အပိုင်း ၄၁
Vol. 5 Ch. 41
"မင်း ဥပဒေကို ချိုးဖောက်ရဲလား မင်းရဲ့ လက်ထောက်ကိုတောင် ကိုယ်ဝန်ဖျက်ဆေး ဝယ်ခိုင်းရဲတယ်ပေါ့လေ၊ ချင်းလီ မင်းအရမ်း ရဲတင်းလွန်းလာတာလား"
"အခု ရေပန်းစားနေတဲ့ ခေါင်းစဉ်တွေမှာ မင်းကိုပဲ ဝိုင်းဆဲနေကြတယ်၊ မင်းထောက်ခံထားတဲ့ Brand တွေက ကုမ္ပဏီကို နစ်နာကြေးတောင်းဖို့ ဆက်သွယ်နေကြပြီ"
"ဒါတောင် မင်းက ငါ့ကို ကယ်စေချင်တာလား၊ ဒီပြဿနာကို မင်းကိုယ်တိုင် ဖန်တီးခဲ့တာလေ ငါက ဘာတတ်နိုင်မှာမလို့လဲ"
သူ့သူဌေး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် ချင်းလီသည် ကုမ္ပဏီထဲမှ ယိုင်တိုင်တိုင်ဖြင့် ထွက်လာခဲ့သည်။ မှောင်နေပြီဖြစ်ပြီး သူကိုယ်တိုင်သည်လည်း အရက်အများကြီး သောက်ထားသည်ဖြစ်ကာ အရက်နံ့များဖြင့် နံဟောင်နေခဲ့သည်။ မြေပြင်ပေါ်ရှိ ကျောက်တုံးတစ်တုံးကို တိုက်မိကာ ရွှံ့များ ပေကျံနေသည့် လမ်းဘေးပလက်ဖောင်းပေါ်သို့ ပုံပျက်ပန်းပျက် လဲကျသွားသည်။
ချင်းလီ၏ ဂျုံကဲ့သို့ အဖြူရောင် အသားအရေပေါ်၌ ခြစ်ရာများဖြင့် သွေးများထွက်လျက်ရှိကာ မြေပြင်ပေါ်ရှိ ဖုန်များနှင့် ရောထွေးနေခဲ့သည်။ သို့သော် ချင်းလီသည် နာကျင်မှုဒဏ်မှာ ထုံထိုင်း နေသည့်အတိုင်းပင် သူ၏ စိတ်ထဲ၌ မည်သည်ကိုမှ မခံစားရတော့ပေ။ နှစ်ရှည်လများစွာ ကြိုးစားခဲ့ရသမျှသည် တစ်ညတည်းနှင့် ပြိုလဲပျက်သုဉ်းခဲ့ရလေသည်။ သူ၏ ဖုန်းမှာ ပွင့်နေဆဲဖြစ်ပြီး ရှမော့မော့အား သူခေါ်ဆိုခဲ့သည့် ဖုန်းခေါ်ဆိုမှုပေါင်းများစွာကို ပြသနေခဲ့သော်လည်း သူမက တစ်ကြိမ်တစ်ခါမှ လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ရှမော့မော့သည် ချင်းလီ၏ ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ခဲ့ပြီး လုံးဝပျောက်ကွယ်သွားခဲ့သည်။ ချင်းလီ၏ မျက်နှာသည် မည်းမှောင်သွားကာ သူ့ ဖုန်းထဲရှိ Contact များကို လိုက်ကြည့်နေစဉ် "ရဲ့လော့ယီ" ဆိုသည့် နာမည်ပေါ်၌ အကြည့်များ ရပ်တန့်သွားခဲ့သည်။
ချင်းလီကို လောကကြီးက မုန်းတီးနေခဲ့သည်။ လွန်ခဲ့သည့် ဆယ်နှစ်က ဝဖြိုးနေသည့် မည်သူကမှ လေးစားခြင်းမခံခဲ့ရသော ကလေးဘဝကဲ့သို့ပင်။
ရဲ့လော့ယီ တစ်ယောက်တည်းကသာ ကွဲပြားနေခဲ့သည်။
ချင်းလီသည် ထျန်းဟွေ့ရုံးအဆောက်အအုံအား ရောက်ရှိလာခဲ့သည်။
မြေအောက် ကားပါကင်တွင် ချင်းလီသည် အလုပ်ပြီးခါစ ရဲ့လော့ယီအား ပေယွဲ့ပိုင်နှင့်အတူ မြင်လိုက်ရသည်။
ပေယွဲ့ပိုင်သည် ဝတ်စုံပြည့် သပ်သပ်ရပ်ရပ်ဖြင့် ချင်းလီ ၏ မာနကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။ သူ၏ ကြည်လင်သန့်ရှင်းနေသည့် ပုံစံသည် ချင်းလီ၏ လက်ရှိ ပျက်စီးနေသည့် အခြေအနေနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ ပေယွဲ့ပိုင်သည် ရဲ့လော့ယီ၏ ခါးကို ဖက်ကာ ဓာတ်လှေကားထဲမှ ထွက်လာခဲ့ကြသည်။
"လော့ယီ..."
ချင်းလီ၏ အသံသည် အက်ရှရှနှင့် တစ္ဆေတစ်ကောင်၏ တီးတိုးသံကဲ့သို့ပင်။
ချင်းလီအား မြင်လိုက်ရသည့်အခါ ရဲ့လော့ယီတစ်ယောက် ကြောက်လန့်သွားပြီး ပေယွဲ့ပိုင်၏ နောက်တွင် အမြန် ပုန်းကွယ်လိုက်သည်။
ပေယွဲ့ပိုင်သည် မျက်မှောင်ကြုတ်လိုက်သည်။
"ချင်းလီ မင်း ဒီမှာ ဘာလာလုပ်တာလဲ"
"မင်းဆီ လာတာမဟုတ်ဘူး"
ချင်းလီသည် ပေယွဲ့ပိုင်အား ဂရုမစိုက်ဘဲ လော့ယီဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။
"ငါ လော့ယီဆီလာတာ..."
ရဲ့လော့ယီသည် ကြောက်လန့်တကြားဖြင့် အော်လိုက်သည်။
"အနားကပ်မလာနဲ့!”
ပေယွဲ့ပိုင်၏ မျက်လုံးများ အေးစက်သွားခဲ့ပြီး ရုတ်ချည်းဆိုသလို လက်သီးတစ်ချက် လွှဲထိုးလိုက်ရာ ချင်းလီ၏ မျက်နှာအား ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။ မထင်မှတ်ထားသည့် ထိုးချက်သည် အရက်မူးနေသော ခြေမခိုင်တော့သည့် ချင်းလီအား မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။ ထိုးချက်သည် အင်မတန်မှ ပြင်းသဖြင့် ချင်းလီ၏ မျက်နှာတွင် ခြစ်ရာများဖြင့် သွေးများ ထွက်လာခဲ့သည်။
ရွှံ့များပေကျံနေသည့် ခန္ဓာကိုယ်၌ ယခုတွင် သွေးများပင် ပေကျံနေခဲ့ကာ ချင်းလီသည် ပို၍ ကြောက်စရာကောင်းနေခဲ့သည်။ ရဲ့လော့ယီသည် ပေယွဲ့ပိုင်၏ လက်မောင်းကို ဆွဲရင်းပြောလိငက်သည်။
"ယွဲ့ပိုင် ငါတို့ သွားရအောင်”
ပေယွဲ့ပိုင်သည် ယဲ့လော့ရီအား ကာကွယ်ပြီး သူတို့၏ Porsche ကားထံသို့ တည့်တည့်လျှောက်သွားခဲ့သည်။ ချင်းလီသည် မနည်းရုန်းကန်၍ ထရပ်လိုက်ရင်း အက်ရှရှအသံနှင့် အော်ဟစ်လိုက်သည်။
"ရဲ့လော့ယီ မင်း ငါ့ကို မမှတ်မိတော့ဘူးလား"
ချင်းလီ၏ မျက်လုံးများသည် သွေးရောင်ဖြာနေပြီး ဖုန်းကို ထုတ်ကာ ဖုန်းမျက်နှာပြင်ပေါ်ရှိ ဝဖြိုးနေသည့် ကလေးလေးတစ်ယောက်၏ ပုံကို ပြလိုက်သည်။
ရဲ့လော့ယီ လှည့်ကြည့်ကာ ဓာတ်ပုံကို မြင်လိုက်ရသည်။ ခေတ္တခဏအကြာတွင် သူမ သဘောပေါက်သွားသည်။
"အဲဒီ ဝတုတ်လေးက... ရှင်လား"
ချင်းလီသည် ပျော်ရွှင်စွာဖြင့်
"ဟုတ်တယ် ငါပဲ မင်း မှတ်မိလား ငါသိသားပဲ မင်း ငါ့ကို မေ့နိုင်မှာ မဟုတ်ဘူး!"
