လက်သီးတစ်ချက်တည်းဖြင့်အသတ်ခံမည်ကိုကြောက်ရွံ့သည့်အဋ္ဌမမင်းသား
Vol. 15 Ch. 208
အခန်း (၂၀၈) လက်သီးတစ်ချက်တည်းဖြင့်အသတ်ခံမည်ကိုကြောက်ရွံ့သည့်အဋ္ဌမမင်းသား
လုန်မန်က ပုဆိန်သွားလှံတံကို လက်ထဲတွင် ကိုင်ထားပြီး မိုးကြိုးနှင့်လျှပ်စီးများကို ဆင့်ခေါ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့စေလိုက်သည်။
မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားများက နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး သူ့ပတ်ဝန်းကျင်မှ လူ (၅)ယောက်ကို ထိမှန်သွားသည်။
သူက ကိုယ်ပိုင်တန်ခိုးစွမ်းအားကို အသုံးပြုပြီး ဤတိုက်ပွဲတွင် ရှင်သန်ချင်သည်။
မွေးရာပါအင်မော်တယ်ဆိုသည့်ဂုဏ်အသရေကို သူက သိက္ခာကျခံမည် မဟုတ်ပေ။
သူ အသက်ရှင်လျှက် ပြန်နိုင်မည်လား မပြန်နိုင်မည်လား ဆိုသည့်အချက်ကို လုန်မန် မစဉ်းစားတော့ပေ။
ထိုအချက်က စဉ်းစားရန် အဝေးကြီးလိုသေးသည်။
လက်ရှိ သူ အရေးစိုက်ရမည်က မည်သို့ ပြန်ရမည်လဲဆိုသည်ထက် အသက်ရှင်အောင် မည်သို့ တိုက်ခိုက်ရမည်နည်းဆိုသည့်အချက် ဖြစ်သည်။
"ဘုန်း…"
လူသားအင်မော်တယ် (၅)ပါးတွင် မတူညီသည့် တန်ခိုးစွမ်းအား (၅)မျိုး ရှိသည်။
ထိုသူများက သတ္တိရှိစွာပင် အရှေ့သို့တိုးလာကြပြီး သူတို့၏ မှော်ဝင်ပစ္စည်းများကို အသုံးပြုကာ လုန်မန်၏ မိုးကြိုးလျှပ်စီးတန်ခိုးစွမ်းအားကို ဖြည်းဖြည်းချင်း ဖျက်စီးပစ်လိုက်ကြသည်။
"ဒုန်း…"
လုန်မန်က ပုဆိန်သွားလှံတံကို မြေပြင်ထက်သို့ ထိုးစိုက်ချလိုက်သည်။
ထို့နောက် သူက လက်နှစ်ဖက်ဖြင့် လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး လက်ချောင်းထိပ်ဖျားများဆီမှ လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာသည်။
လုန်မန်က နဂါးဘာသာစကားဖြင့် အော်ဟစ်လိုက်၏။
"မြေပြင်မိုးကြိုး…"
မိုးခြိမ်းသံအလား နက်ရှိုင်းသည့်အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မြေပြင်ထက်တွင် များပြားလှစွာသော လျှပ်စီးများ လင်းလက်တောက်ပလာသည်။
ဖြူလင်းတောက်ပသောအလင်းရောင်များက ညကို ထွန်းလင်းသွားစေပြီး အမှောင်ထုကို ဖြိုခွင်းပစ်လိုက်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်ခု မြင့်တက်လာပြီး ရန်သူ (၅)ယောက်ထံသို့ ဝင်ရောက်သွားသည်။
လူသားအင်မော်တယ် (၅)ပါးကလည်း တုံ့ဆိုင်းနေခြင်း မရှိပေ။
သူတို့ခြေထောက်များကြားမှ မီးတောက်များ ထွက်ပေါ်လာပြီး မြေပြင်အနေအထားလည်း ပြောင်းလဲသွားသည်။ သူတို့၏ အတောင်ပံများမှလည်း အလင်းရောင်များ ထွက်ပေါ်လျှက် ရှိသည်။
