သတ်ပွဲ
Vol. 15 Ch. 209
အခန်း (၂၀၉) သတ်ပွဲ
ကျန်းလန်၏ စကားသံကိုကြားသည်နှင့် သက်လတ်ပိုင်းလူရွယ် ကြောက်ရွံ့သွားပြီး မသိမသာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
သို့သော် ခံစားလိုက်ရသည့် အရှက်တရားနှင့် ဒေါသကြောင့် သူက ကျန်းလန်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားဝင်ရောက်လာသည်။
ထိုသူက လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး ရှိသမျှစွမ်းအားကုန် ထုတ်လိုက်သည်။
"ဂရား…"
လောကတစ်ခုလုံး တုန်လှုပ်သွားစေသည့် ကြုံးဝါးသံကြီးထွက်ပေါ်လာသည်။
ချက်ချင်းပင် သက်လတ်ပိုင်းလူရွယ်က ပေ (၁၀၀)ခန့်မြင့်မားသည့် ဧရာမဝက်ဝံကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
"လူသား… မင်းက အတော်လေး မာန်တက်နေပါလား…"
စကားသံနှင့်အတူ အနက်ရောင်ဝက်ဝံကြီး၏ လက်သီးချက်က ကျန်းလန်ထံသို့ ကျရောက်လာသည်။ သူက ကျန်းလန်ကို မြေကြီးထဲ နစ်ဝင်သွားသည်အထိ ထုနှက်ပစ်လိုက်မည်ဟု စိတ်ကူးထား၏။
ကျန်းလန်ကို အနိုင်မယူနိုင်သည့်တိုင် ဒဏ်ရာရသွားအောင်တော့ ပြုလုပ်နိုင်မည်ဟု ယုံကြည်ထားသည်။
သူ လုပ်ရမည်မှာ သူတို့တပ်မှူးရောက်လာသည်အထိ အချိန်ဆွဲရမည် ဖြစ်သည်။
သို့သော်…
"ဘန်း…"
သူ၏လက်သီးချက်ကို ရန်သူက ရှောင်တိမ်းနိုင်မည်မဟုတ်ဟု အနက်ရောင်ဝက်ဝံကြီးတွေးနေဆဲမှာပင် သူ့လက်တစ်ဖက်လုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်ဝက်ဝံကြီး အလွန်အံ့သြတုန်လှုပ်သွား၏။
သူ မယုံကြည်နိုင်ခဲ့ပေ။ ဘာဖြစ်သွားမှန်းပင် သူ မသိခဲ့ပေ။
"အကောင်ကကြီးတော့ ကိုင်တွယ်ရ သိပ်အဆင်မပြေဘူး…"
ကျန်းလန် ပြောလိုက်၏။
ကျန်းလန်က အနက်ရောင်ဝက်ဝံကြီး၏ ဦးခေါင်းရှိရာသို့ ခုန်ဝင်လိုက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
အနက်ရောင်ဝက်ဝံကြီး၏ စိတ်ထဲတွင် သားရဲများ၏ ပင်ကိုယ်သိစိတ်မှ သတိပေးသံ ထွက်ပေါ်လာသည်။
"ပြေးတော့… ပြေးတော့…"
ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားတော့မည့်အချိန်တွင် ကြားရတတ်သည့် ပင်ကိုယ်သိစိတ်မှ သတိပေးသံ ဖြစ်သည်။
သူ့ထံသို့ ကျရောက်လာသည်က လူသားတစ်ယောက်၏ လက်ဖြစ်၏။ သို့သော် ထိုလက်က သူ့ကို တစ်စစီကွဲကြေသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။ သူ့ကို ဇီဝိန်ခြွေပစ်လိုက်နိုင်စွမ်းရှိသည်။
ဤသည်မှာ အနက်ရောင်ဝက်ဝံကြီး ပင်ကိုယ်သိစိတ်ဖြင့် အလိုလိုသိမြင်လိုက်ခြင်း ဖြစ်သည်။
