အခန်း ၈
Vol. 1 Ch. 8
နောက်တစ်နေ့တွင် ရှချန်းချန်းသည် ၁၂နာရီအထိ အေးအေးဆေးဆေးပင် အိပ်လိုက်သည်။
သူမသည် အိမ်တော်ထိန်းပို့ပေးသော မနက်စာကို အားရပါးရ စားသောက်ပြီးနောက် ဝတ္ထုထဲက လျှို့ဝှက်ဇာတ်ကွက်များကို ရှာဖွေရန် မူလဇာတ်ဆောင်၏အခန်းများကို စတင်လေ့လာတော့သည်။
နာရီဝက်ခန့်အကြာတွင် ရှချန်းချန်းသည် ဗီလာထဲ၌ အခန်းကတ်တစ်ခုကို တွေ့လိုက်ရသည်။
ယင်းကတ်မှာ ဟိုတယ်အခန်းကတ် မဟုတ်ပေ။ ကတ်တစ်ခုလုံးသည် အနက်ရောင်ဖြစ်ပြီး အရှေ့ဘက်ခြမ်းတွင် ကြမ်းတမ်းသောအသားနှင့် “ယွီလန်ယွမ် အမှတ် ၁၈” ဟု ရေးထိုးထားသည်ကို တွေ့ရသည်။
စနစ်က ဉာဏ်ရည်တု AI နဲ့ စကင်ဖတ်ကြည့်လိုက်ပြီးနောက် အသက်ရှူမှားသွားရတော့၏။ “Host၊ ယွီလန်ယွမ် ဆိုတာ ရှဲအုပ်စု က ဆောက်ထားတဲ့ အဆင့်မြင့် ဗီလာတွေရှိတဲ့အထဲမှာ ဗီလာ ၁၈ လုံးပဲ ရှိတာ တစ်လုံးကို ပျမ်းမျှ ယွမ် သန်း ၂၀၀ တောင် တန်တယ်။ နောက်ပြီး Host ကိုင်ထားတဲ့ black card က အဲ့ဒီ ယွီလန်ယွမ်ရဲ့ ပိုင်ရှင်ကတ် ဖြစ်မယ်!”
“ဒီလိုဆိုရင် ယွီလန်ယွမ် အမှတ် ၁၈ က ကျွန်မရဲ့ ပိုင်ဆိုင်မှုလား?” ရှချန်းချန်းသည် အခန်းကတ်ကို ကြည့်ရင်း မျက်လုံးများ တောက်ပနေ၏ “မူလဇာတ်ဆောင်က ကောင်းလိုက်တာနော်၊ မနေ့က ကျွန်မကို ဂဏန်း ရှစ်လုံးတန်ဖိုးရှိတဲ့ ငွေ ပေးခဲ့တာ၊ ဒီနေ့လည်း ဗီလာတစ်လုံး ထပ်ပေးပြန်ပြီ! အဲ့လောက်တောင် ချမ်းသာတာလား?”
“အင်း” စနစ်က နားမလည်စွာဖြင့် “ရှယုံဒယ်က မူလဇာတ်ဆောင်ကို စီးပွားရေး ပိတ်ဆို့တာတွေ လုပ်ခဲ့တာ မဟုတ်ဘူးလား? ဒါဆိုရင် သူပိတ်ဆို့တာတွေက ဘာမှ အရာမထင်ဘူး ဖြစ်နေပြီ!”
“မဟုတ်ဘူး၊ စီးပွားရေးပိတ်ဆို့တာတွေသာ အလုပ်မလုပ်ရင် ဒီဝတ္ထုလည်း ပေါ်လာမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ရှယုံဒယ်က မူလပိုင်ရှင်ကို ပိတ်ဆို့ခဲ့တုန်းကတော့ သူ့မှာ တကယ်ကို ငွေမရှိခဲ့တာ” ရှချန်းချန်း နက်နက်နဲနဲ စဉ်းစားလိုက်၏။ “ဖြစ်နိုင်တာက မူလဇာတ်ဆောင် အဲဒီသုံးရက်အတွင်းမှာ ပိုက်ဆံရသွားတာ ဖြစ်မယ် ဒါပေမဲ့ သူက ဆုံးသွားတော့ အဲ့ဒီပိုက်ဆံက ဝတ္ထုထဲမှာ ဘာမှ အရာမဝင်တော့ဘူး ဒါကြောင့်လည်း ထည့်မရေးတော့တာ ဖြစ်မယ်”
စနစ်က သံသယဖြစ်စွာဖြင့် “အဲ့ဒါဆို မူလဇာတ်ဆောင်ကို ဘယ်သူက ပိုက်ဆံပေးလိုက်တာလဲ။ မူလဇာတ်ဆောင်ရဲ့ အမေ ရှပိုင်လုဆို ဆုံးတာ ၁၃ နှစ်တောင် ရှိပြီ ရှမိသားစုကလည်း ၂၅ နှစ်ပြည့်မှ အမွေဆက်ခံရမယ်လို့ သတ်မှတ်ထားတာကို”
“ထားပါ!” ရှချန်းချန်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။ “ဒီလောက် ဇိမ်ကျတဲ့ ဗီလာကြီးကို မနေဘဲ ဘာလုပ်မှာလဲ၊ နှမြောစရာကြီး!”
