Chapter 50
Vol. 5 Ch. 50
ဆုလင်းလင်းတွင် များပြားသည့် ဝါသနာမျိုးစုံရှိသည့်အနက် တိုက်ခိုက်ခြင်း နှင့်ပတ်သတ်၍ သရုပ်ဆောင်ရခြင်းမှာ တစ်ခုအပါအဝင်ဖြစ်သည်။
သူမ၏ ပစ်မှတ်သည် အလွန်ပင် တိကျလွန်း၍ ခွေးမစင်များဖြင့် ညစ်ပေနေသော ခွေးသေးခံသည် ပေယွဲ့ပိုင်၏ မျက်နှာပေါ်သို့ ကွက်တိပင် ပြုတ်ကျသွားခဲ့သည်။
လုပေယွီသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
ယနေ့မနက်တွင် ယောင်ကျူသည် သူ၏မကျက်တကျက် အသားတုံးအား ခိုးယူသွားခဲ့သောကြောင့် နေ့လည်အတွက် စားစရာ ပျောက်ဆုံးသွားခဲ့သည်။
ထို့ကြောင့်ပင်….
လုပေယွီသည် ပေယွဲ့ပိုင်အား စိုက်ကြည့်ခဲ့ပြီး ရုတ်တရက်ပင် မြင်လိုက်ရသောမြင်ကွင်းသည် သည်းမခံနိုင်လောက်အောင်ဆိုးရွာသောကြောင့် ချက်ချင်းပင် ခေါင်းပြန်လှည့်လာခဲ့သည်။
ပေယွဲ့ပိုင်သည် သူ့ပေါ်သို့ မည်သည့်အရာများ ကျလာခဲ့သည်ကို မသိခဲ့ချေ။
သူသည် လက်ဖြင့်စမ်းကြည့်ရာ လက်ချောင်းများသည် နူးညံ့စေးကပ်၍ ရွံစရာကောင်းသော အဝါရောင်အရည်များထဲသို့ရောက်ရှိသွားပြီး ဆိုးရွားသောအနံ့များသည်လည်း မခံနိုင်လောက်အောင်ပင် လွှမ်းမိုးနေသည်။
လေယာဉ်ပေါ်တွင်ရှိသော Samoyed ခွေးသည် သူ(ပေယွဲ့ပိုင်)အား မြင်သောအခါ၌ စိတ်လှုပ်ရှား၍ အမြီးကိုလျင်မြန်စွာ ယမ်းနေခဲ့သည်။
အချိန်ခဏအတွင်းမှာပင် ပေယွဲ့ပိုင်သည် သဘောပေါက်သွားခဲ့သည်။
သူသည် မှင်သက်သွားခဲ့တော့၏။
[ နေပါအုံး… ဆုလင်းလင်း ပေယွဲ့ပိုင်ကိုပစ်လိုက်တဲ့ဟာက ငါထင်နေတဲ့ဟာတော့ မဟုတ်လောက်ဘူးမလား]
[ ခွေးက ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲကြည့်ပါဦး တကယ့်ကို အဲတာကြီးပဲ]
[ ဟားဟားဟား ဒီလိုလုပ်ဝာာမှန်တယ် သူလိုရွံစရာကောင်းတဲ့သူက ဒါမျိုးနဲ့ပဲတန်တယ် ]
[ ဒီလို ခွေးမစင်နဲ့ ပစ်လိုက်တာက သူ့အတွက် အရမ်းကောင်းတယ်]
[ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကနေ အနံ့တွေ ရနေပြီ…ငါတကယ်အန်ချင်လာပြီ ]
ပေယွဲ့ပိုင်၏ နားထင်သွေးကြောများသည် ထောင်တက်လာခဲ့ပြီး သူ၏မျက်လုံးများသည်လည်း ဒေါသတကြီးနှင့် နီရဲလာခဲ့သည်။
“ ဆုလင်းလင်း! မင်း ရူးသွားပြီလား”
သူသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ပြီး သူမအား လည်ပင်းညှစ်သတ်တော့မည့်အတိုင်း ရှေ့သို့လျှောက်သွားသည်။
ထို့နောက် သူ မျှော်လင့်မထားဘဲ ဆုလင်းလင်း၏ ဘေးတွင် ရဲ့လော့ယီရပ်နေသည်ကို မြင်ခဲ့ပြီး ၊သူမသည် မိုးမခပင်လေးလိုပင် လေထုထဲ၌ နူးညံ့သိမ်မွေ့လှပစွာ ရှိနေခဲ့သည်။
သူ၏ ဒေါသများသည် ရေခဲရေနှင့် ပတ်လိုက်သလိုပင် ချက်ချင်း အငွေ့ပျံသွားခဲ့သည်။
“ လော့ယီ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ”
ရဲ့လော့ယီ၏ မျက်လုံးမှ မျက်ရည်များသည် စီးကျလာခဲ့သည်။
သူမသည် မည်သို့မျှ တောင့်မခံနိုင်တော့သောကြောင့် အခန်းရှိရာဘက်သို့ ပြေးထွက်သွားခဲ့သည်။
ပေယွဲ့ပိုင်သည် သူမ၏နောက်သို့ လိုက်သွားချင်သော်လည်း သူ့မားမား၏ သတိပေးချက်များကို နားထဲပြန်ကြားယောင်လာကာ သူ၏ခြေထောက်များသည် ရေစိုနေသည့်ဘိလပ်မြေများကဲ့သို့ လေးလံသွားခဲ့သည်။
သူသည် ရုတ်တရက်ပင် ရပ်တန့်သွားခဲ့၏။
လုပေယွီသည် လေယာဉ်ပေါ်ရှိ ခွေးစောင့်ရှောက်ရေးအဖွဲ့အား လေယာဉ်လမ်းကြောင်းတွင်ရှိသော အညစ်အကြေးများကို သန့်ရှင်းရန် ညွှန်ကြားခဲ့ခြင်းကြောင့် လေယာဉ်ဝန်ထမ်းများလည်း အနှောက်အယှက်မဖြစ်စေတော့ပေ။
ထို့နောက် သူသည် ပေယွဲ့ပိုင်အား တစ်ရှူးအစိုတစ်ထုပ် ပစ်ပေးခဲ့ပြီး ဘေးနားတွင်ရှိသည့် ကြီးမားလှသောလေယာဉ်ကို လက်ညိုးထိုးပြလိုက်ခဲ့သည်။
“ ဒါက မင်းရှာနေတဲ့ မိန်းကလေး ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြစ်မယ်”
ပေယွဲ့ပိုင်သည် ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပြီး သူ၏ အကြည့်များသည် အလွန်ကြီးမားသောအဖြူရောင်လေယာဉ်ပေါ်သို့ ရောက်ရှိသွားသည်၊ လေယာဉ်တံခါးသည် ပွင့်နေခဲ့ပြီး ကျုံချင်းယွီသည် တံခါးဝတွင် ခန့်မှန်းလို့မရသည့်မျက်နှာအနေအထားနှင့် ရပ်နေလေသည်။
“ ချင်းယွီ”
ပေယွဲ့ပိုင်သည် သူ၏မျက်နှာတွင်ပေကျံနေသော ခွေးမစင်များကို အလျင်အမြန်သုတ်၍ သူမထံသို့ ပြေးသွားခဲ့သည်။
လေယာဉ်လှေကားများသည် သိမ်းထားပြီးပြီ ဖြစ်သောကြောင့် သူသည် လေယာဉ်အောက်မှနေ၍ ခေါင်းကို မော့ကာ ကျုံချင်းယွီကို စကားလှမ်းပြောလေသည်။
“ ချင်းယွီ ဒါ ကိုယ့်အမှားပါ ကိုယ်လေယာဉ်မှားတက်မိသွားခဲ့တယ်၊ ဒါပေမယ့် ငါပြောတာတွေအကုန်လုံးက အမှန်တွေပါ၊ ကိုယ်မင်းကို ချစ်တယ်လေ ကျေးဇူးပြုပြီး ကိုယ့်ကိုခွင့်လွှတ်ပေးပါ”
သူတို့သည် ဝေးကွာသော အကွာအဝေးတစ်ခုတွင်ရှိကြပြီး ကျုံချင်းယွီသည် မည်သည့် အနံ့ဆိုးမှ မရသော်လည်း သူ၏မျက်နှာပေါ်တွင် ပေကျံနေသော အဝါရောင် အစင်းကြောင်းများကို မြင်လိုက်သည့်အခါ၌ သူမသည် အန်ချင်သွားခဲ့၏။
သူမသည် မည်သို့မျှ တုံ့ပြန်ခြင်းမရှိသောအခါ၌ ပေယွဲ့ပိုင်၏မျက်နှာသည် စိတ်ပျက်အားငယ်ကာ မဲ့ရွဲ့နေခဲ့သည်။