ခဏအကြာတွင်တော့…
"ဘန်း…"
ကျန်းလန်က လက်တစ်ဖက်ဖြင့် အနက်ရောင်ဝက်ဝံကြီး၏ ခန္ဓာကိုယ်ကို ဖိနှိပ်ချလိုက်ရာ ခန္ဓာကိုယ်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့၏။
သွေးမှုံများက ကောင်းကင်တစ်ခုလုံးတွင် ပလူပျံလျှက် ရှိသည်။
အနက်ရောင်ဝက်ဝံကြီး အသိစိတ်ကင်းမဲ့သွားပြီ ဖြစ်သည်။ သို့သော် သေသာသေသွားသည့်တိုင် ကျန်းလန် သူ့ကို မည်သို့သတ်ဖြတ်လိုက်ကြောင်း မသိရှိလိုက်ပေ။
လူသားတစ်ယောက်က ထိုမျှ ကြောက်မက်ဖွယ်ကောင်းမည်ဟု သူတစ်ခါမှ မထင်မှတ်ခဲ့ပေ။
ကျန်းလန် မြေပြင်ထက်သို့ ဆင်းသက်လိုက်ပြီး ထွက်ပြေးသွားသော နတ်မိစ္ဆာ(၂)ယောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဤနေရာတွင် အစီအရင်များနှင့် လျှို့ဝှက်နေရာများစွာ ရှိနေနိုင်သည်။ ထို့ကြောင့် ကြံရာပါများ၏တည်နေရာကို လွယ်လွယ်နှင့်သိရှိနိုင်ရန် ထိုသူ (၂)ယောက်ကို ကျန်းလန်က တမင်သက်သက် လွှတ်ပေးလိုက်ခြင်း ဖြစ်၏။
တစ်ချိန်က အကုန်လုံးကို အပြတ်ရှင်းလိုက်မိသည့်အတွက် ဖုန်းကျီကို အတော်လေး ရှာဖွေခဲ့ရသည်ကို ပြန်လည်အမှတ်ရလိုက်မိသည်။ တိုက်ပွဲဆိုသည်က အတွေ့အကြုံများမှ သင်ယူရသည်ပင်။
ဖုန်းကျီကို သတ်ဖြတ်စဉ်က သူ့တွင် အချိန်အလုံအလောက် ရှိသည်။ ယခုက သူ့တွင် အချိန်မရှိပေ။
မကြာမီ ဤနေရာမှ အဖြစ်အပျက်များကို ခွန်လွန်တောင်မှ သိရှိသွားမည် ဖြစ်သည်။ ကျန်းလန်အနေဖြင့် ခွန်လွန်တောင်မှလူများ ရောက်မလာခင် ရန်သူကို အပြတ်ရှင်းရမည် ဖြစ်၏။
နတ်မိစ္ဆာများက သူ့ကိုပစ်မှတ်ထားသည်ဖြစ်လေရာ ဤပြဿနာကို သူကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး အခြားသူများနှင့် သက်ဆိုင်ခြင်းမရှိဟု ကျန်းလန် ယူဆမိသည်။
ထို့ပြင် ရန်သူများကို အသက်ရှင်လျှက် လွတ်မြောက်ခွင့်ပေးလိုက်ပါက သူ့အတွက် အဆုံးမရှိသော ပြဿနာများ ရင်ဆိုင်ရမည် ဖြစ်သည်။
ထွက်ပြေးသွားသူ (၂)ယောက်နောက်သို့ ကျန်းလန် လိုက်သွား၏။
ရန်သူများ စုစည်းမိလျှင် ပိုမိုအင်အားကြီးမားလာမည်ဖြစ်လေရာ အခြားသူများ၏ တည်နေရာကို သိရသည်နှင့် ရှင်းစရာရှိသည်များကို ချက်ချင်းရှင်းပစ်ရမည် ဖြစ်သည်။
ရန်သူများ စခန်းချရာရောက်သည့်အခါ ထိုနေရာတွင် မရဏအငွေ့အသက်များ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။ ကျန်းလန်အတော်လေး အံ့အားသင့်သွားမိ၏။
"သူတို့က ငရဲတံခါးကို တကယ်ပဲ ပစ်မှတ်ထားတာကိုး…"
