အဆင့်သတ်မှတ်ချက်ကို ဆုတ်ဖြဲခြင်း
Vol. 174 Ch. 2608
မုန့်ယောင်၏ ဒုံမင်းသံကြောင့် လူအုပ်ကြီး၏ စိတ်ခံစားချက်များက တဖြည်းဖြည်း လှုပ်ခတ်လာစဉ် သာယာကြည်နူးဖွယ်ကောင်းသော ဒုံမင်းသံက ထွက်ပေါ်လာခဲ့သည်။
ဒုံမင်းအင်မော်တယ်နှင့် ဒုံမင်းမိစ္ဆာက နောက်ဆုံးမှာ ယှဉ်ပြိုင်တိုက်ခိုက်လိုက်ကြပြီဖြစ်သည်။
ချိုးစစ်လော၏ ဒုံမင်းသံက မုန့်ယောင်နှင့် လုံးဝကို ကွဲပြားခြားနားနေသည်။
မုန့်ယောင်၏ ဒုံမင်းသံက ရန်လိုခက်ထန်ပြီး ကြမ်းကြုတ်မှု ရှိနေသည်။
ချိုးစစ်လော၏ ဒုံမင်းသံမှာ မည်သည့်ထက်ရှမှုမှ မရှိပေ။ ထိုအစား အောက်မေ့တမ်းတမှုနှင့် ဆွတ်ပျံ့လွမ်းမောမှု အငွေ့အသက်တစ်ခု ရှိနေသည်။
ထိုအရာသည် ဆောင်းဥတုမှာ နွေးထွေးသော နေရောင်ခြည်ကဲ့သို့ လူတိုင်း၏ နှလုံးသားအပေါ် ဖြန်းပက်ကျဆင်းလာခဲ့သည်။
ဒုံမင်းနည်းစနစ်မှာ မုန့်ယောင်သည် ချိုးစစ်လောထက် တကယ်ပင် သာလွန်လေသည်။
သို့သော်လည်း မုန့်ယောင်သည် သူမ၏ ဒုံမင်းနည်းစနစ်များ၏ တိကျမှုအပေါ် အလေးပေးလွန်းပြီး သူမ၏ ဒုံမင်းသံမှာ ခံစားချက်သက်ဝင်မှု လျော့ကျနေသည်။
မုန့်ယောင်၏ ဒုံမင်းသံက လက်တွေ့ဆန်လွန်းနေသည်။
သူမသည် ကျော်ကြားမှု၊ အဆင့်အတန်းနှင့် ပေါင်းသင်းဆက်ဆံရေးတို့အတွက် ဒုံမင်းကို လေ့ကျင့်ခဲ့သည်။
သို့သော်လည်း ချိုးစစ်လောက ဒုံမင်းကို လေ့ကျင့်ခဲ့သည်မှာ သူမက အဲဒါကို နှစ်သက်သဘောကျသောကြောင့်သာဖြစ်သည်။
သူမ၏ ဒုံမင်းက သူမ၏ တာအိုကို ပိုင်ဆိုင်ထားပြီး ၎င်း၏ အသံက စိတ်ကို ကိုင်လှုပ်နိုင်လေသည်။
မုန့်ယောင်၏ သီချင်းသံက အေးစက်နေသော တေးသွားတစ်ခုဖြစ်သည်။
သို့သော်လည်း ချိုးစစ်လော၏ သီချင်းမှာ သူမ၏ စိတ်ခံစားချက်များ ပါဝင်နေသည်။
နောက်ဆုံးမှာတော့ လူတိုင်း၏ နှလုံးသားကို အမှန်တကယ် ကိုင်လှုပ်နိုင်သည့်အရာက ခပ်ဖျော့ဖျော့ဒုံမင်းသံကြားမှ နက်ရှိုင်းသော စိတ်ခံစားချက်များသာ ဖြစ်လေသည်။
တည်ဆောက်သူသစ်ပင်အောက်တွင်…
အင်မော်တယ်များနှင့်ကိုယ်တော်များသည် ချိုးစစ်လော၏ ဒုံမင်းတေးဂီတသံမှာ နစ်မျောသွားကြသည်။
ခဏကြာသည်အထိ သူတို့သည် ရောက်ရှိနေသည့်နေရာကို မေ့လျော့သွားပြီး မတူညီသော အမူအရာများနှင့်အတူ အတိတ်ကာလအကြောင်း ပြန်ပြောင်းစဉ်းစားတွေးတောမိလာကြသည်။
မိုချင်၏ စိတ်ထဲမှာ အတွေးများက တဖျပ်ဖျပ်ပေါ်ထွက်လာသည်။
