာ ၎င်းရှိနေသည့်နေရာတစ်ခုလုံးမှာ ကျောက်ပုံကြီးသာ ဖြစ်သွားတော့လေ၏။ သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေခဲ့ဖူးသည့် နေရာဆီမှ သိသာထင်ရှားလှသည့် အပူစွမ်းအင်တို့ ဖြာထွက်နေခဲ့လေသည်။
ယခင်က အကုန်လုံးသည် တောင်နဲ့မြစ်ခေါင်းလောင်းသို့သာ အာရုံရောက်နေသည့် အတွက်ကြောင့် ထိုအချက်ကို သတိမထားမိခဲ့ကြပေ။ ဤနေရာတွင် ဘာတွေဖြစ်နေ၍များ ဤကဲ့သို့ ဖြစ်နေရသလဲ ဆိုသည့်အပေါ် ရန်ကိုင့်စိတ်ထဲ မယုံသင်္ကာ ဖြစ်မိသွားလေသည်။ ထို့ကြောင့် လေထဲသို့ ပျံတက်သွားခဲ့ပြီး ကျောက်ပုံကြီးအား လက်သီးဖြင့် ထိုးချလိုက်လေသည်။
လက်သီးတစ်ချက်နှစ်ချက်ခန့် ထိုးပြီးသည့်နောက် မြေပြင်တစ်ခုလုံး အက်ကွဲသွားခဲ့ပြီး ကျင်းပေါက်လေးတစ်ပေါက် ပေါ်လာခဲ့လေ၏။
ကျင်းပေါက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အလွန်ကိုမှ ပြင်းထန်လှသော အပူစွမ်းအင်တစ်ရပ်သည်လည်း ထိုကျင်းပေါက်ထဲမှ ဖြာထွက်လာခဲ့လေသည်။ ငုံ့ကြည့်လိုက်လေရာ ကျင်းပေါက်ထဲတွင် ချော်ရည်ကန်တစ်ကန် ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ထိုချော်ရည်ကန်ဆီမှ ဖြာထွက်နေသည့် အပူချိန်မှာ ရန်ကိုင့်၏မျက်နှာကိုပင်လျှင် ဖြူလျော်သွားစေခဲ့လေ၏။
“မီးဓာတ်ကြယ်အမြုတေလား…” ရန်ကိုင်သည် ချော်ရည်ကန်လေးကိုကြည့်ရင်း ထူးဆန်းသည့်အမူအယာဖြင့် ရေရွတ်လိုက်လေသည်။ မီးဓာတ်ကြယ်အမြုတေသည် ဤနေရာတွင် ပုန်းကွယ်နေခြင်းပေလော။
ရန်ကိုင် ဤနေရာသို့ ရောက်လာရခြင်းမှာ မီးဓာတ်ကြယ်အမြုတေတစ်ခုကို ဤနေရာတွင် တွေ့ရှိခဲ့သည်ဟု တစ်စုံတစ်ဦးမှ ကျုန်းကျန်းယုံအား သတင်းပေးခဲ့သည့် အတွက်ကြောင့်ပင်လျှင်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် လူတိုင်း၏အာရုံသည် တောင်နဲ့မြစ်ခေါင်းလောင်းဆီသို့သာ ရောက်ရှိသွားကြသဖြင့် မီးဓာတ်ကြယ်အမြုတေအကြောင်းကိုပင် အကုန်လုံး မေ့လျော့သွားခဲ့ကြလေသည်။
သို့သော်ငြား မီးဓာတ်ကြယ်အမြုတေသည် တောင်နဲ့မြစ်ခေါင်းလောင်းအောက်တွင် ရှိနေလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ကြည့်ကြည့်ရသလောက် မီးဓာတ်ကြယ်အမြုတေသည် တောင်နဲ့မြစ်ခေါင်းလောင်း၏ ဖိနှိပ်ခြင်း ခံနေရသည့်ပုံပင်။
