ထိုးချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိဘူး
Vol. 174 Ch. 2604
မုန့်ယောင်သည် မြေပြင်ပေါ်မှာထိုင်ပြီး ရှေးဟောင်းဒုံမင်တစ်လက်ကို ထုတ်ယူလိုက်သည်။ သူမက အဲဒါကို သူမ၏ ဒူးပေါ်မှာ ကန့်လန့်ဖြတ်တင်ပြီး သူမ၏ ကျောက်စိမ်းလို လက်ချောင်းများဖြင့် ကြိုးများကို ညင်သာစွာခတ်ကာ ခပ်ဖျော့ဖျော့ဒုံမင်းသံကို ထွက်ပေါ်လာစေသည်။
ဒုံမင်းသံထွက်ပေါ်လာသည့်ခဏမှာပင် လူတိုင်းက ညှို့ငင်ဖမ်းစားခံရပြီး တေးဂီတမှာ နစ်မျောသွားကြသည်။
ကျင့်ကြံသူများ၏ လက်ထဲရှိ အင်မော်တယ်ဖက်ထက်ရည်ကပင် အရသာပေါ့လျော့လာခဲ့သည်။
ရှေးဟောင်းဒုံမင်းသံသည် အင်မော်တယ်များနှင့် ကိုယ်တော်များ၏ နားထဲမှာ ရှင်းလင်းစွာထွက်ပေါ်လာသော်လည်း လူတိုင်း၏ စိတ်နှလုံးများက တစ်မူထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့၏ ဘေးပတ်ဝန်းကျင်က ဗလာကျင်း၍ ဒုံမင်းသံက ကျန်ရစ်ခဲ့သည့်အလားပင်။
မုန့်ယောင်က ဘယ်ဘက်လက်ဖြင့် ဒုံမင်းကြိုးများကို တီးခတ်ပြီး သူမ၏ ညာဘက်လက်ဖြင့် လက်ကွက်များကို အဆက်မပြတ်ပြောင်းလဲနေ၏။ သူမ၏ နည်းစနစ်က ရှုပ်ထွေးပြီး အမျိုးမျိုးပြောင်းလဲကာ အလွန်တရာတိကျမှုရှိနေသည်။
တစ်ခါတစ်ရံမှာ ဒုံမင်းသံသည် သူတို့ကို အတိတ်ကာလသို့ ခေါ်ဆောင်သွားသည့်အလား နက်ရှိူင်း၍ လွမ်းမောဖွယ်ရာကောင်းလာခဲ့သည်။
တစ်ခါတစ်ရံမှာ ဒုံမင်းသံသည် ကောင်းကင်ဘုံအသံတစ်ခုကဲ့သို့ဖြစ်ပြီး အင်မော်တယ်တစ်ပါးကဲ့သို့ လေးနက်သိမ်မွေ့နေသည်။
တစ်ခါတစ်ရံမှာ နတ်မိမယ်တစ်ပါးသည် သူတို့၏ နားထဲမှာ တီးတိုးပြောဆိုနေသည့်အလား ထိုအသံက ခပ်ဖျော့ဖျော့နှင့် သာယာနာပျော်ဖွယ်ကောင်းနေသည်။
တစ်ခါတစ်ရံမှာ ဒုံမင်းသံသည် ရှေးဟောင်းခေါင်းလောင်းထိုးသံကဲ့သို့ တည်ကြည်ခံ့ညားနေသည်။
အချိန်အတန်ကြာပြီးနောက် သီချင်းတစ်ပုဒ်က ပြီးဆုံးသွားလေသည်။ အင်မော်တယ်များနှင့် ကိုယ်တော်များသည် ဒုံမင်းသံမှာ နစ်မျောနေဆဲဖြစ်ပြီး အတန်ကြာသည့်အထိ သူတို့၏ ငေးငိုင်ရာကနေ နိုးထမလာနိုင်ခဲ့ပေ။
ကျွင်းယုပင်လျှင် ခေါင်းညိတ်မိလိုက်သည်။
သူမသည် မုန့်ယောင်၏ အပြုအမူများကို ရွံရှာစက်ဆုပ်သော်လည်း ထိုသူသည် ဒုံမင်းတာအိုမှာ အမှန်တကယ်ပင် ထူးချွန်ထက်မြက်သည်ကို သူမက ဝန်ခံရပေမည်။
