← Chapters

အခန်း (၄၂)

Vol. 5 Ch. 42

အခန်း (၄၂)

Vol. 5 Ch. 42

ယခုရက်သတ္တပတ်များအတွင်း ယန်ရှီသည် ရိုက်ကွင်းကို ဆက်လက်ကြီးကြပ်လျက်ရှိသည်။

နာမည်ပျက်စာရင်းသွင်းသင့်မသွင်းသင့်ငြင်းခုံမှုများကြောင့်ပင် "The Button Line" ဇာတ်လမ်းတွဲမှာ အတန်အသင့်နာမည်ရလာပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရှန့်ရှင်းဟယ်၏ ဇာတ်ဝင်ဇာတ်စုံဓာတ်ပုံများနှင့် စမ်းသပ်ရိုက်ကူးမှုဗွီဒီယိုများက ကြည့်ရှုသူများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး ကြော်ငြာရှင်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

"The Bottom Line" သည် ထုတ်လွှင့်မည့်အချိန်မတိုင်မီကတည်းက ဝင်ငွေရနေပြီဟု ဆိုနိုင်သည်။ သို့သော် ကျင်းထောင်သည် ဇာတ်လမ်းတွဲအတွင်း ကြော်ငြာများထည့်သွင်းမည့် အရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည်။

"မဖြစ်နိုင်ဘူး၊ ဇာတ်လမ်းထဲမှာ ကြော်ငြာတွေထည့်မယ်ဆိုရင် ပရိတ်သတ်ရဲ့အာရုံစိုက်မှုကို ထိခိုက်စေလိမ့်မယ်၊ အနုပညာလက်ရာကောင်းတစ်ခုမှာ ကြော်ငြာတွေနဲ့ ပြည့်နေလို့ ဘယ်ရမလဲ"

ဖန်းယွဲက စိတ်ရှည်စွာဖြင့် သဘောထားပြောင်း‌လာစေရန်အတွက် ကြိုးစားစည်းရုံးသည်။

"ကြော်ငြာထည့်ရင် ပိုက်ဆံပိုရလာလိမ့်မယ်လေ၊ ဝင်ငွေပိုရလာရင် ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း ပိုပြီးကောင်းအောင် ရိုက်လာနိုင်မှာပေါ့"

သို့သော် ကျင်းထောင်၏ စိတ်ဓာတ်မှာ ခိုင်မာလျက်ရှိသည်။

သူသည် ခေါင်းမာနေခြင်းမဟုတ်ပေ။ နေ့စဉ်သုံးပစ္စည်းများနှင့်သက်ဆိုင်သော ကြော်ငြာများဆိုလျှင် သူ့အ‌နေဖြင့် လက်ခံနိုင်သေးသည်။

သို့သော် ယခင်အတွေ့အကြုံများက သူ့ကိုသင်ကြားပေးခဲ့သည်။

ထိုတံခါးကိုဖွင့်လိုက်သည်နှင့် ရင်းနှီးမြှုပ်နှံသူများက ကြော်ငြာများကို ဇာတ်လမ်းထဲသို့ အတင်းကာရော ထည့်လာကြလိမ့်မည်။ သရုပ်ဆောင်များကို ကြော်ငြာစာသားများ ပြောဆိုခိုင်းလာနိုင်သည်။ထို့ထက် အစကတည်းက အနုပညာရပ်တည်ချက်ကို ထိန်းသိမ်းထားခြင်းက ပိုကောင်းသည်ဟု သူယုံကြည်သည်။

ဖန်းယွဲ့သည် မည်သို့ပြန်ပြောရမည်ကို မသိရလောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။ "The Bottom Line" သည် ယခုအချိန်တွင် ကြော်ငြာများကို လက်ခံပါက အလွယ်တကူပင် ကုန်ကျစရိတ်ပြန်ကျေသွားနိုင်မည်ဖြစ်သည်။ ဦးနှောက်မရှိ၍သာ လက်မခံခြင်းဖြစ်ပေမည်။ ဘီအဆင့်သာရှိသေးသော ထုတ်လုပ်ရေး ရေးကုမ္ပဏီ‌လေးအနေဖြင့် ၎င်းတို့၏ ဇာတ်လမ်းတွဲကို ဆုမှန်းထား လေသလောဟု သူမ တွေးနေမိသည်။

သို့သော် ယန်ရှီက ကျင်းထောင်၏ဘက်မှ ရပ်တည်လိုက်ခြင်းက သူမကို အံ့အားသင့်စေခဲ့သည်။

"ဒါရိုက်တာကျင်းထောင်က ဒီကြော်ငြာတွေက အနုပညာလက်ရာအပေါ်သက်ရောက်မှုရှိတယ်လို့ထင်ရင် ငါတို့လည်း လက်မခံကြရုံပဲ‌ပေါ့"

ဖန်းယွဲ့၏မျက်လုံးများ ပြူကျယ်သွားသည်။

"ကိုယ့်ကိုယ်ကို ဘာပြောနေလဲဆိုတာကိုရော သိရဲ့လား"

ယန်ရှီက ကြာမှဝင်ပြောသည်။

"ထုတ်လုပ်ရေးဘတ်ဂျက်က လုံလောက်နေပါပြီ၊ အခုဝင်ငွေမရသေးရင်တောင် ဇာတ်လမ်းတွဲပြီးသွားရင် ဇာတ်ကားထုတ်လွှင့်တဲ့ ပလတ်ဖောင်းတွေနဲ့ ရုပ်မြင်သံကြားလိုင်းတွေဆီကိုရောင်းလို့ရပါတယ်"

ဖန်းယွဲ့ကလည်း ပြန်ပြောလိုက်သည်။

"ပထမဆုံးအနေနဲ့ ဝယ်ယူမဲ့သူတွေလည်းရှိဖို့လိုသေးတယ်၊ ပြီးတော့ ရုပ်မြင်သံကြားလိုင်းတွေဆီကိုရော ရောင်းလို့ရမယ်ထင်နေတာလား၊ The Bottom Line ကို ဆုတွေရအောင်လုပ်မယ်လို့တောင် မျှော်လင့်ထားတာလား"

ယန်ရှီက အမှန်တကယ်ပင် ခေါင်းညိတ်လိုက်သည်။

"ဒါကလည်း လုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူး."

ဖန်းယွဲ့ - ?

ဖန်းယွဲ့သည် မည်သည့်စကားမှ ဆက်မပြောနိုင်တော့ပေ။ သို့သော် ကျင်းထောင်မှာမူ စိတ်လှုပ်ရှားမှုဖြင့် မျက်ရည်ကျလုနီးပါးဖြစ်သွားခဲ့သည်။

"ယန်ရှီ မင်းငါ့အပေါ်ကို ဒီလောက် ယုံကြည်မှုရှိမယ်လို့ မထင်ခဲ့ဘူး၊ တကယ်တော့ ကြော်ငြာတွေက ပရိတ်သတ်တွေရဲ့အမြင်အာရုံကိုမထိခိုက်ဘူးဆိုရင်တော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ သရုပ်ဆောင်တွေကို ကြော်ငြာစာသားရွတ်ပြခိုင်းတာကတော့ လုံးဝမဖြစ်နိုင်ဘူး"

ထို့နောက် ဤကိစ္စကို သဘောတူညီမှုရယူလိုက်ကြပြီး ကြော်ငြာနှစ်မျိုးသာ လက်ခံခဲ့သည်။ ပထမတစ်မျိုးကားကြော်ငြာဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အိမ်သုံးပရိဘောဂကြော်ငြာတို့ဖြစ်သည်။

ထိုပစ္စည်းများသည် ဇာတ်လမ်းအတွက် လိုအပ်သော နေ့စဉ်သုံးပစ္စည်းများအနေဖြင့်သာ ပါဝင်မည်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးမှုကို အနှောင့်အယှက်မပေးနိုင်‌ပေ။

အစားအသောက်နှင့်သက်ဆိုင်သော ကြော်ငြာများသည်ကား စီးပွားရေးဆန်လွန်းသော ကြော်ငြာများဖြစ်ပြီး ကြည့်လိုက်သည်နှင့် ကြော်ငြာတစ်ခုဖြစ်‌ကြောင်း သိရှိနိုင်သည့်အတွက် ယန်ရှီသည် အားလုံးကို ငြင်းပယ်လိုက်သည်။

ဖန်းယွဲ့သည် ကြော်ငြာရှင်များနှင့် လက်မှတ်ရေးထိုးနေစဉ် နောင်တရသည့်အမူအရာဖြင့် ပြောလိုက်သည်။

"တခြားထုတ်လုပ်ရေးကုမ္ပဏီတွေဆို ကြော်ငြာရှင်တွေ လာကမ်း လှမ်းတာကို ဝမ်းသာနေကြမှာ၊ ဒါပေမဲ့ မင်းနဲ့ ကျင်းထောင်ကတော့ ပိုက်ဆံတွေကို တွန်းထုတ်နေကြတယ်"

ယန်ရှီက သူမ၏ပခုံးကို ခပ်ဖွဖွဖုတ်ပုတ်ပေးရင်း ပြန်ပြောလိုက်သည်။

"ဖန်းယွီအစ်မ၊ ကျွန်မတို့ဇာတ်လမ်းတွဲကို ယုံကြည်မှုရှိပါ အစ်မက ထုတ်လုပ်သူပဲမဟုတ်လား The Bottom Line ဆုတွေရတဲ့အခါကျရင် အဲဒီကြော်ငြာတွေကြောင့် နောင်တရနေမှာပေါ့"

ဖန်းယွဲ့က မျက်‌တောင်ကို တဖျပ်ဖျပ်ခပ်လိုက်သည်။

"ဟုတ်ပါပြီ နင်ပြောတော့လည်း ငါယုံမှာပေါ့!"

