အခန်း (၆၆၄)
Vol. 45 Ch. 664
“နေအုံး” မုန့်ရှင်းကျီက လှမ်းကာ တားဆီးလိုက်၏။
သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ အနာဂတ်မှ မုန့်ရှင်းကျီသည် ရှေ့တစ်လှမ်း လှမ်းတက်ပြီးသည့်နောက် အချိန်၏ မြစ်ရေစီးကြောင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့၏။ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် အနာဂတ် မုန့်ရှင်းကျီကို ကြည့်ရှုရင်း သူ သက်ပြင်းချလိုက်၏။ သူသည် အကူအညီမဲ့သလို ခံစားနေမိသည်။
သူ့၌ မေးမြန်းရန် အခွင့်အရေး မရခဲ့သည့် မေးခွန်းပေါင်း မြောက်များစွာ တည်ရှိ၏။ အထူးသဖြင့် ထျန်းမင်တောင်သခင်၏ အနာဂတ် ကံကြမ္မာပင် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှလူသည် နှစ်တစ်သန်းအထိ အတွေ့အကြုံကို ရရှိခဲ့ပြီးဖြစ်သောကြောင့် အသိပညာ၊ ဗဟုသုတ ပိုမိုကာ ပေါကြွယ်မှာ သေချာ၏။ ထို့ကြောင့် တစ်စုံတစ်ခုသော အသိအမြင်များကို မျှဝေခဲ့မည်ဆိုလျှင် အကောင်းဆုံး ဖြစ်မည် မဟုတ်ပါလား။ သို့ပေမဲ့ အနာဂတ်မှ မုန့်ရှင်းကျီသည် သူ့ကို ထိုကဲ့သို့သော အခွင့်အရေးများကို မပေးခဲ့ချေ။
“ဒါနဲ့ ဒီတစ်ကြိမ် အနာဂတ်ကငါ ထွက်ခွာသွားတဲ့အချိန်မှာ ကြည့်ရတာ သူက စီနီယာနန်းဆောင်သခင်ရဲ့ အကူအညီတွေကို မမှီခိုတော့ဘူးနဲ့တူတယ်” မုန့်ရှင်းကျီက တီးတိုးရေရွတ်လိုက်၏။ သူသည် ထွက်ခွာသွားခဲ့သည့် အနာဂတ်မှ သူ့အား လှမ်းကာ ကြည့်ရှုလိုက်၏။
အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် နှစ်သန်းထောင်နှင့်ချီသည့် အချိန်ကာလတွင် တစ်ယောက်ဆိုသလို ပေါ်ပေါက်လာတတ်သူများဖြစ်၏။ အလွန်ပင် ရှားပါးလွန်းလှ၏။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာ၊ အင်မော်တယ် အင်ပါယာများနှင့် နှိုင်းယှဉ်မည် ဆိုလျှင်တော့ အရေအတွက်အရ များပြားသေး၏။ ထိုသူများသည် မိမိ၏ ကိုယ်ပိုင် စွမ်းရည်ကို အသုံးပြုကာဖြင့် အချိန်၏ မြစ်ရေစီးကြောင်းများကို ကူးခတ်ကာ သွားလာနိုင်စွမ်းရှိနေသည့် လူများပင် မဟုတ်ပါလား။
