အပိုင်း(၅၃)
Vol. 6 Ch. 53
သာမန်လူတန်းစားနေရပ်ကွက်တစ်ခု၏ ကားပါကင်တစ်ခုတွင် ချက်ချင်းအပြေးလာခဲ့သော ပါးပါးချင်၊ မားမားချင်၊ ချင်ရှန့်နှင့် ဒရာမာကို ကိုယ်တိုင်ကိုယ်ကျကြည့်ရှုလိုသော ကျီဖေးတို့သည် ကားပေါ်တွင် အတူတကွထိုင်နေကြသည်။
သူတို့က အနီးအနားရှိ အဆောက်အအုံတစ်ခု၏တံခါးနားတွင် တစ်ယောက်ယောက်ကို ရပ်စောင့်နေပုံရသည့် ချင် ရုန်၏ပုံသဏ္ဍာန်ကိုကြည့်နေသည်။
"သူ ချန်ယွဲ့ ကိုရှာဖို့ ဒီကိုထပ်လာပြန်ပြီလား ?"
ပါးပါးချင်နှင့် မားမားချင်တို့သည် ၎င်းတို့မျက်လုံးများထဲမှ စိတ်ပျက်မှုများကိုမဖုံးဖိနိုင်ကြပေ။
၎င်းကိုမြင်တော့ ချင်ရှန့် ဖြည်းညင်းစွာပြောသည်။
"မေ့မေ့က သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဒါမှမဟုတ် လမ်းခွဲဖို့ရောက်နေတာ ဖြစ်နိုင်ပါတယ်။"
အမှန်ပင် ချင်ရုန်၏အမူအရာသည် ချစ်ခြင်းမေတ္တာ တောင့်တနေသည့်ပုံ မပေါ်တော့ဘဲ ပြတ်သားစွာသန္နိဠာန်ချထားသကဲ့သို့ ဖြစ်နေသည်။
ကားပါကင်နှင့် လူနေရပ်ကွက်ကြားတွင် သက်ကြီးရွယ်အိုအမျိုးသား အမျိုးသမီးတစ်စု စုဝေးနေကြကာ ကျယ် လောင်သော အသံများဖြင့် အတင်းအဖျင်းများကိုအား ရပါးရ ပြောနေကြသည်။ ရပ်ကွက်၏အသန်မာဆုံး ထောက်လှမ်းရေးကွန်ရက်ဖြစ်သည့် ၎င်းတို့၏ ဂုဏ်သတင်းကြောင့် ဘယ်မိသားစုအရေးကိစ္စကမျှ ၎င်းတို့အမြင်မှ မလွတ်မြောက်နိုင်ပေ။
စောင့်နေရတာ ပျင်းလာသဖြင့်၊ ကျီဖေးသည် ထိုသူတို့၏ ရောက်တတ်ရာရာ စကားများအားနားထောင်နေလိုက်သည်။
သို့သော် မကြာခင်မှာပင် သူတို့၏အတင်းအဖျင်းခေါင်း စဉ်သည် ချင်ရုန်ထံသို့ လှည့်သွားပြီး ကားပေါ်ရှိလေထုသည် တင်းမာလာခဲ့သည်။
ချင်ရုန် တစ်ခုခုကိုခံစားမိပြီး အတင်းအဖျင်းပြောနေသည့်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။
"ဘယ်လို ? ချန်ယွဲ့ မားက တကယ်အဲ့လိုပြောတာလား?"
"ဒါပေါ့၊ အိမ်ထောင်ပြုဖို့ သိပ်မသေချာသေးဘူးလို့ သူ အစောကပြောဖူးတယ် ပြီးတော့ living togetherနေကြလည်း ကိစ္စမရှိဘူးတဲ့။ သူ့အဖိုးတန်သားလေး လက်မထပ်ခင်မှာ သူ့ကိုယ်သူဖျော်ဖြေဖို့ မိန်းမတစ်ယောက်ရှာဖို့ လိုတယ်တဲ့ ပြီးတော့ သူ့သားဘယ်လိုမိန်းကလေးမျိုးကို အိမ်ခေါ်လာပါစေ သူ ဂရုမစိုက်ဘူးတဲ့။"
"ဘယ်လောက်တောင် စိတ်ကြီးဝင်နေတာလဲ၊ သူ့သားနဲ့ တွေ့ ခဲ့တဲ့ မိန်းကလေးတိုင်း တကယ့်ကံဆိုးတာပဲ”
"ငါ့ကိုလာမေးရင်တော့ ယောက်ျားတစ်ယောက်နဲ့ လက်မထပ်ရသေးပဲ တူတူနေတဲ့မိန်းကလေးက ကိုယ့်ကိုယ်ကို သိက္ခာချတာ အရှက်မရှိတာပဲ။ ကိုယ့်ကိုယ်ကိုမှ မလေး စားနိုင်ရင် တခြားသူတွေက ဘယ်လိုလုပ်လေးစားတော့မလဲနော့်?"
