အခန်း (၂၄၅၈-၂၄၆၀)
Vol. 100 Ch. 2458-2460
အပိုင်း (၂၄၅၈)
လန်ဟဲအား ဟင်းလင်းပြင်ထဲရှိ တစ်နေရာဆီသို့ ဦးဆောင်ခေါ်သွားပေးပြီးသည့်နောက်တွင် ရန်ကိုင်က ရုတ်တရက် ရပ်လိုက်လေသည်။ ရန်ကိုင် ဘာကြောင့်ရပ်လိုက်မှန်း မသိသော်ငြား ရန်ကိုင့်အား သွားအလုပ်ရှုပ်အောင် မလုပ်ရဲသည့် အတွက်ကြောင့် လန်ဟဲသည် တိတ်တိတ်လေးသာ နေလိုက်လေ၏။
တစ်ခဏအကြာတွင် ရန်ကိုင်က ပြောလိုက်လေသည်။ “ဒီမှာနားနေလိုက် ညီမလန်… ဒီကဟင်းလင်းပြင်က တော်တော်လေး တည်ငြိမ်တယ်… ဘာပြဿနာမှမရှိလောက်ဘူး… ငါ့ဒဏ်ရာတွေကို ကုပြီးသွားရင် နင့်ကို ဒီကနေ အပြင်ထုတ်ပေးမယ်…”
“အပြင်ထုတ်ပေးမယ်…” လန်ဟဲ ယာယီမျှ မင်သက်သွားသည်။ သို့သော်ငြား ရန်ကိုင်မှ သူမအား ဟင်းလင်းပြင်စီးကြောင်းထဲမှ အလွယ်တကူ ကယ်ဆယ်ခဲ့ပုံကို ပြန်အမှတ်ရမိလိုက်သော် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ကောင်းပြီ… ငါ့ကို အရမ်းကြီးစိတ်ပူမနေနဲ့… နင့်ဒဏ်ရာတွေကိုသာ အရင်ကု… အသူရာမြေကမ္ဘာနတ်ဆိုးရဲ့ တိုက်စားနိုင်စွမ်းက အရမ်းအားကောင်းလွန်းတယ်… အဲ့ဒါသာ နင့်လက်ပေါ်မှာ အကြာကြီးရှိနေလို့ရှိရင် နင့်အတွက် ပိုပြဿနာဖြစ်လာမှာ…”
ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်ကာ ပြောလိုက်လေသည်။ “ငါ ဒီမှာ ဟင်းလင်းပြင်စည်းတံဆိပ်တစ်ခု ချန်ထားပေးခဲ့တယ်… တစ်ခုခုဖြစ်ပြီဆိုတာနဲ့ အဲ့တံဆိပ်ကနေတစ်ဆင့် ငါအာရုံခံနိုင်လိမ့်မယ်… အဲ့ဒါဆိုရင် ငါ ချက်ချင်း ပြေးလာခဲ့မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အနီးအနားတစ်နေရာဆီသို့ ပျံသန်းထွက်သွားလေသည်။
ရန်ကိုင်ထွက်သွားပြီးသည့်နောက်တွင် လန်ဟဲသည် တင်ပလင်ခွေထိုင်လျက် သူမ၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။ ရန်ကိုင် ပြောခဲ့သလိုပင် သူမထိုင်နေသည့် ဟင်းလင်းပြင်မှာ အတော်လေးကိုမှ တည်ငြိမ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ အစောပိုင်းက သူမကြုံခဲ့ရသည့် ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်စီးကြောင်းကဲ့သို့ မဟုတ်။ သို့ရာတွင် ဤဟင်းလင်းပြင်ထဲ သူမအနေဖြင့် ဘာကိုမှ မဆင်မခြင် မလုပ်ရဲသည့်အတွက် ရန်ကိုင် ပြန်လာမည်ကိုသာ ငြိမ်ငြိမ်လေး ထိုင်စောင့်နေလိုက်လေ၏။
ရန်ကိုင်သည် လန်ဟဲနှင့် မလှမ်းမကမ်းနေရာတွင် တင်ပျဉ်ခွေထိုင်ချလျက် သိုလှောင်လက်စွပ်ထဲမှ ကုသရေးဆေးလုံးများစွာကို ထုတ်ကာ ပဲစေ့များကို ဝါးစားသလို ဝါးစားပစ်လိုက်လေသည်။
တကယ့်တကယ်ဆိုလျှင် ရန်ကိုင့်၏ ဒဏ်ရာများသည် အလွန့်အလွန် ပြင်းထန်ခြင်းမရှိချေ။ တောင်နဲ့မြစ်ခေါင်းလောင်းကြောင့် ရထားသည့် ဒဏ်ရာအများစုမှာ သက်သာသွားကုန်လေပြီ။ တစ်ခုတည်းသော စိတ်ညစ်စရာ ပြဿနာဆို၍ အသားထဲလောက်တက်သည့်နှယ် သူ့လက်မောင်းအား တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသော အဆူရာမြေကမ္ဘာနတ်ဆိုးသာ ရှိတော့လေသည်။
ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်လျက် နတ်ဆိုး၏စွမ်းအားကို သူ၏ကိုယ်ထဲမှ တဖြည်းဖြည်းချင်း ဖယ်ထုတ်ပစ်လေသည်။ သူ့အရင်းအချီ အလွန်ကိုမှ အားကောင်းသန့်စင်နေသည်မှာ ကံကောင်းသွားခဲ့ပေသည်။ ထို့အတွက်ကြောင့် အသူရာမြေနတ်ဆိုးကျင့်စဉ်သည် အလွန်အားကောင်းသည့်တိုင် ရန်ကိုင် မရင်ဆိုင်နိုင်သည့် ပြဿနာတစ်ခုတော့ မဟုတ်ချေ။
အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်၏ လက်မောင်းထဲရှိ အသူရာမြေကမ္ဘာနတ်ဆိုးစွမ်းအားမှာ တဖြည်းဖြည်းနှင့် နည်းပါးလာခဲ့လေသည်။ (၅)ရက် (၆)ရက်ခန့် ကြာပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် သက်ပြင်းအမောကြီး ရှူထုတ်လိုက်လေ၏။
အသူရာမြေကမ္ဘာနတ်ဆိုးမှာ ရန်ကိုင့်လက်မောင်းထဲမှ ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်သော်ငြား ၎င်း၏ တိုက်ခိုက်ခြင်း ခံထားရသည့် ရန်ကိုင်၏ လက်မောင်းတစ်ခုလုံးမှာတော့ အပြည့်အဝ ပြန်မကောင်းသေးပေ။ သို့ရာတွင် အလွန်ကိုမှ မြင့်မားလှသော ပြန်လည်ကုစားနိုင်စွမ်းကြောင့် ထိုမျှလောက်သော ဒဏ်ရာသည် ရန်ကိုင်အတွက် စာမဖွဲ့လောက်တော့ချေ။ ထို(၅)ရက်၊ (၆)ရက်အတွင်း တောင်နဲ့မြစ်ခေါင်းလောင်းကြောင့် ရထားသည့် ဒဏ်ရာအားလုံးမှာ အပြည့်အဝ ပျောက်ကင်းသွားခဲ့လေပြီ။
ရန်ကိုင်သည် ထိုင်ရာမှထ၍ လန်ဟဲဆီသို့ လျှောက်သွားလိုက်လေ၏။
လန်ဟဲဆီသို့ရောက်သော် လန်ဟဲသည် သူပြောထားခဲ့သည့် နေရာတွင် တင်ပျဉ်ခွေထိုင်နေကြောင်း တွေ့လိုက်ရလေသည်။ သူမဘေးနားတွင်ရှိနေသော ဟင်းလင်းပြင်စည်းတံဆိပ်မှာလည်း အကောင်းအတိုင်းသာ ရှိနေသေး၏။ ရန်ကိုင်ရောက်လာသည်ကို သတိပြုမိလိုက်သော် လန်ဟဲက မတ်တပ်ရပ်၍ မေးလိုက်လေသည်။ “အစ်ကိုရန် နင်အဆင်ပြေသွားပြီလား…”
“အကုန်အဆင်ပြေသွားပြီ…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။
“အဲ့ဒါကောင်းတယ်…” ထိုအခါမှသာလျှင် လန်ဟဲ စိတ်သက်သာရာ ရသွားခဲ့ပြီး သက်ပြင်းတစ်ချက်ချ၍ ပြန်မေးလိုက်လေသည်။ “ငါတို့ အခု ထွက်သွားလို့ရပြီလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ရတာပေါ့… လာခဲ့ ငါနင့်ကို ဒီကနေ အပြင်ထုတ်ပေးမယ်…”
ရန်ကိုင့်၏စကားကြောင့် လန်ဟဲ အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း ပြန်၍ မေးလိုက်လေသည်။ “နင်ကရော… နင်က ဒီမှာ ဆက်နေမှာလား…”
ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်လေသည် “စိတ်ပူမနေနဲ့… ငါ ဒီလိုနေရာမျိုးတွေနဲ့ ရင်းနှီးပြီးသား… ဘာအန္တရာယ်နဲ့မှ ကြုံရမှာမဟုတ်ဘူး…” တောင်နဲ့မြစ်ခေါင်းလောင်း ဒီဟင်းလင်းပြင်အက်ကြောင်းထဲကို ဝင်ပြေးသွားတာ ငါတွေ့တယ်… ငါ အဲ့ဒါကို သွားရှာကြည့်ချင်သေးလို့…”
“အဲ့လိုကိုး…” ရန်ကိုင့်အား သွားပြောနေ၍လည်း အသုံးဝင်လိမ့်မည်မဟုတ်မှန်း သိသည့်အတွက်ကြောင့် ပြန်၍သာ ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် ရောင်းရင်းရန် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်…”
“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။
“ဟုတ်သားပဲ…” လန်ဟဲသည် တစ်ခုခုအား မှတ်မိသွားဟန်ဖြင့် မေးလိုက်လေသည်။ “နင်ငါ့ကို တစ်ခုခုမေးချင်တယ်လို့ ပြောခဲ့သေးတယ်မလား… ဘာမေးချင်တာလဲ…”
လန်ဟဲသတိပေးလာသည့်အခါမှသာ ရန်ကိုင်လည်း ထိုအရာကို သတိရသွားခဲ့ပြီး သူ့ခေါင်းကိုပုတ်ကာ ပြန်ပြောလိုက်လေ၏။ “ငါအဲ့ဒါကို မေ့နေတာ… ဒီလို ညီမလန်ရဲ့... လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက မြောက်ဘက်နယ်မြေကနေ ကောင်းကင်ဝံပုလွေတောင်ကြားဆီ ထွက်သွားတဲ့ ငါ့မိတ်ဆွေတစ်ယောက်ရှိတယ်ဟာ…”
“အစ်ကိုရန်ရဲ့မိတ်ဆွေ… သူက ကောင်းကင်ဝံပုလွေတောင်ကြားထဲကို ဝင်ချင်တာလား… ဒါပေမဲ့ မြောက်ဘက်နယ်မြေကလူက ဘယ်လိုလုပ်ပြီး ကျွန်မတို့ ကောင်းကင်ဝံပုလွေတောင်ကြားထဲကို ဝင်ချင်ရတာလဲ…” ထိုစကားကိုကြားသည့်အခါ လန်ဟဲ အံ့အားသင့်သွားခဲ့လေသည်။