သူမသည် ဒုံမင်းအင်မော်တယ်ဘွဲ့နှင့် အမှန်တကယ်ပင် ထိုက်တန်မှုရှိလေသည်။
ချင်စဲက လက်ခုပ်တီးပြီး ချီးကျူးလိုက်သည်။
“ဒုံမင်းအင်မော်တယ်ရဲ့သီချင်းတွေက မော်တယ်လောကနဲ့ကင်းကွာပြီး ကောင်းကင်ဘုံတေးဂီတနဲ့ယှဥ်နိုင်တယ်လို့ ငါကြားဖူးထားတာကြာပြီ... အခုအဲဒါကို ငါကိုယ်တိုင် တွေ့ကြုံခံစားခွင့်ရပြီ... ခင်ဗျားက ခင်ဗျားရဲ့နာမည်ဂုဏ်သတင်းနဲ့ အမှန်တကယ် ထိုက်တန်မှုရှိတယ်”
“တာအိုရောင်းရင်း ကျေးဇူးတင်ပါတယ်”
မုန့်ယောင်က ညင်သာစွာပြုံးပြလိုက်သည်။
“အော်မီထော်ဖော်”
ရှစ်ဝူနန်က တီးတိုးရေရွတ်လိုက်သည်။
“ဒကာမ... ခင်ဗျားရဲ့ဒုံမင်းသံက စိတ်ကို တကယ်လှုပ်ရှားစေတာပဲ”
“အထင်ကြီးစရာပဲ”
အင်မော်တယ်များနှင့်ကိုယ်တော်များစွာက ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ချီးကျူးပြောဆိုလိုက်ကြသည်။
မုန့်ယောင်သည် နှိမ့်ချ၍တည်ငြိမ်သည့်ပုံပေါ်သော်လည်း သူမသည် စိတ်ထဲမှာ အလွန်တရာ အူမြူးအားရနေသည်။
ထိုသီချင်းသံအပြီး၌ မုန့်ယောင်သည် လူတိုင်း၏ စိတ်အာရုံဗဟိုချက် ချက်ချင်းပင် ဖြစ်လာခဲ့သည်။
နတ်မိမယ်လောဟွာ၏ အင်မော်တယ်လက်ဖက်ရည်ကို အင်မော်တယ်များနှင့်ကိုယ်တော်များက မေ့ပျောက်သွားကြပြီဖြစ်သည်။
နတ်မိမယ်လေဟွာက မကျေနပ်သော်လည်း သူမက အဲဒါကို မဖော်ပြရဲဘဲ သူမ၏ နေရာမှာ ပြန်ထိုင်လိုက်ရသည်။
ယွင်ကျူးက ထိုသည်ကို တွေ့မြင်သောအခါ မှင်သေသေဖြင့် ပြုံးပြီး အံ့အားသင့်သွားခြင်းမရှိပေ။
သူမသည် မုန့်ယောင်နှင့်အတူ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာနေထိုင်ပြီး အင်မော်တယ်နိုင်ငံတစ်ခု၏ မင်းသမီးတစ်ပါးလည်းဖြစ်သည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းထားပြီး မုန့်ယောင်အကြောင်း သူမက ကောင်းကောင်းသိလေသည်။
မုန့်ယောင်သည် ရောက်လေရာအရပ်မှာ အခြားသူများ၏ ထင်ရှားမှုကိုခိုးယူရန် စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်ဖို့ ကြိုးစားပေလိမ့်မည်။
ယွင်ကျူးအပြင် မိုချင်ကလည်း မုန့်ယောင်၏ ဒုံမင်းသံမှာ သက်ရောက်ခံရခြင်းမရှိပေ။
ယွင်ကျူးသည် သူမ၏ ဘေးမှာ တိတ်ဆိတ်ငြိမ်သက်နေသော မိုချင်ကိုကြည့်ကာပြုံးပြလိုက်သည်။