"အိုး မိုင်... ငါတို့ဆို နေနေတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ..."
ထိုစကားလုံးများသည်ကားပေါ်ရှိ ချင်မိသားစု၏ မျက် နှာကို မည်းမှောင်သွားစေခဲ့သည်။ ထိုကဲ့သို့ ကောလဟာလများအား မလွှဲသာမရှောင်သာ ကြားနေရသော်လည်း ကြားရသည်မှာ အမှန်တကယ်ပြင်းပြင်းထန်ထန် နာကျင်စေဆဲပင်။
ကျီဖေးသည် ချင်ရုန်အားကြည့်ရင်း မျက်လုံးများကို မှေးစင်းလိုက်ပြီး အတွေးထဲနစ်နေသည့် လက်ရှိသူ့မျက်နှာ ပေးသည် ယခင်က တူညီသည့် စကားများကို သူ့မိသားစုအားပြောခဲ့တုန်းကနှင့် လုံးဝကွာခြားနေသည်။
"ဒါပေမယ့် ချန်ယွဲ့ မားက ကောင်မလေးကိုနောက်ဆုံးအကြိမ် အလည်လာတုန်းကတောင် တော်တော်လေးရင်းနှီးတဲ့ပုံပေါ်သလားလို့ ? သူက သူ့ကိုအဖိုးတန်သမီးလေးလို ဆက်ဆံခဲ့တာလေ။"
"အင်း အဲ့တာအားလုံး ဟန်ဆောင်နေတာလေ။ ကောင်မ လေးပြန်သွားတာနဲ့ သူ ငါတို့ကို စပြီးကြွားတော့တာပဲ"
ထို့နောက် ထိုလူသည် ချန်ယွဲ့ မားပုံစံအား လှောင်ပြောင်သရော်နေသောလေသံဖြင့် အတုခိုးပြသည်။
"သူက ချမ်းသာတဲ့မိသားစုက ကောင်မလေးလေ၊ သူ ချန်ယွဲ့ကို အရမ်းကြွေသွားလို့ စပိုးပန်းခဲ့တြ့အပြင် ငါတို့နဲ့ အတူတူနေဖို့ မရမကတောင်းဆိုခဲ့တာ။ သူ ငယ်ရွယ်တဲ့မိန်းမပျိုလေးဖြစ်တော့လည်း ဘာဖြစ်သလဲ ? အနာဂတ်မှာ ငါတို့မိသားစုကို သူ လုပ်ကျွေးရဦးမယ်။ မဟုတ်ရင် ငါ သူ့ကိုအိမ်တံခါးတောင် ဖြတ်ခွင့်ပေးမှာမဟုတ်ဘူး"
တခြားသူများ၏ရယ်သံများ ပေါက်ကွဲထွက်လာပြီး သူတို့သည် တုံးအသည့် မိန်းမငယ်လေးအား လှောင်ပြောင်နေသည်လား သို့မဟုတ် ကြွားဝါလွန်းသည့် ချန်ယွဲ့မားအား လှောင်ပြောင်နေသည်လားမသဲကွဲပေ။
"ချန်ယွဲ့ မားက သူတို့က မကြာခင်လက်ထပ်တော့မှာလို့တောင်ကြွားခဲ့ သေးတယ်၊ ဘာလို့လဲဆိုတော့ အဲ့ကောင် မလေးက မစောင့်နိုင်တော့ဘဲ သူ့ရည်းစားအလုခံလိုက်ရမှာကို ကြောက်လို့တဲ့လေ။ အဲ့တာမှမဟုတ်ရင် ဘာလို့ သူတို့နဲ့ အတူလာနေပြီး သူ့ကိုစောင့်ကြည့်နေမှာလဲ ?"