မြောက်ဘက်နယ်မြေမှ ကျင့်ကြံသူတစ်ဦးသာဆိုလျှင် မြောက်ဘက်နယ်မြေထဲရှိ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းထဲသို့သာ ဝင်သင့်ပေသည်။ ဘာကြောင့်များ အရှေ့ဘက်နယ်မြေဆီ ခက်ခက်ခဲခဲလာပြီး သူတို့ဂိုဏ်းထဲကို ဝင်ချင်နေရလေသနည်း။ တကယ်တော့ မြောက်ဘက်နှင့် အရှေ့ဘက် နယ်မြေနှစ်ခုသည် အလွန်ကိုမှ ဝေးကွာကြလေရာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်များကိုသာ အသုံးမပြုပါက မြောက်ဘက်မှ အရှေ့ဘက်သို့ ရောက်ရန်အတွက် နှစ်ပေါင်းများစွာ ကြာသွားနိုင်သည် မဟုတ်ပေလော။
“အဲ့ကိစ္စက နည်းနည်းတော့ရှုပ်တယ်… သွားရင်းနဲ့မှ ပြောပြမယ်…” ထို့နောက်တွင် ရန်ကိုင်သည် လန်ဟဲကိုခေါ်၍ ဟင်းလင်းပြင်ထဲရှိ အားနည်းသည့် နေရာကို လိုက်ရှာရင်းမှ ရှင်းပြလိုက်လေသည်။
ရန်ကိုင်ပြောနေသည့် မိတ်ဆွေဆိုသည့်လူမှာ လင်းယင်ချင်းသာ ဖြစ်လေ၏။
ဗြဟ္မာကုန်းမြေ၏ တော်ဝင်သားတော်ကျန်းဟောင်မှ ကောင်းကင်ဝံပုလွေတောင်ကြားဆိုသော နာမည်ကို ပြောလိုက်စဉ် ထိုနာမည်ကို ရန်ကိုင်ရင်းနှီးနေသလို ခံစားခဲ့ရသည်။ သို့သော်ငြား ထိုစဉ်က သူ မည်သို့ပင်စဉ်းစားနေစေကာမူ ထိုနာမည်ကို မည်သည့်နေရာတွင်ကြားခဲ့မှန်းကို လုံးဝ မမှတ်မိခဲ့ပေ။ နောက်ပိုင်းကျမှသာ ပြန်မှတ်မိသွားခဲ့ခြင်း ဖြစ်လေ၏။
လင်းယင်ချင်းသည် ကောင်းကင်ဝံပုလွေတောင်ကြားဟူသော ဂိုဏ်းအကြောင်း ပြောပြခဲ့ဖူးပေသည်။
လင်းယင်ချင်း၏ ကွယ်လွန်သွားပြီဖြစ်သော ယောကျ်ားသည် အရှေ့ဘက်နယ်မြေ ကောင်းကင်ဝံပုလွေတောင်ကြားဆီမှ လာလေ၏။ သူတို့နှစ်ဦးသည် ဟင်းလင်းပြင်ကမ္ဘာထဲတွင် တွေ့ဆုံကာ ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ခဲ့ကြလေသည်။ သို့ရာတွင် ကံကြမ္မာမှ သူမတို့၏ ချစ်ခြင်းအား လက်သင့်မခံနိုင်ခဲ့သဖြင့် သူမယောကျာ်းမှာ သူမကိုကယ်ရင်း ပင်လယ်ထဲ၌ သေဆုံးသွားခဲ့ရလေသည်။
လင်းယင်ချင်းမှ ရန်ကိုင်အား ငှားပေးခဲ့သော အဆင့်မြင့်သန့်စင်ရေး အစီအရင်သည်ပင်လျှင် သူမယောကျ်ားမှ သူ၏မှော်ရတနာကို ရောင်းချ၍ ဝယ်ယူခဲ့ခြင်းဖြစ်လေ၏။ နောက်ပိုင်း ကမ္ဘာငယ်လေးထဲမှ ထွက်လာပြီးသည့်နောက်တွင် လင်းယင်ချင်းသည် သူမယောကျ်ား၏ အရိုးပြာကို ကောင်းကင်ဝံပုလွေတောင်ကြားဆီသို့ ပြန်သယ်သွားလိုကြောင်း ပြောခဲ့သည်။
လင်းယင်ချင်းနှင့် သူမ၏ သေဆုံးသွားပြီးဖြစ်သော ယောကျ်ားအကြောင်းကို ကြားပြီးသည့်နောက် လန်ဟဲက သက်ပြင်းချလျက် ပြောလိုက်လေသည်။ “အစ်မလင်းက အရမ်း သံယောဇဉ် ကြီးတာပဲနော်”
လင်းယင်ချင်းသာ အလွန်ကိုမှ သံယောဇဉ်ကြီးသည့် အမျိုးသမီးတစ်ဦး မဟုတ်လျှင် ဘာကြောင့်များ သူမယောက်ျား၏ အရိုးပြာကို ပြန်သယ်လာဖို့ရာအတွက်နှင့် မြောက်ဘက်နယ်မြေမှ အရှေ့ဘက်နယ်မြေသို့ ခက်ခက်ခဲခဲ သွားပါမည်နည်း။ မြောက်ဘက်နယ်မြေမှ အရှေ့ဘက်နယ်မြေသို့ သွားရသည့် လမ်းခရီးသည် ရှည်ညောင်းရုံမက အန္တရာယ်များနှင့်လည်း ပြည့်နေပေသည်။
“ဟုတ်တယ်… အစ်မလင်းက အရမ်းလည်း သံယောဇဉ်ကြီးတယ်… စိတ်ထားလည်းကောင်း၊ ကြင်လည်း ကြင်နာတတ်တယ်” ရန်ကိုင်က ပြောလိုက်လေ၏။
“သူ့ယောကျ်ားနာမည်ကို ဘယ်လိုခေါ်လဲ… သူသာ ကောင်းကင်ဝံပုလွေတောင်ကြားရဲ့ တပည့်တစ်ယောက်ဆိုရင်တော့ ငါ သူ့နာမည်ကို ကြားဖူးလောက်တယ်…” လန်ဟဲက ပြန်မေးလိုက်လေသည်။
ရန်ကိုင်က ခေါင်းခါလျက် “သူ့ယောကျ်ားနာမည်ကိုတော့ အစ်မလင်း တစ်ခါမှ မပြောပြဖူးဘူး…”
“ကောင်းပြီလေ… အဲ့ဒါဆိုရင် ငါ အဲ့အစ်မလင်းနဲ့ တွေ့တော့မှပဲ ကိုယ်တိုင် မေးကြည့်လိုက်တော့မယ်…” လန်ဟဲလည်း ထိုအကြောင်းကို ဆက်မပြောတော့ချေ။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “အစ်မလင်းက သူ့ယောက်ျားကို အရမ်းချစ်တာ… ဒီတော့ သူ့ယောကျ်ားရဲ့ အရိုးပြာကို ပြန်ပို့ပြီးသွားပြီဆိုရင်တောင် အဲ့အနားကနေ ခွာချင်မှာမဟုတ်ဘူး… ဒါပေမဲ့ ပြဿနာက ကောင်းကင်ဝံပုလွေတောင်ကြားက တပည့်တစ်ယောက်မဟုတ်တဲ့ အစ်မလင်းကို ဂိုဏ်းထဲမှာ အကြာကြီး မထားမှာကိုပဲ… အဲ့ဒါကြောင့် ဒီရန် တောင်းဆိုချင်တာ ညီမလန် ဂိုဏ်းထဲကို ပြန်ရောက်သွားလို့ အစ်မလင်းနဲ့ တွေ့လို့ရှိရင် ကျေးဇူးပြုပြီး သူ့ကိုဂရုစိုက်ပေးပါလို့… သူ့အနေနဲ့ ကောင်းကင်ဝံပုလွေတောင်ကြားထဲ ဝင်သွားပြီး အဲ့က တပည့်တစ်ယောက် ဖြစ်လာနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့… အဲ့လို မဖြစ်နိုင်ဘူးဆိုရင်လည်း အဆင်ပြေသွားအောင် ညီမလန်ပဲ ကူညီပေးလိုက်ပေါ့…”
“အစ်ကိုရန်ကိုယ်တိုင် တောင်းဆိုလာမှတော့ ငါလည်း အတတ်နိုင်ဆုံး လုပ်ပေးရမှာပေါ့…” လန်ဟဲက ပြန်၍ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် ရန်ကိုင် ဝမ်းသာသွားခဲ့လေသည်။ “ညီမလန်က ကတိပေးလာပြီဆိုမှတော့လည်း ငါဘာမှစိတ်ပူနေစရာ မလိုတော့ဘူး…”
လန်ဟဲသည် ကောင်းကင်ဝံပုလွေတောင်ကြား၏ အကြီးဆုံး စီနီယာအစ်မ ဖြစ်သည့်အတွက်ကြောင့် သူမ၏အဆင့်အတန်းမှာ လုံးဝကို နိမ့်ကျလိမ့်မည် မဟုတ်ချေ။ လန်ဟဲကိုယ်တိုင်က သဘောတူလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် လင်းယင်ချင်းအတွက် ပြဿနာ ရှိလောက်တော့လိမ့်မည် မဟုတ်ချေ။
“ဒါဆိုရင် အစ်မလင်းရဲ့ လက်ရှိကျင့်ကြံခြင်းက ဘယ်လောက်လဲ…”
“တာအိုသခင် တတိယအဆင့်… သူ့ခွန်အားက ထိပ်တန်းအဆင့်ထဲ အပါပေမယ့် နိမ့်တဲ့အထဲလည်း မပါဘူး…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
“တာအိုသခင် တတိယအဆင့်…” ထိုစကားကိုကြားသောအခါ လန်ဟဲ၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “အဲ့ဒါဆိုရင်တော့ သူ့အနေနဲ့ ကောင်းကင်ဝံပုလွေတောင်ကြားထဲ ဝင်ဖို့ ပြဿနာမရှိလောက်ဘူး… အခြားလူတစ်ယောက်သာဆိုရင်တော့ သူတို့မှာ အခြား ဘာအကြံအစည်တွေ ရှိမရှိကို သေချာစစ်ဆေးကြည့်ရဦးမှာ… ဒါပေမဲ့ အစ်ကိုရန်ကိုယ်တိုင် ပြောပေးထားတဲ့လူဆိုမှတော့ အဲ့လိုမျိုးတွေ စမ်းသပ်နေစရာမလိုဘူး… ဂိုဏ်းချုပ်ကိုပြောပြီး သူ့ကိုတစ်ခါတည်း ဂိုဏ်းထဲဝင်ခိုင်းလိုက်လို့ရတယ်…”
“ကျေးဇူးအများကြီးတင်ပါတယ်…” ထိုအခါမှသာ ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့လေသည်။ ရန်ကိုင်သည် လင်းယင်ချင်းနှင့် အရမ်းကြီး ခင်မင်ရင်းနှီးချင်း မရှိသော်ငြား မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ဟင်းလင်းပြင်ကမ္ဘာထဲတွင် တစ်ဦးကိုတစ်ဦး ကူညီပေးခဲ့ကြသလို အတူတကွ ပူးပေါင်း၍လည်း အန္တရာယ်များကို ဖြတ်ကျော်လာခဲ့ရသူများ မဟုတ်ကြပေလော။
လင်းယင်ချင်း၏ ကျင့်ကြံခြင်းနှင့်တကွ ရန်ကိုင့်၏ ထောက်ခံပေးမှုကြောင့် သူမအနေဖြင့် ရေခဲနှလုံးသားတောင်ကြားသို့ အခက်အခဲမရှိ ဝင်နိုင်ပါသော်ငြား လင်းယင်ချင်းကမူ ကောင်းကင်ဝံပုလွေတောင်ကြားသို့သာ သွားချင်နေခဲ့လေသည်။
သူမသာ ကောင်းကင်ဝံပုလွေတောင်ကြားထဲသို့ ဝင်နိုင်သွားမည်ဆိုပါက ထိုနေရာသည် သူမအတွက် နေလို့ကောင်းမည့် နေရာတစ်ခု ဖြစ်သည်ဟုပင် ပြော၍ရသည်။ ဤနည်းဖြင့် လင်းယင်ချင်းသည် အားကောင်းသော ဂိုဏ်းတစ်ဂိုဏ်း၏ ထောက်ပံ့မှုကို ရရှိသွားနိုင်မည်ဖြစ်သလို သူမယောကျ်ားနှင့်လည်း နေ့ရောညပါ အတူရှိနိုင်တော့ပေမည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို လင်းယင်ချင်း ငြင်းဆိုလိမ့်မည်ဟု ရန်ကိုင် မထင်ပေ။