ပရောဂျက်အဖွဲ့တွင် အခြားကိစ္စများလည်းရှိသောကြောင့် ဖန်းယွဲ့သည် ကြော်ငြာကိစ္စများပြီးစီးသွားသည်နှင့် အခြားလုပ်ငန်းများထံသို့ ထွက်ခွာသွားခဲ့သည်။

ယန်ရှီမှာမူ ရိုက်ကွင်းပေါ်တွင် အချိန်ဖြုန်းနေရင်း ကုမ္ပဏီ၏ cloud drive ထဲသို့ ဝင်ကြည့်ကာ အခြားပရောဂျက်များ၏ အချက်အလက်များကို လေ့လာနေသည်။

ရှင်းယောင်အနုပညာကုမ္ပဏီသည် လေးလတစ်ကြိမ် ပရောဂျက်များစွာကို ရင်းနှီးမြှုပ်နှံလေ့ရှိသည်။ အချို့မှာ အမြတ်ရပြီး အချို့မှာရှုံးသည်။ ဖန်းယွဲ့၏ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများနှင့် ဇာတ်ကားများအပေါ် ရင်းနှီးမြှုပ်နှံမှုများမှာ အများအားဖြင့် အောင်မြင်လေ့ရှိတတ်သည်။

သို့သော်လည်း အမျာစုသော ဖျော်ဖြေရေးကုမ္ပဏီများသည် ၎င်းတို့၏ ကိုယ်ပိုင်အနုပညာရှင်များကို ပွဲထုတ်ရန်အတွက် ရုပ်ရှင်ပရောဂျက်များကို ရင်းနှီးမြှုပ်နှံကြသည်။

သို့သော် ကျုံချင်းယွီသည် ဤသို့သော အခွင့်အလမ်းများအားလုံးကို ထျန်းဟွေ့ကုမ္ပဏီထံသို့သာ ပို့ဆောင်ပေးနေခဲ့ရာ ရှင်းယောင်ကုမ္ပဏီမှအနုပညာရှင်များမှာ အခက်အခဲတွေ့နေရသည်။

ချောင်ရန်၏ စီမံခန့်ခွဲရေးဌာနသည် အတော်လေး အရှုံးပေါ်နေပြီး ဝူလျောင်၏ ပြည်သူ့ဆက်ဆံရေးဌာနမှာလည်း အမြဲလိုလို ငွေကုန်ကြေးအကာန်အကျများနေသည်။

ဖန်းယွဲ့တစ်ယောက်သာ ကြိုးစားအားထုတ်နေခဲ့သော်လည်း ရှင်းယောင်၏ ကံကြမ္မာကို လူတစ်ယောက်တည်းအားဖြင့် မထိန်းသိမ်းနိုင်ခဲ့ပေ။ ကုမ္ပဏီသည် တည်ထောင်ခဲ့ချိန်ကစပြီး ယနေ့အချိန်အထိ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်နေခဲ့ပြီး ကျုံစီးပွားရေးလုပ်ငန်းစု၏ ထောက်ပံ့မှုဖြင့်သာ ဆက်လတ်လည်ပတ်နေရသည်။

System က ပြောလိုက်သည်။

"ကျုံယန်စီရဲ့အ‌နေအထားအရပြောရမယ်ဆိုရင် ရှင်းယောင်ကိုမပိတ်သိမ်းဘဲ ထားတာက တကယ်တော့ သူ့အတွက်က အလှူလုပ်နေရသလိုပဲ"

ယန်ရှီကလည်း သဘောတူမိသည်။ ရှင်းယောင်ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံစာများကိုကြည့်ရှုရင်း နှစ်စဉ် ထောင်နှင့်ချီသော ရှုံးနိမ့်မှုများက သူမအား သနားစိတ်ဖြစ်စေခဲ့သည်။

ထိုအခါမှပင် သူမသည် ဖန်းယွဲ့၏ သဘောထားကို ကိုယ်ချင်းစာသွားခဲ့မိသည်။ ပေယွဲ့ပိုင်ကဲ့သို့သော သူများက ကုမ္ပဏီမှ လစာကို အခန်သားထိုင်စားနေချိန်တွင် ဖန်းယွဲ့အနေဖြင့် ဝင်ငွေပိုမိုရရှိလိုသည်မှာ သူမအမှားဟုလည်း မဆိုသာပေ။

ရင်းနှီးမြှုပ်နှံမှုစာရင်းများကို စစ်ဆေးရင်း ယန်ရှီ၏ အကြည့်များသည် ရုပ်ရှင်ဇာတ်ကားတစ်ကားပေါ်တွင် ရပ်တန့်သွားခဲ့သည်။

သူမ၏ မျက်လုံးများသည် များလှစွာသော အမြတ်အစွန်းများကို မြင်ယောင်ကြည့်နေရင်း တလတ်လတ်တောက်လာသည်။

ထိုဇာတ်ကားမှာ "Crazy Summer and Winter" ဟူသည့်ဇာတ်ကားဖြစ်ပြီး လက်တွေ့ဘဝကို အခြေခံသော အကြောင်းအရာကို တင်ပြထားသည့် ဇာတ်ကားဖြစ်သည်။ ဤပရောဂျက်အဆိုပြုချက်ကို ကျုံချင်းယွီက ပရောဂျက်အဖွဲ့ထံတင်သွင်းခဲ့ခြင်းဖြစ်သည်။ ဖန်းယွဲ့က သုံးသပ်ပြီး ရင်းနှီးမြှုပ်နှံသင့်သည်ဟု ယူဆခဲ့သော်လည်း အပြည့်အဝမဟုတ်ဘဲ အမြတ်အစွန်းရရှိရန် အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ ရင်းနှီးမြှုပ်နှံရန် အကြံပြုခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယွမ် မီလီယမ်၂၀၀ ဖြစ်ပြီး ကျုံစီးပွားရေးလုပ်ငန်းစု၏ အတည်ပြုချက်လိုအပ်သည်။ ကံမကောင်းစွာပင် ကုမ္ပဏီက ဤအဆိုပြုချက်ကို ပယ်ချခဲ့သည်။ ထိုကိစ္စနှင့် ပက်သတ်၍ ယန်ရှီ စိတ်မကောင်းဖြစ်မိသည်။

ဖန်းယွဲ့က ယန်ရှီ၏ မျက်နှာအမူအရာကို သတိထားမိပြီး ဘေးသို့ကိုင်းကာ ကြည့်လိုက်သည်။

"လိုက်ပြီးခံစားမနေပါနဲ့ ၊အငယ်မလေးက ဒီပရောဂျက်ကို ရင်းနှီးမြှုပ်နှံချင်တာဟာ ပေယွဲ့ပိုင်က သရုပ်ဆောင်တစ်ယောက်ကို ဇာတ်ကားထဲထည့်ရိုက်ဖို့ကြိုးစားနေလို့ပါ ၊ကျုံယန်စီလည်း ဒါကိုသိပြီး တမင်တကာပယ်ချလိုက်တာ”

ယန်ရှီက အလေးအနက် ပြန်ပြောသည်။

"ဒါပေမဲ့ ကျွန်မထင်တာတော့ ကျွန်မတို့တွေ ကျုံယန်စီကို ထပ်ပြီးအကြံပြုသင့်တယ်"

ဖန်းယွဲ့က ပခုံးလှုပ်ပြလ်ုက်ပြီး ပြန်မေးသည်။

"ဒါမလွယ်ဘူးနော် ဒီရုပ်ရှင်က တကယ်အောင်မြင်လိမ့်မယ်လို့ မင်းယုံကြည်လား"

ယန်ရှီက ခေါင်းကို ယုံကြည်မှုအပြည့်ဖြင့် အားရပါးရညိတ်ပြလိုက်သည်။

"ယုံကြည်တာပေါ့"

