အပိုင်း (၄၅)
Vol. 5 Ch. 45
ကျုံချင်းယွီသည် သူမနှင့် ရင်းနှီးသူများကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးတတ်သူတစ်ဦး ဖြစ်လေသည်။
ယန်ရှီအား ဆုလင်းလင်း၏ လက်ထောက်အဖြစ် လက်လွှဲပေးရမည့် စိတ်ကူးကို သူမလက်မခံနိုင်ပေ။ ယင်းသည် ယန်ရှီ၏ မျက်နှာကို ရိုက်လိုက်ရုံသာမက သူမ၏ မျက်နှာကိုပါ ရိုက်လိုက်ခြင်းဖြစ်သည်။ သူမ၏ အချစ်ဆုံးသူငယ်ချင်းကို သူတို့ ဘယ်လိုများ အနိုင်ကျင့်ရဲရသလဲ။
ယန်ရှီသည် ကြက်သွန်ထောင်းနေသကဲ့သို့ ခေါင်းအား တဆတ်ဆတ် ညိမ့်သည်။
"ဟုတ်တယ် ချင်းယွီ နင့် ဒီကိစ္စကို တရားမျှတအောင်ကူညီရမယ် ငါဒီဇာတ်ရုပ်ကို ရကိုရရမယ်”
ကျုံချင်းယွီတစ်ယောက် တွေဝေသွားပြီး သူမ၏ မျက်နှာတွင် ဒွိဟဖြစ်နေသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုညနေက ပေယွဲ့ပိုင်သည် သူမကို ဖယောင်းတိုင်မီးဖြင့် ညစာစားပွဲသို့ ဖိတ်ခေါ်ခဲ့သည်။ ကျုံချင်းယွီသည် ဇာတ်ရုပ်ကို ကမ်းလှမ်းပြီးပြီဖြစ်၍ ယခုမှ ထိုစကားကို ပြန်ရုပ်သိမ်းရန်မှာ မသင့်လျော်သလို ခံစားရသည်။
ယန်ရှီသည် ကျုံချင်းယွီ၏ အကျပ်အတည်းကို သတိထားမိသည်။
"ချင်းယွီ ပေယွဲ့ပိုင်ကို ဘယ်လိုရှင်းပြရမလဲဆိုတာ စိတ်ပူနေတာလား”
ကျုံချင်းယွီက သက်ပြင်းချသည်။
"ယွဲ့ပိုင်ကောကော စိတ်ဆိုးမှာကို ငါကြောက်တယ်"
ယန်ရှီက ခေါင်းစောင်းကာ ပြောလိုက်သည်။
"ဒါပေမဲ့ သူက နင့်ကို ကြိုက်တယ် မဟုတ်လား၊ တကယ်ပဲ အဲကိစ္စကြောင့်နဲ့ မကြိုက်တော့မှာတော့မဟုတ်ဘူးမလား၊ နင်က သူ့ကို အရင်းအမြစ်တွေ မပေးတော့လို့ မကြိုက်တော့ဘူးဆိုရင် ဘယ်လိုကောင်ဖြစ်သွားမလဲ"
ကျုံချင်းယွီသည် ခေတ္တရပ်တန့်သွားသည်။ ယန်ရှီ၏ စကားများသည် အဓိပ္ပာယ်ရှိသော်လည်း သူမ၏စိတ်ထဲမှ သေးငယ်သော အသံတစ်ခုက ပေယွဲ့ပိုင်သည်သာ အမြဲတမ်း သူမ၏ ပထမနေရာတွင် ရှိသင့်သည်။ သူသည် အရေးအကြီးဆုံး ဖြစ်သည်ဟု ပြောနေသည်။ ယန်ရှီသည် ဆက်လက် ဖိအားပေးသည်။
"ချင်းယွီ ပေယွဲ့ပိုင်က နင့်ကို တကယ်ကြိုက်ရင် နင့်ရဲ့အခြေအနေကို နားလည်လိမ့်မယ်လို့ ယုံထားရမယ်၊ သူ့မှာ စာနာစိတ်တောင်မရှိဘူးဆိုရင် နင်နဲ့မထိုက်တန်တဲ့ကောင်ဘဲ"
ယန်ရှီ၏ စကားများသည် ကျုံချင်းယွီကို ကြည်လင်ပြတ်သားသည့် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ထိမှန်သွားစေသည်။
မှန်သည်။ ယွဲ့ပိုင်ကောကောသည် ကျုံချင်းယွီကို နှစ်သက်သည်။ ထို့ကြောင့် သူနားလည်မည်မှာ သေချာသည်။ ကျုံချင်းယွီ၏ အကြည့်သည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ပြင်းထန်လာသည်။
"နင်ပြောတာမှန်တယ်၊ မနက်ဖြန် ငါ ထုတ်လုပ်သူ ရှုကို သွားတွေ့မယ်"
….
ကျုံးမိသားစု၏ အိမ်ခြံဝင်းအား မှောင်မိုက်သည့်ည၏ အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသည်။
အပြင်ဘက်၌ အေးစက်သော လတစ်စင်းသည် ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေကာ ငွေရောင်အလင်းများ ဖြာကျနေခဲ့သည်။ ဝေးကွာနေသည့် တောင်တန်းများသည် မှောင်မိုက်သောညအချိန်၌ မှိန်ဖျော့စွာ စိုးမိုးနေခဲ့သည်။
အနက်ရောင် ရိုးလ်ရွိုက်စ်ကားတစ်စီးသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ၎င်း၏ ရှေ့မီးများသည် ထူထပ်နေသည့် အမှောင်ထုကို ခွင်းနိုင်သည့် အလင်းတန်း နှစ်ခုလိုပင်။
ကျုံးယန်စီသည် ကား၏ နောက်ခန်းတွင် ထိုင်နေပြီး ငွေမီးခိုးရောင်ဝတ်စုံသည် သူနှင့် ချို့ယွင်းချက်မရှိ လိုက်ဖက်နေသည်။ ဖိုင်တစ်ဖိုင်အား သူ၏ ရှေ့တွင် ဖွင့်ထားပြီး ဖောင်တိန်သည် စာမျက်နှာများပေါ်တွင် ညင်သာသော ခြစ်သံဖြင့် ရွေ့လျားနေခဲ့သည်။
ကျုံကော်ပိုရေးရှင်း၌ အလွန်အကျွံ အလုပ်မများပြားသော်လည်း ကျုံယန်စီသည် အလုပ်အား ထိထိရောက်ရောက် လုပ်ကိုင်နိုင်သူဖြစ်လေသည်။ သူသည်အချိန်ပိုလုပ်ရန် လိုအပ်သည်မှာ ရှားပါးလှသည်။
သို့သော် ကျုံကော်ပိုရေးရှင်း၏ အပြင်ဘက်တွင် မုန့်ယင်းရုန်သည် သူ့အား မကြာခဏ ရှာဖွေတတ်သည်။
လက်ထောက်ဆွန်းသည် ကျုံယန်စီအား အလုပ်ပြင်းပြင်းထန်ထန်လုပ်ခြင်းမှ ရှောင်ကြဉ်ရန် တစ်ချိန်က အကြံပေးခဲ့ဖူးသည်။ သို့သော် ကျုံယန်စီသည် ဂရုမစိုက်ပေ။ သူ၏ ဘဝသည် အလုပ်နှင့်သာ လည်ပတ်နေခဲ့ပြီး အခြားအရာများများစားစား မရှိပေ။ လူမှုရေးဆိုင်ရာပွဲများ တက်ရောက်ခြင်း သို့မဟုတ် ဝါသနာများ ပျိုးထောင်ခြင်းတို့ထက် ကျုံယန်စီသည် ပင်ပန်းသော အလုပ်အား ပို၍ နှစ်သက်၏။
ကျုံယန်စီ လေးနှစ်သားအရွယ်တွင် မုန့်ယင်းရုန်နှင့် ကျုံဟုန်ရှန်းတို့ ကွာရှင်းခဲ့ကြသည်။ ထို့နောက် မုန့်ယင်းရုန်သည် ကျုံယန်စီအား တစ်ကြိမ်တစ်ခါမျှ လာတွေ့ခဲ့ခြင်းမရှိချေ။ ကျုံချင်းယွီ၏ မိခင် ကွယ်လွန်သွားပြီးသည့်အခါမှသာ မုန့်ယင်းရုန်သည် ကျုံယန်စီ၏ ဘဝထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ သို့သော် သူမ၏အကြည့်များသည် အမြဲအားဖြင့် အေးစက်နေခဲ့ပြီး တောင်းဆိုမှုများနှင့် ပြည့်နှက်နေခဲ့သည်။ ကျုံယန်စီ ထူးကဲသာလွန်မှသာ မုန့်ယင်းရုန်က သူ့ကို လှမ်းကြည့်တတ်သည်။
