အခန်း(၄၇)
Vol. 5 Ch. 47
ကျင်ထန်းဟော်တယ်
ဟိုတယ်၏ ၁၀ ထပ်မြောက်ကို အဖိုးပေ၏ အသက် (၇၀) နှစ်ပြည့်မွေးနေ့ပွဲအတွက် သီးသန့်ဖွင့်လှစ်ထားသည်။ ဤဧည့်ခံပွဲသည် အများပြည်သူအတွက်မဟုတ်သည့်အပြင် မီဒီယာများအားလည်းဓာတ်ပုံရိုက်ကူးခွင့်ကို တင်းကြပ်စွာတားမြစ်ထားသည်။ ဧည့်သည်များမှာ ဟိုင်မြို့၏ အထင်ကရပုဂ္ဂိုလ်များသာဖြစ်ပြီး မြို့တွင်းရှိ အာဏာအရှိဆုံးမိသားစုဝင်များနှင့် သြဇာအရှိန်အဝါရှိသောမိသားစုဝင်များသာဖြစ်သည်။ အခန်းအတွင်း၌ ပေယွဲ့ပိုင်သည် သပ်ရပ်စွာချုပ်လုပ်ထားသော အနက်ရောင်ဝတ်စုံကိုဝတ်ကာ အနီရင့်ရောင်နက်ကတိုင်ကို လည်တိုင်တွင်ဝတ်ဆင်ပြီး ဆံပင်ကို နောက်သို့လှန်ကာ ဖြီးထားလိုက်သည်။
ဖန်းမေယွီက သူ့ထံသို့ လှမ်းလာပြီး ပေယွဲ့ပိုင်၏ နက်ကတိုင်ကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြန်ပြင်ပေးလိုက်သည်။
"ယွဲ့ပိုင် သားအဖေပြောတာ ကြည့်ရတာတော့ ဒီနေ့ညမှာ သားအဖိုးက သားနဲ့ချင်းယွီတို့ စေ့စပ်ဖို့ကို ကြေညာပြီး ကုမ္ပဏီရှယ်ယာ သုံးရာခိုင်နှုန်းကိုလည်း သူ့ကိုပေးမယ်ဆို၊ ဒီရှယ်ယာတွေရပြီဆိုရင် အမေ့သားလေးလည်း ပေဟန်လီနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိလာလိမ့်မယ်"
ပေယွဲ့ပိုင်၏ မျက်လုံးများ တောက်ပသွားသည်။
သူ၏ မိဘနှစ်ပါးသည် အမှန်တကယ်ချစ်ကျွမ်းဝင်ခဲ့ကြသော်လည်း ထိုစဉ်က စီးပွားရေးအခြေအနေအရ ဖခင်အား သူ မချစ်သောအမျိုးသမီးနှင့် အတင်းအဓမ္မလက်ထပ်စေခဲ့သည်။ လွန်ခဲ့သော (၃) နှစ်ခန့်က ပေဟန်လီ၏ မိခင်ကွယ်လွန်သွားပြီးနောက် ပေယွဲ့ပိုင်သည် မိဘနှစ်ပါးပြန်လည်ရင်ကြားစေ့စေလိုခဲ့သော်လည်း ပေဟန်လီကမူ သဘောမတူခဲ့ပေ။ နောက်ဆုံးတွင် ပေယွဲ့ပိုင်သည်သာ တရားမဝင်သားတစ်ယောက်ဖြစ်သွားခဲ့သည်။ ယခုအခါ သူ၏မိခင်သည် ပေအိမ်တော်တွင်နေထိုင်နေရသော်လည်း အိမ်အကူအဖြစ်သာဆက်ဆံခံရပြီး အများရှေ့မှောက်တွင် မျက်နှာမပြရဲခဲ့ပေ။ ပေယွဲ့ပိုင်သည်လည်း ပေဟန်လီ၏ လောင်းရိပ်အောက်မှ လွတ်မြောက်ရန် အခွင့်အလမ်းမရှိခဲ့ချေ။
ပေမိသားစုကို အလုံးစုံထိန်းချုပ်နိုင်ရန်အတွက် ပေယွဲ့ပိုင်သည် အား နည်းသူအဖြစ်ဟန်ဆောင်ကာ အနုပညာလောကထဲသို့ဝင်ခဲ့ပြီး ထျန်းဟွေ့ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ပေလုပ်ငန်းစုကို စွန့်လွှတ်ဟန်ရှိသော်လည်း အမှန်တကယ်တမ်းတွင် ကျုံချင်းယွီကို သိမ်းသွင်းကာ သူ့ဘက်မှ အပြည့်အဝရပ်တည်စေခဲ့သည်။
ကျုံမိသားစုသည် ချမ်းသာကြွယ်ဝပြီး ဟိုင်မြို့၏ အချမ်းသာဆုံးမိသားစုတစ်စုဖြစ်သည်။ ပေယွဲ့ပိုင်သည် ကျုံချင်းယွီနှင့်နီးစပ်ခွင့်ရရှိလာစေရန် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ကျုံမိသားစု၏ အထောက်အပံ့များကို ရရှိခဲ့ကာ အနုပညာလောကတွင် ထင်ရှားလာခဲ့သည်။ တစ်ခုတည်းသော ပြဿနာမှာ ပေယွဲ့ပိုင်သည် ကျုံချင်းယွီကို အမှန်တကယ် မချစ်မနှစ်သက်ခြင်းပင်ဖြစ်သည်။ သူ့စိတ်ထဲတွင် အမှန်တကယ်ချစ်သောသူမှာ ရဲ့လော့ယီတစ်ဦးတည်းသာဖြစ်သည်။
ရဲ့မိသားစုသည် သာမန်မျှသာ ချမ်းသာသောမိသားစုဖြစ်ပြီး ကျုံမိသားစုနှင့်ယှဉ်လျှင် မိုးနှင့်မြေပင်ဖြစ်သည်။ ပေယွဲ့ပိုင်သည် ရဲ့လော့ယီကို အသုံးချ၍ သူ့အဖိုးဖြစ်သူ၏ ထောက်ခံအားပေးမှုကို မရယူနိုင်သော်လည်း စိတ်မပူခဲ့ပေ။ ပေယွဲ့ပိုင်သည် ရဲ့လော့ယီက သူ့ကိုနားလည်မည်ဟု ခိုင်ခိုင်မာမာယုံကြည်သည်။ ကျုံချင်းယွီကို အသုံးချပြီး ပေမိသားစု၏ လုပ်ငန်းများကို ထိန်းချုပ်ရယူကာ နောက်ဆုံးတွင် ကျုံချင်းယွီနှင့်ကွာရှင်းပြီး ရဲ့လော့ယီနှင့်အတူနေနိုင်ရန် စီစဉ်ထားသည်။
ဖန်းမေယွီက ပေယွဲ့ပိုင်ကို မေးလိုက်သည်။
"ချင်းယွီ ဘယ်တော့လာမှာလဲ၊ ပွဲကစတော့မယ်နော်"
ပေယွဲ့ပိုင်က အနက်ရောင်ကြယ်သီးကို ပြန်ပြင်တပ်ရင်း ဖြေလိုက်သည်။
"အမေ စိတ်မပူပါနဲ့၊ ချင်းယွီ ခဏနေရောက်လာပါလိမ့်မယ်"
သူမသည် သူ့ကိုအလွန်ချစ်ခင်စွဲလမ်းသူဖြစ်ပြီး သူ့စကားကိုအမြဲနားထောင်တတ်သည်။ အဖိုးပေ၏ မွေးနေ့ပွဲကို မလာဖြစ်စရာ အကြောင်းမရှိပေ။
သူ၏ မိခင်သည် ပေမိသားစုထံသို့ အိမ်အကူအဖြစ်ပြန် ရောက်လာခဲ့သော်လည်း အများရှေ့တွင် တရားဝင်အဆင့်အတန်းမရှိသဖြင့် ထိုသို့သောပွဲမျိုးတွင် ပါဝင်ခွင့်မရှိချေ။ ဤကဲ့သို့အချိန်မျိုးတွင် သူမသည် နောက်ကွယ်၌သာ ပုန်းကွယ်ပြီး သားဖြစ်သူပေယွဲ့ပိုင်ကို ငြိမ်သက်စွာကြည့်ရှုနေရသည်။
အဖိုးပေက ပေယွဲ့ပိုင်တစ်ယောက်တည်းလာသည်ကိုမြင်သောအခါ မေးလိုက်သည်။
"ချင်းယွီရော၊ သူ့ကိုမတွေ့ပါလား"