အမှန်တကယ်မူကား ဝတ္ထုထဲတွင် Crazy Summer and Winter ရုပ်ရှင်သည် တရုတ်နိုင်ငံ၏ ရုပ်ရှင်သမိုင်းတွင် အမြတ်အစွန်းအများဆုံး ဇာတ်ကား ၁၀ ကားစာရင်းဝင်ခဲ့သည်။ ယွမ် ၃၀၀ မီလီယမ်ခန့်သာ ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ယွမ် ၃ ဘီလီယံကျော်အထိ အမြတ်အစွန်းရရှိခဲ့သည်။

ဖန်းယွီက သူမ၏မေးစေ့ကို လက်ညှိုးလက်မဖြင့် ပွတ်သပ်ရင်း စဉ်းစားသည်။

"အမြတ်အစွန်းအကြောင်းပြောရင် ကျုံယန်စီကို စည်းရုံးလို့မရဘူ၊ ၂၀၀ မီလီယမ်ရင်းပြီး ၃၀၀ မီလီယမ်အမြတ်ရတာက သူ့အတွက်ဘာမှမဟုတ်ဘူး၊ ဒီနှစ် နှစ်လယ်ပိုင်းလောက်မှာတင် သူက အသေးစားကုမ္ပဏီလေးနှစ်ခုကို ရင်းနှီးမြှုပ်နှံခဲ့တာ အခုဆို အောင်မြင်တဲ့ ကုမ္ပဏီကြီးတွေဖြစ်နေပြီ၊ အခုဆို သူကဘီလီယံချီပြီး အမြတ်တွေနေပြီး နင့်ရဲ့ ဒီပမာဏလောက် အမြတ်လေးကို သူကစိတ်ဝင်စားမှာတဲ့လား"

"သူသာ ငွေနည်းနည်းလောက်ကိုစိတ်ဝင်စားနေရင် အစတည်းက အစ်မကျုံကို ကုမ္ပဏီမှာ ဒီလိုမျိုး လုပ်ခွင့်ပေးခဲ့မှာမဟုတ်ဘူး"

ယန်ရှီ ခါးခါးသီးသီးရယ်မောလိုက်မိသည်။

"အစ်မပြောတာ မှန်ပါတယ် ဒါပေမဲ့လည်း ကျွန်မပြောပြမယ်၊ တကယ်လို့ သူသာ ငွေနည်းနည်းလောက်ကို ဂရုမစိုက်ဘူးဆိုရင် ပျော်စေပျက်စေသဘောမျိုးအနေနဲ့ ယွမ် ၂၀၀ မီလီယမ်သုံးတာ လောက်က ဘာပြဿနာရှိလို့လဲ"

ဖန်းယွဲ့က သူမကို မျက်တောင်တစ်ချက်ခတ်ပြီးမှ ကြည့်လိုက်သည်။

"ဒီရုပ်ရှင်က တကယ်ရင်းသင့်တယ်ထင်တာပဲ၊ ကျုံယန်စီကို ရှင် စည်းရုံးကြည့်ပါလား"

ယန်ရှီက ထိုသို့ပြောလိုက်သော်လည်း သူမအနေဖြင့် ကျုံယန်စီထံ တိုက်ရိုက်သွားပြောရန် မဖြစ်နိုင်ကြောင်းသူသိထားခဲ့သည်။ ဝတ္ထုဇာတ်လမ်းအရ ဖန်းယွဲ့ရွေးချယ်ပေးသည့် ပရောဂျက်များကိုသာ ရင်းနှီးမြှုပ်နှံပါက လုံလောက်သောအမြတ်အစွန်းရရှိနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် ပြဿနာဖြစ်စေမည့် ကိစ္စများကို ရှောင်ရှားနိုင်ပါက ရှင်းယောင်ကုမ္ပဏီကို ယခုနှစ်အတွင်း အရင်းအနှီးပြန်ရစေရန် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ယန်ရှီသည် ရိုက်ကွင်းတွင်သာ ရှိနေဆဲဖြစ်ပြီး ဖန်းယွဲ့မှာမူ ကုမ္ပဏီသို့ ပြန်သွားခဲ့သည်။

ညနေစာစားချိန်တွင် ကျုံချင်းယွီသည် ရိုက်ကွင်းသို့လာရောက်ခဲ့ပြီး Michelin အဖွဲ့အစည်းမှ ကြယ်သုံးပွင့်အဆင့်သက်မှတ်ထား‌ သော လက်ဖက်ရည်နှင့် မုန့်များကို ယူဆောင်လာခဲ့သည်။

အဆင့်မြင့်အစားအစာများ တင်ဆောင်ထားသည့် တွန်းလှည်းပေါ်တွင်

"ရိုက်ကွင်းထဲမှာ အကုန်လုံးအလုပ်ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ယန်ရှီရဲ့ လုပ်ငန်းတွေကို ပူးပေါင်းကူညီ ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ဟူသော စာတန်းကလေးတစ်ခုကို တပ်ဆင်ထားသည်။

ယန်ရှီတစ်ယောက် ရှက်ရွံ့သွားကာ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။

အဘယ့်ကြောင့် သူမကို အနုပညာရှင်တစ်ယောက်ကဲ့သို့ ဆက်ဆံနေသလိုခံစားနေရသနည်း။ သူမက ဝန်ထမ်းတစ်ယောက်သာဖြစ်သည်။

ကျုံချင်းယွီက သူမ၏ စောဒကတက်မှုများကို လျစ်လျူရှုလိုက်သည်။

"ငါ့လူတွေက နည်းနည်းလေးတော့ အဆင့်အတန်းရှိသင့်တယ်လေ"

အဖွဲ့ဝင်များမှာ အလွန်ပျော်ရွှင်နေကြသည်။ ကျုံချင်းယွီယူလာသော လက်ဖက်ရည်မုန့်များမှာ အဆင့်မြင့်ပြီး အရသာရှိလှသည်။ သူတို့သည် မုန့်များကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်များပေါ်တွင် မျှဝေကြသည်။

ရှက်ရွံ့နေရင်း ယန်ရှီက လူအားလုံးကို သတိပေးလိုက်သည်။

"ဝန်ထမ်းတွေက စားချင်သလောက်စားလို့ရပေမဲ့ သရုပ်ဆောင်တွေက တစ်ကိုက်ပဲနော် အဝစားလို့မရဘူး"

သရုပ်ဆောင်များမှာ သည်းညူလိုက်ကြသည်။

"ကြီးကြပ်ရေးမှူးက တော်တော်စည်းကမ်းတင်းကျပ်တာပဲ"

လက်ဖက်ရည်သောက်နေစဉ် ကျင်းထောင်က ကျုံချင်းယွီနှင့် စကားစမြည်ပြောသည်။

"အစ်မလေး အခုတော့ ကျွန်တော်တို့က ပါတနာတွေဖြစ်နေပြီမဟုတ်လား၊ အရင်တစ်ခါကပြောတဲ့ မာဖီယားမင်းသမီးဇာတ်ကောင်လေးကို ပြန်စဉ်းစားကြည့်ပါဦး၊ မိတ်ဆွေတွေလည်းဖြစ်နေကြပြီဆိုတော့ အလကားဝင်လုပ်ပေးလိုက်ပါလား"

ကျုံချင်းယွီချိုမြိန်စွာပြုံးပြလိုက်သည်။

"ကျွန်မ ရန်ပုံငွေတွေ အခုချက်ချင်းပြန်ရုပ်သိမ်းလို့ရတယ်ဆိုတာ ရှင်ယုံသလား"

ကျင်းထောင်၏ ဆံပင်များထောင်တက်သွားပြီး မုန့်တစ်ခုကိုကိုင်ကာ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

ယန်ရှီရယ်မိသည်။

"ဘာလို့ ဒါရိုက်တာကျင်းထောင်ကို စနောက်နေတာလဲ၊ ငါ ဇာတ်ညွှန်းဖတ်ထားတာ အဲဒီဇာတ်ကောင်က တကယ်ကောင်းပါတယ်"

ကျုံချင်းယွီနှုတ်ခမ်းကိုစူပြီး ပြောလိုက်သည်။

"သူက ငါသရုပ်ဆောင်တာကို မကောင်းဘူးလို့ပြောခဲ့တယ်၊ ငါသူ့ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်တောင်မလုပ်ဘူး"

အမျိုးသမီးငယ်လေးမှာ မကျေမချမ်းနေသည။

ကျုံချင်းယွီက ယန်ရှီကို ဘေးသို့ ဆွဲခေါ်သွားပြီး ဒါရိုက်တာထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

"နင့်ကိုတခြားကိစ္စရှိလို့လာရှာတာ"

သူမလက်ကို လှုပ်ယမ်းလိုက်သည်နှင့် ရှောင်မုန့်က တက်ဘလက်တစ်လုံးကို လက်ထဲထည့်ပေးလိုက်သည်။

"အဖိုးပေရဲ့မွေးနေ့ပွဲနီးလာပြီ သူ့အတွက် လက်ဆောင်ရွေးပေးဖို့ ကူညီပါဦး"

