အခန်း (၆၆၀)
Vol. 45 Ch. 660
“အလျင်မလိုနဲ့” မုန့်ရှင်းကျီသည် လက်ကို ဝှေ့ယမ်းလိုက်၏။
“ဟမ်”
လျှိုချင်းယု၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ပျက်ယွင်းသွား၏။ ပြီးနောက် သူသည် လေးလေးနက်နက် မေးမြန်းလိုက်သည်။ “ဘာလဲ၊ ဘာလုပ်ချင်သေးတာလဲ”
“ကျုပ်မှ သဘောမတူရသေးတာ။ ဘာတွေ လျှောက်ပြောနေတာလဲ” မုန့်ရှင်းကျီသည် လှောင်ပြုံး ပြုံးကာဖြင့် ပြန်ဖြေလိုက်၏။
“ဘာလုပ်ချင်တာလဲ”
လျှိုချင်းယုသည် အလွန်တရာ ဒေါသထွက်လျက် ရှိ၏။ နှစ်ပေါင်းများစွာအတွင်း သူသည် များပြားလှသည့် လောကအသီးသီးသို့ လှည့်လည် လျှောက်သွားခဲ့၏။ သို့ပေမဲ့ ပထမဦးဆုံး အကြိမ်အဖြစ် သူ၏ ရှေ့တွင် ရှိနေသည့် လူငယ်မျိုးဆက် တစ်ယောက်သည် သူ့ကို လှည့်စားရန် ကြိုးစားလျက် ရှိနေ၏။ ဤအရာသည် သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့၏။ သူ၏ အားအင်အဆင့်သည်သာ စည်းခတ်ခြင်းကို မခံရသည်ဆိုပါက တစ်ဖက်လူကို ချက်ချင်းပဲ သတ်ဖြတ်ပစ်မှာ သေချာသည်။
“ဟား ဟား ဟား ... ခင်ဗျားရဲ့ လက်ရှိအခြေအနေက ကျုပ် အများကြီး ပြောနေစရာ မလိုဘူး။ အတွေး တစ်ချက်နဲ့တင် ခင်ဗျား ဘယ်လို သေလို့ သေမှန်းမသိ ဖြစ်သွားလိမ့်မယ်။ ကျုပ်က ခင်ဗျားကို ဘာလို့ လိုအပ်ရမှာလဲ” မုန့်ရှင်းကျီသည် ၎င်း၏ အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။
“ခင်ဗျား ကျုပ်ကို ဘာလုပ်ချင်တာလဲ။ ဝိညာဉ်ရှာမလို့လား” လျှိုချင်းယု၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
ယခင်တုန်းက ထျန်းမင်တောင်သခင်၏ ဝိညာဉ်ရှာဖွေခြင်းကြောင့် သူသည် အတော်အသင့် ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို ထပ်မံကာ မခံစားချင်ပေ။ ဝိညာဉ်ရှာဖွေခံရခြင်း၏ လုပ်ငန်းစဉ်သည် တကယ့်ကို နာကျင်လွန်းလှ၏။ ထို့အပြင် အင်မော်တယ်ဘုရင်တစ်ယောက်၏ ဂုဏ်သိက္ခာ ကိုလည်း ထိခိုက်စေ၏။
“ဝိညာဉ် ရှာဖွေဖို့ စိတ်မဝင်စားပါဘူး။ ပြီးတော့ ကျုပ်က လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ခင်ဗျား သိမှာပါ”
မုန့်ရှင်းကျီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်နေခဲ့၏။ သူသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ခင်ဗျားသာ ပူးပေါင်းမယ်ဆိုရင် ဒီအခြေအနေကနေ လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင်လိမ့်မယ်”
လျှိုချင်းယု၏ မျက်လုံးထဲမှာတော့ ဤအပြုံးသည် နတ်ဆိုးတစ်ပါး၏ အပြုံးမျိုးပင်။ ၎င်း၏ ကျောရိုးမကြီး များကိုပင် စိမ့်တက်သွား၏။
“ကောင်းပြီ”
လျှိုချင်းယုသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်သည်။ “ငရဲလောကရဲ့ အမွေအနှစ်တွေကို ကျုပ်ပေးမယ်။ ဒါပေမဲ့ ခင်ဗျား ကတိတည်ပြီး ကျုပ်ကို အသက်ချမ်းသာပေးရမယ်”
“ငရဲလောကရဲ့ အမွေအနှစ်တွေကို အရင်ဆုံးပေး”
မုန့်ရှင်းကျီသည် လက်ကို ဖြန့်လိုက်၏။ သူ၏ လက်ထဲတွင်တော့ ကျောက်စိမ်းပြား တစ်ခုကို ကိုင်ဆောင်ထား၏။ သူသည် လျှိုချင်းယုကို အသာပေးပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ကျုပ်ကို လှည့်စားဖို့အကြောင်း မစဉ်းစားနဲ့။ ကျုပ်ဆီမှာ ခင်ဗျားပြောခဲ့တဲ့ အရာတွေက မှန်လား၊ မှားလားဆိုတာ သက်သေပြနိုင်တဲ့ နည်းလမ်း တစ်ခုရှိတယ်။ ခင်ဗျား မမေ့နဲ့အုံး။ ဒီလောကကြီးထဲမှာ ကောင်းကင် လျှို့ဝှက်နန်းဆောင် တည်ရှိနေတယ် ဆိုတာကို ....”