“ ချင်းယွီ ကိုယ်တကယ် မယုံနိုင်ဘူး၊ ကိုယ်တို့တွေ အရင်နေ့ကမှ အဆင်ပြေနေသေးတယ်လေ၊ ဘယ်လိုလုပ် ကိုယ့်ကို ဒီလောက်အချိန်အတောအတွင်း မချစ်ပဲနေနိုင်သွားရတာလဲ”
အချိန်အတော်အကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ကျုံချင်းယွီသည် စကားပြန်ပြောခဲ့၏။
“ ပေယွဲ့ပိုင် နင်ပြောတာမှန်ပါတယ်၊ ငါအခုထိနင့်အပေါ်ခံစားချက်တွေရှိနေတုန်းပဲ”
သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်အလင်းရောင်များတောက်ပလာခဲ့သည်။
ကျုံချင်းယွီ : “ ဒါပေမယ့်”
သူမသည် အေးတိအေးစက်အသံဖြင့် ဆက်ပြောလာခဲ့သည်။
“ ငါ နင့်ကို ထပ်ပြီး မချစ်ချင်တော့ဘူး၊ အဲတာက ငါ့ကို စိတ်ပင်ပန်းစေတယ်”
[သူစကားတွေထဲမှာရှိတဲ့ ကြေကွဲမှုတွေကို ခံစားလို့ရတယ်.. ]
[ မင်းကသူရဲ့ တကယ့် ကောင်မလေးဖြစ်ပေမယ့် သူက မင်းကို တစ်ခြားမိန်းကလေးတစ်ယောက် လိုဆက်ဆံနေတယ်လို့ စဉ်းစားကြည့်လိုက်ပါ ၊ ဘယ်သူက စိတ်မပျက်ပဲ နေမှာလဲ]
[ ဒီအမှိုက်လိုကောင်မျိုးကို စွန့်ပစ်လိုက်တာ သူ့အတွက်ကောင်းတယ် ]
[ သူတိုဆက်ဆံရေးက လူထုဆက်ဆံရေးလို ဆက်ဆံရေးမျိုး ဆိုပေမယ့်လည်း ပေယွဲ့ပိုင်ရဲ့ တာဝန်ခံမှုက ဟိုးအောက်ဆုံးမှာပဲ၊ ရွံစရာကောင်းလွန်းတယ် ]
ပေယွဲ့ပိုင်သည် လက်မလျှော့ခဲ့ပေ။
“ ယန်ရှီက ငါ့ကိုမကောင်းမြင်အောင် တစ်ခုခုပြောခဲ့သေးလား”
သူသည် တစ်ဖြည်းဖြည်းလှမ်းလာခဲ့ပြီး သူ၏အသံတွင် နာကျင်မှုနှင့်စိတ်ပျက်သည့်အရာများ ပါဝင်နေခဲ့သည်။
“ ကိုယ်က မင်းရဲ့ကောင်လေးပါ၊ မင်းကိုယ့်ကို ယုံကြည်ရမှာလေ”
ပြင်းထန်သောလေတစ်ဝှေ့သည် သူ၏ အနံ့ဆိုးများကို ကျုံချင်းယွီထံသို့ သယ်ဆောင်လာခဲ့သည်။
သူမသည် နှာခေါင်းကိုအုပ်၍ နောက်သို့ဆုတ်လိုက်သည်။
“ ဝေးဝေးသွားတော့ နင့်အနံ့က တော်တော်ဆိုးလွန်းတယ်”
ပေယွဲ့ပိုင်သည်အရှက်တကွဲဖြစ်သွား၍ သူ၏မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
အကယ်၍ ဆုလင်းလင်း၏နှောက်ယှက်မှု မရှိခဲ့လျှင် သူသည် ကျုံချင်းယွီနှင့် အစစ အရာရာ အဆင်ပြေနေမည် ဖြစ်၏။
သူ၏အနံ့သည် ဆိုးရွားလွန်း၍ သူမ၏ရွံရှာနေသည့်ပုံ မြင်လိုက်ရသည်မှာ ပို၍ပင် အရှက်ရလာခဲ့သည်။
“ ကိုယ့်ကိုခဏစောင့်ပေးပါ၊ ကိုယ်သန့်ရှင်းရေးလုပ်ပြီးရင် ပြန်လာခဲ့မယ်”
လေဆိပ်ထဲရှိ သန့်စင်ခန်းတွင် ပေယွဲ့ပိုင်သည် သူ၏ အရေပြားများကို ပွတ်တိုက်၍ဆေးကြောနေသော်လည်း ထိုအနံ့ဆိုးကြီးမှာ မပျောက်သွားခဲ့ပေ။
လမ်းတွင်ဖြတ်သွားကြသည့်သူများအားလုံးသည် သူ့အား ရွံစရာကောင်းသည့်အကြည့်ဖြင့် ကြည့်သွားခဲ့ကြသည်။
နောက်ဆုံးတွင် အချိန်တစ်ခုကြာသွားသည်ဟုခံစားရကာ သူသည် သန့်စင်ခန်းထဲမှ ထွက်လာသည့်အခါ၌ လေယာဉ်လမ်းမပေါ်ကြီးတွင် ရှင်းလင်းနေသည်ကို တွေ့လိုက်ရသည်။ ကိုယ်ပိုင်ဂျက်လေယာဉ်နှစ်ခုလုံးသည် ထွက်ခွာသွားခဲ့ကြပြီဖြစ်၏။
လေဆိပ်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့ချိန်တွင် အင်တာနက်စာမျက်နှာပေါ်၌ ဆူညံနေခဲ့သည်။
ပေဟန်လီသည် ခေတ်စားနေသည့် **#ပေယွဲ့ပိုင်ကရဲ့လော့ယီကို သဘောကျကြောင်းဝန်ခံလိုက်တယ်** ဟူသောtagကို ဝယ်ယူခဲ့ပြီး ထိုဖြစ်ရပ်သည် ရုတ်တရက်ပင်ပျံ့နှံ့သွားကာ လူသိများလာတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုclipအချို့မှ **ပေယွဲ့ပိုင်က ခွေးမစင်နဲ့ပစ်တာခံရတယ်** ၊ ** ပေယွဲ့ပိုင်က ကောင်မလေးမှားပြီးတောင်းပန်တယ်** ဟူသော ဖြစ်ရပ်များသည် မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်သုံးစွဲသူများကိုလည်း အံ့ဩမှင်သက်သွားစေခဲ့သည်။
အဆိုးဆုံးစိတ်ထိခိုက်သွားကြသူများမှာ “ ပေလော့ယီ” ship ကြသည့် ပရိတ်သတ်များပင် ဖြစ်သည်။ 2နှစ်တာကြာအောင်အားပေးထောက်ခံပြီးနောက် သူတို့၏ shipသည် လောင်ကျွမ်းပျက်စီးသွားသည်ကို မြင်ရသည်မှာ နာကျင်စရာပင် ဖြစ်ခဲ့သည်။
အချစ်မှ အမုန်းသို့ ပြောင်းလဲသွားခဲ့ကာ ဆိုရှယ်မီဒီယာပေါ်တွင် ပေယွဲ့ပိုင်အား တိုက်ခိုက်နေခဲ့ကြပြီး မုန်းတီးခြင်းခံရသူများ စာရင်း၏ ထိပ်ဆုံးတွင်ရှိနေခဲ့သည်။
[ ဒီကောင်က ဘယ်လိုတောင် ရွံစရာကောင်းတဲ့အရာတွေနဲ့ပြည့်နေတဲ့သူလဲ၊ ငါတော့ ဒီလောက်မုန်းစရာကောင်းတဲ့သူမျိုး တစ်ခါမှမတွေ့ဖူးဘူး]
[ ငါ့ဘဝမှာ နောင်တအရဆုံးက သူတို့ကို shipမိခဲ့တာပဲ]
[ ဒီအမှိုက်လိုကောင်ကို အနုပညာလောကထဲက ဖယ်ထုတ်ရမယ်]
[ ဆုလင်းလင်း ခွေးမစင်တွေပစ်လိုက်တာက တကယ့်ကိုမိုက်လွန်းတယ်၊ ဒီအမှိုက်လိုကောင်က ခွေးမစင်နဲ့အတူတူပဲ ]
နည်းပညာပိုင်းတွင် ကျွမ်းကျင်ကြသည့် အင်တာနက်သုံးစွဲသူများသည် အကြောင်းအရာများကို ပိုမိုရှာဖွေ ခဲ့ကြပြီး ထျန်းဟွေ့အနုပညာကုမ္ပဏီ_ပေယွဲ့ပိုင်ကုမ္ပဏီ၏ ကြေညာကိစ္စများနှင့် ရုပ်ရှင်စီမံကိန်းတစ်ဝက်ခန့်သည် ကျုံမိသားစုဒါမှမဟုတ် ရှင်းယောင်ကုမ္ပဏီ၊ ကျုံချင်းယွီမိသားစုလုပ်ငန်းများနှင့် ဆက်စပ်နေသည်ကို ဖော်ထုတ်ခဲ့သည်။
[ Oh ငါစိတ်တိုပြီး သွေးတက်လာပြီ]
[ ဒါဆိုသူ့ကောင်မလေးရဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ သူ့ကိုယ်ပိုင်ကုမ္ပဏီကို အောင်မြင်အောင်လုပ်နေတာလား]
