← Chapters

အခန်း (၂၄၅၂-၂၄၅၄)

Vol. 100 Ch. 2452-2454

အခန်း (၂၄၅၂-၂၄၅၄)

Vol. 100 Ch. 2452-2454

အပိုင်း (၂၄၅၂)

ထိုလူများပြောနေသည်ကို နားထောင်ရင်း လန်ဟဲ၏မျက်နှာ နီမြန်သွားခဲ့လေသည်။ ဒေါသထွက်သည့် အတွက်ကြောင့်ပဲလား ရှက်သွားသည့် အတွက်ကြောင့်ပဲလား ဆိုသည်မှာတော့ မည်သူမျှ မပြောနိုင်ကြချေ။

သူမ၏ပုံပန်းသွင်ပြင်မှာ မိန်းကလေးတစ်ဦးနှင့် မတူသော်ငြား သူမကိုယ်တိုင်သည် အမျိုးသမီးတစ်ဦး ဖြစ်နေသည့် အတွက်ကြောင့် ယောကျ်ားသားများမှ သူမရှေ့တည့်တည့်တွင် ထိုကဲ့သို့ ပြောနေသည်ကိုကြားသော် သူမအနေဖြင့် ရှက်သွားသည်မှာ သဘာဝသာဖြစ်လေသည်။ သူမ၏စိတ်မှာ တည်ကြည်ခိုင်မာသည်ဆိုလျှင်ပင် ထိုကဲ့သို့သော လှောင်ပြောင်ပြောဆိုသည့် စကားများကို ကြားပြီးသည့်နောက် စိတ်ငြိမ်ငြိမ် မထားနိုင်တော့ချေ။

ထိုအချင်းအရာကို မြင်သည့်အခါ သူမအား ဝိုင်းဝန်းတိုက်ခိုက်နေသည့် ကျင့်ကြံသူနှစ်ဦးမှာ ဝမ်းသာအားရဖြစ်သွားပြီး ပို၍ပင် ဖိတိုက်လာခဲ့ကြလေသည်။

လန်ဟဲမှာ အတော်လေးသန်မာသည်ဟု ပြော၍ရသည်။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသည့်တိုင် ပြန်လည်ခုခံတိုက်ခိုက်နိုင်ပေသေးသည်။ သို့သော်ငြား ထိုအခိုက်အတန့်တွင် သူမ၏စိတ်ခံစားချက်များမှာ ကယောက်ကယက် ဖြစ်သွားခဲ့လေရာ တမုဟုတ်ချည်း အောက်စည်းသို့ ရောက်သွားခဲ့ရပြီး တစ်ခဏအတွင်း ရှုံးတော့မလို ဖြစ်သွားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် အခြားတစ်ယောက်က‌ အော်ရယ်မောလျက် လန်ဟဲအား လှောင်ပြောင်လိုက်လေသည်။ “နာမည်ကျော် ကောင်းကင်ဝံပုလွေတောင်ကြားရဲ့ အကြီးဆုံးစီနီယာအစ်ကိုလန်ဟဲအကြောင်းကို မသိတဲ့လူ ဘယ်သူရှိလို့လဲ… အော် ငါမှားသွားတယ်… အကြီးဆုံးစီနီယာအစ်ကိုမဟုတ်ဘူး… စီနီယာအစ်မပဲ… ဟား ဟား ဟား…”

ရန်ကိုင့်မှာ ထိုအသံကို ရင်းနှီးနေသလို ခံစားရလေသည်။ ထို့ကြောင့် လှမ်းကြည့်လိုက်ရာ ဗြဟ္မာ့ကုန်းမြေမှ တော်ဝင်သားတော်နှစ်ဦးဖြစ်သော ကျန်းဟောင်နှင့် ကျန်းရှန်တို့ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

စကားပြောလိုက်သည့်လူမှာ ရန်ကိုင့်အား တိုက်ခိုက်ခဲ့ဖူးသည့် ကျန်းဟောင်သာ ဖြစ်လေသည်။

ကျန်းဟောင်ပြောနေသည့်ပုံကို ကြည့်ရသလောက် လန်ဟဲအပေါ် သိပ်၍ ကြည့်မရ ဖြစ်နေသည့်ပုံပင်။ ထို့အတွက်ကြောင့် လန်ဟဲဒုက္ခရောက်နေချိန် အနာပေါ် ဆားထပ်ပက်လိုက်ခြင်း ဖြစ်လေသည်။

“ကောင်းကင်ဝံပုလွေတောင်ကြား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ထိုနာမည်ကို သူကြားဖူးနေသလို ခံစားနေရသည်။ မည်သည့်နေရာတွင် ကြားဖူးမှန်းတော့ သေချာမမှတ်မိချေ။

“သူ ယောက်ျားလား မိန်းမလားဆိုတာ သိရအောင် ငါတို့ မြန်မြန်စစ်ဆေးကြည့်ကြတာပေါ့…” အခြားတစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုလိုက်လေ၏။

“မင်းသောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း…” ရန်ကိုင်က အစောပိုင်းက စကားပြောလိုက်သည့် လူဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။ “မင်းတို့ယောကျ်ားတစ်အုပ်ကြီး မိန်းကလေးတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေတာကို ကြည့်ရတာ အဲ့လောက်တောင်ပျော်ဖို့ကောင်းနေတာလား…”

အော်ငေါက်ခြင်းခံလိုက်ရသည့် ကျင့်ကြံသူမှာတော့ ဒေါသထွက်ထွက်ဖြင့် ရန်ကိုင့်အား ပြန်ပြောတော့လေ၏။ “ခွေးကောင်လေး… မင်းကိုယ်မင်း ဘာမှတ်နေတာလဲ… သတ္တိရှိရင် မင်းနာမည်ကို ပြောရဲလား…”

အခြားသူများသည်လည်း ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်ကြလေသည်။ အကုန်လုံးမှာ ရန်ကိုင့်၏ မောက်မာဝံ့ကြွားသည့် ပုံစံကြောင့် အတော်လေးကို မကျေမနပ် ဖြစ်နေကြသည်။

ရန်ကိုင်သည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ့အား စကားပြောလိုက်သည့်လူကို လုံးဝ လျစ်လျူရှုထားလိုက်လေသည်။ ထို့နောက် လန်ဟဲဆီသို့ ပျံသန်းသွားပြီး ရွှေရောင်သွေးမျှင် အမျှင်တစ်ရာကို ထုတ်လွှတ်လိုက်လေသည်။

ချက်ချင်းဆိုသလို ရွှေရောင်သွေးမျှင်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံး ရွှေရောင်တောက်သွားတော့လေ၏။

လန်ဟဲအား တိုက်ခိုက်နေကြသည့် လူနှစ်ဦးမှာ လန်ဟဲအပေါ်တွင်သာ သေချာ အာရုံစိုက်ထားကြသော်ငြား ရန်ကိုင့်ကိုလည်း သေသေချာချာဂရုစိုက်နေကာ သူ့လှုပ်ရှားမှုများကိုလည်း သတိထား စောင့်ကြည့်နေကြပေသေးသည်။ တကယ်တော့ ရန်ကိုင်သည် လန်ဟဲနှင့် ရင်းနှီးသည့် လူတစ်ဦး မဟုတ်ပေလော။

ထို့ကြောင့် ရန်ကိုင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လန်ဟဲအား တိုက်ခိုက်နေသည့် လူနှစ်ဦးအနက် တစ်ဦးက ရန်ကိုင့်ဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။ “ကောင်လေး… မင်းသေချင်နေတာလား…”

ထို့နောက် ရန်ကိုင့်တည့်တည့်သို့ သူ့ဓါးကိုဝှေ့ယမ်းလျက် ခုတ်ချလိုက်လေသည်။

သို့ရာတွင် ရန်ကိုင့်ဆီမှ ဖြာထွက်လာသော ရွှေရောင်သွေးမျှင်များသည် ရုတ်တရက်ဆိုသလို ဧရာမရွှေရောင်ပိုက်ကွန်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

ဓါးလှိုင်းမှာ အတော်လေးကိုမှ အားကောင်းသယောင် ထင်ရသော်ငြား ရွှေရောင်ပိုက်ကွန်ကိုတော့ မည်သို့မျှ ချိုးဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ထို့အတွက်ကြောင့် ဓါးလှိုင်းမှာ ရှေ့သို့ ဆက်မသွားနိုင်တော့ဘဲ ရွှေရောင်ပိုက်ကွန်၏ တဖြည်းဖြည်း ဖိချခြင်း ခံရကာ အားနည်းသထက် အားနည်းလာခဲ့လေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ရွှေရောင်ပိုက်ကွန်သည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ဓါးဖြင့်ခုတ်ချလိုက်သော ကျင့်ကြံသူဆီသို့ ဆက်လက်တိုးဝင်သွားနေပေသေးသည်။ တဖြည်းဖြည်းနှင့် နီးကပ်လာနေသော ရွှေရောင်ပိုက်ကွန်ကြီးကိုကြည့်ရင်း ဓါးဖြင့်ခုတ်ချလိုက်သူ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

ရွှေရောင်ပိုက်ကွန်နှင့်ပတ်သက်၍ ဘာတွေများ ထူးခြားနေသလဲဆိုသည်ကို သူမသိသော်ငြား ပိုက်ကွန်ဆီမှ ဖြာထွက်လာနေသည့် စွမ်းအင်အရှိန်အဝါမှာ သူလျစ်လျူရှုနိုင်သည့် အရာမျိုးမဟုတ်ချေ။ အခြေအနေမဟန်တော့သည်နှင့် တစ်ပြိုင်နက် ချက်ချင်း နောက်ပြန်ဆုတ်လိုက်လေ၏။

သို့သော်ငြား ချက်ချင်းဆိုသလို မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

အကြောင်းမှာ အစောပိုင်းက သူနှင့် မီတာတစ်ရာအကွာခန့်တွင်ရှိနေသော ရန်ကိုင်သည် တစ္ဆေသရဲတစ်ကောင်နှယ် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် အတွက်ကြောင့်ပင်လျှင်။

ရန်ကိုင့်မျက်လုံးထဲရှိ ရက်စက်သည့် အကြည့်သည်ကို မြင်ပြီးသည့်နောက် ထိုလူ၏ ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရလေသည်။

ရန်ကိုင် သူ့နားသို့ မည်ကဲ့သို့ ရောက်လာသလဲ ဆိုသည်ကိုပင် သတိမထားမိလိုက်ချေ။ သူ့ခမျာ တစ်ချက်ကလေး သတိမမူမိရုံရှိသေး ရန်ကိုင်သည် သူနှင့် မျက်နှာချင်းဆိုင်တည့်တည့်သို့ ရောက်နေခဲ့လေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင့်၏ဘယ်ဘက်မျက်လုံးထဲမှ ကြာဖူးတစ်ပွင့် သူ့ဆီသို့ ပျံသန်းလာသည်ကို ထိုကျင့်ကြံသူ တွေ့ရှိလိုက်ရလေသည်။ ကြာဖူးမှာ ပေါ်လာပြီးပြီးချင်း ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားခဲ့လေ၏။ ထို့နောက်တွင် သူ့အသိစိတ်ပင်လယ်တစ်ခုလုံး အဆက်မပြတ် တုန်ရီလာခဲ့ရာ ထိုကျင့်ကြံသူမှာ ခေါင်းမူးဝေလာပြီး ဖင်ထိုင်ရက် လဲကျလုမတတ် ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လက်သီးတစ်ချက် ထိုးချလိုက်လေသည်။