ရဲ့လော့ယီသည် သက်ပြင်းရှိုက်လိုက်ပြီး ပေယွဲ့ပိုင်အား တစ်ချက်ကြည့်လိုက်သည်။
"သူ ကျွန်မကို ထိခိုက်အောင်မလုပ်ပါဘူး ကျွန်မ သူနဲ့ ခဏလောက် စကားပြောဦးမယ်"
ပေယွဲ့ပိုင်သည် ချင်းလီအား သတိထားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"တစ်ခုခုဆို ကိုယ့်ကို ဖုန်းခေါ်လိုက်နော်"
ရဲ့လော့ယီနှင့် ချင်းလီသည် ပေယွဲ့ပိုင် မကြားနိုင်သည့် ဝေးသည့်နေရာ သို့မသွားပဲနှင့် သူမ အကူအညီတောင်းလျှင် ပေယွဲ့ပိုင် ပြေးလာနိုင်လောက်သည့် နီးသောနေရာကို လမ်းလျှောက်သွားခဲ့ကြသည်။
ချင်းလီသည် စိတ်လှုပ်ရှားစွာဖြင့် ရဲ့လော့ယီထံသို့ ချဉ်းကပ်သွားသည်။
"လော့ယီ မင်း ငါ့ကို မမေ့သေးဘူးဆိုတာ ငါသိသားပဲ!"
ရဲ့လောယီက ညင်သာစွာ ပြုံးလိုက်သည်။
"ဘယ်လိုလုပ် မေ့နိုင်မှာလဲ နှစ်တွေကြာလာတာနဲ့အမျှ ရှင်အများကြီး ပြောင်းလဲသွားတာဘဲ"
ချင်းလီသည် တုံ့ပြန်ရန် စိတ်အားထက်သန်စွာ ခေါင်းညိမ့်လိုက်သည်။
"ဒီပြောင်းလဲမှုတွေ အကုန်လုံးက မင်းအတွက်ပဲ၊ ငါ မင်းကို ဆယ်နှစ်ကြာအောင် သဘောကျခဲ့တာ၊ ရှမော့မော့ က... ခဏတာသက်သက်ဘဲ ငါ တကယ်ချစ်တဲ့ တစ်ယောက်တည်းသောသူက မင်းပဲ!"
ရဲ့လော့ယီသည် ညင်သာစွာ ပြောလိုက်သည်။
“ရှင် ဒီနှစ်တွေမှာ ခက်ခဲခဲ့တာပဲ"
ချင်းလီသည် သူ၏ မျက်လုံးများ ကျိန်းစပ်လာသလို ခံစားရပြီး ပို၍ နီရဲလာခဲ့သည်။
လောကကြီးတစ်ခုလုံးသည် အမှန်တကယ်ပင် သူ့ကို အထင်သေး၊ မုန်းတီးကြသော်လည်း ရဲ့လော့ယီသည် ယခင်အတိုင်းပင် ကြင်နာနေဆဲ ချင်းလီအား ယခင်အတိုင်းသာ ဆက်ဆံနေဆဲပင်။
ချင်းလီ၏ အသံသည် စိတ်ခံစားမှုကြောင့် နစ်ဝင်နေခဲ့ကာ မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်လာခဲ့သည်။
“လော့ယီ ငါ အောက်ဆုံးကို ရောက်နေပြီ အရာအားလုံး ဆုံးရှုံးသွားပြီဆိုတာ သိပါတယ်... ဒါပေမယ့် ငါ ပြန်ထနိုင်ပါသေးတယ်၊ လော့ယီ မင်း... မင်း ငါ့ကို စောင့်ပေးနိုင်မလား"
"ရှင့်ကို စောင့်ပေးရမှာလား”
ရဲ့လော့ယီက မျက်ခုံးပင့်လိုက်သည်။ သူမ၏ လေသံသည် အပြစ်ကင်းစင်သော်လည်း ပြတ်သားနေခဲ့သည်။
"ဘာလို့ ကျွန်မက ရှင့်ကို စောင့်ပေးရမှာလဲ"
ချင်းလီတစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
"ငါ...ငါ ပြန်ထနိုင်အောင် လုပ်မယ်၊ မင်းနဲ့ ထိုက်တန်တဲ့ အနေအထားကို ရောက်အောင် လုပ်မယ်... သုံးနှစ် အများဆုံး ငါးနှစ်ပဲ ငါ သေချာပေါက်..."
ရဲ့လော့ယီက ရုတ်တရက် ရယ်မောလိုက်သည်။ သူမ၏ ရယ်သံသည် ငွေခေါင်းလောင်းလေးများ မြည်ဟီးနေသကဲ့သို့ပင်။
"ချင်းလီ ရှင် ကိုယ့်ကိုယ်ကိုယ် အရမ်းတွေ အထင်ကြီးနေတာလား၊ ရှင်က အခုမှ ပရမ်းပတာ ဖြစ်နေတာ မဟုတ်ဘူး အရင်ကတည်းကလည်း ကြည့်ကောင်းတဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူး”
ချင်းလီ ၏ မျက်ဆံများ ကျယ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်သွားခဲ့သည်။
ချင်းလီ၏ ညင်သာသည့် ရဲ့လော့ယီသည် သူ့ကို ထိုသို့စကားမျိုး ပြောလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးချေ။
“ရှင့်လို သုံးပြီးသား ပုပ်ပွနေတဲ့ သခွားသီးတစ်လုံးကို ကျွန်မက စောင့်နေမယ်လို့ ထင်နေတာလား"
ရဲ့လော့ယီက လှောင်ပြောင်လိုက်သည်။ သူမ၏ မျက်နှာသည် ယခင်အတိုင်းပင် ဖြူစင်သန့်ရှင်းနေသော်လည်း သူမ၏ အပြုံးသည် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ရှင် ကျွန်မကို ဆယ်နှစ်ကြာအောင် ချစ်ခဲ့တယ်လို့ ပြောတယ်၊ ဒါပေမယ့် အဲဒီဆယ်နှစ်အတွင်းမှာ ရှင်က တခြားမိန်းကလေးတွေနဲ့ အိပ်ခဲ့တယ်ပေါ့၊ ရှင်သာ ကျွန်မအပေါ် တကယ်သစ္စာရှိခဲ့ရင် ကျွန်မ ရှင့်ကို လေးစားမိမှာပဲ ဒါပေမယ့် အခု ရှင်က ဘာလဲ၊ ကိုယ့် စိတ်ဆန္ဒတွေကိုတောင် မထိန်းချုပ်နိုင်တဲ့ တိရစ္ဆာန်တစ်ကောင်ပဲ"
ချင်းလီသည် အသက်ရှူရန် လေပြတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရဲ့လော့ယီ၏ စကားများသည် သူ၏ နှလုံးသားအား ထိုးဖောက်ဝင်ရောက်နေသည့် အပ်များလိုပင်။
"လော့ယီ အဲလိုမဟုတ်ဘူး... ငါ မင်းကို အရမ်းချစ်ခဲ့လို့ပါ..."
"ကျွန်မကို ချစ်တယ်၊ ရှင်ကလား၊ ရှင်နဲ့ မထိုက်တန်ဘူး!"
ရဲ့လော့ယီ၏ အကြည့်သည် ချင်းလီ၏ မျက်နှာမှ ခြေထောက်များအထိ ကြည့်ရှူလိုက်ပြီး ထို့နောက်တွင် သူ့နှလုံးသားအား ထပ်မံထိုးနှက်လိုက်သည့် လှောင်ပြောင်ရယ်မောသံ ထပ်မံထွက်လာခဲ့ပြန်သည်။
ချင်းလီအား စိတ်ရှည်သည်းခံမှု မရှိတော့သည့် ရဲ့လော့ယီသည် လှည့်ထွက်သွားကာ ပေယွဲ့ပိုင်ထံသို့ တစ်ချက်မျှ ပြန်လှည့်မကြည့်ဘဲ လျှောက်သွားခဲ့သည်။
"လော့ယီ လော့ယီ!"
ချင်းလီတစ်ယောက် ရူးသွပ်သွားပြီး ရဲ့လော့ယီထံသို့ ပြေးလိုက်သည်။
ရဲ့လော့ယီသည် ပေယွဲ့ပိုင်၏ ရင်ခွင်ထဲသို့ အလျင်အမြန် ပြေးဝင်လိုက်သည်။
"အဲဒီလူက အရမ်းကြောက်စရာကောင်းတာဘဲ"
“သူ့ကို ဒီကနေ မောင်းထုတ်လိုက်ကြစမ်း!”
