← Chapters

Chapter 44

Vol. 5 Ch. 44

Chapter 44

Vol. 5 Ch. 44

အိမ်ကြီး၌ တိုက်ရိုက်ထုတ်လွှင့်သောကိရိယာများ တပ်ဆင်ထားခြင်းမရှိသော်လည်း အိမ်တော်ထိန်းသည် အတွေ့အကြုံရှိသူဖြစ်သောကြောင့် မဆိုင်းမတွဘဲ ဝူလျောင်အားဆက်သွယ်၍ ပစ္စည်းကိရိယာများအား လာပို့ပေးရန် ညွှန်ကြားလိုက်သည်။ နောက်ထပ် တစ်နာရီအကြာတွင် ဝူလျောင်သည် အိမ်ကြီးသို့ ရောက်ရှိလာသည်။

ကျုံချင်းယွီသည် မိတ်ကပ်လိမ်းချယ်ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။ ကင်မရာရှေ့ထွက်ရန်သာလိုတော့သော်လည်း အမျိုးသမီးအနုပညာရှင်တစ်ယောက်အနေဖြင့် သူမ၏ပုံရိပ်ကို ဂရုစိုက်ရပေမည်။ တိုက်ရိုက်ထုတ်လွှင့်မှုရိုက်ကူးသည့်အခါများ၌ သူမ စိတ်မသက်သာသကဲ့သို့ ခံစားရသည်။ ယခုသည် သူမ၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်သည်။ *အတူတူခရီးသွားကြစို့* ရသစုံရှိုးသည် အလုပ်သဘောအရသာ ရိုက်ကူးခဲ့ခြင်းဖြစ်သည့်အပြင် ကျုံချင်းယွီသည် မှတ်ချက်များအား ကိုယ်တိုင်မမြင်တွေ့ရသောကြောင့် ဂရုမစိုက်မိချေ။ သို့သော် အိမ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုသည် ဖုန်း၏ မျက်နှာပြင်‌ပေါ်ရှိကင်မရာဖြင့် မှတ်တမ်းတင်ထားသည့်အပြင် ထုတ်လွှင့်သူအား ပရိသတ်များနှင့်ပိုမိုရင်းနှီးစေရန်အလို့ငှာ ကောမန့်များအား မြင်တွေ့နိုင်ရန်ခွင့်ပြုထားသည်။ကျုံချင်းယွီသည် မှတ်ချက်များအား ကိုယ်တိုင်ကြည့်ရှုရန် အနည်းငယ် ထိတ်လန့်နေမိသည်။

သူမ ပထမဆုံး ပွဲဦးထွက်သည့်အချိန်တွင် ကျုံချင်းယွီသည် နတ်သမီးနှင့်တူသော အနုပညာရှင်၊အနုပညာ‌လောက၏ ထိပ်တန်းအလှမယ် စသည်ဖြင့် ပရိသတ်များ၏ ချီးကျူးမှုများကို မကြာခဏ ကြားခဲ့သည်။ထို့အပြင် သူမသည် ကောမန့်များအား ဖတ်ရှုရသည်ကို သဘောကျပြီး သူမအား ချီးကျူးသည့်ပရိသတ်များနှင့်တွေ့ဆုံရသည်ကိုလည်း သဘောကျခဲ့သည်။နောက်ပိုင်းတွင် ပရိသတ်တို့၏ အမြင်များ ပြောင်းလဲသွားခဲ့သည်။ သူမ အွန်လိုင်းပေါ်တက်သည့်အခါ ယခင်ကသူမကို ချီးကျူးခဲ့သော ကောမန့်များသည်ပျောက်ကွယ်သွားပြီး ဝေဖန်မှုများသာ အစားထိုးလာသည်။ ထိုအချိန်မှစ၍ ကျုံချင်းယွီသည် အွန်လိုင်းပေါ်တက်၍ တိုက်ရိုက်ထုတ်လွှင့်မှုအားမပြုလုပ်တော့ချေ။အကယ်၍သူမသာ မကောင်းသည့်ကောမန့်များအားမမြင်ခဲ့လျှင် မရှိသကဲ့သို့ ဟန်ဆောင်နိုင်သော်လည်း တွေ့သည့်အခါတွင် သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းနိုင်မည် မထင်သောကြောင့်ပင်ဖြစ်သည်။ သူမ ရပ်တည်ရန်အတွက် နာမည်ကြီးမှုကို အလေးမထားသည်မှာ မှန်သော်လည်း မည်သူမျှ ဝေဖန်ခံချင်မည် မဟုတ်ပေ။

ယခု တိုက်ရိုက်ထုတ်လွှင့်သော ကိရိယာများကိုမျက်နှာမူထားသည့်အချိန်တွင် ကျုံချင်းယွီ ရင်မဆိုင်ရဲသော်လည်း သူမ၏ အတိတ်မှဝေဖန်ခံခဲ့ရသည်များကို ပြန်လည်တွေးတောလိုက်သည်။

“မစ္စ အဆင်သင့်ဖြစ်ပြီလား” ဝူလျောင်မေးလိုက်သည်။

ကျုံချင်းယွီသည် သူမ၏လက်နှစ်ဖက်အား စိတ်လှုပ်ရှားမှုကြောင့် တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သူမ ပြောလိုက်သည်။

“စရအောင်”

ရှင်းယောင်သည် ပရိသတ်များအား ကြိုတင်သတိပေးပြီးသားဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုစလျှင်စချင်း ပရိသတ်များ ဝင်ရောက်ကြည့်ရှုလာကြသည်။

ကျုံချင်းယွီသည် ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်ချင်သော်လည်း သူမ၏မျက်လုံးများသည် ကောမန့်များကိုသာ ဆက်တိုက်ကြည့်နေမိသည်။

[အား မစ္စကျုံက တိုက်ရိုက်လွှင့်နေတာပဲ၊ သူမက လှလိုက်တာ]

[ သူ့ကို နတ်ဘုရားမ နူဝါ ဖန်ဆင်းထားသလိုပဲ~မစ္စကျုံရဲ့မျက်နှာလေးကိုကြည့်ရရင်ပဲ ငါ့ဘဝကြီးက သာယာနေပြီ]

[မစ္စကျုံက ပရိသတ်တွေကို ပုံစံနောက်တစ်မျိူးနဲ့ ဆက်ဆံနေတာလား၊ မစ္စကျုံက ကြင်နာတက်လိုက်တာ]

အံ့ဩစရာကောင်းလောက်သည်အထိ ကျုံချင်းယွီနှင့်ပတ်သက်သော မည်သည့်မကောင်းသည့်မှတ်ချက်မှ ပေါ်မလာပေ။သူမသည် အံ့ဩသကဲ့သို့ မျက်တောင်ခတ်လိုက်ပြီး ဖုန်းမျက်နှာပြင်အား ကြည့်လိုက်သည်။ သူမ၏ အလှအကြောင်းချီးမွမ်းမှုများအပြင် ရှန့်ရှင်းဟယ်ပရိသတ်များ၏ ကောမန့်များကိုလည်း တွေ့ရသည်။

[ရှန့်ရှင်းဟယ်ရဲ့ ပရိသတ်လေး လာကြည့်တာပါ၊ မစ္စကျုံက သိပ်လှတာပဲ]

[ ရှန့်ရှင်းဟယ်ကို တွေ့မြင်ခွင့်ပေးလို့ မစ္စကျုံကို ကျေးဇူးတင်ပါတယ်]

[မစ္စကျုံက အတွင်းစိတ်ရော အပြင်ပိုင်းပါ လှပတာပဲ၊ သူမရဲ့ အနာဂတ်က ပိုကောင်းလာမှာ သေချာတယ်]

[မစ္စကျုံ၊ *The Button Line*က အရမ်းမိုက်တယ်၊ ဇာတ်ညွှန်းကို မဖျက်ဘဲ ဆက်လက်ရိုက်ကူးပေးနော်၊ ကြည့်ဖို့မျှော်နေမယ်]

ကျုံချင်းယွီသည် ရုတ်တရတ် နှာမွှန်သကဲ့သို့ခံစားရပြီး သူမ၏မျက်လုံး၌ မျက်ရည်များဝဲလာသည်။

“ချင်းယွီ”