“ခရက်…”

အရိုးကျိုးသံများနှင့်အတူ ဟင်းလင်းပြင်ထဲ သွေးများ ပန်းထွက်လာခဲ့လေ၏။ ရန်ကိုင်၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့် ကျင့်ကြံသူမှာတော့ ရန်ကိုင့်ကိုသာ မယုံကြည်နိုင်ဟန်ဖြင့် ငေးကြောင်ကြောင်ဖြင့်သာ ရပ်ကြည့်နေခဲ့လေသည်။ တစ်ချိန်တည်းတွင် ဘေးပတ်ဝန်းကျင်ဆီမှ သက်ပြင်းရှိုက်သံများ အစီအရီ ထွက်ပေါ်လာခဲ့လေ၏။

အကြောင်းမှာ ရန်ကိုင် ဘာလုပ်သွားသလဲ ဆိုသည်ကို ဘေးပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူအားလုံး မြင်လိုက်ရသည့် အတွက်ကြောင့်ပင်လျှင်။ ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ပညာရပ်တစ်ခုခုကို ထုတ်သုံးလိုက်လေသည်။ ထိုပညာရပ်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူနှင့် ရင်ဆိုင်နေရသည့် ကျင့်ကြံသူမှာ နာကျင်သွားသည့်အလား သူ့မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ထိုကျင့်ကြံသူ၏ ရင်ဘတ်တည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်လေသည်။

ထိုအချင်းအရာကိုကြည့်ရင်း ဘေးတွင်ရပ်နေကြသည့် ကျင့်ကြံသူများ ရင်တဒိန်းဒိန်း ခုန်နေကြတော့လေသည်။

အကြောင်းမှာ လက်ရှိအချိန်တွင် ရန်ကိုင့်၏လက်ထဲ၌ တဒုတ်ဒုတ်ခုန်နေသော နှလုံးတစ်ခု ရှိနေသည့် အတွက်ကြောင့်ပင်လျှင်။

ရန်ကိုင်သည် အားလေးအနည်းငယ်သုံး၍ သူ့လက်ကို ဖျစ်ချလိုက်ရာ သူ့လက်ထဲတွင်ရှိနေသော နှလုံးတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ ရန်ကိုင့်၏လက်သီးချက်စာမိသွားသော ကျင့်ကြံသူမှာလည်း အသက်ပျောက်သွားသည့်အလား သူ့ခေါင်းတစ်ခုလုံး ဘေးသို့ စောင်းကျသွားခဲ့ပြီး လုံးဝ သေသွားခဲ့ရလေသည်။

“ဂလု… ဂလု…”

တံတွေးမျိုချသံများ ဘေးပတ်ဝန်းကျင်ဆီမှ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ယခုဆိုလျှင် ရန်ကိုင့်အား ကြည့်နေသည့် လူပေါင်းများစွာတို့၏ အကြည့်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ ယခင်က မောက်မာဝံ့ကြွားသည့်ရန်ကိုင့်အပေါ် အလွန်ကိုမှ အမြင်မကြည် ဖြစ်ခဲ့ပါသော်ငြား လက်ရှိအချိန်တွင် အကုန်လုံးမှာ ရန်ကိုင့်အား အတော်လေးကို ကြောက်လန့်မိနေလေပြီ။

အဆင့်တူကျင့်ကြံသူတစ်ဦးအား မျက်တောက်တစ်ခတ်အတွင်း အလွယ်တကူ သတ်ပြသွားသည်မှာ ဤနေရာတွင် ရှိနေသည့် လူတိုင်း လုပ်နိုင်သည့် အရာမျိုးမဟုတ်ချေ။

သူတို့အနေဖြင့် အဆင့်တူကျင့်ကြံသူတစ်ဦးကို သတ်နိုင်မည်ဆိုလျှင်ပင် သူတို့၏ အားအကောင်းဆုံးသော ပညာရပ်များကို ထုတ်သုံးရပေလိမ့်ဦးမည်။ ထိုသို့လုပ်ရန်အတွက် အလွန်ကိုမှ အားကုန်ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ရွှေရောင်ပိုက်ကွန်တစ်ခုထုတ်သုံး၍ လက်သီးတစ်ချက်သာ ပစ်သွင်းလိုက်သည်။ ထိုသို့ဖြင့် သူနှင့်အဆင့်တူကျင့်ကြံသူတစ်ဦးမှာ ကြက်ကလေးငှက်ကလေးသဖွယ် အလွယ်တကူ အသက်ပျောက်သွားခဲ့ရလေသည်။

ယခုမှသာလျှင် ရန်ကိုင် ဘာကြောင့် ဤမျှ မောက်မာနေမှန်းကို အကုန်လုံး နားလည်သွားတော့လေသည်။ ရန်ကိုင်တွင် ထိုကဲ့သို့ မောက်မာရန် အရည်အချင်း အမှန်တကယ် ရှိနေသည်ကိုး…။

“သူပဲ…” ရန်ကိုင် တိုက်ခိုက်လိုက်သည်ကို မြင်ပြီးသည့်နောက် ကျန်းဟောင်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

“ဘယ်သူလဲ….” ကျန်းရှန်က လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

ကျန်းဟောင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ငါထင်တာမမှားရင် အဲ့ကောင်က ယုယင်နဲ့အတူ ရှိနေတဲ့လူပဲ…”

ကျန်းရှန် အကြီးအကျယ် ထိတ်လန့်သွားခဲ့လေသည်။ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… အဲ့ကောင်က မင်းရဲ့တိုက်ကွက်တစ်ကွက်တည်းနဲ့ ဒဏ်ရာရသွားတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရမှာလဲ… ပြီးတော့ သူတို့နှစ်ယောက်လုံးက လုံးဝကို ရုပ်တူတာလည်း မဟုတ်ဘူး…”

ကျန်းဟောင်က ရှင်းပြလိုက်လေသည်။ “ရုပ်က လိုရင်လိုသလို ပြောင်းပစ်လို့ရတယ်… အရှိန်အဝါကတော့ ပြောင်းပစ်လို့မရဘူး… ဒီကောင်လှုပ်ရှားလိုက်တည်းက သူမှန်း ငါသိနေတာ… ဒီကောင်က သူ့ခွန်အားကို ကောင်းကောင်းဖုံးကွယ်ထားတာပဲကွ… ဒါပေမဲ့ သူက ဒီရောက်နေပြီး ယုယင်က ဘယ်ရောက်နေတာလဲ…”

ကျန်းရှန်က မျက်နှာတည်ဖြင့် ရှင်းပြလိုက်လေသည်။ “ဒီကောင့်ပုံစံကိုကြည့်ကြည့်… ဒီလောက်ထိ ရက်စက်နေတဲ့ပုံပေါက်ရင်တော့ ယုယင်ရဲ့ဘဝကလည်း ကောင်းမှာမဟုတ်တာတော့ သေချာတယ်…”

ကျန်းဟောင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။ “အရင်တုန်းက ငါသူ့ကို တိုက်ခိုက်ခဲ့တာဆိုတော့ ဒီကောင်သာ ငါ့ကို အငြိုးထားပြီး လာတိုက်ခိုက်မယ်ဆိုလို့ရှိရင်…” ထိုသို့ပြောပြီးသည့်နောက် ကျန်းဟောင်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ဗြဟ္မာ့ကုန်းမြေ၏ တော်ဝင်သားတော်တစ်ပါး ဖြစ်သည်နှင့်အညီ ကျန်းဟောင်သည် အဆင့်တူအတွင်း မည်သူ့ကိုမှ မကြောက်ခဲ့ဖူးချေ။ သို့သော်ငြား ရန်ကိုင်၏ ရက်စက်ပုံနှင့် အားကောင်းလှသည့် ခွန်အားကိုမြင်ပြီးသည့်နောက် သူ့စိတ်ထဲ အနည်းငယ် ကြောက်လန့်မိလာခဲ့လေသည်။

ကျန်းရှန်၏ အမူအယာလည်း ပြောင်းလဲသွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ယုယင်သာ သူ့ကြောင့် သေသွားတာဆိုလို့ရှိရင် ငါတို့ ဒီအကြောင်းကို မရဏဂိုဏ်းက ယင်လဲ့ရှန်းကို ပြောလို့ရတယ်… ယင်လဲ့ရှန်းက စိတ်ထားကောင်းတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး…”

ထိုစကားကိုကြားသည့်အခါ ကျန်းဟောင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။ “ဟုတ်တယ်… ငါတို့ အဲ့လိုမျိုး လုပ်လို့ရတယ်…”

သူတို့နှစ်ဦး တိတ်တဆိတ် ပြောဆိုဆက်သွယ်နေစဉ် အတောအတွင်း လန်ဟဲဘက်မှ တိုက်ပွဲမှာလည်း ပြီးဆုံးသွားခဲ့လေသည်။

လန်ဟဲမှာ အစတည်းက အထင်သေးသင့်သည့် လူတစ်ဦးမဟုတ်ချေ။ သူမအနေဖြင့် အောက်စည်းသို့ ရောက်နေရခြင်းမှာ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ယခု ရန်ကိုင်မှ အခြားတစ်ဦးအား သတ်လိုက်သော် သူမနှင့် တိုက်ခိုက်နေသည့် လူမှာ အကြီးအကျယ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ထို့အတွက်ကြောင့် လန်ဟဲမှာ အပေါ်စီးမှဖိ၍ တိုက်ခိုက်နိုင်ခဲ့ကာ အချိန်တိုအတွင်း ထိုလူကို သတ်ပစ်သွားနိုင်ခဲ့လေ၏။

ချက်ချင်းဆိုသလို ကြယ်စည်းတံဆိပ်နှစ်ခုသည် ရန်ကိုင်နှင့် လန်ဟဲတို့ဆီသို့ ပျံသန်းလာခဲ့လေသည်။ ထိုလူနှစ်ဦး၏ သိုလှောင်လက်စွပ်များကိုပင်လျှင် ရန်ကိုင်နှင့် လန်ဟဲတို့မှ ချွတ်ယူလိုက်ကြလေသည်။

ထိုအဖြစ်အပျက်ပြီးသည့်နောက်တွင် လန်ဟဲသည် ရန်ကိုင့်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လိုက်လေသည်။

ရန်ကိုင် ဘာကြောင့်ပဲ သူမအား ကယ်တင်ခဲ့သည်ဖြစ်ပါစေ ရန်ကိုင်မှ သူမအသက်ကို ကယ်တင်ခဲ့သည်မှာ ပြောင်းလဲ၍မရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ ရန်ကိုင်သာ မလှုပ်ရှားခဲ့ပါက သူမအနေဖြင့် အနှေးနှင့်အမြန်ဆိုသလို ထိုလူနှစ်ဦး၏လက်အောက်တွင် သေရပေလိမ့်မည်။

