← Chapters

အပိုင်း ၄၈

Vol. 5 Ch. 48

အပိုင်း ၄၈

Vol. 5 Ch. 48

ပေယွဲ့ပိုင်၏ မျက်ဆံများသည် ထိတ်လန့်တုန်လှုပ်သွားသဖြင့် ပြူးကျယ်သွားသည်။

ယောင်ချီ ပြောလိုက်သည့် စကားလုံးတိုင်းသည် ပေယွဲ့ပိုင်နှင့် ရင်းနှီးနေသော်လည်း ပေါင်းစပ်ကြည့်လိုက်သည့်အခါ မည်သို့မျှ နားမလည်နိုင်တော့ပေ။

ကျုံချင်းယွီက စေ့စပ်မှုကို ဖျက်သိမ်းလိုသည်တဲ့လား။

ဒါက ဘယ်လို ဟာသပြက်လုံးမျိုးလဲ။

ပေယွဲ့ပိုင်၏ ဘေးနားရှိ ဖိုးဖိုးပေနှင့် ပေပါးပါးတို့၏ မျက်နှာများသည် ပို၍ပင် ညှိုးမှိုင်လာခဲ့သည်။ ပေဟန်လီတစ်ဦးတည်းသည်သာ အုတ်အော်သောင်းနင်းဖြစ်နေသည့် အခြေအနေကို သဘောကျဟန်ဖြင့် ပြုံး၍ ယောင်ချီအား ပြောလိုက်သည်။

"ပေယွဲ့ပိုင်နဲ့ မမလေးရဲ့ စေ့စပ်စာချုပ်က ပေအိမ်မှာ ရှိပါတယ်၊ ဒါကို ပြန်ယူဖို့ ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ခဲ့ဖို့ လိုလိမ့်မယ်"

ယောင်ချီသည်

"ဟုတ်ကဲ့ ပြဿနာမရှိပါဘူး အဲဒါက ကျွန်တော့် တာဝန်ပါ" ဟု ပြန်ဖြေသည်။

ယင်းနောက် ဖိုးဖိုးပေဘက်သို့ လှည့်ကာ

" လူကြီးမင်းပေရော ဘယ်လိုထင်လဲ" ဟု မေးလိုက်သည်။

ဖိုးဖိုးပေသည် ပေဟန်လီအား မကျေနပ်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ပေဟန်လီသည် ယခုအခါ ပေမိသားစု၏ CEO ဖြစ်ပြီး အရေးကြီးသော ကိစ္စများတွင် ပုံမှန်အားဖြင့် တည်ငြိမ်‌လေ့ရှိသည်။ သို့သော် ပေယွဲ့ပိုင်နှင့် ပတ်သက်လာလျှင်မူ အသေးစိတ်ကျပြီး လွယ်လွယ်နှင့် ခွင့်မလွှတ်တတ်ပေ။

ဖိုးဖိုးပေတစ်‌ယောက် နားလည်နိုင်သည်။ အမှန်အတိုင်းဆိုရလျှင် ပေယွဲ့ပိုင်သည် တရားမဝင်သားသာဖြစ်ပြီး သူ့အား ပေမိသားစုသို့ ပြန်ခေါ်လာခြင်းသည် ပေဟန်လီကို သူတို့ ပေးဆပ်ရမည့် အကြွေးတစ်ခုပင်ဖြစ်၏။

ဖိုးဖိုးပေသည် "နောက်နေ့ကျရင် ကျွန်တော်ကိုယ်တိုင် လူလွှတ်ပြီး စေ့စပ်စာချုပ်ကို ကျုံမိသားစုဆီ ပို့ခိုင်းလိုက်ပါ့မယ်" ဟုဆိုသည်။

"ဘာလို့ ဒီနေ့ မပို့တာလဲ"

ယောင်ချီသည် လှည့်ဖြားတတ်သောသူဖြစ်ပြီး ဥပဒေရေးရာ ဝေဖန်ဆွေးနွေးပွဲများတွင် အနက်ရောင်ကို အဖြူရောင်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသူ တစ်ဦးဖြစ်သည်။

"ဘာလို့ နောက်နေ့အထိ စောင့်ရမှာလဲ၊ ဒီနေ့က လူကြီးမင်း ပေရဲ့ မွေးနေ့ပွဲလေ၊ ကျွန်တော့်တို့ မမလေးက လက်ဆောင်တောင် ပို့ခဲ့ပါသေးတယ်၊ ဒီနေ့ဘဲ သူမကို ပျော်ရွှင်အောင် လုပ်ပေးတာက မကောင်းဘူးလား"

"အကြောမတင်းစမ်းနဲ့"

ဖိုးဖိုးပေ ပြန်မဖြေခင်ပင် သူ၏ ဘေးနားတွင် ရပ်နေသော ပေပါးပါးက ဒေါသအမျက်ထွက်နေခဲ့ကာ သူ၏မျက်နှာသည် ခရမ်းချဥ်သီးကဲ့သို့ပင် နီရဲနေခဲ့သည်။

ဖိုးဖိုးပေက နှုတ်ဆိတ်နေခဲ့သည်။ ယောင်ချီသည် ထက်မြက်သော ရှေ့နေတစ်ဦးဖြစ်ပြီး ၅ နှစ်တာကာလအတွင်း တရားရုံးတွင် မည်သည့်အမှုကိုမျှ မရှုံးနိမ့်ခဲ့ဖူးကြောင်း သူသိသည်။

ကျုံချင်းယွီသည် ယောင်ချီအား စေ့စပ်ကိစ္စကို ကိုင်တွယ်ရန် ငှားရမ်းခဲ့သည်မှာ ကျုံချင်းယွီသည် ပေမိသားစုနှင့် အဆက်အသွယ်ဖြတ်ရန် စိတ်ဆုံးဖြတ်ထားကြောင်း သိသာနေခဲ့သည်။

ဖိုးဖိုးပေက သက်ပြင်းချလိုက်သည်။

“ပြန်ရောက်တာနဲ့ တစ်ယောက်ယောက်ကို လွှတ်ပြီး ကျုံအိမ်ကို စေ့စပ်စာချုပ် ပို့ခိုင်းလိုက်မယ်"

ပေယွဲ့ပိုင်သည် "အဘိုး!" ဟု အော်လိုက်သည်။

ပါးပါးပေမှ "အဖေ!" ဟု ထပ်ဖြည့်စွက်သည်။

ဖိုးဖိုးပေသည် ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

"တော်ကြတော့ မင်းတို့ မရှက်ကြသေးဘူးလား"

သူတို့နှစ်ဦးကို နောက်တစ်ကြိမ် ထပ်ကြည့်ဖို့ပင် စိတ်မပါတော့ဘဲ ကြိမ်လုံးကို ထောက်ကာ ကားထဲသို့ ဝင်သွားခဲ့သည်။ ယောင်ချီသည်

"ကူညီပေးတဲ့အတွက် ကျေးဇူးပါ လူကြီးမင်းပေ!" ဟု လှမ်းအော်လိုက်သည်။

ဖိုးဖိုးပေ ကားမောင်းထွက်သွားပြီးနောက် ဂျင်ဒင်ဟိုတယ်၏ ကားပါကင်သည် ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

ရုတ်ချည်းဆိုသလို "ဖြန်း" ဟူသော ပြင်းထန်သည့် ပါးရိုက်သံတစ်ခု လေထုထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။

လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ ပေယွဲ့ပိုင်၏ မျက်နှာပေါ်၌ ကွက်ကွက်ကင်းကင်းမြင်နိုင်သည့် အနီရောင်အရာတစ်ခုကို မြင်လိုက်ရပြီး ရဲ့လော်ယီသည် မျက်ရည်များဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။

ယောင်ချီနှင့် ပေမိသားစုတို့အကြား စကားပြောဆိုမှုကို ကြားပြီးသည့်နောက် ရဲ့လော့ယီသည် ယခင်က နားမလည်ခဲ့သည်ဖြစ်စေကာမူ ယခုတော့ နားလည် သဘော‌ပေါက်သွားခဲ့လေပြီ။

"ပေယွဲ့ပိုင်၊ ကျွန်မ ရှင့်ကို တစ်ကြိမ်မက ပြောခဲ့ဖူးတယ်၊ ကျွန်မ အငယ်အနှောင်း မဖြစ်ချင်ဘူးလို့၊ ရှင်နဲ့ ကျုံချင်းယွီကြား ဘာမှမရှိဘူးလို့ ရှင်ဘဲ အခိုင်အမာပြောခဲ့တာ၊ ဘယ်လိုလုပ် ကျွန်မကို ဒီလိုလုပ်ရက်ရတာလဲ"

ရဲ့လော်ယီ မယုံကြည်နိုင်တော့ပေ။ မကြာသေးခင်အချိန်ကပင် ရုပ်သံအစီအစဉ်တစ်ခု၌ သူမသည် ကျုံချင်းယွီအား ကျေနပ်အားရစွာဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး ဆုလင်းလင်းကိုပင် ကျုံချင်းယွီသည် သူတို့၏ ဆက်ဆံရေးအား ဝင်ရောက်စွက်ဖက်သူဟု ပြောခဲ့သည်။ သို့သော် တကယ့်လက်တွေ့တွင် ရဲ့လော့ယီသည်သာလျှင် ဒုတိယလူ ဖြစ်နေခဲ့သည်။

ရဲ့လော့ယီသည် ကျုံချင်းယွီ သူမအား ထိုအချိန်က မည်သို့သော အကြည့်မျိုးဖြင့် ကြည့်ခဲ့မည်ကိုပင် စိတ်ကူးမယဉ်နိုင်တော့ပေ။

"ယီယီ ကိုယ် ပြောတာ နားထောင်ပါဦး၊ ကျုံချင်းယွီနဲ့ ကိုယ်က စာချုပ်အရဘဲ လက်ထပ်ကြတာပါ၊ ကိုယ်တို့ကြားမှာ တကယ် ဘာခံစားချက်တွေ မရှိပါဘူးကွာ..."