မိုချင်သည် သူမ၏ ကိုယ်ပိုင်လောကထဲမှာသူမ နစ်မျောနေပုံရပြီး မည်သူကမှ သူမအပေါ် မသက်ရောက်စေနိုင်ပေ။
တည်ဆောက်သူသစ်ပင်အောက်မှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ကို အမြင့်မှာ ချိတ်ဆွဲထားလေသည်။
ပြိုင်စံရှားများက သူရဲကောင်းဆန်သောပုံစံဖြင့် ဤနေရာမှာစုဝေးနေကြပြီး လောကအကြောင်း ဆွေးနွေးပြောဆိုနေကြသည်။ သူတို့၏ ဘေးပတ်လည်မှာ နတ်မိမယ်များနှင့် သာယာနာပျော်ဖွယ်ကောင်းသော ဒုံမင်းသံကပင် ရှိနေသည်။ ထိုမြင်ကွင်းသည် လူတိုင်းမျှော်လင့်တမ်းတနေသည့် မြင်ကွင်းတစ်ခုဖြစ်လေသည်။
ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်၏ အဆင့်-၆ ယွင်မူပိုင်က ချီးကျူးပြောဆိုလိုက်သည်။
“ကျုပ်အထင်တော့ တာအိုရောင်းရင်းမုန့်ယောင်က ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာတင်မဟုတ်ဘူး... မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနဲ့ ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာတောင် တစ်ဦးတည်းသောဒုံမင်းအင်မော်တယ်ဖြစ်လိမ့်မယ်”
“အဲဒါအမှန်ပဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
“ဒုံမင်းတာအိုက ရှေးဟောင်းခေတ်ဆရာသခင်တွေနဲ့ယှဥ်မယ်ဆိုရင်တောင် တာအိုရောင်းရင်းမုန့်ယောင်က သူတို့ထက် နိမ့်ကျမှာမဟုတ်ဘူး”
သူတော်စင်အဆင့်သတ်မှတ်ချက်၏ အဆင့်-၂ ဝူကုန်းနီက ရုတ်တရက်ပြောလိုက်သည်။
“မိစ္ဆာမဟာနယ်မြေမှာလည်း ဒီဘက်မျိုးဆက်မှာ ဒုံမင်းမိစ္ဆာတစ်ဦးပေါ်ထွက်လာတယ်လို့ ကျုပ်ကြားထားတယ်... သူကလည်း ဒုံမင်းတာအိုမှာ အတော်လေး အောင်မြင်ပေါက်မြောက်မှုရှိတယ်”
ဒုံမင်းမိစ္ဆာ၏ အကြောင်းကြားရချိန်မှာ မုန့်ယောင်၏ မျက်နှာပေါ်ရှိအပြုံးက သိသိသာသာအေးခဲတောင့်တင်းသွားသည်။
သို့သော် မကြာခင် သူမက ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။
“အဲဒီဒုံမင်းမိစ္ဆာအကြောင်း ကျွန်မနဲနဲပါးပါးသိထားတယ်... သူကအစတုန်းကတော့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကပဲ”
“အပျက်အစီးနယ်မြေတစ်ခုမှာ သူက ကျွန်မသဘောကျနေတဲ့ရှေးဟောင်းဒုံမင်းတစ်လက်ကို ခိုးယူပြီး အဲဒီကတည်းက ပြန်မလာတော့ဘဲ မိစ္ဆာမဟာနယ်မြေကို ထွက်ပြေးသွားတာပဲ”
ချင်စဲက မျက်လုံးအနည်းငယ်ပင့်ပြီး မေးလိုက်သည်။