ယန်ရှီသည် ကျုံချင်းယွီ၏မူမမှန်သော အပြုအမူအား သတိထားမိသွားသည်။

“ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး”

ကျုံချင်းယွီသည် သူမ၏မိတ်ကပ်မကွက်စေရန် သတိထားပြီး နှာခေါင်းအား ညင်သာစွာပွတ်လိုက်သည်။

“ငါဒီအတိုင်း..ရုတ်တရတ်ကြီးအရမ်းပျော်လို့ပါ၊ ငါတို့ ပရိသတ်ထောက်ခံမှုကို လုပ်နေတာမလား၊ စလိုက်ရအောင်”

ယန်ရှီခေါင်းညိတ်ပြလိုက်သည်။ထို့နောက် ဝူလျောင်သည် အသစ်စက်စက်ပြုလုပ်ထားသည့် PowerPoint အား ဖွင့်ပြသည့်ကို ဖုန်းမျက်နှာပြင်ပေါ်တွင် ရိုက်ကူးပြသထားသည်။

“အားလုံးပဲ မင်္ဂလာနံနက်ခင်းပါရှင့်၊ ပြင်သစ်မှာတုန်းကလိုပဲ ချင်းယွီက ကုန်လှောင်ရုံထဲကနေ အသုံးပြုပြီးသား ဇိမ်ခံပစ္စည်းတွေကို ပြသသွားမှာ ဖြစ်ပါတယ်”

ယန်ရှီသည် သူမ၏နောက်ရှိ ကုန်လှောင်ရုံကို ညွှန်ပြလိုက်သည်

“တန့်ဒန့်၊ ဒီမှာပါ”

“ဒါပေမယ့် အရင်တစ်ခါကလို လက်ဆောင်ပေးမှာမဟုတ်ဘဲ‌ လျော့ဈေးနဲ့ရောင်းချပေးမှာပါ”

[လျော့ဈေးနဲ့ရောင်းမှာ၊ဒါဆို အလကားမဟုတ်ဘူးပေါ့..]

[အင်း၊ငါအရင်တစ်ခါကလို ကံမကောင်းတော့ဘူး ထင်တယ်]

[ဘယ်လောက်လျော့ဈေးနဲ့ရောင်းမလဲဆိုတာ သိချင်တယ်၊ ဈေးသင့်တယ်ဆိုရင် ငါဝယ်မယ်]

ယန်ရှီသည် ကောမန့်များကို ဖတ်ရှုလိုက်ပြီး စိတ်အေးအေးဖြင့် လက်ခါပြလိုက်သည်။

“အားလုံးပဲ စိတ်မပူကြပါနဲ့၊ လျော့ဈေးနဲ့ရောင်းတာဆိုပေမယ့် ကျွန်မတို့ရဲ့ပရိသတ်တွေကို လက်ဆောင်ပေးသလိုပါပဲ၊ ကျွန်မတို့ဈေးအများကြီးမတင်ထားပါဘူး၊ ကျွန်မတို့က လင့်ခ်ချပေးမယ်၊အဲဒီမှာ မင်းကြိုက်တဲ့ပစ္စည်းကို ဝယ်လို့ရတယ်၊ ဈေးနှုန်းလေးတွေကတော့ ၄၉ယွမ်ကနေစမယ်နော်၊ ရတဲ့ငွေတွေအားလုံးကိုလည်း ကြက်ခြေနီအသင်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်”

[!!!]

[ဇိမ်ခံပစ္စည်းတွေကို ၄၉ယွမ်တဲ့လား၊ ဒါက အလကားပေးနေသလိုပဲ]

[လေလံပွဲဖြစ်မယ်လို့ ငါထင်ခဲ့ပေမယ့် တစ်ခုကို၄၉ယွမ်တဲ့၊ မစ္စကျုံက အရမ်းရက်ရောတာပဲ]

[ငါကတော့ ဒီအခြေအနေလေးက ကောင်းတယ်ထင်တာပဲ၊ အရင်တစ်ခေါက်က လူတိုင်း မဲ‌ပေါက်ဖို့ခက်ခဲတဲ့လက်ဆောင်ကိုတောင် ဝင်ယူခဲ့ကြသေးတာပဲ၊ အခုတော့ ငါတစ်ခုခုရလိမ့်မယ်လို့ထင်တယ်]

[မင်း၄၉ယွမ်လျော့ဈေးနဲ့ဝယ်နိုင်လိမ့်မယ်လို့ထင်နေရင်တော့ မင်းကငတုံးပဲ၊ ငါရဲ့ ဦးလေးတွေ၊အဒေါ်တွေနဲ့မောင်နှမတွေအကုန်လုံးကို ဝယ်ဖို့ပြောထားပြီးပြီ]

[ဒါမတရားတာပဲ၊ ငါလည်းငါ့သူငယ်ချင်းတွေ အကုန်လုံးကိုဝယ်ခိုင်းမှာ၊ ငါတစ်ခုခုတော့ရကိုရရမယ်]

၄၉ယွမ်ဟူသည်မှာ လူအတော်များများတက်နိုင်သည့် ငွေကြေးပမာဏဖြစ်သည်။ယန်ရှီသည် ဤနည်းလမ်းကိုသေချာစဉ်းစားပြီးမှ ချမှတ်ခဲ့ခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ယခင်တစ်ခေါက် လက်ဆောင်ပေးသည့်အချိန်မှစ၍ ဝေဖန်မုန်းတီးသူများသည် ယနေ့ထုတ်လွှင့်မှုအား ဖျက်စီးလိုက်မည်ကို စိုးရိမ်နေခဲ့သည်။ကျုံချင်းယွီတွင် ဝေဖန်မုန်းတီးသူများနှင့် သာမာန်ကြည့်ရှုသူများသာရှိပြီး ပရိသတ်ဟူ၍ များများစားစားမရှိချေ။

ယခုတွင်တော့ သူမတွင် ပရိသတ်များရှိလာပြီဖြစ်သောကြောင့် သူတို့အား အ‌ရေးပေးရတော့မည်ဖြစ်သည်။ ၄၉ယွမ်ဟူသော ပမာဏသည် ဈေးမကြီးသော်လည်း မလိုမုန်းထားသည့်ဝယ်ယူသူများအား ဟန့်တားရန်လုံလောက်ပေသည်။ထို့အပြင် ရရှိလာသည့်ငွေများအား လှူဒါန်းမည်ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော အခြေအနေဖြစ်သည်။

ပရိသတ်များထံမှ မည့်သည့်စောဒကတက်ခြင်းမျိုးများလည်းမရှိပေ။မည်သူသည် အသုံးပြုပြီးဇိမ်ခံပစ္စည်းများအား ၄၉ယွမ်ဖြင့်ရောင်းချသည်ကို မဝယ်ချင်ဘဲ နေမည်နည်း။ ကျုံချင်းယွီ၏ပစ္စည်းအများစုသည် ယခုထိ တံဆိပ်များပင်ရှိနေသေးသည်။လူတိုင်းသည် ဈေးဝယ်ရန် တက်ကြွနေကြသည်။

ကျုံပါးပါးသည် ငါးဖမ်းထွက်ရာမှပြန်လာ၍ ပစ္စည်းဟောင်းများသိမ်းဆည်းထားသော ကုန်လှောင်ရုံအား ဖြတ်သွားလေသည်။သူသည် ယန်ရှီနှင့်တစ်ခြားသူများ ပြန်လည်စီစဉ်နေသည်ကို သတိပြုမိသွားသည်။

သူသည် အိမ်တော်ထိန်းယွီအားခေါ်၍ မေးလိုက်သည်။

“ဒီမှာဘာတွေဖြစ်နေတာလဲ”

အိမ်တော်ထိန်းယွီသည် လေးစားသမှုဖြင့် ယန်ရှီ၏ပြုလုပ်ချင်သည့်လုပ်ဆောင်မှုများအား တစ်ခုချင်းစီ အသေးစိတ်ရှင်းပြသည်။ကျုံပါးပါးသည် လက်ခံသကဲ့သို့ ခေါင်းညိတ်ပြသည်။