“သိပါတယ်။” လျှိုချင်းယုသည် ငရဲလောက၏ အမွေအနှစ်များအား ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းပြီး ကျောက်စိမ်းပြားကို အသာကမ်းပေးလိုက်သည်။
အင်မော်တယ်ဘုရင်တစ်ယောက်၏ အားအင်အဆင့် တည်ရှိသည် ဖြစ်သောကြောင့် သူသည် တစ်ဖက်လူ လွတ်မြောက်သွားမည်ကို စိုးရိမ်ပူပန်ခြင်း မရှိချေ။ ထို့အပြင် ဤနေရာ၌ သူတစ်ယောက်တည်း မဟုတ်ချေ။ တိုင်ချူး၊ လျှိုကလန်၏ အင်မော်တယ်ဘုရင် သုံးပါးတို့နှင့် ယခင်က အသုံးပြုခဲ့သည့် အစီအရင်လည်း တည်ရှိ နေသေးသည်။ လျှိုချင်းယုသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည် ဖြစ်သောကြောင့် ၎င်း၏ ထိပ်ဆုံး အခြေအနေဆီသို့ ပြန်လည်ကာ မရောက်ရှိသေးချေ။ ထို့ကြောင့် လွတ်မြောက်သွားလိမ့်မည် မဟုတ်ချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်” လျှိုချင်းယု၏ မျက်နှာတစ်ခုလုံးက ပျက်ယွင်းသွားခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ဤကိစ္စများထဲတွင် ပါဝင်ပတ်သက်လျက် ရှိနေသည်ကို ကောင်းကောင်း သိရှိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ၎င်း၏ အခွင့်အာဏာကို အသုံးပြုပြီး သည့်နောက် သူ့ကို သွယ်ဝိုက်သောနည်းဖြင့် ဖိနှိပ်ခဲ့၏။ သူ့၌ များပြားလွန်းသည့် ဝှက်ဖဲများ တည်ရှိနေသည်ဆိုလျှင်တောင် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အရှေ့တွင် ဘာမှမဟုတ်ချေ။
လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် မုန့်ရှင်းကျီအား သတင်းအချက်အလက်များ ပေးခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ငရဲလောကကြီး၏ အမွေအနှစ်များနှင့်ပတ်သက်၍ အရာအားလုံးကို သိရှိပြီးဖြစ်သောကြောင့် အသေးစိတ်က အစ မုန့်ရှင်းကျီကို ပေးအပ်ခဲ့ခြင်း ဖြစ်ပေမည်။
လျှိုချင်းယုသည် ထိုအကြောင်းကို စဉ်းစားပြီးသည့်နောက် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့၏။ ပြီးနောက် အေးအေးသက်သာ ရှိလို့နေသည့် မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်၏။