စကားတပြောပြောနှင့် လျှောက်လာလိုက်ရာ တစ်ခုသော နေရာသို့ အရောက်တွင် ရန်ကိုင် ရပ်သွားခဲ့လေသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေ၏။ “ရောက်ပြီ… ငါ ဒီမှာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖန်တီးပေးမယ်… ညီမလန် အဲ့ထဲကနေ ထွက်သွားလိုက်… ဘာမှစိတ်မပူနဲ့…”
“ကောင်းပြီ…” လန်ဟဲ ခေါင်းညိတ်လျက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “အစ်ကိုရန်လည်း သတိထားဦးနော်… အခွင့်အရေးရလို့ရှိရင် ကောင်းကင်ဝံပုလွေတောင်ကြားကို လာလည်ပေါ့…”
“ဒါပေါ့ ဒါပေါ့…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်၏အမူအယာ လေးနက်သွားခဲ့ပြီး သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင်အား စတင် ဆုတ်ဖြဲလိုက်လေ၏။
လေဟာနယ်နိယာမစွမ်းအားကို စတင် ထိန်းချုပ် အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်သည် တွန့်လိမ်လာပြီး မတည်မငြိမ် ဖြစ်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် လန်ဟဲ၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်လုပ်နေသည်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
“ပွင့်လိုက်စမ်း…” ရန်ကိုင်က သူ့လက်နှစ်ဖက်အား ဘေးဘက်သို့ ဆွဲဖြဲချလိုက်လေသည်။ လန်ဟဲ၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်အောက်တွင် ရန်ကိုင့်ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်မှာ ပိတ်သားတစ်စ ပြဲသွားသည့်အလား တဖြည်းဖြည်းချင်း ပြဲထွက်သွားခဲ့လေ၏။
ရန်ကိုင်မှ သူ့လက်နှစ်ဖက်ကို ဆွဲကားနေသည်နှင့်အမျှ ဟင်းလင်းပြင်အက်ကြောင်းကြီးမှာ ပိုပို၍ ကြီးမားလာခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း လန်ဟဲမှာတော့ အလွန်ကိုမှ မှင်တက်နေမိတော့လေ၏။
ဟင်းလင်းပြင်အား လက်နှစ်ဖက်ဖြင့် ဆွဲဖြဲခြင်းကို လန်ဟဲအနေဖြင့် ဒဏ္ဍာရီထဲတွင် ကြားခဲ့ဖူးပေသည်။ ဘယ်သောအခါမှ မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရပေ။ သို့သော်ငြား ယနေ့တွင် သူမသည် ထိုဒဏ္ဍာရီလာမြင်ကွင်းကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရပေပြီ။
တဖြည်းဖြည်း ကျယ်ပြန့်လာနေသော အက်ကြောင်းကြီးမှတစ်ဆင့် သူမ မြင်နေခဲ့ဖူးသော ကြယ်ပျက်ပင်လယ်ကြီးကို ပြန်လည် မြင်တွေ့လိုက်ရလေသည်။
“သွားပေတော့…” ရန်ကိုင်က အော်ပြောလိုက်လေ၏။
လန်ဟဲလည်း တုံ့ဆိုင်းမနေရဲခဲ့ပေ။ ချက်ချင်းပဲ ထိုဟင်းလင်းပြင်အက်ကြောင်းထဲ ပြေးဝင်သွားခဲ့လေ၏။ အခြားတစ်ဖက်ဆီသို့ ရောက်သော် လန်ဟဲ နောက်ပြန်လှည့်ကြည့်လိုက်ရာ ရန်ကိုင်မှ ဟင်းလင်းပြင်ထဲတွင် ရပ်လျက် သူမအား ပြုံးပြကာ လက်ဝှေ့ယမ်းပြနေကြောင်း တွေ့လိုက်ရလေသည်။
“ဂရုစိုက်ဦးအစ်ကိုရန်…” လန်ဟဲက အော်ပြောလိုက်လေသည်။ သို့သော်ငြား အက်ကြောင်းမှာ ပိတ်သွားပြီဖြစ်သည့်အတွက်ကြောင့် သူမပြောလိုက်သည့်စကားကို ရန်ကိုင်ကြားမကြားတော့ မသိရတော့ပေ။
ထိုနေရာတွင် တစ်ခဏကြာမျှ ငေးငိုင်ငိုင်ဖြင့် ရပ်နေပြီးသည့်နောက်တွင် လန်ဟဲသည် သက်ပြင်းချ၍ ကြယ်ပျက်ပင်လယ်၏ အတွင်းပိုင်းဆီသို့ ထွက်လာခဲ့လိုက်လေ၏။
ရန်ကိုင်နှင့် တွေ့ခဲ့ရသည်မှာ ခဏလေးသာ ဖြစ်သော်ငြား လန်ဟဲမှာတော့ လုံးဝကို အမြင်ကျယ်သွားခဲ့ရလေသည်။ ရန်ကိုင့်ရှေ့မှောက်တွင် ထိပ်တန်းဂိုဏ်းများ၏ လက်ရွေးစင်တပည့်များသည်ပင်လျှင် ဘာဆိုဘာမှ မဟုတ်တော့ချေ။ ထိုကဲ့သို့သော စွမ်းအားမျိုးသည် တကယ်ကြီး တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်နိုင်သည့် စွမ်းအားပေလော။
သူမကိုယ်တိုင်သည်လည်း ထိုအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ပါမည်လား ဆိုသည်ကို လန်ဟဲ သူ့ကိုယ်သူ ပြန်မေးနေမိလေသည်။ သို့သော်ငြား သူမ မည်သို့ပင် ကြိုးစားကျင့်ကြံစေခဲ့ကာမူ ထိုအဆင့်သို့ ရောက်နိုင်လိမ့်မည်မဟုတ်မှန်း သိနေပေသည်။ သူမအနေဖြင့် ပို၍အားကောင်းချင်လိုပါက ဧကရာဇ်အဆင့်သို့ ချိုးဖြတ်မှသာ ရတော့ပေလိမ့်မည်။
ထိုကဲ့သို့ တွေးလိုက်မိသည့်အခိုက် သူမစိတ်ထဲ မြန်မြန်အားကောင်းလာချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၅၉)
ရန်ကိုင်သည် ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်စီးကြောင်းများကို မသိကျေးကျွံ ပြုလျက် ဟင်းလင်းပြင်ထဲ ကူးလူးသွားလာနေခဲ့သည်။
ဤဟင်းလင်းပြင်ကြီးထဲ သွားလာရသည်မှာ အခြားသူများအတွက် အန္တရာယ်ရှိချင် ရှိလိမ့်မည်ဖြစ်သော်ငြား ရန်ကိုင်အတွက်မူ ပန်းခြံထဲ လမ်းလျှောက်ထွက်နေရသည်နှင့် မခြားချေ။ ရန်ကိုင် လေဟာနယ်တာအိုကို စတင် ကျင့်ကြံစဉ်က ဤကဲ့သို့သော နေရာမျိုးထဲသို့ မရေမတွက်နိုင်အောင် ဝင်ခဲ့ဖူးပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ဤကဲ့သို့ ဟင်းလင်းပြင်မျိုးနှင့် အလွန်တရာကိုမှ ရင်းနှီးနေသည်ဟုပင် ပြောနိုင်၏။
လန်ဟဲနှင့် လမ်းခွဲပြီး တစ်နာရီခန့်အကြာတွင် သူ့လက်ခုံ အနည်းငယ် ပူလောင်လာသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်လေသည်။ ဤသို့ဖြစ်ရခြင်းမှာ ကြယ်စည်းတံဆိပ်နှစ်ခုကြား ဆက်သွယ်ချက်ကြောင့်သာ ဖြစ်လေ၏။ ထို့အတွက်ကြောင့် ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ခံစားချက်ထွက်ပေါ်လာစေသည့် ဘက်ဆီသို့ ချက်ချင်း ပြေးထွက်သွားလေသည်။
ရန်ကိုင့်၏ကြယ်စည်းတံဆိပ်မှာ ခြောက်ထောင့်ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် အတော်လေးကိုမှ အဆင့်မြင့်ကာ ကျင့်ကြံသူအများစု၏ ကြယ်စည်းတံဆိပ်တည်နေရာများကို အဝေးမှပင်လျှင် အာရုံခံနိုင်ပေသည်။ တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုသောနေရာဆီသို့ ရောက်လာလေ၏။ သို့သော်ငြား ထိုနေရာရှိ မြင်ကွင်းကို မြင်သွားပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
အကြောင်းမှာ ထိုနေရာတစ်ခုလုံး ခြေပြတ်လက်ပြတ်များ၊ အသားစအသားနများ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများဖြင့် ပြည့်နှက်နေသည့်အတွက်ကြောင့်ပင် ဖြစ်လေ၏။ သက်ရှိတစ်ဦးတစ်လေမှ ရှိမနေခဲ့ချေ။ သို့သော်ငြား ထိုနေရာတွင်ပင်လျှင် ပိုင်ရှင်မဲ့ ကြယ်စည်းတံဆိပ်ရှစ်ခု ငြိမ်သက်စွာ ဝဲနေခဲ့လေသည်။
ကြယ်စည်းတံဆိပ်ရှစ်ခု ရှိသည့်အတွက်ကြောင့် ဤနေရာတွင် ကျင့်ကြံသူရှစ်ဦး သေသွားခဲ့သည်ဟု ပြောလိုက်သည်နှင့် အတူတူပင်။ ထိုလူများကို အခြားသူများ သတ်သွားခြင်းမဟုတ်။ ထို့အစား ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ကျပြီး ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်အက်ကြောင်းများ၊ လေဟာနယ် နိယာမစွမ်းအားများ၏ သတ်ဖြတ်ပစ်သွားခဲ့ခြင်းသာ ဖြစ်သည်။
ရန်ကိုင် ထိုနေရာသို့ ရောက်လာသည့်အခါ ပိုင်ရှင်မဲ့ကြယ်စည်းတံဆိပ်ရှစ်ခုသည် တစ်စုံတစ်ခု၏ ဆွဲငင်ခြင်း ခံလိုက်ရသည့်အလား အလင်းစက်ကလေးများ အသွင်သို့ ပြောင်းလျက် ရန်ကိုင့်လက်ခုံဆီသို့ ပျံသန်းဝင်ရောက်လာခဲ့လေသည်။ ထိုကြယ်စည်းတံဆိပ်များနှင့် ပူးပေါင်းသွားပြီးသည့်နောက်တွင် ရန်ကိုင့်လက်ခုံပေါ်ရှိ ခြောက်ထောင့်ပုံစံ ကြယ်စည်းတံဆိပ်မှာ တဖြည်းဖြည်းနှင့် တောက်ပသထက် တောက်ပလာခဲ့သလို ပူလောင်သထက်လည်း ပူလောင်လာခဲ့လေသည်။ သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် အနည်းငယ် စိတ်ပူမိသွားခဲ့သည်။