ပေယွဲ့ပိုင်သည် လုံခြုံရေးများကို အမိန့်ပေးလိုက်သည်။
လုံခြုံရေးလေးယောက် ပြေးလာပြီး ချင်းလီအား ဖိချကာ မြေအောက် ကားပါကင်ထဲမှ ဆွဲခေါ်ထုတ်သွားခဲ့သည်။
သူ့ကို ခေါ်ဆောင်သွားစဉ် ချင်းလီသည် " လော့ယီ ကိုယ် မင်းကို တကယ်ချစ်တာပါ တကယ်ချစ်တာပါ!" ဟု အဆက်မပြတ်အော်နေခဲ့သည်။
ရဲ့လော့ယီသည် ဒဏ်ရာရထားသည့် ယုန်လေးတစ်ကောင်လိုပင် ပေယွဲ့ပိုင်၏ ရင်ခွင်ထဲ၌ ခိုဝင်နေခဲ့သည်။ မျက်ရည်များသည် သူမမျက်နှာပေါ်တွင် စီးကျနေခဲ့ပြီး တိုးတိုးလေး ရှိုက်ငိုနေခဲ့သည်။
"ကျွန်မက ချင်းလီနဲ့ စကားပြောချင်ရုံသက်သက်ပါ၊ ရှမော့မော့နဲ့ တခြားသူတွေကို တောင်းပန်ဖို့ သူ့ကို စည်းရုံးချင်ခဲ့တာ၊ သူ ဒီလိုရူးသွားမယ်လို့ မထင်ထားခဲ့ဘူး..."
ပေယွဲ့ပိုင်သည် သူမ၏ ကျောကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"လော့ယီ မင်းက အရမ်းကြင်နာတတ်တာပဲ"
ဇိမ်ခံ ပင်လယ်ကမ်းစပ်တိုက်ခန်းတစ်ခုတွင် ကျုံချင်းယွီတစ်ယောက်သည် နောက်တစ်နေ့ စောစောထရမည်ဖြစ်၍ အိပ်ပျော်နေခဲ့ပြီ။
ယန်ရှီသည် စာကြည့်ခန်းထဲ၌ The Bottom Line ဇာတ်ကားထုတ်လုပ်ရေးနှင့် ပတ်သက်သည့် ကိစ္စများကို ဆောင်ရွက်နေစဉ် ချင်းလီနှင့် ပတ်သက်သည့် system၏ တင်ပြချက်အား နားထောင်နေခဲ့သည်။
[Host ရှမော့မော့ ဟိုင်မြို့ကနေ ထွက်သွားပါပြီ!]
[သူမ ငယ်ငယ်တုန်းက မိဘတွေ ကွာရှင်းခဲ့ကြပြီး အဘွားနဲ့ ကြီးပြင်းခဲ့တာပါ အခုတော့ အဘွားဆီ ပြန်သွားပါပြီ~]
ဝတ္ထုထဲတွင် ရှမော့မော့၏ မိသားစုနောက်ခံအကြောင်းကို ဖော်ပြထားခြင်းမရှိသော်လည်း system သည် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်သည့် စွမ်းရည်များကို အသုံးချကာ သူမ၏ တည်နေရာကို ရှာဖွေတွေ့ရှိသည်။
"သူမ ကလေးကို ထားမယ်ထင်တယ်" ဟု ယန်ရှီတစ်ယောက် တွေးလိုက်သည်။
[သေချာတာပေါ့!] စနစ်က အသံပြုလိုက်သည်။
[ရှမော့မော့ မူကြိုပညာရေးကို အဓိကယူခဲ့တာပါ၊ သူမက ကလေးတွေကို ချစ်တယ်!]
[ဝတ္ထုထဲမှာ ချင်းလီက ရှမော့မော့ကို ကိုယ်ဝန်ဖျက်ချခိုင်းပြီး နေရာလဲတဲ့ အခြေအနေတစ်ခုလုံးကို သူမ သိသွားတဲ့နောက်မှာ သူတို့ လမ်းခွဲခဲ့ကြတယ်၊ နှစ်အနည်းငယ်ကြာတော့ ရှမော့မော့က နာမကျန်းဖြစ်ပြီးတော့ သေသွားခဲ့တယ်]
[ဒါပေမယ့် အခု ရှမော့မော့ ချင်းလီကို ထားခဲ့ပြီဆိုတော့ သူ့ကလေးနဲ့အတူ ပိုကောင်းတဲ့ဘဝကို နေနိုင်မှာပါ၊ အိမ်ရှင် ရှမော့မော့ရဲ့ ကံကြမ္မာကို မင်း ပြောင်းလဲပေးခဲ့ပြီ~]
ယန်ရှီ တစ်ယောက် ခေတ္တခဏမျှ စဉ်းစားလိုက်သည်။
"ငါက ရှမော့မော့ရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့တာ မဟုတ်ပါဘူး၊ သူမကို အမှန်တရားကို ပြောပြခဲ့တာ သူမကိုယ်တိုင်ပဲ သူ့ကိုယ်သူ ကယ်တင်ခဲ့ပြီး အဲဒီတွင်းနက်ကြီးထဲကနေ တက်လှမ်းခဲ့တာ"
ဝတ္ထုထဲတွင် အဓိကဇာတ်ကောင်များမှတစ်ပါး အခြားလူများသည် ကိရိယာများ သက်သက်သာဖြစ်သည်။
သို့သော် ယန်ရှီ၏ မျက်လုံးထဲတွင် ထိုလူများသည်လည်း တွေးခေါ်ခံစားတတ်သည့် လူများဖြစ်သည်။ ယန်ရှီသည် သူတို့၏ ကံကြမ္မာကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။ သူမသည် ရွေးချယ်စရာများကိုသာ ပေးနိုင်သည်။ မိမိကိုယ်တိုင် ပြောင်းလဲနိုင်သူ သို့မဟုတ် ကယ်တင်နိုင်သည့်သူများသည် တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များသာ ဖြစ်သည်။
ချင်းလီ၏ အခြေအနေသည် အွန်လိုင်းပေါ်တွင် ရက်ပေါင်းများစွာ ဆက်၍ လွှမ်းမိုးနေခဲ့သည်။ အင်တာနက်သုံးစွဲသူများသည် ချင်းလီအား မညှာမတာ ဝေဖန်နေကြချိန် သူတို့သည် "The Bottom Line" ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ ပေါက်ကြားခဲ့သည့် ပထမဇာတ်ညွှန်း သုံးပိုင်းအား အကြိမ်ကြိမ် ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။
[ရှောင်းယွီရဲ့ ဇာတ်ညွှန်းရေးတဲ့ စကေးကတော့ မယုံနိုင်စရာပဲ! ရိုက်ကူးရေးစရသေးတာတောင် မဟုတ်ဖူး ပထမသုံးပိုင်းကို ဖတ်ရုံနဲ့တင် အရမ်းတွေစိတ်လှုပ်ရှားနေပြီ]
[ ပိုပြောတာ မဟုတ်ပါဘူး "The Bottom Line" က ကျွန်တော် ဖတ်ဖူးသမျှ ဇာတ်ညွှန်းတွေထဲမှာ အကောင်းဆုံးပဲ!]
[ကျန်းတုံ မင်း ဒါကို ပရမ်းပတာ မလုပ်မိစေနဲ့ ငါတို့ မင်းဆီ လာခဲ့မယ်!]
[ကျန်းတုံ ဘယ်တော့ ရိုက်ကူးရေးစမှာလဲ ငါတော့ မစောင့်နိုင်တော့ဘူး!]
