← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အင်တာနက်ပေါ်က ဝေဖန်မှုမုန်တိုင်းက ကျိကျင်းဟန်ကို နက်နဲတဲ့ချောက်နက်ထဲသို့ နောက်တစ်ကြိမ် တွန်းပို့လိုက်ပြန်သည်။ ကြော်ငြာရှင် အများအပြားကလည်း သူမနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ကြ၏။ သူမ ကိုယ်စားပြုတဲ့ ထုတ်ကုန်တွေလည်း တစ်ခုပြီးတစ်ခု ပြုတ်ကုန်တော့သည်။

တကယ်တော့ ဗီဒီယို ပေါ်ပေါက် လာသောအချိန်မှစ၍ ကျိကျင်းဟန်၏ သရုပ်ဆောင်ဘဝက လုံးဝပြီးဆုံးသွားခဲ့ပြီဟု ပြောနိုင်ပါသည်။

ကျိကျင်းဟန်က ဟုန်ထောင်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး “မစ္စတာ ဟုန်… ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါဦး…”

ဟုန်ထောင်က ကျိကျင်းဟန်ကို ပါးရိုက်လိုက်ပြီး “မင်းကို ကူညီရမှာလား။ မင်းလို ခွေးမကြောင့်သာ မဟုတ်ရင် ဒါရိုက်တာဘုတ်အဖွဲ့က ငါ့ကို ပြစ်တင်တော့မှာ။ ဘာကောင်းတာမှ မလုပ်နိုင်ဘဲ ဒုက္ခပဲ ပေးတတ်တယ်”

ဟုန်ထောင်က ကျိကျင်းဟန်ကို ပစ်ထားခဲ့ပြီး ထွက်သွားတော့သည်။

ဒါပေမဲ့ သူ တံခါးဝရောက်တဲ့အခါ အပြင်မှာ ရဲကားတစ်စီး ရပ်ထားတာကို တွေ့လိုက်ရ၏။ ရဲအရာရှိနှစ်ဦးကလည်း ဟုန်ထောင်ဆီကို လျှောက်လာပြီး သူတို့ရဲ့ ဝန်ထမ်းကတ်တွေကို ပြသလိုက်ကြသည်။

“ဟုန်ထောင် နော်? ပြီးတော့ ကျိကျင်းဟန် ကျွန်တော်တို့နဲ့ ရဲစခန်းကို လိုက်ခဲ့ပေးပါ”

ဟုန်ထောင်က ချက်ချင်းပင် ယဉ်ကျေးပျူငှာသော မျက်နှာအဖြစ် ပြောင်းလဲလိုက်ပြီး ပြုံးလျက် “ရဲအရာရှိ ခင်ဗျား တစ်ခုခု လွဲမှားနေတာများ ရှိသလားလို့?”

“ဘာမှ လွဲတာ မရှိပါဘူး”

ရဲအရာရှိတစ်ဦးက ငွေရောင်လက်ထိပ်ကို ထုတ်လိုက်ပြီး “လွန်ခဲ့တဲ့သုံးရက်လောက်က ဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ကိစ္စက ခင်ဗျားနဲ့ပတ်သက်နေတယ်လို့ ကျွန်တော်တို့ သံသယရှိတယ် သေဆုံးသူရဲ့ စိတ်ကျရောဂါဆေးကို ခင်ဗျားလဲလှယ်လိုက်လို့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာလို့ တစ်ယောက်ယောက်က တိုင်ထားတယ်။ ကျွန်တော်တို့နဲ့ လိုက်ခဲ့!”