ဤဟင်းလင်းပြင်ထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည့် လူတိုင်းလိုလို သေသွားခဲ့ရလေသည်။ အခြားသူများ သေသေရှင်ရှင်ကို သူဂရုမစိုက်ပေ။ ရန်ကိုင်စိတ်ပူနေသည်မှာ ယင်လဲ့ရှန်းပင်။ ရန်ကိုင် သူ့အား ရှာမတွေ့သေးသရွေ့ ယင်လဲ့ရှန်းအနေဖြင့် သေလို့မဖြစ်သေးပေ။ ယင်လဲ့ရှန်းသာ သေသွားမည်ဆိုပါက ရန်ကိုင့်အနေဖြင့် ရှောင်ရှောင်အကြောင်းကို မည်သူ့ဆီကမှ သွားရောက်စုံစမ်းလို့ ရတော့လိမ့်မည်မဟုတ်ချေ။
ထိုနေရာတွင် ရပ်နေရင်းမှ အရှေ့ဘက်ဆီမှ တုံ့ပြန်မှုအသေးစားလေးကို ရန်ကိုင် ရရှိနေခဲ့လေ၏။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ထိုနေရာတွင် ဆက်မနေတော့ဘဲ ရှေ့သို့ ဆက်သွားလေသည်။
ရှေ့သို့ ရောက်လာသည်နှင့်အမျှ ပိုင်ရှင်မဲ့ ကြယ်စည်းတံဆိပ်များသာ ကျန်ရစ်တော့သော အလောင်းများစွာကို ရန်ကိုင် တွေ့လာရလေသည်။
ရန်ကိုင်သည် ထိုအလောင်းများအား ဘာမှမလုပ်ခဲ့ဘဲ ကြယ်စည်းတံဆိပ်များကိုသာ တောက်လျှောက် ဆွဲယူသွားခဲ့လေသည်။ ဤသို့ဖြင့် လမ်းတစ်လျှောက်တွင် ရန်ကိုင်သည် ကြယ်စည်းတံဆိပ် အခုနှစ်ဆယ်ကျော်မက ရလိုက်လေ၏။
ထိုကဲ့သို့ ပျံသန်းသွားလာရင်းမှ ရန်ကိုင်သည် အော်သံတိုးတိုးလေးတစ်သံကို ကြားလိုက်ရလေသည်။ ထိုအသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင့်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး အသံကြားရာဆီသို့ အလျင်အမြန် ပျံသန်းသွားလေ၏။
တစ်ခဏအကြာတွင် ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်စီးကြောင်းတစ်ခုရှေ့သို့ ရန်ကိုင် ရောက်လာခဲ့လေသည်။
အစောပိုင်းက လှမ်းအော်လိုက်သည့်လူမှာလည်း ရန်ကိုင်ရောက်လာသည်ကို သတိပြုမိသွားသည့်အလား အလျင်စလို ထအော်ပြောလိုက်လေ၏။ “ရောင်းရင်း… ကျုပ်ကိုကယ်ပါဦး… ကျုပ်ကို ထားမသွားပါနဲ့… ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါဦး…”
ရန်ကိုင်ကတော့ ထူးမခြားနားဟန်ဖြင့်သာ ရှိနေပေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်ပြီးသည့်နောက် တစ်ဖက်လူမည်သူမှန်း ရန်ကိုင် ချက်ချင်း သိသွားလေ၏။
“ယင်လဲ့ရှန်းဘယ်မှာလဲ…” ရန်ကိုင်က ရုတ်တရက်မေးလိုက်လေသည်။
ရန်ကိုင့်၏အသံကို ကြားလိုက်သည့်နောက် တစ်ဖက်လူမှာ အနည်းငယ် အံ့အားသင့်သွားခဲ့လေ၏။ ထို့နောက် လေသံတိုးတိုးဖြင့် ပြန်မေးလိုက်လေသည်။ “ရန်ကိုင်လား…”
“ယင်လဲ့ရှန်းဘယ်မှာလဲ…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။
ထိုလူက ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရန်… ကျေးဇူးပြုပြီး ငါ့ကို အရင်ကယ်ပေးပါကွာ… ကျန်တဲ့ကိစ္စကို နောက်မှ ပြောကြရအောင်…”
ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ကျန်းဟောင်တောင် မင်းကို မကယ်တာ ငါက ဘာဖြစ်လို့ ကယ်ပေးရမှာလဲ…”
လက်ရှိ ဟင်းလင်းပြင်စီးကြောင်းထဲ ပိတ်မိနေသည့်လူမှာ ဗြဟ္မာကုန်းမြေ၏ တော်ဝင်သားတော်ကျန်းရှန်မှလွဲ၍ အခြားမဟုတ်ချေ။ ကျန်းဟောင်နှင့် ကျန်းရှန်တို့သည် အမြဲလိုလို တပူးပူးတတွဲတွဲ ရှိနေတတ်သည့်လူများ ဖြစ်ကြပေသည်။ သူတို့၏ကျင့်ကြံခြင်းမှာလည်း အထင်ကြီးစရာ ကောင်းလှပေသည်။ သို့သော်ငြား သူတို့ မည်မျှပင် အားကောင်းနေစေကာမူ သူတို့နှစ်ဦးစလုံးမှာ တာအိုသခင်အဆင့်များသာ ဖြစ်ကြလေ၏။ ထို့အတွက်ကြောင့် ကျန်းရှန်အနေဖြင့် ဟင်းလင်းပြင်စီးကြောင်းထဲ ရောက်သွားပြီးသည့်နောက်တွင် သေရမည့်အချိန်ကို ထိုင်စောင့်နေရုံသာ တတ်နိုင်တော့ပေလိမ့်မည်။ သူပိုရုန်းလေ ပို၍ မြန်မြန်သေနိုင်လေပင်။ သို့သော်ငြား ဤနေရာတွင် ကျန်းဟောင်၏အရိပ်အယောင်ကို မတွေ့ရသည့် အတွက်ကြောင့် ကျန်းဟောင်သည် ကျန်းရှန်ကိုထား၍ တစ်ကိုယ်တည်း ထွက်ပြေးသွားသည်မှာ သေချာသလောက်ရှိပေသည်။
“ကျန်းဟောင်…….” ရန်ကိုင်မှ ကျန်းဟောင်၏နာမည်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းရှန်၏ ချက်ကောင်းကို သွားထိမိလိုက်သည့်အလား ကျန်းရှန်မှာ အံကိုတင်းတင်းကြိတ်၍ အော်ပြောတော့လေ၏။ “အဲ့ခွေးကောင်ရဲ့နာမည်ကို လာမပြောစမ်းနဲ့ကွာ… ငါအဲ့ကောင် အနှေးနဲ့အမြန် ပြန်သတ်ပစ်မှာ…”
တော်ဝင်သားတော်နှစ်ဦးကြား ဘာတွေဖြစ်ခဲ့လဲတော့မသိ ကျန်းရှန်သည် ကျန်းဟောင်အား ခါးခါးသီးသီးကို မုန်းတီးနေခဲ့လေသည်။
ရန်ကိုင်ကမူ သူတို့ကိစ္စအား ဂရုစိုက်မနေခဲ့ဘဲ ပြန်၍သာ ပြောလိုက်လေ၏။ “သူ့ကိုသတ်ဖို့မပြောခင် မင်းဘာသာမင်း ဒီကနေ အရင်ထွက်နိုင်အောင် လုပ်ပါဦး…”
ထိုစကားကိုကြားသည့်အခါ ကျန်းရှန်၏ဒေါသတို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းပဲ အော်ဟစ်တောင်းပန်တော့လေ၏။ “ရောင်းရင်းရန်… မင်း ငါ့လို နိမ့်ကျတဲ့လူကို ဒီလောက်ကြီး ဂရုစိုက်နေစရာမလိုပါဘူးကွာ… သဘောထားကြီးကြီးနဲ့ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပေးပါလားကွာ… ငါ ဒီကျေးဇူးကို သေသေချာချာ မှတ်ထားပေးပါ့မယ်… နောက်ပိုင်း အခွင့်အရေးရလို့ရှိရင်လည်း ကျိန်းသေ ပြန်ဆပ်ပါမယ်ကွာ…”
“ယင်လဲ့ရှန်းဘယ်မှာလဲ ငါ့ကို အရင်ပြော…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ထပ်မေးလိုက်လေသည်။
ကျန်းရှန်က မေးလိုက်လေသည်။ “ငါမင်းကို ပြောပြရင် မင်းငါ့ကို ကယ်ပေးမှာလား…”
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “မင်းဘယ်လိုထင်လဲ…”
ကျန်းရှန်မှာ ဒေါသထွက်ထွက်နှင့် ပြန်အော်ပြောတော့လေသည်။ “အဲ့ဒါဆိုရင် ငါ ဘာဖြစ်လို့ မင်းကို ပြောရမှာလဲ…” ထိုသို့ပြောပြီးသည့်နောက် ယခုအချိန်သည် သူ့အနေဖြင့် ဒေါသထွက်လို့ကောင်းသည့်အချိန်မဟုတ်မှန်း သိသွားသည့်အလား အလျင်စလို သူ့စကားအား ပြန်ပြင်ပြောလေ၏။ “ရောင်းရင်းရန် ဒေါသမထွက်ပါနဲ့ကွာ… ငါကျန်းရှန် စကားမှားပြောမိသွားတာပါ…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ငါမင်းကို မကယ်ချင်ဘူး… ဒီတော့ ကယ်မှာမဟုတ်ဘူး… မင်းဘာပြောပြော အသုံးမဝင်ဘူး…”
ထိုစကားကိုကြားသော် ကျန်းရှန်မှာ ပျာယာခတ်သွားသလို ပို၍လည်း ဒေါသထွက်သွားခဲ့လေသည်။ သို့သော်ငြား သူဒေါသထွက်နေကြောင်းကိုတော့ ထုတ်မပြရဲခဲ့ပေ။
“ငါ မင်းကို မကယ်နိုင်ပေမဲ့ မင်းအတွက်တော့ ပြန်လက်စားချေနိုင်ပေးတယ်…” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ကျန်းဟောင်နဲ့ ယင်လဲ့ရှန်းက အတူတူရှိနေတာမလား… သူတို့ဘယ်သွားလဲဆိုတာ မင်း ငါ့ကို ပြောပြပေးမယ်ဆိုရင် ငါမင်းအစား ကျန်းဟောင်ကို သတ်ပေးလို့ရတယ်…”
“ကျန်းဟောင်ကိုသတ်ပေးမယ်…” ကျန်းရှန် ယာယီ မင်သက်သွားခဲ့လေ၏။ အချိန်အတော်ကြာအောင် စဉ်းစားနေပြီးသည့်နောက်တွင် အရူးတစ်ယောက်နှယ် ဝါးလုံးကွဲ အော်ရယ်မောတော့လေသည်။
ရန်ကိုင်ကမူ ကျန်းရှန်အား တွန်းအားသွားပေးမနေခဲ့ဘဲ အေးစက်စက်အမူအယာဖြင့်သာ စိုက်ကြည့်နေခဲ့လေသည်။
တစ်ခဏအကြာတွင် ကျန်းရှန်၏ အော်သံတို့ ရပ်တန့်သွားခဲ့ပြီး ကြမ်းကြုတ်သည့်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “မင်း ကျန်းဟောင်ကိုတွေ့ရင် အဲ့ကောင်အလောင်းကို တစ်စစီဖြစ်အောင် လုပ်ပေးစမ်းကွာ…”