သို့ပေမဲ့ အနာဂတ်မှာသူသည် စီနီယာနန်းဆောင်သခင်၏ အကူအညီကို လိုအပ်လျက် ရှိနေလေ၏။ သို့ပေမဲ့ ထွက်ခွာသွားသည့်အချိန်မှာတော့ စီနီယာနန်းဆောင်သခင်၏ အကူအညီကို မလိုအပ်ခဲ့ပြန်။ ထိုအခြင်းအရာနှင့် ပတ်သက်၍ လက်ရှိ မုန့်ရှင်းကျီက ဇဝေဇဝါ ဖြစ်နေမိ၏။
တွေးကြည့်ရမည်ဆိုလျှင် မဝေးတော့သည့် အနာဂတ်တွင် ကြီးမားသည့် အပြောင်းအလဲများ ဖြစ်သွားခဲ့သည့်ပုံပင်။ ထို့ကြောင့် အချိန်၏ မြစ်ရေစီကြောင်းတွင် ရှိနေသည့် အကြောင်းအရာအားလုံးသည် ရှုပ်ထွေးသွားခဲ့သောကြောင့် နိယာမများလည်း ပြောင်းလဲသွားခဲ့ပုံပင်။ မည်သို့ပင် ဆိုစေကာမူ အရာအားလုံးသည် သူ နားလည်နိုင်သည်ထက် ပိုမိုကာ လေးနက်လို့နေခြင်းပင်။
ယခုအချိန်တွင် မေးခွန်းမေးစရာ ရှိသည်မှာ အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် ဘာတွေ သိသိသာသာ ပြောင်းလဲ သွားသနည်း။ မုန့်ရှင်းကျီသည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားနှစ်ခုကို ဆုပ်ကိုင်ထား၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် လေးပင်လျက် ရှိနေ၏။
သူသည် အနာဂတ်ကို ခန့်မှန်း၍ မရနိုင်ချေ။ သို့ပေမဲ့ မိမိကိုယ်ကို တိုးတက်အောင် ပြုလုပ်ချင်သည့် စိတ်ဆန္ဒမှာတော့ အရှိန်အဟုန် ပြင်းပြင်းနှင့် တည်ရှိနေသည်။ အားအင်အဆင့်သာ မလုံလောက်ပါက မည်သည့် ခေတ်တွင်မဆို တခြားသောသူများ၏ သနားညှာတာမှုကို တောင်းခံရမည့် အခြေအနေမျိုးကို ရောက်နိုင်သည်။
ငရဲလောက၏ အမွေအနှစ်များ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အင်မော်တယ်ဘုရင်တစ်ယောက်လည်း ပေါ်ပေါက် လာခဲ့ပြီဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာများ ထွက်ပေါ်လာသည်ဆိုပါက မုန့်ရှင်းကျီသည် အံ့အားသင့် လိမ့်မည် မဟုတ်ချေ။
တခြားသူများ၏ ရှေ့၌ ပုရွက်ဆိတ်ကလေးများ ဖြစ်ရခြင်းကို သိမ်ငယ်သည်ဆိုပါက အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ရန် လိုအပ်၏။ အနည်းဆုံးအနေနှင့် တစ်စုံတစ်ယောက်သည် ပုရွက်ဆိတ် အကြီးကြီး တစ်ကောင်တော့ ဖြစ်သင့်၏။ မဟုတ်ပါက အန္တရာယ်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် မည်သည့် ခုခံမှုကိုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
……..