ပေယွဲ့ပိုင်သည် အလျင်အမြန် ရဲ့လော့ယီ ရှေ့သို့တိုးလာခဲ့ပြီး သူမ၏ လက်ကို ဆွဲကိုင်လိုက်သည်။

ရဲ့လော့ယီသည် သူမ၏ လက်အား တွေဝေခြင်းမရှိဘဲ ရုတ်သိမ်းလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ၍ ပေယွဲ့ပိုင်၏ ပါးကို ရိုက်လိုက်သည်။ ယခုတွင် ပေယွဲ့ပိုင်၏ ပါးနှစ်ဖက်လုံး၌ ညီညီညာညာဖြင့် လက်ဝါးရာနှစ်ချက် ထင်ကျန်သွားလေပြီ။

"စာချုပ်ချုပ်ထားတဲ့ အိမ်ထောင်ဆိုတာလည်း အိမ်ထောင်တစ်ခုပဲ၊ ရှင့်ကို ရွံတယ်!"

ရဲ့လော့ယီသည် ပေယွီပိုင်အား ပြင်းပြင်းထန်ထန် တွန်းဖယ်လိုက်ပြီး သူမ၏ ပန်းထိုးထားသည့်အိတ်နှင့် လက်ထဲရှိ ပစ္စည်းများ အားလုံးဖြင့် ပေယွဲ့ပိုင်ကို ပစ်ပေါက်ခဲ့သည်။ ထို့နောက် နောက်သို့ ပြန်လှည့်မကြည့်ဘဲ ကားပါကင်ထဲမှ ထွက်ခွာသွားတော့သည်။

ပေယွဲ့ပိုင်သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ရင်းဖြင့် အကြွင်းမဲ့ စိတ်ဓာတ်ကျသွားကာ အကူအညီမဲ့နေခဲ့သည်။ သူ့ရင်ထဲရှိ ဒေါသများ ဆူပွက်လာပြီး မျက်လုံးများ နီရဲလာလျက် ယောင်ချီ၏ လည်ပင်းကော်လံအား ဆောင့်ဆွဲလိုက်သည်။

"ကျုံချင်းယွီက ဘာသဘောလဲ ဒီလိုပဲ ပြတ်လိုက်တာပေါ့၊ စေ့စပ်ထားတာကို အလွယ်‌လေးဘဲ ဖျက်လိုက်တာ မတရားလွန်နေပြီ၊ အဲ့မိန်းမ အရမ်းလွန်သွားပြီ!"

ယောင်ချီသည် ပေယွဲ့ပိုင်အား တွန်းထုတ်ခြင်းမရှိခဲ့ချေ။ သူ၏ ကော်လံအား တစ်စုံတစ်ယောက်မှ ဆွဲကိုင်ထားသော်လည်း သူသည် ခေါင်းမာသည့် ဟန်ပန်ဖြင့်သာ နေမြဲနေခဲ့သည်။

"မမလေးက လွန်တယ်လို့ ခင်ဗျား ထင်လား"

"မလွန်ဘူးလား"

ပေယွဲ့ပိုင်သည် ကျုံချင်းယွီ တကယ်ပင် စေ့စပ်မှုအားဖျက်သိမ်းတော့မည်ဆိုသည်ကို မယုံကြည်နိုင်သေးပေ။ ကျုံချင်းယွီသည် ပေယွဲ့ပိုင်အတွက် ငွေ အမြောက်အများ သုံးစွဲခဲ့ပြီး တျန်ဟွေ့၏ ကြီးမားသည့် လုပ်ငန်းအများစုကို အထောက်အပံ့ပေးခဲ့သည်။ မြုပ်နေသည့် ကုန်ကျစရိတ်တန်ဖိုးများသည် မရေတွက်နိုင်လောက်သည်အထိပင် များပြားလှပေသည်။

ယခု၌ သူမသည် ပေါ့ပေါ့တန်တန်ပင် အဆုံးသတ်လိုက်တော့မည်တဲ့လား။ ယင်းအပြင် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူတို့နှစ်ဦးကြား၌ အရာအားလုံး ပြဿနာမရှိ အဆင်ပြေနေခဲ့သည်။

ပဋိပက္ခ တစ်စုံတစ်ရာ ရှိခဲ့သည်ဆိုလျှင် ထိုနေ့ညက ယန်ရှီနှင့် ပေယွဲ့ပိုင် ရန်ဖြစ်ခဲ့သည့်ကိစ္စသာ ရှိသည်။

"ဘာဖြစ်လို့လဲဆိုတော့... ယန်ရှီကို ကျုပ်က တမင်တကာ ထိခိုက်အောင် လုပ်လိုက်တယ်လို့ အဲမိန်းမက ထင်နေတာလား၊ ဒါပေမဲ့ ကျုပ်ကို ယန်ရှီက ထောင်ချောက်ဆင်ခဲ့တာလေ"

ယောင်ချီ၏ မျက်ဝန်းများထဲတွင် အကြင်နာကင်းမဲ့မှု တစ်ခု လျှပ်တစ်ပြတ် ဖြတ်သန်းသွားပြီး ပေယွဲ့ပိုင်၏ မျက်နှာအား တိုက်ရိုက် ထိုးလိုက်သည်။ ပေယွဲ့ပိုင်သည် အနောက်သို့ နှစ်လှမ်းမျှ ယိုင်လဲကျသွားသည်။ ယောင်ချီသည် သူ၏ တောက်ပပြောင်လက်နေသော ငွေရောင် ဘော်ကြယ်လည်စည်းအား ပြင်စည်းလိုက်ပြီး သူ၏ မက်မွန်ရောင် မျက်လုံးများထဲတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ဘာလို့လဲဆိုတာ သိချင်လား၊ မမလေးကို မင်းဘာသာ သွားမေးပါလား”

ပေယွဲ့ပိုင်၏ ပါးစပ်ထောင့်မှ သွေးများ စိမ့်ထွက်လာကျပြီး သတ္တုဓာတ်နံ့ စူးရှပြင်းထန်စွာထွက်နေခဲ့သည်။ ပေယွဲ့ပိုင်သည် သူ၏ နီညိုရောင် လည်စည်းကို ဖြည်ချလိုက်ကာ ရှပ်အင်္ကျီ၏ ကြယ်သီးအနည်းငယ်ကို ဖြုတ်၍ ကျုံအိမ်ဘက်သို့ ကားမောင်းထွက်သွားတော့သည်။

အရှိန်ပြင်းပြင်းဖြင့် ကားကို မောင်းနှင်နေခဲ့သဖြင့် ညနက်လာသည်နှင့်အမျှ လမ်းမီးများသည် အလင်းတန်းများအဖြစ် မှုန်ဝါးသွားလျက်ရှိသည်။

ကားအတွင်းပိုင်းရှိ လေထုသည် အသက်ရှူကျပ်ဖွယ်ရာ ဖြစ်နေခဲ့ပြီး ပေယွဲ့ပိုင်၏ ပြင်းထန်သော အသက်ရှူသံသည် ကား ကျဉ်းကျဉ်းကျပ်ကျပ်နေရာလေးထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

သူ၏ ဖုန်းမြည်လာပြီး ဘလူးတုသ်ချိတ်ဆက်ထားသည့် Ferrari ကား၏ စပီကာများမှ ဆွန်းချီ၏ အရေးပေါ်အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘော့စ်ပေ! ပြဿနာကြီးတစ်ခု တက်နေပြီ!"

ကျုံချင်းယွီမှ သူတို့၏ စေ့စပ်မှုအား ဖျက်သိမ်းတော့မည်။ ၎င်းထက် ပိုမို ကြီးမားသည့် မည်သည့်ပြဿနာများ ရှိနေနိုင်ဦးမည်နည်း။

"မင်းက ဒါရိုက်တာတစ်ယောက်လေ ကြောက်မနေစမ်းပါနဲ့ ဘာကိစ္စမို့လို့လဲ"

"ကျုံကော်ပိုရေးရှင်းက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်ပြီလို့ ကြေညာလိုက်ပြီ၊ ကျွန်တော်တို့ဆီက အနုပညာရှင်တွေအတွက် ထောက်ခံချက်တွေနဲ့ ပူးတွဲကြော်ငြာစာချုပ်တွေ အားလုံးကို သက်တမ်းတိုးတော့မှာ မဟုတ်ဘူး!"

