ဗုဒ္ဓနဂါးဆင်
Vol. 174 Ch. 2609
ရှစ်ဝူနန်၏ လှုံ့ဆော်မှုအောက်မှာ တည်ဆောက်သူသစ်ပင်အောက်ရှိ အင်မော်တယ်များနှင့်ကိုယ်တော်များက သိုင်းတာအိုပင်မခန္ဓာကို ရန်လိုခက်ထန်စွာ စိုက်ကြည့်ပြီး အချိန်မရွေးတိုက်ခိုက်ဖို့ ပြင်လိုက်ကြသည်။
အန္တိမပကတိအင်မော်တယ်နှင့် အန္တိမသူတော်စင်က ရှေ့ကနေ ဦးဆောင်ထားခြင်းနှင့်အတူ သူတို့က ဘာကိုကြောက်နေရဦးမှာလဲ။
ဒါ့အပြင် သူတို့၏ နောက်ဘက်မှာ အင်မော်တယ်ဘုရင်ပညာရှင်တစ်အုပ်စုက အခြေအနေတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည်။
တစ်စုံတစ်ရာ ဖြစ်ပျက်လာမည်ဆိုလျှင် အင်မော်တယ်ဘုရင်များနှင့် ကောင်းကင်ဘုရင်များသည် သေချာပေါက် ထိုင်ကြည့်နေလိမ့်မည် မဟုတ်ပေ။
“မိစ္ဆာ… အညံ့ခံလိုက်တော့”
ရှစ်ဝူနန်က အော်ငေါက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက သူ့လက်ထဲရှိ ဇင်တောင်ဝှေးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
သူထုတ်ဖော်လိုက်သည့် ဗုဒ္ဓကျောင်းတော်များ၏ အသံပိုင်းလျှို့ဝှက်အတတ်နှင့်အတူ ပေါင်းစပ်ပြီး အသံက ပဲ့တင်ထပ်ကာ တုန်လှုပ်စရာကောင်းသော စွမ်းအားကြီးမားသည့် အသံပိုင်းလျှို့ဝှက်တိုက်ခိုက်မှုတစ်ရပ်ကို ဖြစ်ပေါ်လာစေသည်။
ဤသည်က ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်းအသံပိုင်းဓမ္မအစီအရင် တင်းမာခက်ထန် သတိပေးသံ ဖြစ်လေသည်။
လူတစ်ယောက်၏ ကျင့်ကြံမှုက လုံလောက်အောင် မမြင့်မားဘဲ ကြိုတင်ပြင်ဆင်ထားမှု မရှိလေလျှင် တင်းမာခက်ထန် သတိပေးသံဖြင့် ထိခတ်ခံရသည့်အခါ သူတို့၏ တာအိုနှလုံးသားများက လဲပြိုကျသွားပေလိမ့်မည်။
ဗုဒ္ဓဝါဒအပေါ် လူတစ်ယောက်၏ နားလည်ဆင်ခြင်မှုက ပိုမိုနက်ရှိုင်းလေလေ… ဤအသံပိုင်းလျှို့ဝှက်အတတ်က ပိုမိုသန်မာလေလေ ဖြစ်ပေလိမ့်မည်။
ယခင် သူတော်စင်အဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲမှာ ရှစ်ဝူနန်သည် ဤအသံပိုင်းလျှို့ဝှက်အတတ်နှင့်ပင် ထိပ်သီးပကတိအင်မော်တယ်များအားလုံးကို ဖိနှိမ်ခဲ့သည်။
ရှစ်ဝူနန်သည် ဤတင်းမာခက်ထန် သတိပေးသံမျှနှင့် အထီးကျန်သိုင်းသခင်ကို ဖိနှိမ်နိုင်ဖို့ ရည်ရွယ်မထားပေ။
သို့သော်လည်း အထီးကျန်သိုင်းသခင်က ဟာကွက်တစ်ခုခုကို ထုတ်ဖော်မိသည်နှင့်အမျှ လုံလောက်လေသည်။
သူသည် အခွင့်အလမ်းကို ချိန်ဆပြီး သူ၏ အသန်မာဆုံးနည်းလမ်းများကို ထုတ်ဖော်ကာ အထီးကျန်သိုင်းသခင်ကို တိုက်ခိုက်ရပေလိမ့်မည်။