ထိုအခိုက်အတန့်မှာပင် ဟုန်ထောင် ခေါင်းထဲမှာ “ဘွန်း!” ခနဲ အသံတစ်ခု ကြားလိုက်ရသည်။

သူ့ရဲ့ ဒီလျှို့ဝှက်ချက်ကို ဘယ်သူမှ သိမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ခြင်းပင်။

ငွေရောင်လက်ထိပ်တွေက ဟုန်ထောင်နဲ့ ကျိကျင်းဟန်တို့ရဲ့ လက်တွေမှာ တောက်ပြောင်စွာ ခတ်ထားခံရပြီး ရဲအရာရှိနှစ်ဦးက သူတို့ကို ရဲကားပေါ်သို့ တင်ဆောင်သွားခဲ့သည်။

ဟုန်ထောင်နဲ့ ကျိကျင်းဟန်တို့ကို ရဲတွေ ဖမ်းသွားတဲ့ မြင်ကွင်းကို ဘေးနားက ဒေသခံတွေက ဗီဒီယိုရိုက်ပြီး Douyin (TikTok)၊ Weibo နဲ့ တခြားအွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ တင်လိုက်ကြ၏။ အင်တာနက်သုံးစွဲသူတွေက တစ်ဖန် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြတော့သည်။ ဒီနှစ်ယောက်က တကယ်ကို မသန့်ရှင်းဘူး၊ ရဲတွေတောင် လာဖမ်းတယ်!

စနစ်က ရဲဌာနရဲ့ စောင့်ကြည့်စနစ်ထဲကို တိတ်တဆိတ် ဝင်ရောက်ကြည့်လိုက်တဲ့အခါ ဟုန်ထောင်နဲ့ ကျိကျင်းဟန်တို့ဟာ ကျုံးဆူရဲ့ စိတ်ကျရောဂါဆေးတွေကို တကယ်ပဲ လဲလှယ်ထားတာကို တွေ့လိုက်ရသည်!

ဒီတစ်ခါတော့ သူတို့နှစ်ဦး ရင်ဆိုင်ရမယ့်အရာက လူထုရဲ့ ဝေဖန်မှုတင်မကတော့ဘဲ အမှန်တကယ် လူသတ်မှု စွပ်စွဲချက်ပင် ဖြစ်နေတော့သည်။

စနစ်က ရှုပ်ထွေးသွားကာ “Host၊ ဟုန်ထောင်က ကျုံးဆူရဲ့ စိတ်ကျရောဂါဆေးတွေကို လဲလိုက်တယ်ဆိုတာကို ဘယ်လို သိတာလဲ? ထင်ကြေးပေးပြီး ပြောလိုက်တာ မလား?”

ရှချန်းချန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ “ဟုန်ထောင်က မယားငယ်ထားတာ တစ်ရက်၊ နှစ်ရက်လည်း မဟုတ်ဘူး ကျုံးဆူ မသိစရာလည်း အကြောင်းလည်းမရှိဘူး ဒါဆို ဘာလို့ ကျိကျင်းဟန်နဲ့ကျမှပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တာလဲ?”

“ဖြစ်နိုင်တာက… ဟုန်ထောင်က ကျုံးဆူနဲ့ ကွာရှင်းပြီး ကျိကျင်းဟန်ကို လက်ထပ်ချင်တာမို့လို့လား?” စနစ်က အကြောင်းပြချက်တစ်ခု စဉ်းစားလိုက်သည်။

“ဟုန်ထောင်နဲ့ ကျုံးဆူက စီးပွားတွေ အတူတူလုပ်ခဲ့ကြတာလေ။ သူတို့သာ ကွာရှင်းလို့ကတော့ ဟုန်ထောင် ပိုင်ဆိုင်မှု တစ်ဝက် လျှော့သွားမှာပေါ့။ အဲ့တော့ ဒီလိုသူဌေးတွေက ကွာရှင်းမယ့်အစား ဖောက်ပြန်တဲ့ကိစ္စတွေပဲ လုပ်နေကြတာ။ ဒါပေမဲ့ ကျိကျင်းဟန်ကတော့ ကြာကူလီအနေနဲ့ နေမှာ မဟုတ်ဘူး။ ဒါဆိုရင်တော့ ကျုံးဆူရဲ့ စိတ်ကျဆေးကို ကျိကျင်းဟန်က လဲလိုက်တာ သေချာသလောက်ပဲ၊ ဟုန်ထောင်ကလည်း အဲဒါတွေကို အသိအမှတ်ပြုထားတာ”