အဝီစိမှာတုန်းက သူမသည် ကြီးမားသော စိတ်ထိခိုက်ဖွယ်ရာနှင့် တွေ့ကြုံခံစားခဲ့ရပြီး သူမက အနိုင်ကျင့်ခံ၊ အရှက်ခွဲခံခဲ့ရသည်။ သို့သော်လည်း ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်အမျိုးသားတစ်ယောက်က ရုတ်တရက်ပေါ်ထွက်လာပြီး သူမအတွက် တစ်စုံတစ်ရာကို ပြောဆိုခဲ့သည်။
“ဒီလောကမှာ မင်းကို စွပ်စွဲတဲ့သူ၊ အနိုင်ကျင့်တဲ့သူ၊ အရှက်ခွဲတဲ့သူ၊ လှောင်ရယ်တဲ့သူ၊ အထင်သေးတဲ့သူ၊ သိက္ခာချတဲ့သူ ဒါမှမဟုတ် မင်းကို မုန်းတီးတဲ့သူတွေ ရှိနေမယ်ဆိုရင် မင်းက အဲဒါကို သည်းခံနေစရာမလိုသလို ရှင်းပြနေစရာလည်း မလိုဘူး… သူတို့ကို သတ်ဖြတ်လိုက်ရုံပဲ”
ထိုမြင်ကွင်းကို ပြန်လည်မြင်ယောင်မိချိန်မှာ မိုချင်၏ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ယွင်ကျူးသည် အဝီစိမှာတုန်းက ကြော့ရှင်းသန့်ပြန့်သော စာပေသမားက သူမကို ထမ်းပိုးပြီး ထွက်ပြေးခဲ့သည်ကို ပြန်လည်အမှတ်ရလာသည်။
ထိုစဉ်တုန်းက သူတို့နှစ်ယောက်ကြားမှာ အဝတ်ပါးပါးအလွှာတချို့သာ ရှိပြီး ပြေးရင်းလွှားရင်း သူတို့သည် မလွဲမသွေ အသားချင်း ပွတ်တိုက်မိခဲ့ကြသည်။
ယွင်ကျူးက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး ရှက်သွေးဖြာသွားသည်။
ရှစ်ဝူနန်မှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိလာသည်။
ဓားအင်မော်တယ်ယွဲ့ဟွားသည် တစ်စုံတစ်ရာကို အောက်မေ့သတိရလာပုံရပြီး သူ၏ အမူအရာက တည်တံ့လာကာ သူ၏ လက်နှစ်ဖက်က အနည်းငယ်တုန်ယင်နေသည်။
ပကတိအင်မော်တယ်များနှင့်သူတော်စင်များသည် ချိုးစစ်လော၏ ဒုံမင်းသံမှာ ကိုင်လှုပ်ခံလိုက်ရပြီး အောက်မေ့သတိရခြင်းမှာ ကျဆင်းကာ သူတို့ဘဝတွင် အမှတ်အရဆုံးမြင်ကွင်းများကို ပြန်လည်မြင်ယောင်မိလာသည်။
သူတို့ထဲမှအချို့သည် မျက်ရည်များ စီးကျလာပြီး တချို့က ကျေနပ်သဘောကျနေသည်။
သူတို့ထဲမှတချို့က လွမ်းဆွေးနေပြီး တချို့က အူမြူးအားရနေသည်။
သူတို့ထဲမှတချို့က စိတ်ပျက်အားငယ်နေပြီး တချို့က စိတ်အားမာန်တက်ကြွနေသည်။
အဲဒီမှာ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ပူဆွေးခြင်း၊ မကျေမချမ်းဖြစ်ခြင်း၊ အမျက်ဒေါသနှင့် ခံပြင်းခြင်းတို့ ပါဝင်နေသည်။
စိတ်ခံစားချက် ခုနစ်မျိုးနှင့် ကာမဂုဏ်အာရုံ ခြောက်ပါးစလုံးက ထိုသံစဉ်မှာ ပါရှိနေသည်။
မုန့်ယောင်၏ ဒုံမင်းသံက ထွက်ပေါ်နေဆဲဖြစ်သော်လည်း လူတိုင်းက ထိုအသံကို ဆက်လက်၍ မကြားရနိုင်တော့ပေ။
မုန့်ယောင်ပင်လျှင် အောက်မေ့တမ်းတ သတိရမှုတချို့မှာ ကျဆင်းသွားရသည်။ သူမ၏ မျက်လုံးများက နီရဲလာပြီး သူမမှာ ပူဆွေးဝမ်းနည်းသော အမူအရာတစ်ခု ထွက်ပေါ်လာကာ သူမ၏ မျက်ဝန်းထောင့်ကနေ ကြီးမားသော မျက်ရည်တစ်စက် ကျဆင်းလာသည်။
