အခန်း - ၂
Vol. 1 Ch. 2
"ဖြောင်း!" ဟူသော အသံတစ်ချက်နှင့်အတူ သတင်းစာရှင်းလင်းပွဲခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
ထိုစဉ် ကျိကျင်းဟန်၏ ဘယ်ဘက်ပါးပြင်ပေါ်တွင် ထင်ရှားလှသော လက်ဝါးရာတစ်ခု ပေါ်လာပြီး၊ သူမသည် မိမိကိုယ်တိုင်ထက်ပင် တစ်ဝက်မျှ မြင့်မားနေသော ရှချန်းချန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။ မျက်ရည်တို့သည်လည်း ဒလဟော စီးကျလာလေသည်။
"အိုးရှစ်! ဒီလိုပုံစံနဲ့ဆို ဘယ်လိုမှ တောင်းပန်တဲ့ပွဲ မဖြစ်နိုင်တော့ဘူးမလား?"
"ရှချန်းချန်းက ကျိကျင်းဟန်ကို ထပ် ရိုက်လိုက်ပြန်ပြီလား? ဒီကောင်မ ဘာဖြစ်ချင်နေတာလဲ?"
"ရှချန်းချန်းလို ထင်ပေါ်ကျော်ကြားတဲ့ သူဌေးသမီးက လူအများရှေ့မှာ ဒီလို ရမ်းကားရဲတာ တော်တော်အံ့ဩစရာပဲ သူ့အမှားကိုဝန်ခံပြီး တောင်းပန်မယ်လို့ ထင်နေတာလား? မဖြစ်နိုင်တာတွေ"
"ကျိကျင်းဟန်လေး သနားစရာကောင်းလိုက်တာ။ ဘာလို့ ရှချန်းချန်းလို ရွံစရာကောင်းတဲ့ မိန်းမနဲ့မှ သွားတွေ့ရတယ်လို့"
"ရှချန်းချန်း ရူးနေတာလား? ရူးနေရင် ဆေးကုလေ အနုပညာလောကမှာ လာပြီး ရူးပြမနေနဲ့”
....
သတင်းစာရှင်းလင်းပွဲကို တစ်ချိန်လုံး တိုက်ရိုက်ထုတ်လွှင့်နေခဲ့ရာ ရှချန်းချန်းက ကျိကျင်းဟန်ကို ပါးရိုက်လိုက်သည့် မြင်ကွင်းက အင်တာနက်ပေါ်သို့ တစ်ခဏချင်း ရောက်ရှိသွားခဲ့သည်။
သတင်းထောက်များနှင့် အင်တာနက်အသုံးပြုသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး၊ အခင်းဖြစ်ပွားရာတွင် ပါဝင်သူ ကျိကျင်းဟန်ပင်လျှင် ဘာမှ ပြန်မတုံ့ပြန်နိုင်ဘဲ ဖြစ်နေခဲ့သည်။
ရှချန်းချန်းကတော့ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကြားမှနေ၍ သတင်းစာရှင်းလင်းပွဲမှ ချက်ချင်း ထွက်ခွာသွားလေသည်။
စနစ်က ချက်ချင်းဆိုသလို တစ်ခုခုကို သတိပြုမိသွားပုံရ၏။ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပဲ့တင်ထပ်လာသော အပြစ်တင်ရှုတ်ချသံများ၊ ဒေတာများ ပြိုလဲကျနေသည်ကို မြင်လိုက်ရသည့်အခါ "မင်း ဘာလို့ ကျိကျင်းဟန်ကို ရိုက်လိုက်ရတာလဲ!"
ရှချန်းချန်းက ဖြောင့်ဖြောင့်တန်းတန်းပင် ရဲရဲဝံ့ဝံ့ ဖြေဆိုလိုက်သည်ကား "ဘာလို့လဲဆိုတော့ ငါက မကောင်းဆိုးဝါး ဗီလိန်မလေး ဖြစ်နေလို့ပေါ့!"
စနစ် : “...”
ဒါက တော်တော် အဓိပ္ပာယ်ရှိတဲ့ စကားပဲ ငါ ဘာမှ ပြန်မချေပနိုင်တော့ပါလား
စနစ်က ဒေါသတကြီး ခုန်ပေါက်နေပုံရ၏။ "မင်းတော့ သွားပြီ အခု တစ်ကမ္ဘာလုံးက မင်းကို ဆဲနေလောက်ပြီ မန်နေဂျာ ကျန်း ဆီကဆို ပိုဆိုးလောက်တယ် မင်း ထွက်သွားလို့ မရနိုင်လောက်ဘူး!"
