Chapter 49
Vol. 5 Ch. 49
သိပ်မကြာလိုက်ခင်မှာပဲ ရသစုံရှိုးအား ထပ်မံရိုက်ကူးရမည့်အချိန်သို့ရောက်ရှိလာသည်။
ယခုတစ်ခါတွင်မူ ရိုက်ကူးရေးအသင်းသည် ရုတ်တရက်မိတ်ကပ်မလိမ်းထားသည့် မျက်နှာအားလျို့ဝှက်စွာရိုက်ကူးခြင်းမရှိတော့ပေ။ ထိုအစား ပါဝင်မည့်ဧည့်သည်များသည် ရိုက်ကူးရေးမစတင်ခင် လေဆိပ်တွင်စုဝေးခဲ့ကြသည်။
ယန်ရှီနိုးလာချိန်တွင် ကောင်းကင်သည်တောက်ပနေပြီဖြစ်သည်။
နေရာင်ခြည်သည် ပါးလွှာသည့်ခန်းစီးမှဖြတ်သန်းလာကာ အခန်းထဲရှိ အရာအားလုံးအား တောက်ပသောအလင်းရောင်အား ပေးနေလေသည်။ယန်ရှီသည် အပျင်းကြောဆန့်လိုက်ကာ သူမ၏အိပ်ချင်နေသေးသော မျက်လုံးများသည်လည်း တောက်ပသောအလင်းရောင်အား နေသားကျအောင်လုပ်နေလေသည်။ လှပသောနေ့တစ်နေ့သည် သေချာပေါက် ကံကောင်းမှုအမှတ်များနှင့်စတင်သင့်သည်။
ယန်ရှီသည်ပုံမှန်အတိုင်း system အကြောင်းကြားချက်များအားစစ်လိုက်သည်။ သို့သော်ဘာမှမရှိနေပေ။ သူမမျက်လုံးအားပိတ်ပြီးပြန်ဖွင့်လိုက်ကာ
“ system ငါဘာလို့ဒီနေ့ ဘာ လို့ ကံကောင်းမှုအမှတ်မှမရတာလဲ”
System သည်ပုခုံးတွန့်လိုက်ကာ [မသိဘူးလေ]
ယန်ရှီသည်မယုံကြည်နိုင်ပဲ အကြောင်းကြားချက်များအား ထပ်ခါထပ်ခါဆွဲရှာနေမိသည်။ ထင်ရှားသည့်အကြောင်းကြားချက်မှာ ယမန်နေ့မှ ကျုံချင်းယွီရရှိခဲ့သည့် ကံကောင်းမှုအမှတ် တင်ပြချက်သာဖြစ်သည်။ သူမသည်သူမ၏အနည်းငယ် ရှုပ်ပွနေသောဆံပင်အား ကုတ်လိုက်ရင်း
“မနေ့ညက ကျုံယန်စီနောက်ကျတဲ့အထိမအိပ်ပဲနေတာလား”
System: [အဲလိုဖြစ်နိုင်တယ်]
သူမသည်ပါးအားဖောင်းလိုက်ကာ
“သူဘယ်လိုလုပ်သူ့အသက်နဲ့ဆိုင်တာကို မဆင်မခြင်လုပ်နေရတာလဲ”
သူမသည်အလျင်အမြန်ပဲဆေးကြောလိုက် သူမ၏ညအိပ်ဝတ်စုံကိုပါမလဲနိုင်ပဲ ထမင်းစားခန်းထဲသို့သွားကာ ကျုံယန်စီအားရှာနေခဲ့သည်။
[Host အခုကအတော်နောက်ကျနေပြီလေ ကျုံယန်စီကအလုပ်ကိုသွားလောက်ပြီပေါ့ host ရှာတွေ့မှာမဟုတ်ဘူး]
ကျုံယန်စီသည် ပုံမှန်အားဖြင့် မနက်ခြောက်နာရီထကာ ဆေးကြောပြီး လေ့ကျင့်ခန်းလုပ် မနက်စာစား၍ မနက်ရှစ်နာရှီတွင်ရုံးသို့သွားကာ ကုမ္ပဏီသို့ကိုးနာရီခန့်တွင် ရောက်ရှိလေသည်။
ယခုအချိန်သည် ရှစ်နာရီဖြစ်ကာ ပုံမှန်အားဖြင့် သူသည်ထွက်သွားသင့်ပြီဖြစ်သည်။
ယန်ရှီသည်ထမင်းစားခန်းထဲသို့ဝင်သွားကာ ကျုံယန်စီအားမည်သည့်နေရာမှာမျှရှာမတွေ့ပေ။
သူမသက်ပြင်းချလိုက်သည်။
ယန်ရှီသည်အိပ်နေရသည်ကိုသဘောကျကာ ပုံမှန်အားဖြင့်မနက်ရှစ်နာရီတွင်နိုးသည်။ ကျိုအိမ်တော်သို့ရောက်သည့် ဒုတိယနေ့ system မှသူမအား ကံကောင်းမှုအမှတ်များအတွက် နိုးသည့်တစ်ရက်တွင်မူ သူမနှင့်ကျုံယန်စီအတူမနက်စာစားဖူးသည်။ ပုံမှန်အားဖြင့် နှစ်ဦးသားမှာ မနက်ပိုင်းတွင် တွေ့ရန်အခွင့်အရေးမရှိပေ။
အလုပ်ရှုပ်နေသည့်အိမ်အကူများမှလွဲ၍ ရှင်းလင်းနေသည့်ထမင်းစားခန်းကြီးသည် အထီးကျန်သလိုခံစားနေရသည်။ သူမတွင်ယနေ့လုပ်စရာမရှိသည့်အပြင် ယခုအချိန်သည် လေဆိပ်သို့သွားရမည့်အချိန်လည်းမကျသေးပေ။ ကျုံယန်စီသည်လည်း အိမ်တွင်မရှိသောကြောင့် သူမသည်လည်း ပြန်အိပ်ဖို့သွားလိုက်မည်ဖြစ်သည်။
သူမသည်ထွက်သွားရန်လှည့်လိုက်သည့်အချိန်တွင် လူတစ်ဦး၏ရင်ဘတ်အားမထင်မှတ်ထားစွာ ဝင်တိုက်မိလေသည်။ သူမသည် သူမနဖူးအားပွတ်နေရင်း “အာ့” ဟုတစ်ချက်အော်လိုက်ရင်း အပေါ်မော့ကြည့်လိုက်သည့်အခါ အနက်ရောင်ရှပ်အားဝတ်ထားသည့် ကျုံယန်စီအားတွေ့လိုက်ရသည်။
မနက်ခင်းအလင်းရောင်သည် သစ်ရွက်များအားဖြတ်လာကာ သူ့အပေါ်တွင် အရိပ်များအကွက်လိုက်ဖြစ်ပေါ်စေသည်။ ကျုံယန်စီ၏ပုံစံသည် အလင်းရောင်ထဲတွင် ရှည်လျားကာဖြောင့်တန်းနေလေသည်။ သူသည် ယန်ရှီ၏ နဖူးအားလက်ထိပ်လေးဖြင့်ပွတ်ပေးနေသည်။
“အဲတာကနာသွားလို့လား ကိုယ်မင်းရုတ်တရက်ကြီးလှည့်လာမယ်လို့ မထင်ထားလို့ပါ”
ယန်ရှီ၏မျက်လုံးထဲရှိ အံ့ဩမှုသည် စိတ်လှုပ်ရှားမှုအဖြစ်ပြောင်းသွားကာ
“ရှင်အခုထိ ကုမ္ပဏီကိုမသွားသေးဘူးပေါ့”
သူမ၏စူးစိုက်ကြည့်နေမှုသည် ကျုံယန်စီ၏နားရွက်များအား အနည်းငယ်နီလာစေသည်။ သူသည်သူမ၏အကြည့်အားရှောင်လိုက်ကာ သူ၏မျက်လုံးထဲတွင် မသက်မသာဖြစ်သည့်အရိပ်အယောင်များအား အနည်းငယ် မြင်တွေ့လိုက်ရသည်။
“ဟုတ်တယ် ဒီနေ့ကိုယ်ပိုအိပ်မိသွားလို့”
“ပိုအိပ်မိသွားတယ်” အိမ်တော်ထိန်းယွီသည် ပန်းတစ်စီးဖြင့် ထမင်းစားခန်းထဲသို့ လမ်းလျှောက်ဝင်လာကာ အဠဂံပုံစံစားပွဲပေါ်ရှိ ရှေးဟောင်းပန်းအိုးထဲသို့ လတ်ဆတ်သည့်ပန်းများအားထည့်လိုက်သည်။
“သခင်လေးကဒီနေ့ အင်အားတွေပြည့်နေပြီး ဂျင်မ်ထဲမှာ နောက်ထပ်နာရီဝက်တောင်ပိုနေခဲ့တာပါ”