ယန်ရှီက တက်ဘလက်ကို ကြည့်လိုက်သည်။ အရောင်တလတ်လတ် တောက်ပနေသည့်ပစ္စည်းများစွာပါဝင်သော လေလံတင်ထားသည့်ပစ္စည်းစာရင်းဖြစ်နေသည်။

"အဖိုးပေလား ၊ပေယွဲ့ပိုင်ရဲ့ အဖိုးလား"

ယန်ရှီက တက်ဘလက်ကို ယူလိုက်ရင်း မေးလိုက်သည်။

"ဟုတ်တယ်"

ကျုံချင်းယွီက ယန်ရှီ၏လက်မောင်းကို လက်ဖြင့်ချိတ်ကာ ပြောလိုက်သည်။

"အဖိုးရဲ့ အသက် ၇၀ ပြည့်မွေးနေ့ပွဲပါ၊ ယွဲ့ပိုင်က ဒီပွဲဟာ တကယ့်ကို အရေးကြီးတယ်လို့ပြောတယ်၊ အဖိုးက အကြီးစားကြေညာချက်တစ်ခုကို ထုတ်ပြန်ဖို့ရှိတယ်လို့လည်း ပြောတယ်"

ယန်ရှီ၏မျက်လုံးများတွင် စူးစမ်းလိုစိတ်များ လင်းလက်လာခဲ့သည်။

ဝတ္ထုထဲတွင် ကျုံချင်းယွီသည် ဤမွေးနေ့ပွဲကို တက်ရောက်ခဲ့သည်။ ပေယွဲ့ပိုင်ပြောခဲ့သော "အကြီးစားကြေညာချက်" ဆိုသည်မှာ သူတို့၏ စေ့စပ်မင်္ဂလာပွဲအကြောင်းပင်ဖြစ်သည်။

ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်တို့၏ စေ့စပ်မင်္ဂလာကိစ္စကို ပေမိသားစုနှင့် ကျုံမိသားစုကသာ သိရှိထားသော်လည်း ဤမွေးနေ့ပွဲပြီးနောက်ပိုင်းတွင် အထက်တန်းစားလူမှုအသိုင်းအဝိုင်းများစွာက သိရှိသွားကြသည်။ ရဲ့လော့ယီသည်ပင်လျှင် ပေယွဲ့ပိုင်နှင့် စကားများခဲ့သည်။

သို့သော် ဤသည်မှာ အဓိကအချက်မဟုတ်ပေ။ ဤမွေးနေ့ပွဲတွင် အဖိုးပေက ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်၏ စေ့စပ်မင်္ဂလာကိစ္စကို ကြေညာခဲ့သည့်အပြင် ပေအုပ်စု၏ ရှယ်ယာ ၃% ကို ကျုံချင်းယွီအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ဤသည်မှာ သေးငယ်သောအရာမဟုတ်ပေ။ ပေမိသားစု၏ အကြီးဆုံးသားဖြစ်သူ ပေဟန်လီသည် ပေလုပ်ငန်းစု၏ ရှယ်ယာ သုံးရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီး ပေယွဲ့ပိုင်မှာ တရားမဝင်သားဖြစ်သောကြောင့် ပေအုပ်စု၏ ရှယ်ယာ တစ် ရာခိုင်နှုန်းသာပိုင်ဆိုင်ထားသည်။

ကျုံချင်းယွီတွင် ပေအုပ်စု၏ရှယ်ယာများကို စိတ်ဝင်စားမှုမရှိသောကြောင့် ဤလက်ဆောင်သည် အဆုံး၌ ပေယွဲ့ပိုင်၏လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ချက်ချင်းဆိုသလို ပေယွဲ့ပိုင်သည် ပေလုပ်ငန်းစု၏ ရှယ်ယာ လေးရာခိုင်နှုန်းကို ပိုင်ဆိုင်သူဖြစ်လာပြီး ပေဟန်လီထက်ပင် ပိုမိုအားသာလာခဲ့သည်။

နောက်ပိုင်းတွင် ပေလုပ်ငန်းစုနှင့် လုမိသားစုတို့ ပူးပေါင်းကာ ကျုံစီးပွားရေးလုပ်ငန်းစုကို ဝယ်ယူနိုင်ခဲ့သည်မှာလည်း ဤ သုံးရာခိုင်နှုန်း သောရှယ်ယာများကြောင့်ပင် ဖြစ်သည်။

မွေးနေ့ပွဲကိုတက်ရောက်ပြီး စေ့စပ်မင်္ဂလာကိစ္စကို ကြေညာခြင်းဆိုသည်မှာလည်း ပေလုပ်ငန်းစု၏ ရှယ်ယာသုံးရာခိုင်နှုန်းကို ပေယွဲ့ပိုင်၏ လက်ထဲသို့ အပ်နှင်းရန်ဖြစ်ပြီး သူ့အား ပေအုပ်စု၏ဒါရိုက်တာဘုတ်အဖွဲ့သို့ တရားဝင်ဝင်ရောက်နိုင်စေမည်ဖြစ်သည်။

ယန်ရှီက ကျုံချင်းယွီကို ကြည့်ကာ မေးလိုက်သည်။

"ချင်းယွီ နင်မသွားလို့ရမလား"

"ဘယ်ရမလဲ ယွဲ့ပိုင်ရဲ့အဖိုးလေ"

ကျုံချင်းယွီက အသည်းငြင်းလိုက်သော်လည်း သူမသည် သိပ်စိတ်မဝင်စားဘဲ တက်ဘလက်ပေါ်ရှိ ပစ္စည်းစာရင်းကို လှန်လှောကြည့်ရှုနေသည်။

"ငါ့ကိုကူရွေးပေးပါဦး ဘာလက်ဆောင်ပေးရမလဲ"

စိတ်မပါတပါဖြင့် ယန်ရှီက ခရမ်းနုရောင်ရွှံ့စေးမြေဖြင့် နှပ်ကာ ပြုလုပ်ထားသော လက်ဖက်ခြောက်ထုပ်တစ်တွဲကို အကြံပြုလိုက်သည်။

အဖိုးပေသည် လက်ဖက်ရည်ကို အလွန်ကြိုက်နှစ်သက်သူဖြစ်သောကြောင့် ဤလက်ဆောင်သည် သင့်တော်မည်ဖြစ်သည်။

ကျုံချင်းယွီသည် မျက်စေ့တစောင်းနှင့်ပင် အမှာတင်ပြီး ကျသင့်ငွေယွမ် တစ်မီလီယမ်ကို ပေးချေလိုက်သည်။ ယန်ရှီ ပြောစရာစကားမရှိတော့ပေ။

အဖိုးပေ၏မွေးနေ့ပွဲသည် လာမည့်သုံးရက်အတွင်းကျင်းပမည်ဖြစ်သည်။

ဤသည်မှာ ဝတ္ထုထဲက အရေးပါသောဇာတ်ကွက်တစ်ခုဖြစ်သည်။ အကယ်၍ သူမ တက်ရောက်ခဲ့ပါက နောက်ပြန်လှည့်မရတော့ပေ။

[Host ရေ ကျုံချင်းယွီကို မွေးနေ့ပွဲမတက်အောင် တားဆီးနိုင်မဲ့နည်းလမ်း ရှိပါတယ်]

System က ပေါ်လာပြီး သူ၏ဝိုင်းဝန်းသောမျက်လုံးများတွင် ဉာဏ်နီဉာဏ်နက်များ ထင်ဟပ်နေသည်။

"ဘယ်လိုနည်းလမ်းလဲ"

ယန်ရှီက မေးလိုက်သည်။

[အရင်က ပြောခဲ့သလိုပဲ ကံကောင်းခြင်းအမှတ် ၆၀ စုဆောင်းနိုင်ရင် ကျုံချင်းယွီကို ပေယွဲ့ပိုင်ရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်စေနိုင်တယ်မလား၊ အဲဒီလိုပဲ ကံကောင်းမှုအမှတ် ၃၀ စုဆောင်းနိုင်ရင် ဇာတ်လမ်းရဲ့ထိန်းချုပ်မှုကနေ ယာယီလွတ်မြောက်စေနိုင်ပါတယ်]

ယင်းသည် ယာယီသာဖြစ်ပြီး အချိန်အကန့်အသတ်ရှိသည်။

သို့သော်လည်း မွေးနေ့ပွဲက တစ်နှစ်မှာ တစ်ခါသာကျင်ပခြင်းဖြစ်သည်။ ထို့ကြောင့် ကျုံချင်းယွီကို ဇာတ်လမ်း၏ထိန်းချုပ်မှုမှ ယာယီလွတ်မြောက်စေရန် လုံလောက်လေသည်။

ယန်ရှီက ချက်ချင်းပင် ကျုံချင်းယွီ၏လက်ရှိကံကောင်းခြင်းအမှတ်များကို စစ်ဆေးလိုက်သည်။ လက်ရှိစုစုပေါင်းအမှတ်မှာ၂၇.၉မှတ်ဖြစ်သည်။ အမှတ် ၃၀ ပြည့်ရန် သူမလိုအပ်သည်မှာ ၂.၁ မှတ်ဖြစ်သည်။