နတ်မိစ္ဆာများက ငရဲတံခါးကို ဟန်ပြအဖြစ် ပစ်မှတ်ထားသည်ဟု ကျန်းလန် ထင်ခဲ့မိသည်။ သို့သော် သူ့အထင် မှားယွင်းခဲ့လေသည်။
ငရဲတံခါးကို တိုက်ခိုက်ရန်အတွက် ရန်သူများက ထူးခြားသည့်နည်းလမ်းတစ်ခုကို အသုံးပြုနေဟန် ရှိသည်။
ပဉ္စမတောင်ထွတ် ၊ မှော်ရုံနယ်မြေထဲတွင် တွေ့ဆုံခဲ့ရသူက နတ်မိစ္ဆာများထံတွင် ငရဲတံခါးကို အဝေးမှ တိုက်ခိုက်ရန် မှော်ဝင်ပစ္စည်းတစ်ခု ရှိသည်ဟု ပြောခဲ့ခြင်းကို ယခုတော့ ကျန်းလန် နားလည်သွားပြီ ဖြစ်သည်။
သူ ရန်သူများကို ဆက်လက်သုတ်သင်ပစ်ရမည် ဖြစ်သည်။
……………
သွေးများပေလူးနေသည့် လုန်မန်ကတော့ ပျောက်ကွယ်သွားသည့် ကျန်းလန်ကို ငေးကြည့်ရင်း တံတွေးတစ်ချက် မျိုချလိုက်၏။
သူ ယခုအချိန်ထိ ကြောက်စိတ်မပြေသေးပေ။
သူက ကျန်းလန်ထွက်ခွာသွားရာနေရာကိုကြည့်လိုက် အပြင်ဘက်သို့ကြည့်လိုက်ဖြင့် ခဏမျှ အလုပ်ရှုတ်နေသည်။
ထိုသူနောက်သို့ လိုက်သွားသင့်သလား ၊ ဒါမှမဟုတ် ထွက်ပြေးသင့်သလား။
ထိုသူက နတ်မိစ္ဆာများကို သုတ်သင်ပြီးလျှင် သူ့ကို စစ်ဆေးမေးမြန်းရန် ပြန်လာရှာဦးမည်လား မပြောတတ်ပေ။ ထိုသို့တွေးမိသည့်အခါ လုန်မန် ထွက်ပြေးဖို့ အစီအစဉ်ကို လက်လျှော့လိုက်သည်။
သူ ထွက်မပြေးရဲတော့ပေ။
သူက အင်မော်တယ်အဖြစ် မွေးဖွားလာသူ ဖြစ်သော်လည်း ထိုလူသားကိုတော့ အလွန်ကြောက်ရွံ့လေသည်။ ထိုသူ အင်မော်တယ်အဆင့် တက်ရောက်သည်ကိုလည်း သူက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည် မဟုတ်ပါလား။
လူသားများအားလုံးက သို့နှယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်လား မပြောတတ်တော့ပေ။
လုန်မန်မှာ အင်မော်တယ်အဖြစ် မွေးဖွားလာသူတစ်ယောက်၏ မာန်မာနများ ပျောက်ကွယ်သွားပြီး ထိုသူရှေ့တွင် သာမန်လူတစ်ယောက်ပမာ ခံစားလိုက်ရသည်။
"ဘာလို့ ဒီကြောက်စရာကောင်းတဲ့လူကို ထပ်တွေ့ရတာလဲ…"
လုန်မန်၏ခါးသက်စွာဖြင့် တွေးတောလိုက်သည်။
ထိုသူကို နောက်တစ်ခေါက် ပြန်မဆုံချင်ပါဘဲလျှက် ယခုတော့ ပြန်ဆုံနေရပြန်သည်။ သူ မည်မျှ ကံဆိုးလိုက်ပါသနည်း။
ထို့နောက် ကျန်းလန် ထွက်ခွာသွားရာဘက်သို့ လုန်မန်လည်း လိုက်ပါသွားလေတော့၏။
အဖြစ်အပျက်များပြီးဆုံးသွား၍ ထိုသူက သူ့နောက်လိုက်လာမည်ဆိုလျှင် သူလည်း အေးအေးဆေးဆေး နေနိုင်မည် မဟုတ်ရာ ရင်ဆိုင်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
……………