ပေယွဲ့ပိုင်: "ချင်းယွီ အလုပ်များနေလို့ပါ၊ ဒါပေမဲ့ ခဏနေရင် ရောက်လာပါလိမ့်မယ်”
အဖိုးပေက ပေယွဲ့ပိုင်၏ လက်ကိုပုတ်ပြီး ပြောလိုက်သည်။
"ငါကအသက်ကြီးနေပြီ မင်းနဲ့ချင်းယွီတို့ပဲ အဆင်ပြေနေမယ်ဆိုရင် အကုန်လုံးအဆင်ပြေပြီ၊ ဒီပွဲမှာ မင်းတို့နှစ်ယောက်ကို စေ့စပ်ကြောင်းကြေညာပြီး ရှယ်ယာတွေကိုလည်း တစ်ခါတည်း ပေးလိုက်မှာ”
ပေယွဲ့ပိုင်တစ်ယောက်အတွင်းစိတ်တွင် လှုပ်ရှားနေသော်လည်း အပြင်ပန်းတွင်တော့ တည်ငြိမ်အေးဆေးနေသည်။
"ဖိုးဖိုး စိတ်မပူပါနဲ့၊ ကျွန်တော်ဆိုတဲ့ မြေးလေးက ဖိုးဖိုးကို စိတ်မပျက်စေရပါဘူး"
ညနေ ၆ နာရီတွင် မွေးနေ့ပွဲစတင်ခဲ့သည်။
ဧည့်သည်များတစ်ဦးပြီးတစ်ဦးသည် အဖိုးပေအား လက်ဆောင်များဆက်သပြီး ဆုတောင်းပေးကြသည်။ "အရှေ့ပင်လယ်ပြင်ကြီးကျယ်ပြောသလောက် ကြွယ်ဝချမ်းသာပါစေ"၊ "တောင်ကျွန်းကြီး အဆုံးမရှိသလို သက်တော်ရာကျော်ရှည်ပါစေ" စသည့် ဆုတောင်းစကားများဖြင့် ဆုတောင်းပေးကြသည်။
သို့သော် ကျုံချင်းယွီ မပေါ်လာခဲ့ပေ။
"ချင်းယွီ မရောက်သေးဘူးလား"
ခြောက်နာရီခွဲအချိန်တွင် အဖိုးပေက ပေယွဲ့ပိုင်အား ထပ်မံမေးပြန်သည်။
ပေယွဲ့ပိုင်သည် အချမ်းသာဆုံးမိသားစုဝင်များနှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် ဧည့်ခံရင်းအလုပ်များနေစဉ် ကျုံချင်းယွီတစ် ယောက် ယခုအချိန်အထိ ရောက်မလာသေးသည်ကို မမျှော်လင့်ထားခဲ့မိပေ။
လက်ထောက်တစ်ဦး အလျင်အမြန်ဝင်လာပြီး ပေယွဲ့ပိုင်၏ နားအနီးသို့ကပ်၍ တီးတိုးပြောလိုက်သည်။
"မစ္စတာပေ၊ မစ္စကျုံရဲ့လက်ထောက်တစ်ယောက်က လက်ဆောင်တစ်ခုလာပေးခဲ့ပါတယ်၊ မစ္စကျုံဒီည အရေးပေါ်ကိစ္စရှိနေတာနဲ့ မလာနိုင်ဘူးလို့ ပြောပါတယ်"
"မလာနိုင်ဘူးတဲ့လား"
ဤစကားလုံးများကိုကြားလိုက်ရသည်နှင့် ပေယွဲ့ပိုင်၏ မျက်နှာထက်တွင် လက်မခံနိုင်သည့် အမူအရာများပေါ်လာခဲ့သည်။ အနားတွင်ရပ်နေသော ပေယွဲ့ပိုင်၏ ဖခင်ကလည်း ထိုစကားကိုကြားလိုက်ရသည်။
ပေယွဲ့ပိုင်ဖခင်၏ မျက်နှာသည် ဒယ်အိုးဖင်ကဲ့သို့ မည်းနက်သွားသည်။
"ပေမိသားစုရဲ့ ချွေးမဖြစ်ချင်ပါတယ်ဆိုပြီး အခုလို အရေးကြီးတဲ့နေ့မှာ မျက်နှာလေးတောင် လာမပြနိုင်ဘူးလား"
ပေယွဲ့ပိုင်၏ ဖခင်သည်လည်း ပေယွဲ့ပိုင်ကဲ့သို့ပင် ကျုံချင်းယွီ ပေမိသားစုသို့ ရောက်ရှိလာမည်ကို မျှော်လင့်နေခဲ့သည်။ သူသည် အရည်အချင်းမရှိသူတစ်ဦးဖြစ်ပြီး ကုမ္ပဏီစီမံခန့်ခွဲမှုမှာလည်း ညံ့ဖျင်းလွန်းသည်။ ပေဟန်လီ အရွယ်ရောက်လာပြီးနောက် သူ့ထံမှ CEO ရာထူးကို အလွယ်တကူသိမ်းယူသွားခဲ့သည်။ ပေယွဲ့ပိုင်၏ ဖခင်အဖို့ ဤသည်မှာ အလွန်ပင် အရှက်တကွဲအကျိုးနည်းဖြစ်စေ သည့် ကိစ္စဖြစ်သည်။ သို့ဖြစ်ရာ သူသည် ပေဟန်လီကို သဘောမကျဘဲ ပေယွဲ့ပိုင်ကိုသာ သဘောကျနှစ်သက်သည်။ ပေယွဲ့ပိုင်သည် တရားမဝင်သားဖြစ်ပြီး အနာဂတ်တွင် သူ့ကိုသာမှီခိုအားထားရမည်ဖြစ်သည်။ ပေယွဲ့ပိုင်ကို ထိန်းချုပ်ရန်မှာ ပေဟန်လီကိုထိန်းချုပ်ရသည်ထက် ပိုမိုလွယ်ကူသည်။
ပေယွဲ့ပိုင်၏ဖခင်က ပေယွဲ့ပိုင်ကိုဆူပူကြိမ်းမောင်းလိုက်သည်။
"မင်းဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်လာအောင်လုပ်ခဲ့တာလဲ"
ပေယွဲ့ပိုင်သည် စိတ်ဓာတ်ကျဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။
"ချင်းယွီမှာ တခြားကိစ္စတွေရှိနေလို့ထင်ပါတယ်"
ပေယွဲ့ပိုင်၏ဖခင်က မကျေနပ်ဟန်ဖြင့်ပြောလိုက်သည်။
"အဖိုးပေရဲ့မွေးနေ့ပွဲထက် ပိုအရေးကြီးတာဘာရှိလို့လဲ"
အဖိုးပေသည် ဆူညံပူညံအသံများကိုကြားပြီး သူတို့နှစ်ဦးကိုလှည့်ကြည့်လိုက်သည်။
"လူတွေအများကြီးရှိနေတာကို ဘာတွေဆူညံနေကြတာလဲ၊ ဘာဖြစ်နေတာလဲ"
ပေယွဲ့ပိုင်သည် ပါးစပ်ဟလိုက်သော်လည်း မည်သို့မည်ပုံရှင်းပြရမှန်းမသိပါ။
ပေယွဲ့ပိုင်၏ဖခင်က ချက်ချင်းဝင်ပြောသည်။
"အဖေ၊ ချင်းယွီက ယာဉ်ကြောပိတ်နေလို့ နည်းနည်းနောက်ကျမယ်လို့ ဖုန်းဆက်ပြီး ပြောလို့ပါ"
အဖိုးပေသည် လက်ကိုင်ကြိမ်လုံးကိုမှီကာ မုတ်ဆိတ်မွေးကိုသပ်လိုက်သည်။ ကျုံချင်းယွီသည် လိမ္မာပါးနပ်သော မိန်းကလေးဖြစ်ပြီး ပွဲစတင်ပြီးတိုင်အောင် မရောက်သေးပါက အကြောင်းရင်းတစ်ခုခုရှိမည်မှာ သေချာပေါက်ပင်ဖြစ်သည်။ အဖိုးပေသည် ပေယွဲ့ပိုင်နှင့်သူ၏ဖခင်ကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ပေယွဲ့ပိုင်၏ ဖခင်သည် ချွေးပြန်လာပြီး အကြောင်းအရာလွှဲကာ ပြောလိုက်သည်။
"ချင်းယွီရဲ့လက်ဆောင်ကတော့ ရောက်နေပါပြီ၊ ကျွန်တော်တို့ အရင်ဆုံး ဖွင့်ကြည့်လိုက်ကြရတာပေါ့၊ လက်ဆောင်ထက်တော့ စိတ်ဆန္ဒကပိုအရေးကြီးတယ်မလား"
