အခန်း (၆၅၉)
Vol. 45 Ch. 659
ဤစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ တိုင်ချူးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် ထျန်းမင်တောင်သခင်၏ အားအင်အဆင့်ကို ကောင်းကောင်း နားလည်ပြီးဖြစ်၏။ တစ်ဖက်လူသည် ရှုပ်ထွေးသည့် တည်နေရာ ပတ်လမ်းကြောင်းထဲတွင် ပုန်းအောင်းနေပါက ကျိန်းသေပေါက် သူတို့အနေနှင့် ရှာဖွေရန် ခက်ခဲပေမည်။
ထို့အပြင် တစ်ဖက်လူသည် လောကငယ်လေးများကို သွားရောက်ကာ သုတ်သင်ရှင်းလင်းမှုကို ပြုလုပ်နိုင်၏။ ယခင် ကောင်းကင်မူလလောကကဲ့သို့ သေးငယ်သည့် လောကများသည် ထျန်းမင်တောင်သခင်၏ တိုက်ခိုက်မှုကို မည်သို့မှ ခံနိုင်လိမ့်မည် မဟုတ်ချေ။ ထျန်းမင်တောင်သခင်၏ မျက်လုံးထဲတွင် ဤကဲ့သို့သော လောကများသည် ပုရွက်ဆိတ်များနှင့် မခြားနားလှချေ။
သူ၏ ကျင့်ကြံခြင်း ပြန်လည်ကောင်းမွန်ရန်အတွက် တစ်ဖက်လောကတွင် ရှိနေသည့် လောကသားများကို သွေးစတေးမှု ပြုလုပ်မည်ဆိုလျှင် တစ်ရက်အတွင်း ထျန်းမင်တောင်သခင်သည် သန်းနှင့်ချီသော အသက်များကို သုတ်သင်သွားနိုင်သည်။
“..........” တိုင်ချူးသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။
“တာအိုရောင်းရင်း တိုင်ချူး... ကျုပ် နတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်တွေကို လေ့ကျင့်တယ်ဆိုတာ ခင်ဗျား သိတယ် မဟုတ်လား။ ခင်ဗျားအနေနဲ့ ကျုပ်နှိပ်စက်တာကို မကြည့်ချင်ဘူးဆိုရင် ကျုပ်တစ်ယောက်တည်း စုံစမ်းပြမယ်။ ခင်ဗျား ဒီနေရာမှာ ကာကွယ်ပေးထား” မုန့်ရှင်းကျီသည် ရက်ရက်ရောရောဖြင့် ကမ်းလှမ်းလိုက်၏။ သူ့အနေနှင့် အရာအားလုံး မှားယွင်းမသွားစေရန် ကျိန်းသေပေါက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ပြုလုပ်မည်ဖြစ်ကြောင်း ကမ်းလှမ်းလိုက်ခြင်းပင်။
ဤစကား၏ နောက်ကွယ်တွင်ရှိနေသည့် အဓိပ္ပာယ်သည် တိုင်ချူးအတွက် တကယ်ပင် ရှင်းလင်း လွန်း၏။ တချို့သော မကောင်းသည့် ကိစ္စရပ်များ ပေါ်ပေါက်လာသည်ဆိုပါက မုန့်ရှင်းကျီသည်သာ နတ်ဆိုး ကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြုခဲ့သောကြောင့် သူနှင့် ဆိုင်လှမည် မဟုတ်ချေ။