ဖောက်…
မျက်ရည်က ရှေးဟောင်းဒုံမင်းပေါ်သို့ ကျဆင်းသွားသော အသံထွက်ပေါ်လာသည်။
ထိုအသံက အားနည်းသည်ဟု ထင်ရသော်လည်း အဲဒါက မုန့်ယောင်ကို တုန်လှုပ်သွားစေသည်။
သူမ၏ လက်ချောင်းများက ခွန်အားကို မထိန်းချုပ်နိုင်တော့ဘဲ ဖန်းခနဲမြည်သံနှင့်အတူ ဒုံမင်းကြိုးက ပြတ်တောက်သွားသည်။
သူမ၏ လက်ချောင်းများက ပြတ်ရှခံလိုက်ရပြီး သွေးများက စိမ့်ထွက်လာခဲ့သည်။
ထိုအသံက အင်မော်တယ်များနှင့်ကိုယ်တော်များကို တစ်ယောက်ပြီးတစ်ယောက် နိုးထလာစေခဲ့သည်။
ထိုအခါမှသာ ဖြစ်ပျက်နေသည့်အရာကို လူတိုင်းက နားလည်သဘောပေါက်သွားသည်။
စောစောက သူတို့အငိုက်မိသွားစဉ် သူတို့သည် ချိုးစစ်လော၏ ဒုံမင်းသံမှာ လုံးလုံးလျားလျား နစ်မျောသွားပြီး တေးဂီတသံ၏ စိတ်ခံစားချက်များဖြင့် သက်ရောက်ခြင်းခံလိုက်ရသည်။
သူမ၏ ပြိုင်ဘက် မုန့်ယောင်ပင်လျှင် ချမ်းသာရာမရခဲ့ပေ။ ဤဒုံမင်းယှဉ်ပြိုင်မှုမှာ အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
ငါ... ငါရှုံးသွားတာလား…။
မုန့်ယောင်က သူမရှေ့မှ အမှန်တရားကို လက်မခံနိုင်သေးဘဲ မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
ယနေ့အရှုံးက သူမအပေါ် အလွန်တရာကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့သည်။
ယခုအချိန်မှစ၍ သူမသည် ဒုံမင်းအင်မော်တယ်ဘွဲ့နှင့် ထိုက်တန်မှုမရှိတော့ဟု အဓိပ္ပာယ်ရသွားသည်။
တစ်ခါတုန်းက သူမ ရရှိခဲ့ဖူးသည့် ဂုဏ်ကျက်သရေများအားလုံးက ပါးလွှာသော လေထဲသို့ ပျောက်ကွယ်သွားပေလိမ့်မည်။
ထိပ်သီးပကတိအင်မော်တယ်တစ်ဦးအနေဖြင့် သူမသည် အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ဦးကို ရှုံးနိမ့်ခဲ့ရသည်။ ဤအဖြစ်အပျက်က ရက်အနည်းငယ်အတွင်း ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာ ပျံ့နှံ့သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူမသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေ၏ ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာ ပြုလုပ်သည့်အရာသည် မုန့်ယောင်ကို ချိုးစစ်လောထံမှာ အထူးတလည် ရှုံးနိမ့်စေဖို့ဖြစ်သည်။ ဤသည်က မုန့်ယောင်၏ တာအိုနှလုံးသားအပေါ် ဖွတ်ဖွတ်ညက်ညက်ကြေစေသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လေသည်။
ဤလုပ်ရပ်သည် သူမကို တိုက်ရိုက်ဖိနှိမ်ခြင်းထက် ပို၍ပင် စွမ်းအားကြီးမားလေသည်။
