← Chapters

အခန်း (၆၆၆)

Vol. 45 Ch. 666

အခန်း (၆၆၆)

Vol. 45 Ch. 666

“သုံးရက်နေ့မြောက် ညသန်းခေါင်ယံမှာ လျှိုကလန်ရဲ့ သတ္တမဘိုးဘေးနဲ့ လျှိုရွှမ်ချမ်တို့က လျှိုချင်းယုကို ခေါပြီး နတ်ဘုရားလောကကို ပြန်လိမ့်မယ်။ ဒီအတောအတွင်းမှာ လျှိုချင်းကျီက တိုင်ချူးရဲ့ လမ်းညွှန်ပြသမှုနဲ့အတူ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာလိမ့်မယ်” လီယွင်က ဖြည်းညှင်းစွာ ပြောလိုက်၏။

ပြောနေတုန်းမှာပဲ လီယွင်သည် ထျန်းမင်တောင်သခင်၏ လက်ထဲဆီသို့ ကျောက်စိမ်းပြားတစ်ခုကို လှမ်းကာ ပစ်ပေးလိုက်သည်။ “ဒါ လျှိုချင်းကျီ လာမယ့်လမ်းပဲ။ ထိပ်တိုက်တွေ့ဆုံပြီး သုံးနာရီအတွင်း ခင်ဗျား သူ့ကို အနိုင်ယူ တိုက်ခိုက်နိုင်မယ် ဆိုရင် ခင်ဗျား သူ့ကို ခေါ်သွားပြီးတော့ လျှိုချင်းယုတို့ဆီ အမှီလိုက်လို့ရမယ်”

လီယွင်သည် ထျန်းမင်တောင်သခင်ကို လှမ်းကြည့်ကာ ဆက်ပြောလိုက်၏။ “သုံးနာရီအတွင်း အနိုင်မယူနိုင်ဘူးဆိုရင် ဘယ်လို ထွက်ပြေးရမလဲဆိုတာ ခင်ဗျား စဉ်းစားထားတော့။ ဘာလို့လဲဆိုတော့ အဲအချိန် ရောက်ရင် လျှိုကလန်ရဲ့ သတ္တမဘိုးဘေးက တပ်ကူ ရောက်လာလိမ့်မယ်။ တိုင်ချူး ကလည်း အကူအညီပေးဖို့ ရောက်လာလိမ့်မယ်။ သုံးယောက်၊ တစ်ယောက် တိုက်ခိုက်ပြီဆိုရင် ခင်ဗျား အနေနဲ့ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိဘူး”

“သုံးနာရီတည်းလား” ထျန်းမင်တောင်သခင်သည် ကျောက်စိမ်းပြားကို လှမ်းယူပြီးသည့်နောက် အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ ပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။

လျှိုကလန်သည် ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ တစ်စုံတစ်ယောက်ကို ပေးပို့မည် ဖြစ်ကြောင်း သူ နားလည်၏။ ထို့အပြင် ဤပဋိပက္ခများအတွင်း ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည့် စကားလုံးသည် ၎င်းတို့၏ နားအတွင်းသို့ အခေါက်ပေါင်းများစွာ ဝင်ရောက်ခဲ့သည် မဟုတ်ပါလား။ လူပေါင်း များစွာတို့သည် ထိုအရာနှင့် ပတ်သက်၍ စိတ်ဝင်စားမှု ရှိသည်ဆိုခြင်းမှာ သာမန်ပင် ဖြစ်၏။ သူ့အနေနှင့် သုံးယောက်၊ တစ်ယောက် မတိုက်ခိုက်ခြင်းကသာလျှင် ကံကောင်းခြင်းပင်။

လျှိုချင်းကျီကို ရင်ဆိုင်ရမည်ဖြစ်ပြီး တစ်ယောက်ချင်းလည်း တိုက်ခိုက်ရမှာဖြစ်၏။ သို့ပေမဲ့ သတ္တမဘိုးဘေးကြီး နှင့် တခြားသောသူများ ရောက်ရှိလာသည်ဆိုပါက တစ်ယောက် - နှစ်ယောက် သို့မဟုတ်၊ တစ်ယောက် - သုံးယောက် တိုက်ပွဲများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