ထို့အပြင် တိုင်ချူးသည် လမ်းမှန် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် နူးညံ့ကြင်နာသည့် နည်းလမ်းကို အသုံးပြုကာ တစ်ဖက်လူကို မေးမြန်းရပေလိမ့်မည်။ ထို့သို့ဆိုလျှင် လျှိုချင်းယုသည် သိထားသမျှကို ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မေးမြန်းသည့်နေရာ၌ မုန့်ရှင်းကျီသည် သူ့အား ပါဝင်ခြင်း မပြုရန် တစ်ဖက်လှည့်နှင့် ပြောဆိုခဲ့ခြင်းဖြစ်ပေမည်။
တိုင်ချူး၏ အမြင်တွင် မုန့်ရှင်းကျီသည် တကယ့်ကို သူ၏ ခံစားချက်အား နားလည်ပေးတတ်သည့် လူတစ်ယောက် ဖြစ်၏။ လမ်းမှန်ကျင့်ကြံသူ တစ်ယောက်အနေနှင့် ဆိုးရွားလှသည့် ကိစ္စရပ်များကို ပြုလုပ်ဖို့ ဆိုသည်မှာ နှလုံးသား ထဲတွင် တကယ်ပင် ခက်ခဲလွန်းလှချေ၏။
“ကောင်းပြီ” ခဏလောက် စဉ်းစားပြီးနောက် တိုင်ချူးသည် မချင့်မရဲနှင့် ခေါင်းညိတ်လိုက်၏။ ငရဲလောကကြီး၏ ခြိမ်းခြောက်သည့် သဘောသဘာဝ အကြောင်းကို သူ ကောင်းကောင်းသိရှိ၏။ အချိန်ဖြုန်း နေမည့်အစား မုန့်ရှင်းကျီကို ၎င်း၏ နည်းစနစ်များ အသုံးပြုစေခြင်းသည် ကောင်းမွန်သည့်အရာပင် ဖြစ်ပေလိမ့်မည်။ လျှိုကလန်၏ အင်မော်တယ်ဘုရင်သုံးပါးတို့ ဒဏ်ရာကုသနေစဉ်အတွင်း လျှိုချင်းယု သေဆုံးမသွားလျှင် ရပြီဖြစ်သည်။
ထိုအရာကို ကြားပြီးသည့်နောက် မုန့်ရှင်းကျီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် လျှိုချင်းယုကို လက်တစ်ဖက်ဖြင့် ကောက်ဆွဲပြီးသည့်နောက် အဝေးတစ်နေရာဆီသို့ လှမ်းလျှောက်သွား၏။ ပြီးနောက် ပြောလိုက်၏။ “အင်း.. တာအိုရောင်းရင်းရဲ့ မျက်လုံးရှေ့မှာ အယုတ္တ၊ အနတ္တတွေ မမြင်စေချင်လို့ ကျုပ် တခြားနေရာကို ခဏ ခေါ်သွားလိုက်မယ်”
တိုင်ချူးသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူသည် တစ်စုံတစ်ခုကို ပြောဆိုချင်မိသည်။ သို့ပေမဲ့ ချက်ချင်းပဲ ပြန်လည် ရုတ်သိမ်းလိုက်၏။ မကြာခင်မှာပဲ မုန့်ရှင်းကျီသည် လျှိုချင်းယုနှင့်အတူ သူ၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။ သို့ပေမဲ့ သူသည် နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကာဖြင့် လှမ်းကာ ကြည့်ရှုနေသည်။
မုန့်ရှင်းကျီနှင့် လျှိုချင်းယုတို့သည် ခပ်ဝေးဝေး တည်နေရာသို့ မသွားဘဲ မိုင်ငါးသောင်း အကွာအဝေး တည်နေရာထဲတွင် တည်ရှိကြောင်း သူ မြင်ရ၏။ ထိုကဲ့သို့သော အကွာအဝေးသည် အင်မော်တယ်ဘုရင် တစ်ယောက်အတွက် ဘာမှ မဟုတ်ပေ။ အတွေးတစ်ချက်နှင့်တင် ထိုနေရာဆီသို့ သူ ရောက်ရှိအောင် သွားနိုင်၏။