“ဒီသခင်လေးက ဘာကောင်လဲဆိုပြီး ခုနတုန်းက ငါ့ကိုမေးနေတဲ့ကောင် ရှိပါတယ်…” ရန်ကိုင်က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း မောက်မာတကြီးဖြင့် “အဲ့ဒါ ဘယ်ကောင်လဲ ထွက်လာခဲ့စမ်း… ဒီသခင်လေး အခု ငါဘယ်သူလဲဆိုတာ မင်းကို ပြောပြရသေးတာပေါ့…”

အစောပိုင်းက စကားပြောလိုက်သည့်လူမှာ လူအုပ်ကြီးကြားထဲ ကြောက်ကြောက်လန့်လန့်ဖြင့် ပုန်းအောင်းနေခဲ့လေသည်။

“ရောင်းရင်း… မင်းတစ်ခုခုပြောတော့မယ်ဆိုရင် နည်းနည်းပါးပါးတော့ ထိန်းထိန်းသိမ်းသိမ်းလေး ပြောသင့်တယ်လို့ မထင်ဘူးလား…” ကျန်းဟောင်သည် ရုတ်တရက် လှောင်ပြုံးပြုံးလျက် ရန်ကိုင့်အား ကြည့်ကာ ပြောလိုက်လေသည်။ “ဒီလောကကြီးမှာ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား…” ကျန်းဟောင်၏စကားသည် ရန်ကိုင့်အား လူအုပ်ကြီး၏ ဘုံရန်သူဖြစ်အောင် လုပ်ပေးသလို ဖြစ်သွားခဲ့လေရာ လူအုပ်ကြီးမှာ ရန်ကိုင့်အား ဒေါသတကြီးဖြင့် လှည့်ကြည့်လာတော့လေ၏။

ကျန်းဟောင်သည် လူအုပ်ကြီး ဒေါသမထွက်ထွက်အောင် ဆွပေးလာနေမှန်း လူတိုင်းသိပါသော်ငြား ရန်ကိုင့်၏ပုံစံမှာ တကယ်ကို ဒေါသထွက်ချင်စရာ ကောင်းနေခဲ့ပေသည်။

“အဲ့တော့ရော ဘာဖြစ်လဲ… မင်း မကျေနပ်ဘူးလား… မကျေနပ်ရင် ငါ့ကို လာကိုက်လေ…” ရန်ကိုင်သည် ကျန်းဟောင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။

ကျန်းဟောင်ကမူ နှာခေါင်းသာရှုံ့လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။ ကျန်းဟောင်သည် ရန်ကိုင့်၏ပြောဆိုပုံကြောင့် ဒေါသမထွက်သွားသည့်အပြင် လှောင်ပြုံးပြုံး၍ပင် ရန်ကိုင့်အား စောင့်ကြည့်နေသေး၏။

“ငါ့ဂျူနီယာညီမယုယင် ဘယ်မှာလဲ…” ရုတ်တရက် တစ်ယောက်ယောက်က အော်ပြောလိုက်လေသည်။

ရန်ကိုင် မျက်ခုံးပင့်လျက် လှမ်းကြည့်လိုက်ရာ စကားပြောလိုက်သည့်လူမှာ ယင်လဲ့ရှန်းဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

(စိတ်ဝင်စားစရာပဲ… ငါက သူ့ကို လိုက်ရှာနေတာ… ဒီကောင်က သူ့ဘာသာသူ ငါ့ရှေ့ကို ရောက်လာမယ်လို့ လုံးဝမထင်ထားဘူး… ဒါပေမဲ့ ဒီကောင်က ယုယင်အကြောင်း ဘယ်လိုလုပ်ပြီး လာမေးနေရတာလဲ… ယုယင် ငါနဲ့အတူ ရှိနေတယ်ဆိုတာကို သူဘယ်လိုလုပ်ပြီး သိသွားတာလဲ… ငါ့ရုပ်ရည်ကိုတောင် ပြောင်းလဲသွားပြီလေ…)

သို့သော်ငြား မကြာမီ တစ်ခုခုအား နားလည်သွားခဲ့ပြီး ရန်ကိုင်သည် ကျန်းဟောင်အား သေသေချာချာ လှမ်းကြည့်လိုက်လေသည်။

“မတွေ့ရတာ ကြာသွားတာနဲ့ မင်း ဒီလောက်အထိ အားကောင်းလာလိမ့်မယ်လို့ ငါဘယ်လိုမှ ထင်မထားခဲ့ဘူး…” ယင်လဲ့ရှန်းသည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ သူ့စိတ်ထဲတွင်တော့ အတော်လေးကို ထိတ်လန့်နေမိလေသည်။ ရန်ကိုင်မည်သူမည်ဝါမှန်း ယင်လဲ့ရှန်းသိသွားသည့်ပုံပင်။ တကယ်တော့ ကျုန်းကျန်းယုံသည် ရန်ကိုင်နှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကို ယင်လဲ့ရှန်းအား ပြောပြထားပြီးသွားပြီ မဟုတ်လေလော။ ထို့ကြောင့်ပင်လျှင် ယင်လဲ့ရှန်းသည် ရန်ကိုင့်အကြောင်းကို သိနေရခြင်း ဖြစ်လေသည်။

ရန်ကိုင်သည် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အားတက်သရော ထောက်ပံ့မှုမပါဘဲ တာအိုသခင် တတိယအဆင့်သို့ ဤမျှ အချိန်တိုအတွင်း တက်လှမ်းနိုင်ခဲ့သည်။ ရန်ကိုင် ကံကောင်းလွန်းသည့်အတွက်ကြောင့် ဤအဆင့်သို့ ရောက်လာသည်ဟု ယင်လဲ့ရှန်းမထင်ချေ။

“မင်းလည်းမဆိုးပါဘူး…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေသည်။ သူမည်သူမည်ဝါမှန်း သိသွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဆက်၍ ဖုံးကွယ်မနေတော့။ သူ့မျက်နှာဖုံးကိုချွတ်၍သာ ရုပ်အမှန်ကို ပြပေးလိုက်လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၅၃)

“ဟုတ်တာပဲ… မင်းပဲကိုး…” ယင်လဲ့ရှန်း၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ ရန်သူနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည့်နောက်တွင် ယင်လဲ့ရှန်း၏မျက်လုံးထဲ ဒေါသမီးတောက်တို့ လောင်မြိုက်လာခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ ထပ်ပြောလိုက်လေသည်။ “မင်းက တကယ်ကို ဒူပေဒဏ်ပေ ခံနိုင်တဲ့ကောင်ပဲကွ… မသေရုံတင်မဟုတ်ဘူး ကြယ်ပျက်ပင်လယ်ထိပါ ရောက်လာနိုင်မယ်လို့ ငါ တကယ်ကို မထင်ထားဘူး…”

ရန်ကိုင်သည် ယင်လဲ့ရှန်းအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ယင်လဲ့ရှန်း… ငါမင်းကို တစ်ခုမေးမယ်… မင်း ငါ့ကို အမှန်အတိုင်းဖြေရင် ကောင်းလိမ့်မယ်… အဲ့တုန်းက ငါနဲ့အတူပါလာတဲ့ ရုပ်သေးရုပ် ဘယ်မှာလဲ…”

ယင်လဲ့ရှန်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဘယ်သူသိမှာလဲ… မင်းရုပ်သေးရုပ်ပဲဟာကို မင်းပဲသိမှာပေါ့… ငါ ဘာလို့ သိရမှာလဲ…”

(ထင်တဲ့အတိုင်းပဲ ဒီကောင် ရှောင်ရှောင်အကြောင်း သိနေတာပဲ…)

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ယင်လဲ့ရှန်းသည် ရန်ကိုင့်၏မေးခွန်းကို တိုက်ရိုက်ပြန်မဖြေခဲ့သော်ငြား ယင်လဲ့ရှန်း၏လေသံနှင့် ပုံစံအရ ရှောင်ရှောင်အကြောင်းကို သိထားမှန်း ရန်ကိုင် တပ်အပ်ပြောနိုင်ပေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဒေါသထွက်လာခဲ့ပြီး ယင်လဲ့ရှန်းအား စိုက်ကြည့်၍ အော်ပြောလိုက်လေသည်။ “ကြည့်ရတာ မင်း ငါ့ကို ပြောမယ့်ပုံမပေါ်ဘူးပဲ…”

ယင်လဲ့ရှန်းက ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “သိနေသေးရင် ဘာလို့ လာမေးနေသေးတာလဲ…”

“ကောင်းပြီလေ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ ရုတ်ချည်းဆိုသလို သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ ကြမ်းကြုတ်ခက်ထန်လာခဲ့လေရာ သူ့အနီးတစ်ဝိုက်တွင် ရှိနေသည့် ကျင့်ကြံသူအားလုံး တုန်ရီသွားခဲ့ရလေသည်။ ထို့နောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ “မင်းက ငါ့ကို မပြောမှတော့ ဒီသခင်လေးကလည်း မင်းပြောလာတဲ့အထိ ရိုက်ပေးရသေးတာပေါ့…”

ထိုစကားကိုကြားသည့်အခါ ယင်လဲ့ရှန်း၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “ဒီလောကကြီးမှာ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား…”

“ငါ့ကိုယ်ငါ ပြိုင်ဘက်ကင်းတယ်လို့တော့ မထင်ဘူး… ဒါပေမဲ့ ငါ့ခွန်အားက မင်းကို သေတဲ့ထိ ရိုက်သတ်ဖို့တော့ လုံလောက်တယ်…”

ထိုစကားကိုကြားသည့်အခါ ယင်လဲ့ရှန်းမှာ ဒေါသထွက်သွားခြင်းမရှိဘဲ ဝါးလုံးကွဲအော်ရယ်မော၍ပင် ပြန်ပြောလိုက်လေသည်။ “မင်းက အဲ့လိုထင်နေတာလား… ဘာလို့လဲ… မင်းက ကြယ်သခင်တစ်ယောက်ဖြစ်နေလို့လား…”

“ဘာ… ရောင်းရင်းယင်… မင်းဘာပြောလိုက်တာ…”

“ဒီကောင်က ကြယ်သခင်လား…”

“ကြယ်သခင်တွေအကုန်လုံးက အဆင့်နိမ့်ကြယ်စီရင်စုကြီးတွေကနေ လာကြတာမဟုတ်ဘူးလား… ဒါဆို ဒီကောင်ကလည်း အဆင့်နိမ့်ကြယ်စီရင်စုကနေ လာတဲ့ကောင်ပေါ့…”

“ကြယ်သခင်တွေအကုန်လုံးမှာ အကောင်းအတိုင်းရှိတဲ့ ကြယ်အမြုတေရှိတယ်လို့ ပြောကြတယ်… အဲ့ဒါကြောင့်ပဲ ကောင်းကင်လမ်းစဉ်နဲ့ သိုင်းတာအိုကို နားလည်တဲ့နေရာမှာ သူတို့က အခြားသူတွေထက် နှာတစ်ဖျားပိုသာနေတာ… တကယ်ဟုတ်မဟုတ်တော့ ငါလည်းသေချာမသိဘူး…”