ပေယွဲ့ပိုင်၏ဖခင်သည် လက်ထောက်ကိုခေါ်ကာ ကျုံချင်းယွီ၏ လက်ဆောင်ကိုယူလာစေသည်။ ထို့နောက် ပေယွဲ့ပိုင်ကို ကျုံချင်းယွီထံ ဖုန်းဖြင့်ဆက်သွယ်ရန် တိုက်တွန်းလိုက်သည်။
ပေယွဲ့ပိုင်သည် အဖိုးပေ၏ မျက်စိဒေါက်ထောက်ကြည့်ရှုနေသော အကြည့်စူးရှရှများကို ခံစားရပြီး လွယ်လင့်တကူမထွက်သွားနိုင်သဖြင့် ကျုံချင်းယွီထံ WeChat မက်ဆေ့ချ်ကို လျှို့ဝှက်စွာပို့လိုက်သည်။
လက်ထောက်က ကျုံချင်းယွီ၏လက်ဆောင်ဖြစ်သည့် ခရမ်းနုရောင်ရွှံ့ဖြင့် နှပ်ကာပြုလုပ်ထားသော လက်ဖက်ရည်အိုးတစ်စုံကို ယူလာသည်။ ဧည့်သည်များသည် အဖိုးပေအနားတွင် စုရုံးလာကြသည်။
"ဒီဟာက ဆရာကု လက်ရာကိုးခုထဲက တစ်ခုဖြစ်တဲ့ Ode to the Plum Blossom ဆိုတဲ့ လက်ဖက်ရည်အိုးလား"
"ဒါက မနေ့က Sotheby မှာ လေလံတင်ခဲ့တဲ့ဟာမလား၊ ငါကြားတာတော့ တစ်ဆယ်မီလီယမ်နီးပါး ပေးရတယ်ဆိုပဲ"
"ဒါ မစ္စကျုံက အဖိုးပေကိုပေးတဲ့လက်ဆောင်လား၊ မစ္စကျုံကတော်တယ်လို့ ပြောရမယ်"
ပေမိသားစုသည် ပေယွဲ့ပိုင်နှင့်ကျုံချင်းယွီတို့၏ စေ့စပ်ပွဲအကြောင်းကို မကြေညာရသေးပေ။ သို့သော်လည်း ဧည့်သည်များက ဤအဖိုးတန်လက်ဆောင်ကို အထပ်ထပ်ချီးကျူးနေသည်ကိုမြင်သော အဖိုးကြီးပေသည် အလွန်ကျေနပ်နေပြီး သက်တောင့်သက်သာရှိစွာဖြင့် မုတ်ဆိတ်မွေးကိုသပ်နေသည်။
"သူသာ တကယ်တမ်းဂရုစိုက်တယ်ဆိုရင် ပွဲကို ဘာလို့နောက်ကျနေတာလဲ"
သူတို့၏ အနောက်ဘက်မှ အေးစက်သော အသံတစ်ခုထွက်ပေါ်လာသည်။ ဧည့်သည်များက လှည့်ကြည့်လိုက်သောအခါ ပေဟန်လီလာနေသည်ကိုတွေ့လိုက်ရသည်။
သူသည် ငွေရောင်ခပ်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး သေသပ်ပြိး စည်းစနစ်ကျနစွာ ချုပ်လုပ်ထားခြင်းကြောင့် သူ၏ ရှည်လျားသောကိုယ်ဟန်ကို ပိုမိုထင်ရှားစေသည်။ သူ၏ပြုံးနေသောမျက်လုံးများသည် ရေကဲ့သို့နူးညံ့သည်ဟုထင်ရသော်လည်း တစ်ချိန်တည်းမှာပင် လှည်ဖြားမှုအရိပ်အယောင်များတွေ့ရသည်။
ပေဟန်လီကိုယ်တိုင်က အမှန်တရားတစ်ခုကို ထုတ်ဖော်ပြောဆိုလိုက် သောအခါ ပေယွဲ့ပိုင်၏ ဖခင်၏ ဂုဏ်တုဂုဏ်ပြိုင်လိုသည့်အသွင်သည် ချက်ချင်းဆိုသလို ညှိုးငယ်သွားခဲ့ပြီး ပေယွဲ့ပိုင်၏မျက်နှာသည်လည်း မည်းမှောင်သွားခဲ့သည်။
ပေယွဲ့ပိုင်က ပြန်ပြောသည်။
"ချင်းယွီက"
"ဟော့ပေါ့စားနေတာနဲ့ အလုပ်ရှုပ်နေတာလား"
ကျုံယန်စီသည် ပေဟန်လီ၏ဘေးသို့ ဖြတ်လျှောက်သွားခဲ့သည်။ သူသည် ပေဟန်လီ၏မိတ်ဆွေဖြစ်သည်။ ကျုံနှင့်ပေမိသားစုတို့ စီးပွားဖက်ဆက်ဆံရေးရှိသောကြောင့် ကျုံယန်စီ၏ဖခင်က မတက်ရောက်ပေ။ သို့သော်လည်း ကုမ္ပဏီ၏ စီအီးအိုအနေဖြင့် ကျုံယန်စီသည် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်ရန်အလို့ငှာ တက်ရောက်လာခြင်းဖြစ်သည်။
အဖိုးပေ၏မျက်နှာသည် ချက်ချင်းအေးစက်သည့်ပုံစံဖြစ်သွားပြီး ပေယွဲ့ပိုင်ကို စူးစူးရဲရဲကြည့်လိုက်သည်။ ပေယွဲ့ပိုင်မှာ တုန်လှုပ်သွားမိပြီး ကျုံယန်စီထံ မျက်နှာလှည့်လိုက်သည်။
"ကျုံအစ်ကို၊ ဒါက ဟာသလုပ်လို့ ကောင်းတဲ့အချိန်မဟုတ်ပါဘူးနော်၊ ဒီလို အရေးကြီးတဲ့နေ့မှာ ချင်းယွီက ဘာလို့ဟော့ပေါ့စားနေမှာလဲ"
ကျုံယန်စီသည် ယန်ရှီ၏ လွန်ခဲ့သော ဆယ်မိနစ်ခန့်က WeChat တွင် တင်ထားသည့် ပုံကို အေးဆေးတည်ငြိမ်စွာဖွင့်ပြလိုက်သည်။ ဓာတ်ပုံထဲတွင် နီရဲနေသောဆီထဲတွင် ဟော့ပေါ့များအပြည့်ထည့်ကာ အားပါးတရစားနေကြသော ယန်ရှီနှင့် ကျုံချင်းယွီတို့၏ မျက်နှာများပါရှိသည်။
ပေဟန်လီက အသာအယာရယ်လိုက်သည်။
"ကြည့်ရတာ ကောင်မလေးက မင်းကို သိပ်ပြီးတော့ ဂရုစိုက်တဲ့ပုံ မပေါ်ဘူးပဲ"
ပေယွဲ့ပိုင်၏ မျက်နှာမှာဖြူဖျော့သွားပြီး လက်သီးများကို ခပ်တင်းတင်းဆုပ်ထားလိုက်မိသည်။ လက်သည်းများသည် အသားထဲထိုးဝင်လုနီးပါးဖြစ်နေသည်။ မွေးနေ့ပွဲသို့ မတက်ရောက်သူက ကျုံချင်းယွီဖြစ်သော်လည်း ပေယွဲ့ပိုင်သည် လူတိုင်းက သူ့ကိုအပြစ်တင်နေသည်ဟု ခံစားနေရသည်။
အဖိုးပေသည် ပေယွဲ့ပိုင်ကို လှမ်းကြည့်လိုက်ပြီး ဘာမျှမပြောသော်လည်း သူ၏မျက်လုံးများတွင်ပါရှိသော စိတ်ပျက်ဖွယ်အကြည့်သည် ပေယွဲ့ပိုင်ကို ပိုမို၍ အရှက်ရဖွယ်ခံစားရစေသည်။
ပေယွဲ့ပိုင်သည် အခန်းထောင့်သို့ ထွက်သွားပြီး ကျုံချင်းယွီကို ဖုန်းဆက်လိုက်သည်။ အခြားတစ်ဖက်တွင်တော့ ကျုံချင်းယွီနှင့်ယန်ရှီတို့သည် ဟော့ပေါ့စားနေဆဲဖြစ်သည်။
သူမ၏ ဒဏ်ရာကို ပတ်တီးစည်းပြီးနောက် ကျုံချင်းယွီက ယန်ရှီကိုဆေးရုံတွင် သူမနှင့်အတူနေပေးရန် အသည်းအသန်တောင်းဆိုခဲ့သည်။ ဆရာဝန်လေးက မျက်လုံးမျက်ဆန်ပြူးကာ အော်လိုက်သည်။