ရှချန်းချန်း အဝတ်အစားများကို လျင်မြန်စွာ သိမ်းဆည်းပြီး အောက်ထပ်သို့ဆင်းလာတော့သည်။ အောက်ထပ်တွင် သူမက ရှယုံဒယ်နဲ့ ယဲ့ချူဖန်းတို့ကို တွေ့လိုက်ရသည်။
ရှယုံဒယ်က တင်းမာသော မျက်နှာထားဖြင့် “မိန်းကလေးတစ်ယောက်ဖြစ်ပြီး ယောက်ယက်ကိုခတ်နေတာပဲ! နင့်အစ်မဆီက နည်းနည်းပါးပါး အတုယူပါလား?”
ရှချန်းချန်းကတော့ ငှက်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာ လျှောက်သွားပြီး စကားတစ်ခွန်းတည်း ပြန်ဖြေလိုက်၏။
“အဲ့တော့ရော ရှင်နဲ့ ဘာဆိုင်လို့လဲ? ”
“မင်း–––!”
ရှယုံဒယ်သည် ဒေါသထွက်လွန်းသောကြောင့် နှလုံးဖောက်လုမတတ်ပင်။ ယဲ့ချူးဖန်ကလည်း ရှယုံဒယ်ကို အလျင်အမြန်ပင် ထိန်းလိုက်ရသည်။
ရှယုံဒယ်က ဒေါသတကြီးဖြင့် ရှချန်းချန်းရဲ့ နောက်ကျောကို လက်ညှိုးထိုးပြကာ “နောင်တစ်ချိန်မှာ နင် ရှမျိုးနွယ်ရဲ့ အမွေဆက်ခံသူ ဖြစ်လာရင်တောင် ဒီအိမ်က ငါ ရှယုံဒယ် ပိုင်တာပဲ! နင်က ဒီလောက်တောင် မိဘကို မလေးစားဘူးဆိုရင် ထွက်သွားစမ်း!”
ရှချန်းချန်း ခြေလှမ်းကိုရပ်လိုက်ပြီး လက်ထဲက ခရီးဆောင်အိတ်ကို ချကာ ရှယုံဒယ်ကို ပြန်ကြည့်လိုက်သည်။
သူမသည် ခေါင်းကို မော့ထားပြီး အလျှော့ပေးခြင်း မရှိခဲ့ပေ။
“ရှယုံဒယ်၊ ရှင် နှစ်နှစ်လောက်ပဲ ဆက်ပြီး မာန်တက်နေလိုက်ဦးပေါ့ ကျွန်မ ၂၅ နှစ် ပြည့်ပြီဆိုတာနဲ့ ဒါတွေအားလုံးကို ကျွန်မဆီ ပြန်ပေးရလိမ့်မယ်! ဘာတစ်ခုမှ ယူသွားဖို့ စိတ်တောင်မကူးနဲ့!
ပြောပြီးနောက် ရှချန်းချန်းသည် ခရီးဆောင်အိတ်ကို ဆွဲကာ ခေါင်းပင်လှည့်မကြည့်ဘဲ ရှမိသားစုအိမ်ကနေ ထွက်ခွာသွားခဲ့သည်။
ရှယုံဒယ်သည် ရှချန်းချန်း၏ ဝေးရာသို့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်လျက် မျက်နှာတစ်ခုလုံး နီရဲနေ၏။
ယဲ့ချူးဖန်က ဘေးနားကနေ မီးလောင်ရာ လေပင့်ပေးသကဲ့သို့ “ယုံဒယ်၊ ကျွန်မတို့ ချန်းချန်းနဲ့ ဒီလောက် ဆက်ဆံရေးတင်းမာနေတာ ဘယ်လိုဆက်လုပ်ကြမလဲ?”