ထို့အတွက်ကြောင့် ကျင့်ကြံသူပေါင်းများစွာ၏ ကြယ်စည်းတံဆိပ်များမှာ မီးဓာတ်ကြယ်အမြုတေ၏ နေရာအတိအကျကို အာရုံမခံနိုင်ခဲ့ခြင်းဖြစ်လောက်ပေသည်။
ရန်ကိုင်သည်လည်း ဤနေရာသို့ ရောက်ရောက်ခြင်း သူ၏ကြယ်စည်းတံဆိပ်ကိုသုံး၍ မီးဓာတ်ကြယ်အမြုတေကို ရှာကြည့်ခဲ့ပေသေးသည်။ သို့သော်ငြား ထိုစဉ်က သူပြန်လည်ရရှိခဲ့သည့် တုံ့ပြန်မှုမှာ ဝိုးတိုးဝါးတားသာ ဖြစ်သည့်အတွက်ကြောင့် မီးဓာတ်ကြယ်အမြုတေ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို အတိအကျ မသိခဲ့ရပေ။ ယခုမူ အကြောင်းစုံကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။
တောင်နဲ့မြစ်ခေါင်းလောင်း ဤနေရာမှ ထွက်သွားပြီးသည့်နောက် မီးဓာတ်ကြယ်အမြုတေမှာ အပြည့်အဝ ထွက်ပေါ်လာတော့လေ၏။
ကြယ်အမြုတေသည် ချော်ရည်ကန်ထဲတွင် ရှိနေခြင်း ဖြစ်ရပေလိမ့်မည်။ ထို့အတွက်ကြောင့်ပင်လျှင် ဤကြယ်ပေါ်၌ မီးဓာတ်ဆေးပင်အမျိုးမျိုး ပေါက်ရောက်နေနိုင်ပြီး ချော်ရည်ကန်ထဲမှ ဖြာထွက်နေသည့် အပူချိန်ဟာလည်း အလွန်ကိုမှ မြင့်မားနေရခြင်း ဖြစ်သည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင် စိတ်လှုပ်ရှားလာတော့လေ၏။
ဤနေရာသို့ ပြန်လာရန် ရွေးချယ်လိုက်သည်မှာ တကယ်ကို မှန်သွားပြီဟု ရန်ကိုင့်စိတ်ထဲ ခံစားလိုက်ရလေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ လူပေါင်းများစွာ လိုက်နေသည့်အတွက်ကြောင့် မည်သူမျှ ထိုခေါင်းလောင်းအား အချိန်တိုအတွင်း ရနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ဤနေရာတွင်မူ ရန်ကိုင်တစ်ဦးတည်းသာ ရှိပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ဘာကိုမှစိတ်ပူနေစရာမလိုပဲ စိတ်အေးအေးဖြင့် မီးဓာတ်ကြယ်အမြုတေကို ရယူနိုင်ပေသည်။
သို့သော်ငြား ချော်ရည်ကန်ထဲတွင် မီးဓာတ်ကြယ်အမြုတေ ရှိနေသည်ဟူသော ရန်ကိုင့်၏သုံးသပ်ချက်မှာ ခန့်မှန်းချက်သက်သက်သာ ဖြစ်ပေသေးသည်။ တကယ်ရှိမရှိကိုတော့ သူကိုယ်တိုင်လည်း အတည်မပြုနိုင်သေးပေ။ တကယ်ရှိမည်ဆိုလျှင်ပင် ရန်ကိုင်၌ ထိုမီးဓာတ်ကြယ်အမြုတေကို ယူနိုင်မည့်နည်းလမ်း မရှိသေးချေ။