[ ကျုံချင်းယွီရဲ့ပရိတ်သတ်တွေက သူ့ကို ဘာလို့ လင်ဒါရူးမလို့ ခေါ်ကြလဲဆိုတာ ငါနားလည်သွားပြီ ကောင်မလေးရေ အဲ့ကနေ နိုးထလိုက်တော့]
[ကျုံမိသားစုရဲ့ ထောက်ပံ့မှုကိုကျ ယူပြီးတော့ ကိုယ့်ကောင်မလေးကို အငယ်အနှောင်းတစ်ယောက်လို စွပ်စွဲအပြစ်တင်နေတာကျ သူက ဒီအတိုင်းကြီး ကြည့်နေတာလား]
ရဲ့လော့ယီလည်း ထိုပြသာနာထဲမှ မလွတ်ခဲ့ပေ။
“ နောက်ကောင်မလေး” ဟူသော ကောလဟာကများထဲတွင် သူမ၏ရိုးသားမှုကို မေးခွန်းထုတ်နေခဲ့ကြသည်။
ထျန်းဟွေ့၏ ထိပ်တန်းအနုပညာရှင်တစ်ယောက်အနေဖြင့် ပေယွဲ့ပိုင်၌ ပိုင်ရှင်ရှိသည့်အကြောင်းအား အဘယ့်ကြောင့် သူမ မသိရှိရသနည်း။
သို့သော် သူမ၏ အမာခံပရိတ်သတ်များသည် သူမအား အပြင်းအထန်ကာကွယ်ပေးခဲ့ကြပြီး ရဲ့လော့ယီသည် ထိုကိစ္စနှင့်ပတ်သတ်သည့်အရာများအားမသိ၍ ပါဝင်ပတ်သတ်မိခဲ့ကာ ကုမ္ပဏီ၏ စီမံကိန်းများတွင် အသုံးချခြင်းခံခဲ့ရသည်ဟု ပြောဆိုလာခဲ့ကြသည်။
ထိုအချိန်၌ ရဲ့လော့ယီ၏ ပရိတ်သတ်အသင်းအဖွဲ့သည် ထျန်းဟွေ့အား အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး သူမနှင့် ချုပ်ဆိုထားသည့်စာချုပ်အားဖျက်သိမ်းရန် တောင်းဆိုးနေခဲ့ကြသည်။
“ သူ့ကို ဒီစိတ်ပျက်စရာကောင်းပြီးအရှုပ်တွေပြည့်နေတဲ့ ကုမ္ပဏီကနေ လွတ်လပ်ခွင့် ပေးလိုက်ပါ”
ထျန်းဟွေ့၏ လူထုဆက်ဆံရေး အဖွဲ့သည် မည်သို့ဆက်၍လုပ်ဆောင်ရမည်ကို မသိတော့ပေ ၊ ကုမ္ပဏီ၏ CEO နှင့် အဓိက ဝင်ငွေအများဆုံးထုတ်ပေးနေကြသောသူများသည် အဓိကတရားခံများ ဖြစ်နေသောကြောင့် မည်သို့ဖြေရှင်းကြတော့မည်နည်း။
** ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွဲမှာ အမှန်တကယ်ပျော်ရွှင်နေတဲ့သူက ကျုံချင်းယွီရဲ့ ပရိတ်သတ်တွေပဲ ၊ သူတို့အရင်တုန်းက ဒီလိုထောက်ခံအားပေးတာ ဂုဏ်ယူစရာကောင်းတယ်လို့ တစ်ခါမှမခံစားဖူးဘူး**
[ ညီအစ်မတို့ရေ ဒီလိုခံစားချက်က ဘယ်လောက်ကောင်းလဲဆိုတာ နင်တို့သိမှာမဟုတ်ဘူး]
[ မစ္စတာကျုံက အရမ်းလှလွန်းလို့ ငါသူ့ကို တိတ်တိတ်လေး stanဖူးတယ်၊ ဒါပေမယ့် သူမ ရခဲ့တဲ့ အမုန်းတရားတွေက တကယ်ကို လက်မခံနိုင်စရာပဲ]
[ သူ့လို ကျက်သရေရှိပြီးလှတဲ့သူတစ်ယောက်က တစ်ခြားကောင်မလေးတွေနဲ့မတူနိုင်ဘူးဆိုတာ ငါအစကတည်းက သိပြီးသားလေ]
[ မစ္စတာကျုံက ငါတို့ကို စိတ်မပျက်စေခဲ့ဘူးပဲ ၊ အခု သူက single ဖြစ်သွားပြီဆိုတော့ သူ့ရဲ့ကံဇာတာတွေက ပိုပြီးကောင်းလာတော့မှာလေ]
[မစ္စတာကျုံး မင်းရဲ့ အချစ်ရူးထဲကနေ ရုန်းထွက်ပြီးပြောင်းလဲလိုက်တော့ မင်းရဲ့အနာဂတ်က သေချာပေါက် တောက်ပနေတော့မှာ~]
ညနေခင်းအချိန်တွင် နေဝင်ချိန်အလှသည် ကောင်းကင်တစ်ခုလုံး၌ ဖြာထွက်နေခဲ့၍ မျက်လုံးကျိန်းလောက်စရာ အရောင်မျိုးစုံဖြင့် ဆေးခြယ်ထားသလိုပင်၊ ထို့အချိန်တွင် အဖြူရောင်ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးသည် ဟိုင်မြို့သို့ ချောချောမွေ့မွေ့ဖြင့် ပျံသန်းလာခဲ့သည်။
လေယာဉ်အတွင်း၌ ယန်ရှီသည် ပြတင်းပေါက်ကိုမှီ၍ သူမသည် အဝေးတစ်နေရာကို စိုက်ကြည့်နေခဲ့သည်။
သူမသည် ပေယွဲ့ပိုင်၏ကိစ္စကို ဂရုမစိုက်ပေ ၊ယခုတွင် သူမအား system မှ ပို့လာသည့် အကြောင်းကြားချက်သည်သာ အရေးကြီးဆုံးဖြစ်သည်။
[ တင်! ဂုဏ်သတင်းပြန်လည်ရရှိအောင်လုပ်ခဲ့တဲ့အောင်မြင်မှုအတွက် ကျုံချင်းယွီက ကံကောင်းခြင်းအမှတ် 5မှတ်ထပ်ရပါတယ် ၊ လက်ရှိစုစုပေါင်း :52.2]
ယန်ရှီသည် အပျော်လွန်၍ အော်ဟစ်မလိုပင် ဖြစ်သွားခဲ့သည်။
အခုတလော ကံကောင်းခြင်းအမှတ်တွေက တကယ်ကို အလျင်အမြန်တက်လာတာပဲ။
“ Systemရေ အကယ်၍ ငါက ချင်းယွီနဲ့ ပေတို့ရဲ့စေ့စပ်ပွဲကို ဖော်ထုတ်လိုက်ရင် ချင်းယွီက ကံကောင်းခြင်းအမှတ်မလောက်လို့ ပြင်းပြင်းထန်ထန် အပြစ်ခံယူရမယ်လို့ မင်းအရင်ကပြောခဲ့တာမလား၊ ဒါပေမယ့် တကယ်လို့ သူ(ပေယွဲ့ပိုင်)က သူကိုယ်တိုင်ဖော်လိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်သွားမှာလဲ”
System: [တကယ်လို့ အမျိုးသားဇာတ်ဆောင်ဒါမှမဟုတ် အမျိုးသမီးဇာတ်ဆောင် တစ်ယောက်ယောက်က ဖော်ထုတ်လိုက်ရင် ၂၄နာရီ ထိန်းချုပ်ထားတာပြီးသွားလည်း မစ္စတာကျူံက ဘာအကျိုးဆက်မှ ရင်ဆိုင်ရမှာမဟုတ်တော့ဘူး]
ယန်ရှီသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
အများအမြင်တွင် ကျုံချင်းယွီ၏အောင်မြင်မှုများသည် ကံကြောင့်ဟု ထင်ကြသော်လည်း အမှန်တကယ်တွင် ယန်ရှီသည် နောက်ကွယ်၌ အရာအားလုံးကိုထိန်းချုပ်ခဲ့ပြီး ယောင်ချီကိုလည်း သူမ၏တွဲဖက်အဖြစ် အသုံးချခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်တွင် ယောင်ချီသည် ကျုံချင်းယွီ၏ ကိစ္စအားလက်ခံပြီးနောက် ပျက်စီးသွားသည့် စေ့စပ်ပွဲအကြောင်းအားညှိနှိုင်းရန်အတွက် လာမည့်အလုပ်ဖွင့်ရက်တွင် ထျန်းဟွေ့အဖွဲ့အစည်း သို့မဟုတ် ပေအိမ်တော်သို့သွားရန် စောင့်နေခဲ့သည်။
သို့ပေမယ့် ယန်ရှီသည် ယောင်ချီမှ ရေနှင့်ပတ်သတ်သည့်အားကစားများကိုနှစ်သက်ကြောင်းသိရှိခဲ့ပြီး သူမသည် ယောင်ချီအား *ယွီ-ရှီ သင်္ဘော” ကို အကန့်သတ်မရှိပဲ တစ်လတိတိ အသုံးပြုခိုင်းခဲ့ပြီး လဲလှယ်ချက်တစ်ခုထားရှိခဲ့သည် ၊ သူသည် ထိုညတွင် ပေမိသားစု၏ရှေ့၌ ပေယွဲ့ပိုင်နှင့် ရင်ဆိုင်၍ တစ်ခုခုလုပ်ရမည်ဖြစ်သည်။