ကျန်းလန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အစီအရင်များကို ထိန်းချုပ်ထားသူက မရဏအငွေ့အသက်များ ထွက်ပေါ်နေသည့်နေရာတွင် ရှိနေခြင်းဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။
သို့သော် သူ အလျင်လိုခြင်း မရှိပေ။ အရင်ဆုံး ဘာဖြစ်သည်ကို သိရှိရန် အဖြေရှာရမည် ဖြစ်၏။
ထိုစဉ်…
အဝေးမှ အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"လူသား… မင်းရဲ့ ရည်ရွယ်ချက်ကို ပြောစမ်းပါ… ၊ ကျုပ်တို့ နတ်မိစ္ဆာတွေက မင်းကို စိတ်ကျေနပ်အောင် သေချာပေါက် လုပ်ပေးပါ့မယ်…"
ထိုအသံက ဝူမူ၏အသံ ဖြစ်၏။
သူတို့အတွက် အချိန်လိုအပ်လေသည်။ သို့ရာတွင် မထင်မှတ်ဘဲ အမည်မသိ ရန်သူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
ခွန်လွန်တောင်မှ တိုက်ခိုက်သည်ဆိုလျှင် လက်ခံနိုင်သော်လည်း ယခု ရင်ဆိုင်နေရသူက ခွန်လွန်တောင်မှတပည့် ဟုတ်ဟန်မတူပေ။
သူတို့ ပိုပြီး စိတ်ပူမိသည်မှာ ရန်သူ၏တိုက်ခိုက်မှုကို သူတို့ ကြားဖူးနေကြခြင်း ဖြစ်သည်။ သို့သော် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ဖူးခြင်း မရှိသောကြောင့် မသေမချာ ဖြစ်နေရသည်။
ကျန်းလန်က အဝေးမှ လွင့်မျောထွက်ပေါ်လာသည့် စကားသံကို အရေးမစိုက်ဘဲ ရှေ့ဆက်လျှောက်လာသည်။
ပတ်ဝန်းကျင်အခြေအနေက အနည်းငယ် ရှုတ်ထွေးလေရာ ခြုံခိုတိုက်ခိုက်ခြင်းများနှင့် အစီအရင်များ ရှိနေမည်လားဟု သိချင်နေမိသည်။
"လူသား… ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှာ ဘယ်အင်အားစုပဲ ဖြစ်ပါစေ ကျုပ်တို့ နတ်မိစ္ဆာတွေကို လေးလေးစားစားဆက်ဆံကြတယ်… ၊ ကျုပ်တို့ နတ်မိစ္ဆာတွေက ဒီနေ့ အရေးကြီးကိစ္စတစ်ခု လုပ်နေတာ… ၊ မင်းအနေနဲ့ ကျုပ်တို့ကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်…"
ဝူမူ၏အသံ ထပ်မံထွက်ပေါ်လာသည်။
ယခုတစ်ကြိမ်တော့ ကျန်းလန် ခေါင်းမော့ကြည့်လိုက်၏။
သူ့နှုတ်ဖျားမှ နူးညံ့သည့်အသံထွက်ပေါ်လာသည်။
"ကျုပ် မင်းလုပ်ထားတဲ့အစီအရင်ထောင်ချောက်တွေအားလုံးကို သိပြီးသွားပြီ…"
အသံပျောက်ကွယ်သွားသည်နှင့် ကျန်းလန်သည်လည်း နေရာမှ ပျောက်ကွယ်သွားသည်။
သူ၏ နွားရိုင်းကိုးကောင်စွမ်းအားက တဟုန်ထိုး မြင့်တက်လာပြီး နေရာတိုင်းတွင် မိုးခြိမ်းသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။
"လုပ်တော့…"
လုန်မန် စကားစမြည်ပြောနေခြင်းကို ရပ်တန့်လိုက်သည်။
သူက တမင်သက်သက် အချိန်ဆွဲနေခြင်း ဖြစ်သည်။ ရန်သူက အလွန်တရာ စွမ်းအားကြီးမားသော်လည်း သူတို့အနေဖြင့် ခုခံနိုင်မည်ဟု ယုံကြည်သည်။