"တကယ်လား?"
ရှချန်းချန်းက လက်ဆွဲအိတ်ကို ကိုင်ကာ ရေချိုးခန်းထဲသို့ ဝင်သွားပြီး အေးအေးဆေးဆေးပင် အိတ်ထဲမှ မိတ်ကပ်ပစ္စည်းများကို ထုတ်ကာ မိတ်ကပ်စတင်လိမ်းတော့သည်။
"သူတို့ပဲ မသွားနိုင်တာ၊ ငါက သွားနိုင်တယ်။"
စနစ် ခုန်ပေါက်နေချိန်တွင် ရှချန်းချန်းက သူ့ကိုယ်သူ အမျိုးသားတစ်ဦးကဲ့သို့ လှည့်စားမိတ်ကပ်ပြင်ဆင်ပြီး ဖြစ်နေခဲ့သည်။
သူမ၏ မျက်နှာသွင်ပြင် အချိုးအစားများသည် မျှတလှပပြီး၊ လက်ရာမြောက်သော မိတ်ကပ်နည်းစနစ်များဖြင့် တခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။
ထို့နောက် ရှချန်းချန်းသည် ငွေရောင် ဆံပင်တုကို ဝတ်ဆင်လိုက်ပြီး ရင်ဘတ်ဖောင်းကြွသော အိစက်ညက်ညောသည့် အသားအရေကို ရင်သားကြိုးဖြင့် ဖိညှပ်လိုက်ရာ…
ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် သူမသည် ကြည်လင်တောက်ပသော ငွေရောင်နားဆွဲလေး ဝတ်ဆင်ထားသည့် ဆံပင်တုကို ပန်ဆင်ထားသော ယောကျာ်းလေးဆယ်လီအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့၏။ သူမ၏ အရပ်က ၁.၇၅ မီတာ ရှိပြီး၊ ယောကျာ်းလေးဆယ်လီများထဲတွင် မြင့်သည်ဟု မဆိုနိုင်သော်လည်း၊ သူမ၏ ကိုယ်ဟန်အနေအထားကတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေခဲ့သည်။
စနစ်သည် တုန်လှုပ်သွားပုံရ၏။ ရှချန်းချန်းကို မိတ်ကပ်ပြင်ဆင်နေသည်ကို မမြင်ခဲ့ပါက၊ သူ့ရှေ့မှ အမျိုးသားသည် လွန်ခဲ့သော ဆယ်မိနစ်က ရှချန်းချန်းးဖြစ်သည်ဟု လုံးဝ စိတ်ကူးကြည့်နိုင်မည်မဟုတ်ပေ။
နောက်ပိုင်းခရီးစဉ်များမှာလည်း ရှချန်းချန်း၏ စီစဉ်ထားသည့်အတိုင်းပင် ချောမွေ့စွာ ဖြစ်ပျက်ခဲ့သည်။ မန်နေဂျာ ကျန်းနှင့် သတင်းထောက်များသည် ရှချန်းချန်းကို မီးကုန်ယမ်းကုန် လိုက်ရှာခဲ့ကြသော်လည်း၊ ရှချန်းချန်းကတော့ ကြယ်ပွင့်ဖျော်ဖြေရေးကုမ္ပဏီဝန်ထမ်းများရှေ့မှပင် အေးအေးဆေးဆေး လှည့်ပတ်ပြီး ကုမ္ပဏီမှ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင် သတင်းထောက်အချို့က ရှချန်းချန်း၏ ဓာတ်ပုံအချို့ကို ရိုက်ယူခဲ့ကြသော်လည်း သူတို့ ဆွေးနွေးနေသည်က ရှချန်းချန်းအကြောင်း မဟုတ်ဘဲ—
"ဒီလူသစ်လေးက တော်တော်ချောတာပဲ!"
"စတားလိုက်မှာ ဒီလိုမျိုး ချောတဲ့သူတွေတောင် ရှိတာလား ငါ ဘာလို့ မသိခဲ့ရတာလဲ"
"ကောင်းကောင်းသာ ပံ့ပိုးပေးရင် ဒီမျက်နှာနဲ့တင် တော်တော်အောင်မြင်မှာပဲ"
"ဆယ်မိနစ်အတွင်းမှာ ဒီရှောင်ကောကောရဲ့ အချက်အလက်အားလုံးကို ငါ ရအောင်ယူရမယ်!"
....