ယန်ရှီမျက်လုံးများသည် ကျုံယန်စီ၏ အောက်သို့နိမ့်ဆင်းသွားလေသည်။
ကျုံယန်စီသည် အနက်ရောင်ရှပ်အားဝတ်ဆင်ထားပြီး သူမကြွက်သားများအားမမြင်နိုင်သော်ညား သူသည်ပိန်ပါးသည်ကို သူမမြင်နိုင်သည်။ သူမ၏ system တွင်မူ
[host ကျွန်တော်မြင်ရတယ် သူရဲ့ခန္ဓာကိုယ်ကတကယ်အမိုက်စားပဲ သူမှာရင်ဘတ်ကြွက်သားတွေနဲ့ ဗိုက်ကြွက်သားရှစ်ခုတောင်ရှိတာ]
[သူကအလုပ်ကိုစွဲလမ်းနေတဲ့သူဆိုပေမဲ့ သူရဲ့ခန္ဓာကိုယ်ကိုတော်တော်ဂရုစိုက်တာပဲ ဟဟ]
ယန်ရှီ: [နင်သူ့ကို ကျုံယန်စီကိုခေါ်နေရာကနေ အခုတော့ ကောလို့ဖြစ်သွားပြီပေါ့]
System: [ဟားဟား ရုပ်ချောတဲ့ယောက်ျားလေးတွေ အားလုံးကညီအစ်ကိုတွေပဲလေ]
ကျုံယန်စီသည် ယန်ရှီ၏အကြည့်အားသတိထားမိသွားကာ သူ၏နားရွက်များသည်ပို၍ပင် နီရဲလာလေသည်။ သူသည်သူ၏လည်ချောင်အားရှင်းလိုက်ကာ
“အိမ်တော်ထိန်းယွီ မနက်စာရပြီလား”
ကျုံယန်စီသည် မနက်စာအားတိကျသည့်အချိန်တွင်စားလေ့ရှိသည်။ ယနေ့တွင်သူ နာရီဝက်နောက်ကျသွားသော်ညား ထမင်းစားခန်းတွင်အကုန်လုံး အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူရောက်သွားချိန်တွင် အိမ်အကူများသည် သူ၏ပန်းကန်ထဲတွင် ဝက်ပေါင်ခြောက်နှင့်ကြက်ဥအား အဠဂံထမင်းစားပွဲပေါ်တွင် ပြင်ဆင်ပေးထားလေသည်။
ယန်ရှီသည် ယနေ့တွင် လတ်လတ်ဆတ်ဆတ်ပြင်ဆင်ထားသော ပေါင်မုန့်ဒယ်ပူကပ်နှင့်ပူတင်းအား စားချင်နေသည်။
သူမသည်အလျင်မလိုနေသည်ဖြစ်ရာ ကျုံယန်စီဘေးရှိထိုင်ခုံအား ဆွဲကာထိုင်နေလိုက်သည်။
“မစ္စတာကျုံ မနေ့ညကနောက်ကျတဲ့အထိမအိပ်ပဲနေခဲ့တာလား”
“မဟုတ်ပါဘူး”
ကျုံယန်စီသည် သူ၏မနက်စာအားစားရင်း အေးဆေးစွာပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်”
ယန်ရှီသည် သူမ၏ပါးအားဖောင်းလိုက်ကာ
“ရှင်မနေ့ကအလုပ်ကို အိမ်ယူလာပြီးဆက်လုပ်နေတာပဲဖြစ်ရမယ် ဟုတ်တယ်မလား”
ကျုံယန်စီသည် သက်ပြင်းချလိုက်ကာ
“တကယ်ပါ ကိုယ်မလုပ်ပါဘူး ကိုယ်အခုတလော အချိန်ပိုတောင်မလုပ်ဖြစ်ပါဘူး”
ယန်ရှီသည် ရှုပ်ထွေးသွားကာ
“ဒါပေမဲ့ မနေ့ညကရှင် အလုပ်နောက်ကျသွားလို့ဆိုပြီးကျွန်မကို ရှင်းယောင်ကနေလာကြိုပေးတာမဟုတ်ဘူးလား”
ကျုံယန်စီသည် လန့်သွားကာ သူမ၏အကြည့်အားလွှဲလိုက်သည်။
ပန်းများအား နေရာချနေသည့် အိမ်တော်ထိန်းယွီသည် သိချင်စိတ်ဖြင့်ကြည့်လိုက်ကာ
“သခင်လေးမနေ့ညက အချိန်ပိုဆင်းခဲ့တာလား ဒါပေမဲ့ကျွန်တော် သခင်လေးမနေ့ညက ကိုးနာရီမတိုင်ခင် ပြန်ရောက်လာတာကိုမှတ်မိပါတယ်”
“မင်းအမှတ်မှားနေတာ”
ကျုံယန်စီသည် ခိုင်မာစွာပြောလိုက်သည်။
အိမ်တော်ထိန်းယွီသည် ကျုံယန်စီအားတစ်ချက်ကြည့်၍ပြုံးလိုက်ကာ
“ဟုတ်ပါတယ် သခင်လေးပြောတာဟုတ်ပါတယ် ကျွန်တော်အမှတ်မှားသွားတာ ပဲနေမှာပါ”
အဲတာဆို ကျုံယန်စီမနေ့ညကအချိန်ပိုလုပ်ခဲ့တာပေါ့
ယန်ရှီသည် ကျုံယန်စီအား ဂရုစိုက်သည့်အကြည့်ဖြင့်ကြည့်လိုက်ကာ
“မစ္စတာကျုံ အခုတလောသတင်းတွေမှာ အချိန်ပိုအလွန်အကျွံလုပ်လို့ သေသွားတဲ့သူတွေအများကြီးရှိနေတယ်လို့ ပြောနေကြတာသိလား၊ ပိုက်ဆံအမြဲရှာလို့ရတယ် ရှင့်ရဲ့မျက်ကွင်းတွေညိုနေတာကိုကြည့်ပါဦး”
ယန်ရှီသည်လက်လှမ်းလိုက်ကာ ကျုံယန်စီ၏ မျက်လုံးဘေးတစ်ဝိုက်နေရာများအား လက်ညိုးထိုးပြလေသည်။
ထို့နောက် သူမရပ်တန့်သွားလေသည်။
ဤသည်မှာ အချိန်ပိုလုပ်ခြင်းနှင့် နောက်ကျသည်အထိမအိပ်ပဲနေခြင်းမှလွဲ၍ ဝတ္ထုရှိဇာတ်ကောင်၏ အရည်အချင်းတစ်ခုဖြစ်နိုင်သည်။ ကျုံယန်စီသည်ဆံပင်လည်း မကျွတ်သကဲ့သို့ ထိပ်လည်း မပြောင်းလာပေ သူတွင် မျက်ကွင်းညိုများလည်းမရှိပေ။
ယန်ရှီသည် တစ်ခဏမျှအံ့အားသင့်နေကာ ကျုံယန်စီသည် သူမ၏လက်အားရုတ်တရက် ဆွဲလိုက်သည်။
ယန်ရှီ၏လက်ချောင်းများသည် ချောမွတ်၍သွယ်လျကာ ကျုံယန်စီ၏လက်သည် ကြီးမားသည်ဖြစ်ရာ သူမလက်များမှာ သေးနေသကဲ့သို့ဖြစ်နေသည်။
“တကယ်ပါ ကိုယ်တကယ်နောက်ကျတဲ့အထိမနေပါဘူး”
ကျုံချင်းယွီပြောလိုက်ကာ
“ကိုယ်မင်းကိုတကယ်မလိမ်ပါဘူး”
လေထုသည် ရုတ်တရက်တင်းကြပ်လာလေသည်။ ကျုံယန်စီ၏လက်ဖဝါးသည် နွေးထွေး၍ကြီးမားကာ ယန်ရှီ၏လက်ချောင်းထိပ်များအထိ ဖုံးအပ်ထားသည်။ သူ၏လက်ဖဝါးမှအပူသည် ပို၍ပူလောင်လာကာ လောင်လုနီးပါဖြစ်လာလေသည်။
“မစ္စယန် ရဲ့ ပေါင်မုန့်ဒယ်ယူကပ်နဲ့ တို့ဟူးပူတင်း အဆင်သင့်ဖြစ်ပါပြီ”
အိမ်အကူတစ်ဦးသည် သူမ၏အစားအစားများအား ယူလာပေးသည်။
ယန်ရှီသည် ထိုအခွင့်အရေးအား အမိအရရယူကာ သူမ၏လက်အား ပြန်ဆွဲယူလိုက်သည်
“ကျေးဇူးပါ အန်တီ”