ရန်ကိုင်မှ ကြယ်သခင်တစ်ဦး ဖြစ်သည်ဆိုသည့်အကြောင်းကို ကြားလိုက်သည်နှင့် အနီးအနားတွင်ရှိနေသော ကျင့်ကြံသူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။ အကုန်လုံးသည် ရန်ကိုင့်အား အဆီရွှဲနေသည့် အသားတုံးကြီးတစ်တုံးကို ကြည့်နေသည့်ပုံစံမျိုးဖြင့် စူးစိုက်ကြည့်နေကြလေ၏။

လူတိုင်းသည် ကြယ်ပျက်ပင်လယ်ထဲသို့ ကြယ်အမြုတေစွမ်းအားကို ရှာရန်အလို့ငှာ ရောက်လာကြခြင်းဖြစ်ပေသည်။ သို့သော်ငြား ဤနေရာတွင် ရှိနေသည့် ကြယ်အမြုတေအားလုံးလိုလိုမှာ ပျက်စီးနေပြီဖြစ်သော ကြယ်အမြုတေအပိုင်းအစများသာ ဖြစ်ကြလေသည်။ ထိုကြယ်အမြုတေများကို စုပ်ယူရသည်မှာ သူတို့၏ကျင့်ကြံခြင်းအပေါ် ကူညီပေးနိုင်သော်ငြား တကယ့်တကယ်တွင်တော့ ထိုအရာများသည် အပိုင်းပိုင်းအစအစဖြစ်နေသော အရာများသာလျှင် မဟုတ်ပေလော။ အကောင်းအတိုင်းရှိနေသေးသည့် ကြယ်အမြုတေတစ်ခုအား မည်သို့များ ယှဉ်နိုင်ပါမည်နည်း။

ပြီးပြည့်စုံသောကြယ်အမြုတေတစ်ခုသည် သူတို့အား ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ပို၍ နက်နက်နဲနဲနားလည်အောင် ကူညီပေးနိုင်ပေသည်။

ဟိုးယခင်အခါက ကြယ်ပျက်ပင်လယ်ထဲတွင် အကောင်းအတိုင်းရှိနေသေးသည့် ကြယ်အမြုတေများရှိကြသည်ဟု ကောလဟာလများ ထွက်ခဲ့ပေသည်။ သို့သော်ငြား ကြယ်ပျက်ပင်လယ်မှ တစ်ကြိမ်မက ဖွင့်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ထိုအကောင်းအတိုင်းရှိနေသော ကြယ်အမြုတေအားလုံးကို သူတို့ထက်စောဝင်လာသည့် ကျင့်ကြံသူများမှ ယူသွားပြီးကုန်ကြလေပြီ။ ထို့အတွက်ကြောင့် ဤနေရာတွင် ကျန်ရစ်နေသည့် ကြယ်အမြုတေအားလုံးမှာ အပျက်အစီးများသာ ဖြစ်နေကြခြင်း ဖြစ်လေသည်။

ကြယ်ပျက်ပင်လယ်သာ နောက်ထပ်အကြိမ်အနည်းငယ်ခန့် ထပ်ပွင့်မည်ဆိုပါက ၎င်းအထဲတွင် ရှိနေသော အပိုင်းပိုင်းအစစဖြစ်နေသည့် ကြယ်အမြုတေများသည်ပင်လျှင် အကုန်အစင် ပြောင်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ကြယ်ပျက်ပင်လယ်သည် ကျင့်ကြံသူများအတွက် ယခုလောက် စွဲမက်ဖွယ် ကောင်းနေတော့လိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် ကြယ်သခင်တစ်ဦးဖြစ်မှန်း ကြားလိုက်ရသည့်နောက် ကျင့်ကြံသူပေါင်းများစွာ စိတ်လှုပ်ရှားသွားကြခြင်း ဖြစ်လေသည်။

ယင်လဲ့ရှန်းက အော်ရယ်မောလျက် အတည်ပြုပေးလိုက်လေ၏။ “ဟုတ်တယ်… ဒီကောင်က ကြယ်သခင်ပဲ… ဒီယင်ကိုယ်တိုင် အာမခံပေးလို့ရတယ်…”

ထိုစကားကိုကြားသည့်အခါ လူတိုင်း ယင်လဲ့ရှန်းအား ထူးထူးဆန်းဆန်းအကြည့်ဖြင့် စိုက်ကြည့်လာကြလေသည်။

လန်ဟဲက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “ရယ်စရာကောင်းလိုက်တာ… မရဏဂိုဏ်းက တကယ်ကို အရှက်မရှိတော့ပါလား…”

ရန်ကိုင်သည် သူမအသက်ကို တစ်ကြိမ် ကယ်ပေးထားဖူးသူ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှ လူအုပ်ကြီး၏ ပစ်မှတ်ထားခံနေရသည်ကိုမြင်သော် လန်ဟဲလည်း ဆက်ကြည့်မနေနိုင်တော့ဘဲ ရန်ကိုင့်ဘက်မှ ဝင်ပြောပေးလိုက်လေသည်။

ထိုစကားကိုကြားသည့်အခါ ယင်လဲ့ရှန်း၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “ငါ့ကိုမယုံရင် နင်ကိုယ်တိုင် သူ့ကို မေးလိုက်ကြည့်ပါလား…. လွန်ခဲ့တဲ့ ၇နှစ်တုန်းက သူ့ကျင့်ကြံခြင်းက ဘယ်အဆင့်မှာရှိနေတာလဲလို့…”

လူထွားကြီးတစ်ဦးက ရန်ကိုင့်ဘက်သို့လှည့်၍ အော်မေးလိုက်လေသည်။ “ကောင်လေး… သူပြောတာကို မင်းကြားလား… မြန်မြန်ဖြေလေ…”

ရန်ကိုင်မှ သူနှင့်အဆင့်တူ ကျင့်ကြံသူတစ်ဦးအား အလွယ်တကူ သတ်ဖြတ်သွားသည့် မြင်ကွင်းမှာ ထိတ်လန့်ဖွယ်ရာ ကောင်းသော်ငြား လက်ရှိအချိန်တွင် ရန်ကိုင်သည် တစ်ယောက်တည်းရှိနေခြင်းဖြစ်လေသည်။ လူပေါင်းများစွာမှာ သူ့အား ပစ်မှတ်ထားနေလေရာ ရန်ကိုင် မည်မျှပင် အားကောင်းနေစေကာမူ သူတို့အား ပြန်လှန်နိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်နေပေသည်။

ရန်ကိုင်သည် လူထွားကြီးအား စောင်းငဲ့လျက် တစ်ချက်စိုက်ကြည့်လိုက်ပြီးသည့်နောက် အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ငါ့ဘာသာငါ ပြန်ဖြေဖြေ မဖြေဖြေ မင်းသောက်ပူမပါဘူး…”

ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် ထိုလူထွားကြီးအား မျက်စိထဲပင်မထည့်ချေ။ ထို့အတွက်ကြောင့် လူထွားကြီးမှာ ဒေါသထွက်လာရတော့လေသည်။

ယင်လဲ့ရှန်းကပြုံးလျက် ဆက်ပြောလိုက်လေသည်။ “လွန်ခဲ့တဲ့ ၇နှစ်တုန်းက သူက တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်မှာပဲ ရှိသေးတာ… ဟုတ်တယ်မလား ရောင်းရင်းရန်…”

“တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်…”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

“၇နှစ်တည်းနဲ့ တန်ခိုးဘုရင်ဒုတိယအဆင့်ကနေ တာအိုသခင်တတိယအဆင့်ကို တက်လာတာလား… ငါ့လခွမ်း… မြန်လိုက်တာ…”

“ရောင်းရင်းယင်… မင်းငါတို့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်…”

တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်မှ တာအိုသခင်တတိယအဆင့်သို့ ၇နှစ်အတွင်း တက်လာခြင်းမှာ အလွန်ကိုမှ မြန်လွန်းပေသည်။ ရန်ကိုင်နှင့်ယှဉ်လိုက်သော် ဤနေရာရှိ လူတိုင်းလိုလိုသည် လွန်ခဲ့သည့် ၇နှစ်အတွင်း တာအိုသခင်အဆင့်သို့ ရောက်နေကြပြီးသည့်လူများ ဖြစ်ကြပေသည်။

ယင်လဲ့ရှန်းက ပြန်ပြောလိုက်လေသည်။ “မင်းတို့ကိုလိမ်လို့ရော ငါ့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ… ကံကောင်းသွားခဲ့တယ်ဆိုရင်တော့ အချိန်တိုအတွင်း ဒီအဆင့်ထိ ရောက်လာနိုင်တယ်ဆိုပေမဲ့ ကြယ်သခင်တစ်ဦးဖြစ်နေတာက သူ့ရဲ့ အကြီးမားဆုံးသော အားသာချက်ပဲ…”

“အဆင့်နိမ့်ကြယ်စီရင်စုကလာတဲ့ ကျင့်ကြံသူတိုင်းက ပါရမီရှင်တွေလို့ ငါကြားဖူးတယ်… အထူးသဖြင့် ကြယ်သခင်တွေပဲ… သူတို့ကျင့်ကြံနှုန်းတွေက မိုးထိမတတ်ကို မြန်တာတဲ့… ရောင်းရင်းယင်ပြောတာသာ အမှန်ဖြစ်မယ်ဆိုရင်တော့ ဒီနေ့ ငါတကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားရတာပဲ…”

“မရဏဂိုဏ်းက တပည့်တစ်ယောက်ပြောနေတာကို မင်း ယုံနေတာလား… ယင်လဲ့ရှန်း ဒီကောင်နဲ့ ရန်ငြိုးရှိနေတယ်ဆိုတာ အသိသာကြီး… အဲ့ဒါကြောင့်ပဲ အဲ့ကောင်ကို ကြယ်သခင်တစ်ယောက်ဆိုပြီးတော့ အားလုံးသိအောင် ထုတ်ပြောပစ်လိုက်တာ… ဒီကောင် ဓါးငှားပြီး လူသတ်ချင်နေတာ အသိသာကြီး…”

“ငါလည်း အဲ့ဒါကိုတော့ သိတာပေါ့… ဒါပေမဲ့ အကောင်းအတိုင်း ရှိနေသေးတဲ့ ကြယ်အမြုတစ်ခုကို မလိုချင်တဲ့သူ ဘယ်သူရှိလို့လဲ… ငါသာ အဲ့ဒါကို ရလိုက်မယ်ဆိုလို့ရှိရင်…”

အမျိုးမျိုးသောတီးတိုးသံများ နေရာအနှံ့ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်သည် ထိုစကားများကို မသိချင်ယောင်ဆောင်လျက် ယင်လဲ့ရှန်းကိုသာ ကြည့်ကာ ပြောလိုက်လေသည်။ “မင်းက ငါ့အကြောင်းချည်းပဲ ပြောနေတာ… မင်းအကြောင်းလေးလည်း နည်းနည်းပါးပါးပြောပါဦး… လွန်ခဲ့တဲ့ ၇နှစ်တုန်းက မင်းလည်း တန်ခိုးရှင်ဘုရင် တတိယအဆင့်မှာပဲ ရှိနေခဲ့တာမဟုတ်ဘူးလား…”

ယင်လဲ့ရှန်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့တော့ဘာဖြစ်လဲ…”