“ဘယ်ဒုံမင်းမိစ္ဆာလဲ ငါသူ့ကို ဘာလို့အရင်က မကြားဖူးတာလဲ”
“သူက ဘာမဟုတ်တဲ့လူတစ်ယောက်ပါ”
ဓားအင်မော်တယ်ယွဲ့ဟွားက ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။
“သူက ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲလို့ ကျုပ်ကြားထားတယ်... သူ့ကိုဖော်ပြဖို့တောင်မထိုက်တန်ဘူး... တာအိုရောင်းရင်းမုန့်ယောင်က သူနဲ့ဆိုရင် လုံးဝမတူညီတဲ့အဆင့်တစ်ခုမှာရှိနေတာပဲ”
ချင်စဲက လှောင်ရယ်လိုက်သည်။
“ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ဒုံမင်းမိစ္ဆာလို့ခေါ်ဖို့ ထိုက်တန်လို့လား”
“ကြည့်ရတာတော့ မိစ္ဆာမဟာနယ်မြေက ပါရမီရှင်တွေ တကယ်လစ်လပ်နေတဲ့ပုံပဲ”
ရုတ်တရက် လင်းလေကပြောလိုက်သည်။
“ဒုံမင်းမိစ္ဆာရဲ့ကျင့်ကြံမှုက အားမနဲဘူးလို့ကျုပ်ကြားထားတယ်... သူ့ရဲ့တာအိုလက်တွဲဖော်နဲ့အတူ သူက ထျန်ဟွမ်ဂိုဏ်းရဲ့ စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးတွေထဲကတစ်ယောက်ပဲ”
ထျန်ဟွမ်ဂိုဏ်း...။
ထိုနာမည်ကိုကြားရချိန်မှာ ကျင့်ကြံသူများစွာက ရင်တစ်ချက်ထိတ်သွားကြသည်။
ဧကရာဇ်ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးအပြင် မကြာသေးခင်နှစ်များအတွင်း မိစ္ဆာမဟာနယ်မြေမှာ အကျော်ကြားဆုံးတည်ရှိမှုက ထျန်ဟွမ်ဂိုဏ်းဖြစ်လေသည်။
ထျန်ဟွမ်ဂိုဏ်းသည် သန်မာသောကြောင့်မဟုတ်ဘဲ ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က တကယ့်ကို ကြောက်စရာကောင်းလွန်းသောကြောင့်ဖြစ်သည်။
အန္တိမပကတိမိစ္ဆာ အထီးကျန်သိုင်းသခင်...။
ကျိုးဝူချန်က သူ၏ နှုတ်ခမ်းကို အနည်းငယ်မဲ့ကာ ပြောလိုက်သည်။
“စိတ်ခံစားခုနှစ်မျိုးမိစ္ဆာတပ်မှူးဆိုတဲ့သူတွေကို ဘာမှကြောက်စရာမရှိဘူး... မိစ္ဆာဘုရင်တစ်ဦးဖြစ်တဲ့ ဖုန့်စန်းထျန်ကလွဲရင် ကျန်တဲ့သူတွေက ကောင်းကင်အင်မော်တယ်တွေပဲ”
“တစ်ဘက်မှာတော့ ထျန်ဟွမ်ဂိုဏ်းရဲ့ဂိုဏ်းချုပ် ပကတိမိစ္ဆာအထီးကျန်သိုင်းသခင်က အတော်လေးအစွမ်းအစရှိတယ်လို့ ကျုပ်ကြားထားတယ်... သူက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ ထင်တိုင်းကျဲပြီး အင်မော်တယ်မြို့တော်ငါးမြို့က မြို့တော်အရှင်တွေနဲ့ ပကတိအင်မော်တယ်ထောင်ချီကို သတ်ဖြတ်ခဲ့တယ်လို့ပြောတယ်”