တောင်ငယ်လေးတစ်ခု၏ အပေါ်သို့ ရောက်သည့်အချိန်မှာတော့ မုန့်ရှင်းကျီသည် အသာလှမ်းကြည့်လိုက်၏။ အင်္ကျီလက်ကို ယမ်းခါပြီးသည့်နောက် ပုံရိပ်ယောင် အစီအရင်တစ်ခုကို သူက ဖန်တီးလိုက်၏။ အပြင်မှ ကြည့်ရှုမည်ဆိုလျှင် လျှိုချင်းယုအား သူ အစ်အောက်မေးမြန်း စုံစမ်းနေသည့်ပုံမျိုးပေါ်၏။ အစီအရင်အတွင်း မှာတော့ အရာအားလုံးသည် ခြားနားလျက် ရှိနေသည်။
“အင်း... ခုဏကလို ဟန်ဆောင်နေဖို့ မလိုတော့ပါဘူး”
မြေပေါ်သို့ ပစ်ချခြင်းကို ခံရသည့် လျှိုချင်းယုသည် မည်သည့် ဒေါသတရားကိုမှ ထုတ်ဖော် မပြသချေ။ အေးစက်စက် ပြုံးပြီးသည့်နောက် လှမ်းကာ ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်က တူညီတဲ့ လူတွေပါပဲ”
“ဪ”
မုန့်ရှင်းကျီသည် ခန္ဓာကိုယ်ကို အသာလှည့်ပြီးသည့်နောက် လျှိုချင်းယုကို တည်ငြိမ်စွာဖြင့် စူးစိုက် ကြည့်လိုက်၏။ “ဘယ်လိုလုပ် သိတာလဲ”
“အစကနေ အဆုံးအထိ ခင်ဗျားက လျှိုကလန်ရဲ့ ဘုရင်သုံးပါးနဲ့ အင်မော်တယ်ဘုရင် တိုင်ချူးတို့ရဲ့ရှေ့မှာ ကောင်းကောင်းမွန်မွန်နဲ့ လှည့်စားနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ မျက်လုံးရှေ့ကနေ လှည့်စားနိုင်မှာ မဟုတ်ဘူး” လျှိုချင်းယု၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများသည် အပြည့်အဝနှင့် ဖြစ်တည်နေသည်။
သူ၏ ရှေ့တွင် ရှိနေသည့်လူသည် သူ၏လမ်းကို တားဆီးခဲ့သည်သာမက သူ့ကို သေလမ်းဆီ တွန်းပို့နေလေသည်။ ထိုစဉ်က မုန့်ရှင်းချီသည်သာ ပေါ်မလာပါက သူ့အနေနှင့် အချိန်မရွေး ထွက်ခွာသွားနိုင်၏။ တိုင်ချူးနှင့် တခြားသူများ ပင်လျှင် သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ လိုက်လံ ဖမ်းဆီးမည်ဆိုပါကလည်း နောက်ကျမှာ သေချာ၏။
“ကျုပ်ခန့်မှန်းတာ မှန်မယ်ဆိုရင် ခင်ဗျား ဒီကိုလာတာ ငရဲလောကရဲ့ အမွေအနှစ်တွေကြောင့်ပဲ မဟုတ်လား” လျှိုချင်းယုသည် မနည်းကြိုးစား မတ်တပ်ရပ်ကာဖြင့် ကောင်းကင်မူလလောကကြီး၏ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် အသာပြုံးကာဖြင့် ပြောလိုက်သည်။
“ခင်ဗျား ခုဏက ပြောခဲ့တဲ့ စကားတွေအရဆိုရင် ခင်ဗျားရဲ့ အားအင်အဆင့်က ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီက ရရှိလာခဲ့တာ သေချာတယ်”
“...........”