ထိုအချိန်မှာ အခြားသောကျင့်ကြံသူများကလည်း အုပ်စုဖွဲ့တိုက်ခိုက်လာကြပေလိမ့်မည်။ သူတို့ထံမှ နတ်ဘုရားစွမ်းအား၊ လျှို့ဝှက်အတတ်နှင့် စိတ်ဝိညာဉ်ရတနာတစ်ခုစီနှင့်ပင်လျှင် အထီးကျန်သိုင်းသခင်က ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ… သူတို့အားလုံးကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူက တင်းမာခက်ထန်သတိပေးသံကို ထုတ်ဖော်ပြီးနောက် အထီးကျန်သိုင်းသခင်ထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိလာပုံမရသည်ကို ရှစ်ဝူနန်က စိတ်ပျက်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။
ငွေရောင်မျက်နှာဖုံးက အေးစက်နေပြီး အောက်ဘက်မှာရှိသော သူ၏ မျက်လုံးများက သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းကာ ကြယ်တာရာကောင်းကင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်နေသည်။
“မင်း တော်တော်နားငြီးတာပဲ”
သိုင်းတာအိုပင်မခန္ဓာက ရှစ်ဝူနန်ကို တစ်ချက်ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်သည်။
ရှစ်ဝူနန်က ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ သူသည် အန္တိမသူတော်စင်မျှသာဖြစ်သည်။ ဤအဆင့်မှာရှိသော ဓမ္မတာအိုတစ်ခုက ပြီးပြည့်စုံသော အစစ်အမှန်သိုင်းတာအိုကို သက်ရောက်မှု မရှိပေ။
သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်တိုက်ခိုက်လိုက်သည်။
မည်သည့် အပိုလှုပ်ရှားမှုမှ မရှိဘဲ သူက ရှေ့သို့သာ တက်လှမ်းကာ ရှစ်ဝူနန်ရှိရာဘက်သို့ ပစ်ထိုးလိုက်သည်။
ထိုထိုးချက်သည် မီးတောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသလို ကမ်းခြေသို့ ရိုက်ခတ်လာသော ဒေါသူပုန်ထနေသည့် ဒီရေလှိုင်းများကဲ့သို့ဖြစ်သည်။
ချက်ချင်းပင် ကမ္ဘာဖျက်ကပ်ဘေးတစ်ခုနှင့်အတူ တောင်တန်းများက ပြိုကျ၍ ကမ္ဘာမြေက အက်ကွဲလာသည့်အလားပင်။
ဟာ…
ရှစ်ဝူနန်က ထိတ်လန့်တကြား ဖြစ်သွားသည်။
အထီးကျန်သိုင်းသခင်၏ သာမန်ကာလျှံကာ ထိုးချက်မှာ ချင်စဲသည် သူ၏ ခန္ဓာကိုယ်ကိုပင် စွန့်လွှတ်လိုပြီး ဘာကြောင့် ထိတ်လန့်တကြား ထွက်ပြေးသွားသလဲ သူက နောက်ဆုံးနားလည်သဘောပေါက်သွားသည်။
သူ့ကိုပင် မွန်းကျပ်စေသော ဤထိုးချက်က ကမ္ဘာပေါ်မှာ မရှိသင့်သောအရာဖြစ်သည်။
လူသားတစ်ယောက်က ဤကဲ့သို့သော စွမ်းအားကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်ပါ့မလဲ။
ဖျတ်ခနဲဆို ရှစ်ဝူနန်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပေါ်ထွက်လာသည်။
ထိုထိုးချက်နှင့် လွှမ်းခြုံခံရစဉ် သူက လှည့်ထွက်ပြေးချင်စိတ်ပင် ပေါက်လာခဲ့သည်။
သို့သော် မကြာခင် သူက ဆုံးဖြတ်ချက်ချလိုက်သည်။
သူက ထွက်မပြေးနိုင်ပေ။
ချင်စဲသည် လှည့်ထွက်ပြေးသွားခဲ့သည်။ သူသည် မဟာသူတော်စင်ကျောက်စိမ်းကျမ်းနှင့် ဧကရာဇ်တစ်ပါး ချန်ပေးထားသည့် ချိပ်စည်း၏ စွမ်းအားကြောင့်သာ အသက်ရှင်နိုင်ခဲ့သည်။ သူ၏ ကိုယ်ကာယကို စွန့်ပစ်ခဲ့ရပြီး အဲဒါက လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။