[ရှောင်းယွီရဲ့ ကွန်ပျူတာထဲကို ဝင်ပြီး ကျန်တဲ့ ဇာတ်ညွှန်းကို ဖတ်ချင်လိုက်တာ၊ ရှန်ဖေးဘာဖြစ်သွားမှာလဲ အား ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ]
ကျန်းတုံနှင့် ရှောင်းယွီသည် ယခုဆိုလျှင် လူသိများပြီးသားဖြစ်ပြီး လူအများအပြားသည် သူတို့၏ လက်ရာများကို မြင်တွေ့ချင်နေကြသည်။ သူတို့နှစ်ဦး၏ ပရောဂျက်အသစ်များ မထွက်သေးသည့်အတွက် ပရိသတ်များသည် ရှန့်ရှင်းဟယ်၏ "The Bottom Line" အစမ်းသရုပ်ဆောင်ထားသေယ ဗီဒီယိုအား အကြိမ်ကြိမ် ပြန်ကြည့်နေခဲ့ကြသည်။
[ရိုးရိုးသားသားပြောရရင် ရှန့်ရှင်းဟယ်ရဲ့ သရုပ်ဆောင်တာက အံ့မခန်းပဲ]
[ဇာတ်ညွှန်းနဲ့ ဒီအစမ်းသရုပ်ဆောင်တာကို ယှဉ်ကြည့်လိုက်ရင် ရှန့်ရှင်းဟယ်က ရှန်ဖေး ဇာတ်ရုပ်ကို ပြီးပြည့်စုံအောင်ကို သရုပ်ဖော်ထားတာ]
[သူ့ထက် ပိုသင့်တော်တဲ့သူကို ငါတော့ မစဉ်းစားနိုင်တော့ဘူး၊ သူ့ရုပ်ရည်ရော သရုပ်ဆောင်စွမ်းရည်ရော အားလုံးက ကွက်စတိပဲ]
[ရှန်ဖေးကာရိုက်တာက ဒါရိုက်တာကျန်းများ ရှန့်ရှင်းဟယ်အတွက် သီးသန့်လုပ်ပေးထားတဲ့ ဇာတ်ကောင်တစ်ခုလို့တောင် တွေးနေမိပြီ၊ ဘယ်လိုလုပ်ပြီး နာမည်သိပ်မရှိသေးတဲ့ လူတစ်ယောက်က ဒီလောက် ပြောင်မြောက်တဲ့ အနုပညာစွမ်းရည်ကို ပေးနိုင်ရတာလဲ]
[သူ့ရဲ့ တခြားဇာတ်ကောင်တွေကို သွားရှိုးလိုက်၊ သရုပ်ဆောင်စွမ်းရည်တွေက တကယ် အထင်ကြီးစရာပဲ]
အနုပညာလောက၌ တစ်ညတည်းနှင့် နာမည်ကြီးသွားခြင်းသည် ဒဏ္ဍာရီတစ်ခုမဟုတ်ချေ။ မျက်နှာတစ်ခု၊ ဇာတ်ကွက်တစ်ကွက်၊ သီချင်းတစ်ပုဒ်ဖြင့် အမှန်ပကတိ အရည်အချင်းရှိသူတစ်ယောက်သည် ပရိသတ်၏ အာရုံစိုက်မှုအား ရရှိရန် မိနစ်အနည်းငယ်လောက်သာ လိုအပ်ပေသည်။ ရှန့်ရှင်းဟယ်သည် ယခုအချိန်ထိ လူတိုင်းသိလာသည့် နာမည်တစ်ခု မဟုတ်သေးသော်ငြားလည်း သူသည် ယခင်ကလောက် မှေးမှိန်နစ်မြုပ်နေသည့် သရုပ်ဆောင်တစ်ယောက် မဟုတ်တော့ချေ။
တစ်နေ့တွင် ဝူလျောင်သည် အင်တာနက်ပေါ်၌ အတင်းအဖျင်းများကို ရှာဖွေကြည့်ရှုနေစဉ် ရှန့်ရှင်းဟယ်၏ ပရိသတ်အဖွဲ့တစ်ခုကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ အဖွဲ့သည် သိပ်မကြီးသော်လည်း ရှန့်ရှင်းဟယ်အား အမှန်တကယ် နှစ်သက်မြတ်နိုးကြသည့် ပရိသတ် အနည်းငယ် ရှိနေခဲ့သည်။ ရှန့်ရှင်းဟယ်၌ ပိုင်တုရှာဖွေရေးစာမျက်နှာ မရှိသည့်အတွက် ပရိသတ်များသည် သူတို့ ကိုယ်တိုင် ဖန်တီးပေးခဲ့ကြသည်။ ရှန့်ရှင်းဟယ်၏ ယခင်က လက်ရာများကို မသိကြသည့်အတွက် သူ့ကို သီးသန့်မက်ဆေ့ခ်ျ ပို့ထားကြပြီး သူပေးထားသည့် ပရောဂျက်စာရင်းကို ထုတ်ဖော်ခဲ့ကြသည်။
ရှန့်ရှင်းဟယ် ပေးပို့လာသည့် ရုပ်ရှင်စာရင်း နှစ်မျက်နှာစာကို ပရိသတ်များ မြင်တွေ့လိုက်ရသည့်အခါ သူ မည်မျှအထိ ရောက်ရှိလာခဲ့သည်ဆိုသည်ကို သဘောပေါက်သွားကြသည်။ အောင်မြင်မှုဆိုသည် တစ်ညတည်းနှင့် ဖြစ်လာခြင်း မဟုတ်ပါပေ။ ရှန့်ရှင်းဟယ်သည် အရည်အချင်းရှိသော်လည်း သူသည် မွေးရာပါ သရုပ်ဆောင်တစ်ယောက် မဟုတ်ခဲ့ပေ။အစ၌ ခက်ခဲသော အခြေအနေများမှ ယနေ့၌ ယုံကြည်မှုရှိသော ဇာတ်ကောင်ပေါင်းများစွာကို သရုပ်ဆောင်ပြီးခဲ့လေသည်။
[ရှန့်ရှင်းဟယ်ရဲ့ ဇာတ်ဝင်ခန်းတွေ စုစည်းထားတာကို Fan တစ်ယောက်က တင်ထားတာ၊ ကြည့်ပြီး ကျွန်မ ငိုပါ ငိုမိတယ်…]
[သူ ဇာတ်ကောင်တွေ အများကြီး သရုပ်ဆောင်ခဲ့တာ၊ အရံအနေနဲ့တောင် သရုပ်ဆောင်ခဲ့ဖူးတယ်]
[ရှန့်ရှင်းဟယ်အတွက် "The Bottom Line" ကို ရဖို့က မလွယ်ပေမယ့် ရှန်ဖေးအဖြစ် သူ့ရဲ့ ပုံဖော်မှုတွေက ကြိုးစားအားထုတ်မှုကို သက်သေပြနေတာပဲ]
[ကျုံချင်းယွီကို ဒီလောက် တစ်ခါမှ ကျေးဇူးမတင်ဖူးဘူး]
[လူတွေက ကျုံချင်းယွီနဲ့ အလုပ်လုပ်ရတာ လက်ပေါက်ကပ်တယ်လို့ ပြောကြပေမယ့် ငါကတော့ သူ့ကို တကယ်ကြိုက်တယ်၊ သူ့သူငယ်ချင်းတွေအပေါ် အရမ်းကောင်းတာဘဲ ဒီတစ်ခေါက်လည်း ကျန်းတုံနဲ့ ရှန့်ရှင်းဟယ် နှစ်ယောက်စလုံးကို ကူညီခဲ့တာ]
[ကျုံချင်းယွီက နည်းနည်းတော့ မာနကြီးနိုင်တယ်၊ ဒါပေမယ့် ဘာဖြစ်လဲ ရှန့်ရှင်းဟယ်ဒီနေ့ ဒီနေရာကို ရောက်လာရတာ သူ့ကြောင့်ပဲ၊ သူတို့နှစ်ယောက်စလုံး အနုပညာလောကမှာ ဆက်ပြီး တောက်ပနေနိုင်ပါစေလို့ မျှော်လင့်တယ်]
ရက်အနည်းငယ်ကြာပြီးနောက် "The Bottom Line" ရုပ်ရှင်ရိုက်ကူးမှုစတင်လေတော့သည်။
ဤ မြို့ပြရာဇဝတ်မှုဆန်သည့် တုန်လှုပ်ရင်ဖိုဖွယ်ရာ ဇာတ်လမ်းတွဲသည် (၁၂) ပိုင်း ပါရှိပြီး ပထမအပိုင်းတစ်ဝက်အား ဟိုင်မြို့တွင် ရိုက်ကူးမည်ဖြစ်ကာ နောက်ပိုင်း ဇာတ်ဝင်ခန်းအချို့အား ပြင်သစ်၌ ရိုက်ကူးမည် ဖြစ်သည်။ ရှန့်ရှင်းဟယ် ရိုက်ကွင်းသို့ ရောက်လာသည့်အချိန်တွင် သူသည် အနည်းငယ် ထိုင်းမှိုင်းနေဆဲပင်။
ယခင်က အရံအဖြစ် သရုပ်ဆောင်စဉ်တွင် သူသည် ဝန်ထမ်းများမှ ပံ့ပိုးပေးသည့် နေရာထိုင်ခင်းများကို မရရှိခဲ့ဘဲ ဟိန်တျန်းအနီး၌ နေရာတစ်ခု ငှားရမ်းနေထိုင်ခဲ့ရသည်။ ယခုတွင် ဟိုတယ်၌ တည်းခိုရပြီး ဝန်ထမ်းများကပင် လာရောက်၍ အိပ်ရာနှိုးပေးသည်များကို နေသားမကျသကဲ့သို့ ခံစားနေခဲ့ရသည်။
ရှန့်ရှင်းဟယ်တစ်ယောက် ရိုက်ကွင်းအား ရောက်သည်နှင့် တစ်စုံတစ်ယောက်က သူ၏ နာမည်ကို ရုတ်တရက် ခေါ်လိုက်သည်။ ရှန့်ရှင်းဟယ်၏ ရင်ထဲ၌ ဒိန်းကနဲ ဖြစ်သွားသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ ဆိုရှယ်မီဒီယာ၌ မကောင်းသည့် အကြောင်းအရာများနှင့် နာမည်ကြီးနေစဉ် လမ်းပေါ်တွင် သူ့နာမည်အား တစ်စုံတစ်ယောက်က ခေါ်ခဲ့ဖူးသည်။ ရှန့်ရှင်းဟယ် မော့ကြည့်လိုက်သည့်အခါ ရေသန့်ဘူးတစ်ဘူးနှင့် ပစ်ပေါက်ခံလိုက်ရပြီး သူ့နဖူးတွင် အနီကွက်ကြီးတစ်ကွက်ပင် ကျန်ခဲ့သေးသည်။ ဤအချိန်၌ သူ့နာမည်ခေါ်သံကို ကြားရသည့်အခါ ရှန့်ရှင်းဟယ်သည် မသိစိတ်ထဲမှ တွန့်ဆုတ်သွားသည်။
သို့သော်် ရှန့်ရှင်းဟယ် မော့ကြည့်လိုက်သည့်အခါ သူ့ပုံပါသည့် ပန်ကာများကို ဝှေ့ယမ်း၍ ပျော်ရွှင်စွာ လက်ပြနေကြသည့် မိန်းကလေး (၇) ယောက် (၈) ယောက်လောက်အား မြင်လိုက်ရသည်။
"ရှန့်ရှင်းဟယ် ရှန့်ရှင်းဟယ်!"