“အခု သူ့မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး၊ သူ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ်လို့ ရှင် ထင်လို့လဲ” ရှယုံဒယ်က သရော်လိုက်သည်။ “သူ တောင့်မခံနိုင်တော့တဲ့အချိန်ကျရင် ငါ့ဆီ သေချာပေါက် ပြန်လာလိမ့်မယ်”
နောက်နှစ်နှစ်အကြာတွင် ယခုကဲ့သို့ ဆင်းရဲနေသော ရှချန်းချန်းသည် နှစ်နှစ်အတွင်း ရှမိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို ပိုင်ဆိုင်ရတော့မည်ပင်ဖြစ်သည်!
ကားသည် ယွီလန်ယွမ် အမှတ် ၁၈ အိမ်တံခါးဝတွင် ရပ်လိုက်သည်။
ကားပြတင်းပေါက်မှန်ကို အောက်သို့ချလိုက်သည့်အချိန်တွင် ရှချန်းချန်းသည် သူမရှေ့က ဇိမ်ခံဗီလာကို မြင်လိုက်ရပြီး အံ့အားသင့်စွာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
ဈေးကွက်တန်ဖိုး သန်း ၂၀၀ ရှိတဲ့ ဗီလာက တကယ်ကို လူမဆန်စွာ ဇိမ်ခံစရာကောင်းလွန်းလှသည်!!!
ရှချန်းချန်း ယခင်က မြင်ခဲ့ဖူးသော နာမည်ကြီး အနုပညာရှင်များ၏ ဇိမ်ခံအိမ်ကြီးများသည်ပင် ဤဗီလာနှင့် လားလားမျှမနှိုင်းယှဥ်နိုင်ပေ။
သူမ၏ ဦးနှောက်ထဲက စနစ်တောင် ကြယ်မျက်လုံးများ ဖြစ်လာပြီး “ဗီလာကြီး! ချမ်းသာလိုက်တာ! ချစ်တယ်! ချစ်လိုက်တာနော်!”
ရှချန်းချန်း ကားပေါ်မှ ဆင်းလာသည့်အချိန်တွင် အိမ်တော်ထိန်း လျူအဒေါ်ကြီးက တံခါးဝ၌ ယဉ်ကျေးစွာ ကြိုဆိုနေသည်။
ရှချန်းချန်းသည် သူမ၏ စူးစမ်းလိုစိတ်ကို ဖိနှိပ်ထားပြီး ပထမဆုံးအကြိမ် လာဖူးသူ မဟုတ်သည့်ဟန် ပြုမူလိုက်ကာ လျူအဒေါ်ကြီးကို ထွက်သွားအောင် အကြောင်းပြချက်အမျိုးမျိုးဖြင့် စေခိုင်းပြီးထွက်ခွာစေလိုက်သည်။
လျူအဒေါ်ကြီးနှင့် အခြားဝန်ထမ်းများ ထွက်ခွာသွားပြီးနောက် ရှချန်းချန်းသည် ချက်ချင်းပင် သူမ၏ မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီး စိတ်အားထက်သန်စွာဖြင့် ဗီလာတစ်ခုလုံးကို လိုက်လံပတ်ကြည့်လိုက်သည်။
ဗီလာထဲတွင် ဂိမ်းခန်း၊ ရုပ်ရှင်ရုံ၊ chess and card ခန်း၊ ရေကူးကန်၊ ရေပူစမ်း၊ စာကြည့်တိုက်… အရာအားလုံး စုံစုံလင်လင် ရှိနေ၏။
ယွီလန်ယွမ်ရှိ ဗီလာတိုင်းတွင် ၂၄ နာရီ ဝန်ဆောင်မှု အပြည့်အစုံ ပါရှိပြီး အိမ်ထိန်း၊ စားဖိုမှူး၊ အိမ်စေ၊ အနှိပ်သမားတို့က အချိန်မရွေး အသင့်ဖြစ်နေရန် ပြင်ဆင်ထားကြသည်။
ရှချန်းချန်း ပတ်ကြည့်ပြီးနောက် တန်ဖိုး ယွမ်နှစ်သန်းရှိသော မွေ့ယာပေါ် လှဲချလိုက်သည်။
နူးညံ့ပြီး သက်တောင့်သက်သာ ရှိလိုက်တာ!!!
လူတွေ ပုံထားတဲ့ ပိုက်ဆံတောင် ဒီလောက် တန်ဖိုးရှိမှာ မဟုတ်ဘူး!