ကလေးဘဝ၌ ကျုံယန်စီသည် ဘက်လိုက်မှုကို နားမလည်ခဲ့ပေ။ ကျုံယန်စီသည် သူ၏မိခင်အား သူ့ကို သတိထားမိစေချင်ရုံသာဖြစ်သည်။ ထိုတောင့်တမှုသည် သူနှင့်အတူ ရှိနေခဲ့ပြီး တုံ့ပြန်မှုတစ်ခု ဖြစ်လာခဲ့သည်။ ယခုအရွယ်သို့ ရောက်လာသောအခါ ကျုံယန်စီသည် ထိုသို့သော ခေတ္တခဏ ချစ်ခင်တွယ်တာမှုကိုတောင့်တခြင်း မရှိတော့သော်လည်း ကြိုးစားလုပ်ကိုင်သည့် အလေ့အကျင့်သည် သူ၏ ဗီဇထဲသို့ ပုံသွင်းပြီးသား ဖြစ်နေခဲ့သည်။
"မစ္စတာကျုံ ကျွန်တော်တို့ အိမ်ရောက်ပါပြီ"
ရိုးရွိုက်စ်ကားသည် ခြံဝင်းတံခါးဝတွင် ရပ်တန့်သွားပြီး ယာဉ်မောင်း၏ အသံက ကျုံယန်စီကို သူ၏အတွေးများထဲမှ ဆွဲထုတ်လိုက်သည်။ ကျုံယန်စီသည် အိုဟောင်းနေသော တံခါးကို ကြည့်လိုက်ရာ ယင်း၏ ရာသီဥတုဒဏ်ခံထားရသော မျက်နှာပြင်တွင် ယခင်အချိန်များနှင့် အမှတ်တရများ၏ အမှတ်အသားများ ရှိနေခဲ့သည်။ ကျုံယန်စီက မျက်မှောင်ကြုတ်လိုက်သည်။
"ဘာကိစ္စ ခြံဝင်းကို ရောက်နေတာလဲ"
ယာဉ်မောင်းက လျင်မြန်စွာ တောင်းပန်လိုက်သည်။
"မစ္စတာကျုံက အရင်ရက်တွေတုန်းက ဒီမှာပဲ နေခဲ့တာဆိုတော့ ဒီညလည်း ဒီကိုဘဲ ပြန်လာမယ် ထင်လိုက်မိလို့ပါခင်ဗျာ"
ကျုံယန်စီသည် ထိုအခါမှ သတိရမိသည်။ သူ ယာဉ်မောင်းကို အသိမပေးခဲ့ရသေးပေ။ ယနေ့နံနက်ပိုင်းက သူ ယန်ရှီကို ပြောခဲ့သည်။ ကျစ်ကျင်းဥယျာဉ် ပရောဂျက် ပြီးစီးပါက သူသည် ဤခြံဝင်းတွင် ဆက်လက်နေထိုင်တော့မည် မဟုတ်ကြောင်း။ သို့သော် ယာဉ်မောင်းအား ပြောဖို့ သတိမေ့သွားခဲ့သည်။
ကျုံယန်စီက ခေါင်းခါလိုက်သည်။
"မင်းအမှားမဟုတ်ပါဘူး ငါဘာမှမပြောခဲ့မိတာ"
"အခု တိုက်ခန်းကို မောင်းလိုက်ရမလားဗျ" ဟု ယာဉ်မောင်းက မေးသည်။
"မဟုတ်ဘူး ရတယ်"
ခြံဝင်းအတွင်းဘက်သို့ ပြန်ဝင်လာသောအခါ မီးများမှာ မှိန်မှိန်ကလေးဖြစ်နေသည်။
ကျုံယန်စီသည် နောက်ကျမှ အိမ်ပြန်ရောက်လာသဖြင့် ဝန်ထမ်းအများစုမှာ အိပ်ရာဝင်နှင့်နေပြီ ဖြစ်သည်။ သူသည် စိမ်းစိုသော ခြံဝင်းကို ဖြတ်လျှောက်ကာ အဓိကခန်းမဆောင်ထဲသို့ ဝင်လာခဲ့သည်။ အခန်းတစ်ခန်းတည်းသာ လင်းထိန်နေခဲ့ပြီး ခြံဝင်းထဲ၌ စာရွက်များ၏ တိုးတိုးတိတ်တိတ် လှုပ်ရှပ်သံမှလွဲ၍ တိတ်ဆိတ်နေသည်။
ကြီးမားသော လက်တင်ကုလားထိုင်ပေါ်တွင် အမျိုးသမီးငယ်တစ်ဦးသည် ခြေထောက်များကို ခွေထိုင်လျက် စာရွက်စာတမ်းတစ်ခုကို စိတ်ဝင်တစား ဖတ်ရှုနေခဲ့သည်။
သူမသည် ကြီးမားသည့် ညဝတ်ဂါဝန်ကို ဝတ်ဆင်ထားပြီး ကော်လံသည် လျော့ရဲနေသဖြင့် သူမ၏ နူးညံ့ပြီး ပန်းရောင်သမ်းနေသော ပခုံးသားများကို ဖော်ပြနေသည်။
ခြေသံကြားသည်နှင့် သူမ မော့ကြည့်လိုက်ရာ ကျုံယန်စီ လျှောက်လာသည်ကို မြင်သည့်အခါ သူမ၏ မျက်လုံးများ တောက်ပသွားသည်။ ယန်ရှီသည် ကျုံယန်စီထံသို့ တဟုန်ထိုး ပြေးသွားသည်။
"မစ္စတာကျုံလား၊ ဒီည ဒီမှာ မနေဘူးလို့ ထင်ထားတာ"
သူမ၏ အသံတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပါနေခဲ့ပြီး မျက်လုံးများမှာ ညကောင်းကင်မှ ကြယ်များသကဲ့သို့ လင်းလက်တောက်ပနေချေသည်။
ကျုံယန်စီသည် ယန်ရှီတစ်ယောက် လက်တင်ကုလားထိုင်ပေါ်တွင် ချန်ထားခဲ့သော စာရွက်စာတမ်းကို လှမ်းကြည့်လိုက်သည်။ သူသည် မျက်မှန်မပါသဖြင့် ထူထပ်သော စာသားများသည် ဝေဝါးနေသော်လည်း ခေါင်းစဉ်ကို သူ မြင်လိုက်ရသည်။ "ရူးသွပ်သော နွေရာသီနှင့် ဆောင်းရာသီ" (Crazy Summer and Winter)
"ယာဉ်မောင်းက လမ်းမှားသွားတာ" ဟု ကျုံယန်စီက ရှင်းပြသည်။
"ဪ အဲဒါကြောင့်ကို!"
ယန်ရှီ၏ လေသံသည် နောင်တရနေပုံပေါ်သော်လည်း သူမ၏ မျက်နှာအမူအရာက ထိုသို့မဟုတ်ပေ။
“ဒီနေ့ ကျုံကော်ပိုရေးရှင်းကို သွားခဲ့ပေမဲ့ မစ္စတာကျုံကို မတွေ့ခဲ့ရဘူး၊ ကျွန်မ ပြောဖို့မေ့သွားတယ် 'ရူးသွပ်သော' မှာ ရင်းနှီးမြှုပ်နှံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါက အောင်မြင်တော့မှာဘဲ မစ္စတာကျုံးမှာ အကြိုက်ကောင်းရှိတာဘဲ"
"အင်း" ဟု ကျုံယန်စီက လျစ်လျူရှု၍ ပြန်ဖြေသည်။
သူမ၏ မကြာသေးမီက ဂရုပြုမှုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်နေသည်မှာ ရှင်းလင်းနေသည်။
ကျုံယန်စီသည် လုပ်ငန်းသဘောကဲ့သို့ပင် ပြန်ဖြေသည်။
“ကျွန်တော်က ပကတိအကဲဖြတ်မှုဘဲ ပေးခဲ့တာပါ၊ 'ရူးသွပ်သော' မှာ ရင်းနှီးမြှုပ်နှံသင့်တဲ့ အလားအလာရှိတယ်"
ယန်ရှီသည် လက်ချောင်းများကို ဖြောင်းခနဲမြည်အောင် တီးလိုက်သည်။
"အတွေးကောင်းတဲ့လူတွေက အတူတူပဲ စဉ်းစားကြတာကိုး"
"ခဏလေး!"
ယန်ရှီတစ်ယောက် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ လက်တင်ကုလားထိုင်ဆီသို့ ပြန်ပြေးသွားပြီး သူမ၏အိတ်ကို မွှေနှောက်ကာ သေးငယ်သောဘူးလေးတစ်ဘူးကို ဆွဲထုတ်လိုက်သည်။ ထိုဘူးအား ကျုံယန်စီကို ကမ်းပေးလိုက်သည်။
"မစ္စတာကျုံ ပြန်မလာတော့ဘူး ထင်ခဲ့တာ ပြန်ရောက်လာပြီဆိုတော့ ဒါက မစ္စတာကျုံအတွက်!"
"ဒါက ဘာလဲ"
"နားကြပ်တွေ”
ယန်ရှီသည် ထုပ်ပိုးထားသည်ကို ဖွင့်လိုက်ပြီး သေးငယ်သည့် အနက်ရောင် နားကြပ်နှစ်ခုကို ထုတ်ယူလိုက်သည်။
"မစ္စတာကျုံ ကောင်းကောင်းအိပ်မပျော်ဘူး မဟုတ်လား၊ ဒါတွေက ပုစဥ်းရင်ကွဲသံတွေကို ပိတ်ဆို့ပေးပြီးကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးနိုင်လိမ့်မယ်!”