“ငါလုပ်ပေးလို့ရတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ တော်ဝင်သားတော်နှစ်ပါးကြား တစ်ခုခုဖြစ်သွားခဲ့သည်မှာ သေချာသလောက်ရှိပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ကျန်းရှန်အနေဖြင့် ကျန်းဟောင်အား ဤမျှ မုန်းတီးနေစရာအကြောင်း မရှိချေ။
“သူတို့ အဲ့ဘက်ကို ထွက်သွားတယ်…” ကျန်းရှန်က ညွှန်ပြလိုက်လေ၏။
ရန်ကိုင်လည်း ကျန်းရှန်ညွှန်ပြသည့်ဘက်သို့ ကြည့်လိုက်ပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလျက် လဓါးသွားတစ်စင်းကို ကျန်းရှန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
ရန်ကိုင့်၏လုပ်ရပ်ကိုမြင်သော် ကျန်းရှန်မှာ ပျာယာခတ်သွားခဲ့လေသည်။ ဟင်းလင်းပြင်စီးကြောင်းထဲ ပိတ်မိနေသည့်အတွက်ကြောင့် ထွက်ပြေးလိုလျှင်ပင် ထွက်မပြေးနိုင်ချေ။ ထို့ကြောင့် ပြန်၍သာ မေးလိုက်လေ၏။ “မင်း ဘာလုပ်နေတာလဲ…”
ရွှစ်ခနဲ မြည်သံနှင့်အတူ သူ့လက်မောင်းဆီမှ အလွန်ကိုမှ နာကျင်လာကြောင်း ကျန်းရှန်ခံစားလိုက်ရသည်။
ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “ဒါ ငါ့ကိုတိုက်ခိုက်တဲ့အတွက် မင်းရဲ့ကြယ်စည်းတံဆိပ်ကို အတိုးနဲ့ အကြွေးပြန်ယူတာပဲ… နောက် ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ မင်းထိုက်နဲ့မင်းကံ ဖြစ်သွားပြီ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျန်းရှန်၏ ပြတ်သွားသောလက်ပေါ်ရှိ ကြယ်စည်းတံဆိပ်ကိုယူ၍ ကျန်းရှန် ညွှန်ပြသည့်ဘက်သို့ ထွက်သွားလေ၏။
“ခွေးကောင်… ခွေးသူတောင်းစားကောင်…” ကျန်းရှန်သည် သူ့ဒဏ်ရာအား လက်ဖြင့်အုပ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ သို့သော်ငြား ရန်ကိုင်မှာမူ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားလေပြီ ။
ကျန်းရှန်ညွှန်ပြသည့်လမ်းကြောင်းအတိုင်း နေ့ဝက်ကြာအောင် ပျံသန်းလာပြီးသည့်နောက်တွင် အခြားလူများ၏ တည်နေရာကို ရန်ကိုင် အာရုံခံမိလိုက်လေသည်။ သို့သော်ငြား ထိုလူများအစုမှာ ဟင်းလင်းပြင်စီးကြောင်းထဲ ဆွဲခေါ်ခံနေရပြီး သေဆုံးနေခဲ့လေ၏။ အလောင်းများမှာ အပိုင်းပိုင်းအစစ ဖြစ်နေခဲ့ပြီး ပိုင်ရှင်မဲ့ကြယ်စည်းတံဆိပ်များသည်သာ ကျန်ရစ်နေခဲ့လေသည်။ ရန်ကိုင်လည်း ထိုကြယ်စည်းတံဆိပ်အားလုံးကို သိမ်းကြုံးယူပစ်လိုက်လေ၏။
တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျင့်ကြံသူ အယောက်လေးဆယ်နီးပါး၏ ကြယ်စည်းတံဆိပ်များကို ရယူနိုင်ခဲ့လေ၏။
သူ့လက်ခုံပေါ်ရှိ ခြောက်ထောင့်ပုံစံကြယ်စည်းတံဆိပ်မှာတော့ ကြယ်စည်းတံဆိပ် အခုသုံးဆယ်ကျော်မကကို စုပ်ယူပြီးသည့်နောက်တွင် ခုနှစ်ထောင့်ပုံစံသို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် အဆင့်နိမ့်ကြယ်စည်းတံဆိပ်များ၏ တည်နေရာကို ပို၍ ဝေးဝေးလံလံမှပင်လျှင် အာရုံခံနိုင်လာတော့၏။
တစ်ခုသောနေရာသို့ ရောက်သော် အခြားသော ကြယ်စည်းတံဆိပ်များ၏ တည်နေရာကို ရန်ကိုင် ထပ်မံအာရုံခံမိသွားခဲ့လေသည်။ ထိုကြယ်စည်းတံဆိပ်များသည် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် အစီအရင်ထဲ ပိတ်မိနေသော ကျင့်ကြံသူများအနက် နောက်ဆုံးလက်ကျန်အသုတ်၏ ပိုင်ရှင်များ ဖြစ်ကြပေသည်။
ထိုနေရာတွင် ယင်လဲ့ရှန်း ကျိန်းသေကို ရှိနေရပေလိမ့်မည်။ အကြောင်းမှာ ထိုနေရာတွင် မရဏဂိုဏ်းမှ တပည့်နှစ်ဦး၏အလောင်းကို တွေ့လိုက်ရသော်ငြား ယင်လဲ့ရှန်း၏အလောင်းကို မတွေ့ရသည့် အတွက်ကြောင့်ပင်လျှင်။
(ဒီကောင်က တော်တော်ကို အသက်ပြင်းတာပဲ… ဒီအထိတောင်လာနိုင်တယ်… သူဘယ်လိုတွေ လာခဲ့တာလဲ…)
ရန်ကိုင်သည် တစ်ချက်ကလေးမှပင် တုံ့ဆိုင်းမနေတော့ဘဲ ထိုဘက်ဆီသို့ ထွက်သွားလိုက်လေ၏။
အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် နောက်ဆုံး အသက်ရှင်ကျန်ရစ်နေသည့် သူများရှိနေမည့်နေရာဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် လူလေးဦး အသက်ရှင်နေကြောင်း တွေ့လိုက်ရလေသည်။ ယင်လဲ့ရှန်းနှင့် ကျန်းဟောင်တို့နှစ်ဦးမှာ ထိုလူလေးဦးထဲ ပါဝင်ပေသည်။ အခြားနှစ်ဦးကိုတော့ ရန်ကိုင်မသိပေ။
ထို့အပြင် ဤနေရာ၌ ထိုလူလေးဦးသာမက ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သော တောင်နဲ့မြစ်ခေါင်းလောင်းပါ ရှိနေခဲ့လေသည်။
“မင်း အသက်ရှင်နေသေးတာလား…” ရန်ကိုင်ရောက်လာသည်ကိုမြင်သော် ယင်လဲ့ရှန်းသည် ရန်ကိုင့်အား အထိတ်တလန့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားကြောင်းကို ယင်လဲ့ရှန်း သိပေသည်။ သူတို့နှစ်ဦး ကြယ်တာရာလမ်းကြောင်းထဲတွင် တိုက်ခိုက်စဉ်က ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို အသုံးပြုလျက် ကြယ်တာရာလမ်းကြောင်းတစ်ခုလုံးကို ဖြိုချဖျက်စီးပစ်ခဲ့လေသည်။
တောင်နဲ့မြစ်ခေါင်းလောင်း၏ အသံလှိုင်းရိုက်ချက်ကို အနီးကပ် ခံလိုက်ရပြီးသည့်တိုင် အသက်ရှင်နေသည့် ရန်ကိုင်ကိုကြည့်ရင်း ယင်လဲ့ရှန်းမှာတော့ အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့လေသည်။ ထို့အပြင် ရန်ကိုင်သည် အသက်ရှင်ရုံသာလျှင် မဟုတ်ဘဲ အကောင်းအတိုင်းပင် ရှိနေသေး၏။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “မင်းတောင် အသက်ရှင်နေသေးတာ… ငါကရော ဘာလို့ အသက်မရှင်ရမှာလဲ…”
ထိုစကားကိုကြားသော် ယင်လဲ့ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ကောင်းတယ် တကယ်ကိုကောင်းတယ်… မင်းအသက်ရှင်နေတာ တကယ်ကို ကောင်းတာ…”
ယင်လဲ့ရှန်းမှာ ရန်ကိုင်အသက်ရှင်နေမှန်း သိပြီးသည့်နောက် အလွန်ကိုမှ ဝမ်းသာသွားခဲ့လေသည်။ သူဘာကြောင့်ဝမ်းသာနေမှန်းတော့ မည်သူမျှ မသိချေ။
ရန်ကိုင်သည် ယင်လဲ့ရှန်းအား မယုံသင်္ကာဖြင့်ကြည့်လျက် ပြောလိုက်လေသည်။ “ရောင်းရင်းယင်… မင်းလေသံက မသိလို့ရှိရင် မင်းနဲ့ငါက မိတ်ဆွေတွေလို့ အခြားသူတွေ အထင်မှားသွားနိုင်တယ်နော်…”
ယင်လဲ့ရှန်းက ဝါးလုံးကွဲအော်ရယ်မောလျက် “ငါတို့ကြား ဘယ်လိုဆက်ဆံရေးပဲရှိရှိ မင်းအသက်ရှင်နေတာ တကယ်ကောင်းတာ…”
ရန်ကိုင့်၏အမူအယာ အေးစက်သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ငါအသက်ရှင်နေတယ်… ဒါပေမဲ့ မင်းက ကျိန်းသေကို သေရတော့မှာ…”
ယင်လဲ့ရှန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ငါတို့ကြားမှာ ဘာရန်ငြိုးမှ ရှိတာမှမဟုတ်တာ… ဘာဖြစ်လို့ အတိတ်ရန်ငြိုးတွေကို မေ့ပြီး မိတ်ဆွေတွေ ဖြစ်မလာချင်ရတာလဲ…”
ရန်ကိုင်က မျက်လုံးအပြူးသားဖြင့် ပြန်ပြောလိုက်လေ၏။ “ငါ… ငါနားကြားမှားသွားတာလား… ရောင်းရင်းယင်… မင်း တကယ်ကြီး အတိတ်ရန်ငြိုးတွေကို မေ့ပြီး ငါနဲ့ မိတ်ဆွေဖြစ်ဖို့ လာပြောနေတာလား … ဟေ့ကောင်… ဟင်းလင်းပြင်အက်ကြောင်းထဲ ရောက်သွားပြီးတဲ့နောက်ပိုင်း မင်းခေါင်း တစ်ခုခုများ ထိသွားတာလား…”