“ဒါက တော်တော်လေးကောင်းပြီးအဓိပ္ပါယ်ရှိတဲ့ လုပ်ရပ်ပဲ၊ ဒါပေမယ့် လူနည်းနည်းလေးနဲ့ဆိုတော့ အလုပ်တွေရှုပ်နေမှာပေါ့”

အိမ်တော်ထိန်းယွီသည် ပြန်အကြောင်းပြန်သည်။

“သေချာတာပေါ့၊ ကြည့်ပါဦး မစ္စကျုံတောင်မှ ပုံတွေရိုက်ပြီး လင့်ခ်တွေရှယ်ပေးနေတာပဲ၊ သူမဒီလိုမျိုး အရင်က တစ်ခါမှမလုပ်ဖူးဘူး”

ကျုံပါးပါး တစ်ချက်ရယ်လိုက်သည်

“အိမ်ထဲကနေပြီးတော့ ကူညီမယ့်သူတွေသွားရှာစမ်းပါ၊ ကူညီပေးတဲ့သူ‌ကို သုံးလဆက်တိုက်ဘောနပ်စ်ပေးမယ်လို့ပြောလိုက်”

အိမ်တော်ထိန်း၏မျက်လုံးမှာ ပြူးကျယ်သွားသည်။

“ဆရာ၊ အဲလိုဆိုရင် ကျွန်တော်ပဲ ဝင်လုပ်လိုက်မှာပေါ့”

သုံးလဆက်တိုက်ဘောနပ်ဟူသည်မှာ မက်မောချင်စဖွယ်ကောင်းသည်။သိပ်မကြာခင်မှာပင် အိမ်ထဲရှိဝန်ထမ်းများ ကူညီရန်ထွက်လာကြသည်။လူတိုင်း အတူတကွဆောင်ရွက်နေသောကြောင့် ယနေ့အတွင်းပြီးမြောက်ရမည့်အလုပ်ကိစ္စအားလုံး မြန်ဆန်စွာပင် ပြီးမြောက်သွားသည်။

ထိုစဉ်တွင် ပရိသတ်များသည်လည်း ဝယ်ယူရန်တက်ကြွနေကြသည်။ လင့်ခ်များ တင်ပေးပြီးသည်နှင့် တပြိုင်နက် ဝင်ရောက်ဝယ်ယူကြသည်။ကံကောင်းစွာဖြင့် ယန်ရှီသည် ID တစ်ခုချင်းစီတိုင်းအား ပစ္စည်းတစ်ခုသာဝယ်ယူနိုင်ရန် သတ်မှတ်ပြုလုပ်ထားသည့်အတွက် ပရိသတ်များ ညီတူမျှတူ ဝယ်ယူနိုင်သည်။

ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူပို၍များပြားလာပြီး ကြေညာခြင်းမရှိဘဲနှင့် #ကျုံချင်းယွီ၏‌လျော့ဈေးဖြင့်ရောင်းချမှု စသည့်ဟက်ခ်ျတဒ်များ Weibo၌ တက်လာသည်။ပရိသတ်များသည် ထိုဟက်ခ်ျတဒ်များကိုနှိပ်၍ ကျုံချင်းယွီ၏ တိုက်ရိုက်ထုတ်လွင့်မှုအား ဝင်ရောက်ကြည့်ရှုကြသည်။

[ကျုံချင်းယွီက ပရိတ်တွေကို လက်ဆောင်ပေးပြန်ပြီလား၊ သဘောကောင်းလိုက်တာ]

[လှပပြီး ချမ်းသာတဲ့ မိန်းကလေးကို အားပေးရတာ အရမ်းကောင်းတာပဲ]

[ဟုတ်တယ်၊သူမက လူသိနည်းတဲ့သရုပ်ဆောင်တွေအပေါ် ရင်းနှီးချင်တဲ့အခါ ပရိသတ်တွေကို လက်ဆောင်ပေးလေ့ရှိတယ်]

[သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကလွဲရင် အကုန် ပြီးပြည့်စုံတဲ့ မိန်းကလေးပဲ]

[သူက လှပြီးချမ်းသာတယ်လေ__ဘာထပ်လိုချင်သေးတာလဲ၊ ဘယ်သူက သရုပ်ဆောင်စွမ်းရည်ကို ဂရုစိုက်လို့လဲ]

ကျုံချင်းယွီ၏ လျော့ဈေးဖြင့်ရောင်းချမှု ဟက်ခ်ျတဒ်သည် နာမည်ကြီးနေစဉ် ရဲ့လော့ယီ၏ ဟက်ခ်ျတဒ်တစ်ခုသည်လည်း Weibo ပေါ်သို့ တက်လာသည်။

ယနေ့သည် ရဲ့လော့ယီ၏ N brand နှင့်ရိုက်ကူးထားသည့် ကြေညာအားထုတ်လွှင့်မည့်နေ့ဖြစ်သည်။ယခင်ရက်များတွင် ချင်းလီ၏ကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့သော်လည်း ရဲ့လော့ယီသည် ကြေညာရိုက်ကူးရန်အလို့ငှာ စတူဒီယိုသို့ ပြန်သွားခဲ့ရသည်။ကံကောင်းစွာဖြင့် ရိုက်ကူးရေးသည် ချောချောမွေ့မွေ့ပြီးသွားခဲ့ပြီး ယနေ့သည်ကြေညာထုတ်လွှင့်မည့်ရက်ဖြစ်သည်။ရဲ့လော့ယီသည် ယခုအခိုက်တွင် စိတ်အားထက်သန်နေသည်။ ၎င်းသည် “အတူတူခရီးသွားကြစို့” ရသစုံရှိုးပြီးသည့်နောက် သူမ၏ပထမဆုံး ပြန်လည်ပွဲဦးထွက်ခြင်းဖြစ်သည်။ထို့ကြောင့် ရသစုံရှိုးမှ ထွက်ပေါ်လာခဲ့သော မကောင်းသည့်မှတ်ချက်များအား ဖယ်ရှားရန်အတွက် သူမ၏အရည်အသွေးကို အကောင်းဆုံး ထုတ်ဖော်ပြရပေမည်။

ဤကြေညာထုတ်လွှင့်ရန်အတွက် N brand သာမက ရဲ့လော့ယီသည်လည်း သတင်းစာမျက်နှာတစ်ခုအား ဝယ်ယူထားသည်။သူမသည် ကြေညာထုတ်လွှင့်မှုနှင့် ပရိသတ်များ၏ချီးကျူးမှုများကို စောင့်မျှော်နေသည်။ ၁၂နာရီ ထိုးသည်နှင့်တပြိုင်နက် ကြေညာအား ထုတ်လွှင့်လိုက်သည်။ရဲ့လော့ယီသည် Weibo ပေါ်ရှီ နာမည်ကြီးသတင်းစာမျက်နှာအား ကြည့်ရှုရန် မစောင့်နိုင်တော့ချေ။ သူမ ကြည့်လိုက်သည့်အချိန်တွင် ရင်းနှီးသော နာမည်တစ်ခုကို တွေ့လိုက်ရသည်။

#ကျုံချင်းယွီ၏လျော့ဈေးဖြင့်ရောင်းချမှု#

#ကျုံချင်းယွီ ပရိသတ်များအား လက်ဆောင်ပေး#

#ကျုံချင်းယွီ၏ ပရိသတ်များ အလွန်ပျော်ရွင်#

ရဲ့လော့ယီ:???