မုန့်ရှင်းကျီ၏ နှုတ်ခမ်းထက်တွင် အပြုံး တစ်ခုက တည်ရှိလို့နေ၏။ ထိုအပြုံးကို မြင်ရသည့် အချိန်မှာတော့ သူသည် ကျိန်းသေပေါက် မသက်မသာ ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် မုန့်ရှင်းကျီ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသလို သူက ခံစားမိသောကြောင့်ပင်။
အကျိုးသင့်၊ အကြောင်းသင့်ကို နားလည်ပြီးသည့်နောက် လျှိုချင်းယုသည် ချက်ချင်းပဲ ကျောက်စိမ်းပြားကို ယူဆောင်ကာဖြင့် သူသိရှိသည့် ငရဲလောကမှ အမွေအနှစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လွှဲပြောင်းပေးလိုက်၏။ ဘာတစ်ခုကိုမှ ချန်မထားခဲ့ချေ။ အမွေအနှစ်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူ၏ အသက်သည် ပိုမိုကာ အရေးကြီးလွန်းလှ၏။
“ဒီမှာ ခင်ဗျားလိုချင်တဲ့ ငရဲလောကရဲ့ အမွေအနှစ်တွေပဲ။ ကျုပ်ဆီမှာရှိတဲ့အရာတွေက အစိတ်အပိုင်းတစ်ခု သာသာပဲ ရှိတယ်ဆိုတာ ခင်ဗျား သိသင့်တယ်။ ဒါကျုပ်မှာရှိတဲ့အရာ အကုန်ပဲ”
လျှိုချင်းယုသည် ကျောက်စိမ်းပြားကို အသာကမ်းပေးလိုက်၏။ ပြီးသည့်နောက် မုန့်ရှင်းကျီကို လှမ်းကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ကျောက်စိမ်းပြားမှာရှိတဲ့ အကြောင်းအရာတွေကို မကြည့်ခင်မှာ ခင်ဗျား ညှိနှိုင်းဆွေးနွေးလို့ ရနိုင်သေးတယ်။ ကျောက်စိမ်းပြားမှာရှိတဲ့ အကြောင်းအရာတွေကို ကြည့်ပြီးပြီ ဆိုတာနဲ့ အသင်္ချေများပြားတဲ့ လောကကြီးမှာ ခင်ဗျား ပုန်းအောင်းဖို့ နေရာတစ်ခု ရှိမယ် မထင်တော့ဘူး”
အဓိပ္ပာယ်သည် နားလည်ရန် ခက်ခဲသည့် အကြောင်းအရာမျိုး မဟုတ်ချေ။
မုန့်ရှင်းကျီသည် ငရဲလောက၏ အမွေအနှစ်များကို ကြည့်ရှုမိသည် ဆိုသည်နှင့် အသင်္ချေများပြားသည့် လောကအသီးသီးရှိ လူပေါင်းများစွာတို့သည် ၎င်းအား ငရဲလောကနှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရှိသွားပေ လိမ့်မည်။ ငရဲလောက၏ အမွေအနှစ်များကို ကိုင်ဆောင်ထားသည် ဖြစ်သောကြောင့် ထိုအရာအားအား ကျင့်ကြံခြင်း၊ မကျင့်ကြံခြင်းသည် အရေးမကြီးတော့ချေ။ အားလုံးသောသူတို့၏ ဘုံရန်သူ ဖြစ်လာပေလိမ့်မည်။