သို့သော် ယန်ရှီတစ်ယောက် ဦးနှောက်ခြောက်သွားခဲ့သည်။

"ငါသိတာကတော့ ကံကောင်းမှုအမှတ်အများကြီးရဖို့ ဇာတ်လမ်းကိုပြောင်းလဲဖို့လိုတယ်၊ ဒါပေမဲ့ နောက်လာမဲ့ဇာတ်ကွက်က မွေးနေ့ပွဲပဲ"

"ဒီတော့ ၂.၁ အမှတ်ဆိုတာ နည်းပေမဲ့ တကယ်တော့ ရဖို့ခက်တယ်"

System ကပခုံးတွန့်ပြလိုက်သည်။

[တခြားနည်းလမ်းမရှိဘူး ကံကောင်းမှုအမှတ် ၃၀ ရမှပဲ ကျုံချင်းယွီကို ဇာတ်လမ်းရဲ့ထိန်းချုပ်မှုကနေ ယာယီလွတ်မြောက်စေနိုင်မှာ၊ ဒါက မလွယ်ဘူး၊ တကယ်လို့သာ မိန်းကလေးဗီလိန်တွေသာအခုချက်ချင်းထွက်လာနိုင်မယ်ဆိုရင် အဓိကဇာတ်ဆောင်က မပြောင်းလဲဘဲ အဓိကဇာတ်ဆောင်ဖြစ်နေဦးမှာလား]

ယန်ရှီက သူမ၏မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေသည်။

"မွေးနေ့ပွဲနေ့မှာ ချင်းယွီကို ပြန်ပေးဆွဲရင် ဘယ်လိုနေမလဲ"

System- ?

[Hostရေ ငါတို့က ဥပဒေနဲ့အုပ်ချုပ်တဲ့လူ့အဖွဲ့အစည်းထဲမှာ နေနေတာပါ မင်း ဒီလိုလုပ်လို့မရဘူး]

ယန်ရှီက အပြောင်အပြတ်လုပ်နေခြင်းသာဖြစ်သည်။

သူမသိသည်။ ပြန်ပေးဆွဲသည့် နည်းလမ်းသည် မမှန်ကန်ပေ။ ထိုသို့လုပ်ဆောင်နိုင်စွမ်းလည်း သူမတွင် မရှိပေ။ အကယ်၍ သူမတစ်စုံတစ်ဦးကို ပြန်ပေးဆွဲမည်ဆိုလျှင် ကျုံယန်စီ၏အကူအညီလိုအပ်မည်။ သူကဲ့သို့သော လူကြီးတစ်‌ယောက်ကသာ အပြစ်အနာအဆာမရှိဘဲ အဆင်ပြေချော့မွေ့စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။သို့သော်လည်း သူမ မလုပ်ချေ။ ထိုသို့လုပ်ဆောင်ခြင်းသည် ဥပဒေမဲ့ရမ်းကားခြင်းသာဖြစ်ပါသည်။

ကျုံချင်းယွီသည် ရှားပါးလှစွာသော ခရမ်းနုရောင်ရွှံ့‌စေးဖြင့် နှပ်ထားသည် လက်ဖက်‌ခြောက်ထုပ်တစ်တွဲကို မှာယူခဲ့သည်။ ထိုလက်ဖက်ခြောက်ထုပ်မှာ ဟောင်ကောင် Christie လေလံပွဲတွင် ယနေ့ရောင်းချသည့် ပစ္စည်းဖြစ်သည်။ သူမသည် ပရော်ဖက်ရှင်နယ်လေလံဆွဲသူတစ်ဦးကို ငှားရမ်းကာ ထိုလက်ဖက်‌ခြောက်ထုပ်ကို ဟိုင်မြို့သို့ နှစ်ရက်အတွင်း ရောက်ရှိလာစေရန် စီစဉ်ထားသည်။

ကျုံချင်းယွီက ကောက်ကာငင်ကာထရပ်လိုက်ပြီး အဝတ်အစားများကို ခါချလိုက်သည်။

"ငါနောက်ထပ်လေးငါးခြောက်ရက်လောက် စံအိမ်အဟောင်းကြီးထဲမှာပဲ မှာနေရဦးမယ်"

"ဘာလို့လဲ"

ယန်ရှီက မေးလိုက်သည်။

ကျုံချင်းယွီက စိတ်တိုသည့်ဟန်ဖြင့် နှုတ်ခမ်းကိုစူပြီး ပြောလိုက်သည်။

"ငါ့ပါးပါးက အဖိုးပေရဲ့ မွေးနေ့ပွဲကို မသွားချင်ဘူးတဲ့၊ အာ ငါက ယွဲ့ပိုင်နဲ့လက်ထပ်တော့မှာကို သူကဘာလို့မသွားချင်ရတာလဲ၊ ငါနောက်ထပ်ရက်နည်းနည်းလောက် ပါးပါးအိမ်မှာနေပြီး သူ့ကိုနားချကြည့်ဦးမယ်"

ယန်ရှီက တိတ်ဆိတ်စွာ နားထောင်နေသည်။

ကျုံပါးပါးသည် ပေယွဲ့ပိုင်ကို သဘောမကျသူဖြစ်သည်။ သူကတော့ ပေဟန်လီကို ပိုမို သဘောကျသည်။ ထို့ကြောင့် သူသည် မွေးနေ့ပွဲကို မတက်ရောက်မည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ သူ၏ သွယ်ဝိုက်သော ကန့်ကွက်မှုတစ်ခုပင်ဖြစ်ပါသည်။

"အိုး နင့်အိပ်ဆောင်မှာနေရတာ အဆင်မပြေဘူးဆိုရင် ငါ့အိမ်မှာပဲ ဆက်နေလို့ရတယ်"

ကျုံချင်းယွီက ဆက်ပြောလိုက်သည်။

"နင့်လက်ဗွေရာနဲ့ ဝင်လို့ရတယ် လိုအပ်တာရှိရင် အိမ်တော်ထိန်းကိုပြောလိုက်နော်"

ကျုံချင်းယွီက လက်ဆွဲအိတ်ကိုကောက်ယူပြီး ခြေနှစ်လှမ်းခန့် လှမ်းလိုက်သည့်အခါ ယန်ရှီက သူမနောက်မှ လိုက်လာပြီး မေးလိုက်သည်။

"ချင်းယွီ ငါလည်း ပါးပါးတို့အိမ်ကိုလိုက်ခဲ့လို့ရမလား"

ယန်ရှီ၏ မျက်လုံးများက နေရာတကာကို လှည့်ကြည့်နေသည်။

"ငါတစ်ယောက်တည်းနေရတာ မကြိုက်ဘူး ငါ"

ကျုံချင်းယွီက တစ်စက္ကန့်ပင် မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။

"ရတာပေါ့ ပါးပါးတို့အိမ်က ပျင်းစရာကြီးမလို့ နင်မကြိုက်မှာစိုးလို့ ငါက နင့်ကိုမခေါ်တာ"

"နင်ရှိရင် ဘယ်လိုလုပ်ပြီး ပျင်းစရာကောင်းမှာလဲ"

ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ကျုံမိသားစု၏ ရှေးဟောင်းစံအိမ်တော်ကြီးထံသို့ ရောက်ရှိလာခဲ့ကြသည်။

ဤရှေးဟောင်းစံအိမ်တော်ကြီးသည် ဟိုင်မြို့၏ အစွန်အဖျားတွင် တည်ရှိပြီး ပန်းခြံ၏ အလှအပကို ပေါင်းစပ်တည်ဆောက်ထားသည်။ မြို့တော်မှ ကျော်ကြားသော ဥယျာဉ်ဒီဇိုင်နာတစ်ဦးက ဒီဇိုင်းဆွဲခဲ့သည်ဟု သိရသည်။ အိမ်တော်ကြီးတွင် ပွဲကြည့်စင်များ၊ မျှော်စင်များ၊ တံတား အသေးစားကလေးများနှင့် တသွင်သွင်စီးဆင်းနေသော ရေကန်များပါရှိသည်။ တံတိုင်းတစ်ခုနောက်တွင် ရှေးဟောင်းဥယျာဉ်ခန်းသုံးခန်းတည်‌ဆောက်ထားသော ဒီဇိုင်းက စိတ်ကူးယဉ်ကျွန်းဆွယ်တစ်ခု၏ ရသကို ခံစားရစေသည်။

အိမ်တော်ကြီးအတွင်းသို့ ဝင်ရောက်ပြီးနောက် ကွေးကောက်နေသော လှေကားထစ်များကိုဖြတ်ကာ ရေကန်အစပ်ရှိ ပွဲကြည့်စင်သို့ ရောက်ရှိခဲ့ကြသည်။