ရဲ့လော့ယီသည် မျက်လုံးများအားပွတ်လိုက်ပြီး သူမတွေ့လိုက်သော အရာများကို တွေးတောနေသည်။

ဘာလို့ ကျုံချင်းယွီအကြောင်းလဲ။

သူ့ရဲ့ စာမျက်နှာကရော။

ကျုံချင်းယွီ၏ သတင်းများအကြားတွင် ရဲ့လော့ယီသည် N brand နှင့် သူမ ဝယ်ယူထားသည့် ကြေညာကို တွေ့သွားသည်။သူမ တွေ့လိုက်ရသည့် ပထမဆုံး မှတ်ချက်သည်။

[ ကြေညာတင်ပြီး နာမည်ကြီးလာတယ်၊ ရဲ့လော့ယီက နာမည်ကြီးသတင်းစာမျက်နှာကို ဝယ်လိုက်တာလား]

ရဲ့လော့ယီသည် အလွန်ပင်ဒေါသထွက်သွားပြီး လဲကျချင်သကဲ့သို့ ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် ထိုကောမန့်အပြင် စာမျက်နှာထဲတွင် သူမပရိသတ်များ၏ အားပေးသောကောမန့်များကိုလည်း တွေ့လိုက်ရသည်။သူတို့၏ စကားများသည် ကြင်နာသော အားပေးသည့်စကားများဖြစ်သည်။

ကျုံချင်းယွီအပေါ် များစွာ‌သောပရိသတ်များ၏ ချီုးကျူးမှုများနှင့် ယှဉ်လျှင် ရဲ့လော့ယီသည် သူမ ထင်သလောက် မပျော်ရွင်တော့ချေ။

ကျုံချင်းယွီက ဘာလို့ဒီနေ့မှ လျော့ဈေးချပြီးရောင်းရတာလဲ၊နောက်နေ့မှ လုပ်လို့မရဘူးလား။

သူက ငါ့ကို တွန်းထုတ်ဖို့ကြိုးစားနေတာလား။

ရဲ့‌လော့ယီ၏ဘေးတွင်အမြဲရှိနေသော ပေယွဲ့ပိုင်သည်လည်း အခြေအနေအား သတိပြုမိသည်။ ရဲ့လော့ယီ “အတူတူခရီးသွားကြစို့” ရသစုံရှိုးတွင် ပါဝင်လိုက်သည့်အချိန်မှစ၍ ပေယွဲ့ပိုင်သည် မည့်သည့်အရာတစ်ခုမျှ အဆင်မပြေတော့သကဲ့သို့ ခံစားရသည်။

အထူးသဖြင့် ယန်ရှီကြောင့် ၁၀မီလီယမ် ကုန်ကျခဲ့သည့်အချိန်မှစ၍ ပေယွဲ့ပိုင်ဘာမျှမတက်နိုင်သော်လည်း ပြန်တွေးလိုက်တိုင်း မကျေနပ်ပေ။သူသည် ထိုငွေများအား စာချုပ်ချုပ်ဆိုထားသည့် Web series ၌ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုတွင် ထိုအခွင့်အရေးမှာ ဆုံးရှုံးသွားလေပြီ ဖြစ်သည်။

သို့သော်လည်း “တံတားဆီသို့ လှေရောက်သည့်အခါ သူ့ဘာသာဖြောင့်တန်းသွားလိမ့်မည်” ဟူသည့်စကားအတိုင်းပင် ရက်အနည်းငယ်အကြာတွင် ကျုံယန်စီသည် “Crazy Summer and Winter”တွင် ရင်းနှီးမြှုပ်နှံရန် သဘောတူလိုက်သည် ဟူသည့် အကြောင်းအား ပေယွဲ့ပိုင် ကြားသိခဲ့ရသည်။ ဆိုလိုသည်မှာ ရဲ့လော့ယီအတွက် စီစဉ်ထားသည့် ဇာတ်လမ်းများ ပြန်၍အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

“ယီယီ၊ သတင်းကောင်းရှိတယ်”

ပေယွဲ့ပိုင်သည် ရဲ့လော့ယီအားပြောလိုက်သည်

“မင်း ‘Crazy Summer and Winter’ထဲက သီချင်းဆိုတဲ့မိန်းကလေးဇာတ်ဆောင်ကို မှတ်မိလား၊ မင်းအဲ့ဒီနေရာမှာ သရုပ်ဆောင်ရတော့မယ်”

ရဲ့လော့ယီ၏လုပ်ဆောင်ချက်များသည် ခဏတာရပ်ဆိုင်းသွားသည်။ ထို့နောက် အပြုံးတစ်ခုအား သူမ၏ မျက်နှာပေါ်၌ ချိတ်ဆွဲလိုက်သည်။

“တကယ်လား”

“Crazy Summer and Winter”သည် စီးပွားရေးလောကမှသာမက အနုပညာ‌လောကတွင်ပါ မျှော်လင့်စောင့်‌စား‌မှုအမြင့်ဆုံး ဇာတ်လမ်းဖြစ်သည်။ Box office နှင့် အကယ်ဒမီဆု ရရှိရန် အတွက် အကောင်းဆုံးရိုက်ကူးရန် မျှော်လင့်ထားသော ဇာတ်လမ်းဖြစ်သည်။ ရဲ့လော့ယီသည် နာမည်ကြီးမင်းသမီး ဖြစ်သော်လည်း သူမ၏ဂုဏ်သတင်းအတွက် ကြီးကျယ်ခမ်းနားသည့် မည်သည့်ဆုကိုမျှ မရခဲ့ဖူးပေ။ဖြစ်နိုင်မည်ဆိုလျှင် ထို့သို့သော ရုပ်ရှင်ကားကြီးတွင် သူမ ဝင်ရောက်သရုပ်ဆောင်ချင်ပေသည်။

ကျန်းတုံ၏ “The Buttom Line” သည် သူမအတွက် အဆင့်နိမ့်လွန်းသည်။ “Crazy Summer and Winter”သည်သာ သူမနှင့် အကိုက်ညီဆုံး ဇာတ်လမ်းဖြစ်သည်။

ရဲ့လော့ယီသည် ပေယွဲ့ပိုင်၏ နက်ကတိုင်အား ရှက်နေသည့်ပုံစံဖြင့် လှမ်းကိုင်လိုက်သည်။

“ယွဲ့ပိုင်၊ ဒီပရောဂျက်မှာတော့ ဘာအရှုပ်အရှင်းမှ မရှိဘူးမလား၊ ကျွန်မကံဆိုးပြီး အရာရာလွဲချော်နေတာ ကြာပြီ၊ ဒီပရောဂျက်ကိုတော့ လက်လွှတ်မခံချင်ဘူး”

ကျုံချင်းယွီသည်လည်း မင်းသမီးတစ်ယောက်ဖြစ်သည့်အတွက် သူမ၏ သီချင်းဆိုသည့်မိန်းကလေးနေရာကို လုယူသွားမှာ ရဲ့လော့ယီစိုးရိမ်နေမိသည်။

ပေယွဲ့ပိုင်သည် ရဲ့လော့ယီ၏ပါးလေးအား ဖွဖွလေးဆွဲလိုက်သည်။

“ဘာမှစိုးရိမ်မနေနဲ့၊ ဒီတစ်ခါ ဘာစိုးရိမ်စရာမှ ရောက်လာမှာမဟုတ်တော့ဘူး”

အရင်အချိန်များတွင် ကျုံချင်းယွီသည် သူ့အားအရင်းအနှီးများစွာလွဲပြောင်းပေးခဲ့သည်။ကျုံချင်းယွီ၏ သူ့အပေါ်ထားရှိသော ခံစားချက်များကိုသိသောကြောင့် သူတောင်းဆိုသည့်အရာအားလုံးကို သူမ ပေးလိမ့်မည်ဟု ပေယွဲ့ပိုင် အသေအချာထင်နေခဲ့သည်။

တစ်ဖက်၌ ကျုံမိသားစုသည်။

ကျုံချင်းယွီသည် ပေယွဲ့ပိုင်၏လွှမ်းမိုးမှုအား ခံစားနေရသည်ကို ယန်ရှီသတိမမူမိချေ။ လျော့ဈေးဖြင့်ရောင်းချမှုပြီးသွားသည့်အချိန်တွင် သူမသည် အသုံးပြုပြီးသားဇိမ်ခံပစ္စည်းပေါင်း ၈၀၀ကျော်အား လေလံတင်ရောင်းချကာ ယွမ်၅၀,၀၀၀ ရှာဖွေနိုင်ခဲ့သည်။

ငွေပမာဏမှာ သိပ်၍မများသော်လည်း လှူဒါန်းသည့်အခါတွင် ထိုငွေပမာဏထက်ပိုသည့် ချီးကျူးမှုများကို ရပေလိမ့်မည်။

ကျုံပါးပါးသည် ထိုငွေပမာဏကို ကြားသည့်အခါ သူ၏လက်အား အထင်သေးသကဲ့သို့ ယမ်းပြလိုက်သည်။

“မဆိုးပါဘူး၊ ဒါပေပမယ့် ငါတို့လှူမယ်ဆိုရင် ၅မီလီယမ်လောက် ထပ်ပေါင်းပြီး လှူရအောင်”

ယန်ရှီ:??