ပေအကြီးအကဲ၏ အထင်သေးမှုများ ၊ ပေယွဲ့ပိုင်အဖေ၏ အပြစ်တင်ခြင်းများနှင့် ဖန်ပေယွီ၏ နားပူမှုများသည် ပေယွဲ့ပိုင်မှ ကျုံချင်းယွီအား တောင်းပန်ရန် ဖိအားများဖြစ်လာတော့သည်။
ကျုံမိသားစုအိမ်တော်သည် အဝင်အထွက် ကန့်သတ်ထားခဲ့သောကြောင့် အများရှေ့၌ တောင်းပန်ရန်ကျန်ရှိသည့်နေရာမှာ လေဆိပ်ပင်ဖြစ်ပြီး ထိုနေရာ၌ ရှိုး၏ ကင်မရာများဖြင့် ရိုက်ကူးသွားမည်ဖြစ်သည်။
ထို့ကြောင့်ပင် ကျုံချင်းယွီ၏ “ နောက်ကောင်မလေး” ဟူသော အမည်ဆိုးကို ဖယ်ရှားနိုင်ခဲ့၏။
ပေယွဲ့ပိုင် လေယာဉ်မှားတတ်ခြင်းနှင့် ခွေးမစင်နှင့်အပစ်ခံခဲ့ရခြင်းသည်လား။ ဝဋ်လည်သည်ဟု ဆိုရမည်။
ညနေ ၆နာရီ၌ ယန်ရှီ၏ စိတ်ထဲတွင် *တင်* ဟု အသံမြည်လာသော်လည်း မည်သည့် အသိပေးချက်မှမပါရှိပေ။
သူမသည် “ plot immunity” ၏ ၂၄နာရီ သက်တမ်းသည် ကုန်ဆုံးသွားကြောင်း သိရှိခဲ့သည်။
သူမသည် ကျုံချင်းယွီ၏ အခန်းထဲသို့ ဝင်သွားသည့်အချိန်၌ ကျုံချင်းယွီသည် စိတ်ရှုပ်နေသည့်ပုံပေါ်နေခဲ့ပြီး သူမသည် ပေယွဲ့ပိုင်၏ ဖုန်းနံပါတ်အား block ဖြည်ပေးနေလေသည်။
“ ရှီရှီ ခုနက ငါစိတ်လွတ်သွားတာထင်တယ်၊ ငါဘယ်လိုလုပ် ပေယွီနဲ့ပြတ်နိုင်မှာလဲ”
သူမသည် ယန်ရှီဘက်သို့လှည့်လာကာ အသနားခံသည့်မျက်လုံးများဖြင့် ကြည့်လာသည်။
“ ငါ သူ့ရဲ့တောင်းပန်တဲ့ ဗီဒီယိုကို လိုင်းပေါ်မှာ တွေ့ပြီးပြီ၊ ငါတို့ပြန်သွားကြရအောင်”
ယန်ရှီသည် သက်ပြင်းချကာ သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခဲ့သည်။
“ ခဏနေပါဦး ဒါကိုအရင်ကြည့်လိုက်”
ကျုံချင်းယွီ၏ ဖုန်းမျက်နှာပြင်ပေါ်တွင် ပေယွဲ့ပိုင်နှင့် ပြောထားသည့်မှတ်တမ်းများကို ပြသလာခဲ့သည်။
သူမသည် ကျုံချင်းယွီအား blockထားခဲ့သောကြောင့် message အသစ်များကို မမြင်ရသော်လည်း နောက်ဆုံးပို့ထားသည့် စာကြောင်းများမှာ -
[ ဘာလို့ မွေးနေ့ပွဲကို မရောက်လာသေးတာလဲ]
[ ပွဲက စနေပြီ မင်းက လူကြီးတွေကို စောင့်ခိုင်းမလို့လား]
[ကျုံချင်းယွီ ဒီကို မြန်မြန်လာခဲ့တော့]
ကျုံချင်းယွီ၏ကန့်ကွက်ချက်မှားကို လျစ်လျူရှူကာ ယန်ရှီသည် blockထားတော့ SMSဖိုင်ကို ဖွင့်လိုက်သည်။
ထင်ထားသလိုပင် ဖုန်းနံပါတ်အား blacklist ထဲထည့်ထားသော်လည်း စာများသည် တစ်ခုပြီးတစ်ခု တန်းဝင်လာခဲ့သည်။
[ ချင်းယွီ ကိုယ်မှားသွားတာပါ ကိုယ့်ကိုမင်းနဲ့တွေ့ခွင့်ပေးပါ၊ ကိုယ်တို့ မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောကြရအောင်လေ]
[ကိုယ်တို့တွေ အရင်နေ့ကမှ ပျော်နေကြတာမဟုတ်ဘူးလား]
[ကိုယ်မင်းကိုချစ်တယ် အဲတာကို မင်းလည်း သိပြီးသားပါ ပြီးတော့ မင်းကိုယ့်ကိုချစ်တယ်ဆိုတာလည်း ကိုယ်သိပါတယ်]
[ရဲ့လော့ယီနဲ့ကိုယ်နဲ့က ကင်မရာရှေ့မှာ သရုပ်ဆောင်ရုံသက်သက်ပါပဲ ကိုယ်နောက်ထပ် သူနဲ့ အဲလို အချစ်ဇာတ်လမ်းအတုတွေ မလုပ်တော့ပါဘူး]
[အကယ်၍ မင်းကိုယ့်ကို ခွင့်လွှတ်ရင် ကိုယ်မင်းစိတ်တိုင်းကျ အကုန်လုပ်မှာပါ]
[ကိုယ် မင်းမရှိဘဲ မနေနိုင်ဘူး ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့နော်]
ကျုံချင်းယွီသည် အံ့ဩသင့်သွားကာ ပါးစပ်ကို အုပ်လိုက်လေသည်။
ယခုမြင်နေရသော ပေယွဲ့ပိုင်၏ ပုံစံသည် ကြင်နာသနားစရာကောင်း၍ သိမ်ငယ်နေသည့်ပုံ ပေါ်နေပြီး သူမသိခဲ့သည့် အေးစက်စက်ပုံစံနှင့် မတူတော့ပေ။
ထိုနေရာတွင် သူသည် *”ကိုယ်မင်းကိုချစ်တယ်”* ဟူသောစကားများကို အထပ်ထပ်အခါခါ ပြောနေခဲ့ပြီး ထိုစကားသည် သူမအကြားချင်ဆုံးစကားဖြစ်သော်လည်း ယခင်က ရံဖန်ရံခါမျှသာ ပြောခဲ့လေသည်။
ယခုတွင် စာကြောင်းတိုင်းသည် ချစ်ခြင်းများဖြင့်ပြည့်လျှံနေခဲ့သည်။
“ နင် လေဆိပ်က ဗီဒီယိုမြင်ပြီးပြီမဟုတ်လား” ဟုယန်ရှီမှမေးလာခဲ့သည်။
ကျုံချင်းယွီသည် ခေါင်းညိတ်ကာ သူမ၏မျက်နှာသည် နီလာခဲ့သည်။
သူမ၏မှတ်ဉာဏ်သည် ဇာတ်လမ်း၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးသောကြောင့် သူမအဆင်ပြေရန်အတွက် ခွေးမစင်ဖြင့် ပစ်ခံရသည့်အဖြစ်အပျက်အား ဖျက်ခံထားရပြီး ပေယွဲ့ပိုင်၏ဝန်ခံချက်ကိုသာ မှတ်မိနေတော့သည်။
သူမသည် မအံ့ဩခဲ့ပေ။
“ အခု သူဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလဲ မြင်လား ၊ ပန်းတွေ တရားဝင်ကြေညာချက်တွေ ဒါကယောကျာ်းလေးတွေရဲ့ပုံစံပဲ၊ နင် သူတို့ကို လွယ်လွယ်ကူကူ အလျော့မပေးမှသာ သူတို့က ပိုပြီး တန်ဖိုးထားလာကြမှာ”
“ ဒါပေမယ့်..” ကျုံချင်းယွီသည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။
“ အကယ်၍ သူငါ့ကိုစိတ်ကုန်သွားရင်ရော”
ထိုအချိန်၌ စာတစ်စောင် ထပ်ရောက်လာခဲ့သည်။
[ချင်းယွီ မင်း ဒီစာကို မမြင်နိုင်တာသိပေမယ့်လည်း ကိုယ်ပြောချင်တာရှိတယ် ကိုယ်မင်းကိုချစ်တယ် ပြီးတော့ မင်းကိုစောင့်နေမယ်၊ မင်းဟိုင်မြို့မှာ အလုပ်ရှိနေသေးတော့ ကိုယ် အဲမှာလာပြီး မနှောက်ယှက်တော့ပါဘူး မင်းဒီကိုပြန်လာမှပဲ ကိုယ်သေချာပေါက် တောင်းပန်ပါ့မယ်]