ကျန်းဟောင်နှင့် ကျန်နှစ်ဦးမှာလည်း ယင်လဲ့ရှန်းအား ထူးထူးဆန်းဆန်းအမူအယာများဖြင့် ကြည့်နေခဲ့ကြလေသည်။ ရန်ကိုင်နှင့် ယင်လဲ့ရှန်းကြား မည်ကဲ့သို့သော ရန်ငြိုးရန်စများ ရှိသလဲ၊ ယင်လဲ့ရှန်းသည် ရန်ကိုင့်အား မည်ကဲ့သို့ အကွက်ချလုပ်ကြံခဲ့သလဲ၊ ရန်ကိုင်မှ ယင်လဲ့ရှန်းအား မည်ကဲ့သို့ ဖိအားပေးခဲ့သလဲဆိုသည်ကို သူတို့ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလေသည်။ နှစ်ယောက်စလုံးမှာ တစ်ဦးကိုတစ်ဦး မသတ်ရ မနေနိုင်အောင် ဖြစ်နေသည့်လူများ ဖြစ်ကြလေရာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားသည့် ယင်လဲ့ရှန်း၏ သဘောထားအပေါ် သူတို့လုံးဝကို နားမလည်နိုင်အောင် ဖြစ်မိလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၄၆၀)
ယင်လဲ့ရှန်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါခေါင်းထိသွားတာမဟုတ်ဘူး… ငါက သေသေချာချာကို စဉ်းစားပြီးတော့ ပြောနေတာ… ဘာလို့လဲဆိုတော့ ဒီနေရာက ထွက်သွားချင်တယ်ဆိုလို့ရှိရင် ရောင်းရင်းရန်နဲ့ အကူအညီနဲ့မှပဲ ဖြစ်နိုင်မယ်ဆိုတာကို ငါသိထားတာမို့လို့လေ…”
ရန်ကိုင်က မျက်ခုံးပင့်လျက် အော်ရယ်မောရင်း ပြန်မေးလိုက်လေသည်။ “ရောင်းရင်းယင်… မင်းပြောချင်တာကို ငါနားလည်တယ်… ဒါပေမဲ့ ငါမင်းကို ဒီကနေ ခေါ်ထုတ်ပေးမယ်လို့ မင်းထင်နေတာလား…”
ယင်လဲ့ရှန်းက ပြန်ပြောလိုက်လေသည်။ “မင်းရဲ့ရုပ်သေးရုပ်အကြောင်းကို မင်းသိချင်နေတာမဟုတ်ဘူးလား… အဲ့ရုပ်သေးရုပ်က မင်းအတွက် အရမ်းအသုံးဝင်ပါတယ်… ဟုတ်တယ်မလား…”
ယင်လဲ့ရှန်းမှ ရှောင်ရှောင်အကြောင်း ပြောလာသည်ကိုမြင်သော် ရန်ကိုင့်မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်အော်ပြောလိုက်လေသည်။ “သူအခုဘယ်မှာလဲ…”
ယင်လဲ့ရှန်းကပြုံးလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရန်ရဲ့ပုံစံကိုကြည့်ရတာ အဲ့ဒါကို အရမ်းတန်ဖိုးထားတယ်နဲ့တူတယ်… ရောင်းရင်းရန် မင်းမှာလည်း မင်းလိုချင်တာရှိတယ်… ငါ့မှာလည်း ငါလိုချင်တာရှိတယ်… ဒီတော့ ဘာလို့ အလဲအလှယ် မလုပ်ကြမှာလဲ…”
ရန်ကိုင် အံတင်းတင်းကြိတ်လိုက်လေသည်။ သူ့ခမျာ ယင်လဲ့ရှန်းအား သေကောင်ပေါင်းလဲဖြစ်အောင် ရိုက်နှက်၍ ရှောင်ရှောင်အကြောင်းကို အတင်းအကြပ် ထုတ်ပြောလာအောင် လုပ်ချင်ပါသော်ငြား လက်ရှိအချိန်တွင် အကြမ်းနည်းသုံး၍ မရကြောင်း သိနေခဲ့လေသည်။ ယင်လဲ့ရှန်းသာ ရှောင်ရှောင်အကြောင်း မပြောလျှင် ရန်ကိုင်လည်း မည်သို့မှ သိနိုင်လိမ့်မည် မဟုတ်ချေ။ ယင်လဲ့ရှန်း ပြောလာမည်ဆိုလျှင်ပင် ရန်ကိုင့်အနေဖြင့် ယင်လဲ့ရှန်းပြောသည်မှာ ယုံရ မယုံရ သေချာစဉ်းစားရပေဦးမည်။
ယင်လဲ့ရှန်းအား သတ်ဖြတ်နိုင်မည့်အရေးနှင့် ယှဉ်လိုက်သော် ရန်ကိုင်သည် ရှောင်ရှောင့်အကြောင်းကို ပို၍ သိချင်ပေသည်။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။ “ငါတို့ ဘယ်လိုအလဲအလှယ်လုပ်ကြမလဲ… မင်းပြောကြည့်လိုက်…”
ယင်လဲ့ရှန်းက ပြန်ပြောလိုက်လေ၏။ “မင်း ငါ့ကို ဒီနေရာကနေ ထုတ်ပေး… မင်းရဲ့ရုပ်သေးရုပ် ဘယ်နေရာရောက်သွားလဲဆိုတာကို ငါအမှန်အတိုင်း ပြောပြပေးမယ်…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “မင်း ငါ့ကို ပြောနေတာ အမှန်ဟုတ်မဟုတ် ငါဘယ်လို သိမှာလဲ… ပြီးတော့ ရှောင်ရှောင်အကြောင်းကို မင်းမသိတာလည်း ဖြစ်နိုင်တာပဲ…”
“ငါသိတယ်…” ယင်လဲ့ရှန်း၏အမူအယာ လေးနက်သွားခဲ့လေ၏။ “မင်းကို နည်းနည်းပါးပါးလေး ပြောလိုက်လို့တော့ ကိစ္စမရှိပါဘူး… ကြယ်တာရာလမ်းကြောင်း ပျက်စီးသွားတဲ့နောက်ပိုင်း မင်းရဲ့ရုပ်သေးရုပ်က ငါနဲ့အတူတူ အရှေ့ဘက်နယ်မြေကို ရောက်လာခဲ့တာ… ဒါပေမဲ့ ငါ့ခွန်အားနဲ့ သူ့ကို ဘယ်လိုမှ ဖိနှိပ်လို့မရဘူး… ဒီတော့ ငါလည်း သူ့ကိုဖိနှိပ်လို့ရမယ့် အခွင့်အရေးတစ်ခုခုလောက် တွေ့လို့တွေ့ငြား သူ့နောက်ကနေ တိတ်တိတ်လေး လိုက်သွားလိုက်တယ် … ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ နောက်ဆုံးမှာ မအောင်မြင်လိုက်ဘူး… အခု မင်းရဲ့ရုပ်သေးရုပ် ဘယ်ထွက်သွားလဲဆိုတာကို ဒီလောကကြီးမှာ ငါတစ်ယောက်ပဲ သိတော့တယ်… အခြားဘယ်သူမှမသိဘူး… ရောင်းရင်းရန်… မင်း သေချာစဉ်းစားရင် ကောင်းလိမ့်မယ်နော်… ငါတို့သာ ကိုယ့်ဝှက်ဖဲတွေအကုန်လုံးကို ထုတ်သုံးပြီး ဒီမှာတိုက်ခိုက်ကြမယ်ဆိုရင် နှစ်ဖက်စလုံး အထိနာမှာ… ပြီးတော့ ငါမင်းကို ကမ်းလှမ်းနေတာက မျှမျှတတပဲ… ငါတို့လိုချင်တဲ့အရာကို ငါတို့တောင်းနေတာလေ…”
ရန်ကိုင့်၏အမူအယာ အေးစက်သည်ထက် အေးစက်လာခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “ငါ့ကိုအရင်ပြော… အဲ့ဒါဆို ငါမင်းကို ချက်ချင်း ထုတ်ပေးမယ်… မင်းကို ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်…”
ယင်လဲ့ရှန်းက ရယ်သွမ်းသွေးလျက် ငြင်းဆိုလိုက်လေ၏။ “မင်း ငါ့ကို သုံးနှစ်သားကလေးလို့ မှတ်နေတာလား…”
“အဲ့ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ…” ရန်ကိုင် ပြန်၍ပြောလိုက်လေ၏။
ရန်ကိုင်နှင့် ယင်လဲ့ရှန်းတို့ ငြင်းခုံနေသည်ကို ကျန်သုံးဦးမှ အံ့အားသင့်တကြီး အမူအယာများဖြင့် ကြည့်နေကြလေသည်။ ရန်ကိုင်နှင့် ယင်လဲ့ရှန်းတို့ မည်သည့်အကြောင်းကို ငြင်းခုံနေမှန်း သူတို့မသိကြသော်ငြား သူတို့နှစ်ဦးပြောသည်ကို နားထောင်ပြီးသည့်နောက် ကျန်းဟောင်နှင့် ကျန်နှစ်ဦး သဲလွန်စအချို့ ရလိုက်လေသည်။
ကျန်းဟောင်က ရုတ်တရက် မေးလိုက်လေသည်။ “ရောင်းရင်းယင်… သူ ငါတို့ကို ဒီနေရာကနေ တကယ်ကြီး ခေါ်ထုတ်သွားပေးနိုင်တာလား…”
ယင်လဲ့ရှန်းက ကျန်းဟောင်အားကြည့်လျက် ပြန်ပြောလိုက်လေ၏။ “သူသာ မခေါ်ထုတ်ပေးနိုင်ရင် ဘယ်သူမှ ခေါ်ထုတ်ပေးနိုင်တော့မှာ မဟုတ်ဘူး…”
“ဘာလို့လဲ…” ကျန်းဟောင်က အံ့အားသင့်နေသည့်လေသံဖြင့် “ငါတို့ အခု ဟင်းလင်းပြင်ထဲမှာ ပိတ်မိနေတာနော်… ဒီကနေ ထွက်သွားချင်ရင် ငါတို့ပတ်လည်က အတားအဆီးတွေကို ဖျက်စီးမှရမှာ... ငါတို့ သုံးယောက်ပေါင်းပြီးတော့တောင် မဖျက်စီးနိုင်တဲ့ အတားအဆီးကို သူတစ်ယောက်တည်းနဲ့ ဘယ်လို ဖျက်စီးမှာလဲ”
ယင်လဲ့ရှန်းက မျက်မှောင်ကြုတ်လျက် ရှင်းပြလိုက်လေ၏။ “ဘာလို့လဲဆိုတော့ ရောင်းရင်းရန်က လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတယ်လေ…”
“လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတယ်…” ထိုစကားကိုကြားသော် ကျန်းဟောင်မှာ အံ့လည်းအံ့ဩ ဝမ်းလည်းဝမ်းသာ သွားခဲ့လေသည်။ အသက်ရှင်သန်နိုင်မည့် အခွင့်အရေးကို တွေ့လိုက်ရသည့်အလား ရန်ကိုင့်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်လာခဲ့လေ၏။
ကျန်နှစ်ဦးသည်လည်း အလွန်ကိုမှ စိတ်လှုပ်ရှားသွားသည့်အလား နှုတ်ခမ်းကို လျှာဖြင့် အသီးသီး သပ်လိုက်ကြလေသည်။
“ဒီသခင်လေးက လေဟာနယ်တာအိုမှာ ကျွမ်းကျင်တာအမှန်ပဲ… ဒါပေမဲ့ ငါက ဘာဖြစ်လို့ မင်းတို့ကို ဒီထဲကနေ ထုတ်ပေးရမှာလဲ…” ရန်ကိုင်သည် ကျန်းဟောင်တို့သုံးဦးအား စိုက်ကြည့်၍ ပြောလိုက်လေ၏။
ထိုစကားကိုကြားသော် ကျန်းဟောင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဟဲ ဟဲ… ရောင်းရင်းရန်ရယ်… တိုက်ပွဲလေးတစ်ပွဲလောက် ဖြစ်ပြီးသွားတဲ့နောက်ပိုင်း ငါတို့ မိတ်ဆွေတွေ ဖြစ်သွားပြီလို့တောင် ပြောလို့ရတာပဲ… အခု အသက်ရှင်နေတဲ့လူတွေက များများစားစား ရှိတော့တာ မဟုတ်ဘူး… ငါတို့လေးဦးပဲ ကျန်တော့တာ… ဒီတော့ မင်းထွက်သွားနိုင်တယ်ဆိုရင် ဘာဖြစ်လို့ ငါတို့ကိုပါ အတူမခေါ်သွားပေးရမှာလဲ… စိတ်မပူနဲ့ကွာ… ငါတို့ကို ဒီထဲကနေ ခေါ်သွားပေးတဲ့အတွက် ငါမင်းကို ကျိန်းသေ ရက်ရက်ရောရော အလျော်ပြန်ပေးမယ်…”