"အားးးး! ယောင်္ကျား အရမ်းချောတာပဲ! ယောင်္ကျား ဒီဘက်ကို ကြည့်သွားတယ်! အားးးး၊ ငါ သေတော့မှာပဲ!"
"အသိစိတ်ပြန်ဝင်စမ်း မသေနဲ့ဦး နင့်ရဲ့ ယောင်္ကျား လာနေပြီ!"
ရှန့်ရှင်းဟယ်သည် ပရိသတ်အဖွဲ့ထံသို့ လျှောက်သွားခဲ့သည်။
"မင်းတို့က... ကျွန်တော့်ရဲ့ ပရိသတ် တွေလား”
"ဟုတ်တယ် ဟုတ်တာပေါ့!"
အသံအကျယ်ဆုံး မိန်းကလေးမှာ ရှေ့သို့ထွက်လာသည်။
"ယောင်္ကျား ယောင်္ကျား! လက်မှတ်လေးများ ထိုးပေးနိုင်မလား”
ရှန့်ရှင်းဟယ်၏ ဖြူစင်သည့် ပါးပြင်များ ချက်ချင်းဆိုသလို နီရဲသွားခဲ့သည်။ ဟိန်တျန်းမှာ ရှိနေခဲ့စဉ်က မိန်းကလေးများသည် သူတို့၏ Idol များကို “ယောင်္ကျား" ဟု ခေါ်သံကို သူ မကြာခဏ ကြားဖူးသော်လည်း သူ့အပေါ်၌ မည်သို့မျှ သက်ရောက်မှု မရှိခဲ့လေပေ။ ယခု သူ့ကို တိုက်ရိုက်ခေါ်နေသံများ ကြားလိုက်ရသည့်အခါ သူ့နားရွက်များသည် နီရဲတွတ်နေခဲ့သည်။
"...ဟုတ်ကဲ့"
ရှန့်ရှင်းဟယ်သည် တိုးတိုးလေး ပြန်ဖြေကာ ပရိသတ်များအတွက် လက်မှတ်များ အမြန်ထိုးပေးလိုက်သည်။
ရှန့်ရှင်းဟယ်၏ သွယ်လျသည့် လက်ချောင်းလေးများနှင့် အာရုံစူးစိုက်နေသည့် မျက်နှာကို ကြည့်ရင်း မိန်းကလေးများသည် သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
"သူ ရှက်လို့ မျက်နှာကြီးနီရဲနေပြီ!"
"သူ့ကို 'ယောက်ျား' လို့ ထပ်ခေါ်လိုက် သူ့မျက်နှာ ပိုနီရဲလာမယ်ထင်တယ်!"
"သူ့အသားအရေက ဘာမှ အပြစ်ပြောစရာ မရှိဘူး၊ Screen ပေါ်မှာ မြင်ရတာထက် ကိုယ်တိုင် မျက်လုံးနဲ့ မြင်ရတာက ပိုကြည့်ကောင်းနေသေးတယ်၊ သူ့ပါးလေးတွေကို ဆွဲညှစ်ချင်လိုက်တာ!"
ရှန့်ရှင်းဟယ်သည် လက်မှတ်ထိုးပြီးသည့်နောက် ထိုးပြီးသား အမှတ်တရလက်မှတ်များကို ပရိသတ်များထံ ပြန်၍ ပေးလိုက်သည်။
"ဒါတွေက မင်းတို့ ကိုယ်တိုင် လုပ်ထားတာလား"
သူသည် Fan Card များကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
ပရိသတ်များက စိတ်အားထက်သန်စွာ ခေါင်းညိမ့်လိုက်ကြသည်။
"ဟုတ်တယ် ဟုတ်တယ်၊ ကျွန်မတို့က အထူးဆိုင်မှာ သွားထုတ်ထားတာ အရမ်းမိုက်တယ်မလား”
ရှန့်ရှင်းဟယ်က ခေါင်းညိမ့်လိုက်သည်။
"တစ်ခုလောက် ရနိုင်မလား"
ပရိသတ်များ၏ မျက်လုံးများ တောက်ပသွားပြီး တစ်ယောက်သည် သူမ၏ အိတ်ထဲမှ အသေးစိတ်လုပ်ထားသော Fan Card တစ်ခုကို အလျင်အမြန် ထုတ်ပေးလိုက်သည်။
"ရော့ ဒီမှာ!"
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်၊ သဘောကျတယ်ဆိုရင် ရပါပြီ"
Fan Card ကို သိမ်းဆည်းပြီးနောက် ရှန့်ရှင်းဟယ်သည် မိန်းကလေးများကို ကြည့်ကာ အလေးအနက်ထား၍ ပြောလိုက်သည်။
"မင်းတို့ရဲ့ ကျွန်တော့်အလုပ်အပေါ် ထောက်ပံ့ပေးမှုက ဒီလောက်နဲ့တင် လုံလောက်နေပါပြီ၊ ဒီလို နေပူပူကြီးထဲ ရိုက်ကွင်းကို လာရတာ အရမ်းပင်ပန်းရမှာ"
"ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ"
ပရိသတ်ခေါင်းဆောင်မှ ခိုင်မာသည့် လေသံဖြင့် ပြောလိုက်သည်။
"ကျွန်မတို့က ပရိသတ်ဓာတ်ပုံသမားတွေ နောက်ကျ လူတိုင်းကို ပြဖို့ ဓာတ်ပုံတွေ ရိုက်ရမယ်၊ ရာသီဥတုကလည်း သိပ်မဆိုးပလှါဘူး သစ်ပင်အောက်မှာ အရိပ်ရှာပြီး နေလိုက်ရုံဘဲလေ"
ရှန့်ရှင်းဟယ်သည် ခေတ္တ စဉ်းစားပြီးနောက် သူ၏ ကျောပိုးအိတ်ထဲမှ နေကာထီးတစ်ချောင်းနှင့် နေရောင်ကာလိမ်းခရင်ကို ထုတ်လိုက်သည်။
"နေမလောင်အောင်လုပ်ကြ"
သူသည် ထီးကို ပရိသတ်များအား ပေးရင်း ပြောလိုက်သည်။ နေရောင်ကာလိမ်းခရင်ကို ပေးရန် တုံ့ဆိုင်းနေခဲ့သည်။ အသုံးပြုပြီးသားတစ်ဝက် ဖြစ်နေသည်ကို သတိထားမိသည့်အခါ ပေးရန် မသင့်တော်လှဟု ခံစားမိသည်။ သို့သော် ပရိသတ်များ၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။
"ယောက်ျား ဒါက ကျွန်မကို ပေးတာလား၊ သုံးပြီးသားဖြစ်နေလည်း ကိစ္စမရှိပါဘူး"
ရှန့်ရှင်းဟယ် နေရောင်ကာလိမ်းခရင်အား ကမ်းပေးလိုက်သည့်အခါ တစ်ဖန် သူ့ပါးပြင်များ နီရဲလာလေသည်။
ရိုက်ကူးရေး ပထမဆုံးနေ့သည် ပရောဂျက်အောင်မြင်ပါစေကြောင်း ဆုတောင်းပွဲနှင့် စတင်ခဲ့သည်။ ယင်းသည် ရိုက်ကွင်း၌ ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်သော်လည်း ရှန့်ရှင်းဟယ်သည် ယခင်က အရံအဖြစ်သာ သရုပ်ဆောင်ဖူးခဲ့သဖြင့် တစ်ကြိမ်တစ်ခါမျှ မပါဝင်ဖူးသေးပေ။ သူသည် ဤလုပ်ငန်းစဉ်တစ်ခုလုံးအား စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရပြီး ကျန်းတုံနှင့်အတူ ထုံးတမ်းစဉ်လာများကို လိုက်နာခဲ့သည်။