ကျုံပါးပါးသည် စင်ပေါ်တွင် ရနံ့‌မွှေးကြိုင်သော သစ်သားဖြင့်ပြုလုပ်ထားသည် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်ကာ ငါးမျှားနေသည်။ သူတို့နှစ်ဦး ရောက်ရှိလာသည်ကို မြင်သောအခါ ငါးမျှားတံကို ဘေးသို့ချထားလိုက်သည်။

"နောက်ဆုံးတော့ ပြန်လာပြီပေါ့ သုံးစရာကုန်သွားပြီလား"

ကျုံချင်းယွီက သူမ၏လက်ကို ဖခင်ဖြစ်သူ၏ လက်မောင်းနှင့် ချိတ်လိုက်သည်။

"ပါးပါးကလည်း ဘယ်လိုကြီးပြောလိုက်တာလဲ၊ ကိုယ့်သမီးလေးက ပိုက်ဆံရှာနေရတာနဲ့ အလုပ်တွေရှုပ်နေတဲ့ဟာကို"

"ပိုက်ဆံရှာနေတာလား"

ကျုံပါးပါးက မျက်ခုံးကြုတ်လိုက်သည်။

"ဒါမှမဟုတ် ပိုက်ဆံဖြုန်းတာလား၊ မင်း လီမြို့ကိုသွားခဲ့တယ်မလား အဲဒါအများကြီးကုန်မယ်ထင်တယ်"

ကျုံချင်းယွီ သုမ၏ နှာခေါင်းဖျားကို ရှက်ရွံ့သည့်ဟန်ဖြင့် ပွတ်သပ်လိုက်သည်။

"အဲဒါက သိပ်အများကြီး မကုန်ပါဘူး"

ထို့နောက် ကျုံပါးပါးက ယန်ရှီကို ကြည့်လိုက်သည်။

"မင်းလည်းပါသွားခဲ့တာလား"

ယန်ရှီက တရိုတသေ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်"

ကျုံချင်းယွီသိသည်။ သူမ၏အဖေသည် အနုပညာလောကနှင့် ပတ်သက်သည့်သူကို အမြဲတမ်း သဘောမတွေ့သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ယန်ရှီကို စိတ်အနှောင့်အယှက်ပေးသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေသည်။ သူမလျင်မြန်စွာ စကားဝင်ပြောလိုက်သည်။

"ရသစုံရှိုးကိုသွားဖို့ဆုံးဖြတ်တာက သမီးဆန္ဒပါ၊ ယန်ရှီက သမီးနဲ့တူတူလိုက်လာတာ"

ကျုံပါးပါးက ကျုံချင်းယွီကို မျက်စိတစ်ချက်‌ဝေ့ကြည့်လိုက်သည်။

"မင်းဘာလို့ ဒီလောက်စိုးရိမ်နေတာလဲ"

ထို့နောက် ယန်ရှီထံသို့ လှည့်ကာ အသိအမှတ်ပြုသည့် ပုံစံမျိုးဖြင့်ကြည့်ရှုလိုက်သည်။

"မင်းရဲ့ ရှိုးကိုငါကြည့်ခဲ့တယ်၊ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"

ကျုံချင်းယွီတစ်ယောက်အံ့အားသင့်သွားသည်။

"ပါးပါးက တစ်ယောက်ယောက်ကို ချီးကျူးလိုက်တာလား"

"မင်းလည်း ယန်ရှီလို စိတ်ပူစရာမရှိအောင်နေရင် ငါချီးကျူးမှာပါ ဒါပေမဲ့"

ကျုံပါးပါး ခေါင်းတဆတ်ဆတ်ညိတ်ပြီး သူမ၏လက်ကို ပွတ်သပ်ပေးလိုက်သည်။

"ဒီတစ်ခါတော့ မင်းလည်း ရှိုးပွဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်"

"ဟင်"

ကျုံချင်းယွီ၏ မေးစေ့သည် အောက်ကိုကျတော့မတက်ဖြစ်သွားခဲ့သည်။ သူမ အနုပညာလောကထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက်ချချိန်တုန်းက သူမ၏ ဖခင်နှင့် အမြဲလိုလို ငြင်းခုန်ခဲ့ရသည်။ ရှင်းယောင်ကုမ္ပဏီကို ကျုံယန်စီထံမှ လုယူရန်လည်း အတော်ကြိုးစားခဲ့ရသည်။ သို့သော် ရှင်းယောင်ကုမ္ပဏီသည် နှစ်တိုင်းအရှုံးပေါ်နေပြီး သူမတွင် ယုံကြည်မှုအနည်းငယ်သာကျန်ရှိခဲ့သည်။ ယခုတော့ သူမ၏အဖေက သူမကို အမှန်တကယ်ပင်ချီးကျူးနေလေပြီ။ သူမ နားကြားများမှားလေသလော။

"အိမ်တော်ထိန်းယွီက မှိုဟင်းချိုလုပ်ထားတယ်ပြောတယ်၊ သူ့ကိုသွားမေးချေ ပြင်ပြီးပြီလားလို့"

ကျုံပါးပါးက ကျုံချင်းယွီကို ညွှန်ကြားလိုက်သည်။

စိတ်ကောင်းဝင်နေသော ကျုံချင်းယွီသည် ကူညီရန် အဆင်သင့်ဖြစ်နေပြီး မီးဖိုချောင်သို့ ပျော်ရွှင်စွာဖြင့်ဝင်သွားကာ အိမ်တော်ထိန်းယွီကို ရှာဖွေလိုက်သည်။

ယခုအခါတွင် ကျုံပါးပါးနှင့် ယန်ရှီ နှစ်ဦးတည်းသာ စင်ပေါ်၌ ကျန်နေတော့သည်။ ယန်ရှီသည် ကျုံပါးပါး၏မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ နွေးထွေးမှုများ အနည်းငယ် မှေးမှိန်သွားသည်ဟု ထင်ရသော်လည်း ကြင်နာသောအသွင်ဆောင်နေဆဲပင်ဖြစ်သည်။

"ယန်စီက ပြောတယ် မင်းက ကျောင်းသားဖလှယ်ရေးအစီအစဉ်နဲ့လည်း လိုက်မသွား၊ ကျုံစီးပွားရေးလုပ်ငန်းစုထဲ မဝင်ဘဲ ရှင်းယောင်ထဲ ဝင်လိုက်တယ်ဆို မင်းက ချင်းယွီကိုကူညီဖို့ ကြိုးစားနေတာလား"

ယန်ရှီ အနည်းငယ်အံ့အားသင့်သွားသည်။ သူမထင်ထားသည်မှာ ကျုံပါးပါးက ကျုံချင်းယွီ၏ အနုပညာလောကထဲသို့ ဝင်ရောက်ခြင်းကို ကန့်ကွက်မည်ဟု ယူဆခဲ့သော်လည်း သူ၏အသံထဲတွင် လုံးဝမကန့်ကွက်သည့် လေသံများပါဝင်‌နေသည်။

ကျုံပါးပါးက ယန်ရှီ၏ စိတ်ရှုပ်ထွေးသော အမူအရာကို သတိထားမိပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါတို့မိသားစုမှာ ငွေရှာဖို့က ငါနဲ့ယန်စီရှိတယ်၊ ချင်းယွီကတော့ ဘဝကို သူ့သဘောကျခံစားဖို့ပဲလိုတယ်၊ သူဘာလုပ်ချင်လုပ်ချင် ငါတို့အားပေးတယ်"

"ဒါပေမဲ့ အနုပညာလောကထဲ ဝင်တာက တခြားဘယ်သူ တစ်ဦးတစ်ယောက်ကြောင်းမှ မဟုတ်ဘဲနဲ့ သူ့ဆန္ဒအစစ်အမှန်ပဲဖြစ်စေချင်တယ် "

ယန်ရှီနားလည်သွားပြီဖြစ်သည်။ ကျုံချင်းယွီနှင့် သူမ၏ သူငယ်ချင်းများအဖြစ် အတူနေကြစဉ်က အစောပိုင်းနှစ်များတွင် ကျုံချင်းယွီက အနုပညာလောကအကြောင်း စိတ်ဝင်စားကြောင်း တစ်လုံးတစ်ပါဒမျှ မပြောဖူးခဲ့ပေ။ ကျုံချင်းယွီသည် ငယ်စဉ်ကတည်းက တယောနှင့် သက်ဆိုင်သောပညာရပ်ကို လေ့လာခဲ့ပြီး ကမ္ဘာ့အဆင့်မီ စင်မြင့်များပေါ်တွင် တီးခတ်ဖျော်ဖြေရန် အိပ်မက်မက်ခဲ့သူဖြစ်သည်။ သူမသည် Berne တက္ကသိုလ်၏ ဂီတဌာနတွင် ဆက်လက်ပညာသင်ကြားရန် စာရင်းသွင်းခဲ့သည်။

ပေယွဲ့ပိုင်နှင့် တွေ့ဆုံပြီးနောက် ကျုံချင်းယွီ၏ ရည်မှန်းချက်များမှာ လုံးဝပြောင်းလဲသွားခဲ့သည်။