ယင်လဲ့ရှန်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူပေါင်းများစွာသည် ယင်လဲ့ရှန်းအား အံ့အားသင့်တကြီးဖြင့် ကြည့်လာခဲ့လေသည်။

ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်မှ တာအိုသခင်တတိယအဆင့်သို့ ရောက်ရန် အချိန် ၇နှစ် ယူခဲ့ပေသည်။ ဤသည်မှာ အလွန်ကိုမှ မယုံကြည်နိုင်ဖွယ်ရာ ကောင်းနေလေပြီ။ သို့သော်ငြား ယင်လဲ့ရှန်းသည်လည်း ရန်ကိုင်ကဲ့သို့ပင် အချိန် ၇နှစ်အတွင်း တန်ခိုးရှင်ဘုရင်အဆင့်မှ တာအိုသခင် တတိယအဆင့်သို့ တက်လာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ သူတို့နှစ်ဦးနှင့် ယှဉ်လိုက်သော် အကုန်လုံးမှာ သူတို့ကိုယ်သူတို့ နိမ့်ကျသလို ခံစားလိုက်ကြရလေသည်။

ယင်လဲ့ရှန်းက ပွင့်ပွင့်လေးလေး ပြန်ပြောလိုက်လေ၏။ “မင်းတို့ကိုပြောလို့တော့လည်း ကိစ္စမရှိပါဘူး… ဒီယင်ကိုယ်တိုင်ကလည်း ကြယ်သခင်တစ်ဦးပဲ… အဲ့ဒါကြောင့် ကြယ်သခင်တစ်ယောက် ဘယ်လောက် မြန်မြန်ဆန်ဆန်နဲ့ ကျင့်ကြံနိုင်လဲဆိုတာကို ငါမင်းတို့ကို ပြောပြနိုင်တာ…”

ယင်လဲ့ရှန်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အား စိုက်ကြည့်နေကြသည့် လူတိုင်း၏အကြည့်မှာ လောဘမီးတောက်တို့ဖြင့် လောင်မြိုက်လာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ယင်လဲ့ရှန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒါပေမဲ့ ငါက အဲ့ကောင်နဲ့မတူဘူး… ငါက မရဏဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရဲ့ အမွေခံတပည့်ပဲ… မင်းတို့ တစ်ခုခု မလှုပ်ရှားခင် အကျိုးဆက်တွေကို သေချာစဉ်းစားဖို့လိုလိမ့်မယ်…”

ထိုစကားကိုကြားသည့်အခါ လူပေါင်းများစွာ၏ အမူအယာ ပြောင်းလဲသွားခဲ့ကြလေသည်။ တစ်ခဏမျှ စဉ်းစားကြည့်ပြီးသည့်နောက် အကုန်လုံး ယင်လဲ့ရှန်းဆီမှ အကြည့်ပြန်လွှဲသွားကြလေ၏။

ကြယ်သခင်တစ်ဦးဖြစ်သော ယင်လဲ့ရှန်းမှာ အလွန်ကို စွဲမက်ဖွယ်ကောင်းသည့် ပစ်မှတ်တစ်ခုဖြစ်သော်ငြား သူသည် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ အမွေခံတပည့်တစ်ဦး ဖြစ်နေပေသည်။ ထို့အတွက်ကြောင့် သူ့တွင် အသက်ကယ်ဝှက်ဖဲများစွာ ရှိနေမည်မှာ မလွဲမသေပင်။ သူတို့သည်သာ ယင်လဲ့ရှန်းနှင့် သူသေကိုယ်သေ သွားရောက်တိုက်ခိုက်မည်ဆိုပါက ယင်လဲ့ရှန်း၏ကြယ်အမြုတေကို မရနိုင်သည့်အပြင် တိုက်ခိုက်နေရင်းမှ သူတို့၏အသက်ကိုပင်လျှင် ဆုံးရှုံးသွားရနိုင်ပေသည်။ ထိုသို့ဖြစ်သွားသည့်အခါ ဖွတ်မရ ဓါးမ ဆုံး အဖြစ်နှင့် ကြုံရပေလိမ့်မည်။

ယင်လဲ့ရှန်းနှင့် မတူညီစွာ ရန်ကိုင်သည် လွယ်ကူသည့် ပစ်မှတ်တစ်ခု ဖြစ်ပေသည်။

သို့သော်ငြား ထိုအကြောင်းကြောင့်ပင်လျှင် ယင်လဲ့ရှန်းကိုယ်တိုင်သည် ကြယ်သခင်တစ်ဦး ဖြစ်သည်ဟူသော စကားမှာ ပို၍ ယုံကြည်ဖွယ်ရာ ကောင်းလာတော့လေသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင့်အား ကြည့်နေသည့် လူတိုင်း၏အကြည့်ထဲ အလျှံတငြီးငြီး တောက်လောက်နေသည့် လောဘမီးတောက်တို့ ထွက်ပေါ်လာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ယင်လဲ့ရှန်းက ဝါးလုံးကွဲအော်ရယ်မောလျက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ရန်ကိုင် ရန်ကိုင်… ကောင်းကင်ကို သွားရမဲ့လမ်းရှိပေမဲ့ မင်းက ငရဲကိုသွားချင်နေမှတော့လည်း ဒီမှာရှိနေတဲ့ လူတွေအကုန်လုံးပေါင်းပြီး မင်းကို ယမမင်းဆီ ပို့ပေးရသေးတာပေါ့ကွာ…”

လူပေါင်းများစွာနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ “တကယ်ကို အရှက်မရှိပါလားကွာ… ဒီတော့ မင်းက ငါ့ကို ဓါးငှားပြီး လူသတ်ချင်နေတာပေါ့…”

“အဲ့ဒါတေ့ာ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်လေ…” ယင်လဲ့ရှန်းက ထူးမခြားနားဟန်ဖြင့် အော်ပြောလိုက်လေသည်။ “ရှင်းရှင်းပြောရရင် ငါတို့မရဏဂိုဏ်းမှာ ကြယ်သခင်တစ်ဦးဆီကနေ ကြယ်အမြုတေကို ဆွဲထုတ်ယူနိုင်တဲ့ ကျင့်စဉ်တစ်ခုရှိတယ်… ဒီတော့ မင်းတို့ထဲက တစ်ယောက်ယောက်သာ သူ့ကို သတ်နိုင်သွားမယ်ဆိုလို့ရှိရင် မင်းတို့ကိုကူပြီး အဲ့ကြယ်အမြုတေကို ယူပေးလို့ရတယ်…”

“ဟား ဟား ဟား… ရောင်းရင်းယင်က အခုလိုပြောလာမှာတော့ ငါတို့ဘက်က ဘာကို စိတ်ပူနေရဦးမှာလဲ… အစကတော့ ဒီကောင့်ကိုသတ်ပြီးရင် သူ့ကိုယ်ထဲက ကြယ်အမြုတေကို ဘယ်လိုယူရမလဲ စဉ်းစားနေတာ… ရောင်းရင်းယင်က ကူညီပေးမယ်ဆိုမှတော့ အဆင်ပြေသွားပြီပေါ့…” အစောပိုင်းက ရန်ကိုင်၏အော်ငေါက်ခြင်းခံရသည့် လူထွားကြီးက ဝါးလုံးကွဲအော်ရယ်ရင်း ပြောလိုက်လေသည်။

ယင်လဲ့ရှန်းက ပြန်ပြောလိုက်လေသည်။ “ဒီကောင်က တော်တော်လေးအားကောင်းတာနော်… မင်းတို့ သူ့ကြယ်အမြုတေကို လိုချင်နေလို့ရှိရင် အတူပူးပေါင်းတိုက်ခိုက်မှ အဆင်ပြေလိမ့်မယ်…”

ယခု ယင်လဲ့ရှန်းသည် ရန်ကိုင့်အား အတူပူးပေါင်းတိုက်ခိုက်ရန် လှုံ့ဆော်ပေးနေခဲ့လေသည်။ ဤနေရာရှိ ကျင့်ကြံသူများမှာ ယင်လဲ့ရှန်းပုံစံကို မကြိုက်ကြသော်ငြား အကောင်းအတိုင်းရှိနေသေးသည့် ကြယ်အမြုတေသည် သူတို့အမြင်တွင် အလွန်ကိုမှ စွဲမက်ဖွယ်ရာ ကောင်းနေခဲ့လေသည်။ ထို့အပြင် ရန်ကိုင်၏ အစောပိုင်းက ပြုမူပုံမှာ လူပေါင်းများစွာကို ဒေါသထွက်သွားစေခဲ့လေ၏။

ထို့အတွက်ကြောင့် ကျင့်ကြံသူအားလုံး၏ အရှိန်အဝါမှာ ရန်ကိုင့်ပေါ်သို့ ဖိချလာခဲ့လေသည်။ ရန်ကိုင့်ဘေးတွင် ရှိနေသော လန်ဟဲသည်ပင်လျှင် ထိုပူးပေါင်းအရှိန်အဝါကြောင့် မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့လေ၏။ လန်ဟဲကိုယ်တိုင်သည် အတော်လေးကိုမှ အားကောင်းပါသော်ငြား သူမအနေဖြင့် အဆင့်တူကျင့်ကြံသူပေါင်းများစွာကို တစ်ပြိုင်တည်း မရင်ဆိုင်ခဲ့ရဖူးချေ။ ထို့အတွက်ကြောင့် သူမစိတ်ထဲ စတင်၍ ထိတ်လန့်တုန်လှုပ်မိလာလေ၏။

ထိုသို့တုန်လှုပ်နေရင်းမှ ရန်ကိုင့်ဆီသို့ မသိမသာ လှမ်းကြည့်မိလိုက်လေသည်။ သို့သော်ငြား ရန်ကိုင့်မှာ လုံးဝကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေကြောင်း တွေ့လိုက်ရသဖြင့် လန်ဟဲ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင့်၏မျက်နှာထက် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင် စိုးစဉ်းမျှပင် မတွေ့ရချေ။ ကျင့်ကြံသူပေါင်းများစွာသည် ရန်ကိုင့်အား အမဲဖျက်တော့မည့်အလား မမှိတ်မသုန် စိုက်ကြည့်နေကြသော်ငြား ရန်ကိုင်ကမူ ကျောက်တောင်တစ်လုံးနှယ် မတုန်မလှုပ် ရှိနေဆဲ။

(သူ့ရဲ့စိတ်စွမ်းအင်က တကယ်ကို အားကောင်းတာပဲ…) လန်ဟဲ ကြိတ်၍ တွေးလိုက်လေသည်။

အစပိုင်းတွင် လန်ဟဲမှာ အတော်လေးကို ကြည့်မရခဲ့ချေ။ ရန်ကိုင်သည် စိတ်ထားသေးသိမ်သည့် တဏှာရူးတစ်ကောင်ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူမအသက်အား ကယ်ပေးပြီးသည့်နောက်ပိုင်း ရန်ကိုင့်အပေါ် လန်ဟဲ၏အမြင်မှာ အသွင်သစ်တစ်ခုသို့ ပြောင်းလဲသွားခဲ့ရလေသည်။