ကျုံယန်စီသည် နားကြပ်များကို ကိုင်ထားပြီး သူ၏ လက်ချောင်းများသည် ၎င်းတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ကျုံယန်စီသည်
" "ရူးသွပ်သော" အတွက် ရင်းနှီးမြှုပ်နှံဖို့ကို ကျွန်တော် ခွင့်ပြုပြီးပါပြီ ဒါမျိုးလုပ်ဖို့ မလိုပါဘူး" ဟု ပြောလိုက်သည်။
ယန်ရှီသည် အတည်ပင် နားမလည်သည့်ဟန်ဖြင့် ကြည့်သည်။
“မစ္စတာကျုံ ကောင်းကောင်းအိပ်ပျော်အောင် ကူညီတာက... ရင်းနှီးမြှုပ်နှံမှုနဲ့ ဘာဆိုင်လို့လဲ"
ကျုံယန်စီ၏ အကြည့်သည် သူမအပေါ်တွင် စွဲမြဲနေခဲ့ပြီး သူ၏ အသက်ရှူသံမှာ ပိုမိုပြင်းထန်လာခဲ့သည်။
တစ်စုံတစ်ခု လွဲချော်နေသလို ခံစားရသည်။
ကျုံယန်စီသည် ယန်ရှီအား မေးချင်သော်လည်း ထိုမေးခွန်းများသည် ပြောဆိုရန် အလွန်ပင် ကသိကအောက် ဖြစ်နေရသည်။ ယန်ရှီ၏ မျက်လုံးများက လျင်မြန်စွာ ရွေ့လျားနေသည်။
သူဌေးကြီးက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ။ ကျုံယန်စီတစ်ယောက် ယန်ရှီရဲ့ ရည်ရွယ်ချက်တွေကိုများ သိသွားပြီလား။ ဟုတ်တာပေါ့ ယန်ရှီ၏ အဓိကရည်မှန်းချက်သည် ကျုံချင်းယွီကို ကံကောင်းခြင်းအမှတ်များ စုဆောင်းပေးရန် ဖြစ်သည်။ သို့သော် သူမသည် ကျုံယန်စီ ကျန်းမာစေရန်နှင့် အလုပ်အလွန်အကျွံလုပ်၍ မသေစေရန်လည်း အမှန်ပင် ဆန္ဒရှိသည်။
မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ကျုံယန်စီ ကြားလာနိုင်စရာ မရှိ။ ကျုံယန်စီသည် ကံကောင်းခြင်းအမှတ်များအကြောင်း သေချာပေါက် မသိပေ။ ဤည အချိန်ပို မည်သို့လုပ်ရမည်ကို စဉ်းစားနေခြင်း ဖြစ်လိမ့်မည်။
ကျုံချင်းယွီ၌ ၀.၅ မှတ် လိုနေသေးသည်ကို သတိရပြီး ယန်ရှီက ဆက်လက် ဖိအားပေးသည်။
"မစ္စတာကျုံ ကျွန်မက မစ္စတာကျုံရဲ့ ကျန်းမာရေးအတွက် ကောင်းကောင်းအိပ်ပျော်စေချင်တာ တကယ်ပါ၊ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ မစ္စတာကျုံ ပြန်လာတုန်းက အရမ်းပင်ပန်းနေပုံရတယ် အလုပ်ပင်ပန်းနေတာလား"
"ကျွန်တော် အဆင်ပြေပါတယ်"
ကျုံယန်စီသည် ပြန်ဖြေသော်လည်း သူ၏အသံသည် ပင်ပန်းနွမ်းနယ်မှုကို ဖော်ပြနေသည်။
"ဒီမှာ ထိုင် ကျွန်မမှာ ဖြေရှင်းနည်းတစ်ခု ရှိတယ်"
ကျုံယန်စီ မတုံ့ပြန်မီပင် ယန်ရှီသည် သူ့အား လက်တင်ကုလားထိုင်ပေါ်သို့ ဆွဲထိုင်စေလိုက်သည်။
စားပွဲပေါ်၌ မွှေးကြိုင်နေသော နံ့သာမီးခွက်တစ်ခုကို တင်ထားသည်။ ယန်ရှီသည် သူမ၏ ပျော့ပျောင်းသွယ်လျသော လက်ချောင်းများကို ဆန့်တန်း၍ ကျုံယန်စီ၏ နားထင်များကို စတင်နှိပ်နယ်ပေးသည်။
ယန်ရှီ၏ ထိတွေ့မှုသည် နွေးထွေးမှုရှိပြီး သက်သာစေကာ သူမ၏ လက်ချောင်းများသည် ပိုးသားကဲ့သို့ နူးညံ့ပြီး ငှက်မွေးကဲ့သို့ ပေါ့ပါးသည်။
ယန်ရှီ၏ နည်းစနစ်မှာ ကျွမ်းကျင်ပြီး ထိုခံစားမှုသည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်စေခဲ့သည်။
ကျုံယန်စီ၏ လည်ချောင်းပင် ခြောက်သွေ့လာပြီး သူ၏ အသက်ရှူသံသည် ပိုမိုပြင်းထန်လာခဲ့သည်။
"ဒါကို သင်ထားတာလား" ဟု ယန်ရှီကို မေးလိုက်သည်။
"ကျွန်မ အမေကို လုပ်ပေးနေကျပါ"
ကျုံယန်စီက ယန်ရှီသည် မဒမ်လင်ကို ရည်ညွှန်းနေကြောင်း သိသည်။
"မင်းရဲ့ နည်းစနစ်က အရမ်းကျွမ်းကျင်ပုံပေါက်တော့ တရားဝင် သင်တန်းတက်ထားတယ်လို့ ထင်ခဲ့တာ"
"အင်း ကျွန်မမှာ ရွေးစရာမရှိခဲ့ဘူးလေ" ယန်ရှီက ရယ်မောလိုက်သည်။
"အဲအချိန်တုန်းက မဒမ်လင်က ကျွန်မကို ပြိုင်ပွဲအတန်းတွေ တက်ခွင့်မပေးဘူး၊ အပိုငွေ ကုန်ကျဖို့အတွက် မတန်ဘူးလို့ ပြောတယ်၊ ကျွန်မက ငယ်သေးတော့ သူ့ကို ပျော်အောင်လုပ်ပေးဖို့ နည်းလမ်းတွေ ရှာရတာပေါ့"
ထိုစဉ်က ယန်ရှီသည် လင်မိသားစု၏ သခင်မလေးဖြစ်နေသေးသော်လည်း မဒမ်လင်သည် မိထွေးဖြစ်သောကြောင့် သူမကို ကောင်းစွာမဆက်ဆံခဲ့ပေ။ ချမ်းသာသော မိထွေးလက်အောက်မှ ဘဝသည် ခက်ခဲခဲ့ပြီး ယန်ရှီသည် ငယ်စဉ်ကတည်းကပင် ကျွမ်းကျင်မှုများစွာကို သင်ယူခဲ့ရသည်။
ရုတ်တရက်ဆိုသလို ကျုံယန်စီသည် သူ၏ နှလုံးသားအား ဆူးပေါင်းများစွာဖြင့် ထိုးဆွခံနေရသကဲ့သို့ ခံစားလိုက်ရပြီး မျှဝေခံစားရသည့် ဝေဒနာတစ်ခု ဖြစ်ပေါ်လာသည်။
သူသည် ရုတ်တရက် လက်လှမ်းကာ ယန်ရှီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
သူ၏ဆုပ်ကိုင်မှုသည် တင်းကျပ်လာကာ ယန်ရှီ၏ ဖြူဖွေးသည့် အသားအရေကို နီရဲလာစေခဲ့သည်။
"မစ္စတာကျုံ နာတယ်”
ကျုံယန်စီ၏ အကြည့်သည် ပြင်းထန်နေခဲ့၏။
"ယန်ရှီ ဒါက လင်မိသားစု မဟုတ်ဘူး မင်းငါ့ကို နှစ်သက်အောင် လုပ်စရာမလိုဘူး"
ယန်ရှီက မျက်တောင်ခတ်လိုက်သည်။
"ကျွန်မ ဒီလိုလုပ်နေတာက မစ္စတာကျုံကို မျက်နှာသာပေးဖို့ ပရောဂျက်တစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုရဖို့လို့ ထင်နေတာလား”
ကျုံယန်စီသည် ယန်ရှီအား စိုက်ကြည့်နေခဲ့သည်။
သူ၏ တည်ငြိမ်သောအသွင်အပြင်အောက်တွင် ဆယ်စုနှစ်များစွာ ဖိနှိပ်ထားခံရသော စိတ်ခံစားမှုများသည် ရေငြိမ်အောက်မှ မုန်တိုင်းကဲ့သို့ လှိုင်းထနေခဲ့သည်။
သူသည် ယန်ရှီအား သူ့၏ ငယ်ဘဝပုံရိပ်ကို မြင်ရသကဲ့သို့ စူးစိုက်ကြည့်နေခဲ့သည်။ သို့သော် ယန်ရှီသည် တောင်ကျချောင်းရေကဲ့သို့ပင် ကြည်လင်သော အသံဖြင့် ရယ်မောလိုက်သည်။
"မစ္စတာကျုံ ကျွန်မ ဒါကိုလုပ်နေတာက မစ္စတာကျုံကို ဒီည ကောင်းကောင်းအိပ်ပျော်စေချင်လို့ပါ"
"ကျွန်မ မစ္စတာကျုံ ကျန်းမာပြီး အသက်ရှည်စေဖို့ တကယ် ဆန္ဒပြုပါတယ်"
ကျုံယန်စီ၏ လည်စေ့သည် တုန်ခါသွားပြီး ယန်ရှီ၏ ကြည်လင်သော မျက်လုံးများကို စိုက်ကြည့်လိုက်ရာ ဖော်ပြ၍ မရနိုင်သော စိတ်ခံစားမှုတစ်ခုသည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ရုတ်ချည်းဆိုသလို ယန်ရှီ၏ လက်ကောက်ဝတ်မှ နူးညံ့သိမ်မွေ့သော အထိအတွေ့ကို ကျုံယန်စီတစ်ယောက် တိတိကျကျ သတိပြုမိသွားခဲ့သည်။ ချို့ယွင်းချက်မရှိသော ပုံဆောင်ခဲ ဖြူဖြူလေးတစ်ခုလိုပင်။ သူ၏ မျက်လုံးများထဲတွင် အရိပ်တစ်ခု လင်းခနဲဖြစ်သွားသည်။ ကျုံယန်စီအတွင်းမှ သားရဲတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ပင်။ ကျုံယန်စီသည် ယန်ရှီ၏ လက်အား လွှတ်ကာ ခန်းမဆောင်မှ ထွက်သွားရန် လှည့်လိုက်သည်။
ကျုံယန်စီသည် သူ၏အခန်းသို့ ပြန်ရောက်ပြီးသည့်တိုင် သူ၏နှလုံးခုန်သံကို ကြားနေရဆဲဖြစ်သည်။ စာရွက်စာတမ်းများသည် ခန်းမဆောင်ရှိ လက်တင်ကုလားထိုင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။ ကျုံယန်စီသည် အချိန်ပိုလုပ်ရန် ရည်ရွယ်ချက်မရှိတော့ပေ။ သူသည် ကုတင်ပေါ်တွင် လှဲအိပ်လိုက်ပြီး သူ၏လက်မောင်းဖြင့် နဖူးကို အုပ်ထားရာ မြင်ကွင်းက မှောင်မိုက်နေခဲ့သည်။ ရုတ်တရက် ကုတင်သည် ပိုမိုနူးညံ့နေသည်ကို သတိပြုမိလိုက်သည်။
မွေ့ယာကို ပြောင်းထားခဲ့သည်။