အသံရှည်ဖြင့် ဘရိတ်အုပ်သံ အကျယ်ကြီး ထွက်ပေါ်လာပြီးနောက် Ferrari ၏ စျေးကြီးသော တာယာများသည် လမ်းပေါ်တွင် နက်ရှိုင်းသည့် အမှတ်အသားများကို ချန်ထားခဲ့လေသည်။

ပေယွဲ့ပိုင်သည် ရုတ်တရက် ကားကို ရပ်တန့်လိုက်ခြင်းကြောင့် စတီယာရင်တိုင်အား ဆောင့်မိလျက်သား ဖြစ်သွားခဲ့သော်လည်း ထိုင်ခုံခါးပတ်သည် သူ့ကို အချိန်မီ ပြန်ဆွဲထိန်းထားလိုက်နိုင်သည်။

သူသည် တုန်ယင်နေသော အသံနှင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဒါက ဘာသဘောလဲ၊ ကျုံချင်းယွီက ငါ့ကိုပေးခဲ့တဲ့ အရင်းအမြစ်တွေကို ပြန်ယူနေတာလား"

ဆွန်းချီ တွေဝေသွားသည်။

“ဖြစ်ပုံကြည့်ရတာတော့... အဲဒီလိုပါပဲ"

ပေယွဲ့ပိုင်သည် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ မျက်နှာသည် ဖျော့တော့သွားခဲ့သည်။

"ဒါတောင်မှ..."

သူသည် ခါးသီးစွာ ပြောလိုက်သည်။

"မင်း ပြောသလောက် မဆိုးပါဘူး ဟုတ်တယ်မလား"

"ဘော့စ်ပေ ဘော့စ် ထင်ထားတာထက် ပိုဆိုးပါတယ်!"

ဆွန်းချီ၏ အသံသည် စိုးရိမ်နေခဲ့သည်။ ကျုံချင်းယွီသည် ထျန်ဟွေ့သို့ အရင်းအမြစ်များစွာ ထည့်ဝင်ခဲ့သည်။ အချို့ကို သူမက ပေးချေခဲ့ပြီး အချို့မှာ ကျုံကော်ပိုရေးရှင်း၏ ထုတ်ကုန်များဖြစ်ကာ ထျန်ဟွေ့အတွက် ပရိုမိုးရှင်းများကို ဦးစားပေးခဲ့သည်။

"ပေးချေထားတဲ့ အရင်းအမြစ်တွေက ထားလိုက်ပါတော့၊ အဓိက ပြဿနာက ကျုံကော်ပိုရေးရှင်းရဲ့ ထုတ်ကုန်တွေပါ၊ ကျုံယန်စီက ကျွန်တော်တို့ကို သုံးလတစ်ကြိမ် စာချုပ်ချုပ်ခိုင်းခဲ့တာမလို့ ထောက်ခံချက် ကာလတွေက သိပ်ပြီး မကြာခဲ့ဘူး၊ အခု သူတို့ဖက်က ပူးပေါင်းဆောင်ရွက်မှုကို ဖျက်လိုက်တော့ ထောက်ခံချက်တွေနဲ့ ကြော်ငြာတွေ တော်တော်များများ သက်တမ်းကုန်တော့မယ်!"

သုံးလတစ်ကြိမ် စာချုပ်များသည် ရေတိုသဘောတူညီချက်များဖြစ်ပြီး ကျုံကော်ပိုရေးရှင်ဖက်မှ ဒဏ်ကြေးများ ပေးချေရန်မလိုအပ်ဘဲ အချိန်မရွေး စာချုပ်များ ဖျက်သိမ်းနိုင်ရန်အတွက် ရည်ရွယ်ထားခဲ့သည်။ ကျုံချင်းယွီ ရှိနေစဉ်က ဤစာချုပ်များအား သက်တမ်းတိုးရန် လွယ်ကူခဲ့သည်။ သို့သော် ယခုတွင် ကျုံကော်ပိုရေးရှင်းဖက်မှ အဆက်အသွယ် လုံးဝဖြတ်လိုက်ပြီဖြစ်ရာ ထိုသက်တမ်းတိုးမှုများလည်း မရှိတော့ပေ။ ဆုံးရှုံးမှုများအား စုစည်းကြည့်လိုက်လျှင် အလွန်ပင်ကြီးမားလှသည်။

ရဲ့လော့ယီတစ်ဦးတည်းနှင့်ပင် ကျုံကော်ပိုရေးရှင်း၏ ထုတ်ကုန်များနှင့် ထောက်ခံချက် ၇ ခု ရှိခဲ့သည်။

၎င်းတို့ အားလုံးကို တစ်ပြိုင်နင်တည်း ဆုံးရှုံးလိုက်ပါက ထျန်ဟွေ့၏ ငွေကြေးစီးဆင်းမှုကို ထိခိုက်စေလိမ့်မည်။ ပေယွဲ့ပိုင်သည် စတီယာရင်တိုင်ကို လက်သီးဖြင့် ဆောင့်ထိုးလိုက်ရာ ကျယ်လောင်သော ဟွန်းသံသည် လူရှင်းလင်းနေသော လမ်းမပေါ်၌ ပဲ့တင်ထပ်သွားခဲ့သည်။

နာရီဝက်မျှကြာပြီးနောက် ပေယွဲ့ပိုင်သည် ကျုံမိသားစု၏ အိမ်ဟောင်းကြီးသို့ ရောက်ရှိလာခဲ့သည်။

ခြံတံခါးဝရှိ လုံခြုံရေးအစောင့်များသည် သူ့ကို တားဆီးလိုက်သည်။

ကျုံပါးပါးသည် ပေယွဲ့ပိုင်အား မည်သည့်အချိန်ကမှ သဘောကျခြင်းမရှိခဲ့ဘဲ သူသည် အိမ်ဟောင်းကြီးသို့ လာလည်လေ့ရှိသည့် အကြိမ်မှာ ရှားပါးလွန်းသည်။

ပေယွဲ့ပိုင် ရောက်ဖူးသည့် တစ်ကြိမ်တည်းသော အချိန်မှာ ကျုံချင်းယွီ၏ မွေးနေ့ပွဲဖြစ်သည်။

"ငါက မင်းတို့ မမလေးနဲ့ စေ့စပ်ထားတဲ့သူလေ၊ ငါ ဒီကို ရောက်ဖူးတယ် မင်းတို့ မမှတ်မိကြဘူးလား"

လုံခြုံရေးသည်လည်း ပေယွဲ့ပိုင်အား မှတ်မိသည်။ ပေယွဲ့ပိုင်၏ Ferrari ကားဖြင့် ကျုံချင်းယွီကို လာကြိုဖူးသည်ကို မြင်ဖူးသဖြင့် ပေယွဲ့ပိုင်အား မှတ်မိနေခြင်းဖြစ်သည်။

သို့သော်—

"တောင်းပန်ပါတယ် မမလေးက ဒီနေ့ မအားလို့ပါ၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးလို့ ပြောပါတယ်"

"ငါက ဘယ်သူမို့လို့လဲ သူနဲ့ စေ့စပ်ထားတာလေ!"

ပေယွဲ့ပိုင်က အော်ဟစ်လိုက်ရာ တံတွေးများ ပင် လုံခြုံရေး၏ မျက်နှာပေါ်သို့ စင်သွားခဲ့သည်။

လုံခြုံရေးသည် သူ၏ မျက်နှာကို ရွံရှာစွာဖြင့် သုတ်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မရပါဘူး"

ပေယွဲ့ပိုင် တစ်ယောက် ဒေါသထွက်သွားသည်။

"ဒါဆို ကျုံချင်းယွီကို သွားပြောလိုက် ငါ အိမ်ရှေ့ ရောက်နေတယ်လို့၊ ငါရောက်နေတယ်ဆိုတာ သိရင် သူ သေချာပေါက် ထွက်တွေ့လိမ့်မယ်!”

လုံခြုံရေးက စိတ်မရှည်တော့ပေ။

"သခင်လေးပေ ခင်ဗျား နားမလည်သေးဘူးလား၊ မမလေးက အခုအချိန်မှာ ခင်ဗျားကို မတွေ့ချင်ဆုံးဆိုတာ"

ပေယွဲ့ပိုင်၏ မျက်နှာသည် ဖြူဖျော့သွားသော်လည်း အလျှော့မပေးသေးပေ။

Lamborghini တစ်စီးသည် ဖြည်းညှင်းစွာ မောင်းနှင်လာပြီး အိမ်ဟောင်းကြီး၏ အပြင်ဘက်ရှိ ကားပါကင်အသေးလေးတွင် ရပ်တန့်လိုက်သည်။ ပေဟန်လီသည် ကားထဲမှ ဆင်းလာပြီး စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ထားသည်။

“မင်္ဂလာပါ" ဟု ပေယန်လီသည် လုံခြုံရေးအား ယဉ်ကျေးစွာ ပြောလိုက်သည်။

"ပေဟန်လီ ရောက်နေကြောင်း မမလေးကို ကျေးဇူးပြုပြီး အသိပေးပေးနိုင်မလား"

လုံခြုံရေး၏ ကိုယ်နေဟန်ထားသည် ချက်ချင်းပင် ရိုသေလေးစားမှုသို့ ပြောင်းလဲသွားသည်။

"အာ သခင်လေးပေ၊ ယောင်ချီက သခင်လေး ဒီနေ့လာလိမ့်မယ်လို့ ခုနလေးတင် ပြောသွားတာ သခင်မလေးက သခင်လေးကို စောင့်နေပါတယ်ဗျ၊ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ”