ရှချန်းချန်းနှင့် စနစ်တို့သည် နာရီဝက်ခန့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြသည်။ စျေးအကြီးဆုံး မွေ့ယာပေါ် လှဲလျောင်းပြီး Michelin အဆင့် စားဖိုမှူးက ပြုလုပ်ပေးထားသော အဆင့်မြင့် ဟင်းလျာများကို စားသုံးကာ အနှိပ်သမားရဲ့ Spa ဝန်ဆောင်မှုအပြည့်ကို ခံစားခဲ့ကြသည်။
စနစ်ရော ရှချန်းချန်းပါ နှစ်ယောက်လုံး အားရကျေနပ်မှု အပြည့်အဝ ရရှိခဲ့ကြသည်။
စနစ်ကတော့ ကိုယ်တိုင် မခံစားခဲ့ရပေမဲ့ ရှချန်းချန်းထက် ပိုပျော်နေသည်ဟု ခံစားရသည်။
“Host! ပျော်စရာတွေလည်း ပြီးသွားပြီဆိုတော့၊ အလုပ်စကြတော့မလား?”
စနစ်က နောက်ဆုံးတွင် ဂုဏ်သတင်းတန်ဖိုးကို သတိရသွားသည်။ ဆယ်ရက် အသက်ရှင်သန်ခွင့်၏ သုံးပုံနှစ်ပုံကျော် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
အချိန်သည် အမှန်တကယ်ကို တန်ဖိုးရှိလှ၏!
ရှချန်းချန်းသည် လျူအဒေါ်ကြီး ဆေးကြောပေးထားသော တင်သွင်းလာသည့် ချယ်ရီသီးများကို စားရင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ “Host၊ ‘လိမ်ညာသူများကို ဖျက်ဆီးသူ’’ ရဲ့ ပရိသတ်က ဘယ်လောက်ရှိလဲ?”
“မနေ့ည ၁၂ နာရီတုန်းက တစ်သန်းပဲ ရှိတာ၊ အခု… Damn! နှစ်သန်း ဖြစ်သွားပြီ!” စနစ်က အံ့အားသင့်သွားသည်။
စနစ်က ကြောင်သွားကာ “မင်း မနေ့ညက ကျွန်တော် မရှိတုန်း ဘာလုပ်ခဲ့သေးလဲ”
မနေ့ည ၁၂ နာရီနောက်ပိုင်းမှာ စနစ်က Hostစနစ် ထိန်းသိမ်းရေး အစီအစဉ်ဆီသို့ ပြန်သွားခဲ့၏။ ဤ host ကတော့ ဘယ်သောအခါမှ အစီအစဉ်အတိုင်း မလုပ်ပေ။ လိုအပ်လာလျှင် အသုံးပြုရန်အတွက် မော်ဂျူးအချို့ကို ထပ်ထည့်ရမည်ဟု စဉ်းစားလိုက်သည်။
“ဘာမှ မလုပ်ပါဘူး” ဟု ရှချန်းချန်းက ပြန်ဖြေသည်။
ရှချန်းချန်းသည် ပေါ့ပါးစွာ နူးညံ့သောလက်ဖြင့် ချယ်ရီသီးများကို ကိုင်လျက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။ “ညက ဝတ္ထုကို ပြန်ဖတ်ကြည့်တာ။ ဝတ္ထုထဲက ဗီလိန်က ရွှေမြင်းဆု သုံးကြိမ်တောင် ရထားတဲ့ ရှဲ့ကျစ်ရှင်း ဆိုတဲ့ ဖျော်ဖြေရေးလောကရဲ့ ထိပ်တန်းမင်းသားပဲ သူ ဒီလောက် နာမည်ကြီးတာ သူ့အကြောင်း နည်းနည်းပါးပါး မပြောပြရရင် နှမြောစရာကြီး”
“သူက ဗီလိန်ကြီးလေ!”
စနစ်ရဲ့ အသံသည် တုန်ရီနေ၏။ အကယ်၍ ယခုအချိန် စနစ်သည် အမှန်တတကယ် ခန္ဓာကိုယ် ရှိနေခဲ့လျှင် သူ့လက်နှစ်ဖက်သည် ရှချန်းချန်း၏ လည်ပင်း ပေါ်သို့ရောက်နှင့်နေလောက်ပြီဖြစ်သည်။
ကယ်ကြပါဦး! သူ့ရဲ့ Hostက သူ မရှိတုန်း သေချင်စရာ ကိစ္စတွေ လုပ်နေတာပဲ!