……
နောက်နေ့မနက်တွင် ယန်ရှီသည် လန်းဆန်းတက်ကြွစွာ နိုးထလာသည်။
ကံကောင်းခြင်းအမှတ်များ ရရှိခြင်းဖြင့် ကြီးမြတ်သောနေ့တစ်နေ့ကို စတင်လိုက်သည်။
ကျုံယန်စီသည် ပြီးခဲ့သည့်ညက စောစောအိပ်ရာဝင်ခဲ့ပြီး ယန်ရှီသည်လည်း အတော်လေး ကျေနပ်နေခဲ့သည်။ ၀.၁ မှတ်သာ ရခဲ့သော်လည်း အနည်းငယ်စီ စုဆောင်းလျှင် များလာမည် မဟုတ်ပေလော။ နံနက်စာ စားပြီးသည့်နောက် ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ထုတ်လုပ်သူရှုအား တွေ့ရန် အင်တာကွန်နက်ဖျော်ဖြေမှု (Interconnect Entertainment) သို့ သွားရောက်ကြသည်။ Interconnect Entertainment သည် "ရူးသွပ်သော နွေရာသီနှင့် ဆောင်းရာသီ" ကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးချယ်မှုကို ၎င်းတို့၏ ရုံးအဆောက်အအုံတွင် လတ်တလော ပြုလုပ်နေသည်။
သူတို့ရောက်ရှိသည့်အချိန်၌ အစမ်းသရုပ်ဆောင်ခြင်း ပြုလုပ်သည့် အထပ်သည် သရုပ်ဆောင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ပူးတွဲရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးဖြစ်သည့် Star Glory သည် အခြားသရုပ်ဆောင်များကဲ့သို့ စောင့်ဆိုင်းရန်မလိုဘဲ ထုတ်လုပ်သူရှု၏ ရုံးခန်းသို့ တိုက်ရိုက်သွားကြသည်။
သူတို့၏ တောင်းဆိုချက်ကို ကြားသောအခါ ထုတ်လုပ်သူရှုသည် စိတ်မချမ်းမြေ့သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
"မစ္စကျုံ ဒါက နည်းနည်းတော့ ကမောက်ကမဆန်တယ် မနေ့က မစ္စကျုံက ကျွန်တော့်ကို ဆက်သွယ်ပြီး တတိယအမျိုးသမီးဇာတ်ဆောင်နေရာကို ထျန်ဟွေ့ကို ပေးချင်တယ်လို့ ပြောခဲ့တယ်၊ လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က ရဲ့လော့ယီ အစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီး ဒါရိုက်တာဝေရော ကျွန်တော်ရော သူ့ရဲ့သရုပ်ဆောင်မှုအပေါ် အတော်လေးကျေနပ်ခဲ့ကြတယ်"
ကျုံချင်းယွီတစ်ယောက် တုန်လှုပ်သွားခဲ့ကာ ယန်ရှီသည် အချိန်ဆွဲနေခြင်းမရှိဘဲ အလျင်အမြန်မေးလိုက်သည်။
"စာချုပ်ချုပ်ပြီးပြီလား"
ပရိုဂျူဆာရှုက ခေါင်းငုံ့လိုက်ရင်း "မချုပ်ရသေးပါဘူး" ဟု ဝန်ခံသည်။
ယနေ့တစ်နေ့လုံး အလုပ်များခဲ့ကြသောကြောင့် လစာညှိနှိုင်းမှုနှင့် ဥပဒေရေးရာ ကိစ္စရပ်များကို အပြီးသတ်နိုင်ခြင်းမရှိသေးပေ။
ယန်ရှီတစ်ယောက် သက်ပြင်းချလိုက်သည်။ စာချုပ်မချုပ်ရသေးသရွေ့ ညှိနှိုင်းရန် အခွင့်အရေးရှိနေသေးသည်။ ပရိုဂျူဆာရှုသည် ယန်ရှီ၏ အတွေးကို ရိပ်မိဟန်တူသည်။
"မစ္စယန် ဇာတ်ရုပ်က ဆုံးဖြတ်ပြီးသားပါ သရုပ်ဆောင်ရွေးပွဲလည်း ပြီးသွားပြီ အခုမှ ပြန်ရုတ်သိမ်းတာက မသင့်လျော်တော့ပါဘူး..."
ယန်ရှီ၏ အကြည့်သည် ထက်မြက်လာသည်။ သူမ၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။
"ပရိုဂျူဆာရှု ကျွန်မ မှတ်မိသလောက် မနေ့က ကျုံကော်ပိုရေးရှင်းမှာ စာချုပ်ချုပ်တုန်းက ရိုက်ကူးရေးအဖွဲ့နဲ့ ညှိနှိုင်းဖို့ တာဝန်ပေးခံရတာ ကျွန်မပါ၊ ကျွန်မ သဘောမတူဘဲ ဘယ်လိုလုပ် ဒီဇာတ်ရုပ်ကို ထျန်ဟွေ့ကို ပေးလိုက်ရတာလဲ"
ပရိုဂျူဆာရှု၏ မျက်လုံးများ လှည့်ပတ်သွားသည်။
"မစ္စကျုံ သဘောတူခဲ့တာ မဟုတ်ဘူးလား"
ယန်ရှီသည် ကျုံချင်းယွီ၏လက်ကို မြန်မြန်ဆန်ဆန် ဖိလိုက်ပြီး ဆက်ပြောသည်။
“ရှင်းရှင်းပြောမယ် ရှင်တို့ ရဲ့လောယီကိုပဲ ရွေးမယ်လို့ အတင်းအကျပ်ဆိုရင် ကျွန်မတို့ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှုကို ပြန်ရုပ်သိမ်းမယ်"
ပရိုဂျူဆာရှု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကျုံချင်းယွီဖက်မှ သဘောတူခဲ့သော်လည်း သူမ၏ လက်အောက်ခံက ကန့်ကွက်နေခြင်းမှာ မကြားဖူးသော ကိစ္စပင်။ သို့သော် ပရိုဂျူဆာရှုသည် ကျုံချင်းယွီအား ကြည့်လိုက်သောအခါ သူမက ယန်ရှီ၏ စကားကို မငြင်းဘဲ ခေါင်းညိမ့် ထောက်ခံလိုက်သည်။
ပရိုဂျူဆာရှုက ထစ်ထစ်အအဖြင့် ဆိုလိုက်သည်။
"မစ္စကျုံ ဒါက မတရားဘူး..." ယန်ရှီက မဲ့ပြုံးပြုံးလျက်
"ပရိုဂျူဆာရှု ဒါက မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းပါ လုပ်ငန်းတစ်ခုမှာ ကျွန်မတို့ ဗြောင်ဘဲပြောရတယ် သန်း ၂၀၀ ဆိုတာ နည်းတဲ့ ပမာဏမဟုတ်ဘူး၊ မနေ့က အမြတ်ခွဲဝေဖို့ ဆွေးနွေးတုန်းက ကျွန်မတို့ဖက်က လွန်လွန်ကျူးကျူး တောင်းဆိုတာမျိုး မရှိခဲ့ဘူး၊ ကျွန်မတို့ တောင်းဆိုခဲ့တာက တတိယမြောက် အမျိုးသမီးဇာတ်ဆောင်နေရာပဲ"
"ရှင်တို့ ရဲ့လော့ယီက ဇာတ်ရုပ်နဲ့ အကိုက်ညီဆုံးလို့ ထင်ပြီး သူ့ကိုပဲ ပေးမယ်လို့ အတင်းအကျပ်ဆိုရင် အဲဒါ ရှင်တို့ရဲ့ ရွေးချယ်မှုပဲ၊ ကျွန်မတို့ဘက်က အဲဆုံးဖြတ်ချက်ကို လေးစားပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ လိုချင်တာကို မရဘူးဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုကို ပြန်ရုပ်သိမ်းမယ်"
ပရိုဂျူဆာရှုတစမယောက် တုန်လှုပ်သွားခဲ့သည်။
"ပထမအရစ် ရင်းနှီးမြှုပ်နှံမှုက လွှဲပြီးသား အခု ပြန်ရုပ်သိမ်းရင် ပိုက်ဆံပြန်မရတော့မှာမဟုတ်ဘူး၊ မစ္စယန် ပိုက်ဆံ သန်း ၅၀နော် တကယ်ဘဲ အဲ့လိုဆုံးဖြတ်ချက်ကို ချနိုင်ရဲ့လား"
ယန်ရှီက မျက်ခုံးပင့်လိုက်သည်။
"ဟုတ်တယ် ကျွန်မ ချနိုင်တယ် မယုံရင် ကျုံကော်ပိုရေးရှင်းကို ဖုန်းဆက်ပြီး မေးကြည့်လိုက်ပါ"
ပရိုဂျူဆာရှုသည် ယန်ရှီမှ လှည့်ဖြားနေသည်ဟု ထင်ခဲ့သည်။ Crazy Summer and Winter အတွက် ရင်းနှီးမြှုပ်နှံမှုကို Star Glory နာမည်ဖြင့် လုပ်ထားသော်လည်း ရန်ပုံငွေသည် ကျုံကော်ပိုရေးရှင်းမှ လာခဲ့ခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် နောက်ဆုံး ဆုံးဖြတ်ချက်သည် ကျုံကော်ပိုရေးရှင်းနှင့် သက်ဆိုင်သည်။
ယန်ရှီသည် ကျုံချင်းယွီ၏ အချစ်ဆုံးသူငယ်ချင်းသက်သက်ဖြစ်ပြီး ကျုံပိုရေးရှင်းနှင့် မည်သို့မျှ မသက်ဆိုင်သူသာဖြစ်သည်။ ကျုံချင်းယွီသည် ကျုံမိသားစု၏ အကြီးဆုံးသမီးဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့သူမှာ သူမမဟုတ်ဘဲ ကျုံယန်စီက ချခဲ့သော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ပရိုဂျူဆာရှုသည် ချမ်းသာသော မိသားစုများအကြောင်း ကောလာဟလများစွာ ကြားဖူးပြီး ကျုံချင်းယွီနှင့် ကျုံယန်စီတို့ အစေးမကပ်သည်ကို သိသည်။ ကျုံယန်စီသည် စီးပွားရေးသမားတစ်ဦးဖြစ်ရာ ကျုံချင်းယွီဖက်၌ ဘယ်သောအခါမှ ရပ်တည်မည်မဟုတ်။ Crazy Summer and Winter သည် အကျိုးအမြတ်များသော ပရောဂျက်တစ်ခုဖြစ်သည်။ ထို့ကြောင့် ကျုံကော်ပိုရေးရှင်းသည် ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းပြီး သန်း ၅၀ ဆုံးရှုံးရမည်ကို အဘယ်ကြောင့် သဘောတူမည်နည်း။