တကယ်တော့ ကွာရှင်းတာဆိုတာ ပိုက်ဆံဆုံးရှုံးရတာပင်။

ဒါပေမဲ့ မုဆိုးဖိုဖြစ်တာကတော့ သူ့ကို ပိုင်ဆိုင်မှုအားလုံး ရရှိစေပါလိမ့်မည်!

ဒါပေမဲ့ တကယ်တမ်း ကျိကျင်းဟန်ကပဲ ကျုံးဆူရဲ့ စိတ်ကျရောဂါဆေးတွေကို တက်ကြွစွာ လဲလှယ်ခဲ့တာလား၊ ဒါမှမဟုတ် ဟုန်ထောင်က တိတ်တဆိတ် အားပေးပြီး ကျိကျင်းဟန်ကို ဆေးတွေ လဲလှယ်ခိုင်းခဲ့တာလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ပေ။

ည ၁၂ နာရီ မတိုင်ခင်မှာပဲ "အမှိုက်လိုကောင်က ဖောက်ပြန်၊ မယားငယ်မက မယားကြီးကို သေအောင် တွန်းပို့" ဆိုတဲ့ ဖရဲသီး (ကောလဟာလ)က အဆုံးသတ်တော့မည် ဖြစ်သည်။

ဒါပေမဲ့ ဒီကောလဟာလက အပူဓာတ် အနည်းငယ် ကျန်နေသေးပြီး မကြာခင်မှာပဲ အင်တာနက်သုံးစွဲသူတွေက ထူးခြားချက်တစ်ခုကို ရှာတွေ့လိုက်ကြ၏။

{ယဲ့ရှိဝမ် ဒီညနေ လုပ်သွားတာတွေက တော်တော်လေး လက်ဖက်စိမ်း (အပေါ်ယံယဉ်ကျေးဟန်ဆောင်ပြီး အတွင်းစိတ်မကောင်းသူ) ဆန်တယ်လို့ ထင်တဲ့သူများ ရှိလား}

{သူ(မ)နဲ့ ကျိကျင်းဟန်က သူငယ်ချင်းအရင်းကြီးတွေလေ …. စဉ်းစားသာ ကြည့်ကြတော့! ပုံစံတူတွေ တစ်ကိုင်းတည်းနားကြတာ မဟုတ်ဘူးလား!}

{ဟုတ်ပါ့! သူက ရှချန်းချန်းရဲ့ အဖေတူ အမေကွဲ အစ်မ ဖြစ်နေတာတောင် ကျိကျင်းဟန်ဘက်ကို ဝင်ပါနေတာ တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာပဲ}

{အပေါ်ကလူတွေ ပြောနေတဲ့ဟာတွေက အဓိပ္ပာယ်မှ ရှိရဲ့လား? ရှချန်းချန်းက ဝမ်ဝမ်နဲ့ ဟန်ကျာလင်းတို့ နှစ်ယောက်ကြားကို အမြဲလိုလို ဝင်ရှုပ်နေတာလေ အဲ့တော့ ဝမ်ဝမ်က သူ့ကို မကျေနပ်တာ မဆန်းပါဘူး}

{အဲ့ဒါပေါ့! ဝမ်ဝမ်က ကျီကျင်းဟန် ဘယ်လိုလူစားမျိုးလဲဆိုတာ မသိခဲ့ရှာဘူး တကယ်လို့ သိခဲ့ရင် သူ့ကို သူငယ်ချင်းလုပ်မှာတောင် မဟုတ်ဘူး!}