စနစ်ကတော့ တော်တော်လေး ထုံထိုင်းသွားပုံရသည်။
သူသည် စနစ်အသစ်တစ်ခု မဟုတ်တော့သော်လည်း၊ ဒီလိုမျိုး လုပ်ဆောင်ချက်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"မင်းက Paparazzi မဟုတ်ဘူးလား? ဘာလို့ မိတ်ကပ် လိမ်းတတ်နေရတာလဲ?"
"ဒါက Paparazziတွေရဲ့ အခြေခံ စွမ်းရည် မဟုတ်ဘူးလား" ရှချန်းချန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "မိတ်ကပ်မလိမ်းတတ်ရင် ဘယ်လိုလုပ် နေရာအနှံ့ ပုန်းလျှိုးပြီး ဓာတ်ပုံ ရိုက်လို့ရမလဲ"
စနစ် : “...”
အော်၊ ဒါလည်း တော်တော်မှန်တဲ့ စကားပဲ။ ငါတောင် ဘာမှ ပြန်မချေပနိုင်တော့ပါလား
စနစ်နှင့် စကားပြောနေစဉ်တွင် ရှချန်းချန်းက တံခါးဝတွင် စောင့်နေသော ပရိသတ်အချို့ကို ပေါ့ပေါ့ပါးပါးပင် လက်မှတ်ထိုးပေးခဲ့သည်။ သူမ၏ လက်မှတ်သည် နဂါးပျံသကဲ့သို့ ကနွဲ့ကလျ ရေးထားသည်မို့ ဘာမှန်းမသိနိုင်သော်လည်း၊ စနစ်ကတော့ ၎င်း၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကို အသုံးပြု၍ စာလုံးများကို ဖတ်ရှုခဲ့ရာ
— Paparazzi
"ကယ်ပါဦး!"
"ရှောင်ကောကော! တော်တော်ချောတာပဲ! ကောရဲ့ ပရိသတ် ဖြစ်သွားပြီနော်!" ပရိသတ်ငယ်လေးတစ်ဦးက ဟစ်အော်လိုက်၏။
"ကျွန်တော် အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးပြီး သင်တန်းသားပဲ ရှိပါသေးတယ် ဒါပေမဲ့ ကျွန်တော် အောင်မြင်အောင် ကြိုးစားပါ့မယ်" ရှချန်းချန်းက လူငယ်တစ်ယောက်၏ အသံဖြင့် တည်တည်တံ့တံ့ ပြောလိုက်သည်။
"အင်းအင်း! အားတင်းထားနော်! ညီမ အမြဲတမ်း ကောကို အားပေးနေမှာ"
ရှချန်းချန်းသည် ပရိသတ်များနှင့် တစ်ဦးချင်း နှုတ်ဆက်ခဲ့ရာ၊ သူမ၏ မျက်လုံးထဲတွင် လူငယ်တစ်ယောက်၏ ဖြူစင်မှုနှင့် စင်မြင့်အပေါ် တောင့်တမှုတို့က ပြည့်နှက်နေခဲ့ပြီး၊ စောင့်ဆိုင်းနေသော ပရိသတ်များ၏ စိတ်နှလုံးကို နူးညံ့ပျော်ရွှင်စေခဲ့သည်။
စနစ်က မြင်လိုက်ရသည်မှာ ထိုပရိသတ်များ၏ မျှော်လင့်ချက်ပြင်းပြမှုများကြားမှပင် ရှချန်းချန်း၏ အစောပိုင်းက သုည ဖြစ်နေခဲ့သော ဂုဏ်သတင်းတန်ဖိုးသည် ရုတ်တရက် မြင့်တက်လာခြင်းပင် ဖြစ်သည်။
[ဂုဏ်သတင်းရမှတ် : +12]
စနစ်: "!!!"
"မင်းရဲ့ ဂုဏ်သတင်းရမှတ် တိုးလာပြီ!"
စနစ်က "ဘာလို့လဲ? မင်းရဲ့ ဂုဏ်သတင်းရမှတ် ဘာလို့ တိုးလာရတာလဲ?"