ပေဟန်လီက ယုံကြည်မှုရှိရှိဖြင့် ရှေ့သို့ ဝင်သွားသည်။

ပေယွဲ့ပိုင်သည် သူ၏ လက်မောင်းအား လှမ်းဆွဲကာ

"သူက ဘာလို့ ဝင်လို့ရတာလဲ"

ပေဟန်လီသည် ပေယွဲ့ပိုင်အား လှမ်းကြည့်လိုက်သည်။ သူ၏ ပြုံးနေသော မျက်ဝန်းများထဲတွင် ရေခဲကဲ့သို့ အေးစက်နေသော အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"အဘိုးကိုယ်စား မင်္ဂလာလက်ထပ်စာချုပ် လာပို့တာမို့လို့ နေမှာပေါ့"

ပေယွဲ့ပိုင်၏ မျက်နှာသည် ပို၍ပင် ဖြူဖျော့သွားခဲဲ့သည်။ မင်္ဂလာလက်ထပ်စာချုပ် လဲလှယ်လိုက်သည်နှင့် ကျုံချင်းယွီနှင့် ပေယွဲ့ပ်ိုင်၏ စေ့စပ်မှုသည် အတည်ပင် ပျက်ပြယ်သွားတော့မည်ဖြစ်သည်။

ပေယွဲ့ပိုင်သည် မိမိဘာသာမိမိ ရေရွတ်လိုက်သည်။

"ကျုံချင်းယွီ… သူ တကယ် ဖျက်လိုက်တာလား"

ပေဟန်လီသည် ပေယွီပိုင်၏ လက်ကို ဖယ်လိုက်သည်။

"အခုထိ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားတုန်းပဲလား"

ပေယွဲ့ပိုင်တစ်ယောက် မယုံကြည်နိုင်သေးပေ။ ဤမနက်ပိုင်းကပင် ကျုံချင်းယွီသည် ပေယွဲ့ပိုင်၏ အိမ်တွင် အဝတ်အစားများ စမ်းဝတ်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် သူတို့နှစ်ဦး၏ အနာဂတ်မင်္ဂလာပွဲအကြောင်း ပြောဆိုနေခဲ့သေးသည်။ အချိန်အနည်းငယ်သာ ကုန်ဆုံးခဲ့သေးသည်။ ယခု၌ အဘယ်ကြောင့် စေ့စပ်မှုအား ဖျက်သိမ်းရန် ဤမျှ စိတ်ပိုင်းဖြတ်ထားရသနည်း။

လုံခြုံရေးသည် ပေယွဲ့ပိုင်အား စဉ်းစားရန် အချိန်သိပ်မပေးခဲ့ပေ။ ပေဟန်လီအား အတွင်းသို့ လိုက်ပို့လိုက်ပြီးနောက် လုံခြုံရေးသည် ပေယွဲ့ပိုင်ဘက်သို့ လှည့်လာသည်။

"သခင်လေးပေ ပြဿနာမရှာပါနဲ့တော့၊ သခင်မလေးက သခင်လေး မပြန်သေးရင် ရဲခေါ်ရလိမ့်မယ်လို့ ပြောထားပါတယ်"

စာကြည့်ခန်းထဲ၌ ပေဟန်လီသည် ကျုံချင်းယွီအား မင်္ဂလာလက်ထပ်စာချုပ် ကမ်းပေးလိုက်သည်။

စာချုပ်နှစ်ခုတွဲသည် ကျုံချင်းယွီနှင့် ပေယွဲ့ပိုင်တို့ နှစ်ဦးသား၏ စေ့စပ်ကတိစာချုပ်သက်သေပင်ဖြစ်သည်။ ကျုံချင်းယွီသည် ကန့်မပါဝင်သော မီးခြစ်ကို သူမ ပါးပါး၏ ဆေးလိပ်ပြင်းဘူးထဲမှ တိတ်တဆိတ်ကောက်ယူလိုက်ပြီးလျှင် စာချုပ်နှစ်ခုအား မီးမြှိုက်လိုက်လေသည်။

ပေဟန်လီသည် ပုံမှန်အခြေအနေသို့ ပြန်မရောက်မီ အံ့ဩမှုနှင့်တကွ သူ၏ မျက်လုံးများ ပြောင်လက်သွားခဲ့သည်။

"ကြည့်ရတာ မမလေးတစ်ယောက်တော့ အဟုတ်ကြီးလုပ်နေပုံဘဲ"

ကျုံချင်းယွီသည် မီးတောက်များ ကခုန်နေပုံကို ငေးကြည့်နေခဲ့ပြီး ရွှေရောင်မီးလျှံများသည် စာမျက်နှာတိုင်းကို မီးစွဲငြိနေခဲ့ကာ တဖြည်းဖြည်းချင်းဖြင့် နီညိုရောင်စာချုပ်များကို ပြာများအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

သူတို့နှစ်ဦး အတူတကွ ကုန်ဆုံးခဲ့သော နှစ်နှစ်တာကာလအတွက် နောင်တအနည်းငယ် ရှိနေသေးသော်လည်း ကျုံချင်းယွီ၏ မျက်နှာအမူအရာမှာ စိတ်သက်သာရာ ရနေပုံပေါ် နေခဲ့သည်။

"ဟုတ်တာပေါ့"

ကျုံချင်းယွီက ပြတ်သားစွာ ပြောလိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ယင်းသည် ပေဟန်လီအား ရယ်မောစေခဲ့သည်။ ကျုံချင်းယွီ၏ ရယ်သံထက်ပို၍ ပေါ့ပါးသော ရယ်သံမျိုးပင်ဖြစ်သည်။

ခြံဝင်းထဲ၌ ခြေသံများ ပဲ့တင်ထပ်လာခဲ့သည်။ ကျုံယန်စီ အိမ်ဟောင်းကြီးသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

မွေးနေ့ပွဲပြီးသည့်နောက် ကျုံကော်ပိုရေးရှင်းသို့ ပြန်သွားခဲ့ကာ စာရွက်စာတမ်းအချို့ကို ပြန်လည်စစ်ဆေးခဲ့ခြင်းကြောင့် ပေဟန်လီထက် ပို၍ နောက်ကျမှသာ ရောက်ရှိလာခြင်း ဖြစ်သည်။

ကျုံချင်းယွီသည် ကျုံယန်စီအား မြင်လိုက်ရသည့်အခါ သူမ၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူမ၏ မျက်နှာအမူအရာအား ခန့်မှန်း၍မရနိုင် ပျော်ရွှင်ခြင်းလည်း မရှိသကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်နေခြင်းလည်း မရှိပေ။

ပေဟန်လီသည် ကျုံချင်းယွီနားသို့ ကပ်သွားပြီး တီးတိုးပြောလိုက်သည်။

"သခင်မလေး ကျုံယန်စီနဲ့ ဆက်ပြိုင်ဖို့ စဉ်းစားနေတုန်းပဲလား"

"သေချာတာပေါ့”

ကျုံချင်းယွီသည် သူမ၏ ရည်မှန်းချက်ကို ဖုံးကွယ်မထားပေ။ သူမသည် ကျုံယန်စီအား အနိုင်ယူရန် အိပ်မက်မက်နေခဲ့သည်။

"ပေယွဲ့ပိုင် မရှိရင် မမလေးမှာ ကျွန်တော် ရှိနေပါသေးတယ်၊ ကျွန်တော် မမလေးကို ကူညီပေးနိုင်ပါတယ်"

ကျုံချင်းယွီက ပေဟန်လီကို သံသယမျက်လုံးများဖြင့် ကြည့်သည်။

"ရှင်တို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား၊ ကျွန်မကို လာနောက်နေတာလား"

ပေဟန်လီသည် ကျုံချင်းယွီအား ပြုံးပြသည်။ သူ့အကြည့်က တည်ငြိမ်နေသည်။ သူတို့နှစ်ဦးကြား အကွာအဝေးက နီးကပ်သော်လည်း အနှောင့်အယှက်မရှိပေ။

"ကျွန်တော် ဘယ်လိုလုပ် စရဲပါ့မလဲ မမလေးရယ်၊ ကျွန်တော်က မမလေးအပေါ်မှာဆို အမြဲ လေးနက်ပါတယ်"

"ဦးလေးယူ ဧည့်သည်ကို ပြန်လိုက်ပို့လိုက်ပါ"

ကျုံယန်စီ၏ မျက်လုံးများ နက်မှောင်သွားပြီး သူသည် အလျင်အမြန် ရှေ့တိုးကာ ပေဟန်လီအား ကျုံချင်းယွီနှင့် ခွဲလိုက်သည်။

ပေဟန်လီကသည်နောင်တရနေပုံ ပေါက်သော်လည်း ကျုံချင်းယွီအား ယဉ်ကျေးယဥ်‌ကျေး နှုတ်ဆက်သည်။

"ဒါဆိုရင် မမလေး နောက်မှတွေ့မယ်နော်”

"သခင်လေးပေ ဒီဖက်ပါ ခင်ဗျ”