ပြင်းထန်လှသည့် မီးတောက်များက မြေပြင်ထက်မှ လျှပ်စီးစွမ်းအားများကို ဖျက်စီးပစ်လိုက်၏။
ထိုမြင်ကွင်းကိုတွေ့သည့်အခါ လုန်မန် အနည်းငယ် တုန်လှုပ်သွားရသည်။ သူက ချက်ချင်းပင် လက်ထဲမှ ပုဆိန်သွားလှံရှည်ကို ဝှေ့ရမ်းလိုက်လေရာ ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်စီးများလက်လာပြီး မိုးများသည်းထန်စွာ ရွာသွန်းလာသည်။
ထို့နောက် မိုးရေနှင့်လျှပ်စီးများ ပေါင်းစပ်သွားပြီး မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မီးများလောင်ကျွမ်းနေသည့် မြေပြင်ဆီသို့ တိုက်ခတ်သွားသည်။
"ဘုန်း…"
မီးတောက်များနှင့် လျှပ်စီးစွမ်းအားများ ရိုက်ခတ်သွားကြသည်။
ထိုအချိန် ရှည်လျားသည့် လှံရှည်တစ်ချောင်း ထွက်ပေါ်လာပြီး မိုးရေများကို ဖြတ်သန်းကာ လုန်မန်ရှိရာသို့ ဝင်ရောက်လာသည်။
လှံရှည်က လုန်မန်၏ဦးခေါင်းကို ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့မလား ထင်မှတ်ရသည်။
ချက်ချင်းပင် လုန်မန်၏ မျက်လုံးများက နဂါးမျက်လုံးများအဖြစ် ဒေါင်လိုက်အစင်းပမာ ပြောင်းလဲသွားပြီး သူ့မျက်နှာကလည်း နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းသွားသည်။
"ခရက်…"
"ဘန်း…"
နဂါးဦးခေါင်းအသွင်ပြောင်းကာ သူ့ထံဝင်ရောက်လာသည့်လှံရှည်ကို လုန်မန်က ကိုက်ဖြတ်ပစ်လိုက်သည်။
ထို့နောက် သူ့ထံ ခုန်ဝင်လာသည့် လူသားအင်မော်တယ်ကို တိုက်ခိုက်ရန် လှံရှည်ကို ဝှေ့ရမ်းလိုက်သည်။ သူ့ကိုတိုက်ခိုက်လာသူက မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသော်လည် လုန်မန် တွန့်ဆုတ်သွားခြင်း မရှိပေ။
သူက မိန်းကလေးကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကြီးမားသည့် ဖိအားကြီးတစ်ခု သူ့ထံဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
ထိုအရာက ဝက်ဝံလက်သည်းကြီးတစ်ခု ဖြစ်၏။
"ဘန်း…"
ပြင်းထန်လှသည့် ဝက်ဝံလက်သည်းရိုက်ချက်ကြောင့် လုန်မန် လွင့်ထွက်သွားပြီး မမြင်ရသည့်တံတိုင်းကြီးနှင့် ထပ်မံရိုက်ခတ်မိသွားသည်။
ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး တံတိုင်းကြီးက နဂိုအတိုင်းတည်ရှိနေသော်လည်း လုန်မန်ကတော့ သွေးတစ်ပွက် အန်ချလိုက်ရသည်။
လူသားအင်မော်တယ် (၅)ပါးက စကားတစ်ခွန်းမှမဆိုဘဲ လုန်မန်ကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
လုန်မန် လူးလဲထလိုက်ပြီး ပုဆိန်သွားလှံရှည်ကို ဆွဲကိုင်ကာ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို စတင်ပြုလုပ်လိုက်သည်။
