← Chapters

အခန်း (၂၄၄၉-၂၄၅၁)

Vol. 100 Ch. 2449-2451

အခန်း (၂၄၄၉-၂၄၅၁)

Vol. 100 Ch. 2449-2451

အပိုင်း (၂၄၄၉)

သို့ရာတွင် စွမ်းအင်နှစ်မျိုးသည် ရန်ကိုင် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ လက်ဖက်ရည်တစ်ခွက်စာခန့် ကြာအောင် အားပြိုင်နေပြီးနောက် အသီးသီး ပြန်လည် ငြိမ်သက်သွားကြလေသည်။

စွမ်းရည်နှစ်မျိုးသည် အပြင်ပန်းအရ အဆင့်တူသယောင် ထင်ရသော်ငြား တကယ့်တကယ်တွင် ဖီးနစ်မီးတောက်သည် ရန်ကိုင့်ကိုယ်ထဲရှိ ရွှေနဂါးအမြုတေစွမ်းအင်အောက် အနည်းငယ်နိမ့်ကျနေခဲ့ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့ရလေသည်။

ရန်ကိုင်သည် အံကို တင်းတင်းကြိတ်လျက် သူ့ကိုယ်ထဲရှိ ရွှေနဂါးအမြုတေစွမ်းအားကို ထပ်မံထုတ်လွှတ်လိုက်လေသည်။

ထို့အတွက်ကြောင့် ဖီးနစ်မီးတောက်မှာ အလစ်အငိုက်မိကာ နဂါးအမြုတေစွမ်းအင်၏ လွှမ်းခြုံခြင်း ခံလိုက်ရလေ၏။ ဖီးနစ်မီးတောက်မှာ စူးရှစွာ အော်ြမည်ရင်း အသည်းအသန် ရုန်းကန်တော့လေသည်။

ရန်ကိုင်သည် လက်ကွက်များကို အမြန်ဖန်တီး၍ ကမ္ဘာငယ်လေးကို ဆင့်ခေါ်လိုက်လေသည်။ ထို့နောက်တွင် ကမ္ဘာငယ်လေးထဲသို့ ဦးတည်နေသည့် အက်ကြောင်းတစ်ခု ထွက်ပေါ်လာပြီး ဖီးနစ်မီးတောက်ကို ကမ္ဘာငယ်လေးထဲသို့ ဆွဲယူသွားတော့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲရှိ လောကနိယာမစွမ်းအားများကို အသုံးချလျက် ဖီးနစ်မီးတောက်အား ဖိနှိပ်ပစ်လိုက်လေ၏။ ထိုသို့လုပ်ပြီးသည့်နောက်တွင် ရန်ကိုင် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားလိုက်ရလေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ရေထဲမှခုန်ထွက်လာသည့် ငါးတစ်ကောင်နှယ် သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေခဲ့ပြီး သူ့မျက်နှာမှာလည်း သွေးမရှိတော့သည့်အလား ဖြူလျော်နေခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ အသိစိတ်ကို ပို့လွှတ်၍ ဖီးနစ်မီးတောက်၏ အခြေအနေကို စစ်ဆေးကြည့်လေ၏။ ဖီးနစ်မီးတောက်မှာ အသည်းအသန်ရုန်းကန်နေပါသော်ငြား လောကနိယာမစွမ်းအားများအောက်မှ ရုန်းထွက်နိုင်ခြင်းမရှိသည်ကို တွေ့လိုက်ရသည့် အခါမှသာလျှင် ရန်ကိုင်လည်း စိတ်အေးသွားနိုင်တော့လေသည်။ ထို့နောက်တွင် သူ့တစ်ကိုယ်လုံး နုံးချိသွားသလို ခံစားလိုက်ရကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားလေ၏။

ဖီးနစ်မီးတောက်ကဲ့သို့သော အလွန်အားကောင်းသည့် အရာတစ်ခုကို ကမ္ဘာငယ်လေးထဲသို့ ထည့်ရန်အတွက် ရန်ကိုင့်၏စိတ်စွမ်းအင်အားလုံးနီးပါးကို အသုံးပြုလိုက်ရလေသည်။ ဖီးနစ်မီးတောက်ကို ကမ္ဘာငယ်လေးထဲသို့ ထည့်ရသည်မှာ ရန်ကိုင့်၏ကျောက်တုံးကိုယ်ပွားအယောက်တစ်ရာကို ကမ္ဘာငယ်လေးထဲသို့ ထည့်ရသည်ထက်ပင် ပို၍ အားကုန်ပေသေးသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဖီးနစ်မီးတောက် မည်မျှအားကောင်းကြောင်းကို မြင်တွေ့နိုင်၏။

ရန်ကိုင် အံ့အားသင့်နေရသည့်အချက်မှာ အရာအားလုံး ချောချောမွေ့မွေ့နှင့် ပြီးသွားသည့် အချက်ပင်။ ရန်ကိုင့်အနေဖြင့် ဖီးနစ်မီးတောက်ကို ဤကဲ့သို့ ရယူသွားနိုင်လိမ့်မည်ဟု လုံးဝကို မထင်ထားခဲ့ချေ။ သို့သော်ငြား ထိုကဲ့သို့ ရယူသွားနိုင်ခြင်းမှာ သူ့ကိုယ်ထဲရှိ ရွှေနဂါးအမြုတေစွမ်းအားကြောင့်သာ ဖြစ်လေသည်။ ရွှေနဂါးအမြုတေစွမ်းအား၏ ဖိနှိပ်ခြင်းသာ မခံရပါက ရန်ကိုင့်အနေဖြင့် ဖီးနစ်မီးတောက်ကို ရရန် မဆိုထားနှင့် ဖီးနစ်မီးတောက်၏ ပြာချခြင်းကိုပင်လျှင် ခံရသွားနိုင်ပေသည်။

ဖီးနစ်မီးတောက်ကဲ့သို့သော အရာတစ်ခုကို ရယူနိုင်ရန်အတွက် မည်သို့များ လွယ်ကူနေပါမည်နည်း။

ထိုစဉ် အနီးအနားတစ်နေရာဆီမှ တင်ပလင်ခွေထိုင်နေသည့် လူတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုလူသည် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ရန်ကိုင့်အား အလွန်ကိုမှ မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ် ချီဟိုင်သာ ဖြစ်လေသည်။

အကုန်လုံး တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ လိုက်သွားချိန် ချီဟိုင်သည် အခြားသူများကဲ့သို့ လိုက်မသွားခဲ့ဘဲ ကိုယ်ပျောက်ပညာရပ်ကိုသုံး၍ ဤနေရာတွင် ပုန်းနေပါလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။

သို့သော်ငြား အမြုတေစွမ်းအားနှစ်ခု အချင်းချင်း ယှဉ်ပြိုင်အံတုရာမှ ဖြာထွက်လာသည့် စွမ်းအင်လှိုင်းများကြောင့် ချီဟိုင်မှာ ဒဏ်ရာ ရသွားခဲ့ရလေသည်။ ချီဟိုင်၏ပုံစံကို ကြည့်ရသလောက် ဒဏ်ရာအနည်းငယ်လောက်သာ ရသွားသည့်ပုံပင်။ သို့သော်ငြား သူပုန်းနေသည်မှာ ပေါ်သွားပြီဖြစ်သည့်အတွက်ကြောင့် ဆက်ပုန်းရန် မကြိုးစားတော့ဘဲ ပွင့်ပွင့်လင်းလင်းဖြင့်ပင် လူလုံးထွက်ပြလာခဲ့လေသည်။

လက်ရှိ ချီဟိုင်သည် ရန်ကိုင့်အား ဒွိဟဖြစ်နေသည့်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ရန်ကိုင့်ဆီသို့ လျှောက်မလာခဲ့သလို ရန်ကိုင့်အပေါ်လည်း မည်သည့်ရန်လိုစိတ်မှ ထုတ်မပြခဲ့ချေ။ ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်ကြည့်နေလေ၏။

ရန်ကိုင်သည် သူ့ကိုယ်သူ အားပြန်ဖြည့်နေသော်ငြား ချီဟိုင်ကိုလည်း သတိမပြတ် စောင့်ကြည့်နေခဲ့လေသည်။

အစောပိုင်းက လူတစ်ယောက်ဆီမှ ထွက်လာသည့် ငြီးတွားသံကြောင့်သာ မဟုတ်လျှင် ဤနေရာတွင် သူ့အပြင် အခြားတစ်ယောက်ပါ ရှိနေသည်ဟူသော အချက်ကို ရန်ကိုင် လုံးဝ သတိထားခဲ့မိလိမ့်မည် မဟုတ်ချေ။

ချီဟိုင်အနေဖြင့် ဤနေရာတွင် ခိုးကြောင်ခိုးဝှက် နေနေခဲ့ရခြင်းမှာ အခြားသော ရည်ရွယ်ချက်တစ်ခုခု ရှိနေလောက်ပေသည်။ ချီဟိုင်၏ရည်ရွယ်ချက်သည် ဖီးနစ်မီးတောက်နှင့် ပတ်သက်နေလိမ့်မည်မှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ချီဟိုင်သည် ဖီးနစ်မီးတောက်အား တောင်နဲ့မြစ်ခေါင်းလောင်းမှ ဖိနှိပ်ထားသည်ဟူသော အချက်ကိုပင်လျှင် သိနေလောက်ပေသည်။ ထို့ကြောင့်သာလျှင် အခြားသူများကဲ့သို့ တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ လိုက်မသွားဘဲ ဤနေရာတွင်သာ ကျန်နေခဲ့ခြင်းဖြစ်သည်။

နှစ်ယောက်စလုံးသည် တစ်ဦးကိုတစ်ဦး မြင်နေသော်ငြား တိတ်နေကြလေ၏။ ဖီးနစ်မီးတောက် မရှိတော့သည့် အတွက်ကြောင့် ကြယ်ကြီး၏အပူချိန်မှာ တမုဟုတ်ချည်းဆိုသလို ထိုးကျလာတော့လေသည်။

နာရီဝက်ခန့် ကြာပြီးသည့်နောက် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့လေသည်။

ဤနာရီဝက်အတွင်း ကုန်ဆုံးသွားသော စိတ်စွမ်းအင်အားလုံးမှာ ပြန်လည်ပြည့်တင်းသွားခြင်း မရှိသော်ငြား ဝိဉာဉ်ကြာပန်းကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် သူ့စိတ်စွမ်းအင်မှာ အလိုလိုပြန်ပြည့်လာနေမည် ဖြစ်လေရာ ရန်ကိုင့်အနေဖြင့် အရမ်းကြီးဂရုစိုက်နေစရာ မလိုတော့ချေ။

ထို့နောက်တွင် ရန်ကိုင်သည် ချီဟိုင်အား လှမ်းကြည့်လိုက်လေ၏။

ချီဟိုင်သည် ထိုနေရာတွင် တစ်ချိန်လုံး ထိုင်နေခြင်း ဖြစ်လေသည်။ ရန်ကိုင် အားပြန်ဖြည့်နေသည်ကို လာမနှောင့်ယှက်ခဲ့သလို ရန်ကိုင့်အားလည်း လာမတိုက်ခိုက်ခဲ့ချေ။ သို့ဆိုလျှင် ချီဟိုင် ဘာကိုများ လိုချင်နေသနည်း။

လက်ရှိ ချီဟိုင်သည် ရန်ကိုင့်အပေါ် မည်သည့်မကောင်းကြံလိုစိတ်မှ မရှိသည့်အပြင်ကိုမှ အစောပိုင်းက သူမြင်လိုက်ရသည့် တိုက်ပွဲကြောင့်လားမသိ ရန်ကိုင့်ကိုကြည့်နေသည့် ချီဟိုင်၏အကြည့်ထဲ ကြောက်ရွံ့နေသည့် အရိပ်အယောင်တို့ပင်လျှင် ထွက်ပေါ်နေခဲ့လေသည်။