အိမ်တော်ထိန်း ဦးလေးယူသည် ပေဟန်လီအား ပြန်လိုက်ပို့သည်။

ကျုံချင်းယွီသည် လက်ပိုက်ရင်းဖြင့် ပေဟန်လီ ထွက်သွားသည်ကို ကြည့်နေပြီးနောက် ကျုံယန်စီဘက်သို့ လှည့်ကာ လှောင်ပြောင်သည့် လေသံဖြင့် ပြောသည်။

"ဘာလဲ ငါ ပေဟန်လီနဲ့ ပေါင်းလိုက်ရင် နင်ငါ့ကို အနိုင်မယူနိုင်တော့မှာကို စိုးရိမ်နေတာလား"

ကျုံယန်စီသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။

"ကျင်းနက်ကြီးတစ်ခုကနေ အခုမှလွတ်လာပြီး နောက်ထပ်တစ်ခုထဲကို ထပ်ကျသွားပြီလို့ ငါထင်သွားတာ"

ကျုံချင်းယွီသည် နားမလည်စွာဖြင့် ကြည့်လိုက်သည်။

"ဘာကို ဆိုလိုတာလဲ၊ နင်က ပေဟန်လီကို အထင်မကြီးဘူးလား၊ နှစ်ယောက်သား ရင်းနှီးကြတယ်မလား"

သူတို့ ရင်းနှီးလွန်းသောကြောင့်သာ ကျုံယန်စီသည် ပေဟန်လီကို ကောင်းစွာသိသည်။ ပေယွဲ့ပိုင်သည် အရှင်းသားပင် ထုံထိုင်းကာ ဖျက်လိုဖျက်ဆီးစိတ်ရှိသူဖြစ်သည်။

သိူ့သော် ပေဟန်လီသည်၊ သူသည် နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးသည့် ပုံစံရှိသော်လည်း အရိုးပင် မကျန်အောင် ဝါးမြိုပစ်မည့် လူစားမျိုးဖြစ်သည်။

ကျုံယန်စီသည် "သူ့ကို နင် အနိုင်ရမှာ မဟုတ်ဘူး၊ ပေမိသားစုထဲက သစ္စာဖောက်တွေကို သူ ရှင်းပစ်တုန်းက တစ်မိသားစုလုံးကို ရူးသွားအောင် လုပ်ခဲ့တာ" ဟု ပြောသည်။

ကျုံချင်းယွီသည် ပခုံးတွန့်လိုက်ကာ

"ပေယွဲ့ပိုင်ထက်တော့ မဆိုးနိုင်ပါဘူး" ဟု ပုံမှန်အတိုင်း ပြောလိုက်သည်။

ကျုံယန်စီတစ်ယောက် ပြန်မငြင်းနိုင်ပေ။ နှိုင်းယှဉ်ရလျှင် ပေဟန်လီသည် သူ့ကို နောက်ကျောမှ ဓားဖြင့် ထိုး၍ သစ္စာမဖောက်နိုင်သဖြင့် ညီအစ်ကိုဟု အနည်းဆုံးအားဖြင့် ခေါ်နိုင်သူတစ်ဦးဖြစ်သည်။ သို့သော် ပေယွဲ့ပိုင်အား လုံးလုံးပင် ပြန်ပြင်ဆင်၍ မရနိုင်တော့‌ချေ။ သို့တိုင် တူညီသော ယုတ်ညံ့သည့်ဖခင်တစ်ဦးတည်းမှ မွေးဖွားလာသည့် လူယုတ်လူညံ့နှစ်ယောက်ကြား မည်သည့် ကွာခြားမှုများ ရှိဦးမည်နည်း။

"နင်..."

ကျုံယန်စီက ရိုးသားစွာ မေးသည်။

"အမှိုက်တွေထဲကနေ ရည်းစားတွေ ဆက်ရှာနေတာ ရပ်လိုက်လို့ မရဘူးလား"

ကျုံချင်းယွီက သူ့ကို ကြည့်လိုက်သည်။

"နင် အရမ်းလွန်နေတယ်လို့ မထင်ဘူးလား၊ ပြီးတော့ အခု ငါ့မှာ ယန်ရှီနဲ့ ပေဟန်လီ ရှိနေပြီ နင်တော့ ဒုက္ခရောက်ပြီ၊ ကျုုံကော်ပိုရေးရှင်းက မကြာခင် ငါ့ အပိုင်ဖြစ်လာလိမ့်မယ်”

ကျုံယန်စီက သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ကျုံချင်းယွီအား သူ ထိန်းချုပ်၍ မရတော့ပေ။

နှစ်ဦးသား အဓိက ခန်းမထဲသို့ လမ်းလျှောက်ဝင်လာကြသည်။ နှင်းဆီသစ်သား လက်တင်ကုလားထိုင်များသည် အလင်းရောင်အောက်တွင် ညင်သာစွာ တောက်ပနေပြီး ထာဝရ ခမ်းနားမှုကို ထုတ်ဖော်ပြသနေခဲ့သည်။ လွန်ခဲ့သော နှစ်ရက်ကပင် ကျုံယန်စီ အိမ်ပြန်ရောက်လာသည့်အချိန်တွင် ယန်ရှီသည် ထိုနေရာ၌ သူ့ကို ထိုင်စောင့်နေခဲ့သည်။ သို့သော် ယနေ့မူ သူမကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

"ယန်ရှီ ဘယ်မှာလဲ"

ကျုံယန်စီက ကျုံချင်းယွီကို မေးလိုက်သည်။

"မင်းတို့ နှစ်ယောက် အတူတူ ရှိနေတာမဟုတ်ဘူးလား"

ကျုံချင်းယွီက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

"နင် ဆိုရှယ်မီဒီယာ‌ရော တကယ်သုံးရဲ့လား"

သို့သော် သူမ ဆက်၍ မမေးတော့ပေ။

"ယန်ရှီ ရှင်းယောင်ကို သွားတယ်၊ ငါ့ဖက်က ကျုံကော်ပိုရေးရှင်းနဲ့ ထျန်ဟွေကြားက ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်လိုက်တာမလို့ ထောက်ခံချက်တွေ အကုန်လုံး ရဖို့အခွင့်အရေးရှိနေပြီ ယန်ရှီက အဲဒါတွေ ကိုင်တွယ်ဖို့ သွားတာ"

"အမှန်တိုင်းပြောရရင် သူခုထိ ဒဏ်ရာတွေနဲ့ ရှိသေးတယ်၊ ဘာကိစ္စ ညကြီးအချိန်မတော် ပြေးလွှားနေရတာလဲ၊ ငါ သူ့ကို အလုပ်သင်အဖြစ် ခေါ်ထားတာလေ၊ အလုပ်ခိုင်းပြီး အရိုးဆွေးအောင် ခိုင်းဖို့ မဟုတ်ဘူး၊ မနက်ဖြန် သူ ရုပ်သံအစီအစဉ် ရိုက်ရဦးမယ်”

ရွှေ့အန်းလင်တယ်ရှိ ဇိမ်ခံတိုက်ခန်းတွင် ဖန်းမေယွီသည် ပေယွဲ့ပိုင်ကို တရစပ် ဆူပူကြိမ်းမောင်းနေသည်။

"အဲဒီလို မိန်းမမျိုးအတွက် မင်းက ကျုံကော်ပိုရေးရှင်းရဲ့ သခင်မလေးကို စွန့်လွှတ်လိုက်တာလား၊ အခု ထျန်ဟွေ့ရန်ပုံငွေတွေ ကုန်တော့မယ် မင်း ပျော်ပြီလား"

ဖန်းမေယွီသည် အစောပိုင်းက ကျုံချင်းယွီကို ဖုန်းခေါ်ခဲ့သော်လည်း ကျုံချင်းယွီသည် သူမ၏ ဖုန်းနံပါတ်ကိုပါ ဘလော့ထားသည်ကို တွေ့လိုက်ရသည်။ သူမသည် နှစ်နှစ်တာလုံးလုံး ကြံစည်နေခဲ့ခြင်းဖြစ်သည်။ ပေယွဲ့ပိုင်နှင့် ကျုံချင်းယွီတို့ အကယ်၍ လက်မထပ်ဖြစ်လျှင်တောင် ယနေ့ မွေးနေ့ပွဲကိုသာ ဖြတ်ကျော်နိုင်ခဲ့လျှင် သူမ အဖွဲ့၏ ရှယ်ယာ ၃% ကို ရရှိမည်ဖြစ်သည်။

ဆုကြီးသည် သူမလက်ထဲမှ လျှောထွက်သွားခဲ့ပြီဖြစ်ရာ ဖန်းမေယွီ မူးမေ့လဲကျတော့မည်အလား ခံစားနေရသည်။ ဖခင်နှင့်သား၊ ဖခင်သည် သူ၏ သားအကြီးဆုံးကိုပင် ပါးပါးနပ်နပ် မဆုံးမနိုင်ချေ။

သားငယ်သည်လည်း မိန်းမတစ်ယောက်ကိုတောင် မထိန်းနိုင်ပေ။ နှစ်ဦးစလုံး တစ်စက်ကလေးမျှ အသုံးမကျကြပေ။