“ရပါတယ်ကွယ် အန်တီကိုသမီးစားချင်တာရှိသေးရင်ပြောပါ အန်တီလုပ်ပေးပါ့မယ်”
“ဟုတ်ကဲ့ပါ”
ကျုံယန်စီသည် သူမ ထိတွေ့ခဲ့သော အနွေးဓါတ်ရှိသေးသည့် လက်ဖဝါးအားပွတ်နေလေသည်။ ထိုနောက် သူသည်ခေါင်းအားငုံ့လိုက်ကာ နူးညံ့စွာရီမောလိုက်သည်။
ခဏသောအခါတွင် ကျုံပါးပါးသည်လည်း ထမင်းစားခန်းထဲသို့ဝင်လာခဲ့သည်။
ကျုံပါးပါး၏ နေ့စဥ်လုပ်ငန်းစဥ်တာများသည် ကျုံယန်စီထက်ပင် ပုံမှန်ဆန်လေသည်။ သူသည်များသောအားဖြင့် ထမင်းစားခန်းထဲသို့မလာခင်တွင် ထိုင်ချီအားလေ့ကျင့်လေ့ရှိသည်။
ယန်ရှီသည် သူအားတက်ကြွစွာနှုတ်ဆက်လိုက်ကာ
“ကောင်းသောနံနက်ခင်းပါ ဦးလေး၊ ကျွန်မဒီရက်ပိုင်းအတွင်းမှာ ဦးလေးကိုအနှောင့်အယှက်ပေးခဲ့မိပါတယ်”
ကျုံပါးပါးသည် သူတို့၏မျက်နှာခြင်းဆိုင်တွင်ဝင်ထိုင်ကာ လက်အားဝှေ့ယမ်းလိုက်ပြီး
“ဒီအိမ်တော်ဟောင်းကကျယ်ပါတယ်၊ မင်းတစ်ယောက်ပိုလာတာကဘာမှမဖြစ်ပါဘူး၊ မင်းဒီကိုခဏခဏလာပြီး ချင်းယွီကိုလည်း မင်းနဲ့အတူခေါ်လာခဲ့ရင် အန်ကယ်ဝမ်းသာနေမှာပါ”
“ဟုတ်ကဲ့ပါ”
အိမ်တော်ထိန်းယွီသည် ကျုံပါးပါးကြိုက်နှစ်သက်သည့် ကျန်းမာရေးယာဂုအား ပန်းကန်လုံးတစ်လုံးယူလာခဲ့သည်။ သောက်ပြီးသွားပြီးနောက် ကျုံပါးပါးသည်
“ချင်းယွီအခုထိအိပ်ပျော်နေတုန်းလား”
ယန်ရှီ: “ချင်းယွီက အခုတလောကတင် S အဆင့် ရုပ်ရှင်အားတစ်ခုမှာ ဇာတ်ပို့နေရာရထားတယ်လေ၊ အဲဒီဇာတ်ကောင်က cello တီးတတ်ဖို့လိုတယ်လေ အဲတာကြောင့်မလို့ သူမ မနေ့ညက ဂီတအခန်းထဲမှာလေ့ကျင့်နေရင်း နောက်ကျသွားတာဖြစ်မယ်၊ သူနောက်ကျမှအိပ်ဖြစ်တော့ အခုထိအိပ်နေသေးတာဖြစ်ရမယ်”
ကျုံအဖေ: “အဲဒီရုပ်ရှင်ကိုဂရုကရင်းနှီးမြုပ်နှံထားတယ်မဟုတ်လား၊ သူမဒီလောက်ထိကြိုးစားစရာလိုလို့လား”
“လိုတာပေါ့”
ယန်ရှီသည်အလျင်အမြန်ပဲဖြေကြားလိုက်သည်။
“မစ္စတာကျုံက ရုပ်ရှင်မှာရင်းနှီးမြုပ်နှံခဲ့ပေမဲ့လည်း ဒီဇာတ်ကောင်ကိုချင်းယွီသူ့အားသူသုံးပြီးရလာခဲ့တာပါ၊ အဲဒီနှစ်ခုကမတူညီတဲ့ကိစ္စနှစ်ခုပဲ”
ကျုံပါးပါးသည် သံသယဖြစ်နေလေသည်။
သူသည်ကျုံချင်းယွီသရုပ်ဆောင်သည်အား ယခင်ကမြင်ဖူးလေကာ သူမ၏လုပ်နိုင်စွမ်းအားသိလေသည်။ သူသည် ယန်ရှီမှာ ကျုံချင်းယွီအား ကာကွယ်ပေးကြောင်းသူသိလေရာ သူမ၏စကားအားအတည်မယူနိုင်ပေ။ သူသည်ကျုံယန်စီဘက်သို့လှည့်လိုက်သည်။
ကျုံယန်စီသည် သူ၏တူအားချလိုက်ကာ
“ဂရုကရင်းနှီးမြုပ်နှံလိုက်တယ်ဆိုတာက ရုပ်ရှင်ရဲ့အောင်မြင်နိုင်ချေကြောင့်ပဲ၊ ဇာတ်ကောင်အတွက်ကတော့ ကျုံချင်းယွီသူမဘာသာသူမ ယူနိုင်ခဲ့တာပဲ”
“အို”
ကျုံပါးပါးသည်အံ့ဩသွားသော်ညား သူ၏မျက်လုံးထဲရှိ ကျေနပ်မှုများမား မဖုံးကွယ်နိုင်ပေ။ စားပွဲတွင်ရှိသော သုံးဦးစလုံးသည် လိုက်ဖက်ညီသည့်ဟင်းပွဲများအား စားသုံးခဲ့ကြသည်။
ကျုံပါးပါးသည် ကျုံချင်းယွီနှင့်ယန်ရှီ ရှိုးတစ်ခုအားရိုက်ကူးရန်သွားမည်အားသိကာ ကိုယ်ပိုင်လေယာဥ်အားပြင်ဆင်ထားပြီးဖြစ်သည်။
သူသည် “ဒီတစ်ခါကော ဘယ်လောက်ကြာကြာသွားရမှာလဲ” ဟုမေးလိုက်သည်။
ယန်ရှီသည် သူမ၏ပေါင်မုန့်ဒယ်ပူကပ်အား စားနေရင်း
“ဒီတစ်ခါလည်း ငါးရက်ပါပဲ၊ ကျွန်မတို့ပြန်လာရင် ဦးလေးအတွက်လက်ဆောင်ဝယ်လာခဲ့ပါမယ်”
ကျုံပါးပါးသည်ပြုံးလိုက်ကာ “ကောင်းပြီ”
ကျုံယန်စီသည် တိတ်ဆိတ်နေကာ သူ၏မနက်စာအားစားနေခဲ့သည်။
ယန်ရှီသည် ရုတ်တရက်သူ့ဘက်သို့လှည့်လာကာ
“မစ္စတာကျုံ ကိုလည်းတစ်ခုပေးမှာပါ”
ကျုံယန်သည် ပုံမှန်ကဲ့သို့ “အွန်း” ဟုသာအကြောင်းပြန်လိုက်ကာ သူ၏မျက်လုံးထောင့်စွန်းလေးတွင် ကျေနပ်သည့်အပြုံးလေးများပေါ်လွင်နေသည်။ နေ့လည်ခင်းတွင်တော့ ကျုံချင်းယွီနှင့်ယန်ရှီသည် သူတို့၏ခရီးဆောင်အိတ်များအားထုတ်ပိုးကာ လေဆိပ်သို့ထွက်လာခဲ့ကြသည်။ တိုက်ရိုက်ထုတ်လွင့်မှု၏ ဒုတိယနေရာမှာ H နိုင်ငံတွင်ဖြစ်ကာ နှစ်နာရီခန့်သာကြာမြင့်သည်။ သူမတို့သည် နေ့ခင်းပိုင်းတွင်ထွက်လာခဲ့ကာ ညနေပိုင်းတွင်ရောက်ရှိလာကြသည်။
လေဆိပ်တွင်သူမတို့သည်ရိုက်ကူးရေးအသင်းနှင့်တွေ့ဆုံကာ ခဏအနားယူပြီးနောက် ရိုက်ကူးရေးစတင်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုစတင်သည်နှင့် အင်တာနက်သုံးစွဲသူများ အလုံးအရင်းဝင်ရောက်လာခဲ့သည်။
[ဝိုး ဝိုး ဝိုး ပထမဆုံးမှတ်ချက်ပဲ]
[ရက်အနည်းငယ်လေးပဲရှိသေးပေမဲ့ မစ္စကျုံကြည့်ရတာ ပိုလှလာသလိုပဲ ယန်ရှီကလည်း အရမ်းချစ်ဖို့ကောင်းတာပဲ]
[မစ္စကျုံနဲ့ယန်ရှီကို ထပ်တွေ့ရလို့ အရမ်းပျော်တာပဲ]
[သူတို့တွေက H နိုင်ငံကိုသွားကြမှာဆိုတော့ ဧည့်သည်တွေက အိုင်ဒေါတွေရဲ့ဖျော်ဖြေပွဲကိုတက်ကြမှာလား၊ ငါတော့အရမ်းစိတ်လှုပ်ရှားနေပြီ]