၎င်းသည် သူမ တစ်စုံတစ်ယောက်၏ ထိုကဲ့သို့ “ထပ်ပေါင်းထည့်သည်”ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

ကျုံမိသားစုတွင် ကိုယ်တိုင်ဖွင့်လှစ်ထားသော လူမူကူညီရေးအသင်းရှိသည့်အတွက် လှူဒါန်းသည့်ငွေများသည် လိုအပ်သည့်သူများထံသို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်သည်။ထို့ကြောင့် ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ဤကိစ္စအတွက် စိတ်ပူစရာမလိုပေ။ ယန်ရှီသိချင်သည်မှာ ကျုံချင်းယွီ၏ တက်လာသော ကံကောင်းမှုတန်ဖိုးပင် ဖြစ်သည်။

ဤသို့ စေတနာထား၍ ဈေးလျော့ရောင်းချခြင်းသည် သူမ၏ ကံကောင်းမှုတန်ဖိုးကို တိုးစေလိမ့်မည်။

Systemသည် လျင်မြန်စွာတွက်ချက်ပြီး ရလဒ်ကို ပြောကြားသည်။

[ဒင်း! ကျုံချင်းယွီရဲ့ နာမည်ကြီးမှုနဲ့ ဂုဏ်သတင်းတွေ တိုးတက်လာတာကြောင့် ကံကောင်းမှုတန်ဖိုး ၀.၅ တိုးတယ်၊ လက်ရှိ ကံကောင်းမှုတန်ဖိုးက ၂၈.၅]

“၀.၅ ထဲလား” ယန်ရှီ အားမလိုအားမရဖြစ်မိသည်။

[ Host မင်းလောဘကြီးနေတာပဲ၊ အရင်ကဆို အဓိကဇာတ်ကြောင်းချိန်းတာမဟုတ်ရင် ကံကောင်းမှုတန်ဖိုးက နည်းနည်းလေးပဲတိုးတာ မင်းသိတာပဲ၊ ၀.၅ က တကယ်တော့ များပါတယ်]

[ပြီးတော့ မစ္စကျုံရဲ့ ဂုဏ်သတင်းကလည်း ရသစုံရှိုးပြီးကတည်းက သိသိသာသာတိုးလာတာပဲလေ၊ ဒီကိစ္စတွေက အသေးအဖွားလေးတွေပဲမို့ ကံကောင်းမှုက သိပ်မတိုးလာတာ]

ယန်ရှီ စိတ်ပျက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ချင်းလီ၏ အတင်းအဖျင်းကိစ္စတွင် သူမသည် ဤထက်၁၀ဆပိုများသည့် ကံကောင်းမှုတန်ဖိုး ၅ပွိုင့်အား ရှာနိုင်ခဲ့သောကြောင့်ဖြစ်သည်။

သူမသည် ပွိုင့် ၃၀ ရရန် ၁.၅ပွိုင့် လိုနေသေးသည်…သို့သော်လည်း အချိန်ရှိပါသေးသည်။

နေ့ခင်းပိုင်းအချိန်တွင် ယန်ရှီသည် ကျုံလုပ်ငန်းစုသို့ သွားရောက်ခဲ့သည်။

မူလကတော့ သူမသည် ရိုက်ကူးရေးတွင် ကြီးကြပ်ပေးရန် စီစဉ်ထားသော်လည်း ဖန်းယွဲ့သည် သူမအား ဆက်သွယ်လာကာ ကျုံယန်စီသည် “Crazy Summer and Winter” တွင် ရင်းနှီးမြှုပ်နှံမည်ဟူသည့်အကြောင်းကို ပြောပြလာသည်။

ဤသည်မှာ မမျှော်လင့်ထားသည့် ဝမ်းသာစရာပင် ဖြစ်သည်။

အတည်ပြုချက်အား ပူးပေါင်းလုပ်ဆောင်သည့်အချိန်ကတည်းက လက်မှတ်ရေးထိုးပွဲကို ကျုံလုပ်ငန်းစု၌ကျင်းပရန် စီစဉ်ပြီးဖြစ်သည်။ ယန်ရှီ ရောက်ရှိသည့်အချိန်တွင် လက်ထောက်ဆန်၊ “Crazy Summer and Winter”၏ ပရိုဂျူဆာနှင့် ဖန်းယွဲ့တို့ရောက်ရှိနေကြပြီ ဖြစ်သည်။

ဖန်းယွဲ့သည် ယန်ရှီ၏ပခုံးအား စိတ်လှုပ်ရှားစွာ လှမ်းဖက်လိုက်သည်။

“နင်က အံ့ဩစရာပဲ၊ ကျုံဉဣဌရဲ့ ယုံကြည်မှုကို ဘယ်လိုတောင် ရယူလိုက်တာလဲ”

ပရောဂျက်လုပ်ဆောင်သည့်ဌာနမှ အဖွဲ့ဝင်များသည် ပရောဂျက်အတွက် ဘောနပ်စ်များ ရရှိကြသည်။ ပရောဂျက်အဆိုပြုခြင်းကို ဖန်းယွဲ့မှ လုပ်ဆောင်တင်ပြသော်လည်း ယန်ရှီသည် မှတ်ချက်ပေးသူအဖြစ် ပါဝင်ခဲ့သည်။ထို့အပြင် ပရောဂျက်အောင်မြင်ပါက ဖန်းယွဲ့သည် ဌာနမှူးအနေဖြင့် ငွေကြေးအမြတ်များစွာ ရရှိပေလိမ့်မည်။

ထို့ကြောင့် ဖန်းယွဲ့သည် “Crazy Summer and Winter” အပေါ်တွင် အလွန်မျှော်လင့်ထားပေသည်။ဤရုပ်ရှင်သည် ရှင်းယောင်၏ လိုအပ်‌နေသောငွေများကို ယခုနှစ်အကုန်တွင် လွတ်မြောက်အောင် ကူညီပေးနိုင်မည်ဟု သူမ ယုံကြည်သည်။ ဆိုလိုသည်မှာ သူမ၏ နှစ်ကုန်‌ဘောနပ်စ်ငွေသည်လည်း နှစ်ဆတိုးလာနိုင်ပေသည်။

ဖန်းယွဲ့နှင့် ပရိုဂျူဆာရှု တို့ဆွေးနွေးပြီးသည့်အချိန်တွင် ယန်ရှီသည် System ထံမှ အသိပေးချက်တစ်ခုအား လက်ခံရရှိသည်။

[ဒင်း! အနာဂတ်မှာလူကြိုက်များမယ့် “Crazy Summer and Winter”ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံတဲ့အတွက် ကျုံချင်းယွီရဲ့ ကံကောင်းမှုတန်ဖိုး ၁မှတ်တိုးတယ်၊ လက်ရှိ ကံကောင်းမှုတန်ဖိုးက ၂၉.၅ မှတ်]

ယန်ရှီ:!!!