ရန်ကိုင်မှ သူ့အား စိုက်ကြည့်နေသည်ကိုမြင်သော် ချီဟိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး လက်သီးဆုပ်လျက် သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်လေသည်။ “ကျုပ်နာမည်က ချီဟိုင်ပါ… ရောင်းရင်း ကျုပ်ကို သိလောက်မှာပေါ့… ရောင်းရင်းရဲ့နာမည် ဘယ်သူဆိုတာကိုရော သိလို့ရမလားမသိဘူး…”

“ရန်ကိုင်…” ရန်ကိုင်သည် သူ့နာမည်အား ဖုံးကွယ်မထားခဲ့ချေ။ အကြောင်းမှာ သူသည် နာမည်ကျော်ကြားသည့် လူတစ်ယောက် မဟုတ်မှန်း သိနေသည့် အတွက်ကြောင့်ပင်လျှင်။ ထိပ်တန်းဂိုဏ်းများ၏ လက်ရွေးစင်များနှင့် ယှဉ်လိုက်သော် ရန်ကိုင့်၏နာမည်ကို သိသည့်လူ အလွန်ရှားပါးပေသည်။ ထို့အတွက်ကြောင့် သူ့နာမည်အမှန်ကိုပြောလိုက်၍လည်း ကိစ္စမရှိလောက်ဟု ရန်ကိုင်ထင်၏။

“ဒီတော့ ရောင်းရင်းရန်ကိုင်ပေါ့… တွေ့ရတာဝမ်းသာပါတယ်…” ချီဟိုင်က လက်သီးဆုပ်လျက် ပြန်နှုတ်ဆက်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင့်၏နာမည်အား သူကြားဖူးထားသည့် ထိပ်တန်းဂိုဏ်းများ၏ လက်ရွေးစင်တပည့်များ၏ နာမည်များနှင့် တိုက်ကြည့်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်နာမည်နှင့် တူသည့်လူ တစ်ဦးမှမရှိချေ။

“ရောင်းရင်းချီဟိုင်… ကျုပ် ခင်ဗျားအတွက် တစ်ခုခု လုပ်ပေးနိုင်တာများ ရှိလား…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် မေးလိုက်လေ၏။

ချီဟိုင်က ရှက်ရှက်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရှိပါတယ်… ဒီချီ ရောင်းရင်းကို တောင်းဆိုချင်တာလေး တစ်ခုတော့ ရှိတယ်… ဒါပေမဲ့ အဲ့တောင်းဆိုချက်က နည်းနည်းများ လွန်ကဲနေသလို …”

ရန်ကိုင်က ချက်ချင်းပြန်ပြောလိုက်လေ၏။ “လွန်တယ်ဆိုရင်တော့ ပြောမနေတော့နဲ့…”

“အမ်…” ချီဟိုင် ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။ သူ့ခမျာ ယဉ်ယဉ်ကျေးကျေးဖြင့် ပြောနေပါသော်ငြား ရန်ကိုင့်ဘက်မှ ဤကဲ့သို့ ခါးခါးသီးသီး ပြန်လည်တုံ့ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့လေရာ ချီဟိုင်မှာ လုံးဝကို ကူကယ်ရာမဲ့သွားခဲ့လေသည်။

“ကျုပ်သိချင်တာလေးတစ်ခုရှိတယ်…” ရန်ကိုင်က ချီဟိုင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လျက် “အကုန်လုံး တောင်နဲ့မြစ်ခေါင်းလောင်းနောက်ကို လိုက်သွားတာ ရောင်းရင်းချီဟိုင်က ဘာလို့ ဒီမှာ ခိုးကြောင်ခိုးဝှက်နဲ့ ပုန်းနေတာလဲ….”

ချီဟိုင်သည် ဤကြယ်ပျက်ပင်လယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအကြောင်းကို တော်တော်လေး သိထားခဲ့ပြီး မဟာဧကရာဇ်များကြားက တိုက်ပွဲအကြောင်းကိုပင်လျှင် အကုန်လုံးအား ပြောပြခဲ့သူတစ်ဦး ဖြစ်လေသည်။ ထို့ကြောင့် သူ့တွင် အခြားသူများကို ပြောမပြရသေးသည့် လျှို့ဝှက်ချက်များလည်း ရှိနေနိုင်ပေသေးသည်။

ချီဟိုင်က မျက်ခုံးပင့်လျက် ပြန်ဖြေမည့်အစား ပြန်၍သာ မေးခွန်းထုတ်လိုက်လေ၏။ “ရောင်းရင်းရန်ရော… ရောင်းရင်းရန်လည်း သွားပြီးမှ ပြန်လှည့်လာတာ တစ်ခုခု သိမထားဘဲနဲ့ အခုလို ပြန်လှည့်လာစရာတော့ မရှိဘူးမလား…”

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ် ရုတ်တရက်ကြီး ဗိုက်အောင့်လာလို့… အဲ့ဒါကြောင့်မလို့ ချက်ချင်း ပြန်လှည့်လာခဲ့တာ”

ထိုစကားကိုကြားသည့်အခါ ချီဟိုင်မျက်နှာကြီး မည်းမှောင်သွားခဲ့လေသည်။

ရန်ကိုင်က ဆက်ပြောလိုက်လေ၏။ “ရောင်းရင်းချီဟိုင် ဒီမှာ တစ်ချိန်လုံး ပုန်းနေတာပဲ… ကျုပ် မြေကြီးပေါ်မှာ တွင်းကြီးတူးနေတာကို မမြင်ဘဲနဲ့တော့ မနေပါဘူး… အစကတော့ ကျုပ်ကိစ္စကို အရင်ပြီးအောင် လုပ်မလို့ပဲ… ဒါပေမဲ့ အခုလိုတွေဖြစ်သွားမယ်လို့ ဘယ်သူကထင်မှာလဲ…”

ချီဟိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရန်ရဲ့ ကံက တကယ်ကို ကောင်းတာပဲ…”

ချီဟိုင်၏မျက်နှာကို ကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင်ပြောသည်ကို အရှင်းမယုံကြောင်း သိနိုင်ပေသည်။

သို့သော်ငြား ရန်ကိုင်ကမူ ထိုအရာကို ဂရုစိုက်မနေခဲ့ချေ။ ထို့အစား ချီဟိုင်ကိုသာ အဓိပ္ပာယ်ပါပါ ပြုံးပြလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းချီ… ခင်ဗျား တစ်ခုခုသိထားတယ်ဆိုမှတော့ ဘာလို့ ကျုပ်ကို ပြောမပြတာလဲ… အခုလိုမျိုးတွေဖြစ်လာပြီဆိုမှတော့ ခင်ဗျားဆက်ပြီး ဖုံးကွယ်ထားလည်း ဘာအကျိုးမှ ရှိတော့တာမှမဟုတ်တာ…”

ထိုစကားကိုကြားသည့်အခါ ချီဟိုင် မျက်နှာပျက်သွားခဲ့လေသည်။ သူ့စိတ်ထဲ အတော်လေးကိုမှ ကသိကအောက် ဖြစ်နေပါသော်ငြား အချိန်အတော်ကြာသွားပြီးသည့်နောက်တွင် သက်ပြင်းတစ်ချက်ချလျက် ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ “ဟုတ်တယ်… ငါ တစ်ခုခု သိထားတယ်…”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ဒီရန် နားထောင်နေတယ်…”

ချီဟိုင်က ဆက်ပြောလိုက်လေသည်။ “ဖီးနစ်မီးတောက် တောင်နဲ့မြစ်ခေါင်းလောင်းအောက်မှာ ဖိနှိပ်ထားခံရမယ်မှန်း ငါ အစောကြီးတည်းက သိထားပြီးသား…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်က မယုံသင်္ကာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် လုံးဝကို နားမလည်နိုင်ဖြစ်နေတာ… ယွမ်တင်းမဟာဧကရာဇ်နဲ့ သိုင်းမီးတောက်မဟာဧကရာဇ်က အတူပူးပေါင်းပြီး ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကို တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းက သိုင်းမီးတောက်မဟာဧကရာဇ်ရဲ့ ဖီးနစ်မီးတောက်ကို ဖိနှိပ်ထားရတာလဲ… သူတို့တွေက ရန်သူတွေလား…”

ချီဟိုင်က ခေါင်းတခါခါဖြင့် ပြန်၍ငြင်းဆိုလိုက်လေသည်။ “ရောင်းရင်းရန်ထင်တာ မှားနေပြီ… ယွမ်တင်းမဟာဧကရာဇ်နဲ့ သိုင်းမီးတောက်မဟာဧကရာဇ်တို့က မဟာမိတ်တွေပဲ သူတို့နှစ်ယောက် အတူပူးပေါင်းပြီး ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ကို ရင်ဆိုင်ခဲ့တာ… ဒါပေမဲ့ တောင်နဲ့မြစ်ခေါင်းလောင်းက ဖီးနစ်မီးတောက်ကို ဘာလို့ ဖိနှိပ်ထားရလဲ ဆိုတာကတော့ အခြားအကြောင်းအရင်းတစ်ခုကြောင့်ပဲ…”

“ရောင်းရင်းချီ ကျုပ်ကို အသေးစိတ်ရှင်းပြလို့မလား…” ရန်ကိုင်က မေးလိုက်လေသည်။

ချီဟိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ဖြေလိုက်လေ၏။ “ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က အရမ်းအားကောင်းရုံတင်မဟုတ်ဘူး… ပါးလည်း အရမ်းပါးတယ်… သူ့လက်ထဲမှာ ဝှက်ဖဲတွေ အများကြီးပဲ… ရှင်းရှင်းပြောရရင် ကြယ်တာရာအစုအဝေးတစ်ခုလုံးရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ သူက အားအကောင်းဆုံးလို့ ပြောရင်တောင် မမှားဘူး…. ဒါပေမဲ့ သူကိုယ်တိုင်က မဟာဧကရာဇ်တစ်ပါးဆိုပေမဲ့ သူက မသေနိုင်တာမှမဟုတ်တာ… သူ့ခေတ်သူ့အခါတုန်းက သူ့ကျင့်ကြံခြင်းက ဘယ်သူမှကျော်ဖြတ်လို့မရတဲ့ အဆင့်ထိကို ရောက်နေပြီ… ဒါပေမဲ့ သူက အဲ့ထက်ပိုပြီး ထပ်သွားချင်နေသေးတယ်… မဟာဧကရာဇ်အဆင့်ကို ရောက်ပြီးနေပြီကို သူတို့က ဘာကိုများ ထပ်လိုချင်နေသေးတာလဲ ရောင်းရင်းရန် ခန့်မှန်းမိလား...”

ရန်ကိုင်သည် အရူးတစ်ယောက်မဟုတ်။ ချီဟိုင်ပြောပြသည်ကို နားထောင်ပြီးသည့်နောက် အကြမ်းဖျင်းတော့ ခန့်မှန်း မိသွားခဲ့လေသည်။ ထို့ကြောင့် အံ့အားသင့်နေသည့်လေသံဖြင့် ရေရွတ်လိုက်လေသည်။ “ထာဝရအသက်ရှင်ဖို့လား…”

ချီဟိုင်က ခေါင်းညိတ်၍ အတည်ပြုလိုက်သည်။ “ဟုတ်တယ်… ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က ထာဝရအသက်ရှင်ချင်တာ….”

ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ “ဘယ်လိုတောင် လောဘကြီးတာလဲ…”

ချီဟိုင်က ရယ်သွမ်းသွေးလျက် “ရောင်းရင်းရန်နဲ့ ကျုပ်တို့က အဲ့အဆင့်ကိုမှ မရောက်ဖူးသေးတာ… ရောက်ဖူးခဲ့လို့ရှိရင် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်လိုပဲ စဉ်းစားရင် စဉ်းစားမှာပေါ့… သူ့လိုအဆင့်မျိုး ရောက်ဖို့က လွယ်တာမဟုတ်ဘူးလေ… ဒီတော့ အဲ့အဆင့်ကိုရောက်ပြီး ဘယ်သူကများ သေသွားချင်တော့မှာလဲ… ဒီလောကကြီးမှာ ကောင်းကင်နဲ့ မြေပြင် စဖြစ်ပေါ်လာတုန်းက သူတို့နဲ့အတူ မွေးဖွားလာခဲ့တဲ့ အင်မော်တယ်သစ်ပင်လို့ခေါ်တဲ့ ရတနာတစ်ပါး ရှိတယ်လို့ ပြောကြတယ်”

ထိုစကားကိုကြားသော် ရန်ကိုင့်၏နှုတ်ခမ်း မဲ့သွားခဲ့လေသည်။

ချီဟိုင်ကမူ ထိုအချက်ကို သတိမပြုမိဘဲ ဆက်၍ ရှင်းပြလိုက်လေ၏။ “ကောလဟာလတွေအရတော့ အင်မော်တယ်သစ်ပင်ကိုရပြီး သန့်စင်နိုင်မယ်ဆိုရင် လုံးဝမပျက်စီးနိုင်တဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ရနိုင်မယ်တဲ့…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလိုက်လေသည်။ “ဒီလို အခြေအမြစ်မရှိတဲ့ ကောလဟာလတွေကိုလည်း ရောင်းရင်းချီဟိုင်ကယုံတာပဲလား..”

ချီဟိုင်က ရန်ကိုင့်အားကြည့်လျက် ပြန်မေးလိုက်လေသည်။ “ဘာြဖစ်လို့လဲ… ရောင်းရင်းရန်က မယုံလို့လား…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “သစ်ပင်တစ်ပင်က လူတစ်ယောက်ကို အင်မော်တယ်ဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတာကြီးက ယုံစရာမှမဟုတ်တာ… ဒါ ကလေးတွေကိုပြောနေတဲ့ ယုံတမ်းစကားကြီးပဲ… ရောင်းရင်းချီဟိုင်က လူကြီးတစ်ယောက်ဖြစ်နေပြီလေ… အဲ့လိုဟာမျိုးတွေကို ဘယ်လိုလုပ်ပြီး ယုံနေသေးတာလဲ…”

ချီဟိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “ဒီလောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေက မရှိနိုင်ဘူး… ကျုပ်တို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားတဲ့ အရာတွေကိုတောင် ဖြစ်ရင်ဖြစ်နေနိုင်သေးတာပဲ… ဒီတော့ အင်မော်တယ်သစ်ပင်က လူတစ်ယောက်ကို အင်မော်တယ်ဖြစ်လာအောင် လုပ်ပေးနိုင်တာလဲ တကယ်ဖြစ်ရင် ဖြစ်နေမှာပေါ့…”

ရန်ကိုင်က အံ့အားသင့်သွားချင်ယောင်ဆောင်လျက် ပြန်မေးလိုက်လေသည်။ “အဲ့တာတကယ်ကြီးလား… အင်မော်တယ်သစ်ပင်ကို သုံးပြီး တကယ့်အင်မော်တယ် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရောင်းရင်းချီဟိုင် သိတာလား…”

ချီဟိုင်က ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါတော့မသိဘူး… ဒါပေမဲ့ အဲ့ဒါတွေကိုထားပါဦး… အင်မော်တယ်သစ်ပင်ကို ရဖို့ကတောင် လွယ်တာမှ မဟုတ်တာ… ရှေးခတ်အချိန်တွေတည်းက အင်မော်တယ်သစ်ပင်ကို မြင်ခဲ့ဖူးတဲ့လူက ငါးယောက်ထက်မပိုဘူး…”

ရန်ကိုင်ကမူ စိတ်ထဲတွင် ကြိတ်၍ ပြောနေခဲ့လေသည်။ (ဘယ်က ငါးယောက်ထက်မပိုတာလဲ… ငါ အင်မော်တယ်သစ်ပင်ကို ရသွားတုန်းက အဲ့အင်မော်တယ်သစ်ပင်ကို မြင်လိုက်တဲ့လူ အနည်းဆုံး ခြောက်ယောက် ခုနှစ်ယောက်လောက်ရှိတယ်…)

သို့သော်ငြား ချီဟိုင်မှ အင်မော်တယ်သစ်ပင်ကို မည်ကဲ့သို့ သန့်စင်ရမလဲဆိုသည်အား မသိသည့်အပေါ် ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားမိခဲ့လေသည်။ ချီဟိုင်သည် အလွန်ကိုမှ ဗဟုသုတကြွယ်ဝသည့် အတွက်ကြောင့် အင်မော်တယ်သစ်ပင်အား သန့်စင်နည်းကို သိထားလိမ့်မည်ဟု ရန်ကိုင် မျှော်လင့်နေခြင်း ဖြစ်ပေသည်။

အင်မော်တယ်သစ်ပင်ကို ရပြီးသည့် အချိန်မှစ၍ ရန်ကိုင်သည် အင်မော်တယ်သစ်ပင်ကို သန့်စင်၍ အင်မော်တယ်ခန္ဓာကိုယ်ကို ရအောင် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေသည်။

သို့သော်ငြား ရန်ကိုင် မည်သည့်နည်းလမ်းကို သုံးနေပါစေ အင်မော်တယ်သစ်ပင်အား မသန့်စင်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ထိုစဉ်က တန်ခိုးရှင်အဆင့်သာ ရှိသေးသည့် အတွက်ကြောင့် အင်မော်တယ်သစ်ပင်ကို မသန့်စင်နိုင်သည်မှာ ယုတ္တိရှိပါသော်ငြား သူ့ကျင့်ကြံခြင်းသည် တာအိုသခင်တတိယအဆင့်သို့ ရောက်လာပြီးသည့်တိုင် ရန်ကိုင့်အနေဖြင့် အင်မော်တယ်သစ်ပင်ကို မသန့်စင်နိုင်သေးပေ။

လက်ရှိ အင်မော်တယ်သစ်ပင်မှ ရန်ကိုင့်အား ပေးစွမ်းနေသော အကူအညီဆို၍ ကမ္ဘာငယ်လေးအား အသက်စွမ်းအင်တို့ဖြင့် ပြည့်နှက်လာအောင် လုပ်ပေးနေခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးထားသော ဆေးပင်များမှာ ပို၍ လျင်မြန်စွာ ကြီးထွားလာနိုင်ကြလေ၏။ ရံဖန်ရံခါဆိုလျှင်လည်း ရန်ကိုင်သည် အင်မော်တယ်သစ်ပင်မှ ထုတ်လွှတ်နေသော အသက်စွမ်းအင်ကို သုံး၍ သူ့ဒဏ်ရာများကို ကုသလေ့ရှိပေသည်။ ထို့နည်းတူစွာပင် အင်မော်တယ်သစ်ပင်၏ သစ်ရွက်များသည် အလွန်ပြင်းထန်သည့် ဒဏ်ရာများကို တမုဟုတ်ချည်း ပျောက်ကင်းသွားအောင် ကုသနိုင်ပေသေးသည်။ ထိုမှအပ အင်မော်တယ်သစ်ပင်တွင် အခြားသောစွမ်းရည်များ ရှိမနေခဲ့ချေ။ အင်မော်တယ်သစ်ပင်ကိုသုံး၍ မပျက်စီးနိုင်သော အင်မော်တယ်ခန္ဓာကိုယ်ကို မည်ကဲ့သို့ ရရှိအောင် လုပ်ရမလဲ ဆိုသည်နှင့် ပတ်သက်၍လည်း ရန်ကိုင် မသိချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၅၀)

“အရင်တုန်းက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် အင်မော်တယ်သစ်ပင်ကို သွားရှာဖို့ဆိုပြီး ကြယ်တာရာအစုအဝေးရဲ့ ကြယ်တာရာလမ်းကြောင်းတွေကို ဖျက်ဆီးပစ်ပြီး ကြယ်စီရင်စုတွေကို လိုက်ကျူးကျော်တယ်… ကျူးကျော်နေရင်းနဲ့ အဲ့စီရင်စုတွေကိုပါ တစ်ခါတည်း ဝါးမျိုပစ်တာ… အဲ့ဒါကြောင့်ပဲ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က ဒီလောကကြီးတစ်ခုလုံးရဲ့ ဘုံရန်သူဖြစ်လာခဲ့ရတာပဲ…” ချီဟိုင်က မနှေးမမြန်နှုန်းဖြင့် ရှင်းပြလိုက်လေသည်။ “ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က အင်မော်တယ်သစ်ပင်ကို မရှာဖွေနိုင်ခဲ့ဘူး…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်စိတ်ထဲ အတော်လေးကိုမှ ကြောက်ရွံ့သွားခဲ့လေသည်။

ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ရောက်မလာမှန်း ရန်ကိုင် တပ်အပ်ပြောနိုင်ပေသည်။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သာ ဟုန်းလော့ကြယ်စီရင်ကြီးဆီသို့ ရောက်လာပါက အင်မော်တယ်သစ်ပင်အား ရှာတွေ့လိမ့်မည်ဖြစ်သလို ဟုန်းလော့ကြယ်စီရင်စုကြီးတစ်ခုလုံးသည်လည်း ကပ်ဘေးစိုက်သွားခဲ့ရပေလိမ့်မည်။

ချီဟိုင်က ဆက်ပြောလိုက်လေသည်။ “အင်မော်တယ်သစ်ပင်ကို ရှာမတွေ့တော့ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က အခြားနည်းလမ်းတွေကို လိုက်စဉ်းစားရော… လူပြောများတဲ့ ကောလဟာလတစ်ခုကတော့ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် အခြားမဟာဧကရာဇ်တွေရဲ့ ဝိုင်းတိုက်တာခံရတဲ့ အဓိကအကြောင်းအရင်းက သူ့လုပ်ရပ်တွေက လက်သင့်မခံနိုင်တော့လို့ပဲတဲ့… ဒါပေမဲ့ အဲ့ဒါက လုံးဝအပြည့်အစုံ မဟုတ်သေးဘူး… အခြားအကြောင်းအရင်းတွေလည်း ထပ်ပြီးရှိသေးတယ်…”

ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဘယ်လိုအကြောင်းအရင်းတွေလဲ…”

“အခြားတကယ့်အကြောင်းအရင်းကြီးက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က အခြားဧကရာဇ်တစ်ယောက်ကို သွားသတ်ပြီး သူ့ဆီကပစ္စည်းတစ်ခုကို လုဖို့ ကြိုးစားလို့ပဲ…”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်၏ခေါင်းထဲ အကြောင်းအရာတစ်ခုကို ဖြတ်ခနဲ စဉ်းစားမိသွားလေ၏။ “ဖြစ်နိုင်တာက….”