သူက တူညီသော ရွေးချယ်မှုကို ပြုလုပ်မည်ဆိုလျှင် သူသည် အသက်ပင် ရှင်နိုင်ချင်မှ ရှင်နိုင်ပေလိမ့်မည်။
သူ ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ မည်သည့် ထိန်ချန်မှုမှ မရှိဘဲ သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ပြီး အထီးကျန်သိုင်းသခင်၏ ထိုးချက်ကို ခုခံကာ အခြားသောကျင့်ကြံသူများ၏ စစ်ကူရောက်အလာကို စောင့်ဆိုင်းဖို့သာဖြစ်သည်။
ရှစ်ဝူနန်မှာ စွမ်းအားကြီးမားသော ဝှက်ဖဲတစ်စုံတစ်ရာ မရှိသည်မဟုတ်ပေ။
တကယ်ဆို သူတော်စင်အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်မှုမှာ မည်သူကမှ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်အသုံးပြုရန် ဖိအားမပေးနိုင်ခဲ့ဘဲ သူက ဤဝှက်ဖဲကို မထုတ်ဖော်ခဲ့ရပေ။
ထိုအခိုက်အတန့်မှာ သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ပေ။
“အနှိုင်းမဲ့ နတ်ဘုရားစွမ်းအား… ဗုဒ္ဓနဂါးဆင်…”
ရှစ်ဝူနန်က သူ၏ လက်ဖဝါးနှစ်ဖက်ကို အတူတကွ ယှက်ပြီး ဂါထာမန္တန်သံကို ရွတ်ဆိုကာ တည်ကြည်ခံ့ညားလာခဲ့သည်။
ရုတ်တရက် ခမ်းနားထည်ဝါသော ဗုဒ္ဓပုံရိပ်ယောင်များက သူ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာသည်။
သူတို့က အနိုင်မခံ အရှုံးမပေးဘဲ အစိုင်အခဲအဖြစ် စုဖွဲ့လာခဲ့ပြီဖြစ်ကာ ကျိန်းစပ်နေသော ရွှေရောင်အလင်းနှင့် သိပ်သည်းပြင်းထန်ကြီးမားသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးလာခဲ့သည်။
ဗုဒ္ဓပုံရိပ်ယောင်များပေါ်ရှိ သင်္ကန်းများ၊ မျက်နှာသွင်ပြင်များနှင့် သူတို့၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများ၊ မျက်ခုံးနှင့် မျက်လုံးတို့ကပင် အလွန်တရာ ထင်ရှားပြတ်သားနေပြီး အစစ်အမှန်ဗုဒ္ဓများ ဆင်းသက်ရောက်ရှိလာသည့်အလားပင်။
ဗုဒ္ဓပုံရိပ်များက ဗုဒ္ဓသုတ္တန်များကို ရွတ်ဆိုပြီး နေရာတစ်ခွင် အဆက်မပြတ် ပဲ့တင်ထပ်သွားစေသည်။
တစ်ချိန်တည်းမှာပင် နတ်နဂါးများက ဗုဒ္ဓများကို လှည့်ပတ်ပြီး ဧရာမနတ်ဆင်များက တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာသည်။
နတ်နဂါးများက ဟိန်းဟောက်လိုက်ပြီး နတ်ဆင်များက အော်မြည်ဟစ်ကြွေးလိုက်သည်။
ထိုအရာသည် ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအားတစ်ခု၊ ဗုဒ္ဓနဂါးဆင်ဖြစ်သည်။
“ဒါက…”
တည်ဆောက်သူသစ်ပင်၏ တောင်ထွတ်ပေါ်မှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့သည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက တာအိုအရှင်သွေးမိစ္ဆာနှင့် နောက်ဆုံးတိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲအတွင်း သူသည် ကိုယ်တော်တာမင်းထံမှာ ဤနတ်ဘုရားစွမ်းအားကို မြင်တွေ့ခွင့်ရခဲ့သည်။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဗုဒ္ဓနဂါးဆင်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုသာဖြစ်သည်။