“မပူပါနဲ့၊ ကျွန်မ သတင်း မဖော်ထုတ်သေးပါဘူး” ရှချန်းချန်း ရယ်လိုက်သည်။ “အခုလေးတင်ပဲ Weibo မှာ ရှဲ့ကျစ်ရှင်းနဲ့ ပတ်သက်တာလေးတွေ နောက်မှပြောပြမယ်' လို့ တင်လိုက်တာ။ မထင်မှတ်ဘဲ ဖန်တစ်သန်းတောင် ရလိုက်တယ် တကယ်တော့ ရှဲ့ကျစ်ရှင်းက တန်ဖိုးရှိလိုက်တာနော် သူက ကျွန်မရဲ့ ငွေထုတ်စက်ပဲ! ဪ, မဟုတ်ဘူး၊ အသက်ရင်းမြစ်ပင်လို့ ပြောရမလားပဲ!”
“ငါ့ကို သေစေမယ့် အပင်လား” စနစ်က နှာမှုတ်လိုက်သည်။ “ဘာကိုများ ဖော်ထုတ်ဦးမလို့လဲ? ရှဲ့ကျစ်ရှင်းက ဘာတွေများ ဖော်ထုတ်စရာ ရှိလို့လဲ ကျွန်တော် မသိဘူးနော်!”
ရှဲ့ကျစ်ရှင်းသည် ဖျော်ဖြေရေးလောကတွင် ဂုဏ်သတင်း အလွန်ကောင်းမွန်၏။ သိမ်မွေ့လှပပြီး ကြော့ရှင်းသော မျက်နှာ ရှိသည်။ သူ့၏ သရုပ်ဆောင်စွမ်းရည်ကလည်း အပြစ်ဆိုစရာ မရှိဘဲ သုံးကြိမ်တိုင်တိုင် ရွှေဆုရရှိခဲ့စဉ်အချိန်ကလည်း မည်သူမှ မေးခွန်းထုတ်စရာ မရှိခဲ့ပေ။
ဝတ္ထုထဲက ရှဲ့ကျစ်ရှင်းသည် “လှပသော ကြေကွဲဖွယ်” ဟူသော စကားစု၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ စာရေးသူက ထိုသူကို အသေးစိတ် ဖော်ပြထားသည်ကို ကြည့်ရလျှင် စေတနာထား၍ ရေးထားသည်ဟု ထင်ရသည်။
ခုနစ်နှစ်အကြာတွင် ရှဲ့ကျစ်ရှင်း၏ မိဘများမှာ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့ကြသည်။ ရှဲ့မိသားစု၏ အာဏာသည် ရှဲ့ကျစ်ရှင်း၏ ဦးလေး ရှဲ့ချန်းရယ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့၏။
ထိုအချိန်က ရှဲ့ကျစ်ရှင်းသည် တက္ကသိုလ်ကျောင်းသားဘဝတွင်သာ ရှိသေးပြီး ရှဲ့ချန်းရယ်နှင့် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် သူသည် လက်သည်းခြေသည်းများကို လှီးဖြတ်ကာ ဖျော်ဖြေရေးလောကသို့ ဝင်ရောက်လာပြီး အထက်တန်းလွှာ သူဌေးရှဲ့ချန်းရယ်၏ “ပြဇာတ်ရုပ်” တစ်ခု ဖြစ်လာခဲ့သည်။
ဤနည်းဖြင့် ရှဲ့ချန်းရယ်ကို သတိပေါ့လျော့စေရန် ရည်ရွယ်ခဲ့ခြင်းပင်ဖြစ်သည်။
မထင်မှတ်ဘဲ သူသည် ဖျော်ဖြေရေးလောကတွင် ပေါ့ပေါ့ပါးပါး ရောနှောနေထိုင်ခဲ့ပြီး ငါးနှစ်အတွင်း မည်သူ၏ အကူအညီမှ မပါဘဲ သုံးကြိမ်တိုင်တိုင် ရွှေဆုရခဲ့သော မင်းသားတစ်ဦး ဖြစ်လာခဲ့သည်။