ကျုံချင်းယွီနှင့်ယန်ရှီသည် ကိုယ်ပိုင်လေယာဥ်ဖြင့်သွားနေဆဲဖြစ်၍ သူမတို့သည်အခြားဧည့်သည့်များအား တွေ့ရန်ဂိတ်ပေါက်သို့သွားရခြင်းအား အရေးမမူပေ။သူမတို့သည် လေဆိပ်၏ကိုယ်ပိုင်လေယာဥ်များ ဦးတည်သွားလိုက်သည်။ ကျုံမိသားစု၏ အဖြူရောင်လေယာဥ်သည် ထင်ရှားစွာပေါ်လွင်လေကာ ၎င်း၏ကိုယ်ထည်သည် နေရောင်အောက်တွင် တောက်ပနေသောငှက်ကြီးတစ်ကောင်သည် ပျံသန်းမည့်ပုံပေါ်နေလေသည်။
ကျုံမိသားစု၏အဖြူရောင်လေယာဥ်နှင့်မလှမ်းမကမ်းတွင် အနက်ရောင်ကိုယ်ပိုင်လေယာဥ်လည်း ရှိလေသည်။ ၎င်း၏၏ပြောင်မြောက်သောဒီဇိုင်းနှင့် ကြီးမားသည့်ပုံစံသည် ကျုံမိသားစုပိုင်သည့်လေယာဥ်ကဲ့သို့ပင် အထင်ကြီးစဖွယ်ဖြစ်လေသည်။
အနက်ရောင်လေယာဥ်၏ တံခါးသည်ပွင့်လာကာ ဟောင်သံများသည်လည်း အထဲမှထွက်လာခဲ့သည်။ ခဏအကြာတွင် ဖြူစွတ်နေသော smoyed တစ်ကောင်သည်အတွင်းခန်းမှ ပျော်ရွှင်စွာအမှီးရမ်းရင်း ပြေးထွက်လာခဲ့သည်။
“ယောင်ကျူ လျောက်ပြေးမနေနဲ့လေ ငါတို့တွေခဏနေရင်ထွက်ကြတော့မှာလေ”
လူငယ်တစ်ဦးသည် အတွင်းခန်းမှပြေးထွက်လာကာ မြေပြင်ပေါ်ရှိခွေးလည်ပတ်ကြိုးအား လှမ်းဆွဲရန်ကြိုးစားနေသည်။ သို့ပေမဲ့ smoyed သည်လျင်မြန်လွန်းသည်ဖြစ်ကာ လူငယ်အားခွေးလည်ပတ်ကြိုးအား လမ်းဆွဲနိုင်ရန် မနည်းကြိုးစားလိုက်ရသည်။ မပြေးနိုင်သောအခါ ခွေးလေးသည်သူ၏လျှာအားထုတ်ကာ လူငယ်အားလှည့်ပတ်နေလေသည်။ ထိုအချိန်တွင် ယန်ရှီသည် ဆုလင်းလင်းနှင့်ရဲ့လော့ယီအား သူတို့၏မျက်စောင်းထိုးရှိ အနက်ရောင်လေယာဥ်ပေါ်တွင်ရှိနေသည်ကို မြင်လိုက်ရသည်။
ဆုလင်းလင်းသည် ယန်ရှီနှင့်ကျုံချင်းယွီအားမြင်လိုက်ချိန်တွင် သူမ၏ခေါင်းအားမောက်မာစွာငြိမ့်ပြကာ ရဲ့လော့ယီသည်မူ ကျုံချင်းယွီ၏အကြည့်အားရှောင်နေရင်း သူမ စိတ်ပျက်နေသည်မှာအသိအသာပင်ဖြစ်သည်။
“အဲဒီလူကဘယ်သူလဲ”
ကျုံချင်းယွီသည် ခွေးအားလိုက်ဖမ်းနေသည့်လူငယ်အားလက်ညိုးထိုးပြကာ ပီဒီအားပေးလိုက်သည်။
“သူကလဲ ရှိုးကဖိတ်ကြားထားတဲ့သူပဲလား”
ကျန်းထောင်နှင့်ရှောင်းယွီသည် ဧည့်သည်သရုပ်ဆောင်များဖြစ်ကာ အပိုင်းတစ်ပိုင်းတွင်သာပါဝင်ခဲ့သည်။ ချင်းလီသည်လည်း အရှက်တကွဲဖြစ်ပြီး၍ ရှိုးတွင်မပါဝင်နိုင်တော့သည်ဖြစ်ကာ ယခုအပိုင်းတွင် ဧည့်သည်အသစ်နှစ်ဦးပါဝင်မည်ဖြစ်သည်။ ပီဒီ မှကျုံချင်းယွီ၏ ခန့်မှန်းချက်အားအတည်ပြုပေးလိုက်ကာ
“သူ အမြဲပါဝင်သွားမဲ့သူအသစ်ပဲ ပြီးတော့သူက ဒီနှစ်ရဲ့ LPL esports ချန်ပီယံလေ၊ သူနာမည်က လုပေယွီလို့ခေါ်တယ်”
ကျုံချင်းယွီသည် နားလည်သွားကာခေါင်းအားငြိမ့်လိုက်သည်။
“သူ့ကိုကြည့်ရတာ ရင်းနှီးနေတာမထူးဆန်းတော့ဘူး သူက လုမိသားစုရဲ့သခင်လေးကို”
“လုမိသားစုရဲ့သခင်လေး”
ယန်ရှီသည်တစ်ခဏမျှ လန့်ဖြတ်သွားကာ
“လုဝမ်နင်းရဲ့ ညီလေးလား”
ပါဝင်သူအသစ်အနေနှင့် လုပေယွီသည် သူ့ကိုယ်သူနှုတ်ဆက်ရန်လိုအပ်လေသည်။ ကံကောင်းစွာဖြင့် သူသည် esport ပွဲတွေပြီးတိုင်း အင်တာဗျူးအမေးခံရသောကြောင့် နေသားကျပြီဖြစ်၍ သူသည် ကင်မရာရှေ့တွင်တည်ငြိမ်စွာနေနိုင်သည်။
“အားလုံးပဲ မင်္ဂလာပါ”
လုပေယွီ၏ အပြီးသည်တောက်ပကာ တက်ကြွသည့်အပြုံးမျိုးဖြစ်သည်။
“ကျွန်တော်နာမည်က လုပေယွီလို့ခေါ်ပါတယ်၊ ကျွန်တော်က ဒီရှိုးကိုအသစ်ဝင်လာတဲ့သူပါ”
သူသည် အမွှေးပွပွဖြင့် smoyed အားမလိုက်ကာ ထိုချစ်စဖွယ်ခွေးလေးသည် သူ၏ပုခုံးတစ်ဝိုက်အားနမ်းရှိုက်နေလေသည်။
“ဒါကတော့ ကျွန်တော်ရဲ့ခရီးသွားအဖော်လေးပါ သူနာမည်ကတော့ ယောင်ကျူလို့ခေါ်ပါတယ်”
[ဒီတစ်ယောက်အရမ်း ကြည့်ကောင်းတာပဲ]
[သူက ဖျော်ဖြေရေးနယ်ပယ်ရဲ့မျက်နှာသစ်လေးလား သူကိုကြည့်ရတာ ချစ်စရာလဲကောင်းတယ်မိုက်လဲမိုက်တယ် ငါကတော့ချစ်မိနေပြီ]
[နင်တို့အားလုံး သူ့ကိုမသိကြဘူးလား သူကဒီနှစ် LPL ရဲ့ အရမ်းမိုက်တဲ့လူသစ်လေးလေ၊ သူရဲ့အရည်အချင်းတွေကတကယ် အံ့ဩစရာပဲ ပြီးတော့သူက ကြည့်လဲကြည့်ကောင်းသေးတယ် သူကဒီနှစ်ရဲ့ LPL ချန်ပီယံလေ ပြီးတော့ အကောင်းဆုံးအပိုင်းကတော့ သူကအခုမှ ဆယ်ခုနစ်နှစ်ပဲရှိသေးတာ]
[ငါကတော့ သူ့ရဲ့အဖော်ကိုပိုစိတ်ဝင်စားနေတယ်၊ ခွေးတစ်ကောင်ကတကယ်ပဲ အဖော်တစ်ယောက်ဖြစ်နိုင်လို့လား အဲတာကခွင့်ပြုထားတာလား]
လုပေယွီသည် ယုံကြည်ချက်ရှိစွာဖြင့်
“ဒီရှိုးက ညီအစ်ကိုအချင်းချင်းနှောင်ကြိုးတွေ ညီအစ်မအချင်းချင်းနှောင်ကြိုးတွေနဲ့ အိမ်တောင်ရေးနှောင်ကြိုးတွေကိုခွင့်ပြုပေးထားတယ်လေ၊ ဘာလို့လူနဲ့ခွေးကြားမှာကော နှောင်ကြိုးမရှိရမှာလဲ သူတို့ပြောတာ ကျွန်တော်တို့တွေရဲ့မိသားစုတွေကို ခေါ်လို့ရတယ်တဲ့လေ ယောင်ကျူကလည်းကျွန်တော်ရဲ့မိသားစုဝင်ပဲလေ”