"ကျွန်မ ချင်းယွီကို ကူညီချင်တယ်"

ယန်ရှီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"အောင်မြင်မလား မသေချာပေမဲ့ ကြိုးစားကြည့်ချင်တယ်"

“ကျုံစီးပွားရေးလုပ်ငန်းစုမှာ ပါဝင်ဖို့ကိစ္စကတော့"

ယန်ရှီက ပြုံးလိုက်သည်။

"ကျုံယန်စီဆီမှာ တော်တဲ့လူတွေ အများကြီးရှိနေပြီးပါပြီ၊ သူတို့က ကျွန်မကို မလိုအပ်ဘူးထင်ပါတယ်"

ကျုံပါးပါးက သဘောတူညီသည့်ဟန််ဖြင့် ခေါင်းညိတ်လိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ကျုံစီးပွားရေးလုပ်ငန်း၏ ပြန်ကြားရေးအဖွဲ့ကို ချင်းယွီ၏ ကောလာဟလကိစ္စများကို ကိုင်တွယ်ဖြေရှင်းခွင့်မပြုဘဲ သူမအား အနုပညာလောကကို စိတ်ပျက်ပြီး ကျောခိုင်းလာစေရန် ဖိအားပေးခဲ့သည်။

သို့သော် သူ၏ အကြံအစည်သည် မအောင်မြင်ခဲ့ပေ။ သူမကို ပို၍ဆန့်ကျင်လေ ချင်းယွီ၏ စိတ်ဓာတ်သည် ပို၍ခိုင်မာလာလေဖြစ်နေခဲ့သည်။ သူမသည် အဘယ်ကြောင့် ဤသို့ဖြစ်နေရသည်ကို သူနားမလည်နိုင်ခဲ့ပါ။ သူ့အနေဖြင့် သူမအတွက် အကောင်းဆုံးကိုသာ လိုလားခဲ့သော်လည်း သူမကမူ သူ့အား အမြဲလိုလိုပင် ဆန့်ကျင်နေခဲ့သည်။

အတူခရီးသွားကြစို့အစီအစဉ်ကို ကြည့်ရှုပြီးနောက် ကျုံပါးပါးသည် ယန်ရှီ၏ နောက်ကွယ်မှ ပါးနပ်စွာ လှုပ်ရှားမှုများကို သတိထားမိလာခဲ့သည်။ ပုံမှန်အားဖြင့် သူသည် အကြံအဖန်လုပ်သူများကို မနှစ်သက်ခဲ့ပေ။ အထူးသဖြင့် ချင်းယွီအား ဒုက္ခပေးခဲ့သည့် 'ပေ' အမည်ရှိ လူတစ်ဦးကဲ့သို့သောသူများကို သဘောမကျချေ။ သို့သော် ယန်ရှီ၏ အကြံအစည်အားလုံးသည် နောက်ဆုံးတွင် ချင်းယွီအတွက် အကျိုးရှိသည်ကို မြင်တွေ့ရသောအခါ ကျုံပါးပါးမှာ အားရကျေနပ်သွားခဲ့သည်။

သူ့မျက်လုံးထဲတွင် သူမ၏ အကြံအဖန်များသည် လှည်စားမှုမဟုတ် ပါးနပ်မှုသာဖြစ်သည်။

"ကောင်းပြီ"

ကျုံပါးပါးက ဖြည်းဖြည်းချင်းပြောလိုက်သည်။

"ရှင်းယောင်အနုပညာကုမ္ပဏီက ကျုံစီးပွားရေးလုပ်ငန်းစုရဲ့ လက်အောက်ခံပဲ၊ မင်းအနေနဲ့ ရှင်းယောင်ကို ပြောင်းသွားခဲ့ရင်တော့ စာချုပ်က အသက်ဝင်နေတုန်းပဲ"

ယန်ရှီ၏ မျက်လုံးများ တောက်ပလာခဲ့သည်။

အတော်သဘောကောင်းတဲ့လူပါလား။

ဒီလူက ကျုံယန်စီလိုမျိုး ယုတ်မာတဲ့အရင်းရှင်တစ်ယောက်ထက် အဆတစ်ထောင်ပိုကောင်းတယ်၊ ကျုံပါးပါးက ဘာလို့ အချမ်းသာဆုံးသူဖြစ်လာတာလဲဆိုတာ အံ့ဩစရာတော့မရှိပါဘူး။ အကင်းပါးတဲ့အမြင်ရှိလို့‌ပေါ့ အစ်ကိုရယ် ရှင်တော့ သူ့ကိုမီဖို့အချိန်တော်တော်ယူရဦးမယ်။

ကျုံပါးပါးသည် ဝမ်းသာစိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည့် ယန်ရှီကို ကြည့်ကာ ကျေးဇူးတင်သည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။

"အမှန်တော့ တစ်ဆယ်မီလီယမ်ဆိုတာ မင်းအတွက် ဘာမှမဟုတ်ပါဘူး၊ ဆယ်နှစ်မပြောနဲ့ တစ်လအတွင်းတောင် အတိုးနဲ့ပြန်ပေးနိုင်တာပဲ"

ယန်ရှီက ယဉ်ကျေးစွာ ဖြေကြားလိုက်သည်။

"ဦးလေးက အရမ်းကိုကြင်နာတတ်တာပဲ၊ ကျွန်မ ဒီလောက်မြန်မြန် ပိုက်ဆံရနိုင်တာက လူကြီးလူကောင်းတွေရဲ့ အထောက်အပံ့ကြောင့်ပါ ကျုံစီးပွားရေးလုပ်ငန်းစုကပေးတဲ့ အခွင့်အလမ်းတွေသာ မရှိရင် ကျွန်မ ဒီလောက်မြန်မြန်အောင်မြင်နိုင်မှာ မဟုတ်ပါဘူး"

အိမ်တော်ထိန်းယွဲ့က ငွေနားရွက်မှိုဟင်းချိုတစ်ခွက်ကိုယူလာသည်။ ယန်ရှီသည် ချင်းယွီကိုရှာဖွေရန် ကျုံပါးပါးထံမှ ခွင့်တောင်းလိုက်သည်။

ယန်ရှီ ထွက်သွားပြီးနောက် ကျုံပါးပါးက သူမသွားရာလမ်းကို ငေးကြည့်နေမိသည်။

"တကယ်ကောင်းတဲ့သူငယ်ချင်းပဲ စဉ်းစားဉာဏ်ရှိတယ်၊ အခြေအနေကို နားလည်တယ်၊ ဒီလိုကောင်းတဲ့သမီးကို မွေးထားပြီး နောက်ဆုံးမှာ ဆုံးရှုံးသွားရတာဟာ လင်းမိသားစုအတွက်တော့ ဝမ်းနည်းစရာပဲ"

အိမ်တော်ထိန်းယွဲ့က ကျုံပါးပါးအတွက် လက်ဖက်ရည်ဖျော်ပေးရင်း ယန်ရှီ၏ နောက်မှ ဖြတ်သွားသည့် ပုံရိပ်ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။

"ကျွန်တော်ကတော့ သူမကို သာမန်မိန်းကလေးတစ်ယောက်လို့ပဲ မြင်မိတယ်၊ ဒါက သခင်ကြီးရဲ့ ထူးခြားတဲ့ အမြင်ရှိလို့ပါ၊ သာမန်လူတွေကတော့ သခင်ကြီးလို လူတွေကို အကြောင်းစုံ မြင်နိုင်စွမ်း မရှိဘူး"

ကျုံပါးပါးက ရယ်မောပြီး အိမ်တော်ထိန်းယွဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"မင်းက တကယ်ပဲ စကားပြော‌ကောင်းတဲ့သူပဲကိုး"

ပွဲကြည့်စင်မှ စံအိမ်အထိ များစွာကွာဝေးပြီး ယန်ရှီမှာလည်း ဤ‌ နေရာနှင့် မရင်းနှီးပေ။ အနည်းငယ်လမ်းလျှောက်ပြီးနောက် ရှေ့ဘက်ရှိ ခြံတစ်ခုမှ ငြင်းခုံနေသည့်အသံများကို ကြားလိုက်ရသည်။

ကျုံချင်းယွီသည် ယနေ့ "The Bottom Line" ရုပ်ရှင်ကားအတွက် ဝူလျောင်၏ ကြော်ငြာဓာတ်ပုံရိုက်ကူးနေစဉ် သွားရောက်လည်ပတ်ခဲ့ပြီး စီအဆင့်တံဆိပ်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ဟောင်နွမ်းနေပြီဖြစ်သော စံအိမ်ကြီးသို့ ပြန်ရောက်သောအခါ သူမသည် သက်တောင့်သက်သာရှိသော ပိုးထည်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ သူမ အိမ်အပြင်ဘက်သို့ ခြေလှမ်းလှမ်းရန်ပြင်လိုက်သည့်အချိန်တွင် ယခုမှ အပြေးအလွှားပြန်ရောက်လာဟန်ဖြင့် ဝတ်စုံပြည့်ဝတ်ဆင်ထား‌သော ကျုံယန်စီကို တွေ့လိုက်ရသည်။