ကျင့်ကြံသူပေါင်းများစွာမှာ သူမဒုက္ခရောက်နေသည့်အပေါ် လှောင်ပြောင်ဟားတိုက်နေကြပါသော်ငြား ရန်ကိုင်ကမူ ထိုလူများနှင့်မတူစွာ သူမအား ကူညီပေးခဲ့လေသည်။ တကယ်တော့ ရန်ကိုင်နှင့် သူမသည် ရင်းနှီးသူများ မဟုတ်ကြ။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူမအား ကူညီပေးလာသည့် လုပ်ရပ်မှာ လန်ဟဲ၏ရင်ကို နွေးထွေးသွားစေခဲ့လေသည်။

ယခု အခြေအနေမှာ တစ်ဖန်ပြန်လည်ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်သည် လူအုပ်ကြီး၏ ပစ်မှတ်ထားခြင်း ခံလိုက်ရလေသည်။ သို့သော်ငြား ရန်ကိုင်မှာ သူမ၏ အသက်ကယ်ကျေးဇူးရှင်တစ်ဦး ဖြစ်သည့်အလျောက် လန်ဟဲမှာ ဤအတိုင်း ရပ်ကြည့်မနေနိုင်ပေ။ ရန်ကိုင့်အား ကူညီပေးရန် စဉ်းစားနေစဉ်မှာပင် ရန်ကိုင်က အသံတိုးတိုးဖြင့် ရုတ်တရက် ပြောလိုက်လေ၏။ “ညီမလန်… ဒီနေရာကနေ အရင်ဆုံးထွက်သွားလိုက်…”

ထိုစကားကိုကြားသည့်အခါ လန်ဟဲက မျက်မှောင်ကျုံ့လျက် ချက်ချင်းပြန်အော်မေးလိုက်လေသည်။ “ဘာလို့လဲရောင်းရင်းရန်… နင် ဒီလန်ဟဲကို အထင်သေးနေတာလား…”

ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။ ထို့နောက် လန်ဟဲကိုကြည့်ကာ မေးလိုက်လေသည်။ “ငါ ဘယ်တုန်းက နင့်ကို အထင်သေးတယ်လို့ ပြောလို့လဲ…”

ထိုအခါ လန်ဟဲက ပြန်ပြောလေသည်။ “ဒါဆို ဘာလို့ ငါ့ကို မောင်းထုတ်နေတာလဲ… နင်တောင် ငါဘာမှအကူအညီမတောင်းဘဲ ငါ့ကို ကူညီပေးခဲ့တာလေ… အခု နင် ဒုက္ခရောက်နေတာကို ငါက ဒီတိုင်းရပ်ကြည့်နေရမှာလား… စိတ်မပူနဲ့… သူတို့ဝိုင်းတိုက်ခိုက်မယ်ဆို ငါ နင့်ကို ကျိန်းသေ ကူညီပေးမယ်… ငါနင့်အတွက် ဝန်ထုပ်ဝန်ပိုး လုံးဝမဖြစ်စေရဘူး…”

ရန်ကိုင်သည် လန်ဟဲအား ကြည့်လျက် မျက်နှာတည်ဖြင့် ပြောလိုက်လေသည်။ “နင်သေလိမ့်မယ်…”

ထိုစကားကိုကြားသည့်အခိုက် လန်ဟဲ၏ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့လေသည်။ သို့သော်ငြား သူမကိုယ်သူမ အားတင်းလျက် သံဓိဌာန်ချထားသည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “ငါသေရမယ်ဆိုရင်တောင် ဘာဖြစ်လဲ…”

ထိုအခါ ရန်ကိုင့်၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး လန်ဟဲအား အတန်ကြာအောင် စိုက်ကြည့်နေမိလေသည်။ ထို့နောက် တစ်ခုခုအား မှတ်မိသွားဟန်ဖြင့် ထပ်မေးလိုက်လေသည်။ “ညီမလန်… နင်က ကောင်းကင်ဝံပုလွေတောင်ကြားက ဟုတ်တယ်မလား…”

“ဟုတ်တယ်…” လန်ဟဲက ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင် ဘာကြောင့် ဤမေးခွန်းကို လာမေးနေမှန်း နားမလည်နိုင်ခဲ့ပေ။ ကြည့်ရသလောက် ရန်ကိုင်သည် အလွန်ကိုမှ ထူးဆန်သည့်လူတစ်ဦး ဖြစ်သည့်ပုံပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၅၄)

“ကောင်းကင်ဝံပုလွေတောင်ကြားကို အခု ငါမှတ်မိသွားပြီ….” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။ “ဒါပြီးသွားရင် ညီမလန်ကို ငါတောင်းဆိုစရာ တစ်ခုရှိတယ်။ ညီမလန် ငြင်းလို့မရဘူးနော်”

လန်ဟဲက ခါးသက်စွာ ပြုံးလျက် “အသက်ရှင်ခဲ့ရင်တော့ အရမ်းကြီး အလွန်အကျွံ မဟုတ်ဘူးဆိုရင် လက်ခံပေးလို့ရပါတယ်”

“စိတ်မပူနဲ့… ကျုပ်တို့သေမှာမဟုတ်ဘူး…” ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလျက် ပြောလိုက်လေသည်။

လန်ဟဲသည် ရန်ကိုင့်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လိုက်လေ၏။ ရန်ကိုင် ဘာကြောင့် သူ့ကိုယ်သူ ဤမျှ ယုံကြည်နေသလဲဆိုသည်ကို သူမ နားမလည်နိုင်။ သူတို့အား ဝိုင်းထားသည်မှာ သာမန်တာအိုသခင်အဆင့် ပညာရှင်များမဟုတ်။ လက်ရွေးစင်တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာ ဖြစ်ကြသည်။ ထိုလူအုပ်ကြီးသာ အတူပူးပေါင်းတိုက်ခိုက်မည်ဆိုပါက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကိုပင်လျှင် အနိုင်ယူနိုင်ပေသည်။ ရန်ကိုင်သည် သူ့ကိုယ်သူ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးထက် ပို၍အားကောင်းသည်ဟု ထင်မှတ်နေလေသလော။

“ကောင်စုတ်လေး… မင်းက တကယ်ကို အရှက်မရှိ ကြွားဝါနေရဲသေးတာပဲ…” လူထွားကြီးသည် ဒေါသတကြီးအော်ဟစ်ရင်း ပုဆိန်တစ်လက်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် အရင်းအမြစ်ချီကို ထည့်သွင်းလိုက်ရာ ပုဆိန်ဆီမှ ဖြာထွက်လာနေသည့် အရှိန်အဝါမှာ ပိုပို၍ အားကောင်းလာနေလေ၏။ ထို့နောက် ပြောလိုက်လေသည်။ “မင်းအတွက် ဘာကောင်းလဲ သိတယ်ဆိုရင် မတိုက်ဘဲနဲ့ မြန်မြန်အရှုံးပေးလိုက်တော့… အဲ့ဒါဆိုရင် မင်းအလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်… အဲ့လိုမှ မဟုတ်ဘဲ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့…”

“ထွီ…” ရန်ကိုင်သည် လူထွားကြီး၏ မျက်နှာတည့်တည့်သို့ တံထွေးဖြင့် ထွေးချလိုက်လေသည်။

လူထွားကြီး၏မျက်နှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ဘေးသို့ ရှောင်တိမ်းလိုက်လေ၏။ တံထွေးဖြင့် ထွေးခံရသည်မှာ သူ့အား မထိခိုက်စေနိုင်သော်ငြား မည်သူမှ တံတွေးဖြင့် ထွေးခံရသည်ကို ကြိုက်လိမ့်မည် မဟုတ်ချေ။

ဟန်ချက်ညီအောင် ပြန်ထိန်းသိမ်းပြီးသည့်နောက်တွင် လူထွားကြီးက ဆူပုပ်ပုပ်မျက်နှာဖြင့် ပြန်ပြောလိုက်လေ၏။ “ငါ့ကို တံထွေးနဲ့လာထွေးရအောင် မင်းကိုယ်မင်း ဘာမှတ်နေတာလဲ… သုံးနှစ်သားကလေးလို့ မှတ်နေတာလား… ဒီအသက်အရွယ်ကြီးနဲ့ အခုလိုမျိုး တံထွေးနဲ့ထွေးတာကို မရှက်တတ်ဘူးလား…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်၍ပြောလိုက်လေသည်။ “ခင်ဗျားတို့တောင် လူအုပ်ကြီးနဲ့ ကျုပ်ကိုဝိုင်းပြီး တိုက်ခိုက်နေတာကိုတောင် မရှက်တတ်မှတော့ ကျုပ်က ရှက်တတ်စရာလား…”

ယင်လဲ့ရှန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဝင်ပြောလိုက်လေသည်။ “မင်း ဘာပြောပြော ဒီနေ့တော့ မင်း ကျိန်းသေကို သေရတော့မှာ…”

“အဲ့လိုလား…” ရန်ကိုင်သည် ယင်လဲ့ရှန်းအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ခေါင်းကိုမော့ ရင်ကိုကော့လျက် ရှေ့သို့ တစ်လှမ်းလှမ်းကာ အထက်စီးလေသံဖြင့် ပြောလိုက်လေ၏။ “အဲ့ဒါဆိုရင်လည်း ဒီနေ့ ဒီသခင်လေးကို ဘယ်သူလာတိုက်ခိုက်ရဲလဲ ကြည့်ရသေးတာပေါ့ကွ… ဒီသခင်လေး မင်းတို့ကို ကြိုသတိပေးထားလိုက်မယ်နော်… မင်းတို့ ငါ့ကို လာတိုက်ခိုက်ပြီဆိုတာနဲ့ ငါမင်းတို့ကို ဒီနေ့ ဒီနေရာမှာတင် သေအောင်လုပ်ပစ်မှာနော်…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူပေါင်းများစွာ၏ အမူအယာ ရုတ်ချည်း လေးနက်တည်ကြည်သွားခဲ့ကြလေသည်။

ရန်ကိုင်ထုတ်ပြသွားသည့် ခွန်အားကို သူတို့စိတ်ထဲ ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်။ ရန်ကိုင်မှ သူတို့အား ဖြဲခြောက်နေခြင်းသာ ဖြစ်သော်ငြား အကုန်လုံးမှာတော့ ကြောက်လန့်မိသွားကြပေသည်။ သူတို့သာ အတင်းအကြပ် သွားရောက်တွန်းအားပေးပါက ရန်ကိုင်မှ သွေးရူးသွေးတန်းဖြင့် ပြန်လည်တိုက်ခိုက်မည်ကို စိုးရိမ်နေကြလေ၏။

ထို့အတွက်ကြောင့် လူတော်တော်များများမှာ ရှေ့သို့ ဆက်မတိုးရဲကြတော့ဘဲ နေရာတွင်သာ တောင့်တောင့်ကြီး ရပ်နေကြတော့လေသည်။ မည်သူမျှ အရင်ဆုံး မလှုပ်ရှားချင်ကြပေ။ အရင်ဆုံး လှုပ်ရှားသူသည် သေနိုင်ချေပိုများလေ၏။