[ခွေးနဲ့လူကြားကနှောင်ကြိုးလား၊ ဒီတစ်ယောက်ကရီစရာကောင်းတာပဲ]
[လုပေယွီ မှန်တယ်၊ ခွေးလေးတွေကအရမ်းချစ်စရာကောင်းတယ်လေ ဘာလို့မရရမှာလဲ၊ ငါလည်း သူ့ကိုမွေးပါရစေ]
[ငါကတော့ ရသစုံရှိုးတွေမှာ ခွေးလေးတွေပါလာတာကို သဘောကျတယ်၊ ခွေးလေးတွေက ကမ္ဘာကြီးကိုစိုးမိုးတော့မှာ]
အတွင်းခန်းထဲရှိ ရဲ့လောယီသည် လုပေယွီအားအော်ပြောလိုက်သည်။
“ပေယွီ သွားရမဲ့အချိန်ရောက်နေပြီ တက်လာခဲ့တော့”
ပီဒီသည် ရဲ့လော့ယီနောက်သို့လိုက်ကာ မေးလိုက်သည်။
“မစ္စရဲ့ အားလုံးကမင်း လုပေယွီမိသားစုပိုင်တဲ့ ကိုယ်ပိုင်လေယာဥ်ပေါ်ရောက်နေကတည်းက မင်းနဲ့လုပေယွီရဲ့ ဆက်ဆံရေးကိုသိချင်နေကြတယ်၊ မင်းတို့ကြည့်ရတာ ရင်းနှီးကြပုံရတယ်”
ရဲ့လော့ယီသည်
“သူက ကျွန်မရဲ့မောင်လေးပါ သူ့အမေကကျွန်မရဲ့ ခေါင်းကိုင်မိခင်လေ”
လုပေယွီသည် ယောင်ကျု၏လည်ပတ်ကြိုးအား ကိုင်လာကာ လေယာဥ်အတွင်းဝင်လာခဲ့သည်။
“ဟုတ်တယ် ဟုတ်တယ် ကျွန်တော်မားမားက လော့ယီကိုတော်တော်သဘောကျတယ်၊ ကျွန်တော်တို့တွေက မိသားစုတွေလိုပါပဲ”
နှုတ်ဆက်မှုများပြီးသွားနောက် ပါဝင်သူများသည် ၎င်းတို့လုပ်ချင်သည့်အရာအား လုပ်ခွင့်ရှိသည်။ လေယာဥ်မထွက်ခွာခင်အချိန်အနည်းငယ်ရှိသေးသောကြောင့် လုပေယွီနှင့်ဆုလင်းလင်းမှာ လေယာဥ်ဧည့်ခန်းထဲတွင် ယောင်ကျူနှင့်ကစားနေကြသည်။ ရဲ့လော့ယီသည် ခွေးအားစိတ်မဝင်စားပေ။ သူမသည်ပေယွဲ့ပိုင်၏ လွန်ခဲ့သောညမှစေ့စပ်ပွဲအားတွေးကာ ဝမ်းနည်းနေဆဲဖြစ်သည်။ ပီဒီအား သူမနောက်သို့ဆက်မလိုက်ရန်ပြောလိုက်ကာ လေယာဥ်ပေါ်တွင် ဇာတ်ညွှန်းအားလေ့လာနေခဲ့သည်။ သူမတစ်ဦးတည်းဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သူမထိန်းထားသည့်မျက်ရည်များသည်လည်း စီးဆင်းလာခဲ့သည်။
သူမသည် ပေယွဲ့ပိုင်မှာ သူမအတွက်ချင်းလီနှင့်ထူးခြားမနားပေဟု တွေးခဲ့ဖူးသည်။ သူသည် ချင်းလီထက်ပို၍ အခြေအနေကောင်းမွန်သည့် သူသာဖြစ်ပြီး လက်ထပ်ရန်ပို၍သင့်တော်သည့်သူဖြစ်သည်။ သို့ပေမဲ့ ပေယွဲ့ပိုင်သည်ကျုံချင်းယွီနှင့် စေ့စပ်လိုက်သည်ကို သိရှိပြီးနောက် သူမအမှန်တကယ်နာကျင်ခဲ့ရသည်။
ယခင်အချိန်များတွင် ရဲ့လောယီသည် ကျုံယန်စီအားရူးသွပ်ခဲ့ဖူးသည်။ သို့သော် ၎င်းသည်မိန်းမငယ်လေးတစ်ဦး၏ မြတ်နိုးမှုသာဖြစ်ခဲ့ကာ တဖြတ်ဖြတ်ခုန်နေသော သူမ၏နှလုံးသားအား ဖုံးကွယ်ထားရန်သာတတ်နိုင်ခဲ့သည်။ သူမသည်သူအား မည်သည့်အခါပိုင်ဆိုင်ခြင်းမရှိခဲ့သည်ဖြစ်ကာ အကယ်၍သူမ သူ့အားမရခဲ့လျှင်တောင် သူမ နောင်တရကာ ဝမ်းနည်းမိမည်သာဖြစ်သည်။
သို့ပေမဲ့ ပေယွဲ့ပိုင်အား သူမယခုအချိန်မှ သူ့အားချစ်မိသွားခဲ့မှန်းသိခဲ့ရသည်။ သူမခံစားချက်များ၏ရလဒ်မှာ ထိုယောက်ျားသည်သူမအားမချစ်တော့ကာ အခြားတစ်ယောက်နှင့်စေ့စပ်လိုက်ပြီဖြစ်သည်။
ရဲ့လော့ယီသည် သူမနှလုံးသားတစ်စစီကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဆုလင်းလင်းသည် တံခါးခေါက်ကာ ဝင်လာခဲ့ပြီး ရဲ့လော့ယီ၏လက်အား တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ သူမသည်လည်း လွန်ခဲ့သောညမှ ကိစ္စအားသိလေသည်။ သူမသည်ရဲ့လော့ယီအား များစွာချစ်ခဲ့ကာ အခွင့်အလမ်းများပေးခဲ့သည့် ပေယွဲ့ပိုင်သည် သူ၏ခံစားချက်များအား ဟန်ဆောင်သည်ကို နားမလည်နိုင်ပေ။
“လော့ယီ ဝမ်းနည်းမနေပါနဲ့ဟာ၊ ဒုတိယသခင်လေးမှာလည်း သူ့အကြောင်းနဲ့သူရှိမှာပါ ကျုံချင်းယွီနဲ့သူ စေ့စပ်တာက စီးပွားရေးကြောင့်ပဲဖြစ်မှာပါ၊ သူတို့နှစ်ယောက်အကြားမှာခံစားချက်တွေမရှိလောက်ဘူး သူကနင့်ကိုချစ်ပါတယ်”
“ဒါပေမဲ့ သူမနေ့ညကတည်းကငါ့ကို မဆက်သွယ်လာသေးဘူး”
လွန်ခဲ့သောအချိန်များတွင် သူမဝမ်းနည်းသည့်အချိန်တိုင်း ပေယွဲ့ပိုင်နှင့် ပစ္စည်းများ လက်ဆောင်များနှင့်လာကာ သူမအားပျော်ရွှင်စေရန်ပြုလုပ်ပေးမည်ဖြစ်သည်။ သို့သောယခုတွင် သူမသည် H နိုင်ငံသို့ထွက်ခွာတော့မည်ဖြစ်ကာ သူသည် သူမအားတွေ့ရန်မလာသေးပေ။ ဆုလင်းလင်းသည် ပြောစရာစကားများပျောက်ရှသွားကာ ရဲ့လော့ယီအား မည်သို့နှစ်သိမ့်ရမည်ကို မသိဖြစ်နေလေသည်။
ပြတင်းပေါက်မှတစ်ဆင့် သူမတို့သည် ပန်းများအပြည့်နှင့်ကားတန်းများ လေဆိပ်သို့ဦးတည်လာနေသည်ကိုတွေ့လိုက်ရသည်။
ဆုလင်းလင်းသည်အစပိုင်းတွင် ရှုပ်ထွေးနေကာ ကားတန်းများပို၍နီးလာသည့်အချိန်တွင်မူ သူမ၏မျက်လုံးအားမော့ကြည့်လိုက်သည်။ သူမသည် ရဲ့လော့ယီ၏ လက်မောင်းအားဆွဲလှုပ်ကာ