ချီဟိုင်က ခေါင်းညိတ်၍ အတည်ပြုလိုက်လေသည်။ “ဟုတ်တယ်… ရောင်းရင်းရန်ထင်သလိုပဲ… သူတို့ကြားမှာ လုံးဝမကြေအေးနိုင်တဲ့ ရန်ငြိုးတွေသာ မရှိဘူးဆိုလို့ရှိရင် မဟာဧကရာဇ်အချင်းချင်း ဘယ်တော့မှ တိုက်ခိုက်ကြမှာမဟုတ်ဘူး… ဒါပေမဲ့ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ရဲ့လုပ်ရပ်က အခြားမဟာဧကရာဇ်တွေရဲ့ အောက်စည်းကို ကျော်သွားသလို ဖြစ်သွားတယ်… သူတို့သာ ဒီတိုင်းဆက်ပြီး မသိကျေးကျွံ လုပ်နေလို့ရှိရင် နောက်ထပ် ကံမကောင်းတဲ့သူက သူတို့ဖြစ်သွားရင် ဖြစ်သွားနိုင်တယ်လေ… ဒါကြောင့်ပဲ သူတို့အတူပူးပေါင်းပြီးတော့ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကို တိုက်ခိုက်ခဲ့ကြတာ… သူတို့တိုက်ပွဲကြောင့်ပဲ အခုလိုမျိုး ဒီကြယ်ပျက်ပင်လယ်ကြီး ဖြစ်ပေါ်လာခဲ့ရတာပဲ…”

“ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် လိုချင်နေတဲ့ဟာက သိုင်းမီးတောက်မဟာဧကရာဇ်ရဲ့ ဖီးနစ်မီးတောက်ပဲ…” ချီဟိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ “ဖီးနစ်မီးတောက်က ဖီးနစ်ငှက်တစ်ကောင်ရဲ့ အမွေအနှစ်လို့ ပြောလို့ရတယ်… ဖီးနစ်ငှက်သာ သေရင်သေသွားမယ် ဖီးနစ်မီးတောက်က ဘယ်တော့မှ ငြိမ်းသွားမှာမဟုတ်ဘူး… ပြီးတော့ ဖီးနစ်မီးတောက်မှာ ပြန်လည်ရှင်သန်ခြင်းဆိုတဲ့ နီဗာနားစွမ်းရည်တစ်မျိုးလည်း ရှိသေးတယ်… အဲ့စွမ်းရည်ကြောင့်ပဲ ဖီးနစ်ငှက်တွေမှာ နီဗားနားမီးတောက်ရှိတယ်ဆိုပြီးတော့ ပြောလာကြတာ… အဲ့မီးတောက်က ကောင်းကင်ကဖန်တီးထားတဲ့ မီးတောက်တွေထဲမှာ ထိပ်တန်းစာရင်းဝင်တဲ့ မီးတောက်တစ်မျိုးပဲ… ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က ဖီးနစ်မီးတောက်ကိုယူပြီး ဖီးနစ်မီးတောက်က ဘာဖြစ်လို့ ဘယ်တော့မှ ငြိမ်းသွားခြင်းမရှိလဲဆိုတဲ့ ဆန်းကြယ်မှုတွေကို လေ့လာချင်နေတာ… ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သာ ဖီးနစ်မီးတောက်ကို ရသွားလို့ရှိရင် သူ့ရည်ရွယ်ချက် ပြည့်သွားပြီလို့ ပြောလို့ရတယ်…”

“အဲ့တိုက်ပွဲမှာတုန်းက အရင်ဦးဆုံးသေသွားတဲ့ မဟာဧကရာဇ်က သိုင်းမီးတောက်မဟာဧကရာဇ်ပဲ… တကယ်တော့ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က သိုင်းမီးတောက်မဟာဧကရာဇ်ကိုပဲ အဓိကပစ်မှတ်ထားတာလေ… အဲ့မှာ သိုင်းမီးတောက်မဟာဧကရာဇ်သေပြီး ဖီးနစ်မီးတောက်လည်း ဆွဲထုတ်ခံလိုက်ရတယ်… ဒါပေမဲ့ ဖီးနစ်မီးတောက်ကို ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ရသွားမှာစိုးလို့ ယွမ်တင်းမဟာဧကရာဇ်က ဖီးနစ်မီးတောက်ကို သူ့ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းကို ဖိနှိပ်ပစ်လိုက်တယ်… တောင်နဲ့မြစ်ခေါင်းလောင်း မရှိလည်းမရှိရော ယွမ်တင်းမဟာဧကရာဇ်ရဲ့ စွမ်းအားလည်း သိသိသာသာကို ထိုးကျသွားရော… အဲ့လိုနဲ့ ယွမ်တင်းမဟာဧကရာဇ်လည်း သိပ်မကြာဘူး သေသွားရော… ဒါပေမဲ့ ဖီးနစ်မီးတောက်ကို ဖိနှိပ်ထားတဲ့ တောင်နဲ့မြစ်ခေါင်းလောင်းကို အခြားမဟာဧကရာဇ်တစ်ပါးက တိုက်ခိုက်နေတုန်း အခြားတစ်နေရာဆီ လွင့်ထွက်သွားအောင် လုပ်ပစ်လိုက်တယ်… အဲ့လိုနဲ့ တောင်နဲ့မြစ်ခေါင်းလောင်းက လုံးဝကို ပျောက်နေခဲ့တာ တော်တော်လေး ကြာသွားပြီ…”

“အရင်နှစ်တွေတုန်းက မဟာဧကရာဇ်တွေရဲ့ အမွေအနှစ်တွေကို ရှာဖို့ဆိုပြီး ကြယ်ပျက်ပင်လယ်ထဲကို ဝင်လာတဲ့ ကျင့်ကြံသူတွေအများကြီးရှိတယ်… ဒါပေမဲ့ အနည်းငယ်လောက်ပဲ ဖီးနစ်မီးတောက်က တောင်နဲ့မြောက်ခေါင်းလောင်းအောက်မှာ ဖိနှိပ်ထားခံရတယ်ဆိုတာကို သိကြတာ…”

ချီဟိုင်ရှင်းပြကို နားထောင်ပြီးသည့်နောက် ချီဟိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းနောက်သို့ လိုက်မသွားဘဲ ဘာကြောင့် ဤနေရာတွင် ကျန်နေရစ်ခဲ့သလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ ထိုအခါ ပြုံးလျက် ချီးကျူးလိုက်လေ၏။ “ရောင်းရင်းချီဟိုင်က တကယ်ကို ဗဟုသုတကြွယ်ဝတာပဲ…”

ချီဟိုင်က ပြန်ပြောလိုက်လေသည်။ “ဒီချီက အချို့ကိစ္စတွေကြောင့် ဖီးနစ်မီးတောက်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သေသေချာချာ လိုက်ဖတ်ထားခဲ့တာ…”

“အချို့ကိစ္စတွေ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

ချီဟိုင်က အချိန်ကိုက်လက်သီးဆုပ်လျက် ရှင်းပြလိုက်လေသည်။ “ရှင်းရှင်းပြောရရင် ဒီချီရဲ့မိန်းမက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်တုန်းက ဒဏ်ရာဆိုးဆိုးရွားရွားရပြီး အခုချိန်ထိ သတိလစ်နေခဲ့တာ… ဒီချီ သူ့ကို ကယ်ဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှကယ်မရပဲ အသက်ရှင်ရုံလေးပဲ ထိန်းထားနိုင်တယ်… ဒါပေမဲ့ အဲ့ဒါက ရေရှည်အဖြေမဟုတ်ဘူးလေ… သူ့ကို ကယ်ဖို့အတွက်ဆိုလို့ရှိရင် အင်မော်တယ်သစ်ပင်က အင်မော်တယ်ရေစင်ကလွဲလို့ အခြားတစ်နည်းပဲရှိတယ်… ဖီးနစ်မီးတောက်ပဲ…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်၏မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံလျက် ပြန်မေးလိုက်လေသည်။ “ရောင်းရင်းချီ… မင်း ငါ့ဆီကိုလာတာ ဖီးနစ်မီးတောက်ကို တောင်းဖို့လာတာလား… အဲ့လိုဆိုရင်တော့ ငါမင်းကို အထင်မှားသွားတာပဲကွ… ငါ ဒီတိုင်းပဲ စကားလေး ပြောချင်ရုံပဲ… ရောင်းရင်းချီ အခုလိုမျိုး လာတောင်းဆိုနေမယ်လို့ မထင်ထားဘူး… နှုတ်ဆက်ပါတယ်နော်…”

“ရောင်းရင်းရန် ငါ့ကို အထင်လွဲနေပြီ…” ချီဟိုင်က အလျင်စလို လက်ဝှေ့ယမ်းလျက် “မင်း ငါပြောတာကို အရင်ဆုံး နားထောင်ပေးလို့ မရဘူးလား…”

ရန်ကိုင်သည် ချီဟိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ကျုပ်က ရောင်းရင်းချီရဲ့ မိတ်ဆွေလည်းမဟုတ်သလို ဆွေမျိုးလည်းမဟုတ်ဘူးလေ… ဘာဖြစ်လို့ ရောင်းရင်းချီရဲ့ပြဿနာကို လိုက်ဂရုစိုက်ပေးနေရမှာလဲ…”

ချီဟိုင်၏နဖူးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာခဲ့လေသည်။ ချက်ချင်းပဲ ပြန်၍ပြောလိုက်လေ၏။ “ရောင်းရင်းရန် ငါ့ကို ဒီတစ်ကြိမ် ကူညီပေးမယ်ဆိုရင် မင်းဘာပဲ တောင်းဆိုတောင်းဆိုကွာ ငါရအောင် ဖြည့်ဆည်းပေးမယ်…”

“ကျုပ် ခင်ဗျားကို သေစေချင်တယ်ဆိုရင်ရော…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။

ထိုစကားကိုကြားသည့်အခါ ချီဟိုင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သို့သော်ငြား ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းရန်သာ ငါ့မိန်းမကို တကယ် ကယ်ပေးနိုင်မယ်ဆိုလို့ရှိရင် ငါမင်းရှေ့မှာ ကိုယ့်ကိုယ်ကို သတ်သေပေးလိုက်လို့ရတယ်…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။ ထို့နောက် ပြန်၍ ပြောလိုက်လေသည်။ “ရောင်းရင်းချီ မင်းက တကယ်ကို ရူးနေတာပဲ…”

ချီဟိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါက မင်းနဲ့ သေအတူရှင်မကွာ အတူရှိနေပေးမဲ့ မိန်းမတစ်ယောက်ကို မတွေ့ရသေးလို့ပါကွာ ရောင်းရင်းရန်ရာ… မင်းသာ အဲ့လိုမိန်းကလေးတစ်ယောက်နဲ့ တွေ့ဖူးမယ်ဆိုရင် ဒီချီရဲ့ခံစားချက်ကို နားလည်လာလိမ့်မယ်…”

ထိုစကားကိုကြားသည့်အခါ သူ၏ ချစ်စဖွယ်ကောင်းလွန်းလှသော မိန်းမများအကြောင်းကို ရန်ကိုင် ရုတ်တရက် ပြန်သတိရသွားခဲ့လေသည်။

စုရန်တို့ ရှနင်းချန်တို့ ရှန်ချင်းလော့တို့ ရွှယ့်ယွယ်တို့သာ ဤကဲ့သို့ဖြစ်ခဲ့လျှင် သူဘာလုပ်မည်နည်း။ ရုတ်တရက် ချီဟိုင်ခံစားနေရသည်ကို ရန်ကိုင် နားလည်ချင်သလိုလို ဖြစ်လာခဲ့လေသည်။

“ကျုပ် ခင်ဗျားကို သနားတယ်ဆိုပေမဲ့ ဖီးနစ်မီးတောက်တော့ မပေးနိုင်ဘူး…” ရန်ကိုင်က ခေါင်းခါလိုက်လေသည်။ ဖီးနစ်မီးတောက်သည် အလွန်ကိုမှ အဖိုးတန်လွန်းလှသည်။ ဤအရာကို လျို့ယန်ဆီသို့ ပေးရန် စဉ်းစားထားပြီး ဖြစ်သည့်အတွက်ကြောင့် ချီဟိုင်ဆီသို့ မပေးနိုင်ချေ။