ညပိုင်းတိုက်ပွဲတွင် လူရိပ်များစွာကို ရိပ်ခနဲ ရိပ်ခနဲ တွေ့မြင်နေရပြီး ပြင်းထန်လှသည့် တန်ခိုးစွမ်းအားများက အရပ်မျက်နှာအသီးသီးသို့ တဟုန်းဟုန်း ပျံ့နှံ့လျှက် ရှိ၏။
"ဘန်း…"
လူရိပ်တစ်ရိပ် လွင့်စင်ထွက်သွား၏။
ထိုသူမှာ လှံရှည်ကိုကိုင်ဆောင်ထားသည့် နတ်မိစ္ဆာမယ် ဖြစ်သည်။
လုန်မန်၏ လှံချက်က အရှိန်လွန်ပြီး မမြင်ရသည့်တံတိုင်းကြီးထက် ကျရောက်သွားသည်။ သူ့ကို ဝိုင်းထားသူများကို ထိုးဖောက်ထွက်ရန် လုန်မန် အကြံထုတ်နေမိသည်။
သူ့ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများစွာ ရနေပြီး သူ့ခါးမှ နဂါးအကြေးခွံများမှာလည်း ကျွတ်ထွက်နေပြီ ဖြစ်၏။
သူက လွင့်ထွက်သွားသည့် နတ်မိစ္ဆာမယ်ကို အရင်ဆုံး အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။ တစ်ယောက်ကို သတ်လိုက်နိုင်လျှင် ထိုးဖောက်ထွက်ရန် အလားအလာ ရှိနိုင်သည်။
လုန်မန်က ချက်ချင်းပင် နတ်မိစ္ဆာမယ်ရှေ့သို့ ခုန်ဝင်လိုက်ပြီး ပုဆိန်သွားလှံရှည်ဖြင့် ထိုးစိုက်ချလိုက်သည်။
သို့သော် နတ်မိစ္ဆာမယ်ကလည်း ကြောက်လန့်ခြင်း မရှိပေ။ သူမက ရေခဲလှံတံကို ကိုင်မြှောက်လိုက်ပြီး ဝင်ရောက်လာသည့် လုန်မန်ကို ထိုးစိုက်ချလိုက်သည်။ သူသေကိုယ်သေ တိုက်ကွက်ဖြစ်၏။
လုန်မန် နောက်ပြတ်ဆုတ်ရန် ကြိုးစားသော်လည်း နောက်ကျသွားချေပြီ။ သူ့အနေဖြင့် နတ်မိစ္ဆာမယ်၏ လှံချက်ကို ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
ရန်သူကို လက်ဦးအောင် သတ်ဖြတ်နိုင်ရန်သာ ကြိုးစားရပေတော့မည်။
သို့သော် သူ့လှံရှည်က နတ်မိစ္ဆာမယ်ကို ထိုးစိုက်မိလုနီးပါးအချိန် ၊ နတ်မိစ္ဆာမယ်၏ လှံရှည်ကလည်း လုန်မန်ကို ထိုးစိုက်မိလုအချိန်တွင် မမြင်ရသည့်တံတိုင်းကြီး ရုတ်တရက် ကွဲအက်သွားလေသည်။
မမြင်ရသည့်တံတိုင်းကြီးတစ်ခုလုံး အက်ကွဲသွားပြီး တံတိုင်းအပြင်ဘက်မှ ပြင်းထန်လှသည့် လက်သီးတစ်ချက်က ထိုးဖောက်ဝင်ရောက်လာသည်။
ထိုလက်သီးချက်က တံတိုင်းကြီးနှင့် အနီးဆုံးတွင်ရှိနေသည့် နတ်မိစ္ဆာမယ်ကိုပါ ထိုးနှက်မိသွားသည်။
ထိုခဏမှာပင် အားလုံးကလည်း ရုတ်တရက် ဝင်ရောက်လာသည့် လက်သီးချက်ကို အာရုံစိုက်လိုက်မိကြသည်။ ထိုလက်သီးချက်က တစ်လောကလုံးကို ဖုံးလွှမ်းသွားသည့်အလား ခံစားလိုက်ကြရ၏။
အရာအားလုံးက ထိုလက်သီးချက်အောက်တွင် ပျက်သုဉ်းသွားတော့မည့်အလားပင် ဖြစ်သည်။
နတ်မိစ္ဆာမယ်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် သွေးမှုံများအဖြစ် တစ်စစီကွဲကြေသွားသည်ကို အားလုံး တွေ့မြင်လိုက်ကြရသည်။