အခြားတစ်ဖက် ရှုပ်ထွေးသည့် တည်နေရာ ပတ်လမ်းကြောင်းကြီးထဲမှာတော့ ထျန်းမင်တောင်သခင်၏ ပုံရိပ်က ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် အဆုံးမဲ့သော တည်နေရာလမ်းကြောင်းကြီးတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ လေများ တဝေါဝေါနှင့် တိုက်ခိုက်လျက် ရှိနေသည့် တည်နေရာကြီးပင်။ ၎င်းသည် အေးစက်ပြီး ကြမ်းတမ်းရက်စက် ွန်းလှသည့် ဟန်ပန်အမူအရာများကို ထုတ်ဖော်လျက် ရှိနေ၏။
လေဟာနယ်ထဲတွင် မိုးကောင်းကင် ဓားသွားတစ်ခုက မတ်မတ်ထောင်နေသကဲ့သို့ပင်။ အန္တိမကျင့်ကြံခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းအားအင်အဆင့်ကို မပိုင်ဆိုင်ပါက ဤရှုပ်ထွေးသည့် တည်နေရာ ပတ်လမ်းကြောင်း အတွင်းရှိလေများ၏ တိုက်ခတ်မှုကြောင့် တစ်ခါတည်း သေဆုံးသွားနိုင်သည်။
ထျန်းမင်တောင်သခင်သည် အင်မော်တယ်ဘုရင်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနှင့်နေပြီဖြစ်၏။ ထို့ကြောင့် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်၏ လေတိုက်နှုန်းအားလုံးကို လျစ်လျှူရှုထားနိုင်စွမ်း ရှိ၏။ ပြင်းထန်သည့် လေအရှိန်သည် သူ၏ ဝတ်စုံကို လှုပ်ခါအောင်ပင် ပြုလုပ်နိုင်စွမ်း မရှိချေ။
“ထွီ”
ထျန်းမင်တောင်သခင် ပေါ်ပေါက်လာပြီးသည့်နောက် ထကာ ဆဲဆိုလိုက်၏။ ၎င်း၏ ယခင်က ပြင်ဆင်ခဲ့သည့် မဟာဗျူဟာအားလုံးတို့သည် မျက်စိတမှိတ်အတွင်း ပြောင်းလဲသွားခဲ့ရ၏။ သူ့အနေနှင့် မနည်း လွတ်မြောက်အောင် ကြိုးစားခဲ့ရပြီး လျှိုချင်းယုကလည်း ကျန်ရစ်ခဲ့သည်။
အဖြစ်အပျက်အားလုံးသည် သူတို့နှစ်ယောက်အား ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်စေခဲ့၏။ မူလအားဖြင့် အင်မော်တယ်ဘုရင်နှစ်ယောက် ပူးပေါင်းမှုသည် ကျိန်းသေပေါက် အသင်္ချေ များပြားသည့် လောကများကို ဒုက္ခပေးနိုင်လောက်သည့် အားအင်စုပင် ဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ လျှိုချင်းယုသည် ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။ ထျန်းမင်တောင်သခင် အနေနှင့် စဉ်းစားသုံးသပ်ရမည့် ပြဿနာတစ်ခု ဖြစ်လာခဲ့၏။
ဆိုရိုးတစ်ခု ရှိ၏။ လက်တစ်ဖက်သည် လက်လေးဖက်ကို မယှဉ်နိုင်ဟူ၍ပင်။ သူ့အနေနှင့် လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည် ဆိုသော်လည်း လူပေါင်းများစွာတို့ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ မလွယ်ကူကြောင်း သိရှိနားလည်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ငရဲလောကအရှင် ဆိုပါက ခြားနားပေလိမ့်မည်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် သူသည် ငရဲလောကအရှင် မဟုတ်ချေ။ အသင်္ချေများပြားသည့် လောကအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသည့် ပြိုင်စံရှားပါရမီကို ပိုင်ဆိုင်သော စွမ်းအားမြင့် ကျင့်ကြံသူသည် သူမဟုတ်ချေ။