ပရိုဂျူဆာရှုသည် အလျင်အမြန်ပင် ကျုံကော်ပိုရေးရှင်းကို ဆက်သွယ်လိုက်သည်။
ကျုဲချင်းယွီသည် ယန်ရှီ၏လက်ကို ဆွဲ၍ စိုးရိမ်နေခဲ့သည်။ သူမသည် အစောပိုင်း၌ စကားမပြောခဲ့ခြင်းမှာ ယမန်နေ့က ထျန်းဟွေ့အား ဇာတ်ရုပ်ပေးဖို့ သဘောတူခဲ့သူက သူမဖြစ်နေသောကြောင့် အပြစ်ရှိသည်ဟု ခံစားနေရ၍ဖြစ်သည်။
"ရင်းနှီးမြှုပ်နှံမှုက လွှဲပြီးသားလေ ဘယ်လိုလုပ် ပြန်ရုပ်သိမ်းလို့ရမှာလဲ ကျန်ယန်စီ သဘောတူမှာ မဟုတ်လောက်ဘူးမလား"
ယန်ရှီသည် ကျုံချင်းယွီ၏ လက်ကို ပုတ်လိုက်သည်။
"မပူပါနဲ့ ကျုံယန်စီက မအပါဘူး ငါတို့ ပရိုဂျူဆာရှုကို ဖိအားပေးပြီး ဇာတ်ရုပ်ကို ပြန်ရအောင် လုပ်နေတာပဲဆိုတာ သူ သိမှာပါ"
ယုံကြည်မှုရှိသည့် စကားများ ပြောနေသော်လည်း ယန်ရှီသည် စိုးရိမ်ပူပန်နေဆဲဖြစ်သည်။ သူမ အလျင်အမြန်ပင် ကျုံယန်စီထံသို့ WeChat မက်ဆေ့ချ် တစ်စောင် ပို့လိုက်သည်။
မစ္စတာကျုံ ရှင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အလဟဿ ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒီကိစ္စကို ကူညီပြီး ဟန်ဆောင်ပေးပါနော်။
ယန်ရှီ၏ ဖုန်းမြည်လာသည်နှင့် တစ်ပြိုင်နက် လက်ထောက်ဆွန်းက ရုံးခန်းထဲသို့ ဝင်လာသည်။
"မစ္စတာကျုံ Interconnect Entertainment က ကျွန်တော်တို့ကို ဆက်သွယ်လာတယ်၊ သူတို့ သိချင်တာက... ယန်ရှီမှာ ကျုံကော်ပိုရေးရှင်းကို ကိုယ်စားပြုပြီး ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချပိုင်ခွင့် အပြည့်အဝ ရှိ မရှိဆိုတဲ့အကြောင်းပါ"
ကျုံယန်စီသည် သူ၏ ဖုန်းကို ကြည့်လိုက်ပြီး ယန်ရှီ၏ မက်ဆေ့ချ်ကို တွေ့လိုက်သည်။ စာသားအပြင် သူမသည် ကြောင်စတစ်ကာလေးတစ်စောင်ပင် ပို့ထားသည်။ ထိုကြောင်၏ ကြီးမား၍ တောင်းပန်နေသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေလေသည်။
"ယန်ရှီက ရင်းနှီးမြှုပ်နှံမှုကို ပြန်ရုပ်သိမ်းချင်တာလား"
ကျုံယန်စီက လက်ထောက်ဆွန်းကို မေးလိုက်သည်။
လက်ထောက်ဆွန်းက "ဟုတ်ပုံရပါတယ် မစ္စတာကျုံ ပွင့်ပွင့်လင်းလင်းပြောရရင် ယန်ရှီက အကျိုးအကြောင်းဆီလျော်မနေဘူး၊ ပထမအရစ်က ပေးပြီးသားလေ ရင်းနှီးမြှုပ်နှံမှုကို ဂိမ်းတစ်ခုလိုပဲ ရုပ်သိမ်းလို့ မရပါဘူး—"
"Interconnect Entertainment ကိုပြောလိုက် ယန်ရှီက ကျုံကော်ပိုရေးရှင်းကို ကိုယ်စားပြုနိုင်တယ်လို့"
"ဟမ်”
လက်ထောက်ဆွန်းသည် သူ နားကြားမှားသည်ဟု ထင်လိုက်မိသည်။
ကျုံယန်စီသည် လက်ထောင်ဆွန်းအား စူးစိုက်၍ကြည့်လိုက်သည်။
“ငါ ပြောတာမရှင်းလို့လား"
လက်ထောက်ဆွန်း ပါးစပ်ဟ၍ ပြန်ပြောစရာ စကားလုံးပင် ရှာမတွေ့ဖြစ်သွားသည်။
သန်း ၅၀ကို ဒီလိုပုံစံနဲ့ ယန်ရှီက ဖြုန်းပစ်လိုက်တာလား။ ပရိုဂျူဆာရှုသည် လက်ထောက်ဆွန်း၏ အဖြေကို ကြားလိုက်ရသောအခါ လုံးလုံးဆွံ့အသွားသည်။
ယန်ရှီက လှည့်ဖြားနေသည်ဟုသာ ထင်ခဲ့သော်လည်း ကျုံကော်ပိုရေးရှင်းသည် သူမအား ထောက်ခံလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခြင်းမရှိခဲ့ပေ။ သူသည် ယန်ရှီ မည်သူမည်ဝါဖြစ်ကြောင်း လုံးဝမသိသော်လည်း ကျုံကော်ပိုရေးရှင်းကိုပင် ကိုယ်စားပြုနိုင်ပါက... သူမသည် လုံးဝ အထင်သေးရမည့်လူတစ်ယောက်တော့ မဟုတ်ပါလေ။
"မစ္စယန်၊ မစ္စ လုံးဝမှန်ပါတယ် ကျွန်တော်တို့ လူတွေက ကိစ္စတွေကို သေသေချာချာ မကိုင်တွယ်နိုင်ခဲ့တာပါ၊ ဒါပေမဲ့..."
ပရိုဂျူဆာရှုသည် အကျပ်အတည်း အခြေအနေ၌ ရှိနေဆဲဖြစ်သည်။
ကျုံကော်ပိုရေးရှင်းမှ Crazy တွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်သောအခါ ပရိုဂျူဆာရှုသည် သရုပ်ဆောင်တစ်ဦးကို အတင်းအကျပ် ထည့်သွင်းခံရနိုင်ခြေကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူသည် ကျုံချင်းယွီ ဖြစ်လိမ့်မည်ဟု ယူဆခဲ့သည်။ ကျုံချင်းယွီ၏ သရုပ်ဆောင်စွမ်းရည်သည်... တကယ်ပင် ကြည့်ရဆိုးရွားလွန်းလှသည်။
သို့သော် ကျုံကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံသူဖြစ်နေသဖြင့် သူဘာကိုများ လုပ်နိုင်မည်နည်း။
အနုပညာလောကသည် Crazy အား မျှော်လင့်ချက် ကြီးကြီးထားခဲ့သော်လည်း ပြသနိုင်သည်အထိ အဘယ်မျှ အောင်မြင်မည်ကို မည်သူမျှ သေချာမသိနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံသူ ရှာဖွေရသည်မှာလည်း မလွယ်ကူလှပေ။
ထို့ကြောင့် ရဲ့လော့ယီသည် သရုပ်ဆောင်ရွေးပွဲသို့ လာရောက်မည်ကို ကြားသိလိုက်သောအခါ ပရိုဂျူဆာရှုသည် ပျော်မဆုံးပင် ဖြစ်ခဲ့ရသည်။ ရဲ့လော့ယီ၌ နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သော ရုပ်ရည်ရှိကာ စွဲမက်ဖွယ်ကောင်းပြီး ထင်ရှားသော အမျိုးသမီးဇာတ်ဆောင်နှင့် မကိုက်ညီသော်လည်း ပရိုဂျူဆာရှုသည် သူမ၏ သရုပ်ဆောင်ရွေးပွဲကို ခွင့်ပြုခဲ့သည်။
ယခု၌ ကျုံချင်းယွီသည် ဇာတ်ရုပ်ကို ပြန်လိုချင်နေပြီး သူမကိုယ်တိုင်ပင် သရုပ်ဆောင်ချင်သည်နှင့် တူသည်။
ပရိုဂျူဆာရှုသည် သက်ပြင်းရှည် ချလိုက်သည်။
"ကျွန်မတို့ သရုပ်ဆောင်ရွေးပွဲ လုပ်လို့ရတယ်"
ယန်ရှီက ရုတ်တရက် ပြောလိုက်သည်။
"သရုပ်ဆောင်ရွေးပွဲလား" ပရိုဂျူဆာရှု၏ မျက်နှာအမူအရာသည် မသက်မသာဖြစ်သွားသည်။
ရင်းနှီးမြှုပ်နှံသူအတွက် သရုပ်ဆောင်ရွေးပွဲလား။ ဟန်ဆောင်မှုတစ်ခုပဲလား။
ယန်ရှီသည် ပရိုဂျူဆာရှု မဝံ့မရဲဖြစ်နေသည်ကို ရိပ်မိသည်။
"ကျွန်မ အမျိုးသမီးဇာတ်ဆောင်ရဲ့ ဇာတ်ရုပ်ဖော်ပြချက်ကို ဖတ်ထားတယ်၊ သူမက ထင်ရှားပြီး စွဲမက်ဖွယ်ကောင်းတဲ့ အလှရှိရမယ် ကြောက်စရာကောင်းလောက်အောင်ကို လှရမယ်၊... ရဲ့လော့ယီက အဲဒီဖော်ပြချက်နဲ့ ကိုက်ညီလို့လား သူမ ရုပ်ရည်ကတောင် မကိုက်ညီဘူး၊ ပြီးတော့ သူမ တယောအကြီး (cello) တီးတတ်တာမှ မဟုတ်တာ၊ ရှင် အခြားတစ်ယောက်ကို ရှာရမှာ သေချာတယ်"
"ချင်းယွီ သရုပ်ဆောင်ရွေးပွဲ ဝင်နိုင်တယ် သူမနဲ့ သင့်တော်ရင် ဇာတ်ရုပ်ကို ပေးလိုက်ပါ၊ မသင့်တော်ရင်တော့ တခြားတစ်ယောက်ကို ရှာလိုက်ပါ"
ကံကောင်းခြင်းအမှတ်များသည် အရေးကြီးသော်လည်း ကျုံချင်းယွီ၏ သရုပ်ဆောင်မှု ညံ့ဖျင်းပါက ထုတ်လွှင့်ပြီးနောက် ပြင်းထန်သည့် တုံ့ပြန်မှုများ ဖြစ်ပေါ်မည်ဖြစ်ပြီး Crazy ၏ Box office အား ထိခိုက်စေမည်ဖြစ်သည်။ ကံကောင်းခြင်းအမှတ်များ ရရှိမည့်အစား ဆုံးရှုံးရပေလိမ့်မည်။
ထို့ကြောင့် ယန်ရှီသည် ကျုံချင်းယွီအား ဇာတ်ရုပ်အဖြစ်သို့ အတင်းအကျပ် သရုပ်ဆောင်စေလိုခြင်းမရှိပေ။ သူမသည် မှန်ကန်သည့် လုပ်ထုံးလုပ်နည်းကဲ့သို့သာ သရုပ်ဆောင်ရွေးပွဲ ဝင်စေလိုခြင်းဖြစ်သည်။
ကျုံချင်းယွီတစ်ယောက် စိုးရိမ်နေခဲ့သည်။ သူမ၏ သရုပ်ဆောင်စွမ်းရည် မကောင်းသည်ကို သိသည်။
“ရှီရှီ ငါ မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ..."