ချီဟိုင်‌ အမှန်ကို ပြောနေခြင်းဟုတ်မဟုတ် မည်သူသိမည်နည်း။ သူအမှန်ကို ပြောနေသည်ဆိုလျှင်ပင် ရန်ကိုင်နှင့်သူသည် ခင်မင်ရင်းနှီးကြသည့်လူများ မဟုတ်သည့်အတွက် ရန်ကိုင့်အနေဖြင့် ဖီးနစ်မီးတောက်ကိုတော့ လုံးဝမပေးနိုင်ပါချေ။

ချီဟိုင်ကပြောလိုက်လေ၏။ “ရောင်းရင်းရန် မင်းငါ့ကို ထပ်ပြီး နားလည်မှုလွဲနေပြန်ပြီ… ငါမင်းရဲ့ဖီးနစ်မီးတောက်ကို လိုချင်နေတာမဟုတ်ဘူး…”

ရန်ကိုင်က မျက်မှောင်ကျုံ့လျက် ပြန်မေးလိုက်လေသည်။ “ဒါဆို မင်းဘာလိုချင်တာလဲ…”

ချီဟိုင်က ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရန်ကို ငါနဲ့အတူ လိုက်လာစေချင်ရုံပဲ… မင်းဘာမှ လုပ်ဖို့မလိုဘူး… ဖီးနစ်မီးတောက်ရဲ့ နီဗားနားစွမ်းရည်ကို သုံးပေးဖို့ပဲလိုတာ… အဲ့လောက်ဆိုရင် ငါ့မိန်းမအသက်ကို ကယ်ပေးလို့ရပြီ… မင်းဘက်က ဘာမှမဆုံးရှုံးသွားဘူး…”

“အဲ့လောက်ပဲလား…” ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့် ပြန်မေးလိုက်လေသည်။

“ဟုတ်တယ်… အဲ့လောက်ပဲ…” ချီဟိုင်က အလေးအနက် အမူအယာဖြင့် ခေါင်းညိတ်လိုက်လေ၏။

ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍မေးလိုက်လေသည်။ “ခင်ဗျားမိန်းမ ဘယ်လိုဒဏ်ရာတွေ ရထားလို့ ဖီးနစ်မီးတောက်ကို လိုအပ်နေရတာလဲ…”

ချီဟိုင်၏အမူအယာ မှုန်ကုပ်သွားခဲ့ပြီး ပြန်၍ရှင်းပြလိုက်လေ၏။ “ရှင်းရှင်းပြောရရင်တော့ ဒဏ်ရာရထားတာတော့မဟုတ်ဘူး… အဆိပ်မိတယ်လို့ပဲပြောရမယ်… ရှင်းရှင်းပြောရရင် အအေးဆိပ်မိနေတာ… အရှေ့ဘက်နယ်မြေရဲ့ အစွန်ဖျားပိုင်းမှာ ရှေးဟောင်းတောအုပ်ကြီးတစ်ခုရှိတယ်… အဲ့ထဲကို ကျင့်ကြံသူတွေအများကြီး ဝင်သွားဖူးတယ်… ဒါပေမဲ့ အနည်းငယ်လောက်ပဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တာ… အဲ့ထဲမှာ အန္တရာယ်တွေရှိတယ်ဆိုပေမဲ့ အခွင့်အလမ်းတွေကလည်း အများကြီးပဲ… ဒါကြောင့် အရှေ့ဘက်နယ်မြေက ပညာရှင်တွေတော်တော်များများ အဲ့ရှေးဟောင်းတောအုပ်မှာ သွားကံစမ်းလေ့ရှိကြတယ်… ငါ့မိန်းမလည်း တစ်ချိန်တုန်းက အဲ့ရှေးဟောင်းတောအုပ်ဆီသွားပြီး ကံစမ်းကြည့်ခဲ့ဖူးတယ်… လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းကပေါ့… ဒါပေမဲ့ တစ်လကြာပြီးလည်းပြီးရော ဒဏ်ရာဆိုးဆိုးရွားရွားရပြီး ပြန်ရောက်လာရော… အဲ့ကတည်းကနေစပြီး သတိလစ်သွားခဲ့တာ အခုအချိန်ထိပဲ… ငါတို့ချီမိသားစုရဲ့ ဆေးပညာရှင်ပြောတဲ့ပုံအရဆိုရင်တော့ ငါ့မိန်းမက အဆိပ်မိနေတာတဲ့… သူမိထားတဲ့အဆိပ်ကလည်း နှင်းရေခဲအဆိပ်တဲ့…”

“နှင်းရေခဲအဆိပ်…” ရန်ကိုင့်အမူအယာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး အထိတ်တလန့်ဖြင့် ပြန်မေးလိုက်လေသည်။ “အပြင်းဆုံးအဆိပ် (၁၀)မျိုးထဲက တစ်မျိုးလား…”

ချီဟိုင်သည် ရန်ကိုင့်အား အံ့အားသင့်တကြီးအမူအယာဖြင့် ကြည့်လျက် ပြန်မေးလိုက်လေသည်။ “ရောင်းရင်းရန်က နှင်းရေခဲအဆိပ်အကြောင်းကို သိတာလား…”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။ “ကြားဖူးတယ်…”

ချီဟိုင်က ခါးသက်စွာပြုံးလျက် “ရောင်းရင်းရန် အဲ့အဆိပ်အကြောင်းကို ကြားဖူးမှတော့ ဒီလောကကြီးမှာ အဲ့အဆိပ်ကို ဖြေနိုင်တဲ့အရာ မရှိသလောက်ရှားတယ်ဆိုတာကို သိမှာပေါ့…”

“ဟုတ်တယ်…” ရန်ကိုင်က သက်ပြင်းချလျက် “ဒီလောကကြီးမှာ အပြင်းဆုံးအဆိပ် (၁၀)မျိုးကို ဖြေနိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူး… ရှင်းရှင်းပြောရရင် အဲ့ထဲက အဆိပ်တစ်မျိုးမျိုး မိသွားတာနဲ့ အင်မော်တယ်သစ်ပင်လိုရတနာမျိုးနဲ့ တွေ့မှ အဆိပ်ဖြေနိုင်မှာ… မဟုတ်ရင်တော့ သေရမဲ့ရက်ကို ထိုင်စောင့်နေရသလိုပဲ ဖြစ်သွားမှာ…”

“ဒါပေမဲ့ ဖီးနစ်မီးတောက်ရဲ့ နီဗားနားစွမ်းရည်က ငါ့မိန်းမရဲ့အသက်ကို ကယ်ပေးနိုင်တယ်…” ချီဟိုင်သည် ရန်ကိုင့်အား မျှော်လင့်တကြီးဖြင့် ကြည့်လျက် ဆက်ပြောလိုက်လေသည်။ “ငါ ဒီတစ်ကြိမ် ကြယ်ပျက်ပင်လယ်ထဲကို ဝင်လာရတဲ့ အဓိကအကြောင်းအရင်းက ဖီးနစ်မီးတောက်ကိုရှာပြီး ချီမိသားစုဆီ ပြန်ယူသွားဖို့ပဲ… ဒါပေမဲ့ မင်းလုပ်သွားတာကို မြင်ပြီးတဲ့နောက်ပိုင်း ငါအရမ်းတုံးလွန်းနေမှန်း သိသွားတယ်… ငါ့ခွန်အားနဲ့ ဖီးနစ်မီးတောက်ကို ယူဖို့မပြောနဲ့ အနားတောင်ကပ်နိုင်မှာမဟုတ်ဘူး…”

ရန်ကိုင်ကိုယ်ထဲရှိ ရွှေနဂါးအမြုတေစွမ်းအင်နှင့် ဖီးနစ်မီးတောက်တို့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်ကို ချီဟိုင်မြင်ခဲ့ရပေသည်။ ထိုတိုက်ပွဲအကြောင်းကို ပြန်စဉ်းစားမိလိုက်ရုံဖြင့် ချီဟိုင်ခမျာ တစ်ကိုယ်လုံး တုန်ရီသွားရသည်။

“ရောင်းရင်းချီ… ခင်ဗျား ကျုပ်ကို အထင်ကြီးနေတာပဲ… ကျုပ် အဲ့ဒါကို အခုထိ ထိန်းထားနိုင်သေးတာမဟုတ်ဘူး… ဒီတိုင်း ယာယီဖိနှိပ်ထားနိုင်ရုံလေးပဲ ရှိသေးတာ…” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။

“ဖိနှိပ်ထားတာ…” ချီဟိုင် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။ ထိုစကားကိုကြားသည့်အခါ ချီဟိုင်မှာ ရန်ကိုင့်အား ပို၍ပင် လေးစားသွားခဲ့လေသည်။ “ရောင်းရင်းရန်က တကယ် အံ့ဩဖို့ ကောင်းတာပဲ…”

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းချီရဲ့ပြဿနာက တကယ်ကို ကရုဏာသက်စရာကောင်းတယ်ဆိုပေမဲ့ ရောင်းရင်းချီကို ဒီရန် မကူညီပေးနိုင်တဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…”

ထိုစကားကိုကြားသည့်အခါ ချီဟိုင်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ရန်ကိုင့်အား ဤကိစ္စနှင့်ပတ်သက်၍ အတင်းအကြပ် သွားတွန်းအားပေးနေ၍ မရမှန်းလည်း သိထားခဲ့သည်။ ရန်ကိုင်သည် ဖီးနစ်မီးတောက်ကို မသန့်စင်ရသေးသလို သေသေချာချာလည်း မထိန်းချုပ်နိုင်သေးပေ။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ချီဟိုင်အား ကူညီချင်သည်ဆိုလျှင်ပင် မကူညီနိုင်ပေ။ ဤသည်မှာ ရိုးရှင်းသော အမှန်တရားတစ်ခု ဖြစ်ပေသည်။

ချီဟိုင်၏ မိန်းမအသက်ကို ကယ်တင်ပေးနိုင်ရန်အတွက် ရန်ကိုင့်အနေဖြင့် ပထမဦးစွာ ဖီးနစ်မီးတောက်ကို သန့်စင်ရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ဖီးနစ်မီးတောက်ကို အပြင်သို့ ထုတ်ယူလိုက်ပါက သူ့မိန်းမအသက်ကို ကယ်ရန် မဆိုထားနှင့် ဖီးနစ်မီးတောက်အနီးတစ်ဝိုက်တွင် ရှိနေသော လူအားလုံး ပြာအတိ လောင်ကျွမ်းခြင်း ခံရပေလိမ့်မည်။

“အဲ့ဒါဆို ရောင်းရင်းရန် ဖီးနစ်မီးတောက်ကို သန့်စင်ပြီးသွားတဲ့တစ်နေ့ အရှေ့ဘက်နယ်မြေထဲက ငါ့ချီမိသားစုဆီ လာပေးလို့ရမလား…” ချီဟိုင်က ရန်ကိုင့်အား တောင်းပန်တိုးလျှိုးဖြင့်ကြည့်လျက် ပြောလိုက်လေသည်။ “အခုလောလောဆယ် ဒါက ငါ့မိန်းမအသက်ကို ကယ်ပေးနိုင်မဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ… ရောင်းရင်းရန် စိတ်ပူမနေနဲ့... ငါဒီနေ့မြင်ခဲ့ရတဲ့ ကိစ္စတွေကို ဘယ်သူ့ကိုမှ လျှောက်မပြောဘူး ကျိန်ဆိုတယ်ကွာ… လျှောက်ပြောခဲ့လို့ရှိရင် ကောင်းကင်မိုးကြိုး ပစ်ချခံရပါစေကွာ…”