စနစ် မရှင်းမလင်းဖြစ်နေသော်လည်း အလွန်အံ့ဩတုန်လှုပ်သွားတော့သည်။
ရှချန်းချန်းသည် မှန်လုံကားတစ်စီးပေါ်သို့ တက်လိုက်သည်။ ၎င်းသည် မူရင်းဇာတ်လိုက်မင်းသမီး၏ ကားပင်ဖြစ်သည်။
"လွယ်လွယ်လေး ငါ့ရဲ့ ခန့်မှန်းချက် မှန်ကန်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ"
သူမသည် သူမ၏ ခေါင်းပေါ်မှ ငွေရောင်ဆံပင်တုနှင့် မျက်လုံးထဲမှ ငွေရောင်မျက်ကပ်မှန်များကို ချွတ်လိုက်ပြီး တစ်ဖက်မှလည်း ပြောရင်း တစ်ဖက်မှ ပြန်ဖြေလိုက်၏။ "ဝတ္ထုထဲက ဇာတ်ကောင်အမျိုးမျိုးကြား ဂုဏ်သတင်းတန်ဖိုးက အချင်းချင်း ဆက်သွယ်လို့ရတယ် ရှချန်းချန်းရဲ့ ဂုဏ်သတင်းတန်ဖိုးက သုည ဖြစ်နေပေမဲ့၊ Paparazziက အခုမှ ဂုဏ်သတင်းတန်ဖိုး ၁၂ ရထားတာဆိုတော့ ငါ့မှာလည်း ဂုဏ်သတင်းတန်ဖိုး ၁၂ ရှိတယ်လို့ ဆိုလိုတာပဲ"
စနစ်က ပျော်ရွှင်မှု အပြည့်ဖြင့် "ဒါဆို မင်း သေဖို့ မလိုတော့ဘူးလို့ ပြောချင်တာလား Paparazzi တစ်ယောက်အနေနဲ့ ဂုဏ်သတင်းတန်ဖိုး ရနိုင်ပြီပေါ့!"
"ဒါတင်မကသေးဘူး။"
မိတ်ကပ်ဖျက်ပြီးနောက် ရှချန်းချန်းသည် သူမ၏ ဖုန်းပေါ်မှ Alipay ကို ဖွင့်လိုက်သည်။
စနစ်က ကြည့်လိုက်ပြီး အံ့ဩသွားတော့၏။ တကယ်တော့ မူရင်းဇာတ်လိုက်မင်းသမီးမှာ ဂဏန်းရှစ်လုံးရှိသော စရံငွေ ရှိနေခဲ့သည်။
စနစ်: "မူရင်းဇာတ်လိုက်မင်းသမီးကို သူ့အဖေက စီးပွားရေးအရ အပိတ်အပင်တွေ လုပ်ထားတာ မဟုတ်ဘူးလား? ဘယ်လိုလုပ် ဒီလောက်များတဲ့ ပိုက်ဆံတွေ ရှိနေရတာလဲ?"
အတိုချုပ်ပြောရလျှင် မူရင်းဇာတ်လိုက်မင်းသမီးသည် ရှမိသားစုမှ သမီးချောလေးဖြစ်၏။ သူမ ၁၀ နှစ်သားအရွယ်တွင် သူမ၏မိခင် ရှပိုင်လုသည် ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် သူမ၏အဖေ ရှယုံဒယ်က ယဲ့ချူဖန်းကို ဒုတိယ မိန်းမ အဖြစ် လက်ထပ်ယူပြီး ယဲ့ချူဖန်း၏သမီး ရဲ့ ယဲ့ရှီဝမ် ကို ခေါ်ဆောင်လာခဲ့ရာ သူမသည် ဝတ္ထု၏ ဇာတ်လိုက်မလေး ဖြစ်လာခဲ့သည်။
သုံးရက်အကြာတွင် မူရင်းဇာတ်လိုက်သည် ယဲ့ရှီဝမ်ကို စော်ကားခဲ့ပြီး ရှယုံဒယ်က ဒေါသထွက်ကာ မူရင်းဇာတ်လိုက်၏ ခရက်ဒစ်ကတ်များအားလုံးကို ပိတ်ပစ်ခဲ့သည်။
ဖခင်၏ စွန့်ပစ်ခြင်း၊ ဟန်ကျားလင်း၏ မုန်းတီးခြင်း၊ အင်တာနက်ပေါ်တွင် လူတိုင်းက ဆဲဆိုရှုတ်ချခြင်း... ဤအရာများသည် မူရင်းဇာတ်လိုက်ကို သေဆုံးရန် တွန်းပို့ခဲ့သော အကြောင်းအရာများ ဖြစ်သည်။
သို့သော်လည်း ဘယ်သူမှ မသိကြဘဲ ဝတ္ထုထဲတွင်လည်း ဖော်ပြထားခြင်းမရှိသည်မှာ မူရင်းဇာတ်လိုက်သည် မသေဆုံးမီတွင် ဤမျှများပြားသော ပိုက်ဆံများ ပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။
ဒီပိုက်ဆံတွေ ဘယ်က ရတာလဲ?