“လော့ယီ ကြည့်လိုက်ဦး အဲတာကဒုတိယသခင်လေးရဲ့ Ferrari ကားကဦးဆောင်ပြီးလာနေတာမလား၊ အဲဒီပန်းတွေနဲ့ ပူဖောင်းတွေနောက်မှာပါလာတဲ့ ကားလေ၊ သူဒီကိုနင့်အတွက်ရောက်လာခဲ့ပြီ”
ရဲ့လော့ယီ၏ မျက်လုံးများသည် နီရဲနေကာ သူမသည်ပြတင်းပေါက်အပြင်ဘက်သို့ စိတ်အားထက်သန်စွာကြည့်လိုက်သည်။ ရင်းနှီးနေသည့် ကားတစ်စီးသည် နေရောက်အောက်တွင် တောက်ပစွာမောင်းနှင်လာကာ နောက်မှလိုက်လာသည့်ကားများပေါ်တွင် ပင်လယ်ပုံစံအရောင်အသွေးရှိသော ပန်းများဖြင့်ပြည့်နေလေသည်။
ပန်းများတက်ထားသည့် ကားတိုင်းတွင် ပန်းရောင်ပူဖောင်းများဖြင့်အလှဆင်ထားကာ အလည်တွင်မူ “ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကိုချစ်တယ်” ဟု စာတန်းကြီးရိုက်နှိပ်ထားသည့် လေပူဖောင်းတစ်လုံးလည်း ပါရှိသည်။
“သူကနင့်ကိုတောင်းပန်ပါတယ်တဲ့ ပြီးတော့သူနင့်ကိုချစ်တယ်တဲ့”
ဆုလင်းလင်းသည် ရဲ့လော့ယီထက်ပင်ပို၍စိတ်လှုပ်ရှားနေလေသည်။
ရဲ့လော့ယီသည် ထိုမြင်ကွင်းအားကြောင်အစွာရပ်ကြည့်နေမိသည်။ သူမ၏မျက်လုံးထဲရှိ နာကြည်းမှုများသည် နောက်ဆုံးတွင်ပျောက်ကွယ်သွားကာ ပျော်ရွှင်ခြင်းမျက်ရည်များနှင့် အစားထိုးသွားခဲ့သည်။
အနက်ရောင်လေယာဥ်၏တံခါးအား လေယာဥ်မယ်သည်စစ်ဆေးကာ ပိတ်လိုက်လေသည်။ ရဲ့လော့ယီသည် ပီဒီထံသူမအား တခဏမျှ ဆက်လက်မရိုက်ကူးရန်ပြောလိုက်ကာ ဆုလင်းလင်းသည်လဲ ထွက်ခွာသွားခဲ့သည်။ သူတို့နောက်ဆက်တိုက်လိုက်နေခဲ့သည့် ပီဒီသည်ရုတ်တရက် ရိုက်ကူးစရာအရာမရှိဖြစ်သွားလေသည်။ သူသည် လုပေယွီ၏ပီဒီနှင့်အတူ ယောင်ကျူအားရိုက်ကူးနေသည်မှာ အနည်းငယ်ပင်ကြာနေပြီဖြစ်၍ သူဆက်၍ရိုက်ကူးနေပါက ပရိတ်သတ်များသည် ငြီးငြူလာကြမည်ဖြစ်သည်။ ပီဒီသည် ကင်မရာအား ပြတင်းပေါက်ဘက်သို့ချိန်လိုက်ကာ စိတ်ဝင်စားစရာတစ်ခုခုအား ရိုက်ကူးမိရန်မျှော်လင့်နေခဲ့သည်။ ထိုအချိန်တွင် ပေယွဲ့ပိုင်၏ ယာဥ်တန်းသည်လည်း ရိုက်ကွင်းထဲတွင်ပေါ်လာခဲ့သည်။
[ဘယ်လိုတောင်လှတဲ့ ပန်းတွေလဲ]
[ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ ဖွင့်ပြောတာမျိုးကိုဘယ်လုပ်နေတာလဲ]
[အဲဒီ အရှေ့က Ferrari က ပေယွဲ့ပိုင်ရဲ့ကားမလား၊ အရင်တုန်းကကောဇောနီပေါ် ရဲ့လော့ယီကိုခေါ်သွားတုန်းက စီးခဲ့တဲ့ကားမလား]
[အဲတာ သူပဲ လိုင်စင်နံပါတ်ပြားကလည်း တူတူပဲ ငါမှတ်မိတယ်]
[ပေယွဲ့ပိုင်က ရဲ့လော့ယီကိုဖွင့်ပြောတော့မှာလား]
[ငါ ပူဖောင်းပေါ်မှာ “ကိုယ်မင်းကိုချစ်တယ်” လို့ရေးထားတာ မြင်နေရတယ်၊ အရမ်းချိုမြိန်တာပဲ ငါကတော့သူတို့နှစ်ယောက်ကို သဘောတူနေပြီ]
[ဝိုး ငါရဲ့အဖြူရောင်စုံတွဲက အမှန်တကယ်ဖြစ်လာတော့မယ်၊ သူတို့တွေနောက်ဆုံးတော့အတူရှိကြတော့မယ်]
ပေယွဲ့ပိုင်သည် ရဲ့လော့ယီအား ဖွင့်ပြောသည့်သတင်းသည် တောမီးကဲ့သို့ အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။
ပေစီအီးအို၏ ရုံးခန်းထဲရှိ ပေဟန်လီသည်လည်း ထိုသတင်းအား ရလိုက်လေသည်။ သူ၏လက်ထောက်သည်
“The journey ရဲ့တိုက်ရိုက်ထုတ်လွှင့်မှု မှာဒုတိယသခင်လေးကို ပန်းတွေအပြည့်ကားတွေ ပူဖောင်းတွေနဲ့ကို ရိုက်ကူးခဲ့မိပါတယ်၊ အင်တာနက်သုံးစွဲသူတွေက သခင်လေးပေက ရဲ့လော့ယီကို ဖွင့်ပြောမလို့လားလို့ ထင်ကြေးပေးနေကြပါတယ်”
“ဒီကြားထဲမှာကော အခြေအနေဘယ်လိုလဲ” ပေဟန်လီမေးလိုက်သည်။
“အဲတာက ပုံမှန်ပါပဲ အဲတာကလွန်ခဲ့တဲ့ ၁၀ မိနစ်လောက်မှဖြစ်ခဲ့တာဆိုတော့ အများကြီးတော့မပြန့်သေးပါဘူး”
ပြန်လာသည် သူ့လက်ထဲရှိဘောပင်အား လှည့်ကစားနေကာ သူ၏မျက်လုံးများသည် လဲတောက်ပလာခဲ့သည်။
“အဲတာဆို သူတို့ကိုနည်းနည်းလောက်တွန်းအားပေးလိုက်ရအောင်လေ၊ သူတို့နှစ်ယောက်ကိုရေပန်းစားအောင်လုပ်ပေးလိုက်ပြီး သူတို့ရဲ့နှစ်ယောက်ရဲ့ချစ်ခြင်းကို အားလုံးသိအောင်လုပ်ပေးလိုက်”
#ပေယွဲ့ပိုင်သည်ရဲ့လော့ယီအားဖွင့်ပြောနေသည် ဟူသော hashtag သည်အင်တာနက်ပေါ်တွင် ရေပန်းစားသွားခဲ့သည်။ CP ပရိတ်သတ်များ သည်ဝမ်းသာနေကြလေသည်။ ယခင်က ရဲ့လော့ယီသည် ဝိုင်စက်ရုံ၌ ၎င်းတို့၏ဆက်ဆံရေးအားငြင်းဆိုခဲ့ရာ CP ပရိတ်သတ်များသည် ဖန်ကွဲစများအား စားလိုက်မိသလိုခံစားရစေကာ ရင်ကွဲ၍ဝမ်းနည်းစေခဲ့သည်။ သို့သော် ယခုတွင် ရသစုံရှိုး၏ ဒုတိယအတွဲသည် စရုံသာရှိသေးသော်ညား အဓိကအတွဲသည် ၎င်းတို့အား ၎င်းတို့လိုအပ်နေသည့်အချိုဓါတ်လေးများအား ပေးခဲ့သည်။ သူတို့သဘောတူထားသည့်အတွဲသည် ပျော်ရွှင်ဖွယ်အဆုံးသတ်အားရရှိတော့မည်ဖြစ်သည်။ ထိုထက်ပို၍ သူတို့အားပိုပျော်အောင်လုပ်နိုင်သည့်အရာမရှိတော့ပေ။
[ပြီးတော့ ကျုံချင်းယွီကလည်း လေဆိပ်မှာပဲ၊ ပေယွဲ့ပိုင်ကသူမကို ဒါကိုမြင်စေချင်တာသိသာလွန်းတယ်]