မုန့်ယောင်သည် ကြိုးပြတ်သွားသော ဒုံမင်းကို သူမ၏ ဘေးမှာ သာမန်ကာလျှံကာချပြီး သူမ၏ အကြည့်က ငေးငိုင်ပျောက်ဆုံးနေကာ နေရာမှာတင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံဝံပုလွေပေါ်ကနေ ဆင်းပြီး သူ့ပုခုံးကိုပုတ်ကာ ချိုးစစ်လောကို မိစ္ဆာမဟာနယ်မြေဘက်သို့ အရင်ဆုံးခေါ်သွားဖို့ အချက်ပြလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက ဤနေရာမှာ ကြီးကြီးမားမား ပြုမူလှုပ်ရှားတော့မည်ကို ကောင်းကင်ဘုံဝံပုလွေက အာရုံခံမိသွားပြီး သူပါ ရောပါငြိစွန်းခံရမည်ကို စိုးရိမ်သွားသည်။ သူက ချိုးစစ်လောရှိရာထံသို့ အလောတကြီး လျှောက်လှမ်းသွားလေသည်။
ကျွင်းယုသည် သူမ၏ မျက်လုံးထဲမှာ စုဖွဲ့လာသည့် သန်မာသော တိုက်ပွဲဝင်စိတ်ဝိညာဉ်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်သည်။ သူမသည် သူမ၏ကျောပေါ်မှ ကြယ်တာရာစစ်တုရင်ခုံကို ဖြုတ်ယူပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်... ကျွန်မက ရှင့်ရဲ့ သတ္တိကို လေးစားပါတယ်… ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နဲ့ သူတော်စင်အဆင့်သတ်မှတ်ချက်က ပြိုင်စံရှားတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ရှင်က အင်မော်တယ်မိစ္ဆာအသူတရာချောက်နက်ကိုတောင် ဖြတ်ကျော်လာရဲတယ်”
“အခု ကျွန်မရှင့်ကို အခွင့်အရေးတစ်ခုပေးမယ်… ကျွန်မတို့တွေ မျှမျှတတ တိုက်ခိုက်ကြတာပေါ့”
“မဟာနယ်မြေနှစ်ခုက ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နဲ့ သူတော်စင်အဆင့်သတ်မှတ်ချက်တဲ့လား”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကိုမော့ပြီး တည်ဆောက်သူသစ်ပင်ထက်မှာ ချိတ်ဆွဲထားသည့် တဖျတ်ဖျတ်တလက်လက် အဆင့်သတ်မှတ်ချက်နှစ်ခုကိုကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်သည်။
“ငါ့မျက်လုံးထဲမှာတော့ မင်းတို့ရဲ့ အဆင့်သတ်မှတ်ချက်နှစ်ခုက ဟာသတစ်ခုထက် မပိုဘူး”
သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ထူးခြားသော လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိဘဲ သူ့လက်ကိုသာ အနည်းငယ် မြှောက်လိုက်သည်။
ရွှစ်…
စူးရှသော အသံတစ်ခုနှင့်အတူ တွဲဖက်၍ တည်ဆောက်သူသစ်ပင်ထက်မှာ ချိတ်ဆွဲထားသော ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်က စွမ်းအားကြီးမားသော ပြင်ပအားတစ်စုံတစ်ရာဖြင့် နှစ်ပိုင်းဆုတ်ဖြဲခံလိုက်ရသည်။