"မား ကျုံချင်းယွီက သူ့သူငယ်ချင်းရဲ့ သြဇာလွှမ်းမိုးသွားလို့ဖြစ်မှာပါ၊ သူ ကျွန်တော့်ကို နှစ်နှစ်လုံးလုံး ချစ်ခဲ့တာ ဘယ်လိုလုပ် ဒီလိုမျိုး ဖြတ်ပစ်နိုင်မှာလဲ၊ သူ ဒေါသထွက်နေတာလောက်ဘဲ ကျွန်တော် သူ့ကို ချော့ကြည့်မယ်၊ မကြာခင် စိတ်ပြေသွားမှာပါ"

ဖန်းမေယွီသည် အလွယ်တကူ လှည့်ဖြား၍ရသောသူ မဟုတ်ပေ။ လှည့်ဖြားမှုနှင့် ပတ်သက်လျှင် သူမသည် ပေယွဲ့ပိုင်ထက် များစွာ ကျွမ်းကျင်မှုရှိသည်။

"သူ ဒေါသထွက်နေရုံဆိုရင် စေ့စပ်မှုကို ဖျက်သိမ်းဖို့ ရှေ့နေကို လွှတ်မှာလား၊ ဒေါသထွက်နေရုံဆိုရင် ထျန်ဟွေ့ရဲ့ အရင်းအမြစ်တွေ အားလုံးကို ပြန်ရုပ်သိမ်းမှာလား၊ ဒေါသထွက်နေရုံသက်သက်ဘဲဆိုရင် မင်းကို လုံးဝ မတွေ့ဘူးလို့ ငြင်းမှာလား"

ဖန်းမေယွီသည် အမျိုးသမီးတစ်ဦး၏ အမျိုးသားအပေါ် စိတ်ပျက်အားငယ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ စုဆောင်းလာပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့် ဆုံးမှတ်တစ်ခုသို့ ရောက်ရှိလာနိုင်သည်ကို ကောင်းစွာသိသည်။ ထိုအမှတ်မရောက်မီတွင် သူတို့သည် အချစ်ဇာတ်လမ်းဆန်ဆန် နေနိုင်သော်လည်း ထို့နောက်တွင်မူ သူမသည် အေးစက်စွာ ပြုမူနိုင်ပြီး သူ့ကို လုံးဝ မသိသည့် သူစိမ်းသကဲ့သို့ ဆက်ဆံနိုင်သည်။

သူမသည် ပေပါးပါးအပေါ်တွင်လည်း ထိုနည်းအတိုင်း ပြုမူခဲ့ဖူးသည်။

ဖန်းမေယွီသည် ပေပါးပါး၏ လိမ်ညာမှုများထဲတွင် အကြိမ်ကြိမ် နစ်မြုပ်နေခဲ့သည်။ ပေပါးပါးသည် ဇနီးသည်ပေနှင့် ကွာရှင်းမည်၊ လမ်းခွဲမည်ဟု အကြိမ်ကြိမ် ကတိပေးခဲ့သော်လည်း အရာအားလုံး က အချည်းနှီးသက်သက်ပင်။ သူမသည် မယားငယ်ဘဝ၏ ပေါ့ပါးသော ဘဝပုံစံကို ပေမိသားစုတွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် ဆန္ဒအလျောက် စွန့်လွှတ်ခဲ့သည်။ ပေယွဲ့ပိုင်အား ပြုစုစောင့်ရှောက်ရင်းဖြင့် ပေဟန်လီနှင့် ပေမိသားစု၏ ပိုင်ဆိုင်မှုများအတွက် ယှဉ်ပြိုင်လိုစိတ်ရှိခဲ့ခြင်း ဖြစ်သည်။ သူမ ရှုံးနိမ့်ခဲ့သော်လည်း ပေယွဲ့ပိုင်သည်တော့ မရှုံးနိမ့်နိုင်ပေ။

"ဒီတစ်ခါ ကျုံချင်းယွီက တကယ်ပဲ စိတ်ပိုင်းဖြတ်လိုက်ပြီဆိုတာ နားလည်ရမယ်၊ ဘာမှမလုပ်ရင် ကျုံကော်ပိုရေးရှင်းဆီက ဘယ်တော့မှ အကူအညီ ရတော့မှာ မဟုတ်ဘူး"

နောက်ဆုံးတွင် မိခင်၏ စကားများသည် ပေယွဲ့ပိုင်ကို အကျပ်အတည်း အခြေအနေသို့ ကျရောက်‌စေသည်ကို ခံစားလိုက်ရသည်။ ပေယွဲ့ပိုင်သည် ကျုံချင်းယွီအား မချစ်မနှစ်သက်သော်လည်း ကျုံကော်ပိုရေးရှင်း၏ အကူအညီမပါဘဲ မရှင်သန်နိုင်ပေ။

ပေယွဲ့ပိုင်က ခေါင်းငုံ့လိုက်သည်။

"ချင်းယွီက မနက်ဖြန် အစီအစဉ်သစ်တစ်ခုမှာ ပါဝင်မှာ၊ ကျွန်တော် လေဆိပ်ကို သွားပြီး လိုက်ပို့မယ် သူ့စိတ်ကို ပြန်ရအောင် အစွမ်းကုန် ကြိုးစားမယ်”

ဖန်းမေယွီက ခေါင်းညိမ့်လိုက်သည်။

"ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး၊ မင်း ထျန်ဟွေ့ရဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ လိုတယ်၊ နိုင်ငံခြားသွားဖို့ လည်း အဆင်မပြေဘူး ဒါပေမဲ့ ကျုံချင်းယွီကို နေ့တိုင်း ဖုန်းဆက်ပြီး သူ့ကို ပိုဂရုစိုက်ရမယ်၊ သူ ဘယ်လောက်ပဲ အပေါ်စီးက ဆက်ဆံပြီး စိတ်ထင်တိုင်း ကြမ်းပါစေ မင်းက အမြဲတမ်း သူ့သဘောကို လိုက်လျောရမယ် နားလည်လား"

ပေယွဲ့ပိုင် မလုပ်ချင်သော်လည်း သဘောတူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

"နားလည်ပါပြီ"

ဖန်းမေယွီက ဆက်ပြောသည်။

"မင်းရဲ့ အချစ်တော်ကလည်း မနက်ဖြန် လေဆိပ်ကို သွားမှာ မဟုတ်လား"

ပေယွဲ့ပိုင်တစ်ယောက် တောင့်တင်းသွားသည်။ သူ၏ မိခင်က ရဲ့လော်ယီအား ပြောနေကြောင်း သူ သိသည်။

"မယားငယ်ထားတာပဲ ရှက်စရာ မဟုတ်ပါဘူး"

ဖန်းမေယွီသည် ထိုကိစ္စကြောင့် မရှက်ကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်သည် ပေပါးပါး၏ မယားငယ်ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။

"ကျုုံချင်းယွီကို လိုက်ပို့တဲ့အခါ ရဲ့လော့ယီ မြင်အောင် မင်း လုပ်ရမယ်၊ အဲဒါမှ ကျုံချင်းယွီ ပျော်သွားလိမ့်မယ်"

ပေယွဲ့ပိုင်၏ မျက်ဆံများ ရုတ်တရက် ကျုံ့သွားသည်။

"မား!"

သူသည် ကျုံချင်းယွီက သီးသန့်ဂျက်လေယာဉ်နှင့်သွားမည်ဖြစ်ပြီး လာမည့်နေ့ ကျုံချင်းယွီအား လိုက်ပို့လျှင်တောင် ရဲ့လော်ယီနှင့် ဆုံလောက်မည်မဟုတ်ဟု ထင်ခဲ့သည်။

ပေယွဲ့ပိုင်သည် ရဲ့လော့ယီအပေါ်၌ အပြစ်ရှိသလို ခံစားရသည်။ ယနေ့ သူမ ဝမ်းနည်းစွာ ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ ပေယွဲ့ပိုင်သည် သူ၏ နှလုံးသားအား ဆုတ်ဖြဲခံလိုက်ရသလိုပင်။

ပေယွဲ့ပိုင်သည် အသံဩဩဖြင့် အော်လိုက်သည်။

"မား ကျွန်တော် ယီယီ့ကို တကယ် သဘောကျတယ်!"

"သူ့ကို မြင်အောင် လုပ်ကို လုပ်ရမယ်” ဖန်းမေယွီသည် အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။

"ကျုံချင်းယွီက အဲမိန်းမကြောင့် မင်းနဲ့ ပြတ်သွားတာ ဖြစ်နိုင်တယ် အပေါ်ယံဘဲဖြစ်ဖြစ် အဲမိန်းမကို ဂရုမစိုက်ဘူးဆိုတာ ပြရမယ်၊ ပြောတာ နားလည်လား"

ပေယွဲ့ပိုင်သည် "ဒါပေမဲ့ ကျွန်တော်က..."