[ညီအစ်မရေ ငါကတော့အဲရှူထောင့်ကနေကိုမစဥ်းစားမိခဲ့ဘူး]
[အား သူကတော့အရမ်းချစ်မိနေပြီပဲ ငါငိုနေပါပြီနော်]
[ရဲ့လော့ယီက ပေယွဲ့ပိုင်ဖွင့်ပြောတာကို လက်ခံလိုက်တဲ့အခါကျရင် ကျုံချင်းယွီသူ့အပေါ်ကိုဆက်ပြီးတွယ်ကပ်နိုင်ဦးမလား ကြည့်ကြရအောင်]
[တကယ်လို့ သူမသာသူတို့နှစ်ယောက်ကြားဝင်ဖို့ကြိုးစားခဲ့မယ်ဆိုရင် သူမက သူမဆက်ဆံရေးကိုဖျက်ဆီးတဲ့သူပဲ ဖြစ်သွားတော့မှာ]
[တကယ်လို့ ငါသာကျုံချင်းယွီဆိုရင် လေယာဥ်ထဲမှာပဲပုန်းနေပြီး ဘယ်တော့မှထွက်လာခဲ့မှာမဟုတ်ဘူး၊ ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်လဲ]
CP ပရိတ်သတ်များသည် သူတို့နှစ်ဦးတွေ့ဆုံမည့်အချိန်အား စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။ အမှန်တွင်တော့ ပေယွဲ့ပိုင်သည်လဲ စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ကျုံချင်းယွီအား လေဆိပ်ဝင်ပေါက်တွင် တောင်းပန်ရန်စီစဥ်ထားခဲ့သည်ဖြစ်ပြီး ထိုမှသာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် check-in လုပ်နေသည် ရဲ့လော့ယီသည်လည်း သူ၏တောင်းပန်ခြင်းအားကြားရမည်ဖြစ်သည်။ နောက်ဆုံးတွင်တော့ ပေယွဲ့ပိုင်မလုပ်ဖြစ်ခဲ့ပေ။
ထိုအစား ပေယွဲ့ပိုင်သည် ကျုံချင်းယွီအားတောင်းပန်ရန် ကိုယ်ပိုင်လေယာဥ်ထားသည့်နေရာအားဝင်နိုင်ရန်အတွက် လေဆိပ်ဝန်ထမ်းများအား လာဘ်ထိုးခဲ့သည်။ ဤနည်းဖြင့် ရဲ့လော့ယီသည် လူကိုယ်တိုင်မမြင်နိုင်ကာ ခံစားရမည်မဟုတ်ပေ။ အကယ်၍သူမ လိုင်းပေါ်တွင်နောက်မှမြင်ခဲ့ပါသော်လည်း အပြင်တွင်မျက်နှာချင်းဆိုင် မြင်လိုက်ခြင်းထက်ပို၍အဆင်ပြေမည်ဖြစ်သည်။ ကိုယ်ပိုင်လေယာဥ်ထားသည့်နေရာသည်ကျယ်ဝန်းကာ ထိုနေရာတွင် လေယာဥ်နှစ်စီးရပ်နားထားသည်။ ထွက်ခွာချိန်နီးနေသည်နှင့်အမျှ လေယာဥ်နှစ်စီးလုံးသည် ၎င်းတို့၏တံခါးများအားတင်းကြပ်စွာပိတ်ထားကြသည်။
ပေယွဲ့ပိုင်သည် ကျုံမိသားစုပိုင်သည့်လေယာဥ်မှာ မည့်သည့်ပုံစံမှန်းမသိခဲ့ပေ။ ကံကောင်းစွာဖြင့် တွဲဆွဲကားမောင်သည့် အလုပ်သမားတစ်ဦးသည် ဘေးနားမှဖြတ်သွားကာ ပေယွဲ့ပိုင်သည် သူအားမေးလိုက်သည်။
“ခဏလောက်ပါ ဘယ်လေယာဥ်က H နိုင်ငံကိုသွားမှာလဲမသိဘူး”
ဝန်ထမ်းသည် အားလပ်ချိန်တွင်ဝေ့ပေါ်တွင် ရေပန်းစားနေသည့် အကြောင်းအရာများအား ကြည့်ရှုတတ်သည့် အင်တာနက်သုံးစွဲသူတစ်ဦးဖြစ်သည်။ သူသည်ပေယွဲ့ပိုင်အား လူကိုယ်တိုင်မြင်လိုက်ချိန်တွင် မျက်လုံးများတောက်ပလာကာ အနက်ရောင်လေယာဥ်သို့ လက်ညိုးထိုပြလိုက်သည်။
“အဲဒီလေယာဥ်ပဲ အဲတာပဲ”
ပေယွဲ့ပိုင်: “ကျေးဇူးတင်ပါတယ်”
“ကံကောင်းပါစေ သခင်လေးပေ”
အလုပ်သမားသည်ပြောလိုက်လေသည်။
“ကျွန်တော်တို့အားလုံး မင်းကိုအားပေးနေပါတယ်” ပေယွဲ့ပိုင်သည် တစ်ခဏမျှရှုပ်ထွေးသွားသော်ညား ပြုံးလိုက်ကာ
“ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်သည်။
“လော့ယီ သူလာနေပြီ၊ သခင်လေးပေလာနေပြီ”
ပြတင်းပေါက်တွင် ဆုလင်းလင်းသည် စိတ်လှုပ်ရှားကာ ရဲ့လော့ယီအားဖက်နေသည်။
“သခင်လေးပေက နင့်ကိုတောင်းပန်ဖို့အတွက်ရောက်လာခဲ့တာပဲ၊ နောက်ဆုံးတော့လည်း သူကနင့်ကိုရွေးခဲ့တာပဲ”
လုပေယွီသည် အခြားပြတင်းပေါက်အားမှီလိုက်ကာ စူးစမ်း၍ကြည့်လိုက်သည်။ သူသည် ရဲ့လော့ယီနှင့်ပေယွဲ့ပိုင်တွင် ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ကိုသိသော်ညား အတွင်းကျကျမသိပေ။
သို့ပေမဲ့ ပေယွဲ့ပိုင်သည် ကျုံချင်းယွီနှင့်မကြာမှီကပဲ စေ့စပ်လိုက်ပြီဖြစ်ပြီး ယခုတွင်ရဲ့လော့ယီအား ဖွင့်ပြောရန်လာနေသည် ဤသည်မှာ ယုတ်ညံ့လွန်းသည့်အရာပင်ဖြစ်ပေသည်။ ထိုအရာသည် မည်သို့စိတ်လှုပ်ရှားဖွယ်ကိစ္စဖြစ်နေသနည်း။ လုပေယွီသည် သူ၏ခေါင်းအားခါလိုက်သည်။ ဂိမ်းများနှင့် ယောင်ကျူသည်ပို၍စိတ်ဝင်စားစရာကောင်းလေသည်။ အချစ်သည်ရှုပ်ထွေးလွန်းသည်။ ရဲ့လော့ယီသည် စကားတစ်ခွန်းမှမပြောပေ။ သူမ၏ပုခုံးများသည်တုန်ခါလာကာ မျက်လုံးများနီရဲလာခဲ့သည်။ အနည်းဆုံးတော့ နောက်ဆုံးအချိန်တွင် ပေယွဲ့ပိုင်သည် သူမအားရွေးချယ်ခဲ့သည်။
ပေယွဲ့ပိုင်သည် သူ၏ Ferrari ထဲမှာထွက်လာကာ အနက်ရောင်လေယာဥ်ထံသို့ ယုံကြည်မှုရှိရှိ လျှောက်လာခဲ့သည်။ သူ၏လက်တစ်ဖက်တွင် အပြာရောင်နှင်းဆီပန်းစည်းကြီးအား ကိုင်ဆောင်ထားကာ တစ်ခြားတစ်ဖက်တွင်မူ အသံချဲ့စက်အားကိုင်တောင်ထားလေသည်။ သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