မီးတောက်ကြယ်အမြုတေကို ယူဖို့ရာ မလွယ်ကူပေ။ တစ်ချက်ကလေး သတိလက်လွတ်ဖြစ်သွားရုံဖြင့် ရန်ကိုင့်တစ်ကိုယ်လုံး ပြာကျသွားနိုင်ပေသည်။
ရန်ကိုင့်စိတ်ထဲ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ရန်ကိုင်ငုံ့ကြည့်နေသည့် ချော်ရည်ကန်သည် စတင်၍ ဆူပွက်လာခဲ့လေ၏။ ပူစီပေါင်းများ ပလုံစီ ထွက်လာခဲ့ပြီး ပတ်ဝန်းကျင်အပူချိန်မှာလည်း ရုတ်ချည်းဆိုသလို မြင့်တက်လာခဲ့ရလေသည်။
အလွန်ပြင်းထန်သည့် အပူချိန်ကြောင့် ရန်ကိုင်ခမျာ သူ၏အရင်းအမြစ်ချီကို လှည့်ပတ်၍ပင် သူ့ကိုယ်သူ ကာကွယ်ထားလိုက်ရလေသည်။ သို့သော်ငြား ဤရုတ်တရက် ပြောင်းလဲမှုသည် ရန်ကိုင့်အား လုံးဝ သတိချပ်သွားစေခဲ့လေ၏။ ရန်ကိုင်သည် ချော်ရည်ကန်အနီးတွင် ဆက်မနေတော့ဘဲ အနောက်သို့ ပြန်ဆုတ်လာခဲ့လိုက်လေသည်။
တစ်ခဏအကြာတွင် ကျင်းပေါက်ထဲရှိ ချော်ရည်ကန်တစ်ခုလုံး ပေါက်ကွဲထွက်လာခဲ့ပြီး စူးရှသည့်ငှက်အော်သံတစ်သံ ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထွက်သွားခဲ့လေ၏။ ထိုအသံကိုကြားလိုက်သည့်အခိုက် ရန်ကိုင် လုံးဝကို ကြက်သေသေသွားခဲ့လေသည်။
အကြောင်းမှာ ထိုအသံကို ရင်းနှီးနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ယခင်က စုရန်နှင့်အတူ တူနှစ်မြွှာ ကျင့်ကြံစဉ်က နဂါးနှင့် ဖီးနစ်ငှက်တို့၏ပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ထိုစဉ်က ထွက်ပေါ်လာခဲ့သည့် ရေခဲဖီးနစ်ငှက်၏ အော်ဟစ်သံမှာ ဤအော်သံနှင့် တစ်ထပ်ထဲပင်။ ထို့နောက်တွင် မီးနီရောင်ပုံရိပ်ကြီးတစ်ခုသည် တွင်းပေါက်ထဲဆီမှ ပျံသန်း ထွက်လာခဲ့လေသည်။ ထိုပုံရိပ် ပျံသန်းထွက်လာသည်နှင့် တစ်ပြိုင်နက် ချော်ရည်ကန်ထဲရှိ အပူချိန်မှာ တမုဟုတ်ချည်း ထိုးကျသွားခဲ့ပြီး ချော်ရည်အားလုံးမှာလည်း ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ ရုတ်တရက်ဆိုသလို ကောင်းကင်တစ်ခုလုံးကို မီးနီရောင်တောက်နေသည့် ပုံရိပ်ကြီးတစ်ခုမှ လွှမ်းခြုံသွားခဲ့လေ၏။
ရန်ကိုင်သည် ထိုမီးနီရောင်ပုံရိပ်ကြီးကိုကြည့်ရင်း တံတွေးတစ်လုပ် မျိုချလျက် ခက်ခက်ခဲခဲဖြင့် ရေရွတ်လိုက်လေ၏။ “မီးဖီးနစ်လား…”
နတ်သားရဲများတွင် နဂါးနှင့် ဖီးနစ်တို့သည် အားအကောင်းဆုံး ဖြစ်ကြပေသည်။ နဂါးကလန်ကို ဘေးဖယ်ထားလိုက်မည်ဆိုပါက ဖီးနစ်ကလန်အား နှစ်ပိုင်းခွဲ၍ ရပေသည်။ မီးဖီးနစ်နှင့် ရေခဲဖီးနစ်ဟူ၍ပင်။