"သူ့သားက ဆန်နဲ့စပါးတောင် ခွဲတတ်တာမဟုတ်ဘူး ပြီးတော့ အမြဲတမ်းပျင်းနေတာ။ ရုပ်ကလေးချောတာကလွဲလို့ မဖြစ်နိုင်တဲ့ရည်မှန်းချက်တွေနဲ့ တနေကုန်ပျင်းရိနေတာလေ။ သူ့ကို ဘယ်သူက စိတ်ဝင်စားမှာလဲ ?"
"အမှန်ပဲ၊ သူကသာ သူ့သားကို အရည်အချင်းရှိတယ်လို့ကြွားနေတာ ပြီးတော့ အဲဒီမိန်းကလေးနဲ့ လက်ထပ်ရင် သတို့သမီးခတစ်ပြားမှ ပေးစရာမလိုဘူးတဲ့။ မိန်းကလေးဘက်က သူ့သားကိုစလိုက်ခဲ့တာ ပြီးတော့ သူ့သား အဲ့ကောင်မလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံအောင်လို့ကောင်မလေးရဲ့မိသားစုဘက်က ခန်းဝင်ပစ္စည်းတွေ အများကြီးပေးလာနိုင်တယ်လို့ဆိုပြီး အခိုင်အမာပြောခဲ့သေးတာ"
"အိုး၊ အဲ့တာငါသိတယ်။ အရင်တစ်ခေါက်က ချန်ယွဲ့ ရဲ့ မေ့မေ့ပြောတာ ငါကြားတယ်၊ အဲ့ဒီကောင်မလေးမိသားစုက သူ့မေ့မေ့ကိုနိုင်ငံခြားမှာ ကျောင်းတက်နိုင်အောင် ထောက်ပံ့ပေးရုံတင်မကဘူး ချန်ယွဲ့ကို ကားနဲ့ အိမ်ဝယ်ပေးပြီး အလုပ်တောင်ရှာပေးလိုက်သေးတယ်တဲ့၊"
"သူတို့ စိတ်ကူးယဉ်နေတာဖြစ်မယ်။ အခြားမိသားစုဝင် တွေကို ငတုံးတွေလို့ သူတို့ထင်နေတာလား?"
"အဲ့တာ ပြောရခက်တယ်။ အဲ့နောက် သူတို့ လက်မထပ်ခင် အတူနေလိုက်ကြတယ်လေ။ သူ သိပ်အဖိုးမတန်တော့ဘူး။ ဒဲ့ပြောရရင် သူသာ တခြားတစ်ယောက် ထပ်ရှာဖို့ကြိုးစားခဲ့ရင် အဲ့တာက ဒုတိယအိမ်ထောင်နဲ့တူသွားလိမ့်မယ်။ အကယ်၍ သူမတော်တဆကိုယ်ဝန်ရသွားခဲ့ကြည့် သူ့မိသားစုကတော့ အံကြိတ်ပြီး ဒီလက်ထပ်ပွဲကို လက်ခံလိုက်ရတော့မှာပဲ။"
မထင်မှတ်ထားပဲ၊ သုံးပတ်ကြာပေါင်းသင်းနေထိုင်ပြီးနောက်မှာ ချန်ယွဲ့ မားနှင့် ချန်မြောင်ထံမှ တက်တက်ကြွကြွသတင်းဖြန့်ခဲ့မှုကြောင့် ကောလာဟလများစွာပျံ့နှံ့သွားခဲ့သည်။
သူတို့က ချင်ရုန့် နာမည်အားဖျက်ဆီးချင်နေတာဖြစ်နိုင် သည်။ အကယ်၍ သူသာ ခိုးရာလိုက်ပြေးဖို့မစဉ်းစားခဲ့ဘူးဆိုလျှင် သူသာ ထပ်ပြီးရှုပ်ထွေးမနေခဲ့ဘူးဆိုလျှင် သူ့ကိုယ်သူ ရှောင်လွှဲမရသည့် အခြေအနေမှာရောက်နေပြီဖြစ်ကြောင်း ကျိန်းသေပေါက် သူ သိလိမ့်မည်။