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ခင်ဗျားကို ဒီလို ခန့်မှန်းလို့ မရနိုင်တဲ့ အားအင်အဆင့်တွေ ပေးအပ် လိုက်တယ်ဆိုတော့ အလကားပေးတာ မဟုတ်နိုင်ဘူး။ တကယ့်ကို ကြီးမားလွန်းတဲ့ တန်ရာတန်ကြေး တစ်ခုနဲ့ လဲလှယ်ခဲ့ရတာပဲ ဖြစ်မယ်။ ခင်ဗျား လက်ဗလာနဲ့ ပြန်သွားမယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှာ ပေးခဲ့တဲ့ အရာအားလုံးက သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့။ ဒါကြောင့် ခင်ဗျားက ထူးခြားတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ စဉ်းစားခဲ့တာပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ပေးအပ်ခဲ့တဲ့ အရာတွေကို ပြန်ပြီးရရှိဖို့ ခင်ဗျား ကြိုးစားနေတယ်။ ခင်ဗျားရဲ့ ကြိုးစားရယူချင်တာတွေက ငရဲလောကရဲ့ အမွေအနှစ်တွေပဲ မဟုတ်လား”
ပြောနေတုန်းမှာပဲ လျှိုချင်းယု၏ စကားများသည် ပိုမိုကာ လေးနက်လာခဲ့၏။ သူသည် မုန့်ရှင်းကျီ ပြုလုပ်မည့် အကြောင်းအရာ အားလုံးကို သိရှိနားလည်နေသကဲ့သို့ပင်။
“အင်း... ခင်ဗျားတကယ် တော်တယ်” မုန့်ရှင်းကျီသည် အသာ ရယ်မောလိုက်၏။
“ဟမ့်”
လျှိုချင်းယုက နှာခေါင်းရှုံ့လိုက်သည်။ “ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်ဖူးတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အကြောင်း ကောင်းကောင်းသိတယ်။ ဘာတစ်ခုမှ မပေးဘဲ ဘာတစ်ခုမှ ပြန်မရနိုင်ဘူး”
“ပြီးတော့ ခင်ဗျား။ ခင်ဗျားက ကျိန်းသေပေါက် လူကောင်းတစ်ယောက်မှ မဟုတ်တာ။ ဟုတ်တယ်မလား”
လျှိုချင်းယု သည် ဆန်းကြယ်လှသည့် အပြုံးတစ်ခုကို ပြုံးထား၏။ ပြီးနောက် သူသည် ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်၏။ “ခင်ဗျား ညှိနှိုင်းဆောင်ရွက်ချင်လား။ ကျုပ် ခင်ဗျားကို ငရဲလောကရဲ့ အမွေအနှစ်တွေ ပေးမယ်။ ခင်ဗျား ကျုပ်ကို လွှတ်ပေး။ ပြီးတော့ ကျုပ် ခင်ဗျားကို ကတိတစ်ခုပေးမယ်။ ဒီနေ့ အဖြစ်အပျက်အတွက် ခင်ဗျားကို နောင်မှ ဘာပြဿနာမှမရှာဘူး။”
“အင်း... တကယ့်ကို ကောင်းတဲ့ အဆိုပြုချက်ပဲ” မုန့်ရှင်းကျီသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ခင်ဗျား သဘောတူတယ် မဟုတ်လား”
လျှိုချင်းယုသည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ ရုတ်တရက် သတိအပြည့်နှင့် ဖြစ်သွား၏။ ပြီးနောက် အသာပင် ပြောဆိုလိုက်၏။ “စည်းကို ဖယ်ရှားဖို့အတွက် ကျုပ်ကို မြန်မြန်ကူညီ။ ဒါဆိုရင် ကျုပ် ခင်ဗျားအတွက် ငရဲလောကရဲ့ အမွေအနှစ်တွေကို ပေးမယ်”
ပြောနေတုန်းမှာပဲ အေးစက်သည့် အလင်းတန်းများသည် သူ၏မျက်လုံးအထက်တွင် ပေါ်ပေါက်လာခဲ့၏။ ထွက်ခွာသွားနိုင်သည်ဆိုပါက မုန့်ရှင်းကျီနှင့် ရင်ဆိုင်နိုင်ရန်အတွက် နည်းလမ်းပေါင်း မြောက်များစွာ သူ့တွင် ရှိ၏။ မုန့်ရှင်းကျီ၏ အင်မော်တယ်ဘုရင်အဆင့် အားအင်အဆင့်ဆိုသည်မှာ မှန်ထဲတွင် ရှိနေသည့် ပန်းတစ်ပွင့် ကဲ့သို့ပင် အစစ်အမှန် မဟုတ်ချေ။ ထို့ကြောင့် တစ်ဖက်လူကို သတ်ဖြတ်ဖို့ ဆိုသည်မှာ သူ့အတွက် အတွေး တစ်ချက်ကပင် လုံလောက်နေပြီဖြစ်၏။