ထိုအချင်းအရာကိုမြင်သော် ယင်လဲ့ရှန်း၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်၍အော်ပြောလိုက်လေသည်။ “မင်းတို့တွေက ဒီလောက်တောင် ကြောက်တတ်နေမှတော့လည်း ဒီယင်ကိုယ်တိုင်ပဲ သူ့ကြယ်အမြုတေကို ယူရတော့တာပေါ့… အဲ့ခါကျမှ မင်းတို့မရလို့ဆိုပြီး ငါ့ကို လာအပြစ်မတင်နဲ့ပေါ့ကွာ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ယင်လဲ့ရှန်းသည် သူ့လက်ကို ဆန့်ထုတ်၍ အော်ပြောလိုက်လေ၏။ “မရဏငရဲတစ္ဆေ…”

ခြောက်ခြားဖွယ်ရာကောင်းသော လေပြင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုလေပြင်းနှင့်အတူ သွေးပျက်ခြောက်ခြားဖွယ်ရာကောင်းသည့် အော်သံများ၊ မြည်ကြွေးသံများ ထွက်ပေါ်လာပြီး ရုတ်တရက်ဆိုသလို ဧရာမ တစ္ဆေတစ်ကောင် ထွက်ပေါ်လာကာ ခက်ထန်သည့် အမူအယာဖြင့် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေ၏။

တစ္ဆေမှာ သူ့ဆီသို့ပင် မရောက်သေးသော်ငြား ၎င်းဆီမှ ဖြာထွက်နေသည့် ကြောက်မက်ဖွယ်ရာ အအေးဓာတ်ကြောင့် ရန်ကိုင့်၏သွေးများပင်လျှင် အေးခဲသွားတော့မည့်အလား ခံစားနေခဲ့ရလေသည်။ ရန်ကိုင် မတုံ့ပြန်နိုင်သေးခင်မှာပင် သူ့ဘေးတွင်ရပ်နေသော လန်ဟဲက ရုတ်တရက် အော်ပြောလိုက်လေ၏။ “ကောင်းကင်လဝံပုလွေ…”

ကျယ်လောင်သည့်အော်မြည်သံနှင့်အတူ ဧရာမငွေရောင်ဝံပုလွေပုံရိပ်ကြီးတစ်ခု လေထဲ၌ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင့်ဆီသို့ တိုးဝင်လာနေသော တစ္ဆေကောင်ကြီးဆီသို့ ခုန်ဝင်သွားလေသည်။

ဤသို့ဖြင့် ထူးဆန်းသည့်သက်ရှိနှစ်မျိုးမှာ တစ်ကောင်နှင့်တစ်ကောင် အရူးအမူး အပြန်အလှန် တိုက်ခိုက်နေကြတော့လေ၏။

ယင်လဲ့ရှန်းမှ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဘေးနားတွင် ရှိနေသော မရဏဂိုဏ်းမှ တပည့်များလည်း တိုက်ခိုက်လိုက်ကြလေသည်။ ကျန်းဟောင်နှင့် ကျန်းရှန်တို့သည်လည်း အကြည့်ချင်းဖလှယ်လျက် လက်ကွက်အသီးသီးကို ဖန်တီးကာ သူတို့၏သိုင်းပညာရပ်အသီးသီးကို ထုတ်သုံးလိုက်ကြလေ၏။

ထိုလူများလှုပ်ရှားသည်နှင့် တစ်ပြိုင်နက် အခြားသူများသည်လည်း ဆက်၍ ရပ်ကြည့်မနေကြတော့ဘဲ သူတို့၏ မှော်ရတနာများ၊ သိုင်းပညာရပ်များ အသီးသီးကို ထုတ်သုံးကာ ရန်ကိုင်အား တိုက်ခိုက်ကြတော့လေသည်။

အမျိုးမျိုးသော သိုင်းပညာရပ်များကြောင့် ရန်ကိုင်ရှိနေသည့် ဟင်းလင်းပြင်တစ်ခုလုံးမှာ ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်သွားတော့လေသည်။

ရန်ကိုင့်ဘေးတွင် ရပ်နေသော လန်ဟဲမှာ ထိုအချင်းအရာကိုမြင်သော် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့ပြီး ငေးကြောင်ကြောင်နှင့် ရပ်ကြည့်နေမိလေသည်။

တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာ၏ ပူးပေါင်းတိုက်ခိုက်မှုကို သူမအနေဖြင့် မည်သို့မျှ မဟန့်တားနိုင်ချေ။ ထိုတိုက်ကွက်များနှင့် ရင်ဆိုင်ရသော် သူမအဖို့ သေရရုံမှအပ အခြားမရှိတော့ချေ။

ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် ရုတ်တရက်ဆိုသလို မာန်သွင်းကာ အော်ဟစ်လျက် မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။ ဓါးရှည်တစ်ချောင်း သူ့လက်ထဲ ထွက်ပေါ်လာခဲ့ပြီး ဧကရာဇ်အရှိန်အဝါတို့သည်လည်း အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် တောင်တစ်လုံးနှယ် မားမားမတ်မတ် ရပ်တည်လျက် ဓါးအား လေပေါ်သို့ ကိုင်မြှောက်ရင်း မာန်သွင်းအော်ဟစ်ကာ ခုတ်ချလိုက်လေသည်။ “အနန္တဓါးချက်…”

“ရွှစ် ရွှစ် ရွှစ်…”

မရေမတွက်နိုင်သော ဓါးလှိုင်းများမှာ တိုးဝင်လာနေသည့် တိုက်ခိုက်မှုပေါင်းစုံဆီသို့ အစီအရီ တိုးဝင်သွားခဲ့ကြလေရာ ပတ်ဝန်းကျင်တစ်ခုလုံး နားကွဲမတတ် ပေါက်ကွဲသံအကျယ်ကြီးများဖြင့် ဟိန်းထွက်သွားတော့လေသည်။

“ဧကရာဇ်မှော်ရတနာ….”

“ဒီကောင် ဘယ်က ရောက်လာတာလဲဟ… သူ့မှာ ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုတောင် ရှိနေတယ်…”

“အဲ့ကောင်ကို အလွတ်မပေးနဲ့ သတ်ကြ…”

ဤနေရာတွင်ရှိနေသည့် တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာသည် သူတို့ဂိုဏ်းအသီးသီး၏ လက်ရွေးစင်တပည့်များ၊ အချို့သော ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ၏မျိုးဆက်များ၊ အမွေခံတပည့်များ ဖြစ်နေကြသည့်တိုင် ဧကရာဇ်အဆင့် မှော်ရတနာများမှာတော့ သူတို့ လက်လှမ်းမှီနိုင်သည့် အရာများ မဟုတ်ကြသေးချေ။ တချို့သော ထိပ်တန်းအဆင့် လက်ရွေးစင်တပည့်များမှလွဲ၍ မည်သူ့တွင်မှ ဧကရာဇ်အဆင့်မှော်ရတနာများ ရှိမနေကြပေ။

ထို့အတွက်ကြောင့် ရန်ကိုင်မှ ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုအား ထုတ်ပြလာသည်ကိုမြင်သော် အကုန်လုံး၏ မျက်လုံးများမှာ လောဘရမ္မက်ကြောင့် ရဲရဲနီသွားကြကုန်လေသည်။ သူတို့အမြင်တွင် ရန်ကိုင်သည် လမ်းလျှောက်နေသည့် ရတနာသိုက်ကြီးတစ်ခု ဖြစ်လေ၏။

ရန်ကိုင်တွင် ပြီးပြည့်စုံသော ကြယ်အမြုတေတစ်ခု ရှိနေရုံမက ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုလည်း ရှိနေပေသည်။ ရန်ကိုင့်ကိုသာ သတ်နိုင်မည်ဆိုလျှင် ရန်ကိုင့်၏ကြယ်အမြုတေကိုသာ ရယူနိုင်မည်မဟုတ်ဘဲ သူပိုင်ဆိုင်ထားသည့် ရတနာအားလုံးကိုပါ ရယူနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ တွေးမိလိုက်သည့်အခိုက် အကုန်လုံး၏ရင်ထဲ လောဘမီးတောက်တို့ တဟုန်းဟုန်း လောင်ကျွမ်းလာတော့လေသည်။

ပထမအကြိမ် တိုက်ခိုက်မှုအပြီးတွင် ရန်ကိုင်သည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားခဲ့ရပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။

ရန်ကိုင့်မှာ ထို တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာ၏ ပူးပေါင်းတိုက်ခိုက်ကို ခုခံရုံလေးသာ ခုခံနိုင်ခဲ့ပေသည်။ ထိုလူများ အစွမ်းကုန် မတိုက်ခိုက်ခဲ့သည်မှာ ရန်ကိုင်ကံကောင်းသွားခဲ့သည်။ အကုန်လုံးသည်သာ အစွမ်းကုန် တိုက်ခိုက်ကြမည်ဆိုပါက ရန်ကိုင့်၏ဒဏ်ရာများသည် ယခုကဲ့သို့ သွေးတစ်ပွက် အန်ထုတ်ရုံလောက်ဖြင့် ပြီးသွားတော့လိမ့်မည် မဟုတ်ပေ။

“ငါ့လခွမ်း… မင်းတို့ အကုန်လုံးပေါင်းပြီး ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့ ခွေးကောင်တွေ…” ရန်ကိုင့်၏မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့နေခဲ့လေသည်။

ယင်လဲ့ရှန်းက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “အခုမှတော့ တောင်းပန်မနေတော့နဲ့… မင်း ဒီနေ့ သေကိုသေရတော့မှာ…”

ကျန်းဟောင်ကလည်း အော်ပြောလိုက်လေသည်။ “ဧကရာဇ်အဆင့်မှော်ရတနာကို မြန်မြန်ပေးစမ်း…”

အခြားသူများမှာလည်း ဘာမျှ မပြောကြသော်ငြား သူတို့မျက်လုံးထဲရှိ လောဘတကြီးအမူအယာများမှာတော့ သူတို့စိတ်ထဲ ဘာဖြစ်ချင်နေကြသလဲ ဆိုသည်ကို အတိုင်းသား ဖော်ပြနေခဲ့လေသည်။

ရန်ကိုင်သည် မိစ္ဆာဆန်ဆန်ပြုံးလျက် တောင်နဲ့မြစ်ခေါင်းလောင်း ရှေ့တည့်တည့်သို့ တည်နေရာခုန်ကူးသွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ယင်လဲ့ရှန်း၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်တကြားဖြင့် ပြန်အော်မေးလိုက်လေ၏။ “မင်း ဘာလုပ်ချင်နေတာလဲ…”

ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလျက် အော်ပြောလိုက်လေသည်။ “ငါ ဘာလုပ်ချင်နေတာလဲ ဟုတ်လား… မင်းတို့မမြင်ကြဘူးလား… ငါပြောခဲ့ပါတယ်… ငါ့ကို လာတိုက်ခိုက်ရဲတယ်ဆိုလို့ရှိရင် ငါမင်းတို့ကို ဒီနေရာမှာပဲ သေအောင်လုပ်ပစ်မယ်ဆိုပြီးတော့လေ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရူးသွပ်နေသည့်အမူအယာမျိုးဖြင့် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။