ရှချန်းချန်း မသိ။ သူမသည် မူရင်းဇာတ်လိုက်၏ မှတ်ဉာဏ်များကို အမွေမရခဲ့ပေ။
သူမ သိရှိခဲ့သမျှ အရာအားလုံးသည် စနစ်က သူမအား ပေးခဲ့သော ဝတ္ထုစာအုပ်မှ ရရှိခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နာရီဝက်ခန့်က သူမ မိတ်ကပ်ခန်းထဲတွင် ရှိနေစဉ်၊ ရှချန်းချန်းသည် ဗီဒီယိုကို ပထမဆုံးအကြိမ် မြင်လိုက်သည်နှင့် ကျိကျင်းဟန်သည် မိမိကိုယ်တိုင် ရိုက်ကူးထားခြင်း ဖြစ်သည်ကို ချက်ချင်း သိလိုက်သည်။ ဗီဒီယိုထဲတွင် ကျိကျင်းဟန်၏ ဘယ်ဘက်ပါးပေါ်ရှိ လက်ဝါးရာသည် အောက်သို့ စိုက်ကျနေပြီး၊ ၎င်းသည် မိမိကိုယ်တိုင် ရိုက်နှက်မှသာ ဖြစ်ပေါ်နိုင်သည့် ပုံစံမျိုးဖြစ်သည်။
ထိုဇာတ်ကွက်ကို ဝတ္ထုထဲတွင် လုံးဝ ရေးထားခြင်း မရှိပေ။
"ဒီလိုဆိုရင် မူရင်းဇာတ်လိုက်မှာ တခြားဝင်ငွေတစ်ခု ရှိနေခဲ့ပေမဲ့ ဝတ္ထုထဲမှာ မဖော်ပြထားဘူး အဲ့ဒါကြောင့် ငါ့ရဲ့ ဒုတိယမြောက် ခန့်မှန်းချက် မှန်ကန်တယ်ဆိုတာကို ငါ သေချာပေါက် ပြောနိုင်ပြီ။”
ရှချန်းချန်း ၏ မျက်လုံးများက တောက်ပလွန်းလှပြီး ရှင်းရှင်းလင်းလင်းပင် အမြင်ရှိလှသည်။ "ဝတ္ထုတွေမှာ ဖုံးကွယ်ထားတဲ့ ဇာတ်ကွက်တွေ ရှိတတ်စမြဲပါပဲ။ နောက်ဆက်တွဲ ဇာတ်ကွက်အတွက် အကျိုးမပြုတဲ့ အချက်အလက်ဆိုရင်တော့ လစ်လျူရှုလိုက်မယ်!"
စနစ်က ရှချန်းချန်း၏ ခွဲခြမ်းစိတ်ဖြာမှုကို အဆုံးထိ နားထောင်ပြီးနောက် စူးစမ်းလိုစိတ်များ ပေါ်ပေါက်လာကာ စကားသံက ပိုမိုပျော်ရွှင်လာသည်။
"Host ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်"
စနစ်က "အဲ့ဒီ ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေကို ဂရုမစိုက်ပါနဲ့တော့ မြန်မြန် အထောက်အထား ပြောင်းလဲပြီး ဂုဏ်သတင်းရမှတ်တွေ စုဆောင်းပြီး မင်းရဲ့ ပထမဆုံး ခြေလှမ်းကို ဖန်တီးရအောင်!"
သူ့အနေဖြင့် အနုပညာလောကသို့ ဝင်ရောက်ခြင်းသည် နာမည်ကျော်ကြားမှု ရရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်သည်။ အခြားသော နေရာပြောင်းရွှေ့လာသူများလည်း ထိုသို့ပင် ပြုလုပ်ကြသည် မဟုတ်ပါလော။
"အနုပညာလောကသို့ ဝင်ရောက်ပြီး ဂုဏ်သတင်းရမှတ်တွေ စုဆောင်းရမှာလား?"
ရှချန်းချန်းက မျက်လုံးလှန်၍ "ကျွန်မက တစ်ရက်တည်းနဲ့ နာမည်ကြီးအောင် လုပ်နိုင်မယ်လို့ ရှင် ထင်နေတာလား?"