သတ္တမဘိုးဘေး၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ကောင်းမွန်လွန်းလှ၏။ ပြောရမည်ဆိုလျှင် လက်ရှိ စီနီယာနန်းဆောင်သခင် ပေးအပ်ခဲ့သည့် နည်းလမ်းများသည် အဆင်ပြေ၊ အချောမွေ့ဆုံးဟု သတ်မှတ်ရမှာ ဖြစ်၏။ ဆိုးရွားသည့် အကြောင်းအရာမှာ တစ်ခုတည်းသာလျှင်ရှိ၏။ သူ့၌ သုံးနာရီသာ အခွင့်အရေး ရှိနေခြင်းပင်။ ထိုအချိန်ကာလကို ကျော်သွားမည်ဆိုပါက သူ့အနေနှင့် ကျိန်းသေပေါက် သေဆုံးနိုင်၏။

ထျန်းမင်တောင်သခင် သည် ကံကောင်းခြင်းကိုပင် ခံစားနေမိသည်။ ထိုသတင်းအချက်အလက်ကိုသာ မရရှိပါက သူ့အနေနှင့် ကိုင်တွယ်ရန် အနည်းငယ် နှောင့်နှေးနေပေလိမ့်မည်။ တစ်ယောက်ချင်း တိုက်ခိုက်မှုကို ပြုလုပ်ရာ၌ သူသည် အားအင်အဆင့် အကုန်လုံးကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် စဉ်းစားလိုက်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ ထျန်းမင်တောင်သခင်သည် ဦးညွတ်ကာဖြင့် သူ၏ ကျေးဇူးတင်မှုကို ထုတ်ဖော်ပြသလိုက်၏။ သူသည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို သိမ်းဆည်းကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် အခု ထွက်သွားပါအုံးမယ်”

“အင်း”

လီယွင်သည် အမှတ်မထင် ဆိုသလိုပဲ ခေါင်းညိတ်ပြီးသည့်နောက် ထျန်းမင်တောင်သခင်ကို နှုတ်ဆက် လိုက်၏။ ထျန်းမင်တောင်သခင် ထွက်ခွာသွားပြီးသည့်နောက် လီယွင်သည် သူ၏ အကြည့်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ လက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် စနစ်ကို ဖွင့်ကာ ကြည့်ရှုလိုက်သည်။

သူသည် လက်ရှိ ကောင်းကင်လျှို့ဝှက်အမှတ်များကို စစ်ဆေးနေခြင်းဖြစ်သည်။ ပြီးနောက် လီယွင်သည် သက်ပြင်းကို အသာချလိုက်၏။ သူ့အနေနှင့် ကျင့်ကြံခြင်းအဆင့်၏ နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်ရန်အတွက် အခွင့်အရေးကို ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။ သူ၏ လက်ရှိ အားအင်အဆင့်သည် အသင်္ချေ များပြားသည့် လောကများကို လွှမ်းမိုးချုပ်ကိုင်ရန်အတွက် လုံလောက်သည့် အားအင်အဆင့် ဖြစ်သော်လည်း ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင် ဖြစ်လာဖို့ လိုအပ်ချက်များ တည်ရှိနေသေး၏။

“အင်း... လျှိုချင်းယုနဲ့ ဖန်းရှန်တို့က ဒီအစီအစဉ်အတွက် အခွင့်အရေးတွေ ဖြစ်လာလိမ့်မယ်” လီယွင်က တွေးတောလိုက်မိ၏။ သူသည် နေရာအနှံ့တွင် သူ့ကို ကူညီကာ စီးပွားရေးပြုလုပ်ပေးမည့် လူများ လိုအပ်လျက် ရှိ၏။ ထို့ကြောင့် သူသည် ငြိမ်ငြိမ်သက်သက် ထိုင်နေ၍ မရတော့ချေ။ အနည်းဆုံး သူ့အနေနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ဂုဏ်သိက္ခာကို ပိုမို တိုးတက်ရန် စဉ်းစားရပေမည်။