ဒါသည် အလွန် စိတ်ဝင်စားဖို့ကောင်းသည်။

ယန်ရှီ၏ရင်ထဲတွင် ပျော်ရွင်မှုများ ခုန်ပေါက်နေသည်။

ကျုံယန်စီသည် ရင်းနှီးမြှုပ်နှံမှုကို အတည်ပြုပြီးနောက် ရန်ပုံငွေထောက်ပံ့ပေးလိုက်သည်။ဇာတ်ကြောင်းပြောင်းလဲသည်မှအပ ကျုံယန်စီသည် ကျုံချင်းယွီအား ကံကောင်းစေရန် ကူညီပေးသည့်နေရာတွင် အရေးပါသူတစ်ဦးဖြစ်သည်။

ရုတ်တရတ် ကျုံယန်စီ၏ပုံရိပ်သည် ယန်စီ၏စိတ်ထဲတွင် ခန့်ညားလာသည်။ သူ၏ တစ်သီးတစ်ခြားနေတက်သော ပုံစံသည် တဖြည်းဖြည်းပျောက်ကွယ်လာသကဲ့ပင် ဖြစ်သည်။

ကျုံယန်စီသည် သူ၏အဖွဲ့သားများနှင့်အတူ ကုမ္ပဏီအတွင်း လှည့်လည်ကြည့်ရှုနေသည်။ သူ အစည်းအဝေးခန်းအား ဖြတ်သွားသည့်အချိန်တွင် အလွန်ပီတိဖြစ်နေသည့် ယန်ရှီကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးသည် ဖန်းယွဲ့အား ပျော်ရွင်စွာ ဖက်လိုက်ပြီး သူမ၏ပျော်ရွင်မှုများသည် ကူးစက်ဖြာထွက်နေသည်။ကျုံယန်စီ၏နှုတ်ခမ်းသည် ခပ်ယဲ့ယဲ့အပြုံးအဖြစ် ပြောင်းလဲသွားသည်။

လက်မှတ်ထိုးခြင်းပြီးဆုံးသွားသည့်အချိန်တွင် ယန်ရှီသည် “Crazy Summer and Winter”၏ လူတွေ့ဆုံပွဲအား တက်ရောက်ရန် ပရိုဂျူဆာရှုနောက်သို့ လိုက်သွားသည်။

သူမသည် ပရောဂျက်အား မှတ်ချက်ပေးရသူဖြစ်သည်။ ပါဝင်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန် သဘောတူပြီးသည့်နောက်တွင် သူမသည် ကိစ္စအချို့ကို ကိုင်တွယ်ဖြေရှင်းရတော့မည်။ သို့သော် ရှင်းယောင်သည်လည်း ရင်းနှီးမြှုန်နှံသူတစ်ဦးဖြစ်ပြီး “Crazy” တွင် သူ၏ကိုယ်ပိုင်ရိုက်ကူးရေးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်စုရှိလေသည်။

“ကိုင်တွယ်ဖြေရှင်းရမည့်ကိစ္စ” ဟုဆိုသော်လည်း အမှန်တွင် သိပ်၍အရေးမပါလှချေ။အကယ်၍ ရှောင်ယွီမှ လူတစ်ယောက်အား ပရောဂျက်အတွင်း ထပ်မံထည့်ချင်လျှင် ယန်ရှီ၏ အကူအညီဖြင့် ညှိနှိုင်းဆွေးနှိုင်းရမည်ဖြစ်သည်။ ရုပ်ရှင်သည် စတင်မရိုက်ကူးရသေးဘဲ လူရွေးသည့်အဆင့်မျှသာ ရှိသေးသည်။ အဓိကဇာတ်ဆောင်နေရာများအား အတည်ပြုပြီးဖြစ်သော်လည်း အရံဇာတ်ဆောင်များကိုမူ ရွေးချယ်နေဆဲပင် ဖြစ်သည်။

ယန်ရှီသည် ဇာတ်ညွှန်းဖတ်ကြည့်လိုက်သည့်အချိန်တွင် တတိယအမျိုးသမီးဇာတ်ဆောင်အား သတိပြုမိသွားသည်။ထိုဇာတ်ကောင်သည် မာနကြီး၍ တောက်ပသော တယောအကြီး(cello) တီးခတ်ရာ၌ ပါရမီပါသည့် ဂီတပညာရှင်၊ငယ်ရွယ်သော အမျိူးသမီးဇာတ်ရုပ်ဖြစ်သည်။ ယန်ရှီသည် ပရိသတ်များအကြား အလွန်နာမည်ကြီးခဲ့သော ဤဇာတ်ကောင်အား မှတ်မိပါသည်။ဝတ္ထုထဲတွင် ထိုဇာတ်ကောင်အား သရုပ်ရသော မင်းသမီးသည် ညတွင်းချင်းအောင်မြင်လာခဲ့သည်။သို့သော် နောက်ပိုင်းတွင် သူမသည် နိုင်ငံခြားမှလူစားထိုး ငှားခဲ့ခြင်းကို ဖော်ထုတ်ခြင်းခံလိုက်ရသည်။ တောင်းပန်ပြီးသည့်နောက်တွင် သူမသည် အနုပညာလောကမှ နှုတ်ထွက်သွားလေသည်။

မင်းသမီးအစားထိုးခြင်းကို ဖော်ထုတ်ခံလိုက်ရသည့်အတွက် “crazy”ရုပ်ရှင်သည် နှစ်လခန့်မျှသာ ထုတ်လွှင့်ပြသခြင်းကို ခံရသည်။သူမ၏ အတင်းအဖျင်းသတင်းများသည် ရုပ်ရှင်အပေါ်များစွာ သက်ရောက်စေခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဆုနှင့် လွဲချော်သွားစေခဲ့သည်။

ယန်ရှီသည် တတိယအမျိုးသမီးဇာတ်ဆောင်အကြောင်းအား သေချာစွာဖတ်ရှုနေသည်။ဇာတ်ဆောင်ပြောင်းလဲ၍မရတော့သော်လည်း ကျုံချင်းယွီ ဤဇာတ်ကောင်ကို သရုပ်ဆောင်နိုင်‌လောက်မည်ဟု တွေးမိသည်။

ဤဇာတ်ကောင်၏ အကြီးမားဆုံးစိန်ခေါ်မှုသည် တတိယအမျိုးသမီး၏ ရိုက်ကူးရေးအခန်းတိုင်းလိုလိုပါဝင်သည့် cello တီးခတ်မှုဖြစ်သည်။ celloအား အမှန်တကယ်တီးခတ်တက်သောသူအား သရုပ်ဆောင်ခိုင်းလျှင်ပို၍ သင့်တော်ပေမည်။ ဝတ္ထုထဲ၌ ရွေးချယ်ခံခဲ့ရသော သရုပ်ဆောင်သည် cello အတီးအခတ်ကောင်းသူဖြစ်သည်။ ထို့အပြင် ကျုံချင်းယွီသည်လည်း cello အား ကောင်းကောင်းတီးခတ်တက်ပေသည်။

ကျောင်းတုန်းကဆိုလျှင် သူမသည် နိုင်ငံတကာအသိအမှတ်ပြု ဂီတပညာရှင်နှင့်အတူ စတိတ်စင်ပေါ်၌ တွဲဖက်ဖျော်ဖြေဖူးသည်။‌နောက်ပိုင်းတွင် ဂီတနှင့်ပတ်သက်သည့် ကြီးကျယ်ခမ်းနားသော ဘာ့ခလီတေးဂီတကျောင်း၌ ဝင်ခွင့်ရရှိခဲ့သည်။အကယ်၍ အရေးမပါသည့် ဝတ္ထုဇာတ်ကြောင်းသာ သူမ‌အပေါ် လွှမ်းမိုးခြင်းမရှိခဲ့ပါလျှင် သူမသည် ယခုအချိန်တွင် ဂီတပညာရှင်ပင် ဖြစ်နေလောက်သည်။

ယန်ရှီသည် စီမံခန့်ခွဲမှုပရိုဂျူဆာ ပြင်ဆင်ထားသည့် အချိန်ဇယားကို စစ်ဆေးကြည့်လိုက်သည်။ တတိယအမျိုးသမီးဇာတ်ကောင်ရိုက်ကူးမှုသည် တစ်ပတ်ခန့် အချိန်ကြာမည်ဖြစ်သည်။ အကယ်၍ ရိုက်ကူးမှုစတင်လျှင် ကျုံချင်းယွီသည် “အတူတူခရီးသွားကြစို့” ရသစုံ၏ နောက်ထပ်အပိုင်း ရိုက်ကူးမှုပြီးသည်နှင့် ပြန်လာကာသရုပ်ဆောင်၍ရသည်။

ယန်ရှီသည် တတိယအမျိုးသမီးဇာတ်ဆောင်၏အကြောင်းကို ဓါတ်ပုံရိုက်၍ ကျန်းတုံထံသို့ ပို့ပေးလိုက်သည်။

ကျန်းတုံသည် သရုပ်ဆောင်ရွေးချယ်သည့်နေရာ၌ အလွန်အမြင်ရှိသောကြောင့် ဤဇာတ်ရုပ်သည် ကျုံချင်းယွီနှင့်သင့်တော်မလားဟု သူ့အားအကြံဉာဏ်တောင်းလိုက်သည်။