ယန်ရှီသည် ပြုံးလာခဲ့သည်။
“ ငါနင့်ကိုပြောခဲ့တယ်လေ သူတောင်းပန်နေတာက နင်ပြန်လာဖို့ပဲ၊ ငါ့ကိုယုံလိုက်ပါ ဒီလိုကောင်မျိုးတွေက ဒီလောက်မြန်မြန်နဲ့ သူတို့စိတ်ပြောင်းမှာမဟုတ်ဘူး”
သူမ၏ နှလုံးသားမှာ အလွန်ပင်ခုန်လာခဲ့သည်။
သူမ၏ စိတ်ထဲ၌ ပြန်၍ပြေလည်စေရန် ခံစားချက်များက ပြင်းပြင်းထန်ထန်တိုက်တွန်းနေခဲ့သော်လည်း အနည်းငယ်တွေဝေနေသည်၊ *သူနောက်ဆုံးတော့ ငါ့ကို အရေးပါတဲ့သူတစ်ယောက်လို ဆက်ဆံလာခဲ့ပြီ*
“ နင်ပြောတာမှန်ပါတယ်၊ ယွဲ့ပိုင်က အရင်က ဒီလိုတစ်ခါမှ အလေးမထားဖူးဘူး”
သူသည် သူမ(ကျုံချင်းယွီ)၏လက်များကို ဆုပ်ကိုင်လိုက်သည်။
“ ရှီရှီ ငါသူ့ကို အချိန်ဘယ်လောက်စောင့်ခိုင်းသင့်လဲ”
“ အနည်းဆုံး တစ်နှစ်လောက်ပေါ့”
ယန်ရှီသည် ကျုံချင်းယွီ၏မျက်နှာဆူပုတ်သွားသည်ကို မြင်သောအခါ၌ စကားပြန်ပြင်ပြောလိုက်သည်။
“ တစ်လ ဆို အဆင်ပြေလား”
“တစ်လလား” ဟု ကျုံချင်းယွီသည် သနားစရာကောင်းသည့်မျက်နှာဖြင့်မေးလာခဲ့သည်။
“ ဒါက တစ်သက်လုံးအတွက်ပဲ”
*ဝိုး ဒီအချစ်ရူးလေးက တစ်လတောင် အရမ်းများလွန်းနေတာလား*
ယန်ရှီသည် သူမ၏မျက်လုံးကို လှိမ့်လိုက်သည်။
“ ဟုတ်ပါပြီ ဒါပေမယ့် ငါတို့ နိုင်ငံကို မပြန်မချင်း သူနဲ့မဆက်သွယ်ရဘူး၊ နင်သူ့ကို ကြာကြာစောင့်ခိုင်းလေ သူက နင့်အပေါ်မှာ ပိုစွဲလမ်းလာလေပဲ”
ကျုံချင်းယွီ၏မျက်လုံးများသည် တောက်ပလာခဲ့သည်။
“သဘောတူတယ်”
ပို့လာသည့် စာများ ဒါမှမဟုတ် ယန်ရှီ၏ အကြံပေးချက်များကြောင့်ပင် ဖြစ်စေ ကျုံချင်းယွီသည် လေယာဉ်ပျံသန်းနေသည့်တစ်လျှောက်တွင် ပြန်လည်အဆင်ပြေမည့်ကိစ္စများကို မပြောခဲ့ပေ။
ဟန်မြို့သို့ လေယာဉ်ဆိုက်သည့်အခါ၌ သူတို့၏ အိမ်တော်ထိန်းအသစ်ဖြစ်သည့် ပြောင်ပေါင်ယွမ်နှင့် ခရီးသွားအကြံပေးဖြစ်သည့် အေမက်စ်တို့သည် ရှည်လျားသည့် Limoကားကြီးနှင့် လာရောက်ကြိုဆိုခဲ့ကြသည် ၊ တစ်ဖက်တွင်လည်း လုပေယွီတို့အဖွဲ့အား Maybachကားနှင့်လာရောက် ကြိုဆိုခဲ့ကြသည်။
ရဲ့လော့ယီသည် တုန်လှုပ်နေဆဲဖြစ်နေသော်လည်း သူမသည် ပြန်၍ အားတင်းခဲ့လေသည်။
နောက်ဆုံးတော့ ဘဝသည် ဆက်၍ လည်ပတ်နေခဲ့သည်။
လေယာဉ်ပေါ်တွင် ရဲ့လော့ယီသည် ဆွန်းချီအား Weiboစာမျက်နှာပေါ်တွင် ရှင်းလင်းချက် postတစ်ခုတင်ခိုင်းခဲ့ပြီး ထိုအရာမှာ ပေယွဲ့ပိုင်နှင့် သူမသည် အလုပ်ကိစ္စအတွက်သာ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အကြောင်းပင်ဖြစ်သည်။
ယခင်အစောပိုင်း၌ စပျစ်ဝိုင်ဂိုထောင်တွင် သူမသည် သူတို့၏ဆက်ဆံရေးအား ငြင်းဆိုထားသည်နှင့် ပေါင်းစပ်လိုက်လျှင် သူမ၏ အိမ်ဂုဏ်သိက္ခာဖျက်စီးသူ ဟူသောအမည်ကို ဖယ်ရှားနိုင်မည်ဖြစ်ပြီး အပြစ်များမှလည်း လွတ်မြောက်နိုင်မည်ဖြစ်၏။
သူမနှင့် ပေယွဲ့ပိုင်တို့၏ အနာဂတ်သည် မသေချာတော့သော်လည်း ရဲ့လော့ယီ၏ ယခုအာရုံစိုက်မှုများသည် ရသစုံရှိုးများ၌ အကောင်းဆုံးလုပ်ဆောင်ရမည်ဟူသောအရာတွင်သာ ရှိနေခဲ့သည်၊ သူမသည် ကျုံချင်းယွီထံ၌ ထပ်၍ အရှုံးမခံနိုင်တော့ချေ။
သူမသည် လီမြို့၌ တစ်ခါရှုံးခဲ့ပြီးပြီ ဖြစ်၏။
ယနေ့လေဆိပ်တွင် သူမသည် ပေယွဲ့ပိုင်ကြောင့်ပင် ကျုံချင်းယွီ၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်။
အခု ဟန်မြို့မှာတော့ သူက ထပ်ပြီး အရှုံးခံတော့မှာ မဟုတ်ဘူး။
ကံကောင်းစွာဖြင့်ပင် လုပေယွီသည် သူမ၏ ဂုဏ်သတင်းတက်စေသည့် ကောင်လေးတစ်ယောက်ဖြစ်လေသည်။
ရဲ့လော့ယီသည် ကျိုးကြောင်းဆင်ခြင်တက်သော ပုံရိပ်ကို ထိန်းသိမ်းထားခဲ့ခြင်းကြောင့် ခမ်းနာကြီးကျယ်သည့်အရာများကိုကြွားလုံးမထုတ်ခဲ့ပေ။
တစ်ခါတစ်ရံတွင် သူမ၏မောင်လေးမှ ကိုယ်ပိုင်ဂျက်လေယာဉ်နှင့် Maybach ကားစီးခြင်းသည် အရေးမကြီးပေ။
Maybach ကားသည် ခုံငါးခုံ ပါဝင်သော်လည်း ကျပ်နေသည်ဟုခံစားနေရသည်မှာ အဓိကအားဖြင့် သူတို့၏ခွေးကို ခေါ်လာခဲ့ခြင်းကြောင့်ဖြစ်သည်။
ရဲ့လော့ယီသည် လုပေယွီအား ယဉ်ကျေးစွာဖြင့် ကွေ့ဝိုက်ကာ ပြောဆိုလာခဲ့သည်။
“ အစ်မကြီးက ဒီခရီးစဉ်အတွက် အကုန်စီစဉ်ပေးမယ်လို့ နင့်ကိုပြောခဲ့တယ်မဟုတ်ဘူးလား၊ သူက ဒီလောက်ချမ်းသာတာကို ဘာလို့နောက်ထပ် Maybach ကားတစ်စီးထပ်မပို့ပေးတာလဲ”
လုပေယွီသည် သူ၏ခေါင်းကို ကုတ်လိုက်သည်။
“ တစ်စီးဆို မလောက်ဘူးလား”
ရဲ့လော့ယီ : “ ငါတို့က သုံးယောက်ရှိတာလေ”
လုပေယွီ : “ ဒါပေမယ့် တကယ်လို့ ယောင်ကျူသာ မပါခဲ့ရင် ကျွန်တော်တို့က ဒီလိုကောင်းကောင်းဆက်ဆံခံရမှာတောင်မဟုတ်ဘူး”
“ ဟမ်” ရဲ့လော့ယီသည် ဝေခွဲမရပင်ဖြစ်သွားခဲ့သည်။
“ အာ အစ်မလော့ယီ နားမလည်သေးဘူးထင်တယ်၊ ကျွန်တော့်ရဲ့ ခရီးသွားတဲ့အထူးအခွင့်အရေးတွေထဲမှာ ဒီတစ်ခေါက်က အကောင်းဆုံးပဲ”
လုပေယွီသည် သိသိသာသာ သက်ပြင်းချလိုက်သည်။
“ ဒီနေ့ရဲ့ Maybachကားတွေ ကိုယ်ပိုင်လေယာဉ်တွေအကုန်လုံးက ယောင်ကျူအတွက် စီစဉ်ထားတာလေ၊ တကယ်လို့ ကျွန်တော်တစ်ယောက်သွားမယ်ဆိုရင် အစ်မကြီးက ဂရုစိုက်မှာတောင် မဟုတ်ဘူး၊ ကျွန်တော်က တကယ်တော့ ဒီခွေးရဲ့အကျိုးခံစားမှုတွေနောက်မှာ မှီခို နေရတာပဲမဟုတ်ဘူးလား”
ရဲ့လော့ယီ : ??