ကြည်လင်ကျောက်စိမ်းတောင်တွင် ရန်ကိုင်တွေ့ခဲ့ရသည့် လွမ်ဖုန်းငှက်သည် မီးဖီးနစ်အမျိုးအစားထဲတွင် ပါဝင်ပေသည်။ လွမ်ဖုန်းငှက်၏ ကမ္ဘာဖျက်မီးတောက်များမှာ ကပ်ဘေးနှင့် အဖျက်စွမ်းအင်ကို ကိုယ်စားပြုနေသည့် အမှတ်သင်္ကေတများ ဖြစ်ကြပေသည်။ ထိုမီးတောက်လေး အနည်းငယ်ကသည်ပင်လျှင် ကြည်လင်ကျောက်စိမ်းတောင်တစ်ခုလုံးကို ပြာကျသွားစေနိုင်၏။ ယခု နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် ထိုမီးတောက်များမှာ ငြိမ်းသေသွားခြင်းမရှိဘဲ ဆက်လက်၍ တောက်လောင်နေသေး၏။
လက်ရှိ ရန်ကိုင့်ရှေ့တွင် ပေါ်လာသည့် မီးနီရောင်ပုံရိပ်ကြီးမှာတော့ အစစ်အမှန် မီးဖီးနစ်တစ်ကောင်သာ ဖြစ်လေသည်။ ၎င်း၏သွေးမျိုးဆက်သည် ရန်ကိုင်တွေ့ခဲ့ရသည့် လွမ်ဖုန်း၏ သွေးမျိုးဆက်ထက်ပင် ပို၍သန့်စင်သေးသည်။
ဤကြယ်ပျက်ပင်လယ်ထဲတွင် မီးဖီးနစ်တစ်ကောင်ကို လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။ ထို့အပြင် သူတွေ့ရသည့် မီးဖီးနစ်သည် တောင်နဲ့မြစ်ခေါင်းလောင်းအောက်တွင် ဖိနှိပ်ခြင်းခံထားရသည့် မီးဖီးနစ်တစ်ကောင် ဖြစ်နေလိမ့်မည်ဟူ၍ပင်။
ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်လာသည့် ကျင့်ကြံသူများသည်သာ တောင်နဲ့မြစ်ခေါင်းလောင်းအား ရှာမတွေ့ခဲ့သလို တောင်နဲ့မြစ်ခေါင်းလောင်းသည်လည်း ဤနေရာမှ ထွက်မသွားခဲ့ပါက မီးဖီးနစ်သည် ဤနေရာတွင်သာ တစ်သက်လုံး အိပ်စက်နေရပေလိမ့်မည်။
“မဟုတ်သေးဘူး…” ကောင်းကင်ထက်တွင် ဝဲနေသည့် မီးဖီနစ်ငှက်နှင့် ပတ်သက်၍ တစ်ခုခုမှားနေသည်ကို ရန်ကိုင် သတိထားမိလိုက်လေသည်။
အကြောင်းမှာ ဤမီးဖီးနစ်ငှက်ဆီမှ မည်သည့်အသက်စွမ်းအင်ကိုမှ မခံစားရသည့် အတွက်ကြောင့်ပင်လျှင်။ ရှင်းရှင်းပြောရလျှင် ဤမီးဖီးနစ်ငှက်၌ ရုပ်ခန္ဓာမရှိဘူးဟုပင် ပြောနိုင်ပေသည်။ မီးဖီးနစ်တစ်ကိုယ်လုံးသည် သန့်စင်လှသည့်စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်လေ၏။
ချက်ချင်းဆိုသလို ရန်ကိုင် တစ်ခုခုအား နားလည်သွားခဲ့ပြီး အလန့်တကြား အော်ပြောမိလိုက်လေ၏။ “ဖီးနစ်မီးတောက်…”
လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် အရာသည် အစစ်အမှန် ဖီးနစ်ငှက်တစ်ကောင်မဟုတ်ဘဲ ဖီးနစ်မီးတောက်သာ ဖြစ်လေသည်။ ချီဟိုင်ပြောခဲ့သည့်အချက်ကိုပါ ပြန်စဉ်းစားမိလိုက်သော် လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် အရာသည် သိုင်းမီးတောက်မဟာဧကရာဇ် သေဆုံးပြီးနောက် ကျကျန်ရစ်ခဲ့သည့် ဖီးနစ်မီးတောက်သာ ဖြစ်မည်မှန်း ချက်ချင်း နားလည်သွားတော့သည်။
တန်ဖိုးအရဆိုလျှင် ဤဖီးနစ်မီးတောက်သည် ယွမ်တင်းမဟာဧကရာဇ်၏ တောင်နဲ့မြစ်ခေါင်းလောင်းအောက် နိမ့်ကျခြင်းမရှိချေ။ သို့သော်ငြား ထိုဧကရာဇ်နှစ်ဦးသည် အတူတကွ ပူးပေါင်းလျက် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကို တိုက်ခိုက်ခဲ့သည် မဟုတ်ပေလော။ ရန်ကိုင့်မှာ လုံးဝ နားမလည်နိုင်တော့ချေ။ မဟာဧကရာဇ်များကြား တိုက်ပွဲတွင် မည်ကဲ့သို့များ ဖြစ်သွားခဲ့လေသနည်း။
ဖီးနစ်မီးတောက် ပေါ်လာသည်ကို မြင်ပြီးသွားပြီဖြစ်သည့်အတွက်ကြောင့် ဤကြယ်ကြီး ဘာကြောင့် မီးဓာတ်ကြယ်အမြုတေကို ပိုင်ဆိုင်ထားသည့် ကြယ်တစ်လုံးပုံစံ ပေါက်နေသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားတော့လေသည်။ ဖီးနစ်မီးတောက်၏ တန်ဖိုးသည် မီးဓာတ်ကြယ်အမြုတေထက်ပင် ပို၍ မြင့်မားသေးသည်။
ဖီးနစ်မီးတောက်သည် အစစ်အမှန်ဖီးနစ်ငှက်တစ်ကောင်၏ အမွေအနှစ်ကို သယ်ဆောင်ထားပေသည်။ အစစ်အမှန် ဖီးနစ်ငှက်တစ်ကောင်သည် တစ်နေ့နေ့တွင် သေဆုံးသွားနိုင်သော်ငြား ဖီးနစ်မီးတောက်ကမူ ဘယ်တော့မှ ငြိမ်းသွားလိမ့်မည်မဟုတ်ချေ။ ဖီးနစ်မီးတောက်ထဲတွင် ဖီးနစ်ငှက်ကလန်၏ နှစ်ပေါင်းသန်းနှင့်ချီကြာအောင် စုဆောင်းလာခဲ့သော အတွေ့အကြုံများ ဗဟုသုတများ ပါဝင်နေပေသည်။ ဖီးနစ်မီးတောက်ကို ရနိုင်သည့်လူ၏ ခွန်အားမှာ ဆတက်ထမ်းပိုး တိုးတက်လာပေလိမ့်မည်။
လျို့ယန်သည်သာ ဤဖီးနစ်မီးတောက်ကို စုပ်ယူနိုင်ပါက သူမအနေဖြင့် အစစ်အမှန် ဖီးနစ်ငှက်တစ်ကောင်အဖြစ်ပင် ပြန်လည် မွေးဖွားလာနိုင်ပေသေးသည်။
စူးရှသည့် ငှက်အော်သံ ထပ်မံထွက်ပေါ်လာပြန်လေသည်။ ထိုငှက်အော်သံကြောင့် ရန်ကိုင်လည်း အတွေးများနေရာမှ အသိစိတ်ပြန်ဝင်လာခဲ့လေသည်။ အသိစိတ်ဝင်လာလာချင်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင် မှင်တက်သွားခဲ့လေ၏။ ကောင်းကင်ထက်တွင် ဝဲနေသော ဖီးနစ်မီးတောက်သည် ရုတ်တရက် မီးတောက်ဘောလုံးအသွင်သို့ ပြောင်းလျက် ရန်ကိုင့်ဆီသို့ ပျံသန်းလာလေ၏။