သူမလက်ထဲတွင်ကိုင်ထားသည့် ရေခဲလှံရှည်နှင့် လုန်မန်ကိုင်ထားသည့် ပုဆိန်သွားလှံရှည်တို့မှာလည်း လက်သီးချက်၏ စွမ်းအားအရှိန်ဖြင့် ထက်ပိုင်းပြတ်ထွက်သွားကြသည်။
"ဝှစ်…"
နတ်မိစ္ဆာမယ်ထံမှ လွင့်ထွက်လာသည့် သွေးမှုံများက လုန်မန်၏တစ်ကိုယ်လုံးကို ရွှဲရွှဲစိုသွားစေသော်လည်း သူ သတိလက်လွတ်ဖြစ်နေဆဲ ဖြစ်၏။
သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နက်နေ၏။ လက်သီးချက်ကို တွေ့မြင်လိုက်ရပြီးသည့်နောက် သူ သေတော့မည်ဟု ထင်မှတ်လိုက်မိသည်။
သူ၏ သွေးများနှင့် နဂါးအကြေးခွံများမှာ ကြောက်လွန်းသဖြင့် တုန်ယင်နေပြီး တန်ခိုးစွမ်းအားများလည်း မတည်မငြိမ် ဖြစ်နေရသည်။
သူကဲ့သို့ နဂါးမျိုနွယ်သည်ပင် ထိုသူ၏ လက်သီးထိုးနှက်ချက်ကို ခံနိုင်ရည် မရှိခဲ့ပေ။
လုန်မန်တစ်ယောက်သာ မဟုတ်ပေ။ သူ့နောက်မှ လူသားအင်မော်တယ် (၄)ယောက်မှာလည်း အံ့သြမှင်တက်လျှက် ရှိ၏။
တစ်စုံတစ်ယောက်က အတားအဆီးကို ဖြိုချပစ်လိုက်ပြီး သူတို့လူတစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်သည်။သို့သော် တိုက်ခိုက်သူကို သူတို့ တွေ့မြင်ရခြင်း မရှိပေ။
"ဝှစ်…"
မုန်တိုင်းတိုက်ခတ်သံများ ထွက်ပေါ်လာပြီး မမြင်ရသည့်တံတိုင်းကြီးမှာ အစိတ်စိတ်အမွှာမွှာ ပြိုကျပျက်စီးသွားလေသည်။
သွေးမှုံများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံလျှက် ရှိနေဆဲပင်။
မမြင်ရသည့်တံတိုင်းကို ဖြတ်ကျော်ပြီး လူတစ်ယောက် အတွင်းသို့ ဝင်ရောက်လာသည်။ သူနှင့်အတူ ပြင်းထန်သည့် လေမုန်တိုင်းများကိုပါ တစ်ပါတည်း ခံစားလိုက်ကြရ၏။
ထိုသူ၏ ပတ်ဝန်းကျင်တွင် တိုက်ခတ်နေသည့် လေများကပင် သူတို့၏ သတ္တိများကို လွင့်မျောသွားစေသည့်အလား ဖြစ်လေသည်။
လုန်မန် ထိုသူကို လှမ်းကြည့်လိုက်၏။
ထိုသူ၏မျက်နှာကို သေသေချာချာ မတွေ့မြင်ရသော်လည်း ယောကျ်ားလေးတစ်ယောက်ဖြစ်ကြောင်းကိုတော့ သိရှိလိုက်သည်။
တစ်ဖက်လူ၏မျက်နှာက အလွန်တည်ငြိမ်နေပြီး ခံစားချက်လည်းကင်းမဲ့နေသည်ဟု သူ ထင်မြင်မိသည်။
ထိုသူ…။
ရောက်လာသူ မည်သူဖြစ်ကြောင်း လုန်မန် ချက်ချင်း ရိပ်မိလိုက်သည်
အနောက်ဘက်တောင်တန်းများဆီတွင် သွေးနီရောင်နဂါးကို လက်သီးတစ်ချက်ဖြင့် အစိတ်စိတ်အမွှာမွှာ ဖြိုခွင်းပစ်လိုက်သူ ဖြစ်၏။
သေချာပေါက် ထိုသူပင် ဖြစ်ရပေမည်။
……………
ကျန်းလန် မမြင်ရသည့်တံတိုင်းရှေ့တွင် မတ်တတ်ရပ်နေခဲ့သည်။