[ ခွေးရဲ့အကျိုးခံစားခွင့်တွေနောက်မှာ မှီခိုနေရတာလား၊ ငါတော့ အသက်တောင်မရှူနိုင်တော့ဘူး]
[ ဧည့်သည်အသစ်က အတော်လေးရီရတာပဲ]
[ ဒါဆို ကိုယ်ပိုင်ဂျက်လေယာဉ်ရဲ့ ပိုင်ရှင်အစစ်က ယောင်ကျူပေါ့ ၊ ဒါကြောင့် ခွေးကိုစောင့်ရှောက်မယ့်သူပါလာတာက မထူးဆန်းပါဘူး]
[ယောင်ကျူ: မင်းတို့အားလုံးက ငါ့အကျိုးခံစားခွင့်တွေကိုမှီခိုနေကြတာမို့ ကောင်းကောင်းဆက်ဆံကြပါ]
လုပေယွီ၏ “ ခွေးအခွင့်အရေးကိုမှီခိုနေရသည်” ဟူသော စကားသည် အမှန်တကယ်ပင် ရိုးရိုးသားသားနှင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။
လေဆိပ်သို့ Maybachကား ရောက်ရှိလာသည့်အခါ၌ ယောင်ကျူအားတာဝန်ယူထားရသည် အန်တီချန် သည် ထိုခွေး၏ ခရီးဆောင်အိတ်နှစ်ခုကို ကားပေါ်သို့အရင်တင်လိုက်သည်၊ ထို့နောက် သူမ၏ အိတ်ကိုတင်လိုက်ပြီး လုပေယွီ၏ ခရီးဆောင်အိတ်အား နောက်ဆုံးမှတင်ခဲ့လေသည်။
အဆိုးဆုံးအရာမှာ အန်တီချန်၏ တာဝန်များသည် ယောင်ကျူကိုသာ ကာကွယ်ရန်ဖြစ်ပြီး သူ့အတွက် မပါခဲ့ပေ ၊ ထို့ကြောင့် 1.8မီတာ ရှည်သည့် “ သခင်လေး” သည် သူ၏ အိတ်များကို ကိုယ်တိုင်သယ်ယူနေခဲ့ရသည်။
“ သခင်လေး၊ ကျွန်မနဲ့ယောင်ကျူက အနောက်ခုံမှာထိုင်လိုက်မယ် သခင်လေးက ရှေ့မှာထိုင်လိုက်ပါ” ဟု အန်တီချန်မှ ညွှန်းကြားခဲ့သည်။
“ Oh ဒီအိတ်က ကားထဲမဆန့်တော့ဘူး သခင်လေးရဲ့ပေါင်ပေါ်တင်ခဲ့လိုက်တော့နော်”
လုပေယွီ၏ နှုတ်ခမ်းစူ၍ ပြောလာသည်။
“ အနောက်မှာသုံးခုံတောင်ပါတာလေ ကျွန်တော့်အိတ်လေးကို ဖျစ်ညှစ်ထည့်ထားလို့မရဘူးလား”
အန်တီချန်; “မရဘူး၊ အစ်မကြီးကပြောတယ် ယောင်ကျူက ငယ်ပြီး အရမ်းသန်မာလို့ နောက်ထိုင်ခုံမှာ နှစ်ယောက်စာထိုင်ရတာတောင် သူ့အတွက် အရမ်းကြပ်နေပြီ ၊ခါတိုင်းဆိုရင် သူ့ကို နောက်ခုံအကုန်လုံးပေးထားပြီ ကျွန်မက ရှေ့မှာထိုင်တာပါ၊ သခင်လေးက အစ်မကြီးရဲ့မောင်ဖြစ်လို့ သူက အခုလိုခွင့်ပြုပေးထားတာပါ”
လုပေယွီ : “.....”
သူသည် အရှုံးပေးလိုက်ပြီးနောက် သူ၏အိတ်ကို ဆုပ်ကိုင်ကာ အရှေ့ခုံသို့ ဝင်ထိုင်လိုက်တော့သည်။
ကင်မရာအဖွဲ့သားများအတွက်လည်း နေရာမရှိတော့သောကြောင့် Maybach ကားထဲမှာရှိသည့် GoPros ကင်မရာများကိုသာ အသုံးပြုခဲ့ရတော့သည်။
ရဲ့လော့ယီနှင့် ဆုလင်းလင်းအတွက်သည် မည်သို့နည်း။ သူတို့သည် အားကိုးရာမဲ့ဖြစ်သွားခဲ့သည်။
လုပေယွီသည် ပျော်ရွှင်စွာဖြင့် လက်ပြလိုက်သည်။
“ အစ်မလော့ယီနဲ့ အစ်မ လင်းလင်း ကျွန်တော်သွားပြီးနော်၊ ယောင်ကျူကို မြက်ခင်းပေါ်မှာ လမ်းလျှောက်ပေးရဦးမှာမလို့ ကျွန်တော်နောက်ကျလို့မရဘူး”
သူတို့နှစ်ယောက်သည် မယုံနိုင်ပင်ဖြစ်ကာ ပါးစပ်အဟောင်းသားပင် ဖြစ်နေခဲ့သည်။
လီမြို့တွင် ကျုံချင်းယွီ၏ကြီးကျယ်ခမ်းနားသော တည်ခိုးခန်းများရှိခြင်းကြောင့် သူတို့ထက်ပို၍ အလွန်ပင် ထူးခြားခဲ့သည်။
ယခု ဟန်မြို့တွင် သူတို့သည် ခွေးတစ်ကောင်ကိုပင် ရှုံးနေကြရသည်လား။
ဒါက တရားမျှတမှု မရှိတော့ဘူးမလား။
နာရီဝက်ကြာပြနောက် ရှည်လျားသည့် Lincolinကား၊ Maybach ကားနှင့် အငှားကားတို့သည် ဟန်မြို့ရှိ ကြီးကျယ်ခမ်းနားသည့် ဇိမ်ခံအိမ်ယာသို့ ရောက်ရှိလာခဲ့ကြသည်။
Nordic ပုံစံအတိုင်း ဆောက်လုပ်ထားသော အိမ်ယာတွင် ထိုခွေးလေး လွတ်လွတ်လပ်လပ်ကစားနိုင်ရန်အတွက် ကျယ်ကျယ်ပြန်ပြန့်မြက်ခင်းပြင်တစ်ခုနှင့် ရေကစားနည်းမျိုးစုံဆော့နိုင်ရန်အတွက် အနောက်ဘက်တွင် ရေကူးကန်တစ်ခုပါရှိသေးသည် ၊ ဤအရာအားလုံးသည် လုပေယွီ၏ အစ်မ လုဝမ်နင်းမှ စီစဉ်ထားခြင်းဖြစ်၏။
ယောင်ကျူသည် ကားပေါ်မှပြေးဆင်းလာသောအခါ ယန်ရှီသည် ထိုခွေး၏လည်ပင်းကို ပွတ်ပေးလိုက်သည်။
“ ဒါဆို ငါတို့က ဒီအိမ်ယာကို မင်းအတွက် ငှားလိုက်ရတာပေါ့ ဟမ်”
ခွေးသည် သူ၏အမြီးအားဖြင့် ပျော်ရွှင်စွာဖြင့်ယမ်းကာ ဟောင်ပြနေလေသည်။
ရဲ့လော့ယီနှင့်ဆုလင်းလင်းတို့သည် ခဏအကြာ၌ရောက်ရှိလာခဲ့ပြီး သူတို့၏ မျက်နှာများသည် မကျေနပ်ချက်များဖြင့် ပြည့်နေ၏။