လျှိုချင်းယု၏ မျက်လုံးထဲတွင်တော့ မုန့်ရှင်းကျီသည် မိမိ၏ ဘဝတက်လမ်းကို မိမိ ဖြတ်တောက်နေခြင်းနှင့် ဆင်တူ၏။ ၎င်းတို့သည် တူညီသည့် အမွေအနှစ်များကို သယ်ဆောင်ထားခဲ့သည် ဖြစ်သောကြောင့် ကျိန်းသေပေါက် တူညီသည့် ရည်မှန်းချက် ပန်းတိုင်ကို လျှောက်လှမ်းသည့် လူများဟု သတ်မှတ်၍ရ၏။ ထိုသို့ဆိုလျှင် မဟာမိတ်များအနေနှင့် တစ်ယောက်ကိုတစ်ယောက် ကူညီသင့်သည် မဟုတ်ပါလား။
“အင်း.. ခင်ဗျား စိတ်ပူနေဖို့ မလိုဘူး”
မုန့်ရှင်းကျီက ထူးမခြားနားသလို ပြောဆိုလိုက်၏။ ကျောက်စိမ်းပြားကို ယူပြီးသည့်နောက် သူသည် အထဲတွင် ရှိနေသည့် ပါဝင်အကြောင်းအရာများ အားလုံးကို စိတ်ထဲ၌ မှတ်သား လိုက်၏။ ပြီးနောက် ကျောက်စိမ်းပြား အလွတ်တစ်ခုကို ထုတ်ယူပြီး လျှိုချင်းယုဆီသို့ ကမ်းပေးလိုက်သည် “ခင်ဗျား အရင်က ကျင့်ကြံခဲ့တဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေကိုလည်း ကျုပ် သိချင်တယ်။ ဒါတွေ အားလုံးကို ကျုပ်ကို လွှဲပေး”
“ဟမ်”
လျှိုချင်းယု၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ အမူအရာသည် အေးစက်သွားခဲ့၏။ ပြီးနောက် အေးစက်သော လေသံဖြင့် ပြောဆိုလိုက်၏။ “လျှိုကလန်ရဲ့ နည်းစနစ်တွေကိုလည်း လိုချင်တာလား”
“ခင်ဗျားက လျှိုကလန်ကို သစ္စာဖောက်ခဲ့ပြီးပြီလေ။ ဒီတော့ ဘာတွေ လေးနက်နေဖို့ လိုသေးလို့လဲ” မုန့်ရှင်းကျီသည် ပြုံးကာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“အင်း... ခင်ဗျားက အစားအသောက် လောဘကြီးတာကိုး။ ကျိန်းသေပေါက် မလိုအပ်တဲ့ အန္တရာယ်တွေ ဖြစ်လာလိမ့်မယ်။ လျှိုကလန်ရဲ့ နည်းစနစ်တွေသာ အပြင်လူတွေရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုရင် ခင်ဗျားရဲ့ ကံကြမ္မာက အဆိုးရွားဆုံး အခြေအနေဆီ ရောက်သွားနိုင်တယ်” လျှိုချင်းယုက အေးစက်စက် ပြောလိုက်၏။
မိသားစုများတွင် ၎င်းတို့၏ သီးသန့် နည်းစနစ်ဟူ၍ တည်ရှိ၏။ ထိုအရာကို ပြင်ပလူများ ရယူ၍ မဖြစ်နိုင်ချေ။ လျှိုချင်းယုသည်သာ လျှိုကလန်ကို သစ္စာဖောက်မထောက်ခဲ့ပါက မုန့်ရှင်းကျီသည် ထိုကဲ့သို့သော ရည်မှန်းချက်မျိုး ထားရဲလိမ့်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် လျှိုချင်းယုသည် လျှိုကလန်ကို သစ္စာဖောက်ခဲ့သောကြောင့် မုန့်ရှင်းကျီ အနေနှင့် တစ်ဖက်လူများ၏ နည်းစနစ်များကို ရယူရန်မှာ လွယ်ကူလာခဲ့သည်။
“ဒါနဲ့ပတ်သက်ပြီး .......”