နှစ်ပိုင်းဆုတ်ဖြဲခံလိုက်ရသော အဆင့်သတ်မှတ်ချက်များသည် ဖြည်းဖြည်းချင်း လွင့်မျောကျဆင်းလာပြီး သူတို့အပေါ်မှာ ရေးထိုးထားသည့် ပကတိအင်မော်တယ်များ၏ နာမည်များကနေ ဖြာထွက်နေသော အလင်းရောင်က တဖြည်းဖြည်းမှိန်ဖျော့သွားသည်။
“ဘာ... ဘာလဲဟ”
ကျင့်ကြံသူများက ဒေါသချောင်းချောင်းထွက်သွားကြသည်။
ထိုအပြုအမူသည် လှောင်ပြောင်ရန်စခြင်းနှင့် ဆက်လက်၍ မတူတော့ပေ။ အဲဒါက သူတို့၏ မျက်နှာများကို ခပ်ထန်ထန် ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။
သူတို့၏ ရှေ့မှောက်မှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်က ဆုတ်ဖြဲခံလိုက်ရသည်။
အထီးကျန်သိုင်းသခင်အတွက်တော့ ထိုအဆင့်သတ်မှတ်ချက်နှစ်ခုက ရယ်စရာဟာသတဲ့လား။
သူ၏ စကားသည် မဟာနယ်မြေနှစ်ခုမှ ပြိုင်စံရှားများကို လုံးဝ အလေးအနက်မထားကြောင်း သိသာထင်ရှားစွာ ပြသနေသည်။
“ဘယ်လောက်တောင် မောက်မာလိုက်လဲ… မိစ္ဆာ...”
“အတင့်ရဲလိုက်တာ”
“အထီးကျန်သိုင်းသခင်… ကျောက်စိမ်းမိုးကောင်းကင်ဘုံအင်မော်တယ်မဟာနယ်မြေက ပကတိအင်မော်တယ်ထောင်ချီရဲ့ သွေးကြွေးရန်စကို သွေးနဲ့ပြန်ပေးဆပ်ရမယ်”
အင်မော်တယ်များနှင့်ကိုယ်တော်များ၏ သွေးများက ဆူပွက်လာခဲ့သည်။ သူတို့သည် အထီးကျန်သိုင်းသခင်၏ ကျော်ကြားလှသော နာမည်ဂုဏ်သတင်းကို စိုးရိမ်ထိတ်လန့်နေသည်ဆိုလျှင်တောင် သူတို့သည် ထိုအခိုက်အတန့်မှာ ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာကြသည်။
ဤတစ်ခေါက်မှာ ဓားအင်မော်တယ်ယွဲ့ဟွား အလွန်တရာပါးနပ်ပြီး တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။
သူသည် တစ်စုံတစ်ရာကို ခပ်ရေးရေးအာရုံခံမိနေသည်။
အစကနေ ယခုအချိန်အထိ မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် သူ့ကို လှည့်ပင်မကြည့်ခဲ့ပေ။
သို့သော်လည်း ကပ်ဘေးတစ်ခုက အချိန်မရွေး ဆင်းသက်ရောက်ရှိလာတော့မည့်အလား သူက ကြက်သီးမွေးညင်းများ ထနေသည်။
သူ၏ ဂုဏ်သိက္ခာကို ထောက်ထားနေခြင်းကြောင့် မဟုတ်လျှင် သူသည် ဤနေရာကနေ ချက်ချင်းထွက်ပြေးမိပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် ဓားအင်မော်တယ်ယွဲ့ဟွားကို ပစ်မှတ်ထားဖို့အတွက် အကြောင်းပြချက်တစ်ခုကို ရှာမရသေးဘဲ သူက အလောတကြီး ရှိမနေပေ။ သူသည် ယနေ့ ဤနေရာကို မုန့်ယောင်နှင့် ဓားအင်မော်တယ်ယွဲ့ဟွားအတွက်သာ ရောက်ရှိလာခြင်း မဟုတ်ပေ။
“အထီးကျန်သိုင်းသခင်...”