"အိပ်ရာတွေကမလောက်ပါဘူးဆို နေချင်သေးတာလား"
ထိုဆရာဝန်ကောင်လေးက သူတို့အား မောင်းထုတ်လိုက်သည်။
ကျုံချင်းယွီက တီးတိုးကျိန်ဆဲလိုက်သည်။ အချိန်ရှိသေးသည်ကိုမြင်သော ယန်ရှီသည် ကျုံချင်းယွီ မွေးနေ့ပွဲသို့သွားမည်ကို စိုးရိမ်ပြီး ဗိုက်ဆာသည်ဟူသော အကြောင်းပြချက်ဖြင့် ဟော့ပေါ့ဆိုင်သို့ခေါ်သွားခဲ့သည်။
နှစ်ဦးသား ဟော့ပေါ့စားနေကြစဉ် ယန်ရှီက ကျုံချင်းယွီအား သတိကြီးကြီးထားလျက် မေးလိုက်လေသည်။
"ဒီနေ့ အဖိုးပေရဲ့မွေးနေ့ပွဲနေ့ရှိတယ်လေ နင်မသွားတော့ဘူးလား"
ကျုံချင်းယွီက သူမကို စူးစမ်းသည်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။
"ငါက ပေမိသားစုဝင်မဖြစ်သေးပါဘူး ရည်စားတွေပဲရှိသေးတာကို၊ မိဘတွေနဲ့ ဘာလို့တွေ့ရမှာလဲ စိတ်ညစ်စရာကြီး၊ ငါ့အဖိုးဆီကိုတောင် တစ်နှစ်နေမှ တစ်ခါတလေပဲပြန်လာတာ အဲဒါကို ပေမိသားစုမှာ ကျေးဇူးသိတတ်တဲ့မြေးလေးလို နေပြရဦးမှာလား၊ နင်ဘာတွေတွေးနေတာလဲ"
ယန်ရှီလက်ခုပ်တီးလိုက်မိပြီး ဤသည်မှာ သူသိထားသော ကျုံချင်းယွီပင်ဖြစ်သည်ဟု ခံစားမိသည်။
သို့သော်
"System ငါဘာလို့ ချင်းချင်းက အဲဒီလူမိုက်ပေယွဲ့ပိုင်ကို သဘောကျနေတုန်းပဲလို့ ထင်နေတာလဲမသိဘူး"
ယန်ရှီထင်ခဲ့သည်မှာ ဇာတ်လမ်းထိန်းချုပ်မှုမှ လွတ်မြောက်ပြီးနောက် ကျုံချင်းယွီသည် ပေယွဲ့ပိုင်ကို လုံးဝနှစ်သက်တော့မည်မဟုတ်ဟုသာဖြစ်သည်။
[ဒါကအကျင့်ပါနေလို့ပါ စိတ်ခံစားမှုအကျင့်တွေက ဒီလိုမြန်မြန်မပြောင်းလဲနိုင်ဘူးလေ]
[ဒါပေမဲ့ ဇာတ်လမ်း၏ ထိန်းချုပ်မှုမရှိရင် ဒီချစ်ခြင်းမေတ္တာက ဘယ်လောက်ကြာကြာခံမလဲ]
ငါးမိနစ်အကြာတွင် ကျုံချင်းယွီ၏ဖုန်းမြည်လာသည်။ ဖုန်းသခရင် ပေါ်တွင် ယွဲ့ပိုင်ကောကော(အစ်ကိုယွဲ့ပိုင်) ဟုပြနေသည်။
ထိုစာလုံးလေးလုံးကိုမြင်သောအခါ ကျုံချင်းယွီတစ်ကိုယ်လုံး ထုံထိုင်းသွားသည်။
"ယွဲ့ပိုင်ကောကောတဲ့လား"
သူမတို့ရည်စားဖြစ်ခဲ့စဉ်က သူမအနေဖြင့် အမှန်တကယ်ပင် ဤမျှကပ်တွယ်နေခဲ့သလား။ ရှက်ဖွယ်ကောင်းလှပေစွ။
"ဟယ်လို"
ကျုံချင်းယွီက ဖုန်းပြန်ဖြေလိုက်သည်။
"ကျုံချင်းယွီ ဒီနေ့ဘာနေ့မှန်းမသိဘူးလား၊ ဟော့ပေါ့စားနေတယ်ပေါ့၊ မင်းကို ငါတို့မိသားစုတစ်ခုလုံးစောင့်နေတယ်ဆိုတာသိရဲ့လား"
ဖုန်းဖြေလိုက်သည်နှင့် ပေယွဲ့ပိုင်က သူမကိုဆူလိုက်သည်။
သူသည် ကျုံချင်းယွီအား အမြဲဤသို့ဆက်ဆံခဲ့ပြီး နူးညံ့မှုမရှိသော်လည်း ကျုံချင်းယွီက သူ့အားဆက်လက်ကပ်တွယ်နေခဲ့သည်။
ကျုံချင်းယွီက စကားအနည်းငယ်နားထောင်ပြီးနောက် မဆိုင်းမတွ ဖုန်းကို ချလိုက်သည်။
"အရမ်းစိတ်ရှုပ်စရာကောင်းတဲ့လူပဲ"
သူမစိတ်ထဲမှ ပြောလိုက်သည်။
ပေယွဲ့ပိုင်သည် ဖုန်းချသွာသည်ကို ငေးကြည့်နေရင်း ထုံထိုင်းသွားသည်။
ကျုံချင်းယွီသည် သူဖုန်းခေါ်နေသည်ကို အမှန်တကယ်ချလိုက်သည်။
ကျုံချင်းယွီသည် သူဖုန်းခေါ်နေသည်ကို အမှန်တကယ်ချရဲသည်။
မွေးနေ့ပွဲစကတည်းက ဒေါသူပုန်ထနေခဲ့သော ပေယွဲ့ပိုင်သည် ပိုမိုဒေါသထွက်လာပြီး ချက်ချင်းပင် ဖုန်းပြန်ခေါ်လိုက်သည်။ ဖုန်းဝင်သည်နှင့် ချက်ချင်းထပ်မံ၍ အော်လိုက်သည်။
"ကျုံချင်းယွီ ဒါဘာအဓိပ္ပါယ်လဲ၊ မင်းငါ့ဖုန်းကို ချလိုက်တယ်ပေါ့ မင်း"
သူ့စကားမဆုံးခင်မှာပင် ဖုန်းပြန်ချသွားပြန်သည်။
ပေယွဲ့ပိုင်တစ်ယောက် အသက်ရှူကြပ်လာသည်။
သူ၏ဖုန်းကိုငေးကြည့်ရင်း ဘာဖြစ်သွားသည်ကို နားမလည်နိုင်ခဲ့ ပေ။
သူ၏ မျက်နှာတစ်ခုလုံး ဖြူဖတ်သွားပြီး ထိန်းထားသောဒေါသသည် ပေါက်ကွဲလုနီးပါးဖြစ်လာခဲ့သည်။ ချက်ချင်းပင် ကျုံချင်းယွီ၏ ဖုန်းနံပါတ်ကို ထပ်ခေါ်လိုက်သည်။
"လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ လတ်တလောတွင် ဆက်သွယ်၍ မရနိုင်ပါသဖြင့် ကျေးဇူးပြုပြီး ထပ်မံကြိုးစားပါ၊ လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ လတ်တလောတွင် ဆက်သွယ်၍ မရနိုင်ပါသဖြင့် ကျေးဇူးပြုပြီး ထပ်မံကြိုးစားပါ"
"မရဘူးလား"
အဘယ့်ကြောင့် မရနိုင်ရသနည်း။ လွန်ခဲ့သော စက္ကန့်ပိုင်းလေးကပင်ဆက်သွယ်နိုင်ခဲ့သည်မဟုတ်လော။
ပေယွဲ့ပိုင်သည် နှစ်စက္ကန့်ခန့်တုံ့ဆိုင်းနေပြီးမှ ရုတ်တရက်သတိထားမိသည်။
ကျုံချင်းယွီက သူ့ကို ဘလော့လိုက်ပြီဖြစ်သည်။
ဟော့ပေါ့ဆိုင်တွင် ကျုံချင်းယွီသည် ပေယွဲ့ပိုင်ကို မဆိုင်းမတွ ဘလော့လိုက်ပြီး စိတ်ထဲမှ မကျေမချမ်းဟစ်အော်နေမိသည်။
"သူ့ကို မျက်နှာလာပြရမှာတဲ့လား အဓိပ္ပါယ်မရှိလိုက်တာ၊ မွေးနေ့ပွဲလေးတစ်ခုမတက်တာနဲ့ပဲ ဒီလောက်ဆူရလား၊ ငါက သူ့ရည်စားလား ဒါမှမဟုတ် သူ့ရဲ့ ကျွန်လား"