တစ်ဖက်လူ၏ တန်ခိုးစွမ်းအားကို သုံးသပ်ရလျှင် အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်နိုင်၏။ အဆင့်တူချင်း ဖြစ်လေရာ သေချာပေါက် ရင်ဆိုင်နိုင်ရပေမည်။
ထို့ပြင် သူတို့အစီအစဉ်ကလည်း အောင်မြင်လုနီးပြီ ဖြစ်သည်။
အခြားဘက်ခြမ်းတွင်လည်း ငရဲတံခါးကို ဖြတ်သန်းပြီး ထွက်လာချင်သူများ ရှိကြလေရာ ထိုသူများက ဝူမူတို့ဘက်ခြမ်းတွင် ပြဿနာဖြစ်နေသည်ကို သိရှိသွားကြသည်။
ထို့ကြောင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းပြီး လုပ်ငန်းစဉ်အောင်မြင်ရန် အရှိန်အဟုန်ဖြင့် ကြိုးစားခဲ့ကြသည်။ အောင်မြင်မှုက လက်တစ်ကမ်းရောက်နေပြီဖြစ်ရာ သူတို့ နောက်မဆုတ်နိုင်ပေ။
ဝူမူ၏အသံ ပျောက်ကွယ်သွားသည်နှင့် များစွာသောအလင်းတန်းများက ကျန်းလန်၏ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများက အစီအရင်အလင်းတန်းများ ဖြစ်၏။
ချုပ်နှောင်အစီအရင် ၊ ခုခံအစီအရင်နှင့် သတ်ဖြတ်ခြင်းအစီအရင်များ ဖြစ်သည်။ ထိုအစီအရင်များက တစ်ပြိုင်တည်းထွက်ပေါ်လာခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဒါဇင်နှင့်ချီသည့် နတ်မိစ္ဆာများ ကျန်းလန်ရှိရာသို့ ဝင်ရောက်လာသည်။
ဝူလျဲ့က…
"ကျုပ်တို့ အချိန်လုံလောက်တယ် မဟုတ်လား…"
သူ့အသံက အနည်းငယ် မကျေမနပ်ဖြစ်နေဟန် ရှိသည်။
ဝူမူက အစီအရင်များကို ကြည့်လိုက်ရင်း…
"ကျုပ်လည်း မသေချာဘူး… ၊ ဒါပေမဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမှာပဲ… ၊ ရန်သူက ဘယ်သူဆိုတာ သိရရင် ကျုပ်တို့ အများကြီးလွယ်ကူသွားမယ်… ဒါပေမဲ့ အဲဒါက အချိန်နည်းနည်းလို… ဒါက…"
စကားမဆုံးမီမှာပင် ရန်သူက ပုံမှန်မဟုတ်သည့် မြန်နှုန်းနှင့် လှုပ်ရှားနေသည်ကို တွေ့လိုက်ရပြီး ထိတ်လန့်တုန်လှုပ်သွားရသည်။
အစီအရင်များအားလုံးက ရန်သူ၏ လက်သီးတစ်ချက်ဖြင့် တစ်စစီ ပျက်စီးကုန်ကြသည်။ ဝင်ရောက်တိုက်ခိုက်ကြသည့် နတ်မိစ္ဆာများအားလုံးမှာ သွေးမှုံများအဖြစ် ပြောင်းလဲသွားကြသည်။
"ဘုန်း…"
"ဘန်း…"
ကျန်းလန် ရှေ့တိုးလာသည်နှင့် အစီအရင်များက သူ့ခြေထောက်အောက်တွင် ကွဲအက်ကုန်ကြသည်။ နတ်မိစ္ဆာများသည်လည်း သူ့လက်သီးချက်အောက်တွင် တစ်စစီဖြစ်ကုန်ကြသည်။
ကျန်းလန် ခြေတစ်လှမ်းလှမ်းတိုင်း သူ့လက်ထဲတွင် နတ်မိစ္ဆာတစ်ကောင် သေဆုံးလျှက် ရှိလေ၏။