ဒါ့အပြင် လူတစ်ယောက်သည် ဗုဒ္ဓဝါဒအပေါ် အလွန်တရာမြင့်မားသော အောင်မြင်ပေါက်မြောက်မှုရှိပြီး နက်ရှိုင်းသော နားလည်ဆင်ခြင်မှု ရှိထားမှသာ ထိုအန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်မည်ဖြစ်သည်။
ကိုယ်တော်တာမင်း၏ ဗုဒ္ဓနဂါးဆင်က ရှစ်ဝူနန် ထုတ်ဖော်လိုက်သည့်အရာနှင့် အလွန်တရာဆင်တူလေသည်။
သို့သော်လည်း သူတို့မှာ ကွာခြားချက်တချို့ ရှိနေသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် တည်ဆောက်သူသစ်ပင်၏ တောင်ထွတ်ပေါ်မှာ ရှိနေပြီး အလှမ်းကွာဝေးကာ အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။
အတွေးတစ်ချက်နှင့်အတူ သူက စိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကို တိတ်တဆိတ် ထုတ်လွှတ်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်၏။ သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးကနေတစ်ဆင့် သူသည် နတ်ဘုရားစွမ်းအားကို လေ့လာအကဲခတ်ကာ အဲဒါကို တစ်ချိန်တည်းမှာ ကောက်ချက်ချနေသည်။
ထိုသို့ပြုလုပ်ဖို့အတွက် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးအင်အားက ခဏမျှ ရပ်တန့်သွားပြီး ဆက်လက်၍ ကျဆင်းမလာတော့ပေ။
ထိုအတွက်ကြောင့် မဟုတ်လျှင် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားဟု သူတို့ခေါ်သောအရာအဖြစ် ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး ဗုဒ္ဓပုံရိပ်ယောင်များ၊ နဂါးများနှင့် နတ်ဆင်များသည် ရှစ်ဝူနန်နှင့်အတူ လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။
သို့သော်လည်း သူ၏ အပြုအမူမှာ လူတိုင်းတွင် မတူညီသော နားလည်သဘောပေါက်မှု ရှိနေကြသည်။
အခြားသော ကျင့်ကြံသူများ၏ မျက်လုံးထဲမှာ အထီးကျန်သိုင်းသခင်က ထိုးချက်တစ်ချက်ကို ထုတ်ဖော်ခဲ့သည်။
ထို့နောက် ရှစ်ဝူနန်က သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ နှစ်ဖက်စလုံးက မျှခြေမှာ လွန်ဆွဲနေပြီး ညီတူမျှတူယှဉ်ပြိုင်နေကြသည်။ ဘယ်သူက ပိုမိုသန်မာသည်ကို ချက်ချင်းပြောနိုင်ဖို့ ခက်ခဲနေလေသည်။
ကိုယ်တော်များနှင့်အင်မော်တယ်များက စိတ်အားမာန်တက်ကြွလာပြီး အထီးကျန်သိုင်းသခင်အပေါ် သူတို့၏ အကြောက်တရားက လျော့ကျလာခဲ့သည်။
အနည်းဆုံးတော့ သူတို့ရှေ့မှ မြင်ကွင်းသည် အထီးကျန်သိုင်းသခင်သည်လည်း အသန်မာဆုံးနှင့် ပြိုင်ဘက်ကင်း မဟုတ်ကြောင်း သက်သေပြပေးနေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