ကျုံချင်းယွီသည် သူမ၏ဖုန်းကို စားပွဲပေါ်သို့ပစ်ထားလိုက်ပြီး ဟော့ပေါ့ကိုသာ အားပါးတရဆက်စားနေလိုက်သည်။ ဤကမ္ဘာတွင် အရသာရှိသောအစားအစာထက် ပို၍ အရေးကြီးသည့်အရာမရှိပေ။ ရည်စားဆိုသည်မှာ ဟော့ပေါ့နှင့်ယှဉ်လျှင် ဘာမျှမဟုတ်ပါ။
ယန်ရှီတစ်ယောက်စိတ်ထဲတွင် အူမြူးနေမိသည်။
"အရမ်းမိုက်တယ် ဒါကငါသိတဲ့ ကျုံချင်းယွီပဲ၊ အဲဒီလူယုတ်မာပေယွဲ့ပိုင်က သူနဲ့မထိုက်တန်ဘူး၊ အာ ဇာတ်လမ်းရဲ့ ထိန်းချုပ်မှုကနေလွတ်မြောက်ခွင့်ရတာ အရမ်းကောင်းတာပဲ"
"System ငါဒီဝန်ဆောင်မှုကို တစ်နှစ်စာယူချင်တယ်၊ အမြဲတမ်းဒီတိုင်းလေးဖြစ်စေချင်တယ်"
System က စိတ်ပျက်အားငယ်စွာပြန်ဖြေသည်။
[၂၄ နာရီပဲရမယ်]
[နောက်တစ်ခါရဖို့ ကံကောင်းခြင်းအမှတ်ခြောက်ဆယ် လိုတယ်၊ ဒါဆိုရင် အမြဲတမ်းဒီလိုဖြစ်သွားလိမ့်မယ်]
ယန်ရှီသည် ခေါင်းထဲတွင် ခပ်မြန်မြန်တွက်ချက်လိုက်သည်။
ကံကောင်းခြင်းအမှတ် ၃၀ သည် ဇာတ်လမ်းထိန်းချုပ်မှုမှ ၂၄ နာရီလွတ်မြောက်ခွင့်ရသည်။
ကံကောင်းခြင်းအမှတ် ၆၀ သည် ဇာတ်လမ်းထိန်းချုပ်မှုမှ အမြဲတမ်းလွတ်မြောက်ခွင့်ရသည်။
ကံကြမ္မာအမှတ် ၁၀၀ သည် ကျုံချင်းယွီ၏ ကန်စွန်းဥတူးရမည့်ကံကြမ္မာကိုပြောင်းလဲနိုင်မည်ဖြစ်သည်။
ယခင်က ယန်ရှီသည် ကံကြမ္မာအမှတ်များ၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းမသိခဲ့သော်လည်း ယခုသိသွားပြီဖြစ်သည်။ ၂၄ နာရီအတွေ့အကြုံကဒ်သည် အသက်ဝင်နေဆဲဖြစ်ပြီး ဇာတ်လမ်းထိန်းချုပ်မှုမှလွတ်နေသော ကျုံချင်းယွီသည် ပေယွဲ့ပိုင်ကို လုံးဝဂရုမစိုက်တော့ပေ။ ဤသည်ကိုမြင်ရသော ယန်ရှီသည် စိတ်သက်သာရာရပြီး သူမ၏ဟော့ပေါ့ကိုလည်း ပျော်ရွှင်စွာစားနေလိုက်တော့သည်။
သို့သော် ပေယွဲ့ပိုင်သည် လက်မလျှော့သေးပေ။ သူဘလော့ခံရကြောင်းသိပြီးနောက် သူ့လက်ထောက်၏ဖုန်းကိုယူကာ ကျုံချင်းယွီထံ ထပ်မံ၍ ဖုန်းခေါ်လိုက်သည်။
ကျုံချင်းယွီက မသိသောနံပါတ်ဟုထင်ပြီး ဖြေလိုက်သည်။
"ဘယ်သူလဲ"
"ကျုံချင်းယွီ ငါခေါ်နေတာ"
ပေယွဲ့ပိုင်၏ဒေါသသည် ဖုန်းမှတဆင့်ပင် သိသာနေသည်။
"မင်းငါ့ကို ဘလော့လိုက်တာလား၊ ကျုံချင်းယွီ ဒါက ဘာအဓိပ္ပါယ်လဲ"
ကျုံချင်းယွီက ဖုန်းကိုစားပွဲပေါ်တင်ကာ စပီကာဖွင့်လိုက်သည်။
"ဘာအဓိပ္ပါယ်လဲဟုတ်လား၊ ပေယွဲ့ပိုင် နင်ငါ့ကိုစိတ်တိုနေတာလား၊ နင်ငါ့ကိုဒီလိုပြောရဲတယ်ပေါ့ ထျန်းဟွေ့ကို အုပ်ချုပ်ခွင့်ရလိုက်တာနဲ့ ကမ္ဘာကြီးကိုပိုင်တယ်ထင်နေတာလား၊ နင့်အစ်ကိုဖြစ်တဲ့ ပေဟန်လီတောင်ငါ့ကို မမလေးလို့ တလေးတစားခေါ်တယ် နင်ကဘယ်သူမလို့ ငါ့ကိုအော်ရဲတာလဲ"
ဤကမ္ဘာတွင် ကျုံချင်းယွီတစ်ယောက်သာ ဤမျှရဲရင့်နိုင်သည်။ အခြားမည်သူမျှ သူမကို အပေါ်စီးမှ မဆက်ဆံရဲပေ။
ပေယွဲ့ပိုင်သည် အလွန်ဒေါသထွက်နေသည်။
"မင်း မင်းငါ့ကို တကယ်မချစ်ဘူးလား"
ကျုံချင်းယွီက ပြုံးရွှင်စွာပြောသည်။
"ငါ နင့်ကို ချစ်တာနဲ့ပဲ ငါ့ခံစားချက်တွေကို နင့်သဘောကျ နင်းချေလို့ရတယ်ထင်နေတာလား၊ အဲဒါဆိုရင် နင့်လိုလူမျိုးကို ချစ်နေရတာကိုရပ်ပစ်လိုက်မှာပေါ့"
ပေယွဲ့ပိုင်၏မျက်လုံးများပြူးကျယ်လာသည်။
ကျုံချင်းယွီဘာပြောနေသနည်း။
သူမ အဘယ့်ကြောင့်သူ့ကို ယခုလိုပြောရဲသနည်း။
ပေယွဲ့ပိုင်သည် အခြေအနေ၏ပြင်းထန်မှုကို မသိရှိသေးဘဲ ဒေါသဖြင့် အံကြိတ်ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် မင်းငါ့ကိုမချစ်နဲ့တော့ ငါတို့အခုပဲ လမ်းခွဲလိုက်ကြတာပေါ့၊ အရင်ကစေ့စပ်ထားတာကိုလည်း ပယ်ဖျက်လိုက်ပြီ"
ကျုံချင်းယွီ၏မျက်နှာတွင် လေးနက်သောအသွင်ပေါ်လာသည်။
"ဒါမဖြစ်နိုင်ဘူး"
ပေယွဲ့ပိုင်သည် မျက်မှောင်ကြုပ်လိုက်မိပြီး ကျုံချင်းယွီ၏ ယခင်ကပြောဆိုမှုများသည် ဟန်ဆောင်နေခြင်းသာဖြစ်မည်ဟု ထင်လိုက်မိသည်။ သူမသည် သူ့ကိုပွဲသို့အရင်လာခိုင်းသောကောင့် စိတ်ဆိုးနေပြီး သူချော့မည်ကိုစောင့်နေဟန်ရှိသည်။
သူက လမ်းခွဲမည်ဟု ပြောလိုက်သည်နှင့် သူမစိတ်လှုပ်ရှားသွားခဲ့သည်မဟုတ်ပါလော။
ပေယွဲ့ပိုင်သည် စိတ်ကျေနပ်သွားပြီး လေသံပျော့ပျောင်းစွာဖြင့်ပြောလိုက်သည်။
"ဒါဆိုရင် ပွဲကိုအမြန်လာခဲ့ပါ ငါစဉ်းစားနိုင်သေးတယ်"
"လမ်းခွဲတာက ငါကစပြီးလုပ်ရမှာ"
ကျုံချင်းယွီက ခိုင်ခိုင်မာမာကြေညာလိုက်သည်။
"ဟုတ်ပြီလေ ငါနင့်ကိုစွန့်ပစ်မှာပါ၊ ပေယွဲ့ပိုင် နင်သေချာနားထောင် ငါနင့်ကိုစွန့်ပစ်လိုက်ပြီ၊ ငါတို့ပြီးသွားပြီ၊ ငါ့ဘဝထဲကနေ အဝေးကြီးထွက်သွားပေးပါ"
ဤကဲ့သို့ပြောလိုက်ပြီး ကျုံချင်းယွီသည် ဖုန်းကို ချလိုက်သည်။