ထိုစဉ်မှာပင် ရှစ်ဝူနန်က ဖြည်းဖြည်းချင်း မေးလိုက်သည်။
“ကျုပ်သိရသလောက်ဆိုရင် ငရဲဖိနှိမ်မီးဖိုက ခင်ဗျားရဲ့ လက်ထဲမှာ ရှိနေတယ်”
“အဲ့တော့ ဘာဖြစ်လဲ”
အထီးကျန်သိုင်းသခင်က ရှစ်ဝူနန်ကို ကြည့်ပင်မကြည့်ဘဲ မေးလိုက်သည်။
ရှစ်ဝူနန်က သူ၏ သိုလှောင်အိတ်ထဲကနေ ဇင်တောင်ဝှေးတစ်ချောင်းကို ထုတ်ယူပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ငရဲဖိနှိမ်မီးဖိုက ဗုဒ္ဓကျောင်းတော်တွေရဲ့ အထွတ်အမြတ်ပစ္စည်းပဲ… အဲဒါက အပြင်လူတွေဆီကို ရောက်လို့မရဘူး… ခင်ဗျားက အဲဒါကို ထုတ်ပေးဖို့ ငြင်းဆန်မယ်ဆိုရင် ဗုဒ္ဓကျောင်းတော်က ကိုယ်တော်တွေက ခင်ဗျားကို ဖိနှိမ်ဖို့ အတူပူးပေါင်းရမယ့်အတွက် အပြစ်မတင်နဲ့”
“အဲဒါ အမှန်ပဲ”
ယွင်မူပိုင်ကလည်း အော်ပြောလိုက်သည်။
“မိစ္ဆာမဟာနယ်မြေက မိစ္ဆာတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်နေစရာမလိုဘူး… အားလုံးပဲ မှန်ကန်ဖြောင့်မတ်မှုအတွက် ဒီမိစ္ဆာကို အတူပူးပေါင်းတိုက်ခိုက်ပြီး သတ်ဖြတ်ကြရအောင်”
သိုင်းတာအိုပင်မခန္ဓာက အမူအရာကင်းမဲ့နေ၏။
တစ်ဖက်မှာရှိသော အင်မော်တယ်များနှင့်ကိုယ်တော်များသည် သူ့ကို အုပ်စုဖွဲ့တိုက်ခိုက်ချင်ရုံမျှသာဖြစ်သည်။ ဒါတောင် သူတို့က ထိုသို့ပြုလုပ်ဖို့အတွက် တည်ကြည်ခံ့ညားပုံရသော အကြောင်းပြချက်များကို ဆွဲထုတ်နေကြသည်။
အဲဒါက သူ့အတွက် အံကိုက်ပင်ဖြစ်သည်။ သူသည် ရုန်းရင်းဆန်ခတ်အခြေအနေမှာ အကြောင်းပြချက်တစ်ခု ရှာစရာမလိုဘဲ ဓားအင်မော်တယ်ယွဲ့ဟွားကို သတ်ဖြတ်နိုင်မည်ဖြစ်လေသည်။