“အရှေ့ဘက်နယ်မြေက ချီမိသားစု…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

“ဟုတ်တယ်…”

“အရှေ့ဘက်နယ်မြေဆိုရင်တော့ ကျုပ် အဲ့ဘက်ကို တစ်နေ့နေ့တော့ လာဖြစ်ဦးမှာပါ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ယခုတစ်ကြိမ် ရှောင်ရှောင်နှင့် ပတ်သက်သည့် သဲလွန်စများကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ အရှေ့ဘက်နယ်မြေကိုတော့ ကျိန်းသေ သွားရပေလိမ့်မည်။ အကြောင်းမှာ ရှောင်ရှောင်သည် အရှေ့ဘက်နယ်မြေတွင် ရှိနေနိုင်သည့်အတွက်ကြောင့်ပင်။

“တကယ်လား…” ထိုစကားကိုကြားသည့်အခါ ချီဟိုင် ဝမ်းသာသွားခဲ့လေသည်။ ထို့နောက် ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။ “ကောင်းလိုက်တာ… ရောင်းရင်းရန် အရှေ့ဘက်နယ်မြေကို ရောက်လာပြီဆိုရင် ရှေးဟောင်းတောအုပ်ကြီးအကြောင်းသာ မေးလိုက်… ငါတို့ချီမိသားစုက အဲ့ရှေးဟောင်းတောအုပ်ကြီးနားမှာ ရှိတာ…”

“အဲ့ဒါဆိုလို့ရှိရင် အဲ့အချိန်ရောက်လာတဲ့တစ်နေ့ တွေ့ကြတာပေါ့…” ရန်ကိုင်ကမူ အလွယ်တကူ သဘောမတူခဲ့ချေ။ သူ့အနေဖြင့် ကတိပေးသည်ကို အလွယ်လေး လုပ်နိုင်ပေသည်။ သို့သော်ငြား ကတိသာမတည်မည်ဆိုပါက ချီဟိုင် သူ့အား မုန်းသွားပေလိမ့်မည်။

ချီဟိုင်လည်း ထိုအချက်ကို နားလည်ပေသည်။ သို့သော်ငြား သူ့အား ကူညီမည် မကူညီမည်မှာ ရန်ကိုင့်အပေါ်သာ မူတည်နေသဖြင့် သွားတွန်းအားပေး၍လည်း မရချေ။ သိုလှောင်လက်စွပ်ထဲမှာ ဆက်သွယ်ရေးဓာတ်လုံးတစ်လုံးကိုထုတ်၍ ရန်ကိုင့်လက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်လေ၏။ “ရောင်းရင်းရန်… ဒါ ဒီချီရဲ့ ဆက်သွယ်ရေးဓာတ်လုံးပဲ… မင်း နောက်ပိုင်း လိုအပ်လာလို့ရှိရင် သုံးလို့ရတယ်…”

ရန်ကိုင်သည် ချီဟိုင်ပေးလိုက်သည့် ဆက်သွယ်ရေးဓာတ်လုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ “အဲ့ဒါဆိုရင် ဒီမှာပဲ လမ်းခွဲကြတာပေါ့…”

ချီဟိုင်က ဒွိဟဖြစ်နေသည့် အမူအယာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ရန်ကိုင်ထွက်မသွားခင် ချီဟိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။ “ရောင်းရင်းရန် နေပါဦး…”

“ဘာဖြစ်လို့လဲ…” ရန်ကိုင်က ပြန်လှည့်ကြည့်လာလေသည်။

ချီဟိုင်က မေးလိုက်လေ၏။ “ရောင်းရင်းရန်… မင်း တောင်နဲ့မြစ်ခေါင်းလောင်းနောက်ကို လိုက်ဖို့လား…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေ၏။ “အဲ့လို မဟာဧကရာဇ်တစ်ပါးရဲ့ မှော်ရတနာကို ဘယ်လိုလုပ်ပြီး ဒီအတိုင်း လွှတ်ပေးလိုက်လို့ ဖြစ်ပါ့မလဲ… တစ်ချက်လောက်တော့ သွားစမ်းကြည့်ရမှာပေါ့…”

ချီဟိုင်က ပြောလိုက်လေသည်။ “ယွမ်တင်းမဟာဧကရာဇ်ရဲ့ တောင်နဲ့မြစ်ခေါင်းလောင်းက အရမ်းအားကောင်းလွန်းတယ်… မှော်ရတနာစိတ်ဝိဉာဉ်ရဲ့ အသိအမှတ်ပြုတာကို မရလို့ရှိရင် တာအိုသခင်အဆင့်မှာ ရှိတဲ့ ဘယ်သူမှ အဲ့ခေါင်းလောင်းကို ရနိုင်မှာမဟုတ်ဘူး…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်သည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်လျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။ “ကျုပ်လို ခန့်ချောကြီးကို အဲ့ခေါင်းလောင်းက သူ့သခင်အဖြစ် အသိအမှတ်မပြုဘဲနေမလား…”

ချီဟိုင် ကြက်သေသေသွားလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၅၁)

“ရောင်းရင်းရန်… မင်းက လူတွေကြားက နဂါးတစ်ကောင်မှန်း ငါသိတယ်… ဒါပေမဲ့ တောင်နဲ့မြစ်ခေါင်းလောင်းကို လိုချင်လို့ရှိရင် ရုပ်ချောရုံနဲ့တော့ မရဘူးကွ…” ချီဟိုင်က ပြန်ပြောလိုက်လေသည်။ သူသည် ရန်ကိုင့်၏အကူအညီကို လိုအပ်နေသည့် လူတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် ဝေ့လည်ကြောင်ပတ်ပြောနေလျှင် ရန်ကိုင် ဒေါသထွက်သွားမည်ကို စိုးသည့်အတွက် တည့်တိုးသာ ပြောချလိုက်လေသည်။

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်မေးလိုက်လေ၏။ “ရောင်းရင်းချီပြောနေတဲ့ပုံကို ကြည့်ရတာ ရောင်းရင်းချီမှာ တောင်နဲ့မြစ်ခေါင်းလောင်းကို ရနိုင်မဲ့ နည်းလမ်း ရှိနေတဲ့ပုံပဲ…”

“တောင်နဲ့မြစ်ခေါင်းလောင်းကို ဘယ်လိုဖိနှိပ်ရမလဲ ဆိုတာကိုတော့ ငါလည်း သေချာမသိဘူး… ဒါပေမဲ့ အဲ့အကြောင်းနဲ့ပတ်သက်ပြီး ငါသိထားတာ နည်းနည်းပါးပါးတော့ ရှိတယ်…”

“အိုး… တစ်ချက်လောက်ပြောပြကြည့်ပါလား…” ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားသွားခဲ့လေသည်။

ချီဟိုင်က ဆက်ပြောလိုက်လေ၏။ “တောင်နဲ့မြစ်ခေါင်းလောင်းက ယွမ်တင်းမဟာဧကရာဇ်ရဲ့ မှော်ရတနာလို့ပဲ ဒီလောကကြီးတစ်ခုလုံးက သိထားတာ… ဒါပေမဲ့ အဲ့မှော်ရတနာက အစကတည်းက ယွမ်တင်းမဟာဧကရာဇ်ရဲ့ မှော်ရတနာ မဟုတ်ဘူးဆိုတာကိုတော့ လူသိပ်မသိကြဘူး… တောင်နဲ့မြစ်ခေါင်းလောင်းက ရှေးဟောင်းမှော်ရတနာတစ်ခုပဲ…”

“ရှေးဟောင်းမှော်ရတနာတစ်ခု…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်၏သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့လေသည်။

“ဟုတ်တယ်…” ချီဟိုင်က ခေါင်းညိတ်၍ ရှင်းပြလိုက်လေသည်။ “အဲ့တောင်နဲ့မြစ်ခေါင်းလောင်းကြောင့်ပဲ ယွမ်တင်းမဟာဧကရာဇ်က မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခဲ့တာ… ရှင်းရှင်းပြောရလို့ရှိရင် တောင်နဲ့မြစ်ခေါင်းလောင်းက ယွမ်တင်းမဟာဧကရာဇ်ကို မဟာဧကရာဇ်တစ်ပါး ဖြစ်သွားအောင် လုပ်ပေးလိုက်တယ်လို့တောင် ပြောလို့ရတယ်…”

“အဲ့လိုကိုး…” အံ့အားသင့်ဖွယ်ကောင်းသည့် အကြောင်းအရင်းများစွာကို ရန်ကိုင်ကြားလိုက်ရပေသည်။ ဤသည်မှာ လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်သည်။ ချီဟိုင်သာ ပြောမပြလျှင် ရန်ကိုင့်အနေဖြင့် လုံးဝသိလိမ့်မည်မဟုတ်ချေ။

“အဲ့ဒါကြောင့်သာ မဟုတ်လို့ရှိရင် တောင်နဲ့မြစ်ခေါင်းလောင်းက ဖီးနစ်မီးတောက်ကို ဘယ်လိုလုပ်ပြီး ဖိနှိပ်နိုင်မှာလဲ… ပြီးတော့ တောင်နဲ့မြစ်ခေါင်းလောင်း ဖိနှိပ်ထားတဲ့ ဖီးနစ်မီးတောက်ကို ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်တောင် မယူနိုင်တာကို ကြည့်ပါလား… သာမန်ဧကရာဇ်အဆင့် မှော်ရတနာဆိုလို့ရှိရင်တော့ ဖီးနစ်မီးတောက်ကို နှစ်ပေါင်းသောင်းနဲ့ချီကြာအောင် ဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး…”

ချီဟိုင်ပြောသည်မှာ ယုတ္တိရှိသည်ကို ရန်ကိုင် ခံစားလိုက်ရလေသည်။ ဖီးနစ်မီးတောက်မှာ အလွန်ကိုမှ အားကောင်းလွန်းလှသော်ငြား တောင်နဲ့မြစ်ခေါင်းလောင်း၏ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ဖိနှိပ်ခြင်း ခံခဲ့ရလေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည်သာ သူ့ဘာသာ အလိုလိုပျံသန်းထွက်သွားသည့် အတွက်ကြောင့်သာ မဟုတ်ပါက ဖီးနစ်မီးတောက်အနေဖြင့် နေ့အလင်းရောင်ကို နောက်တစ်ကြိမ် ပြန်မြင်နိုင်လိမ့်မည် မဟုတ်ချေ။

“အဲ့ဒါဆိုရင် ရောင်းရင်းချီမှာ ကျုပ်ကို ပြောချင်နေတာ တစ်ခုခုများ ရှိလား…” ရန်ကိုင်က မေးလိုက်လေ၏။

ချီဟိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး ဆက်ပြောလိုက်လေသည်။ “ရှေးမှတ်တမ်းတွေထဲမှာ ရေးထားတာတော့ ယွမ်တင်းမဟာဧကရာဇ်က အရှေ့ဘက်နယ်မြေထဲက ရှေးဟောင်းတောအုပ်ထဲကိုသွားရင်း ဧရာမခေါင်းလောင်းကြီးတစ်လုံးကို တွေ့ခဲ့တယ်တဲ့… အဲ့ခေါင်းလောင်းက တောင်နဲ့မြစ်ခေါင်းလောင်းပဲ… အဲ့တုန်းက ယွမ်တင်းမဟာဧကရာဇ်က သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပဲ ရှိသေးတယ်တဲ့…. သူ့အနေနဲ့ အဲ့တောင်နဲ့မြစ်ခေါင်းလောင်းကို ယူချင်ပေမဲ့ ဘယ်လိုမှ ယူလို့မရခဲ့ဘူး… နောက်ဆုံးမှာတော့ အဲ့တောင်နဲ့မြစ်ခေါင်းလောင်းရဲ့ ခေါင်းလောင်းသံ ရှစ်ဆယ့်တစ်သံကို အောင်အောင်မြင်မြင်နဲ့ ခုခံလိုက်ပြီးတဲ့အချိန်မှာပဲ တောင်နဲ့မြစ်ခေါင်းလောင်းရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာ… အဲ့နည်းနဲ့ပဲ တောင်နဲ့မြစ်ခေါင်းလောင်းကို ရှေးဟောင်းတောအုပ်ထဲကနေပြီး သူပြန်ယူလာနိုင်ခဲ့တာ…”