စကားလုံး အနည်းငယ် ပြောဆိုလိုက်သည်နှင့် အားလုံးသောသူတို့သည် သူ၏ စကားကို နားထောင်ရမည့် အခြေအနေဆီသို့ ရောက်ရှိသင့်၏။ လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် သူ၏ ဂုဏ်သိက္ခာသည် တခြားသော လောကအသီးသီးကို ပျံ့နှံ့နေပြီဖြစ်၏။ သို့ပေမဲ့ နတ်ဘုရားလောက၊ အင်မော်တယ်လောကနှင့် ထိုကဲ့သို့ အဆင့်မြင့်မားသည့် လောကများဆီသို့ ရောက်ရှိအောင် ပြုလုပ်ဖို့ လိုအပ်နေသေး၏။

“အနာဂတ်မှာ ငါ့အနေနဲ့ အင်မော်တယ်ဘုရင်အဆင့် စာရင်းတစ်ခုကို ထုတ်ဖော်ဖို့ လိုအပ်လာလိမ့်မယ်” လီယွင်သည် လက်ကို အသာမြှောက်ပြီးသည့်နောက် မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေမိသည်။

ဤအတောအတွင်း သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ များပြားသည့် စာရင်းများကို ထုတ်ဖော်ခဲ့၏။ တစ်ခုချင်းစီတိုင်းသည် အကျိုးသက်ရောက်မှု သိသာလွန်းခဲ့၏။ သို့ပေမဲ့ သူ၏ လွှမ်းမိုးမှုသည် လက်ရှိအချိန်တွင် လောကအနည်းငယ်၌ပင် အကန့်အသတ် တည်ရှိ၏။ အင်မော်တယ်ဘုရင်အဆင့် စာရင်းကို ထုတ်ဖော်နိုင်သည် ဆိုလျှင်တောင်မှ နတ်ဘုရားလောက သို့မဟုတ် အင်မော်တယ်လောကသို့ မရောက်ရှိပါက ဘာအကျိုးကျေးဇူးမှ ရရှိလိမ့်မည် မဟုတ်ချေ။

လက်ရှိလောကကြီးထဲတွင် အားအကောင်းဆုံးသော အင်မော်တယ်ဘုရင်သည် ထျန်းမင်တောင်သခင် ဖြစ်၏။ လျှိုချင်းယုနှင့် ထျန်းမင်တောင်သခင်တို့၏ ပြုမူဆောင်ရွက်ပုံများသည် များပြားလွန်းသည့် အင်မော်တယ် ဘုရင်များ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မှာ ကျိန်းသေပေါက်ပင်။

ဤအရာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာတရားကို မြန်မြန်ဆန်ဆန်နှင့် ပျံ့နှံ့သွားစေနိုင်သည့် အကောင်းဆုံးသော အခွင့်အရေးကြီး တစ်ခု ဖြစ်၏။ နတ်ဘုရားလောကနှင့် အင်မော်တယ်လောက …. ထိုလောကများဆီသို့ သတင်းအချက်အလက်များ ပျံ့နှံ့ရောက်ရှိသွားမည်ဆိုပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် အထင်အမြင်သေး၍ ရသည့်အရာမျိုး မဟုတ်ကြောင်း သိသာ ထင်ရှားလာပေလိမ့်မည်။

လီယွင်၏ အားအင်အဆင့်သည် နတ်ဘုရားလောကကို စုစည်းထိန်းချုပ်ရန်အတွက် လုံလောက်သည့် အားအင် အဆင့်ကို ပိုင်ဆိုင်သင့်နေပြီဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူသည် မလိုအပ်သည့် ဒုက္ခများကို ရှောင်ရှားချင်မိ၏။ ရှုပ်ထွေးမှုများ ဖြစ်မလာရန် ကာကွယ်သည့်အနေဖြင့် သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အင်မော်တယ်ဘုရင် အဆင့်စာရင်းများကို ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်၏။ ထိုမှသာလျှင် အားလုံးသောသူတို့၏ လေးစားမှုကို ရရှိမှာဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့် စာရင်း ထွက်ပေါ်လာပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို အထင်အမြင်သေးသူသည် အရူးသာလျှင် ဖြစ်ပေလိမ့်မည်။