သူ့ဆီသို့ တိုးဝင်လာနေသည့် ဖီးနစ်မီးတောက်ကိုကြည့်ရင်း ရန်ကိုင်မှာ သွေးပျက်မတတ် ကြောက်လန့်သွားခဲ့လေသည်။
သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသော်ငြား ဖီးနစ်မီးတောက်ရှေ့တွင် သူသည် ဘာဆိုဘာမှမဟုတ်ချေ။ ထိုဖီးနစ်မီးတောက်၏ တိုက်ခိုက်ခြင်းသာ ခံရပါက ပြာအတိ ကျသွားရပေလိမ့်မည်။
သူ့စိတ်ထဲ ထွက်ပြေးရန် ကြံနေစဉ်မှာပင် ရန်ကိုင့်၏ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မရနိုင်လောက်သည့် စွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။
ထို့နောက်တွင် နားပင်းမတတ် ကျယ်လောင်သည့် နဂါးဟိန်းသံနှင့်အတူ ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်တောက်လာခဲ့လေ၏။ ဖီးနစ်မီးတောက်၏ အော်ဟစ်သံကြောင့်လားမသိ ရန်ကိုင်၏ခန္ဓာကိုယ်ထဲတွင် အတော်ကြာအောင် ငြိမ်သက်နေခဲ့သော ရွှေနဂါးအမြုတေသည် စတင်၍ အသက်ဝင်လာခဲ့ပြီး ရွှေနဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ဧရာမနဂါးခေါင်းကြီးသည် ရန်ကိုင့်ဆီသို့ တိုးဝင်လာနေရန် လုပ်နေသည့် ဖီးနစ်မီးတောက်အား စိုက်ကြည့်နေခဲ့လေသည်။
ချက်ချင်းဆိုသလို နဂါးနှင့်ဖီးနစ်ငှက်သည် ၎င်းတို့၏ ကြီးမြတ်မှုကို ထုတ်ဖော်ပြသရန် ကြိုးစားနေသည့်အလား ပြိုင်တူ ဟိန်းဟောက်အော်ဟစ်လိုက်ကြလေ၏။
ထို့နောက်တွင် အမြုတေစွမ်းအားနှစ်ရပ်မှာ တစ်ခုနှင့်တစ်ခု စတင် တိုက်ခိုက်ကြတော့လေသည်။ ထို့အတွက်ကြောင့် ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျသွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တုန်ခါလာတော့လေသည်။
ရုတ်တရက်ဆိုသလို တစ်ယောက်ယောက် ဒဏ်ရာရသွားသည့်အလား ခပ်အုတ်အုတ်မြည်သံတစ်သံ အနီးအနားဆီမှ ထွက်ပေါ်လာခဲ့လေ၏။ ရန်ကိုင့်၏မျက်နှာ တမုဟုတ်ချည်း အေးစက်သွားခဲ့ပြီး ငြီးသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား ဘာကိုမှမတွေ့ခဲ့ရပေ။