ယခုသည် ကျန်းတုံ၏ခဏနားချိန်ဖြစ်ပြီး သူသည် ယန်ရှီပို့လိုက်သည့်အရာများအား ဂရုတစိုက် ကြည့်ရှုလိုက်သည်။ထို့နောက် သူသည် ယန်ရှီထံသို့ ဖုန်းခေါ်လိုက်သည်။

“ဒီဇာတ်ကောင်က အရမ်းမိုက်တာပဲ၊ ဇာတ်ကောင်ရဲ့စရိုက်ကလည်း သူနဲ့တူတယ်၊ ငါ အခန်းနှစ်ခန်းလောက်ဖတ်ကြည့်လိုက်တော့ သရုပ်ဆောင်ရတာ သိပ်မခက်‌လောက်ပါဘူး၊ သူမသာ celloတီးတက်ရင် ဒါဇာတ်ကောင်က သူမနဲ့ကွက်တိပဲ”

မိမိနှင့်လိုက်ဖက်သော ဇာတ်ရုပ်အား သရုပ်ဆောင်ခြင်းသည် မိမိ၏ သရုပ်ဆောင်စွမ်းရည်ကိုမြင့်တက်စေသည်။ကျုံချင်းယွီ၏ သရုပ်ဆောင်စွမ်းရည်သည် အလယ်အလတ်အဆင့်သာရှိသော်လည်း အကယ်၍ သူမသာ ဤဇာတ်ကောင်အားသရုပ်ဆောင်လျှင်ပင် သူမ၏ပုံစံနှင့်သိပ်၍ မခြားနားသောကြောင့် အခက်အခဲများစွာရှိမည်မဟုတ်ချေ။ထို့အပြင် သူမ၏ပုံစံနှင့် celloတီးခတ်သည့်စွမ်းရည်မှာလည်း လွန်စွာကောင်းပေသည်။

System သည် စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေသည်။

[Host၊ ငါတို့ဒီဇာတ်ကောင်နေရာကိုသာရရင် ကံကောင်းမှုတန်ဖိုး အနည်းဆုံး၁မှတ်တော့ တိုးမှာပဲ]

[ဒီလိုဆိုရင် ငါတို့ပွိုင့်၃၀ပြည့်ဖို့ အခွင့်အရေးရသွားပြီ]

ယန်ရှီ၏ပုံစံမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။

သူမသည် ကံကောင်းမှုတန်ဖိုး ၂၉.၅ပွိုင့် ရခဲ့ပြီးပြီ။အကယ်၍ သူမသာ ကျုံချင်းယွီကို ဒီဇာတ်ကောင်ရအောင် ကူညီပေးနိုင်လျှင် မစ္စပေ၏ မွေးနေ့ဂုဏ်ပြုညစာစားပွဲအတွက်လည်း စိတ်ချရပေမည်။

ညနေခင်းတွင် ယန်ရှီသည် ကျုံချင်းယွီအား ထိုအကြောင်းပြောချင်စိတ်ထက်သန်စွာဖြင့် အိမ်ကြီးထံသို့ ပြန်လာခဲ့သည်။သို့သော် သူမအိမ်ပြန်ရောက်သည့်အချိန်တွင် မည်သူမျှရှိမနေချေ။ကျုံပါးပါးသည် ညစာစားပြီးနောက် လမ်းလျှောက်ရန်ထွက်သွားပြီး အိမ်တော်ထိန်းယွီနှင့် အိမ်အကူအချို့ကိုသာ ဉယျာဉ်ထဲ၌ တွေ့သည်။

“ချင်းယွီအိမ်မှာ မရှိဘူးလား”

ယန်ရှီသည် အိမ်တော်ထိန်းယွီအား မေးလိုက်သည်။

အိမ်တော်ထိန်းယွီသည် မေးစေ့အားပွတ်ကာ စဉ်းစားနေသည်။

“မမလေး ညနေက အပြင်ထွက်သွားတယ်၊ သူမကိုကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ၊ ဒုတိယသခင်လေး ပေယွဲ့ပိုင်က မမလေးကို လာခေါ်သွားတာ”

“ပေယွဲ့ပိုင်…”

ယန်ရှီ၏မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။

ယနေ့ ပရိုဂျူဆာရှုသည် လက်မှတ်ထိုးပွဲအတွက် ကျုံလုပ်ငန်းစုသို့ လာရောက်သည့်အကြောင်းကို မီဒီယာအများစုသိကြသည့်အတွက် ထျန်း‌ဟွေ့ လည်းသိနေသည်မှာ အံ့ဩစဖွယ်မရှိချေ။

ယန်ရှီသည် ပေယွဲ့ပိုင် ထိုသို့မြန်မြန်အကွက်ရွေ့မည်ဟု မထင်ထားခဲ့ချေ။သူမသည် လက်မှတ်ထိုးပွဲပြီးဆုံးရုံသာရှိသေးသော်လည်း ပေယွဲ့ပိုင်သည် အရင်းအနှီးတောင်းဆိုရန်အလို့ငှာ ကျုံချင်းယွီအား ခေါ်ထုတ်သွားလေပြီ။ထို့အပြင် ပေယွဲ့ပိုင်သည် “Crazy” ရုပ်ရှင်တွင် တတိယအမျိုးသမီးဇာတ်ဆောင်နေရာအား လိုချင်နေသည်ဟု ဖန်းယွဲ့ က ယန်ရှီကို ပြောဖူးသည်။

ည ၈ နာရီတွင် ကျုံချင်းယွီ ချိန်းတွေ့မှုပြီး‌ဆုံးပြီးနောက် သီချင်းလေးဆိုကာ ပျော်ရွင်စွာဖြင့် အိမ်သို့ပြန်လာခဲ့သည်။

ယနေ့ ယွဲ့ပိုင်သည် အလွန်သဘောကောင်းကာ သူမအကြိုက်ဆုံး Kaiseki ဟင်းလျာအား မှာယူပြင်ဆင်ပေးသည့်အပြင် စားသောက်နေစဉ်တွင်လည်းအလွန်ညင်သာပြီး သူမအပေါ် အပြည့်အဝအာရုံစိုက်ကာ ဂရုစိုက်ပေးသည်။ကျုံချင်းယွီ သူမကိုယ်သူမ ပျားရည်အိုင်ထဲ နစ်နေသကဲ့သို့ပင် ချိုမြိုန်မှုကို ခံစားရသည်။

အိမ်ပြန်သည့်အချိန်တွင် ပေယွဲ့ပိုင်လိုက်မပို့သော်လည်း ကျုံချင်းယွီရင်ခုန်စိတ်လှုပ်နေဆဲဖြစ်သည်။သူတို့နှစ်ယောက်၏အနာဂတ်ချစ်ခရီးလမ်းကို စိတ်ကူး‌ယဉ်‌နေရုံသာမက သူတို့၏ကလေးများအား မည်သို့‌နာမည်ပေးရမည်ကိုပင် စဉ်းစားနေမိသည်။

သူမအိမ်ပြန်ရောက်သည့်အချိန်တွင် ယန်ရှီသည် ရှေးဟောင်းထိုင်ခုံပေါ်၌ သနားစဖွယ် ထိုင်နေသည်ကို ကျုံချင်းယွီတွေ့လိုက်သည်။သူမ၏ လက်ချောင်းများသည် ထိုင်ခုံ၏လက်တင်သည့်နေရာအား အသံမြည်အောင်ခေါက်နေလေသည်။

ကျုံချင်းယွီသည် သူမ၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ခေါင်းလေးအား အသာအယာကိုင်လိုက်သည်။

“နင် ဘာလို့အခုလိုပုံစံဖြစ်နေတာလဲ၊ နင့်ကိုကုမ္ပဏီမှာ တစ်ယောက်ယောက်က စိတ်ညစ်အောင် လုပ်လိုက်တာလား”

ယန်ရှီသည် ကျုံချင်းယွီအား သနားစဖွယ်အမူအရာဖြင့် ကြည့်လိုက်သည်။

“ဘယ်သူမှငါ့ကို စိတ်ညစ်အောင်မလုပ်ပါဘူး၊ ငါ ဒီအတိုင်း…”

ယန်ရှီသည် ကျုံချင်းယွီ အချိန်အတော်ကြာမတီးခတ်ဘဲ သိမ်းထားသည့် celloအား ထုတ်ယူလိုက်သည်။