ဤအကြိမ်တွင်တော့ သူမသည် ပေယွဲ့ပိုင်ကို အခွင့်အရေးထပ်မပေးတော့ဘဲ ဖုန်းကိုပိတ်လိုက်သည်။ မဲနက်နေသောဖန်သားပြင်ကိုကြည့်ရင်း ကျုံချင်းယွီက ခေါင်းခါလိုက်သည်။
"အရင်တုန်းကငါဆိုတဲ့ ကောင်မက မျက်စိကန်းနေခဲ့တာလားမသိဘူး၊ ပေယွဲ့ပိုင်က သိပ်လည်းမထူးခြားပါဘူး"
ပုံပန်းသွင်ပြင်အနေနှင့်ကြည့်လျှင် သူသည် ချောမောလှပသောအမျိုးသားတစ်ယောက်ဖြစ်ပြီး အနုပညာလောကတွင် ထိပ်တန်းစာရင်းဝင်သည်။ သို့သော် ကျုံချင်းယွီကိုယ်တိုင်သည်လည်း အလွန်လှပသောအမျိုးသမီးဖြစ်ပြီး သူမ၏မိသားစုတွင် ကျုံယန်စီကဲ့သို့ ရုပ်ရည်ချောမောလှပသူလည်းရှိသည်။
ပေယွဲ့ပိုင်၏ ရုပ်ရည်ကိုကြည့်ပြီး သူမက အဘယ့်ကြောင့် သူ့ကိုနှစ်သက်ရမည်နည်း။ ချမ်းသာကြွယ်ဝမှုဆိုလျှင်လည်း ပို၍ပင် ရယ်စရာကောင်းသေးသည်။ သူတို့နှစ်ဦးလုံးသည် ဒုတိယမျိုးဆက်အမွေဆက်ခံသူများဖြစ်ကြသော်လည်း ကျုံချင်းယွီသည် သူမ၏ ဖခင်ထံမှ အနက်ရောင်ဘဏ်ကတ်ကို စိတ်ကြိုက်သုံးနိုင်ပြီး သူမ၏ အမည်အောက်တွင် ပိုင်ဆိုင်မှုများစွာရှိသည်။ ပေယွဲ့ပိုင်မှာ သူမနှင့် တန်းညှိနိုင်ရန် နှိုင်းယှဉ်စရာ ဘာများရှိသနည်း။။
စိတ်ပိုင်းဆိုင်ရာတန်ဖိုးထားမှုအပိုင်းနှင့်ယှဥ်ပြီးပြောရလျှင်လည်း ပေယွဲ့ပိုင်က သူမကို မည်သို့မည်ပုံ စိတ်ခံစားမှုတန်ဖိုးပေးနိုင်မည်နည်း။ သူကသူမကို သုံးကြိမ်ဖုန်းခေါ်ခဲ့ပြီး အကြိမ်တိုင်းတွင် ဆူပူကြိမ်း မောင်းနေခဲ့သည်။ သူမက ကိုယ့်ကိုနာကျင်အောင်လုပ်သူတစ်ယောက်ကို စွဲလမ်းနေတတ်သူတစ်ယောက်မဟုတ်ပါဘဲ အဘယ့်ကြောင့် ထိုကဲ့သို့သောလူမျိုးကို သဘောကျနေရမည်နည်း။
ကျုံချင်းယွီသည် အလွန်အံ့သြသွားသည်။
"အရင်တုန်းက ငါများပြုစားခံထားရတာလား"
ယန်ရှီက သဘောတူသည့်ဟန်ဖြင့် ချက်ချင်းခေါင်းညိတ်လိုက်သည်။
ဇာတ်လမ်း၏ ဖိအားအရှိန်ကြောင့်ပင် ယခုကိစ္စသည် ပြုစားခံထားရခြင်းနှင့်အတူတူပင်မဟုတ်သလော။
ဖုန်းထပ်ချလိုက်ပြန်ပြီလား။
ဤအကြိမ်တွင် ပေယွဲ့ပိုင်သည် အမှန်တကယ်ကို ထုံထိုင်းသွားမိသည်။ သူက ချက်ချင်းပြန်ခေါ်လိုက်သော်လည်း အခြားဘက်မှဖုန်းကိုပိတ်ထားပြီးဖြစ်သည်။ ပေယွဲ့ပိုင်သည် ကျောရိုးထဲအထိ ချမ်းစမ့်သွားသကဲ့သို့ခံစားလိုက်ရသည်။
ကျုံချင်းယွီက အမှန်တကယ်ပင် သူနှင့် လမ်းခွဲတော့မည်လော။
ယခုအတိုင်းဆိုလျှင်တော့ သူနှစ်နှစ်တာအတွင်းကြိုးစားခဲ့သမျှအားလုံးက သဲထဲရေသွန်ဖြစ်သွားမည်သာဖြစ်သည်။
ထိုအချိန်တွင် အဖိုးပေနှင့် ကျုံယန်စီတို့သည် ကျုံချင်းယွီ၏ အကြောင်းကို ပြောနေကြသည်။ ပေယွဲ့ပိုင်၏ဖခင်က ယုံကြည်မှု ရှိစွာပြောလိုက်သည်။
"ချင်းယွီက တကယ်လိမ္မာတဲ့ မိန်းကလေးပါ၊ ဒီလိုအရေးကြီးတဲ့ပွဲမျိုးကို မတက်ဘဲနေစရာဘာအကြောင်းမှမရှိလောက်ပါဘူး"
အနီးကဧည့်သည်တစ်ဦးက ထပ်မံ၍ ဖြည့်စွက်ကာ ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ သူက တစ်ဆယ်မီလီယမ်တန်တဲ့ ခရမ်းနုရောင်ရွှံ့ စေးနဲ့ လုပ်ထားတဲ့လက်ဖက်ရည်အိုးကိုတောင်မှ လက်ဆောင်ပေးခဲ့သေးတာမဟုတ်လား"
ကျုံယန်စီက သူ၏ဝိုင်ဖန်ခွက်ကို ဖြည်းညင်းစွာလှုပ်ရင်း တည်ငြိမ်ပြောသည်။
"တစ်ဆယ်မီလီယမ်တည်းပါ"
သူ၏မျက်နှာတွင် မည်သည့်အမူအရာမျှမပြသော်လည်း သူ၏ မျက်လုံးများက "တစ်ဆယ်မီလီယမ်ထဲပါ၊ မင်းတို့က ယွမ်တစ်ဆယ်မီလီယမ်လောက်တန်ဖိုးရှိတဲ့ လက်ဆောင်လေးကိုတောင်မပေးနိုင်ဘူးလား" ဟု ရှင်းရှင်းလင်းလင်းပြောနေသည်။
ပေယွဲ့ပိုင်၏ဖခင်နှင့် အခြားဧည့်သည်များသည် စကားမပြောနိုင်ကြတော့ပေ။ ဟိုင်မြို့၏အချမ်းသာဆုံးမိသားစုဖြစ်သော ကျုံမိသားစုသာလျှင် တစ်ဆယ်မီလီယမ်ကို တစ်ဆယ်မီလီယမ်တည်းဟု လွယ်လင့်တကူပြောနိုင်သည်။
သို့သော်လည်း တစ်ဆယ်မီလီယမ်ဆိုသည်မှာ တစ်ဆယ်မီလီယမ်သာဖြစ်နေပါသေးသည်။
ကျုံမိသားစု၏ငွေကြေးအင်အားကို ထည့်သွင်းစဉ်းစားသောအခါ ပေယွဲ့ပိုင်၏ ဖခင်သည် စိတ်ဆိုးမှုကို ပြန်မျိုချလိုက်ရသည်။
မွေးနေ့ပွဲပြီးဆုံးခါနီးတွင် ကျုံချင်းယွီမရောက်ရှိလာခြင်းသည် ငြင်းမရသောအချက်ဖြစ်လာသည်။ ပေယွဲ့ပိုင်သည် မတတ်သာဘဲ ဝန်ခံလိုက်ရသည်။
"ဖိုးဖိုး ဒါတွေအကုန်လုံးက ကျွန်တော့်အမှားတွေပါ၊ ကျွန်တော်သူ့ကို နေ့မှားပြီးပြောလိုက်မိတာ သူက မနက်ဖြန်ညမှ ထင်နေတာ အခုလည်းအလုပ်များနေတာနဲ့ မလာနိုင်လောက်တော့ဘူး"
ပေယွဲ့ပိုင်၏ဖခင်နှင့် အခြားဧည့်သည်များသည် ဝေခွဲမရဖြစ်သွားကြသည်။ လက်ဆောင်ရောက်နေပြီ ဖြစ်သော်လည်း ရက်မှားယွင်းနေသည်ဆိုခြင်းသည့်အကွက်က အဓိပ္ပါယ်မရှိလှပါ။ သို့သော် လူတိုင်းကမျက်နှာသာရချင်နေကြသည့်အတွက် ဤကိစ္စကိုထပ်မဆွေးနွေးကြတော့ပေ။