ထို့နောက် ပြင်းထန်သည့် ရိုက်ကူးရေး အချိန်ဇယားများ စတင်ခဲ့သည်။ ကျန်းတုံသည် ရိုက်ကွင်း၌ နာမည်ကြီးလောက်အောင် တင်းကြပ်သူတစ်ယောက်ဖြစ်သည်။ အကောင်းဆုံးကိုသာလိုချင်သူနှင့် ကန်ရာသီဖွားဖြစ်သဖြင့် ကျန်းတုံသည် အသေးစိတ်ကျပြီး တောင်းဆိုမှုများကာ သူ၏ စံနှုန်းများနှင့် မကိုက်ညီရင် ဇာတ်ဝင်ခန်းများကို မကြာခဏ ပြန်ရိုက်တတ်သည်။ ယခင်က ကျန်းတုံနှင့် အလုပ်လုပ်ဖူးသည့် သရုပ်ဆောင်အများအပြားသည် သူ၏ မဆုတ်မနစ် အကောင်းဆုံးကိုသာ ဖမ်းဆုပ်မှုကို တွေးမိတိုင်း ငြီးတွားကြသည်။
ရှန့်ရှင်းဟယ်၏ အလှည့်ရောက်သည့်အခါ လူတိုင်းသည် အကြိမ်ရေများစွာ ပြန်ရိုက်ရလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျန်းတုံနှင့်ဆိုလျှင် အကြိမ်အကြိမ်အခါခါ ပြန်ရိုက်ရခြင်းသည် ပုံမှန်ပင်။
ပထမဆုံး ဇာတ်ဝင်ခန်းသည် ရှန်ဖေး၏ ရဲအုပ်အဖြစ် ရှိနေစဥ် အချိန်ဖြစ်သည်။ ၎င်းသည် ပထမဆုံးအပိုင်း၏ အဖွင့်ဇာတ်ဝင်ခန်းဖြစ်ပြီး ဇာတ်ကောင်အား သရုပ်ဖော်ရန်နှင့် ပရိသတ်အား ဆွဲဆောင်နိုင်ရန်က အရေးကြီးသည်။ ပထမဆုံး ဇာတ်ဝင်ခန်းသည် အမြဲတစေ စိန်ခေါ်မှုရှိသည်။ အဘယ်ကြောင့်ဆိုလျှင် သရုပ်ဆောင်များသည် သူတို့ သရုပ်ဆောင်မည့် ဇာတ်ကောင်၏ သဘောသဘာဝကို အပြည့်အဝ နားလည်မှုမရှိသေးသောကြောင့်ဖြစ်သည်။
ကျန်းတုံမှ "အက်ရှင်" ဟု အော်လိုက်သည်နှင့် ရှန့်ရှင်းဟယ်သည် သူ၏ ဇာတ်ကောင်ထဲသို့ ချက်ချင်း ပြောင်းလဲဝင်ရောက်သွားခဲ့သည်။ ရှက်တတ်သည့် သရုပ်ဆောင်ပုံစံ ပျောက်ကွယ်သွားခဲ့ကာ ခိုင်မာပြတ်သားပြီး ထက်မြက်သည့် ရဲအုပ်တစ်ယောက်အဖြစ် အစားထိုးဝင်ရောက်လာခဲ့သည်။
သူ၏ လှုပ်ရှားမှုများသည် လျင်မြန်ပြီး ရာဇဝတ်သားကို ဖမ်းဆီးသည့်ဟန်သည် ချောမွေ့နေခဲ့သည်။ သူ၏ အဖွဲ့အား ပြောဆိုသည့် လေသံသည် တည်ငြိမ်ကာ အမိန့်ပေးသည့်အသံထွက်နေခဲ့သည်။
"အဖွဲ့ A ငါနဲ့အတူ သူတို့ရဲ့ အခြေစိုက်စခန်းထဲကို လိုက်ခဲ့၊ အဖွဲ့ B က ပတ်ပတ်လည်ကနေ စလိုက် ငါတို့ သူတို့ကို နှစ်ဖက်လုံးကနေ ဝိုင်းထားမယ်!"
"ဟုတ်ကဲ့ ဆရာ!"
အရာရှိနှစ်ဖွဲ့သည် လျင်မြန်စွာ ရွေ့လျားပြီး ရာဇဝတ်သားများ ပုန်းခိုရာနေရာသို့ နှစ်ဖက်စလုံးမှနေ၍ ဖောက်ထွင်းဝင်ရောက်ခဲ့ကြသည်။ သူတို့၏ မျက်လုံးများသည် ပြတ်သားနေခဲ့ပြီး ကြောက်ရွံ့မှု အရိပ်အယောင် ကင်းမဲ့နေခဲ့သည်။ ပြင်းထန်သည့် တိုက်ပွဲအပြီးတွင် သူတို့သည် ရာဇဝတ်သားများ၏ ပုန်းခိုရာနေရာအား အောင်မြင်စွာ ဝိုင်းရံနိုင်ခဲ့ကြသည်။
"Cut!"
ကျန်းတုံ၏ အော်သံနှင့်အတူ ပထမဆုံးဇာတ်ဝင်ခန်း ပြီးဆုံးသွားခဲ့သည်။ လူတိုင်းသည် ဇာတ်ဝင်ခန်း၏ ပြင်းထန်မှုထဲ၌ နစ်မြောနေကြဆဲပင်။ ကျန်းတုံသည် နောက်ထပ် ရှုထောင့်အား ပြောင်းရိုက်ကြမည်ဟု ကြေညာလိုက်သည့်အခါမှ သူတို့သည် ပထမဆုံး ဇာတ်ဝင်ခန်းအတွက် တစ်ကြိမ်မှ ပြန်ရိုက်ခြင်း မရှိခဲ့ခြင်းကို သဘောပေါက်သွားခဲ့ကြသည်။
"လူငယ်မျိုးဆက်တွေက တကယ်ကို အထင်ကြီးစရာပဲ" ဟု လူကြီးသရုပ်ဆောင်တစ်ယောက်မှ မှတ်ချက်ပေးလိုက်သည်။
နံနက်ပိုင်း ရိုက်ကူးရေးသည် အဆင်ပြေချောမွေ့ခဲ့ပြီး ထင်ထားသည်ထက် ပြန်ရိုက်ရသည်မှာ နည်းပါးခဲ့သည့်အတွက် လက်ထောက်၏ စီမံချက်ထက် စောကာ အချိန်ပိုရခဲ့သည်။ နေ့လယ်စာစားရန် အချိန်ပိုပင် ရခဲ့သည်။
ရှန့်ရှင်းဟယ်တစ်ယောက် နားနေခန်းထဲသို့ ဝင်ရောက်လာသည်နှင့် အေးဂျင့်အများအပြားသည် သူ့ထံသို့ ပြေးလာကြသည်။
"ရှန့်ရှင်းဟယ် သဘောတူစာချုပ် မချုပ်ရသေးဘူး မဟုတ်လား၊ ကျန်းဟယ်မီဒီယာ ဆိုရင်ရော ဘယ်လိုလဲ"
"ရုံလျင်းမီဒီယာ ကိုလာပါ၊ ကျွန်မတို့ A အဆင့်စာချုပ် ချုပ်ပေးပါ့မယ်"
"ထျန်းဟွေ့ကို လာခဲ့ပါ၊ ကျွန်တော်တို့က ဒီလောကမှာ အကြီးဆုံး အေဂျင်စီတွေထဲက တစ်ခုပဲ၊ အရင်းအမြစ်တွေ အများကြီးရှိတာမို့ မင်းကို စိတ်မပျက်စေရပါဘူး"
ရှန့်ရှင်းဟယ်သည် စိတ်ရှုပ်ထွေးသွားခဲ့ပြီး အဖွဲ့သားများကလည်း အေးဂျင့်များကို အမြန်ပိတ်ဆို့လိုက်သည်။ သို့သော် အေးဂျင့်များသည် အလွယ်တကူ အရှုံးမပေးခဲ့ကြချေ။
ရှန့်ရှင်းဟယ်သည် အသက် (၃၀) နီးပါးရှိနေပြီဖြစ်ပြီး အချို့မှ နာမည်ရရန် နောက်ကျနေပြီဟု သတ်မှတ်နိုင်သည့် အသက်ဖြစ်သော်လည်း သူ၏ ရုပ်ရည်၊ သရုပ်ဆောင်စွမ်းရည်နှင့် အရပ်အမောင်း အစအစအရာရာတွင် ထူးချွန်နေခဲ့သည်။ အနုပညာလောကတွင် နောက်ကျ၍ နာမည်ကြီးသူများမှာ မရှားလှပေ။ ဤ အေးဂျင့်များသည်လည်း အရည်အချင်းကို မြင်လျှင် သိကြသည်။
ရှန့်ရှင်းဟယ်သည် အေးဂျင့်များကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်လေး ပေါ်လာခဲ့သည်။ သို့သော် ခဏအကြာ၌ ထို အရိပ်အယောင်လေး ပျောက်ကွယ်သွားခဲ့သည်။
"တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်တော်က အေဂျင်စီတစ်ခုနဲ့ သဘောတူစာချုပ် ချုပ်ထားပြီးသားပါ၊ ဒါကြောင့် တခြားဘယ်သူနဲ့မှ ထပ်ပြီးချုပ်ဆိုမှာ မဟုတ်ပါဘူး"
"ဟမ်"
အေးဂျင့်များ အားလုံး အံ့သြသွားကြသည်။
“စာချုပ် ချုပ်ထားပြီးသားလား၊ ရှင်းယောင်နဲ့တော့ မဟုတ်ပါဘူးနော်"
"ရှင်းယောင်ကို မသွားနဲ့၊ သူတို့က မင်းကို ကူညီခဲ့တာ ဟုတ်ပေမယ့် သူတို့ရဲ့ စီမံခန့်ခွဲမှုက ပရမ်းပတာပဲ၊ သူတို့ရဲ့ အနုပညာရှင်တွေက အနာဂတ် သိပ်မရှိဘူး”
"ရှင်းယောင်နဲ့ မဟုတ်ဘူးမလား”
နောက်ထပ် အေးဂျင့် တစ်ယောက်မှ ထပ်ပြောသည်။
“ချောင်ယန်ကို ကျွန်တော် စောင့်ကြည့်နေတာ၊ သူ့ဆီက ဘာလှုပ်ရှားမှုမှ မမြင်ရသေးဘူး"
"ဒါဆို ဘယ်ကုမ္ပဏီလဲ၊ ချီး သူတို့ အရမ်းမြန်တာပဲ"
ရှန့်ရှင်းဟယ်မှ သဘောတူစာချုပ် ချုပ်ထားပြီးလေပြီဟု ကြားလိုက်ရသည့်အခါ အေးဂျင့်များသည် ရှက်ကိုးရှက်ကန်းနှင့် ထွက်သွားခဲ့ကြသည်။ ရှန့်ရှင်းဟယ်သည် အဖွဲ့သားများက ပေးသည့် နေ့လယ်စာထမင်းဘူးကို စားသုံးကာ နောက်လာမည့် ဇာတ်ဝင်ခန်းများအတွက် ဇာတ်ညွှန်းများကို လေ့ကျင့်နေခဲ့သည်။ သိပ်မကြာခင်တွင် မွန်းတည့်ပိုင်း ရိုက်ကူးရေး အချိန်ရောက်လာခဲ့သည်။
မွန်းတည့်ပိုင်းရိုက်ကူးရေးသည်လည်း နံနက်ပိုင်းလိုပင် ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။ သရုပ်ဆောင်များသည် ပြန်ရိုက်ရခြင်း နည်းခဲ့ပြီး ကျန်းတုံသည်လည်း စိတ်ပူစရာ နည်းခဲ့သည်။ သို့သော် နားချိန်များတွင် ကျန်းတုံသည် ရှန့်ရှင်းဟယ်မှ တစ်ခုခုအား စောင့်မျှော်နေသကဲ့သို့ အနည်းငယ် စိတ်ပြန့်နေသည်ကို သတိထားမိခဲ့သည်။
နေ့လယ် (၄) နာရီတွင် တတိယ ဇာတ်ဝင်ခန်း ပြီးဆုံးခဲ့သည်။
နားချိန်တွင် ရှန့်ရှင်းဟယ်သည် သူ၏ ဇာတ်ညွှန်းများကို လေ့ကျင့်ရာမှ မော့ကြည့်လိုက်ရာ ယန်ရှီသည် ဝင်းလက်နေသည့် သံပုရာဝါရောင် ဘေ့စ်ဘောဦးထုတ်ကို ဆောင်းကာ ဝမ်းသာအားရဖြင့် ရိုက်ကွင်းသို့ လမ်းလျှောက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
"ပထမဆုံး ရိုက်ကူးရေးနေ့မို့လို့ ကျွန်မ အားလုံးကို ဘာဘယ်တီး ဧည့်ခံမယ်!”
ယန်ရှီသည် မကြာသေးခင်က ရေပန်းစားနေခဲ့သည့် ဆိုင်မှ ဘာဘယ်တီးများ အသီးကိတ်မုန့်များနှင့် အခြားမုန့်ပဲသရေစာများ သယ်လာသည့် မုန့်ကား တစ်စီးအား စီစဉ်ပေးခဲ့သည်။
ယန်ရှီသည် ဘာဘယ်တီးနှစ်ခွက်ကို ကိုင်ကာ ရှန့်ရှင်းဟယ်ထံသို့ လျှောက်သွားသည့်အခါ အဖွဲ့သား တစ်ယောက်က တီးတိုးပြောလိုက်သည်။
"ပရိုဂျူဆာ ယန် နောက်ဆုံးတော့ ရောက်လာပြီပဲ၊ နောက်ကျရင်တော့ မစ္စတာရှန့်က တခြားကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ပြီးသွားလောက်ပြီ”
ယန်ရှီ မျက်လုံးများ ပြူးကျယ်သွားသည်။
"ရှင် တခြားကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်လုပ်လိုက်ပြီလား၊ ဘယ်ကုမ္ပဏီလဲ၊ အနုပညာလောကမှာ မသမာတဲ့ ကုမ္ပဏီတွေ အများကြီးပဲ အလိမ်မခံရအောင် သတိထားရမယ်"
ရှန့်ရှင်းဟယ်က ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဘာမှ မချုပ်ရသေးပါဘူး"
ရှန့်ရှင်းဟယ်သည် ခဏရပ်လိုက်ပြီးနောက် စိတ်ရင်းမှန်နှင့် ပြောလိုက်သည်။
"မင်းကို စောင့်နေခဲ့တာ"
သူသည် လူဆိုးဆန်သည့် ရုပ်ရည်ရှိသော်လည်း သူ၏ အပြုံးက စစ်မှန်နေသည်။
ယန်ရှီသည့် လွန်ခဲ့သည့် နှစ်အနည်းငယ်က နာမည်ကြီးခဲ့သည့် ရုပ်ရှင်မင်းသား ရှုမင်ကျီအား ပြန်သတိရမိသည်။ သူသည် ပရိသတ်ပေါင်းများစွာကို ဆွဲဆောင်နိုင်သည့် လူဆိုးချော ချောသည့် မျက်နှာမျိုး ပိုင်ဆိုင်ထားပြီး သူသည် မိန်းမလိုက်စားသူ တစ်ယောက်အဖြစ် နာမည်ကြီးသော်လည်း အကြီးအကျယ် အောင်မြင်မှုကို ရရှိခဲ့သည်ကိုတော့ ရပ်တန့်၍ မရခဲ့ပေ။
သို့သော် ရှန့်ရှင်းဟယ်သည် ချောမောပြီး လူဆိုးဆန်ရုံသာမက သန့်စင်သည့် နှလုံးသားလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပင်။
ဤသို့ ပုံစံမျိုးသည် ဝတ္ထုများထဲ၌တောင် လုံးဝပင် အနိုင်ရသည့် ပုံစံမျိုးပင်။
"ကျွန်မ ဒီနေ့ အရမ်းအလုပ်များနေလို့၊ အခုမှ လာဖို့ အချိန်ရတာ၊ တကယ်တော့ ရှင့်ကို တခြားသူတွေနဲ့ စာချုပ်ချုပ်သွားမှာကို အရမ်းစိုးရိမ်ခဲ့တာ"
ယန်ရှီသည် သူမ၏ အိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်လိုက်သည်။
"ဒါက မမ ချင်ရန်ဆီကနေ ကျွန်မရထားတဲ့ ရှင်းယောင်ရဲ့ B- အဆင့် စာချုပ်ပါ၊ သူတို့ရဲ့ စာချုပ်တွေက အနုပညာရှင်တွေရဲ့ အနေအထားပေါ် မူတည်ပြီး လုပ်ထားတာမလို့ ရှင်ရဲ့ လူကြိုက်များမှု တိုးလာတာနဲ့အမျှ အနာဂတ်မှာ A အဆင့် စာချုပ်ကို မြှင့်တင်ပေးနိုင်လိမ့်မယ်..."