ကျီဖေး မျက်ရည်မကျအောင်ထိန်းနေသည့် မားမားချင်အားနှစ်သိမ့်ပေးရန် ပွေ့ ဖက်ထားသည့် ပါးပါးချင်တို့အားလှည့်ကြည့်လိုက်သည်။
"ချင်ရုန်ကိုစည်းကမ်းမတင်းကြပ်ပဲ နုံအပြီး၊ အပြစ်ကင်းကင်းနဲ့ကြီးပြင်းလာဖို့ ခွင့်ပြုထားခဲ့တာတွေအားလုံး ငါ့ အမှားတွေပဲ" ဟု ပါးပါးချင် ပြောလာသည်။
"မဟုတ်ပါဘူး၊ အဲဒါ ကျွန်မအမှားတွေပါ။ ကျွန်မသူ့ကို အရမ်းကာ ကွယ်ပေးခဲ့မိတယ်၊ ဒါတွေ အားလုံးက ကျွန်မအမှားတွေပါပဲ" ဟု မား မားချင်ကပြောပြီး သူမအသံဟာ စိတ်ခံစားမှုကြောင့် ဆို့နင့်သွားခဲ့ သည်။
ချင်ရှန့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး "ဒါ မားရဲ့အပြစ် မဟုတ်ပါဘူး၊ လူတိုင်းက ရင့်ကျက်ဖို့အတွေ့ အကြုံလိုတယ်။"
ချင်မိသားစုသည် ၎င်းတို့အား ပစ္စည်းများစွာထောက်ပံ့ပေးခဲ့သည်။ သူ တို့သည် ဘဝ၏ဒုက္ခများကိုမတွေ့ ကြုံခဲ့ရဘဲ၊ ပြင်ပကမ္ဘာ၏ အမြဲတစေ ဖူးဖူးမှုတ်ထားခြင်းကိုခံခဲ့ရကာ သူတို့မိသားစုသည် အတွင်းထဲ၌ သဟဇာတဖြစ်နေခဲ့ကြသည်။ ပုံမှန်အားဖြင့်၊ သူတို့က လူမှုဆက်ဆံရေး တွင် အခွင့်ကောင်းယူခံရတတ်ကြသည်။
ကျီဖေး ဘာပြောရမှန်း မသိပေ။ ထို့ကြောင့် သူက
"ကံကောင်းလို့၊ ချင်ရုန် မျက်စိပွင့်နားပွင့်ဖြစ်လာတဲ့ပုံပဲ"
ကျီဖေး အထင်တော့၊ ချင်ရုန်သည် ချင်မိသားစုအိမ်တွင် ဟင်းချက်သည့်ကိစ္စနှင့်ပတ်သတ်၍ ငြင်းခုန်နေသည့်အချိန်ကတည်းက ဒါမှမဟုတ် အဲ့ဒီအစားအစာတွေရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ သွားကတည်းက နိုးထလာခဲ့တာဖြစ်နိုင်သည်။ သူနောက်ထပ် ဘယ်အရာကိုမှ မယုံ သင်္ကာမဖြစ်တော့ပေ။
ကျီဖေးပြောပြီးသည်နှင့် မျက်လုံးသုံးစုံဟာ သူမအား လှည့်ကြည့်လာခဲ့ပြီး သူတို့ အမူအရာများ သိသိသာသာ ပျော့ပြောင်းသွားသည်။
"ဘာ မှားသွားလို့လဲ?" ကျီဖေး နားမလည်စွာမေးလိုက်သည်။
ရုတ်တရက် ချင်ရှန့်က "ရုန်ရုန် သွားပြီ"
ကျီဖေးလှည့်ကြည့်လိုက်တော့ ချင်ရုန်ဟာ တကယ်ပဲ ဖုန်းပြောနေပြီး အမြန်ပြေးထွက်သွားသည်ကိုတွေ့ လိုက်ရသည်။
ဒရိုင်ဘာက အမြန်လိုက်သွားခဲ့ပြီး မကြာခင် သူတို့ ကျောင်းပြန်ရောက်သွားသည်။
[ဪ၊ ဒီတော့ ငါးဆာနူကောင်ရဲ့ မိသားစုက ကျောင်းမှာ ရောက်နေတာပေါ့။ ချန်မြောင်ရဲ့ကျောင်းသားပရိုဂ ရမ်အတွက်