လက်ရှိရန်ကိုင်သည် အမြူတေစွမ်းအင်နှစ်ခု အားပြိုင်ရာကြားတွင် ရောက်နေသည့်အတွက်ကြောင့် သူ့တွင် အခြားမည်သည့်ကိစ္စကိုမှ အာရုံစိုက်နေရန် အချိန်မရှိချေ။ ရွှေနဂါးအမြူတေစွမ်းအင်၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် ရန်ကိုင်အနေဖြင့် လက်ရှိအချိန်လောက်ဆိုလျှင် ပြာအတိကျသွားနေလောက်ပေပြီ။ သို့တိုင် သူ့အရိုးများမှာ အက်ကွဲနေပြီး သူ့အရေပြားများမှာလည်း အက်ကွဲကုန်ကာ ရွှေရောင်သွေးများသည် ထိုအက်ရာများမှ တရဟော စီးကျလာနေလေ၏။
မီးနီရောင်မှာ ပိုပို၍ တောက်ပလာနေခဲ့သော်ငြား ရွှေရောင်မှာလည်း အားနည်းသွားသည့်ပုံမပေါ်။
ကမ္ဘာလောကကြီးတစ်ခုလုံး အရောင်အစင်းနှစ်ခုတို့ဖြင့်သာ ပြည့်နှက်နေတော့လေသည်။
ဤသည်မှာ စွမ်းအင်အမြုတေနှစ်ခုကြားက ထိပ်တိုက်ရင်ဆိုင်မှုသာလျှင် မဟုတ် ရှေးဟောင်းနတ်သားရဲများ၏ အုပ်စိုးသူနှစ်ယောက်ကြားမှ တိုက်ပွဲတစ်ခုလည်း ဖြစ်ပေသည်။ ထိုအမြုတေစွမ်းအင်နှစ်ခု၏ ဖိအားအောက်တွင် ရန်ကိုင်မှာ အတော့်ကိုမှ ဒုက္ခရောက်နေရသည့်တိုင် အားပြိုင်နေသည့် စွမ်းအင်နှစ်ခုကို ဆင်ခြင်ရင်းမှ ဥာဏ်အလင်းများလည်း ရရှိနေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ စွမ်းအင်အမြုတေနှစ်ခုကြားရှိ ပြိုင်ဆိုင်မှုမှာ ပိုပို၍ ပြင်းထန်လာခဲ့လေရာ ရန်ကိုင်လည်း မတတ်သာတော့ဘဲ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်ရတော့လေသည်။ သို့တိုင် သူ့သွေးများနှင့် အရင်းအမြစ်ချီများမှာ လုံးဝကို ဗလောင်ဆူနေခဲ့လေရာ ရန်ကိုင့်မှာ အချိန်မရွေး သေတော့မည့်အလား သွေးအပွက်ပွက်ကို အန်ထုတ်နေရလေ၏။ ရန်ကိုင်၏ ပုံစံမှာ အတော်လေးကိုမှ သနားစဖွယ်ဖြစ်နေသည့်တိုင် သူ့မျက်လုံးများမှာတော့ တလက်လက်တောက်ပနေခဲ့လေသည်။
အကြောင်းမှာ စွမ်းအင်နှစ်ခု၏ အားပြိုင်ရာအောက်တွင် ရှိနေရင်းမှ နိယာမစွမ်းအားအပေါ် သူ၏နားလည်မှုမှာ အဆင့်တစ်ခုထိသို့ ရောက်သွားသည်ကို သတိပြုမိလိုက်သည့် အတွက်ကြောင့်ပင်။ ယခင်က သူနားမလည်ခဲ့သော နိယာမများမှာ ရုတ်တရက်ဆိုသလို ရှင်းလင်းပြတ်သားလာခဲ့လေသည်။
ထို့ကြောင့် ဖီးနစ်မီးတောက်နှင့် ရွှေနဂါးအမြူတေစွမ်းအားသည် ပို၍ ကြာကြာလေး အားပြိုင်ပါစေဟု သူ့စိတ်ထဲ ကြိတ်၍ ဆုတောင်းနေမိလေသည်။