"ဘာမှမဖြစ်ဘူး"
ယန်ရှီက သူမကို အားပေးသည်။
"ဇာတ်ညွှန်းအတိုင်း လုပ်ပြီး အကောင်းဆုံးသာ ကြိုးစားလိုက်”
ရင်းနှီးမြှုပ်နှံသူသည် ဤပွဲကို လုပ်လိုသောကြောင့် ပရိုဂျူဆာရှုသည် သဘောတူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ရိုးရိုးသားသားပြောရလျှင် ယန်ရှီ အဘယ်မျှပင် အခြေအနေအား နားမလည်ရသနည်း။
သူမ ကျုံချင်းယွီ၏ ယခင်က အလုပ်များကို မမြင်ဖူးခဲ့ခြင်းလား။
သူ၏ အတွင်းစိတ်၌ ကျေနပ်မှုမရှိသော်လည်း ပရိုဂျူဆာရှုသည် ဇာတ်ညွှန်းနှင့် တယောကြီးတတစ်လုံးကို ကျုံချင်းယွီ၏ သရုပ်ဆောင်ရွေးပွဲအတွက် ယူလာခဲ့သည်။
အမျိုးသမီးဇာတ်ဆောင်၏ ဖန်သားပြင်၌ ပါဝင်ချိန်ကို လျှော့ချသင့်သည်။ သရုပ်ဆောင်ခြင်းသာ အင်မတန် ဆိုးရွားပါက ပရိသတ်များအား ရှုံ့ချစေလိမ့်မည်။
ထိုအတွေးနှင့်အတူ သရုပ်ဆောင်ရွေးပွဲ စတင်ခဲ့သည်။
ကျုံချင်းယွီသည် ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ခဲ့သည်။
အချက်တစ်ချက်မှာ ကျုံချင်းယွီ၏ မျက်နှာသည် အံ့မခန်း လှပနေခြင်းပင်။ သူမ၏ သရုပ်ဆောင်မှုသည် အလယ်အလတ်သာ ရှိသော်လည်း သူမကို ကြည့်ရသည်မှာ သာယာကြည်နူးဖွယ်ဖြစ်နေသည်။
ကျုံချင်းယွီ၏ သရုပ်ဆောင်မှုသည် တကယ်ပင် ကြမ်းတမ်းနေခဲ့သည်။ အကြောင်းမှာ သူမသည် ပရော်ဖက်ရှင်နယ် သင်တန်း မတက်ဖူးသည့်အပြင် အတွေ့အကြုံလည်း နည်းပါးပုံရသည်။ ကျုံချင်းယွီသည် သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
သို့သော် ကျုံချင်းယွီ စင်ပေါ်တက်၍ တယောကြီးအား စတင်တီးခတ်လိုက်သည်နှင့် ပရိုဂျူဆာရှုသည် တယောပညာရှင်အစစ်တစ်ဦးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ဂီတထဲတွင် လုံးဝ နစ်မြောနေခဲ့သည်။ နောက်ဆုံးတွင် သရုပ်ဆောင်ခြင်းသည် စစ်မှန်ခြင်းသာဖြစ်သည်။
ပရိသတ်အား ယုံကြည်စေရန်၊ ဇာတ်ကောင်သည် တကယ်ရှိသည်ဟု ခံစားရစေရန်မှာ အရေးကြီးသည်။ ပရိုဂျူဆာရှုသည် ကျုံချင်းယွီ၏ ဖျော်ဖြေမှုအခြားအပိုင်းများတွင် အားနည်းချက်များကို မြင်တွေ့ရသော်လည်း တယောတီးခတ်သည့်အခန်းတွင်မူ... သူကိုယ်တိုင်ပင် စွဲမက်သွားခဲ့သည်။
သရုပ်ဆောင်ရွေးပွဲ ပြီးဆုံးသောအခါ ပရိုဂျူဆာရှုသည် ပြတ်သားသော အဖြေတစ်ခု မပေးခဲ့ပေ။
"မစ္စယန် မစ္စ ပြောသလိုပါပဲ ကျွန်တော်တို့ တခြားသရုပ်ဆောင်တွေကိုလည်း ရွေးချယ်ပြီး ဘယ်သူက အသင့်တော်ဆုံးလဲဆိုတာ ကြည့်နိုင်ပါသေးတယ်"
ဟူ၍ ပရိုဂျူဆာရှုသည် ကျုံချင်းယွီနှင့် သင့်တော်သည်ဟု ထင်ခဲ့သည်။ သူမ၏ တယောဖျော်ဖြေမှုသည် အပြစ်အနာအဆာမရှ်ိသော်လည်း ကျန်ရှိသော သရုပ်ဆောင်မှုသည် ၇၀% အဆင့်သာရှိသည်။ ပိုကောင်းသည့်သူများ ရှိနေနိုင်မည်လား။
ကျုံချင်းယွီသည် ဇာတ်ရုပ်အတွက် ပြီးပြည့်စုံသော သရုပ်ဆောင် မဟုတ်ပါလျှင် ပြီးပြည့်စုံသော တစ်စုံတစ်ယောက် ရှိနေရလိမ့်မည်။
ပရိုဂျူဆာရှု: "ဒါကို ဒါရိုက်တာနဲ့ ဆွေးနွေးရဦးမယ်"
ယန်ရှီနှင့် ကျုံချင်းယွီတို့ နှစ်ဦးစလုံးသည် စိုးရိမ်နေသော်လည်း သဘောတူခဲ့ကြသည်။
ဤကိစ္စရပ်များအား အတင်းအကျပ် လုပ်ကိုင်၍မရပါလော။ ဇာတ်ရုပ်နှင့် မကိုက်ညီပါက အတင်းအကျပ်လုပ်ခြင်းသည် အခြေအနေကို ပိုဆိုးရွားစေရုံသာ ဖြစ်စေလိမ့်မည်။ ယန်ရှီနှင့် ကျုံချင်းယွီတို့သည် စိုးရိမ်တကြီးဖြင့် အိမ်ဟောင်းကြီးသို့ ပြန်လာခဲ့ကြသည်။ ကျုံချင်းယွီသည် Crazy ဇာတ်ရုပ်ကို သိပ်၍ မပူပင်နေခဲ့ပေ။ သူမ ပိုစိုးရိမ်သည်မှာ ယန်ရှီသည် ဆုလင်းလင်း၏ လက်အောက်ခံ ဖြစ်သွားမည်ကိုပင်။
တစ်ချိန်တည်း၌ ယန်ရှီသည် ကျုံချင်းယွီ၏ ကံကောင်းခြင်းအမှတ်များနှင့် ပတ်သက်၍ စဉ်းစားနေခဲ့သည်။ မနက်ဖြန်၌ ပေလူကြီး၏ မွေးနေ့ပွဲ ရှိပြီး ကျုံချင်းယွီ၏ လက်ရှိ ကံကောင်းခြင်းအမှတ်များမှာ ၂၉.၆ ဖြစ်သည်။ မနက်ဖြန်၌ ကျုံယန်စီထံမှ ၀.၁ ကံကောင်းခြင်းအမှတ် ရရှိနိုင်သော်လည်း ၀.၃ မှတ် လိုနေသေးသည်။ သူတို့ အရမ်းနီးစပ်နေခဲ့လေပြီ။
နေရောင်ခြည်သည် မှေးမှိန်သွားခဲ့ကာ ညနေ ၆ နာရီ ထိုးပြီဖြစ်သည်။ ကျုံယန်စီသည် တစ်နေ့တာ အလုပ်များအား အပြီးသတ်လိုက်သည်။
မုန့်ရွှမ်းယွီ၏ ပြဿနာများအား ဖြေရှင်းပေးရန်မလိုသရွေ့ ကျုံယန်စီ၌ အားလပ်ချိန်များစွာ ရှိသည်။ ယမန်ညက မုန့်မိသားစု၏ စာရွက်စာတမ်းများကို ချထားလိုက်သည့်အချိန်မှစ၍ ကျုံယန်စီသည် သူတို့၏ ကိစ္စရပ်များကို လုံးဝ စိတ်မဝင်စားတော့ပေ။
ဤအတောအတွင်း၌ မုန့်ယင်းရုန်သည် အကြိမ်ရေများစွာ ဖုန်းဖြင့်ဆက်သွယ်ခေါ်ခဲ့သော်လည်း ကျုံယန်စီသည် မည်သည့်ခေါ်ဆိုမှုကိုမျှ အရေးမလုပ်ခဲ့ပေ။ အလုပ်ပြီးဆုံးသည်နှင့် ကျုံယန်စီသည် သူ၏ ရုံးခန်းမှ ထွက်ခွာလာပြီးနောက် သပ်ရပ်စွာ ဝတ်ဆင်ထားကာ လက်ကိုင်အိတ်ကို ကိုင်ဆောင်ထားသော မုန့်ယင်းရုန်နှင့် ထိပ်တိုက်တိုးခဲ့သည်။ သူမသည် သူ့ဘက်သို့ အလျင်အမြန် ပြေးလာခဲ့သည်။
"ကျုံယန်စီ!"