စာရွက်စာတမ်းတွေဆွေးနွေးဖို့ သူတို့ လိုက်သွားကြတာကိုး။ ဒါပေမယ့် သူတို့ စရန်ငွေကြိုပေးဖို့လိုတယ်။ ပြီးတော့ သာမန်အလုပ်အကိုင်ပဲရှိတဲ့ ချန်စုံတွဲအတွက် သူတို့အိမ်ကိုသာမရောင်းဘူးဆိုရင် တတ်နိုင်မှာမဟုတ်ဘူး။ အဲ့တာကြောင့် ချန်မြောင်က ချင်ရုန်ကို သူ့ကတ်နဲ့ ပေးချေဖို့ အားကိုးနေတာကိုး။ ချင်ရုန်နဲ့ဆက်သွယ်ဖို့ ဒီနေ့အထိ အချိန်ဆွဲထားရမယ်လို့ သူတို့ ထင်ထားပုံမရဘူး။ ချင်ရုန်ကို အခုချက်ချင်းငွေရှင်းခိုင်းဖို့ သူတို့ အလျင်လိုနေကြတာလား ? ]
ချင်မိသားစု၏မျက်နှာများမည်းမှောင်လာပြီး ချင်ရုန်သာဆက်ပြီး ရှုပ်ထွေးနေဆဲဖြစ်ပါက သူတို့ သမီး၏ ခြေထောက်များကို နေရာမှာတင် ရိုက်ချိုးပစ်မည်ဟု တိတ်တဆိတ်ကတိပြုလိုက်ကြသည်။
များမကြာမီ ချင်ရုန်သည် ရုံးခန်းထဲသို့ပြေးဝင်ကာ မိသားစုသုံးယောက်ကိုရှာတွေ့ ခဲ့သည်။
ချင်မောင်နှံက သူအားအရင် ကိုယ်တိုင်ကိုယ်ကျဧည့်ဝတ်စကားပြော လာသည်။
"ရုန်ရုန် ရောက်လာပြီလား၊" ချန်ယွဲ့ မားက ပထမဆုံးနှုတ်ဆက်လိုက်သည်။
သို့သော် ချန်ယွဲ့ မားက ရင်းနှီးဟန်ဆောင်ရင်း သူ့နောက်ကွယ်မှာ သူ အကြောင်းပြောခဲ့သည်ကို ချင်ရုန်တွေးမိပြီး အော်ဂလီဆန်သွားသည်။
သူ့လက်အားကိုင်ဖို့ကြိုးစားသည့် ချန်ယွဲ့ မား၏လက်ကို ရှောင်လိုက်ကာ ချန်မြောင်ထံသို့ တည့်တည့်လျှောက်သွားလိုက်သည်။
"ရုန်ရုန်၊ ငါ နင် မလာမှာ စိုးရိမ်နေတာ"
ချန်မြောင် အဲဒီနေ့တုန်းက ဘာမှမဖြစ်ခဲ့သလိုမျိုး ချင်ရုန်ကိုမြန်မြန်ဆန်ဆန်ကြိုးကိုင်ဖို့ ကြိုးစားလိုက်သည်။
"ရုန်ရုန်၊ အခု အရေးကြီးနေတယ်၊ နင် ငါ့ကို ကူညီမယ်မလား၊ ငါ ပိုက်ဆံနည်းနည်းလောက်လိုနေတာကလွဲရင် အကုန် အဆင်သင့်ဖြစ်နေပြီ။ ငါ့ကို အရင်ချေးပေးထားလို့ရမလား၊ ငါ ပြန်ဆပ်ပါ့မယ်။"
စာရွက်စာတမ်းများအား ကိုင်ဆောင်ထားသည့် ဝန်ထမ်းများက ဒါကိုကြားတော့ မတတ်နိုင်စွာအကြည့်ချင်းဖလှယ်လိုက်ကြသည်။