ဤခရီးစဉ်သည် ရဲ့လော့ယီ၏ အကြံဉာဏ်ဖြစ်ပြီး သူမသည် လုပေယွီအားဖိတ်ခေါ်ရန် ဒါရိုက်တာယွီကို အကြံပေးခဲ့ခြင်း ဖြစ်သည်။
သူမသည် “ နှိမ့်ချတက်ခြင်း”ဟူသော ပုံရိပ်ကို ထိန်းသိမ်းထားခဲ့ပြီး အဆင့်အတန်းမြင့်မြင့်ခရီးသွားရခြင်းကိုလည်း ကြိုက်နှစ်သက်သောကြောင့် သူမသည် မိတ်ဆွေတစ်ဦးလိုအပ်ခြင်းဖြစ်သည်။
ရဲ့လော့ယီသည် အစပိုင်းတွင် လုပေယွီ၏ မားမားအား ဖိတ်ခေါ်ရန် ကြိုးစားခဲ့သည်အကြောင်းမှာ လုပေယွီ၏မားမားသည် သူမအား အလွန်ချစ်ခင်သောကြောင့်ဖြစ်သည် သို့သော်လည်း အသက်ကြီးပြီဖြစ်သောထိုအမျိုးသမီးသည် ကျန်းမာရေးအခြေအနေကြောင့် ရှိုးတွင် မပါဝင်နိုင်ခဲ့ချေ။
လုဝမ်နင်း အကြောင်းပြောရမည်ဆိုလျှင် ရဲ့လော့ယီသည် သူမနှင့် သိရုံမျှသာဖြစ်ပြီး ကြောက်စရာကောင်းသည်ဟုလည်း ထင်ခဲ့သည်၊ ထို့ကြောင့် လုပေယွီသာ ကျန်ရှိတော့သည်။
ရဲ့လော့ယီသည် 17နှစ်အရွယ် epsorts ချန်ပီယမ်၏ မိသားစုသည် သူမအား ခရီးစဉ်တစ်လျှောက်လုံး ဂရုစိုက်မှုများနှင့် “ ပေါ့ပေါ့ပါးပါး” ဖြစ်စေရန် ဖြည့်ဆည်းပေးမည်ဟု ထင်ခဲ့လေ၏။
သူမသည် VIPပြုစုမှုများသည် ခွေးအတွက်ဖြစ်နေမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူမသည် အရဲစွန့်ကာ လုပေယွီ၏ မားမားကို ဖုန်းခေါ်၍ ချိုသာစွာပြောလိုက်သည်။
“ ပေယွီကို ဂရုစိုက်စရာမလိုပါဘူး၊ ယောကျာ်းလေးတွေက အခက်အခဲတွေရင်ဆိုင်ဖို့လိုတယ်လေ၊ သူခရီးသွားတဲ့အချိန်မှာ အန်တီတို့က သူ့ကိုပိုက်ဆံမပေးဘူး သူကိုယ်တိုင်ရှာသုံးရမှာ”
ရဲ့လော့ယီသည် အသက်ပြင်းပြင်းရှူလိုက်သည်။
*ဟုတ်ပါတယ် သူက ချန်ပီယံတစ်ယောက်ပဲ သူ့မှာပိုက်ဆံအများကြီးရှိမှာပါ*
ပေယွီပိုင်၏မားမား : “ အို သူ့ရဲ့ အနိုင်ရထားတဲ့ငွေတွေလား ၊ သူအဲ့ငွေတွေကို စီမံခန့်ခွဲထားတယ်ထင်တယ်၊ ပေယွီမှာ 3ထောင်ကနေ 5ထောင်ဝန်းကျင်လောက်တော့ သူ့ဆီမှာရှိမှာပါ သူက ပိုင်ဆိုင်မှုတွေကို သိပ်စိတ်မဝင်စားတဲ့သူလေ”
*3ထောင်ကနေ 5ထောင်လား..”
ဘယ်လောက်တောင် ထူးဆန်းသည့်ပမာဏဖြစ်သနည်း။ ရဲ့လော့ယီသည် “ထောင်ဂဏန်း” ပမာဏကို အသုံးမပြုခဲ့သည်မှာ နှစ်ချီနေခဲ့သည်။
သူမ၏ နာမည်ပြန်ရစေမည့်မျှော်လင့်ချက်သည် ပျက်စီးသွားခဲ့ပြီး ယခုတွင် သူမပါဝင်မည့် အပိုင်းများတွင် golden retriever ခွေးကြောင့် စိတ်ဝင်စားမှုလျော့နည်းမသွားစေရန်အတွက် ဆုတောင်းနေခဲ့တော့သည်။
ဧည့်သည်အဖွဲ့သုံးဖွဲ့သည် စီမံပေးထားသည့်နေရာသို့ရောက်လာပြီးနောက် သူတို့သည် အခန်းများရွေးချယ်ရန် အိမ်ယာထဲသို့ ဝင်လာခဲ့ကြသည်။
ယခင်တစ်ခေါက်ကလိုပင် အတွဲများသည် အခန်းများကို မျှ၍ သုံးကြသော်လည်း အိပ်ခန်းငါးခန်းတွင် နှစ်ခန်းသည် တစ်ယောက်အိပ်ကုတင်တစ်ခုသာပါဝင်သောကြောင့် စူးစမ်းချင်နေကြသည်။
[ ကိစ္စက ပြီးသွားပြီ: နောက်ဆုံးပါဝင်တဲ့ ဧည့်သည်တွေက လက်မထပ်ရသေးတဲ့အတွဲပဲ]
[ ဘယ်သူဖြစ်နိုင်မလဲ]
အပြည်ပြည်ဆိုင်ရာ လေယာဉ်၏ နှောင့်နှေးမှုကြောင့် လျှို့ဝှက်ထားသည့်အတွဲသည် ၃၀မိနစ် နောက်ကျမှ ရောက်ရှိလာခဲ့သည်။
ခန့်မှန်းထားသည့်အတိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။
ကောင်လေးသည် အရပ်ရှည်၍ ချောမောပြီး ကောင်မလေးသည်လည်း ငယ်ရွယ်၍ လှပနေလေသည်။
သူတို့သည် လက်မထပ်ရသေးသော်လည်း သူမသည် ခရီးဆောင်အိတ်ကိုကိုင်ပေးထားသည့် ကောင်လေး၏လက်မောင်းကို ချိတ်ထားခဲ့ပြီး သူတို့ဆက်ဆံရေးသည် သံသယဝင်စရာပင်မရှိခဲ့ပေ။
သူတို့ဝင်ရောက်လာသည့်အချိန်၌ လူအများသည် တိတ်ဆိတ်ကာ အံ့ဩသွားခဲ့ကြသော်လည်း လုပေယွီနှင့် ယောင်ကျူတို့သည် သတိမမူမိကာ ပျော်ရွှင်နေခဲ့ကြလေသည်။
လင်းရန်ရန်သည် လှပစွာပြင်ဆင်ထားပြီး ယန်ရှီကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ မတွေ့တာကြာပြီနော် *ကျဲကျဲ*”
[ ကျဲကျဲလား၊ ဒီမှာ ဘာတွေဖြစ်နေကြတာလဲ]
[ ပထမက ရဲ့လော့ယီနဲ့ လုပေယွီ အခုက ယန်ရှီနဲ့ အဲ့အသစ်ကောင်မလေးလား]
[ နေပါအုံး သူ့ကို ရင်းနှီးနေတယ်လို့မထင်ဘူးလား ငါသူ့ကို တစ်နေရာရာမှာမြင်ဖူးပါတယ်..]