{ငါကတော့ ဝမ်ဝမ်လေး ဘက်ကပဲ ဝမ်ဝမ်လေးက ရိုးရိုးအအ လေးပါ လူတွေကို ဘယ်လိုကြည့်ရမှန်းပဲ မသိတာ!}

{အဲ့ဒီ မယားငယ် မိန်းမယုတ်ကို သေအောင်သာ ရိုက်သတ်ပစ်လိုက်! ငါတို့ ဝမ်ဝမ်လေးကိုတော့ လွှတ်ပေး!}

ကျော်ကြားမှု တိုးတက်လာပုံ

နာမည်ကြီး သြဇာလွှမ်းမိုးမှုရှိသော ယဲ့ရှီဝမ်ကို ပရိသတ်အင်အား အများအပြားက ဝန်းရံထားသည်။ သူမအပေါ်ထားတဲ့ သံသယအနည်းငယ်က ပစိဖိတ်သမုဒ္ဒရာထဲ ကျသွားတဲ့ ကျောက်တုံးလေးလိုပင်။ လှိုင်းလုံးတွေ ဖြစ်ပေါ်လာပေမဲ့ မကြာခင်မှာပဲ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ရှချန်းချန်းက ဤအချက်ကို စိတ်မဝင်စားပေ။

သတင်း ပေါက်ကြားပြီး နှစ်နာရီမပြည့်ခင်မှာပင် ရှချန်းချန်းရဲ့ အကောင့်ငယ်လေးဖြစ်တဲ့ "လိမ်ညာသူများကို ဖျက်ဆီးသူ" က အံ့အားသင့်ဖွယ်ရာ ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ပြီး ပရိသတ်အရေအတွက်က တစ်သန်းကျော်သွားခဲ့သည်။

ပြီးတော့ သူမ၏ အကောင့်ကြီးကလည်း ကျိကျင်းဟန်ရဲ့ အရှုပ်တော်ပုံအား အခွင့်ကောင်းယူကာ လူသိများလာအောင် လုပ်ဆောင်နိုင်ခဲ့၏။

စနစ်ရဲ့ အသံက ဝမ်းသာအားရစွာ ပေါ်ထွက်လာသည်။ “ဂုဏ်ယူပါတယ် Host! မင်းရဲ့ ဂုဏ်သတင်းတန်ဖိုး တစ်သန်း တိုးလာပြီ!”

ရှချန်းချန်းကတော့ အံ့သြခြင်းမရှိခဲ့ပေ။

နာမည်ကျော်တစ်ဦး ဖြစ်လာခြင်းက နာမည်ဂုဏ်သတင်းကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း သူမ ပထမဆုံး ဂုဏ်သတင်း တိုးတက်လာခဲ့တဲ့ အချိန်ကတည်းက “ဂုဏ်သတင်း” ဆိုတာ ကျယ်ပြန့်တဲ့ သဘောတရားတစ်ခုဖြစ်ကြောင်းကို သိရှိခဲ့သည်။ နှစ်သက်မှု၊ စူးစမ်းလိုစိတ်၊ ယုံကြည်မှု၊ အံ့သြမှု… ဤအရာအားလုံးသည် ဂုဏ်သတင်းတန်ဖိုး ဖြစ်လာနိုင်ပေသည်။

ထို့အပြင် ဤကျယ်ပြန့်သော ခံစားချက်များကို နာမည်ကျော်တစ်ဦးမှသာ ရရှိနိုင်ခြင်း မဟုတ်ပေ။

Paparazzi တစ်ယောက်အနေနဲ့လည်း ရရှိနိုင်၏။

အင်တာနက်သုံးစွဲသူတွေရဲ့ "လိမ်ညာသူများကို ဖျက်ဆီးသူ" အပေါ် စူးစမ်းလိုစိတ်၊ ယုံကြည်မှု၊ မျှော်လင့်ချက်… ဤအရာအားလုံးက ရှချန်းချန်းရဲ့ ဂုဏ်သတင်းတန်ဖိုးတွေ ဖြစ်လာခဲ့သည်။