သူက လမ်းတစ်လျှောက် ကြုံတွေ့ရသည့် အစီအရင်များစွာကို ဖျက်စီးပစ်ခဲ့ပြီး ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ယခု သူ့ရှေ့မှ တံတိုင်းက အစီအရင်အရံအတားတစ်ခု ဖြစ်သည်။ ခိုင်ခန့်မှုသိပ်မရှိသော်လည်း ဖုံးကွယ်ထားသည့် အစီအရင်တစ်ခု ဖြစ်၏။
အစီအရင်အရံအတားက ခိုင်မာမှု မရှိလေရာ အတွင်းမှ ရန်သူများကို ရင်ဆိုင်ရန်လည်း ထင်သလောက်ခက်ခဲမည် မဟုတ်ဟု ကျန်းလန် ယူဆလိုက်သည်။
ထို့ကြောင့် သူက မမြင်ရသည့်တံတိုင်းကို လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
သူက အစီအရင်ကိုချိုးဖျက်ရင်း နတ်မိစ္ဆာတစ်ကောင်ကို အမှတ်မထင် သတ်ဖြတ်လိုက်မိသည်။ သို့သော် ကျန်းလန်က အရေးမစိုက်ပေ။
သို့သော် သူဝင်ရောက်လာသည်နှင့် နဂါးမျိုးနွယ်တစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
ကျန်းလန်က လုန်မန်ကို ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"နဂါးမျိုးနွယ်တွေက နတ်မိစ္ဆာတွေနဲ့ ပူးပေါင်းနေတာလား…"
ကျန်းလန်၏ အမေးစကားကို ကြားသည်နှင့် လုန်မန် တုန်လှုပ်သွားရကာ လက်ထဲတွင်ကိုင်ထားသည့် လှံကျိုးပင် မြေပြင်ထက် ပြုတ်ကျသွားရသည်။
လုန်မန် ပြာပြာသလဲ ရှင်းပြလိုက်၏။
"ဆရာကြီး… အထင်မလွဲပါနဲ့… ၊ ကျုပ်က ဒီနေရာကို မထင်မှတ်ဘဲ ပြုတ်ကျလာတာ… ၊ သူတို့က ကျုပ်ကို အလွတ်မပေးဘဲ တိုက်ခိုက်ကြတာပါ… ၊ ကျုပ်တို့ ဘာပတ်သက်မှုမှ မရှိပါဘူး…"
လုန်မန် သေလောက်အောင် ကြောက်ရွံ့လျှက် ရှိသည်။
တစ်ဖက်လူက နတ်မိစ္ဆာများကို သတ်ဖြတ်နေခြင်းဖြစ်လေရာ မဟာမိတ်များတော့ မဟုတ်သည်မှာ သေချာသည်။ ဤသူက နတ်မိစ္ဆာများကို အပြတ်ရှင်းရန် ရောက်လာသူဆိုပါက သူ့ကိုလည်း အလွတ်ပေးမည်မထင်ပေ။
လက်ရှိ ဒဏ်ရာများဖြင့်ဆိုလျှင် လုန်မန်မှာ ထိုသူ၏ လက်သီးချက်တစ်ချက်ကိုပင် ခံနိုုင်ရည်ရှိမည် မဟုတ်ပေ။ သူ့ကို သတ်ချင်လျှက် တစ်ဖက်လူအနေဖြင့် လက်သီး (၂)ချက်ပင် ထိုးစရာလိုမည် မဟုတ်ပေ။
ကျန်းလန်က လုန်မန်ထံမှ အကြည့်လွှဲလိုက်ပြီး သူ့ကို အရေးမစိုက်တော့ပေ။
သူက အနောက်ဘက်မှ နတ်မိစ္ဆာ (၄)ယောက်ကို အကဲခတ်လိုက်၏။
"လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် (၁)ယောက် ၊ လူသားအင်မော်တယ်အဆင့် အောင်မြင်ထားတဲ့သူ (၃)ယောက် ၊ ကြည့်ရတာ တောင်အထဲမှာတော့ အစစ်အမှန်အင်မော်တယ်တွေ ရှိနေပုံရတယ်…"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
ထိုစဉ် ဓားရှည်ကိုင်ထားသူတစ်ယောက် သူ့ရှေ့သို့ ရောက်လာ၏။