“ဟုတ်တယ် ဟုတ်တယ်… ကျုပ်တို့ ရောင်းရင်းရန်ရဲ့ကျေးဇူးကို အမြဲတမ်းမှတ်ထားပြီး အခွင့်အရေးရတာနဲ့ ကျိန်းသေပြန်ဆပ်ပါမယ်…”
“ရောင်းရင်းရန်… ရန်သူထက် မိတ်ဆွေများတာ ပိုကောင်းတယ်နော်… မင်းသာ အနောက်ဘက်နယ်မြေကို လာလို့ရှိရင် ဒီစွန်း မင်းကို ကျိန်းသေ ဝမ်းပန်းတသာနဲ့ ကြိုဆိုပေးမှာ…”
အခြားနှစ်ဦးမှာလည်း ကျန်းဟောင်နည်းတူ ရန်ကိုင့်အား တောင်းပန် အသနားခံတော့လေသည်။
“အပိုတွေလာမပြောစမ်းနဲ့ကွာ…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြန်အော်ပြောလိုက်လေ၏။
ထိုစကားကိုကြားသော် ကျန်းဟောင်၏အမူအယာ အေးစက်သွားခဲ့ပြီး ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လျက် “ရန်ကိုင်… ခေါင်းမမာလွန်းနဲ့နော်… အခု ငါတို့ပုံစံက အထွဋ်အထိပ်အခြေအနေမှာ ရှိမနေတော့ဘူးဆိုပေမဲ့ ငါတို့သာ ပူးပေါင်းလိုက်မယ်ဆိုလို့ရှိရင် မင်း ငါတို့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး… မင်းအတွက် အရေးမသာတဲ့ တိုက်ပွဲတစ်ခုကို တွန်းအားပေးမလာချင်နဲ့…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းတို့ အယောက်လေးဆယ်ရှိတုန်းကတောင် ဒီသခင်လေးမကြောက်ခဲ့တာ… မင်းတို့လေးယောက်တည်းနဲ့ ငါ့ကို ခြောက်နိုင်မယ်လို့ ထင်နေတာလား… မင်းတို့ သေချင်နေတယ်ဆိုရင်လည်းပြော... ဒီသခင်လေး မင်းတို့ကို တစ်ခါတည်း ယမမင်းနဲ့ တွေ့လို့ရအောင် လုပ်ပေးမယ်”
ထိုစကားကိုကြားသော် ကျန်းဟောင်၏ အမူအရာ တောင့်တင်းသွားခဲ့လေသည်။ ရန်ကိုင်ပြောသည်မှာလည်း မှန်ပေသည်။ သူတို့ အယောက်လေးဆယ် အတူပူးပေါင်းတိုက်ခိုက်စဉ်ကပင်လျှင် ရန်ကိုင့်အား အနိုင်မယူနိုင်ခဲ့လေရာ ယခု သူတို့လေးဦးတည်းဖြင့် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော ရန်ကိုင့်အား မည်သို့များ အနိုင်ယူနိုင်ပါမည်နည်း။ ရန်ကိုင့်အနေဖြင့် သူတို့လေးဦးပေါင်းကို မနိုင်လျှင်ပင် လေဟာနယ်တာအိုကိုသုံး၍ ထွက်ပြေးနိုင်ပေသည်။ မည်သူမျှ သူ့အား တားနိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် ကျန်းဟောင်နှင့် ကျန်နှစ်ဦးအား လျစ်လျူရှုလျက် ယင်လဲ့ရှန်းဘက်သို့လှည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “မင်း ငါနဲ့ အလဲအလှယ်လုပ်ချင်တယ်ဆိုလို့ရှိရင် ငါတို့နှစ်ယောက်စလုံး ယုံကြည်နိုင်မဲ့ နည်းလမ်းတစ်ခုကို စဉ်းစားသင့်တယ်… မဟုတ်ရင်တော့ ဒီနေရာက မင်းရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်… အဆိုးဆုံးမှ ငါ့အနေနဲ့ အရှေ့ဘက်နယ်မြေကို ကိုယ်တိုင်သွားပြီး ရှောင်ရှောင်အကြောင်းကို လိုက်စုံစမ်းရရုံပဲ ရှိသွားမှာ…”
ထိုစကားကိုကြားသည့်အခါ ယင်လဲ့ရှန်း မျက်နှာပျက်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ရောင်းရင်းရန်… မင်းငါ့ကို သတ်နိုင်မယ်လို့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ယုံကြည်နေရတာလဲ…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒီနေရာမှာ ငါ့လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရုံနဲ့ မင်းကို တမလွန်ဘဝဆီရောက်အောင် လုပ်ပစ်လိုက်လို့ရတယ်။ ကဲ… အခု ငါ့ကို ပြောပါဦး… ငါမင်းကို မသတ်နိုင်ဘူးလို့ ထင်နေသေးလား…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အနီးအနားဝန်းကျင်တွင် ရှိနေသော ပရမ်းပတာဖြစ်နေသည့် ဟင်းလင်းပြင်စီးကြောင်းများမှာ အမိန့်တစ်ခုကို ရလိုက်သည့်အလား ယင်လဲ့ရှန်းဆီသို့ မြစ်တစ်စင်းနှယ် တိုးဝင်သွားခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် ယင်လဲ့ရှန်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ခုန်ရှောင်လိုက်လေ၏။
ဟန်ချက်ညီအောင် ထိန်းပြီးသည့်နောက်တွင် ယင်လဲ့ရှန်း၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
အစကတော့ သူ့တွင်ရှိနေသေးသည့် ဝှက်ဖဲအရ ရန်ကိုင့်အား ကြောက်စရာမလိုဟု ထင်ခဲ့လေသည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ဤထူးဆန်းသော ပတ်ဝန်းကျင်သည် ရန်ကိုင့်၏စွမ်းရည်ကို ချုပ်နှောင်ကန့်သတ်နိုင်ခြင်း မရှိရုံမက ရန်ကိုင့်၏ ခွန်အားကိုပင်လျှင် အဆပေါင်းများစွာ မြင့်တက်သွားစေပေသည်။ တကယ်သာ တိုက်ခိုက်ကြမည်ဆိုလျှင်ပင် သူ့၌ နိုင်နိုင်ချေ နှစ်ဆယ်ရာခိုင်နှုန်းပင် မရှိချေ။
(မတော်တဆ ကိစ္စတွေ ဖြစ်မလာခင် ငါဒီနေရာကနေ မြန်မြန် ထွက်သွားနိုင်မှဖြစ်မယ်) ထိုအချက်ကို နားလည်လိုက်သည့်နောက်တွင် ယင်လဲ့ရှန်းက အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းရန်… ဒါကို ကြည့်ကြည့်လိုက်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ယင်လဲ့ရှန်းသည် ရန်ကိုင့်ဆီသို့ တစ်ခုခု ပစ်ပေးလိုက်လေသည်။
ယခုအချိန်တွင် ယင်လဲ့ရှန်းမှ သူ့အား အကွက်ချလာမည်ကို ရန်ကိုင် လုံးဝ စိတ်မပူချေ။ ထို့ကြောင့် ယင်လဲ့ရှန်းပစ်ပေးလိုက်သည့်အရာကို ဖမ်းယူပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေ၏။ ထို့နောက် အံ့အားသင့်နေသည့်လေသံဖြင့် “အိုး… ဝိဉာဉ်စာချုပ်လား…”
ယင်လဲ့ရှန်းက မျက်ခုံးပင့်လျက် “ရောင်းရင်းရန်က ဒါကို သိနေတယ်ဆိုမှတော့ ငါ ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူးနဲ့တူတယ်…”
ဝိဉာဉ်စာချုပ်သည် အရှေ့ဘက်နယ်မြေထဲရှိ ရှုယဉ်သာနန်းတော်၏ နန်းတော်သခင်ဖြစ်သော ရှုယင်သာမဟာဧကရာဇ် ပျင်းရိနေစဉ်အတောအတွင်း ဖန်တီးခဲ့သည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ဤဝိဉာဉ်စာချုပ်သည် သာမန်သေမျိုးများ အသုံးပြုသည့် စာချုပ်တစ်မျိုးနှင့် တူသော်ငြား ဤစာချုပ်သည် လက်မှတ်ထားလိုက်သည့် လူ၏ ဝိဥာဉ်ကိုပါ စာချုပ်ပါ အချက်အလက်များနှင့် ချုပ်နှောင်ပစ်လေသည်။ ဝိဥာဉ်စာချုပ်များကို ဖန်တီးသန့်စင်ရာတွင် အသုံးပြုထားသော စွမ်းအားတစ်မျိုးကြောင့် ဝိဉာဉ်စာချုပ်ပေါ် လက်မှတ်ထိုးထားသည့် လူနှစ်ဦးစလုံး စည်းမျဉ်းစည်းကမ်းများကို ချိုးဖြတ်၍ မရချေ။
ဝိဉာဉ်စာချုပ်များမှာ အလွန်ကိုမှ ရှားပါးပေသည်။ ရန်ကိုင်ကိုင်တိုင်လည်း ယခင်က ဝိဉာဉ်စာချုပ်တစ်ခုကို မြင်ခဲ့ဖူးပေသည်။ သို့သော်ငြား တစ်ခါမြင်ခဲ့ဖူးရုံနှင့် ဝိဉာဉ်စာချုပ် မည်သို့မည်ပုံ ရှိသလဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်း သိနေလေ၏။ ဝိဉာဉ်စာချုပ်အား လက်မှတ်ထိုးလိုက်သည့်လူနှစ်ဦးသည်သာ သူတို့၏ဝိဉာဉ်နှင့် တိုင်တည်ကျိန်ဆိုခဲ့မည်ဆိုပါက စာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်၍ ရတော့လိမ့်မည် မဟုတ်ချေ။
ဝိဉာဉ်စာချုပ်များကို ရှုယဉ်သာမဟာဧကရာဇ်မှ ဖန်တီးခဲ့ခြင်းဖြစ်သလို ရှုယဉ်သာမဟာဧကရာဇ် စံမြန်းနေသည့် နန်းတော်မှာလည်း အရှေ့ဘက်နယ်မြေတွင် ရှိနေသည့်အတွက်ကြောင့် အရှေ့ဘက်နယ်မြေသူ နယ်မြေသားများသည် အခြားနယ်မြေသားများနှင့် ယှဉ်လိုက်သော် ဝိဉာဉ်စာချုပ်များကို ပို၍ လွယ်လင့်တကူ ရနိုင်ပေသည်။