[ လီမြို့ရဲ့ ပြင်သစ်စားသောက်ဆိုင်မှာမလား သူက ယန်ရှီကို အဲ့တုန်းကလည်း “ ကျဲကျဲ” လို့ခေါ်ခဲ့တာလေ]
လင်းရန်ရန်နှင့် ချူမို၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် စတင်ခဲ့ပြီဖြစ်၏။
ယန်ရှီ၏ ထိတ်လန့်သွားသော မျက်နှာကိုမြင်လိုက်ရသည်မှာ ကျေနပ်သွားခဲ့ပြီး လင်းရန်ရန်သည် ကင်မရာဘက်ကိုလှည့်ကာ ပြုံး၍ မိတ်ဆက်လိုက်သည်။
“ အားလုံးပဲ မဂ်လာပါရှင့် ကျွန်မကတော့ လင်းရန်ရန်ပါ ဒီအပိုင်းမှာ အထူးဧည့်သည့်တော်အဖြစ် ပါဝင်သွားမှာဖြစ်ပြီး သူကတော့—”
သူမသည် ရယ်ရယ်မောမောဖြင့် ဆက်ပြောလာခဲ့သည်။
“ သူက ကျွန်မနဲ့ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်းပဲဖြစ်ပါတယ်~”
ချူမိုသည် သူ၏အကြောင်းအား အကျဉ်းချုပ်သာ မိတ်ဆက်ခဲ့လေသည်။
“ မဂ်လာပါ ကျွန်တော်ကတော့ ချူမိုပါခင်ဗျ”
လင်းရန်ရန်၏ အပြုံးသည် လှောင်ပြောင်သည့် ဘက်သို့ပြောင်းသွားခဲ့သည်။
“ ကျွန်မနဲ့ ယန်ရှီ ရဲ့ဆက်ဆံရေးကို သိချင်နေကြမယ်လို့ ထင်ပါတယ် ၊ ပြောရမယ်ဆိုရင် ကျွန်မတို့မှာ အတော်လေးထူးခြားတဲ့ နောက်ကြောင်းလေးတွေရှိပါတယ်”
သူမသည် ယန်ရှီအား စိုက်ကြည့်နေခဲ့ပြီး သူမ၏ အကြည့်များတွင် လှည့်စားမှုများနှင့် တောက်ပနေခဲ့သည်။
“ ကျွန်မက လင်းမိသားစုရဲ့ အမွေဆက်ခံသူ အစစ်ပါ၊ oh သူကတော့ ကျွန်မရဲ့နေရာကို 15နှစ်လုံးလုံး လုယူထားတဲ့ လူလိမ်မပဲ”
အခန်းထဲရှိလူများအားလုံးသည် အံ့ဩသွားကာ အသံများထွက်လာခဲ့သည်။
ရဲ့လော့ယီနှင့် ဆုလင်းလင်းတို့သည် “ အမွေဆက်ခံသူ အတုအစစ်” ဇာတ်ကြောင်းကို သိထား၍ အေးဆေးတည်ငြိမ်စွာ နေကြသော်လည်း အခြားသူများ၏ အံ့ဩမှင်သက်နေသော မျက်နှာအမူအရာများကို မြင်လိုက်ရသည့်အခါ၌ ဝမ်းသာအားရနေကြလေသည်။
လုပေယွီနှင့် အဖွဲ့သားများသည် မယုံနိုင်ပင်ဖြစ်ကာ မျက်လုံးများပြူးကုန်ကြတော့သည်။
ဒါရိုက်တာ ယွီကျီကျုံးသည် အစပိုင်းတွင်း သံသယဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် နားလည်သွားခဲ့သည်။
ယန်ရှီသည် သူမအား “ ကျဲကျဲ” ဟု ခေါ်ဆိုခြင်းကို တစ်ခါမှပင် ဖြေရှင်းခဲ့ခြင်း မရှိသည်မှာ သူမသည် လင်း မျိုးရိုးနာမည်ကို သုံးခဲ့ဖူးသောကြောင်ပင်ဖြစ်၏။
*အို shit ဒီကိစ္စက တကယ်ကိုပြင်းထန်ဝာာပဲ*
“ ရန်ရန်”
ချူမိုသည် သူမကို စိုက်ကြည့်၍ ရုတ်တရက်ပြောလာခဲ့သည်။
“ ဒီအကြောင်းကိုပြောဖို့ ဘယ်သူက ခွင့်ပြုလိုက်တာလဲ”
“ ဒါအမှန်တရားပဲမဟုတ်ဘူးလား”
လင်းရန်ရန်သည် ဒေါသထွက်ကာ ပြန်ပြောလာခဲ့သည်။
ချူမိုသည် ယန်ရှီကို အမြဲကာကွယ်ပေးတက်သောကြောင့် သူမသည် ခံပြင်းနေခဲ့သည်၊ သူပို၍ ကာကွယ်ပေးလေ သူမသည် ယန်ရှီအပေါ်သို့ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံလေပင် ဖြစ်၏။
လုပေယွီသည် ထိတ်လန့်သွားခဲ့သော်လည်း ကြားဝင်၍ဖျန်ဖြေရန် တွေဝေနေခဲ့သည်။
“ ဒီအကြောင်းကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဆွေးနွေးဖို့ တကယ်လိုတာလား ၊ ငါတို့ရဲ့ရှိုးကတော့ တကယ်အန္တရာယ်များနေပြီပဲ”
သူသည် ယန်ရှီကို မကြိုက်သော်လည်း လင်းရန်ရန်၏ မိသားစုရန်ငြိုးများကိုပြောနေခဲ့ကြောင်းဝင်ပြောခဲ့သည်။
ဝင်မစွက်ဖက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်၏။
“ ငါပြောတာ အမှားပါသွားလို့လား”
လင်းရန်ရန်သည် အလွန်ပင်စိတ်တိုကာ ယန်ရှီနားသို့ တိုးလာလေသည်။
“ တကယ်လို့ နင့်ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါဒီနှစ်တွေထဲမှာ နာကျင်ပင်ပန်းခဲ့ပြီး လမ်းပျောက်နေမှာမဟုတ်ဘူး၊ ဒါက နင့်ငါ့ဆီမှာတင်နေတဲ့ အကြွေးတွေပဲ”
**BANG!**
ဧည့်ခန်းထဲတွင် ကြီးမားသည့် ပစ္စည်းတစ်ခုခု ကျကွဲသွားသည့်အသံကြားလိုက်ရခြင်းကြောင့် လူအများသည် ထိတ်လန့်သွားခဲ့ကြ၏။
လင်းရန်ရန်သည် ပြောနေရင်းမှ ရပ်တန့်သွားခဲ့ပြီး စကားပင် မပြောနိုင်တော့ချေ။
မျက်လုံးများအားလုံးသည် အသံထွက်လာသည့်ဘက်သို့ ရုတ်တရက်ကြည့်လိုက်သည့်အချိန်၌ ကျုံချင်းယွီသည် စောင့်ကြည့်ရေးကင်မရာအောက်တွင်ရပ်၍ ယောင်ကျူ၏ ခွေးအစာခွက်ကို လက်နက် တစ်ခုသဖွယ် ကိုင်ထားခဲ့သည်။
ပျက်စီးနေသော ပစ္စည်းများသည် ကြမ်းပြင်ပေါ်တွင် ပျံ့နှံ့နေခဲ့ပြီး ဝိုင်ယာကြိုးများကိုလည်း မည်သည့်နေရာမှ ဆွဲဖြုတ်ထားသည်ကိုပင် မသိရပေ၊ ကျုံချင်းယွီသည် Data ဝိုင်ယာကြိုးများကို ဆွဲဖြုတ်ထားခြင်းဖြစ်ပြီး ကင်မရာမှန်များကိုလည်း ရိုက်ခွဲထားသည်ကို ဒါရိုက်တာယွီမှ မကြာခင်သေးမှာပင် နားလည်သွားတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုသည် လွန်ခဲ့သည့် သုံးမိနစ်ကတည်းကပင် ရပ်တန့်သွားခဲ့သည် ၊ လင်းရန်ရန်၏ အရေးကြီးသတင်းသည် ထုတ်ဖော်ပြသခဲ့ပါသလော။
ထုတ်လွှင့်မှုသည် လုံးဝပင် ရပ်သွားခဲ့သည်။
ကျုံချင်းယွီသည် ခွေးအစာခွက်ကို မြေပြင်ပေါ်သို့ တစ်စစီကွဲအောင် ပစ်ပေါက်လိုက်သောကြောင့် ဆူညံသည့်အသံတစ်ခု ထွက်လာတော့သည်။
သူမသည် ယွီကျီကျူံးကို စိုက်ကြည့်၍ လင်းရန်ရန်ကို လက်ညိုးထိုးပြလိုက်လေသည်။
“ ယွီကျီကျုံး ငါ အဲကောင်မလေးကို ဧည့်သည်အနေနဲ့ပါဖို့ သဘောတူခဲ့လို့လား၊၊ ဒီရှိုးအစီအစဉ်ကို မပျက်စေချင်ရင် ငါ့ကို ပိုကောင်းတဲ့ အကြောင်းပြချက် အခုပေးတော့”