မုန့်ရှင်းကျီက ပြောဆိုလိုက်၏။ “တစ်ခုပဲရွေး။ ကျုပ်ကို ပေးမှာလား၊ မပေးဘူးလား”
“ဘာလို့ မပေးရမှာလဲ”
လျှိုချင်းယုသည် ကျောက်စိမ်းပြားထဲသို့ လျှိုကလန်၏ နည်းစနစ်များ အားလုံးကို ထည့်သွင်းပေးလိုက်၏။ ဟုတ်ပေ၏။ ဤနည်းစနစ်များသည် သူကျင့်ကြံခဲ့သည့် နည်းစနစ်များ မဟုတ်ခဲ့ချေ။ လျှိုရွှမ်ချမ် ကျင့်ကြံခဲ့သည့် နည်းစနစ်များသာဖြစ်၏။ လျှိုကလန်ထဲတွင် များပြားသည့် နည်းစနစ်များ တည်ရှိပြီး အားလုံးသည် တကယ့်ထိပ်တန်း နည်းစနစ်များအဖြစ် သတ်မှတ်ခံထားရ၏။ သမိုင်းမှတ်တမ်းတလျောက်တွင်လည်း အင်မော်တယ်ဘုရင်ပေါင်းများစွာ မွေးထုတ်ပေးနိုင်စွမ်းရှိသည့် ကလန်တစ်ခု ဖြစ်ခဲ့သည် မဟုတ်ပါလား။
လျှိုရွှမ်ချမ် ကျင့်ကြံခဲ့သည့် နည်းစနစ်သည် ရှေးဘိုးဘေးကြီး တစ်ယောက်ဆီမှ ဆင်းသက်လာခဲ့သည့် နည်းစနစ် တစ်ခု ဖြစ်၏။ လျှိုချင်းယုအနေနှင့် ထိုအရာကို သေသေချာချာ ကြည့်ရှုခဲ့သည်ဆိုသော်လည်း ကျင့်ကြံခြင်းတော့ မရှိခဲ့ချေ။ ယနေ့အချိန်မှာတော့ ထိုအရာသည် မုန့်ရှင်းကျီကိုပေးရန် အကောင်းဆုံးအရာ ဖြစ်လာခဲ့၏။
ထိုကဲ့သို့ လုပ်ခြင်းအားဖြင့် သူ့အနေနှင့် မုန့်ရှင်းကျီ၏ ထိန်းချုပ်ခံရမှုမှ လွတ်မြောက်နိုင်စွမ်း ရှိ၏။ မုန့်ရှင်းကျီ သည်သာ သူ့ကို မလွတ်ပေးပါက ကျိန်းသေပေါက် လျှိုကလန်၏ အင်မော်တယ်ဘုရင် သုံးပါးတို့အား ပြန်လည်ကာ သတင်းပေးပို့ရပေလိမ့်မည်။
တစ်ဖက်လူများ၏ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းက ကိစ္စမရှိချေ။ မုန့်ရှင်းကျီတစ်ယောက် လျှိုကလန်၏ နည်းစနစ်များကို ထုတ်ဖော်ကာ အသုံးပြုသည့် အချိန်သို့ ရောက်ရှိလာသည်ဆိုပါက ၎င်း၏ အဆုံးသတ်သည် နီးကပ်သွားပေလိမ့်မည်။
လျှိုကလန်၏ နည်းစနစ်များကို မထုတ်ဖော်ခဲ့ဘူး ဆိုလျှင်တောင်မှ ငရဲလောက၏ အမွေအနှစ်များကို ရရှိခဲ့ခြင်းနှင့်ပင် မုန့်ရှင်းကျီသည် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိရန် လုံလောက်နေပြီ ဖြစ်၏။
“အင်း... အခြေအနေကို ကောင်းကောင်းနားလည်တဲ့လူက ပညာရှိပဲ” မုန့်ရှင်းကျီသည် အသာပြုံးလိုက်၏။ ကျောက်စိမ်းပြားတွင် ရှိနေသည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် သူသည် အလွန်အမင်း ပျော်ရွှင်လျက် ရှိနေသည်။
ဤနေရာသို့ မရောက်လာခင်က သူသည် ဤကဲ့သို့ များပြားလှသည့် အရာများကို ရရှိလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ယခု လုပ်စရာရှိသည်များကို ပြုလုပ်ပြီးသည့်နောက် မပြည့်စုံသည့် ငရဲလောက၏ အမွေအနှစ်များကို ရရှိခဲ့ရုံ သာမက လျှိုကလန်၏ အမွေအနှစ်များကိုလည်း ရရှိခဲ့၏။ တကယ်ကို မယုံကြည်နိုင်စရာပင်။
“အင်း.. လိုချင်တာတွေ အားလုံးတော့ ပေးပြီးပြီ။ ဘာလို့ ကျုပ်ကို မလွှတ်ပေးသေးတာလဲ” လျှိုချင်းယုသည် စိုးရိမ် ပူပန်စွာဖြင့် မေးမြန်းလိုက်၏။
“ဘယ်တုန်းက ခင်ဗျားကို လွှတ်ပေးမယ်လို့ ကတိပေးလို့လဲ” မုန့်ရှင်းကျီသည် ကျောက်စိမ်းပြားနှစ်ခုကို သိမ်းပြီးနောက် လျှိုချင်းယုကို လှောင်ပြုံး ပြုံးကာ ကြည့်ရှုလိုက်သည်။