ပီဒီနှစ်ဦးသည် အနက်ရောင်လေယာဥ်အတွင်းတွင် ၎င်းတို့၏ကင်မရာများအား ပြင်ဆင်ထားလေသည်။ တစ်ခုသည် ရဲ့လော့ယီနှင့်အခြားသူများအားရိုက်ကူးနေကာ အခြားတစ်ခုသည် ပေယွဲ့ပိုင်အားရိုက်ကူးနေလေသည်။
ဒါရိုက်တာယွီသည် ၎င်းတို့အားဆက်သွယ်ကာ ပေယွဲ့ပိုင် လေဆိပ်ထဲသို့မောင်းဝင်လာသည် ရဲ့လော့ယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ကျော်ကြားလာကြ နံပါတ်တစ်ဖြစ်သွားသည်ဟုပြောခဲ့သည်။ သူတို့သည် ယခုတွင် ပေယွဲ့ပိုင်၏ဖွင့်ပြောမှုအား တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကာ ထိုအပိုင်းသည် ရှိုး၏ကြီးမားသော အပိုင်းတစ်ခုဖြစ်လာမည်မှာအသေအချာပင်ဖြစ်သည်။
ပေယွဲ့ပိုင်အသက်ပြင်းပြင်းရှူးလိုက်သည်နှင့် အတူ အားလုံးသည် အသက်အောင့်ထားမိကြသည်။ ပြီးနောက် သူတို့သည် ပေယွဲ့ပိုင်၏အသံအားရှင်းလင်းစွာကြားလိုက်ရလေသည်။
“ချင်းယွီ ကိုယ်မှားသွားခဲ့တာပါ၊ ကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလား”
“ကိုယ်မင်းကိုချစ်နေတုန်းပါ၊ ကိုယ့်နဲ့လမ်းမခွဲပါနဲ့ ကိုယ့်ကိုထားမသွားပါနဲ့”
“ကိုယ်မင်းကိုတကယ် အဆုံးရှုံးမခံနိုင်ဘူး”
လေဆိပ်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။
ရဲ့လော့ယီသည် သူမ၏နှလုံးခုန်သံမှလွဲ၍ သူမ၏အသက်ရှူသံကိုပင်မကြားနိုင်တော့ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်များသည်လည်း ရုတ်တရက်ရပ်တန့်သွားကြသည်။
အနက်ရောင်လေယာဥ်၏အပြင်ဘက်တွင်တော့ ပေယွဲ့ပိုင်သည် ကျယ်လောင်စွာတောင်းပန်နေဆဲဖြစ်သည်။
“ချင်းယွီ မင်းကိုယ်နဲ့ရဲ့လော့ယီ ကြားကဖြစ်ပျက်ခဲ့တာအတွက် စိတ်ဆိုးနေသေးမှန်းသိပါတယ်၊ ဒါပေမဲ့ အဲတာကလူတွေထင်နေကြတာပါ ကိုယ်တို့နှစ်ယောက်ကြားမှာ ဘာမှမရှိပါဘူး”
“အစကနေအဆုံးအထိကိုယ်ချစ်ခဲ့တဲ့ သူကမင်းပါပဲ”
ရဲ့လော့ယီ၏ မျက်နှာသည်ဖြူဖျော့လာလေသည်။
အကယ်၍ပထမဝန်ခံချက်သည် မှားပြောမိသည်ဖြစ်နိုင်သော်ညား ဒုတိယအခါတွင်မူ မဖြစ်နိုင်တော့ပေ။ သူမသည်တုန်လှုပ်သွားကာ ဟန်ချက်ပျက်လုနီးနီးဖြစ်သွားသော်လည်း လုပေယွီသည် သူမအားအချိန်မှီဖမ်းလိုက်နိုင်သည်။ ဆုလင်းလင်းသည်လဲ အမူအရာမဲ့နေလေသည်။ သူမသည် ရဲ့လော့ယီအား မည်သို့နှစ်သိမ့်ပေးရမည်ကို မသိတော့ပေ။ အထူးသဖြင့် သူမသည် ရဲ့လော့ယီအား သူသည် သူမအားဝန်ခံ၍တောင်းပန်ရန် အာမခံထားသည့်အချိန်တွင်ဖြစ်သည်။ ထိုအချိန်တွင် မှတ်ချက်များသည် ထိန်းချုပ်မရနိုင်တော့ပေ။
[ဘာတွေဖြစ်နေတာလဲ ဘာလို့ပေယွဲ့ပိုင်က ကျုံချင်းယွီကိုဖွင့်ပြောနေတာလဲ]
[ပြီးတော့ သူက “လမ်းမခွဲပါနဲ့” လို့ပြောသွားတာဆိုတော့ သူတို့တွဲခဲ့ဖူးတာလား]
[ဒါကအရမ်း ဒရမ်မာဆန်တာပဲ၊ ငါအရင်ကကျုံချင်းယီကို ဆက်ဆံရေးထဲကြားဝင်လာတဲ့သူလို့ထင်ခဲ့ဖူးတယ်၊ အခုတော့ကြည့်ရတာတော့ ရဲ့လော့ယီကသာ တတိယလူပဲ]
[အဲတာဆို ပေယွဲ့ပိုင်က ကျုံချင်းယွီနဲ့တွဲနေခဲ့ပြီးတော့ ရဲ့လော့ယီနဲ့လည်း လူသိရှင်ကြား ပရောပရီလုပ်ခဲ့သေးတာလား ပြီးတော့ ကျုံချင်းယွီကိုပါ ဆက်ဆံရေးဖျက်ဆီးတဲ့ သူလို့အခေါ်ခံခိုင်းခဲ့တယ်ပေါ့လေ]
[သေစမ်း ငါဆိုးရွားတဲ့သူတွေကိုမြင်ဖူးပေမဲ့ ဒီလောက်ဆိုးရွားတာမျိုးတော့မမြင်ဖူးဘူး]
[ကျုံချင်းယွီ လမ်းခွဲဖို့လုပ်လိုက်တာက မှန်တဲ့ဆုံးဖြတ်ချက်ပဲ၊ သူမဒီ လူယုတ်မာနဲ့ပြန်မတွဲသင့်ဘူး]
[အမှန်ပဲ ကျုံချင်းယွီမှာ ယန်ရှီရှိနေပြီးပြီ သူမဒီလူယုတ်မာကိုမလိုအပ်ပါဘူး]
အင်တာနက်သုံးစွဲသူများသည် ဒေါသထွက်နေကြကာ ဆုလင်းလင်းနှင့်အခြားသူများသည်လဲ အတူတူပင်ဖြစ်သည်။
ပေယွဲ့ပိုင်တစ်ယောက်သာ သတိမမူမိသေးကာ ထိုအရာအားမြင်လိုက်ရသော ကျုံချင်းယွီသည် လေယာဥ်တံခါးအား မဖွင့်ပေးသည်ဖြစ်၍ သူသည်သွားများအားကြိတ်လိုက်ကာ အနက်ရောင်လေယာဥ်ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ပန်းစီးအားမြှင့်မြှင့်မြောက်ထားလိုက်သည်။
“ချင်းယွီ ကိုယ်တကယ်မှားမှန်းသိပါပြီ”
“ကိုယ်မင်းကိုချစ်တယ် ကိုယ့်တစ်ဘဝလုံးမင်းကိုပဲချစ်သွားမှာပါ ကိုယ့်ကိုခွင့်လွှတ်ပေးပါနော် ဟုတ်ပြီလား”
ဆုလင်းလင်းသည် ဒေါသထွက်သွားလေသည်။ သူမထိုကဲ့သို့ရွံ့ရှာစရာကောင်းသည့် သူအားမမြင်ဖူးပေ။
သူမ၏ဘေးတွင် လုပေယွီသည် ပေယွဲ့ပိုင်အား သူလေယာဥ်မှားနေကြောင်းပြောရန် လေယာဥ်မယ်အား တံခါးဖွင့်ပေးရန်ပြောနေလေသည်။
တံခါးဖွင့်လိုက်သည်နှင့် ဆုလင်းလင်းသည် ယောင်ကျူ၏ခွေးချီးများနှင့်ပြည့်နေသည့် သေးခံအားဆွဲယူကာ ရည်ရွယ်ချက်ရှိရှိ ပေယွဲ့ပိုင်ထံသို့ ပစ်ပေါက်ခဲ့သည်။
“ရှင်ကလူယုတ်မှာပဲ ရှင့်ပါးစပ်ကိုပိတ်ထားလိုက်”