အဖိုးပေက သူ၏ လက်ကိုင်ကြိမ်လုံးကိုမီကာ ပေယွဲ့ပိုင်ကို အေးတိ အေးစက်ကြည့်လိုက်သည်။
"မင်းက စေ့စေ့စပ်စပ်ကိုမလုပ်တတ်မကိုင်တတ်ပါလား၊ ဒီလိုကိစ္စ တွေမှာဆိုရင် ဟန်လီက မင်းထက်ပိုပြီးစိတ်ချရတယ်"
ပေယွဲ့ပိုင်သည် ခေါင်းငုံ့လိုက်ကာ လက်သီးကို ခပ်တင်းတင်ဆုပ်ထားလိုက်သည်။
ပွဲပြီးဆုံးသွားသောအခါ ကျုံချင်းယွီအကြောင်းထပ်မပြောကြတော့ပေ။ အဖိုးပေကတိပေးထားသည့် သုံးရာခိုင်နှုန်းသောရှယ်ယာများအ ကြောင်းကိုလည်း မပြောကြတော့ပေ။
ဟော်တယ်မှထွက်ခွာသောအခါ ပေယွဲ့ပိုင်၏ဖခင်က သူ့ကိုဆူသည်။
"ဒီလောက်အရေးကြီးတဲ့ပွဲမှာ ကျုံချင်းယွီကိုခေါ်ဖို့ သေသေချာချာပြောထားတာကိုကွာ မင်းဘာလုပ်နေတာလဲ၊ ဒီလောက်တောင်အသုံးမကျမှန်းသိခဲ့ရင် ငါမင်းကိုပေမိသားစုဆီကိုပြန်မခေါ်ခဲ့ပါဘူး"
ပေယွဲ့ပိုင်သည် တစ်နေကုန်လုံးတွင် ဝေဖန်မှုများစွာကို ခံလာရပြီးဖြစ်သည်။ ထို့အပြင် ဖခင်ဖြစ်သူကိုလည်း အာမခံရဲပေ။ သို့သော် သူက ထပ်မံ၍ ပြောလိုက်သည်။
"ပါးပါး ဒါကမတော်တဆဖြစ်တာပါ၊ သူ့သူငယ်ချင်းတစ်ယောက်က ဒီလိုဖြစ်အောင်လုပ်ခဲ့တာ၊ ချင်းယွီမှာ ကျွန်တော့်အတွက် ခံစားချက်ရှိပါသေးတယ်၊ ကျွန်တော်နည်းနည်းလေးကြိုးစားပြီး သူနဲ့ ပြန်အဆင်ပြေသွားမယ်ဆိုရင် ကျွန်တော်တို့ပဲ ရှယ်ယာတွေကို ပြန်ရမှာပါ"
ပေယွဲ့ပိုင်၏ဖခင်သည် မျက်ခုံးကြုတ်ကာ ဖြစ်နိုင်ခြေကိုစဉ်းစားနေသည်။
သူ့အနေဖြင့် ကျုံချင်းယွီသည် ပေယွဲ့ပိုင်နှင့် လမ်းခွဲထားခြင်းကို မသိသေးပေ။ သူက သူတို့နှစ်ဦး၏ ဆက်ဆံရေးအဆင်ပြေနေသေးသည်ဖြစ်ရာ လက်ထပ်ပွဲကိုလည်း စီစဉ်ထားသည့်အတိုင်းပြုလုပ်မည်ဟု ခပ်ပေါ့ပေါ့ယူဆထားသည်။ ထိုအပြင် ရှယ်ယာများလည်း နောက်ဆုံးတွင် သူတို့လက်ထဲရောက်လာမည်ဟုသာ ထင်နေသည်။
"ချင်းယွီကိုကောင်းကောင်းဆက်ဆံပါ၊ နောက်ထပ်အမှားတစ်ခုခု ထပ်မဖြစ်ပါစေနဲ့"
ပေယွဲ့ပိုင်ခေါင်းညိတ်လိုက်သည် - "သားသိပါပြီ"
ရုတ်တရက်အရှေ့မှ ဆူညံသံများပေါ်လာပြီး ဟိုတယ်ဝင်ပေါက်တွင် လူစုလူဝေးတစ်ခုဖြစ်လာခဲ့သည်။ ပေဟန်လီသည် လူအုပ်ထဲမှထွက်လာပြီး ပေယွဲ့ပိုင်နှင့်သူ၏ ဖခင်ထံသို့ အေးစက်သို့ အပြုံးဖြင့် ချဉ်းကပ်လာသည်။
"အဖိုးက မင်းတို့ကိုရှာနေတယ်"
ပေယွဲ့ပိုင်သည် ရုတ်တရက် မကောင်းသည့် အနံ့တစ်ခု ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ပေဟန်လီနောက်သို့ လိုက်သွားရာ အဖိုးပေနှင့် ရဲ့လော့ယီကိုတွေ့လိုက်ရသည်။
"အဖိုးပေ ကျွန်မနာမည်က ရဲ့လော့ယီပါ၊ ဒုတိယသခင်လေးပေရဲ့ကုမ္ပဏီက အနုပညာရှင်တစ်ယောက်ပါ အဖိုးကို ဒီမှာတွေ့ရတာ တိုက်ဆိုင်လိုက်တာလို့ပဲ ပြောရမယ်"
"ဒီနေ့အဖိုးရဲ့ မွေးနေ့ပွဲရှိတယ်လို့ကြားလိုက်ရပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မဆွဲထားတဲ့ ပန်းချီကားလေးတစ်ချပ်ရှိပါတယ်၊ အဖိုးကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ဆောင်ပေးပါရစေရှင်၊ အဘိုးပေ သက်ရှည်ကျန်းမာချမ်းသာပြီး ဒီထက်မကလည်းချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်"
ရဲ့လော့ယီသည် နူးညံ့ပျော့ပျောင်းသော အမျိုးသမီးငယ်တစ်ဦး၏ အသွင်ဖြင့် ရှိပြီး လိမ္မာယဉ်ကျေးသောအပြုအမူများဖြင့် အသက်အရွယ်ကြီးသူများကို သဘောကျလာအောင်လုပ်တတ်သည်။ ထို့ကြောင့် အဖိုးပေနှင့် မတော်တဆတွေ့ခြင်းသည် ပြဿနာမရှိဟု ထင်နေမိသည်။
အဖိုးပေသည် အာရုံစိုက်နိုင်ရန်အတွက် မျက်လုံးများကိုကျဉ်းပြီး ရဲ့လော့ယီကို ဦးခေါင်းမှခြေဖဝါးအထိ စစ်ဆေးလိုက်သည်။
"လူအိုကြီး ချန်း"
သူက သူ၏ အိမ်တော်ထိန်းကိုခေါ်လိုက်သည်။
အိမ်တော်ထိန်းချန်းသည် အဖိုးပေဘေးတွင် ရိုသေစွာရပ်နေသည်။
"ဟုတ်ကဲ့ ဆရာ"
"ဒီအမျိုးသမီးလေးကို ငါ့ပွဲကိုဖိတ်ခဲ့သေးလား"
"မဖိတ်ပါဘူး ဆရာ၊ ဟန်မြို့က ရဲ့မိသားစုနဲ့ ကျွန်တော်တို့က ဘာပက်သတ်မှုမှလည်းမရှိပါဘူး"
အဖိုးပေသည် ခေါင်းညိတ်ပြီး ရဲ့လော့ယီဘက်သို့ ပြန်လှည့်လိုက်သည်။ သူ၏မျက်နှာတွင် ကြင်နာသောအသွင်ရှိသော်လည်း အသံသည် ရေခဲတမျှအေးစက်နေသည်။
"မစ္စရဲ့ရေ ကျွန်တော်တို့က မသိကျွမ်းသေးတာမို့ လက်ဆောင်ကိုလက်မခံပါရစေနဲ့၊ ပြီးတော့ မင်းနဲ့ငါ့မြေးဟာ အလုပ်သဘောသက်သက်ပဲ၊ ငါက မင်းရဲ့အဖိုးမဟုတ်ဘူး အလုပ်ကိုပဲအာရုံစိုက်ပါ"
ရဲ့လော့ယီသည် ပန်းချီကားကိုကိုင်ထားရင်း အံ့အားသင့်သွားပြီး ပြုံးနေသောမျက်နှာသည်လည်း ထူပူသွားသည်။