“ဒီနေ့လျော့ဈေးနဲ့ရောင်းချတုန်းက ငါဒါလေးကိုတွေ့တယ်၊ ရုတ်တရတ် နင် ဒီကြားထဲ cello မတီးဖြစ်တာ ငါသတိရသွားတယ်၊ မတီးဖြစ်တာကြာပြီမလား”

ထိုစဉ် ကျုံချင်းယွီ၏အမူအရာများ ပြောင်းလဲသွားသည်။သူမသည် cello အား ထိလိုက်သည့်အချိန်တွင် သူမ၏မျက်လုံးထဲ၌ အရိပ်အမြွက်များကို ပြန်လည်မြင်ယောင်လာသည်။

“ငါအခုနောက်ပိုင်း သိပ်ကို အလုပ်များနေခဲ့တာ”

သူမသည် အနုပညာလောကတွင် ပေယွဲ့ပိုင်နောက်လိုက်ကာ အလုပ်များနေခဲ့သည်။ထို့အပြင် မိသားစု၏ဆက်ခံသူနေရာအတွက် ကျုံယန်စီနှင့်ပြိုင်ဆိုင်နေရသည်ကြောင့် သူမ အလွန်ပင် အလုပ်များနေခဲ့သည်။ သူမတွင် ဆယ်လိုလေ့ကျင့်ရန် အချိန် မရှိခဲ့ချေ။

ကျုံချင်းယွီသည် သူမ၏လက်ကောက်ဝတ်အားအသုံးပြု၍ ယန်ရှီလက်ထဲရှိ cello ကို ယူလိုက်ကာ သူမ၏ဘေး၌ထားလိုက်သည်။

“ဘာလဲ၊‌ ပေါင်ပေ့က ငါတီးတာနားထောင်ချင်တာလား”

ယန်ရှီ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ငါတကယ်နားထောင်ချင်တယ်”

ကျုံချင်းယွီ ပြုံးလိုက်သည်

“မခက်ပါဘူး၊ ငါမတီးတာကြာပေမယ့် ငါအခုထိ မှတ်မိနေပါသေးတယ်၊ ငါ နင့်ကိုတီးပြမယ်”

သူမ လက်ကိုင်အားကိုင်လိုက်သည်နှင့် ယန်ရှီသည် ရုတ်တရတ် သူမအား လှမ်းတားလိုက်သည်။

“ဒါပေမယ့် ငါထင်တာ…”

ယန်ရှီ၏မျက်လုံးများသည် ဂနာမငြိမ်ဖြစ်နေပြီး အကြည့်များမှာ ပြန့်လွှင့်နေသည်။

“ငါ နင့်ကို ကြီးကျယ်ခမ်းနားတဲ့ ပြပွဲမှာ တီးစေချင်တာ၊ အဲဒါက ပိုပြီး…သင့်လျော်မလားလို့လေ”

ကျုံချင်းယွီ:???

ကျုံချင်းယွီသည် ယန်ရှီကိုကြည့်လိုက်ပြီး သူမ၏ခေါင်းအား cello လက်ကိုင်ဖြင့် ဖွဖွလေးခေါက်လိုက်သည်။

“ငါ့ကိုသေချာပြောစမ်း၊ နင်က ငါcello တီးတာကိုနားထောင်ချင်တာလား ဒါမှမဟုတ် ငါ့ကိုလာနောက်နေတာလား ပြပွဲဟုတ်လား၊ အဲဒါက အရင်ဆုံး ပွဲစီစဉ်ဖို့လိုသေးတယ်”

ယန်ရှီသည် ခေါင်းလေးကိုငုံ့ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ရုပ်ရှင်ထဲမှာ celloပညာရှင်တွေက ပရိသတ်တွေနဲ့အတူ ပြပွဲမှာတီးတာလေ…”

ကျုံချင်းယွီ သူမပြောစကားအား သိပ်၍ နားမလည်ပေ။

“ရုပ်ရှင်လား၊ celloတီးဖို့အရေး ဘာတွေထပ်လိုသေးတာလဲ၊ နင် ဘာပြောချင်တာလဲ”

“ငါက ဒီတိုင်း…ဒီတိုင်း…”

ယန်ရှီသည် သူမ ပြန်ကြည့်ရန် သတ္တိစုစည်းမှုမပြီးသေးခင်အချိန်အထိ ခဏတာ တုံ့ဆိုင်းနေခဲ့သည်။

“ဒီနေ့ ငါဆုလင်းလင်းကိုတွေ့တယ် ပြီးတော့ သူက ငါတို့ကအနုပညာပေါ်မှာ တစ်ဝက်တစ်ပျက်နဲ့တဲ့၊ နင်က cello အပေါ်လက်လျော့လိုက်သမျိုး သုံးမိနှစ်လောက်ပဲ စိတ်အားထက်သန်မှုရှိတာတဲ့”

“ငါလည်း စိတ်တိုပြီး သူ့ကို ပြန်ငြင်းလိုက်တယ်၊ နင်က cello အပေါ်လက်‌မလျော့သေးဘူးဆိုတဲ့အကြောင်းနဲ့ နင်က ‘crazy’ကားထဲမှာ ဂီတပညာရှင်အဖြစ်ပါဝင်မှာဖြစ်တဲ့အကြောင်း ပြန်ပြောလိုက်တယ်၊ အဲဒီဇာတ်ကောင်မှာ သရုပ်ဆောင်တဲ့မင်းသမီးက celloတီးတက်ဖို့လိုတယ်…”

ယန်ရှီ၏ အသံသည် နူးညံ့ပျော့ပျောင်းနေပြီး ကျုံချင်းယွီအား သနားစဖွယ်အမူအရာဖြင့် ကြည့်‌နေသည်။

“အဲ့တော့ နင်က ငါ celloအပေါ် လက်မလျော့ဘူးဆိုတာကို သက်သေပြဖို့ ငါ့ကို ‘Crazy’မှာ တတိယ‌ဇာတ်ဆောင်လုပ်ခိုင်းမလို့ပေါ့လေ”

ယန်ရှီသည် ဆန်ကောက်စားနေသည့် ကြက်ကလေးကဲ့သို့ ခေါင်းညိတ်လိုက်သည်။

ကျုံချင်းယွီသည် ခဏတာ တုံ့ဆိုင်းသွားသည်။

“ဒါပေမယ့်…ငါယွဲ့ပိုင်ကို အဲဒီဇာတ်ဆောင်နေရာပေးမယ်လို့ သဘောတူပြီးသွားပြီ”

“အား!”

ယန်ရှီသည် အံ့ဩချင်ယောင်ဆောင်လိုက်ကာ သူမ၏တောက်ပသည့်မျက်လုံးများသည် မယုံကြည်မှုဖြင့် ပြည့်နှက်သွားသည်။သူမ မျက်လုံးထဲရှိ‌တောက်ပမှုများသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး စိတ်ပျက်မှုများသာ ကျန်ခဲ့သည်။ သူမသည် ခပ်တိုးတိုးပြောလာသည်

“ကောင်းပြီ၊ဒါဆိုလည်း ငါဆုလင်းလင်းကို နင် cello အပေါ်လက်လျော့လိုက်ပြီလို့ပဲ ပြောလိုက်မယ်၊ ရပါတယ်၊ငါ သူနဲ့ အလောင်းအစားနည်းနည်းလုပ်လိုက်ရုံပါ၊ ငါရှုံးရင် သူမရဲ့အိတ်တွေကိုင်ပေးပြီး သူမရဲ့လက်ထောက်အဖြစ် တစ်လလောက် လုပ်လိုက်ရုံပဲ၊ အရမ်း အရေးမကြီးပါဘူး”

သူမ၏ အခန်းထံ သို့ ပြန်နေသည့်ကျုံချင်းယွီ၏ ခြေလှမ်းများသည် ယန်ရှီ၏စကားများကြောင့် ရပ်ဆိုင်းသွားသည်။

သူမသည်ယန်ရှီ၏လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။

“ဆုလင်းလင်းက နင့် ကိုသူ့ရဲ့လက်ထောက်ဖြစ်စေချင်တာလား၊ သူစိတ်ကူးယဉ်နေတာပဲ”

All Chapters