ဒါ့အပြင် ရှချန်းချန်းက စနစ်ရဲ့ ဂုဏ်သတင်းတန်ဖိုး တွက်ချက်ပုံက တကယ်ကို ရိုးစင်းတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရ၏။ ပရိသတ်တစ်ဦးက ဂုဏ်သတင်းတန်ဖိုး တစ်မှတ်နီးပါးပင်။

နှိုးစက်က ရုတ်တရက် ထမြည်လာပြီး ည ၁၂ နာရီ မထိုးခင် ငါးမိနစ် အလိုပင်။

ရှချန်းချန်း စိတ်လှုပ်ရှားလာသည်။ “စနစ်၊ မြန်မြန်လုပ်၊ အသက်နဲ့ လဲလိုက်တော့! ဂုဏ်သတင်းတန်ဖိုး တစ်သန်းကြီး လက်ထဲမှာ ရှိနေပြီး ည ၁၂ နာရီမှာ မသေချင်သေးဘူး!”

စနစ်က “ရတယ်နော်! အသက်တစ်ရက်ဆို ဂုဏ်သတင်းတန်ဖိုး တစ်သောင်း လိုတယ် Host က ဘယ်နှစ်ရက်လောက် လဲချင်လဲ?”

“အဲ့လောက်တောင် စျေးကြီးတာလား?” ရှချန်းချန်း မျက်လုံးပြူးသွားသည်။ “ဘာလို့ သွားမလဲသေးတာလဲ?”

တစ်ရက်ကို ဂုဏ်သတင်းတန်ဖိုး တစ်သောင်း… ဒီည အရှုပ်တော်ပုံတစ်ခု မဖြစ်ခဲ့ရင် ငါးမိနစ်အတွင်း သေဆုံးတော့မှာကို ရှချန်းချန်း ဘယ်လိုမှ သံသယမဝင်ခဲ့ပေ။

ရှချန်းချန်း သက်ပြင်းချလိုက်ပြီး “ထားလိုက်ပါတော့၊ အရင်ဆုံး ဆယ်ရက် လဲပေး”

စနစ်ရဲ့ အသံက ပျော်ရွှင်စွာ ပေါ်ထွက်လာသည်။ “ဆယ်ရက် အသက် တိုးသွားပါပြီ! ဆယ်ရက်ထပ်ပြီး အသက်ရှင်နိုင်ပြီမို့ ဂုဏ်ယူပါတယ် Host!”

ထို့နောက် စနစ်က ဂုဏ်သတင်းတန်ဖိုး ပြကွက်ကို ပြန်ကြည့်လိုက်ပြီး သတိမထားမိဘဲ “ဟင်” ဟု အသံပြုလိုက်သည်။

ရှချန်းချန်း အသက် ဆယ်ရက် ထပ်တိုးလာပေမဲ့ သူမရဲ့ ဂုဏ်သတင်းတန်ဖိုးကတော့ တစ်သန်းပင် ရှိနေသေးသည်။

စနစ် “host၊ အခုလေးတင်… ခင်ဗျား ဂုဏ်သတင်းတန်ဖိုး တစ်သိန်း ထပ်ရခဲ့တာလား”

ရှချန်းချန်း အံ့သြသွားသည်။ မဖြစ်နိုင်တာ! ဖျက်ဆီးသူရဲ့ ပရိသတ်အရေအတွက်က တစ်သန်းပဲ ရှိသေးတာကို ဘယ်ကနေများ ဂုဏ်သတင်းတန်ဖိုးတွေ ထပ်ရတာလဲ?

ရှချန်းချန်း သံသယဖြစ်သွားသည်။ “စနစ်… ဒီပရိသတ်တွေရဲ့ ဂုဏ်သတင်းတန်ဖိုး အလေးချိန်… မတူတာများ ရှိလား?”