“မင်း ရူးနေတာလား…” ယင်လဲ့ရှန်းမှာ ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ခန့်မှန်းမိလိုက်သည့်အလား သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ အခြားသူများမှာလည်း ယင်လဲ့ရှန်းနည်းတူ ထိတ်လန့်တုန်လှုပ်နေကြလေ၏။

ရန်ကိုင့်၏ အကြည့်နှင့် အမူအယာမှာ အေးစက်သည်ထက် အေးစက်လာခဲ့ပြီး သွားကြားထဲမှထွက်သည့်လေသံဖြင့် ပြောလိုက်လေသည်။ “မင်းတို့ပဲ ငါ့ကို အခုလိုလုပ်အောင် တွန်းအားပေးခဲ့တာကွ…”

ထိုသို့ပြောပြီးသည့်နောက်တွင် အနန္တဓါးအား မြှောက်လိုက်လေ၏။

“နေပါဦး… ငါတို့ စကားပြောလို့ရသေးတယ်လေ… အခုလိုမျိုး လုပ်စရာမလိုပါဘူး…” ကျန်းဟောင်မှာ ကြောက်လန့်တကြား ထအော်လေသည်။

“အခုမှ စကားပြောချင်တာလား… နောက်ကျသွားပြီ… ငရဲသွားလိုက်ပေတော့…”

ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းအား အနန္တဓါးဖြင့် ရက်ရက်စက်စက် ရိုက်ချလိုက်လေသည်။

“သွားပြီ…” ထိုအချင်းအရာကိုမြင်သော် ယင်လဲ့ရှန်း၏ နဖူးထက် ချွေးသီးတို့ဝေ့သီလာခဲ့ပြီး ချက်ချင်းပဲ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ချက်ချင်း လှည့်ထွက်ပြေးတော့လေသည်။

“ပြေးပေတော့…” ကျန်းဟောင်သည်လည်း ထအော်လေသည်။ “ဒီကောင်ရူးနေပြီ…”

ဒေါင်…

အနန္တဓါးမှ တောင်နဲ့မြစ်ခေါင်းလောင်းအား သွားရောက်ထိမှန်သည်နှင့် တစ်ပြိုင်နက် မိုးချုန်းသံမတတ် ကျယ်လောင်သည့် ခေါင်းလောင်းသံကြီး အဘက်ဘက်သို့ မြည်ဟည်းထွက်လာခဲ့လေသည်။

ရန်ကိုင်သည် အသံလှိုင်း၏ ဒဏ်ကို ပထမဦးစွာ ခံစားလိုက်ရလေသည်။ အရင်းအမြစ်ချီကို လှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်ထားခဲ့သည့်တိုင် အသံလှိုင်းဒဏ်ကြောင့် ရန်ကိုင်မှာ ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး သွေးအပွက်ပွက်အန်ကာ သတိလစ်ချင်သလို ဖြစ်သွားခဲ့လေသည်။

တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာမှာလည်း ဤနေရာမှသာ ထွက်ပြေးချင်ကြတော့ပေသည်။ သို့သော်ငြား အကုန်လုံးအစီအရင်ထဲသို့ ရောက်နေခြင်း ဖြစ်သည့်အတွက်ကြောင့် ထွက်ပြေးချင်သည်ဆိုလျှင်ပင် ထွက်မပြေးနိုင်ကြဘဲ အသံလှိုင်း၏ဒဏ်ကို သိမ်းကြုံးခံစားလိုက်ကြရလေသည်။

ကြယ်နီကြီးပေါ်တွင် ရှိနေစဉ်က လူငယ်လေးတစ်ဦးသည် တောင်နဲ့မြစ်ခေါင်းလောင်းအား သွားထိခဲ့ရာ ဖြာထွက်လာသည့် ခေါင်းလောင်းသံကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့လေသည်။ ယခု ရန်ကိုင်လုပ်သည်မှာတော့ တောင်နဲ့မြစ်ခေါင်းလောင်းအား ထိရုံလေးသာလျှင် မဟုတ်ဘဲ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကိုသုံးလျက် ခေါင်းလောင်းအား အားအပြည့်ဖြင့် ရိုက်ချလိုက်ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ယခုတစ်ကြိမ် ထွက်ပေါ်လာသည့် အသံလှိုင်းမှာ ယခင်တစ်ကြိမ်က ပေါ်လာသည့် အသံလှိုင်းထက် ပိုမိုအားကောင်းမည်မှာ ပြောနေစရာပင် မလိုခဲ့ချေ။

အသံလှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည့်အခိုက် အကုန်လုံးမှာ သွေးအပွက်ပွက်အန်လိုက်ရပြီး သူတို့၏အကာအကွယ် မှော်ရတနာများမှ ဖြာထွက်နေသည့် အရောင်အဝါများမှာလည်း မှိန်ကျသွားကုန်ကြရလေသည်။

ထိုမျှသာလျှင် မဟုတ်သေးဘဲ အသံလှိုင်းသည် သူတို့အား ဖိနှိပ်၍ ချုပ်နှောင်ထားနိုင်စွမ်း ရှိသည့်အလား အသံလှိုင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် လူတိုင်းမှာ မလှုပ်ရှားနိုင်တော့ဘဲ နွံအိုင်တစ်ခုထဲသို့ ရောက်သွားသည့်အလား တောင့်တောင့်ကြီး ဖြစ်ကုန်ကြတော့လေသည်။

“ဒေါင်…”

သူတို့အားလုံး အသက်ပင် ဝဝ မရှူနိုင်သေးခင်မှာပင် နားပင်းမတတ် ကျယ်လောင်သော နောက်ထပ် ခေါင်းလောင်းသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေသည်။

အကုန်လုံး၏စိတ်နှလုံး တုန်ရီသွားခဲ့ပြီး လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် အနန္တဓါးကိုသုံးလျက် တောင်နဲ့မြစ်ခေါင်းလောင်းအား နောက်တစ်ကြိမ် ထပ်မံရိုက်ချလိုက်ကြောင်း တွေ့လိုက်ရလေသည်။ ထိုသို့ရိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ရူးသွပ်နေသည့် အမူအယာဖြင့် ဝါးလုံးကွဲအော်ရယ်မောတော့လေ၏။ “ကဲ… အခု မင်းတို့ ဘယ်လိုခံစားရလဲ… ပိုကောင်းသွားလား… ငါ့ကို ကျယ်ကျယ်လေးပြောပြပေးစမ်းပါ မင်းတို့ ဘယ်လိုခံစားရလဲလို့…”

“အရူးကောင်…. အဲ့ကောင် အရူးကောင်ပဲ…”

“ဒီကောင် စိတ်လွတ်သွားပြီ…”

“အမှိုက်ကောင်တွေ… မင်းတို့ ဒီလောက်ရူးတဲ့ကောင်ကိုမှ ဘာလို့ ရန်သွားစရတာလဲဟ… ဒီကောင် ဒီအတိုင်းသာ ဆက်လုပ်နေမယ်ဆိုလို့ရှိရင် သူတင်မဟုတ်ဘူး ငါတို့အားလုံးပါ သေရလိမ့်မယ်ကွ…”

“ရပ်လိုက်တော့ ရပ်လိုက်တော့… ငါတို့ စကားပြောလို့ရတယ်လေ… ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့တော့…”

“ရောင်းရင်းရန်… ရန်ငြိုးဆိုတာ ထားလို့ကောင်းတဲ့အရာမဟုတ်ဘူးကွ… အဲ့လိုမျိုးလုပ်နေလို့ရှိရင် မင်းပါ သေရမယ့်ဟာကို ဘာဖြစ်လို့ အေးအေးဆေးဆေးလေးထိုင်ပြီး မဆွေးနွေးရမှာလဲ…”

နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာအသံလှိုင်းကိုမြင်သော် အကုန်လုံးမှာ စတင်၍ အော်ဟစ်တောင်းဆိုကြတော့လေသည်။ လူတိုင်းသည် ရန်ကိုင့်အား သေမတတ် မုန်းတီးနေကြပါသော်ငြား အခြေအနေမဟန်သည့် အတွက်ကြောင့် အားတင်းပြုံးလျက် တောင်းပန်တိုးလျှိုးနေခဲ့ရလေသည်။

“ငါမသိဘူး ငါမသိဘူး…” ခေါင်းလောင်းရှေ့တွင် ရှိနေသော ရန်ကိုင်မှာတော့ သူ့ခေါင်းအား အဆက်မပြတ်ခါရင်း နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်လေ၏။ ထို့နောက်တွင် တတိယအကြိမ်အဖြစ် အနန္တဓါးကို မြှောက်၍ အော်ပြောလိုက်လေသည်။ “မင်းတို့အားလုံးကို ငါနဲ့အတူ အပါခေါ်သွားမှာ… ဒီတော့ တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့…”

“စီနီယာရန်… ကျုပ်သိုလှောင်လက်စွပ်ကို ပေးပါမယ်ဗျာ… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ…” တစ်ယောက်ယောက်က ရုတ်တရက် ထအော်လေသည်။

ရန်ကိုင် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ပိုက်ဆံမြင်တာနဲ့ ငမ်းငမ်းတက်ဖြစ်နေတဲ့ကောင်တွေလို ဒီသခင်လေးကို မှတ်နေတာလား… ဒီသခင်လေးကို လာမစော်ကားနဲ့ကွ…”

ထိုလူ ဆွံ့အသွားခဲ့ပြီး မည်ကဲ့သို့ ပြန်ပြောလို့ပြောရမှန်းပင် မသိတော့ချေ။

ရန်ကိုင်က အလျင်အမြန် ထပ်ပြောလိုက်လေ၏။ “မင်း သိုလှောင်လက်စွပ်ထဲမှာ ဘာတွေပါလဲ…”

လူတိုင်း “…”

ပြောလိုက်သည့်လူမှာလည်း ဆွံ့အနေခဲ့လေသည်။ သူ့ဘေးတွင်ရှိနေသော ကျင့်ကြံသူတစ်ဦးမှ သူ့အား မသိမသာလေး ကန်ကျောက်လိုက်သည့်အခါမှသာလျှင် ရန်ကိုင် ဘာပြောလို့ပြောနေမှန်း အသိဝင်သွားခဲ့ပြီး ချက်ချင်းပြန်ပြောလိုက်လေ၏။ “အထဲမှာ ရတနာတွေ အများကြီး အများကြီး ရှိပါတယ်… စီနီယာရန် ကျေနပ်မယ်လို့ ကျုပ် အာမခံပါတယ်…”

ရန်ကိုင်က ရုတ်တရက် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “မင်း အစောကြီးတည်းက ပြောလိုက်သင့်တာ… အဲ့ဒါဆိုရင် အခုလိုမျိုး ခံစားနေရမှာတောင် မဟုတ်ဘူး… ငါ့ကိုပြောပါဦး… မင်းက သောက်ဖြစ်ရှိတဲ့ကောင် ဟုတ်လားမဟုတ်ဘူးလားဆိုတာ…”

“ဟုတ်ပါတယ် ဟုတ်ပါတယ်… ကျုပ်က တကယ်ကို သောက်ဖြစ်မရှိတဲ့ကောင်ပါ” ထိုလူ၏နှုတ်ခမ်းများ မဲ့ရွဲ့သွားခဲ့လေသည်။

All Chapters