"ပေမိသားစုနဲ့ အခြားအရာတွေအားလုံးကို မလိုချင်တော့ဘူးလား"

ဖန်းမေယွီက ပေယွဲ့ပိုင်ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။

ပေယွဲ့ပိုင်သည် အချိန်အတော်ကြာ ရုန်းကန်နေရသည်။ သူ၏ နှလုံးသား စုတ်ပြဲသွားသည့် အသံကိုပင် သူ ကြားရမတတ်ပင်။

ပေယွဲ့ပိုင်သည် ရဲ့လော့ယီအား မထိခိုက်ချင်သော်လည်း ယခု သူ့၌ ရွေးချယ်စရာ တစ်ခုမျှမရှိတော့ကြောင်း သူ သိသည်။ ထိုညတွင် အပျော်ရွှင်နေဆုံးသူမှာ ယန်ရှီ ဖြစ်ပုံရသည်။ ယန်ရှီသည် ညနှောင်းပိုင်းအထိ ရှင်းယောင်၌ အချိန်ပိုဆင်းနေခဲ့သော်လည်း ရုံးဝန်ထမ်းများကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ဟန် မပြပေ။ ချောင်ရန်သည် ထောက်ခံကြေး ပရောဂျက်များစွာကို စာရင်းပြုစုထားခဲ့ကာ ယင်းတို့သည် ကျုံကော်ပိုရေးရှင်းမှ ထျန်ဟွေ့နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ပြီးနောက် ရှင်းယောင်မှ အနုပညာရှင်များ ထောက်ခံနိုင်သော ထုတ်ကုန်များဖြစ်သည်။

ယန်ရှီသာမက ချောင်ရန်ပင် မျက်ရည်ကျလုနီးပါး ဖြစ်နေခဲ့သည်။

"ကျုံကော်ပိုရေးရှင်းက ပရောဂျက်တွေ အများကြီးပဲ မမလေး စီမံတဲ့အပိုင်းက နည်းနည်းလေးဆိုပေမယ့် ကျွန်မတို့အတွက်တော့ ကိတ်မုန့်ကြီးကြီးတစ်တုံးလိုပဲ ရှင်းယောင်အနုပညာရှင်တွေကတော့ မြှင့်တင်တာမျိုး ခံစားနိုင်ပြီ"

ယန်ရှီက ခေါင်းတဆတ်ဆတ် ညိမ့်လိုက်သည်။

ကျုံကော်ပိုရေးရှင်း၏ အရင်းအမြစ်များကို ရှင်းယောင်အနုပညာရှင်များအား ထောက်ခံစေခြင်းသည် ကျိုးကြောင်းဆီလျော်မှုရှိသည်။

သို့သော် ဤအနုပညာရှင်များကို စစ်ဆေးရန် လိုအပ်နေသေးသည်။ လူတိုင်း အရည်အချင်းပြည့်မီခြင်း မရှိပေ။ ဝတ္ထုထဲတွင် ကျုံကော်ပိုရေးရှင်း ဒေဝါလီခံရသောအခါ သစ်ပင်တစ်ပင်လဲကျလျှင် ငှက်ကလေးများ ကွဲလွင့်ဝေးကွာသွားသကဲ့သို့ လူအများအပြားသည်လည်း ကျုံကော်ပိုရေးရှင်းကို ဆန့်ကျင်ခဲ့ကြသည်။ ထိုသို့သော ကျေးဇူးကန်းသူများကို ဖယ်ရှားပစ်ရမည်။

ရှုယန်ယန်သည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။

ယန်ရှီ၏ မှတ်ဉာဏ်က အလွန်ပင်ကောင်းသည်။ သူမသည် ရှုယန်ယန်၏ ကိုယ်ရေးအကျဉ်းကို ထောက်ပြလိုက်သည်။

"ညီမချောင်ရန်၊ ကျွန်မ မှတ်မိသလောက် ကျွန်မတို့ ရသစုံအစီအစဉ်မှာ ပါတုန်းက ကုမ္ပဏီက ရှုယန်ယန်ကို ခရီးသွားအစီအစဉ်ဆွဲဖို့ ယွမ်တစ်သန်း လွှဲပေးခဲ့တယ်၊ အခု ကျွန်မ သွားရတော့မယ်ဆိုတော့ အဲဒီပိုက်ဆံ ပြန်ယူသင့်တယ်မလား"

ချောင်ရန်သည် ထိုအကြောင်းကို မေ့လုနီးပါး ဖြစ်သွားသည်။

"အဲဒီပိုက်ဆံက မမလေးရဲ့ ကိုယ်ပိုင်အကောင့်ကနေ လွှဲပေးခဲ့တာ မမလေးက မပြောခဲ့တော့ ကျွန်မတို့လည်း မေ့နေခဲ့တာ၊ ကျွန်မ ရှုယန်ယန်ကို နောက်မှ သတိပေးလိုက်မယ်"

ယန်ရှီသည် "သူ ပိုက်ဆံ မပြန်ပေးရင် ထောက်ခံကြေး ဘာတစ်ခုမှ ရမှာမဟုတ်ဘူးလို့ ပြောလိုက်ပါ"

ချောင်ရန်သည် "ပြန်ပေးရင်ရော ထောက်ခံကြေး ပေးမှာလား" ဟု မေးလိုက်သည်။

ယန်ရှီက ပခုံးတွန့်လိုက်သည်။

"ပြောရုံသက်သက်ပါပဲ"

ချောင်ရန်က ရယ်မောလိုက်သည်။ ယန်ရှီသည် အပြစ်ကင်းစင်ဟန် ပေါက်သော်လည်း သူမတွင် ဝါရင့်သူများထက် ပိုမိုများပြားသော နည်းပရိယာယ်များ ရှိသည်။

ချောင်ရန်သည် ထောက်ခံကြေး ပရောဂျက်စာရင်းကို စုစည်းနေစဉ် ယန်ရှီသည် System မှ သတိပေးချက်တစ်ခုကို လက်ခံရရှိခဲ့သည်-

[ဒင်၊ မွေးနေ့ပွဲ၏ ဇာတ်ကွက်ကို ပြောင်းလဲခြင်းဖြင့် ကျုံချင်းယွီသည် ကံကောင်းခြင်းအမှတ် ၅ မှတ် ရရှိပါသည်]

[စေ့စပ်မှုကို ဖျက်သိမ်းခြင်းဖြင့် ကျုံချင်းယွီသည် ကံကောင်းခြင်းအမှတ် ၅ မှတ် ရရှိပါသည်]

[ရှင်းယောင်မှ အနုပညာရှင်များ အရင်းအမြစ်အချို့ ရရှိပြီးနောက်၊ အလုံးစုံ စစ်ဆေးမှုများအရ ကျုံချင်းယွီသည် ကံကောင်းခြင်းအမှတ် ၅.၃ မှတ် ရရှိခဲ့သည်၊ သူမ၏ လက်ရှိ ကံကောင်းခြင်းတန်ဖိုးမှာ ၄၇.၂ မှတ် ဖြစ်သည်]

ယန်ရှီ၏ စိတ်ထဲတွင် သတိပေးချက်သုံးခု တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ကျုံချင်းယွီသည် ကံကောင်းခြင်းအမှတ် ဤမျှလောက် များများစားစား ရရှိသည်ကို ယန်ရှီတစ်ယောက် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများ လင်းလက်တောက်ပလာသည်။

[Host! ကံကောင်းခြင်းတန်ဖိုးက ၄၅ မှတ် ကျော်သွားပြီ အရမ်းကောင်းတယ်]

အလင်းလုံးလေးသည် ခုန်ပေါက်နေခဲ့သည်။ ယခင်က ကံကောင်းခြင်းတန်ဖိုး ၀.၁ မှတ် ရဖို့ပင် ခက်ခဲခဲ့သော်လည်း ယခု၌ ၁၅ မှတ် တိုက်ရိုက် တိုးလာခဲ့၏။ မည်မျှတောင် မိုက်လိုက်သနည်း။

"နေဦး!"

ယန်ရှီ တစ်ခုခုကို သတိထားမိသွားသည်။

"မွေးနေ့ပွဲရဲ့ ဇာတ်ကွက်က သတ်မှတ်ထားတဲ့ ဇာတ်ကွက်တစ်ခုပဲ ပြီးသွားတာနဲ့ ပြောင်းလဲလို့ မရတော့ဘူး၊ စေ့စပ်မှု ဖျက်သိမ်းတာနဲ့ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး... ချင်းချင်းရဲ့ ၂၄ နာရီ အတွေ့အကြုံကတ် သက်တမ်းကုန်သွားရင် ဒီအရာတွေ ပျောက်ကွယ်သွားနိုင်လား"

[ဖြစ်နိုင်ပါတယ်]

[နှစ်ယောက်သား ပြန်စေ့စပ်မယ်ဆိုရင် ကံကောင်းခြင်းအမှတ်ရဲ့ ဒီအပိုင်းက ပျောက်ကွယ်သွားမှာပါ]

[အရင်းအမြစ်တွေအတွက်လည်း အတူတူပါပဲ၊ သခင်မလေးက အရင်းအမြစ်တွေကို ထျန်ဟွေ့ကို ပြန်ပေးလိုက်ရင် ကံကောင်းခြင်းအမှတ်လည်း လျော့ကျသွားမှာပါ]

[တကယ်တော့ ကံကောင်းခြင်းအမှတ်ကို နုတ်ယူနိုင်ပါတယ်၊ မင်း နိုးထလာပြီးကတည်းက သခင်မကြီးနဲ့ သခင်မလေးကို ဒုက္ခမပေးခဲ့တဲ့အတွက် ကံကောင်းခြင်းတန်ဖိုးတွေ အမြဲရနေခဲ့တာပါ၊ တကယ်တမ်းကျတော့ ဒီအရာက တိုးလည်း တိုးနိုင်၊ လျော့လည်း လျော့နိုင်ပါတယ်]