ထိုအချိန်က ရှဲ့ကျစ်ရှင်းသည် အသက် ၂၃ နှစ်သာ ရှိသေးပြီး သမိုင်းတစ်လျှောက် အငယ်ဆုံးသော သုံးကြိမ်တိုင်တိုင် ရွှေဆုရခဲ့သော မင်းသားပင်။
ရှဲ့ချန်းရယ်က ရှဲ့ကျစ်ရှင်း ဤကဲ့သို့ သရုပ်ဆောင်ခြင်းကို စွဲလမ်းပြီး ပြဇာတ်ရုပ်ဖြစ်နေသည်ကို ကြည့်ကာ အနှီသူကို ကယ်တင်ရန်မှာ မဖြစ်နိုင်တော့ပေ ဟုသာထင်ခဲ့သည်။
သို့သော် နှစ်ပေါင်းများစွာ ဖျော်ဖြေရေးလောကတွင် ထိပ်တန်းနေရာယူကာ ကြီးစိုးခဲ့သော ရှဲ့ကျစ်ရှင်းသည် သူပိုင်ဆိုင်သော ထျန်ရှန်း ဖျော်ဖြေရေးကို လျှို့ဝှက်စွာ ဝယ်ယူထားခဲ့ပြီးပြီ ဖြစ်သည်။ လွန်ခဲ့သော ခြောက်လအကြာတွင် သူသည် ရှဲ့ချန်းရယ်ကို အဆုံးတွင် တန်ပြန်တိုက်ခိုက်မှု စတင်ခဲ့၏။
ရှဲ့မိသားစုသည် တစ်ညတည်းနှင့် ပြောင်းလဲသွားခဲ့ပြီး ထိုညမှစ၍ ရှဲ့ချန်းရယ်ကို မည်သူမျှ မတွေ့ကြရတော့ပေ။
“သူက အပြင်ပန်းကြည့်တော့ ဂုဏ်ရှိပြီး ကြော့ရှင်းတယ်၊ ဖျော်ဖြေရေးလောကရဲ့ ထိပ်တန်း အနုပညာရှင်ပဲ။ ဒါပေမဲ့ တကယ်တမ်းတော့ ကျန်းချန်ရဲ့ ထက်ဝက်ကို ထိန်းချုပ်ထားတဲ့ ရက်စက်တဲ့ ဗီလိန်ကြီးပဲ!” ဒါက ဝတ္ထုထဲတွင် ရှဲ့ကျစ်ရှင်းကို ဖော်ပြထားသော ပုံစံပင်။
“Host” စနစ်က ငိုချင်သော်လည်း မျက်ရည်မကျနိုင်ဘဲ “ခင်ဗျား ရှဲ့ကျစ်ရှင်းရဲ့ မိသားစုကိစ္စတွေကို သတင်းမဖော်ထုတ်ပါနဲ့နော် ကျွန်တော် ဒီလောက် မြန်မြန်ကြီး Hostအသစ်ကို မရှာချင်သေးဘူး!”
“Pfft! လွယ်ပါစေဖယ်ပါစေဟယ်!”
ရှချန်းချန်းက မြူးကြွစွာဖြင့် ပြောလိုက်သည်။
“ကျွန်မ ရှဲ့ကျစ်ရှင်းရဲ့ မိသားစုကိစ္စတွေကို ဘာလို့ ဖော်ထုတ်ရမှာလဲ? သတင်းဖော်ထုတ်မယ်ဆိုရင် အနုပညာလောကကို တုန်လှုပ်စေမယ့် ဖရဲသီး (သတင်း) ကိုပဲ ဖော်ထုတ်ရမှာပေါ့!”
စနစ်က ဝေဝါးသွားသည်။ “အနုပညာလောကကို တုန်လှုပ်စေမယ့် ဖရဲသီးလား?”
ရှဲ့ကျစ်ရှင်းနဲ့ ရှဲ့ချန်းရယ်တို့၏ ရန်ငြိုးကို မဖော်ထုတ်ပါက အခြား မည်သည့်သတင်းက အနုပညာလောကကို တုန်လှုပ်စေမည်နည်း?
ရှချန်းချန်း လျှို့ဝှက်စွာ မျက်လုံးမှိတ်ပြလိုက်သည်။
“ဥပမာ— ရှဲ့ကျစ်ရှင်း လျှို့ဝှက်လက်ထပ်ထားတဲ့ ကိစ္စကို လူတိုင်း သိချင်ကြမှာပဲလေ ဟုတ်တယ်ဟုတ်?”
စနစ်: “!!!!”
စနစ် မျက်လုံးပြူးသွားပြီး အာခေါင်များ ခြောက်သွေ့သွားသည်။
“ရှဲ့ကျစ်ရှင်း၊ သူ… လက်ထပ်သွားပြီလား?!”