အဆုံးမှာ ချင်ရုန်သည် သူ့အခွင့်အရေးအား အချစ်ကြောင့် စွန့်လွှတ်လိုက်ရကာ ၎င်းကို သူ့ချစ်သူ၏ညီမထံပေးလိုက်ရပြီး ယခုမူ အခကြေးငွေပေးဆောင်ရန်ပင် တောင်းဆိုခံလိုက်ရသည်။ ဒီမိန်းကလေး စိတ်လွတ်နေတာဖြစ်မည်ဟု သူတို့မတွေးဘဲမနေနိုင်တော့ချေ။
ထိုကဲ့သို့အကြည့်မျိုးကို ယခင်က ချင်ရုန်တစ်ခါမှ သတိမထားမိခဲ့သော်လည်း ယခုတစ်ကြိမ်မှာတော့ တခြားသူ များ၏ မျက်လုံးများထဲမှ အထင်အမြင်သေးပြီးလှောင် ပြောင်သရော်နေသည့် အကြည့်များအားရှင်းရှင်းလင်း လင်း မြင်လိုက်ရသည်။
ချင်ရုန် အသက်ရှူမဝသလို ခံစားလိုက်ရသည်။
"ချန်ယွဲ့ ဘယ်မှာလဲ ?" ချင်ရုန် ပျို့အန်ချင်စိတ်ကိုထိန်းကာ မေးလိုက်သည်။
ချင်ရုန် ခါတိုင်းကဲ့သို့ ချန်ယွဲ့ အား 'ကော'ဟုပင် မခေါ်တော့သည်ကို ချန်မြောင်အနေနှင့် ထူးဆန်းစွာခံစားလိုက်ရသော်ငြား။
သူက "ကောက နင် လာမယ်လို့ကြားတာနဲ့ ဒီအချိန်ဆို နင် နေ့လယ်စာမစားရလောက်သေးဘူးလို့တွေးပြီး သူ နင့်အတွက် အိမ်ပြန် ချက်ပြုတ်နေတာလေ။ နောက်မှ သူယူလာပေးလိမ့်မယ်။ နောက်ပြီး ဒီမှာ နည်းနည်းကြာမှာဆိုတော့၊ ကောက နင့်ကို ဗိုက်မဆာစေချင်ဘူး"
ထို့နောက် သူ လေသံကိုလျှော့လိုက်ပြီး ချင်ရုန်နားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။
"တွေ့ လား ကောက နင့်အတွက်ဆို အချိန်မရွေးချက် ပြုတ်ပေးဖို့ဆန္ဒရှိတယ်ဆိုပေမယ့် နင်က မိုက်မဲပြီး နင့်မိသားစုအတွက်ချက်ခိုင်းဖို့ တွေးနေလို့မရဘူးလေ။ အဲဒါ ငါ့ကောအပေါ် အရမ်းမလေးစားရာရောက်တယ်။"
ချန်မြောင်ပြောပြီးသည်နှင့် တပြိုင်နက် သူမအားခုန်အုပ်ပြီး ကိုက်သတ်ချင်နေပုံရသည့်အမူအရာဖြင့် ပြင်းပြင်း ထန်ထန်စိုက်ကြည့်နေသော ချင်ရုန်ကိုမြင်လိုက်ရပြီး ချက်ချင်းနောက်ပြန်ဆုတ်လိုက်မိသည်။
ထိုအချိန်တွင်၊ စင်္ကြန်လမ်းတစ်လျှောက် တစ်စုံတစ်ခုအားအမြန်သယ်ဆောင်လာသည့် လူကိုမြင်လိုက်ရသဖြင့် ချင်မိသားစုလေးယောက် ရုံးထဲသို့ဝင်လာခဲ့သည်။
အနီးကပ်စစ်ဆေးကြည့်သောအခါ ထိုလူထံကြည့်ကောင်းသောရုပ်ရည်ရှိသည်။
"အိုး ?" ကျီဖေး အံ့ဩသင့်သွားသည်။
"ဘာလို့လဲ ?" ချင်ရှန့် မေးလိုက်သည်။
[အာ~အဲ့တာ တကယ် ချန်ယွဲ့ပဲ၊ ဒီ ငါးဆားနူကောင်က နောက်ဆုံးတော့ မျက်နှာပြလာပြီပေါ့]