“တောင်နဲ့မြစ်ခေါင်းလောင်းက ရှေးဟောင်းတောအုပ်ထဲကနေ လာတာလား…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။ ချီဟိုင်သည် ရှေးဟောင်းတောအုပ်အကြောင်းကို တစ်ကြိမ်ပြောခဲ့ဖူးသော်ငြား ရန်ကိုင်ကတော့ သိပ်အရေးမစိုက်ခဲ့ချေ။ သို့သော်ငြား တောင်နဲ့မြစ်ခေါင်းလောင်းသည် ရှေးဟောင်းတောအုပ်ထဲမှလာသည် ဟူသော အကြောင်းကို ကြားပြီးသည့်နောက် ရန်ကိုင့်မှာ ရှေးဟောင်းတောအုပ်အကြောင်းကို စတင် စိတ်ဝင်စားလာမိတော့လေသည်။ အရှေ့ဘက်နယ်မြေသို့ သွားပါက ရှေးဟောင်းတောအုပ်အား ကျိန်းသေကို သွားလည်ပတ်ကြည့်ရမည်ဟု ဆုံးဖြတ်ထားလိုက်လေသည်။

သို့ရာတွင် တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံ ရှစ်ဆယ့်တစ်သံကို ခုခံပြီး ခေါင်းလောင်း၏အသိအမှတ်ပြုမှုကို ရရှိခဲ့သည်မှာ တကယ်ကို ချီးကျူးစရာပင်။

ရန်ကိုင်သည်လည်း တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံကို ခံစားခဲ့ဖူးပေသည်။ ခေါင်းလောင်းသံကြောင့် တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော ကျင့်ကြံသူတစ်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်ပင်လျှင် ခေါင်းလောင်းသံရှစ်ဆယ့်တစ်သံကို ခုခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိချေ။

“ရောင်းရင်းရန်… မင်းကိုယ်မင်း မသေချာဘူးဆိုလို့ရှိရင် တောင်နဲ့မြစ်ခေါင်းလောင်းနောက်ကို ဆက်မလိုက်ဖို့ ငါအကြံပေးချင်တယ်… ဒီကြယ်ပျက်ပင်လယ်ထဲမှာ အခြား အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလည်း အများကြီးရှိသေးတယ်… အဆင်ပြေမယ်ဆိုလို့ရှိရင် မင်းနဲ့ငါ အတူတူ….”

သူပြောလို့မပြီးသေးခင်မှာပင် ရန်ကိုင်က ဖြတ်ပြောလိုက်လေသည်။ “ကျုပ် တစ်ချက်လောက်တော့ သွားကြည့်လိုက်ဦးမယ်…”

ထိုစကားကိုကြားသည့်အခါ ချီဟိုင်မျက်နှာ မှုန်ကုပ်သွားခဲ့လေသည်။ “အဲ့လိုဆိုမှတော့ ဒီချီ ဆက်မပြောတော့ပါဘူး… ရောင်းရင်းရန် ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…”

“ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းချီ… နောက်ကျရင် ပြန်တွေ့ကြတာပေါ့…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အလင်းတန်းအသွင်သို့ ပြောင်းကာ ဟင်းလင်းပြင်ထဲသို့ ပျံသန်းထွက်သွားလေသည်။

ချီဟိုင်သည် ဒွိဟဖြစ်နေသည့် အမူအယာဖြင့် တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော ရန်ကိုင့်၏ကျောပြင်အား ရပ်ကြည့်နေခဲ့လေသည်။ အချိန်အတော်ကြာသွားသည့်အခါမှသာ သက်ပြင်းမောကြီးချလျက် အခြားတစ်ဖက်သို့ လှည့်ထွက်သွားလေ၏။

သူသည် ရန်ကိုင်နှင့် ခင်မင်ရင်းနှီးသည့်လူတစ်ယောက် မဟုတ်ချေ။ သို့သော်ငြား အရှေ့ဘက်နယ်မြေသို့ လာခဲ့ဖြစ်လျှင် ချီမိသားစုဆီ လာခဲ့ပါမည်ဟု ပြောသွားခဲ့ပုံအရ ရန်ကိုင်သည် ပြောရဆိုရလွယ်ကူသည့် လူတစ်ဦးဖြစ်မှန်း သိသာပေသည်။ ရန်ကိုင့်နေရာတွင်သာ အခြားတစ်ယောက်ဆိုပါက ချီဟိုင်၏ကမ်းလှမ်းချက်ကို ပယ်ချလျှင်ပယ်ချ မဟုတ်လျှင် ချီဟိုင်အား နှုတ်ပိတ်ပစ်ပြီးနေလောက်ပေပြီ။ တကယ်တော့ ချီဟိုင်သည် ရန်ကိုင့်မှ ဖီးနစ်မီးတောက်အား ယူသွားသည်ကို အပြည့်အဝ မြင်ခဲ့သည် မဟုတ်ပေလော။ ဤအကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက ရန်ကိုင့်အနေဖြင့် ပြဿနာများစွာကို ရင်ဆိုင်ရပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင်လျှင် ယနေ့ သူမြင်ခဲ့ရသည့် အကြောင်းအရာများကို လျှောက်မပြောပါဟု ချီဟိုင်မှ တိုင်တည်ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား ရန်ကိုင် ချီမိသားစုဆီ လာမလား မလာမလား ဆိုသည်ကိုတော့ ချီဟိုင်လည်း သေချာမသိချေ။

ရန်ကိုင်သာ မလာခဲ့ပါက သူ့မိန်းမ သေရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင် လာခဲ့မည်ဆိုလျှင်ပင် သူတို့အတွက် မျှော်လင့်ချက်အနည်းငယ်သာ ရှိလေ၏။

ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်း ထွက်သွားသည့်လမ်းကြောင်းအတိုင်း နေ့ဝက်ကြာအောင် ပျံသန်းနေပြီးသည့်နောက်တွင် လန်ဟဲပေါ်၌ သူချန်ထားရစ်ခဲ့သော ဝိဉာဉ်အမှတ်အသားကို အာရုံခံမိသွားခဲ့လေသည်။

လန်ဟဲ သူ့အနားမှ ဖြတ်သွားစဉ် ရန်ကိုင်သည် လန်ဟဲ၏ပုခုံးကို တမင်သက်သက်ပုတ်၍ သူ့ဝိဉာဉ်အမှတ်အသားကို ချန်ထားရစ်ခဲ့ပေသည်။ သို့မှသာ သူ့အနေဖြင့် အနီရင့်ရောင်ကြယ်ကြီးဆီမှ ပြန်ထွက်လာသည့်အခါ တောင်နဲ့မြစ်ခေါင်းလောင်းအား အလွယ်တကူ အာရုံခံနိုင်လိမ့်မည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် လန်ဟဲ သူ့အပေါ် မယုံသင်္ကာ မကျေမနပ် ဖြစ်သွားမည်ဆိုလျှင်ပင် ရန်ကိုင်ကတော့ ဂရုမစိုက်နိုင်ချေ။

ဝိဉာဉ်အမှတ်အသားသာ မရှိပါက ရန်ကိုင့်အနေဖြင့် တောင်နဲ့မြစ်ခေါင်းလောင်း၏ တည်နေရာကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်း ပျံသန်းသွားရာ လမ်းကြောင်းအတိုင်း လိုက်သွားလိုက်ရာ တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ဟင်းလင်းပြင်ထဲ၌ လန်ဟဲကို တွေ့လိုက်ရလေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် လန်ဟဲသည် လူအချို့နှင့် တိုက်ခိုက်နေလေ၏။ ထို့အပြင် သူမသည် ဝိုင်းတိုက်ခိုက်ခံနေရခြင်း ဖြစ်လေသည်။

သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ လန်ဟဲအား တိုက်ခိုက်နေသည့် လူနှစ်ဦးမှာ တာအိုသခင် တတိယအဆင့် ပညာရှင်များ ဖြစ်နေကြောင်း‌ တွေ့လိုက်ရလေသည်။ အဆင့်တူကျင့်ကြံသူနှစ်ဦး၏ နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်း ခံနေရသည့် အတွက်ကြောင့် လန်ဟဲမှာ အတော်လေးကို ကျဉ်းထဲကြပ်ထဲသို့ ရောက်နေလေ၏။ လက်ရှိအချိန်တွင် လန်ဟဲမှာ ဒဏ်ရာများစွာ ရရှိထားခဲ့ပြီး ထိုဒဏ်ရာများမှ သွေးများလည်း စီးထွက်နေခဲ့လေသည်။

တစ်ချက်မျှ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် ကြယ်နီကြီးပေါ်၌ ရှိနေခဲ့သော ကျင့်ကြံသူအားလုံးနီးပါး ဤနေရာတွင် ရောက်နေကြောင်းတွေ့လိုက်ရလေသည်။

တောင်နဲ့မြစ်ခေါင်းလောင်းသည် ဟင်းလင်းပြင်ထဲရှိ တစ်နေရာတွင် ဝဲနေလေ၏။

အကုန်လုံးသည် တောင်နဲ့မြစ်ခေါင်းလောင်းအား လောဘတကြီးအမူအယာများဖြင့် စိုက်ကြည့်နေသော်ငြား မည်သူမျှ ရှေ့တက်ပြီး သွားမထိရဲကြပေ။ ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင့်မှာ အတော်လေးကို ထူးဆန်းနေသည်ဟု ခံစားလိုက်ရလေသည်။ သို့သော်ငြား ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်းကို‌တော့ နားမလည်ချေ။

သို့ရာတွင် မရဏဂိုဏ်းမှ ယင်လဲ့ရှန်းသည်လည်း ထိုနေရာတွင် ရှိနေကြောင်း တွေ့ရှိလိုက်ရသည့်နောက် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေသည်။ ကြယ်ပျက်ပင်လယ်ကြီးမှာ အလွန်ကိုမှ ကျယ်ပြောသည့် အတွက်ကြောင့် ယင်လဲ့ရှန်းကိုသာ မတွေ့တော့ပါက သူ့အား နောက်တစ်ကြိမ် ထပ်ရှာနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ချက်မရှိချေ။

အကုန်လုံးမှာ ဟင်းလင်းပြင်ထဲတွင်သာ ရပ်နေကြလေသည်။ လန်ဟဲတစ်ယောက်သည်သာ ရန်သူနှစ်ဦးနှင့် တိုက်ခိုက်နေခြင်း ဖြစ်လေ၏။ ထို့အတွက်ကြောင့် ရန်ကိုင်ရောက်လာသည့်အခါ လူများစွာ၏ အာရုံစိုက်ခြင်း ခံလိုက်ရလေသည်။ ယင်လဲ့ရှန်းသည်လည်း ထူးမခြားနားဟန်ဖြင့် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

“ဒီကိုမလာနဲ့…” ရန်ကိုင် ပြေးလာတော့မည်အပြု ရန်သူနှစ်ဦးနှင့် တိုက်ခိုက်နေသော လန်ဟဲမှာ ရုတ်တရက် ထအော်လိုက်လေသည်။