ခဏအတွင်းမှာပင် အစီအရင်များမှ ထွက်ပေါ်နေသည့် အလင်းတန်းများ ပျောက်ကွယ်သွားသည်။ ဒါဇင်နှင့်ချီသည့် နတ်မိစ္ဆာများ၏ သွေးမှုံများက ကောင်းကင်ထက် ပြည့်နက်ပျံ့လွင့်နေသည်။
ကျန်းလန်က သွေးမှုံများကြားထဲမှပင် ဝူမူနှင့် အခြားသူများရှိရာသို့ ချဉ်းကပ်လာသည်။
ထိုစဉ် နောက်ဆုံးကျန်ရှိနေသည့် လူသားအင်မော်တယ် (၃)ပါးက ကျန်းလန်ကို တိုက်ခိုက်ရန် လက်ဟန်များ ပြုလုပ်လိုက်ကြသည်။
သို့သော် သူတို့တိုက်ကွက် မထုတ်ဖော်နိုင်ခင်မှာပင် ကျန်းလန်က သူတို့ရှောက်သို့ ရောက်လာပြီး လက်သီးတစ်ချက်ဖြင့် ပထမဆုံးတစ်ယောက်ကို ထိုးနှက်သတ်ဖြတ်ပစ်လိုက်သည်။
နောက်တစ်ယောက်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ မြေပြင်ထက်မှောက်သွား၏။ ပြီးမှ ထိုသူကို မုန်တိုင်းတစ်ခုပမာ လက်သီးချက်ဖြင့် ထိုးစိုက်ချလိုက်သည်။
"ဘန်း…"
အရေခွံထူသည့် နတ်မိစ္ဆာမှာ ချက်ချင်းပင် သွေးမှုံများအဖြစ် ပြောင်းလဲသွားတော့သည်။
နောက်ဆုံးနတ်မိစ္ဆာရှေ့သို့ ကျန်းလန် ရောက်လာသည့်အခါ ထိုနတ်မိစ္ဆာမှာ အတော်လေး ကြောက်လန့်တုန်လှုပ်နေပြီ ဖြစ်သည်။
ဤသည်က "သတ်ပွဲ" ဖြစ်၏။
အစစ်အမှန်အင်မော်တယ်တစ်ပါးပင် သူတို့ကို ဤသို့နှယ် မသတ်ဖြတ်နိုင်ပေ။
ထိုလူသားအင်မော်တယ်နတ်မိစ္ဆာက သူ့နောက်တွင် ရှိနေသည့် ဝူမူနှင့် ဝူလျဲ့ကို အကူအညီတောင်းဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ် တစ်စစီ ကွဲကြေနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သူ သေရတော့မည်။ မည်သည့်နေရာက ပေါ်လာမှန်းမသိသည့် ထိုလူသားကြောင့် သူသေဆုံးရတော့မည်။
ဘာမှမတတ်နိုင်တော့သောကြောင့် သူ ဘာမှ မစဉ်းစားတော့ရန်ဆုံးဖြတ်လိုက်စဉ် သွေးမှုံများက လေထုတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။
ယခု…
ကျန်းလန်က ဝူမူနှင့် ဝူလျဲ့ရှေ့တွင် မတ်တတ်ရပ်လျှက် ရှိ၏။
သူတို့ (၃) ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ဘယ်နေရာက ရောက်လာမှန်းမသိသည့် လူသားတစ်ယောက်ကို ဝူမူနှင့် ဝူလျဲ့က မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။
ရန်သူက သူတို့မျှော်လင့်ထားသည်ထက် သာလွန်နေသည်။ ထို့ပြင် မည်သို့သောအဖြစ်အပျက်နှင့် ရင်ဆိုင်နေရကြောင်းကိုလည်း သူတို့ နားမလည်ပေ။
ထိုအချိန် ထူးဆန်းလှစွာပင် နူးညံ့သိမ်မွေ့လွန်းသည့်အသံဖြင့် ကျန်းလန်ထံမှ စကားသံ ထွက်ပေါ်လာ၏။
"မင်းတို့ကို ကျုပ်သတ်ပေးရမလား… မင်းတို့ဟာမင်းတို့ သတ်သေကြမလား…"