“ဒီလောက်ဆို လုံလောက်ပြီလား…” ယင်လဲ့ရှန်းသည် ရန်ကိုင့်အား မှုန်ကုပ်ကုပ်အမူအယာဖြင့်ကြည့်လျက် ပြောလိုက်လေသည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ဝိဉာဉ်စာချုပ် ရှိနေပြီဆိုမှတော့ ဘာပြဿနာမှ မရှိတော့ဘူး…”
ယင်လဲ့ရှန်းက ပြောလိုက်လေသည်။ “ကောင်းပြီလေ… ဒါဆိုရင် မင်းငါ့ကို ဒီနေရာကနေ ထုတ်ပေး… ငါမင်းရဲ့ ရုပ်သေးရုပ် ဘယ်မှာရှိလဲဆိုတာကို ပြောပြပေးမယ်…”
တစ်ခဏမျှစဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်က ခေါင်းညိတ်သဘောတူလိုက်လေသည်။ “ကောင်းပြီလေ… ကိစ္စမရှိဘူး…”
ကျန်းဟောင်က စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်လေသည်။ “ရောင်းရင်းယင်… ငါ့ကိုလည်း ခေါ်သွားလေကွာ… ငါ့ရဲ့ ဗြဟ္မာကုန်းမြေနဲ့ မင်းရဲ့ မရဏဂိုဏ်းက မဟာမိတ်တွေလေ… မင်း ငါသေမှာကို ဒီတိုင်း ထိုင်ကြည့်နေလို့ မရဘူးနော်…”
ယင်လဲ့ရှန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင့်အား လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ကျန်းဟောင်ရဲ့ကံတရားကို အခြားတစ်ယောက်က သတ်မှတ်ပြီးသွားပြီ… သူ ဒီနေရာမှာ သေကို သေရမယ်…”
ထိုစကားကိုကြားသော် ကျန်းဟောင် မျက်လုံးပြူးသွားခဲ့ပြီး ဒေါသတကြီးဖြင့် ပြန်အော်မေးလိုက်လေသည်။ “ဘယ်သူလဲ… ဘယ်သူက ငါ့အသက်ကို လိုချင်နေတာလဲ…”
ရန်ကိုင်သည် ကျန်းဟောင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။ “မင်း ပစ်ထားခဲ့တဲ့လူတစ်ယောက်က မင်းကို သေစေချင်နေတာ…”
ထိုစကားကိုကြားကြားချင်း ကျန်းဟောင်မင်သက်သွားခဲ့လေသည်။ သို့သော်ငြား တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်၍ရေရွတ်လိုက်လေ၏။ “ကျန်းရှန်လား…”
ထို့နောက် ဒေါသတကြီး အော်ပြောတော့လေ၏။ “ခွေးကောင်လေး… ငါက သူ့စီနီယာအစ်ကိုလေ… ငါ့ကို တကယ်ကြီး သတ်ချင်နေတာလား… ရိုင်းလိုက်တာကွာ…”
ရန်ကိုင်က ခေါင်းခါလျက် ကျန်းဟောင်ကို လျစ်လျူရှုကာ ယင်လဲ့ရှန်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ရောင်းရင်းယင်… မင်း အခုကျိန်ဆိုပေတော့…”
“ကောင်းပြီလေ…” ယင်လဲ့ရှန်းလည်း ခေါင်းညိတ်၍ ရန်ကိုင်သာ သူ့အား ဤနေရာမှ လုံလုံခြုံခြုံ လွှတ်ပေးမည်ဆိုပါက ရန်ကိုင့်အား ရှောင်ရှောင်၏ တည်နေရာကို ပြောပြပေးမည်ဟု သူ့ဝိဉာဉ်ပေါ် တိုင်တည်ကျိန်ဆိုလိုက်လေသည်။ ရန်ကိုင်လည်း အလားတူပင် သူ့ဝိဉာဉ်ပေါ် တိုင်တည်၍ ကျိန်ဆိုလိုက်လေသည်။
ဝိဉာဉ်စာချုပ်ထဲသို့ သူတို့၏စိတ်စွမ်းအင်ကို ထည့်သွင်းလိုက်သည့်နောက် ဝိဉာဉ်စာချုပ်မှာ အရောင်တလက်လက် တောက်ပလာပြီး သူ့ဘာသာ နှစ်ပိုင်းကွဲ၍ ရန်ကိုင်နှင့် ယင်လဲ့ရှန်း၏ ခန္ဓာကိုယ်အသီးသီးထဲသို့ တစ်ခုစီ ဝင်ရောက်သွားကြလေ၏။ ထိုဝိဉာဉ်စာချုပ် သူတို့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန် နှစ်ဦးစလုံးမှာ မမြင်နိုင်သည့် အချုပ်အနှောင်တစ်ခု ချုပ်နှောင်ခြင်းခံလိုက်ရသည့်အလား မသိမသာလေး ညည်းတွားလိုက်ကြလေသည်။ ဝိဉာဉ်စာချုပ်၏ အကျိုးသက်ရောက်မှုအောက်တွင် ရှိနေပြီမှန်း နှစ်ဦးစလုံး သိလိုက်ကြလေသည်။
“ရှောင်ရှောင်ဘယ်မှာလဲ…” ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ယင်လဲ့ရှန်းကိုကြည့်ကာ မေးလိုက်လေသည်။
ယင်လဲ့ရှန်းသည် ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင့်နားထဲသို့ တိုက်ရိုက်အသံ ပို့လွှတ်လိုက်လေ၏။
ထိုစကားကိုကြားသော် ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး အံ့ဩတကြီးဖြင့် ပြန်မေးလိုက်လေသည်။ “အဲ့မှာလား…”
ယင်လဲ့ရှန်းက အံ့အားသင့်နေသည့်လေသံဖြင့် “အိုး… ရောင်းရင်းရန်လည်း အဲ့နေရာအကြောင်းကို သိတာလား…”
ရန်ကိုင့်မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “အခြားတစ်ယောက် အဲ့နေရာအကြောင်း မကြာသေးခင်ကမှ ငါ့ကို ပြောပြထားခဲ့တာ… သူ အဲ့နေရာကိုသွားတယ်ဆိုတာ မင်း သေချာလား…”
ယင်လဲ့ရှန်းက ပြန်ပြောလိုက်လေ၏။ “သေချာလား မသေချာလားတော့ မသိပေမဲ့ သူ အဲ့ဘက်ကို ထွက်သွားတာကိုတော့ ငါ့မျက်လုံးနဲ့ တပ်အပ်ကို မြင်ခဲ့တာ… အစတုန်းကတော့ အဲ့နေရာဘာမှန်း ငါ မသိသေးဘူး…. ဒါပေမဲ့ အရှေ့ဘက်နယ်မြေမှာ နေလာတာကြာတဲ့နောက်ပိုင်း အဲ့နေရာအကြောင်းကို သိလာတယ်… အဲ့နေရာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာလည်း သိလာတယ်… ကံကောင်းစွာနဲ့ အဲ့တုန်းက ငါ လိုက်မဝင်သွားခဲ့လို့ပေါ့…. မဟုတ်ရင် အခုအချိန် ရောင်းရင်းရန်နဲ့ တွေ့နိုင်တော့မှာ မဟုတ်ဘူး…”
ရန်ကိုင့်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ယခုဆိုလျှင် ရှောင်ရှောင်အကြောင်း မသိခင်ကထက်ပင်လျှင် ရှောင်ရှောင့်အား ရန်ကိုင် ပို၍ စိတ်ပူလာမိနေလေပြီ။
ယင်လဲ့ရှန်းသည် ဝိဉာဉ်စာချုပ်ကို ချုပ်ဆိုထားသည့် အတွက်ကြောင့် သူ့အား လိမ်ပြောလိုက်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရှောင်ရှောင်သည်သာ တကယ်ကြီး ထိုနေရာတွင်သာ ဆိုပါက ရှောင်ရှောင့်အတွက် အလွန်ကိုမှ အန္တရာယ်များနေပြီဟု ပြော၍ရပေသည်။
ယင်လဲ့ရှန်းကမူ ပြုံး၍သာ ပြောလိုက်လေသည်။ “ကဲ… ဒီယင်ကတော့ ငါသိထားတာကို ရောင်းရင်းရန်ကို ပြောပြပြီးသွားပြီ… အခု မင်း ငါ့ကို ဒီကနေ ထုတ်ပေးဖို့ပဲ ရှိတော့တယ်…”
ရန်ကိုင်သည် ယင်လဲ့ရှန်းအား ဒေါသတကြီးစိုက်ကြည့်ရင်း သူ့လက်ကို ဆန့်ထုတ်၍ ဟင်းလင်းပြင်ထဲသို့ ထိုးထည့်လိုက်လေသည်။
ယင်လဲ့ရှန်းသည် ရန်ကိုင့်၏လှုပ်ရှားမှုများကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ ရန်ကိုင်မှ လက်ဗလာဖြင့် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုအား ဖန်တီးလိုက်သည်ကို မြင်သော် ယင်လဲ့ရှန်းမှာ အံ့လည်းအံ့ဩ ဝမ်းလည်းဝမ်းသာသွားခဲ့ပြီး ချီးကျူးလိုက်လေသည်။ “ရောင်းရင်းရန်က တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ… ရောင်းရင်းရန်သာ ဧကရာဇ်အဆင့်ကို ချိုးဖြတ်သွားနိုင်မယ်ဆိုရင် လေဟာနယ်တာအိုပိုင်းမှာ ရောင်းရင်းရန်က စီနီယာလီဝူရီက လွဲပြီး လူတိုင်းရဲ့ အထက်ကို ရောက်သွားပြီလို့တောင် ပြောလို့ရတယ်”
“ထွက်သွားပေတော့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် အော်ပြောလိုက်လေ၏။
ယင်လဲ့ရှန်းက ဝါးလုံးကွဲအော်ရယ်မောရင်း “အဲ့ဒါဆို ဒီယင် ထွက်သွားလိုက်ပါဦးမယ်… နောက်ကျမှ ပြန်တွေ့ကြတာပေါ့…”
“ငါတို့ ပြန်တွေ့တဲ့နေ့က မင်းသေတဲ့နေ့ပဲ…” ရန်ကိုင်က အံကိုတင်းတင်းကြိတ်ရင်း အော်ပြောလိုက်လေသည်။
ယင်လဲ့ရှန်းကမူ ရန်ကိုင့်၏ခြိမ်းခြောက်စကားကို ဂရုစိုက်မနေခဲ့ဘဲ ရန်ကိုင် ဖန်တီးထားသည့် ဟင်းလင်းပြင်အက်ကြောင်းမှတစ်ဆင့် အခြားတစ်ဘက်ဆီသို့ ထွက်ပြေးသွားလေ၏။
ကျန်းဟောင်နှင့် ကျန်နှစ်ဦးမှာ ထိုအချင်းအရာကိုမြင်သော် ယင်လဲ့ရှန်းနည်းတူ ထိုဟင်းလင်းပြင်အက်ကြောင်းထဲသို့ ပြေးဝင်သွားရန် ရှိရှိသမျှ စွမ်းအင်အားလုံးကို ထုတ်သုံးကြလေသည်။
ရန်ကိုင်ကမူ ထိုလူများအား သွားမတားခဲ့ဘဲ အေးစက်စက်အမူအယာဖြင့်သာ စိုက်ကြည့်နေခဲ့လေ၏။