“လျှိုချင်းယုကို ဖမ်းဆီးပြီးပြီဆိုတော့ နတ်ဘုရားလောကကို ပြန်ခေါ်သွားကြမှာ ကျိန်းသေတယ်။ နတ်ဘုရားလောကကို ရောက်တယ်ဆိုတာနဲ့ အရာအားလုံးက သွားပြီပဲ” ထျန်းမင်တောင်သခင် သည် မျက်မှောင်ကုတ်ကာဖြင့် တီးတိုးရေရွတ်လိုက်၏။
တည်နေရာထဲတွင် ငြိမ်ငြိမ်သက်သက်နှင့် မတ်မတ်ရပ်လျက် ရှိနေသော်လည်း သူသည် အတွေးပေါင်းများစွာကို တွေးတောနေ၏။ သူတို့၏ မူလ အစီအစဉ်အရဆိုလျှင် လျှိုကလန်မှ စေလွှတ်လိုက်သည့် ကိုယ်စားလှယ်များနှင့် တိုက်ခိုက်ပြီးသည့်နောက် အလုံးစုံအနိုင်ယူရန်ပင်။ ပြီးနောက် ကွာစီအင်မော်တယ် အင်ပါယာ သတင်းအား နတ်ဘုရားလောကထဲသို့ ဖြန့်ဝေရန် စီစဉ်ထားခဲ့၏။ သို့ပေမဲ့ သူတို့၏ အစီအစဉ် တစ်ခုလုံးသည် ပြောင်းပြန်လန် သွားခဲ့သည်။
ရေတွက်၍မရအောင် များပြားသည့် အင်မော်တယ်ဘုရင်များ ရောက်ရှိလာပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူမည်ဆိုပါက ကျိန်းသေပေါက် သူတို့၏ဘဝသည် ရေစုန်မျောပြီဖြစ်၏။
တိုက်ပွဲကို ပြန်လည် စဉ်းစားရမည်ဆိုလျှင် တိုင်ချူး တည်ရှိနေသည် ဆိုလျှင်တောင်မှ သူတို့သည် အခြေအနေကို တည်တည်ငြိမ်ငြိမ်နှင့် ထိန်းချုပ်နိုင်စွမ်း ရှိနေသေး၏။ အနိုင်မယူနိုင်ဘူး ဆိုလျှင်တောင်မှ ထွက်ပြေးဖို့ ဆိုသည်မှာတော့ ပြဿနာတစ်ခု မဟုတ်ခဲ့ချေ။ သို့ပေမဲ့ အဘယ်ကြောင့် အဆုံးသတ်တွင် မုန့်ရှင်းကျီ ဆိုသည့် လူတစ်ယောက် ရောက်ရှိလာရသနည်း။
လျှိုချင်းယု ဖမ်းဆီးရခံခြင်းသည် ကျိန်းသေပေါက် ကိစ္စသေးသေးလေး ဖြစ်သည်ဟု သုံးသပ်မည် ဆိုလျှင်တောင်မှ ရှုပ်ထွေးသည့် အကြောင်းအရာများ ပါဝင်နေကြောင်း သူ စဉ်းစားမိ၏။ လျှိုချင်းယုသည် ငရဲလောကကို ဝင်ရောက်ခဲ့၏။ ထို့ကြောင့် ၎င်း၏ တိုက်ရိုက်မျိုးဆက်များသည်လည်း နှိပ်ကွပ်သတ်ဖြတ်ခြင်းကို ခံရမှာ သေချာ၏။ ထိုသို့ဆိုလျှင် လျှိုချင်းယု၏ တိုက်ရိုက်မျိုးဆက်များသည် သေဆုံးသွားကြပေလိမ့်မည်။
“ငါ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားမှ ဖြစ်လိမ့်မယ်” ထျန်းမင်တောင်သခင်က တီးတိုး ရေရွတ်လိုက်၏။ သူသည် အဝေးတစ်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်မိ၏။
ကြည့်ရသည်မှာ လျှိုချင်းယုသည် ယုံကြည်ချက် လွန်ကဲခဲ့ပုံပေါ်၏။ လက်ထဲတွင် ရှိနေသည့် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်ကဲ့သို့ပင် မိမိကိုယ်ကို တွေးထင်ခဲ့၏။ ၎င်း၏ မျိုးဆက်များသည် အရာအားလုံးသော သတင်းတို့ကို ဖြန့်ကျက်နိုင်သည့် လူများဖြစ်သည်ဟု ၎င်းက ယုံကြည်ထားခဲ့၏။ သို့ပေမဲ့ ဤကဲ့သို့သော မောက်မာမှုသည် ကျိန်းသေပေါက် ပြစ်ချက်ကြီးတစ်ခု ဖြစ်ခဲ့၏။ အစောကြီးတည်းက သတိ အပြည့်နှင့်သာ ပြုမူဆောင်ရွက်ခဲ့သည်ဆိုပါက ယခုကဲ့သို့သော အခြေအနေမျိုး ရောက်စရာ အကြောင်းမရှိပေ။