ထိုကဲ့သို့ ရန်ကိုင်ဘက် လှမ်းအော်လိုက်သည့်အတွက် လန်ဟဲမှာ အလစ်အငိုက်မိသွားသလို ဖြစ်ကာ နောက်ထပ်ဒဏ်ရာနှစ်ခု ထပ်မံရရှိသွားခဲ့လေသည်။

ရန်ကိုင်သည် လန်ဟဲအား အံ့အားသင့်တကြီး ကြည့်လိုက်လေသည်။ ဘာကြောင့်များ သူ့အား ဤနေရာသို့ မလာရန် ပြောနေရလေသနည်း။ သို့သော်ငြား မကြာမီတွင် လန်ဟဲ ဘာကြောင့် ထိုကဲ့သို့ ပြောလိုက်မှန်းကို ရန်ကိုင် နားလည်သွားတော့လေသည်။ အရှေ့သို့ ပြေးဝင်တက်သွားမိသည်နှင့် တစ်ပြိုင်နက် သူ့ပတ်ဝန်းကျင် ထူးဆန်းနေသည်ကို ရန်ကိုင် သတိထားမိသွားခဲ့သည်။

ဤနေရာတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော အစီအရင်တစ်ခု ရှိနေခဲ့လေသည်။ ထိုအစီအရင်သည် အလွန်ကိုမှ အန္တရာယ်များရုံမက လျှို့ဝှက်စွာလည်း တည်ရှိနေသေးသည်။

အပြင်ဘက်တွင် ရှိနေစဉ်က ဤအစီအရင်ကို လုံးဝ သတိမထားမိခဲ့‌ချေ။ သို့သော်ငြား အထဲသို့ ဝင်လာလိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲ အန္တရာယ်များသည့် အငွေ့အသက်တို့ ရလိုက်လေ၏။

တောင်နဲ့မြစ်ခေါင်းလောင်း သူတို့ရှေ့တည့်တည့်တွင် ရှိနေသည့်တိုင် မည်သူမျှ မဆင်မခြင်မလှုပ်ရှားသည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ တကယ်တော့ တောင်နဲ့မြစ်ခေါင်းလောင်း ရှိနေသည့်နေရာသည် ဤအစီအရင်၏ အန္တရာယ်အများဆုံး နေရာတွင် မဟုတ်ပေလော။ ထိုအချက်ကို စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင့်တစ်ကိုယ်လုံး တုန်ရီသွားရလေသည်။ သူ့စိတ်ထဲလည်း အတော်လေးကိုမှ မှုန်ကုပ်သွားခဲ့လေ၏။

အနီးတစ်ဝိုက်တွင် ရှိနေသော ကျင့်ကြံသူပေါင်းများစွာသည် ရန်ကိုင့်အား လှောင်ပြောင်လိုရိပ်ဖြင့် ကြည့်နေကြလေသည်။ ရန်ကိုင်ဒုက္ခရောက်နေသည့်အပေါ် ဝမ်းသာအားရဖြစ်နေသည့်ပုံပင်။ ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် အော်ပြောလိုက်လေသည်။ “မင်းတို့ ဘာတွေ ကြည့်နေတာလဲ အမှိုက်ကောင်တွေ… မင်းတို့ ဆက်ကြည့်ရဲ ကြည့်နေနော် ဒီသခင်လေး မင်းတို့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မှာ…”

ထိုလူများအနေဖြင့် ဤနေရာတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် အစီအရင်တစ်ခု ရှိနေကြောင်းကို သတိမပေးသည်မှာ သဘာဝသာဖြစ်သော်ငြား အစီအရင်ထဲ မတော်တဆ ပြေးဝင်လာမိသည့် အတွက်ကြောင့် ရန်ကိုင့်မှာ အတော်လေးကိုမှ စိတ်ညစ်နေလေရာ ထိုလူများ၏ အကြည့်ကို မြင်ပြီးသည့်နောက် စ၍ ဒေါသထွက်လာတော့လေသည်။

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အား စိုက်ကြည့်နေသည့် လူများစွာဆီမှ သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့ကြလေသည်။

ဤနေရာတွင် ရှိနေသည့် ကျင့်ကြံသူတစ်ဦးချင်းစီသည် အမျိုးမျိုးသော အင်အားစုကြီးများ၏ လက်ရွေးစင်များ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူတို့အား အမှိုက်ကောင်များဟု ခေါ်ဝေါ်လိုက်သည့်အခါ သူတို့အနေဖြင့် မည်သို့များ သည်းခံနိုင်ပါမည်နည်း။ ထို့အပြင် သူတို့ကဲ့သို့ လက်ရွေးစင်များသည် အလွန်ကိုမှ မာနကြီးကြသူများ မဟုတ်ပေလော။

ရန်ကိုင်ကမူ ထိုလူများ၏အကြည့်ကို ဂရုစိုက်မနေခဲ့ပဲ အထင်အမြင်တသေးဖြင့် တံတွေးတစ်လုပ် ထွေးထုတ်လိုက်ပြီး လန်ဟဲဘက်သို့ လှည့်ကာ မေးလိုက်လေသည်။ “နင်နဲ့ အဲ့လူတွေ ဘာရန်ငြိုးရှိလို့ အချင်းချင်း တိုက်ခိုက်နေကြတာလဲ…”

ကျင့်ကြံသူနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်ခြင်း ခံနေရသည့်တိုင် သူ့အား ဤနေရာသို့ ဝင်မလာရန် သတိပေးလိုက်သည့်အတွက်ကြောင့် လန်ဟဲအပေါ် ရန်ကိုင် အတော်လေး အကောင်းမြင်လာခဲ့လေသည်။ ထို့အတွက်ကြောင့် သူမဒုက္ခရောက်နေသည်ကို မြင်သည့်အခါ သူ့အနေဖြင့် ရပ်ကြည့်မနေနိုင်တော့ချေ။

လန်ဟဲက စိတ်ပျက်ပျက်ဖြင့် ပြန်အော်ပြောလိုက်လေ၏။ “ငါတို့ကြားမှာ ဘာရန်ကြွေးမှမရှိဘူး… ဂိုဏ်းနှစ်ဂိုဏ်းကြားက ရန်ကြွေးသက်သက်ပဲ…”

သူမအနေဖြင့် ရန်ကိုင့်အား ဤနေရာသို့ ဝင်မလာရန် သတိပေးလိုက်ရခြင်းမှာ ရန်ကိုင့်ကို ကယ်တင်လိုသည့် အတွက်ကြောင့်တော့မဟုတ်။ ရန်ကိုင်မှတစ်ဆင့် သူမဂိုဏ်းသားများအား သူမဒုက္ခရောက်နေသည် ဆိုသည့်အကြောင်းကို သတင်းလှမ်းပေးခိုင်းစေလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သူမသာ ဤနေရာတွင် သေသွားမည်ဆိုပါက အနည်းဆုံး သူမဂိုဏ်းက တစ်ယောက်ယောက်သည် ဤအကြောင်းကို သိသွားနိုင်ပေလိမ့်မည်။

သို့သော်ငြား ဤသောက်ရူးကောင်သည် သူမပြောသည်ကို နားမထောင်ခဲ့ဘဲ ကမန်းကတမ်း စွတ်ပြေးဝင်လာခဲ့လေသည်။

ဤကောင်နှင့် စတွေ့သည့် အချိန်မှစ၍ သူမ၏ဘဝကြီးမှာ အတော်လေးကိုမှ ဒုက္ခရောက်ခဲ့ရကြောင်း လန်ဟဲ တွေ့ရှိသွားခဲ့ရသည်။ ရန်ကိုင်သည် သူမအတွက် ကံဆိုးကောင်အလား။

လန်ဟဲအား တိုက်ခိုက်နေသည့် လူနှစ်ဦးအနက်မှ တစ်ဦးက ပြန်အော်ပြောလေသည်။ “ဘယ်က ဂိုဏ်းနှစ်ဂိုဏ်းကြားက ရန်ကြွေးလဲ မိန်းမပျက်မရဲ့… နင်ပဲ ငါတို့ရဲ့ အကြီးဆုံး စီနီယာအစ်ကိုကို သင်းကွပ်ပစ်လိုက်တာ မဟုတ်ဘူးလား… အခု နင့်ကြောင့် သူ့မှာ ယောက်ျားမဟုတ် မိန်းမမဟုတ် ဖြစ်သွားရပြီ… အဲ့ဒါကို ဂိုဏ်းနှစ်ဂိုဏ်းကြားမှ ရန်ကြွေးသက်သက်ပဲလို့ နင်ပြောရဲသေးတာလား…”

ထိုလူမှ ထိုကဲ့သို့ ပြောလိုက်သည့်နှင့်တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်တွင် ရှိနေသော လူအားလုံး အကြီးဆုံးစီနီယာအစ်ကိုဆိုသည့် လူအား သနားစိတ်ဝင်မိသွားခဲ့လေသည်။ ယောက်ျားတစ်ယောက် ဖြစ်သည်နှင့်အညီ သင်းကွပ်ခံရသည်မှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်လေသည်။ ထိုအကြောင်းကို တွေးမိလိုက်ရုံဖြင့် လူတိုင်း သူတို့ခြေထောက်နှစ်ဖက်အား အလိုလို ပူးကပ်မိလိုက်ကြလေ၏။

လန်ဟဲက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “အဲ့ကောင်က သူ့ဟာကြီးသုံးပြီး ငါ့ကို မဟုတ်တရုတ်တွေ လာလုပ်ချင်နေတာကို… ခံရတာ နည်းတောင်နည်းသေးတယ်…”

ထိုလူက ဒေါသတကြီး ပြန်အော်ပြောလိုက်လေသည်။ “နင့်ကိုယ်နင်လည်း ပြန်ကြည့်လိုက်ဦး… ဒီလောကကြီးမှာရှိတဲ့ ဘယ်ယောကျ်ားကမှ နင့်ကို စိတ်ဝင်စားမှာမဟုတ်ဘူး…နင့်စိတ်ထဲ မနာလိုသဝန်တိုနေလို့ပဲ အကြီးဆုံးစီနီယာအစ်ကိုကို အဲ့လိုမျိုး လုပ်ပစ်လိုက်တာ…”

အခြားတစ်ယောက်ကလည်း ထပ်အော်ပြောလိုက်လေသည်။ “ဟုတ်တယ်… နင့်လိုမိန်းမတစ်ယောက်က ဘယ်တော့မှ ယောက်ျားရမှာမဟုတ်ဘူး… နင်မယုံရင် ကြိုးစားကြည့်လိုက်… ဒီထဲမှာ နင့်ကိုစိတ်ဝင်စားတဲ့ ယောက်ျားများ ရှိမလားလို့…”

“သူက မိန်းမတစ်ယောက်လား…” ဘေးပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများသည် လန်ဟဲအား လက်ညှိုးထိုးရင်း မျက်လုံးအပြူးသားဖြင့် မေးလိုက်ကြလေသည်။

“ငါ့လခွမ်း… တကယ်မထင်ထားဘူးဟ… သူကမိန်းမတစ်ယောက်တဲ့…”

“ကျွတ် ကျွတ် ကျွတ်… ဒီမိန်းကလေးက တကယ်စိတ်ဝင်စားစရာပဲကွာ… သူ မိသားစုမှားပြီးတော့များ မွေးလာတာလား…”

“ဟား ဟား… မင်း နားမလည်သေးလို့ကွ… မိန်းမတစ်ယောက်က သူ့လိုပုံစံမျိုး ပိုပေါက်လေ သူတို့နဲ့ဆော့ကစားရတာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလေပဲ…”

“ရှူး…. ရောင်းရင်း မင်းအကြိုက်ကလည်း တော်တော်ကို ထူးဆန်းလွန်းတာပဲကွ…”

All Chapters