ပေယွဲ့ပိုင်သည် ချက်ချင်းရှေ့တိုးပြီး ရဲ့လော့ယီကိုဘေးသို့ဆွဲလိုက်ကာ သူ့နောက်တွင် ဝှက်ထားလိုက်သည်။ အိမ်တော်ထိန်းသည် အဖိုးပေအတွက် ကားတံခါးဖွင့်ပေးလိုက်သည်။
ကားပေါ်မတက်မီ အဖိုးပေသည် ပေယွဲ့ပိုင်ကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး ပေယွဲ့ပိုင်နှင့် ရဲ့လော့ယီတို့၏ တင်းကျပ်စွာဆုပ်ကိုင်ထားသော လက်များကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် အမျက်ဒေါသများထွက်လာသည့်ဟန် ပေါ်လာခဲ့သည်။
"ချင်းယွီမလာတာက ဒီမိန်းကလေးကြောင့်လား"
ပေယွဲ့ပိုင်တစ်ယောက် အသက်ရှူကြပ်သွားပြီး သူ၏နောက်ကျောတွင် အပ်များဖြင့် ထိုးနှက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ရဲ့လော့ယီ၏ လက်ကိုဆုပ်ထားသော သူ၏လက်ဖဝါးတွင်လည်း ချွေးများစို့လာခဲ့သည်။
"မဟုတ်ပါဘူး ဖိုးဖိုး၊ ချင်းယွီက တကယ်အချိန်မှားနေတာပါ၊ မဟုတ်ရင် သူသေချာပေါက်လာမှာပါ"
အဖိုးပေသည် သံသယဝင်နေဆဲဖြစ်သော်လည်း သူ၏မြေးဖြစ်သူကို မျက်နှာသာပေးလိုက်သည်။ သူက လက်ကိုင်တုတ်ကို ဘေးတွင်ကပ်ကာ ပြောလိုက်သည်။
"ယွဲ့ပိုင် ပေမိသားစုဟာ ဟိုင်မြို့ရဲ့အထင်ကရမိသားစုတစ်ခုပါ၊ ငါတို့ ရွေးမဲ့ ချွေးမအတွက် သက်မှတ်ထားတဲ့ စံနှုန်းတွေက အရမ်းမြင့်တယ်"
"ချင်းယွီက ယဉ်ကျေးသိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ပဲ၊ ကျုံမိသားစုနဲ့ပေမိသားစုက တကယ်လိုက်ဖက်ညီတယ်၊ အဲဒါကြောင့် သူ့ကိုပဲ ငါ့ချွေးမအဖြစ် စဉ်းစားလို့ရမယ်၊ မင်းနဲ့ ပက်သတ်နေတဲ့ တခြား မိန်းကလေးတွေကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေထက် ဘာမှမပိုဘူး၊ ခုရှုပ်မှ နောင်ရှင်းတဲ့ မြန်မြန်လေးသာ အဆက်အသွယ်ဖြတ်ပစ်လိုက်၊ နောက်တစ်ခါဆို ငါ့မျက်စိရှေ့ကို ပေါ်မလာစေနဲ့"
အဖိုးပေ၏စကားများသည် ပေယွဲ့ပိုင်ကို တူနှင့်ထုနေသကဲ့သို့ ခံစားရစေခဲ့ပြီး မူးမေ့မတတ်ဖြစ်သွားခဲ့သည်။ နောက်မှရပ်နေသော ရဲ့လော့ယီလည်း တုန်လှုပ်သွားသည်။
သူမသည် ပေယွဲ့ပိုင်၏လက်ကို ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး သူမ၏လက်သည်းရှည်ရှည်များက သူ၏ အသားထဲသို့ထိုးဝင်ကာ နာကျင်မှုကိုဖြစ်စေသည်။ ပေယွဲ့ပိုင်သိသည်။ ကျင်ထန်းဟော်တယ်အပြင်ဘက်တွင် ရဲ့လော့ယီပေါ်လာသည့်အချိန်မှစ၍ သူနှင့် ကျုံချင်းယွီတို့၏ဆက်ဆံရေးကို လျှို့ဝှက်ထားနိုင်တော့မည်မဟုတ်တော့ပေ။
အဖိုးဖြစ်သူ၏ ရှေ့မှောက်တွင် သူသည်အေးဆေးတည်ငြိမ်စွာနေရမည်။ သူသည် ရဲ့လော့ယီ၏လက်ကိုလွှတ်လိုက်သည်။
"ဖိုးဖိုး စိတ်မပူပါနဲ့ ချင်းယွီနဲ့ကျွန်တော်တို့ အဆင်ပြေနေပါတယ်၊ ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကလည်း တကယ်ဖြစ်လာမှာပါ"
နောက်ကျောမှ မြှားဖြင့်ပစ်နေသကဲ့သို့ စူးရှသော အကြည့်များကို ခံစားနေရသော်လည်း ပေယွဲ့ပိုင်သည် နောက်ပြန်လှည့်ကြည့်ရဲခြင်းမရှိ။
ကံကောင်းစွာဖြင့်ပင် အဖိုးပေသည် သူတို့နှစ်ဦးလက်လွှတ်လိုက်သည်ကိုမြင်ပြီး ကျေနပ်သွားပုံရသည်။
ထိုအချိန်တွင် Porsche ကားတစ်စီးသည် အရှိန်ပြင်းစွာဝင်လာပြီး လူစုရှေ့တွင် ရုတ်တရက်ဘရိတ်ထအုပ်လိုက်သည်။ ကားတံခါးဖွင့်လိုက်သောအခါ ဘော်ကြယ်ကလေးများစီကာ ချုပ်လုပ်ထားသော အပြာရောင်ဝတိစုံဝတ်ဆင်ထားသည့် ရှေ့နေတစ်ဦးက ကားထဲမှဆင်းလာသည်။
သူ၏ ဘောင်မပါသည့် မျက်မှန်က သူ့ကိုအနည်းငယ် ထူးထူးဆန်းဆန်းခံစားရစေသော်လည်း မျက်မှန်ဖန်သားပြင်နောက်ရှိ မျက်လုံးများကတော့ စူးရှနေသည်မှာ သိသာလှသည်။
သူသည် ယုံကြည်မှုရှိစွာဖြင့် လမ်းလျှောက်လာပြီး ပေယွဲ့ပိုင်၏ ရှေ့တွင်ရပ်လိုက်သည်။
ပေယွဲ့ပိုင်မှတ်မိသည်။ သူသည် ရှင်းယောင်အနုပညာကုမ္ပဏီ၏ ဥပဒေအကြံပေးဖြစ်ပြီး ကုမ္ပဏီ၏ ဥပဒေနှင့်ဆိုင်သောကိစ္စများအားလုံးကိုကိုင်တွယ်သူဖြစ်သည်။
"ပေအစ်ကို မင်္ဂလာပါ"
ယောင်ရှီက သူ့ကိုလက်ဆွဲနှုတ်ဆက်သည်။
"ရှေ့နေယောင် ဒီကိုဘာကိစ္စလာတာလဲ"
ပေယွဲ့ပိုင်က အံ့အားသင့်မေးလိုက်သည်။
"ချင်းယွီက မင်းကိုငါ့ကိုရှာဖို့လွှတ်လိုက်တာလား"
"ဟုတ်ပါတယ်"
ယောင်ချီက ပြုံးလိုက်သည်။
ပေယွဲ့ပိုင်၏ မျက်နှာတွင် ပျော်ရွှင်မှုအရိပ်များ ထွက်ပေါ်လာသည်။
"ငါသိပါတယ် သူငါ့ကိုလုံးဝစွန့်လွှတ်နိုင်သေးပါဘူး"
ယောင်ချီက စာရွက်စာတမ်းများထည့်သည့် သားရေအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။
" အစ်မကျုံရဲ့ ရှေ့နေတစ်ယောက်အနေနဲ့ သူက ခင်များနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့အတွက် ကျွန်တော့်ကို တာဝန်အပြည့်အဝလွှဲအပ်ထားပါတယ်”