ကျုံချင်းယွီက မျက်မှောင်ကြုပ်ကာ‌မေးလိုက်သည်။

"ဘာလို့ ရှင်လည်း ပြန်လာတာလဲ"

သူမကဲ့သို့ပင် ကျုံယန်စီသည်လည်း ဟိုင်မြို့တွင် ပိုင်ဆိုင်မှုများရှိပြီး နှစ်ဦးလုံးသည် မြို့ပေါ်တွင် နေထိုင်လေ့ရှိကြသည်။ အထူးသဖြင့် ပိတ်ရက်များမှအပ စံအိမ်ကြီးသို့ ပြန်လာလေ့မရှိကြပေ။

“ငါက ခုနကလေးတင်ရောက်တာ"

ကျုံယန်စီက ရည်ရွယ်ချက်ရှိရှိ ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်၊

"ပါးပါးနဲ့ ကျစ်ကျင်းဥယျာဉ်စီမံကိန်းအကြောင်း တိုင်ပင်ဖို့လေ"

အို...။

ယန်ရှီသည် ကျုံချင်းယွီ၏ မျက်နှာဖြူဖတ်သွားသည်ကို သတိထားမိလိုက်သည်။

သူမသည်လည်း ကျုံယန်စီက ကျစ်ကျင်းဥယျာဉ်ဆိုသော စကားလုံးကို အထူးတလည် လေသံကျယ်ကျယ်ပြောလိုက်သည်ဟု ထင်မြင်မိသည်။

ကျုံယန်စီသည် လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ကာ ကျုံချင်းယွီ၏ဘေးမှ ဖြတ်လျှောက်သွားစဉ် ယန်ရှီသည် ဒေါသထွက်နေသည့် အမူအရာပြနေသော ကျုံရှင်းယွီကို မြင်လိုက်ရသည်။

" လေ‌လံအောင်သွားရုံနဲ့ ဘာဖြစ်လို့လဲ၊ ကျစ်ကျင်းဥယျာဉ်ဆိုတာ ဘီလီယံနည်းနည်း‌လောက်ပဲ တန်တာပါ ငါကဂရုစိုက်စရာလား"

ယန်ရှီက တဖွဖွပြောလိုက်မိသည်။

"ဂရုစိုက်မဘူးလား ဘီလီယံတွေနော်"

ကျုံချင်းယွီက သူမကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး ခါးကိုဆန့်လိုက်သည်။

"ဂရုမစိုက်ပါဘူး လူတစ်ယောက်မှာ ဂုဏ်သိက္ခာဆိုတာ ရှိရမှာပေါ့"

ထိုညနေခင်းတွင် ယန်ရှီသည် ကျုံချင်းယွီနှင့် သူမ၏မိသားစုတို့နှင့်အတူ ညစာစားခဲ့သည်။

ကျုံမိသားစုသည် ညစာစားချိန်တွင် စကားမပြောရဟူသည့် စည်းကမ်းကို လိုက်နာလေ့မရှိပေ။ ကျုံပါးပါးနှင့် ကျုံယန်စီတို့သည် ကျစ်ကျင်းဥယျာဉ်ပရောဂျက်အကြောင်း မကြာခဏ ဆွေးနွေးလေ့ရှိသည်။ ကျုံယန်စီ၏ စိမ့်မြေတောအုပ်အဆိုပြုချက်သည် ဟိုင်မြို့ မြို့တော်ကောင်စီ၏ မြို့တော်အလှဆင်ရေးအစီအစဉ်နှင့် ကိုက်ညီနေသဖြင့် ပရောဂျက်သည် အောင်မြင်ရန် အလားအလာရှိနေသည်။

ကျစ်ကျင်းဥယျာဉ်အကြောင်းအပြင် ကျုံပါးပါးနှင့် ကျုံယန်စီတို့သည် အခြားသော ဘီလီယံပေါင်းများစွာတန်သည့် ပရောဂျက်များအကြောင်းလည်း ဆွေးနွေးကြသည်။

ယန်ရှီသည် မိမိတစ်နေကုန် ကြော်ငြာရှင်များထံ အတိုက်အခံလုပ်ကာ တောင်းခံခဲ့ရသော မီလီယမ်နှင့်ချီသော ငွေကြေးများကိစ္စများသည် ဤနေရာတွင် အရေးမပါတော့ဟု ခံစားလိုက်ရသည်။

သူတို့ဆွေးနွေးနေကြသော ငွေပမာဏ၏ အစိတ်အပိုင်းတစ်ခုမျှပင်မရှိပေ။

ကျုံချင်းယွီသည် သူတို့၏စကားဝိုင်းကို နားထောင်ရင်း အနည်းငယ်ဝင်ရောက်ပြောဆိုတတ်သော်လည်း အများစုမှာ သူမ နားမလည်ပေ။ ယန်ရှီသည် ဤအကြောင်းကို နားလည်သည်။ ကျုံချင်းယွီသည် သူမတွင် အချိန်များစွာ ရှိသေးသည်ဟု အမြဲထင်မြင်နေခဲ့သည်။ ကျုံပါးပါးမှာ အသက် ၅၅ နှစ်သာ ရှိသေးပြီး အငြိမ်းစားယူရန် အချိန်မရောက်သေးသဖြင့် သူမသည် အနုပညာလောကတွင် နောက်ထပ်နှစ်အနည်းငယ်ကြာ ဆက်လက်လုပ်ကိုင်ပြီးမှသာ ကျုံလုပ်ငန်းစုသို့ ပြန်လည်ဝင်ရောက်ကာ ကျုံယန်စီကို စိန်ခေါ်မည်ဖြစ်သည်။

သို့သော် အမှန်တရားမှာ ကျုံယန်စီသည် တစ်နှစ်အတွင်း သေဆုံးတော့မည်ဖြစ်ပြီး သူ၏သေဆုံးမှုသည် ကျုံပါးပါးအား သွယ်ဝိုက်သောနည်းဖြင့် လေဖြတ်စေခဲ့သည်။ ကျုံချင်းယွီတွင် အချိန်မရှိတော့ပေ။ သူမ၏ လက်ရှိ ကျုံလုပ်ငန်းစုနှင့်ပတ်သက်သော အပေါ်ယံနားလည်မှုများသည် နောက်ဆုံးတွင် လုပ်ငန်းပြိုလဲမှုကိုပါ ဖြစ်စေမည်ဖြစ်သည်။

သူမ ကံကောင်းခြင်းအမှတ်များ စုဆောင်းရန် အမြန်ဆုံး အာရုံစိုက်ရမည်။

[Hostရေ တစ်ခုသတိပေးပါရစေ၊ မင်းမှာ ကံကောင်းခြင်းအမှတ် ၂၁ မှတ် လိုနေတုန်းပဲ‌နော်၊ ဒါပေမဲ့ ကျုံရှင်းယွီက မင်းကို လက်ဆောင်ထပ်ပေးရင်တောင် ဒီကွာဟချက်ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး]

ယန်ရှီ: "ငါသိပါတယ် ငါလည်းကြိုးစားနေပါတယ်၊ ငါဘာလို့ ဒီစံအိမ်ကြီးဆီကို ပြန်လာတယ်ထင်လို့လဲ"

System: [ကံကောင်းခြင်းအမှတ်အတွက် ပြန်လာတာလား ဒီစံအိမ်ကြီးနဲ့ ဇာတ်လမ်းက ဘာမှမဆိုင်ဘူး ဒီကွာဟချက်ကို ဘယ်လိုဖြည့်မှာလဲ]

ယန်ရှီသည် အေးအေးဆေးဆေး ညစာစားနေသော ကျုံယန်စီဘက်သို့ လှမ်းကြည့်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် ခိုင်မာသောဆုံးဖြတ်ချက်များ ထင်ဟပ်လာသည်။

"ဒီမှာ အဖြေက အဆင်သင့်ရှိနေပါပြီ ငါသာ ကျုံသခင်လေးကို အလုပ်များလွန်းပြီး ရုတ်တရက်သေဆုံးတာကနေ ကာကွယ်နိုင်ရင် ကံကောင်းခြင်းအမှတ်တချို့ ရနိုင်မယ်မဟုတ်လား"

သူမ ပြောဆိုနေစဉ် လက်ထဲရှိ ဝိုင်ပုလင်းကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။

System: ?

[ခဏစောင့်ဦး ဘာလုပ်မလို့လဲ]

[ပြန်ပေးဆွဲတာက တရားမဝင်ဘူး လူကိုရိုက်တာလည်း တရားမဝင်ဘူး]

[Host ရေ သေသေချာချာ စဉ်းစားပါဦး]

All Chapters