နတ်မိမယ်ကျားလန်က ရုတ်တရက်မေးလိုက်သည်။
“အဲဒီလူက ကောင်းကင်ဘုံကပ်ဘေးဖြတ်ကျော်တဲ့အချိန်မှာ ဒသမမြောက်ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ပြောကြတယ်... အဲဒါတကယ်ပဲလား”
“ဟားဟား”
ချင်စဲက ရယ်မောကာ ပြောလိုက်သည်။
“သူ့ရဲ့နာမည်ဂုဏ်သတင်းကိုမြှင့်တင်ဖို့အတွက် မိစ္ဆာမဟာနယ်မြေက သူခိုးဂျပိုးတစ်အုပ်စုက အဲဒီကောလာဟလတွေကို ဖန်တီးထားတာပဲ... ဘယ်သူက အဲဒါကိုယုံမှာလဲ”
“သမိုင်းထဲက မဟာဧကရာဇ်တွေတောင်မှ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကိုပဲ ဆွဲဆောင်နိုင်တယ်... အထီးကျန်သိုင်းသခင်က ဒသမမြောက်ကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်ဖို့ ဘယ်လိုလုပ်အဆင့်မီမှာလဲ”
“ဒါပေါ့”
ဓားအင်မော်တယ်ယွဲ့ဟွားကလည်း ခေါင်းညိတ်ပြီး မလှမ်းမကမ်းမှာရှိသော မိုချင်ကိုကြည့်ကာ ပြောလိုက်သည်။
“ဂျူနီယာညီမ... ကြည့်လေ ဒီကိစ္စက အရမ်းကိုရယ်စရာကောင်းပြီး အစစ်အမှန်မဟုတ်ပါဘူးလို့ ငါနင့်ကိုပြောခဲ့သားပဲ”
“အဲဒါက အမှန်လို့ ကျွန်မတော့ယုံတယ်”
မိုချင်က သူနှင့် ငြင်းဆန်မနေဘဲ မှင်သေသေဖြင့်သာ ပြန်ပြောလိုက်သည်။
လင်းလေက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဒသမမြောက်ကောင်းကင်ဘုံကပ်ဘေးက အစစ်လားအတုလားဆိုတာအသာထား အထီးကျန်သိုင်းသခင်ရဲ့နည်းလမ်းတွေက တကယ့်ကိုကြောက်စရာကောင်းတာတော့အမှန်ပဲ... အရင်တုန်းက အင်မော်တယ်မြို့တော်ငါးမြို့ရဲ့ မြို့တော်အရှင်ငါးဦးက သူ့ဆီကထိုးချက်တစ်ချက်ကိုတောင်မခံနိုင်တာ ကျုပ်မျက်လုံးနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်”
ထိုစကားကိုကြားသောအခါ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပြိုင်စံရှားများ၏ အမူအရာများက သုန်မှုန်တည်တံ့သွားကြသည်။
အင်မော်တယ်မြို့တော်များ၏ မြို့တော်အရှင်များသည် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ယှဥ်ပြိုင်တိုက်ခိုက်ဖို့ အဆင့်မီသူများဖြစ်ကြလေသည်။
မြို့တော်အရှင်ငါးဦးက အထီးကျန်သိုင်းသခင်ဆီမှ ထိုးချက်တစ်ချက်ကိုမခံနိုင်ဟု လင်းလေက ပြောသောအခါ သူတို့သည်လည်းပဲ ထိုထိုးချက်ကို ခံနိုင်ရည်မရှိဟု သူက သွယ်ဝိုက်ပြောဆိုနေခြင်းမဟုတ်ပါလား။
“ဟမ့်...”