စနစ်: “!!!!”

“မင်း ဘယ်လို သိတာလဲ?”

စနစ်က တုန်လှုပ်စွာဖြင့် “အခုမှပဲ ပြောမလို့ရှိသေးတယ်ဗျာ၊ [ဂုဏ်သတင်းတန်ဖိုး အလေးချိန်ကြည့်ရှုခွင့်] ဆိုတဲ့ ထုတ်ကုန်လေး ရှိတယ် ဒါလေးသာ ရှိရင် ဂုဏ်သတင်းတန်ဖိုး များတဲ့သူတွေဆီ အာရုံစိုက်ပြီး အမှတ်တွေ အများကြီး ရှာလို့ရမှာ!”

ရှချန်းချန်းက လက်ပိုက်ပြီး မျက်ခုံးပင့်ကာ “ပြော၊ ဂုဏ်သတင်းတန်ဖိုး ဘယ်လောက်လဲ”

စနစ် “ဟဲဟဲဟဲ~ သိပ်စျေးမကြီးပါဘူး တစ်ခါတည်း ပေးရင် တစ်သက်တာ သုံးလို့ရတယ်! တစ်သန်းတည်း~!”

“လူလိမ်!”

“ဘာလဲ?”

“ထွက်သွားစမ်း!”

ခြေချောင်းများဖြင့် စဉ်းစားကြည့်လျှင်ပင် သိသာသည်။ အလေးချိန်မြင့်မားသော သူများကို ပိုင်ဆိုင်နိုင်တဲ့သူဟာ ဝတ္ထုထဲက အဓိကဇာတ်ကောင်ဖြစ်မှာ သေချာသည်။ ဝယ်ဖို့လိုသေးလို့လား?

စနစ်က ရှချန်းချန်း လုံးဝ စိတ်ဝင်စားမှုမရှိတာကို တွေ့လိုက်ရတော့ စိတ်ပျက်အားငယ်သွားပြီး ရှချန်းချန်းကို နာရီဝက်လောက် ဆက်ပြောခဲ့သည်။

ရှချန်းချန်းက ခေါက်ဆွဲပြုတ် စားရင်း ပေါ့ပေါ့ပါးပါးလေး မေးလိုက်သည်။ “ကျွန်မသာ ဝယ်လိုက်ရင် အလေးချိန် အမြင့်ဆုံး ပရိသတ်ရဲ့ နောက်ကွယ်က လူ ဘယ်သူလဲဆိုတာ သိရမှာလား”

“အင်း” စနစ်က သီးသွားသည်။ “မဟုတ်ဘူး အလေးချိန်မြင့်တဲ့ ပရိသတ်ရဲ့ အစစ်အမှန်ကို သိဖို့ ခင်ဗျား ပိုက်ဆံထပ်ပေးပြီး သော့ဖွင့်ရပါဦးမယ်…”

ရှချန်းချန်း: “……”

ရှချန်းချန်း ပြုံးလိုက်ပြီး “ဪ၊ ဒါဆို ဘုရင်မပျိုးဥယျာဉ် ထဲက ဂူရှိတဲ့နေရာကို သိလားဟင်?”

စနစ်: “???”

ခေါင်းစဉ်က ဒီလောက် မြန်မြန် ဘယ်လို ပြောင်းသွားရတာလဲ?

စနစ်: “မရှိပါဘူး။ ဘုရင်မပျိုးဥယျာဉ်က ကျန်းချန်မှာ အကောင်းဆုံး အိမ်တစ်လုံးပါ။ မြေသားမာအောင် လုပ်ထားတာတွေရော၊ အကုန်လုံး ကောင်းကောင်းလုပ်ထားတာ”

ရှချန်းချန်း မျက်ခုံးပင့်လိုက်သည်။ “ဒါဆို ဘာလို့ ကျွန်မကို လိမ်တာလဲ”

စနစ်: “???”

All Chapters