ယန်ရှီ နားလည်သွားသည်။

"ဒါဆို ကံကောင်းခြင်းအမှတ် ၆၀ မှတ် မရောက်ခင်မှာ ချင်းချင်းကို အဲလူလိမ် ပေနဲ့ ပြန်စေ့စပ်ခွင့် မပြုရဘူး ပြီးတော့ အရင်းအမြစ်တွေကိုလည်း ထျန်ဟွေ့ကို ပြန်ရောက်ခွင့် ပြုလို့မရဘူး ဟုတ်တယ်မလား"

System က ပြန်ဖြေသည်။

[အဲဒါပဲ... နေပါဦး အဲလူလိမ် ပေဆိုတာ ဘယ်သူလဲ]

ယန်ရှီက "ပေယွဲ့ပိုင် အဲ့အယုတ်တမာ" ဟု ပြောလိုက်သည်။

System: …

ယန်ရှီသည် မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်သည်။ ကံကောင်းခြင်းအမှတ် ၃၀ မှတ် ကျန်နေသေးလျှင် တကယ်ကို အခက်တွေ့မည်ပင်။ သို့သော် ယခု၌ ၆၀ မှတ်ရောက်ရန် ၁၃ မှတ်တောင် မလိုတော့ပေ။ ပြဿနာ သိပ်မရှိချေ။

"ဒါနဲ့ ခုနလေးတင် ရာအိုချီက ရဲ့လော့ယီက ဂျင်ဒင်အပြင်မှာ ပေယွဲ့ပိုင်ကို ပါးရိုက်လိုက်တယ်လို့ ပြောတာ ကြားလိုက်တယ်"

[ဟုတ်တယ် ဒီပါးရိုက်တာလည်း ဝတ္ထုထဲမှာ ပါတာပဲ]

[ဝတ္ထုရဲ့ သုံးပုံနှစ်ပုံလောက်မှာတော့ အဓိကဇာတ်ကောင် အမျိုးသားနဲ့ အမျိုးသမီးကြားမှာ ပဋိပက္ခကြီးတစ်ခု ဖြစ်လိမ့်မယ်၊ မွေးနေ့ပွဲမှာ သခင်မကြီးနဲ့ အဲလူလိမ် ပေ... အာ ပြောချင်တာက ပေယွဲ့ပိုင်ရဲ့ မင်္ဂလာပွဲကို ကြေညာလိုက်တာက အဓိကဇာတ်ကောင် အမျိုးသားနဲ့ အမျိုးသမီးကြားက ဆက်ဆံရေးကို စမ်းသပ်တာပဲ]

[သခင်မကြီး နိုးထလာပြီဆိုပေမယ့် အဓိကဇာတ်ကောင် အမျိုးသားနဲ့ အမျိုးသမီးကတော့ မနိုးထသေးဘူး ဒီစမ်းသပ်မှုကတော့ ဖြစ်ကို ဖြစ်လာတာပဲ]

"ဪ"

ယန်ရှီက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

"နားလည်ပြီ ဒါက ဇာတ်ကွက်ရဲ့ အထွတ်အထိပ်ပဲ"

[ဘင်ဂို!]

"အဓိကဇာတ်ကောင် အမျိုးသားနဲ့ အမျိုးသမီး ဒီစမ်းသပ်မှုကို မကျော်ဖြတ်နိုင်ရင် ဘယ်လိုလုပ်မလဲ"

System က ရယ်မောပြီး ပြောလိုက်သည်။

[ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူတို့က အဓိကဇာတ်ကောင် အမျိုးသားနဲ့ အမျိုးသမီးတွေပဲလေ‌]

ယန်ရှီ၏ မျက်လုံးထောင့်တွင် လျှပ်ခနဲ တစ်ချက် ဖြစ်သွားသည်။

"ဝတ္ထုရဲ့ ဇာတ်ကွက်က ဒီလောက် ပြောင်းလဲသွားတာ ဘယ်သူ သိနိုင်မှာလဲ"

System ၏ အမူအရာသည် ချက်ချင်းပင် တည်ကြည်သွားသည်။ ၎င်း၏ ဝိုင်းစက်သော မျက်လုံးများ ဖြည်းညှင်းစွာ ပြူးကျယ်လာပြီး စကားပြောသည့်အခါ အနည်းငယ် ထစ်အသွားသည်။

[မ - မဖြစ်နိုင်ပါဘူးနော်]

ယန်ရှီသည် ဇာတ်လမ်း၏ အဓိက ဇာတ်ကောင် အမျိုးသားနှင့် အမျိုးသမီးများ ပျော်ရွှင်သော အဆုံးသတ် ရရှိမည်လား မသိသကဲ့သို့ ဂရုလည်း မစိုက်ပေ။ ရှင်းယောင်တွင် အလုပ်ပြီးသောအခါ ည ၁၁ နာရီကျော်နေပြီ ဖြစ်သည်။ အခြားနည်းလမ်း မရှိတော့ပေ။ မနက်ဖြန်၌ ရသစုံအစီအစဉ် ရိုက်ကူးရန် ရှိသောကြောင့် ယန်ရှီသည် အရာအားလုံးကို တတ်နိုင်သမျှ ပြီးစီးအောင် လုပ်ဆောင်ရန်လိုသေးသည်။ ကံကောင်းစွာဖြင့် ချောင်ရန်ကဲ့သို့သော သူများသည် အရည်အချင်းရှိကြသည်။ ကျုံချင်းယွီတစ်ယောက် ဇာတ်ကွက်၏ ဖိအားကြောင့် ပြဿနာမရှာသရွေ့ ကြီးကြီးမားမား ပြဿနာ ဖြစ်လာမည် မဟုတ်ပေ။

ယန်ရှီသည် ရှင်းယောင်မှ ထွက်လာစဉ် ကျုံချင်းယွီက သူမကို ဖုန်းခေါ်လိုက်သည်။

"မင်းကို စောစော ဖုန်းဆက်ဖို့ ပြောထားတာ မဟုတ်ဘူးလား ဒါမှ ငါရှောင်မုန့်ကို လာကြိုခိုင်းလို့ရမှာလေ"

ယန်ရှီက "ဒီလောက် ညဉ့်နက်နေပြီ ရှောင်မုန့်လည်း အနားယူနေလောက်ပြီပေါ့" ဟု ပြောလိုက်သည်။

ကျုုံချင်းယွီက "ဒါဆို ငါလာကြိုရမလား" ဟု ပြန်ဖြေသည်။

ယန်ရှီသည် "မလိုဘူး တက္ကစီ စီးသွားလိုက်မယ်" ဟု ပြောလိုက်သည်။

အပြင်မှာ မိုးများ သဲကြီးမဲကြီး ထစ်ချုန်းရွာနေခဲ့သည်။ လင်းဟိုင်မြို့၏ နွေရာသီတွင် မိုးကြိုးမုန်တိုင်းများ အမြဲတမ်းဆိုသလို ပုံမှန်ပင် ရှိ

နေတတ်သည်။

ယန်ရှီသည် ကားငှားသည့် အက်ပလီကေးရှင်းကို ဖွင့်ကြည့်လိုက်ရာ ခရီးဝေးသောကြောင့် သူမရှေ့တွင် ခရီးသည် ရှစ်ဆယ်ကျော် တန်းစီနေသည်ကို တွေ့လိုက်ရသည်။

ချောင်ရန်က အလုပ်ပြီးဆုံးသောအခါ မြေအောက်ကားပါကင်မှ ကားမောင်းထွက်လာသည်။ သူမသည် ယန်ရှီတစ်ယောက် ရှင်းယောင်ဝင်ပေါက်တွင် တက္ကစီစီးရန် စောင့်နေသည်ကို တွေ့လိုက်ရသည်။

သူမ၏ BMW ကားလေးကို ယန်ရှီဘေးတွင် ရပ်လိုက်ပြီး ပြတင်းပေါက် မှန်ချလိုက်သည်။

"မိုး အရမ်းရွာနေတယ် ဘယ်မှာနေတာလဲ၊ ညီမ လိုက်ပို့ပေးမယ်"

ယန်ရှီသည် တက္ကစီခေါ်ယူသည့် အက်ပလီကေးရှင်းပေါ်ရှိ "စောင့်ဆိုင်းချိန် တစ်နာရီကျော်" ဟူသော စာလုံးများကို ကြည့်လိုက်ပြီးနောက် ချောင်ရန်၏ ချစ်စရာ BMW ဆီဒန်ကားကို ကြည့်လိုက်သည်။

"ကျုံအိမ်တော်ဟောင်း ကျေးဇူးအများကြီးတင်ပါတယ်”

ချောင်ရန်၏ လက်သည် စတီယာရင်ဘီးပေါ်တွင် တောင့်တင်းသွားပြီး သူမက ကားတံခါးများကို အလျင်အမြန် ပိတ်လိုက်သည်။

ယန်ရှီ: ???

ချောင်ရန်က "...စောင့်လိုက်ပါ ပိုက်ဆံ နည်းနည်းထပ်ထည့်ရင် ကားရမှာ သေချာပါတယ်"

ယန်ရှီတစ်ယောက် ဒေါသထွက်သွားသည်

"ချောင်ရန်! လူသားဆန်စမ်းပါ!”

All Chapters