ချင်စဲက အေးစက်စွာနှစ်တစ်ချက်မှုတ်ပြီး လှောင်ပြောင်လိုက်သည်။
“ဘာပဲပြောပြော မင်းတို့တွေက အောက်ဘုံလောကက လာကြတာပဲ... သတ္တိကြောင်တဲ့လူတစ်ယောက်က အခြားသူတွေရဲ့အလွယ်တကူခြိမ်းခြောက်တာခံရလိမ့်မယ်”
“မင်းဘာစကားပြောလိုက်တာလဲ”
လင်းလေက ဒေါသချောင်းချောင်းထွက်နေသောအကြည့်ဖြင့် ကျယ်လောင်စွာမေးခွန်းထုတ်လိုက်သည်။
ရှစ်ဝူနန်က ညင်သာစွာပြုံးပြလိုက်သည်။
“အထီးကျန်သိုင်းသခင်က အန္တိမပကတိမိစ္ဆာပဲ... ဒါပေမဲ့ ကျုပ်တို့မဟာနယ်မြေနှစ်ခုမှာလည်း ကျုပ်တို့ရဲ့ အန္တိမပကတိအင်မော်တယ်နဲ့ အန္တိမသူတော်စင်တွေရှိနေတာပဲ... ဒကာလင်းလေ ခင်ဗျားက ကျုပ်တို့ရှေ့မှာ သူ့ရဲ့နာမည်ဂုဏ်သတင်းကို ဘာလို့မြှင့်တင်ပေးနေရတာလဲ”
မိစ္ဆာလိုဏ်ဂူထဲမှတိုက်ပွဲမှာ သတင်းအချက်အလက်များအားလုံးသည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးကို ရည်ညွှန်းဖော်ပြခဲ့ကြသည်။ ထိုစဥ်တုန်းက အထီးကျန်သိုင်းသခင်၏ တည်ရှိမှုကို အာရုံစိုက်မိသည့်သူ မရှိသလောက်နီးပါးပင်။
ထိုအချိန်တုန်းက အထီးကျန်သိုင်းသခင်က ထိုနေရာမှာရှိနေခဲ့ပြီး မိစ္ဆာလိုဏ်ဂူထဲမှာ သူက အင်မော်တယ်ဘုရင်တချို့ကိုပင် သတ်ဖြတ်ခဲ့သည်ကို ကျင့်ကြံသူများက မသိရှိကြပေ။
“ကျွင်းယုက မိစ္ဆာမဟာနယ်မြေရှိရာဘက်သို့ တစ်ချက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အထီးကျန်သိုင်းသခင်က စွမ်းအားကြီးမားပြီးတော့ ကြောက်စရာကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ပဲ... အခွင့်အရေးရှိမယ်ဆိုရင် ဘယ်သူပိုသန်မာလဲသိရအောင် ငါသူနဲ့တိုက်ခိုက်ချင်သေးတယ်”
ကျွင်းယုသည် ပင်ကိုသဘာဝအရ တိုက်ခိုက်ရသည်ကို သဘောကျပြီး ယခုတင် အန္တိမပကတိအင်မော်တယ်ဘွဲ့ကို ရရှိထားခါစဖြစ်သည်။
သူမ၏ ပြိုင်ဘက် ဖြစ်လာဖို့ အဆင့်မီသောကျင့်ကြံသူ များစွာမရှိပေ။ အန္တိမပကတိမိစ္ဆာအနေဖြင့် အထီးကျန်သိုင်းသခင်က သူတို့ထဲမှတစ်ယောက်ဖြစ်သည်။
ချင်စဲက လှောင်ရယ်ပြီး မတ်တတ်ထရပ်ကာ မိစ္ဆာမဟာနယ်မြေရှိရာဘက်သို့ လက်ညှိုးထိုးရင်း အော်ပြောလိုက်သည်။
“အထီးကျန်သိုင်းသခင်က မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေကို ခြေချရဲမယ်ဆိုရင် မင်းတို့တွေ ဝင်ပါစရာမလိုဘဲ ငါတစ်ယောက်တည်း သူ့ကိုသစ်ပစ်မယ်”
“အန္တိမပကတိမိစ္ဆာတဲ့လား... ဒသမမြောက်ကပ်ဘေးတဲ့လား... ငါ့ရှေ့မှာဆိုရင် သူကထိုးချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိမယ့်သူပဲ”
“အဲလိုလား”
ထိုစဥ်မှာပင် မိစ္ဆာမဟာနယ်မြေရှိရာ အနက်ပိုင်းထဲမှ အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။