“ငါသိတာပေါ့… အထီးကျန်သိုင်းသခင်က အန္တိမပကတိမိစ္ဆာဖြစ်သလို တာအိုရောင်းရင်းရှစ်ဝူနန်ကလည်း ပကတိသူတော်စင်ပဲ… သူတို့တွေရဲ့ခွန်အားက သိပ်အများကြီးကွာမှာ မဟုတ်ဘူး”
အခြားသူများမှာလည်း တူညီသော အတွေးများ ရှိနေကြသည်။
စစ်တုရင်အင်မော်တယ်ကျွင်းယုကသာ တွေဝေရှုပ်ထွေးသော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
လက်ရှိလူတိုင်းကြားမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ကျွမ်းကျင်တတ်မြောက်ထားသည့် တစ်ဦးတည်းသော ပကတိအင်မော်တယ်အနေဖြင့် သူမ၏ အာရုံခံစိတ်က အခြားသူများထက် ပိုမိုတိကျလေသည်။
ရှစ်ဝူနန်၏ ဗုဒ္ဓနဂါးဆင်က စွမ်းအားကြီးမား၍ ကြောက်စရာကောင်းသည့်ပုံပေါ်သော်လည်း ၎င်းသည် အစစ်အမှန်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်အထိ မရောက်ရှိသေးပေ။
သူ၏ ဗုဒ္ဓနဂါးဆင်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ ကနဦးပုံစံနှင့် ထိတွေ့မိထားရုံမျှသာဖြစ်သည်။
ယွင်ထင်၏ အင်မော်တယ်နှိမ်နင်းဓားနှင့် ဆင်တူစွာပင် ၎င်းသည် တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်သည်။
အထီးကျန်သိုင်းသခင်သည် တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုမျှနှင့် ဘယ်လိုလုပ်ပြီး လွန်ဆွဲနေပါ့မလဲ။
သူမရှေ့မှ မြင်ကွင်းက အနည်းငယ် ထူးဆန်းနေသည်ဟု ကျွင်းယုက ခံစားနေရသည်။
အန္တိမပကတိအင်မော်တယ်အနေဖြင့် သူမသည် အခြားသူများနှင့် ပူးပေါင်းတိုက်ခိုက်ခြင်း မပြုလုပ်နိုင်ပေ။ သူမက ဘေးကနေသာ အေးစက်စွာ စောင့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ငါသိပြီ”
တိုက်ပွဲမြေမှာ စိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကနေတစ်ဆင့် ဆက်သွယ်မှု တည်ဆောက်ထားသော အစစ်အမှန်ခန္ဓာနှစ်ခုသည် ရှစ်ဝူနန်၏ ဗုဒ္ဓနဂါးဆင်၏ လျှို့ဝှက်ချက်ကို တစ်ချိန်တည်းမှာ ကောက်ချက်ချကာ အလျင်အမြန် ဝေဖန်ဆန်းစစ်နေကြသည်။
ဗုဒ္ဓနဂါးဆင်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လာဖို့ တကယ်ပင် အခွင့်များလေသည်။
သို့သော်လည်း ဤနတ်ဘုရားစွမ်းအားကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်အထိ မြှင့်တင်ဖို့အတွက် သူတို့သည် ဗုဒ္ဓဝါဒမှာ အလွန်တရာ နက်ရှိုင်းသော နားလည်ဆင်ခြင်မှုတစ်ခုကို လိုအပ်ရုံမျှသာမကပေ။
လူတစ်ယောက်သည် နဂါးမျိုးနွယ်နှင့် ဆင်မျိုးနွယ်တို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များမှာ အလွန်တရာမြင့်မားသော အဆင့်အတန်းတစ်ခုတွင် ရောက်ရှိနေရပေမည်။
ဗုဒ္ဓကျောင်းတော်များ၊ နဂါးမျိုးနွယ်နှင့် ဆင်မျိုးနွယ်တို့၏ လုံးဝမတူကွဲပြားသော ဓမ္မတာအိုများကို ပေါင်းစည်းခြင်းဖြင့်သာ ဗုဒ္ဓနဂါးဆင်ကို အစစ်အမှန်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မည် ဖြစ်လေသည်။