"အင်း... မဟုတ်ဘူးနော်"
စနစ်၏ တွက်ချက်မှုဆိုင်ရာ စည်းမျဉ်းများက အဖြေကို ထုတ်ပေးသည်။ "ဒါဆို မင်း ဘာဆက်လုပ်မှာလဲ! အချိန် တကယ် မရှိတော့ဘူးနော်!"
"ပွဲဦးထွက်ဖို့က အရမ်း နောက်ကျသွားပြီ၊ ဒါပေမဲ့ ကောလဟာလတွေ လိုက်ရှာဖို့တော့ အချိန်မီပါသေးတယ်!" ရှချန်းချန်းက ခပ်ဟဟ ရယ်မောလိုက်ပြီး မာန်မာနဖြင့် ပြော၏။ "ဖျော်ဖြေရေးလောကထဲမှာ တစ်ယောက်တည်း နာမည်ကြီးဖို့က ခက်တယ် ဒါပေမဲ့ တစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို ဖျက်ဆီးဖို့က ဘယ်လောက်တောင် ခက်လို့လဲ?"
"သူသာ ပြုတ်ကျသွားရင် ပြိုင်ဘက်က တက်သွားမှာပဲ မဟုတ်ဘူးလား?"
စတားလိုက် ဖျော်ဖြေရေးကုမ္ပဏီ၏ မိတ်ကပ်ခန်း
ကျိကျင်းဟန် မှာ အမျက်ဒေါသများ ထွက်နေသည်။ စားပွဲပေါ်ရှိ မိတ်ကပ်ပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"ဒါက ရှင်ပြောတဲ့ တောင်းပန်ပွဲလား?"
ကျိကျင်းဟန်က အားအင်ကုန်ခမ်းစွာ ရေရွတ်၏။ "ရှချန်းချန်းဆိုတဲ့ ကောင်မက ကျွန်မကို ထပ်ပြီး ပါးရိုက်ခွင့်ပေးဖို့လား?"
အေးဂျင့်က အလွန်ကြောက်လန့်သွားသဖြင့် အသံပင် မထွက်ရဲပေ။
"ကျွန်တော်တို့လည်း ရှချန်းချန်းက ဒီလိုမျိုး လုပ်လိုက်လိမ့်မယ်လို့ မထင်ထားပါဘူး ဒါပေမဲ့ အခုဆိုရင် အင်တာနက်က ပြည်သူတွေရဲ့ ထင်မြင်ချက်တွေက ခင်ဗျားဘက်မှာ ရပ်တည်နေပြီလေ၊ အဲ့ဒါ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလား?"
"ကောင်းတဲ့ကိစ္စလား?"
ကျိကျင်းဟန်က လှောင်ရယ်လိုက်ပြီး "စောက်ရမ်း ကောင်းတဲ့ ကိစ္စဆိုတော့!"
နောက်တစ်စက္ကန့်တွင် သူမသည် ဖောင်ဒေးရှင်းဘူးတစ်ဘူးကို အေးဂျင့်၏ မျက်နှာပေါ်သို့ တိုက်ရိုက် ပစ်ပေါက်ချလိုက်တော့သည်။
အေးဂျင့်၏ မျက်ခွံထောင့်မှ အညိုအမည်းများ ချက်ချင်း ပေါ်ထွက်လာသည်။
သို့သော် ကျိကျင်းဟန်မှာ ဘာမှ မဖြစ်ခဲ့သလိုပင် လှည့်ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်၏။
ဖုန်းမြည်သံ ထွက်ပေါ်လာပြီး ဝင်လာသော ဖုန်းခေါ်ဆိုမှုက "ယဲ့ရှီဝမ်" ဟု ပြနေသည်။
ကျိကျင်းဟန်၏ မျက်နှာပေါ်မှ မှောင်မိုက်သော အရိပ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမက အသက်ကို လေးလေးနက်နက် ရှူသွင်းလိုက်ပြီး စကားပြောဆိုရာတွင် အမူအရာက သာမာန်ဖြစ်ကာ အသံကလည်း ပန်းပွင့်လေးတစ်ပွင့်လို နူးညံ့သွား၏။ "ဟယ်လို၊ ရှီဝမ်လေး~"
“ကျိကျင်းဟန်၊ အဆင်ပြေရဲ့လား!”
ဖုန်းတစ်ဖက်မှ ယဲ့ရှီဝမ်၏ အားနည်းသော အသံ ထွက်ပေါ်လာသည်။ "ကျွန်မ အခုလေးတင် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်လိုက်ရတယ် ရှချန်းချန်းက တကယ်ကို နားမလည်ပါလောက်အောင် ဆိုးတာ! ကျွန်မ အစ်မတစ်ယောက်အနေနဲ့ ကောင်းကောင်းမသွန်သင်နိုင်ခဲ့တဲ့ ကျွန်မ အပြစ်ပါ!"