မုန့်ယင်းရုန်တစ်ယောက် ဒေါသထွက်နေခဲ့ကာ သူမ၏ မျက်နှာတွင် အမျက်ဒေါသများဖြင့် ပြည့်လျှံနေခဲ့သည်။
"ရွှမ်းယွီကို ကူညီဖို့ မင်းကို ငါမပြောခဲ့ဘူးလား၊ ဘာလို့ ငါ့ကို စာရွက်စာတမ်းတွေ မပို့သေးတာလဲ၊ မင်းအဘိုးက ဒီည ရလဒ်တွေ မြင်ချင်နေတာ၊ ရွှမ်းယွီ ဘယ်လိုလုပ်ရတော့မလဲ"
ကျုံယန်စီသည် သူ၏ မိခင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ကျွန်တော့်မှာလည်း ကန့်သတ်ထားတဲ့ စွမ်းအင်နဲ့ပါ"
ကျုံယန်စီက ပြောလိုက်သည်။
"ကုမ္ပဏီနှစ်ခုရဲ့ ကိစ္စတွေကို တစ်ပြိုင်တည်း မကိုင်တွယ်နိုင်ဘူး"
မုန့်ယင်းရုန်သည် ပို၍ပင် ဒေါသထွက်လာခဲ့သည်။
"အဲဒါဆို အချိန်ပို ဆင်းလိုက်လေ မင်း နာရီနည်းနည်းလောက် ပိုလုပ်လိုက်ရင် ဖြေရှင်းနိုင်တာပဲ"
ကျုံယန်စီသည် မိမိဘာသာမိမိ ရယ်မောလိုက်သည်။
"ဟုတ်တယ်၊ အချိန်ပိုလုပ်ရင် ဖြေရှင်းနိုင်ပါတယ် ဒါပေမဲ့ မုန့်မိသားစု ဒေဝါလီခံလုနီးပါး ဖြစ်နေတုန်းက ကျွန်တော် သုံးရက် သုံး ည မအိပ်ဘဲ ကုမ္ပဏီကို ကယ်တင်ခဲ့တာ သိရဲ့လား၊ မား ကျွန်တော် အချိန်ပို လုပ်တာ မလုံလောက်သေးဘူးလို့ ထင်လား"
မုန့်ယင်းရုန်သည် တစ်ခဏမျှ စကားလုံးများပြောမထွက်နိုင်အောင် ဆွံ့အသွားခဲ့ပြီး အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
"အခုက အဲလို မဟုတ်တော့ပါဘူး ဒါက ပရောဂျက်နည်းနည်းလေးပါ..."
"ပရောဂျက်နည်းနည်းလေး"
ကျုံယန်စီက လှောင်ပြောင်လိုက်သည်။
"ဒါပေမဲ့ အဲဒီပရောဂျက်နည်းနည်းလေးအတွက် လီမြို့မှာ ကျွန်တော် တစ်ပတ်အတွင်း ၁၀ နာရီပြည့်အောင်တောင် မအိပ်ခဲ့ရဘူး"
ဤအရာများသည် ကျုံယန်စီတစ်ယောက် မုန့်ယင်းရုန်အား တစ်ခါမျှ မပြောပြခဲ့ဖူးသော ကိစ္စရပ်များဖြစ်သည်။
ကျုံယန်စီသည် ယင်းကိစ္စရပ်များသည် သူ၏တာဝန်ဖြစ်သည်။ ကျုံကော်ပိုရေးရှင်းနှင့် မုန့်မိသားစုအား အလုပ်အကျွေးပြုရန် သူမွေးဖွားလာခဲ့သည်ဟု အမြဲ ယုံကြည်ခဲ့သည်။
သို့သော် ယမန်ညကပင် ကျုံယန်စီ နားလည်လာခဲ့သည်မှာ သူ့အား အမှန်တကယ်ပင် ဂရုစိုက်သည့်သူများ သူ ကောင်းကောင်း အိပ်ပျော်သည် မပျော်သည်အား စိတ်ပူပေးသည့်သူတွေ ရှိနေသည်ကို သိလိုက်ရသည်။
ကျုံယန်စီ: "ဒီနေ့ကစပြီး ကျုံကော်ပိုရေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလွဲရင် မုန့်မိသားစုကိစ္စတွေကို ကျွန်တော် ဝင်မပါတော့ဘူး"
မုန့်ယင်းရုန်သည် စကားလုံးများ ဆွံ့အသွားပြန်သည်။ အရွယ်ရောက်လာသည့် သားဖြစ်သူအပေါ်၌ ထိန်းချုပ်မှု ကင်းမဲ့သွားသည့်အလား ခံစားလိုက်ရသည်။
"ဟုတ်ပြီ မုန့်မိသားစုကိစ္စတွေကို ငါ့ဘာသာငါ ကိုင်တွယ်မယ်"
မုန့်ယင်းရုန်သည် ဗျူဟာကျစွာဖြင့် နောက်ဆုတ်ရန် ကြိုးစားရင်း ပြောလိုက်သည်။
"ဒါပေမဲ့ မင်္ဂလာမဟာမိတ်ဖွဲ့တဲ့ ကိစ္စကို ငါပြောခဲ့တာ မမေ့နဲ့နော် လုဝမ်နင်း ဒီနိုင်ငံကို ပြန်ရောက်ပြီ မင်းတို့နှစ်ယောက် တွေ့ကြည့်သင့်တယ်၊ ကျုံဟုန်ရှန်းဆိုတဲ့ ခေတ်နောက်ကျနေတဲ့ အဘိုးကြီးက မင်းရဲ့ အိမ်ထောင်ရေးကို စိတ်မဝင်စားဘူး၊ ဒီကိစ္စကို ငါပဲ စီစဉ်ရမှာ..."
ကျုံယန်စီ၏ မျက်လုံးများတွင် လှောင်ပြောင်ရယ်မောသံများ ပြည့်လျှံနေခဲ့ကာ အေးစက်၍ ပြတ်သားနေသည်။
"ကျွန်တော့်ကို ဂရုမစိုက်ခဲ့တာ နှစ်ပေါင်းချီနေပါပြီ အခုမှ လာလုပ်ပြမနေပါနဲ့"
မုန့်ယင်းရုန်သည် ဒေါသတကြီးဖြင့် ခြေထောက်ကို ဆောင့်နင်းလိုက်သည်။
"ငါက မင်းရဲ့အမေနော်၊ မင်း ဘာတွေပြောနေတာလဲဆိုတာရော နားလည်ရဲ့လား"
ကျုံယန်စီသည် မုန့်ယင်းရုန်အား ကြည့်လိုက်သည်။ သူ၏ အရောင်ဖျော့ဖျော့ဖြင့် မျက်လုံးများသည် သူမ၏ မျက်နှာ၌ ထင်ဟပ်နေသည်။
"အမေ ဖြစ်နေလို့သာ မဟုတ်ရင် ခင်ဗျား ဒီနေရာမှာ ရပ်နေနိုင်မယ်လို့ ထင်လား၊ မုန့်မိသားစုကို ပြိုလဲလုနီးပါး အခြေအနေကနေ ကျွန်တော် ကယ်ခဲ့တာ၊ ပြီးတော့ တစ်ညတည်းနဲ့လည်း ဖျက်ဆီးပစ်နိုင်တယ် ခင်ဗျား သေသေချာချာ စဉ်းစားသင့်တယ်"
ကျုံယန်စီ၏ အသံသည် တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှု၏ အောက်တွင် ထက်မြက်သော ဓါးသွားပေါင်းများစွာ ရှိနေခဲ့ပြီး ယင်းတို့အားလုံးသည် မုန့်ယင်းရုန်အား ဦးတည်ထားသည်။
မုန့်ယင်းရုန် ရုတ်တရက် သဘောပေါက်သွားသည်မှာ ကျုံယန်စီသည် အသက် ၂၇ နှစ် ရှိပြီဖြစ်သည်။ သူသည် သူမ၏ ချီးကျူးမှုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသော ယခင်က ကလေးငယ်တစ်ယောက် မဟုတ်တော့ပေ။ အိမ်အပြန်လမ်း၌ ကျုံယန်စီသည် စာရွက်စာတမ်းများကို တစ်ချက်မျှ မကြည့်ဘဲ နေခဲ့သည်။
ကျုံယန်စီသည် ကားကိုမှီကာ မျက်လုံးမှိတ်ထားပြီး သူ၏ ဘလူးတုသ် နားကြပ်ထဲ၌ သီချင်းဖွင့်ထားခဲ့သည်။
ကျုံယန်စီက ပေါ့ပ်သီချင်းများကို နားမထောင်တတ်ပေ။ သူ၏ ဂီတပလေးလစ် (Playlist) အပြည့်သည် ရှည်လျားပြီး နူးညံ့ညက်ညောင်းသည့် ဂန္ထဝင်တေးဂီတများသာရှိသည်။ သို့သော် ယနေ့တွင် သူသည် ယန်ရှီ၏ WeChat Moments များမှ မျှဝေထားသည့် သီချင်းများကို နားထောင်နေခဲ့သည်။ အချို့သည် အတော်ပင် နားထောင်ကောင်းသော်လည်း အချို့သည်လည်း သူ့ကို ခေါင်းကိုက်စေလောက်သည်အထိ ရှုပ်ထွေးနေခဲ့သည်။
ရိုးလ်ရွိုက်စ်ကားကြီးသည် လေဆိပ်တံတားပေါ်သို့ မိနစ် ၂၀ ကျော်မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် လင်ကျန်းရပ်ကွက်၏ ဝင်ပေါက်၌ ရပ်တန့်သွားခဲ့သည်။
ကျုံယန်စီသည် မျက်လုံးဖွင့်ကာ ကားပြတင်းပေါက်မှ မြင်ရသည့် ကျယ်ပြန့်သည့် မြစ်အား ကြည့်လိုက်သည်။
"ဘာလို့ တိုက်ခန်းဆီ ရောက်လာတာလဲ"
သူ၏ စိတ်အခြေအနေသည် မပျော်ရွှင်နေသည်မှာ အသိသာပင်။
ယာဉ်မောင်းသူက လန့်သွားခဲ့သည်။
"မစ္စတာကျုံက မနေ့က ကျွန်တော့်ကို အိမ်ကြီးဆီ ပြန်ပို့လို့ ဆူခဲ့တယ်မလား ဒီညတော့ တိုက်ခန်းမှာ နေမယ် ထင်လို့ပါ”
ကျုံယန်စီက မျက်မှောင်ကြုတ်လိုက်သည်။
ယာဉ်မောင်းသည် ပို၍ပင် စိုးရိမ်လာခဲ့ကာ မဝံ့မရဲဖြင့် မေးလိုက်သည်။
"အိမ်ကြီးဆီ ပြန်သွားချင်လို့လားဗျ၊ ဒါပေမဲ့ အခန်းနဲ့ အိမ်ကြီးက တောင်နဲ့မြောက်မှာရှိတာ၊ ပြီးတော့ အခုကားပိတ်နေတာနဲ့ဆို ပြန်သွားဖို့ အနည်းဆုံး နှစ်နာရီလောက်ကြာလိမ့်မယ်”
…..