“ဖန်းရှန်နဲ့ လျှိုချင်းယုက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်”

လီယွင်သည် ဖန်းရှန် ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်မိ၏။ လက်တစ်ချက်ကို ယမ်းခါပြီးသည့်နောက် သူစစ်ဆေးလျက် ရှိနေသည့် စနစ်၏ မြင်ကွင်းများကို ပြန်လည်ကာ ပိတ်လိုက်၏။

ဖန်းရှန်၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် သူ၏လုပ်ငန်း အောင်မြင်ရန်အတွက် လျှိုချင်းယု၏ အကူအညီများကို ကျိန်းသေပေါက် လိုအပ်နေ၏။ ဘေးတစ်ဖက်တွင် ကူညီပေးမည့် လူတစ်ယောက် မရှိပါက ဖန်းရှန်သည် ဘာတစ်ခုကိုမှ အောင်မြင်အောင် ပြုလုပ်နိုင်မည့်သူမျိုး မဟုတ်ပေ။

မြေအင်မော်တယ်လောက ....။

လျှိုချင်းကျီသည် လေဟာနယ်ထဲတွင် ခရီးသွားလာလျက်ရှိ၏။ သူသည် သူ၏ အော်ရာများကို ဖိနှိပ်ထားခဲ့ပြီး သာမန်လူသားတစ်ဦးကဲ့သို့ပင် ရိုးရိုးကုတ်ကုတ်ဖြင့် ကောင်းကင်မူလလောကကြီးဆီသို့ ဦးတည်နေ၏။ သူ၏ အမြန်နှုန်းသည် မြန်ဆန်လွန်းသည် မဟုတ်ချေ။ သို့ပေမဲ့ နှေးလည်း မနှေးချေ။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ လာရောက်ရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းအရင်းမှာ ထျန်းမင်တောင်သခင် ကြောင့် ဖြစ်၏။

၎င်းတို့သည် ပူးပေါင်းတိုက်ခိုက်ပြီးသည့်နောက် ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့ကို အနိုင်ရရှိခဲ့၏။ ထိုသို့ ဆိုလျှင်တောင်မှ ထျန်းမင်တောင်သခင်က လွတ်မြောက်သွားခဲ့၏။ ထျန်းမင်တောင်သခင်၏ အစစ်အမှန် အားအင်အဆင့်သည့် ကြောက်မက်ဖွယ်ရာကောင်းကြောင်း လျှိုချင်းကျီသည် နက်နက်နဲနဲ သိရှိပြီးဖြစ်သည်။

ထျန်းမင်တောင်သခင်၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် ဤကဲ့သို့သော နာကျည်းမှုမျိုးကို ထိန်းချုပ် ထားလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် လက်စားပြန်ချေမှာ သေချာ၏။ သို့ပေမဲ့ မည်ကဲ့သို့ လက်စားလာချေမည်မှာတော့ မသေချာချေ။ သတ္တမဘိုးဘေး၊ တိုင်ချူး သို့မဟုတ် သူကိုယ်တိုင် ကိုပင် လာရောက် တိုက်ခိုက်ခြင်းမျိုး ဖြစ်နိုင်၏။ လက်ရှိအချိန်မှာတော့ သူသည် တကယ့်ကို သတိအပြည့်နှင့် ရှိနေ၏။ တော်ဝင်သဲကန္တာရမြို့သို့ ရောက်ရှိမှသာလျှင် သူ၏ လုံခြုံရေးကို စိတ်ချရပေလိမ့်မည်။

“အင်း... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တာအိုရောင်းရင်းတိုင်ချူး ဖော်ညွှန်းသလို ခန့်မှန်းလို့မရတဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ မျှော်လင့်မိတယ်။ အဲတာဆိုရင် ထျန်းမင်တောင်သခင် တောင်မှ အဆင်ခြင်မဲ့ ပြုလုပ်ရဲမှာ မဟုတ်ဘူး” လျှိုချင်းကျီသည် တစ်ယောက်တည်း တွေးတောနေမိ၏။

All Chapters