"ဒီ ကိစ္စမှာ ကျဲကို ဘယ်လို့လုပ် အပြစ်တင်နိုင်မှာလဲ?" ကျိကျင်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး "ရှချန်းချန်းဆိုတဲ့ ညီမတစ်ယောက်ရှိတာ ကံဆိုးလိုက်တာနော်! အခုဆို ကျွန်မလက်ထဲ ရောက်နေပြီဆို သူကို သေချာလေး သင်ခန်းစာ ကောင်းကောင်း ပေးရမယ်!"
"ဒုက္ခရောက်စေမိလို့ တကယ် စိတ်မကောင်းပါဘူး" ယဲ့ရှီဝမ်က အားအင်ချိနဲ့သော အသံဖြင့် ဆို၏။ နားထောင်သူကို အနည်းငယ် စိတ်မကောင်းပင် ဖြစ်စေသည်။
"စိတ်မပူပါနဲ့၊ ရှချန်းချန်းရဲ့ ကိစ္စက ကျွန်မ တာဝန်ယူပါတယ်!"
ဖုန်းချလိုက်ပြီးနောက် ကျိကျင်းဟန်၏ မျက်နှာက အနည်းငယ် မှောင်ကျသွား၏။ ခဏတာ စဉ်းစားပြီးနောက် သူမက ဖုန်းတစ်လုံးကို ခေါ်လိုက်သည်။
ဖုန်းချိတ်ဆက်မိသောအခါ ကျိကျင်းဟန်က ယခင်က ရင့်ကျက်သော မျက်နှာအမူအရာကို ပြောင်းလဲလိုက်ပြီး ပြုံးရွှင်သွားကာ မျက်လုံးများကလည်း ပိုမို နူးညံ့လာသည်။
"မစ္စတာဟုန်~ ကျွန်မကို မဆက်သွယ်တာ တော်တော်ကြာသွားပြီနော်~"
တစ်ဖက်တွင်မူ ယဲ့ရှီဝမ်က ဖုန်းချပြီးသား ဖုန်းကို ကြည့်နေ၏။
သူမသည် ဖုန်းကို ဆုပ်ကိုင်ထားပြီး လှပသော မျက်နှာက မှောင်မဲသွားသည်။
ယဲ့ရှီဝမ်က ပြန်လည်မွေးဖွားလာသူတစ်ဦးပင် ဖြစ်၏။
အရင်ဘဝတွင် ရှချန်းချန်းသည် အရာရာတိုင်းကို ပိုင်ဆိုင်ထားသည် ဟန်ကျားလင်း၏ ချစ်ခင်ကို ရရှိခဲ့သည်၊ ရှမိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ကာ နောက်ဆုံးတွင် အနုပညာလောက၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်ကို သူမကိုယ်တိုင် မျက်စိဖြင့်မြင်ခဲ့ရသည်။
သူမကိုမူ ဟန်ကျားလင်း က လှည့်စားကာ ရှမိသားစုမှ နှင်ထုတ်ခံခဲ့ရသည်၊ ဖျော်ဖြေရေးလောကတစ်ခုလုံးမှ ပစ်ပယ်ခံခဲ့ရသည်!
သူမမှာ ဘာမှ မရှိခဲ့ပေ!
သို့သော်၊ အရင်ဘဝကို ဖြတ်သန်းခဲ့ပြီးသော သူမသည် ရှမိသားစု၏ သမီးဖြစ်သည်ကို သိခဲ့ရသည်။
သူမသည် ယဲ့ချူဖန်း မှ ရှမိသားစုသို့ ခေါ်ဆောင်လာသော မယားပါသမီးဖြစ်ကာ ရှယုံဒယ် နှင့် လုံးဝ သွေးသားမတော်စပ်သော သူစိမ်းပင် ဟု ပြင်ပက လူများက ထင်ကြသည်။
သို့သော် တကယ်တမ်းမှာတော့ ရှယုံဒယ်နှင့် ယဲ့ချူဖန်းတို့သည် လွန်ခဲ့သော ကာလများကပင် အနေကြာသောကြောင့် ရှချန်းချန်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးသည်လည်း ရှယုံဒယ်၏ သွေးပင် ဖြစ်သည်!