ကျုံမိသားစု အိမ်ကြီးတွင် ပန်းပုံစံဖော်ထားသည့် ပြတင်းပေါက်မှ အလင်းရောင်သည် ခြံဝင်း၏ အဖြူရောင်နံရံပေါ်သို့ ကျရောက်နေခဲ့ပြီး အရိပ်အယောင်များ လှုပ်ခတ်နေသော သစ်ပင်၏ အရိပ်များ ဖြစ်ပေါ်စေသည်။
ယန်ရှီသည် ကျုံယန်စီ အိမ်ပြန်မလာသေး၍ ဧည့်ခန်းထဲတွင် ရှေ့လျှောက်နောက်လျှောက်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။
ယခု ကံကောင်းခြင်းတန်ဖိုးသည် ၂၉.၆ တွင် ရပ်တန့်နေခဲ့သည်။ ယန်ရှီသည် တတ်နိုင်သမျှ စုဆောင်းသင့်သည်ဟု ထင်မိသည်။ လာမည့်နေ့ည၏ မွေးနေ့ပွဲမစမီ ဆယ်နာရီကျော်ကျော် အချိန်ကျန်ရှိနေသေးသည်။ ဤမှ နည်းနည်း၊ ထိုမှ နည်းနည်း ခြစ်ကုပ်ယူလိုက်လျှင် ၃၀ ကို ရောက်နိုင်ပါသေးသည်။
လက်ထောက်ဆွန်းသည် လွန်ခဲ့သည့် နာရီဝက်ခန့်က WeChat Moment တင်ထားသည်။ ဘားသို့ အပျော်သွားမည်ဟု ရေးထားသည်။ လက်ထောက်ဆွန်း အလုပ်ဆင်းပြီဖြစ်ရာ ကျုံယန်စီလည်း အလုပ်ဆင်းလေပြီ မဟုတ်လော။ ယန်ရှီသည် ဧည့်ခန်းရှေ့ရှိ ကျောက်ပြားလှေကားပေါ်၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကျုံယန်စီဆီထံသို့ WeChat မက်ဆေ့ချ် ပို့လိုက်သည်။
[ကြောင်တစ်ကောင် ချောင်းကြည့်နေသည့်ပုံ]
[မစ္စတာကျုံ ဒီည အိမ်ကြီးဆီ ပြန်လာမှာလား]
စက္ကန့်အနည်းငယ်အကြာ၌ ကျုံယန်စီက ပြန်ဖြေသည်။
[ကျွန်တော် အခန်းမှာ ပြန်ရောက်နေပြီ]
"အမလေး!"
ယန်ရှီတစ်ယောက် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး chat မျက်နှာပြင်ပေါ်ရှိ စာလုံးများကို ကြည့်ရင်း ပျော့ခွေကျသွားခဲ့သည်။
"ဘာလို့ သူ အခန်းဆီ ပြန်သွားတာလဲ"
System ကပြောလိုက်သည်။
" Host ကျုံယန်စီ အခန်းဆီ ပြန်သွားတာ ပုံမှန်ပဲဆိုတာ နားလည်သင့်တယ်၊ အိမ်ကြီးက အဖွဲ့အစည်းနဲ့လည်း အရမ်းဝေးတယ်၊ ကားမပိတ်ရင်တောင် သွားလာရတာ နှစ်နာရီတောင်ကြာတယ်၊ ကျုံယန်စီအတွက်ကတော့ အချိန်က ပိုက်ဆံပဲ!"
ယန်ရှီ သက်ပြင်းချလိုက်သည်။
"သူ အခန်းမှာ အချိန်ပို ဆင်းတော့မလို့လား"
System ပြန်ဖြေလိုက်သည်။
“ဟုတ်တာပေါ့၊ သူ အိမ်ကြီးကနေ ပြောင်းလာပြီး လင်ကျန်း မိုးမျှော်တိုက်မှာ နေတာက အလုပ်အတွက် အချိန်ပို ညှစ်ထုတ်ဖို့ပဲ!"
[ကျုံယန်စီရဲ့ ဇာတ်ကောင်ပုံစံအရ သူက အလုပ်ကိုပဲ အာရုံစိုက်တဲ့ အလုပ်ကြိုးစားသူ တစ်ယောက်လေ]
ယန်ရှီသည် သနားစရာကောင်းသည့် ပုံစံနှင့် ကြည့်လိုက်သည်။ လာမည့်နေ့ မနက်ကျလျှင် ကံကောင်းခြင်းတန်ဖိုး တစ်ခုမှ ရနိုင်မည်မဟုတ်ကြောင်းကို သူမ အလိုလို ခံစားလိုက်ရသည်။
ယန်ရှီက စာဆက်ရိုက်လိုက်သည်။
[ကျွန်မ အနှိပ်နည်းတစ်ခု သင်ထားတယ်၊ အိပ်မောကျစေဖို့အတွက် အရမ်းကောင်းတာ၊ ဘာလို့ အခန်းဆီ ပြန်သွားတာလဲ အခု ရှင်မခံစားရတော့ဘူးပေါ့]
ကျုံယန်စီ: [တကယ်လား]
ယန်ရှီ: [သေချာတာပေါ့ ကျွန်မ အကြာကြီး လေ့ကျင့်ထားတာ ခုလေးတင် ကို စမ်းကြည့်တာ]
ရှောင်ဗူတျန့်သည် ကျုံပါးပါး မွေးထားသည့်လိပ်ဖြစ်ပြီး သူ၏ အခွံသည် စက်ဝိုင်းအချင်း တစ်ဝက်ကျော်လောက်ရှိသည်။
ကျုံယန်စီ: [ရှောင်ဗူတျန့်တော့ ဒီည အိပ်ရတော့မှာမဟုတ်ဘူးလို့ ကျွန်တော်တော့ သံသယဝင်နေပြီ]
ယန်ရှီ: [မဖြစ်နိုင်ပါဘူး၊ သူ အခု ရေကန်ထဲမှာ နောက်ပြန်လှန်ပြီး ကောင်းကောင်း အိပ်ပျော်နေပြီ]
ကျုံယန်စီ: ...
ယန်ရှီ: [တကယ်ပါဆို ကျွန်မကို ယုံလိုက်!]
မိနစ်အနည်းငယ် ကြာသွားပြီးနောက် ကျုံယန်စီထံမှ ပြန်စာ မလာခဲ့ချေ။
ယန်ရှီသည် မပင်ပန်းသကဲ့သို့ပင် ဆက်၍ မက်ဆေ့ချ်ပို့နေခဲ့သည်။
[ရှင် အလုပ်ပြန်လုပ်နေတာ မဟုတ်ဘူးမလား]
[စောစောအိပ် စောစောထတာက လူကို ကျန်းမာစေတယ် စိတ်ချမ်းသာပြီး ဉာဏ်ကောင်းစေတယ်၊ မူလတန်းကျောင်းဆရာမက ရှင့်ကို မသင်ပေးခဲ့ဘူးလား]
[ပြီးတော့ အချိန်ပိုလုပ်တာက ရုတ်တရက် သေနိုင်တယ်တဲ့!]
[ဟေး မစ္စတာကျုံ မစ္စတာကျုံ]
[ကျုံယန်စီ? ကျုံယန်စီ?]
ရုတ်တရက် ဖုန်းခေါ်ဆိုမှု ဝင်လာကြောင်း အသိပေးချက်သည် မျက်နှာပြင်ပေါ်၌ ပေါ်လာသည်။
ယန်ရှီ တုံ့ပြန်ရန် အချိန်မရလိုက်ခင်ပင် သူမ၏ စာရိုက်နေတဲ့လက်မှ ဖုန်းဖြေဆိုသည့် ခလုတ်အား မတော်တဆ ထိမိသွားသည်။ ဖုန်းထဲမှ ကျုံယန်စီ၏ အသံ ထွက်လာသည်။
"ကျွန်တော်ပါ"
သူ၏ အသံသည် အနည်းငယ် နက်ရှိုင်းပြီး အသက်ရှုပြင်းနေပုံရသည်။ သူဘာလုပ်နေသည်မှာ မသဲကွဲပေ။ ယန်ရှီသည် မျက်တောင်ခတ်လိုက်သည်။
"မစ္စတာကျုံ... ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်လို့ သတိပေးဖို့ ဖုန်းခေါ်တာ မဟုတ်ဘူးမလား"
"ကျွန်မ စကားနည်းနည်းများသွားတာပါ၊ ဒါပေမဲ့ ရှင့်ကို တကယ် စိတ်ပူလို့ပါ!"
ကျုံယန်စီသည် "စိတ်ပူရင် ဘာလို့ လူချင်းတွေ့ပြီး စိတ်ပူတယ်လို့ မပြောတာလဲ" ဟုဆိုသည်။
ယန်ရှီက နှုတ်ခမ်းဆူလိုက်တယ်။
"ပြောချင်တယ်လေ၊ ဒါပေမဲ့ ရှင်က အိမ်ကြီးမှာ မရှိတော့ ကျွန်မမှာ တခြားရွေးချယ်စရာမှ မရှိတာ"
ဖုန်းတစ်ဖက်ခြမ်း၌ တိတ်ဆိတ်သွားသည်။ ခြေသံကဲ့သို့ အသံတစ်ခု ကြားလိုက်ရသည်။ အချိန်အတော်ကြာသည်အထိ မည်သူမျှမှ စကားမပြောပေ။
"မစ္စတာကျုံ မစ္စတာကျုံ"
ယန်ရှီသည် ဖုန်းကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
“ဘာလို့ အသံမကြားရတော့တာလဲ၊ ကျုံယန်စီ ရှင်ထပ်ပြီး ပျောက်ကွယ်သွားတော့မှာလား"
"လှည့်ကြည့်လိုက်"
ဖုန်းထဲမှ အသံသည် နောက်ဆုံး၌ ထွက်ပေါ်လာသည်။
ဤတစ်ခေါက်တွင် ယန်ရှီသည် ဖုန်းထဲမှ အသံကိုသာမက သူမ နောက်မှ ထွက်ရှိလာသည့် အသံကိုပါ ကြားလိုက်ရသည်။