"လူသား… ကျုပ်တို့က ခရီးသွားတွေပါ… ၊ မင်း ကျုပ်တို့ကို မျက်နှာသာပေးမယ်လို့ မျှော်လင့်ပါတယ်… ၊ ဒါဆိုရင် ကျုပ်တို့က မင်းကို ဆုလာဘ်တွေအများကြီး ချီးမြှင့်ပါ့မယ်…"
ထိုသူက ကျန်းလန်ကို ဖျောင်းဖျနှစ်သိမ့်ရန် ကြိုးစားနေပုံရသည်။
ထိုသူ စကားပြောနေစဉ်မှာပင် လူရွယ်တစ်ယောက်က ဘေးတွင်ရပ်လျှက်ကျန်ခဲ့ပြီး ကျန်နတ်မိစ္ဆာ (၂)ယောက်က နောက်သို့ဆုတ်သွားကြ၏။
သူတို့ (၂)ယောက်လုံးက လူသားအင်မော်တယ်အဆင့် အောင်မြင်ပြီးသူများ ဖြစ်ကြပြီး အစစ်အမှန်အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။
ပြောရမည်ဆိုလျှင် နဂါးမင်းသားလုန်မန်သည်လည်း အစစ်အမှန်အင်မော်တယ်ဖြစ်လာရန် အလွန်နီးစပ်နေပြီ ဖြစ်၏။ မွေးရာပါအင်မောတယ်ဖြစ်သည့်လုန်မန်က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်သလို တန်ခိုးစွမ်းအားကလည်း အံ့မခန်း ဖြစ်သည်။
ကျန်းလန်က ဓားကိုင်ထားသည့်သူကို အရေးမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ကျုပ်ကို ဆုလာဘ်တွေချီးမြှင့်မယ်… ဟုတ်လား… ၊ ဒါဖြင့် ကျုပ်မှာ တောင်းဆိုစရာရှိတယ်… မင်းတို့ သဘောတူနိုင်မလား…"
"ဘာများလဲ…"
ကျန်းလန်က စကားဆိုလာသည့်အတွက် ဓားကိုင်ထားသူ ဝမ်းသာသွားသည်။ သူတို့ ညှိနှိုင်းဆွေးနွေးနိုင်လျှင် အဆင်ပြေမည် မဟုတ်ပါလား။
ဤပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းအဆင့်က အားမနည်းပေ။ အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်နိုင်လေရာ သူတို့အနေဖြင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
သူတို့လူများထဲတွင် ထိုသူကို ရင်ဆိုင်နိုင်မည့် အစစ်အမှန်အင်မော်တယ်များ ရှိသော်လည်း သူတို့က အချိန်နည်းနည်း ဆွဲထားလိုသည်။ ထို့ပြင် ခွန်လွန်တောင်မှလူများ ရောက်လာလျှင်လည်း သူတို့ တိုက်ခိုက်ကြရဦးမည် ဖြစ်သည်။
သို့ရာတွင် သူ့အတွေးမဆုံးခင်မှာပင် သူ့အရှေ့တွင် သွေးမှုံများ လွင့်ပျံလာသည်ကို တွေ့မြင်လိုက်ရသည်။
ထို့နောက် အလွန်နူးညံ့သိမ်မွေ့သည့် အသံတစ်သံ ထွက်ပေါ်လာ၏။
"ဘာလဲဆိုတော့ မင်းကို ငရဲပို့ပေးချင်တာပါ…"
ဤသည်က သူ နောက်ဆုံးကြားလိုက်ရသည့်စကားသံ ဖြစ်သည်။
"ဘန်း…"
ကျန်းလန်က ရန်သူကို လက်သီးတစ်ချက်တည်းဖြင့် သွေးမှုံဘဝရောက်အောင် ချေမှုန်းပစ်လိုက်သည်။
လူသားအင်မော်တယ်အဆင့် အောင်မြင်ထားသူမှာ ကျန်းလန်၏လက်သီးချက်ကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ထို့နောက် ကျန်းလန်က ဘေးနားတွင်ရပ်နေသည့် လူရွယ်ကို လှမ်းကြည့်လိုက်ပြီး တိုးလျသည့် လေသံဖြင့်…
"သူကတော့ အရင်သွားနှင့်ပြီ…"