ရှန့်ရှင်းဟယ်သည် စာချုပ်ကို ယူလိုက်ပြီး ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။
"ဟုတ်ကဲ့"
ယန်ရှီတစ်ယောက် မရယ်ဘဲ မနေနိုင်ခဲ့ပေ။
“စာချုပ်ကို အနည်းဆုံး တစ်ချက်လောက်တော့ ကြည့်ပါဦးလား”
ရှန့်ရှင်းဟယ်သည် ဘောပင်တစ်ချောင်းကို ကောက်ယူပြီး စာရွက်စာတမ်း၏ အောက်ခြေ၌ သူ့နာမည်အား လက်မှတ်ထိုးလိုက်သည်။
"မလိုပါဘူး၊ မင်းက ကျွန်တော့်ကို ထိခိုက်အောင် လုပ်မယ့်သူ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်"
ရှန့်ရှင်းဟယ်နှင့် ရှင်းယောင် အောင်မြင်စွာ စာချုပ်ချုပ်ဆိုပြီးသည်နှင့် ကုမ္ပဏီမှ ရှန်ဖေး၏ တရားဝင် ပုံများကို ထုတ်ပြန်ခဲ့သည်။ ယခင်က အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ပုံများသည် ပရိသတ်များ ရိုက်ထားသည့် ပေါက်ကြားပုံများဖြစ်ပြီး ယခုပုံများသည် ကျန်းတုံမှ တရားဝင် ရိုက်ထားသည်များဖြစ်သည်။
ဓာတ်ပုံတစ်ပုံတည်းသာ ဖြစ်ကာ အလင်းသည် ဘောင်ကို ထောင့်ဖြတ်မျဉ်းနှင့် အဖြူအမည်းနှစ်ရောင်ဖြင့် ပိုင်းခြားထားသည်။ တစ်ဖက်တွင် တရားမျှတမှုအား ကိုယ်စားပြုသည့် ရဲစွမ်းသတ္တိရှိကာ ပြတ်သားသော ရဲအုပ်၏ပုံ၊ နောက်တစ်ဖက်တွင် အမှောင်ထုကို ဖော်ဆောင်သည့် ထက်မြက်ပြီး ကောက်ကျစ်သော မူးယစ်ဆေးဝါးရောင်းဝယ်သူ၏ပုံဖြစ်သည်။
တရားမျှတမှုနှင့် ရာဇဝတ်မှုကြားရှိ မျဉ်းပေါ်တွင် လျှောက်လှမ်းနေသည့် မျက်နှာဟန်ပန်က အတူတူပင်။ သို့သော် လုံးဝ ကွဲပြားသည့် စိတ်ခံစားမှုများကို ဖော်ပြနေခဲ့သည်။ သူတို့သည် ဆက်စပ်မှုမရှိသော်လည်း နှစ်ယောက်စလုံးမှာ ရှန်ဖေးဖြစ်သည်။ ပုံများထွက်လာသည်နှင့် ဆိုရှယ်မီဒီယာ၌ လျင်မြန်စွာ နာမည်ကြီးသွားခဲ့သည်။
[အားးး! ရှန်ဖေးက ကျွန်မကို လုံးဝ ဆွဲဆောင်နေတယ်]
[အမှောင်ရှန်ဖေးက အရမ်းကို ညို့ယူဖမ်းစားနိုင်တာပဲ၊ အဲဒီ မချိပြုံးပုံစံ အစမ်းသရုပ်ဆောင်တုန်းက ရှန့်ရှင်းဟယ်ရဲ့ ဒီဘက်ခြမ်းကို မမြင်ခဲ့ရဘူး]
[ရဲမှူး ရှန်ဖေးက တကယ်ကို ဆွဲဆောင်မှုရှိတာဘဲ အဲ့ဒီ့ထိန်းချုပ်ခါးပတ်ကြီးနဲ့ --ကိုယ့်ဟာကိုယ် ပတ်နေမိတယ် ကျွန်မစိတ်တွေလျှောက်တွေးမိကုန်ပြီ]
[ငါ့ရဲ့ ချိုသာတဲ့ ယောက်ျားကို ရိုက်ကွင်းမှာ ခုလေးတင် မြင်ခဲ့ရသေးတယ်၊ အခု ဒါက ကျွန်မကို ကားနဲ့ တိုက်လိုက်သလိုပဲ]
[အမှောင်ရှန်ဖေးရော အလင်းရှန်ဖေးရော ကျွန်မ ယောင်္ကျားတွေပဲ၊ ငြင်းရက်စရာမရှိဘူး]
[ဒီဓာတ်ပုံကို ကြည့်ပြီး ကျန်းတုံကို ရုတ်တရက် နားလည်သွားတယ်၊ အားးး ရှန့်ရှင်းဟယ်ရဲ့ အခြားလက်ရာတွေကို ပိုမြင်ချင်တယ် ပလိစ့် ပလိစ့် ပလိစ့်!]
Weibo ပို့စ်အောက်ရှိ မှတ်ချက်များသည် ပရိသတ်များ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများနှင့် ပြည့်နှက်နေခဲ့သည်။
ယန်ရှီဘေးနားရှိ တောက်ပနေသည့် အလင်းလုံးသည်လည်း အော်ဟစ်နေခဲ့သည်။
[Host ရှင်းဟယ်ကောကောရဲ့ ဒီဓာတ်ပုံက အရမ်းချောတာပဲ သိမ်းထား သိမ်းထား!]
[ဝါးးး ဇာတ်ကောင် ဒီဇိုင်း နှစ်ခုစလုံးက အရမ်းမိုက်တယ် နှစ်ခုလုံးကို ချစ်သွားပြီ၊ ဒီ ဖန်အသိုင်းအဝိုင်းထဲကိုပါ ခုန်ဝင်လိုက်ပြီ ရှင်းဟယ်ကောကောရဲ့ ကလေးတွေကို မွေးပေးချင်တယ်]
စိတ်လှုပ်ရှားနေသော system သည် ကံကောင်းမှုအမှတ် ပြောင်းလဲမှုများကိုပင် ယန်ရှီအား အသိပေးရန် မေ့သွားခဲ့သည်။ ကံကောင်းစွာဖြင့် ယန်ရှီသည် အရေးကြီးသည့် အသိပေးချက် နှစ်ခုအား သူမကိုယ်တိုင် သတိထားမိခဲ့သည်။
[ဒင်! ရှန့်ရင်းဟယ်နဲ့ စာချုပ်ချုပ်လုပ်လိုက်တာကြောင့် ရှင်းယောင်ရဲ့ စွမ်းအား တိုးတက်လာခဲ့တယ်၊ကျုံချင်းယွီရဲ့ ကံကောင်းမှုအမှတ် (၁) တိုးလာပါတယ်]
[ရှန့်ရှင်းဟယ်ရဲ့ လူကြိုက်များမှုတွေ သိသိသာသာ တိုးတက်လာပြီ ကျုံချင်းယွီရဲ့ ကံကောင်းမှုအမှတ်တွေလည်း (၀.၈) တိုးလာခဲ့တယ်၊ လက်ရှိကံကောင်းမှုအမှတ် (၂၇.၉)]
ယန်ရှီသည် အသိပေးချက်များကို ပိတ်လိုက်ပြီး သူမ၏ လက်ပ်တော့ဘေးနားရှိ ကတ်ပြားလေးအား ကြည့်လိုက်သည်။ ယင်းသည် ရှန့်ရှင်းဟယ်အား စာချုပ် ချုပ်ပြီးနောက် သူမကို ပေးခဲ့သည့် လက်မှတ်ထိုးထားသည့် Still Photo Card လေးပင်။
System သည်လည်း လက်မှတ်ကို သတိထားမိပြီးနောက် စိတ်လှုပ်ရှားမှုမှ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ သို့သော် သူသည် စိတ်အားထက်သန်နေဆဲဖြစ်ပြီး ခိုင်မာသည့်စိတ်နှင့် ပြောလိုက်သည်။
[ရှင်းဟယ်ကောနဲ့ မစ္စယောင်းတို့က သေချာပေါက် ပိုပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ]
ယန်ရှီသည် ကတ်ပြားအား တိတ်တိတ်ကလေး သိမ်းလိုက်သည်။
"ဟုတ်တယ် အရာအားလုံး ပိုကောင်းလာမှာပါ”