သူတို့နှစ်ယောက်လုံးသည် ရှယုံဒယ်၏ သမီးများဖြစ်သော်လည်း ရှချန်းချန်းသည် ငယ်စဉ်ကတည်းက အလွန်အချစ်ခံခဲ့ရသည်။ ပျော်ရွှင်၍ လှပကာ သူမ၏ ငယ်ဘဝကမူ အလွန်ပင် ခက်ခဲကြမ်းတမ်းခဲ့သည်။
ငယ်စဉ်ကတည်းက ဖခင်မရှိပဲ ကြီးပြင်းလာရသည့်အတွက် အမြဲပင် လှောင်ပြောင်ခံခဲ့ရ၏!
ရှမိသားစုထဲသို့ ရောက်ရှိလာခဲ့သည့် နောက်ပိုင်းတွင်ပင်၊ ရှချန်းချန်း၏ မျက်နှာကို ကြည့်ကာ နေထိုင်ရ၏! သူမ တစ်သက်လုံး ချစ်ခဲ့သော ဟန်ကျားလင်းသည်ပင် ရှချန်းချန်းကိုသာ ချစ်ခဲ့သည်!
ပြန်လည်မွေးဖွားလာပြီးနောက် အရင်ဘဝက အသေးအဖွဲ ကိစ္စလေးများကို ပြန်လည်အမှတ်ရမိသောအခါ ယဲ့ရှီဝမ်က အံကြိတ်ကာ ဒီဘဝတွင် သူမနှင့်သက်ဆိုင်သော အရာအားလုံးကို ပြန်လည်ရယူမည်ဟု ဆုံးဖြတ်လိုက်သည်။
အရာအားလုံးကို သိမြင်နိုင်သော မြင်ကွင်းရှိသော သူမသည် အနည်းငယ် ကြိုးစားရုံဖြင့် မမျှော်လင့်ဘဲ အောင်မြင်မှုများ ရရှိနိုင်ခဲ့သည်။
ဥပမာအားဖြင့် ဟန်ကျားလင်း၏ နှစ်သက်မှုများ၊
ပရိသတ်များ၏ အချစ်တော်လေး၊
ပြီးတော့ ရှချန်းချန်းကို တစ်နိုင်ငံလုံးမှ ပစ်ပယ်ခံရစေခြင်းမျိုး။
ယဲ့ရှီဝမ်က ဖုန်းကို ကိုင်ထားရင်း တိုးတိုးလေး ရယ်မောလိုက်၏။
ရှချန်းချန်းကို တစ်နိုင်ငံလုံးမှ ပစ်ပယ်ခံရသည်ဆိုလျှင် နာမည်ခံအစ်မဖြစ်သူ သူမသည် နည်းနည်းလေးတော့ ပိုပြသင့်တယ် မဟုတ်ပါလား?
ထိုသို့ တွေးမိသည်နှင့် ယဲ့ရှီဝမ်က နာမည်ကြီးနေသော တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို သူမ၏ အဓိကအကောင့်ဖြင့် ပြန်လည်မျှဝေလိုက်သည်။
"ကျင်းဟန် စိတ်မကောင်းပါဘူးနော်၊ ကျွန်မ ရှချန်းချန်းကို ကောင်းကောင်း မထိန်းနိုင်ခဲ့ဘူး။ သူမကိုယ်စား ခင်ဗျားကို တောင်းပန်ပါရစေ! တကယ်ကို စိတ်မကောင်းပါဘူး!"
[ဘုရားရေ! ကျွန်မတို့ ဝမ်ဝမ်လေးက သဘောထား ကောင်းလိုက်တာနော်!!]
[ဖက်! ချစ်တယ်နော်~ ရှချန်းချန်းရဲ့ ကိစ္စထဲ ဝင်မပါနဲ့တော့၊ ဒီကောင်မက သေလောက်အောင် မုန်းဖို့ကောင်းလိုက်တာ!]
[ရှချန်းချန်းဆိုတဲ့ မယားငယ်မ၊ သေလိုက်စမ်း!!!!]
…
မျှော်လင့်ထားသည့်အတိုင်း အောက်တွင် ယဲ့ရှီဝမ်ကို ချီးကျူးပြီး ရှချန်းချန်းကို ဆဲဆိုသည့် မှတ်ချက်များသာ ပြည့်နှက်နေသည်။
ယဲ့ရှီဝမ်က ထိုမှတ်ချက်များကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းထောင့်များက အောင်မြင်မှု အပြုံးဖြင့် ကော့ညွတ်သွားသည်။